Transparency Myanmar

transparency.myanmar@gmail.com

၂၀.၃.၂၀၁၁

ပြည်တွင်းသတင်းများ

ဂျပန် ငလျင်နှင့် ဆူနာမီကြောင့် မြန်မာ့အထည်ချုပ်လုပ်ငန်း ထိခိုက်နိုင်

ရန်ကုန်၊ မတ် ၁၉။

မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ သမိုင်းတွင် နှစ်ပေါင်း ၁၄၀အတွင် အပြင်းထန်ဆုံး သဘာဝဘေး ဖြစ်သည့် ရစ်ခ်ျတာ စကေး ၈ ဒဿမ ၉ အဆင့်ရှိ ငလျင်နှင့် ဆူနာမီကြောင့် စီးပွားရေး ထိခိုက်မှုများ ကြုံတွေ့နေရာ ဂျပန်နိုင်ငံသို့  မှီခိုတင်ပို့နေရသည့် မြန်မာ့ အထည်ချုပ် ဈေးကွက် ထိခိုက်မှု ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း (MGMA) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရှိ အထည်ချုပ် စက်ရုံများ၏  ၉၀ ရာခိုင်နှုန်းသည် ဂျပန်နိုင်ငံသို့ အများဆုံး တင်ပို့နေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်ပသို့ အများဆုံ တင်ပို့သည့် နိုင်ငံများမှာ ဂျပန်၊ ဂျာမနီ၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

၂၀၀၉ - ၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း အထည်ချုပ်လုပ်ငန်းမှ ကုန်ကြမ်းပေးကုန်ချောယူ စနစ်(CMP) ဖြင့် ပြည်ပနိုင်ငံများသို့ ပို့ဆာင်ခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ခန့် ရရှိပြီး သန်း ၂၀၀ခန့်မှာ ဂျပန်နိုင်ငံသို့ တင်ပို့သည့် ပို့ ကုန်ငွေမှ ရရှိခြင်း ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏ ယခင်နှစ် အဝတ်အထည် ရင်းနှီးမြှပ်နှံမှု ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၈၀ ဘီလီယံရှိပြီး မြန်မာ့အထည်ချုပ်လုပ်ငန်းမှ ပို့ကုန်ရရှိငွေမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ဝန်းကျင်ခန့်သာ ရှသည့်အတွက် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ အထည်အများဆုံးတင်ပို့နေသော်လည်း တင်ပို့နိုင်မှုမှာ ဈေးကွက်၏ ၁ရာခိုင်နှုန်း ဝန်းကျင်သာ ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ငလျင်၊ ဆူနာမီနှင့် နျူကလီယား စက်ရုံပေါက်ကွဲမှုတို့ကြောင့် ဂျပန်ပြည်သူများ ဒုက္ခရောက်နေပြီး စက်ရုံများလည်း ရပ်တန့်နေသည့်အတွက်  အဆိုပါ အခြေအနေသည် ပြည်တွင်းရှိ အထည်ချုပ် လုပ်ငန်းများကို မှီခိုနေရသည့် လုပ်သားများ အပေါ်တွင်  သက်ရောက်မှု ရှိနီုင်သည်ဟု MGMA မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် အထညိချုပ် စက်ရုံပေါင်း (၃၀၀) ခန့် ရှိပြီး ဝန်ထမ်းပေါင်း တစ်သိန်း ဝန်းကျင်ခန့်ဖြင့်  လည်ပတ် နေကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

ဘုန်းကြီးလမ်းဆိပ်ကမ်းတွင် စက်သုံးဆီများ ဂိုဒေါင်ဖြင့် သိုလှောင် တရားမဝင် ရောင်းချလျက်ရှိ

ရန်ကုန်၊ မတ်၁၉။

ရန်ကုန်ဆိပ်ကမ်းနယ်မြေတလျှောက်ရှိ တရားမဝင် စက်သုံးဆီရောင်းဝယ်သူအချို့သည် တရားဝင် ပုဂ္ဂလိက စက်သုံးဆီဆိုင်နှင့်အပြိုင် စက်သုံးဆီများအား ဂိုဒေါင်ဖြင့် သိုလှောင်ကာ ရောင်းဝယ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ဆိပ်ကမ်းနယ်မြေသည်  လှေ၊ မော်တော်၊ စက်လှေ၊ သဘောင်္ကြီးများ အများအပြား ဆိုက်ကပ် ဝင်ထွက် သွားလာနေခြင်းနှင့် ကုန်တင်ကုန်ချ မော်တော်ယာဉ်များ  အခြေစိုက်ရာ နေရာဖြစ်သည့်အတွက် တရားဝင် ပုဂ္ဂလိက စက်သုံးဆီဆိုင်နှင့်အပြိုင် တရားမဝင် စက်သုံးဆီဆိုင်များသည် ဂိုဒေါင်ဖြင့်သိုလှောင်ကာ ရောင်းချလာခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းနယ်မြေတွင် ဘုန်းကြီးလမ်းထိပ်ရှိ Green luck စက်သုံးဆီတစ်ဆိုင်သာ တရားဝင် ပုဂ္ဂလိက စက် သုံးဆီ အရောင်းဆိုင်အဖြစ် ဖွင့်လှစ်ရောင်းချလျက်ရှိသော်လည်း ဂိုဒေါင်းများဖြင့် သိုလှောင်ကာ ရောင်းချနေသော တရားမ ဝင် စက်သုံးဆီရောင်းချနေသောဆိုင် အနည်းဆုံး သုံးဆိုင်ခန့်ရှိကြောင်း အဆိုပါ ဆိပ်ကမ်း နယ်မြေအတွင်း အလုပ် လုပ် ကိုင်နေသူများထံမှ သိရသည်။ 

"ရောင်းတာကတော့ အပြိုင်အဆိုင် အကြီးအကျယ် ဂိုဒေါင်နဲ့ကို လှောင်ပြီး ရောင်းနေတာ။ ဧရာဝတီဘက်သွားတဲ့ သဘောင်္လက်မှတ်ရုံနားက ဂိုဒေါင်မှာဆိုရင် ဒိုင်နာလို ယာဉ်တွေပေါ် ဆီပေပါတွေ တင်လိုက် ချလိုက်၊ ပိုက်တွေနဲ့ စုပ် လိုက်နဲ့ အမြဲတမ်း အလုပ်များနေတာ တွေ့ရတယ်။ နေ့လယ်နေ့ခင်း ဆီပေပါတွေနဲ့ အလုပ်ရှုပ်နေကြတာ မီးဘေးအန္တရာယ် ဖြစ်မှာတောင် စိုးရိမ်ရတယ်"ဟု ဆိပ်ကမ်းတွင် အလုပ် လုပ်နေသူ တစ်ဦးက ပြောကြားသည်။ 

ရန်ကုန် ဆိပ်ကမ်းနယ်မြေ၌ ယခင်က စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီအရောင်းဆိုင် တစ်ဆိုင် ဖွင့်လှစ် ရောင်း ချခဲ့သော်လည်း စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့ လွဲပြောင်းမပေးမီ အချိန်ကပင် အဆိုပါ ဆိုင်မှာ စက်သုံးဆီ ရောင်းချ ခြင်းကို ရပ်နားထားကြောင်း၊ ယခု လက်ရှိတွင်လည်း ပုဂ္ဂလိကသို့ လွဲပြောင်းထားခြင်းမရှိကြောင်း သိရသည်။

------------------------------------------------------------------

ဆားဈေးနှုန်းများ မြင့်တက်

မတ် ၁၉။

ဂျပန် နျူကလီယားစက်ရုံ ပေါက်ကွဲမှုကြောင့် တရုတ် ပင်လယ်ကမ်းခြေ၌ ထုတ်လုပ်နေသော ဆားများတွင် ဓါတ်ရောင်သင့်နိုင်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံမှ မြန်မာပြည်ရှိ ဆားများကို ပိုမိုမှာယူလာခြင်းကြောင့် ပြည်တွင်း၌ဆားဈေးများ အဆမတန်မြင့်တက်လာကြောင်းသိရသည်။

မန္တလေးမြို့ဆားဈေးကွက်တွင် ဆားပေါက်ဈေး ပုံမှန်ဈေးနှုန်းထက် ၃ ဆခန့် မြင့်တက်သွားခဲ့ပြီး ဈေး ထပ်တက် လာနိုင်သည့်အတွက် ဆားအရောင်းဆိုင်များ အရောင်းပိတ်ထားကြောင်း ဒေသခံဆားကုန်သည်တစ်ဦးက ပြောကြားသည်။

"ဆားတစ်ပိဿာကို အရင်က ၄၅၀ ပေးဝယ်ရတယ်။ အခု ၁,၅၀၀ ဖြစ်သွားပြီ။ အဲဒီဈေးနဲ့ပေးဝယ်တာတောင် လိုသလောက်မရဘူး" ဟု မန္တလေးမြို့နေ အိမ်ရှင်မတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့၌လည်း ဆားကြမ်းဈေး ၂ ဆခန့် မြင့်တက်ခဲ့ပြီး အိုင်အိုဒင်းဆားဈေးကွက် အရောင်းအဝယ် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ရန်ကုန်ရှိဆားပွဲစားတစ်ဦးကပြောကြားသည်။

"တရုတ်နယ်စပ်ဘက်က ဆားပို့ပေးဖို့ လှမ်းမှာထားတယ်။ ဒါပေမဲ့ ဒီမှာက လောလောဆယ် အိုင်အိုဒင်းဆား အထုပ်တွေ ဝယ်လို့မရဘူးဖြစ်နေတယ်။" ဟု ရန်ကုန်ရှိ ဆားကုန်သည်တစ်ချို့က ပြောဆိုသည်။

 "သမုဒ္ဒရာ ရေစီးကြောင်းကိုဖြတ်ပြီး ရေဒီယိုသတ္တိကြွ ဓါတ်ရောင်ခြည်တွေဟာ တရုတ်ပြည်ဘက်ကို ရောက်မလာ နိုင်ဘူး။"ဟု တရုတ် အမျိုးသား ပင်လယ်ပြင် သဘာဝ ပတ်ဝန်းကျင် လေ့လာရေးအဖွဲ့ ကြေငြာလိုက်သည်။

တရုတ်-မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွင် ဆားဈေး ၃ ဆခန့် ရုတ်တရက် မြင့်တက်ခဲ့သဖြင့် တရုတ် အစိုးရက ဆားဈေးကို အဆမတန် မြှင့်တင်၍ ရောင်းချသူများကို အရေးယူမည်ဟု မတ်လ ၁၇ရက်နေ့တွင် ရုပ်မြင်သံ ကြားမှ ကြေညာထားသည်။

 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

ယခုလအတွင်းပင် အစိုးရသစ် ကျမ်းကျိန်ဖွယ်ရှိ

မတ် ၁၉။

နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီထံမှ  အာဏာလွှဲပြောင်း ရယူမည့် အစိုးရသစ် အနေဖြင့် ယခုလ အတွင်း၌ပင် ကျမ်းသစ္စာ ကျိန်ဆိုဖွယ် ရှိသည်ဟု လွှတ်တော် အမတ်များနှင့် နိုင်ငံရေး အသိုင်းအဝိုင်း၏ ပြောကြား ချက်အရ သိရသည်။

အမျိုးသား လွှတ်တော်မှ အမတ်များ၏ အဆိုအရ ပြည်ထောင်စု အစိုးရ၏ ဒုတိယ ဝန်ကြီးများကို ယခုတစ်ပတ် အတွင်း ထုတ်ပြန် ကြေညာဖွယ်ရှိပြီး အစိုးရတစ်ရပ်၏ ဖွဲ့စည်းပုံ ပြည့်စုံတော့မည်ဖြစ်ရာ အာဏာ လွှဲပြောင်းခြင်းမှာ ယခုလ မကုန်မီပင် ဖြစ်နိုင်ကြောင်းလည်း သိရသည်။

နိုင်ငံတော်တွင် အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေး အာဏာနှင့် ၊ ဥပဒေပြုရေး အာဏာ သုံးရပ်တွင် အုပ်ချုပ် ရေး အာဏာအတွက် ဖွဲ့စည်းရန်သာ အနည်းငယ် လိုအပ်နေပြီး ကျန်အဏာ နှစ်ရပ်မှာ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်သည့် အပြင် န.ယ.က အစိုးရ၏ လေးလပတ်အစည်းအဝေးများလည်း ပြီးဆုံးချိန်နှင့် အချိန်ကိုက်၍ မြန်မာနှစ်ကူး သင်္ကြန် မတိုင်မီပင် ကျမ်းကျိန်မှု ထမြောက်ဖွယ် ရှိနေကြောင်း နိုင်ငံရေးနှင့် နီးစပ်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ပြည်သူလူထုအနေဖြင့်မူ ယခင်အစိုးရဟောင်းနှင့် များစွာ အပြောင်းအလဲမရှိဟု ယူဆကြသော်လည်း ဖြစ်ပေါ် လာမည့် သမ္မတနိုင်ငံ စနစ်ကိုမူ စိတ်ဝင်တစား စောင့်ကြည့်လျှက် ရှိနေကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

NLD သဘောထား ပျော့ပျောင်းလာ

 

ရန်ကုန်၊ မတ် ၁၉။

 

နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ မြန်မာ စစ်အစိုးရကို အားပြိုင်ခဲ့သည့် အဓိက နိုင်ငံရေး အင်အားစုကြီး ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ သဘောထား ရပ်တည်ချက်များမှာ ယခုအချိန်တွင် များစွာ ပျော့ပြောင်းလာခဲ့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။

 

NLD က ပြောရရင် Activist ပေါ့ ၊ ဆရာမောင်စူးစမ်းတို့ပြောတဲ့ တက်ကြွလှုပ်ရှားသူ ပုံစံမျိုးကနေ သိသိသာသာ ကွဲပြားလာတာ တွေ့ရတယ်။ လွှတ်တော်လဲ ပေါ်လာပြီ၊ အစိုးရအသစ်ကိုလည်း ကမ္ဘာက အသိအမှတ် ပြုလာကြမယ့် အချိန်မှာ NLD ရဲ့ အခန်းကဏ္ဍ ပျောက်မသွားအောင် သူတို့အနေနဲ့လဲ ပြင်ဆင်သင့်တာကို ပြင်ဆင်တယ်လို့ ထင်ပါတယ်။ ၉၀ ရွေးကောက်ပွဲက အမှန်တရား ဆိုပေမယ့် အခု လွှတ်တော်ကလည်း အရှိတရား ဖြစ်နေပြန်တော့ အခုလို NLD ဘက်က ပျော့ပြောင်းလာတာကို အပေါင်းလက္ခဏာ တစ်ရပ်အနေနဲ့ မြင်မိပါတယ်ဟု နိုင်ငံရေး စိတ်ဝင်စားသည့် လူငယ်တစ်ဦးက ဆိုသည်။

 

"အဓိက ကျွန်တော်တို့ နိုင်ငံမှာ အမြဲတမ်း ဖြစ်နေတဲ့ သဘောထား မတူညီမှုတွေကို ထိပ်တိုက် ရင်ဆိုင်တဲ့ နည်း လမ်းတွေ စွန့်ပယ်သင့် နေပါပြီ၊ ပါဝါနိုင်ငံရေး ဆိုတာကို စနစ်တကျ ကစားတတ်တဲ့ နိုင်ငံရေးသမားတွေ ကျွန်တော် တို့ဆီမှာ ရှားတယ်"ဟု ပညာရှင်တစ်ဦးက ပြောကြားသည်။

 

ပြီးခဲ့သည့် အင်္ဂါနေ့က ဗွီအိုအေတွင် ဦးအုန်းကြိုင်၏ တဆင့်ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တွေ့ဆုံ ဆွေးနွေးရေးကို အဓိက ထားခြင်းဖြစ်ပြီး အလျော့အတင်းပြုရမည်ကို နားလည်ထားကြောင်း ပြောကြားချက်နှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ အပေါ်တွင် တစိုက်မတ်မတ် ထောက်ခံခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ပြည်သူကို ထိခိုက်လျှင် NLD အနေဖြင့်  ပြန်လည် စဉ်းစားမည်ဟု ပြောင်းလဲ ပြောဆိုလာသည့် ဦးဝင်းတင်တို့ ၏ ပြော ကြားချက်များသည် NLD ပျော့ပြောင်းလာကြောင်းကို မြင်သာစေသည်ဟု သိရသည်။

 

NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက  အာဏာလွှဲ မပေးသည့်အတွက် ထိပ်တိုက် ရင်ဆိုင်လာခဲ့ရာ၊ စစ်အစိုးရကလည်း NLD ပါတီဝင်များကို ဖမ်းဆီး ထောင်ချခြင်း၊ လူ့အခွင့်အရေး ပိတ်ပင်ခြင်း စသည့် တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရာ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့်  စစ်အစိုးရနှင့် ဒီမိုကရေစီ အင်အားစုတို့၏ အနှစ်နှစ်ဆယ်ကျော်ကြာ နိုင်ငံရေး ပြယုဂ်တစ်ခု အဖြစ် ရှုမြင်ခြင်း ခံထားရသည်။

 

 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မြန်မာ့ ဆက်သွယ်ရေး ဘာလဲ ၊ ဘယ်လဲ

ယခုတလော ဂျာနယ်များတွင်ရော ပြင်ပတွင်ပါ အသံထွက်နေသည်မှာ အင်တာနက်ဆိုင်များတွင် Pfingo ဖုန်းခေါ်ဆိုမှုကို ပိတ် လိုက်ခြင်းဖြစ်သည်။ ယခုကဲ့သို့ ပိတ်ပင်ရခြင်းသည် ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများအတွက် အဆိုပါ Pfingoကို သုံး၍ ခေါ်ဆိုကြသဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတွင် ဝင်ငွေကျဆင်း၍ ဖြစ်သည်ဟု အကြောင်းပြချက် ပေးသည်။

ထိုနေရာတွင် စောဒက တက်စရာ ရှိသည်မှာ မြန်မာ့ဆက်သွယ်ရေးအနေဖြင့်  အမှန်တကယ် ဝင်ငွေကျဆင်း ပါရဲ့လား၊ ပြည်ပ ခေါ် ဆိုမှုများအတွက် ထိုက်သင့်သော ခေါ်ဆိုခ သတ်မှတ် ထားပါသလား ဟု ဆိုချင်ပါသည်။ 

မြန်မာနိုင်ငံမှ စင်္ကာပူသို့ ခေါ်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေးမှ ပြည်ပ ခေါ်ဆိုမှု နှုန်းထားသည် တစ်မိနစ်လျှင် ငွေ နှစ်ထောင်ကျော် ကျသင့်ပါသည်။ pfingo ဖြင့် ခေါ်လျှင် ကျပ်ငါးဆယ်သာ ကျသင့်ပါသည်။ ထို့ကြောင့် ပြည်ပသို့ ခေါ်ဆို မှုကို pfingo မှသာ ပြုလုပ်ကြသဖြင့် မြန်မာ့ ဆက်သွယ်ရေးတွင် ဝင်ငွေကျဆင်းသည်ဟု အကြောင်းပြချက် ပေးသည်။

သို့ရာတွင် Pfingo မပေါ်ခင်က ပြည်ပသို့ ခေါ်ဆိုမှုများမှ ဝင်ငွေ ကောင်းစွာ ရနေပါသလားဟု ဆန်းစစ်ကြည့်လျှင် မရနိုင်ပါဟုသာ ဆိုချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးနှုန်း ကြီးမြင့်ခြင်းကြောင့် ဖြစ်သည်။ နိုင်ငံရပ်ခြားရှိ မြန်မာတစ်ဦးသည် မြန်မာပြည်ရှိ မိသားစုထံ စာပို့ခြင်း၊ အီးမေးလ်ပို့ခြင်း တို့သာ ပြုတတ်ရာ မြန်မာ့ဆက်သွယ်ရေး အနေ ဖြင့် ဝင်ငွေများစွာ မရနိုင်ပါ။ မဖြစ်မနေ အရေးတကြီး ဖြစ်မှသာ ခေါ်ယူလေ့ ရှိကြပါသည်။ ထို့ကြောင့် သာမန် မိသားစု တစ်စုအနေဖြင့် ပြည်ပရောက် မိသားစုထံ မြန်မာ့ဆက်သွယ်ရေးဖုန်းကို အသုံးပြုခေါ်ဆိုမှုမှာ အမြဲတမ်းနီးပါး မရှိပါ။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် ပြည်ပသို့ ဖုန်းခေါ်ဆိုမှုမှ ဝင်ငွေ နည်းသွားခြင်းမှာ Pfingo ကြောင့် ဖြစ်သည်ဟု အကြောင်းပြချက်မှာ ရာနှုန်းပြည့် မမှန်ပါ။

အခြားတစ်ချက်မှာ အင်တာနက်ဆိုင် တစ်ဆိုင်ဖွင့်တိုင်း ဆက်သွယ်ရေး အနေဖြင့် ဖုန်းလိုင်းတစ်လိုင်း ရောင်းချ၍ ရနေသည် ဖြစ်သည်။ ထို့ကြောင့် အင်တာနက်ဆိုင် များများ ပေါ်ထွက်လေ ဆက်သွယ်ရေး အနေဖြင့် ဖုန်းများများ ချထားပေးနိုင်လေဖြစ်သည်။ ထို့ပြင် ထိုသို့ အင်တာနက်လိုင်း သုံးစွဲခွင့်အတွက် လစဉ်ကြေးများလည်း ရရှိနေသည်ဖြစ်ရာ မြန်မာ့ဆက်သွယ်ရေးကို ဝင်ငွေ ပံ့ပိုးနေသည့် အဓိက လုပ်ငန်းဖြစ်သည်။ 256 မက်ဂါဘိုက်ကို တစ်လသုံးသောင်း၊ 512 မက်ဂါဘိုက်ကို တစ်လ ငါးသောင်း ကောက်ခံလျှက်ရှိပြီး ယခုအခါ တရားဝင် မဟုတ်သည့်တိုင် နားလည်မှုဖြင့် 1မက်ဂါ ဘိုက်ကို တစ်လျှင် တစ်သိန်းကျပ်အထိ ကောက်ခံလျှက်ရှိနေရာ  အင်တာနက်ဆိုင်များကြောင့် မြန်မာ့ ဆက်သွယ်ရေး ဝင်ငွေ မကောင်း ဆိုသည့် အချက်မှာ လုံးဝ လက်ခံနိုင်ဖွယ်မရှိပါ။

ထို့ပြင် အင်တာနက်ဆိုင်များကို တယ်လီဖုန်း တပ်ဆင်ပေးခြင်း၊ လိုင်းအား အတိုးအလျော့ ပြုပေးခြင်း၊ အင်တာနက် တပ်ဆင်ခြင်းမှ ဆက်သွယ်ရေး ဝန်ထမ်းများသည်  အပိုကြေး များကို တရားဝင်၊ တရားမဝင် ရရှိနေသည်။ Pfingo ဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ရန် အင်တာနက် ဆိုင်များသည် အနည်းဆုံး 1မက်ဂါဘိုက် ရယူကြသည် ဖြစ်သဖြင့် အင်တာနက်တစ်ဆိုင်လျှင် တစ်သိန်းကျပ်၊ အခြား လစဉ် ဖြတ်ပိုင်းမဲ့ ပေးရ သည့် ဝင်ငွေများဖြင့် မြန်မာ့ဆက်သွယ်ရေး ဝင်ငွေ ဖြောင့်ဖြူးနေသည်မှာ အမှန်ပင်ဖြစ်သည်။ ယခု တင်ပြချက်မှာ ADSL လိုင်းအတွက်သာ ရှိ သေးသည်။ အခြား ဆက်သွယ်ရေးစနစ်များ ဖြစ်သည့် Wimax ၊ ဖိုင်ဘာ၊ စကိုင်းနက်(Skynet) ၊ စသည်တို့ မပါဝင်သေးပါ။ ထိုကုမ္ပဏီများ ထံမှ မြန်မာ့ ဆက်သွယ်ရေး အနေဖြင့် အခွန်အခများ ထပ်မံရရှိနေပါသေးသည်။

ထိုသို့ Pfingo များကို ပိတ်ပင်လိုက်ခြင်းက လူမှုရေးဘက်တွင်လည်း များစွာ သက်ရောက်မှု ရှိသလို၊ နိုင်ငံဖွံ့ဖြိုးရေး အတွက်လည်း များစွာပင် ဆိုးကျိုးသက်ရောက်ပါသည်။ မြန်မာ့ဆက်သွယ်ရေး အနေဖြင့် နိုင်ငံရေး ပေါ်လစီအရ အခြားဒေသတွင်း နိုင်ငံများကဲ့သို့ ဖုန်းကဒ် တစ်ကဒ်ကို ငွေအနည်းငယ်၊ ဖုန်းခေါ်ဆိုခကို ဒေသတွင်း နိုင်ငံများနည်းတူ လူတိုင်းနီးပါး သုံးနိုင်သည့် အခြေအနေ မပေးနိုင်သေး သည်မှာ နားလည်ပေး၍ ရသော်လည်း မြန်မာနိုင်ငံ၏ ပြည်ပ ဖုန်းခေါ်ဆိုခကို မတတ်နိုင်သည့် လူတန်းစားအတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြု နေသည့် ထို Pfingo လုပ်ငန်းလေးများကို ရပ်ပစ်လိုက်သည်မှာ လုံးဝမဖြစ်သင့်ပါ။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏ အင်တာနက် အမြန်နှုန်းနှင့် အင်တာနက် သုံးစွဲသူ ဦးရေအပေါ်တွင် မူတည်နေသည်ဖြစ်ရာ အင်တာနက် မြန်အောင် လုပ်မပေးနိုင်သည့်တိုင် ပြည်သူနှင့် အိုင်တီ အကျွမ်း တဝင် ဖြစ်နေမှုကို လျော့ကျသွားစေသည့် ဥပဒေမျိုး ထုတ်ပြန်လိုက်ခြင်းမှာ နားမလည်နိုင်အောင် ဖြစ်မိပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ သွားရောက် လုပ်ကိုင်နေကြသည့် အလုပ်သမားများတွင် ဒေါ်လာ ထောင်ချီ၊ သောင်းချီရသော ပညာရှင် အလွန်နည်း ပါသည်။ သာမန် ကာယလုပ်သားများ အဖြစ်သာ  သွားရောက်ကြသည်က များပါသည်။ သာမန် အလုပ်ကြမ်းသမား တစ် ယောက် မြန်မာနိုင်ငံရှိ မိသားစုထံ ပြန်ပို့နိုင်သည့် ငွေပမာဏမှာ အများဆုံး သုံးသိန်းနှင့် လေးသိန်းထက် မပိုပါ။ ထိုသုံးလေးသိန်းမျှသာ ဝင်ငွေ ရှိသော မိသားစုအနေဖြင့် မြန်မာ့ဆက်သွယ်ရေးမှ ပြည်ပ ခေါ်ဆိုမှု နှုန်းထားကို တတ်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပါ။ ထို့ကြောင့် Pfingo များကို အားကိုးနေရခြင်း ဖြစ်ပါသည်။ ထို့ပြင် ပြည်ပရောက် မြန်မာ အလုပ်သမားများ အနေဖြင့် ပြည်ပနိုင်ငံများတွင် အန္တရာယ် ဆိုသည်မှာ အချိန် မရွေး ရှိနေတတ်ပါသည်။ အထူးသဖြင့် အလုပ်ကြမ်းသမားများ ဖြစ်သည်။ လုပ်ငန်းခွင်တွင်း အနိုင်ကျင့်ခံရခြင်း၊ ခေါင်းပုံဖြတ် ခံရခြင်း၊ ယုတ်စွ အဆုံး လူကုန်ကူး ခံရခြင်းမျိုးအထိ ဖြစ်ပွားနိုင်သည့်အပြင် နိုင်ငံတော်မှလည်း ပြည်ပရောက် မိမိနိုင်ငံသားကို အကာကွယ် ပေးနိုင်သည့် အခြေအနေ မရှိသေးရာ မြန်မာပြည်တွင် ကျန်ခဲ့သော မိသားစုအနေဖြင့် ပြည်ပရောက် မိသားစုဝင်နှင့် အချိန်မရွေး အလွယ် တကူ အဆက် သွယ် ရရှိရန်မှာ လွန်စွာ အရေးကြီးပါသည်။

အင်တာနက် ဆိုင်များဘက်သို့ လှည့်ကြည့်လျှင် မြန်မာနိုင်ငံ အင်တာနက် မကောင်းဆိုသည်မှာ အထူးတလည် ပြောရမည့် အကြောင်းကိစ္စ မဟုတ်ပါ။ လူတိုင်းသိပြီးဖြစ်သည်။ အင်တာနက် လိုင်းမကောင်းသည့်အတွက် ဆိုင်များတွင် လူမဝင်ပါ။ နိုင်ငံ၏ အနေ အထားနှင့် ယှဉ်လျှင် အင်တာနက် သုံးသူ အရေအတွက် အလွန်နည်းသေးသည်။ ထို့ကြောင့် အင်တာနက် သုံးတတ်စရာ၊ အီးမေးလ် သုံးတတ်စရာ မလိုသည့် လူတန်းစားပါ အင်တာနက်ဆိုင် ရောက်လာရန် ဝင်ငွေလိုသည်။ သို့မှသာ အင်တာနက်ဆိုင်များ အနေဖြင့် ပုံမှန် အခွန်အခနှင့် ပုံမှန်မဟုတ် သော အခွန်အခများပါ ပေးရသည်ကို ကာမိပေမည်။ ယခုကဲ့သို့ အင်တာနက်ဆိုင်များ ဝင်ငွေလျော့သွားလျှင် ဆိုင်ပိတ်သိမ်းမှု များပြားလာပြီး မြန်မာ့ ဆက်သွယ်ရေးလည်း ဝင်ငွေလျော့လာမည် ဖြစ်သည်။ ထို့ပြင်  ထိုအင်တာနက် ဆိုင်လေးများတွင် အလုပ်လုပ်ကိုင်ရင်း ကျောင်းတက် ပညာရှာကြသည့် လူငယ်များကို အလုပ်အကိုင် ဆုံးရှုံးစေမည်။ အင်တာနက်နှင့် ပြည်သူ အကျွမ်းတဝင် ဖြစ်မှုကို များစွာ လျော့ကျစေမည် ဖြစ်ရာ Pfingo များ ပိတ်သိမ်းခြင်းမှာ လုံးဝ အဓိပ္ပါယ် မရှိသည့် လုပ်ရပ်၊ တိုင်းပြည်ကို နောက်ပြန် သွားစေ သည့် လုပ်ရပ်သာဖြစ်ပါသည်။

နိဂုံးချုပ် ဆိုရလျှင် ယခုကဲ့သို့ Pfingo များကို ပိတ်ပင်ခြင်းသည် မြန်မာ့ ဆက်သွယ်ရေး ဝင်ငွေနည်းစေသည် ဟူသော အကြောင်းပြ ချက်ထက် နိုင်ငံတော်တွင် ခေတ်မှီ ဆက်သွယ်ရေးစနစ်မရှိ၍၊ Pfingo ဝန်ဆောင်မှုများ များပြားလာခြင်းမှာ နိုင်ငံတော်၏ ဖုန်းစနစ်ကို လူတိုင်း မသုံးနိုင်ခြင်းကြောင့် ၊ မည်သည့်နိုင်ငံနှင့်မျှ မယှဉ်နိုင်သော ဈေးနှုန်းကြီးမြင့်မှုများကြောင့် အစိုးရ သိက္ခာကျမှုကို ဖုံးကွယ်လို၍သာ ပြုလုပ်ခြင်း ဖြစ်ပါသည်ဟု ဆိုချင်ပါသည်။



×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"လာနီညာ အကျိုးဆက်ကြောင့် ပေါ်လာတဲ့ ရေအေးစီးကြောင်းတွေကြောင့် မိုးတိမ်တောင် ဖြစ်ထွန်းမှုကတဆင့် မိုးရွာသွန်း မှုနဲ့ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်ပေမယ့် အက်စစ်မိုး ရွားသွန်းမယ်ဆိုတာ လုံးယ မဖြစ်နိုင်ပါဘူး" ဟု ဦးထွန်းလွင် က ပြောကြားသည်။

" ဓာတ်ရောင်ခြည် ပျံ့လွင့်မှုက ၁၀၀ ကီလို မီတာထက် မပိုနိုင်ပါဘူး။ ပြီးတော့ အခုတိုက်နေတာက အနောက်လေစီး ကြောင်း ဖြစ်တဲ့အတွက် လေကြောင်း မသင့်ပါဘူး။ မုန်တိုင်းဖြစ်ဖို့လည်း မရှိဘူး။ မိုးကတော့ လာနီညာကြောင့် ရွာမှာပါ။" ဟု ၎င်းက ဆက်လက်ပြောကြားသွားသည်။

 

The Voice ဂျာနယ်၊ အတွဲ (၇)၊ အမှတ် (၁၅) တွင် ပါရှိသည့် " ပုံမှန် မိုးရွာသွန်းမည်ဖြစ်သော်လည်း အက်စစ်မိုး လုံးဝ မရွာ သွန်နိုင်" သတင်းမှ ဦးထွန်းလွင်၏ ပြောကြားချက်အား ကောက်နှုတ်ဖော်ပြချက်

  

-------------------------------------------------------------------------------------------------------------

 "တရုတ် နိုင်ငံက  ကုမ္ပဏီ နှစ်ခုက  ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် ငါးမွေးကန် တချို့မှာ ငါးမြစ်ချင်းငါးကို ပြုပြင်စမ်းသပ် ပြီး ထုတ်လုပ် ဖြန့်ဖြူးနိုင်အောင်  ကြိုးစားနေတယ်။ အခုထိ လေ့လာချက်အရ သူတို့နိုင်ငံအနေအထားနဲ့ အဆင်ပြေတဲ့ သဘောရှိတယ်။ တကယ်လို့ သူတို့ဘက်က ဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့အချိန်ကျရင် ပြည်ပ တင်ပို့တဲ့ ပုံစံက ကွဲပြားသွား မှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို  ရေခဲရိုက်ပြီးပို့တယ်။ တရုတ်ကိုကျတော့ ငါးဆားနယ်ပြီး ပို့ရမှာဖြစ်တယ်။ တရုတ်ကသာ မွေးမြူရေးငါးဖြစ်တဲ့ ရေချိုငါးတွေ ဝယ်ယူဖြစ်ပြီဆိုတာနဲ့ ဈေးကွက်က ကျယ်ပြန့်သွားပြီ။ အရင် တင်ပို့နေတဲ့ နိုင်ငံတွေရဲ့ ထက်ဝက်လောက်နဲ့ ကိုက်ညီတဲ့ ဈေးကွက်ထက် ကျယ်ပြန့်လာမှာပါ။ ၂၀၁၁ နှစ်ကုန်ပိုင်း လောက်မှာ  အရှိန်အဟုန်နဲ့ ဈေးကွက် ကောင်းလာနိုင်ပါတယ်" ဟု မွေးမြူရေးငါး ဈေးကွက် အခြေအနေအား ဝင်းက သုံးသပ်ပြသည်။

News Watch ဂျာနယ် အတွဲ (၆)၊ အမှတ် (၃၆) ပါ "ရေချိုငါးထုတ်မှု ရင်းနှီးမြှပ်နှံရန် တရုတ် စိတ်ဝင်စား" ဆိုသည့် သတင်းမှ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဦးနှင်းဦး၏ ပြောကြားချက်မှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ပြပွဲတွေမှာရော အရောင်းပြခန်းတွေမှာပါ နိုင်ငံခြားသားတွေ တိုက်ခန်း၊ အဆောက်အအုံ ဈေတွေ လာမေးကြတယ်။ အထူးသဖြင့် အဆောက်အအုံ တစ်ခုလုံး ဝယ်ဖို့ စိတ်ဝင်စားကြတယ်။ ဒုတိယက ဝန်ဆောင်မှု အပြည့်ပါတဲ့ အဆင့်မြင့် ကွန်ဒိုဝယ်ဖို့ ဈေးဆိုင်ပြီးမှ မြန်မာနိုင်ငံ ဥပဒေအရ နိုင်ငံခြားသား ပိုင်ဆိုင်ခွင့် မရှိမှန်း သိပြီး ဝယ်ဖို့ ရပ်ဆိုင်းလိုက်တယ်" ဟု ကွန်ဒို အရောင်းပြခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Favourite news ဂျာနယ် အတွဲ (၂)၊ အမှတ် (၆၀) ပါ  "မြန်မာ့ အိမ်၊ ခြံ၊ မြေနဲ့ ရင်းနှီးဖို့ အာရှသားတွေ ပို စိတ်ဝင်စား ကြ"သတင်းမှ ကောက်နှုတ်ဖော်ပြချက်

 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.