Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၄.၂၀၁၁

ပြည်တွင်းသတင်းများ

GSM ဖုန်းများ ငွေကျပ်ငါးသိန်းအောက် လျော့နည်းသည့် ဈေးနှုန်းဖြင့် သုံးစွဲခွင့်ပြုဖွယ်ရှိ

ရန်ကုန်၊ ဧပြီ ၂၇။

GSM ဖုန်းအလုံးရေ လေးသန်းဝန်းကျင်အား ငွေကျပ်ငါးသိန်းအောက် လျော့နည်းသည့်ဈေးနှုန်းဖြင့် ယခုနှစ်အတွင်း ပထမနှစ်စီမံကိန်းအဖြစ် စတင်ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်းသုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်းအဖြစ် GSM မိုဘိုင်းဖုန်း သန်း ၃၀ တိုးချဲ့တပ်ဆင်နိုင်ရေးကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

''ပထမနှစ် စီမံကိန်းကတော့ ဒီနှစ်အတွင်းမှာ ဖြစ်မှာပါ။ ပထမနှစ်စီမံကိန်းက ဘယ်နှစ်အတိုင်းအတာထိလဲ ဆိုတာတော့ မသိပါဘူး။ ဘယ်ကုမ္ပဏီ တွေနဲ့ပူးပေါင်းမယ် ဆိုတာကိုလည်း ဒီအချိန်မှာ အတိအကျ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် စီစဉ်နေတာတစ်ခုကတော့ ပထမနှစ်စီမံကိန်းမှာ အကျုံးဝင် မယ့် GSM ဖုန်း အလုံးရေ လေးသန်းကိုတော့ လက်ရှိချပေးနေတဲ့ ငွေကျပ်ငါးသိန်းထက်လျော့ပြီး ချပေးဖို့ ရှိပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ဆိုပါသည်။

လက်ရှိတွင် GSM မိုဘိုင်းဖုန်းများအား မြန်မာတစ်နိုင်ငံလုံးသို့ အလုံးရေ တစ်သန်းဝန်းကျင် ငှားရမ်းသုံးစွဲခွင့် ပြုထားပြီးဖြစ်ကြောင်းနှင့် မြို့ပေါင်း ၅၃ မြို့တွင် သုံးစွဲနိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး၏ တယ်လီဖုန်းသိပ်သည်းဆ တိုးတက်ရန်အတွက် အချိန်တိုအတွင်း မိုဘိုင်းဖုန်းစနစ် တိုးချဲ့တပ်ဆင်နိုင်ရန် ဝန်ကြီးဌာနမှ လုပ်ငန်းပိုင်း၊ နည်းပညာပိုင်းဆိုင်ရာအဖွဲ့ဖြင့် စနစ်တကျ လေ့လာဆွေးနွေးမှုများအရ GSM မိုဘိုင်းစနစ် တိုးချဲ့တပ်ဆင်ခြင်းအား စီမံကိန်းကာလ ငါးနှစ် အတွင်း လိုင်းအင်အား သန်း ၃၀ အထိ တိုးချဲ့တပ်ဆင်မည်ဖြစ်ကြောင်းနှင့် အဆိုပါ သန်း ၃၀မှ GSM ဖုန်း အလုံးရေလေးသန်းကို ပထမနှစ် စီမံကိန်း အဖြစ် ယခုနှစ်အတွင်း ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် လက်ရှိချထားပေးသည့် လက်ကိုင်ဖုန်းအမျိုးအစားများမှာ GSM၊ WCDMA၊ CDMA 800 (ငါးသိန်းဖုန်း)၊ CDMA 450 (ကမ်းရိုးတန်းဖုန်း)၊ နေပြည်တော်ငါးသိန်းဖုန်း၊ McWill ဖုန်းများ ဖြစ်သည်။

(Bi Weekly Eleven အတွဲ-၄၊ အမှတ်-၄၊ ပါ “ယခုနှစ်အတွင်း စတင်ချထားပေးမည့် GSMဖုန်း အလုံးရေ လေးသန်းဝန်းကျင်ကို ငွေကျပ် ငါးသိန်းအောက် လျော့နည်းသည့် ဈေးနှုန်းဖြင့် သုံးစွဲခွင့်ပြုဖွယ်ရှိ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-------------------------------------------------------------------------------------------------------------

အတတ်အကျမြန် ဆန်ဈေးကြောင့် ဖျာပုံမြို့တွင် လုပ်ငန်းအများအပြားရပ်နားထားရ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်အတွင်း၌ ဆန်တင်ပို့မှု တည်ငြိမ်မှုမရှိခြင်း၊ ဆန်စပါးဈေးနှုန်းများ မြင့်တတ်လာခြင်းတို့ကြောင့် ဖျာပုံမြို့နယ် အတွင်းရှိ ဆန်စက်အများစုမှာ လုပ်ငန်းများ ခေတ္တရပ်ဆိုင်းထားရကြောင်း သိရသည်။

နွေစပါးဈေးနှုန်းများမှာ ယခုအခါမြင့်တက်လျှက်ရှိကြောင်း၊ ဆန်စပါးမှာလည်း ပြည်ပသို့တင်ပို့ခွင့်မရှိသည့်အတွက် ကျဆင်းလျှက်ရှိကြောင်း၊ ထို့ကြောင့် ပြည်ပသို့တင်ပို့ခွင့်များကိုသာ ပြန်လည်ဖွင့်ပေးမည်ဆိုပါက ပိုမိုအလုပ်ဖြစ်လာနိုင်ဖွယ် ရှိကြောင်း၊ ဖျာပုံခရိုင်၌ ယခုနှစ် စပါးအထွက်ကောင်း သော်လည်း သက်ဆိုင်ရာမှတာဝန်ရှိသူများအနေဖြင့်  ဆန်စက်များနှင့် စပါးစိုက်သူများ သပာဇာတဖြစ်မည့်နည်းလမ်းကို စဉ်းစားပေးစေလိုကြောင်း ဖျာပုံ ခရိုင်အတွင်းမှ ဆန်စက်လုပ်ငန်း လုပ်ကိုင်လျှက်ရှိသော လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ဆန်ဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ယင်းကိစ္စရပ်အား ရပ်ဆိုင်းရန် နိုင်ငံတော်အစိုးရမှ ပြီးခဲ့သည့်မတ်လဆန်းမှ စတင်၍ နိုင်ငံခြားသို့ ဆန်စပါးတင်ပို့ခြင်းမပြုရန် ကန့်သတ်ထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် ဆန်ကုန်သည်အများစုသည် နိုင်ငံရပ်ခြားသို့ ဆန်တင်ပို့မှုလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်ရာ၌ သယ်ယူစရိတ်မှာ ကြီးမြင့်လှသည့်အတွက် မတင်ပို့ခြင်းသာဖြစ်ကြောင်းသိရသည်။

ဖျာပုံ ဆန်စက်လုပ်ငန်းရှင်အများစုသည် အဆင့်မြင့်ဆန်စက်များ ဝယ်ယူ၍တည်ထောင်လိုကြကြောင်း၊ သို့သော် လက်ရှိဆန်ဈေးကွက်သည် နိုင်ငံတကာ ဆန်ဈေးကွက်နှင့်မတူညီသည့်အတွက် ဈေးကွက်ထိုးဖောက်နိုင်ခြင်းမရှိကြောင်း၊ ယခု ဖျာပုံဆန်စက်ကြီးများ၌ အသုံးပြုလျှက်ရှိသော စက်များ သည် သတ်တမ်းနှစ် ၃၀ ရှိသည့် ဆန်စက်များဖြစ်သည့်အတွက် စွန့်လွှတ်ရန်မလွယ်ကူသည့်အတွက် ဖြစ်ကြောင်း ဖျာပုံဆန်စက်လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်းစားသုံးမှု ဖူလုံမှဆိုသည့်အဆိုသည် မည်သည့်ပေတံနှင့် တိုင်းတာ၍ပြောခြင်းမသိကြောင်း၊ အိတ်ပို့စ် ပို့သည်ဆိုခြင်းကို ဂျာနယ်များ၌ ရေးသားမှသာသိရှိရကြောင်း၊ မိမိတို့သည် အောက်ခြေဆန်စက်သမားများဖြစ်သည့်အတွက် မည်သည့်အရာမှ မသိရှိရကြောင်း အသေးစားဆန်စက် ပိုင်ရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

လက်ရှိ နိုင်ငံ၌ ဖြစ်ပေါ်လျှက်ရှိသော အတတ်အကျမြန်ဆန်လျှက်ရှိသည့် ဆန်ဈေးနှုန်းများနှင့် ပြည်ပသို့တင်ပို့ခွင့် မရှိခြင်းတို့ကြောင့် ဖျာပုံမြို့နယ် အတွင်းရှိ ဆန်စက်လုပ်ငန်း သုံးပုံနှစ်ပုံခန့်မှ ယာယီရပ်နားထားရကြောင်းသိရသည်။

(အတွဲ-၂၊ အမှတ်-၃၇၊ ၂၈ ဧပြီ ၂၀၁၁ Venus News ပါ “ဆန်တင်ပို့မှု မတည်ငြိမ်ခြင်း၊ စပါးဈေးမြင့်တတ်နေခြင်းကြောင့် ဖျာပုံမြို့နယ်ရှိ ဆန်စက်များ၏ သုံးပုံနှစ်ပုံမှာ လုပ်ငန်းခေတ္တရပ်ဆိုင်း” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-------------------------------------------------------------------------------------------------------------

တာတမံများ ပြန်တည်ဆောက်ရန် လေဘေးသင့် ပြည်သူများထံမှ ငွေကောက်ခံ

ကျောက်ဖြူ၊ ဧပြီ၂၇။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဂီရိမုန်တိုင်းအတွင်းက ပြိုပျက်သွားသော တာတမံများ ပြန်လည်တည်ဆောက်ရန်အတွက် သက်ဆိုင်ရာ က လေဘေးသင့် ပြည်သူများထံမှ ငွေကောက်ခံနေ ကြောင်း သိရသည်။

ယခု ငွေကောက်ခံနေရ ကျေးရွာများမှာ တောင်ရင်းအုပ်စု တောင်ရင်းရွာ၊ ကယင်တောရွာ၊ ကုလာဘာတောင်ရွာ၊ ပြင်ဖြူရွာနှင့် ငလပွေ့ကျေးရွာ များဖြစ်ပြီး ၄င်းနည်းတူ တခြားဂီရိသင့်ဒေသတို့တွင်လည်း တာတမံများ ပြန်လည်ဆည်ဖို့ရန် အရပ်သားများထံမှ ငွေကောက်ခံနေမူများ ရှိနေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဂီရိမုန်တိုင်းသင့်ဒေသတွင် တာတမံအများအပြား မုန်တိုင်းတိုက်ခတ်စဉ်အတွင်း ကျိုးပျက်သွားပြီး အများစုမှာ ယခု အချိန်ထိ ပြန်လည်ဆည်ဖို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ သို့အတွက် ယခုလာမည့်မိုးရာသီတွင် တာတမံများ အချိန်မှီ မပြီးစီးနိုင်ပါက စပါးများ ပြန်လည်စိုက်ပျိုးနိုင်မည်မဟုတ်သဖြင့် လူထုအတွင်း စိုးရိမ်မှုများတိုးပွားနေစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးများက လယ်ပိုင်ရှင်များထံမှ ငွေကောက်ပြီး ဆည်ဖို့ ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။

ဦးသိန်းစိန် ဦးဆောင်သော လက်ရှိအစိုးရမှ သတင်းစာများတွင် ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ဒေသများတွင် တာတမံအများအပြား ပြန်လည် ဆည်ဖို့ထားပြီဖြစ်ကြောင်း ကြေညာသော်လည်း အဆိုပါ ကြေညာချက်မှာ လက်တွေ့နှင့် များစွာကွာခြားနေကြောင်း မြေပုံမြို့နယ် ကျီးခေါင်းတောင် ကျေး ရွာသား တစ်ဦးက ပြောကြားသည်။

“ စီမံကိန်း လာနေပြီလို့သာ ကြားရပါတယ်။ ကျွန်တော်တို့ဒေသမှာ တာတမံအများစုက ပြန်မဆည်ဖို့ရသေးဘူး။ ဆည်ထားတဲ့ တာတမံ တစ်ချို့ ရှိပါတယ်။ ဒါကလည်း အစိုးရဆည်တာ မဟုတ်ပါဘူး။ လူထုတွေ အားနဲ့ ဆည်ထားတာ ဖြစ်သလို အန်ဂျီအိုတစ်ချို့ရဲ့ အကူအညီနဲ့ ဆည်ထားတဲ့ တာတမံ တွေသာ ပိုများပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

များမကြာမီက လေဘေးသင့်ဒေသသို့ ကိုယ်တိုင် သွားရောက်ခဲ့သူ ဦးအေးသာအောင်မှလည်း တာတမံ အများစုမှာ ပြည်လည်တည်ဆောက် နိုင်ခြင်း မရှိသေးကြောင်းနှင့် ဆည်ပြီးသား တာတမံများလည်း လိုအပ်သောအဆင့်သို့ရောက်အောင် တည်ဆောက်နိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း ပြော ကြားသည်။

“ တာတမံက ၆ ပေ အမြင့်ထိ ဆည်ရမယ်။ ဒါပေမယ့် လူတွေကမနိုင်တော့ သုံးပေ အမြင့်ထိသာဆည်နိုင်တယ်။ ခုလောက် အမြင့်နဲ့ ဆားငံရေ ဝင်တာကို တားနိုင်မယ့်အနေအထား မရှိဘူး။ မိုးတွင်းမှာ အကုန်လုံးပြန်ပျက်စီးသွား နိုင်တယ်။ လူတွေကတော့ တာတမံတွေ မဆည်နိုင်သေးဘူး။ အိမ်တွေ မဆောက်နိုင်သေးဘူး။ အစားအစာ(ဝမ်းစာ) အလုံအလောက် မရှိဘူး။ ပြဿနာက တော်တော်များပါတယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် ပင်လယ်နှင့် မြစ်ချောင်းတလျောက်ရှိ ကျေးရွာများတွင် စပါးစိုက်ခင်းများကို ရေငံမဝင်နိုင်အောင် တာတမံများဆည်ဖို့ပြီး စပါးများ စိုက်ပျိုးကြရသည်။ အများစု တာတမံများကို ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက်ပေးထားခြင်း ဖြစ်သော်လည်း လွန်ခဲ့သောနှစ် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းအတွင်း တာတမံ ၉၀ ရာခိုင်နုန်းကျော် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ ဖွဲ့စည်း

ရန်ကုန်၊ ဧပြီ ၂၇။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်စိန်သည် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာများကို အကြံပေးနိုင်ရန်အတွက် အကြံပေး အဖွဲ့များကို စတင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေးအဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဒေါက်တာ ဦးနေဇင်လတ်နဲ့ ဦးရဲတင့်တို့ ပါဝင်ပြီး၊ စီးပွားရေးအကြံပေး အဖွဲ့တွင် ကုလသမဂ္ဂ၏ အကြီးတန်းစီးပွားရေးပညာရှင်ဟောင်း ဒေါက်တာဦးမြင့်၊ ဦးဝင်စတန်ဆက်အောင်နှင့် ဦးစိန်လှဘိုတို့ ပါဝင်ကြောင်း၊ ဥပဒေရေး အကြံပေးအဖွဲ့တွင် ဦးစစ်အေး၊ ဒေါ်ခင်မျိုးမြင့်နှင့် ဦးသန်းကျော်တို့ ပါဝင်ကြောင်း သိရသည်။

ဦးကိုကိုလှိုင်သည် တပ်မတော်မှ အငြိမ်းစား ဗိုလ်မှူးကြီးဟောင်းဖြစ်ပြီး အပတ်စဉ်ထုတ်ဝေလျက်ရှိသည့် သတင်းဂျာနယ်များတွင် နိုင်ငံတကာ ရေးရာနှင့် ပတ်သက်၍ ဆောင်းပါများရေးသားရှိသည့်အပြင် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသူဖြစ်သည်။

ဒေါက်တာနေဇင်လတ်မှာ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းတွင် အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အပတ်စဉ်ထုတ်ဝေလျက်ရှိသည့် သတင်းဂျာနယ်များတွင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆောင်းပါများ ရေးသားနေသူ ဖြစ်သည်။

ဦးရဲတင့်မှာ ကြေးမုံသတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့ပြီးနောက်ပိုင်းတွင် အကြံပေးအဖြစ် ဆက်လက် လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်သည်။

ဒေါက်တာဦးမြင့်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ နိုင်ငံရေးရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကော်မရှင်၊ အာရှနှင့် ပစိဖိတ်ဒေသရုံးတွင် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံများ၏ သုတေသနနှင့် ဖွံ့ဖြိုးရေးမူဝါဒများ လေ့ လာ ဆန်းစစ်ရေး ဌာနခွဲမှူး၊ အထက်တန်း စီးပွားရေး ပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

“ပါတဲ့သူတွေရဲ့ အနေအထားတွေနဲ့ သူတို့ရဲ့စာတွေကိုကြည့်ရတာတော့ အရာရာကို ခေါင်းညိမ့်တဲ့သူတွေတော့ မဟုတ်ဘူး။ အတွင်းစိတ် သန္တန်ကတော့ ဘယ်လိုနေမယ်မသိဘူး။ သူတို့တာဝန်ယူရတဲ့အပိုင်းမှာတော့ ကျွမ်းကျင်တဲ့သူတွေဆိုတာကိုတော့ ယုံကြည်တယ်။ မှန်မှန်ကန်ကန် သုံး သပ်နိုင်မယ်လို့ ထင်ပါတယ်။ သူတို့ရဲ့စိတ်တွေ၊ သူတို့ရဲ့ အကြံဥာဏ်တွေက သူတို့ရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်တွေအတိုင်းဆိုရင် ကောင်းတာပေါ့” ဟု စိးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော်သမ္မတက အကြံပေးအဖွဲ့များကို ဖွဲ့စည်းခြင်း ဖြစ်သည်။ ဖွဲ့စည်းသည့်နေ့မှာပင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သော်လည်း အစိုးရပိုင်သတင်းစာများ၌ ယနေ့ထိ ဖော်ပြခြင်း မရှိသေးပေ။

--------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် စက်မှုလယ်ယာကဏ္ဍအကောင်အထည်ဖော်မည်

ရန်ကုန်၊ ဧပြီ ၂၇။

ရန်ကုန်တိုင်းဒေသကြီးတွင် လယ်ယာလုပ်သားများ အလွန်ရှားပါးလာမှုတို့ကြောင့် လက်မှုလယ်ယာကဏ္ဍမှ စက်မှုလယ်ယာကဏ္ဍသို့ မဖြစ်မနေ ပြောင်းလဲရတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ တိုးတတ်လာသည့်ခေတ်နှင့်အညီ စက်ရုံများရှိ အမိုးအကာအောက်၌ အလုပ်လုပ်ကိုင်ရသည့်အရသာကို လယ်လုပ် သားများ အရသာတွေ့နေပြီဖြစ်ကြောင်း၊ မည်သည့်နည်းနှင့်မျှ ပြန်ခေါ်ယူ၍မရတော့သည့်အတွက် လယ်ယာလုပ်သားများ ရှားပါးလာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လယ်ယာလုပ်သားများရှားပါးလာရခြင်းမှာ နိုင်ငံတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ များပြားလာသည့်အတွက် လယ်ယာလုပ်သားများမှာ ယင်းစက်ရုံများအတွင်း သွားရောက်အလုပ် လုပ်ကိုင်မှု များပြားလာခြင်းတို့ကြောင့်ပင် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ပြောင်းလဲလာသည့် အစိုးရသစ်၊ နိုင်ငံတော်သစ်နှင့်အညီ မြန်မာနိုင်ငံအား ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် ပြောင်းလဲ လိုက်ပြီး နိုင်ငံတော်သမ္မတဦးသိန်းစိန် ပထမဆုံးပြောကြားခဲ့သည့် မိန့်ခွန်း၌လည်း မိမိတို့အစိုးရအနေဖြင့် လက်ရှိတိုးတတ်နေသည့် စိုက်ပျိုးရေးကဏ္ဍအား အရှိန်အပာုန်မပျက် ဆက်လက်တိုးတတ်ရန် ဆောင်ရွက်ရင်း ပြည်တွင်း၊ ပြည်ပအရင်းအနှီးများကို ရယူ၍ လက်မှုနိုင်ငံတော်မှ စက်မှုနိုင်ငံတော်အဖြစ် ကူးပြောင်းသွားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပထမဆုံး မိန့်ခွန်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့သည်။

ယခုကဲ့သို့ စက်မှုဇုန်လုပ်ငန်းများ များပြားလာသည့်အတွက် ယခင်လယ်ယာလုပ်သားများမှ အထည်ချုပ်လုပ်သားများအဖြစ် ပြောင်းလဲကုန် ကြောင်း၊ လယ်ယာလုပ်ငန်းသည်ပင်ပန်းသည့် လုပ်ငန်းဖြစ်သည့်အတွက် သက်သာသည့် အထည်ချုပ်လုပ်ငန်းများသို့သာ ပြောင်းလဲကုန်ကြကြောင်း၊ ထို့ကြောင့် ယခုကောက်စိုက်ချိန် ရာသီမျိုးတွင် ဘောလယ်ဘက်မှ ကောက်စိုက်လုပ်သားများကိုသာ ဌားရမ်း၍ စိုက်ပျိုးရတော့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး၌ လယ်ယာ လုပ်ငန်းအား လုပ်ကိုင်လျှက်ရှိသော လယ်ယာလုပ်သားတစ်ဦးကလည်း ပြောကြားခဲ့သည်။

နယ်မြို့များတွင်လည်း လယ်ယာလုပ်သားများသည် ပိုက်ဆံပိုမိုရရှိသည့် နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက်အလုပ်လုပ်ကိုင်မှု များပြား လာသည့်အတွက် လက်မှုလယ်ယာကဏ္ဍ၏ လယ်ယာလုပ်သားရှားပါးလာခြင်းပင် ဖြစ်ကြောင်း သိရသည်။

(အတွဲ-၇၊ အမှတ်-၁၅၊ ၂၈ ဧပြီ ၂၀၁၁ မြန်မာတိုင်းမ်ပါ “လယ်ယာလုပ်သားရှားပါးမှု ကြုံတွေ့နေရသဖြင့် စက်မှုလယ်ယာကို မဖြစ်မနေ အကောင်အထည်ဖော်ရန် လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်။)

-------------------------------------------------------------------------------------------------------------

ရပ်ကွက်အုပ်ချုပ်ရေးမှူး ပဏာမရွေးချယ်ခြင်း စတင်

ချောင်းဆုံ၊ ဧပြီ ၂၇။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပဏာမရွေးချယ်ခြင်းအစီအစဉ်များ စတင်နေပြီဖြစ်ကြောင်း မွန်ဒေသလုံးဆိုင် ရာ ဒီမိုကရေစီပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦး၏ ပြောကြားချက်အရ သိရသည်။

ပဏာမရွေးချယ်ရာတွင် ကျေးရွာတစ်ရွာဆီမှ ပြည်ခိုင်ဖြိုးပါတီမှ ၂ဦး၊ တစညပါတီမှ ၂ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီမှ ၂ဦး၊ မြို့နယ် အုပ်ချုပ်ရေးရုံးမှ ခန့်အပ်သော ကျေးရွာစာရေးများမှ ၂ဦး၊ ရပ်မိရပ်ဖများမှ ၂ဦးစီ ရွေးချယ်ပြီး ပြည်နယ်အစိုးရဆီသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အပြီးသတ်ရွေးချယ်မှုကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

ယခုအခါ ယခင် ရယကများကိုသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖြစ် ယာယီခန့်ထားကြောင်း သိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အခုအချိန်မှာ အိမ်အကူမထားတာ အကောင်းဆုံးပဲ။ မှုခင်းဖြစ်ပွားမှုတွေမှာ အိမ်အကူကြောင့် အမှုဖြစ်တာ အများဆုံးပဲ။ အိမ်ရှင်တွေက အလုပ်မအား တော့ အိမ်အကူတွေခေါ်တယ်။ အိမ်တစ်အိမ်လုံးကို အိမ်အကူနဲ့ လွှဲထားခဲ့တယ်။ အိမ်အကူတွေက အိမ်ပိုင်ရှင်တွေရဲ့ စီးပွားရေးအနေအထားကို ကြည့် တယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ဘယ်မှာထားတက်သလဲဆိုတာ ကြည့်ထားတယ်။ လူလည်းလစ်ကော ဝှက်ပြီးယူထားတယ်။ ပြီးရင် ပွဲစားနဲ့အချိန်း အချက်လုပ်ပြီး သယ်ထုတ်တယ်။ ပွဲစားအချို့က ပိုက်ဆံရှိအိမ်တွေရဲ့ ပစ္စည်းလိုချင်လို့ အိမ်အကူကတစ်ဆင့် သယ်ထုတ်ရလွယ်ကူအောင် လုပ်ကြတာ ဖြစ်ပါတယ်။ အိမ်အကူတချို့မှာ အိမ်အကူလုပ်ချင်လို့ လာကြတာ မဟုတ်ပါဘူး"

ဧပြီ ၂၉ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၅) တွင်ပါသည့် " အိမ်အကူများကြောင့် မှုခင်းဖြစ်ပွားမှု မြင့်တက်လာ" သတင်းမှ မြောက်ဥက္ကလာပမြို့နယ် ဒုတိယမြို့နယ်မှူး ရဲအုပ်ထွန်းဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော့် အမြင်ကတော့  အလုပ်ရှင်ရယ်၊ အလုပ်သမားရယ် နှစ်ဖက်စလုံးကနေပြီး အလုပ်ရှင်ကလည်း သူ့အလုပ်တွေ ပြီးမြောက်ဖို့အတွက် အလုပ် သမားဆိုတာ လိုတယ်။ အလုပ်သမားကလည်း  သူ့ဘဝရပ်တည်ဖို့အလုပ်လုပ်ဖို့လိုတယ်။ ဒါကို အဆင်ပြေဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုလိုအပ်တယ်။ ဆိုလိုတာက မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေထက် ဖွံ့ဖြိုးပြီးနိုင်ငံတွေ မတူဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှ တော့ ပိုပြီးလှအောင် ကစားတက်တယ်လို့ ပြောရမှပေါ့။ လောလောဆယ်အလုပ်သမားသမဂ္ဂတို့၊ ဘာတို့ဆို ဒီမှာဖွဲ့လို့မရသေးဘူးပေါ့နော်။ စောနေ သေးတာကို။ တကယ်တော့ ဒီနေ့ကျွန်တော်တို့ရောက်နေတာ ရာစုနှစ်အားဖြင့်သာ ၂၁ ရာစုဆိုပေမဲ့ တကယ်ရောက်နေတာ အဲဒီထက် နောက်ကျသလို ဖြစ်နေတယ်။ အလုပ်သမား အက်ဥပဒေတွေ ဘာတွေဟာ နောင်လာမဲ့လွှတ်တော်မှ ထွက်လာမယ်လို့ ထင်တယ်"

ဧပြီ ၂၉ ထုတ် The HOT NEWS အတွဲ(၁) အမှတ် (၃၇) တွင်ပါသည့် "အလုပ်သမားများ၏ ရပ်တည်မှု၊ ခံစားမှု၊ မတူကွဲပြားအမြင်" မှ အထွေထွေစီးပွားရေးလုပ်ငန်းစု လုပ်ငန်းရှင်ကြီး ဦးလှမောင်ရွှေ၏ ဖြေကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"၂၀၀၄ ခုနှစ်လောက်က တစ်လကို ကျပ် ၄၀၀၀၀ ကျော်ရခဲ့ပါတယ်။ အခုတော့ တစ်သိန်းခွဲရတယ်။ ကုမ္ပဏီကတော့ မတူတော့ဘူးပေါ့။ လစာများ လာတယ်လို့ သာမန်အားဖြင့် ထင်ရတယ်။ ဒါပေမယ့် ငွေက လုံးဝကို အသုံးမခံဘူး။ ပြောလိုက်ရင်သာ လစာတစ်သိန်းခွဲရတယ်ဆိုရင် ကိန်းဂဏန်းက ကြီးနေမှာ။ တကယ်တမ်းက အဲဒီတုန်းကရတာနဲ့ မကွာပါဘူး"

ဧပြီ ၂၉ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ်(၄) တွင်ပါသည့် "ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအချို့ ဝန်ထမ်းများ၏ မြို့ပြလူနေမှု စရိတ်မြင့်တက်ခြင်း ရင်ဆိုင်နေရမှုအပေါ် တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုအချို့ ပြုလုပ်လာ" သတင်းမှ ကမာရွတ်မြို့နယ် လှည်းတန်းတွင် နေထိုင်သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့  

တနေ့သ၌ ပြင်ဦးလွင် စစ်အင်ဂျင်နီယာဌာနချုပ်တွင် သုတေသနမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော သူငယ်ချင်းတစ်ဦးနှင့် စကားစမြည် ပြောနေရင်း ၎င်း၏ တာဝန်ဝတ္တရားများနှင့် လုပ်ဆောင်ချက်များသို့ စကားလမ်းကြောင်းရောက်သွားရာ သူငယ်ချင်းဖြစ်သူက "တပ်မှာက လုံခြုံရေး အရမ်း တင်းကြပ်တာကွ၊ ငါတို့က အရေးကြီးတဲ့ သတင်းအချက်  အလက်များကို ကိုင်ထားရတော့ လုံခြုံရေးကို ပိုသတိထားရတယ်။ Mainframe ကွန်ပြူတာကို ဖွင့်ဖို့  လက်ဗွေစိစစ်ချက် စက်နဲ့ နှစ်ခေါက်စစ်တယ်။ Mainframe ကွန်ပြူတာကြီးပွင့်တာနဲ့ ငါ့ကွန်ပြူတာကို ဖွင့်တယ်။ ကွန်ပြူတာ ဖွင့်တဲ့အခါမှာ လည်း passwordကို သုံးခုလောက်ခံထားတယ်။ ကွန်ပြူတာဖွင့်ပြီးတော့မှ Mainframe ထဲမှ data တွေကို ငါ့ကွန်ပြူတာထဲ ထည့်တယ်။ ပြီးတော့ အလုပ် လုပ်တယ်။ အလုပ်ပြီးသွားရင်လည်း အဲဒီအတိုင်းပဲ ငါ့ကွန်ပြူတာထဲက data တွေ အား လုံးကို Mainframe ကွန်ပြူတာကြီးထဲထည့်လိုက်တယ်" ဟု ရှည်လျားစွာ ပြောကြားသွားလေသည်။ ကျွန်တော်မှာ သူ ပြောပြသော တပ်၏လုံခြုံရေးစနစ်တိကျပုံကို အားရသဘောကျမိခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် အစ္စရေးတပ်မတော်၏ ဆောင်ရွက်ချက်များကို ဖတ်ဖူးမှတ်ဖူးသောကြောင့်ဖြစ်သည်။

စာဖတ်သူများ သိနှင့်ပြီးသည့်အတိုင်း အစ္စရေးနိုင်ငံမှာ မိမိမြေပေါ်မှ မိမိတို့ကိုဖယ်ရှားလိုသော ရန်သူနိုင်ငံများ ဘေးပတ်လည် ဝိုင်းရန်လျက် ရှိနေလေရာ အစ္စရေးနိုင်ငံသူ၊ နိုင်ငံသားတိုင်းသည် အမိမြေကို ကာကွယ်ရမည်ဟူသော အသိမှာ မွေးရာပါ တာဝန်တစ်ရပ်ကဲ့သို့ ဖြစ်နေလေသည်။ ထို့အတွက်ကြောင့်လည်း အစ္စရေးပြည်သူများ (အထူးသဖြင့် လူငယ်များ)မှာ အရေးပေါ် ပြည်သူ့စစ် ဆင်နွဲနိုင်သည်အထိ  စစ်ရေးစွမ်းအင် ပြည့်ဝကြသူများ ဖြစ်သည်။ အစ္စရေးစစ်တပ်၏ ရာထူးရွေးချယ်ပုံမှာလည်း တစ်ခြားနိုင်ငံများကဲ့သို့ ဆွဲခန့်စနစ်မဟုတ်ဘဲ အောက်လူများလက်ခံမှ ရာထူးတက်သည် ဒီမိုကရက်တစ်ပုံစံမျိုးဖြစ်လေသည်။ ထို့ကဲ့သို့ ယဉ်ကျေးမှုရေခံမြေခံများကြောင့် အစ္စရေးစွန့်ဦးတီတွင် စီးပွားရေးလုပ်ငန်းရှင် လူငယ်များမှ အစ္စရေး စစ်တပ်မှ ထူးချွန်စွာဖြင့် ထွက်လာကြသူများဖြစ်လေသည်။

လုံခြုံရေးနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံ၏ နောက်ထပ်နာမည်ကြီးသည့်တစ်ခုမှာ နာမည်ကျော် အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဖြစ်သော မော့စ်ဆက် ဖြစ်သည်။ မော့စ်ဆက်အဖွဲ့ကြီး၏ ထောက်လှမ်းမှုကောင်းသောကြောင့် ဂျူး လူမျိုးနှစ်သန်းကို သတ်ဖြတ်ရာ၌ အဓိကဇတ်ညွှန်းရေးသားသူ အိုက်ခမန်းကို အားဂျီတီးနားနိုင်ငံတွင် လက်ရဖမ်းမိခဲ့ရုံမျှမက အိမ်နီးချင်း အီဂျစ်၊ ဆီရီးယားနှင့် အီရန်နိုင်ငံတို့၏ရန်မှ လက်ဦးမှုရရှိအောင် တိုက်ခိုက် အောင်နိုင်ခဲ့လေသည်။ သို့နှင့် မော့စ်ဆက်အဖွဲ့၏ ထောက်လှမ်းရေးသတင်းများကြောင့် အစ္စရေးနိုင်ငံ  ရှင်သန်ရပ်တည်နိုင်ခဲ့သည်မှာ ယခုထိတိုင် ဖြစ် သည်။

မြန်မာနိုင်ငံသည်လည်း မိမိနိုင်ငံ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၉ အရ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟု ပါရှိနေသည် ဖြစ်ခြင်းကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမျိုးသားထောက်လှမ်းရေးအဖွဲ့(Nation al Investigation Bureau) ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိလေသည်။ ဖွဲ့စည်းပုံ အရ အမျိုးသားလုံခြုံရေးအဖွဲ့၏ အုပ်ချုပ်မှု အောက်တွင် NIB ကိုထားရှိမှာဖြစ်သည်။ NIB၏ အဓိကတာဝန်မှာ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါနိုင်သော ပြည်တွင်းရှိ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမျိုးကိုမဆို စောင့်ကြည့်အကဲခတ်ရန်ဖြစ်သည်။

သို့သော် နိုင်ငံအတွက် အရေးပါလှသည့် ဤကဲ့သို့သော အဖွဲ့အစည်းမျိုးမှာ နိုင်ငံရေးဆန်ဆန်လုပ်၍ကား မဖြစ်ပေ။ နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိပါးမှုမရှိသေးသ၍ ပြည်တွင်းရှိ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပါတီများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်အကဲခတ်ပြီး ပိတ်ဆို့ ဟန့်တားစေခြင်းဖြင့် မိမိတို့ အကျိုးစီးပွားကို အမြတ်ထုတ်ယူ၍ မသင့်။ NIB သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့တွင် ပါဝင်သော ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်သည်။

NIB ၏ အခန်းကဏ္ဍမှာ နယ်ခြားစောင့်တပ်အသွင်မပြောင်းသေးသော တိုင်းရင်းသားလက်နက်ကိုင်များ၏ အရေးကို ကိုင်တွယ်ရာ၌ အထူးရေးပါ မည်ဖြစ်သည်။ မကြာမီထုတ်ပြန်သည့် နိုင်ငံတော်အထူးရန်ပုံငွေကိစ္စသည်လည်း NIB နှင့် တိုက်ရိုက်သက်ဆိုင်နေမည်ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ်၏ ရန်ပုံငွေတောင်းဆိုချက်ကို သမ္မတကလက်ခံလျှင် ရရှိမည်ဖြစ်ပြီး မည်သည့် ဌာနဆိုင်ရာမှ ယင်းကိုစိစစ်ရန်မလိုဟု ပြဋ္ဌာန်းထားလေသည်။ သို့နှင့် NIB ၏လုပ်ဆောင်ချက်များသည် ကာကွယ်ရေးဦးစီချုပ်နေရာကို ရယူလိုက်သည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ တိုင်းပြည်လုံခြုံရေး စီမံချက်များကြောင့် မဟုတ်ဘဲ ယင်းနေရာမှ ထွက်ပေးလိုက်သည့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အကျိုးစီးပွားမဖြစ်ဖို့ရန်မှာ နိုင်ငံအတွက်လွန်စွာ အရေးကြီးပါကြောင်း။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs