Transparency Myanmar

transparency.myanmar@gmail.com

၁၅.၃.၂၀၁၁

ပြည်တွင်းသတင်းများ



အထူးစီးပွားရေးဇုန် အတွင်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်ပဘဏ်များ လာရောက် ဆွေးနွေး

မတ် ၁၄။


မြန်မာနိုင်ငံ၌ စီးပွားရေး ဖွံ့ဖြိုး တိုးတတ်မှု အတွက် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိသည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန်များအတွင်း ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင်များအတွက် ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဦးစားပေး အနေဖြင့် ကိုယ်စားလှယ်ရုံး များထား ရှိနိုင်ရေးအတွက် ပြည်ပ ဘဏ်များက လာရောက် ဆွေးနွေးလျှက် ရှိကြောင်း သိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တို့သည် စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်မှစ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြည်တွင်း၊ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များမှ အထူးစိတ်ဝင်စားလျှက်ရှိရာ ယခုအခါ တွင်လည်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ အခြေစိုက် ဘဏ်ကြီးများက စုံစမ်း ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း ပြည်ပဘဏ် ကိုယ်စားလှယ်ရုံး တစ်ခုမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးမှ ပြောခဲ့သည်။

ထုတ်ပြန်ထားသည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဥပဒေတွင်လည်း ဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥပဒေများ ပါရှိသည့်အတွက် ဇုန်များအတွင်း ဘဏ်များ ဖွင့်လှစ်နိုင်ရေး၊ ဝန်ဆောင်မှုများ ပေးနိုင်ရေး၊ ချေးငွေ ဝန်ဆောင်မှုများ ပေးနိုင်ရေး နှင့် နိုင်ငံခြားငွေ လဲလှယ်မှုများ ပြုလုပ်ပေးနိုင်ရေး တို့အတွက် ဘဏ်ကိုယ်စားလှယ် ရုံးများ ဖွင့်လှစ်နိုင်ရန် ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်နေကြောင်း သိရသည်။

ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်နိုင်ရန် ဗီယက်နမ် အခြေစိုက် တရုတ် ICBT ဘဏ်ကြီးမှ လာရောက် ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိကြောင်း၊ အထူးစီးပွားရေးဇုန် ဥပဒေတွင်လည်း ဘဏ်နှင့် ပတ်သတ်သည့် ဥပဒေများ ပါဝင်နေသည့် အတွက် ဘဏ်များ ဖွင့်လှစ်နိုင်ရန်၊ နိုင်ငံခြားငွေများ လဲလှယ်နိုင်ရန် ဆွေးနွေးလျှက်ရှိကြောင်း၊ လက်ရှိ ဆွေးနွေးမှုမှာ ဦးစားပေး အနေဖြင့် ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ ပြည်ပဘဏ် ကိုယ်စားလှယ်ရုံး မှ ဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------


နိုင်ငံတကာအဆင့်မီ မြို့တော်များဖြစ်လာစေရေး စည်ပင်ဝန်ထမ်းများအား ကိုရီးယားနိုင်ငံသို့စေလွှတ်

မတ် ၁၄။



မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့ကြီးများအား နိုင်ငံတကာ အဆင့်မီ မြို့တော်ကြီးများ ဖြစ်လာနိုင်စေရန် စည်ပင်သာယာရေး ကော်မတီမှ ဝန်ထမ်းများအား ကိုရီးယားနိုင်ငံ၏ စည်းကမ်း ထိန်းသိမ်းမှု ဆိုင်ရာများ လေ့လာနိုင်ရန် ကိုရီးယားနိုင်ငံသို့ စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စည်ပင်သာယာရေး ဝန်ထမ်းများအား ကိုရီးယားနိုင်ငံ၏ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှု နည်းပညာနှင့် ပြည်လည်သုံးစွဲမှု အရင်းအမြစ် နည်းပညာရပ်များ လေ့လာနိုင်ရန် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံသို့ သွားရောက် လေ့လာမည့် စည်ပင်ဝန်ထမ်း ဦးရေမှာ (၁၀) ဦးဖြစ်ပြီး ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ အကူအညီဖြင့် မတ်လ ၆ ရက်မှ ၂၃ ရက် အထိ ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် solid waste management သင်တန်းအား တတ်ရောက်ရန် စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

သင်တန်းသားများသည် သင်တန်း တတ်ရောက်နေစဉ် ကာလများ တွင်လည်း ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ စိန့်မယ်ရီ ဆေးရုံ၊ ပွာန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်းနှင့် အခြားပုဂ္ဂလိက လုပ်ငန်းများသို့ လေ့လာဆည်းပူးခွင့် ရရှိမည် ဖြစ် ကြောင်း သိရသည်။

 
-------------------------------------------------------------------------------------------------------------


ပညာရေးဝန်ဆောင်မှုအေဂျင်စီများအပေါ် ယုံကြည်မှု လျော့နည်းလာ

ရန်ကုန်၊ မတ် ၁၄။


နိုင်ငံတကာရှိ တက္ကသိုလ်များသို့ သွားရောက် ပညာသင်ယူရန်အတွက် အကျိုးဆောင်ပေးသော ပညာရေး ဝန် ဆောင်မှု အေဂျင်စီများ၏ အပြုအမူ တစ်ချို့ကြောင့် ကျောင်းသားမိဘများအနေဖြင့် အေဂျင်စီများအပေါ် ယုံကြည်မှု လျော့နည်း လာကြောင်း သိရှိရသည်။

“ကျွန်တော့်သား ဆယ်တန်း စာမေးပွဲပြီးတဲ့ အချိန်နဲ့ အေဂျင်စီတစ်ခုက စီစဉ်တဲ့ နိုင်ငံတကာ ပညာရေး လေ့လာရေး ခရီးစဉ် ရှိတဲ့အချိန် တိုက်နေလို့ အဲဒီကိစ္စကို ဖုန်းဆက် စုံစမ်းကြည့်တာ သူတို့က ဘယ်လောက် ကုန်ကျလဲဆိုတာကို ဖုန်းထဲက မပြောဘူး။ ရုံးလာပါဆိုတာနဲ့ သွားတာ သူတို့ရုံးရောက်တာနဲ့ ဖောင်တွေ တစ်စောင်ပြီး တစ်စောင်ဖြည့်ခိုင်းတာ ၃စောင် လောက်လည်း ဖြည့်ပြီးရော ဒီခရီးသွားဖို့ လိုတာတွေ ပြောတယ်။ ဂျာနယ်မှာ သူတို့ပြောထားတဲ့ ဈေးနဲ့ အခုပြောတဲ့ ဈေးနဲ့က ဒေါ်လာ၅၀၀ နီးပါးကွာနေတော့ သူတို့က ဂျာနယ်က အမှားဆိုပြီး ပြောတယ်။ ကျွန်တော်လည်း ကိုယ်မှန်းထားတဲ့ ဈေးနဲ့ တော်တော်ကွာနေတော့ အဆင်မပြေဘူးဆိုပြီး ပြန်မယ်လုပ်တော့ သူတို့ထဲက ဦးဆောင် ပြောတဲ့တစ်ယောက်က ဖောင်ဖြည့်ခနဲ့ ဆွေးနွေးခဆိုပြီး ၂သောင်း တောင်းလို့ ပေးခဲ့ရတယ်။ ဒီလိုလုပ်တော့ဗျာ နောက်တစ်ခါ ဒီလို အေ ဂျင်စီကို ကျွန်တော်လည်း မသွားဘူး။ ကျွန်တော့် မိတ်ဆွေတွေကိုလည်း ဒီလိုမျိုး လုပ်တယ် ဆိုတာ ပြောပြလိုက်မယ်။” ဟု ပညာရေး အေဂျင်စီတစ်ခုနှင့် ကြုံတွေ့ခဲ့ရသူတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောကြားသည်။

မြန်မာနိုင်ငံရှိ ပညာရေး အေဂျင်စီများအား နိုင်ငံတကာ တက္ကသိုလ်များသို့ တက်ရောက်မည့် ကျောင်းသားများအပေါ် ဝန်ဆောင်ခမယူဘဲ တက္ကသိုလ်မှ ပေးသည့် ၁၀ရာခိုင်နှုန်းမှ ၂၀ရာခိုင်နှုန်းကိုသာ ယူပေးကြပါရန် တက္ကသိုလ်များက ပြောထားသော်လည်း အေဂျင်စီတစ်ချို့မှာ တက္ကသိုလ်မှပေးသော ရာခိုင်နှုန်းအပြင် ကျောင်းသားဆီမှ တက္ကသိုလ်နှင့် ချိတ် ဆက်ပေးခ application form တင်ခဟူ၍ ခေါင်းစဉ် အမျိုးမျိုးတပ်ကာ ငွေကြေး ရယူနေခြင်းများ ရှိကြောင်း သိရသည်။

“ဦးရဲ့သား ကျောင်းရောက်တော့မှ ဒီလို အပိုကြေးတွေ ပေးရတာကို တက္ကသိုလ်တွေက မလုပ်ခိုင်းမှန်း သိရတာ တက္ကသိုလ်တွေက အေဂျင်စီတွေကို ရာခိုင်နှုန်းပဲ ယူရမယ်လို့ ပြောထားတာ။ ဒါပေမယ့် အေဂျင်စီတွေ ယူတော့လည်း တက္ကသိုလ်က ဘာမှလုပ်လို့ မရဘူးလေ။ ဒီတော့ အေဂျင်စီတွေက ထင်တိုင်းကြဲ နေတာပေါ့ဗျာ”ဟု သြစတေးလျရောက် ကျောင်းသားတစ်ယောက်၏ ဖခင်က ဆိုသည်။

“တစ်ချို့ အေဂျင်စီတွေက ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေကို ရှိုးပြပြီး သူတို့အပေါ် ရှိန်အောင် လုပ်ထား တာတွေ ရှိတယ်။ ကျောင်းအုပ်ရဲ့ ရုံးခန်းကို ဝင်ရမယ်ဆိုရင်ပဲ appointment တွေလုပ်ရ၊ အောက်ကနေ intercom နဲ့ အကြောင်းကြားရနဲ့ ဝန်ကြီးတစ်ပါးကို တွေ့ရစလိုမျိုး လုပ်ထားတော့ တစ်ချို့လူတွေက ဒီလိုလုပ်ထားတဲ့ နောက်ကို ကျောင်းသားမိဘတွေက လိုက်သွားတော့ အေဂျင်စီတွေ လှိမ့်သမျှ ခံနေရတာတွေ ရှိလာတာပေါ့။ ဘယ်လိုပဲ လုပ်ပါစေ ဗျာ လိမ်တဲ့လူဆိုတာ ဒီလောကမှာကြာရှည်မခံပါဘူးဗျာ”ဟု ပညာရေး ဝန်ဆောင်မှု အေဂျင်စီနှင့် နိုင်ငံတကာ ကျောင်းခွဲတစ်ခုကို တည်ထောင်ထားသူတစ်ဦးမှဆိုသည်။

ပညာရေးဝန်ဆောင်မှု အေဂျင်စီများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဥပဒေတစ်ရပ် ထုတ်ပြန်ထားခြင်း မရှိခြင်းသည့် အတွက်လည်း အေဂျင်စီများ လုပ်ချင်သလို လုပ်ခြင်းအား ခွင့်ပြုပေးနေသကဲ့သို့ ဖြစ်နေကြောင်း တရားရုံးချုပ် ရှေ့နေတစ်ဦးက ဆိုသည်။

-------------------------------------------------------------------------------------------------------------


မြန်မာနိုင်ငံတွင် ဘီလျံနာတစ်ဦး ထွက်ပေါ်ပြန်

ရန်ကုန်၊မတ် ၁၂။


မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းထောင်ချီချမ်းသာသည့် ဘီလျံနာတစ်ဦး ယခုရက်ပိုင်းတွင်း ထွက်ပေါ် လာကြောင်း နေပြည်တော် အသိုင်းအဝန်းနှင့် ယင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

၎င်း၏ အမည်မှာ ရန်ချန်းဝင်း(ခ)ဦးစိန်ဝင်း ဖြစ်ကြောင်း နေပြည်တော်တွင် ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည် နိုင်ငံပိုင် အဆောက်အဦးများ လေလံတင်ပွဲတွင် ၎င်းသည် ရန်ကုန်မြို့တော် ကမ္ဘာအေးစေတီလမ်းရှိ စိမ်းလဲ့မြေ၊ ခုနှစ်မိုင် ရှိ အဆောက်အဦးအချို့၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးရုံး အပါအဝင် နေရာကောင်း အများအပြားတွင် လေလံ အောင်မြင် ခဲ့ကြောင်း၊ ယင်း အဆောက်အဦး များ၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်းတစ်ရာ့ငါးဆယ်ကျော် ရှိကြောင်း ယင်း၏ လေလံအဆိုပြုငွေမှာ ဒေါ်လာ သန်းနှစ်ရာကျော် ဖြစ်ကြောင်း၊ လေလံအောင် ပမာဏ၏ သုံးဆယ်ရာခိုင်နှုန်းကို ယခုလ ၂၃ ရက် နောက်ဆုံးထား ပေးသွင်းရမည် ဖြစ်ကြောင်း လေလံပွဲတွင် ပါဝင်ခဲ့သူအချို့နှင့် ယင်းနှင့် နီးစပ်သည့် အသိုင်း အဝိုင်းမှသိရှိရသည်။

၎င်းသည် ဖားကန့်ကျောက်စိမ်း သူဌေးတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် လူသိနည်းသေးသူ ဖြစ်ကြောင်း အမေရိကန် နှင့် အနောက်နိုင်ငံများက Sanction ပြုလုပ်ထားသည့် ပုဂ္ဂိုလ် များထဲတွင် ၎င်းမပါဝင်ကြောင်းထပ်မံစုံစမ်းသိရှိရသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ၄င်းသည်NLD ပါတီဝင်ဟောင်း တစ်ဦးဖြစ်ကြောင်း သတင်းဆန်းစစ် သူအချို့က ဆိုသည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၏မေးခွန်းများအပေါ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

နေပြည်တော်၊ မတ် ၁၄။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့၏ မေးခွန်းများနှင့် အဆိုများသည် မှားယွင်းရောထွေးမှုများ ရှိနေကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့၌ ရှင်းလင်း ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

ပြည်သူ့လွှတ်တော်၌ မေးခွန်းများနှင့် အဆိုများ စတင် တင်သွင်းနိုင်သည့် အချိန်မှ စတင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် မေးခွန်းနှင့် အဆိုများ စတင် တင်သွင်းလာခဲ့ကြရာ ၎င်းတို့၏ မေးခွန်းနှင့် အဆိုများသည် ကွဲပြားမှု မရှိပဲ မေးခွန်းနှင့် အဆိုများ မှားယွင်း ရောထွေးမှုများ ဖြစ်နေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြော ကြားခဲ့သည်။

မေးခွန်းဆိုသည်မှာ မိမိ မသိသည်ကို သိစေရန်၊ သိလိုသည်များကို သိခွင့်ရရှိစေရန် မေးမြန်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မေးခွန်းများ မေးမြန်းရာတွင် မိမိသိလိုသည့်အချက်အား အဓိကထား မေးရန်ဖြစ်ကြောင်း၊ ရှင်းလင်းစေရန် အလို့ဋ္ဌာ တစ်ဆက်တည်း ဖြေသင့်သည်ပာု ယူဆပါက မေးခွန်းတွင် တစ်ဆက်တည်း မေးမြန်းနိုင်ကြောင်းနှင့် အဆို(Proposal) ဆို သည်မှာ မိမိသိထားသည့် အပေါ် အခြေခံပြီး မိမိ ဖြစ်စေချင်သည့်အတိုင်း ဖြစ်ပေါ်လာစေရေးအတွက်လည်းကောင်း သက် ဆိုင်ရာတာဝန်ရှိသည့် ဌာနဆိုင်ရာများအနေဖြင့် လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်စေရေးအတွက် လည်းကောင်း အဆို တင်သွင်းရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့၌ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

-------------------------------------------------------------------------------------------------------------

“ပူးပေါင်းဆောင်ရွက်ခြင်းက ပိုကောင်းပါတယ်” ပာု ရှမ်းပြည်နယ်ဝန်ကြီး ပြောကြား

လက်ရှိ မြန်မာနိုင်ငံတွင် လွှတ်တော်များ ခေါ်ယူကျင်းပ၍ သမ္မတများနှင့် အစိုးရ အဖွဲ့ဝင်များ ဖွဲ့စည်းလျှက်ရှိရာ တိုင်းရင်းသား များထဲမှ ဝန်ကြီးအဖြစ် ရွေးချယ် ခန့်အပ်ခြင်း ခံခဲ့ရသည့် ရှမ်းပြည်နယ်မှ ဝန်ကြီးတစ်ဦး ဖြစ်သူ ဦးသောင်းရွှေ မှ ပြည်နယ်ဖွံ့ဖြိုး တိုးတတ်ရေးနှင့် ပတ်သတ်၍ ပြောကြားခဲ့သည်။

ပထမဦး ရွေးကောက်ပွဲ၌ အရွေးခံခဲ့ရသည့် အကြောင်းကိစ္စနှင့် ပတ်သတ်၍ မေးမြန်းရာ ဒီမိုကရေစီသို့ ကူးပြောင်း သည့် စနစ်သစ် ဖြစ်သည့်အတွက် မိမိသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား ပြု၍ ကလောမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ယှဉ်ပြိုင် အနိုင်ရခဲ့ကြောင်း၊ ထိုသို့ အရွေး ချယ်ခံရ ပြီးနောက် ရှမ်းပြည်နယ် ပြည်နယ်ဝန်ကြီးအဖြစ် အရွေးချယ်ခံခဲ့ ရကြောင်း ရှမ်းပြည်နယ်ဝန်ကြီး ဦးသောင်းရွှေက ပြောကြား ခဲ့သည်။

ဦးသောင်းရွှေ သည် ပြည်နယ်ဝန်ကြီးအဖြစ် အရွေးချယ်ခံရပြီး နောက်တွင် လုပ်ငန်း တစ်ခုအနေဖြင့် သေသေချာချာ လေ့လာ၍ တဖြည်းဖြည်းနှင့် လုပ်သွားမည် ဖြစ်ကြောင်း၊ နောက်ပိုင်း ကာလများတွင် မိမိတို့အပေါ်၌ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များ ရှိလာဦးမည် ဖြစ်ကြောင်း၊ လမ်းညွှန်ချက်များပေါ် မူတည်၍ မိမိဒေသ ပိုမိုကောင်းမွန်တိုးတတ်စေရန် နှင့် ကိုယ်စွမ်းဥာဏ်စွမ်း ရှိသရွေ့ ကိုယ့်ဒေသ တိုးတတ်စေရန် စုပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကလောမြို့နှင့် အောင်ပန်းမြို့တို့ကို ရေရရှိနိုင်စေရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နွေရာသီကာလသို့ ရောက်ရှိတော့မည် ဖြစ်သည့်အတွက် ရေရှားပါးလာတော့ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင် ရေ ရရှိနိုင်ရန်အတွက် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရှမ်းပြည်နယ်တစ်ခုလုံး တိုးတတ်စေရန် ပြည်နယ်တစ်ခုလုံး၏ ပြဿနာ ကိစ္စရပ်များ အားလုံးကို ဝန်ကြီးများက ကိုင်တွယ် ဖြေရှင်းဆောင်ရွက် သွားနိုင်မှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ဝန်ကြီးဋ္ဌာန တစ်ခုချင်းအလိုက် ဆောင်ရွက် နေမည် ဆိုပါက အဆင်ပြေနိုင်မည် မပာုတ်ကြောင်း၊ ဝန်ကြီးဋ္ဌာန အသီးသီးရှိ ဝန်ကြီးများနှင့် တိုင်ပင် ဆောင်ရွက် နိုင်မှသာ ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် မည်သည့် ပြည်နယ်မဆို ဝန်ကြီးအားလုံးက ပူးပေါင်းဆောင်ရွက် နိုင်မှသာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီး ဦးသောင်းရွှေက ပြောကြားခဲ့သည်။

 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အခု အိမ်ခြံမြေကို အားပြုပြီး လုပ်လာကြတယ်။ အကျိုးအမြတ် များတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ယူဆလာ တယ်။ ဘဏ်တွေကလည်း ချေးငွေထုတ်ချေးလာတယ်။ အရင်က အိမ်၊ ခြံ၊ မြေတို့လို မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းကို အပေါင်ထားချေးတာ တခြား ကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံဖို့ ချေးတာများပါ တယ်။ အခု ဒီလိုမဟုတ်တော့ဘူး။ အိမ်ခြံမြေကို အပေါင်ထားပြီး ချေးတဲ့ငွေက အိမ်ခြံမြေထဲ ပြန်စီးဝင်တဲ့ သဘောဖြစ်ပါတယ်။  ဘဏ်ချေးငွေတွေက ကဏ္ဍ တစ်ခု တည်းမှာ ၅၀ ရာခိုင်နှုန်းကျော် ၆၀ ရာခိုင် နှုန်းထိ ဖြစ်လာရင် မကောင်းဘူး။ အခု ဘဏ်တိုးနှုန်းက တော်ရုံ လုပ်ငန်းတွေအတွက် မြင့်တယ်လို့ ပြောလို့ရပေမယ့် လောလောဆယ်တော့ အိမ်ခြံမြေက အကျိုးအမြတ် များနေတယ်။ ရေရှည်ကိုတော့ စဉ်းစား သင့်ပါတယ်"

မတ် ၁၆ ထုတ် Weekly ELEVEN အတွဲ(၆)၊ အမှတ် (၂၄) မှာပါသည့် "ပုဂ္ဂလိက လွှဲပြောင်း ရောင်းချသော နိုင်ငံပိုင် အိမ်ခြံမြေ၊ စက်ရုံများ ဝယ်ယူခွင့်ရရှိကာ ၁၀ ရာခိုင်နှုန်း ငွေးပေးသွင်းပြီးသူများအား ပုဂ္ဂလိက ဘဏ်အချို့ ချေးငွေထုတ်ပေး" သတင်းဆောင်းပါးမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အဆိုပါ ဥပဒေပါ အခန်း(၂) အထူးရန်ပုံငွေ ထူထောင်ခြင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်အရ အထူးရန်ပုံငွေသို့ နှစ်စဉ်လိုအပ်သော ငွေကြေးပမာဏကို နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ဖြင့် ဖြည့်ဆည်း ပေးရမည်ဟု ပါရှိပြီး၊ အခန်း(၃) တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၏ လုပ်ပိုင်ခွင့်တွင် (၁) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး တာဝန်များကို ထမ်းဆောင်ရာတွင် ကုန်ကျသော အသုံးစရိတ်များအား အထူးရန်ပုံငွေမှ ပြည်တွင်း (သို့) နိုင်ငံခြားသုံးစွဲခွင့် ရှိပြီး၊ (၂) အထက်ပါအထူးရန်ပုံငွေ သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ်(သို့) အဖွဲ့အစည်း ကမျှ မေးမြန်းခြင်း၊ တင်ပြခြင်း၊ စာရင်းစစ်ဆေးခြင်း ခံယူရန်မလို၊ (၃) နှစ်စဉ် အထူး ရန်ပုံငွေ အသုံးစရိတ်များကို ဘဏ္ဍရေးနှစ် ကုန်ဆုံးသည့် အခါတွင် နိုင်ငံတော် သမ္မတထံ ရှင်းလင်းတင်ပြ ဆောင်ရွက်ရမည်ဟု ပါရှိသည်။

မတ် ၁၅ ထုတ် TRUE NEWS အတွဲ(၃) အမှတ်(၂၉) မှာပါသည့် "ဥပဒေဆိုင်ရာ အထူးရန်ပုံငွေ ဥပဒေပြဋ္ဌာန်း" သတင်းမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အခုအချိန်မှာ လူတိုင်းဟာ ပြောင်းလာတဲ့ နိုင်ငံရေးစနစ်ထက် ဖြစ်လာနိုင်တဲ့ စီးပွားရေး အခြေအနေကို ပိုစိတ်ဝင်စား နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးထက် စီးပွားရေး ပြောင်းလဲမှုက အများပြည်သူ တွေကို သက်ရောက်မှု ပိုရှိတဲ့အတွက်ပါ။ နိုင်ငံရေးကောင်းမှ စီးပွားရေးကောင်း မယ်ဆိုပေမယ့် အများပြည်သူတွေ အတွက်ကတော့ စီးပွားရေး ကောင်းမှ နိုင်ငံရေး ကောင်းမယ် ထင်နေကြပါတယ်။ ဘာတွေပဲဖြစ်ဖြစ် နိုင်ငံတစ်ခု တည်ငြိမ်အေးချမ်းဖို့ဆိုတာ အခြေခံ လူတန်းစား အများပြည်သူတွေ စီးပွားရေးကောင်းဖို့ လိုပါတယ်"

မတ် ၁၅ ထုတ် THE FLOWER NEWS အတွဲ(၇) အမှတ်(၁၁) မှာပါသည့် Public Talk  မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

" ၁၉၆၂ ခုနှစ် ကတည်းကစပြီး ရပ်နားသွားတဲ့ ပါတီစုံလွှတ်တော်တွေက အခု ၂၀၁၁ မှာမှပြန်စတာ။ ကလာကြာရှည် အဆက်ပြတ် သွားတာဆိုတော့ စစချင်းမှာ လိုအပ်ချက်တွေ ရှိမှာပဲ။ လွှတ်တော်တွေ ဘယ်လောက် အလုပ်ဖြစ် မလဲဆိုတာ လွှတ်တော်အမတ်တွေရဲ့ အရည်အချင်း၊ အခြေအနေ၊ စိတ်စေတနာတွေနဲ့ ဆိုင်သလို ဥပဒေပြုရေး အာဏာနဲ့ Check and Balance လုပ်မယ့် ရေးရာကော်မတီတွေ ဘယ်လောက် အလုပ်ဖြစ်မလဲ ဆိုတာကလည်း ရေးရာကော်မတီမှာ ပါမယ့် လွှတ်တော်အမတ်တွေရဲ့ စိတ်စေတနာ၊ အရည်အချင်းနဲ့အခြေအနေပေါ် မူတည်တယ်"

မတ် ၁၄ ထုတ် The Voice Weekly  အတွဲ(၇) အမှတ်(၁၄) မှာပါသည့် "ဥပဒေပြုရေးနှင့် တရားစီ ရင်ရေးအာဏာဖွဲ့စည်းမှု ရာနှုန်းပြည့်ပြီးစီး၊ အာဏာလွှဲပြောင်းရန်နီးကပ်" သတင်းဆောင်းပါးမှ ငါးလုပ် ငန်းအဖွဲ့ချုပ် အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးလှမောင်ရွှေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


ဆောင်းပါးကဏ္ဍ



နဂါးကြီးရဲ့ မျိုးပြုတ်ဝါးရေး ဗျူဟာသစ်

အပိုင်း(၂)


             နယ်စပ်ဒေသများ အေးချမ်းသွားသည်နှင့် တပြိုင်နက်တည်းမှာပင် တရုတ်အစိုးရက ရှမ်းပြည် မြောက်ပိုင်း လမ်းများကို စနစ်တကျ ဖောက်လုပ်ပေးခဲ့သည်။ နယ်စပ်ဒေသများ တိုးတက်ရေးအတွက် အကူအညီ အမြောက်အများ ပေးခဲ့သည်။ ဘိန်းဘုရင် ခွန်ဆာကို မြန်မာအစိုးရထံ လက်နက်ချစေခဲ့ရာတွင် တရုတ်သြဇာ များစွာပါခဲ့သည်။ ခွန်ဆာသည် အမေရိကန်က ၎င်း၏ နယ်ထဲတွင် တရုတ်ပြည်ကို ချိန်ရွယ်မည့် ဒုံးပျံစခန်း ချထားရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ထိုသို့ ငြင်းပယ်ခဲ့ခြင်းမှာ အင်အားကြီးနှစ်နိုင်ငံ ထိပ်တိုက်တွေ့လျှင် မြန်မာနိုင်ငံ နစ်နာမည်စိုး၍ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သည့် မျိုးချစ်စိတ် ရှိသူတစ်ဦးအဖြစ် မြန်မာအစိုးရက ပုံဖော်ခဲ့သည်။ အမှန်တကယ်မှာ ခွန်ဆာသည် မြန်မာ နိုင်ငံအတွက် စဉ်းစား ခြင်းထက် ၎င်းကိုယ်တိုင် တရုတ်လူမျိုးဖြစ်ကာ တရုတ်ပြည်ကို ထိပါးမခံနိုင်ခြင်း၊ ထို့ပြင် အမေရိကန်က ၎င်းကို ဖမ်းဆီးရန် ကြိုးပမ်းလာခြင်းတို့ကြောင့် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ယူခဲ့ခြင်းဖြစ်သည်။ မြန်မာ အကျိုးထက် တရုတ်ပြည် အကျိုးကို ကြည့်ခဲ့ခြင်းဖြစ်ပြီး ခွန်ဆာ၏ ရှမ်းတပ်မတော်တွင်ပင် ထိပ်တန်း ခေါင်းဆောင်များမှာ တရုတ်များ ဖြစ်ကြ၍ ရှမ်းစစ်သားများနှင့် ရှမ်းပြည်သူတို့က မကြည်ဖြူမှုများ ရှိခဲ့သည်ဟု သိရသည်။ ခွန်ဆာ လက်နက် ချအပြီး ရှမ်းတရုတ် အမည်ခံ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်း စုပြုံ ဝင်ရောက်လာကြပြီး ယနေ့ မန္တလေးမြို့သည် တရုတ်ပြည် အငယ်စားမျှ ဖြစ်နေပြီး တရုတ်လူမျိုးဆိုလျှင် မော်မကြည့်ရဲသည့် အနေအထား ပင်ဖြစ်နေပေပြီ။ အကယ်၍ တရုတ်လူမျိုးတစ်ဦးနှင့် ဒေသခံတစ်ဦး ပြဿနာတက်လျှင် ထိုတရုတ်လူမျိုးက ဒေသခံနှင့် ရဲများကို ၎င်းတို့သည် ငြိမ်းချမ်း ရေး မိသားစုမှ ဖြစ်သည်ဟု ဆိုကာ အထက်ဆိုင်ရာဆိုင်ရာများအထိ အကျပ်ကိုင်၍ နောက်ဆုံးတွင် ဒေသခံကသာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုသူဟူ၍ တံဆိပ်တပ် အရေးယူခံရမည်ဖြစ်သည်။

           ခွန်ဆာ လက်နက်ချပြီးနောက် ရှမ်းပြည် မြောက်ပိုင်းလမ်းသည် လွယ်ကူချောမွေ့သွားပြီး တည်ငြိမ် အေးချမ်းမှု ရရှိလာသည်နှင့်အမျှ  တရုတ်ပို့ကုန်များ မြန်မာနိုင်ငံအတွင်းသို့ ဆက်တိုက်ဆိုသလို ဝင်ရောက် လာခဲ့တော့သည်။ ဈေးနှုန်းချိုသာခြင်း၊ လူတိုင်းဝယ်ယူ သုံးစွဲနိုင်ခြင်း စသည်တို့ကြောင့် တရုတ်ပစ္စည်းများ မြန်မာနိုင်ငံအတွင်း ပေါများစွာ ဝင်ရောက်လာသည်။ ထိုပစ္စည်းများ သည် တရုတ်စက်ရုံများမှ အရည်အသွေးညံ ပစ္စည်းများ၊ နယ်စပ်တွင် ဈေးပေါပေါနှင့် ထုတ်သည့် အပေါစား ပစ္စည်းများဖြစ်ပြီး တရုတ်ပြည်တွင် အမှိုက် နီးပါးဖြစ်မည့် ပစ္စည်းများကို  မြန်မာတို့က ဝယ်ယူသုံးစွဲ ကြရခြင်း ဖြစ်ကာ တရုတ်ပြည်တွင်  အမှိုက်ထဲမှ ရွှေဖြစ်ကာ အကျိုးအမြတ် ဒေါ်လာ သန်းနှင့်ချီ၍ ရရှိနေသည်မှာ ယနေ့ တိုင်ဖြစ်သည်။ ယနေ့သုံးစွဲ နေရသော CDMA 450/800 များသည် တရုတ်ပြည်တွင် အမှိုက်ဖြစ်မည့် ပစ္စည်းများကို မြန်မာ နိုင်ငံသို့ ရောင်းချ၍ အမြတ်ရှာရန် မြန်မာအစိုးရကို တွန်းအားပေး ရောင်းစေခဲ့ခြင်းဖြစ်သည်။  ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ သည့် တရုတ်ပစ္စည်းများသည် အရည်အသွေး ကောင်းမွန်သော်လည်း မြန်မာနိုင်ငံဘက်သို့ ရောင်းချသည့် တရုတ်ပစ္စည်း များသည် အရည်အသွေး လွန်စွာညံ့ဖျင်းပြီး မြန်မာနိုင်ငံသားများ တတ်နိုင်သော ဈေးနှုန်းဖြင့် ထုတ်လုပ် ရောင်းချသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ပေးရသည့်ဈေးနှင့် ပစ္စည်း အရည်အသွေးမှာ မတန်တဆ ဈေးနှုန်းပင်ဖြစ်သည်။ တရုတ်ပြည်မှ အရည်အသွေးနိမ့် စက်မှု လုပ်ငန်းများနှင့် အိမ်တွင်းမှု လုပ်ငန်းများ အတွက် မြန်မာနိုင်ငံကို ဈေးကွက်တစ်ခု အဖြစ် ရှုမြင်ထားခြင်းဖြစ်ပါသည်။

            ရင်းနှီးမြှပ်နှံမှုများတွင် တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုသည် သစ်တောကဏ္ဍ၊ ရေအား လျှပ်စစ် ထုတ်ယူရန် ဆည်တည်ဆောက်ခြင်း၊ သတ္ထုကဏ္ဍ စသည်ဖြင့် မြန်မာနိုင်ငံ၏ သယံဇာတ ပစ္စည်းများကို ထုတ်ယူရန်သာ ဖြစ်ပြီး မြန်မာနိုင်ငံအပေါ်သို့ နည်းပညာ လွှဲပြောင်း ပေးနိုင်သည့် လုပ်ငန်းများ၊ လူသား အရင်းအမြစ် တိုးတက်နိုင်မည့် လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံမှု မရှိသည်ကိုတွေ့ရသည်။ ယခု မြစ်ဆုံတွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းသည် ဧရာဝတီမြစ်တည်ရှိမှုကို အကြီးအကျယ် ခြိမ်းခြောက်လာဖွယ်ရှိပြီး မြစ်ဝှမ်း ယဉ်ကျေးမှုများသည် လူ့သမိုင်းနှင့် ထိုနိုင်ငံ၏ လူမျိုး၊ ယဉ်ကျေးမှုတို့ကို ထင်ဟပ်နေရာ ဧရာဝတီ မြစ်ပျောက်လျှင် မြန်မာလူမျိုးပါ ပျောက်သွားသည်အထိ အန္တရာယ် ကြီးလှပါသည်။ မြန်မာနိုင်ငံကို တရုတ်နိုင်ငံအတွက် ရိက္ခာ နှင့် စွမ်းအင် လိုအပ်ချက်အတွက် ကုန်စည်ဂိုဒေါင် တစ်ခု သဖွယ် သဘောထားသည့် ပုံဖြစ်ပါသည်။ အဆိုးဝါးဆုံးမှာ တရုတ်နိုင်ငံသားများအတွက် မြန်မာမိန်းကလေးများကို အတင်းအဓမ္မ လက်ထပ် ပေါင်းသင်းရန် လူမှောင်ခိုဂိုဏ်းများဖြင့် သွေးဆောင် ဖြားယောင်းခြင်း၊ တရုတ လူကုံတန် သက်ကြီးရွယ်အိုများ အတွက် သွေးလဲလှယ်ရန် ကလေးမှောင်ခို ဂိုဏ်းများမှတဆင့် မြန်မာ ကလေးငယ် များကို ဝယ်ယူနေခြင်းများသည် မြန်မာ တို့ကို ကြက်ကလေး၊ ငှက်ကလေးများသဖွယ် ကျေးကျွန်များသဖွယ် သဘောထား ခြင်းဟု ယူဆနိုင်ပါသည်။ ဤဖြစ်ရပ်များ သည် အမှန်တကယ် ရှိနေပါသည်။ ဂျာနယ်များတွင် မကြာခဏ ဖော်ပြနေသည့် သတင်းများဖြစ်ပါသည်။

ဤကဲ့သို့ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအပေါ် ထင်တိုင်းကြဲနေနိုင်ခြင်းမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက ပိတ်ဆို့ အရေးယူ ထားခြင်းကြောင့် အထီးကျန်လာသော မြန်မာ စစ်ခေါင်းဆောင်များသည် အားကိုးရှာရာမှ အကျိုး အမြတ်ကို မြင်တတ်သော တရုတ်နိုင်ငံဘက်သို့ တဖြည်းဖြည်းချင်းဆီမှသည် လုံးဝဥသုံ နီးပါး တရုတ်လက်အောက်ခံ ဖြစ်မှန်းမသိ ဖြစ်သွားသည်အထိ  တရုတ် ဘက်သို့ နီးစပ်သွားခဲ့ပါသည်။ ယခုဆိုလျှင် မြန်မာ့မြေပေါ်တွင် တရုတ်ပိုင် လယ်ယာများ ရှိနေပြီး မြန်မာ လယ်သမားတို့က တရုတ် လယ်ပိုင်ရှင်များကို အလုပ်အကျွေး ပြုနေရသည်ဖြစ်ရာ ခေတ်သစ်ကျွန်ပြုနည်းပင် ဖြစ်တော့သည်။

ထို့ကြောင့် နိဂုံးချုပ် ပြောရလျှင် သမိုင်းအဆက်ဆက် မည်သို့မျှ နဂါးကြီး၏ ဝါးမြိုမှုကို မခံခဲ့ရသည့် ကျွန်ုပ်တို့နိုင်ငံ လေးသည် ယခုမူ နဂါးကြီး၏ ခံတွင်းထဲသို့ ရောက်နေပေပြီ။ အပြီးတိုင် ဝါးမြိုခြင်း မခံရမီ အမျိုးသားရေး အသိဖြင့် နိုင်ငံ အစိုးရများကရော၊ ပြည်သူများကပါ သတိရှိရှိ တရုတ်သြဇာ လွှမ်းမိုးမှုမှ ရုန်းထွက်ရပေမည်။ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည်ဆက်ဆံခြင်း၊ တရုတ် ပါဝါကို ယှဉ်ပြိုင်နိုင်မည့် အင်အားကြီး နိုင်ငံများနှင့် သံတမန်ရေး နီးကပ်စွာ ဆက်ဆံခြင်း၊ နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းများတွင် ပိုမိုတိုးချဲ့ခြင်း၊ နိုင်ငံ၏ ပိုင်နက် နယ်မြေများကို ငွေကြေးတစ်ခုတည်း ကြည့်၍ အလွယ်တကူ အဆုံးရှုံး ခံနေမှုများကို ပြန်လည်သုံးသပ်ခြင်း၊ တိုင်းပြည်တွင်းသို့ တရုတ်လူမျိုးများ အကန့်အသတ်မရှိ ဝင်ရောက်နေခြင်းကို ငွေမျက်နှာ တစ်ခုတည်းကြည့်၍ မသိကျိုးကျွံ ပြုမနေသင့်ဘဲ အမျိုးသားရေး အန္တရာယ်အဖြစ် ရှုမြင်၍ နဂါးကြီး၏ အပြီးသတ် ဝါးမျိုလာမှုကို ခုခံ တွန်းလှန်သွားကြရန် ကြိုးပမ်းသင့်လှပေသည်။
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp