Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၀.၅.၂၀၁၁

ဘာသာပြန်သတင်းများ

ဒေါ်အောင်ဆန်းစုကြည် မကြာမီ ရန်ကုန် အပြင်ထွက်၍ စည်းရုံးတော့မည်

(Asia News မှ 19th May 2011 ရက်စွဲပါ “Aung San Suu Kyi could soon campaign outside Yangon” သတင်းကို ဘာသာပြန်ဆိုသည်။)

၈ နှစ် ကြာပြီးသောအခါတွင် မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလား ထောက်ခံသော သူမ၏ လှုပ်ရှား စည်းရုံးမှုများကို အရှိန်မြှင့် အားပေးရန် ရန်ကုန်တစ်ခွင် လှည့်လည် ခရီးထွက်နိုင်တော့မည်ဟု သိရသည်။ နိုဘယ်ဆုရှင် လူထုခေါင်းဆောင်က မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော အမေရိကန် ပြည်ထောင်စု၏ Sanctions များ ထပ်မံ အတည်ပြု သက်တမ်းတိုးခြင်းကို မြင်တွေ့ရန် မျှော်လင့်ခြင်း၏ အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် “လုံလုံလောက်လောက် ပြောင်းလဲတိုးတက်မှု” မရှိခြင်းကြောင့် ဖြစ်သည်။ အစိုးရ ဆန့်ကျင်သူ အနည်းငယ်မျှကို အစိုးရက လတ်တလော လွှတ်ပေးခြင်းသည် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ပဲ “လျော့ရက် သတ်မှတ်ပေးခြင်း” သာလျှင် ဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ NLD ပါတီကိုယ်စားပြု စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ရန် ရန်ကုန်မြို့တော် ပြင်ပ နယ်မြေများသို့ မကြာမီ ခရီးထွက်တော့မည် ဖြစ်သည်။ အဆိုပါကိစ္စကို NLD ပါတီ ခေါင်းဆောင် နိုဘယ်ဆုရှင်က သတင်းထောက်များနှင့် ယနေ့ တွေ့ဆုံစဉ် ကြေညာ ချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခု လတ်တလော၌ သူမ၏ သွားလာ လှုပ်ရှားမှုများကို မြို့တော်ဟောင်း ရန်ကုန်တဝိုက် နယ်မြေများတွင် ကန့်သတ် လှုပ်ရှားဦးမည်ဖြစ်ပြီး ကျန်တစ်နိုင်ငံလုံးသို့ ခရီးလှည့်မှုကို ရှောင်ရှားထားဦးမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ခေါင်းဆောင်သည် လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရကာ မနှစ်က ရွေးကောက်ပွဲများ ကျင်းပပြီး ရက်ပိုင်းအကြာ နိုဝင်ဘာလတွင် သူမ၏ ပြစ်ဒဏ်ကျ ကာလ ပြီးဆုံးသွားခဲ့သည်။ သူမ လွတ်မြောက်လာပြီးနောက် ချက်ချင်းပင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် ဆက်လက် လှုပ်ရှား ဆောင်ရွက်လိုသော ဆန္ဒကို ထုတ် ဖော် ပြောကြားခဲ့သည်။ သို့သော်လည်း လုပ်ကြံတိုက်ခိုက်မှု အလားအလာများကို စိုးရိမ်ရသောကြောင့် ရန်ကုန်မြို့တော်မှ မခွာရန် သူမ ရွေးချယ်ခဲ့ရ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရေပန်းစား ကျော်ကြားမှုက စစ်ဖက် အုပ်ချုပ်သူများ အပေါ် ဆန့်ကျင်မှုများကို အားပေး လှုံဆော်နိုင်သည်ကို စိုးရိမ် ကြောက်ရွံ့သော မြန်မာ အာဏာပိုင်များက သူမအား နိုင်ငံအနှံ့ ခရီးသွားခြင်း မပြုရန် ယခင်က တားမြစ်ထားခဲ့ကြသည်။ NLD ခေါင်းဆောင် အပေါ် နောက်ဆုံးအကြိမ် တရားဝင် အရေးယူ ထိန်းသိမ်းမှုမှာ ၂၀၀၃ ခုနှစ် မေလက မြန်မာပြည် မြောက်ပိုင်း ဒီပဲယင်းမြို့နယ်တွင် သူမ၏ မော်တော်ယာဉ် တန်းကို အစိုးရက ပါဝင် ပတ်သက်၊ တိုက်ခိုက် လုပ်ကြံခဲ့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အဆိုပါ အခင်းဖြစ်ရပ်တွင် သူမ ထိခိုက်ဒဏ်ရခြင်း မရှိခဲ့သော်လည်း NLD ပါတီ ထောက်ခံသူ ဒါဇင်ပေါင်း များစွာ အသက်ဆုံးရှုံးခဲ့ရသည်။

လတ်တလော အမေရိကန် သံတမန် Joseph Yun နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အမေရိကန် တို့ ချမှတ်ထားသော စီးပွားရေး Sanctions များ အကြောင်းကို ပြောဆိုခဲ့သည်။ သူမက “အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် Sanctions များကို ထပ်မံ အတည်ပြု သက်တမ်းတိုးမည်ဟု မျှော်လင့်ကြောင်းနှင့် အကြောင်းရင်းမှာ မြန်မာနိုင်ငံတွင် လုံလောက်သော တိုးတက်မှု မရှိ၍ ဖြစ် ကြောင်း” ပြောကြားခဲ့သည်။

လတ်တလော အကျဉ်းသား ၁၇၀၀၀ မြောက်လာခြင်းကို မှတ်ချက်ပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်က “ဒါကို လွတ်ငြိမ်းချမ်းသာခွင့်လို့ မသတ်မှတ်ပါဘူး။ လျှော့ရက်ပေးတာလို့ပဲ ပြောလို့ရပါတယ်” ဟု ပြောကြားလိုက်သည်။

****************************************************************

အမေရိကန် သံတမန်က မြန်မာတွင် အရေးပါသော တိုးတက်မှုများ တောင်းဆို

(19th May 2011 ရက်စွဲပါ Monsters and Critics မှ Senior US diplomat demands “Significant development” in Myanmar ကို ဘာသာပြန်သည်။)

အမေရိကန် ပြည်ထောင်စု အနေဖြင့် စစ်တပ် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် အရေးပါသော ဖွံ့ဖြိုးတိုးတက်မှုများ အတွက် တွန်းအားပေးလျက် ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း တာဝန်ရှိသူက မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားခဲ့သည်။ “သူက ကျွန်မကို ပြောတာကတော့ သူ့အနေနဲ့ ဒီမှာ အရေးပါတဲ့ ဖွဲ့ဖြိုးတိုးတက်မှုတွေ တွေ့လိုတယ်လို့ ဆိုပါတယ်” ဟု အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun နှင့် တွေ့ဆုံအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Yun သည် အစောပိုင်းက နေပြည်တော်တွင် နိုင်ငံခြားရေး ဝန်ကြီး ဝဏ္ဏမောင်လွင်၊ လွှတ်တော် ဒုဥက္ကဌ နန္ဒကျော်စွာနှင့် ပြည်ထောင်စု ကြံခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးတို့နှင့် တွေ့ဆုံခဲ့သည်။ “ကျွန်တော်ရဲ့ ခရီးစဉ်ကတော့ ဝါရှင်တန်နဲ့ နေပြည်တော်ကြားမှာ တူညီတဲ့ အခြေ ခံ အချက်တွေ ရှာဖွေဖို့ပါပဲ” ဟု ၎င်းက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှ မထွက်ခွာမီ သတင်းထောက်များသို့ ပြောကြားခဲ့သည်။ အစိုးရသစ်နှင့် ပတ်သက် ၍ ၎င်း၏ အမြင်ကိုမူ မေးမြန်းရာ ဖြေကြားခြင်း မပြုခဲ့ပေ။

Sanction နှင့် ပတ်သက်သော သဘောထား ပြောင်းလဲမှုရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲပြီးနောက် ပြောကြားခဲ့ သည်။ “အမေရိကန် အနေနဲ့ Sanction သက်တမ်းတိုးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ လုံလောက်တဲ့ ပြောင်းလဲမှုရှိတယ်လို့ မထင်လို့ ပါပဲ” ဟု သူမက Burma ဟု သုံးစွဲ၍ ပြောကြားသွားသည်။

မကြာသေးမီက အကျဉ်းသား ၇၀၀၀ ကျော် လွှတ်ပေးခြင်းနှင့် ပတ်သက်၍ သူမ အနေဖြင့် ထိုအထဲတွင် နိုင်ငံရေး အကျဉ်းသား ၅၅ ဦး ပါဝင်ပြီး၊ သူမ ၏ ပါတီမှ အဖွဲ့ဝင် ၂၇ ဦး ပါဝင်သည်ဟု သိရှိရကြောင်း ပြောသည်။ “ဒါဟာ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ မဟုတ်ပါဘူး။ ပြစ်ဒဏ်လျော့တာပါ။ နိုင်ငံ ရေး အကျဉ်းသားတွေ လွှတ်ပေးတာ တွေ့လိုပါတယ်” ဟု သူမက ပြောသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ရှိသည်ဟု ခန့်မှန်းကြသည်။ ယခု Yun ၏ ခရီးစဉ်သည် မတ်လ ၃၀ ရက် အစိုးရသစ် ဖွဲ့ပြီးကတည်းက ပထမဆုံး တရားဝင် ခရီးဖြစ်ပြီး၊ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် Vijay Nambiar ပြီးခဲ့သည့် အပတ်က ပြန်သွားပြီး မကြာခင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ Yun သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ဒေါ်အောင်ဆန်း စုကြည်အား လွှတ်ပေးပြီး မကြာခင်က လာရောက်ခဲ့သည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်နိုင်စေရန် တားမြစ်ထားပြီး စစ်တပ် နောက်ခံပြုသော ကိုယ်စားလှယ်များ အနိုင်ရရှိရန် ကန့်သတ်ချက်များ ထားရှိခြင်းကြောင့် အမေရိကန် သမ္မတ Obama က ရွေးကောက်ပွဲအား အတုအယောင်ဟု ပြောကြားခဲ့သည်။

*************************************************************************

မြန်မာသည် ဘိန်းထုတ်လုပ်မှု ဒုတိယ အကြီးဆုံးဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြ

(18th May 2011 ရက်စွဲပါ Press TV မှ Preethi Nallu ရေးသားသော UN report: Myanmar second largert producer of opium ကို ဘာသာပြန်သည်။)

လွန်ခဲ့သော ဆယ်စုနှစ် အနည်းငယ်အတွင်း မြန်မာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား စစ်ပွဲများ အတွက် မီးထိုးပေးသော အရာ မှာ ဘိန်းဖြစ်သည်။ အဆိုပါ ဘိန်းခင်းများသည် ရှမ်းပြည်နယ်တွင် ရှိသည်။ ပညာရှင်များ၏ အဆိုအရ ရှမ်းပြည်မှ မြို့အတော်များများသည် ဘိန်းထုတ် လုပ်မှုနှင့် ပတ်သက်နေကြောင်း၊ အဆိုပါ ဒေသများတွင် စားနပ်ရိက္ခာ မလုံလောက်မှု၊ ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခများ ခံစားရလျက် ရှိကြောင်း သိရှိရ သည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ နှင့် ၂၀၁၁ တွင် ဘိန်းထုတ်လုပ်မှု သိသာစွာ မြင့်တက်ခဲ့သည်ဟု နောက်ဆုံး အစီရင်ခံစာများက ပြသနေသည်။ ကုလ သမဂ္ဂ ဘိန်းနှင့် ရာဇဝတ်မှုရုံး (UNODC) က မြန်မာနိုင်ငံကို အာဖဂန် နစ္စတန်ပြီးနောက် ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် အမည် တပ်ခဲ့သည်။ နောက်ဆုံးရာသီအတွက် ၎င်းတို့၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးသော မြေ ၃၂၀၀ ဟက်တာရှိရာ ပြီးခဲ့သည့်နှစ် ကထက် ၁၁% တိုးလာပြီး ၂၀၀၆ ခုနှစ်ကထက် ၅၀% ပိုခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း မြန်မာ အစိုးရက ၎င်းသည် ဘိန်းထုတ်လုပ်မှု နှိမ်နင်းရာတွင် အောင်မြင်လျက်ရှိကြောင်း ပြောဆိုခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် နှစ်ပေါင်းများစွာ ဘိန်းစိုက်ပျိုး ထုတ်လုပ်သော တောင်သူတစ်ဦးက ပြောကြားရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များ သည် သူမ ထုတ်လုပ်သော ဘိန်းများထံမှ အခွန်ကောက်ခံသည်ဟု ဆိုသည်။ သုတေသနပြုသူများက အရပ်သားများ၏ ထွက်ဆိုချက်များကို ဟုတ်မှန် ကြောင်း အတည်ပြုခဲ့သည်။ မြန်မာနိုင်ငံ လွှတ်တော်အတွင်း၌ လူသိများသော ဘိန်းဘုရင်ရှိနေခြင်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်ရေးတွင် အစိုးရ ပါဝင် ပတ်သက်ကြောင်း သက်သေပင် ဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ရှမ်းပြည်နယ်တွင် ဘိန်းထုတ်လုပ်မှု ကြီးမားရခြင်းမှာ “ဝ” တပ် (UWSA) နှင့် ကိုးကန့်တို့ ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များ လက်အောက် တွင် ထုတ်လုပ်နေခြင်းကြောင့်ဟု UNODC ၏ အဆိုအရ သိရှိရသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ဒေသဆိုင်ရာနှင့် ဗဟိုအစိုးရတို့မှ တက်ကြွစွာ ပါဝင် ပတ်သက်မှုကြောင့် ဘိန်းထုတ်လုပ်မှု သိသာစွာ မြင့်တက်ခဲ့သည်။ ဘိန်းမှ ဟီးရိုးအင်းသို့ သန့်စင်ခြင်း လုပ်ငန်းတွင် နှစ်ဘက်စလုံး တာဝန်ရှိသည်ကို လူတိုင်းသိကြသည်။

ထိုသို့ ထုတ်လုပ်မှု တိုးတက်ခြင်းကြောင့် ရှမ်းလူမျိုးများကြားတွင် ၂၀၀၉ ခုနှစ်၌ ဘိန်းစွဲသူ ၈၅% တိုးတက်လာခဲ့ပြီး၊ အိမ်နီးချင်း တရုတ်နိုင်ငံ တွင် ယူနန်ပြည်နယ် တစ်ခုတည်း၌ ဘိန်းစွဲကြောင်း မှတ်ပုံတင်သူ ခြောက်သိန်း ရှိခဲ့ကြောင်း သိရှိရသည်။

******************************************************************

PTTEP က မြန်မာနိုင်ငံတွင် ဓာတ်ငွေ့များ ထပ်မံတွေ့ရှိ

(19th May 2011 ရက်စွဲပါ The Nation မှ PTTEP finds more gas in Burma ကို ဘာသာပြန်သည်။)

PTT ရှာဖွေရေးနှင့် ထုတ်လုပ်ရေး၏ လက်အောက်ခံဖြစ်သော PTTEP International Ltd သည် မြန်မာနိုင်ငံတွင် Aung Singkha အစမ်းတွင်း (၂) တွင် သဘာဝဓာတ်ငွေ့များ အောင်မြင်စွာ ရှာဖွေတွေ့ရှိသည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။ ရှာဖွေ တွေ့ရှိမှုတွင် ဓာတ်ငွေ့လည်ပတ်မှု အမြောက် အများကို တွေ့ရှိခဲ့သည်။ ဓာတ်ငွေ့လည်ပတ်မှုကို ဇုန် နှစ်ခုတွင် တိုင်းတာခဲ့ရာ သဘာဝဓာတ်ငွေ့ အများဆုံး စီးဆင်းမှုနှုန်း တစ်ရက်လျှင် ၂၅ ကုဗပေ သန်းပေါင်းရှိမည် ဖြစ်ပြီး၊ ဓာတ်ငွေ့ရည် ပြုလုပ်ခဲ့ပါက တစ်ရက်လျှင် ၁၅၀ စည် ခန့်မှန်းခြေ ထွက်ရှိမည်ဟု ဆိုသည်။ တွက်ချက်ထားသော Absolute Open Flow အရ တစ်ရက်လျှင် ၅၃.၅ ကုဗပေ သန်းပေါင်းရှိမည်ဟု ဆိုသည်။

အဆိုပါ အစမ်းတွင်း အဆို့ရှင် (Value) ဖွင့်ပွဲကို စွမ်းအင် ဝန်ကြီး ဦးသန်းဌေးနှင့် PTTEP မှ အထွေထွေ မန်နေဂျာ Kanok Intharawijitr တို့က ပူးတွဲ ဖွင့်လှစ်ပေးခဲ့သည်။

********************************************************************

အမေရိကန် လုံခြုံရေးဌာန အကြီးအကဲ ဆွေးနွေးပွဲများ ပြုလုပ်ရန် အိန္ဒိယသို့လာမည်

(AFP သတင်းမှ 20th May 2011 ရက်စွဲပါ “US security chief to visit India for talks” သတင်းကို ဘာသာပြန်ဆိုသည်။)

အမေရိကန် ပြည်တွင်း လုံခြုံရေးဌာန ဝန်ကြီး Janet Napolitano ၏ ၄ ရက်ကြာ အိန္ဒိယ ခရီးစဉ်ကို မေ ၂၄ ရက်တွင် စတင်မည် ဖြစ်ကြောင်း သူမ ၏ ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန် ကြေညာသည်။ Ms Napolitano နှင့် အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Palaniappan Chidambaram တို့နှစ်ဦး တွေ့ဆုံ ကျင်းပမည့် အမေရိကန် - အိန္ဒိယ ပြည်တွင်း လုံခြုံရေး ဆွေးနွေးပွဲသည် နှစ်နိုင်ငံအကြား အကြမ်းဖက်ဝါဒနှင့် ပတ်သက်၍ ဆက်သွယ် ဆောင်ရွက်မှု တိုးမြှင့်လာစေလိမ့်မည်ဟု သိရှိရသည်။

ပါကစ္စတန်မြို့တော် အစ္စလာမ်မာဘတ် အနီးတွင် အမေရိကန် အိုစမာ ဘင်လာဒင်ကို အမေရိကန် ကွန်မန်ဒိုများက အဆုံးစီရင်ခဲ့ပြီးနောက် အိန္ဒိယ ၏ ဒေသတွင်း မဟာမြိုင်ဘက် ပါကစ္စတန်နှင့် အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး ခပ်တန်းတန်း ဖြစ်နေသည့်ကြားမှ ယခု ခရီးစဉ် ပေါ်ထွက် လာခြင်း ဖြစ်သည်။

အမေရိကန် ပြည်တွင်း လုံခြုံရေးဌာန ဝန်ကြီးသည် အခြား အိန္ဒိယ တာဝန်ရှိသူများ၊ ပုဂ္ဂလိက ကဏ္ဍမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံကာ ပြည်တွင်း လုံခြုံရေး၊ အကြမ်းဖက် တိုက်ဖျက်မှု ညှိနှိုင်း ဆောင်ရွက်ရေး နှစ်နိုင်ငံကြား လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဥပဒေ တိုးတက်မှုရှိရေး ကိစ္စများ ကို အားပေးမြှင့်တင်ရန် နည်းလမ်းများကို ဆွေးနွေးကြမည်ဟု သိရှိရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs