Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၆.၄.၂၀၁၁

ပြည်တွင်းသတင်းများ

တိုးကြောင်ကလေး ဂြိုလ်တုဝင်း ထူးကုမ္ပဏီ လုပ်ကိုင်ခွင့်ရရှိ

ရန်ကုန်၊ ဧပြီ ၆။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအောက်ရှိ  ဂြိုလ်တုဆက်သွယ်ရေး မြေပြင်အခြေစိုက်စခန်း (တိုးကြောင် ကလေး) အား ထူးကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိသွားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

၎င်းစခန်းမှ အငယ်တန်းအရာရှိတစ်ဦးက ၎င်းတို့လုပ်ငန်းကို ထူးကုမ္ပဏီက လွှဲပြောင်းလုပ်ကိုင်တော့မည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ ဆက်လက် ခန့်ထားရေးကိစ္စနှင့် ပတ်သက်၍ အသေအချာ မသိရှိရသေးကြောင်းပြောကြားသည်။

၎င်းစခန်းနှင့် ပတ်ဝန်းကျင်ရှိလမ်းများကို အဆင့်မြှင့်တင်လျှက်ရှိရာ မောင်းမကန်လမ်းမကြီးမှာ လေးလမ်းသွား ကွန်ကရစ် လမ်းမကြီး အဖြစ် အဆင့်မြှင့်တင်ပြီးဖြစ်ကြောင်း၊ အောင်ဇေယျအိမ်ယာဝန်းကျင်ရှိလမ်းများကိုလည်း ဆက်လက် ဆောင်ရွက်လျှက် ရှိကြောင်း၊ အဆိုပါ စခန်းအနီးပတ်ဝန်း ကျင်ရှိ မြေကွက်များကိုလည်း ထူးကုမ္ပဏီက ဝယ်ယူမည်ဟု သတင်းများ ထွက်ပေါ်လျှက်ရှိကြောင်း ယင်းရပ်ကွက် အနီးတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိ ရသည်။

အောင်ဇေယျအိမ်ယာတွင် နေထိုင်သူတစ်ဦးက “ ဒီ အိမ်ယာတော့ မပါဘူးလို့ကြားတယ်။ ဒါပေမဲ့ စခန်းဝန်းကျင်နဲ့ ဆက်စပ်တဲ့ အိမ်တွေပါမယ် ပြောတော့ ဝယ်မယ်ဆိုပေမဲ့ သူတို့ပေးသလောက်ပဲရမှာလေ။ မဖယ်လို့လဲမရဘူးဆိုတော့ အဲဒီနားကလူတွေ တော်တော် စိတ်ညစ်နေကြတယ်။ မြေဈေးက တကယ်လုပ်ငန်းကြီးလုပ်မယ်ဆိုရင်တော့ ခေါင်ခိုက်လာမှာ၊ ဒါပေမဲ့ အခုကြုံနေရတဲ့ သင်ခန်းစာတွေအရ ပေးသလောက်ပဲရပြီး အတင်းအကျပ် အပြောင်း ခံရတာတွေ များပါတယ်။ ” ဟုပြောကြားသည်။

ထူးကုမ္ပဏီသည် နိုင်ငံပိုင်လုပ်ငန်းကြီးအများစုကို လွှဲပြောင်းလုပ်ကိုင်သည်ဟုဆိုကာ အလကားနီးပါး ရရှိထားကြောင်း၊ မကြားသေးမီကလည်း နေပြည်တော်နှင့် ရန်ကုန်ရှိ အများပြည်သူအပန်းဖြေဥယျာဉ်ကြီးများကို ၎င်းတို့က လုပ်ကိုင်ခွင့်ရရှိသွားကြောင်း၊ မြန်မာနိုင်ငံသည် အသွင်သစ်သို့ ကူးပြောင်းနေသည်ဟု ဆိုသော်လည်း နိုင်ငံကို အဓိကမောင်းနှင်သည့် စီးပွားရေးကဏ္ဍအား လက်တစ်ဆုပ်စာ စီးပွားရေးအာဏာရှင်ကြီးများက ချုပ်ကိုင်ထားသည့် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်သာ ဖြစ်နေကြောင်း၊ ဤနည်း အတိုင်းသာ ဆက်သွားမည်ဆိုပါက ယှဉ်ပြိုင်နိုင်စွမ်းမရှိဖြစ်ကာ AFTA ဝင်လာသည့်အချိန်တွင် တိုင်းပြည်စီးပွားရေးမှာ ပြည်ပချုပ်ကိုင်မှု၊ အထူးသဖြင့် တရုတ်လက်အောက်သို့ ရောက်ရှိသွားနိုင်ကြောင်း စီးပွားရေးရာ ဆန်းစစ်သူ များက ဝေဖန်ပြောကြားခဲ့သည်။

The CJs News

-------------------------------------------------------------------------------------------------------------

Air Mandalay အား Adam Tun ဆိုသူ လွှဲပြောင်းယူဟုဆို

ရန်ကုန်၊ ဧပြီ ၅။

ပြည်တွင်း ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်သော Air Mandalay အား Adam Tun ဆိုသူ မြန်မာနိုင်ငံသား လုပ်ငန်းရှင် တစ်ဦးက လွှဲပြောင်း ရယူလိုက်ကြောင်း ၎င်းလေကြောင်းလိုင်းနှင့် နီးစပ်သည့် သူများထံမှ စုံစမ်းသိရှိရသည်။

၎င်းသည် MCC Computer Group ၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီမှ နှုတ်ထွက်ပြီးနောက် ပျောက်ကွယ်နေခဲ့ရာမှ ယခုကဲ့သို့ ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း၊ ထပ်မံစုံစမ်းသိရှိရသည့် သတင်းများအရ ၎င်းသည် ရတနာပုံ တယ်လီပို့၏ ရှယ်ယာများကိုလည်း ဝယ်ယူထားကြောင်း၊ မည်သည့်လုပ်ငန်းများလုပ်ကိုင်ပြီး ယခုကဲ့သို့ အလျှင်အမြန်ကြီးပွားလာသည်ကို မသိရှိရကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ Business Entry ခက်ခဲသည့် နိုင်ငံမျိုးတွင် ယခုကဲ့သို့ ထိပ်တန်းလုပ်ငန်းရှင်တစ်ဦး ဖြစ်လာရန်မှာ နိုင်ငံ၏ အဓိကအာဏာရှိ စစ်ခေါင်းဆောင်များနှင့် အကျွမ်းဝင်မှသာ ဖြစ်နိုင်ကြောင်း သတင်းဆန်းစစ်သူအချို့က သုံးသပ်ကြသည်။

ရတနာပုံ တယ်လီပို့တွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်ကြီးအချို့က ရှယ်ယာအများစုကို ထိန်းချုပ်ထားကြောင်း၊ ထိုသို့ ပုဂ္ဂလိက ပါဝင်သည့် အကြောင်းကို ယခင် န.အ.ဖ အစိုးရက မြုပ်ကွယ်ထားခဲ့ရာ ပြည်ထောင်စုလွှတ်တော်တွင် မေးခွန်းများ မေးမြန်းသည့်အခါမှ မလွှဲမရှောင်သာ ဝန်ခံခဲ့ရ ကြောင်း၊ ရှယ်ယာပါဝင်သည့် လုပ်ငန်းရှင်ကြီးများမှာ ဦးတေဇ၊ ဦးနေအောင်၊ ဦးထွန်းမြင့်နိုင်နှင့် Adam Tun တို့ ဖြစ်ကြောင်း ဆန်းစစ်သူများက ဆိုသည်။

မကြာသေးမီကလည်း နိုင်ငံ၏ တစ်ခုတည်းသော အလံတင်လေကြောင်းလိုင်းဖြစ်သည့် MAI ၏ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဇ ဦးအောင်ကိုဝင်း၏ သမီးကြီးဖြစ်သူ ဒေါ်နန်းလှိုင်ခမ်းက လွှဲပြောင်းရယူလိုက်ကြောင်း၊ MAI ၏ ရှယ်ယာ ၈၀ ရာ ခိုင်နှုန်းကို ကမ္ဘောဇက ထိန်းချုပ်ထားကြောင်း မီဒီယာများတွင် ဖော်ပြပါရှိသည်။

The CJs News

-------------------------------------------------------------------------------------------------------------

မြန်မာအပါအဝင် အာဆီယံ-ဥရောပသမဂ္ဂထိပ်သီး စီးပွားရေးဆွေးနွေးမည်

ရန်ကုန်၊ ဧပြီ ၆။

၂၀၁၁ မေလ ၅ ရက်နေ့၌ အာဆီယံနိုင်ငံများနှင့် အနောက်ဥရောပသမဂ္ဂနိုင်ငံများမှ ပထမဆုံးအကြိမ်အဖြစ် စီးပွားရေး ညှိနှိုင်းဆွေးနွေးပွဲအား ပြုလုပ်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဖွံ့ဖြိုးတိုးတတ်ရန် လုပ်ဆောင်ရမည့်ကဏ္ဍများအတွက် လုပ်ဆောင်ရန် အများကြီး မျှော်လင့်ထားလျှက်ရှိကြောင်း၊ ထို့ပြင် ယခု ဆွေးနွေးပွဲသည် အာဆီယံနိုင်ငံများနှင့် ဥရောပသမဂ္ဂထိပ်သီးနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ အများဆုံးပါဝင်မည့် ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ဖြစ်လာရန် မျှော်လင့်ထားသည့်အတွက် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီးများလည်း ပါဝင်ဆွေးနွေးမည်ပာု ယုံကြည်ထားကြောင်း၊ ယခုလက်ရှိ အချိန်၌လည်း မိမိတို့အနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ ပေါ်ပေါက်လာနိုင်ရေးအတွက် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံ တို့နှင့် ညှိနှိုင်း ဆွေးနွေးလျှက် ရှိကြောင်း၊ စီးပွားရေးကဏ္ဍများကိုသာ ဆွေးနွေးမည် ဖြစ်သည့်အတွက်  မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ သမရိုးကျ လုပ်ငန်းစဉ်များကို ဥရောပသမဂ္ဂထိပ်သီးနိုင်ငံများမှ သဘောတူမည် ဖြစ်ကြောင်း အာဆီယံ နိုင်ငံများဆိုင်ရာ ဥရောပသမဂ္ဂ သံတမန် ဂျူလီယန်ဝီလ်ဆင်က ပြောကြား ခဲ့သည်။

ယခုဆွေးနွေးမည့် အာဆီယံ-ဥရောပသမဂ္ဂထိပ်သီးဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေးမည့်ကဏ္ဍများမှာ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍများ၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်ရေးကဏ္ဍ၊ စွမ်းအင်နှင့် အခြေခံ အဆောက် အဦကဏ္ဍပာူ၍ ကဏ္ဍ ခြောက်ခုအား အာဆီယံနိုင်ငံများနှင့် ဥရေပသမဂ္ဂ ထိပ်သီးနိုင်ငံများ အကြား ကုန်သွယ်ရေးလုပ်ငန်းနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းရပ်များအား အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိ ရသည်။

(အတွဲ-၃၊ အမှတ်-၁၄၊ ၆ ဧပြီ ၂၀၁၁ မြန်မာပို့စ် ဂျာနယ်ပါ “အာဆီယံ-အီးယူထိပ်သီးဆွေးနွေးပွဲ၌ မြန်မာလုပ်ငန်းရှင်များ ညှိနှိုင်း ဆွေးနွေးမည် ပာုဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

ထားဝယ်ရေနက်ဆိပ်ကမ်း ဝန်ထမ်းရရေး ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးများသို့ကမ်းလှမ်း

ပြည်တွင်းစီးပွားရေး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်ရန် ထားဝယ်ရေနက်ဆိပ်ကမ်း၌ ဝန်ထမ်းခန့်ထားနိုင်ရေးအတွက် မြန်မာနိုင်ငံရှိ ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများသို့ ဝန်ထမ်းများခေါ်ယူနိုင်ရန် ကမ်းလှမ်းလျှက်ရှိကြောင်း ပြည်တွင်း အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီ တစ်ခုမှ သိရသည်။

မြန်မာနိုင်ငံ၌ စီမံကိန်းများရှိလာပြီဖြစ်သည့်အတွက် ပြည်တွင်းအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်း တွင်ကျယ် လာပြီ ဖြစ်ကြောင်း၊ သို့သော် ယင်းစီမံကိန်းများသို့ ပြည်တွင်းမှ အလုပ်သမားများ သွားရောက်လုပ်ကိုင်ခြင်း မရှိသေးကြောင်း၊ အရည်အချင်း အတတ်ပညာပိုင်း ဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေမှုထက် ပြည်တွင်းတွင် အလုပ်လုပ်ကိုင်ရန် ဦးတည်လာနိုင်ကြောင်း၊ လက်ရှိ အခြေအနေ၌လည်း ၎င်းစီမံကိန်းများမှ တိုက်ရိုက် ဆက်သွယ်ခေါ်ယူမှုများ မရှိသေးသော်လည်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ တဆင့်ခေါ်ယူမှုများသာ ရှိသေးကြောင်း ယင်းမှပင် ဆက်လက် ပြောကြား ခဲ့သည်။

ယခုကဲ့သို့ အလုပ်အကိုင်အေဂျင်စီများသို့ တစ်ဆင့်ဆက်သွယ်၍ခေါ်ယူရခြင်းမှာ အလုပ်ရှုပ်သက်သာပြီး စီမံကိန်း၌ လုပ်ကိုင်မည့် ဝန်ထမ်းများကို စိတ်ကြိုက်ခေါ်ယူနိုင်မှုကြောင့်ဖြစ်ကြောင်းသိရသည်။

လက်ရှိ၌ မိမိတို့အေဂျင်စီ၌ တရားဝင်လာရောက်ကမ်းလှမ်းခြင်းမျိုး မရှိသေးသော်လည်း အခြားအေဂျင်စီများတွင် ကမ်းလှမ်း လျှက်ရှိသည်ပာု ကြားသိရကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း၌လည်း အလုပ်အကိုင် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ထိုင်းနိုင်ငံမှ လုပ်သားများပါ အလုပ်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း၊ အေဂျင်စီမှတဆင့် ခေါ်ယူမှုများမှာ အခြေခံလုပ်သားများကို ခေါ်ယူခဲ့လိမ့်မည်ပာု ထင်ထားသော်လည်း ယခုအခါ ပြည်တွင်းမှ ပညာရှင်များက ခေါ်ယူထားကြောင်း ကျောက်တံတားမြို့နယ်ရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားသည်။

(အမှတ်-၇၆၃၊ ၇ ဧပြီ ၂၀၁၁ ပြည်မြန်မာ ဂျာနယ်ပါ “ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီများသို့ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ဝန်ထမ်းအချို့ခေါ်ယူရန် ကမ်းလှမ်း” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ငလျင်ဒဏ်သင့် မိသားစုတစ်ခုလျှင် ကျပ်နှစ်သိန်းစီ ဒု သမ္မတသစ် ထောက်ပံ့

တာချီလိတ်၊ ဧပြီ ၅။

ငလျင်ဒဏ်သင့် တာချီလတ်ခရိုင် တာလေမြို့နယ်နှင့်မိုင်းလင်းကျေးရွာသို့ ဒုတိယသမ္မတသစ် ဒေါက်တာ စိုင်းမောက်ခမ်းသည် ပထမဦးဆုံး အကြိမ် သွားရောက်ကာ အဆိုပါဒေသတွင် နေထိုင်ကြသည့် မိသားစုတစ်ခုအား အိမ်ထောင်စုတစ်ခုလျှင် ကျပ်ငွေနှစ်သိန်းစီ ထောက်ပံ့ခဲ့ကြောင်း သတင်း ရရှိသည်။

ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယသမ္မတအဖြစ် ရာထူးလက်ခံ ကျမ်းသစ္စာကျိန်ဆိုပြီး ဒုတိယမြောက်နေ့ဖြစ်သော ဧပြီ ၁ - ၂ ရက်၌ ပထမဦးဆုံး အကြိမ်အဖြစ် ငလျင်ဒဏ်သင့်သည့် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲနှင့် မိုင်းလင်းကျေးရွာအုပ်စုသို့ ခရီးထွက်ခဲ့ကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူအား တစ်အိမ်ထောင်လျှင် ကျပ်ငွေ နှစ်သိန်းစီထောက်ပံ့ခဲ့ ကြောင်း၊ ထို့အပြင် တာလေမြို့နှင့် တာချီလိတ်မြို့ရှိ ငလျင်ဒဏ်သင့်အကူအညီပေးနေသည့် ရှမ်း စာပေယဉ်ကျေးမှု အဖွဲ့အားလည်း ပုဂ္ဂိုလ်ရေးအနေဖြင့် ကျပ် ၂ သန်း (ကျပ် သိန်း ၂၀) ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဒေါက်တာစိုင်းမောက်ခမ်းသည် နိုင်ငံတော် ဒုတိယသမ္မတရာထူးလက်ခံချိန်အထိ ဗဟို ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ထားသူ ဖြစ်သည်။ ဒေါက်တာ စိုင်းမောက်ခမ်း၏ ခရီးစဉ်မှ ငလျင်ဒဏ်သင့်ပြည်သူများအား ကျပ်ငွေ သိန်း ၃၆၀၊ ပျှမ်းမျှ ငလျင်ဒဏ်သင့် နေအိမ် ၁၈၀ ထက်မနည်း  ကူညီထောက်ပံ့ ခဲ့သည်ဟု နီးစပ်သည့် ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။

မြန်မာ့အလင်းသတင်းစာကမူ  တာလေမြို့နယ်ခွဲရှိ ပျက်စီးသည့်အိမ်ခြေ ၂၁၄ အိမ်အတွက် ကျပ်ငွေ ၁၀ သန်း၊ နားယောင်းရွာ အိမ်ခြေ ၁၅၀ အတွက် ၇ သန်း ၅ သိန်းနှင့်တာလေ မြို့နယ်ခွဲအတွင်း ဘုန်းကြီးကျောင်းများပြုပြင်ရန် ကျပ်သန်း ၃၀ နှင့် ဆေးရုံပြုပြင်ရန် ကျပ်သန်း  ၃၀ ပေးအပ် လှူဒါန်းခဲ့သည်ဟု ဖော်ပြထားသည်။

-------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန် အိုဘားမားမှ ခန့်အပ်မည်ဖြစ်

ရန်ကုန်၊ ဧပြီ ၅။

အမေရိကန်ပြည်ထောင်စုမှ သမ္မတအိုဘားမားသည် မြန်မာနိုင်ငံ၏ပြောင်းလဲလာသော နိုင်ငံရေးစနစ်သစ်များနှင့်အတူ မြန်မာ နိုင်ငံနှင့် လက်တွဲ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးသံတမန်အား မကြာမီအချိန်တွင် ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ၌ ပင်တာဂွန် စစ်ဌာနချုပ်၌ တာဝန်ထမ်းဆောင်လျှက်ရှိသည့် အမေရိကန်နိုင်ငံသား ဒဲရစ်မစ်ချယ် ကိုလည်း မြန်မာ နိုင်ငံ၏ ညှိနှိုင်းရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဒဲရစ်မစ်ချယ်သည် မြန်မာနိုင်ငံဆိုင်ရာ အထူး သံတမန်အဖြစ် အမည်စာရင်း တင်သွင်းခြင်း ခံရသူဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်ပြည်ထောင်စုမှ သမ္မတဘားရက်အိုဘားမားသည် ၂၀၁၀ နိုဝင်ဘာ၌ စစ်အစိုးရမှ စပွန်ဆာပေး ပြုလုပ်ခဲ့သည့် နိုဝင်ဘာ ရွေးကောက် ပွဲအပေါ်၌ စိတ်ပျက်မိကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ပြည်သူလူထုများအတွက် မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ပတ်သတ်၍ အမေရိကန်နိုင်ငံ၏ အစိုးရအဖွဲ့ဝင် အရှေ့အာရှဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး ထိပ်တန်း အရာရှိ ကတ်ကင်းဘဲလ်အား မြန်မာနိုင်ငံနှင့်ပတ်သတ်၍ အမေရိကန် သမ္မတ အိုဘားမား၏ ကြိုးပမ်းအားထုတ်မှုများကို ကြီးကြပ်ရန် မြန်မာနိုင်ငံသို့ နှစ်ကြိမ် တိုင်တိုင် စေလွှတ်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံအား နိုဝင်ဘာလရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံ၌ ပထမဆုံး အရပ်သားအစိုးရပေါ်ပေါက်လာခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား ဖျက်သိမ်းခဲ့ပြီးနောက် ယခုအခါ အမေရိကန်နိုင်ငံမှ သမ္မတ အိုဘားမားကလည်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အမေရိကန် အထူး သံတမန်အား ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

ဦးသိန်းညွန့် လွှတ်တော်အတွေ့အကြုံရှင်းလင်း

ရန်ကုန်၊ ဧပြီ ၅။

သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်သည် ပထမအကြိမ် လွှတ်တော် အစည်းအဝေး ပြီးဆုံးပြီး နောက် ၂၀၁၁ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ NDF ရုံး၌  နေ့လည် ၂ နာရီတွင် လွတ်တော်အတွင်း အတွေ့အကြုံ များကို တွေ့ဆုံရှင်းလင်းဖြေကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲသို့ ဦးသိန်းညွှန့်နှင့်အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နှင့် ဒေါ်စန်းစန်မြင့်တို့နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ NDF ရုံး၌ နေ့လည် ၂ နာရီတွင် လွတ်တော် အတွင်း အတွေ့အကြုံများကို တွေ့ဆုံရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်သည် NDF ပါတီနှင့် လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ယင်းအတွေ့အကြုံ ရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲ၌ ဦးသိန်းညွှန့်မှ ပြည်သူလူထု၏ မေးမြန်းချက်များအပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား လွှတ်တော်မှ သတ်မှတ်ချက်များ အောက်ခြေမှ ကွာပာချက်များကို လေ့လာ၍ လူထုထဲ၌ ပေါ်ပေါက်လာနိုင်မည့် လူထု၏ နစ်နာမှုများအားလုံးကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ လူထုအကျိုးစီးပွား၊ နစ်နာ မှုများကိုလုပ်ပေးသွားရန် အလုပ် အများကြီးရှိနေသေးကြောင်း၊ စနစ်ပြောင်းသော်လည်း စိတ်ဓာတ်မပြောင်းသည့် လူမျိုးများ၊ လူထုအား ဝန်ပိစေသည့် လူမျိုးများ၊ ရပ်ကွက်လူထုအပေါ် ဗိုလ်ကျသည့်လူမျိုးများ၊ အုပ်ချုပ်ရေးမှူးများကို ရဲရဲ တင်းတင်းတင်ပြ တိုင်ကြားနိုင်ကြောင်း၊ မိမိတို့မှ ၎င်း အုပ်ချုပ်ရေးမှူးများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း သွား မည်ဖြစ်ကြောင်း၊ ယနေ့အချိန်မှ စတင်၍ NDF ပါတီနှစ်ခြမ်းကွဲသွားပြီ ဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီနှင့် ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ ဦးဆောင်သည့် (ဆွေငြိမ်း) အမျိုးသားဒီမိုကရေစီ အင်အားစုပါတီပာူ၍ နှစ်ခြမ်းကွဲသွားပြီဖြစ်ကြောင်း၊ ဒေါက်တာသန်းငြိမ်းနှင့် ဦးခင်မောင်ဆွေ ဦးဆောင် သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီသည်  ရွေးကောက်ပွဲ၌ နိုင်ငံခြားအကူအညီ အထောက်အပံ့များစွာ ရယူခဲ့ကြောင်း၊ မိမိ ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီသည် မည်သည့်အကူအညီမှမယူပဲ နိုင်ငံရေး ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်သည် ပြည်သူများအား တာဝန်ခံရမည် ဖြစ်သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူများ နှင့် တစ်သားတည်းပဲရှိနေမည်ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲ၌ ရှင်းလင်း ပြောကြားခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ကျွန်မတို့ရုံးက ပုဇွန်တောင်ဘက်ကို တစ်လပိုင်းကစပြောင်းပြီး  လုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။ တစ်လပိုင်း ဘေလ်ရော၊ နှစ်လပိုင်းအတွက် ဘေလ်ရော၊ သုံးလပိုင်းအတွက် ဘေလ်ရောက်မလာဘဲ လူကြီးမင်းဖုန်း အကြွေးကျန်ရှိလို့ဆိုပြီး ဖြတ်လိုက်တယ်။ ဆက်သွယ်ရေးရုံးကို သွားမေးကြည့်တော့ ဖုန်းဘေလ် မဆောင်တာ ရက်ပေါင်း ၁၅၀ ကျော်လို့ ဖြတ်လိုက်တာလို့ ပြောတယ်။ သူတို့ဘာသာ ဘေလ်မပို့တဲ့အတွက် ကိုယ့်ဘက်ကအလုပ်တွေ နှောင့်နှေးကုန် ပါတယ်"

(ဧပြီ ၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ် (၁၄) တွင်ပါသည့် "အော်တိုတယ်လီဖုန်းလိုင်းများ ဘေလ်ဆောင်ပြီးသော် လည်း ကြွေးကျန် သည်ဟုဆိုကာ ဖုန်းလိုင်းဖြတ်တောက်မှုများ ရန်ကုန်မြို့နေရာအချို့တွင် ကြုံတွေနေရ" သတင်းမှ ပုဇွန်တောင်မြို့နယ်မှ ကုမ္ပဏီလုပ်ငန်း ပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------------------------

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်း၍ နိုင်ငံတော်သမ္မတအသစ်နှင့် ဒုသမ္မတများ ကတိသစ္စာ ခံယူပြီး နောက်တွင် ခေါင်းစဉ် အမျိုးမျိုးဖြင့် အကျဉ်းကျနေကြသော အကျဉ်းခံများသည် ထုံးစံအတိုင်း နိုင်ငံတော်သမ္မတအသစ်ထံမှ လွတ်ငြိမ်း ချမ်းသာခွင့်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြကြောင်း၊ အကျဉ်းကျခံမိသားစုများ လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်လင့်တကြီး စောင့်ဆိုင်း နေကြကြောင်း၊ အကျဉ်းကျခံ မိသားစုများထံမှ ကြားသိရသည်။ " ကျွန်မတို့လည်း  လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်လူကိုယ် သွားသွားစောင့်နေရတာပဲလေ။ ကျွန်မတို့က နယ်က လာရတာဆိုတော့ စားရိတ်တော့ ထောင်းတာပေါ့။ ဒါပေမယ့် မတက်နိုင်ဘူး။ လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်တယ်ဆိုတဲ့ မျှော် လင့်ချက်နဲ့ စောင့်နေ ရတာပဲဟု ဆိုသည်။

(ဧပြီ ၃ ထုတ် Monitor news အတွဲ(၁) အမှတ်(၄၇) တွင်ပါသည့် "နိုင်ငံတော်သမ္မတ အသစ်ထံမှ လွတ်ငြိမ်းချသာခွင့်ကို မျှော်လင့်" သတင်း ဆောင်းပါးမှ ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------------------------

"အဲဒီမှာ အဓိကစဉ်းစားရမှာက ကျွန်တော်က တိုင်းပြည်ရဲ့ Image ပေါ့၊ ဘာလို့လဲဆိုတော့ ဟိုတုန်းကတော့ တိုင်းပြည် တစ်ခုရဲ့ အမျိုးသား လုံခြုံရေး National Security ကို စဉ်းစားရင် (၁)က နယ်မြေပိုင်နက် (၂)က အဲဒီ နယ်မြေပိုက်နက် အပေါ်မှာ သြဇာလွှမ်းတဲ့ အချုပ်အခြာ အာဏာ၊ (၃) က ဒါကို ကာကွယ်ထိန်းသိမ်းနိုင်တဲ့ လက်နက်ကိုင်အင်အားပေါ့။ ဒီလို သုံးချက်စဉ်းစားတယ်။ အခု မလုံလောက်ဘူး။ တစ်ချက်ဖြည့်ပေးရတယ်။ အဲဒါဘာလဲဆိုတော့ ကိုယ့်တိုင်းပြည်ရဲ့ (Image) ကိုယ့်တိုင်းပြည်ရဲ့ ဥပဓိပေါ့။ အဲဒီ ဥပဓိကောင်းမှ ဆိုလိုတာက နိုင်ငံတကာ အသိုင်းအဝိုင်းက ကိုယ့်တိုင်းပြည်ရဲ့ Image ကို တလေးတစားတန်ဖိုးထားတဲ့ အနေအထားမျိုးရောက်မှ ကိုယ့်တိုင်းပြည်ကို တန်းတူဆက်ဆံလာမယ်။ ဒါကြောင့် အခုနောက်ပိုင်း ထပ်ဖြည့်ရတာတစ်ခုက တိုင်းပြည်ရဲ့ (Image) လှအောင်သွားကြ ဖို့လိုတယ်။ အမျိုးသား လုံခြုံရေးကို သုံးချက်နဲ့ အရင်က စဉ်းစားတယ်။ အခုထပ်ဖြည့်ရမှာက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေးတင်မကဘူး။ နိုင်ငံ ရေးဖွံ့ဖြိုးတိုးတက်ရေးပါလိုပါတယ်။ ဒီနှစ်ခုက ဆက်နေတာပါပဲ"

(ဧပြီ ၇ ထုတ် Envoy အတွဲ(၅၂) တွင်ပါသည့် "ဘာလင်တံတိုင်းပြိုပြီးတဲ့နောက်မှာ ဘယ်လူ့အဖွဲ့အစည်းမှ ဘယ်နိုင်ငံမှ အထီးကျန်ဘဝနဲ့ မလုံခြုံတော့ဘူး" အင်တာဗျူးမှ ဆရာကျော်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်)

-------------------------------------------------------------------------------------------------------------

"အများစုအနိုင်ရတဲ့ပါတီက ဝန်ကြီးတွေများတယ်။ လွှတ်တော်ထဲမှာလည်း လူများစုနဲ့ အနိုင်ကျင့်မယ့် အနေအထားမျိုးတော့ မဖြစ်ဖို့ ထိန်းညှိသွားဖို့ လိုတယ်။ ဒါမှ နိုင်ငံတကာမှာရော ပြည်တွင်းမှာရော သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်လာမှာပေါ့ဗျာ။ သို့သော်လည်းပဲ အစိုးရ အဖွဲ့ထဲမှာလဲ သက်ဆိုင်ရာ တိုင်းရင်း သားပါတီက ပုဂ္ဂိုလ်တွေကိုလည်း  အဆင့်မြင့်တာဝန်တွေပေးဖို့လိုတယ်။ ဒါမှလဲ တိုင်းရင်းသား တွေထဲမှာ အမြင်ရှင်းသွားမယ်။ စွမ်းဆောင်ပေးနိုင်ရင်တော့ ရှေ့လာမယ့် ပြည်ထောင်စု နိုင်ငံတော်၊ အမျိုးသား ရင်ကြားစေ့ရေးအထိ ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ခုက တည်ငြိမ်တဲ့ အစိုးရတစ်ခုဖြစ်ဖို့ဆိုတာ စီးပွားရေးတည်ငြိမ်အောင် စီးပွားရေးလုပ်ငန်းကို လူအများ ပါဝင်နိုင်အောင် ဥပဒေစည်းကမ်းတွေနဲ့ လုပ်ဖို့ လိုတယ်။ သက်ဆိုင်ရာ အာဏာ ပိုင်တွေကိုပဲ စီးပွားရေးအခွင့်အလမ်းပေးထားတဲ့ပုံစံပဲ ဆိုရင် တည်ငြိမ်ဖို့မရှိဘူး"

(ဧပြီ ၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ(၇) အမှတ်(၁၄) တွင်ပါသည့် "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒီမိုကရေစီအစိုးရ အာဏာ စတင် သက်ဝင်မှုနှင့် ပြည်သူအသံများ"သတင်းဆောင်းပါးမှ  အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သန့်ရှင်းသောအစိုးရ၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် အဆိပ်နှင့်တူသော ငွေစက္ကူများ

၁၉၂၇ ခုနှစ်ဦးလောက်မှာ  ဆာဟာကုတ်ဘတ္တလာ ဘုရင်ခံအဖြစ် တာဝန်ထမ်းဆောင်စဉ် လူထုဦးလှမှာ မြင်ခြံမြို့ပိုင်အဖြစ်မှ ပျော်ဘွယ်မြို့ပိုင် အဖြစ် ပြောင်းလဲတာဝန်ယူထမ်းဆောင်ရချိန်ဖြစ်လေသည်။

ဆာဟာကုတ်ဘတ္တလာက ရန်ကုန်ယူနီဗာစီတီ ရန်ပုံငွေအတွက် အနယ်နယ်အရပ်ရပ်မှ မြို့မိမြို့ဖများ လှူဒါန်းပါရန်  မေတ္တာ ရပ်ခံချက်ကို သူရိယ သတင်းစာတွင် ကြေညာလိုက်လေသည်။ သို့နှင့်  အနယ်အရပ်ရပ်ရှိ အင်္ဂလိပ် တိုင်းမင်းကြီးများ၊ အင်္ဂလိပ် အရေးပိုင် တွေ၊ အင်္ဂလိပ် ပုလိပ်မင်းကြီးတွေ၊ အင်္ဂလိပ်ရာဇဝတ်ဝန်များနှင့် အခြားဌာနမှာရှိသည့် အင်္ဂလိပ်အရာရှိကြီးများသည် မနေနိုင်မထိုင်နိုင် ဖြစ်ပြီး ဘုရင်ခံအလိုရှိသည့် ရန်ပုံငွေကို မျက်နှာလို မျက်နှာရ ရှာပေးဖို့ ချက်ချင်းအကောင်အထည်ဖော် လေတော့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရမည်သင်းအရေးပိုင် ကားနယ်လော့  ပျော်ဘွယ်မြို့နယ်၌ ရန်ပုံငွေ ရှာရာတွင် ပျော်ဖွယ်မြို့နယ်၌ လောင်းကစားဝိုင်း ကျင်းပကာ ရန်ပုံငွေရှာစေသည်။

သို့နှင့် ပျော်ဖွယ်မြို့အုပ်ဖြစ်နေသော လူထုဦးလှမှာ အထက်အရာရှိကြီးများ၏ အလိုကျ လောင်းကစားပွဲကို စီစဉ်ရတော့သည်။ လောင်းကစားမှာ ပါဝင်သူများ အလွန်များပြားလှသဖြင့် ညဘက်၌ပင် အောက်လင်းဓာတ်မီးကြီးများ ထွန်းပေးရသည်။ လူထုဦးလှမှာ အရေးပိုင် လာရောက်လေ့လာ မကြည့်ရှုနိုင်ဘူး အထင်နှင့်ရှိနေရာမှ ၎င်းတကယ်ရောက်လာသောအခါ နှလုံးခုန်ရပ်သွားမတက် ဖြစ်သွား ရလေသည်။ သို့နှင့် လူထုဦးလှက အရေးပိုင်ကြီးရှိရာ ဗိုလ်တဲသို့ စိတ်ပူပူနှင့်ပင်သွား ရောက်တွေ့ဆုံခဲ့သည်။ အရေးပိုင် ကာနယ်လော့မှ ကစားပွဲလူများသဖြင့် ခိုက်ရန်ဒေါသဖြစ်မည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးတင်းကြပ်ရန်မှာကြားတော့မှ အသက်မှန်မှန်ပြန်ရှုနိုင်ပါတော့ သည်။

လူထုဦးလှမှာ ပွဲခင်းထဲလာရန် အရေးပိုင်ကို ဖိတ်ခေါ်သောအခါ ၎င်းက မလာဘူးဟုပြောလေပြီး အတန်ကြာမှ အရေးပိုင် လောင်းကစားဝိုင်းသို့  ရောက်လေသည်ဟု သိရသည်။ အရေးပိုင်က ဂျင်ကစားသည့် ဒိုင်နှစ်ဒိုင်စလုံးတွင် ငွေငါးကျပ်ထိုးရာ နှစ်ဒိုင်စလုံးက လက်မခံသဖြင့် ဒေါပွပြီး ယင်းဒိုင်နှစ်ခု ကိုပိတ်ပစ်ရန် လူထုဦးလှအား အမိန့်ပေးသည့်အတွက် ပိတ်လိုက်ရလေသည်။  ယင်းအပိတ်ခံရသည့် ဒိုင်နှစ်ဒိုင်မှ တရုတ်များက လူထုဦးလှဆီသို့ ရောက်ရှိလာကာ သူတို့သည် သောင်းနှင့်ချီရှုံးနေပြီဖြစ်သည့်အတွက် ဒိုင်ပြန်ဖွင့်ပေးရန် တောင်းဆိုလေသည်။ သို့နှင့် လူထုဦးလှ၏ အိပ်ကပ်ထဲသို့ ငွေစက္ကူ ရာတန်များ တစ်ထပ်ကြီး ထိုးထည့်လေသည်။ လူထုဦးလှအနေဖြင့် ရာတန်တွေတစ်ထပ်ကြီး ထည့်လိုက်တာကတစ်ကြောင်း၊ သူတို့က ရှုံးနေတယ်ဆိုတော့ ဟုတ်ကောင်းဟုတ်လေမည်ဟု တွေးမိတာက တစ်ကြောင်း၊ ကျွန်တော်လုပ်သည့်ပွဲမှာ  အမည်းစက်မထင်ရအောင်လည်း တစ်ကြောင်း၊ အရေးပိုင်ကြီးကလည်း လာတော့မှာမဟုတ်မည့် အတူတူ အန္တရာယ်ကင်းကောင်းပါပြီလို့ ထင်မိတာလည်း တစ်ကြောင်းကြောင့် သူ့အမိန့်ကိုဖီဆန်ပြီး ပြန်ဖွင့်ပေးဖို့ အမိန့် ပေးလိုက်လေ သည်။

ဤလိုနှင့် ည ၁၁ နာရီခန့်၌ ကစားလို့အရှိန်တက်နေတုန်း အရေးပိုင်မင်းက နောက်တစ်ကြိမ်ပွဲခင်းသို့ ရောက်လာသည်ဟု သိရသည့်အခါ လူထုဦးလှမှာ ၎င်းဆီသို့ ကသုတ်ကရိုက် သွားလေသည်။  မြွေပွေးကို ပိုက်ထားရသည်နှင့် တူသော ငွေစက္ကူထပ်ကြီးကို ဘယ်လိုလုပ်ရပါ့မလဲလို့လည်း တွေးမတက်အောင်ဖြစ်ရလေတော့သည်။ အရေးပိုင်သည် ၎င်းကပိတ်ခိုင်းသည့် ဒိုင်နှစ်ခုပြန်ဖွင့်နေသည်ကို သိရှိလေသော် လူထုဦးလှအား ကြိမ်းလေတော့သည်။ လူထုဦးလှက ဒိုင်များက ရှုံးနေသဖြင့် ပြန်ကစားရန် ခွင့်တောင်းသည့်အတွက် ကစားခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်းပြောဆိုပြီး အရေးပိုင်ကိုလည်း ဝင်ကစားစေရာ ဒိုင်များမှလည်း အရေးပိုင်းဆိုတာကို သိသွားပြီး ဖြစ်သည့်အလျောက် ပထမတစ်ခါက ၎င်းထိုးသော်လည်း ထိုးခွင့်မရခဲ့သည့် ဖားကို ယခု တစ်ခေါက်၌လက်ခံရာ ၎င်းစိတ်တိုင်းကျဖားကြီးပဲ ကျစေအောင် ကစားလေသည်။ အရေးပိုင်းလည်း ပျော်သွားပြီး ယင်းဒိုင်နှစ်ခုအား ဆက်ကစားစေသည့် အခါမှ လူထုဦးလှလည်း မြွေပွေးနှင့် တူသည် အိတ်ထဲမှငွေစက္ကူများ အဆိပ်မရှိတော့ဘူးဟု သက်ပြင်းတစ်ချက်ချပြီး စိတ်လည်းချသွားလေသည်။ ယင်းမှာ လူထု ဦးလှရေးသည့် "ကျွန်တော်ဗြူရိုကရက်" စာအုပ်၌ပါသည့် ဇာတ်ကွက်တစ်ခု ဖြစ်သည်။ လာဘ်စားသော အစိုးရဗြူရိုကရက်တစ်ဦး၏ လာဘ်စားခြင်း အတွက် စိတ်မောရပုံကို ကွက်ကွက်ကွင်းကွင်းဖော်ပြထားလေသည်။

အထက်ပါ ဇတ်ကွက်ထဲကလို မြွေပွေးနှင့် တူသည် အိတ်ကထဲမှ ငွေစက္ကူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒီမိုကရေစီအစိုးရ၏ ဗြူရိုကရက်များထံသို့ ရောက်ရှိနေမည်ဆိုပါက ယင်းအစိုးရမှာ သန့်ရှင်းတဲ့အစိုးရ မဖြစ်နိုင်ပေ။ သန့်ရှင်းခြင်းမရှိသည့် အစိုးရသည် လူနှင့်မူတွင် လူဖြင့် ဆုံးဖြတ်ချက်ချနေသည့်အတွက် ကောင်းမွန်သည့် အုပ်ချုပ်ရေးယန္တရားတစ်ခုဖြစ်လာအောင် မည်သို့မှ တည်ဆောက်ယူ၍ ရမည်မဟုတ်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် သန့်ရှင်းသည့်အစိုးရအဖြစ် စံနမှုနာယူလောက်သည့်နိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်သည်။ ထိုကဲ့သို့ သန့်ရှင်းခြင်းအတွက်ကြောင့်လည်း နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုကိုရရှိကာ အာရှစီးပွားရေး ကျားလေးကောင်အဖြစ် ပါဝင်နေရ ခြင်းဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မတ်လ ၃၁ ရက်နေ့၌ ပြောကြားခဲ့သော မိန်းခွန်းတွင် "သန့်ရှင်းတဲ့ (Clean Government) ဖြစ်ဖို့အတွက်ကတော့ အဂတိတရားကင်းရှင်းဖို့ လိုအပ်ပါတယ်။ လာဘ်ပေးလာဘ်ယူခြင်းဟာ တိုင်းပြည်နဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းကြောင့် မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိတာဝန်ယူရတဲ့ အဖွဲ့အစည်း အားလည်းကောင်း ကင်းကင်းရှင်းရှင်း ရှိအောင် ထိန်းကျောင်းကြပ်မတ် သွားကြဖို့ လိုအပ်ပါတယ်။ နိုင်ငံတော်က အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို တလွဲအသုံးချပြီး မိမိအပေါင်း အသင်းရောင်းရင်းတွေဖြစ်လို့ အခွင့်အရေး ပိုပေးတာတွေ၊ မိမိရဲ့ ဆွေမျိုးသားချင်းတွေဖြစ်လို့ အခွင့်အလမ်းတွေ ပိုပြီးဖန်တီပေးတာတွေ မလုပ်မိဖို့ အထူးအရေးကြီးပါတယ်။ ဒါတွေကို ရှောင်ကြဉ်နိုင်မှ သန့်ရှင်းတဲ့ (Clean Goverment) အဖြစ် မှတ်ကျောက် တင်ခံကြမှာ ဖြစ်ပါတယ်" ပြောကြားသွားလေသည်။ ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်း ဒေသကြီး လွှတ်တော်တို့မှ ပြဋ္ဌာန်းလိုက်သည့် ဥပဒေ၊ နည်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအင်ဂျင်စီအမျိုးမျိုးမှ ပီပီပြင်ပြင် အကောင်အထည်ဖော်မှသာ ကောင်းမွန်သောအစိုးရ (Good Governance) ဖြစ်မည်။  ယင်းကဲ့သို့ အကောင်အထည် ဖော်ရာ၌လည်း အစိုးရ အုပ်ချုပ်ရေးယန္တရားမှ တာဝန်ယူဆောင်ရွက်သော ဗြူရိုကရက်များသည် နိုင်ငံကောင်ကျိုး၊ ပြည်သူကောင်းကျိုးကို ရည်သန်၍ ပြည်သူဝန်ဆောင်မှုများကို သန့်သန့်ရှင်းရှင်းနှင့် အကောင်းဆုံးပေးရန် အထူးလိုအပ် ပါသည်။ ဤသို့ဆောင်ရွက်မှသာ သန့်ရှင်းသည့် အစိုးရ(Clean Goverment) ဟု ခေါ်ဆိုနိုင်မှာဖြစ်ပြီး နိုင်ငံ၏ ပုံရိပ်(Image)လည်း မြင့်မားလာမည်ဖြစ်သည်။ သို့မှသာ ပြည်သူများအနေဖြင့် ပြည်သူရေးရာဝန်ဆောင်မှုများကို အဆင့်ပိုများစွာမဖြတ်ရဘဲ လွယ်လင့်တကူ သုံးစွဲနိုင်မှာဖြစ်သလို နိုင်ငံခြားရင်းနှီးမြုပ်နှံသူများကလည်း ယုံကြည်မှုရှိလာကာ ရင်းနှီးမြုပ်နှံမှုများကို ယခင်ထက် ပိုမိုပြုလုပ်လာမည်ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ အစိုးရကောင်းကို "အစိုးရကောင်းဆိုတာ အတိုချုပ်ကတော့ လူကောင်းပေါ့ဗျာ။ လူမကောင်းရင် စနစ်ဘယ်လောက်ကောင်းကောင်း မဖြစ်နိုင်ဘူး။ အစိုးရဆိုတာတော့ အဖွဲ့အစည်းနဲ့ဖြစ်တဲ့အခါ ကျတော့ အဖွဲ့အစည်း လည်းကောင်းရမှာပေါ့နော်။ တိုင်းပြည်တစ်ခုကို ဖြစ်ဖြစ်မြောက်မြောက် တည်ဆောက်နိုင်တဲ့လူ၊ တည်ဆောင်နိုင်တဲ့အစိုးရမှ အစိုးရ ကောင်းကိုဗျ"  ချင့်ချင့်ချိန်ချိန် ပြောကြားသွားလေသည်။ ယခုတက်လာသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၌ ဗြူရိုကရက် များသည် မြွေပွေးနှင့်တူသည့် ငွေစက္ကူများကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးရှုထောင့်မှ အဆိပ်အဖြစ်ရှုမြင်ကာ ပြည်သူအတွက် လူကောင်းများ ဖြစ်လာရန် ရည်သန်ပါ ကြောင်း.......။

Ref: လူထုဦးလှ "ကျွန်တော်ဗြူရိုကရက်"

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs