Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၁.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ပုဂ္ဂလိကဘဏ်များ ဘဏ်ခွဲ ၁၀ ခု ပိုဖွင့်လှစ်ခွင့်ရရန် ကြိုးပမ်း

ရန်ကုန်၊ မေ ၂၁။

ပုဂ္ဂလိကဘဏ်သစ် ၄ ဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ဘဏ်တစ်ခုလျှင် ဘဏ်ခွဲ ၁၀ ခုသာ  ဖွင့်လှစ်ရမည် ဟူသည့် သတ်မှတ်ချက်အား ကျော်လွန်ကာ  ဘဏ်ခွဲများ ပိုဖွင့်လှစ်ခွင့်ရရန် မျှော်လင့်နေကြောင်း သိရှိရသည်။

ယင်းသတ်မှတ်ချက်သည် အစိုးရဟောင်းလက်ထက်တွင် နှုတ်ဂတိဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ယူနိုက်တက် အမရာဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

၎င်းက " စာနဲ့ သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး။ ဘဏ်တွေဖွင့်ဖို့ စခွင့်ပြုချိန်မှာ ဗဟိုဘဏ်က လူကြီးတွေနဲ့၊ တာဝန်ရှိသူတွေ ညှိနှိုင်းပြီး သတ်မှတ်လိုက်တာပါ" ဟုဆိုသည်။

ယခုအခါတွင် အစိုးရသစ်ပြောင်းလဲပြီးဖြစ်သည့်အတွက် ယင်းသတ်မှတ်ချက်ပျက်ပြယ်သွားနိုင်ကြောင်း ဘဏ်အကြံပေးပညာရှင်တစ်ဦးမှ သုံးသပ်သည်။

ပုဂ္ဂလိက ဘဏ်သစ် လေးဘဏ်တွင် Max ကုမ္မဏီမှပိုင်ဆိုင်သည့် ဧရာဝတီဘဏ်သည် ဘဏ်ခွဲ  ၁၀ ခုဖွင့်လှစ်ပြီးဖြစ်သဖြင့် ဆက်လက်၍ ဘဏ် ခွဲများ တိုးချဲ့ဖွင့်လှစ်ခြင်း ရှိ၊ မရှိကို အခြားဘဏ်များမှ စောင့်ကြည့်နေကြောင်း သိရှိရသည်။

ဘဏ်ခွဲ ၆ ခုဖွင့်လှစ်ထားရှိသော အာရှစိမ်းလန်းဖွံဖြိုးရေးဘဏ်မှ အကြီးတန်းဝန်ထမ်းတစ်ဦးက " ကျွန်တော်တို့ ဘဏ်လည်း ဘဏ်ခွဲ ၁၀ ခု လောက်တိုးချဲ့ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်။ ဒီတော့ ကိုယ့်ရှေ့က ဧရာဝတီဘဏ်က ၁၀ ခု ပြည့်နေပြီဆိုတော့ သူ့ကိုစောင့်ကြည့်ပြီး၊ သူတိုးချဲ့ဖွင့်လှစ်သလို ကိုယ်လည်းလိုက်လုပ်ဖို့ ပြင်နေတယ်" ဟု ဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

ဧရာဝတီဘဏ်ခွဲများအဖြစ် ရန်ကုန်တွင် ၂ ခု၊ မန္တလေးတွင် ၂ ခု၊ နေပြည်တော်၊ မုံရွာ၊ မိတ္ထီလာ၊ တောင်ကြီးတို့ တွင် ၁ ခုစီ ဖွင့်လှစ်ထားပြီး ဖြစ် ကြောင်း၊ ထပ်မံ၍ ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံနှင့် ၁၄ လမ်းတွင်လည်းကောင်း၊ မိုးကုတ်၊ မူဆယ်၊ စစ်တွေနှင့် မော်လမြိုင်တို့တွင်လည်းကောင်း ဖွင့်လှစ် သွားရန်ရှိကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်လုပ်ငန်းသစ်များကို ၂ဝ၁ဝ ပြည့်နှစ် ဧပြီလမှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ဧရာဝတီဘဏ်၊ ယူနိုက်တက် အမရာဘဏ်၊ အာရှစိမ်း လန်း ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်တို့ကို လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်း၊ ၎င်း ဘဏ်များကို ဘဏ်ခွဲပေါင်း ၅ဝ ထိ ဖွင့်လှစ်ရန် ခွင့်ပြုထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်ပေါင်း ၁၉ ဘဏ်ရှိပြီး ဖြစ်ကာ ဘဏ်ခွဲပေါင်း ၂၄ဝ ကျော် ရှိကြောင်း၊ ဘဏ်ခွဲအများဆုံးအဖြစ် ကမ္ဘောဇဘဏ်မှ ၄၇ ဘဏ် ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

ကျောင်းအပ်ခဈေးကြီးသည့် ကျောင်း ၁၉ ကျောင်းအား ခေါ်ယူပြောကြား

ရန်ကုန်၊ မေ ၂၀။

၂၀၁၁-၂၀၁၂ ပညာသင်နှစ်၌ ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်း ၁၉ ကျောင်းသည် ကျောင်းအပ်နှံခ ဈေးကြီးသည်ပာု သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက် ယင်းကျောင်း ၁၉ ကျောင်းအား ခေါ်ယူသတိပေးပြောကြားမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဉာဏ် ထွန်းဦးက ပြောကြားသည်။

ကျောင်း ၁၉ ကျောင်းမှ ကျောင်းအုပ်ကြီးများအား ယင်းကိစ္စရပ်နှင့်ပတ်သတ်၍ ၁၆ ရက်နေ့၌ ခေါ်ယူအသိပေးပြောကြားခဲ့ကြောင်း၊ ဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင်၍ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ကျောင်းလခများ၊ အဓမ္မအလှူခံခြင်းများ၊ ရန်ပုံငွေရှာဖွေရောင်းချခြင်းမျိုးမပြုလုပ်ရန်လည်း ညွှန်ကြား ထားပြီးဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ဦးထွန်းလှအောင်က ပြောကြားခဲ့သည်။

ယခုနှစ် ပညာသင်နှစ်မှ စတင်၍ ကျောင်းအပ်နှံရာတွင် ကျောင်းလခ ပိုတောင်းခြင်းများ၊ မတန်မဆပေးရခြင်းများကို တွေ့ရှိရပါက သက်ဆိုင်ရာ ဌာနများသို့ သက်သေအထောက်အထားများနှင့်အတူ နာမည်နှင့်တကွတိုင်ကြားနိုင်ကြောင်း၊ ယခုနှစ် ကျောင်းအပ်နှံစဉ်အတွင်းတွင်လည်း မည်သို့သော အကြောင်းမျိုးနှင့်မျှ အလှူငွေကောက်ခံခြင်း၊ ရန်ပုံငွေပစ္စည်းများ ရောင်းချခြင်းမပြုရန် အခြေခံပညာကျောင်းများသို့ ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကျောင်းအပ်ခ ဈေးကြီးမြင့်သည်ပာု သတင်းများထွက်ပေါ်ခဲ့သည့် အခြေခံပညာအစိုးရကျောင်းများမှာ ကျောင်းအပ်ခနှုန်းထားများထက် အလှူ ငွေကောက်ခံခြင်းများ များပြားသည်ပာု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အစိုးရသစ်လက်ထက်၌ တရားဝင်ထုတ်ပြန်ချက်များအရ ကျောင်းအပ်နှံခပေးရမည့် အတန်းများမှာ ပဉ္စမတန်းမှ စတင်၍သာ ကောက်ခံရ မည်ဖြစ်ပြီး၊ သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းအပ်နှံခပေးသွင်းစရာမလိုပဲ စာအုပ်ဖိုးသာပေးရမည်ပာု တရားဝင်ထုတ်ပြန်ထားပြီးဖြစ်သည်။

အမှန်တကယ် ထိရောက်စွာ ဆောင်ရွက်မည်ဆိုပါက ပြောစရာများမှာ များပြားကြောင်း၊ တိုင်ကြားထားသည့် အရာများကိုလည်း အရေးယူ ဆောင်ရွက်ရန် ဖော်ပြခြင်းမျိုးပင် မတွေ့ရသေးကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

-----------------------------------------------------------------------------------------------------------------------------------

ဝန်ထမ်းများရပိုင်ခွင့်အတွက် လုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ

ဝန်ထမ်းများ၏ ရပိုင်ခွင့်များနှင့် ပတ်သတ်၍ ပြည်တွင်းလုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးထွန်းလှအောင်က ပြောကြားခဲ့သည်။

ပြည်တွင်းရှိ အလုပ်သမားများ လုပ်ငန်းခွင်တွင် အချိန်ပိုဆင်းရမည်ဆိုပါက တစ်နာရီလျှင် အလုပ်ချိန်ထက် နှစ်ဆပိုမိုပေးရမည်ဖြစ်ကြောင်း၊ တနင်္ဂနွေနေ့အလုပ်ဆင်းရမည်ဆိုပါက ရှေ့သုံးရက်(သို့) နောက်သုံးရက် နောက်သုံးရက်အတွက် လစာမဲ့ခွင့်အဖြစ် တစ်ရက်နားရက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရပ်ခြားမှ မြန်မာပြည်သို့ အလုပ်လာရောက် လုပ်ကိုင်ကြသည့် နိုင်ငံခြားသားများအား ပေးရမည့် လစာနှုန်းထားနှင့် မြန်မာလုပ်သားတစ်ဦးအား ပေးရမည့် လစာနှုန်း ထားများမှာ တူညီရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

စက်မှုဇုန်များတွင်လည်း အလုပ်လုပ်ကိုင်နေသည့် လုပ်သားများအနေဖြင့် ရပိုင်ခွင့်၊ အခွင့်အရေးများအပေါ် မကျေနပ်မှုများရှိပါက သက်ဆိုင်ရာ ဌာနများသို့ တိုင်ကြားနိုင်ကြောင်း၊ နိုင်ငံတွင်းရှိ စက်မှုဇုန်အများစုတွင် ဖွံ့ဖြိုးတိုးတက်မှုများမှာ အားနည်းလျှက်ပင်ရှိကြောင်း၊ စက်မှုဇုန်လုပ်ငန်းများတွင် လည်း စုပေါင်း၍ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဦးခင်မောင်ထွန်းကပြောကြားခဲ့သည်။

အလုပ်ရှင်ဆိုသည်မှာ မိမိတို့ကအလုပ်ပေးထားသည်ပာူသောမာန်ဖြင့် အလုပ်သမားများအား ဖိနှိပ်တတ်ကြကြောင်း၊ လုပ်အားခ အပြည့်အဝ မပေးမှုများ၊ အချိန်ပိုဆင်းသော်လည်း လပ်အားခနှစ်ဆမရမှုများကို အလုပ်သမား အများစုကြုံတွေ့ရကြောင်း၊ အလုပ်သမားများမှ မကျေနပ်၍ တိုင်ကြား သော်လည်း အချင်းချင်းစည်းဝါးရိုက်ထားသည့်အတွက် အလုပ်သမားများ ပိုမိုနစ်နာခဲ့ရကြောင်း လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမားတစ်ဦးကလည်း ပြောကြားခဲ့သည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အတွဲ-၁၊ အမှတ်-၉ ပါ “ဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့် ပတ်သတ်၍ လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ပြည်ပပို့ခွင့်ပြုလိုက်သည့် ဆန်တန်ချိန်သုံးသောင်း

ပြောင်းလဲလာသည့် နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်၍ ပထမဆုံးအနေဖြင့် ပြည်ပသို့ ဆန်တန်ချိန်သုံးသောင်း တင်သွင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆန်တင်ပို့ခွင့်ပြုလိုက်သည့် ကုမ္ပဏီများမှာ အထူးပြုကုမ္ပဏီ ၁၇ ခုအတွက် ဆန်တန်ချိန် နှစ်သောင်းကျော်၊ အိတ်စပို့စ် ကုမ္ပဏီ ၁၈ ခုအတွက် ဆန်တန်ချိန် သုံးသောင်းကျော်အား ခွင့်ပြုလိုက်ကြောင်း သိရသည်။

ယခု၂၀၁၁- ၂၀၁၂ဘဏ္ဍာနှစ်မှ စတင်၍ ဆန်အိတ်စပို့စ်အား ပထမဆုံးအဖြစ် ပြန်တင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း၊ ယမန်နှစ်  နှစ်လယ်ပိုင်း တွင် ဆန်တင်ပို့မှု လျော့နည်းလာပြီး နှစ်ကုန်ပိုင်းတွင် ဆန်တင်ပို့မှု မရှိသလောက်ပင် ရပ်တန့်သွားခဲ့ရကြောင်း၊  ယခုကဲ့သို့ ပြည်ပသို့ဆန်တင်ပို့မှုများကို ပြန်လည်ခွင့်ပြုလိုက်သည့်အတွက် ပြည်ပဆန်တင်ပို့မှုလုပ်ငန်းမှာ ပြန်လည်လုပ်ကိုင်လာနိုင်တော့မည်ဖြစ်ကြောင်း ပြည်ပသို့ဆန်တင်ပို့လျှက်ရှိသည့် ဆန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

ယခု ဆန်တင်ပို့ခွင့်ပြုလိုက်သည့် ကုမ္ပဏီများအနေဖြင့် ပြည်ပသို့ဆန်တင်ပို့ရန် အရန်ဆန်များ ထားရှိရမည်ဖြစ်ကြောင်း၊ ဆန်ကြမ်းဆိုသော် လည်း အရန်ဆန်ထားသည့်အခါ ငါးမတ်ဆန်(တန်းမြှင့်ဆန်)ကို တင်ပို့မည့်ပမာဏ၏ ငါးရာခိုင်နှုန်းကို အရန်ဆန်အဖြစ်ထားရှိရမည်ဖြစ်ကြောင်း၊ ယခု ဆန် တန်ချိန်သုံးသောင်း ခွင့်ပြုထားသည့်အတွက် အရန်ဆန်အနေဖြင့် ဆန်တန်ချိန်တစ်ထောင့်ငါးရာကို အရန်ဆန်အဖြစ်ထားရှိရမှာဖြစ်ကြောင်း၊ ယင်းထား ရှိသည့် အရန်ဆန်များကို ပြည်တွင်းဈေးကွက်၌ လိုအပ်မှုများရှိလာခဲ့ပါက ထုတ်ရောင်းရမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများသို့ဆိုရာ၌ အများဆုံးတင်ပို့မည့် နိုင်ငံများမှာ အာဖရိကနိုင်ငံများပင်ဖြစ်ကြောင်း၊ အိတ်စပို့ဆန်ဈေးကွက်မှာ တစ်တန်လျှင် နိုင်ငံခြားငွေ ဒေါ်လာ ၄၀၀ နီးပါးခန့်အထိ ရရှိကြောင်း အိတ်စပို့စ် ဆန်လုပ်ငန်းရှင်တစ်ဦးကလည်း ပြောကြားခဲ့သည်။

နိုင်ငံခြားသို့ တင်ပို့ခွင့်ပြုထားသည့် ဆန်များမှာ ကုမ္ပဏီများမှ ယခင်ကတည်းကပင် သိုလှောင်ထားရှိထားသည့်ဆန်များ ဖြစ်ကြောင်း၊ ပြည်တွင်း ဆန်ဈေးကွက်သို့ ထိခိုက်မှုမရှိမှသာ ပြည်ပသို့ဆန်တင်ပို့ခွင့်ပြုခြင်းပင်ဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ၂၅ မှတ်တန်ဆန်များမှာ ပြည်တွင်း၌ စားသုံးမှု မရှိသည့်အတွက် ပြည်ပသို့ဆန်တင်ပို့ခြင်းပင်ဖြစ်ကြောင်း ဆန်အိတ်စပို့စ် ကုမ္ပဏီကလည်း ပြောကြားခဲ့သည်။

(မော်ဒန်၊ အမှတ်-၂၅၈ ပါ “ဆန်တန်ချိန်သုံးသောင်း ပြည်ပပို့ခွင့်ပြု” သတင်းအား အကျဉ်းချုံး ဖော်ပြသည် )

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲအား ကချင်ပါတီ(၄) ခုဝင်ပြိုင်ရန်ပြင်

ကချင်ပြည်နယ်အတွင်း လစ်လပ်သွားသည့်လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီ ၄ ခုက ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း သိရှိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသောပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် အမျိုးသား ဒီမိုကရေစီအင်အားစုပါတီတို့ ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက “တစ်မြို့နယ်ကို အရံအဖြစ် ကျွန်တော်တို့ နှစ်ယောက်၊ သုံးယောက် လျာထား ပြီးပါပြီ။ ဒီထဲကမှ အသင့်တော်ဆုံး တစ်ယောက်ကို ပြန်ပြီး ရွေးချယ်သွားပါမယ်”ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ရာ “ ဒေါ်ဘောက်ဂျာကို ဖားကန့်မှာပဲ ပြိုင်ခိုင်းဖို့ စီစဉ် ထားပါတယ်။သူ့ရဲ့အမှု မပြီးပြတ်သေးတော့လည်း အမှုအခြေအနေကို ဆက်စောင့်ကြည့်နေရသေးတယ်။ နောက်နှစ်နေရာအတွက်တော့ လူမရွေးရသေး ပါဘူး”ဟုဆိုသည်။

ပြည်ခိုင်ဖြိုးပါတီကမှု လစ်လပ်သွားသော ကိုယ်စားလှယ်နေရာများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်မှ ပြည်ခိုင် ဖြိုးပါတီ တာဝန်ရှိသူတစ်ဦးမှ ဆိုသည်။

မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ ဗန်းမော်မြို့နယ်တို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးနေရာ တစ်နေရာ၊ ဒု-ဝန်ကြီး နေရာတစ်နေရာနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရာထူးများအား လက်ခံယူခဲ့သည့်အတွက် လစ်လပ်သွားသော လွှတ်တော်ကိုယ် စားလှယ်နေရာများအား ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်နိုင်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်လာခြင်း ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကလည်း လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသည့် ရွေး ကောက်ပွဲ ဖြစ်အောင်တာဝန်ထမ်းရွက်ပေးရန် ကော်မရှင်အဖွဲ့ခွဲများအား မေလ (၁၆) ရက်နေ့တွင် တွေ့ဆုံပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

ပျော်ပွဲရွှင်ပွဲ အခမ်းအနားခွင့်ပြုမိန့် တိုင်းဒေသကြီးအစိုးရအဖွဲ့အား စိစစ်ခွင့်ပြု

                အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံရှိ ပျော်ပွဲရွှင်ပွဲနှင့် အခမ်းအနားခွင့်ပြုမိန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုက်ရိုက်စိစစ် ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

ယခင် ပျော်ပွဲရွှင်ပွဲနှင့် အခမ်းအနားများအတွက် ခွင့်ပြုမိန့်များကို ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ထွေ/အုပ်ဌာနမှ ချထားပေးကြောင်း၊ ယခု အစိုးရသစ်လက်ထက်၌ ပွဲမိန့်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုက်ရိုက်စိစစ်နေပြီဖြစ်ကြောင်း၊ ပွဲမိန့်များကို အပတ်စဉ်အစိုးရအဖွဲ့ အစည်း အဝေးသို့ တင်ပြ၍ ခွင့်ပြုချက်ရယူကြောင်း၊ အစိုးရအဖွဲ့မှ ခွင့်ပြုမှသာ ထွေ/အုပ်မှ အကြောင်းပြန်ကြားပေးကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ သတ်မှတ်ဆုံးဖြတ်လိုက်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးကို လိုအပ်ပါက ဗုဒ္ဓပာူးနေ့အပြင် ကြာသပတေး နေ့များတွင်ပါ အစိုးရအဖွဲ့အစည်းအဝေး နှစ်ကြိမ်တိုင်ပြုလုပ်မည်ဖြစ်ကြောင်း၊ ယခင်ပုံစံအတိုင်းပင် ဆိုသော်လည်း ယခုအခါ အစိုးရအဖွဲ့မှ တိုက်ရိုက်စိစစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ထုံးလုပ်နည်းမှာ မူတူညီကြောင်း၊ ယခင်အစိုးရလက်ထက်၌ မျှော်စင်ကျွန်းဖျော်ဖြေပွဲတွင် ပွဲလျှောက်ရာ၌ တစ်လခွဲ အကြာလောက်မှသာ ခွင့်ပြုမိန့်ရရှိခဲ့ကြောင်း၊ ယခုအစိုးရလက်ထက်၌ တိုက်ရိုက်လျှောက်ထားခွင့် ရရှိပြီဖြစ်သည့်အတွက် ပိုမိုအဆင်ပြေကြောင်း ဖျော်ဖြေ ပွဲစီစဉ်သူတစ်ဦးကလည်းပြောကြားခဲ့သည်။

ပျော်ပွဲရွှင်ပွဲ အခမ်းအနားပွဲစီစဉ်သူများကို လိုအပ်သည့် စည်းကမ်းချက်များ ထုတ်ပြန်မည်ဖြစ်ပြီး ခံဝန်ကတိဖြင့်သာ ပွဲစီစဉ်မှုကို လက်ခံနိုင်မည် ဖြစ်ကြောင်း သိရသည်။

(ရန်ကုန်တိုင်းမ်၊အတွဲ-၇၊ အမှတ်-၁၈၊ ပါ “ဘာသာရေး၊ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုးနှင့် အခမ်းအနားခွင့်ပြုမိန့်များ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုက်ရိုက်စိစစ်ခွင့်ပြု” သတင်းအား အကျဉ်းချုံးဖော်ပြသည်။ )

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ရေထွက်ကုန်တွေ နိုင်ငံတကာဈေးကွက်ထိုးဖောက်ဖို့နဲ့ ဒီလုပ်ငန်းကြီးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဈေးကွက်ဝင် ထုတ်ကုန်တွေ ရွေးချယ်ထုတ်လုပ်ပြီး ခိုင်မာတဲ့ ဈေးကွက်ဖော်ဆောင်နိုင်ဖို့လိုပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ကုန်ကြမ်းပစ္စည်း အလုံအလောက်ရဖို့လိုအပ်ပါတယ်။ ငွေကြေးအဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေ ရှိဖို့ လိုတယ်။ နောက်တစ်ခုက အခွန်အခပိုင်းနဲ့ မလိုအပ်တဲ့ကြန့်ကြာမှုရှိနေတာတွေကို ပြန်သုံးသပ်ဖို့လိုပါတယ်"

မေ ၂၀ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ်(၇) တွင်ပါသည့် "ရေထွက်ပစ္စည်းများ နိုင်ငံတကာတွင် ယှဉ်ပြိုင်ရောင်း ချနိုင်ရန် အခွန် အခနှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာနှင့် တန်းတူကောက်ခံကျင့်သုံးပြီး မလိုအပ်သော အဟန့်အတားများကို လျှော့ချခြင်းတို့ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရ" သတင်းမှ ရေထွက်ပစ္စည်း တင်ပို့သူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"စီးပွားရေးတံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ ဟိုက အင်နဲ့အားနဲ့ဝင်လာရင် ကျွန်တော်တို့ဘာမှ ပြင်ဆင်မထားဘူးဆိုရင် သူတို့ရဲ့အလုပ်သမား ဖြစ်သွားလိမ့် မယ်။ ပြည်ပရင်းနှီးမြုပ်နှံသူတွေ ဝင်လာတာ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် စိုးရိမ်စရာပဲ။ ဥပမာ အရင်က ဖရဲသီးကို ဒီကတောင်သူတွေစိုက်တယ်။ ကုန်သည်က ဝယ်ပြီးရင် နိုင်ငံခြားပို့ ဒီလိုလုပ်လာခဲ့ ကြတယ်။ ဒီတော့ တောင်သူလည်း စားရတယ်။ ကုန်သည်လည်း စားရတယ်။ အခုအခြားနိုင်ငံတွေက မြေကို ဒီမှာလာဝယ်ကြတယ်။ ပြီးတော့ သူတို့ဘာသာစိုက်ဆိုတော့ တောင်သူကလည်း အလုပ်သမားပဲဖြစ်ရော။ ကုန်သည်လည်း မရတော့ဘူး။ ဟိုက လူတွေကတော့ သူတို့လိုချင်တာယူသွားရောလို့ ဖြစ်ကုန်ရော။ ဒါက မြန်မာလုပ်ငန်းရှင်တစ်ယောက် အမည်ခံပြီး တစ်ဖက်လှည့်နဲ့ဝင်လာတာလည်း ဖြစ်နိုင် တယ်။ အခုလာမယ့် ၂၀၁၅ အာဆီယံ လွတ်လပ်စွာကုန်သွယ်မှု ရောက်လာရင် Policy Maker တွေအနေနဲ့ ဒါမျိုးတွေ ခွင့်မပြုသင့်ပါဘူး။ ပြည်တွင်း လုပ်ငန်းရှင်တွေအနေနဲ့လည်း အဆင့်ဆင့် Capacity Building ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့ training လုပ်သွားဖို့လိုပါတယ်။ ဥပမာ ကွန်ပျူတာကုမ္ပဏီ လေး ငါးခုပေါင်းလိုက်ရင်ပဲ ကျွန်တော်တို့ အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်သွားပြီ။ ဒါဆို ဝင်လာတဲ့ ပြည်ပ invesment ကိုရင်ဆိုင်လို့ရပြီ။ ဒါကြောင့် ကျွန်တော်တို့ဘက်က များကြီးပြင်ဆင်ထားဖို့လိုပါတယ်"

မေ ၂၀ ထုတ် The Hot News အတွဲ(၁) အမှတ်(၄၀)တွင်ပါသည့် "လုပ်ငန်းတူလုပ်ငန်းရှင်းများ စုပေါင်း၍ AFTA အတွက်ကြိုတင်ပြင်ဆင် ရန်လို" သတင်းမှ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်း ဒုဥက္ကဋ္ဌအောင် ဇော်မြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ပြောရမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ကုန်ဈေးနှုန်းတွေကအစ အခုလိုဝန်ဆောင်မှုနှုန်းထားတွေပါမကျန် တက်ပြီဆိုရင် နှစ်ဆသုံးဆမက ဝုန်းဒိုင်းဆို ဆောင့်တက်ပါတယ်။ နိုင်ငံရဲ့ ပြည်သူအများစုဖြစ်တဲ့ အခြေခံနဲ့ အလတ်တန်း လူတန်းစားများမှာ ခါးစည်းခံကြရပါတယ်။ လက်လုပ်၊ လက်စားကအစ တောင်သူလယ်သမားတွေ ၊ ကာယဉာဏ လခစားဝန်ထမ်း တွေမှာ ရတဲ့ဝင်ငွေ တိုးမြင့်ဖို့သာ နှောင့်နှေးကြန့်ကြာမြဲဖြစ်ပေမယ့် သူတို့အားလုံး မဖြစ်မနေ သုံးစွဲရတဲ့ နှုန်းထားတွေကတော့ အချိန်နဲ့အမျှမြင့်တက်ပြောင်းနေတယ်လို့ ပြောရင်ရမှာပါ။ ကုန်ဈေးနှုန်းတွေကလည်း တက်ပြီးပြီဆိုရင် ပြန်ကျတဲ့ ထုံးစံ မရှိသလောက်ပါပဲ"

မေ ၁၉ ထုတ် 7DAYS NEWS အတွဲ(၁၀)၊ အမှတ်(၉) တွင်ပါသည့် ဆောင်းပါးရှင် ရွှေဖြိုးမောက်၏ "ဈေးနှုန်း ခုန်တက် အိမ်မက်ဝင်ငွေ"မှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"သတင်းလောကတစ်ခုလုံးကို ခြုံကြည့်ရင် အုပ်စုသုံးစုရှိတယ်။ တစ်စုက သတင်းကို တကယ်ဝါသနာပါပြီး တကယ်ကို ကြိုးစားတဲ့သူတွေ။ ပြီးတော့ တကယ်လည်း တော်ကြတယ်။ နောက်တစ်စုကတော့ သတင်းကို ဝါသနာပါပေမယ့် ကျွမ်းကျင်မှုအပိုင်း လိုနေသေးတယ်။ သူတို့တွေကို သင်တန်းတွေ ပေးပြီး ဆွဲခေါ်လို့ရနိုင်တယ်။ နောက်ဆုံးတစ်အုပ်စုကတော့ သတင်းအလုပ်ကိုရုံးအလုပ်လို သဘောထားနေတဲ့သူတွေ။ သတင်းမီဒီယာရဲ့ တန်ဖိုးကို တကယ်နားမလည်ဘဲ လစာ တစ်ခုအတွက် အလုပ်လုပ်နေတဲ့သူတွေ။ အဲဒီလူတွေကတော့ နေ့စဉ်သွားတဲ့အချိန်မှာ ကျန်ခဲ့မယ်လူတွေပဲ"

မေ ၂၀ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ်(၅၁၈) တွင်ပါသည့် "နေ့စဉ်သတင်းစာအတွက် အဆင်သင့်ဖြစ် ကြပြီလား" သတင်းမှ ရန်ကုန် မီဒီယာအုပ်စုမှ ဦးကိုကို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရာဝယ်

လက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် ကမ္ဘာ့နိုင်ငံများ၏ အုပ်စုဖွဲ့မှုသည် လက်ဝဲ၊ လက်ယာဟူသော နိုင်ငံရေး အယူအဆကို အခြေခံသည့် စစ်အေးခေတ်ပုံစံမှ နိုင်ငံများ၏ စီးပွားရေးအဆင့်အတန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် အခြေခံပြီး  အုပ်စုဖွဲ့သည့်ပုံစံသို့ ပြောင်းလဲလာခဲ့သည်။ ဖွံ့ဖြိုးတိုး တက်မှု နည်းနေသာနိုင်ငံများ၊ ဆင်းရဲသောနိုင်ငံများသည် ထိုနိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေဖြင့်သော်လည်းကောင်း၊ ဂျီဒီပီများဖြင့်သော်လည်းကောင်း ၎င်းတို့၏ အဆင့်အတန်း ကို သတ်မှတ်ခံရလေ့ရှိသည်။

ဆင်းရဲမွဲတေမှုဆိုသည်မှာ ဆင်းရဲသောနိုင်ငံများတွင် ကင်ဆာကဲ့သို့ အမြစ်တွယ်နေသော ရောဂါမျိုးဖြစ်ပြီး ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ် တော့လောက်အောင် လူတိုင်းသိနေသည့် ကိစ္စရပ်ဖြစ်သည်။ သို့ရာတွင် ဆင်းရဲသောနိုင်ငံများမှ ခေါင်းဆောင်များသည် အကျိုးအမြတ်တစ်စုံတစ်ရာ မရှိဘဲ မိမိနိုင်ငံ ဆင်းရဲမွဲတေသည့်အကြောင်းကို ဝန်ခံလေ့မရှိဘဲ မိမိအစိုးရသည် နိုင်ငံ၏စီးပွားရေးကို မည်ကဲ့သို့ မြှင့်တင်မည်ဆိုသည်နှင့်သာ သွယ်ဝိုက် ပြောဆို လေ့ရှိကြသည်။ အကယ်၍ မဖြစ်မနေ ထုတ်ဖော်ပြောဆိုရပါကလည်း နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်အနေဖြင့် ပြောကြားခြင်းမရှိဘဲ မိမိတို့ထက် တစ်ဆင့် နိမ့်သော ပုဂ္ဂိုလ်များကိုသာ ရှေ့ထွက်ပြောဆိုစေလေ့ရှိပြီး ခေါင်းဆောင်ပိုင်းအနေဖြင့်မူ အဖြေထုတ်ခြင်းနှင့် ကောင်းသတင်းများလောက်ကိုသာ ပြောဆို လေ့ရှိသည်ကို တွေ့ရသည်။

မေလ ၂၀ ရက်နေ့က ကျင်းပသွားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ကျရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြောကြားသွားခဲ့သည့် မိန့်ခွန်းကိုကြည့်လျှင် ဆင်းရဲမွဲတေမှု ပပျောက်ရေးဟု တိုက်ရိုက်မသုံးဘဲ ကျေးလက်နေပြည်သူများ စီးပွားရေး တိုးတက်အောင်ပြုလုပ်ပေးခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ကျစေရန်ဟုသာ သုံးနှုန်းသွားခဲ့သည်ကိုတွေ့ရသည်။

ထို့ပြင် ဆည်မြောင်းများ၊ လမ်းတံတားမျာ တည်ဆောက်ခဲ့သည့် တပ်မတော်အစိုးရကို အမွှမ်းတင်သွားခဲ့ပြီး ထိုအခြေခံအဆောက်အဦများက ယနေ့ ကျေးလက်ဒေသ၏ ဆင်းရဲမှုကို လျော့ကျစေခဲ့ကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုဆိုင်ရာ လေ့လာမှုတွင် မြန်မာနိုင်ငံတွင်း ဆင်းရဲမှုနှုန်း လျော့ကျ လာသည်ဟု ပြောကြားသွားခဲ့သည်။

သို့ရာတွင် သမ္မတကြီးအနေဖြင့် ဆင်းရဲမွဲတေမှုဟု တိုက်ရိုက်မပြောသော်လည်း ဆင်းရဲမှုနှုန်းမှာ ကျန်ရှိနေသေးကြောင်း၊ အဓိကမှာ ကုန်ထုတ် လုပ်မှု စားရိတ်များမြင့်မားနေသေး၍ ဖြစ်ကြောင်း၊ ထိုကုန်ထုတ်လုပ်မှု စားရိတ်များ လျော့ကျစေရန်အတွက် စွမ်းအားစုများပေးသွင်းနိုင်ရေး၊ စုပေါင်း လယ်ယာများ ဖြစ်ပေါ်ရေး၊ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ရေး၊ အရင်းအနှီးငွေကြေးအတွက် သက်ဆိုင်ရာ အသေးစားငွေချေးအဖွဲ့များ NGO များဖြင့် ပူးပေါင်းလုပ်ဆောင်သွားရေး စသည်ဖြင့် ဆင်းရဲမွဲတေမှု ရှိနေကြောင်း သွယ်ဝိုက်ဝန်ခံသွားပြီး မည်သို့ဖြေရှင်းကြပါဟူ၍ လမ်းညွှန်သွားသည်ကို တွေ့ရ ပါသည်။

သို့ရာတွင် နိုင်ငံတော်ပိုင်းမှ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းပေးမည်ဟု ပြောကြားခြင်းမရှိဘဲ အထူးအလေးပေး ဆောင်ရွက်သွားမည်ဟုသာ ပြောဆိုသွားခဲ့သည်။ ထို့ပြင် ဆင်းရဲမွဲတေမှုဆိုသည်ကို  အစားအစာ လုံလောက်မှုမရှိခြင်း၊ မကျန်းမာရေး ဆေးမကုနိုင်ခြင်း၊ ကျောင်းအပ်ချိန်တွင် ငွေကြေး မရှိ၍ ကျောင်းမအပ်နိုင်ခြင်းစသည့် တစ်စုံတစ်ရာအပေါ်တွင် စိုးရိမ်နေရမှုဟု အဓိပ္ပါယ်ဖွင့်ပေးခဲ့သော်လည်း အဆိုပါ လူမှုရေးလုပ်ငန်းများတွင် နိုင်ငံတော် အနေဖြင့် မည်မျှပံ့ပိုးသွားမည်ဟု ပြောကြားသွားခြင်းမျိုးမတွေ့ရပါဘူး။ သမ္မတကြီးက နိုင်ငံတော်အဆင့် အခြေခံစီးပွားရေးဆိုင်ရာ အဆောက်အဦးကို ပြောင်းလဲခြင်းမပြုမီ နိုင်ငံလူဦးရေ ၏ ၇၀ရာခိုင်နှုန်းကျော်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆွေးနွေးခြင်းဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးလျှင် နိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် ဆင်းရဲမှုနှုန်း လျော့ကျသွားလိမ့်မည်ဟု ယူဆထားဖွယ်ရှိပါသည်။ သို့ရာတွင် အရင်းအနှီး မရှိ၍သော်လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကြောင့်သော်လည်းကောင်း  ဆင်းရဲမွဲတေမှုဆိုသည့်ကိစ္စရပ်များသည် ကျေးလက်ဒေသတွင်သာမဟုတ်ဘဲ  မြို့ပြများတွင်ရော နိုင်ငံ တစ်ဝှမ်းလုံးတွင်ပါ ရှိနေကြပါသည်။ ဤအဆင့်သည် အမျိုးသားအဆင့် အထူးပြုဆောင်ရွက်ရမည့် ကိစ္စရပ်များလည်းဖြစ်ပါသည်။

စိုက်ပျိုးထွန်ယက်၍ မရနိုင်သောကြောင့် ရိက္ခာပြတ်လပ်လုနီးပါးဖြစ်နေသည့်ပြည်နယ်များ၊ ဆင်းရဲ၍ ကျန်းမာရေးစောင့်ရှောက်မှု မရနိုင်သေး သော ပြည်သူများ၊ ကျောင်းမနေနိုင်သောကလေးများ စသည်ဖြင့် လက်ရှိ အထွေထွေနိမ့်ကျမှုများကို ကျေးလက်စီးပွားရေး တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ပါ။ လတ်တလောအခြေအနေတွင် ဖြစ်သင့်သည်မှာ အစိုးရအနေဖြင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများတွင် ဘဏ္ဍာငွေ ပိုမိုသုံးစွဲရေး၊ မိမိ တိုင်းပြည်၏ ဆင်းရဲမွဲတေမှုကို သိက္ခာကျသည့်ကိစ္စ၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည့်ကိစ္စအဖြစ် ရှုမြင်ရန်မလိုဘဲ ကုလသမ္မဂနှင့် အခြားအဖွဲ့အစည်း များနှင့် ချိတ်ဆက်၍ လျော့ချနိုင်ရန်ကြိုးပမ်းရေးတို့ကို ဆောင်ရွက်သင့်လှပါသည်။ လှပ၍ နားထောင်ကောင်းသော စကားလုံးများသည်  ယခင်အစိုးရနှင့် အတူ တပါတည်းမေ့ပစ်လိုက်ရတော့မည့် အရာများဖြစ်ပြီး အထက်ပါလုပ်ရပ်များဖြင့် လက်တွေ့ကျကျဆောင်ရွက်မှသာ အမျိုးသားအဆင့် အတိုင်းအတာ အထိ ဆင်းရဲမွဲတေမှု ပပျောက်နိုင်မည် ဖြစ်ပါသည်။

ဆင်းရဲမွဲတေမှုဟူသော စကားရပ်သည် ကမ္ဘာတွင် အကဲဆတ်မခံသကဲ့သို့ အခြားလူမျိုးထက် ပိုမိုအယူသည်းသော၊ အရှက်အကြောက်ပိုသော မြန်မာနိုင်ငံအနေဖြင့် ပို၍ပင် အထိမခံသေးသည့် စကားလုံးဖြစ်သည်။ သို့ရာတွင် တော်လှန်ရေးကောင်စီခေတ်က ဦးနေဝင်းကို တိုင်းပြည်ယိုယွင်းလာမှုကို မတင်ပြရဲခဲ့ဘဲ ဖုံးဖိခဲ့ကြ၍ အချိန်လွန်မှ  မရှုနိုင်မကယ်နိုင်ဖြစ်ခဲ့ရသော ဖြစ်ရပ်တို့ကို သင်ခန်းစာ ယူသင့်လှပါသည်။ လက်ရှိအချိန်သည် မိမိကိုယ်ကိုယ် အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ပါမှ အရှိန်အဟုန်ဖြင့် စီးမျောနေသော ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကာ နိုင်ငံသားတိုင်း လွတ်လပ် စွာ စီးပွားရှာနိုင်ပါမှ ဆင်းရဲမွဲတေမှုလည်း ပပျောက်မည်ဖြစ်ရာ ထိုကိစ္စရပ်များကို လက်တွေ့ကျကျ ဖြေရှင်းခြင်းမပြုဘဲ စကားလုံးအလှများသုံး၍ ဖြေရှင်း ရန် ကြိုးပမ်းနေကြခြင်းမှာ သမ္မတကြီးနှင့် သမ္မတအကြံပေးအဖွဲ့သည် အမှန်တကယ်ပင် မသိနားမလည်၍လား၊ သို့မဟုတ် တိုင်းပြည်သိက္ခာကျမည် စိုး၍ လား၊ နိုင်ငံရေးအရ ပါးနပ်မှုမရှိခြင်းလားဟုသာ တွေးရတော့မည်ဖြစ်သည်။

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs