Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၆.၅.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာက အာဆီယံ ဥက္ကဋ္ဌ လုပ်ရန် ဆန္ဒရှိ

(ABC Radio Australia မှ 6th May 2011 ရက်စွဲပါ “Burma keen to Chair Asean” သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ သမ္မတသစ် ဦးသိန်းစိန်က “မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံ ဥက္ကဋ္ဌ နေရာကို တာဝန်ယူရန် စိတ်ဝင်စားကြောင်း” သမ္မတတစ်ဦး အနေဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံး ရောက်ရှိသည့် ခရီးစဉ် အတွင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

၎င်း၏ သဘောထားများကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီ ဂါဝါက သတင်းထောက်များအား ပြန်လည် ပြောကြား ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဦးသိန်းစိန်သည် နှစ်နိုင်ငံနှင့် ဒေသတွင်း ဆက်ဆံရေးများ၊ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်စေမည့် နည်းလမ်းများကို ဆွေးနွေးရန် အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို နှင့်လည်း သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည်။

ဦးသိန်းစိန်သည် ယခု သီတင်းပတ်ကုန် ၁၈ ကြိမ်မြောက် ထိပ်သီး ညီလာခံကို တက်ရောက်ရန် ရှိနေပြီး ညီလာခံ အဝန်းအဝိုင်းတွင် အာဆီယံ ခေါင်းဆောင်များနှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲများ ပြုလုပ်မည်ဟု မျှော်လင့်ရသည်။

မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်ကလည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရန် အခွင့်အရေး ကြုံခဲ့သော်လည်း ယင်းနိုင်ငံ၏ လူအခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကြောင့် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများက အာဆီယံအစည်းအဝေးများကို သပိတ်မှောက်မည်ဟု ခြိမ်းခြောက် ခဲ့ကြသဖြင့် ယခင်တစ်ကြိမ် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

****************************************************************************************************************

မြန်မာက ဥက္ကဌ လုပ်မည့်ကိစ္စ အာဆီယံတွင် အခြေအတင် ဆွေးနွေး

(Bangkok Post မှ 5th May 2011 ရက်စွဲပါ “Asean discusses Burma chairmanship” သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဌ ကိစ္စသည် အာဆီယံ ထိပ်ပိုင်း တာဝန်ရှိသူများ၏ အစည်းအဝေးတွင် လည်းကောင်း၊ အပြိုင်ကျင်းပသည့် အာဆီယံ အရပ်ဖက် လူ့အဖွဲ့အစည်းများ ညီလာခံ ACSC (သို့) အာဆီယံ လူထုဖိုရမ် APF တွင်လည်းကောင်း သီးခြား ဆွေးနွေးကြသည့် အဓိက ကိစ္စ ရပ်များထဲတွင် တစ်ခု အပါအဝင် ဖြစ်သည်။

ကြာသပတေးနေ့တွင် ပြီးဆုံးခဲ့သည့် ၃ ရက်ကြာ ACSC/APF ညီလာခံ အတောအတွင်း မြန်မာ အစိုးရ စပွန်စာပေးသော NGO အဖွဲ့များနှင့် လွတ်လပ်သော ပြည်ပရောက် NGO အဖွဲ့များအကြား အချေအတင် ငြင်းခုန်မှုများ ရှိခဲ့သည်။ မြန်မာ အစိုးရ ဆန့်ကျင်သည့် NGO များက အာဆီယံ အဖွဲ့အား မြန်မာနိုင်ငံမှ များပြားသော လူ့အခွင့်အရေး နှိပ်စက် ညှင်းပန်းမှုများနှင့် ပတ်သက်သည့် ကုလသမဂ္ဂ စုံစမ်းရေး ကော်မတီ ဖွဲ့စည်းမှု အပေါ် ထောက်ခံရေးကို အလေးထား စဉ်းစားရန်နှင့် မြန်မာနိုင်ငံ၏ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရန် ကြိုးစားမှုကိုလည်း ဒီမိုကရေစီ ပြောင်းလဲမှု နှေးကွေးခြင်းကို အကြောင်းပြု၍ ဆိုင်းငံ့ထားရန် အဆိုပြုခဲ့သည်။

ထို့အပြင် မြန်မာ အစိုးရ ဆန့်ကျင်သည့် NGO များက အာဆီယံ အဖွဲ့အား စစ်ပြေး ဒုက္ခသည်များ၏ လူသားခြင်း စာနာထောက်ထားရေး ကိစ္စ ရပ်များ အပေါ် ပိုမို ဂရုစိုက် အလေးထားရန် တောင်းဆိုခဲ့ကြသည်။ ၎င်းတို့၏ တောင်းဆိုမှုများကို မြန်မာ အစိုးရ စပွန်စာ ပေးသော NGO များမှ အဖွဲ့ဝင်များက ပြင်းပြင်းထန်ထန် ပြန်လည် အငြင်းပွားခဲ့ကြသည်။

အာဆီယံ ထိပ်ပိုင်း တာဝန်ရှိသူများ အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံ ၂၀၁၆ သို့ ရောက်မှ ဥက္ကဋ္ဌ တာဝန်ယူရန်နှင့် ယခု လောလောဆယ် မလေးရှားကို အစားထိုး ဝင်ခွင့်ပြုရန် စင်္ကာပူနိုင်ငံက အကြံပြုခဲ့သည်ဟု ကျိုဒို သတင်းဌာနက ကြားသိရသည်။ သို့သော်လည်း ထိုင်းကိုယ်စားလှယ်က မူလစီစဉ်ထားသည့် အချိန်အပိုင်းအခြား အတိုင်း ၂၀၁၄ တွင် ဥက္ကဋ္ဌ တာဝန်ယူလျှင်လည်း မြန်မာနိုင်ငံ အတွက် ပြဿနာ မရှိနိုင်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

၂၀၀၅ ခုနှစ်ကလည်း မြန်မာနိုင်ငံ ဥက္ကဋ္ဌ လုပ်မည့် အလှည့်ကို အာဆီယံက အောင်မြင်စွာ ဆိုင်းငံ့ထားခဲ့ပြီး အဆင်သင့် ဖြစ်ပြီဟု ၎င်းတို့ ယူဆ ချိန်တွင် ပြန်လည် စတင်ရန် သဘောတူခဲ့ကြသည်။ ထိုစဉ်က မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ နေရာမပေးစေရန် အမေရိကန် ပြည်ထောင်စုနှင့် အီးယူက အာဆီယံကို ဖိအားပေးခဲ့ကြသည်။ ယခုတခေါက် မြန်မာနိုင်ငံ၏ ဥက္ကဌ ကိစ္စကို သောကြာနေ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်း အဝေးတွင် စဉ်းစား သုံးသပ်ကြရန် ရှိနေသည်။

************************************************************************************************************

မြန်မာ အစိုးရသစ် ဒီမိုကရေစီ ရှေ့ရှု လုပ်ဆောင်သင့်

(The Yomiuri Shimbun မှ 3rd May 2011 ရက်စွဲပါ “New Myanmar govt must more toward democracy” ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော မြန်မာ အစိုးရသစ် ယခင်လက စတင် တာဝန်ယူခဲ့ပြီ ဖြစ်ရာ ၂၂ နှစ်ကြာ စစ်အုပ်ချုပ်ရေး အဆုံးသတ် သွားပြီ ဖြစ်သည်။

နိုဝင်ဘာလက ရွေးကောက်ပွဲများ အပြီး နှေးကွေးစွာ ကျင်းပနေသည့် ၂ လကြာ လွှတ်တော် အစည်းအဝေးများမှ တစ်ဆင့် သမ္မတသစ်ကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း အစိုးရ အဖွဲ့သစ်သည် စစ်အုပ်ချုပ်ရေးကို အတွင်းသဏ္ဍာန်၌ အသက်သွင်းထားခဲ့ပြီး အရပ်ဖက် အုပ်ချုပ်ရေးသို့ ကူးပြောင်းမှုကို အပေါ်ယံ ပြသရန် ရည်ရွယ် ဖန်တီးထား သည့် အစိုးရသာ ဖြစ်သည်။ ဦးသိန်းစိန်သည် ယခင် တပ်မတော် အစိုးရ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပြီး အစိုးရ အဖွဲ့သစ်၏ ဝန်ကြီး ၉၀ ရာခိုင်နှုန်းမှာလည်း ယခင် အစိုးရဟောင်းမှ ဝန်ကြီးများ (သို့) တပ်မတော် ခေါင်းဆောင်များသာ ဖြစ်သည်။

ထို့အပြင် အထက် လွှတ်တော် ကိုယ်စားလှယ် ၂၂၄ နေရာနှင့် အောက်လွှတ်တော် ကိုယ်စားလှယ် ၄၄၀ နေရာတို့၏ လေးပုံတစ်ပုံကို တပ်မတော် ကိုယ်စားလှယ်များ အတွက် သီးသန့် ဖယ်ထားပေးပြီး ဖြစ်သည်။ ဤစနစ်ကို ပြောင်းလဲပစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်မှုကို လိုအပ် သော်လည်း ထိုသို့ ပြင်ဆင်မည်ဆိုလျှင် လွှတ်တော် ကိုယ်စားလှယ် လေးပုံသုံးပုံ၏ အတည်ပြု ထောက်ခံမှုကို လိုအပ်သည်။ ဤအချက်သည် အခြေခံ ဥပဒေ ပြင်ဆင်မည့် ကိစ္စအပေါ် တပ်မတော်က ဗီတိုအာဏာ သက်ရောက်နေသည့် သဘောပင် ဖြစ်သည်။

တပ်မတော် အစိုးရ၏ အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မှ အနားယူသွားပြီ ဖြစ်သော်လည်း ပြည်တွင်း စစ်ဖက် သတင်း အချက်အလက်များကို ဆက်လက်၍ လက်ခံနေမည် ဟု ယူဆရသည်။ တပ်မတော် အပေါ် သူ၏ သြဇာ ဆက်၍ ညောင်းစေရန် ရည်ရွယ်ထားပေလိမ့်မည်။

မျှော်လင့်ချက်ရောင်ခြည်

မည်သို့ပင်ဖြစ်စေ၊ မျှော်လင့်ချက် ရောင်ခြည် ပါးပါးလေး အတွင်း၌ ရှိနေသည်။ လွှတ်တော်နှစ်ရပ်၏ ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံခန့်ကို ဒီမိုကရေစီ လိုလားသော ပါတီများနှင့် တိုင်းရင်းသားပါတီများက ရရှိထားသည်။ သို့ဖြစ်ရာ တပ်မတော် အစိုးရ ခေတ်ကာလတွင် လျစ်လျူရှုခံခဲ့ရသော ပြည်သူတို့၏ “အသံ” များကို ကိုယ်စားပြုရန် လွှတ်တော်တွင်း၌ အုတ်မြစ်ချ နိုင်ခဲ့ပြီဟု ဆိုနိုင်သည်။

လူသိများ၊ ရေပန်းစား ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာ ရွေးကောက်ပွဲ ဝင်ခွင့်မရ ခဲ့သော်လည်း အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း သူမ၏ လှုပ်ရှားမှုများကို ပြန်လည် စတင်နေပြီ ဖြစ်သည်။ အကယ်၍သာ အစိုးရ အဖွဲ့သစ်က ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမည် ဆိုပါက အမျိုးသား ပြန်လည် စေ့စပ် ညှိနှိုင်းရေးကို ဦးတည်သည့် လုပ်ဆောင်မှု တစ်ခုအဖြစ် တိုးတက် ပြောင်းလဲလာ ပေလိမ့်မည်။

ယခင်လက ပြောကြားသောမိန့်ခွန်းတွင် ဦးသိန်းစိန်က ၎င်း၏အစိုးရသည် ဓာတ်အားပေးစက်ရုံများ၊ လေဆိပ်များတည်ဆောက်ခြင်းကို အထောက်အကူ ဖြစ်စေရန် မြန်မာ့ သဘာဝ  သယံဇာတများကို အသုံးပြုခြင်းဖြင့် နိုင်ငံတော် ပြန်လည် တည်ဆောက်မှုကို အားပေးသွားမည် ဖြစ် ကြောင်း ပြောကြားခဲ့သော်လည်း အတိုက်အခံ အင်အားစု များနှင့် ပြန်လည် စေ့စပ် ညှိနှိုင်းရေးကိုမူ လေသံပင် မဟခဲ့ပါ။ ဤသည်မှာ အရပ်ဖက် အုပ်ချုပ်ရေးသို့ အာဏာ လွှဲပြောင်းပေးရန် ကတိပြုထားခြင်းကို ဖောက်ဖျက်သည့် သိက္ခာမဲ့မှု တစ်ခုပင် ဖြစ်သည်။

အာဆီယံ ရည်မှန်းချက်များ

အာဆီယံ အဖွဲ့၏ ၂၀၁၄ အတွက် အလှည့်ကျ ဥက္ကဌ နေရာကို မြန်မာနိုင်ငံ ရရှိရေး အတွက် ယခု မြန်မာ အစိုးရသစ်က တွန်းအားပေးလျက် ရှိ သည်။ မြန်မာနိုင်ငံတွင် အရပ်ဖက် အစိုးရသို့ ကူးပြောင်းခဲ့ခြင်းကို အကြောင်းပြကာ အိမ်နီးချင်း တိုင်းပြည်များနှင့် ဆက်ဆံရေး တိုးတက်စေရန် ရည်ရွယ် ခြင်း ဖြစ်သည်ဟု ယူဆ ယုံကြည်ရသည်။

တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့က မြန်မာနိုင်ငံ၏ ကြွယ်ဝသော သဘာဝဓာတ်ငွေ့သိုက်များကို ထုတ်ယူခွင့် ရရှိရေး အတွက် မြန်မာ အစိုးရကို ချဉ်းကပ်နေကြခြင်း ဖြစ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင် ကျားချင့်လင်ကို ဧပြီလဆန်းတွင် မြန်မာနိုင်ငံသို့ စေလွှတ်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ပြေလည်သော သံတမန် ဆက်ဆံရေးကို တက်ကြွစွာ မွေးဖွားလျက် ရှိသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်သို့ ဦးတည် ရွေ့လျားခြင်းကို အားပေး တိုက်တွန်းနိုင်ရန် အတွက် မြန်မာနိုင်ငံတွင် အစိုးရ အဖွဲ့သစ် အာဏာ ရလာခြင်းကို အားသာချက် အဖြစ် အခွင့်အရေးယူရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျွန်ုပ်တို့ တိုက်တွန်းအပ်သည်။

ယခုအခါ ဥရောပ သမဂ္ဂကလည်း မြန်မာ စစ်ဖက်နှင့် ထဲထဲဝင်ဝင် ဆက်နွယ်ခြင်း မရှိသော အစိုးရ အဖွဲ့ဝင် အရပ်သား ဝန်ကြီးစစ်စစ်များ အပေါ် ခရီးသွားလာမှု တားမြစ်ခြင်းနှင့် ဘဏ္ဍာရေး ပိတ်ပင်မှုတို့ကို ရုတ်သိမ်းပေးထားသည်။ Sanctions များကို ရိုးရိုးရှင်းရှင်း တင်းကြပ်ရုံမျှဖြင့် လိုချင် သော ရလဒ်များ မထွက်ပေါ်နိုင် ဟူသော အချက်ကို အီးယူက အကဲဖြတ် နိုင်ခဲ့ပုံရသည်။

ဂျပန်နိုင်ငံကမူ တွေ့ဆုံ ဆွေးနွေးရေးကို လူသားခြင်း စာနာသော အထောက်အပံ့များ၊ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များဖြင့် ကန့်သတ် ထားသော မူဝါဒကို ဆက်လက် ကျင့်သုံးနေသည်။ ယခုအခါ ဂျပန်နိုင်ငံ အနေဖြင့်  မြန်မာနိုင်ငံအား အမျိုးသား ပြန်လည် စေ့စပ် ပေါင်းစည်းရေးသို့ ဦးတည်အောင် တွန်းအားပေးရာတွင် အရှေ့တောင်အာရှ နိုင်ငံများနှင့် လက်တွဲ ပူးပေါင်း ဆောင်ရွက်ရန် မဖြစ်မနေ လိုအပ်နေကြောင်း တိုက်တွန်း ရေးသား လိုက်သည်။

****************************************************************************************************************

အမည်သာပြောင်း၍ စစ်အာဏာရှင် စနစ်တွင်သာ ရှိနေသေးသော မြန်မာ

(New Internationalist မှ ခေါင်းကြီးဖြစ်သော A military dictatorship in all but name ကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ပေါ်နေပြီဟု တစ်စုံတစ်ယောက်က တွေးထင်ခဲ့လျှင်လည်း ခွင့်လွှတ်လိုက်ရမည်သာ ဖြစ်သည်။ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော စစ်အစိုးရသည် အာဏာကို ပါလီမန်သို့ လွှဲပေးပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဒီမိုကရေစီ လမ်းညွှန်မြေပုံ၏ အောင်ပွဲအဖြစ် ပြောဆိုကာ လုပ်ပြခဲ့သည်။

ဒီမိုကရေစီ အစစ်အမှန်မှာ ယခု လမ်းညွှန်မြေပုံထက် များစွာ ကြိုးစား လုပ်ဆောင်ရန် လိုအပ်ပေသည်။ တကယ့် ဒီမိုကရေစီတွင် လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲများ ရှိရမည်။ လူ့အခွင့်အရေးကို လေးစားရမည်။ ဥပဒေ ရှေ့မှောက်တွင် အားလုံး တန်းတူရှိရမည်။ ထို့ကြောင့် အမျိုး သမီးများ တိုင်းရင်းသား လူမျိုးစုများ အပါအဝင် မြန်မာနိုင်ငံမှ လူအများသည် ယခုလို ဒီမိုကရေစီကို ဗန်းပြ၍ အပေါ်ယံ သကာရည်လောင်းမှုကို ယုံကြည်မှု မရှိကြရန် ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်သည် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် ဆိုးရွားသော အခြေအနေဖြင့် နေထိုင်နေကြရသည်။ တိုင်းရင်းသား လူမျိုးများသည် အဓမ္မ လုပ်အားပေးစေခြင်းနှင့် သတ်ဖြတ်ခြင်းများ ကို ကြောက်ရွံ့သဖြင့် တောထဲတွင် ညများစွာ ပုန်းအောင်း နေကြရ သည်။ အမျိုးသမီးများမှာလည်း အဓမ္မပြုကျင့်ခြင်း၊ နှိပ်စက်ခြင်းများ ပြုလုပ်ကြသော စစ်သားများ ချမ်းသာပေးမှ အေးရသော ဘဝများတွင် ရှိနေကြသည်။ ကလေးများကို လည်း ၎င်းတို့၏ မိဘများထံမှ လုယူပြီး စစ်သားများ အတွက် ပေါ်တာ ဆွဲခြင်း၊ မိုင်းရှင်းရာတွင် အသုံးပြုခြင်းများ ပြုလုပ် လျက် ရှိသည်။ အမှန်တကယ်ပင် ဒီမိုကရေစီတွင် အထက်ပါ လုပ်ရပ်များ မပါဝင်ပေ။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို ထပ်တလဲလဲ တောင်းဆိုခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားများနှင့် အစိုးရတို့ စစ်မှန်သော ဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ထိုသို့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ရန် အကြောင်း လုံးဝ မမြင်ပေ။ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးသဖြင့် တိုင်းရင်းသား ဧရိယာများတွင် လျော့မသွားပဲ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတမှု မရှိခဲ့ပေ။ ထို့ကြောင့် ယခု ပါလီမန် အသစ်သည် စစ်အစိုးရ ဟောင်းနှင့်အတူတူ ဖြစ်သည် ဆိုသည့်အချက်မှာ အံ့သြစရာအချက်တစ်ခု မဟုတ်ပေ။ ယခုခေါင်းဆောင် ဦးသိန်းစိန်သည် စစ်တပ်ပါတီ၏ ခေါင်းဆောင် ဖြစ်ပြီး၊ သန်းရွှေ၏ သစ္စာခံ မဟာမိတ် ဖြစ်နေသည်။ ထို့ကြောင့် မကြာမီက Economic Intelligence Unit က နာမည်ပြောင်းခြင်းမှ လွဲ၍ စစ်အာဏာရှင် အဖြစ် ရှိနေဆဲဟု ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

               ထူးဆန်းစွာပင် တိုင်းပြည် အများစုသည် အမှန်တကယ် ပြောင်းလဲမှု မဟုတ်သေးသည်ကို လှစ်လျူရှု လိုနေကြသည်။ အိန္ဒိယနှင့် ဂျာမဏီ ကဲ့သို့သော ဒီမိုကရေစီ တိုင်းပြည်များသည် ပြီးခဲ့သည့် နိုဝင်ဘာလက ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းကြောင့် အရေးယူမှုများ ဖြေလျော့ရန် အချိန်ရောက်ပြီဟု ဆိုခဲ့ကြသည်။ ဝမ်းနည်းစရာ ကောင်းသည့် အချက်မှာ ဒေါ်အောင်ဆန်းစုကြည်မှာ အမှန်တကယ် လွတ်မြောက်ခြင်း မရှိခြင်း ဖြစ်သည်။

သူမအား လွှတ်ပေးပြီး သုံးလအကြာတွင် နိုင်ငံပိုင် သတင်းစာ ဖြစ်သော New Light of Myanmar တွင် “ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ပါတီသည် လမ်းမှားဆက်လိုက် နေမည်ဆိုလျှင် ကြေကွဲဖွယ် နိဂုံးချုပ်ရလိမ့်မည်” ဟု ခြိမ်းခြောက်ထားသည်။ လအတန်ကြာ ငြိမ်သက်နေပြီးမှ မြန်မာ အစိုးရ တာဝန်ရှိသူများသည် ဒေါ်အောင်ဆန်းစုကြည်အား အဆက်မပြတ် ထောက်ခံခဲ့သော နိုဘယ်ဆုရှင် ခြောက်ဦးအား သူမထံ လာရောက် လည် ပတ်ရန် ဗီဇာလျှောက်ထားခြင်းကို ခွင့်ပြုခဲ့ခြင်း မရှိပေ။ အထက်ပါ လုပ်ရပ်များသည် မတော်တဆ မှားယွင်းခြင်း မဟုတ်ပေ။ အစိုးရသည် ဒေါ်အောင်ဆန်း စုကြည်အား နိုင်ငံတကာ လှုပ်ရှားသူများနှင့် အလုပ်လုပ်ခြင်း အတွက် အလုပ်မဖြစ်ရန် ပြုလုပ်ခြင်းပင် ဖြစ်သည်။

မြန်မာ နိုင်ငံသည် နေ့စဉ်နှင့်အမျှ နိုင်ငံတကာ စံဥပဒေများကို ချိုးဖောက်လျက် ရှိရာ၊ ထိုကိစ္စ ပြောင်းလဲပစ်မည့် လက္ခဏာ မတွေ့ရသေးပေ။ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်သော ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Tomas Ojea Quintana သည် အမှန်တရားကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် ပြီးခဲ့သည့် ဧပြီလက ပြုလုပ်သော လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးတွင် မြန်မာနိုင်ငံ အပေါ် စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ထောက်ခံမှုအား ထပ်မံ တင်ပြခဲ့သည်။ အဆိုပါ ကိစ္စအား မြန်မာနိုင်ငံမှ အမျိုးသမီးများက အားကောင်းစွာ ထောက်ခံခဲ့ သည်။

ပြီးခဲ့သည့်နှစ်က သတ္တိကောင်းသော အမျိုးသမီး ၁၂ ဦးသည် ထောင်ပေါင်းများစွာသော အမျိုးသမီးထုကို ကိုယ်စားပြု၍ နယူးယောက်သို့ သွားရောက် ကာ နိုင်ငံတကာ တရားရုံးရှေ့၌ မြန်မာ စစ်တပ်၏ နှိပ်စက်မှုကြောင့် ခံစားရမှုများကို အစစ်ခံခဲ့ကြသည်။ ၎င်းတို့ အစစ်ခံချက်များသည် နိုင်ငံတကာတွင် မည်သို့ ရှိမည် မသိသော်လည်း မြန်မာနိုင်ငံတွင်မူ ဖြစ်ရိုးဖြစ်စဉ်များသာ ဖြစ်သည်ဟု ဆိုကြသည်။ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ထူထောင်ရန် အခြေခံ အချက်များ ဖြစ်သည်ဟု ဆိုသည်။

ဝမ်းနည်းစရာကောင်းသည်မှာ အဆိုပါ အမျိုးသမီးများ၏ ရဲရင့်မှုများကို ယခု တစ်နှစ်ခန့်ကြာသော် နိုင်ငံတကာ အသိုင်းအဝိုင်းက မေ့သွားခြင်း ပင် ဖြစ်သည်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင် ခေတ်သစ်အတွက် အရုဏ်ဦး မဟုတ်သေး ပေ။ ယခင်အတိုင်းပင် ရှိနေဆဲ ဖြစ်သည်။ စစ်တပ်က အာဏာကို မြဲမြံစွာ ကိုင်စွဲထားဆဲ ဖြစ်ရာ၊ မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် တိုင်းရင်းသားများမှာ အရပ်သား အစိုးရသစ် လက်ထဲတွင်လည်း ယခင် အတိုင်း ဆက်၍ နှိပ်စက်မှုကို ခံစားနေကြရဦးမည်သာ ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လစ်ဗျားရှိ ဒီမိုကရေစီ ဘက်တော်သားများကို ကူညီခဲ့သလို၊ မြန်မာ ပြည်သူများအား မိမိတို့၏ ကတိနှင့် အညီ လုပ်ဆောင်ပြရန် အချိန်ရောက်ပြီ ဖြစ်သည်။ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် အချိန်မဆွဲသင့်တော့ပေ။

*******************************************************************************************************************

မြန်မာက RI မှ လက်နက်ဝယ်သည် ဆိုခြင်းကို အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ငြင်းဆို

(5th May 2011 ရက်စွဲပါ The Jakata Post မှ “Foreign minister denies Myanmar purchasing arms from RI” သတင်းကို ဘာသာပြန်ဆိုသည်။)

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် မြန်မာနိုင်ငံသည် အင်ဒိုနီးရှား နိုင်ငံပိုင် လက်နက် ထုတ်လုပ်သော PT Pindad မှ လက်နက်များ ဝယ်ယူရန် စီစဉ်နေသည် ဆိုသည်ကို မသိရှိကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံ ဒါမှမဟုတ် အခြားနိုင်ငံ တစ်ခုကို လက်နက် ရောင်းမယ်ဆိုတဲ့ အစီအစဉ်ကို ကျွန်တော် မသိပါဘူး” ဟု ၎င်းက The Jakata Post သို့ ပြောကြားခဲ့သည်။ လက်နက် ရောင်းဝယ်သော ကိစ္စမှာ ဆွေးနွေးရန် နက်နဲသော ကိစ္စဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ “လေးစားလိုက်နာရ မယ့် စံတွေ စည်းမျဉ်းတွေ ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာလည်း ဒါတွေကို ထည့်သွင်းလိုက်နာ သွားမှာပါ” ဟု Marty က ပြောသည်။

**********************************************************************************************************************

အင်ဒိုနီးရှားနှင့် မြန်မာ သမ္မတနှစ်ဦး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆွေးနွေး

(Jakarta Post မှသတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် အင်ဒိုနီးရှားသမ္မတ ဆူစီလိုဘမ်ဘန်းယူဒိုယိုနိုတို့ ဂျကာတာမြို့တွင် မေလ ၅ ရက်နေ့က တွေ့ဆုံကာ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံရေးမြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း Jakarta Post သတင်းစာကရေးသားဖော်ပြသည်။

မြန်မာနှင့် အင်ဒိုနီးရှားသမ္မတနှစ်ဦးသည် မြို့တော်ဂျကာတာရှိ သမ္မတဧည့်နန်းတော်၌ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး နှင့် ယဉ်ကျေးမှုအစရှိသော အခန်းကဏ္ဍတို့၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ထည့်သွင်းခဲ့ကြောင်းသိရသည်။

"နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲဟာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အရေး တွေ ရှာဖွေဖို့လည်းဖြစ်ပါတယ်။ အထူးသဖြင့် စွမ်းအင်နဲ့ လယ်ယာစိုက်ပျိုးရေးလိုအခန်းကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ပါ။ အဲဒီအခန်းကဏ္ဍနှစ်ခုမှာ မိတ်ဖွဲ့ဆောင်ရွက်မယ့်ကိစ္စကလည်း စွမ်းအင်နဲ့စားနပ်ရိက္ခာလုံခြုံရေးဆိုတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးစားပေးမှုနဲ့တစ်ပြေးညီဖြစ်ပါတယ်" ဟု အင်ဒိုနီးရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Teuku Faizasyah က ဆိုသည်။

"သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်အလည်အပတ်ခရီးစဉ်ဟာ အင်ဒိုနီးရှားနဲ့ မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးကို ထင်ဟပ်စေ ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ နိုင်ငံရေးလမ်းပြမြေပုံအဆင့် ၇ဆင့်ကို အပြီးသတ် အကောင် အထည်ဖော်ပြီး သမ္မတရွေးကောက်တင်မြှောက်မှု ပြီးစီးသွားတဲ့နောက် မြန်မာသမ္မတကြီး ဦးသိန်းစိန်ရဲ့ ပထမဆုံးခရီးစဉ် လည်း ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa အဆိုအရသမ္မတကြီးနှစ်ဦးသည် လာမည့် ၂၀၁၅ ခုနှစ်မှစ၍ အပြန်အလှန် ကုန်သွယ်ရေး တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၅၀၀ မြှင့်တင်ရန်ဆွေးနွေးပွဲ၌ ဆုံးဖြတ်ခဲ့ကြကြောင်းသိရ သည်။

***************************************************************************************************************

၂၀၁၅ တွင် ကုန်သွယ်ရေး ပမာဏ ဒေါ်လာသန်း ၅၀၀ သို့ ရောက်ရှိရန် အင်ဒိုနီးရှားနှင့် မြန်မာ မျှော်မှန်း

(Jakarta Post မှ 5th May 2011 ရက်စွဲပါ “RI, Myanmar eye trade volume to reach $ 500 m in 2015” သတင်းကို ဘာသာပြန်ဆိုသည်။)

အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို က မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် နှစ်နိုင်ငံ ဆွေးနွေးပွဲတွင် ၂၀၁၅ ၌ ကုန်သွယ်ရေး ပမာဏ အမေရိကန် ဒေါ်လာ သန်း ၅၀၀ သို့ ရောက်ရှိရေး ရည်မှန်းချက်ကို သဘောတူညီမှု ရရှိခဲ့သည်ဟု သိရှိရသည်။

အစည်းအဝေးအပြီး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလီ ဂါဝါက “နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကျယ်ပြန့်သော စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ကိစ္စရပ်များနှင့် မြန်မာနိုင်ငံမှ ဒီမိုကရေစီ ထွန်းကားရေး လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်” ဟု ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အထူးသဖြင့် စွမ်းအင်၊ စားသောက်ကုန်၊ အခြေခံ အဆောက်အဦ ကဏ္ဍတွေမှာ အင်ဒိုနီးရှားရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးလာအောင် ကြိုးပမ်းကြဖို့ကိုလည်း ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်” ဟု ဆိုသည်။

မတ်လ ၃၀ ရက်နေ့က အာဏာ ရယူခဲ့သော သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ ပထမဆုံး နိုင်ငံ့ခေါင်းဆောင် ခရီးစဉ်အဖြစ် ယခု သီတင်းပတ်ကုန် အာဆီယံ ခေါင်းဆောင်များ ထိပ်သီးညီလာခံ မတိုင်မီ နှစ်ရက် ကြိုတင်၍ အင်ဒိုနီးရှားသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

**************************************************************************************************************

စင်ကာပူနှင့် ဂျပန်ကုမ္ပဏီများ ပူးပေါင်း၍ မြန်မာတွင် ရေနံရှာဖွေမည်

(5 May 2011 ရက်စွဲပါ The Business Times မှ “S’pore, Japan firms in tie-up to explore oil in Myanmar” ကို ဘာသာပြန်ဆိုသည်)

စင်ကာပူ ကုမ္ပဏီနှစ်ခု ဖြစ်သော Silver Wave Energy Pte Ltd နှင့် BFI Holding Pte Ltd တို့သည် ဂျပန်နိုင်ငံမှ Star Holding Corporation တို့ဖြင့် ဖက်စပ်ပြုလုပ်၍ မြန်မာနိုင်ငံတွင်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေမည်ဖြစ်သည်။

ဖက်စပ်ကုမ္ပဏီတစ်ခု ဖြစ်သော Silver Wave Exploration + Production က ယမန်နေ့က ကြေညာချက် ထုတ်ပြန်ရာတွင် ယင်းသည် မြန်မာနိုင်ငံမြောက်ပိုင်းအကွက် B (B2) တွင် ရေနံရှာဖွေရန် နိုင်ငံပိုင်မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ထုတ်လုပ်မှုအကျိုးတူ ခံစားခွင့် ကန်ထရိုက် (PSC) လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အကွက် B (B2) သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်းတောင်ကြားတွင် တည်ရှိပြီး ၁၉၀၆၆ စတုရန် ကီလိုမီတာ ကျယ် သော ရေနံလုပ်ကွက်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ရေနံထုတ်လုပ်သူများတွင် ပါဝင်ပြီး ၁၈၅၃ ခုနှစ်တွင် ရေနံကို နိုင်ငံခြားသို့ စတင် ရောင်းချခဲ့ သည်။ မြန်မာနိုင်ငံသည် ၁၉၉၈ ခုနှစ်ကပင် နိုင်ငံခြားကုမ္ပဏီများအား ရေနံရှာဖွေရန် ခွင့်ပြုခဲ့ သည်။

၂၀၀၇ ခုနှစ်တွင် Silver Wave Energy သည် မြန်မာနိုင်ငံ ကုန်းတွင်းရေနံ ရှာဖွေရေး အကွက် (၁၆) ကွက်တွင် ရေနံ ရှာဖွေနေကြသော နိုင်ငံခြား ကုမ္ပဏီ (၉) ခုတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။

Silver Wave သည် အကွက် B (B2) တွင် သုတေသနလုပ်ငန်းနှင့် ရေနံ ထုတ်လုပ်ရေးအတွက် အခြေခံလုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံပြီး ဖြစ်ရာ ယခုအခါ ရေနံစတင်ထုတ်လုပ်ရန် PSC ချုပ်ဆိုပြီးဖြစ်သည်။ အဆိုပါ ဖက်စပ်ကုမ္ပဏီများ သည် အကွက် B (B2) တွင် ရေနံစတင်တူးဖော်ခြင်းကို         ယခုနှစ်တွင် စတင်မည်ဖြစ်ပြီး ကနဦး ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာသန်း (၁၀၀) ပြုလုပ်မည်ဖြစ်သည်။ ယမန်နေ့က သတင်း ထုတ်ပြန်ချက် တွင် Silver Wave Exploration and Production အနေဖြင့် မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ခြင်းဖြစ်ပြီး ဆူဒန်၊ ဂီနီကွန်နာကရီ၊ အင်ဒိုနီးရှားနှင့် အီရတ်တို့တွင်လည်း ဆွေးနွေးလျက် ရှိသည်ဟု ဆိုသည်။

ဖက်စပ်တွင် ပါဝင်သော ကုမ္ပဏီများသည် စွမ်းအင်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများနှင့် နီးစပ်သော အဆက်အသွယ်များ ရှိနေသည်။ Silver Wave Energy သည် စွမ်းအင်စီမံကိန်းများ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ စွမ်းအင် သုတေသန ရှာဖွေခြင်း၊ တွင်းဟောင်းများပြန်ဖော်ခြင်း စသည်များ လုပ်ဆောင်လျက်ရှိသည်။ BFI  ဦးပိုင်သည် ပုဂ္ဂလိကပိုင် ကုမ္ပဏီ ဖြစ်ပြီး အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်နေ သော ကုမ္ပဏီဖြစ်သည်။ ဂျပန်အခြေစိုက် Star Field ကော်ပိုရေးရှင်းသည် ဒေသတွင်း ဆောက်လုပ်ရေး၊ အခြေခံ အဆောက်အအုံ လုပ်ငန်းနှင့် စွမ်းအင်ရှာဖွေရေး စီမံကိန်းများအတွက် နည်းပညာနှင့် အင်ဂျင်နီယာ ပညာရပ်များ လုပ်ဆောင်ပေးနေသော အဖွဲ့ဖြစ်သည်။ Star Holding ကော်ပို ရေးရှင်းသည် စွမ်းအင်နှင့် သက်ဆိုင်သော စီမံကိန်းများတွင် ပမာဏများသော ရင်းနှီးငွေနှင့် ငွေကြေး လိုအပ်ချက်များအတွက် စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှု အကြံဉာဏ်များ ပေးခြင်း စသည်တို့ကို လုပ်ဆောင်လျက် ရှိသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs