Transparency Myanmar

transparency.myanmar@gmail.com

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

၁၂.၃.၂၀၁၁

ပြည်တွင်းသတင်းများ

8 Days ဂျာနယ် သတင်းထောက်တစ်ဦး ထိမ်းသိမ်းခံရ
ရန်ကုန်၊ မတ် ၁၀။


အင်းစိန်မြို့နယ်တွင် ဖေဖော်ဝါရီင်္လ ၂၇ရက်(တနင်္ဂနွေနေ့)  ညပိုင်းက ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ဆက်စပ် နေသည် ဟုဆိုကာ 8 Days ဂျာနယ်မှ သတင်းထောက်တစ်ဦး အထိန်းသိမ်းခံခဲ့ရကြောင်း ၎င်းဂျာနယ် အသိုင်းအဝိုင်းမှ သိရှိရသည်။

ထိန်းသိမ်းခံရသူမှာ စောမြင့်အောင် အမည်ဖြင့်  8 Days  ဂျာနယ်တွင်  ရေးသားနေကြောင်း၊ သို့သော် ပင်တိုင်ရေးသူ မဟုတ်ကြောင်း၊  ဗုံးဖောက်ခွဲသည်ဟု မသင်္ကာသူ ဇော်မင်းသန်းနှင့် အဆက်အသွယ်ရှိကြောင်း သတင်းများကဆို သည်။ 8 Days ဂျာနယ်သည် ရန်ကုန် မီဒီယာဂရုပ်မှ ထုတ်ဝေသော ထင်ရှားသည့် ပေါ့ပ်ဂျာနယ်တစ်စောင်ဖြစ်သည်။

ဇော်မင်းသန်းနှင့် အဆက်အသွယ် ရှိသောသူများကို လိုက်လံ စစ်ဆေးလျှက်ရှိရာ အချို့မှာမူ ထိန်းသိမ်းခံထားရ ကြောင်း၊ အထူးသဖြင့် ၎င်း၏ အဆက်အသွယ်များမှာ အလုံမြို့နယ်၊ အင်းစိန်မြို့နယ်တွင် ရှိနေကြောင်း၊ ထင်ရှားသည့် အီလက်ထရောနစ် သင်တန်းဆရာတစ်ဦးဖြစ်သူ ဦးနေလင်းသည်လည်း စစ်ဆေးခံရကြောင်း၊ ထိုကိစ္စနှင့်ပါတ်သက်၍ ဖမ်းဆီး ထိန်းသိမ်းခံရသူ ၁၀ဦး ထက်မနည်း ရှိနေပြီး အများစုမှာ လျှို့ဝှက် ထိမ်းသိမ်းခံရခြင်းဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရပ်ကွက်များနှင့် နီးစပ်သူများထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံသားများကို ဖမ်းဆီးစစ်ဆေးမှုသည် ဥပဒေနှင့်အညီသာ ဖြစ်သင့်ကြောင်း၊ လုံခြုံရေးအရ ပြုလုပ်ရသည်ဟု ဆိုသော်လည်း နိုင်ငံသား အခွင့်အရေးများကို လေးစားသင့်ကြောင်း၊ ဖမ်းဆီး စစ်ဆေးမှုများနှင့်အတူ ပြစ်မှု ထင်ရှားပါက လည်း ပွင့်လင်းမြင်သာသော တရားစီရင်ရေးဖြင့်သာ စစ်ဆေး စီရင်သင့်ကြောင်း၊ အစိုးရ အနေဖြင့် တရားစီရင်ရေးအပေါ် လေးစားမှု ရှိမှသာ ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိမည်ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

ဗုံးပေါက်ကွဲမှုအပြီး လုံခြုံရေး တင်းကျပ်ခဲ့ရာ အချို့သော လုံခြုံရေး တာဝန်ရှိသူများ၏ လုပ်ဆောင်မှုများမှာ မင်းမဲ့ စရိုက်ဆန်ကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ၏ ယုံကြည် ကိုးစားမှုကို ရရှိအောင် လုပ်ဆောင်ရာတွင် အဓမ္မနည်းဖြင့် လုပ်ဆောင်၍ မရကြောင်း ၄င်းတို့က ထပ်လောင်းပြောကြားသည်။

The CJs News

-------------------------------------------------------------------------------------------------------------



အထူးစီးပွားရေးဇုန်၏ အာမခံလုပ်ငန်းများကို မြန်မာ့အာမခံလုပ်ငန်းဖြင့်သာ ဆောင်ရွက်ရပာုဥပဒေ၌ပါရှိ

  အထူး စီးပွားရေးဇုန်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်မည့် လုပ်ငန်းရှင်များအနေဖြင့် အာမခံ ထားရှိရန် အတွက် အာမခံလုပ်ငန်းနှင့်ပတ်သတ်သည့် ကိစ္စရပ်များကို မြန်မာ့ အာမခံလုပ်ငန်းဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 အထူး စီးပွားရေးဇုန်အတွင်း လုပ်ဆောင်မည့် မည်သည့်လုပ်ငန်းမဆို မြန်မာ့ အာမခံလုပ်ငန်းနှင့်သာ အာမခံ လုပ်ဆောင်ထားရမည် ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းများကို စတင် လုပ်ဆောင်မည်ဆိုသည့် အချိန်မှ စတင်၍ အာမခံ ထားသင့်ကြောင်း၊ မြန်မာ့ အာမခံလုပ်ငန်းမှ သတ်မှတ်ထားသည့် အမျိုးအစား အားလုံးမှာ ငွေကြေး အတိုင်းအဆမရှိ ထားနိုင်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 အထူး စီးပွားရေးဇုန် ဥပဒေ ပုဒ်မ ၄၀၌လည်း ဖော်ပြထားသည်မှာ နိုင်ငံခြား အာမခံ ကုမ္ပဏီများ၊ ဖက်စပ် အာမခံ ကုမ္ပဏီများသည် အထူး စီးပွားရေးဇုန်အတွင်း ယင်းတို့၏ ကိုယ်စားလှယ်ရုံးများနှင့် အာမခံ လုပ်ငန်းများကို သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ခွင့် ရှိကြောင်း အထူး စီးပွားရေးဇုန်ဥပဒေတွင် အတိအလင်း ဖော်ပြထားရှိခဲ့သည်။

-------------------------------------------------------------------------------------------------------------

မြန်မာ-သြစတြေးလျ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးမည်
 

  မြန်မာနိုင်ငံနှင့် သြစတြေးလျ လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်း ဆောင်ရွက်၍ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ကုန်သည်စက်မှုအသင်းချုပ် UMFCCI ၌ မတ်လ ၁၇ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

   ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလများတွင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ မကြာခဏ လာရောက်၍ ဆွေးနွေးလေ့ရှိကြောင်း၊ ယခု သြစတြေးလျ နိုင်ငံကပါ စိတ်ဝင်စားလာ၍ ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်မည်ပာု ထင်ကြောင်း UMFCCI  အထွေထွေအတွင်းရေးမှူး ဒေါက်တာမောင်မောင်လေးက ပြောကြားခဲ့သည်။

ယခု သြစတြေးလျ နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးသွားမည့် ကိစ္စရပ်များမှာ ရေအားလျှပ်စစ်၊ စိုက်ပျိုးရေးသုံး စက်ယန္တယား၊ သစ်လုပ်ငန်း၊ ဆက်သွယ်ရေး၊ နည်းပညာ၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အီလက်ထရွန်းနစ် နည်းပညာဆိုင်ရာ ထုတ်ကုန်လုပ်ငန်း၊ ဆေးရုံသုံးပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း၊ ရေနွေးငွေ့တာဘိုင်စက် ဝန်ဆောင်မှု၊ အီလက်ထရွန်းနစ် ငွေပေးချေမှုစနစ်၊ ဘဏ်လုပ်ငန်း၊ အတိုင်ပင်ခံလုပ်ငန်း၊ မီးရထားလမ်း၊ စက္ကူ၊ ပုံနှိပ်စက်၊ ဆည်မြောင်းနည်းပညာ၊ မီးသတ်ယာဉ်၊ ဆန်ရောင်းဝယ်ရေး၊ သံမဏိ၊ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစသည့် လုပ်ငန်းရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 သြစတြေးလျနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အယောက် ၃၀ ဝန်းကျင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ၊ ၎င်းဆွေးနွေးပွဲအတွက် ထိုင်းနိုင်ငံအခြေစိုက် သြစတြေးလျသံရုံးမှ စီးပွားရေးသံတမန် ဒေါက်တာမောင်မောင်လေးနှင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက UMFCCI တွင် ကြိုတင် ညှိနှိုင်း ဆွေးနွေးထားကြကြောင်း ၎င်းမှပင် ဆက်လက် ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------


ရေးမြို့တွင် ဆိုင်ကယ်များ အုပ်စုဖွဲ့သောင်းကျန်း
ရေး၊ မတ် ၉။


တနင်္သာရီ တိုင်းဒေသကြီး ရေးမြို့တွင် ဆိုင်ကယ်များ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ သောင်းကျန်းနေကြောင်း ယင်းနယ်ခံများနှင့် ရန်ကုန်-ရေး - ထားဝယ်- မြိတ် ပြေးဆွဲနေသော ယာဉ်မောင်းများထံမှ သိရှိရသည်။

ဆိုင်ကယ်များမှာ မြို့ပြင် ဟိုင်းဝေးလမ်းများနှင့် မြို့တွင်း လမ်းများပေါ်တွင် အုပ်စုဖွဲ့ မောင်းနှင်နေကြကြောင်း၊ အချို့ဆိုလျှင် ယာဉ်ကြောအပြည့် မောင်းနှင်နေကြကြောင်း၊ ခရီးသွားယာဉ်များမှာ များစွာ အခက်အခဲ တွေ့နေကြကြောင်း ပြောသည်။

ကုန်တင် ယာဉ်မောင်းတစ်ဦးက “ ဆိုင်ကယ်တွေက အုပ်စုလိုက်မောင်းနေတာ တော်တော်ဆိုးတယ်ဗျ။ ၉ရက်နေ့ ည ၈နာရီ ကျော်လောက်ကလည်း ရေးအ၀င်လမ်းမှာ ဆိုင်ကယ်၈စီး အုပ်စုဖွဲ့မောင်းနေတာ၊ ကိုယ်ပိုင်ကားတစ်စီးက ကျော်တက်ဖို့လုပ်တာ သူတို့ကို ဆဲပါတယ်ဆိုပြီး ဆိုင်ကယ်သမားတွေက ကားကိုဝိုင်းပြီး ရိုက်ကြတယ်။ အဲဒီမှာတင် ကားတွေလဲ အကုန်ပိတ်ပြီးတော့ တစ်နာရီလောက် ကြာသွားတယ်” ဟုပြောသည်။

အစိုးရ အနေဖြင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံ ချောမွေ့စေရန် ဆောင်ရွက်လျှက်ရှိရာ ထို့ကဲ့သို့သော ဖြစ်ရပ်များကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ခရီးသွား ပြည်သူများကလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လေးစား လိုက်နာသင့်ကြောင်း ခရီးသွား ပြည်သူတစ်ဦးက ပြောကြားသည်။

The CJs News


×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

လွှတ်တော်အတွင်းမေးခွန်းများမေးခွင့်ရသော်လည်း တာဝန်ရှိသူများမှ တိကျသောအဖြေပေးခြင်းမရှိ
နေပြည်တော်၊ မတ်၉။


ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ကိုယ်စားလှယ်များမှ မေးခွန်းများ မေးခွင့် ရရှိသော်လည်း တာဝန်ရှိ ၀န်ကြီးများမှ ပြန်လည် ဖြေကြားမှုများတွင် မေးခွန်းများနှင့် ပတ်သက်ပြီး တိကျသော အဖြေများ ဖြေကြားခဲ့ခြင်း  မရှိကြောင်း  တွေ့ရသည်။

အမျိုးသားလွတ်တော် ကိုယ်စားတစ်ဦးဖြစ်သော ဒေါက်တာမြတ်ဥာဏစိုးမှ မေးခဲ့သော မေးခွန်းတွင် ကြိုးမဲ့ တယ်လီဖုန်း  ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ကြိုးမဲ့တယ်လီဖုန်း တပ်ဆင်ရာ နိုင်ငံတကာတွင် တပ်ဆင်ခပေးရခြင်းမရှိပဲ simcard အတွက် ကျသင့်ငွေသာ ပေးရဖြင်းဖြစ်ခြင်းနှင့် ယှဉ်ပြီး မြန်မာနိုင်ငံတွင် ထိုကဲ့သော စနစ်မျိုး ထားရှိပါက လူတန်းစားမျိုးစုံ ဆက်သွယ်ရေးအတွက် လွယ်ကူစွာ လက်ကိုင်ဖုန်းများ ကိုင်ဆောင်နိုင်မည် ဖြစ်သောကြောင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး တာဝန်ရှိသူမှ ဖြေကြားပေးရန် တောင်းဆိုခဲ့သော်လည်း ဆက်သွယ်ရေးနှင့်  ကြေးနန်းစာတိုက်ဝန်ကြီး ဦးသိန်းဇော် ဖြေကြားမှုတွင် ၄င်းကိစ္စနှင့် ပတ်သက်ပြီး မည့်ကဲ့သို့ လုပ်ဆောင်ပေးမည် ဆိုသည်ကို တိတိကျကျ ဖြေကြားထားခြင်း မရှိကြောင်း တွေ့ရသည်။ အလားတူ အခြားသော လွှတ်တော် ကိုယ်စားလှယ်များ၏ မေးခွန်းများ အတွက်လည်း တိကျသော အဖြေများ ဖြေကြားခဲ့ခြင်း မရှိကြောင်း  တွေ့ရသည်။

လွှတ်တော် စတင် ခေါ်ယူခဲ့ပြီးအချိန်မှ စတင်၍ ယခုအချိန်ထိ လွှတ်တော် အတွင်းတွင် ပြည်သူ့ရေးရာ မှုဝါဒများနှင့် ပတ်သက်ပြီး တိကျသော ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်း မရှိကြောင်း တွေ့ရသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။

The CJs News

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့်မူ စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျသည့် အခြေအနေမှ အားနည်း ချည့်နဲ့သော လူလတ်တန်းစား ပီပီပြင်ပြင် မရှိသေးသော အရပ်ဘက် အဖွဲ့အစည်းများဖြင့် ဒီမိုကရေစီရေးကို အစပြုနေကြသည်။ ထိုကာလအတွင်း၌ လူလတ်တန်းစား ပေါ်ထွန်းရေးကို ထိခိုက်စေနိုင်သော ကုန်ဈေးနှုန်း ပြဿနာက ဖွံ့ဖြိုးဆဲနှင့် ဒီမိုကရေစီ အစပြုသော နိုင်ငံများအတွက် များစွာ ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်သည်။ ဤပြဿနာများကို ပြေလည်စေရန်အတွက် ခိုင်မာသော ဈေးကွက်ကို  ဈေးကစားခြင်း မပြုလုပ်နိုင်အောင် ထိန်းညှိပေးနိုင်သော အင်စတီကျူးရှင်းများ တည်ဆောက် ကြရမည် ဖြစ်သလို စီးပွားရေး အသားပေးသော ဈေးကွက်သဘောကို ဆန့်ကျင်ဘက် အကျိုးဆက်များဖြင့် ဘေးယိုင်မထွက်သွားဘဲ လူလတ်တန်းစား အလွှာတစ်ရပ်အပေါ် ဗဟိုပြုသော ဈေးကွက် စီးပွားရေး မူတစ်ရပ် ထွန်းတောက်လာရန် အရေးကြီးကြောင်း မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်က ထင်မြင်သုံးသပ်မိပါသည်။

မတ် ၁၁ထုတ် Myanmar Post ဂလိုဘယ်ဂျာနယ် အတွဲ(၁)၊ အမှတ်(၁) မှာပါသည့် "ဖွံ့ဖြိုး ဆဲနိုင်ငံ စီးပွားရေးတိုးတက်မှုနှင့် လူလတ်တန်းစား" ခေါင်းကြီးမှ အာဒီတာ အာဘော် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

          "အခု ဒီဇယ်တစ်ပီပါကျပ် ၁၈၅၀၀၀ရတော့ ရွာခံတွေ ရေနံတူးဖို့ပဲ စိတ်ဝင်စားကြတယ်၊ အနီးအနားမှာ ရှိတဲ့ မြိုင်ငယ်မှော်၊ ကျော၊ နတ်ထိပ်၊ ကျောက်ပန်းတို့မှာ တူးကြတယ်၊ တစ်ပိုင်တစ်နိုင် တူးကြတာဖြစ်လို့ ပေ၁၅၀၀၊ ၁၇၀၀ လောက်တူးတယ်"

မတ် ၁၁ ထုတ် မော်ဒန်သတင်းဂျာနယ်အတွဲ(၂၆) အမှတ် (၅၀၉)မှာပါသည့် "ရေနံဈေးကြောင့် မြတ်သူမြတ်၊ ခက်သူခက်" သတင်းမှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ကျောင်းတိုက်ရွာက ရွာခံဦးမင်းဆွေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

          "ကျွန်တော် အင်တာနက် သုံးနေတုန်း ကွန်နက်ရှင်တွေ နှေးသွားလို့ ဘာမှဆက်လုပ်လို့ မရတဲ့ အချိန်မှာ ရတနာပုံ ဝက်ဘ်ပေါ်တယ်ကို ဝင်ကြည့်တာ ဝင်လို့ရတယ်။ အဲဒါကျတော့ မနှေးဘူးဗျ။ အွန်လိုင်း ဗီဒီယိုတွေတောင် အဆင်ပြေပြေနဲ့ ကြည့်လို့ရနေတယ်"

မတ် ၁၁ ထုတ် မြန်မာတိုင်း(မ်) အတွဲ(၂၆)၊ အမှတ်(၅၀၉) မှာပါသည့် "အင်တာနက် နှေးကွေး ပြတ်တောက်မှုကြောင့် သုံးစွဲသူများ အခက်အခဲကြုံတွေ့နေရ" သတင်းမှ ရန်ကုန်မြို့မှ အင်တာနက်ပြော သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"မုန်တိုင်းသတင်း နားထောင်တဲ့ နေရာမှာ သတိပေးချက်ဆိုတဲ့ စကားလုံး ပါ၊ မပါ ဂရုစိုက်ဖို့ လိုတယ်။ သတိပေးချက်ဆိုရင် မြန်မာနိုင်ငံကို မုန်တိုင်း ဝင်နိုင်တယ်။ မုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ်တယ်ဆိုရင် မဝင်သေးဘူး။ လိမ္မော်ရောင်အဆင့်ဆို မုန်တိုင်း ဝင်နေပြီ၊ အညိုရောင်အဆင့်ဆို မုန်တိုင်း ဖြတ်သန်းနေပြီ၊ အစိမ်းရောင် အဆင့်ဆို မုန်တိုင်းကင်းစင်တာကိုပြောတာ၊ အစိမ်းရောင်အဆင့်သတ် မှတ်မှသာ အန္တရာယ်ကင်းပြီး ခိုလှုံရာ နေရာတွေကနေ အပြင်ထွက်နိုင်ပြီ"

မတ် ၁၀ ထုတ် Venus Newsအတွဲ(၂)၊ အမှတ် (၃၂) မှာပါသည့် "၂၀၁၁ရာသီဥတုသည် နာဂစ်မုန် တိုင်းဖြစ်ပွားခဲ့သည့် ၂၀၀၈ ခုနှစ်နှင့် ဆင်တူနေသည့် အတွက် မုန်တိုင်းအန္တရာယ်ကို သတိပြုရန်လို" သတင်းမှ မိုးလေဝသပညာရှင် ဦးထွန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
 
           
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

ထိပ်သီး စီးပွားရေးလုပ်ငန်းရှင်ဦးတေဇ ကောက်ကြောင်း

  ဖေဖော်ဝါရီ ၂၄ရက် နံနက် ၁၁ ခန့်၌ အန္တရာယ် ကင်းရှင်းစွာဖြင့် ပူတာအိုမြို့သို့ ရောက်ရှိ လာသော ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇနှင့် အဖွဲ့ဝင် ၆ ဦးသည် ၃ ရက်ကြာ ရေခဲတောင်ဒေသ ရေခဲပြင်တွင် ရဟတ်ယာဉ် ကျွံကျရာမှ ရေခဲလျှိုအတွင်း ပိတ်မိနေခဲ့သည်။ "ကျွန်တော်တို့ (၆)ဦးစလုံး ယခုအချိန်ထိ ကျန်းမာရေး ကောင်းမွန်ပါတယ်။ အသက် အန္တရာယ်အတွက် စိုးရိမ်စရာ လုံးဝမရှိပါဘူး၊ အားတက်စရာ တစ်ခုက ရဟတ်ယာဉ်ပေါ်မှာ နယ်မြေခံ လမ်းပြတစ်ဦး ပါတယ်၊ ကယ်ဆယ်ရေး အဖွဲ့ များနဲ့ တွေ့ဆုံတဲ့အထိ လမ်းလျှောက်ပြီး ရေခဲတောင်ကြား အတွင်းကနေ အပြင် ရောက်အောင် ဖောက်ထွက်မယ်" ဟု ၂၃ရက် မတ်လ နံနက်စောစောပိုင်းအချိန်တွင် ဦးတေဇနှင့် အဆက်အသွယ် ရရှိခဲ့ချိန်၌ ပြောကြားခဲ့သည်။ ၂၄ ရက်နေ့ နံနက် ၁၁နာရီ၌ ကယ်ဆယ်ရေး ရဟတ်ယာဉ်မှ ဦးတေဇနှင့် အဖွဲ့ဝင် (၆)ဦးကို ကြိုးဖြင့် ဆွဲယူ ကယ်တင်နိုင်ခဲ့ပြီး ပူတာအိုမြို့သို့ ရောက်ရှိခဲ့သည်။ ဤသည်ကား မြန်မာနိုင်ငံ၏ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင် ဦးတေဇနှင့်အဖွဲ့ ခါကာဘိုရာဇီ တောင်ကြားမှာ တင်ဆက်ခဲ့သော တစ်ခန်းရပ် ပြဇာတ်ဖြစ်သည်။

ဦးတေဇသည် မြန်မာနိုင်ငံအတွင်း အတော်ဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးအဖြစ် ရပ်တည် နေသလို တချို့လူများက တပ်မတော် အစိုးရ၏ အရှင်မွေး သူကောင်းပြုကာ မွေးထုတ်လိုက်သော စီးပွားရေး ရေပေါ်ဆီ လူတန်းစားအဖြစ် သဘောထားကြသည်။ မည်သို့ ထင်မြင်ချက်များ ရှိစေ အကယ်၍ နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ  မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမည်ဆိုပါက ဦးတေဇနှင့် ထူးကုမ္ပဏီသည်သာ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်။ ထူးကုမ္ပဏီပိုင် လုပ်ငန်းခွဲသစ်များမှလည်း မြန်မာနိုင်ငံရှိ လူငယ်များကို အလုပ်အကိုင်များ အထိုက်အလျောက် ပေးနိုင်ခဲ့သည်။ "ကျွန်တော် Singapore မှာ singapore နိုင်ငံသားအနေ နဲ့ ခံယူပြီး စီးပွားရေးလုပ်ဖို့  အခွင့်အရေးရခဲ့တယ်။ တကယ်လည်း စဉ်းစားခဲ့တယ်။ ဒါပေမဲ့ အဖေက မင်းSingapore မှာသွား ရင်းနှီးမြုပ်နှံရင် Singapore  နိုင်ငံသားတွေပဲ အလုပ်ရမှာပေါ့။ မြန်မာပြည်မှာ မင်းလုပ်မှ မြန်မာတွေ အလုပ်ရမှာပေါ့။ ကျန်တဲ့ ကိစ္စတွေ ဘာမှ ကြောက်နေစရာ မလိုဘူး ဆိုပြီး ဆုံးမတဲ့အတွက် ဒီနေ့ ကျွန်တော့်မှာ ရှိသမျှ မြန်မာပြည်မှာပဲ ရင်းနှီးပြီး မြန်မာတိုင်းရင်းသားတွေ အတွက် ထမင်းအိုးတွေ တတ်နိုင်သမျှ တည်ပေးတယ်" ဟု သုံးသပ် ပြောကြားသွားခဲ့သည်။

  ဖေဖော်ဝါရီ လကုန်ပိုင်းက စင်ကာပူနိုင်ငံတွင် ကျန်းမာရေး စစ်ဆေးမှုခံယူခဲ့ပြီး ယခုအခါတွင် နေပြည်တော်တွင် ကျင်းပမည့် ကျောက်မျက်ရတနာ ပြပွဲသို့ တက်ရောက်ရန် ပြင်ဆင်လျက်ရှိကြောင်း ၎င်း၏ မိသားစုဝင် တစ်ဦးက ဆိုသည်။ "ကျန်းမာရေး အခြေအနေ ကောင်းပါတယ်။ လိုအပ်တဲ့ ဆေးစစ်မှုတွေ စင်ကာပူမှာ လုပ်ပြီးတာနဲ့ ရန်ကုန်ကို ပြန်လာပြီး အနားယူနေပါတယ်။ မတ်လ ၁၀ရက် မှာ ကျင်းပမယ့် နေပြည်တော် ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဖို့ ပြင်ဆင်နေပါတယ်" ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသွားခဲ့သည်။ ဦးတေဇသည် ကျောက်မျက်ရတနာ တူးဖော်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ အခွန်အကောက်များပေါ်မှာ လက်ရှိ အနေအထားအရ  ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်သင့်ကြောင်း ပြောကြားသွားခဲ့သည်။ "လက်ရှိ နိုင်ငံတော်ရဲ့ Policyတွေ၊ Taxတွေနဲ့ ပတ်သက်လို့ အားလုံး fair ဖြစ်တယ်။ ပေးရတာ တန်တယ်လို့ ရှိသမျှ လုပ်ငန်းရှင်တွေက သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် တရားမဝင် ပြည်ပ သယ်သွားခဲ့တဲ့ ကျောက်တွေတောင် မြန်မာ ပြည်သယ်ပြီး Emporium ကို ပြန်တင်ပြီး ရောင်းချကြတယ်။ Tax လဲ Fair ဖြစ်တယ်။ ဈေးလည်း ဈေးကောင်း ရတယ်။ တရားမဝင်သွားတဲ့ ကျောက်စိမ်းတွေလို ဈေးလည်း အနှိမ်မခံရတော့ အားလုံး လုပ်နိုင် ကိုင်နိုင် ရှိပါတယ်" ဟု ရှင်းလင်း ပြောကြားသွားခဲ့သည်။

  ယခုအချိန်သည် မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ၌ လူပြောများနေသည့် စီးပွားရေး ပိတ်ဆို့မှုကိစ္စနှင့် ပတ်သက်ပြီး ပိတ်ဆို့မှုကို ဖြုတ်သင့်၊ မဖြုတ်သင့် အငြင်းပွားလျက်ရှိသည်။ ဦးတေဇမှာ ဘယ်ဘက်မှ မရပ်ဘဲ သူရဲ့ စီးပွားရေး ပိတ်ဆို့မှုကို တုန့်ပြန်မှုမှာ တစ်မျိုး ထူးခြားလျက်ရှိ သည်။ "အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့ တရုတ် ပြည်မ ကြီးကလဲ စီးပွားရေး အရမ်းတက်နေတော့ အဲဒီပိတ်ဆို့မှုဟာ ဘာမှမထိရောက်ပါဘူး။ ကျွန်တော်တို့ကတောင် Counter Sanction လုပ်တဲ့အနေနဲ့ အနောက်နိုင်ငံတွေကို မရောင်းလိုပါဘူး။ အခု ကျွန်တော်တို့ ကျောက်မျက် Mine တွေထဲမှာ ကုမ္ပဏီအားလုံးနီးပါး Counter Sanction လုပ်တဲ့အနေနဲ့ အနောက် နိုင်ငံကထုတ်တဲ့ စက်တွေဖြစ်တဲ့ Excavator တွေ Dozer တွေ သိပ် မသုံးတော့ဘူး။ Asia ထုတ်ပစ္စည်း တွေပဲ သုံးတော့တယ်။ သူတို့ ပိတ်ဆို့မှုကလည်း လုံးဝတရားမျှတတဲ့ ပိတ်ဆို့မှု မဟုတ်ပါဘူး။ သူတို့ ရဲ့အကျိုး USD Billionချီ နှစ်စဉ်ရတဲ့ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ဝင်လုပ်နေတဲ့  Amer ican နိုင်ငံပိုင် Cheveron နဲ့ ပြင်သစ်နိုင်ငံပိုင် Total တို့ကျတော့ ဘာမှ အရေးမယူဘူး" ဟု ပြောကြား သွားခဲ့သည်။

ဦးတေဇမှာ တပ်မတော်အစိုးရ၏ မွေးထုတ်ပေးလိုက်သည့် စီးပွားရေးသမား ဖြစ်ခြင်းကြောင့် အပြိုင်အဆိုင်မရှိ တက်လာခဲ့သည့် National Champion တစ်ဦးအဖြစ် ယူဆနိုင်သော်လည်း တစ်ဖက်တွင် အခြေခံကျကျ ကြိုးစားမှုသာ မရှိပါက ယခုကဲ့သို့ အခြေအနေမျိုး ရောက်ဖို့မလွယ်ပေ။ "ကျွန်တော် ဆို ၁၉၈၄ ကတည်းက စီးပွားရေး နယ်ပယ်ထဲ စဝင်ခဲ့ပါတယ်။ အရင်းအနှီးဆိုတာ ကျပ် တစ်သောင်းတောင် မပြည့်ခဲ့ပါဘူး။ ပြီးတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ဆိုတော့ လုပ်ရတာ ကြပ်ပါတယ်။ ဒါပေမဲ့ ရတဲ့အခွင့်အလမ်း အားလုံး နေ့စဉ် စဉ်းစားပြီး ရသမျှ လုပ်တယ်။ တစ်နေ့ကို အလုပ်ချိန် ၁၂ နာရီကနေ ၁၄ နာရီ အနည်းဆုံးထားလုပ်တယ်။ ၁၉၈၈ နောက်ပိုင်းကျတော့ ဈေးကွက် စီးပွားရေး ဖြစ်လာတော့ တစ်နေ့ ၁၆ နာရီ အထိပိုလုပ်တယ်။ ကျွန်တော် ၁၉၈၄ မှ ၂၀၀၄ အထိ နှစ် ၂၀ အတွင်း ရာနှုန်းပြည့် Holiday ဆိုပြီး မနားဖူးပါဘူး" ၎င်း၏ ဖြတ်သန်းမှုကို သုံးသပ် ပြောကြားသွားခဲ့ သည်။

စွန့်ဦးတီတွင် စီးပွားရေးလုပ်ကိုင်လိုသည့် လူငယ်များအနေဖြင့် ဦးတေဇလို အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်များကို အားကျသည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့လို နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင် သည့် အရည်အချင်းမျိုးကို သဘောကျ နှစ်ခြိုက်မိမည်သာ ဖြစ်သည်။ ယင်းကို ဦးတေဇမှ သုံးသပ်ပြော ကြားရာတွင်" အဓိက မြန်မာ လူငယ်ကလေးတွေအတွက် ပြောချင်တာကတော့ အောင်မြင်မှု ရဖို့ဆိုတာ ရှေ့လူကြီးတွေ ပြောသလိုပဲ ကံ၊ ဉာဏ်၊ ဝီရိယ အဓိကပါပဲ။ ဒါပေမဲ့ အသေးစိတ်တော့ ကျွန်တော် နည်း နည်းထပ် ပြောချင်ပါတယ်၊ ကံဆိုတာ အဓိက Luck ကို မဆိုလိုပါဘူး။ ကံဆိုတာ ကမ္မ (ကမ္မ= အလုပ်) ပါပဲ၊ ကံကောင်းတယ်ဆိုတာ အလုပ်ကောင်းတာပါပဲ၊ ဒီတော့ ကိုယ်လုပ်မယ့် အလုပ်ကို အမှန်စီးပွား ဖြစ်မဲ့အလုပ်၊ ကိုယ့်အတွက် တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ့် အလုပ် မှန်၊ မမှန် အစကတည်းက သေသေချာချာ စဉ်းစားရွေးစေချင်ပါတယ်။ ဉာဏ်ပိုင်းနဲ့ ပတ်သက်လို့လည်း ဘာလုပ်လုပ် သေသေချာချာ ကိုယ်လုပ်မယ့် လုပ်ငန်းနှင့် ပတ်သက်ပြီး Demand and Supply ကစပြီး သေသေချာချာ Analy sis လုပ်ပြီးမှ လုပ်စေချင်ပါတယ်၊ ဝိရိယပိုင်းနှင့် ပတ်သက်လို့လည်း ကိုယ့်အလုပ်ကို အစကတည်းက သေသေချာချာ ဖိဖိစီးစီးလုပ်ပြီး အဆုံးထိတိုင် ပြီးစီးမှ  Mission Complete ဆိုတဲ့  စိတ်ဓာတ်ထားပြီး လုပ်ကိုင်ကြဖို့ အကြံပြု ပြောကြားလိုက်ပါတယ်"

Ref:      မြန်မာပို့စ် ဂလိုဘယ်သတင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၁)

            The Hot News weekly အတွဲ(၁)၊ အမှတ်(၃၁)

            TRUE NEWS အတွဲ(၃)၊ အမှတ်(၂၈)
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp