Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၄.၃.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာပြည်မှ ဘိန်းဖြူနှင့် အခြား ပြဿနာများ

(Strategy Page မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ မြောက်ဖျား ပိုင်း ဒေသတွင် စစ်တပ်နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အကြား တိုက်ခိုက် မှုများ အနည်းငယ်သာ ရှိသော်လည်း ပြဿနာများ ရှုပ်ထွေး များပြားလျက် ရှိသည်။ တိုင်းရင်းသား လက်နက်ကိုင် များက မြန်မာ စစ်တပ် အတွက် ပေးပို့သည့် စားနပ် ရိက္ခာများ အပါ အဝင် အခြားသော အထောက် အပံ့ များကို လမ်းခရီးမှ ပိတ်ဆို့ ဟန့်တားမှုများ ပြုလုပ်လျက် ရှိသည်။ ယင်းသို့ ပိတ်ပင် ထားမှု များကြောင့် ယခု လပိုင်း အတွင်း တင်းမာမှုများ ပိုမို ကြီးထွား လာလျက် ရှိသည်။

မြန်မာ စစ်အစိုးရ သည် ပြီးခဲ့သည့် နိုဝင်ဘာလက ရွေးကောက်ပွဲ တစ်ရပ် ကျင်းပ ပေးသည်။ ထိုရွေးကောက် ပွဲကြောင့် ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရှမ်းနှင့် ချင်း အပါ အဝင် တိုင်းရင်းသား လက်နက်ကို တပ်ဖွဲ့ ခြောက်ဖွဲ့ စုပေါင်းကာ ကာကွယ်ရေး ယူနီယံ တစ်ရပ်ကို ဖွဲ့စည်း လိုက်ကြသည်။ အဆိုပါ တိုင်းရင်းသား များက ရွေးကောက်ပွဲ ပြီးစီး သွားပါက ၎င်းတို့ အပေါ် မြန်မာ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက် လာမည်ဟု ယုံကြည် ခဲ့ကြသလို စစ်အစိုးရက ကျင်းပ ပေးသည့် ဒီမိုကရေစီ ရွေးကောက်ပွဲ သည်လည်း အတု အယောင် အဖြစ်သာ ရှုမြင် ကြသည်။ ထွက်ပေါ် လာမည့် အစိုးရသစ်သည် စစ်ယူနီဖောင်း ချွတ်ထားသော အာဏာရှင် များ၏ လွှမ်းမိုးမှု အောက်တွင် ရှိမည်ဟု သတ်မှတ် ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ အသစ် ဖွဲ့စည်း လိုက်သော အဆိုပါ မဟာမိတ် တပ်ဖွဲ့က စစ်အစိုးရ လိုလားသော အခြား တိုင်းရင်းသားများ လုပ်ကိုင် ဆောင်ရွက် နေသည့် ဘိန်းဖြူ လုပ်ငန်းများ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မြန်မာ နိုင်ငံရှိ ဘိန်းဖြူ မှောင်ခိုကူး လုပ်ငန်း များသည် စစ်အစိုးရ အဓိက ဝင်ငွေ ရရှိရာ ရင်းမြစ် တစ်ခုလည်း ဖြစ်ရာ ယင်းသို့ တိုက်ခိုက် ခံရမှုကြောင့် အစိုးရမှာ များစွာ အခက် တွေ့လျက် ရှိသည်။

သို့သော် စစ်အစိုးရက တစ်ဖက်တွင် အစွန်း ရောက် သည်ဟု ယူဆသော လက်နက်ကိုင် တပ်ဖွဲ့များ စိုက်ပျိုး ထားသော ဘိန်းခင်း များကို ဖျက်ဆီး ပစ်သည်။ မြန်မာ နိုင်ငံတွင် ၁၉၉၆ ခုနှစ် နောက်ပိုင်း ဘိန်းနှင့် ဘိန်းဖြူ ထုတ်လုပ်မှုမှာ ၉၀ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့သည်။ သို့သော် မကြာသေးမီ နှစ်အ နည်းငယ် အတွင်း ဘိန်း စိုက်ပျိုး ထုတ်လုပ်မှုများ ပြန်လည် လုပ်ကိုင် လာခဲ့ သည်ဟု စောင့်ကြည့် လေ့လာ သူများနှင့် ကုလ သမဂ္ဂ အဖွဲ့ အစည်း များက ဆိုသည်။ မြန်မာ စစ်အစိုးရက တိုင်းရင်းသား များကို ဘိန်းဖြူများ စိုက်ပျိုး ထုတ်လုပ်ခွင့် ပြုပြီး လက်နက်ကိုင် သူပုန် များကို ဆန့်ကျင်ရန် စည်းရုံး သိမ်းသွင်းမှုများ ပြုလုပ်သည်။

မြန်မာ အစိုးရသည် အင်တာနက် ပေါ်မှ စကား ပြောဆို နိုင်သည့် ဆော့ဖ်ဝဲများ ကိုလည်း မကြာ သေးခင် ကာလက ပိတ်ပင် ပစ်ခဲ့သည်။ ပိတ်ပင် ရခြင်း၏ အဓိက အကြောင်း ပြချက်မှာ နိုင်ငံပိုင် ဆက်သွယ်ရေး၊ ကြေးနန်းနှင့် စာတိုက် လုပ်ငန်း၏ ဝင်ငွေကို ထိခိုက် စေသော ကြောင့်ဟု ဆိုသည်။ အခြား နိုင်ငံများ ဆိုလျှင် အဆိုပါ အင်တာနက်မှ ဖုန်းခေါ်ဆို ခများကို မြှင့်တင်ကာ ပြည်တွင်း တယ်လီဖုန်း လုပ်ငန်းများ ထိခိုက်မှု မရှိအောင် လုပ်ဆောင်လေ့ ရှိကြသည်။ မြန်မာ နိုင်ငံတွင် အင်တာနက် ပေါ်မှ တယ်လီဖုန်း ခေါ်ဆိုနိုင်၊ စကား ပြောနိုင်သည့် စနစ်များကို ပိတ်ပင်ခြင်းသည် ထောက်လှမ်းရေး တပ်ဖွဲ့များ အနေဖြင့် ခေါ်ဆိုမှု များကို စောင့်ကြည့် နားထောင်မှု မပြုလုပ် နိုင်သောကြောင့် ဖြစ်သည်။

မြန်မာ-ထိုင်း နယ်စပ် ဒေသတွင် ကရင် လက်နက်ကိုင် သူပုန်များနှင့် စစ်တပ် အကြား တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပေါ် နေသည့် ကိစ္စမှာလည်း မပြီးပြတ် သေးပေ။ အဆိုပါ တိုက်ခိုက်မှု များကြောင့် တစ်ဖက် ထိုင်းနိုင်ငံသို့ ဒုက္ခသည်များ အမြောက် အမြား ဝင်ရောက် ခိုလှုံ နေထိုင် ကြရသည်။ ထိုပြဿနာ ကြောင့် ထိုင်းအစိုးရမှာ အကျပ် အတည်း များနှင့် ရင်ဆိုင် နေရသည်။ သို့သော် မြန်မာ ပြည်မှ ထွက်ပြေးကာ ထိုင်းနိုင်ငံ ဘက်သို့ ဝင်ရောက် သွားသူ အားလုံး ဒုက္ခသည် စခန်းများသို့မရောက်နိုင်ဘဲဖြစ်နေလျက်ရှိသည်ဟု လူ့အခွင့် အရေး အဖွဲ့များက ဆိုသည်။ မြန်မာ အစိုးရသည် နှစ်ပေါင်း ၅၀ ကြာမျှ ကရင် တိုင်းရင်းသား လက်နက် ကိုင်များ အပေါ် တိုက်ခိုက် နှိမ်နင်း ခဲ့ရာ ထိခိုက် ဆုံးရှုံးမှု ပေါင်း များစွာလည်း ဖြစ်ပေါ် ခဲ့ရသည်။ သို့တိုင်အောင် ကရင် တိုင်းရင်းသား လက်နက် ကိုင်များ အနေဖြင့် ယနေ့ ထက်တိုင် ခုခံ နေနိုင် ဆဲပင် ဖြစ်သည်။

****************************************************************************************************************************

ကရင် ပြည်နယ် ပဋိပက္ခကို ရှည်ကြာ စေသူဟု ထိုင်းကို မြန်မာဝန်ကြီး စွပ်စွဲ

(23 March 2011 ရက်စွဲပါ ABC News မှ “Burmese Minister Says Thailand Prolonging Conflict” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ တပ်မတော် အစိုးရ နှင့် ကရင် သူပုန်များ အကြား ပဋိ ပက္ခ ကြာရှည် နေခြင်း အတွက် ထိုင်း နိုင်ငံ ကို မြန်မာ ပြန်ကြား ရေး ဝန်ကြီးက အပြစ်တင် ပြောကြား လိုက်သည်။ ဝန်ကြီး ဦးကျော်ဆန်းက ကရင် ပြည်နယ် မှ ဒုက္ခသည် စခန်း များသည် မြန်မာ နိုင်ငံ၏ ဒေသတွင်း အိမ်နီးချင်း နိုင်ငံက ထောက်ပံ့ ထားသော သူပုန် အခြေစိုက် စခန်းများ ဖြစ်သည်ဟု ပြောဆို ခဲ့သည်။ ယင်းက တိုင်းပြည်၏ အမည်ကို တိုက်ရိုက် ပြောဆို စွပ်စွဲခြင်း မရှိ သော်လည်း မြန်မာ အရှေ့ပိုင်း ကရင် ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ် နေသော ဒေသမှာ ထိုင်း နိုင်ငံ အနောက်ပိုင်း ဒေသ ဖြစ်သည်။

၁၅ မိနစ် လွှတ်တော်ဟု ကမ္ဘာ့ အလယ် ရယ်စရာ ဖြစ်နေသည့် အတွက် နာရီ အတော် များများ အချိန် ကုန်အောင် ပြောင်းလဲ ကျင်းပ နေသည့် လက်ရှိ လွှတ်တော် အစည်း အဝေး တွင် ကရင် ပြည်နယ်မှ လက်နက် ကိုင် သူပုန် ထမှု အဆုံး သတ်ရန် အစိုးရ၏ အစီ အစဉ်၊ သူပုန် များနှင့် ငြိမ်းချမ်းရေး သဘော တူညီ ချက် ရရှိ နိုင်မည့် အနေ အထား တို့ အပေါ် မေးမြန်း မှုကို ဝန်ကြီးက ပြန်လည် ရှင်းလင်း ပြောကြား စဉ် အထက်ပါ အတိုင်း ပြောဆို ခဲ့ခြင်း ဖြစ်သည်။

*************************************************************************************************************************

ဂျပန် နျူကလီယာ ဓါတ်အားပေး စက်ရုံတွင် မီးခိုးများ ထပ်မံ ထွက်လာ ခဲ့ပြီးနောက် အန္တရာယ် တားဆီးရေး လုပ်ငန်းများ ပြန်လည် စတင်

(AFP သတင်းမှ 22 March 2011 ရက်စွဲပါ “Work resumes at Japan nuke plant after smoke rises” သတင်းကို ဘာသာ ပြန်ဆိုသည်)

ပမာဏ ကြီးမားသော ဘေး အန္တရာယ်ကို ရှောင်လွှဲရန် အလုပ် သမားများ အားစိုက် လုပ်ဆောင် နေသော ငလျင် ဒဏ်ခံ ဖူကူရှီးမား နျူကလီယာ ဓါတ်အားပေး စက်ရုံတွင် ထိခိုက် ပျက်စီးနေသော ဓါတ်ပေါင်းဖို များမှ မီးခိုးများနှင့် ရေနွေး ငွေ့များ အင်္ဂါနေ့တွင် ထပ်မံ ထွက်ပေါ် လာခဲ့သည်ဟု ကျိုဒို သတင်း ဌာနက ထုတ်ပြန်သည်။

အဖြူရောင် ရေငွေ့နှင့် တူသည့် ရေနွေး ငွေ့များ အမှတ် (၂) ဓါတ်ပေါင်းဖိုမှ ထွက်နေ သလို၊ အဖြူရောင် မီးခိုးငွေ့နှင့် တူသော အရာ များလည်း အမှတ် (၃) ဓါတ် ပေါင်းဖိုမှ ထွက်နေ ကြောင်း၊ ရေပက် ဖျန်းရေးနှင့် လျှပ်စစ် ဓါတ်အား ပြန်လည် ရရှိရေး ကြိုးပမ်းမှု များကို ယာယီ ရပ်ဆိုင်း ထားရကြောင်း ကျိုဒို သတင်း ဌာနက ကြေညာသည်။

သို့သော်လည်း နောက်ပိုင်းတွင် လုပ်ငန်း များကို ပြန်လည် စတင်ခဲ့သည်ဟု နျူကလီယာ ဘေးအန္တရာယ် ကင်းရှင်းရေး အေဂျင်စီက ပြောကြားသည်။ တိုကျို အရှေ့မြောက်ဖက် ပင်လယ် ကမ်းစပ် ဖူကူရှီးမား နျူကလီယာ ဓါတ်အားပေး စက်ရုံမှ ဓါတ်ပေါင်းဖို အအေးပေး စနစ်ကို ဆူနာမီ လှိုင်းများက ဖျက်ဆီး လိုက်သည့် မတ်လ ၁၁ ရက် နောက်ပိုင်း ဓါတ်ပေါင်းဖို အလယ် ဗဟို လုံးဝ အရည် ပျော်ခြင်းကို တားဆီးရန် အတွက် စက်ရုံ ဝန်ထမ်းများ၊ ပညာရှင်များ၊ မီးသတ် သမားများ၊ စစ်ဖက် တာဝန် ရှိ သူများက အစွမ်းကုန် ရုန်းကန် ဆောင်ရွက်လျက် ရှိသည်ဟု သိရှိ ရသည်။

*************************************************************************************************************************************

ကဒါဖီ နုတ်ထွက် သွားရေးသည် ပန်းတိုင် ဖြစ်ကြောင်း အမေရိကန် ပြော

(AFP သတင်းမှ “US says goal is to get Gaddafi to step down” သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက “မွမ်မာ ကဒါဖီ ဆင်းပေး ရမည် ဖြစ်ကြောင်း၊ သို့သော်လည်း အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ကုလ သမဂ္ဂ၏ လုပ်ပိုင်ခွင့် အာဏာ ဘောင်အတွင်းမှ ဆောင်ရွက် သွားရန် ဆုံးဖြတ်ထားကြောင်း” ပြောကြား လိုက်ခြင်းဖြင့် လစ်ဗျား အရေး ရည်ရွယ်ချက် များနှင့် ပတ်သက်၍ ရောထွေး နေသော အဓိပ္ပာယ် များကို အမေရိကန် ပြည်ထောင်စုက တနလာင်္ နေ့တွင် ထုတ်ဖော် ကြေညာလိုက်သည်။

“ဗိုလ်မှူးကြီး ကဒါဖီက သူ့ရဲ့ ပြည်သူတွေ အပေါ် လူသားခြင်း စာနာမှု ကင်းမဲ့စွာ ခြိမ်းခြောက် နေမှု အပေါ် သီးသန့် ပစ်မှတ်ထားတဲ့ ကုလ လုံခြုံရေး ကောင်စီ နိုင်ငံ တကာ အခွင့် အာဏာရဲ့ အားပေး ထောက်ခံမှု ဘောင်ထဲမှာ ကျွန်တော်တို့ စစ်တပ်က လှုပ်ရှား နေပါတယ်” ဟု သမ္မတ အိုဘားမားက ချီလီတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

“လူသားခြင်း စာနာ ထောက်ထားတဲ့ ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး အထူး သီးသန့် ဖွင့်ဆို ထားတဲ့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၉၇၃ ရဲ့ထောက်ခံ အားပေးမှု အရ ပြီးခဲ့တဲ့ သီတင်းပတ် ကုန်မှာ ဒုံးကျည်နဲ့ လေကြောင်း တိုက်ခိုက်မှု တွေကို ပြုလုပ် ခဲ့ပါတယ်။ ဒီအခွင့် အာဏာက ပေးထားတဲ့ ဘောင်ထဲမှာ ရှိနေဖို့ ကျွန်တော်တို့ သေသေ ချာချာ ဆက်လက် လုပ်ဆောင် နေပါတယ်” ဟု သမ္မတ အိုဘားမားက ပြောဆို ခဲ့သည်။

သို့သော်လည်း “စစ်သား လူထွက် ခေါင်းဆောင်သည် မြောက်အာဖရိက က လစ်ဗျား နိုင်ငံကို အနှစ် ၄၀ အုပ်ချုပ်စဉ် အတွင်း အတိုက် အခံ လှုပ်ရှားမှုများကို ကိစ္စ တုံးပစ်ရန် ကြိုးစားသည့် အနေဖြင့် အရပ်သား ပြည်သူ များစွာကို သတ်ဖြတ် ခဲ့ခြင်းကြောင့် ထိုနိုင်ငံမှ ကဒါဖီ ထွက်သွားရန် လိုအပ်သည် ဟူသော အယူ အဆမှာ အမေရိကန် ပြည်ထောင်စု၏ မူဝါဒပင် ဖြစ်ကြောင်း “သမ္မတ အိုဘားမားက အလေးအနက် ပြောကြား ခဲ့သည်။ အမေရိကန် အစိုးရ အနေဖြင့် လစ်ဗျား အပေါ် ထားသော စစ်ရေး ရည်ရွယ်ချက် များကို ရှင်းလင်း ပြောဆိုခြင်း မရှိသည့် အတွက် ဖိအားများနှင့် ရင်ဆိုင် နေရသည့် တိုင်အောင် ပြည်ထောင်စု နိုင်ငံ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ သမ္မတ အိုဘားမား ကိုယ်တိုင်က “လစ်ဗျား မြေပေါ် အမေရိကန် စစ်ဖိနပ်များ ခြေချမည် မဟုတ်”ဟု ခုခံ ကာကွယ် ပြောကြား သွားခဲ့သည်။

အကဲခတ် လေ့လာသူ များက စိုးရိမ် နေသော အချက် များမှာ ကစားပွဲ၏ အဆုံးသတ်ကို ရှင်းလင်းစွာ မတွေ့ရ သေးခြင်းနှင့် အီရတ်၊ အာဖဂန် နစ္စတန် ပြဿနာ များ၏ နှောင်ကြိုး မိနေသော အမေရိကန် စစ်တပ် အနေဖြင့် နောက်ထပ် စစ်ပွဲ တစ်ပွဲ ဖြစ်ပွားမည့် အလား အလာကို ကိုင်တွယ်ရန် စွမ်းရည် မရှိသည့် အချက် တို့ပင် ဖြစ်သည်။

လစ်ဗျား သူပုန် များကို အကာ အကွယ် ပေးရန်နှင့် ကဒါဖီ၏ တပ်များ အပေါ် မပျံသန်း ရဇုံ သတ်မှတ်ရန် အတွက် လုပ်ဆောင်သည့် အနေဖြင့် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် ပြင်သစ် တပ်ဖွဲ့ များက တိုက်ခိုက်မှုများ လုပ်ဆောင် ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာ ပြစ်တင် ဝေဖန်မှု များလည်း ကြီးထွား နေသည်။

******************************************************************************************************************************

ထိုင်းရင်းနှီး မြှုပ်နှံမှုများ ထားဝယ်ကို အာရုံပြု

(23 March 2011 ရက်စွဲပါ The Nation မှ Nalin Viboonchart ရေးသားသော Thai investments to focus on Dawei :NESDB ကို ဘာသာ ပြန်ဆိုသည်)

ထိုင်း နိုင်ငံ၏ ၁၁ ကြိမ်မြောက် အမျိုးသား စီးပွား ရေးနှင့် လူမှု ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း (2012-2016) သည် Southern Seaboard ဖွံ့ဖြိုးရေး စီမံကိန်းနှင့် Pak Bara ရေနက် ဆိပ်ကမ်း စီမံကိန်း များကို နောက်ချန်ကာ မြန်မာနိုင်ငံ ထားဝယ်ရှိ စက်မှု ဖွံ့ဖြိုးရေး လုပ်ငန်း ကိုသာ အာရုံ ပြုမည် ဖြစ်ကြောင်း စီမံကိန်း ရေးဆွဲသူ အကြီးတန်း တာဝန် ရှိသူ တစ်ဦး၏ အဆို အရ သိရှိ ရသည်။

အငြိမ်းစား ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးနှင့် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှု ဘုတ်အဖွဲ့ (NESDB) ဒါရိုက်တာ Narongchai Akrasaneeက ပြောကြား ရာတွင် ထိုင်း ကုမ္ပဏီများ အတွက် မြန်မာ နိုင်ငံတွင် ရင်းနှီး မြှုပ်နှံခြင်းက ထိုင်း နိုင်ငံတွင် ရင်းနှီး မြှုပ်နှံခြင်း ထက် အခွင့် အလမ်းများ ပိုရှိ ကြောင်း ဆိုသည်။

Narongchai က အထက်ပါ မှတ်ချက် စကားများကို ထိုင်းစက်မှု ဖက်ဒရေးရှင်း နှင့် အသေးစားနှင့် အလတ်စား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ရုံးတို့ ပူးပေါင်း ကျင်းပသော Asean Economic Community (AEC) ဆွေးနွေး ပွဲတွင် အဓိက ပြောခွင့် ရသူ အဖြစ် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အရင်က Southern Seaboard နဲ့ Pak Bara ရေနက် ဆိပ်ကမ်း စီမံ ကိန်းတွေ အကြောင်း ခဏ ခဏ ပြောခဲ့ ပါတယ်။ အခုတော့ အဲဒီ စီမံကိန်း တွေကို ကျွန်တော်တို့ မေ့ပစ် လိုက်ပြီ။ ထောင်တက် နေတဲ့ စတီး ပရောဂျက်လို ထိုင်း နိုင်ငံရဲ့ အဓိက ရင်းနှီး မြှုပ်နှံမှု တွေဟာ ထားဝယ်ကို လုံးဝ ဦးတည် နေကြပါပြီ။ ထိုင်းပြည်သူ တွေကလည်း ဒီပရော ဂျက်တွေကို ဆန္ဒပြ နေကြတော့၊ ကျွန်တော် တို့လည်း ဘာမှ မလုပ်နိုင် သေးပါဘူး” ဟု ၎င်းက ပြောသည်။

မြန်မာ နိုင်ငံ၏ မသေချာသော နိုင်ငံရေး အခြေ အနေသည် ထားဝယ်၌ ထိုင်း ရင်းနှီး မြှုပ်နှံမှုကို မထိခိုက် နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် မြန်မာ အစိုးရက ထိုဒေသအား အထူး စီးပွားရေးဇုန် အဖြစ် ကြေညာ ခဲ့ပြီး၍ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ၏ ထားဝယ်တွင် ရင်းနှီး မြှုပ်နှံရန် အာရုံစိုက် လုပ်ဆောင် ခြင်းသည် ၂၀၁၅ တွင် အပြည့် အဝ အကောင် အထည် ဖော်ပြီးသည့် AEC မှ အကျိုး ခံစား ခွင့်များ ရရှိရန် ရည်ရွယ်ချက်နှင့် တစ်ထပ်တည်း ကျနေကြောင်း Narongchai က ပြောကြား ခဲ့သည်။

မဲခေါင် ဒေသခွဲ နိုင်ငံများ သည် ထိုင်း နိုင်ငံ၏ အရေး ကြီးသော ထုတ်လုပ်မှု များအတွက် ပင်ရင်းများ ဖြစ်ကြသည်။ အဆိုပါ နိုင်ငံ များတွင် သယံ ဇာတ များ ရှိပြီး၊ ၎င်းတို့အား ထုတ်လုပ်မှု စွမ်းရည် မြင့်လာအောင် ထိုင်း နိုင်ငံက ပြုလုပ် ပေးနိုင် ကြောင်းလည်း ၎င်းက ပြောသည်။

AEC သည် ထိုင်းနိုင်ငံအား ၎င်း၏ သယံ ဇာတများ ထံမှ အကျိုး အမြတ် အများဆုံး ရရန် ဆုံးဖြတ် ခွင့်ကို ပေးလိမ့်မည် ဖြစ်သည်။ ကျွမ်းကျင်မှု မရှိပါက တိုင်းပြည်သည် စီးပွားရေး လောကမှ ထွက်သွားရ လိမ့်မည် ဖြစ်သည်ဟု Narongchai က ဆိုသည်။

ထိုင်းနိုင်ငံ အနေဖြင့် AEC ထံမှ အကျိုး အမြတ် ရရန် အလား အလာ ကောင်းသော နယ်ပယ် သုံးခု ရှိကြောင်း၊ ၎င်းတို့မှာ ဝန်ဆောင်မှု၊ စက်မှု လုပ်ငန်းနှင့် စိုက်ပျိုး ရေးနှင့် ပတ်သက်သော စီးပွားရေး လုပ်ငန်းများ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဝန်ဆောင်မှု လုပ်ငန်းသည် အလား အလာ အကောင်းဆုံးဟု ယုံကြည် ရကြောင်း ၁၁ ကြိမ် မြောက် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း အဖွဲ့က ဆိုသည်။ အဆိုပါ လုပ်ငန်း ဖွံ့ဖြိုး တိုးတက် ရေးနှင့် အစိုးရ၏ အထောက် အပံ့ အကူ အညီ များကို ယခုမှ စ၍ အာရုံ ပြုရမည် ဖြစ်သည်။

နောက်ထပ် အကျိုး အမြတ် ရမည့် လုပ်ငန်းမှာ စိုက်ပျိုးရေးနှင့် ဆက်နွယ်သော စက်မှု လုပ်ငန်း ဖြစ်သည်။

Narongchai က ပြောကြား ရာတွင် ထိုင်းနှင့် မြန်မာ နိုင်ငံ ကြားရှိ ပဋိပက္ခ များသည် အာဆီယံ နိုင်ငံများ ကြား ပူးပေါင်း ဆောင်ရွက် မှုကို နှောင့်နှေး စေကြောင်း ဆိုသည်။ အကယ်၍ နှစ်နိုင်ငံ ကြားတွင် နယ်စပ် ပြဿနာများ ဆက်လက် ရှိနေမည် ဆိုပါက ဒေသတွင်း သဘော တူညီ မှုများ ရရှိ နိုင်လိမ့်မည် မဟုတ်ပေ။

British Dispensary မှ CEO Anurut Vongvanich က အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြား ခဲ့ရာ၌ ထိုင်း စီးပွားရေး လုပ်ငန်းရှင် များသည် AEC ၏ သဘော တရားကို နားလည်ရန် လိုကြောင်း၊ AEC သက်ဝင် သွားချိန်တွင် အောင်မြင် လိုပါက ချက်ခြင်း အရေးယူ ဆောင်ရွက် နိုင်ရန် များကို ပြင်ဆင် ထားသင့်ကြောင်း   ဆိုသည်။

“ကျွန်တော်တို့ အတွေး အခေါ်တွေ ပြောင်းရ ပါမယ်။ ကျွန်တော်တို့ အကျိုး စီးပွား အတွက် အခြား ကုမ္ပဏီ တွေနဲ့ ဖက်စပ် လုပ်သင့်ရင် လုပ်ရပါမယ်” ဟု ၎င်းက ပြောသည်။

နာမည် တည်ဆောက်ရေး အတွက် ထိုင်း ကုမ္ပဏီများ အနေဖြင့် မခက်ခဲ ကြောင်း၊ ဈေးကွက် ချဲ့ထွင် နိုင်ရေး အတွက် မဟာဗျူဟာ ကျသော မဟာမိတ်များ ရှာရန်နှင့် ဒေသတွင်း စီးပွားရေး အတွက်သာ စိုးရိမ် ရမည် ဖြစ်ကြောင်း Anurut က ပြောကြား ခဲ့သည်။

************************************************************************************************************************************

Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

×××××××××××××××××××××××××××××××××××××××××××××××××××××××××&time