Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၆.၅.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်မှု အပြောင်းအလဲဆိုတာ ဘယ်မှာလဲ

(The World Street Journal မှ 16 May 2011 ရက်စွဲပါ Bertil Lintrer ၏ “Burma is Leadership Change to Nowhere” ဆောင်းပါးကို ဘာသာပြန်ဆိုသည် )

အာရှတိုက်ရှိ အချို့သူများက အရှေ့အလယ်ပိုင်းတစ်ခွင်မှ လတ်တလောဖြစ်ရပ်များကို တရုတ်၊ မြန်မာစသော နိုင်ငံများတွင် လူကြိုက်မများ သော အာဏာရှင်အစိုးရများကို ဆန့်ကျင်သည့် အလားတူအုံကြွမှုများ ဖြစ်ပွားစေနိုင်သည့်လမ်းစအဖြစ် ရှုမြင်လျက်ရှိကြသည်။ သို့သော်လည်း အာရှ ရှုဒေါင့်မှ သုံးသပ်လျှင် ဤတစ်ချက်ဖြင့် မလုံလောက်ပါ။ အဆိုပါ ဖြစ်ရပ်များသည် ယင်းကဲ့သို့ အာဏာရှင် အစိုးရများအတွင်းမှ ပြောင်းလဲမှုသဘာဝနှင့် ပတ်သက်၍ သတိပေးမှုတစ်ခုဖြစ်သလို လောလောဆယ် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် အနီကဒ်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံမှ မျိုးဆက်သစ်ခေါင်းဆောင် များသည် ပြင်ပနိုင်ငံတကာမှ မျှော်လင့်ထားသလို အလယ်အလတ် လစ်ဘရယ်များ မဟုတ်ကြပါ။

မြန်မာနိုင်ငံမှ တပ်မတော်အစိုးရသည် မျိုးဆက်သစ်ခေါင်းဆောင်တစ်စုဖြင့် နိုင်ငံရေးအသွင်ပြောင်းမှုတစ်ခုကို ပြုလုပ်လျက်ရှိသည်။ ကာလကြာ ရှည် အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (၇၈)နှစ် အနားယူကာ အသက် ၆၆ နှစ်အရွယ် ဦးသိန်းစိန်ဖြင့် အစားထိုးထားသည်။ ဦးသိန်းစိန် အာဏာလွှဲ ပြောင်းရယူပြီးနောက် လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်၍ လိုက်လျောပေးမည့် လက္ခဏာအချို့ ပြသခဲ့သည်။ ဥရောပသမဂ္ဂက ယင်းပြောင်းလဲမှုကို သတိကြီးကြီးဖြင့် အကောင်းမြင်ကြိုဆိုကာ မြန်မာအစိုးရအပေါ် ချမှတ်ထားသော Sanctions အချို့ကို ခပ်ပါးပါး လျှော့ပေးခဲ့သည်။

သံတမန်အသိုင်းအ၀ိုင်းက “ယခု မျိုးဆက်သစ်သည် ပိုမိုပျော့ပြောင်း၍ လစ်ဘရယ် ဖြစ်နိုင်ကြောင်း၊ နောက်တစ်ချီ ရွေးကောက်ပွဲထက် ပိုမိုလွတ် လပ်၊ မျှတဖွယ် ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်မှ လွှတ်ပေးခြင်းသည်လည်း တာရှည်ခံဖွယ်ရှိကြောင်း လတ်တလော မီဒီယာဖွင့်ပေး မှုနှင့် နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများအတွက် ကောင်းမွန်စွာ ထိတွေ့လှုပ်ရှားခွင့်တို့သည် စတင်တာထွက်မှုတစ်ခု ဖြစ်ကြောင်း” စသဖြင့် မျှော် လင့် ခဲ့ကြသည်။

သို့သော်လည်း အရှေ့အလယ်ပိုင်းအနေဖြင့် အာရှတိုက်အတွက် တစ်စုံတစ်ရာ သင်ကြားပြသခဲ့သည်ဆိုပါက ထိုအချက်မှာ မျိုးဆက်သစ်ခေါင်း ဆောင်တို့သည် သတင်းကြား မျှော်လင့်ထားသည့်အတိုင်း မည်သည့်အခါမျှ မဖြစ်နိုင်ဟူသောအချက်ပင် ဖြစ်သည်။ လစ်ဗျားမှ မိုဖာကဒါဖီ၏ သား ဆေ့ဖ် အယ်အစ်စလမ် သည် Landon School of Economics တွင် ပညာသင်ကြားခဲ့ပြီး ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦးအဖြစ် တစ်ချိန်က ကောင်းချီးပေးခံခဲ့ရ သည်။ ဆီးရီးယား အာဏာရှင် ဘာရှားအာဆတ်သည်လည်း ဆရာဝန်တစ်ဦးဖြစ်ပြီး သူ့ဖခင်ထံမှ အာဏာလွှဲပြောင်းယူခဲ့စဉ်အချိန်က ပြုပြင်ပြောင်းလဲရေး သမားတစ်ဦးဟု ချီးကျူးခံခဲ့ရဖူးသည်။ သူတို့နှစ်ဦးစလုံးသည် ယခုအခါ သူတို့နိုင်ငံအသီးသီးမှ သွေးစွန်းသော ဖြိုခွဲနှိမ်နှင်းမှုများကို ဦးဆောင်လျက်ရှိကြ သည်။

မြန်မာခေါင်းဆောင်သစ်များသည်လည်း ယင်းလမ်းကြောင်းအတိုင်း လိုက်ပါလိမ့်မည်ဟုပြောရန် ဤမျှနှင့် လုံလောက်နေပါပြီ။ ဗိုလ်ချုပ်ဟောင်း သိန်းစိန်သည် အတွင်းကြိတ် လစ်ဘရယ်တစ်ဦး မဟုတ်ပါ။ သူသည် ယခင် ဗိုလ်ချုပ်ဘ၀က ၁၉၉၇ မှ ၂၀၀၁ အထိ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ၀န်ကြီးချုပ်ဘ၀တွင်လည်း မနှစ်က သြဂုတ်လတွင် မြောက်ကိုးရီးယားသို့ သွားရောက်ကာ ကင်ဂျုံအီးကို ချီးကျူး ဂုဏ်ပြုခဲ့ ပြီး “ဗြုံးယမ်း အစိုးရနှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မြဲအောင် မြန်မာနိုင်ငံက အပတ်တကုတ် ကြိုးစားသွားမည်”ဟု ပြောကြားခဲ့သည်။

လတ်တလောတွင် ပွင့်လင်းမှု လက္ခဏာအချို့ ပြသနေသော်လည်း အခြားလက္ခဏာများက မြန်မာ အစိုးရသည် နောက်ထပ် မျိုးဆက်တစ်ခု ခိုင် မာစွာအမြစ်တွယ်နိုင်အောင် အလုပ်များလျက်ရှိသည်ကို ပြသနေသည်။ မြန်မာ့တပ်မတော်သည် အခြေခံဥပဒေသစ်ကို အကောင်အထည်မဖော်ခဲ့ဘဲ မနှစ်က ရွေးကောက်ပွဲများကို ကျင်းပခဲ့ခြင်းမှာ ယင်းတို့ အနှစ် ၅၀ အာဏာရခဲ့သောစနစ်ကို ဗိုလ်ချုပ်ကြီးများက ပြောင်းလဲချင်သောဆန္ဒကြောင့် ဖြစ်သည်။ အဆိုပါ ပြောင်းလဲမှုများမှာ လက်ရှိအာဏာကို ဆက်၍လက်ဝါးကြီးအုပ်လိုသော ရည်ရွယ်ချက်ဖြင့် တရားဝင်အဖွဲ့အစည်းဘောင်အတွင်း သွတ်သွင်းသည့် သဘော ဖြစ်သည်။

သာဓကအားဖြင့် အခြေခံဥပဒေသစ်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံ (တပ်မတော် အစု အဖွဲ့)ကို တိုက်ရိုက်ရွေးချယ်ရန် အခွင့်အာဏာ ပေးအပ်ထားသည့်အပြင် နိုင်ငံတော် အရေးပေါ်အခြေအနေ ကြုံသည့်အချိန်တွင် သမ္မတက တပ်မတော်ထံ အာဏာလွှဲပေးရန် ခွင့်ပြုထားသည်။ အရေးပေါ်အခြေအနေဟု “၀ါးတားတား” စကားလုံး သုံးစွဲထားခြင်းမှာ လူထုအကြိုက် ဒီမိုကရေစီ အုံကြွမှုများကို ရည် ညွှန်းနိုင်ရန်အတွက် ဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန်သည် ထိုအခြေအနေကို ပြောင်းလဲပစ်မည့် ရည်မှန်းချက် တစ်စုံတစ်ရာရှိပုံ မရပါ။  ထိုနည်း တူစွာပင် အခြားနယ်ပယ်ကဏ္ဍများတွင် လတ်တလော ပွင့်လင်းပြမှုများကို ခေါင်းဆောင်သစ်များ၏ ပိုမိုပျော့ပြောင်းမှု လက္ခဏာအဖြစ် ရှုမြင်ရန် မသင့်ပါ။ အမှန်စင်စစ် မျိုးဆက်ဟောင်းကြီးများ၏ လက်ကျလက်နဖြစ်သည့် “ပိတ်လိုက်၊ ဖွင့်လိုက်၊ တစ်ခါပြန်ပိတ်လိုက်” သံသရာစက်ဝိုင်းကို ခေါင်းဆောင်သစ်များ က ဆက်၍လှည့်ပေးနေခြင်းသာ ဖြစ်သည်။

လမ်းစဉ်ပါတီခေတ်က ဖိနှိပ်ချုပ်ချယ်မှုနှင့် စီးပွားရေး စီမံခန့်ခွဲမှု အလွဲများကြောင့် ကြီးမားသော လူထုအုံကြွမှုများ စတင်ခဲ့သည့် ၁၉၈၈ ခုနှစ်ကို ပြန်၍ စဉ်းစားကြည့်ပါ။ ထောင်ပေါင်းများစွာသော ဆန္ဒပြသူများကို နှိမ်နှင်းရာတွင် ဆီးရီးယားခေါင်းဆောင်များ လိုက်မမှီအောင် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့ပြီးနောက် မြန်မာ့တပ်မတော်က ပြုပြင်ပြောင်းလဲရေးကို အားတက်သရော ဦးတည်လှုပ်ရှားခဲ့သည်။ တစ်ပါတီစနစ်ကို ဖျက်သိမ်းကာ လွတ်လပ် သော ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။ ထိုတစ်နှစ်လုံး မကြုံဖူးသော ပွင့်လင်းမှုများကို မြန်မာအစိုးရက လုပ်ဆောင်ပြခဲ့သည်။

သို့သော် ၁၉၈၉ ဇူလိုင်လ ဒီမိုကရေစီ အလွန်ရေပန်းစားလာသည့်အချိန်တွင် တပ်မတော်က ပြန်၍တစ်စခန်း စလာသည်။ ရာပေါင်းများစွာသော နိုင်ငံရေးသမားများကို ဖမ်းဆီးကာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အကျယ်ချုပ် ထိန်းသိမ်းထားလိုက်သည်။ ထို့နောက် တစ်နှစ်အကြာတွင် အံ့သြစရာ ကောင်းလောက်အောင် လွတ်လပ်၊ မျှတသော ရွေးကောက်ပွဲများကို ကျင်းပခဲ့ပြီး နိုင်ငံခြားသတင်းထောက်များကိုလည်း သတင်းယူခွင့်ပေးခဲ့သည်။ သို့ရာ တွင် ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို မဲပေးခြင်းဖြင့် အမှားကျူးလွန်မိခဲ့ကြရာ နောက်ထပ်နှိမ်နှင်းဖြိုခွဲမှုများ နောက်ဆက်တွဲ လိုက် ပါလာတော့သည်။ ရွေးချယ်တင်မြှောက်ခံ လွှတ်တော်မှာလည်း လုံးဝစည်းဝေးခွင့် မရတော့ပါ။ နိုင်ငံတကာအသိုင်းအ၀ိုင်းက အလွန်အမင်း ဒေါသထွက်ခဲ့ ကြသော်လည်း တပ်မတော်အစိုးရက အခြေခံဥပဒေသစ်မူကြမ်း ရေးဆွဲတော့မည်ဖြစ်ပြီး ရွေးကောက်ပွဲအသစ် ကျင်းပမည်ဟု ကြေညာသောအချိန်တွင် ဒေါသများလည်း ပျော်သွားခဲ့ ပြန်သည်။

ထိုစဉ်က ရွေးကောက်ပွဲများ ကျင်းပခါနီး ၁၉၈၉ တွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး အကျယ်ချုပ်ထိန်းသိမ်းခံရပြီး နောက်ပိုင်း သူမ၏ ကံ ကြမ္မာသည် တပ်မတော်အစိုးရ၏ စည်းဝိုင်းအတွင်း ပိတ်မိနေခဲ့သည်။ သူမကို ၁၉၉၅ တွင် ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးစည်းဝေးပွဲများနှင့် ချီတက်ပွဲများကို ခွင့်ပြုခဲ့ပြန်သည်။ ထို့နောက် တပ်မတော်က နှိမ်နှင်းဖြိုခွဲကာ ၂၀၀၀ ခုနှစ်တွင် သူမကို ထပ်မံဖမ်းဆီးပြန်ပါသည်။ ၂၀၀၂ တွင် လွှတ်ပေးကာ ၂၀၀၃ တွင် ပြန်လည်ဖမ်းဆီးသည်။ အဆိုပါ မှတ်တမ်းအရဆိုလျှင် မနှစ်က နိုဝင်ဘာတွင် သူမအား နောက်ဆုံးအကြိမ်ပြန်လွှတ်ပေးခြင်းကို မြန်မာအစိုးရအတွင်း အကောင်းဖက်သို့ ပြောင်းလဲလာသည့် ရေရှည်ခံ လက္ခဏာတစ်ရပ်အဖြစ် ရှုမြင်မည် ဆိုပါက မိုက်မဲရာ ကျပါလိမ့်မည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ အကောင်းမြင်ရန် ၀န်လေးနေမှုသည် အဆန်းတကြယ်ကိစ္စတစ်ခု မဟုတ်ပါ။ မူလ အာဏာရှင် ဦးနေ၀င်း ၁၉၆၂ မှ ၁၉၈၁ အထိ အုပ်ချုပ်ခဲ့စဉ်က မြန်မာ့အရေးလေ့လာသူများ ပြောခဲ့ကြသည့် လက်သုံးစကားမှာ “ဦးနေ၀င်း နိုင်ငံရေးမြင်ကွင်းမှ ပျောက်ကွယ်သွားချိန်တွင် အရာရာ ပြောင်းလဲသွားလိမ့်မည်” ဟူ၍ ဖြစ်သည်။ သို့သော်လည်း နောက်မျိုးဆက်တစ်ခု ပြောင်းသွားရုံမျှသာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုဒီဂရီ ပို၍ဆိုး ၀ါးလာသည်ဟုပင် ဆိုနိုင်သည်။ ယခုတစ်ကြိမ်တွင်လည်း ဗိုလ်ချုပ်ကြီးသိန်းစိန်လက်အောက်မှ တပ်မတော်ခေါင်းဆောင်တစ်စုသည်လည်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေကဲ့သို့ ဖိနှိပ်ရက်စက်ရုံမျှမက ပို၍ပင် ဆိုးလာဦးမည်လောဟု မေးခွန်းထုတ်စရာ ရှိနေသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ အပြောင်းအလဲ လေတိုက်လာခြင်းကို မဖြုံတော့ခြင်း(သို့) ထုံသွားခြင်း မဟုတ်ပါ။ တကယ့်အပြောင်းအလဲမှာ အနှေး နှင့်အမြန် ပေါ်လာမည်သာ ဖြစ်သည်။ သို့သော်လည်း လေ့လာစောင့်ကြည့်သူအချို့ (အထူးသဖြင့် ဥရောပသမဂ္ဂမှ)က ယင်းတို့ ယခုပင် မြင်တွေ့နေရပြီဟု ယူဆနေကြသော “အရှိထက် ပိုတွက်ထားသည့် တိုးတက်မှု” ပုံစံမျိုးတော့ မဖြစ်နိုင်ပါ။ အမှန်တကယ် ပြောင်းလဲမည့်အချိန်မှာ ထိုစနစ်အတွင်းမှ သူများက ပြန်လှန်ဆန့်ကျင်မည့်အချိန်ပင်ဖြစ်ပြီး တစ်နည်းပြောရလျှင် အုပ်ချုပ်သူအလွှာတွင် ဒဏ်ရာထင်လာမည့်အချိန် ဖြစ်သည်။

ယခုအချိန်ထိမူ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ဒဏ်ရာထင်လာသည့် လက္ခဏာ မတွေ့ရသေးပါ။ ထို့အပြင် အပြင်မှလူများ (မြန်မာနိုင်ငံပြင်ပ) က လတ် တလော တွေ့ရှိချက်လက္ခဏာများကို အဓိပ္ပာယ်ကောက်မှားခြင်းကြောင့် ထိုအချိန်သို့ရောက်ရန် ကြန့်ကြာသွားနိုင်ပေသည်။ ယခု အယောင်ပြပွင့် လင်းမှုကို ဆုလာဘ်အဖြစ် Sanctions များ ရုတ်သိမ်းပေးလိုက်ပါက “လက်ရှိ အစိုးရသည်ကား ပညာသားပါလှပေသည်ဟု တပ်မတော်တွင်းမှ အချို့က ထင်မြင်ယူဆဖွယ်” အကြောင်းတစ်ရပ်သာ ဖြစ်ပါလိမ့်မည်။

နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အထူးသဖြင့် ဥရောပသမဂ္ဂတို့သည် သမိုင်းမှ ထိုကဲ့သို့ ခါးသီးသော သင်ခန်းစာများ ရရှိထားကြသည့်တိုင်အောင် ငယ်ကျင့်ငယ်ကြံ မပျောက်သည့် တပ်မတော်အစိုးရ ယခင်ပုံစံအတိုင်း ခရီးဆက်နိုင်ရန် အားပေးကူညီကြဦးမည် ဖြစ်ပေသည်။ ထိုသို့သာဆိုပါက မြန်မာ ပြည်သူတို့ ခံစားနေရသော ဒုက္ခများကို ထာရှည်သွားစေနိုင်သည်။

*************************************************************************************

မြောက်ကိုရီးယားနှင့် မြန်မာခေါင်းဆောင်များ လာရောက်မှုသည် တရုတ်နှင့် အပယ်ခံနိုင်ငံများ ရင်းနှီးမှုကိုပြ

 (25May, 2011 ရက်စွဲပါ The Washington Post မှ AP ၏ Visits from North Korea, Myanmar Leaders highlight China\s close ties to shunned governments ကိုဘာသာပြန်ပါသည်။)

Beijing (သို့) ယခုအပတ်အတွင်း မြောက်ကိုရီးယား၊ မြန်မာနှင့် အီရန်တို့မှ ထိပ်တန်းတာဝန်ရှိသူများ လာရောက်လည်ပတ်ခြင်းသည် တရုတ်နှင့် အဆိုပါနိုင်ငံများ၏ နွေးထွေးသောဆက်ဆံရေးကို ပြသလိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါနိုင်ငံများသည် ၄င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူအများ အား ခြိမ်းခြောက်သည့် အပြုအမူများကြောင့် အများက ရှောင်ကြဉ်ကြပါသည်။

ဗုဒ္ဓဟူးနေ့က မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအီသည် တရုတ်သမ္မတ ဟူကျင်တောင်နှင့် ၎င်းး၏ပြည်သူများအပေါ် အစာကျွေးရန်ပင် ခက်ခဲ နေသော တိုင်းပြည်အပေါ် တရုတ်၏ စီးပွားရေးအရ သြဇာလွှမ်းမိုးမှုအချို့ကို ဆွေးနွေးခဲ့ကြပါသည်။

ကြာသာပတေးနေ့တွင် မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန်သည် Beijing သို့လာရောက်မည်ဖြစ်ပါသည်။ တချိန်တည်းမှာပင် အီရန်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီး Ali Akbar Salehi သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်လေးဆယ်ပြည့် အခမ်းအနားအတွက် Beijing သို့ လာရောက်ခဲ့ပါသည်။

အဆိုပါဆက်ဆံရေးများသည် Beijing ၏ ပုံရိပ်ကို ကျဆင်းစေပါသည်။သို့သော် တရုတ်အတွက်မူ အနောက်နိုင်ငံစတိုင် ဒီမိုကရေစီကို လက်မခံ သော နိုင်ငံများနှင့် နိုင်ငံရေးအရ အားကောင်းသောဆက်ဆံရေးကို ကိုယ်စားပြုပြီး အနောက်နိုင်ငံများမှ ရှောင်ရှားနေသော အဆိုပါနိုင်ငံများ၏ ဈေးကွက် တွင် တရုတ်က ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးအရ အကျိုးအမြတ်များ ရယူပါသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဝေဖန်သူများအား အကျဉ်းချထားခြင်းများကြောင့် တရုတ်ကွန်မြူနစ် ခေါင်းဆောင်များအပေါ် စွပ်စွဲမှုများ ရှိခဲ့ပြီး ၎င်းတို့ကလည်း ၎င်းတို့ကဲ့သို့ အစိုးရများအပေါ် အနောက်နိုင်ငံများ၏ စွပ်စွဲမှုများကို သည်းမခံခဲ့ပေ။

“ကမ္ဘာပေါ်မှာ တချို့နိုင်ငံတွေတော့ ရှိပါတယ်။ အနောက်နိုင်ငံတွေရဲ့ လူ့အခွင့်အရေး  သတ်မှတ်ချက်တွေ၊ ဒီမိုကရေစီတွေမရှိတဲ့ နိုင်ငံတွေ မဟာမိတ်ဖွဲ့လို့ရတယ်လို့ တရုတ်က မြင်ပါတယ်” ဟု ဟောင်ကောင် တရုတ်တက္ကသိုလ်မှ ဥပဒေပါမောက္ခနှင့် တရုတ်နိုင်ငံရေးကျွမ်းကျင်သူ Michael Davis က ပြောကြားခဲ့ပါသည်။

ကင်၏ ခရီးစဉ်မှာ သောကြာနေ့က စတင်ခဲ့ပြီး Beijing သို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိကြောင်း တောင်ကိုရီးယား မီဒီယာများက ပြောပါသည်။ ကင်နှင့် ၎င်းး၏ အစိုးရအဖွဲ့ကို သယ်ဆောင်လာသည်ဟု ယူဆရသည့် မော်တော်ယဉ်တန်းသည် ဗုဒ္ဓဟူးနေ့က သမ္မတ ဟူကျင်တောင် ဧည့်သည်များကို တရားဝင် လက်ခံတွေ့ဆုံရာ အဆောက်အဦးတွင် ရောက်ရှိခဲ့သည်ဟု ဆိုပါသည်။

မြောက်ကိုရီးယားအား ၄င်း၏ ဗဟိုမှ စီမံခန့်ခွဲသော စီးပွားရေးစနစ်ကို ပြောင်းလဲရန် တရုတ်က နားချလျက်ရှိရာ အခက်အခဲတွေ့လျက်ရှိပါသည်။ မြောက်ကိုရီးယားသည် ယခင်ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုများကို ရပ်ပစ်ခဲ့ပါသည်။

ယခု မြောက်ကိုရီးယား၏ ကမ္ဘာကြီးနှင့် ဆက်ဆံရေးသည် ယိုယွင်းလာသည်နှင့်အမျှ တရုတ်နှင့် ဖလှယ်ရေးမှာ ပိုမိုအရေးပါလာပါသည်။ တောင် ကိုရီးယားနှင့် အမေရိကန်တို့သည် စားနပ်ရိက္ခာများသင်္ဘောတင်ပို့မှုကို ရပ်ပစ်ခဲ့ကြပြီး၊ တောင်ကိုရီးယားသည် ပြုံးယမ်းနှင့် ကုန်သွယ်ရေးကို ရပ်ဆိုင်းခဲ့ သဖြင့် ပြုံးယမ်းတွင် ဒေါ်လာသန်းချီ၍ နစ်နာခဲ့ပါသည်။ ကုလသမဂ္ဂနှင့် အခြားအုပ်စုများသည် ပြုံးယမ်း၏ နျူကလီးယား သဘောတူညီချက်များကို ချိုး ဖောက်မှုကြောင့် Sanction များ ထပ်မံပြဌာန်းခဲ့ပါသည်။

အီရန်အနေဖြင့်မူ ၎င်း၏ ယူရေနီယံသန့်စင်မှုကို ရပ်ဆိုင်းရန် ငြင်းပယ်မှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ လေးကြိမ်မြောက် အရေးယူ ပိတ်ဆို့မှုကို ခံခဲ့ရပါသည်။

ယူရေနီယံ သန့်စင်မှုသည် နျူကလီးယားလောင်စာအတွက်လည်းကောင်း၊ ဒုံးကျည်ထိပ်ဖူးတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်။ မြောက်ကို ရီးယားကဲ့သို့ပင် အီရန်၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များသည် ၎င်းး၏ အိမ်နီးချင်းနိုင်ငံများသို့ ခြိမ်းခြောက်မှုများ ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံကို လည်း နိုင်ငံရေး အတိုက်အခံများနှင့် တိုင်းရင်းသားများအား ဖိနှိပ်မှုကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက ပစ်ပယ်ခဲ့ကြပါသည်။

Beijing သည် အမြင်တူသူ နိုင်ငံတကာအုပ်စုကြီးများနှင့် ပါဝင်ခြင်းမရှိသော နိုင်ငံခြားရေးမူဝါဒအရ ခြားနားသောချဉ်းကပ်မှုဖြင့် ဆက်လက်ဆက် ဆံရေး နှင့် စီးပွားရေးအရ ဆက်သွယ်မှုကိုလိုအပ်ကြောင်း အလေးပေးခဲ့ပါသည်။ တရုတ်သည် မငြိမ်မသက်ဖြစ်မှုကို ရှောင်ရှားရန် ကြီးစွာစိတ်ဝင်စားပြီး၊ အကယ်၍ မြန်မာနှင့် မြောက်ကိုရီးယား အစိုးရများ ပြိုလဲသွားပါက ၎င်းး၏ နယ်စပ်များတွင် ကြီးမားသော ထိခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ယူဆလျက်ရှိ ပါသည်။

ထိုအခြေအနေကြောင့် နွေးထွေးစွာ ဆက်ဆံလျှက်ရှိသော်လည်း နက်ရှိုင်းသော ယုံကြည်မှု တည်ဆောက်ရန်မလိုအပ်ပေ။ မြောက်ကိုရီးယားနှင့် မြန်မာတို့သည် တရုတ်အပေါ်မှီခိုနေရမှုအပေါ် စိတ်မသက်မသာ ဖြစ်ကောင်းဖြစ်မည် ဖြစ်ပြီး တခါတရံ မိမိလမ်း မိမိဘာသာလျှောက်လိုသည့် သဘောရှိ ပေသည်။ တရုတ်က နားချနေသော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဆန္ဒမရှိခြင်းက ထိုအချက်ကို ပြသနေသည်ဟု စင်္ကာပူအခြေစိုက် အရှေ့ တောင်အာရှလေ့လာရေး အင်စတီကျုမှ Ian Storey က ပြောပါသည်။

                “ ဒီတိုင်းပြည်တွေအပေါ် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ပိုပြီး ချဲ့ကားပြောနေကြတာပါ” ဟု ၎င်းက ပြောပါသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

 

၂၆.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံမည်

ကုန်သွယ်မှုလုပ်ကိုင်ဆောင်ရွက်ရာတွင် ပိုမိုလျှင်မြန်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန်နှင့် စီးပွားရေး အခက်အခဲပြဿနာများကို ဖြေရှင်းဆောင်ရွက် နိုင်ရန် ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း UMFCCI အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် လိုအပ်သည့်ဆောင်ရွက်မှုများနှင့် ဖြစ်ပေါ်လာသည့်အခြေအနေများကို ဌာနဆိုင်ရာနှင့် စီးပွားရေးလုပ် ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ တွေ့ဆုံပွဲအား လုပ်ဆောင်မည်ဆိုသည်မှာ စီးပွားကူးသန်းနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးကြရန်ဖြစ်ကြောင်း၊ စီးပွားကူးသန်းမှ တာဝန်ရှိသူများက UMFCCI မှ တစ်ဆင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်သွယ်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ညှိနှိုင်းဖြေရှင်းပေးရန်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ တွေ့ဆုံပွဲအား တစ်လလျှင် တစ်ကြိမ်ပုံမှန်လုပ်ရန်နှင့် ဆွေးနွေးပွဲတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းတွင် ပိုမို ကောင်းမွန်ရန် ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့သည်။

စီးပွားကူးသန်းမှ တာဝန်ရှိသူများ၏ပြောပြချက်အရ ယခုတွေ့ဆုံပွဲမှာ အဓိအအနေဖြင့် လိုင်စင်လျှောက်ထားမှုများတွင် မြန်ဆန်မှုရှိစေရန် ဆောင် ရွက်ပေးမှာဖြစ်ကြောင်း၊ လျှောက်ထားသည့်လုပ်ငန်းရှင်များအနေဖြင့်လည်း မှန်ကန်သည့်အချက်အလက်များနှင့် လျှောက်ထားရန်လိုအပ်ကြောင်း၊ ထို့ပြင် မိမိတို့၏ အခက်အခဲအား တင်ပြဆွေးနွေးနိုင်မည့် နေရာရှိလာခြင်းဖြစ်သောကြောင့် ယခုကဲ့သို့တွေ့ဆုံပွဲအားလုပ်ပေးခြင်းမှာ ကောင်းမွန်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ယခုကဲ့သို့ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲအပြင် သတင်းအချက်အလက် ရရှိနိုင်စေရန် ဌာနဆိုင်ရာများနှင့် UMFCCI တို့ ပူးပေါင်း၍ သတင်းအချက်အလက် ဖြန့်ဝေပေးနိုင်သည့် စင်တာတစ်ခုကို တည်ထောင်သွားရန်ရှိကြောင်းလည်း သိရသည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အမှတ်-၁၀ ပါ “ဌာနဆိုင်ရာနှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲပြုလုပ်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ခွင့်ပြုချက်ဖြင့် ပြည်ပသို့ ဆန် စတင်တင်ပို့

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရန် ခွင့်ပြုသတ်မှတ်ပေးထားသည့် ဆန်တန်ချိန် သုံးသောင်းအား ဆန်အထူးပြု ကုမ္ပဏီ ၄၅ ခုတို့က စတင်တင်ပို့ နေပြီဖြစ်ကြောင်း ဆန်စပါးလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားခဲ့သည်။

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရန် ခွင့်ပြုချက်ကို လာမည့်ကာလများတွင်လည်း ထပ်မံတင်ပို့ခွင့်ရရှိနိုင်စေရန် အသင်းမှစိစစ်၍ ထောက်ခံပြီး သက် ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်ကာလများတွင်လည်း ပြည်ပသို့ဆန်တင်ပို့ခွင့် ခွင့်ပြုချက် ထပ်မံရရှိမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့ဆန်အိတ်စ်ပို့ (ဧည့်မထ ဆန်ကွဲပါဝင်မှု ၂၅ ရာခိုင်နှုန်း)မှာ လက်ရှိကာလများတွင် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၀ရရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် အဖရိကနိုင်ငံများသို့ အများဆုံးတင်ပို့မှုရှိကြောင်း၊ နိုင်ငံတော်မှလည်း ဆန်တင်ပို့ခွင့်များကို ယာယီရပ်နားထားခြင်းမျိုးမရှိတော့ဘဲ ကိုယ့် အသိစိတ်နှင့်ကိုယ် တာဝန်ယူဆောင်ရွက်ရတော့မှာဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်နိုင်စေရန် ထိန်းသိမ်း ရာရောက်သည့်အတွက် ကောင်းမွန်သည့်အစီအစဉ်ပင်ဖြစ်ကြောင်း မြန်မာဆန်လုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိန်လှိုင်ဝင်းက ပြောကြားခဲ့သည်။

ထို့ပြင်နိုင်ငံတော်မှလည်း မူဝါဒသစ်အနေဖြင့် ဆန်ဈေးနှုန်းမြင့်တတ်လာပါက ဆန်တင်ပို့ခွင့်ရရှိထားသည့် ကုမ္ပဏီများက သိုလှောင်ထားသည့် အရန်ဆန်များထဲမှ ငါးရာခိုင်နှုန်းကို သက်သာသောနှုန်းထားဖြင့် ထုတ်ရောင်းပြီး ပြည်တွင်း ဆန်ဈေးနှုန်း တည်ငြိမ်စေရန် မူဝါဒအသစ် ချမှတ်ထားကြောင်း သိရသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်၌ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ဆန်တန်ချိန်ငါးသိန်းကျော်ရှိပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၈၅ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ဘုရင့်နောင် ဆန်ရောင်းဝယ်ရေးဈေးကွက်၌ လက်ရှိအချိန်အထိ ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျှက်ပင်ရှိကြောင်း၊ အိတ်စပို့စ်အမျိုးအစား ဧည့် မထဆန် တစ်အိတ်လျှင် ကျပ်ငွေ ၁၃,၅၀၀ ရှိကြောင်း၊ ဇီယာ(ရှယ်) တစ်အိတ်လျှင် ကျပ် ၁၆,၀၀၀ ရှိကြောင်း၊ ဆန်အရောင်းအဝယ်မှာ ပုံမှန်ပင်ဖြစ်ကြောင်း ဆန်ပွဲရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

(မြန်မာတိုင်းမ်၊ အတွဲ-၂၆၊ အမှတ်-၅၁၉ ပါ “ခွင့်ပြုထားသည့် ဆန်တန်ချိန်လေးသောင်းကျော် အထူးပြုကုမ္ပဏီများ ပြည်ပသို့ စတင်တင်ပို့” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းဖြန့်ချီမည့် နေရှင်းနှင့် ဘန်ကောက်ပို့စ်

ဇွန်လ ၁ ရက်နေ့မှ စတင်၍ The Nation နှင့် Bangkok Post သတင်းစာနှစ်စောင်အား Success International Publisher’s Distributor ကုမ္ပဏီမှ စတင်ဖြန့်ဝေတော့မည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်တတ်လာသည့် အချိန်မှစ၍ အစိုးရရုံးအဖွဲ့များနှင့် ဝန်ကြီးဌာနများတွင် လိုအပ်ချက်များ ရှိလာနိုင်ကြောင်း၊ စာဖတ်ပရိသတ်အနေဖြင့် လည်း ကြိုက်နှစ်သက်မည်ပာု ယူဆမိခြင်းကြောင့်ဖြစ်ကြောင်း၊ ဟိုတယ်များမှလည်း လိုအပ်ကြောင်း၊ ထို့ကြောင့် တစ်ဖက်နိုင်ငံမှ သတင်းစာထုတ်သည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို၍ သက်ဆိုင်ရာခွင့်ပြုချက် ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန်လ ၁ ရက်နေ့၌ စတင်ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း Success International Publisher’s Distributor ကုမ္ပဏီပိုင်ရှင် ဦးမျိုးအောင်က ပြောကြားခဲ့သည်။

နေ့စဉ်ထုတ်သတင်းစာကို စာဖတ်သူထံသို့ ညနေ ၄ နာရီဝန်းကျင်ခန့်တွင် အရောက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ အစဦးပိုင်း၌ နေရှင်းနှင့် ဘန်ကောက်ပို့စ် သတင်းစာတစ်မျိုးစီအား စောင်ရေ ၂၀ ခန့်ဖြင့် စတင်ပို့ဆောင်မည် ဖြစ်ကြောင်း၊ အထူးအနေဖြင့် သံရုံးများ၊ အင်တာနေရှင်နယ်ကျောင်း များ၊ ဟိုတယ်များ၊ ပြည်တွင်းရှိ ဂျာနယ်တိုက်အချို့နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့အား ပစ်မှတ်ထား၍ စတင်ဖြန့်ဝေမည်ဖြစ်ကြောင်း၊ နောင်အချိန်မှသာ စောင်ရေတိုးချဲ့သွားမည်ဖြစ်ကြောင်း ဦးမျိုးအောင်က ထပ်လောင်းပြောဆိုခဲ့သည်။

နောက်တစ်ချက်အနေဖြင့် နေရှင်းနှင့် ဘန်ကောက်ပို့စ်တို့၏ ရပ်တည်ချက်မှာ ယနေ့နှစ်များတွင် စီးပွားရေးသတင်းနှင့် ကျန်သိသင့်သိထိုက်သည့် သတင်းများအား ဦးစားပေးဖော်ပြလာသည်ကို တွေ့ရှိရခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိ၏ စစ်တမ်းအရ တစ်လလုံးတွင်မှ မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် သတင်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာပါဝင်ကြောင်း၊ အစိုးရသစ်လက်ထက်၌ မီဒီယာများကို များစွာလမ်းဖွင့်ပေးမည်ပာု ပြောကြားထားခြင်းကြောင့်ပင် ဖြစ် ကြောင်း၊ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနများတွင်လည်း ယခင်ကထက်စာလျှင် များစွာပွင့်လင်းလာသည်ကို တွေ့မြင်လာရကြောင်း၊ ယခင်ထက်စာလျှင် ခွင့်ပြုချက်များ ပိုမိုလာသည့်အတွက် မိမိတို့ ပို၍လုပ်သာကိုင်သာ ရှိလာသည်ပာု ယူဆရသည့်အတွက် စတင်လုပ်ဆောင် ခြင်းပင်ဖြစ်ကြောင်း ဦးမျိုးအောင် က ထပ်မံပြောကြားခဲ့သည်။

(မြန်မာတိုင်းမ်၊ အတွဲ-၂၆၊ အမှတ်-၅၁၉ ပါ “နေးရှင်းနှင့် ဘန်ကောက်ပို့စ် ပြည်တွင်း၌ ဖြန့်ချိမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံ သွားမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မကြာမီကာအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဟူကျင် တောင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းများ၌ ဖော်ပြချက်အရ သိရ သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အာဏာလွှဲပြောင်းယူလိုက်ပြီး မတ်လ ၃၀ ရက်နေ့ ကတိသစ္စာပြုပြီးချိန်မှစ၍ ယခု ခရီးစဉ်သည် သမ္မတဦးသိန်းစိန်၏ ဒုတိယမြောက် ခရီးစဉ်ပင် ဖြစ်သည်။

နိုင်ငံတော်သမ္မတအဖြစ် အာဏာရယူပြီးနောက်ပိုင်းကာလမှစ၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ပထမဆုံးခရီးစဉ်အဖြစ် မေလ ၅ ရက်နေ့၌ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ခဲ့သည်။ ယခုခရီးစဉ်သည် နိုင်ငံတော်သမ္မတအဖြစ်နှင့် ပထမဆုံး တရုတ်နိုင်ငံသို့ သွားရောက်မည့်ခရီးလည်း ဖြစ်သည်။

မြန်မာအစိုးရသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌရာထူးကို ရယူနိုင်ရန် အလားအလာများရှိနေပြီး တရုတ်နိုင်ငံကလည်း အာဆီယံ နိုင်ငံများနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်ရန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ဇန်နဝါရီလကတည်းက  အကောင်အထည်ဖော် ဆောင် ရွက်လျှက်ရှိသည့် တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်အရ လာမည့် ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလျံပေါင်း ၅၀၀ အထိ ကုန်သွယ်နိုင်ရန် ရည်မှန်းထားကြောင်း သိရသည်။

(Weekly Eleven၊ အတွဲ-၄၊ အမှတ်-၈ ပါ “နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွား ရောက်မည်” သတင်းအား အကျဉ်းချုံးဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ မွန်ပါတီ ယှဉ်ပြိုင်မည်

နိုဝင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ပါတီမှ အမတ်လောင်းတစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောကြားခဲ့သည်။

လစ်လပ်လျှက်ရှိသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်တစ်နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းနေရာ၌ ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းအား လျာထားခြင်းမရှိသေးကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် မွန်လူမျိုးများမရှိသောဒေသများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်မပာုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲ၌ ကြုံတွေ့ခဲ့ရသည့် ရွေးကောက်ပွဲ လိုအပ်ချက်များကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြတောင်းဆိုပြီး လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ တစ်နေရာ ဝင်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံအရ ကော်မရှင်အား တောင်းဆိုသွားရမည့်အချက်များ ရှိနေသေးကြောင်း၊ ဥပမာအနေ ဖြင့် ပါတီစည်းရုံးခွင့်အား လွတ်လွတ်လပ်လပ်နှင့် အချိန်ကြာကြာပေးစေလိုကြောင်း၊ ပယ်မဲကန့်သတ်ချက်နှင့် ပတ်သတ်၍ တိတိကျကျ ဆောင်ရွက်သွား စေလိုကြောင်း၊ မဲရုံကိုယ်စားလှယ်များကိုလည်း စနစ်တကျနှင့် မှန်မှန်ကန်ကန် ထားစေလိုကြောင်း၊ မဲစာရင်းနှင့် ကြိုတင်မဲ ပြဿနာအား ဖြေရှင်းပေးရန် စသည့်အချက်များအပြင် တောင်းဆိုရန် အခြားကိစ္စရပ်များပါ ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည်  ၂၀၁၀ နိုဝင်ဘာလ (၁၇) ရက်နေ့ ၌ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၂၅ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  ကိုယ်စားလှယ်လောင်း ၁၆ ဦးရွေးချယ် အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၀ ပါ “ကြားဖြတ်တစ်နေရာမွန်ပါတီဝင်ပြိုင်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ပြင်မှာ အခက်အခဲပြဿနာတွေရှိလာမယ်ဆိုရင်လည်း ကျွန်တော်တို့ဆီကို  အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ တတ်နိုင်တဲ့အကြံဉာဏ်များ၊ အကူအညီ များကိုလည်း ပေးအပ်သွားပါမယ်"

မေ ၂၆ ထုတ် Popular New အတွဲ(၃) အမှတ်(၂၀) တွင်ပါသည့် "ထောင်မှ ပြန်လည်လွတ်မြောက်သူများ အခက်အခဲရှိပါက အကျဉ်းဦးစီး ကူညီမည်" သတင်းမှ ဗဟိုအကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ယနေ့ မြန်မာတောင်သူများမှာ ရာသီဥတု ဖောက်ပြန်မှု၊ စိုက်ပျိုးရေးသွင်းအားစု ရင်းနှီးမြုပ်နှံစရိတ် ကြီးမားလာမှုတို့ကြောင့် အလွယ်ရသည့် နှစ်လုံး၊ သုံးလုံးကိုသာ အားကိုးရာသဖွယ် ကံစမ်းနေခြင်းကြောင့် လယ်ယာလုပ်ငန်းလည်းထိခိုက်ပြီး တိုင်းပြည်၏ စပါးကျီကြီးလည်း ချိနဲ့လာရသည်။ မျိုးစေ့၊ မျိုးဆန်ပါမကျန် ကျွဲ၊ နွားများနှင့် လက်ရှိပစ္စည်းများကို ရောင်းချပြီး ဒီထဲမှာသာပုံအောနေကြသည်။

ချဲထီရောင်းချသူများကတော့ ရာခိုင်နှုန်းဖြင့် အပတ်စဉ်ဝင်ငွေများ ရလျက်ရှိပြီး ဂဏန်းရောင်းဝယ်ရေးဒိုင်ကြီးများမှာလည်း လုပ်ငန်းကြီးများသဖွယ် ပေါ်တင်လုပ်ကိုင်ဆောင်ရွက်နေကြသည်။

မေ ၂၇ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၉)တွင်ပါသည့် "ကဏန်းကိုက်ခံပြည်သူများနှင့် ကျယ်ပြန့်လာသော ဂဏန်းရောင်းဝယ် ရေး" ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ပထမနှစ်စီမံကိန်းကတော့ ဒီနှစ်အတွင်းမှာ ဖြစ်မှာပါ။ ပထမနှစ်စီမံကိန်းက ဘယ်နှစ်အတိုင်းအတာထိလဲ ဆိုတာတော့ မသိပါဘူး။ ဘယ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းမယ်ဆိုတာကိုလည်း ဒီအချိန်မှာ အတိအကျမပြောနိုင်သေးဘူး။  ဒါပေမယ့် စီစဉ်နေတာ တစ်ခုကတော့ ပထမနှစ်စီမံကိန်းမှာ အကျုံးဝင်မယ့် GSM ဖုန်းအလုံးရေ လေးသန်းကိုတော့ လက်ရှိချပေးနေတဲ ငွေကျပ်ငါးသိန်းထက် လျှော့ပြီး ချပေးဖို့ရှိပါတယ်။ သုံးသိန်းလောက်လည်း ဖြစ်သွားနိုင်တယ်။ အခုထိတော့ ညွှန်ကြားချက် မလာသေးဘူး။ နောက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"

မေ ၂၇ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ် (၈) တွင်ပါသည့် "ကနေဦးပေးသွင်းခ ငွေကျပ်သုံးသိန်းနှုန်း ဖြင့် ဂျီအက်စ်အမ်ဖုန်းများ ချထားပေးရန် အစီအစဉ်ရှိ" မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ခြောက်နှစ်လောက်ကို လေ့လာလိုက်တာနဲ့ အသွက်ဆုံးဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ တရုတ်ပြီးရင် ဟောင်ကောင်က အသွက်ဆုံးပဲ။ ခြောက်နှစ်အတွင်း ကုန်သွယ်မှုပိုင်း ခြောက်ဆလောက် ထိုးတက်လာပြီး  အခုဆို မြန်မာနိုင်ငံရဲ့ အဓိကကုန် သွယ်ဖက်စာရင်းမှာ စင်ကာပူနဲ့ အိန္ဒိယကို ကျော်တက်ပြီး နံပါတ် (၃) နေရာကို ခုန်တက်ခဲ့တယ်။ ရင်းနှီးမြုပ်နှံမှုပိုင်းမှာလည်း  တစ်နှစ်အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၅ ဒဿမ ၅ ဘီလျံနီးပါးလောက် မြုပ်နှံပြီး တတိယ နေရာကို ချက်ချင်းခုန်တက်လာတယ်။ အရင်တုန်းကအသွက်ဆုံးဖြစ်ခဲ့တဲ့  ထိုင်းတောင် ဒီနှစ် ဒေါ်လာ ၂ ဒဿမ ၁ ဘီလျံကျော်ပဲ မြုပ်နှံနိုင်တာ။ လက်ရှိ ကုန်သွယ်မှုပိုင်းမှာရော၊ ရင်းနှီးမြုပ်နှံမှုပိုင်းမှာပါ တရုတ်နဲ့ ထိုင်းရဲ့နောက် တတိယနေရာ ရပ်တည်နေတယ်ဆိုပေမယ့် အချိန်တိုအတွင်း အသွက်ဆုံးဖြတ် လာတဲ့နေရာတော့ ဟောင်ကောင်က တရုတ်ပြီးရင် ဒုတိယ အသွက်ဆုံးပဲ"

မေ ၂၇ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ် (၈) တွင်ပါသည့် " မြန်မာ့စီးပွားရေးကဏ္ဍစုံအတွင်း နေရာအယူနိုင်ဆုံးမှာ တရုတ်နိုင်ငံ ဖြစ်ပြီး ဒုတိယအသွက်ဆုံးမှာ ဟောင်ကောင်ဖြစ်လာ" သတင်းဆောင်းပါးမှ စီးပွားရေးပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဈေးကွက် ယန္တရား

ဒီမိုကရေစီ ထွန်းသစ်စ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် အင်အားအပြည့်နှင့်လည်ပတ်မည့် ပြည်ထောင်စု အစိုးရအား ဖော်ထုတ်ခြင်းအတူ တမျိုးသားလုံးအတွက် ဘုံတူညီချက်ထားကာ အဓိကလုပ်ဆောင်ရမည့်အရာမှာကား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်လေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက် လာမှသာလျှင် တိုင်းပြည်၏ဘဏ္ဍငွေ တိုးတက်လာမည်ဖြစ်သလို နိုင်ငံတွင်းရှိ လူအများ လူနှေုမှုအဆင့်အတန်းမြင့်တက်လာရုံမျှမက ပညာရေးနှင့် ကျန်းမာရေးအဆင့်အတန်းပါ မြင့်မားလာမှာဖြစ်ပေသည်။

ထို့အတွက်ကြောင့် ပြည်ထောင်စုအစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကမောင်းနှင်သော စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနတို့၏ ဈေးကွက် စည်းမျဉ်းစည်းကမ်းများပြဋ္ဌာန်းမှုမှာ လွန်စွာအရေးပါလှပါသည်။ ဈေးကွက်ယန္တရား သွက်သွက်လက်လက်လည်ပတ်နိုင်ရန် အစိုးရမှ ဈေးကွက်ကို မက်လုံးများ၊ အထောက်အပံ့များ၊ တိကျ သေချာသော အခွန်ကောက်ခံမှုများကို မှန်မှန်ကန်ကန်ထားရှိရမည် ဖြစ်ပေသည်။ အစိုးရမှ ဈေးကွက်ကို အသွက်မြန်အောင် မည်မျှပင်လုပ်လုပ် လက်တွေ့ လုပ်ဆောင်မည့် စွန့်ဦးတီတွင်စီးပွားရေး လုပ်ငန်းရှင်များ၏ အစခြေလှမ်းများ မရှိပါကလည်း အောင်မြင်မည်မဟုတ်ပါ။ မည်သို့ပင်ဆိုစေ အစိုးရအနေဖြင့် ဈေးကွက်ကို မက်လုံးဖြင့်ခေါ်ဆောင်ရင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည်သာ ဖြစ်သည်။

ယခုတလော ဤသို့သော ဈေးကွက်ယန္တရား သွက်လက်ထက်မြန်ရန် စည်းမျဉ်းစည်းကမ်း အသစ်ပြဋ္ဌာန်းမှုများနှင့် ယင်းစည်းမျဉ်းစည်းကမ်းများ အသစ်ပြင်ဆင်ပြောင်းလဲမှုများကို တစ်ဖြည်းဖြည်း တွေ့မြင်လာရလေသည်။ ဥပမာအားဖြင့် ဖော်ပြရလျှင်မူ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုဦးစီးဌာနမှ ချမှတ်သော စည်းမျဉ်းတစ်ခုမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေအရခွင့်ပြုသော ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများအား ခွင့်ပြုမိန့်အမြန်ဆုံးချ ထားပေးသွားမည်ဟူ၍ ဖြစ်သည်။ ယင်းစည်းမျဉ်းစည်းကမ်းအရ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင် (Myanmar Invesment Commision) ၏ ခွင့်ပြု ချက်နှင့် လုပ်ဆောင်ခွင့်ရမည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကို Check List မှာပါသည့် စာရွက်စာတမ်းများ ပြည်စုံမှန်ကန်အောင် ဆောင်ရွက်ပြီး အနီးဆုံး MIC အစည်းအဝေးပွဲမှာ လျှောက်ထားလိုသည့်ကုမ္ပဏီမှ MD ကိုယ်တိုင်လာရောက် ရှင်းလင်းတင်ပြရမည် ဖြစ်လေသည်။ ယင်းမှ အတည်ပြုချက်ရ သည်နှင့် Cabinet အစည်းအဝေးကို တင်ပြမှာဖြစ်ပြီး ပြီးသည်နှင့် ခွင့်ပြုမိန့်ထုတ်ပေးမည် ဖြစ်လေသည်။  ယင်းတို့ဆောင်ရွက်ရာတွင် နိုင်ငံသားရင်းနှီး မြုပ်နှံမှု၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံမှုဟူ၍ သုံးပိုင်းခွဲခြားထားပြီး မတည်ရင်းနှီးငွေကို နိုင်ငံသားအား ကျပ်သိန်း ၁၀၀၊ နိုင်ငံခြားသားကို ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်သူအား ကန်ဒေါ်လာ ၅ သိန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူအား ကန်ဒေါ်လာ ၃ သိန်းဖြင့် ဆောင်ရွက်၍ ရမည်ဖြစ်သည်။

ထို့အပြင် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ကုမ္ပဏီများမှတ်ပုံတင်ခြင်း၊ အသစ် ပြန်လည်ဖွဲ့စည်ခြင်းနှင့် သက်တမ်းတိုး ခြင်းများအား One Stop Service ဖြင့် စတင်ဆောင်ရွက်ပေးမည်ဟူသော စည်းမျဉ်းစည်းကမ်းဖြစ်သည်။ မေ ၁၈ ရက်က စတင်အကောင်အထည် ဖော် မည့် ဤအစီအစဉ်မှာ ကုမ္ပဏီတွေ မှတ်ပုံတင်ခြင်း၊ အသစ်ပြန်လည်ဖွဲ့စည်းခြင်းနှင့် သက်တမ်းတိုးမြင့်ခြင်းစသည်တို့ကို တစ်နေရာတည်းမှာ ဆောင်ရွက် နိုင်မှာ ဖြစ်သည်။ ဤကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့် ဈေးကွက်ယန္တရားမှာ ယခင်ကထက် ပိုမိုသွက်လက်လာနိုင်ပါလိမ့်မည်။ သို့သော် ရင်းနှီးမြုပ်နှံ မှုများ မိမိနိုင်ငံသို့ ရောက်စေခြင်လျှင် မြန်ရုံနှင့်မပြီးပေ။ လုပ်ငန်းအရင်းအနှီးအတွက် ချေးငွေရရှိနိုင်မှု၊ အခွန် ကင်းလွတ်ခွင့် နှင့် အခွန်သက်သာခွင့်ရှိမှု၊ ငွေကြေးနှင့် ဘဏ္ဍရေးမူဝါဒကောင်းမွန်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရန်စသည့် အချက်များစွာကို ကျယ်ကျယ်ပြန့်ပြန့် မူဝါဒချမှတ်  အကောင်အထည် ဖော်ဆောင်ဖို့လိုအပ်ပါသည်။

လုပ်ငန်းအရင်းအနှီးရရှိဖို့အတွက် ငွေပင်ငွေရင်းကို ဘဏ်မှ အဓိက ရယူရမည်ဖြစ်သော်လည်း အတိုးရာခိုင်နှုန်းသည် နိုင်ငံတကာနှင့်ယဉ်ပါက အရမ်းများနေလေသည်။ လက်ရှိအပ်ငွေမှာ ၁၂ ရာခိုင်နှုန်းပေးနေရသည့်အတွက် ချေးငွေ မှာ ၁၂ ရာခိုင်နှုန်းထက်လျော့နည်း၍တော့ မဖြစ်ပေ။ ထို့အတွက် ကြောင့် လက်ရှိအပ်ငွေ ၁၂ရာခိုင်နှုန်းအောက် လျှော့နည်းရန် သင့်ပါသည်။ ထို့အပြင် ချေးပြီးပြန်မဆပ်မှာကို စိုးရိမ်နေခြင်းသည်လည်း အရင်းအနှီးရရှိဖို့ အတွက် အဟန့်အတားတစ်ခု ဖြစ်နေလေသည်။ ထို့အတွက်ကြောင့် ယင်းကို နိုင်ငံတော်ပိုင်းရော၊ ဘဏ်ပိုင်းရော၊ လုပ်ငန်းရှင်ပိုင်းရော တိတိကျကျ ညှိနှိုင်း ကာ ဈေးကွက်အတွင်း ယုံကြည်မှုတစ်ခုတည်ဆောက်ရန် အထူးပင် လိုအပ်ပါသည်။

ပြည်ပရင်းနှီးမြုပ်နှံမှု ရရှိရန်မှာ လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားလုပ်ငန်းရှင်များကို မက်လုံးများ၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် ငွေကြေး တည်ငြိမ်မှုကို ပြသဖို့အထူးပင်လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် စက်မှုကဏ္ဍမှာ နိုင်ငံခြားသား လုပ်ပိုင်ခွင့်ကို ၁၀၀ ရာခိုင်နှုန်း ယခင်ကတည်းကရှိပါသည်။ သို့သော် နိုင်ငံခြားသားလုပ်ငန်းရှင်လုပ်သည့် လုပ်ငန်းအား အစိုးရမှ ရေခွန်၊ မီးခွန်မှအစ အခြားအခွန်များကိုလည်း ဈေးနှုန်းမြင့်ကာ ဒေါ်လာဖြင့်ပေးရ သည့် မူဝါဒမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအား ဟန့်တားထားသည့် သဘောပင်ဖြစ်လေသည်။  ထို့အပြင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု အလာနည်းရခြင်း၏ နောက်အကြောင်းအရင်းတစ်ခုမှာကား ပြည်တွင်းရှိ လူ့စွမ်းအားအရင်းအမြစ် ပြဿနာဖြစ်လေသည်။ လိုအပ်သည့် အရည်အသွေးရှိ ဝန်ထမ်းများ လွန်စွာ ရှားပါးလျက်ရှိပါသည်။ ထို့အတွက်ကြောင့် နိုင်ငံတော်သည် အိန္ဒိယနိုင်ငံလို လူ့စွမ်းအားအရင်းအမြစ်ဌာနတစ်ခုကိုဖွင့်ကာ နိုင်ငံအတွင်း စက်မှုဖွံ့ဖြိုးတိုး တက်မှုအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုအဓိက ဆောင် ရွက်သင့်ပါသည်။

                မြန်မာနိုင်ငံသည် အရှေ့တောင်အရှနိုင်ငံအားလုံးအနက် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံတစ်ခု ဖြစ်ပါသည်။ လာအိုနှင့် ကမ္ဘာဒီယားကဲ့သို့ ဖွံ့ဖြိုးမှုနောက် ကျသည့် နိုင်ငံများသည်ပင်လျှင် မိမိတို့နိုင်ငံ၏ ရှေ့ထက်ပင်ပြေးကာ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်ရှိနေလေသည်။ အမှန်စင်စစ် မြန်မာနိုင်ငံသည် တစ်ဟုန်ထိုးစီးပွားရေး ဖွံ့ဖြိုးနေသည့်နိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယနိုင်ငံကြီးနှစ်ခု၏ ကြားတွင်ရှိသော နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ စီးပွားရေးမူဝါဒ ကောင်းများကို ချမှတ်နိုင်ပါက ယင်းနိုင်ငံကြီးနှစ်ခုစလုံး၏ ဈေးကွက် အပြန်အလှန်ကူးလူးဆက်သွယ်ကာ အကျိုးစီးပွားများစွာဖြစ် ထွန်းကားနိုင်ပါကြောင်း။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs