Transparency Myanmar

transparency.myanmar@gmail.com

သူတို့ပျော်ကြလေပြီ

 

            ကမ္ဘာ့ရေဒီယိုဌာနကြီးများ၊ ရုပ်သံလိုင်းများ နှင့် ပုံနှိပ်မီဒီယာများ အတွက် ၁၁..၂၀၁၁ ရက်နေ့သည် ယခုနှစ်အတွက်တော့ အလုပ်အများဆုံးနေ့များဖြစ်ပေလိမ့်မည်။ မည်သည့်ရုပ်သံလိုင်းပဲကြည့်ကြည့်၊ မည်သည့်ရေဒီယို လိုင်းပဲဖွင့်ဖွင့် အီဂျစ်နိုင်ငံကို နှစ်ပေါင်းသုံးဆယ်ကျော် အုပ်ချုပ်ခဲ့သော သမ္မတမူဘာရက် ရာထူးမှ နှုတ်ထွက်သွားသည့် သတင်းများ အဆက်မပြတ်ကြားနေရသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းဒီဇင်ဘာမှ စတင်ခဲ့သော အာဏာရှင်သမ္မတ ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် နိုင်းမြစ်ကမ်းဘေးရှိ တဟီရာရင်ပြင်တွင်နေ့စဉ်နှင့်အမျှ အားကောင်းလာကာ ၁၈ရက်ခန့်အကြာတွင် ဆန္ဒပြသူတို့၏ အောင်ပွဲအဖြစ် သမ္မတမူဘာရက်နှုတ်ထွက်ကြောင်း ကြေညာသွားခဲ့သည်။

            မူဘာရက်အနေဖြင့်  လာမည့်ရွေးကောက်ပွဲအထိ အာဏာကို ဆက်လက်ဆုပ်ကိုင်ရန်ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြသူပြည်သူလူထု မှာ အာဏာရှင်သမ္မတ နှုတ်ထွက်ရေးကိုသာ တစိုက်မတ်မတ်တောင်းဆိုခဲ့ကြပြီး နောက်ဆုံးတွင် မည်သို့မျှ ညှိနှိုင်း၍မရတော့သည့်အဆုံး သမ္မတမှာ ရာထူးမှ နှုတ်ထွက်လိုက်ရခြင်းဖြစ်သည်။

            အီဂျစ်နိုင်ငံ၏ တော်လှန်ရေးသည် အချိန်သင့်အခါသင့်အကြောင်းသင့်စွာဖြစ်ပေါ်လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။ တိကျခိုင်မာသည့် ရည်မှန်းချက်၊ လူလတ်တန်းစားပညာရှင်၊ တက်ကြွလှုပ်ရှားသူများနှင့် နောက်လိုက်ကောင်း ပြည်သူလူထု၊ အရည်အချင်းရှိသည့်ခေါင်းဆောင်၊ သတင်းနှင့် နည်းပညာကိုထိရောက်စွာအသုံးချနိုင်မှု စသည့်ဟန်ချက် ညီညီ ပါဝင်လှုပ်ရှားနိုင်ခဲ့ကြမှုက အောင်မြင်မှုကိုရယူနိုင်ခဲ့ သည့်အဓိက အကြောင်းအရင်းဖြစ်သည်။ ထိုအချက်က နိုင်ငံရေးသည် တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်၍မရဟူသည့် အချက်ကိုလည်း မီးမောင်း ထိုးပြရာရောက်သည်။

            အောင်မြင်မှုတစ်ခုတွင် ထိုက်သင့်သောတန်ဖိုးတစ်ခုရှိစမြဲဖြစ်သည်။ ယခုအောင်မြင်မှုအတွက် အီဂျစ်ပြည်သူတို့ ပေးဆပ်လိုက်ရ သည်က အသက်ပေါင်းသုံးရာကျော်ခန့်ရှိသည်။ သို့ရာတွင် အသက်ပေါင်း ထောင်ဂဏန်း၊ သောင်းဂဏန်း ပေးဆပ်ရပြီး ကျဆုံးခဲ့ရသည့် လူထုအုံကြွမှုကြီးများနှင့်ယှဉ်လျှင်မူ မပြောပလောက်ဟု ဆိုရမည်ဖြစ်ပါသည်။ ဆန္ဒပြခြင်းနှင့် ရမ်းကားခြင်းကို ခွဲခွဲခြားခြားနားလည်၍ သည်းခံနိုင်ခဲ့သည့်အတွက်လည်း အီဂျစ်ပြည်သူတို့ အောင်ပွဲရေစေခဲ့ခြင်း လဲဖြစ်သည်။

            အီဂျစ်နိုင်ငံကို လက်ရှိတွင် စစ်တပ်ကလွှဲပြောင်းရယူထားသော်လည်း ပြည်သူတို့အနေဖြင့်ကျေနပ်ကြသည်။ အီဂျစ်စစ်တပ်သည် ပြည်သူ့ဘက်က အမြဲတမ်းရပ်တည်ခဲ့သည့်  အီဂျစ်ပြည်သူတို့၏ ရတနာ၊ အီဂျစ်ပြည်သူတို့၏ ယုံကြည်ရာ ခေတ်မှီပြီး အတွေးအခေါ်ရှိသည့် စစ်တပ်၊ ပညာတတ်တွေပေါများသော စစ်တပ်ဖြစ်သည်။ ပြည်သူတို့ အနေဖြင့် စစ်တပ်က မည်မျှအတိုင်းအတာထိ တာဝန်ယူမည်ကို မသိရသေးသည့်တိုင် အပြုံးမပျက်ပါ။ ၎င်းတို့ယုံကြည် ကိုးစားသော တပ်မတော်သည် ပြည်သူကို အကျိုးမဲ့အောင်ထိခိုက်စေလိမ့်မည် မဟုတ်ကြောင်း ယခုဖြစ်ရပ်တွင် ပြည်သူဘက်ရပ်တည်ပြလိုက်ခြင်းဖြင့် သက်သေပြခဲ့ပြီဖြစ်သည်။ အီဂျစ်နိုင်ငံတစ်ဝှမ်းရှိ လမ်းများပေါ်တွင် အီဂျစ်နိုင်ငံ အလံများလွှင့်ထူ၍ အောင်ပွဲခံကြသည်။ အနာဂတ်အီဂျစ်အတွက်လည်း ငြိမ်းချမ်းစွာအဖြေရှာနိုင်ကြပေမည်။

            အီဂျစ်ပြည်သူတို့နှင့်အတူ ကမ္ဘာတလွှားရှိ ပြည်သူများ ဝမ်းမြောက်ကြရသည်။ ကိုယ်ချင်းစာသူတို့က အီဂျစ်ပြည်သူတို့နှင့် နေရာဒေသနှင့် လူမျိုးချင်းမတူသည့်တိုင် မုဒိတာပွားကြရသည်။ အားကျကြသည်။ အားကျသည်ဟု ဆိုရာတွင်  ထိုကဲ့သို့သော အောင်မြင်မှုကို ရယူရန်အတွက် အီဂျစ်တို့ကဲ့သို့ တိကျခိုင်မာသည့်ရန်မှန်းချက်၊ ခေါင်းဆောင်ကောင်း၊ ပညာရှင်နှင့် ပညာတတ်လူတန်းစား၊ ပြည်သူ့ဘက်က ရပ်တည်မည့် အတွေးအခေါ်ရှိသည့် တပ်မတော်၊ နိုင်ငံရေးကို အချိန်ကိုက်အခါကိုက်အသုံးချတတ်သည့်ပါတီ၊ သတင်းနှင့်နည်းပညာကို ပြည့်ဝ စွာ စားသုံးနိုင်၊ အသုံးချနိုင်သည့် ကျွမ်းကျင်မှုများ စသည့်လိုအပ်ချက်များကို ဖြည့်ဆည်း၍ အားကျရပါမည်။ ထိုကဲ့သို့ ပြည့်စုံမှုမျိုးမရှိဘဲ အားကျစိတ်သက်သက်ဖြင့် ဆူပူအုံကြွလျှင်မူ ထောင်သောင်းမကသော အသက်များပေးဆပ်ရစေကာမူ အောင်မြင်မှုနှင့် အလှမ်းဝေးနေကြပါ ဦးမည်။

            ယခုမူ အချိန်နှင့်အခါကို အားသာချက်ဖြင့် ပူးပေါင်းအသုံးချနိုင်ခဲ့သည့် အီဂျစ်ပြည်သူတို့ ပျော်ရွှင်ကြရပြီ။ ကွယ်လွန်သူ ဆရာမင်းလူ၏ ဝတ္ထုတစ်အုပ်၏ ခေါင်းစဉ်ကဲ့သို့ပင် " သူတို့ပျော်ကြလေပြီ " ဟူ၍ အောင်ပွဲရ အီဂျစ်ပြည်သူ တို့ကို ရွှေပြည်တော်မှ ဂုဏ်ပြုရေးသားလိုက်ရပေသည်။


(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

_____________________________________________________________________________________

 

                                                                                                                                                                                      

           

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စာပေလောကမှ အနားယူတော့မည်ဖြစ်သော မောင်စူးစမ်း 

(ဘုန်းထက်လင်း)

"ဒုတိယပင်လုံအယူအဆက ရေးချင်တာက အိုင်ဒီယာပဲ။ ငါတို့ အိုင်ဒီယာကို ချပြရရင် ဘယ်နေရာကပဲဖြစ်ဖြစ်ပေါ့။ The Voice တို့ အခြားဂျာနယ်တို့မှာလည်း ရေးခဲ့တာပဲ။ ဒီလူမျိုးစု ပြဿနာကို ဒီထက်တောင်အကျယ်ချဲ့ရေးချင်သေးတယ်။ ဒီလို အရေးကြီးတဲ့ပြဿနာကို တိုင်းပြည်က ကိုင်တွယ်ရမှာ၊ နိုင်ငံရေးပါတီတွေက ကိုင်တွယ်ရမှာမဟုတ်ဘူး။ ဒီ ဒီမိုကရေစီရေးတို့၊ လူမျိုးစုရေး တို့ဆိုတာက State building ,National Building ။ ဒါကို နိုင်ငံရေးသမားတွေရဲ့ ကြွေးကြော်သံမဖြစ်စေချင်ဘူး။ ပထမဆုံး အဲဒါကို ရေးလိုက်တာပဲ။ The Voice မှာပါတယ်။ ဒါကို ထပ်ရေးတာပဲ။ စာရေးဆရာဆိုတာ ကိုယ့်အမြင် အိုင်ဒီကို ကျယ်ပြန့်ချင်တာပဲ" ယင်းမှာ နိုင်ငံရေး၊ စီးပွားရေး ဆောင်းပါးများကို ဆယ်စုနှစ်ချီပြီးရေးသားခဲ့သည့် စာရေးဆရာ မောင်စူးစမ်း မှ ဖေဖော်ဝါရီ ၁၀ ထုတ် Popular News အင်တာဗျူးမှ ဖြေကြားခဲ့သည့် စကားဖြစ်သည်။ ဆရာ မောင်စူးစမ်းသည် ၄ရက်နေ့ ထုတ် မြန်မာ့အလင်းဆောင်းပါး၌ ဒုတိယပင်လုံ၏ အနှစ်သာရမဲ့မှု ဆောင်းပါးကို ရေးသားခဲ့ခြင်းကြောင့် စာပေလောက၌ ဝေဖန်များပေါ်ပေါက်လာခဲ့သည်။ " အရင်ကတော့ မြန်မာ့အလင်းနေ့စဉ်တို့၊ လုပ်သားတို့မှာ ပင်တိုင်ဆောင်းပါးရှင်။ အခုကတော့ ဟုတ်ပါတယ်။ ဒုတိယပင်လုံကိစ္စရေးပေးလို့လည်းဆိုလို့ ရေးလိုက်တာပါ။ အခုခောတ်မှတော့ ဒါပထမဦးဆုံးပေါ့" ဟု မောင်စူစမ်းက အဆိုပါ အင်တာဗျူးတွင်ဖြေကြားခဲ့သည်။

     အမည်ရင်းမှာ ဦးတင်ရွေဖြစ်ပြီး ပြည်တွင်းထုတ်ဂျာနယ်၊ မဂ္ဂဇင်းများ၌ လက်ရှိ နိုင်ငံရေးအခင်းအကျင်း၊ ကမ္ဘာ့စီးပွားရေး များကို "မောင်စူးစမ်း"၊ "ချမ်းအေး" ကလောင် အမည်များဖြင့် ရေးသားခဲ့သူဖြစ်သည်။ ယခုတော့ သူ၏ ကျန်းမာရေးအခြေအနေကြောင့် စာရေးသားခြင်းမှ အနားယူတော့မည်ဖြစ်သည်။ " အသက်ကြီးလာတော့ ကယ်ဒီယမ်(Calcium) ဓာတ်ချို့တဲ့လာတယ် ထင်တယ်။ အခုလက်တွေက စာမရေးနိုင်တော့ဘူး။ အနားယူချင်တာကြာပါပြီ။ ဒါပေမဲ့ ခုမှ အနားယူ ဖြစ်တာ" ဟု ဆရာ မောင်စူးစမ်းက လက်ချောင်းများ ပုံမှန်အနေအထားမရှိတော့သော ၎င်း၏ ညာဘက်လက်ကိုပြ၍ ရှင်းပြကြောင်း The Voice Weeklyဂျာနယ်မှ ဖော်ပြထားသည်။

     ဆရာ မောင်စူးစမ်းသည် အသက် ၈၄ နှစ်အရွယ်ရှိပြီး တရားရုံးချုပ် ရှေ့နေအဖြစ်လည်းကောင်း၊ နိုင်ငံရေးသမားတစ်ဦး အဖြစ်လည်းကောင်း၊ လူသိများထင်ရှားသော စာရေးဆရာ တစ်ဦးအဖြစ် လည်းကောင်း ဘဝမျိုးစုံကို ဖြတ်သန်းကျင်လည် ခဲ့သူဖြစ်သည်။   ref: the voice journal

_______________________________________________________________________

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာတိုင်း(မ်) တည်ထောင်သူ ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်

အပတ်စဉ်ထုတ်ဝေလျက်ရှိသည့် မြန်မာတိုင်း(မ်) သတင်းဂျာနယ် ထုတ်ဝေသည့် Myanmar Consolidated Media Group Ltd အား တွဲဖက်တည်ထောင်သူ သြစတြေးလျနိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ Ross Dunkley ကို လူဝင်မှုကြီးကြပ်ရေးအမှုဖြင့် ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။ ရော့စ်ဒန်ကလေကို ရဲတပ်ဖွဲ့က ၎င်း၏နေအိမ်တွင် ဖမ်းဆီးခဲ့ကြောင်း ကမာရွတ်ရဲစခန်းက အတည်ပြုပြီး၊ သောကြာနေ့တွင် အင်းစိန်ထောင်သို့ လွှဲပြောင်းချုပ်နှောင် လိုက်ကြောင်း ဟု ကမာရွတ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃(၁) ဆိုသည်မှာ တရားမဝင် နယ်စပ်ဖြတ် ကျော် မှု ဖြစ်ပြီး၊ ပြည်ပမီဒီယာဌာနများနှင့် ဆက်သွယ်သူများကို ဖမ်းဆီးထောင်ချရာတွင် အများဆုံး အသုံးပြုလေ့ရှိပြီး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချနိုင်သည့် အမှုဖြစ်သည်။ မစ္စတာ ရော့စ်ဒန်ကလေသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာတိုင်း(မ်) ဂျာနယ်ကို ၂ဝဝဝ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုလက်ရှိတွင် Myanmar Consolidated Media Group Ltd ၏ အစုရှယ်ရာ ၄၉ ရာခိုင်နှုန်းကို ရော့စ်ဒန်ကလေက ပိုင်ဆိုင်ပြီး ကျန် ၅၁ ရာခိုင်နှုန်းကို ပုဇွန်တောင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ခဲ့သူ Swe Sone Media Group ပိုင်ရှင်ဖြစ်သူ  ဒေါက်တာ တင်ထွန်းဦးက ပိုင်ဆိုင်ကြောင်း သိရသည်။

Myanmar Consolidated Media Group Ltd သည် အပတ်စဉ်ထုတ် အင်္ဂလိပ်-မြန်မာ ၂ ဘာသာဖြင့် မြန်မာတိုင်း(မ်)ဂျာနယ် ၂ စောင် အပြင်  Crime ခေါ် အပတ်စဉ်ထုတ် မှုခင်းသတင်းဂျာနယ်နှင့်၊ Now ခေါ် နှစ်ပတ်တကြိမ်ထုတ် ဖက်ရှင်အသားပေးဂျာနယ်တို့ကို ထုတ်ဝေလျက်ရှိပြီး ပြည်တွင်းဂျာနယ်ဈေးကွက်တွင် ဈေးကွက်ကောင်း ရရှိထားသည့် ဂျာနယ်ဖြစ်သည်။

_____________________________________________________________________________________

ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်စာရင်း ၁၄ရက်နေ့ အတည်ပြုမည်

ဖေဖေါ်ဝါရီလ ၁၂ ရက်။

ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ အမည်စာရင်းအား သမ္မတ ဦးသိန်းစိန်က သက်ဆိုင်ရာ လွှတ်တော်များဆီသို့ ဖေဖော်ဝါရီလ ၉ရက်နေ့တွင် တင်သွင်းခဲ့ပြီဖြစ်သည်။

သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌများမှတဆင့် တင်သွင်းခံရသူ အားလုံးမှာ သမ္မတ၏ မိခင်ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်အများစုဖြစ်ပြီး၊ ထိုအထဲတွင် အငြိမ်းစား စစ်တပ်အရာရှိများလည်း ပါဝင်သည်။ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) ဥက္ကဋ္ဌဟောင်း ဦးဇော်မင်းကို ရွေးချယ်ခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ျင်းဝန်ကြီးချုပ်အဖြစ် (ပယက) ဥက္ကဋ္ဌဟောင်းနှင့် ဗိုလ်မှူးချုပ်ဟောင်းဖြစ်သူ မင်းတပ်မြို့နယ်မှ ဦးဟုန်ငိုင်းဖြစ်ပြီး၊ ရှမ်းဝန်ကြီးချုပ်အဖြစ် တပ်မတော်မှ အငြိမ်းစားယူခဲ့သည့် ဓနုလူမျိုး ဦးစဝ်အောင်မြတ်ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် တင်သွင်းသော ဝန်ကြီးချုပ်များမှာ ဦးလဂျွန်ငန်ဆိုင်း(ကချင်ပြည်နယ်)၊ ဦးခင်မောင်ဦး(ကယားပြည်နယ်)၊ ဦးဇော်မင်း(ကရင်ပြည်နယ်)၊ ဦးဟုန်ငိုင်း(ချင်းပြည်နယ်)၊ ဦးအုန်းမြင့်(မွန်ပြည်နယ်)၊ ဦးလှမောင်တင်(ရခိုင်ပြည်နယ်)၊ ဦးစဝ်အောင်မြတ်(ရှမ်းပြည်နယ်)၊ ဦးမြင့်ဆွေ(ရန်ကုန်တိုင်း)၊ ဦးသာအေး(စစ်ကိုင်းတိုင်း)၊ ဦးခင်ဇော်(တနင်္သာရီတိုင်း)၊ ဦးဥာဏ်ဝင်း(ပဲခူးတိုင်း)၊ ဦးဖုန်းမော်ရွှေ(မကွေးတိုင်း)၊ ဦးရဲမြင့် (မန္တလေးတိုင်း) နှင့် ဦးသိန်းအောင်(ဧရာဝတီတိုင်း)တို့ ဖြစ်ကြသည်။

 နိုင်ငံတော် သမ္မတ ရွေးချယ်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို လာမည့် တနင်္လာနေ့၊ ဖေဖော်ဝါရီလ ၁၄ရက် နေ့တွင် ကျင်းပမည့် သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီချက်ရယူကာ
ခန့်အပ်တာဝန်ပေးနိုင်မည်။

_____________________________________________________________________________________

NDF က အဆို ၂ ခု လွှတ်တော်သို့ တင်သွင်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ၁၂။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်မတက်ရောက်မီကပင် ကြိုတင်ပြင်ဆင် ထားခဲ့သော မေးခွန်းနှစ်ခုနှင့် အဆိုနှစ်ခုကို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

NDF က တင်ပြမည့် အဆိုနှစ်ခုအနက် ပထမအဆိုမှာ လွတ်ငြိမ်းချမ်းသာခွင့်အဆိုဖြစ်ပြီး ယင်းအဆိုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက တင်ပြမည်ဖြစ်ကြောင်း
သိရသည်။

ဦးခင်မောင်ဆွေက "လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ အစိုးရသစ်တက်တိုင်းလုပ်လေ့လုပ်ထရှိတဲ့ ဟာမျိုးပါ။ ထုံးတမ်းစဉ်လာရှိတာကို လုပ်ပေးဖို့ တောင်းဆိုတာပါ။ နိုင်ငံရေး အကျဉ်းသားအားလုံးနဲ့ တခြား အကျဉ်းသားတွေကိုပါ လွှတ်ပေးဖို့နဲ့ နိုင်ငံပြင်ပရောက်နေတဲ့ ကျောင်းသား၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးကိုပါ ပြန်လည်ဝင်ရောက်ခွင့် ပြုပေးဖို့လည်းပါပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ပါ" ဟု ပြောကြားသည်။

NDF ပါတီက တင်သွင်းမည့် အခြားအဆိုတစ်ခုမှာ လူအများပါဝင်နိုင်သော ပီပြင်သည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာနိုင်ရန် လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ပယ်ဖျက်ပြီး အပြည့်အဝ ပြိုင်ဆိုင်ခွင့်ရှိသည့်
(Perfect competition law)
ထုတ်ပြန်ပေးရန်ဖြစ်ကြောင်း၊ ယင်းအဆိုကို ရန်ကုန်ုတိုင်း မဲဆန္ဒနယ် အမှတ် ၄ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက တင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

(အထက်ပါ သတင်းများကို ရွှေပြည်တော် ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ခရော်နီကယ် ပရိတ်သတ်များအတွက် သတင်းများနှင့် ဆောင်းပါးများကို အချိန်ပေးဖတ်ရှုရသည့်အလျှောက် ပေးရသည့်အချိန်နှင့် ထိုက်တန်သည့် ရလဒ် တခုခုကို ရရှိကျေနပ်စေရန် ရည်ရွယ်၍ ထပ်ဆင့်ဖော်ပြပေးခြင်းသာ ဖြစ်ပြီး ပေးပို့သည့် သတင်းများ၊ ဆောင်းပါးများ အားလုံးသည် yangon chronicle ၏ အာဘော်(လုံးဝ) မဟုတ်ပါကြောင်းအသိပေး ဖော်ပြအပ်ပါသည်။)

_____________________________________________________________________________________

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.