Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၇.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ဆေးရုံသုံးပစ္စည်းများအား စနစ်တကျစွန့်ပစ်မှု အားနည်း

ပုဂ္ဂလိက ဆေးရုံဆေးခန်းများနှင့် ဆေးရုံကြီးများတွင် အသုံးပြုလျက်ရှိသော ဆေးရုံသုံးပစ္စည်းများအား စနစ်တကျစွန့်ပစ်မှု အားနည်းနေကြောင်း သိရသည်။

ရောဂါရှင်များအား ကုသရာတွင် အသုံးပြုထားသည့် ဂွမ်းစ၊ ပတ်တီးလိတ်၊ ဆေးထိုးအပ်၊ ဆေးထိုးပြွန် စသည့် ဆေးရုံသုံးပစ္စည်းများ စနစ်တကျ မစွန့်ပစ်ဘဲ ပြီးစလွယ် စွန့်ပစ်မှုများ ရှိနေကြောင်း ဆေးပညာအသိုင်းအဝိုင်းကပြောသည်။

“ဆေးရုံသုံးပစ္စည်းဆိုတာက သူ့မှာက ရောဂါပိုးမွှားပဲရှိတယ်။ အဲဒါကို သတိမထားမိဘဲ ပြီးစလွယ် စွန့်ပစ်တာကို တွေ့နေရတယ်” ဟု သွားနှင့် ခံတွင်း အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ကိုကိုလှိုင်က ပြောသည်။

လက်ရှိတွင် ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးမှ ဆေးရုံဆေးခန်းများတွင် လိုက်လံ သိမ်းဆည်း၍ မီးရှို့ခြင်း၊ မြေမြှုပ်ဖျက်ဆီးခြင်းများ ပြုလုပ်ကြောင်း သိရသည်။

“တစ်ပတ်တစ်ခါ စည်ပင်က လာသိမ်းတယ်။ အခုနောက်ပိုင်းတော့ သိမ်းတဲ့အချိန်က သိပ်မမှန်ဘူး” ဟု မြောက်ဒဂုံမြို့နယ်တွင် ဆေးခန်းဖွင့်လှစ် ထားသော ဆရာဝန်တစ်ဦးက ပြောသည်။

ဆေးရုံသုံး စွန့်ပစ်ပစ္စည်းများအတွက် အမှိုက်အိတ်ကို အမည်းရောင်၊ အဝါရောင်နှင့် အနီရောင်ဟူ၍ သုံးမျိုးခွဲခြား ထားပြီး တစ်လလျှင် အမှိုက်သိမ်းခဟူ၍ ၉၀၀ ကျပ်ပေးရကြောင်း ၎င်းက ပြောသည်။

“ဒီအမှိုက်တွေက အခြားအမှိုက်တွေနဲ့ မတူဘူး။ စည်းမဲ့ကမ်းမဲ့ ပစ်လို့မရဘူး။ စနစ်တကျ စွန့်ပစ်ရမယ်။ အကယ်၍ စည်းမဲ့ကမ်းမဲ့ ပစ်လိုက်ရင် အဲဒီမှာပါတဲ့  မျက်စိနဲပ မတွေ့နိုင်တဲ့ရောဂါပိုးတွေက အခြားလူတွေကို ကူးသွားနိုင်တယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

“လွန်ခဲ့တဲ့ တစ်ပတ်က ဆေးခန်းကိုသွားတာ အဲမှာသုံးထားတဲ့ ဂွမ်းစတွေကို ဒီအတိုင်းပဲ တွေ့ရတယ်။ ဘယ်လောက်အထိလဲဆိုရင် ဧည့်ကြိုနား အထိမှာ တွေ့ရတယ်”ဟု ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် သွားရောက်ပြသခဲ့သူ တစ်ဦးကပြောသည်။

(မြန်မာပို့စ် ဂလိုဘယ်ဂျာနယ်ပါ ဆေးရုံသုံး ပစ္စည်းများအား စနစ်တကျ စွန့်ပစ်ခြင်း မရှိကြောင်းသိရ သတင်းကို ပြန်ထည် ထုတ်နှုတ်ဖော်ပြသည်။)

********************************************************************************************************

စားသုံးဆီခွဲတမ်းပြန်လည်ထုတ်ပေး

ရန်ကုန်၊မေ ၆။

မြန်မာနိုင်ငံအဓိက စားသုံးဆီဖြစ်သော စာအုန်းဆီခွဲတမ်းများကို မေလ ၄ရက်နေ့တွင် ပြန်လည်ထုတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် လုပ်ငန်းရှင် အသင်းနှင့်ဆီကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

ယင်းအသင်းဝင် ရန်ကုန်အခြေစိုက် ဆီကုန်ကြီးတစ်ဦးက ယင်းစားအုန်းဆီကို ပြည်ပမှတင်သွင်းရာတွင် သက်ဆိုင်ရာကသာ ချုပ်ကိုင်ဖြန့်ဖြူးခဲ့မှ လွန်ခဲ့သည့် ၁၀ နှစ်ကျော်မှစပြီး ဆီကုန်သည်ကြီးများထံခွဲဝေဖြန့်ဖြူးခဲ့ကြောင်း ထိုကာလအတွင်း ခွဲတမ်းအတိုးအလျော့ရှိခြင်းမှ လွဲ၍ လုံးဝရုပ်သိမ်းခြင်း မျိုး မရှိကြောင်း ယခုဧပြီ ၅ မှစတင်ပြီး ခွဲတမ်း ၃ ပေပါ ထုတ်ပေးပြီး အချို့ကိုထုတ်ပေးမှုလုံးဝ ရပ်ဆိုင်းခဲ့ရာ ပြင်ပလက္ကားများမှာ ဧပြီလဆန်းတွင် ၁ပိသာ ၂၅၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာမှ လကုန်းပိုင်းတွင် ၂၉၀၀ ကျပ်အထိမြင့်ထက်ခဲ့ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် လက်ဝါးကြီးအုပ်စီးပွားရေးစနစ်ကို ထိန်းချုပ်ရန်သမ္မတ၏ မှုဝါဒမိန့်ခွန်းတွင် ပါရှိခဲ့ပြီးနောက် အဓိကကျသော စားသုံးကုန် တစ်မျိုးဖြစ်သော စားအုန်းဆီကို ကိုင်တွယ်ခဲ့ကြောင်း ယခင်ကဦးပိုင်နှင့်ထူးကုမဏီ လုံးဝချုပ်ကိုင် ထားခဲ့ရာမှ အစိုးရသစ်အပြောင်းတွင် အေးရှားဝေါလ်၊ မတ်စ်မြန်မာ အပါအ၀င် ၁၀ ဦးကို ခွဲဝေလွှဲပြောင်း ပေးခဲ့ရကြောင်း ထို့နောက် Cronyism ကိုတိုက်ဖျက်ရန်ခွဲတမ်းရုပ်သိမ်းခံရခြင်းဖြစ်ကြောင်း ဆီကုန်သည် အသိုင်းအ၀ိုင်းက ဆိုသည်။

ထို့ပြင် စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်နှင့်ဦးတေဇတို့ကြား မကျေလည်မှုများရှိနေကြောင်း ယခင်က စားအုန်းဆီ ကိုယ်စားလှယ်များ ဆီထုတ်ခွင့်အတွက်ကျသင့်ငွေသွင်းရာတွင် မြ၀တီဘဏ်ကိုသွင်းရပြီး ထူးကုမ္ပဏီမှ AGD ဘဏ် ပေါ်လာသောအခါ ယင်းသို့ပြောင်းလဲပေးသွင်းရကြောင်း ထူးကိုယ်စားလှယ်ပြုတ်သောအခါ ငွေသွင်းသည့် ဘဏ်ကိုလည်း ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်သို့ပြောင်းလဲပေးသွင်းရမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဘုရင့်နောင်တွင် အသစ်ဖွင့်လှစ်မည့် ဧရာဝတီဘဏ်ကို လျာထားကြောင်း ၊ သို့သော် ဦးဇော်ဇော်အနေဖြင့် ဒုတိယ ဦးတေဇအဖြစ် မခံလိုသည့်အတွက် မြန်မာနိုင်ငံသားများဘဏ်သို့ ငွေသွင်းရန် လွှဲပေးခဲ့ကြောင်း မေလ၄ရက်နေ့မှ စတင်ပြီး ဘဏ်သွင်းဈေး ၁ပိသာ ၂၀၀၁ ကျပ်နှုန်းဖြင့် မြန်မာနိုင်ငံသားများဘဏ်သို့ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း ယင်းအသိုင်း အ၀ိုင်းနှင့် သတင်းဆန်းစစ်သူအချို့က ဆိုသည်။

The CJs News

********************************************************************************************************

စားသုံးဆီလောကတွင် လက်ကြီးသမားများနှင့်ယှဉ်ပြိုင်နိုင်ရေး အများပိုင်ကုမ္ပဏီ  ၁ ခုထူထောင်ရန် ကြိုးစားနေဟုဆို

ရန်ကုန်၊မေ ၆။

မြန်မာနိုင်ငံ၏ စားသုံးဆီလောကတွင် လက်ကြီးသမားများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် အလတ်စား ဆီကုန်သည်နှင့် လုပ်ငန်းရှင်များက အများပိုင် ကုမ္ပဏီ တစ်ခုထူထောင်ရန် ကြိုးစားနေသည်ဟုဆိုကြောင်း ယင်းအသိုင်း အ၀ိုင်းနှင့်နီးစပ်သူများက ဆိုသည်။

ဧပြီလ နောက်ဆုံးအပတ်တွင် ရန်ကုန်မြို့ ဘုရင့်နောင်ဆီကုန်သည်များအသင်းရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း အစုတစ်ခုလျှင် ကျပ်သိန်း ၇၀၀ ဖြင့် အစု ၅၀ ပါကုမ္ပဏီ ထူထောင်မည်ဟုဆိုကြောင်း၊ ယင်းမှာဦးတေဇ၊ ဦးဇော်ဇော်ထို့ကဲ့သို့ လက်ကြီးသမားများကို ယှဉ်ပြိုင်ရန် အခွင့်အရေးပေးသည့် အခိုက်တွင် လူလတ်တန်းစားများ၏ ကြိုးပမ်းမှုဟု ဆိုနိုင်ကြောင်း၊ လတ်တလောတွင် ငွေပေးရန်မလိုသေးဘဲ ကတိစကားဖြင့်သာ အလုပ်လုပ်မည်ဟုဆိုပြီး မည်သည့်နေ့ရက်တွင် မည်သည့်ဖွဲ့စည်းပုံဖြင့် မည်သူကဦးဆောင်မည်ကို သေချာသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခြင်း မရှိခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူ အချို့ထံမှ စုံစမ်းသိရှိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အသင်းသို့စုံစမ်းမေးမြန်းခဲ့ရာ ယင်းတို့နှင့်တစ်စုံတစ်ရာ သက်ဆိုင်ခြင်းမရှိပါဟု ငြင်းဆိုခဲ့ကြောင်း၊ ထို့ပြင် ဆီခွဲတမ်း လောကကို အဓိက ချုပ်ကိုင်ထားသည့် ကြီးငါးကြီး(သရဲငါးကောင်) မှာလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းမရှိကြောင်း ထို့ကြောင့် ဆီလောက တွင်လည်း ပဲလောကကဲ့သို့ ငွေကြေး အရှုပ်အရှင်း ပေါ်ပေါက်လာမည်ကို စိုးရိမ်သူများက အခြေအနေကို စောင့်ကြည့်နေကြဆဲဖြစ်ကြောင်း ယင်း အသိုင်းအ၀ိုင်းနှင့် သတင်းဆန်းစစ်သူ အချို့ကဆိုသည်။

မကြာသေးမီကလည်း မြန်မာနိုင်ငံသို့တင်သွင်းသည့်ကုမ္မဏီက စားအုန်းဆီများ၏ ၂၆.၅%ကို ကိုယ်စားလှယ် ၃၃၀၀ ကျော်အတွက် ရောင်းချပေးပြီး ၃၇.၅%ကို ကုမ္မဏီအစအစဉ်ဖြင့်တိုက်ရိုက်ဖြန့်ဖြူးပေးခဲ့သည့်ဟု သိရသည်။ ယင်းအတင်းများအပေါ် အသင်းတာဝန်ရှိသူက မီဒီယာများအပေါ်သို့ တရားဝင်သတင်း ထုတ်ပြန်ခဲ့ကြောင်း၊ ဤသည်ကို ကြည့်ခြင်းအားဖြင့် တင်သွင်းသမျှ၏ ၄၀%မှာ သိုလှောင်ထားခြင်း (သို့) အခြားနည်းလမ်းများဖြင့် ဈေးကွက်ထဲသို့ ရောက်ရှိလာမည်ဟု သုံးသပ်ရကြောင်း ထို့ကြောင့် ဆီဈေးကွက်မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆီကိုယ်စားလှယ် တစ်ဦးလျှင် ဘာမှလုပ်ပဲလစဉ် ၆ သိန်းခန့် အသားတင်အမြတ်များရသည် ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သို့သော် ဘဏ်သွင်းဈေးသည် လက္ကားဈေးထက်မြင့်တက်ခဲ့ပြီး ကိုယ်စားလှယ်များအနေဖြင့် အထိနာခဲ့ရသည့် ဖြစ်ရပ်များလည်းရှိကြောင်း ၂၀၀၀ ပြည့်နှစ်နှင့်၂၀၁၀ တွင်ထိုကဲ့သို့ဖြစ်ခဲ့ကြောင်း၊ အဓိက အကျိုးအမြတ်ရနေသည်မှာ ဦးပိုင်လီမိတက်နှင့်အဓိကချုပ်ကိုင်ထားသူ လက်တစ်ဆုပ်စာခန့်သာ ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် Cronyism များကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှသာလျှင် အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်ကာ တိုင်းပြည်စီးပွားရေး ဦးမော့ လာနိုင်မည်ဖြစ်ကြောင်း၊ ၀န်ကြီးဦးဝင်းမြင့် အနေဖြင့် တစ်နှစ်အတွင်း စီးပွားရေး ဦးမော့လာရမည်ဟု ကတိပေးချက်တွင် ဤကဲ့သို့ အမှန်တကယ် အများပိုင်ကုမ္ပဏီ ပေါ်ထွက်လာပြီး ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း စီးပွားရေးရာ လေ့လာသုံးသပ်သူများနှင့် ကုန်သည်များက သုံးသပ်ကြသည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပါတီနှင့်နိုင်ငံရေးသတင်းများ

ဇွန်လမှ စတင်ကာ လူတန်းစား အလွှာ မျိုးစုံဖွံဖြိုးတိုးတက်စေရန် NLD ဆောင်ရွက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန်မာနိုင်ငံရှိ လူတန်းစား အလွှာမျိုးစုံ ဖွံဖြိုးတိုးတက်စေရန် လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်မည် ဖြစ်ကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“ လက်ရှိတော့ လူငယ်၊တောင်သူလယ်သမား၊အလုပ်သမားဆိုတဲ့ လူတန်းစားအလွှာ သုံးရပ်ကို အဓိကထားပြီး၊ ဖွံဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေ၊ သူတို့တွေရဲ့ ရပိုင်ခွင့်တွေ၊အခွင့်အရေးတွေအကြောင်းတွေရယ်ကို သင်တန်းတွေ ပေးဖို့ရှိတယ်။ အဖွဲ့တွေ ဖွဲ့ဖို့လည်း ရှိတယ်။ တောင်သူလယ်သမားတွေ အတွက် သင်တန်းဆိုလည်း နှစ်ကြိမ် သင်တန်းပေးပြီးပြီ။သင်တန်းသား ၉၀ နီးပါးရှိတယ်။ NLD အဖွဲ့ဝင်လူငယ်တွေအတွက်လည်း သင်တန်းသီးသန့် လုပ်ဖို့ရှိပါတယ်။”ဟုဆိုသည်။

လူငယ်များအတွက် အင်္ဂလိပ်စာသင်တန်းကျောင်း၊တောင်သူလယ်သမားများအတွက် တောင်သူလယ်သမားဖွံဖြိုးရေးသင်တန်းနှင့် အလုပ်သမား များအတွက် အလုပ်သမား အခွင့်အရေးနှင့် အလုပ်သမားတို့၏ ရပိုင်ခွင့်များကိုတောင်းဆိုနိုင်မည့် အသင်းအဖွဲ့တစ်ရပ် ပေါ်ပေါက်စေရေး တို့အတွက် NLD မှအကူအညီပေးမည် ဖြစ်ကြောင်း ယင်းတာဝန်ရှိသူမှဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အခြေခံလူတန်းစား များဖြစ်သော ဈေးသည်တို့၏ ဘဝနေထိုင်မှု အဆင်ပြေစေရန်အတွက် အသေးစား ငွေချေးမှု လုပ်ငန်းများကိုလည်း အရင်းငွေ ကျပ်သိန်း ၂၀ ဖြင့် ဧပြီလမှ စတင်ကာ လုပ်ဆောင်နေကြောင်း သိရှိရသည်။ “ကျွန်တော်တို့လုပ်နေတဲ့ ဖွံဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းတွေက အကျိုးအမြတ်ကို မျှော်ကိုးတာ မဟုတ်ပါဘူး။သင်တန်းတက်တာတို့၊လယ်သမား အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ကိစ္စတို့ဆောင်ရွက်ရင်လည်း အခမဲ့လုပ်ပေးတာပါ။ မကြာခင်ဖွင့်မယ့် လူငယ်တွေအတွက် ဖွင့်တဲ့အင်္ဂလိပ်စာသင်တန်းကလည်း လူငယ်တွေကို ဦးတည်ပေမယ့်၊ ပညာရှာလိုသူတွေ လာရောက် ဆက်သွယ်ပြီး သင်တန်းတက်လို့ရပါတယ်။ သင်တန်းကြေး အခမဲ့ပါ”ဟု NLD မှ မြို့နယ် တာဝန်ခံတစ်ဦးကဆိုသည်။

(ကျော်စွာ)

********************************************************************************************************

နိုင်ငံရေးအကျဉ်းသားများ လွတ်ရန်မျှော်လင့်သော်လည်း လွတ်ရက်စေ့ အကျဉ်းသားတစ်ဦးသာလွှတ်

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ နိုင်ငံရေးအကျဉ်းသားများလွတ်ရန် မျှော်လင့်ခဲ့သော်လည်း ယခုအချိန်ထိ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသား တစ်ဦးသား လွတ်မြောက်ခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B မှ သိရသည်။

“သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမယ်ဆိုပြီး၊ သတင်းလည်း ထွက်လာတယ်။ မေလဆန်း ကျတော့လည်း အာဆီယံအစည်းအဝေးမတိုင်ခင် လွှတ်ပေးမယ်ဆိုပြီး သတင်းထွက်လာတယ်။ ကျွန်တော်တို့တော့ နိုင်ငံရေးအကျဉ်းသားရဲဘော်တွေ လွတ်လာဖို့ မျှော်လင့်နေတာပဲ။ ဒါပေမယ့် လွတ်လာတာ မတွေ့ရဘူး၊လွတ်ရက်စေ့အကျဉ်းသားတစ်ယောက်ပဲ မေလ ၆ ရက်နေ့က အင်းစိန်ထောင်က လွတ်လာတာပဲရှိတယ်”ဟုဆိုသည်။

မေလ ၆ ရက်နေ့က အင်းစိန်ထောင်မှ လွတ်ရက်စေ့သဖြင့် လွတ်လာသော နိုင်ငံရေးအကျဉ်းသားမှာ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလတွင် အရေးပေါ် လူနာတဦအား တွံတေး ဆေးရုံသို့ ပို့ဆောင်ခဲ့ကြရာ ဆေးရုံဝန်ထမ်းများကို အော်ဟစ်မိသဖြင့် ဝတ္တရားနှောင့်ယှက်မှုဖြင့်တရားစွဲ အရေးယူခံရသည့် တွံတေးမြို့နယ် NLD တွဲဖက်အတွင်းရေးမှုး ဦးဇောင်မင်းထွန်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် အစီအစဉ်များ ရှိသော်လည်း အသစ်ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့အတွင်း ညှိနှိုင်းမှုများ အဆင်မပြေခဲ့သဖြင့် နိုင်ငံရေးအကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ရန် မျှော်လင့်ချက်မှာ ပျက်ပြယ်သွားခဲ့ရကြောင်း ပြည်ပ အခြေစိုက် မြန်မာ့နိုင်ငံရေးလှုပ်ရှားသူတစ်ဦးမှဆိုသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုးတစ်ဦးက “ဒီအကျဉ်းသားတွေ လွှတ်ဖို့ ဆိုတဲ့ အမိန့် လုံးဝမလာသေးပါဘူး။ လွတ်ရက်စေ့အကျဉ်းသားတွေနဲ့ အုပ်ချုပ်ရလွယ်ကူတဲ့ အကျဉ်းသားတစ်ချို့ကိုတော့ နှစ်ဆန်းပိုင်းလောက်က စာရင်း ကောက်ခိုင်းတာတော့ ရှိပါတယ်” ဟုဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ ယခုလ ၃ ရက်နေ့ထုတ် စာရင်းများအရ မြန်မာအကျဉ်းထောင်များ၌ နိုင်ငံရေး အကျဉ်းသား ၂ဝ၆၁ ဦး ရှိကြောင်း သိရှိရသည်။

(ကျော်စွာ)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းဂျာနယ်များမှ ကောက်နှုတ်ချက်များ

အဆိုပါ ဓာတ်မြေသြဇာအတုများမှာ မှောင်ခိုတင်သွင်းသူများနှင့် တောင်သာနှင့် မြင်းခြံဘက်များတွင် မြေကြီးလုံး၍ ရောင်းချသူများကြောင့် ဈေးကွက် ကြီးလာခြင်းဖြစ်ကြောင်း မြန်မာ့သြဘာကုမ္ပဏီမှ တာဝန်ရှိသူကပြော သည်။

"တောင်သူတွေက ငွေမရှိတော့ ဈေးသက်သာတာ ရွေးဝယ်ကြတာလည်းပါတယ်။ အဲဒါကြောင့် ဈေးကွက်က ကြီးလာတာ"ဟု အဆိုပါ တာဝန်ရှိသူက ထပ်ဆင့် ပြောကြားသည်။

မေ ၅ ထုတ် 7DAY NEWS အတွဲ(၁၀) အမှတ်(၇) တွင်ပါသည့် "ဓာတ်မြေသြဇာအတုပြဿနာကြီးလာ" သတင်း မှကောက်နှုတ်ချက်

********************************************************************************************************

"မနှစ်ကတော့ ရာသီဥတုနဲ့ လျှပ်စစ်မီပြတ်တောက်မှုကြောင့် အသေအပျောက်အရမ်းများတယ်။ တစ်နေ့ကို လူ ၇၀ ကျော်လောက် ဈာပန လုပ်ပေးရတယ်၊ ဒီနှစ်ကတော့ ပုံမှန် ၃၅-၅၀ ကြား အဲဒီလောက်ပဲ ရှိသေးတယ်၊ ဒီနှစ်ကတော့ မီးမှန်လို့ လူကြီးတွေ လေအေးပေးစက်တပ်ထားတဲ့ အခန်းတွေမှာ နေနိုင်ကြ လို့ လျော့တာလည်း ဖြစ် နိုင်ပါတယ်"

မေ ၅ ထုတ် ပြည်သူ့ခေတ် အတွဲ(၁) အမှတ်(၄၁) တွင်ပါသည့် "လျှပ်စစ်မီ မှန်မှန်ရလို့ ရန်ကုန်မှာ လူသေဆုံးမှု လျော့နည်း" သတင်းမှ နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဒေါ်သန်းမြင့်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

"လာနီညာက အားအလွန်နည်းနေပြီဆိုတော့ မုတ်သုံကိုအားပေးမှုကတော့ လျော့သွားတာပေါ့။ ၁၉၇၈ နောက် ပိုင်း မုတ်သုံဝင်ရောက်မှုပုံစံအတိုင်း ဒီနှစ်မှာလည်း မုတ်သုံဝင်ရောက်မှု နောက်ကျနေဦးမှာပါပဲ။ မေလ ၁၀ ရက် လောက်အထိ တနင်္သာရီကိုဝင်ဖို့ မသေချာဘူး။ မိုးဦး၊ မိုးလယ် မိုးရွာသွန်းမှု သင့်တင်နိုင်ပေမယ့် မိုးနှောင်းမ ကောင်းနိုင်ဘူး။ မိုးမမှန်တာကတော့ မိုးတွင်းမှာ ဖြစ်ဦးမှာပဲ။ မိုးမမှန်ရင် မိုးတိမ်တောင်တွေဖြစ်ပြီး လေတိုက်တာ ၊ မိုးကြိုးပစ်တာတွေ သတိထားရမယ်"

မေ ၆ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၆) တွင်ပါသည့် " မေလ ဒုတိယပတ်အတွင်း မှတ်သုံလေ စတင် ဝင်ရောက်နိုင်" သတင်းမှ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

"ဒီလစာကို ဘယ်သူတွေရမလဲဆိုရင် မန်နေဂျာအဆင့် အနောက်နိုင်ငံသားတွေ၊ စီမံခန့်ခွဲမှုအပိုင်းမှာရှိတဲ့သူတွေ လောက်ပဲ အဲဒီတိုးမြင့်လိုက်တဲ့လစာကို ခံစားခွင့်ရကြလိမ့်မယ်။ သူ့နိုင်ငံသားတွေကတော့ မဖြစ်မနေ ပါကြမှာပေါ့။ မြန်မာလုပ်သားတွေနဲ့ အောက်ခြေက လူတွေအတွက်ကတော့ မင်းဒီလောက်နဲ့ မလုပ်ဘူးလား၊ သွား၊ ငါ့မှာ ဒီလောက်နဲ့လုပ်မယ့်သူတွေ တန်းစီနေတယ်ဆိုတာမျိုးဖြစ်နေတာ"

မေ ၆ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၆) တွင်ပါသည့် " စင်ကာပူ လစာတိုးမြင့်မှု မြန်မာများအတွက် မျှော်လင့်ချက်နည်းပါး" သတင်းမှ သင်္ကြန်အတွင်း ခေတ္တပြန်လာသည့် မြန်မာလူငယ်တစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လစ်ဘရယ်သည်သာ

မြန်မာနိုင်ငံတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲများအပြီး အရပ်သား အစိုးရသစ် တစ်ရပ်ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ အရပ်သားအစိုးရသစ် ပေါ်ပေါက်လာရန် တနည်း လူထုကိုယ်စားပြု ရွေးချယ်သည့် အစိုးရတစ်ရပ် ဖြစ်လာရန် ကမကထ ပြုခဲ့သူမှာ စစ်တပ်ဖြစ်သည်။ ယခင် စစ်အစိုးရကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံအဖြစ်တည်ဆောက်နိုင်ရန် လိုအပ်သည့် အခြေခံကောင်းများကို တည်ဆောက်နေရ၍ ယခုမှသာ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် စတင်နိုင်ခဲ့ခြင်း ဖြစ်ကာ ဒီမိုကရေစီ ပန်းတိုင်အတွက် ရှေ့ဆက် ခြေလှမ်းစရာ များစွာ ရှိနေသေးသည့်အကြောင်း နိုင်ငံပိုင် သတင်းစာများက အပ်ကြောင်းထပ်အောင် ဖော်ပြခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်ကို ယခုမှ ကူးပြောင်းရန် ကြိုးပမ်းနေချိန်တွင် ကမ္ဘာတလွှား၌ ဒီမိုကရေစီထက် ပိုမို ခေတ်စားသော နိုင်ငံရေး အိုင်ဒီယိုလိုဂျီများ ထွန်းကားနေခဲ့ပြီဖြစ်သည်။ ၁၉၉၀ တတိယလှိုင်းအပြီး စစ်အစိုးရများက ဦးဆောင်သော ဒီမိုကရေစီ နိုင်ငံများ အသီးသီး ပေါ်ထွက်လာခဲ့ကြပြီး ထိုစဉ်ကလည်း မြန်မာနိုင်ငံတွင် ကမ္ဘာကျော် ရှစ်လေးလုံး အရေးအခင်းဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီ နိုးကြားမှုက အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ သို့ရာတွင် စစ်အာဏာသိမ်းမှုဆီသို့ ပြန်လည်ဦးတည်သွားပြီး အနှစ် နှစ်ဆယ်ကျော်အကြာမှ စစ်တပ် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ ပေါ်လာခဲ့သည်။ ၉၀ခုနှစ် ဝန်းကျင်များက ဒီမိုကရေစီဆိုသည်ကို ဘာမှန်းမသိသေးသော အင်ဒိုနီးရှားသည် နောင် ၉နှစ်အကြာ ၁၉၉၉ခုနှစ်တွင် စစ်တပ်ဦး ဆောင် ဒီမိုကရေစီ စနစ်ကို စတင်နိုင်ခဲ့ပြီး ယခုအချိန်တွင် ဒီမိုကရေစီ ရင့်ကျက်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်နေပေပြီဖြစ်ရာ အင်ဒိုနီးရှားထက် ဒီမိုကရေစီ ကို ပိုမိုရင်းနှီးသော မြန်မာက ယခုကဲ့သို့ နောက်ကျ ကျန်ခဲ့သည်မှာ များစွာအံသြဖွယ်ဖြစ်သည်။

၂၀၁၀ပြည့်နှစ် ဧပြီလဂျကာတာတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဒီမိုကရေစီ လှုပ်ရှားမှု အခမ်းအနားတွင် အင်ဒိုနီးရှား သမ္မတ ဘန်ယာဟိုယိုနို ပြောကြားခဲ့သည့် မိန့်ခွန်း၌ အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ ချီတက်ခဲ့ရမှု အတွေ့အကြုံ များကို မြင်တွေ့ခဲ့ရပြီး နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီဆိုသည့် လွတ်လပ်စွာ ပြောရေးဆိုခွင့်၊ ရွေးချယ်ပိုင်ခွင့် ရှိသည်မှန်သော်လည်း ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် ခိုင်မာသည့် မူဝါဒများ၊ သက်တောင့်သက်သာ ရှိသော လူနေမှုဘဝနှင့် တရားဥပဒေ စိုးမိုးရေးတို့သာ အဓိကဖြစ်သည့် အချက်ကို တွေ့မြင်ခဲ့ရသည်။

လူတစ်ဦးချင်းမှသည် တိုင်းပြည်များအထိ ရောင်းဝယ်ဖောက်ကားလာခြင်း၊ လူသုံးကုန်ပစ္စည်းများ တိုးတက် ထုတ်လုပ်လာနိုင်ခြင်းနှင့် သတင်းနှင့် နည်းပညာ စားသုံးနိုင်မှုကြောင့် လူသားတိုင်းသည် တိုးတက်ကောင်းမွန် သော လူနေမှုဘဝများကို တောင်းဆိုလာကြပြီး အစိုးရများ၏ တာဝန်ခံနိုင်မှုအပေါ် ရွေးချယ်လာကြသည်။ ထိုသို့ ရွေးချယ်နိုင်ရန် ဒီမိုကရေစီ နည်းကျ ရွေးကောက်ပွဲများ လိုအပ်သည့်အတွက် ဒီမိုကရေစီ အကူးပြောင်းတွင် ရွေးကောက်ပွဲတစ်ရပ်ရှိလာခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေတစ်ရပ်ပင်ဖြစ်သည်။

သို့ရာတွင် ဒီမိုကရေစီကနိုင်ငံ၏ ကံကြမ္မာကို ပြောင်းလဲနိုင်ခြင်းဟု တစ်ထစ်ချ ယုံကြည်၍ မရပေ။ အဂတိ လိုက်စားမှု ပပျောက်ရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ အထွေထွေ နိမ့်ကျမှုများကို ဒီမိုကရေစီက ဖြေရှင်းပေးနိုင်မည်ဟု ဆိုလျှင် လွဲမှားပေဦးမည်။ အမှန်တကယ် လိုအပ်နေသည်မှာ ကောင်းမွန်သော အုပ်ချုပ်မှုပုံစံ( Good Governance ) သာဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်မှုပုံစံကို ရရှိရန် အတွက်မူ ဒီမိုကရေစီပုံစံ လွတ်လပ်မျှ တမှုက အထောက်အပံ့ပြုနိုင်သည်။ ထို့ကြောင့် ဒီမိုကရေစီသည် ကောင်းမွန်သော အုပ်ချုပ်မှုနှင့် တွဲဖက်သုံးစွဲ ပါမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဦးတည် နိုင်မည်ဖြစ်သည်။

ကောင်းမွန်သော အုပ်ချုပ်မှုဟု ဆိုရာတွင် ဘက်လိုက်မှုကင်းသည့် အများလက်ခံနိုင်သည့် ဆုံးဖြတ်ချက်များပါဝင်သည့် အခြေခံဥပဒေနှင့် သတ်မှတ်ပြဌာန်းထားသော အင်စတီကျူးရှင်းခေါ် မူဝါဒများ ခိုင်မာအားကောင်းရမည်ဖြစ်သည်။ အင်စတီကျူးရှင်းများသည် ခေါင်းဆောင်တို့၏ စူပါ ပါဝါကိုကို လျှော့ချနိုင် မည်ဖြစ်ပြီး မည်သည့် ခေါင်းဆောင်ပင်ဖြစ်စေကာမူ အများသဘောတူညီမှုဖြင့် ရှိနေသော အင်စတီကျူးရှင်းများ အတိုင်း  ဆက်လက် ချီတက်နိုင်မည်ဖြစ်ရာ နိုင်ငံတွင် ခေါင်းဆောင်ကောင်း မမြင်မိ၍ အာဏာမလွှဲပေးနိုင်ရသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်နှလုံး မသာမယာ ဖြစ်ခဲ့ရသည့် ကိစ္စရပ်မျိုးလည်း ရှိတော့မည် မဟုတ်ပေ။

ဒီမိုကရေစီဆိုသည်မှာ အများသဘောကျ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်သော်လည်း အမှားတစ်ခုကို အများက ဆုံးဖြတ်၍ အမှန်ဟု သတ်မှတ်၍ မရ။ ပြည်ခိုင်ဖြိုးပါတီက ၇၈ရာခိုင်နှုန်းကျော်အနိုင်ရ၍ ကျန် အတိုက်အခံတို့ကို လျစ်လျူရှု လျှင်လည်း အများဆန္ဒကို ဦးစားပေး၍ လူနည်းစု ဆန္ဒကို မပစ်ပယ်ရဟူသော ဒီမိုကရေစီ၏ စံနှုန်းကိုလည်း ထိခိုက်ပေလိမ့်မည်။ သို့ရာတွင် အနည်းစုဆန္ဒကို ရှေ့တန်းတင်လွန်းလျှင်လည်း  ရှေ့သို့ ရောက်တော့မည် မဟုတ်။ ထို့ကြောင့် ဒီမိုကရက် ယဉ်ကျေးမှုနှင့် လူအများလက်ခံနိုင်သည့် ကောင်းမွန်သော အုပ်ချုပ်အတွက် ယနေ့ ခေတ်စား လာသည်မှာ လစ်ဘရယ် ဒီမိုကရေစီ ပင်ဖြစ်သည်။ လစ်ဘရယ် ဒီမိုကရေစီသည် အများဆန္ဒထက် လူတစ်ဦးချင်းဖွံ့ဖြိုးတိုးတက်မှု၊ ကိုယ်ပိုင် လွတ်လပ်ခွင့်နှင့် တစ်ဦးချင်းပိုင်ခွင့်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခိုင်အမာ ရေးသားထားသည့် ဒီမိုကရက် အုပ်ချုပ်ရေးဖြစ်သည်။

တိုင်းရင်းသားအရေးကိစ္စ၊ လက်ဝါးကြီးအုပ်မှု၊ အထွေထွေနိမ့်ကျမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ အိုင်ဒီယိုလိုဂျီ အငြင်းပွားမှု စသည်ဖြင့် လုံးချာလည် လိုက်နေသော ကျွန်ပ်တို့နိုင်ငံအတွက် လုံးဝဒီမိုကရေစီကို ဦးတည်ခြင်းထက် လစ်ဘရယ်ဒီမိုကရေစီသည် ခေတ်နှင့်လျော်ညီသော ဖြေဆေး တစ်ခွက်ဖြစ်ပေလိမ့်မည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs