Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ဆော်ဒီသို့ အလုပ်သွားမလုပ်ရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်

ရန်ကုန်၊ ဧပြီ ၁၂။

ဆော်ဒီအာရေဗျနိုင်ငံသို့ မြန်မာအလုပ်သမားများကို စေလွှတ်ခြင်းမပြုရန် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ၁၇.၃.၂၀၁၁ ရက်စွဲဖြင့် ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံမှ အလုပ်သမားများအနေဖြင့် လစာ ပုံမှန်မရရှိခြင်း၊ ဆင်းရဲပင်ပန်း ခြင်း၊ စသည့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရပြီး ဆော်ဒီအာရေဗျနိုင်ငံ၏ ဥပဒေမှာလည်း ၎င်းနိုင်ငံသား အလုပ်ရှင်များဘက်ကသာ ရပ်တည်သည့်အတွက် ထိုသို့ ညွှန်ကြားချက်ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ဆော်ဒီဥပဒေက ပြင်းထန်တယ်။ ခိုးရင် လက်ဖြတ်တယ်။ ခေါင်းဖြတ်သတ်တာမျိုးတွေ ရှိတယ်။ နောက်ပြီး လုပ်ခလစာကိုလည်း ထိုက်သင့် သ လောက် မရဘူး။ များသောအားဖြင့် ကုလားလူမျိုးတွေ သွားကြတာများတယ်။” ဟု ဗိုလ်အောင်ကျော်လမ်းရှိ  အလုပ်အကိုင်အေဂျင်စီလုပ်ငန်း လုပ်ကိုင်နေ သူတစ်ဦးက ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများအနေဖြင့် အလုပ်သမားများအား ဆော်ဒီအာရေဗျနိုင်ငံသို့ စေလွှတ်ခြင်း မပြုကြရန်နှင့် ကုမ္ပဏီများမှ ဆော်ဒီအာရေဗျနိုင်ငံသို့စေလွှတ်ခြင်းကို တွေ့ရှိရပါက အရေးယူမည်ဖြစ်ကြောင်း အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

ကချင်ပြည်နယ်သို့ တရုတ်ပစ္စည်းတင်သွင်းသည့် အဓိကလမ်းကြောင်း ပိတ်ခံရ

မြစ်ကြီးနား၊ ဧပြီ ၁၂။

ကချင်ပြည်နယ်သို့ဝင်သည့် တရုတ်ကုန်ပစ္စည်း လမ်းကြောင်းပေါ်တွင်  အဓိကကျသည့် လဂျားယန်ဂိတ်အား မြန်မာအစိုးရဌာနစုံအဖွဲ့က ပိတ် ထားသဖြင့် ကုန်ပစ္စည်းများ ဈေးတက်လာကြောင်း သတင်းရရှိသည်။

တရုတ်-မြန်မာ နယ်စပ် ဗန်းမော်နှင့် လိုင်ဇာလမ်းကြောင်းဆုံရာ လဂျားယန်ဂိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ စစ် ဖက်ရေးရာ လုံခြုံရေးအဖွဲ့နှင့် ရဲများက တရုတ်ဖက်မှလာသည့် ကုန်ပစ္စည်း တင်သွင်းခွင့်ကို မတ် ၃၀ရက် မှစ၍ ပိတ်ပင်ထားကြောင်း သို့သော် ခရီးသွား ခြင်းကိုမူ ခွင့်ပြုထားကြောင်း  ကုန်သည်တစ်ဦး ပြောကြားသည်။

“အဓိကတော့ ဘိလပ်မြေဈေးတို့ တက်လာတယ်။ အရင်က ၆၉၀၀ကျပ် ဟုတ်တယ်၊ အခုက ၇၅၀၀ဖြစ်သွားပြီ၊ အိမ်ဆောက်ပစ္စည်းတွေလည်း တက်လာတယ်၊ တခြားကုန်တွေလည်း အကုန်တက်တယ်။” ဟု အဆိုပါ ကုန်သည်က ဆက်လက်ပြောကြား ပြောကြားသည်။

“တစ်နေရာပိတ်တာနဲ့ တောက်လျှောက်လမ်းကြောတွေ အကုန်လုံးပိတ်ပြီ။ ဒီမှာ အိမ်ဆောက်လုပ်ရေးတွေ ရှိနေတော့ ဘိလပ်မြေတွေက ပြိုပတ် လပ်တယ်။ တခြားကုန် ကြက်ဥတို့လည်း ကုန်နေတယ်။” ဟု ကုန်သည်က ဆက်လက် ပြောကြားသည်။

ယခင် တရုတ်နိုင်ငံမှ သစ်သီး၊ ကြက်ဥ၊ ဘီယာ၊ အိမ်ဆောက်ပစ္စည်း၊ စက်ပစ္စည်း၊ အထည်အလိတ်၊ အဝတ်အစား၊ မီးဖိုချောင်သုံး ပစ္စည်း၊ ကြက် သွန်ဖြူ စသည့်တို့ နေ့စဉ်ဝင်ရောက်နေသည်။ ယခုအခါ ဂိတ်ပိတ်လိုက်ခြင်းကြောင့် ကုန်အဝင် စီးဆင်းမှုမရှိတော့သဖြင့် ကုန်ပျက်လပ်မှုများလည်း ဖြစ်ပေါ် နေသည်။

ကချင်ပြည်နယ်သားများသည် စားသုံးကုန်၊ အိမ်သုံးကုန်မှအစ အဝတ်အထည်၊ စက်ပစ္စည်းများအထိ တရုတ်ကုန်ပစ္စည်းသာ အားထားနေ ကြရ သည်။

လဂျားယန်ဂိတ်သာမက လိုင်ဇာ-ဝိုင်းမော် လမ်းပေါ်ရှိ နာမ်ဆမ်ရန်ကျေးရွာမှ သိုလှောင် တရုတ်ပစ္စည်းများကို မြစ်ကြီးနားမြို့သို့ တင်သွင်းစဉ် ဖမ်းဆီးမှုများလည်း ရှိနေသည်။

တရုတ်ကုန်တင်သွင်းခွင့် ပိတ်ထားသော်လည်း ဒေသထွက်ကုန် သခွားသီး၊ ငှက်ပျောသီး၊ ပြောင်းဖူး၊ ရာဘာ၊ ဆန် စသည်တို့ကို တရုတ်သို့ တင်ပို့ခွင့် ပြုထားသည်။

ကချင်ပြည်နယ်ထဲသို့ တရုတ်ကုန်ပစ္စည်းဝင်ပေါက် ၃ပေါက်ရှိရာ အလွယ်တကူ ဝင်ထွက်တင်သွင်းနေသော လိုင်ဇာနှင့် လွယ်ဂျယ်ဂိတ်တို့ကို တရားမဝင်ဂိတ်အဖြင့် ပိတ်ထားခြင်းဖြစ်ပြီး ခရီးကြမ်း၍ ဝေးခံသော ကန်ပိုင်တီလမ်းကိုမူ တရားဝင် နယ်စပ်ကုန်သွယ်ရေးလမ်းအဖြစ် အစိုးရက သတ်မှတ် ထားသည်။

ကန်ပိုင်တီလမ်းမှ လာသည့် ကုန်တင်ကားကြီးများအား အဆင့်ဆင့် စစ်ဆေး၊ ငွေတောင်းခံနေသဖြင့် ကုန်ပစ္စည်းဈေးနှုန်များလည်း မြင့်တက် သွားကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် တက်လာပြီးနောက် ပထမဦးဆုံးအနေနဲ့ ကချင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဂိတ်ပေါင်းစုံကို  ပိတ်လိုက်ရန် ဝန် ကြီးချုပ်မှ ဧပြီ (၁) ရက်နေ့တွင် တရားဝင် အမိန့်ထုတ်ပြန်လိုက်သည်။ တရားဝင် နယ်စပ်ကုန်သွယ်ရေးဂိတ်များမှအပ ဂိတ်များပိတ်လိုက်ခြင်း ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နှစ်ဆန်းတစ်ရက်နေ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် မျှော်လင့်

ရန်ကုန်၊ ဧပြီ ၁၂။

မြန်မာတို့၏  နှစ်ဆန်းတစ်ရက်၊ ဧပြီ ၁၇ ရက် တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် မျှော်လင့်ချက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသား တို့၏ မိသားစုဝင်များထံမှ သိရသည်။

၂၀၀၇ နိုဝင်ဘာလတွင် ပြည်ပမီဒီယာများနှင့် ဆက်သွယ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် ကျိုင်းတုံအကျဉ်းထောင်တွင် ထောင် ၇ နှစ်ကျရောက်နေ သူတစ်ဦး၏ မိခင်ဖြစ်သူက “အစိုးရသစ်လည်းပေါ်လာပြီဆိုတော့၊ ကျွန်မသားလေးများ လွတ်လာမလားဆိုပြီး မျှော်နေရတယ်။ အိမ်ကိုတော့ ဘာမှ အကြောင်းကြားတာတွေ မရှိသေးပါဘူး။ အရင်လက သူ့အကို ထောင်ဝင်စာ သွားတွေတော့လည်း သက်ဆိုင်ရာက ဘာမှပြောလိုက်တာ မရှိပါဘူး။ ကျွန်မ မှာတော့ နှစ်ဆန်းတစ်ရက်နေ့ ဆိုတာရယ် အစိုးရသစ် ပြောင်းသွားပြီဆိုတဲ့ အတွေးနဲ့ကျွန်မသားလွတ်လာဖို့မျှော်နေရတယ်”ဟု ဆိုသည်။

နိုဝင်ဘာ ၇ ရွေးကောက်ပွဲရလဒ်ဖြင့် ၂၀၁၁ မတ် ၃၀ ရက်နေ့တွင် အစိုးရသစ် ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ် ပေးမည်ဟူသော မျှော်လင့်ချက် ပိုမိုအသက်ဝင်လာကြောင်း ယင်းကြောင့်  နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် မျှော်လင့် ချက်မှာ ပိုမိုခိုင်မာလာခဲ့သည်ဟု တရားမဝင်အဖွဲ့များနှင့် ဆက်သွယ်သည့်ပြစ်မှုဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင် တစ်ဦးမှ ဆိုသည်။

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်တစ်ဦးက “အရင်တုန်းက လက်တွဲခဲ့တဲ့ သူငယ်ချင်းတွေပဲဖြစ်ဖြစ်၊ ဘယ်သူမဆိုကို အကျဉ်းကျနေတဲ့ ဘဝကနေ လွတ်စေချင်တယ်။ သူတို့တွေ လွတ်လာဖို့လည်း အမြဲမျှော်လင့်တယ်။ သူတို့ လွတ်လာဖို့လည်း ကျွန်တော်တို့အနေနဲ့ ဆုတောင်းပွဲတွေ၊ ငါး လွှတ်ပွဲတွေ အမြဲလုပ်ပေးနေတာပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ကို မျှော်လင့်ပါတယ်။”ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ အကျဉ်းထောင်များတွင် ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ ရွေးကောက်ပွဲပြီးပါ က  လွတ်မည်။ အစိုးရသစ်တက်လာပါက လွတ်မည်။ ဆိုသော သတင်းစကားသည် ရွေးကောက်ပွဲ မစတင်ခင် အချိန်ကတည်းက လူပြောများသော စကား တစ်ခွန်းဖြစ်ကြောင်း သတင်းထောက်တစ်ဦးမှ ဆိုသည်။

လူမှုကွန်ရက်ဖြစ်သော facebook တွင်လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန် ဆုတောင်းမှုများ ရှိကြောင်း Blogger တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် လူသုံးများသည့် Social Network တစ်ခုဖြစ်သော Facebook တွင် သူငယ်ချင်း ၄၉၈၇ ယောက် ရှိသော ကာတွန်းဆရာ အော် ပီကျယ်က “နက်ဖြန်ဆိုရင် သင်္ကြန်ရောက်ပြန်ပြီ။ ဧပြီ ၁၇ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ကျရင် နိုင်ငံရေး အကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ဆုတောင်းပါတယ်။”ဟူ၍ Status တင်ထားခဲ့ရာ တစ်နာရီအတွင်း အဆိုပါ Status အား ကြိုက်နှစ်သက်သူပေါင်း ၇၇ ယောက်ရှိပြီး၊ မှတ်ချက်ဝင်ရေး ပေးခဲ့သူ ၉ ယောက်ရှိကြောင်းကို တွေ့ရှိ ရသည်။

နှစ်ဆန်းတစ်ရက်နေ့တိုင်း ပြစ်မှုအမျိုးမျိုးဖြင့် အကျဉ်းကျနေသော အကျဉ်းသားများအား အကျဉ်းထောင်မှ လွှတ်ပေးသည့် ထုံးစံရှိကြောင်း၊ သို့ရာတွင် လွတ်လာသော အကျဉ်းသားများသည် လွတ်ချိန်ကာလနီးပြီဖြစ်၍လည်းကောင်း၊ ထောင်စည်းကမ်းအတိုင်းနေသည့်အတွက် သတ်မှတ်ထား သောလျော့ရက်များ ရရှိ၍လည်းကောင်း၊ အကျဉ်းထောင်မှ လွတ်လာခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားအများစု လွတ်မြောက်ရန်အတွက်မှု ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ကျခံနေရသောထောင်ဒဏ်မှာ များသည့်အတွက် လျော့ရက်များဖြင့် လွတ်မြောက်ရန်ကာလမှာ စောနေသေးကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်သမ္မတမှ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တစ်ရပ်ထုတ်ပြန်မှသာ နိုင်ငံရေးအကျဉ်းသားအများစု လွတ်နိုင်ခြေရှိကြောင်း ပြည် ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံဒေသ အသီးသီးရှိ အကျဉ်းထောင်များတွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

တနင်္သာတိုင်းရှိ နယ်မြေခံတပ်များ ဒေသသုံးဘာသာစကား သင်ရမည်

မြိတ်၊ ဧပြီ၁၂။

တနင်္သာတိုင်း နယ်စပ်ဒေသတွင် လှုပ်ရှားနေသည့်  နယ်မြေခံတပ်များတွင် ဘာသာစကား နားလည်တတ်ကျွမ်းမှုရှိစေရန် မြိတ်မြို့ရှိ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ)တွင် ဧပြီလ ၁၅ ရက်နေ့မှ ဇွန်လ ၁၅ရက်နေ့အထိ ၂ လတိတိ ဒေသသုံးဘာသာစကားသင်တန်း သင်ကြားပို့ချ ပေးမည် ဖြစ်ကြောင်း စစ်တပ်အသိုင်းအဝိုင်းမှလာသည့် သတင်းများအရ သိရသည်။

တနင်္သာရီ နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်ရာ၌ ဒေသသုံးဘာသာစကား တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်သည့် အဆိုပါသင်တန်းတွင် ကရင်နှင့် ထိုင်းဘာသာစကားကို သင်ကြားမည်ဖြစ်ပြီး သင်တန်းတက်ရောက်ရန်အတွက် တနင်္သာရီတိုင်းတွင် လှုပ်ရှားနေသည့် ဒေသကွပ်ကဲရေး စစ်ဌာန ချုပ် (ဒကစ)နှင့် စစ်ဗျူဟာ(စဗဟ)လက်အောက်ခံ တပ်ရင်းအားလုံးမှ တပ်ရင်း ၁ရင်းကို ဒုဗိုလ်အဆင့်ရှိ အရာရှိ ၂ဦးစီ မပျက်မကွက် စေလွှတ်ရန် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ)မှ ပြီးခဲ့ သည့် ဧပြီလ ၁၀ရက် နေ့က ညွှန်ကြားလိုက်သည်ဟု သိရသည်။

တနင်္သာရီတိုင်းမှ အစိုးရစစ်တပ်နှင့် နီးစပ်သူတဦးက “ကရခ အမိန့်နဲ့ ၁၄ရက်နေ့နောက်ဆုံးတိုင်းစစ်ဌာနချုပ် မြိတ်ကို အားလုံး အရောက်သွား ရမယ်။ ရည်ရွယ်ချက်ကတော့ နယ်စပ်ဒေသမှာ ထိုင်းတွေနဲ့ ကိစ္စတခုခု ပေါ်လာလို့ရှိရင် တွေ့ဆုံဆွေးနွေးလို့ရအောင်ရယ်။ ဒေသခံလူထုတွေကို စည်းရုံးဖို့ အတွက်ပဲ ဖြစ်တယ်”ဟု ပြောကြားသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားဒေသများတွင် လှုပ်ရှားနေသည့် စစ်တပ်များအား ဒေသသုံးဘာသာစကား သင်ကြားပို့ချမှုကို ယခင်က ရန်ကုန် မြို့ရှိ စစ်ဌာနချုပ်ရုံးများတွင် ဌာနဆိုင်ရာများမှ စုပေါင်း၍သင်ကြားပို့ချပေးခဲ့သော်လည်း လွန်ခဲ့သည့် ၃နှစ်ကစပြီး သက်ဆိုင်ရာ ဒေသများတွင်သာ စတင် သင်ကြား ပို့ချလာခဲ့ခြင်းဖြစ်သည်။

-------------------------------------------------------------------------------------------------------------

နယ်စပ်ရှိ ဒုက္ခသည်စခန်းများအား ဆက်လက်ထားလိုခြင်း မရှိကြောင်း ထိုင်းအာဏာပိုင်ဆို

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ခိုလှုံနေထိုင်လျှက်ရှိသော မြန်မာတိုင်းရင်းသား ဒုက္ခသည်များအား ထိုင်းအာဏာပိုင်များ အနေဖြင့် ဆက်လက်လက်ခံလိုခြင်း မရှိတော့ကြောင်း ဧပြီ ၅ ရက်နေ့က တက်ခရိုင် အုပ်ချုပ် ရေးမှူး ဆမတ်လွိုင်ဖက ပြောကြားလိုက်သည်။

မြန်မာဒုက္ခသည်များအနေဖြင့် မိမိအစီအစဉ်ဖြင့် ၎င်းတို့၏ ဇာတိမြေအား ပြန်သွားရန် မျှော်မှန်းကြောင်း၊ ထိုင်းအာဏာပိုင်များအနေဖြင့် မြန်မာ ဒုက္ခသည်များ အပေါ်ထောက်ပံ့ကူညီမှုများ လုပ်ဆောင်နေသော Thai Burma Border Consortium(TBBC),The European Commission , The United Nations Refugee Agency and UNHCR တို့နှင့် လည်း မြန်မာဒုက္ခသည်စခန်းများ ဖယ်ရှားရေးနှင့် ပက်သက်သည်များကို ညှိနှိုင်းဆောင် ရွက်မှုများ ဆက်လက်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

မြန်မာဒုက္ခသည်များ ထိုင်းနိုင်ငံပေါ်တွင်ရှိနေခြင်းသည် ထိုင်းနိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည့်အတွက် ယခုကဲ့သို့ ဖယ်ရှားရန် စဉ်းစားလာရ ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ၏အစိုးရအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုင်းအာဏာပိုင်များအနေဖြင့် ဒုက္ခသည်စခန်းများ ဖယ်ရှားရန် ဆောင်ရွက်မှုများစတင်ရန် ပြင်ဆင်နေသော်လည်း ရွေးကောက်ပွဲကာလအတွင်း ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒုက္ခသည်ပေါင်းရာနှင့်ချီကာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာမှုများရှိသည်ဟု မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက “ဒီကိစ္စတွေလာတော့မယ်ဆိုတာ ကြားနေရတာ ကြာပါပြီ။ ထိုင်းအစိုးရအနေနဲ့ လည်း ဒုက္ခသည်တွေကို လက်ခံထားတာထက်ပိုရတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို မြန်မာနိုင်ငံအတွင်းမှာ လုပ်နေပြီလေ။ ဒီတော့ ထိုင်းနိုင်ငံက မြန်မာဘက်ကို ပြန်ပေးရတာက မြန်မာဒုက္ခသည်တွေ၊ ကျွန်တော်တို့လို စစ်အစိုးရကို ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီး တော်လှန်နေသူတွေကို တစ်နေရာရာ လွှင့်သွားအောင် ပြန်လုပ်ပေးရတာပါပဲ။” ဟု သူ့အမြင်အား ဆိုသည်။

တက် ခရိုင်တွင် ကိုယ်ပိုင်စာသင်ကျောင်းဖွင့်လှစ်နေသူ ကျောင်းဆရာတစ်ဦးက “ကျွန်တော်တို့တွေ ပြန်ရမယ်ဆိုတာတော့ ဟုတ်ပါပြီ၊ ပြန်လာရင် ကောင်းကောင်းမွန်မွန် လက်ခံမှာလားဆိုတာ ကျွန်တော်တို့ ဘယ်သူ့ကို ပြန်မေးရမှာလဲ။ ဒီမှာတော့ ကျွန်တော်လည်း တစ်ဘဝလုံး အရိုးမထုတ်ချင်ပါဘူး။ မြန်မာပြည်ထဲမှာ အဆင်ပြေပြေနေရမယ်ဆိုရင်တော့ ကျွန်တော်တို့လည်း ပြန်မှာပါ”ဟု online မှ ဆက်သွယ်မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု ကြီးမားစွာ လုပ်ဆောင်ထားသည့် ထားဝယ်ရေနက်စီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ရန် တာဆူနေချိန်တွင် ထိုင်းအစိုးရအနေဖြင့် ဤသို့သော ဆောင်ရွက်မှုမျိုး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။

၂၀၁၁ မတ်လ ၃၀ ရက်နေ့က အာဏာလွဲပြောင်းခဲ့သည့် စစ်အစိုးရအား ထိုင်းနိုင်ငံတွင် အခြေစိုက်ကာ တော်လှန်နေသည့် အဖွဲ့အစည်းပေါင်းမှာ ၄၀ ကျော် ရှိကြောင်း သိရသည်။

မြန်မာဒုက္ခသည် စခန်းများသည် ထိုင်း-မြန်မာနယ်စပ် တွင် ၉ ခုရှိပြီး၊ ယင်းဒုက္ခသည်စခန်းများတွင် မြန်မာစစ်အစိုးရအား တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များလည်း နေထိုင်လျှက်ရှိကြောင်း သိရှိရသည်။

ဒုက္ခသည်စခန်းများ၏ သက်တမ်းမှာ ၂၅ နှစ်ဝန်းကျင် ရှိပြီး၊ယင်း ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသူ မြန်မာဒုက္ခသည်ပေါင်း ၁သိန်း ၄သောင်း ကျော်ခန့်ရှိ ကြောင်း သိရှိရသည်။

ကျော်စွာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဧပြီ ၁ ရက်က မြို့တော်ဝန် ဦးလှမြင့် စတင် တာဝန်ထမ်းဆောင်တယ်။ အဲဒီနေ့မှာ ကော်မတီဝင်တွေ၊ဌာနအသီးသီးက ဌာနမှူးတွေနဲ့ တွေ့ဆုံပြီး၊ ရန်ကုန် မြို့တော်ကြီးကို အဆင့်မြှင့်ဖို့အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ ပြောကြားသွားတယ်။ ဒါကြောင့် မြို့တော်ခန်းမကြီးကို အရင်ဆုံးမွမ်းမံနေတာပါ။ မြို့တော်ခန်းမကြီး သန့်ရှင်းသပ်ရပ်ဖို့ အဲဒီနေ့ကတည်းကစပြီး ဆေးတွေ အကုန်ပြန်ခွာပြီး၊ ဆေးအသစ် ပြန်သုတ်ဖို့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မြို့ တော်ဝန်ဆိုတာက ကိုယ်တိုင် သန့်ရှင်းသပ်ရပ် လှပဖို့လိုတဲ့အတွက်  အရင်ဆုံး မြို့တော်ခန်းမကြီးကို မွမ်းမံနေတာ ဖြစ်ပါတယ်။”ဟု ပြန်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာနမှုး ဦးလှမြင့်ဆွေ ကပြောသည်။

ဧပြီ ၁၂ ရက်ထုတ်  FLOWER NEWS JOURNAL အတွဲ (၇)၊အမှတ် (၁၅) တွင်ပါရှိသည့်  “ရန်ကုန်မြို့တော်ကြီးကို အဆင့်မြှင့်တင်သွား မည်ဟု မြို့တော်ဝန်သစ်ကဆို” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ရတနာ စီမံကိန်း စတင်ကတည်းက စီးပွားရေးတစ်ခုတည်းကို ဦးတည်ဆောင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒီဒေသတွေရဲ့ လူနေမှုဘဝကနေအစ  ရတနာစီမံ ကိန်းမှာ တာဝန်ထမ်းဆောင်ကြမယ့် ဝန်ထမ်းတွေအဆုံးပေါ့။ လက်ရှိဆိုရင်လည်း မြန်မာဝန် ထမ်း ၉၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံခြားသား ခုနစ်ရာခိုင်နှုန်းသာ ခန့်အပ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာလုပ်သားတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိပြီး ဒါနဲ့ တဆက်တည်း ဒေသခံတွေရဲ့ လူနေမှုဘဝ မြင့်မားဖို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေ အပါအဝင် ကျွန်တော်တို့ မရှိတော့တဲ့နောက်မှာ ကိုယ်ပိုင် အသုံးချပြီး ဘဝကို ရပ်တည် နိုင်ဖို့အဆုံး  လိုအပ်တဲ့ သင်တန်းတွေကိုလဲ ပေးနေပါတယ်။” ဟု ရတနာ လူမှုစီးပွားရေး အစီအစဉ်၏ တာဝန်ရှိသူတစ် ဦးက ပြောကြားသည်။

ဧပြီ ၁၂ ရက်ထုတ်  FLOWER NEWS JOURNAL အတွဲ (၇)၊အမှတ် (၁၅) တွင်ပါရှိသည့်  “လူမှု၊ စီးပွား ဖော်ဆောင်နေသည့် ရတနာ စီမံကိန်း ” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဧပြီ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိ အကျုံးဝင်သည့် ဒုတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

ဧပြီ ၁၃ ရက်ထုတ် WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၈) တွင်ပါရှိသည့် “ဧပြီ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ အထိ အကျုံးဝင် သည့် ဒုတိယ ၁၀ ရက်ပတ် အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်” သတင်းမှ ကောင်နူတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ယခုနှစ်မဟာသင်္ကြန် ပွဲတော်တွင် X2O ရေကစားမဏ္ဍပ်၌ ရေကစားသူများ၏ လုံခြုံရေးစိတ်ချရစေရန် CCTV ကင်မရာ ၁၆ လုံးနှင့် လုံခြုံရေးဝန်ထမ်း အယောက် ၁၃၀ ထားရှိသွားမည် ဖြစ်ကြောင်း အဆိုပါမဏ္ဍပ်ကို တာဝန်ယူတည်ဆောက်သည့် ကိုဘိုဘို ကပြောပါတယ်။

ဧပြီ ၁၂ ရက်ထုတ် TRUE NEWS JOURNAL အတွဲ (၃)၊အမှတ် (၃၃)တွင်ပါရှိသည့် “X2O ရေကစားမဏ္ဍပ်၌ CCTV ကင်မရာ ၁၆ လုံးနှင့် လုံခြုံရေးဝန်ထမ်း အယောက် ၁၃၀ ထားရှိ”သတင်းမှ ကောင်နှုတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs