Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၄.၅.၂၀၁၁

ပြည်တွင်းသတင်းများ

သတင်းထောက်ကဒ်များ မြဝတီ သတင်းစာ ပြန်သိမ်းမည်

ရန်ကုန်၊ မေ ၁၄။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးမှ ဦးစီးထုတ်ဝေသည့် မြဝတီသတင်းစာသည် ၎င်း၏ သတင်းထောက်ကဒ်များကို ပြန်လည်သိမ်း ဆည်းရန် စီစဉ်နေကြောင်း မြဝတီသတင်းစာမှ တာဝန်ခံအရာရှိ တစ်ဦးကဆိုသည်။

၎င်းက “သတင်းထောက်တွေကိုလည်း ထုတ်ပယ်ဖို့တော့ ရှိပါတယ်။ လူကြီးတွေရဲ့ ညွှန်ကြားချက်ကို စောင့်နေတုန်းပါ” ဟုဆိုသည်။

မြဝတီ သတင်းစာတိုက်မှ သတင်းထောက်များအား ထုတ်ပယ်ရခြင်းအကြောင်းရင်းမှာ မြဝတီသတင်းစာ၏ သတင်းထောက်ဖြစ်ပါကြောင်း သက်သေခံ ကဒ်ရပြီးချိန်တွင် မြဝတီသတင်းစာတိုက်သို့ သတင်းများပြန်လည်ပေးပို့ခြင်းမရှိခြင်းကြောင့်ဖြစ်ကြောင်း ယင်း သတင်းစာတိုက်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါတာဝန်ရှိသူက “သတင်းထောက် ကဒ်ပြားတွေထုတ်ပေးထားတာက စာရင်းအရ တစ်တိုင်းပြည်လုံးမှာ ၃၀၀ နီးပါး ရှိတယ်။ သတင်းပြန်ပို့ တာတို့၊ တိုက်နဲ့ ပြန်ဆက်သွယ်တာတို့ကတော့ ၂၀ လောက်ပဲရှိတော့ သတင်းထောက်ကဒ်တွေ ပြန်သိမ်းဖို့ စီစဉ်ရတာပါ” ဟု ထပ်လောင်း ပြောကြား သည်။

ပြည်တွင်းသတင်းဂျာနယ်မှ အကြီးတန်းသတင်းထောက်တစ်ဦးကလည်း “အခုက မီဒီယာလို့ပြောပြီး၊ ပွဲတွေမှာ ပစ္စည်းလိုက်တောင်းတဲ့ အဖွဲ့ရှိ တယ်လေ။ ပြီးတော့ မြဝတီသတင်းစာတိုက်ရဲ့ သတင်းထောက်ကဒ်ကလည်း ကာကွယ်ရေးဝန်ကြီးဌာနဆိုတဲ့ ခေါင်းစီးကြီးပါတော့ လူတွေပိုရှိန်မယ် ထင် တယ်။ ဒီလိုအချက်တွေကြောင့် သတင်းထောက်ကဒ်တွေကို မရရအောင်ယူကြပြီး လုပ်စားတာထင်တယ်”ဟု ဆိုသည်။

“ဒီသတင်းထောက်ကဒ်တွေရထားတဲ့သူတွေကို တရားမဝင်ပါဘူးဆိုတာကို  ဘယ်လိုကြေငြာမယ်ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာပဲ” ဟု ဆို သည်။

ကျော်စွာ

--------------------------------------------------------------------------------------------------------------------------------

နေပြည်တော် ပြောင်းခိုင်း၍ လေဆိပ် ဝန်ထမ်းအချို့ အလုပ်ထွက်

ရန်ကုန်၊ မေ၁၃။

၂၀၁၂ တွင်ပြီးစီးမည့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကျွမ်းကျင်ဝန်ထမ်းအချို့အား ပြောင်းရွေ့ခိုင်းရာ အလုပ်မှအပြီးထွက်မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။

အထွေထွေပြုပြင်ရေးဌာနမှ ဝန်ထမ်းတစ်ဦးက “စပြောင်းခိုင်းတာက ပန်းရံ၊ လက်သမား ကျွမ်းကျင်ဝန်ထမ်းတွေကိုပါ။ ၆၀ ကျော်လောက်ရှိမယ်။ အခုကျတော့ အင်ဂျင်နီယာဌာနက ဝန်ထမ်းတွေကို ပြောင်းခိုင်းတော့ အရင်သွားတဲ့လူတွေက ပြန်လာပြီး၊ ဟိုမှာကြုံရတဲ့အခြေအနေတွေ ပြောကြတော့ ဘယ်သူမှမသွားချင်တော့ဘူး။ မသွားချင်ရင် ရုံးကထွက် ဆိုလို့ ပန်းရံ၊လက်သမား ဝန်ထမ်းအချို့ အလုပ်ကထွက်ပြီး ကျပန်းလုပ်နေရတာတွေရှိတယ်” ဟုဆိုသည်။

နေပြည်တော်သို့ တစ်လ အစမ်းသွားရောက်ကာ အလုပ်လုပ်ကိုင်ခဲ့သူ ဝန်ထမ်းတစ်ဦးက  “ကျွန်တော်တို့တွေ အဓိကရပ်တည်ရတာ လစာ မဟုတ်ပါဘူး။ ကြားပေါက်ဝင်ငွေပါ။ အခုက နေပြည်တော်ကိုသွားတော့ ဘယ်ကကြားပေါက်မှ မရှိဘူး။နေလို့လဲ အဆင်မပြေဘူး။ လုံခြုံရေးကို အကြောင်း ပြပြီး ဟိုမသွားရ ၊ဒီမသွားရဆိုတော့ ဘယ်လိုမှ ပိုက်ဆံရှာလို့ မရဘူး။ ဒီတော့ လစာနဲ့ဆက်နေလည်း အဆင်မပြေမယ့်အတူတူ အခုအလုပ်ထွက်ပြီး ပန်းရံ လုပ်နေတာပါ” ဟု ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ထမ်းအများစုမှာ နိုင်ငံတကာသို့ ထွက်ခွာမည့်သူများကို အမှီပြု၍ စီးပွားရှာဖွေနေသူအများစု ဖြစ်ကြောင်း သိရှိရသည်။

“တောထဲမှာ လေဆိပ်ဆောက်ထားတော့ ဘယ်လို ထမင်းစားရမယ်မှန်းတောင် မသိတော့ဘူး။ သူတို့ပေးတဲ့လခက ကိုယ့်ဗိုက်ကိုတောင် လုံလုံ လောက်လောက် မဖြည့်နိုင်ဘူး”ဟု မေလဆန်းတွင် အလုပ်မှ နှုတ်ထွက်ခဲ့သော စာရေးမတစ်ဦးက ဆိုသည်။

နေပြည်တော်အား မြန်မာနိုင်ငံ၏ မြို့တော်အဖြစ်သို့ ပြောင်းရွှေ့ခဲ့ချိန်ကလည်း ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ရန်ကုန်ရုံးများမှ ရွှေ့ပြောင်းခဲ့သဖြင့် အလုပ်မှနှုတ်ထွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

နေပြည်တော်သို့ ရွေ့ပြောင်းခြင်းခံရသခြင့် အလုပ်မှထွက်ခွာသူများမှာ ပန်းရံ၊ လက်သမားနှင့် တစ်လလျှင် အစိုးရလစာ ၅၅၀၀၀မှ ၇၂၀၀၀ စား ဝန်ထမ်းအများစုဖြစ်ပြီး၊ ၃၀ နီးပါးရှိကြောင်း သိရှိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၀၉ ခုနှစ်မှ စတင်ကာ နေပြည်တော်မှ တောင်ဘက် ၁၁ မိုင် အကွာတွင် တည်ဆောက်ခြင်း ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျော်စွာ

--------------------------------------------------------------------------------------------------------------------------------

အစိုးရသစ်လက်ထက်၌ ပထမဆုံးအကြိမ် ဂျာနယ်တစ်စောင် ယာယီအပိတ်ခံရ

ရန်ကုန်၊ မေ ၁၄။

အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ဂျာနယ်တစ်စောင်ထုတ်ဝေခွင့်အား ယာယီ ရပ်ဆိုင်းခံရကြောင်း ပြည်တွင်းမီဒီယာ အသိုင်း အဝိုင်းမှ စုံစမ်းသိရှိရသည်။

ဂျာနယ်ထုတ်ဝေခွင့် ၂ ပတ်ရပ်ဆိုင်းခံခဲ့ရကြောင်း ယင်းဂျာနယ်မှာ True News ဂျာနယ်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖြန့်ချီခဲ့သော ယင်းစာစောင်တွင် မိုဘိုင်းဖုန်းများကို ကျပ်တစ်သိန်းရှစ်သောင်းဖြင့်ချထားပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူကို ကိုးကားဖော်ပြသည့် သတင်းပါရှိကြောင်း ယင်းကိစ္စနှင့်ပတ်သက်၍ စာပေစီစစ်ရေးအဖွဲ့က ခေါ်ယူပြီး ခံဝန်လက်မှတ်ထိုးခိုင်းရုံဖြင့် ဖြေရှင်းခိုင်းသော်လည်း ယင်းသတင်းတွင်ပါရှိသည့် ကာတွန်းများ ယခင်အပတ်တွင် ဖော်ပြပါရှိသည့် အစိုးရ၏ မူဝါဒအလွဲများအပေါ် ဝေဖန်ထောက်ပြမှုများကြောင့်လည်း ယခု ကဲ့သို့ ယာယီအပိတ်ခံရသည့်အထိ ဖြစ်သွားခဲ့ရကြောင်း ပြည်တွင်းမီဒီယာများနှင့် စာပေစီစစ်ရေးအသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

မိုဘိုင်းဖုန်းများ ချထားပေးမည့်သတင်းအပေါ် စာဖတ်သူများစွာ စိတ်ဝင်စားခဲ့၍ ရောင်းအားကောင်းခဲ့ကြောင်း၊ ယင်းသတင်းအပေါ် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြန်လည်ရှင်းလင်းသည့် သတင်းပါရှိသော News week အပါအဝင် ဂျာနယ်များလည်း ရောင်းအားကောင်းခဲ့ကြောင်း ပန်းဆိုးတန်းနှင့် လမ်း ၃၀ ရှိ ဂျာနယ် လက္ကားဆိုင်များမှ စုံစမ်းသိရှိရသည်။

ပြည်တွင်း မီဒီယာတစ်ခုမှ လုပ်သက် ၈ နှစ်ကျော် အကြီးတန်းဝန်ထမ်းတစ်ဦးက ၁၉၈၈ခုနှစ် တပ်မတော်အစိုးရ တာဝန်ယူပြီးနောက်ပိုင်း ထုတ် ဝေခွင့်ရခဲ့သည့် ဂျာနယ်များယင်းကဲ့သို့ဖြစ်ခြင်းမှာ မထူးဆန်းတော့ကြောင်း တချို့ကိစ္စများတွင် ဂျာနယ်ရောင်းအားကောင်းစေရန် စာပေစီစစ်ရေးမှ တမင် လွှတ်ပေးပြီးမှ ပိတ်ခြင်းမျိုးပင်ရှိသည်ဟု စွပ်စွဲပြောဆိုခြင်းများပင်ရှိကြောင်း ပြည်တွင်းမီဒီယာ(အထူးသဖြင့် သတင်းဂျာနယ်များ) အနေဖြင့် စာပေစီစစ် ရေးနှင့် အလွမ်းသင့်ရန် လိုသလို ဌာနဆိုင်ရာများကို ပေါင်းရကြောင်း အဝင်အထွက်ကောင်းရန် လက်ဆောင်များလည်း ပေးရကြောင်း ဌာနဆိုင်ရာများ အနေဖြင့်လည်း တကယ်လုပ်မည့်ကိစ္စများကိုပင် ပြောပြီးမှ အထက်ကကြိမ်းသောအခါ လုံးဝမဟုတ်ပါဟု မျက်စိပိတ်ပြီး ငြင်းဆိုမှုများပင်ရှိကြောင်း အမှန် တကယ်ကြုံတွေ့ရသည့် ဂျာနယ်လစ်များ၏အတွေ့အကြုံနှင့်ယှဉ်၍ သုံးသပ်ပြောကြားသည်။

ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဦးကျော်ဆန်းက ယင်း၏မူဝါဒမိန့်ခွန်းတွင် မီဒီယာလွတ်လပ်ခွင့်နှင့်အတူ မီဒီယာများ အနေဖြင့် လည်း ကိုယ်ရေးသည့် သတင်းအပေါ် တာဝန်ယူမှုများ တာဝန်ခံမှုများ ရှိစေရန်နှင့် အပြန်အလှန်လေးစားနားလည်မှုရှိရန်လိုကြောင်း ပြောကြားခဲသည်။

The CJs News

--------------------------------------------------------------------------------------------------------------------------------

ထိုင်းနိုင်ငံရှိမြန်မာလုပ်သားခိုက်ရန်ဖြစ်ပွားမှု မြန်မာသံရုံးကူညီဆောင်ရွက်ခဲ့

ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသစ်လက်ထက်၌ ထိုင်းနိုင်ငံရှိ Golden Line Business Co.,Ltd ပိုင် ကြက်သားစက်ရုံမှ မြန်မာအလုပ်သမား များနှင့် ထိုင်းလူမျိုး လက်နက်ကိုင်လုံခြုံရေးအစောင့်တို့ ခိုက်ရန်ဖြစ်ပွားမှုတွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တာဝန်ရှိသူများက မြန်မာလုပ်သားများဘက်မှ အရေးဆို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ Phetchabun ခရိုင် Samuthong မြို့နယ်ရှိ Golden Line Business Co.,Ltd ပိုင် Saha Farms Group ကြက်သားစက်ရုံ၌ ၂၀၁၁ ဧပြီလ ၂၇ ရက်နေ့တွင် မြန်မာလုပ်သားများနှင့် လက်နက်ကိုင် ထိုင်းလူမျိုးလုံခြုံရေး အစောင့်များ ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာအလုပ်သမား ကိုမင်းမင်း ဆိုသူ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သတ်၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ သံမှူးခေါင်းဆောင်သည့်အဖွဲ့သည် သက်ဆိုင်ရာအဖွဲ့ အစည်းသို့ အကြောင်းကြား၍ အဆိုပါ စက်ရုံသို့သွားရောက်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီမှ မန်နေဂျာ Mrs.Thantana နှင့် တွေ့ဆုံရန် မြန်မာလုပ်သားများ ဘက်မှ အရေးဆို အကူအညီပေးခဲ့ကြောင်းသိရသည်။

အဆိုပါ စက်ရုံရှိ မန်နေဂျာ Mrs.Thantana က မိမိတို့အနေဖြင့် မြန်မာသံရုံးမှ အရေးဆိုပြောကြားချက်များကို နားလည်ကြောင်း၊ ယခုကိစ္စရပ် အား ထိုင်းအာဏာပိုင်များထံသို့ အကြောင်းမကြားစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း ခိုက်ရန်ဖြစ်ပွားရာ၌ဒဏ်ရာရရှိခဲ့သည့် ကိုမင်းမင်းနှင့် မြန်မာလုပ် သားများအားလုံး အဆင်ပြေကျေနပ်မှုရှိနိုင်ရန် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာလုပ်သားများအားလုံး ပုံမှန်အလုပ်ပြန်ဆင်းနေပြီ ဖြစ် ကြောင်း၊ ပြဿနာစတင်ခဲ့သည့် ထိုင်းလုံခြုံရေးလုပ်သားများကို အလုပ်မှထုတ်ပယ်ပြီးဖြစ်ပါကြောင်း၊ နောက်နောင်တွင် မြန်မာလုပ်သားများနှင့် ကိစ္စရပ်နှင့် ပတ်သတ်၍ မိမိထံသို့သာ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။

ယင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်နှင့်ပတ်သတ်၍ မြန်မာသံရုံးမှ သံမှူးဦးဆောင်သည့် တာဝန်ရှိသူများသည် မြန်မာလုပ်သားများဘက်မှ ရပ်တည်၍ သွားရောက်အရေးဆို ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပြီး မြန်မာအလုပ်သမားများနှင့် တွေ့ဆုံညှိနှိုင်းအားပေးကာ ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

(မော်ဒန်၊ အမှတ်-၂၅၇ ထိုင်းနိုင်ငံမြောက်ပိုင်းကြက်သားစက်ရုံ၌ မြန်မာအလုပ်သမားများနှင့် စက်ရုံစောင့်လုံခြုံရေး ဝန်ထမ်းများ ခိုက်ရန် ဖြစ်ပွားမှုတွင် မြန်မာသံရုံးမှ သွားရောက်အရေးဆိုကူညီဆောင်ရွက်ခဲ့ သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မိခင်ဘာသာစာပေ သင်ကြားရေးစနစ် တိုင်းရင်းသားပါတီများ ပူးပေါင်းတောင်းဆိုမည်

ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ အစိုးရစာသင်ကျောင်းများ၌ မိခင်ဘာသာစာပေ ပညာသင်ကြားခွင့်ရရှိရန် အစိုးရသစ်ထံ တိုင်းရင်းသား ပါတီများ ပူးပေါင်းတောင်းဆိုသွားမည်ဟု မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်က ပြောကြားသည်။

ဗမာစကားမတတ်သူနှင့် ဗမာစကားပြောဆိုတတ်သူ ကျောင်းသားလူငယ်များ ဗမာစာသင်ကြားနေမှု အခြေအနေများကို လေ့လာသုံးသပ် ဆွေး နွေးပြီး အစိုးရသစ်ထံ တင်ပြသွားမည်ဟု သိရသည်။

“ပြီးခဲ့တဲ့ နေပြည်တော်က လွှတ်တော်အစည်းအဝေးမှာ ဒေါက်တာဗညားအောင်မိုး တစ်ကြိမ်တင်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ဟိုကမေးလာတဲ့ အချက် အလက်တွေကို ပြန်ပြီး မတင်ပြနိုင်ခဲ့ဘူး၊ ဒီအခါမှာတော့အချက်အလက်တွေ သေသေချာချာ စုဆောင်းပြီးမှ တင်ပြသွားမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောကြားသည်။

ဗမာစကား မတတ်သည့် တိုင်းရင်းသား လူငယ်များအား ဗမာစာကို ဇွတ်အတင်းသင်ကြားပေးပါက အခက်အခဲများစွာ ကြုံတွေ့ကြရသည့် အတွက် ကနဦး ကျောင်းနေစအရွယ်တွင် သက်ဆိုင်ရာ မိခင်တိုင်းရင်းသားစာပေကိုသာ သင်ကြားပေးစေသင့်ကြောင်း နိုင်ငွေသိန်းက ပြောကြားသည်။

သက်ဆိုင်ရာ ပြည်နယ်ဒေသအလိုက် ပညာရေး အလုပ်ရုံဆွေးနွေးပွဲ Workshop များ ပြုလုပ်ပြီး တိုင်းရင်းသားပါတီအားလုံး စုပေါင်းကာ ရန်ကုန်မြို့၌ Workshop တဖန် ထပ်မံပြုလုပ်ပြီးမှသာ အစိုးရသစ်ထံ တင်ပြမည်ဟု သိရသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် မေလ ၁၄ ရက်နေ့ နောက်ပိုင်း၌ ပညာရေး အလုပ်ရုံဆွေးနွေးပွဲများကို သက်ဆိုင်ရာ မြို့နယ် အလိုက် စည်းရုံးပြုလုပ်သွားရန် အစီအစဉ်များချမှတ်ထားပြီး နောက်ဆုံးတွင် ပါတီဗဟိုရုံး၌ အပြီးသတ်ဆွေးနွေးပွဲတခု ကျင်းပသွားမည်ဟု ပါတီခေါင်း ဆောင်က ဆက်လက်ပြောကြားသည်။

ယခုမေလကုန်ပိုင်း၌ တိုင်းရင်းသားပါတီ ၅ ဖွဲ့က ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ပြန်လည်ဆွေးနွေးကြမည်ဟု သိရသည်။ အဆိုပါ တိုင်းရင်းသားပါတီများတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၊ ချင်းအမျိုးသား ပါတီ (CNP) ၊ ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ဖလုံစဝေါ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ကြသည်။

ဖဆပလ အစိုးရလက်ထက်တွင် သက်ဆိုင်ရာ တိုင်းရင်းသားများအတွက် ၎င်းတို့၏ စာပေများကို အစိုးရမူလတန်းအဆင့်၌ အပိုဘာသာရပ် အဖြစ် သင်ကြားခွင့် ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သင်ကြားခွင့် ပိတ်ပင်ခဲ့သည်။

ထို့အပြင် မဆလ အစိုးရလက်ထက်၌ တိုင်းရင်းသားစာပေ ကျောင်းသုံးစာအုပ်များပြဋ္ဌာန်းရိုက်နှိပ်ခဲ့သော်လည်း သက်ဆိုင်ရာ စာသင်ကျောင်း များ၌ တိုင်းရင်းသားစာပေ သင်ကြားခွင့်ကို အကောင်အထည်မဖေါ် နိုင်ခဲ့ပေ။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"များသောအားဖြင့် အောက်ခြေလစာဝန်ထမ်းတွေက လစာရောင်းကြ တာများတယ်။ မိသားစုစားဝတ်နေရေးအတွက် လကုန်မှဆိုရင် အဆင်မပြေလို့ လားတော့ မသိဘူး။ ရုံးမှာတော့ ကားမောင်းသမားတွေက လစာကျပ် ၄၇၀၀၀ ရရင် ကျပ် ၃၈၀၀၀နဲ့ အနစ်နာခံပြီးကြိုယူကြတယ်။ ဒါမျိုးက စီးပွားရေး တစ်ခုအနေနဲ့ မဖြစ်သင့်ပါဘူး"

မေ ၉ ထုတ် The Messenger အတွဲ(၁) အမှတ်(၅၁) တွင်ပါသည့် "ဝန်ထမ်းလစာငွေအား ကြိုတင်အတိုးနှုန်း ဖြင့် ရောင်းဝယ်ခြင်းကို တားဆီးသင့် " သတင်းမှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကိုကိုလင်းထွန်း၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ပညာပေးလို့မရရင် အရေးယူသွားမယ့်အစီအမံလည်း ဆောင်ရွက်နေပါတယ်။ အရေးယူတဲ့အခါမှာလည်း သတင်းပေးတဲ့လူကို ကျွန်တော် သတ်မှတ် ထားတဲ့ ဒဏ်ကြေးတစ်ဝက်ပေးမယ်။ ကျန်တဲ့တစ်ဝက်ကိုအစိုးရအဖွဲ့ကို ပေးသွားမှာပါ။ အဲဒီလိုလုပ်မှပဲ စည်းနဲ့ကမ်းနဲ့ဖြစ်လာမှာပါ။ အရေးမယူမဖမ်း ဖိုင်း မတပ်ရင် ဘယ်သူမှ လိုက်နာကြမှာမဟုတ်ဘူး။ စင်ကာပူ သန့်တယ်ဆိုတာကလည်း အရေးယူဖိုင်းတပ်လို့လေ။ ကျွန်တော်တို့လည်း သူများနည်းတူ ကိုယ့် တိုင်းပြည်သန့်အောင် ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာလုပ်ရမှာပါ။ ကိုယ့်တိုင်းသူပြည်သား ဖိုင်းပေးချင်ရင် စည်းနဲ့ကမ်းနဲ့နေပေါ့ဗျာ။ ဘယ်သူ့ဆီကမှ ဖိုင်းအလကား မလိုချင်ဘူး။ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်အတိုင်း မလိုက်နာလို့သာ လိုက်နာအောင် ဖိုင်းချခြင်းဖြစ်တယ်။ ဖိုင်းချတယ်ဆိုတာက ကျွန်တော်တို့ အစိုးရအတွက် ရန်ပုံငွေရအောင်လို့ အစိုးရအဖွဲ့အတွက် ဝင်ငွေရအောင်လို့ဆိုတယ် ဆန္ဒလုံးဝ မရှိပါဘူး။ မီဒီယာတွေလည်း နားလည်ဖို့ လိုတယ်"

မေ ၁၃ရက် ထုတ် လျှပ်တစ်ပြတ်သတင်းဂျာနယ် အတွဲ(၃) အမှတ်(၃၆) တွင်ပါသည့် "ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိ သူတို့မှ သတင်းသမားများနှင့် ပွဲဦးထွက်တွေ့ဆုံရှင်းလင်းပွဲစပြီ" သတင်းမှ အစိုးရ အဖွဲ့ကိုယ်စားဝန်ကြီး ဦးဉာဏ်ထွန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော်နှင့်အတူအလုပ်ဝင်တဲ့ သူငယ်ချင်းတွေပါ ဒီကအေးဂျင့်နဲ့စာချုပ်ချုပ်တုန်းက ဗီဇာကြေးနဲ့ အလုပ်သမားကျန်းမာရင် ကျန်းမာရေး စရိတ်ေ ထာက် ပံ့ပေးမယ်လို့ ပါခဲ့တယ်။ တကယ်တမ်းကျတော့ ဟိုမှာလစာထုတ်တော့ ဗီဇာကြေးကိုပေးရတဲ့အပြင် နေမကောင်းလို့ ဆေးခန်းပြဖို့ပြောတော့ ကိုယ့်စရိတ် ကိုယ် ကျခံရမယ်ဆိုပြီး ပြောခဲ့တယ်။ မကျေနပ်လို့ အလုပ်သမားဌာနကိုတိုင်တော့ နေရပ်ပြန်ခွင့် ကျွန်မတို့ ရခဲ့တယ်။ တချို့ကျတော့ နေရပ်ပြန်ချင်ရင် စာချုပ်သက်တမ်း မပြည့်တဲ့အတွက် ဒေါ်လာ ၅၀၀ လျော်ခိုင်းတယ်"

မေ ၁၃ ထုတ် BiWeekly ELEVEN အတွဲ(၆) အမှတ်(၄) တွင်ပါသည့် "ယူအေအီးမှ မြန်မာအလုပ်သမားခေါ်ယူမှု ၂၀၁၁ခုနှစ်၌ ၂၀ ရာခိုင်နှုန်း နီးပါးမြင့်တက်မှန်ကန်သည့် သတင်းအချက်အလက်ပေးခြင်းထက် မက်လုံးပေးခေါ် ယူနေသည့် အေးဂျင့်အချို့ကြောင့် စာချုပ်ပါ အချက်အလက်များနှင့် လွဲချော်မှုပြဿနာများရှိလာ" သတင်းမှ ဒူဘိုင်းရှာဂျားရှိ စားသောက်ဆိုင်၌ လုပ်ကိုင်ခဲ့သူ မြန်မာအမျိုးသမီးက ပြန်လည်ဖြေကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တဖက်မှာလည်း မြန်မာနိုင်ငံရဲ့ ဒီ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းက တရုတ်အစိုးရရဲ့ အဓိကမဟာဗျူဟာကျတဲ့ ဒီထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ အတွက်ကြောင့် ဒီပေါ်မှာလည်း တရုတ်အစိုးရအနေနဲ့ စစ်ရေးအရပေါ့၊ ဦးသိန်းစိန်ရဲ့ အစိုးရနဲ့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မှလည်း သူ့ရဲ့ အကျိုးစီးပွားကို အဓိက ကာကွယ်နိုင်မဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရဖက်က ကြည့်မယ်ဆိုရင် သူ့အနေနဲ့ တချက်ခုတ် သုံးချက်ပြတ်လောက် သူလုပ်နိုင် မယ်လို့ ယူဆတဲ့ အတွက်ကြောင့် ဦးသိန်းစိန် ရဲ့ အစိုးရအပေါ်မှာ တော်တော်လေးကို လိုက်လျောနေတယ်လို့ ကျွန်တော်တို့ သုံးသပ်လို့ ရပါတယ် ခင်ဗျ။”

 မေ ၁၂ RFA တွင်ပါသည့် "တရုတ်စစ်ဖက်ထိပ်တန်းခေါင်းဆောင် မြန်မာနိုင်ငံကို ရောက်ရှိ" သတင်းမှ တရုတ်-မြန်မာဆက်ဆံရေး စောင့်ကြည့် လေ့လာနေသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) နိုင်ငံခြားရေးတာဝန်ခံ ဦးညိုအုန်းမြင့် ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လွှတ်တော် တစ်ခု၏ အခင်းအကျင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံရဲ့ လွှတ်တော်ကြီးကို လွှတ်တော်ကိုယ်စားလှယ် တော်တော်များများက အလွန် ခမ်းနားကြီးကျယ်ကြောင်း တစ်ဖွဲ့တစ်နွဲ့ ပြောနေကြလို့ တကယ်ပဲ ခမ်းနားရဲ့လားလို့ လေ့လာကြည့်ကြတော့ ခမ်းနားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခမ်းနားတာနဲ့ လွှတ်တော်အင်္ဂါရပ်နဲ့ ပြည့်စုံပြီလို့လဲ မဆိုနိုင်ပြန်ပါဘူး။ ကျွန်တော်တို့ရဲ့ လွှတ်တော်ကြီးက တကယ်ပဲလွှတ်တော် အခင်းအကျင်းနဲ့ ပြည့်စုံရဲ့လားဆိုတာ အခြားနိုင်ငံများရဲ့ လွှတ်တော်များနဲ့ နှိုင်းယှဉ်ကြည့်ပြီး ဘယ်ဟာကတော့ အဆင့်မှီတယ်၊ ဘယ်ဟာကတော့ လိုအပ်တယ်လို့ နှိုင်းယှဉ်ကြည့်ပါမှ သိနိုင်ပါ လိမ့်မယ်။

လွှတ်တော် သဘာပတိထိုင်ခုံရဲ့နောက်မှာ ကျောက်စိမ်းပြားကြီးတွေ ဖြတ်ပြီးကပ်ထားတာ၊ ခုံတွေအားလုံးဟာ တန်ဖိုးကြီး ကျွန်း၊ မဟော်ဂနီ တွေနဲ့ လုပ်ထားတာလို့ သိရတော့ ကိုယ်စားလှယ်ကြီးများပြောသလို တကယ်ပဲခမ်းနားတဲ့ လွှတ်တော်ကြီးလို့ ဆိုရမှာပါပဲ။ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယား လွှတ်တော်တွေနဲ့ ယှဉ်လိုက်ရင် ဂုဏ်မငယ်ရတော့ဘူးပေါ့။ ကျွန်တော်တို့ လွှတ်တော်ကြီးက တကယ့်ကို ဟိတ်ဟန်ကြီးပေတာကိုး။ ကမ္ဘောဒီးယား လွှတ်တော်များဆို ဘုန်းကြီးကျောင်း လားထင်ရတယ်။ ထိုင်းပါလီမန်လဲ မြန်မာလောက် ခမ်းနားမှု မရှိပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ လွှတ်တော်ကို ကြည့်လိုက်ရင် ပထမဆုံးအလွဲကတော့ လွှတ်တော်ထဲဝင်ဖို့ လွှတ်တော် အစည်းအဝေးကျင်းပရာနေရာကို တမျော်တစ်ခေါ်ကြီး လမ်းလျှောက်ရတဲ့ ကိစ္စပါ။ အစည်းအဝေးခန်းထဲ ရောက်ဖို့ ကိုယ်စားလှယ်မင်းများခမျာမှာ တောင်ရှည်ခေါင်းပေါင်းကြီးတွေနဲ့ နေပူကြဲကြဲမှာ ဘယ်လောက်ဒုက္ခရောက်ကြမလဲ၊ မိုးရွာရင်ရော၊ ခင်းထားတဲ့ ကျောက်ပြားတွေက လက်လက်ထနေတာနဲ့ အကုန်လုံးချော်လဲကြရင် လွှတ်တော်ကနေ ဆေးရုံကို ပြောင်းပြီး ဆွေးနွေးရမယ့် ကိန်းပါပဲ။ သမ္မတရယ်၊ ဒုသမ္မတနဲ့ လွှတ်တော်သဘာပတိ၊ ဥက္ကဋ္ဌ တို့လောက်သာ အထဲကို ကားစီးဝင်ခွင့်ရတယ်ဆိုတော့ တစ်ဦးနဲ့ တစ်ဦး လေးစားသမှုထားတယ်ဆိုတာ ဘာကိုပြောတာလဲလို့ မေးရမလို ဖြစ်ပါ တယ်။

ဒုတိယအလွဲကတော့ အမတ်မင်းများကို ကွန်ပျူတာတို့၊ အသံဖမ်းဆက်တို့ ဘာမှယူခွင့်မပေးတာပါပဲ၊ ကွန်ပျူတာ မသုံးတတ်တဲ့ အမတ်မင်းများ ဖြစ်တဲ့အတွက် ပြဿနာမရှိပေမယ့် လွှတ်တော်မှာ ဘယ်သူကတော့ဖြင့် ဘာပြောသွားတယ်ဆိုတာ သိရအောင် အသံဖမ်းဆက်လေး တစ်လုံးလောက် တော့ ဆောင်မှ ဖြစ်မယ်ထင်ပါတယ်။ ဒီလိုခွင့်မပြုနိုင်ပေမယ့် လွှတ်တော်ရဲ့အစီအစဉ်အနေနဲ့ အစည်းအဝေး တစ်ရက်ပြီးတိုင်း မှတ်တမ်းစီဒီခွေတွေ ဝေငှပါမယ်ဆိုရင်လဲ ပြဿနာတစ်ခုက အသံဖမ်း ရိုက်ကူးရေး စတူဒီယို မရှိတာပါပဲ။ နိုင်ငံအတော်များများမှာ လွှတ်တော် အစည်းအဝေးခန်းရဲ့ နောက်ကျောခန်း တွေမှာ စတူဒီယိုခမ်းတွေ ထားလေ့ရှိပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကြီးမှာ စတူဒီယို မရှိတာကို သမ္မတကြီးနဲ့ တကွ လွှတ်တော် သဘာပတိကြီးနဲ့ ဥက္ကဌကြီးများ ကြိုးစားပေးလိုက်ကြပါဦးခင်ဗျာ။

တတိယအလွဲတစ်ခုကတော့ လွှတ်တော် ပြတိုက်ဆိုတာ ရှိရပါမယ်။ ဒါပေမယ့် အခုမှ လွှတ်တော်စတာ ဘယ်ကသမိုင်းရှိမလဲလို့ ကတ်သတ်ပြီး မေးလာရင် လွှတ်တော် အဆောက်အဦးကြီးကို ဆောက်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေ၊ ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ပုံတွေ၊ ဗွီဒီယိုတွေ စသည်ဖြင့် ပြနိုင်အောင် အဆင်သင့် ပြင်ဆင်ထားသင့်ပါတယ်။ နောင်တစ်ချိန်မှာ အများပြည်သူသာမက ပြည်ပ မီဒီယာတွေ၊ နိုင်ငံခြားဧည့်သည်တွေ လာလေ့လာ ကြရင် မခက်ပါလား ခင်ဗျာ။ ပြည်ပမီဒီယာတွေ၊ တိုးရစ်တွေကို ဝင်ခွင့်ပြုဖို့ စိတ်ကူးမရှိလို့ ဆိုရင်တော့ ကျွန်တော်တို့ လွှတ်တော်ကြီးရဲ့ ခမ်းနားကြီးကျယ် မှုကို ကမ္ဘာသိအောင် ပြခွင့်မရသလို နိုင်ငံခြား ဝင်ငွေရမယ့် အခွင့်အရေးတစ်ခုလဲ နစ်နာမယ်၊ ပြည်တွင်းက နောင်လာနောင်သားတွေလဲ ကိုယ့်နိုင်ငံ လွှတ်တော်ရဲ့ သမိုင်းကို မသိနိုင်တော့၊ လွှတ်တော် အပေါ်မှာ အနာဂတ်လူငယ်ထုဟာ စိတ်မဝင်စားတော့ရင် ဒီလွှတ်တော်ကြီးထဲကို လာချင်တဲ့ အနာဂတ် ခေါင်းဆောင် အလောင်းအလျာ လေးတွေလဲ ပေါ်လာနိုင်မှာ မဟုတ်တော့ ပါဘူး။

နောက်တစ်ခုထပ်ပြရရင် ပုံနှိပ်ထုတ်ပြန်တဲ့ ဟောခန်းပါ။ ( Press Conference) လို့လဲ ပြောကြသလို ( Media conference) လို့လဲ ဆိုကြပါ တယ်။ သတင်းစာရှင်းလင်းပွဲတွေ၊ ထုတ်ပြန်ချက်တွေ ပြုလုပ်တဲ့နေရာပါ။ အခုထိတော့ မီဒီယာသမားတွေ ဝင်ခွင့်မပေးသေးတော့ မလိုသေးဘူးပေါ့။ ဒါမှ မဟုတ် ဘယ်တော့မှ ပေးဝင်မှာမဟုတ်လို့ အစတည်းက ဆောက်မထားတာလို့များ ဦးကျော်ဆန်းက ဖြေဦးမှာလားမသိပါ။ အမတ်မင်း တစ်ယောက် ကတော့ ဒီလွှတ်တော် အစည်းအဝေးဟာ စစ်အစိုးရက အာဏာလွှဲပြောင်းပေးတဲ့ ပထမဆုံးပွဲမို့လို့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် မီဒီယာ တွေကို ဝင်ခွင့်မပေးတာပါ။ နောင်တစ်ကြိမ် အရပ်သားအစိုးရစစ်စစ်ပဲ သီးသန့်ကျင်းပတဲ့ အခါကျရင်တော့ ဝင်ခွင့်ပြုနိုင်တယ်လို့ ဆိုထားပြန်တော့ သူ့ရဲ့ အဆိုသာ မှန်တယ်ဆိုရင် ဒီအဆောက်အဦးလေး ဖြစ်လာဖို့ လုပ်လိုက်ပါဦးလို့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဦးကျော်ဆန်းတို့ကို ဘေးတီးပေးလိုပါတယ်ခင်ဗျား။

အထက်ပါ တင်ပြထားချက်တွေကတော့ ကျွန်တော်တို့ လွှတ်တော်မှာ မြင်တွေ့နေရတဲ့ အလွဲလေးတွေထဲက အချို့ဖြစ်ပါတယ်။ နောက်ထပ် အခြေခံမဟုတ်တဲ့ ကြီးကြီးကျယ်ကျယ် ကိစ္စတွေကတော့ အခုမှပထမဆုံးလွှတ်တော် ဖြစ်တဲ့အတွက် လိုအပ်ချက်ရှိနေပါလိမ့်မယ်လို့ နားလည်လက်ခံ ပေးလိုက်ပါတယ်။ အနှစ်နှစ်ဆယ်အတွင်း ပထမဆုံး လုပ်တာဆိုတော့ ပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးသိကြပေမယ့် အထက်မှာပြောခဲ့တဲ့ အလွဲလေးတွေ ကတော့ ပြင်လို့ရနိုင်တဲ့ ဘယ်ပေါ်လစီနဲ့မှ မငြိနိုင်တဲ့ ကိစ္စလေးတွေဖြစ်တာမို့ သမ္မတကြီးနဲ့တကွ လွှတ်တော် တာဝန်ရှိ လူကြီးမင်းများကို အဆင်းဘီးတပ်တယ်လို့ မမြင်စေလိုဘဲ လွှတ်တော်ကြီးကို ဂုဏ်ယူဝင့်ကြွားလိုတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ စေတနာနဲ့ အကြံပြု တင်ပြလိုက်ခြင်းပဲ ဖြစ်ပါတယ်။

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs