Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၄.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ရန်ကုန်သင်္ကြန်စည်ကားမှု တစ်နှစ်ထက်တစ်နှစ်လျော့လာ

ရန်ကုန်၊ ဧပြီ၁၄။

ရန်ကုန်သင်္ကြန်၏ စည်ကားမှုသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာပြီး မြန်မာ့ရိုးရာ အစဉ်အလာကို ထိန်းသိမ်းလာမှုများသည်လည်း အလွန် အားနည်းလာကြောင်း ရန်ကုန်မြို့ခံတစ်ချို့က ဆိုသည်။

“ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်သော သင်္ကြန်ကြိုနေ့တွင် ရေပက်ခံကား အနည်းငယ်သာတွေ့ရပြီး လူစည်ကားမည်ဟု ယူဆထားကြသည့် ပြည်လမ်းရှိ Air Bagan မဏ္ဍပ်၊ ကမ္ဘာအေး ဘုရားလမ်းရှိ X2O မဏ္ဍပ်တို့တွင် သင်္ကြန်အကြိုနေ့ ညနေစောင်းချိန်ထိ ရေပက်ခံကား အနည်းသာတွေ့ရ ကြောင်း အငှားယာဉ်မောင်း တစ်ဦးကဆိုသည်။

“အရင်နှစ်တွေက သင်္ကြန်ဆိုရင် လူရတယ်။ ထိုင်နေရတာ မရှိဘူး။ ဒီနှစ်ကျတော့ လမ်းကြောင်းတစ်ခေါက်ရဖို့ကို တော်တော်စောင့်နေရတယ်။ ရုံးပိတ်ရက်တွေတောင် လူထွက်တာ ရှိသေးတယ်။ ဒီနှစ်သင်္ကြန်တော့ လူထွက်တော်တော် နည်းသေးတယ်။”ဟု အဆိုပါယာဉ်မောင်းက ဆိုသည်။

ကန်တော်ကြီးပတ်လမ်းတွင် ဖွင့်လှစ်ထားသော ရေကစားမဏ္ဍပ်တစ်ချို့တွင် မျှော်မှန်းသည်ထက် ရေလာပက်သူနည်းသဖြင့် ရောင်းဈေးထက် တသောင်းကျပ် လျော့ရောင်းနေကြောင်းကို သင်္ကြန်အကြိုနေ့လယ်ပိုင်းက တွေ့ရှိခဲ့ရသည်။

အဆိုပါရေကစားမဏ္ဍပ်များသို့ သွားရောက်စုံစမ်းခဲ့သူတစ်ဦးက “မနေ့က ကန်တော်ကြီးဘက်က မဏ္ဍပ်တွေဆီကို လမ်းလျှောက်ကြည့်တော့ All days ကို သုံးသောင်းလို့ ရေးထားတာတွေ့ရတာနဲ့ စိတ်ဝင်စားလို့ ဝင်စုံစမ်းကြည့်တော့ ရေပက်သူနည်းလို့ လေးသောင်းကနေ သုံးသောင်းအထိ ဈေးချ ထားတာလို့ လက်မှတ်ရောင်းတဲ့သူက ပြောတယ်။ မဏ္ဍပ်ပေါ်မှာလည်း ရေပက်နေတဲ့သူတွေက အလွန်ဆုံးရှိမှ နှစ်ဆယ်ကျော် လောက်ပဲ ရှိတယ်။”ဟု ပြောကြားသည်။

ရန်ကုန်သင်္ကြန် စည်ကားမှုမရှိခြင်းသည် Iron Cross Music Band နဲ့လည်း သက်ဆိုင်ကြောင်း ရန်ကုန်သင်္ကြန်လည်ရန် ပြင်ဆင်နေသူ လူငယ် တစ်ဦးကဆိုသည်။

“IC ရှိတဲ့နေရာဆို လူစည်ကားတာ သိသာတယ်။ အရင်နှစ်ကလည်း IC တောင်ကြီးမှာရှိတော့ တောင်ကြီးမှာ မကြုံဖူးအောင် စည်တယ်။ ဒီနှစ် ကျတော့ IC က မန္တလေးမှာ ရှိတော့ မန္တလေးမှာ တော်တော်စည်မယ်”ဟု ဆိုသည်။

ရန်ကုန်မြို့ခံ စာရေးဆရာတစ်ဦးကလည်း “ရန်ကုန်မှာ သင်္ကြန်အတွင်း ရိုးရာအစဉ်အလာ ထိန်းသိမ်းတာဆိုလို့ သိမ်ဖြူက ရခိုင်ရိုးရာမဏ္ဍပ်ကိုပဲ လက်ညိုးထိုးပြစရာ ရှိတော့တယ်။ဘယ်နေရာကိုပဲ ကြည့်ကြည့် သင်္ကြန်ဆိုရင် ဆောင်းဘောက်တွေ အကျယ်ကြီးဖွင့် အရက်ကို မူးအောင်သောက်နေတာပဲ တွေ့ရတော့တယ်။သင်္ကြန်ရဲ့ ရိုးရာအစဉ်အလာဆိုတာ ဘာလဲလို့တောင် မေးစရာဖြစ်နေပြီ။ ဒီလိုဖြစ်နေတာကိုလည်း ထိထိရောက်ရောက် ထိန်းသိမ်းမှုတွေ လည်းမရှိကြဘူး။ လူမြင်ကောင်းအောင် လုပ်ပြနေတာတွေပဲ ရှိတယ်။”ဟု သူ၏ ရန်ကုန်သင်္ကြန်အပေါ် အမြင်အား ပြောပြသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

သင်္ကြန်ကာလ ဘုရားသုံးဆူလမ်းကြောင်းမှ ပြည်တွင်းပြန်ဝင်သူနည်းပါး

ဧပြီ ၁၂။

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည် ဘုရားသုံးဆူမြို့တွင် ရှုပ်ထွေးနေသော အခြေအနေကြောင့် ယခုနှစ်တွင် သင်္ကြန်ကာလအတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသူနည်းပါးလာကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော မြန်မာရွေ့ပြောင်းအလုပ်သမားများသည် သင်္ကြန်မကျခင် ဧပြီလအတွင်း ပြည်တွင်းသို့အများအပြား ပြန်လေ့ရှိသည်။

ပြန်ရာတွင်လည်း သွားလာရေးလွယ်ကူသည့် ဘုရားသုံးဆူ လမ်းကြောင်းကိုသာရွေးချယ်လေ့ရှိသည်။ သို့ရာတွင် ယခုနှစ်တွင်မူ လုံခြုံရေး မတည် ငြိမ်မှု လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကားလမ်းကို ပိတ်ပင်တားဆီးမှုလုပ်ခဲ့သဖြင့် လူသူအသွားနည်းပါးလာသည်ဟု ကားသမားတစ်ဦးက ပြောကြား သည်။

“အခုသုံးဆူလမ်းကြောင်းကို ကေအေန်ယူက ပိတ်ထားတယ်။ ဒါပေမယ့် သူတို့ပြောတာကတော့ ခင်ဗျားတို့ဆင်းချင်ဆင်း တခုခုဖြစ်ခဲ့ရင် သူတို့ တာဝန်မဟုတ်ဘူးလို့ပြောတယ်။ ဒါကြောင့် တော်ယုံတန်ယုံကားသမားတွေ မဆင်းရဲဘူး။ တိုက်ပွဲ ခဏခဏဖြစ်တော့ ဒီလမ်းကြောင်းကို လူမဆင်းရဲကြ တော့ဘူး”ဟု ဆက်လက်ပြောကြားသည်။

ယခုအခါ ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ လူဝင်မှုကြီးကြပ်ရေးဌာနတွင် တစ်နေ့ကို အယောက် (၃၀၀) ခန့် ပြည်တွင်းသို့ ပြန်ရန်လာရောက် မှတ်ပုံတင် နေသည်ဟု သိရသည်။

ယခုအခါ မြဝတီလမ်းကြောင်း၌သာ ပြန်တွင်းသို့ပြန်သူများနေသည်ဟု မြဝတီမြို့ခံတစ်ဦးက ပြောကြားသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်၏ ဦးတည်ချက်များ ပြောင်းလဲ

ရန်ကုန်၊ ဧပြီ ၁၄။

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် စုစုပေါင်း ၁၂ ရပ်ချမှတ်ထားခြင်းရှိရာ ယင်းဦးတည်ချက်များထဲမှ ဦးတည်ချက် ၅ ရပ် ပြောင်းလဲသွားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ဧပြီ ၁၁ ရက်မှ စတင်ကာ ကြေးမုံသတင်းစာ၊ မြန်မာ့အလင်းသတင်းစာ၊ မြဝတီ သတင်းစာများတွင် ပြောင်းလဲသွားသည့် ဦးတည်ချက်များကို ထည့်သွင်းဖော်ပြခဲ့ကြောင်း သိရှိရသည်။

ပြောင်းလဲဖော်ပြခဲ့သည့် ဦးတည်ချက်များမှာ နိုင်ငံရေး ဦးတည်ချက်တွင် ၃ ချက်၊ စီးပွားရေး ဦးတည်ချက်တွင် ၁ ချက်၊ လူမူရေးဦးတည်ချက်တွင် ၁ ချက်ဖြင့် စုစုပေါင်း ၅ ချက် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးဦးတည်ချက်တွင် ပြောင်းလဲသွားသော ဦးတည်ချက်များမှာ အမျိုးသားစည်းလုံးညီညွတ်မှု ခိုင်မာရေး၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ် ရှင်သန်ခိုင်မာအောင် တည်ဆောက်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီ ဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေးတို့ ဖြစ်ပြီး စိုက်ပျိုးရေးဦးတည်ချက်တွင်မူ စိုက်ပျိုးရေးကို ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မှီစက်မှု နိုင်ငံတော်တည်ထောင်ရေးနှင့် အခြား စီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံဖြိုးတိုးတက်အောင် တည်ဆောက်ရေးဟူ၍ ပြောင်းလဲခဲ့ခြင်းဖြစ်ကာ လူမှုရေးဦးတည်ချက်တွင်မူ စစ်မှန်သော မျိုးချစ်စိတ် ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓတ် ရှင်သန်ထက်မြက်ရေး ဟူ၍ ပြောင်းလဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်းသို့ ဦးတည်ချက်များ ပြောင်းလဲသွားခြင်းသည် သင့်လျှော်သော ပြောင်းလဲခြင်းဖြစ်ကြောင်း အစိုးရသစ်နှင့် စနစ်သစ်နှင့် စတင်လျှောက် လှမ်းနေသည့် အချိန်အခါတွင် ခေတ်နှင့်သင့်လျှော်ခြင်းမရှိသည့် ကိစ္စရပ်များကို ဖယ်ရှားရန် လိုအပ်ကြောင်း သတင်းစာဆရာတစ်ဦးက ဆိုသည်။

အဆိုပါဦးတည်ချက် ၁၂ ရပ်ကို ပြည်သူများကြားတွင် ပြန့်နှံစေရန် အာဏာပိုင်များက နည်းလမ်းအမျိုးမျိုးသုံး၍ ဖြန့်ချိမှုများ လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။

ကျော်စွာ

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"စီစီတီဗီက အခုနောက်ပိုင်း လုံခြုံရေးအတွက် နေရာတော်တော်များများမှာတပ်နေကြပါတယ်။ ကုမ္ပဏီတို့၊ စတိုးဆိုင် တို့မှာက ကိုယ့်ဝန်ထမ်း၊ ဝယ်နေကျ ဖောက်သည်၊ မြင်နေကျမျက်နှာတွေများတော့ စီစီတီဗီကနေမှန်း ကြည့်လို့ရတယ်။ ဒါပေမယ့် သူစိမ်းတစ်ယောက်ရဲ့ မျက်နှာမျိုးကျတော့ သိပ်မလွယ်ဘူး။ စီစီတီဗီ ကင်မရာနဲ့ရိုက်ပြီး ပြန်ကြည့်တဲ့အချိန်မှာ ရုပ်သံကင်မရာတွေလိုတော့ ကြည်လင်ပြတ်သားမှု မရှိနိုင်ဘူး။ သင်္ကြန်လို လူအရမ်းများတဲ့အခြေအနေမှာ ကင်မရာနဲ့ ရိုက်ရင် ဘယ်လိုမှ သေချာမမြင်ရနိုင်ဘူး။ မဏ္ဍပ်ပေါ်လို နေရာမျိုးတွေကလည်း တစ်ချိန်လုံးခုန်ပေါက်နေကြတာဆိုတော့ Hard Disk ကို နည်းနည်းထိနိုင်တယ်။ ရီကော်ဒါနဲ့ မော်နီတာအတွက် လုံခြုံပြီး ငြိမ်တဲ့အခန်းတစ်ခန်းနဲ့ ထားပေးနိုင်မှ ဖြစ်မယ်။ စီစီတီဗီအပြင် တခြားလုံခြုံရေးတွေပါ ထပ်ထည့်နိုင်ရင်တော့ ပိုကောင်းတာပေါ့"ဟု စီစီတီဗီကင်မရာများ လိုက်လံတပ်ဆင် ပေးနေသူတစ်ဦးကလည်း ဆိုသည်။

Myanmar Times Journal အတွဲ (၂၆)၊အမှတ် (၅၁၃) တွင်ပါရှိသည့်  “သင်္ကြန်လုံခြုံရေး စီစီတီဗီ တစ်ခုတည်း အားမကိုးသင့်” သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"ပြည်တွင်းစီးပွားရေး တိုးတက်လာဖို့အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ဖို့လိုသလို ပို့ကုန်ကဏ္ဍကိုလည်း အမှန်တကယ် မြင့်တက်လာ အောင် မောင်နှင်ပေးဖို့ လိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုရှိအောင် အရင်ဆုံး တည်ဆောက်ရမယ်။ သက်ဆိုင်ရာ အခွန်နှုန်းထားတွေကိုလည်း လျှော့ပေါ့သင့်တာတွေ လျှော့ပေါ့ပေး ရပါမယ်"ဟု ပြည်တွင်း စီးပွားရေး ပညာရှင်တစ်ဦးက ပြောသည်။

Myanmar Times Journal အတွဲ (၂၆)၊အမှတ် (၅၁၃) တွင်ပါရှိသည့်  “မြန်မာငွေတန်ဖိုးသည် လာမည့်သုံးလအတွင်း မပြောင်းလဲနိုင်သေး” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

''ဘူမိဗေဒ အနေအထားအရ မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ ထွက်ရှိနိုင်တဲ့နေရာတွေ များပါတယ်။ ကုန်းတွင်းနယ်နိမိတ်မှာ ရေနံနဲ့ သဘာဝဓာတ် ငွေ့ထွက်နိုင်တဲ့ အနယ်ကျရေနံ ချိုင့်ဝှမ်း ၁၄ ခု ရှိပါတယ်။ အဲဒီထဲမှာမှ မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပြည်ချိုင့်ဝှမ်းနဲ့ မြစ်ဝကျွန်းပေါ် ချိုင့်ဝှမ်းတို့မှာပဲ ရေနံထုတ် လုပ်မှု ပြုလုပ်နေတယ်။ ကမ်းလွန်လုပ်ကွက်တွေလည်း ဖော်ထုတ်ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်နေပါတယ်။ ရဲတံခွန်၊ ရတနာ၊ ဇောတိက၊ ရွှေတို့က ထင်ရှားတဲ့ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေပါ''ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၈) တွင်ပါရှိသည့် “မြန်မာနိုင်ငံတွင် ရေနံသိုက် စည်ပေါင်း ၃ ဒသမ ၂ ဘီလျံ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ၈၉ ဒသမ ၇၂၂ ထရီလျံကုဗပေ ရှိမည်ဟု ခန့်မှန်းထား ” သတင်းမှ ကောင်နူတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

''မြန်မာနိုင်ငံမှာ စက်ရုံစွန့်ပစ်ပစ္စည်းတွေကြောင့် ထိခိုက်တာ အခုမှအစပဲ ရှိသေးတယ်လို့ ပြောရမယ်။ တရုတ်နိုင်ငံဆိုရင် ခက်ခက်ခဲခဲ ကာကွယ်ရတဲ့ အခြေ အနေ ဖြစ်နေပြီ။ ဆိုလိုချင်တာက မြန်မာနိုင်ငံအနေနဲ့ အခုလို အခြေအနေကောင်းနေတဲ့ အချိန်မှာ Preventive Action ဝင်ရတယ်။ ဒီအချိန်မှာ ထိန်းနိုင်ရင် ရေရှည်အတွက်လည်း ကောင်းမှာဖြစ်လို့ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဆေးသွားဖို့ စီစဉ်ထားတာပါ။ အခု မြန်မာနိုင်ငံက အခြေအနေကောင်းနေသေးတယ်၊ စွန့်ပစ်ပစ္စည်းကြောင့် ထိခိုက်တဲ့ဖြစ်စဉ် နည်းနေသေးတဲ့ အခြေအနေမှာတောင် ပတ်ဝန်းကျင်က လူတွေ ရောဂါဘယ များလာတဲ့အထိ ရှိတယ်။ ဒါကြောင့် အခုလို စစ်ဆေးနေတာတွေက ကောင်းပါတယ်။ လိုလည်း လိုအပ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆေး မယ့် ကော်မတီဆိုတာက Chemical Safety Law ပြဋ္ဌာန်းပြီးတာနဲ့ တိုင်းဒေသကြီးအလိုက်၊ ပြည်နယ်အလိုက် ဖွဲ့စည်းလုပ်ကိုင်သွားမယ့် အစီအစဉ်ပါ''ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌက ပြောပြခဲ့သည်။

WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၈) တွင်ပါရှိသည့် “စက်ရုံများ၏ စည်းကမ်းမဲ့ စွန့်ပစ်မှုများအား တိုင်ကြားလာ၍ စစ်ဆေးရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ တစ်နိုင်ငံလုံးရှိ စက်ရုံတိုင်း၏ စွန့်ပစ်ပစ္စည်းများကို စစ်ဆေးအရေးယူရန် စီစဉ်” သတင်းမှ ကောင်နူတ်ချက်

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs