Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၉.၆.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာ-တရုတ် မဟာမိတ်ပြုမှု အာဆီယံညီညွှတ်ရေးကို ခြိမ်းခြောက်

(5 June 2011 ရက်စွဲပါ The Vancouver Sun မှ Burma China alliance threatens ASEAN Unity ကိုဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံသည် စစ်အစိုးရမှ အရပ်သားအစိုးရသို့ပြောင်းပြီး အစစ်အမှန် မဟုတ်သော အသွင်ကူး ပြောင်းရေး ကာလကို ဖြတ်သန်းလျက်ရှိရာ၊ ၎င်းနှင့် ပတ်သက်ပြီး ကာလရှည်ကြာကပင် ခံစားကြရသော အာဆီယံ ပါတနာများ အပေါ် ထိခိုက်စေသော အပြုအမူနှစ်မျိုးခန့်ကိုလည်း ပြုလုပ်ခဲ့ သည်ကို တွေ့ရသည်။

                ထိုသို့သော လုပ်ဆောင်ချက်များကြောင့် ၂၀၁၅ ခုနှစ်တွင် စီးပွားရေးအရ ပေါင်းစည်းပြီး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အဓိကကိစ္စများတွင် မူဝါဒ တစ်ခုတည်းဖြစ်စေလျက် စုစည်းသော အသိုင်းအဝိုင်း ဖြစ်ရန် ရည်မှန်းချက် အောင်မြင်နိုင်မှု ရှိမရှိလေးနက်စွာ မေးခွန်းထုတ်ရတော့မည်ဖြစ်သည်။

                မြန်မာနိုင်ငံ၏ အများနှင့်မတူခြားနားသော လုပ်ဆောင်ချက်များသည် အာဆီယံ၌ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် ပြဿနာကြုံတွေ့ နေရချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ယင်းမှာ တရုတ်နိုင်ငံ၏ ဖိအားပေးကြောင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ တရုတ်၏ သွေးခွဲပြီး ချုပ်ကိုင်လွှမ်းမိုး(Divide – and – conquer) မဟာဗျူဟာသည် အာဆီယံ စုစည်းမှုကို ပျက်ပြယ်စေသည်။

                မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ယူနီဖောင်းချွတ်သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် အပတ်က Beijing သို့ တရားဝင် သွားရောက်ခဲ့ရာ ၎င်းသည် တစ်ချက် ထိုးရုံဖြင့် နှစ်ချက်ထိသော လက်သီးထိုးပုံမျိုးကို ပြုလုပ်ခဲ့သည်။

                ပထမအချက်အနေဖြင့် ၎င်းသည် တရုတ်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားတို့ ကာလ ရှည်ကြာက အငြင်းပွားနေသော တောင်တရုတ်ပင်လယ်မှကျွန်းများ၊ သန္တာ ကျောက်တန်းများ ကိစ္စတွင် တရုတ်နိုင်ငံဖက်မှ ထောက်ခံကြောင်း ကျေညာ ခဲ့ခြင်း ဖြစ်သည်။

                ထိုသို့ အင်အားကြီးသူကို မရိုးမသား ကိုးကွယ်ခြင်းသည် အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများအပေါ် သစ္စာ မရှိသည့် လုပ်ရပ်ဖြစ်သည်သာမက ၂၀၀၂ ခုနှစ်က အာဆီယံနှင့် တရုတ်တို့သဘောတူထားသော အငြင်းပွားမှုကို စီမံ ခန့်ခွဲရန် သဘောတူညီချက်အား ဆန့်ကျင်ရာရောက်ပေသည်။

                ဦးသိန်းစိန်၏ နောက်ထပ်စော်ကားသော လုပ်ရပ်တစ်ခုမှာ ၎င်းက သမ္မတဟူကျင့်တောင်အား မြန်မာနိုင်ငံက ၂၀၁၄ တွင် အာဆီယံ ဥက္ကဌ နေရာ အတွက် တရုတ်က ထောက်ခံကူညီရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဦးသိန်းစိန်သည် ယခုလောလောဆယ် မသေချာမရေရာဖြစ်နေသေးသော အာဆီယံ ဥက္ကဌ နေရာ အတွက် တရုတ်အား ၎င်း၏စီးပွားရေးနှင့် နိုင်ငံရေးအရ အင်အားကြီးမှုကို အသုံးပြု၍ သေချာအောင် အာမခံ ပေးစေလိုသည့် သဘော ဖြစ် သည်။

                ဦးသိန်းစိန်၏ တရုတ်ဖက်မှ ပြတ်ပြတ်သားသားရပ်တည်မှုသည် အချို့အာဆီယံခေါင်းဆောင်များ၏ ၂၀၁၄ တွင် အဖွဲ့ကြီး၏ ခေါင်းဆောင် နေရာတွင် မြန်မာနိုင်ငံသည် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းရှိမရှိနှင့် နိုင်ငံရေးအရ ရင့်ကျက်မှု ရှိမရှိ သံသယနှင့် စိုးရိမ်မှုများကို ပိုမိုခိုင်မာစေခဲ့သည်။

                ၁၉၉၇ ခုနှစ်မြန်မာနိုင်ငံအား အဖွဲ့ဝင်အဖြစ်လက်ခံခဲ့စဉ်က အာဆီယံသည် နိုင်ငံတကာ၏ ဝေဖန်မှု များကို ခံခဲ့ရသည်။ မြန်မာနိုင်ငံသည် တိုင်းရင်း သား လူမျိုးစုများကို ခြိမ်းခြောက်နှိပ်စက်မှုများ ရှိနေသည်။

                မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနိမ့်ကျမှုများ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်း ကဲ့သို့သော နိုင်ငံရေး အရ ဖိနှိပ်မှုများကြောင့် အရေးယူမှုပေါင်းစုံ၊ ပိတ်ဆို့မှုပေါင်းစုံ ကိုခံရလျက် ရှိသည်။ သို့သော် အာဆီယံခေါင်းဆောင်များကမူ စစ်အစိုးရနှင့် အပြုသဘော ဆောင်သော ဆက်ဆံရေးကို သာ ရှေးရှု လုပ်ဆောင်လျက် ရှိသည်။

                သို့ရာတွင်လည်း မအောင်မြင်ခဲ့ဘဲ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက မြန်မာနိုင်ငံတွင် အခြေခံဥပဒေသစ်အရ ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။ အခြေခံ ဥပဒေသစ်သည် အကြွင်းမဲ့  အာဏာသည် စစ်တပ်ထံတွင်သာ ရှိပြီး ပါလီမန်တွင်လည်း စစ်တပ်အတွက် နေရာချန်ထားပေးရသည်။ သမ္မတ ဦးသိန်းစိန် ကဲ့သို့ အရေးကြီးသော နေရာများတွင် ယူနီဖောင်းချွတ်သော စစ်သားများကသာ အရပ်သားအစိုးရ၌ နေရာယူထားကြသည်။

                ဦးသိန်းစိန်သည် မတ်လကုန်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ တရုတ်သည် မကြာသေးမီနှစ် များအတွင်းက မြန်မာနိုင်ငံကို ရက်ရက် ရောရော ပေးပြီး ပေါင်းသင်းခဲ့ရာ မြန်မာနိုင်ငံအား တရုတ်၏ စီးပွားရေးအရ ကိုလိုနီပြုမှု ခံနေရသည်ဟု အများက ဆိုကြသည်။

                Beijing သည် မြန်မာနိုင်ငံ၏ သယံဇာတများတွင်လည်း များစွာရင်းနှီးမြှုပ်နှံထားသည်။ Beijing က အမေရိကန်သည် ဒေသတွင်း သြဇာကြီးမား လာနေသော တရုတ်ကို ထိန်းချုပ်ထားနိုင်ရန် ကြိုးစားနေခြင်းကို သိမြင်ရာ မြန်မာနိုင်ငံအား မဟာဗျူဟာ ကျသော ပါတနာအဖြစ် ရှုမြင်ထားသည်။

                လောလောဆယ်အားဖြင့် တရုတ်သည် မြန်မာနိုင်ငံအနောက်ဖက် ဘင်္ဂလားပင်လယ်အော်မှ တရုတ် အနောက်တောင် ယူနန်ပြည်နယ်သို့ ပိုက်လိုင်း တည်ဆောက်လျက် ရှိသည်။ ထိုပိုက်လိုင်းသည် အရှေ့အလယ်ပိုင်းမှ ရေနံများကို မလက္ကာ ရေလက်ကြားကို ဖြတ်၍သယ်ဆောင်ရန် မလို တော့ပေ။ တရုတ်သည် တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ ရှေးယခင်ကထက် ပို၍ ရန်လိုစွာ ပြုမူလာချိန်တွင် မြန်မာနိုင်ငံ ကလည်း Beijing အပေါ်သစ္စာခံကြောင်း ပြသလာသည်။ ထိုဒေသတွင် ယခင်က မှန်းသည်ထက် ရေအောက်ရေနံနှင့် ဓာတ်ငွေ့များ ပိုမိုရှိကြောင်း ရှာဖွေ ချက် များအရ သိရှိရချိန်လည်း ဖြစ် သည်။

                မတ်လအစောပိုင်းက အဖြစ်အပျက်တစ်ခုတွင် ဖိလစ်ပိုင်ရေနံရှာဖွေရေး သင်္ဘောအား MV Veritus Voyager ဖိလစ်ပိုင် ကမ်းခြေအနီး Reed Bank တွင် တရုတ်ရေတပ်ကင်းလှည့်ရေယာဉ်များက စော်ကားသော အပြုအမူများ ပြုလုပ်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့နောက် လွန်ခဲ့သော အပတ်က တရုတ် ကင်းလှည့်ရေယာဉ်များသည် ဗီယက်နမ်နိုင်ငံပိုင် ကုမ္ပဏီ မှ ရေနံရှာဖွေသော Binh Minh 2 ရေယာဉ်မှ ရေအောက်ရှာဖွေရေး Sonar Cable ကို ဖြတ် တောက်ခဲ့သည်။ ထိုသို့ ဖြစ်ပျက်သော နေရာမှာ ဗီယက်နမ်ဗဟိုကမ်းရိုးတန်းမှ ရေမိုင် ၁၂၀ မိုင်အကွာ၊ တရုတ်ဟိုင် နန်ကျွန်းမှ (၆၀၀) ကီလိုမီတာ အကွာ တွင် ဖြစ်သည်။ Beijing သည် မနီလာနှင့် ဟနွိုင်းအစိုးရများသို့ တရုတ်ရေပိုင်နက်အပေါ် စိန်မခေါ်ကြရန် ရိုင်းပျစွာ သတိပေးခဲ့သည်။               

*************************************************************************

အဓမ္မလုပ်အားပေးစေခိုင်းမှုနှင့်ပတ်သက်သော တိုင်စာများမြန်မာနိုင်ငံတွင် မြင့်တက်

(7 June 2011 ရက်စွဲပါ AFP ၏ Forced Labour  Camplaints up in Myanmar ကို ဘာသာပြန်ဆိုသည်။)

                မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေးစေခိုင်းမှုနှင့်ပတ်သက်၍ လူအများက ပို၍သိလာခြင်းကြောင့် တိုင်ကြား ပြောဆိုမှုများ သိသိသာသာ မြင့်တက် လာသည်ဟု မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ကုလသမဂ္ဂအေဂျင်စီ တစ်ခုက အင်္ဂါနေ့က ပြောကြားခဲ့သည်။ ရန်ကုန်ရှိ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) ရုံးခွဲမှ ၂၀၁၀ အစပိုင်းမှစ၍ တိုင်စာ (၅၀၆) ခု လက်ခံ ရရှိကြောင်း ဆိုသည်။

                “ဒီလို မြင့်တက်လာတာဟာ၊ ပညာပေး အစီအစဉ်များအဆက်မပြတ်ပေးထားနိုင်မှုကြောင့်ပါပဲ”ဟု ILO မြန်မာရုံးခွဲ ဆက်ဆံရေးအရာရှိ Steve Marshall က AFP သို့ အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

                2007 ခုနှစ်ကတည်းက လက်ခံရရှိသော တိုင်စာ(၇၄၉)စောင်အနက်၊ (၅၈၂)စောင်မှာ ILO က မြန်မာ နိုင်ငံတွင် ကန့်သတ်ထားသော ကန့်သတ် ချက် များတွင် အကြုံးဝင်သည်။ အများစုမှာ ကလေးစစ်သားများနှင့် အကြုံးဝင်သည်။

                မြန်မာအစိုးရသည် အရွယ်မရောက်သေးသူများ စစ်တပ်ထဲသွင်းခြင်း အပါအဝင် အဓမ္မလုပ်အားပေးစေခြင်း ပပျောက်အောင် ပြုလုပ်ရာတွင် ILO ကို ပါဝင်လုပ်ဆောင်ခွင့်ပြုခဲ့သည်။ Marshall က ပြောကြားရာတွင် ဥပဒေကို မြန်မာဘာသာဖြင့် ရိုက်နှိပ်၍ လက်ကမ်းစာစောင်ဖြင့် ဖြန့်ဝေခြင်းသည် ယခု ကဲ့သို့ တိုင်စာများ မြင့်တက်လာခြင်း၏ အဓိကတွန်းအား ဖြစ်ကြောင်းဆိုသည်။

                “ဒါပေမယ့် တိုင်စာအရေအတွက် ကြည့်ပြီး ပြဿနာအကြီးအသေးကို ခန့်မှန်းလို့ မရနိုင်သေးပါဘူး။ လူအတော် များများက မိမိတို့ ပိုင်ခွင့် (Rights) တွေကို မသိသေးပါဘူး။ တိုင်လို့မရနိုင်တဲ့ အခြေအနေမှာ တချို့ ရှိနေပါသေးတယ်”ဟု ၎င်းက ပြောသည်။

                မြန်မာစစ်တပ်သည် နှစ်ပေါင်း ငါးဆယ်ခန့်အုပ်ချုပ်ခဲ့ပြီးနောက် ပြီးခဲ့သည့် မတ်လက အမည်ခံအရပ်သား အစိုးရသို့ လွှဲပေးခဲ့သည်။

                ILO သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ရန် သဘောတူညီမှု ရခဲ့ရာ ယခုနှစ်ဖေဖော်ဝါရီလက နောက်ထပ် တစ်နှစ် ဆက်လက်လုပ်ကိုင်ရန် သက်တမ်းတိုးခဲ့သည်။

                ထိုအချိန်ကတည်းက အရွယ်မတိုင်မီစစ်တပ်ထဲထည့်သွင်းခံရသူ ၁၄၇ ဦးအား ၎င်းတို့မိသားစုထံ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ILO က ပြောကြားခဲ့ပြီး၊ ထိုကိစ္စများအတွက် စစ်တပ်မှ အရာရှိ ၂၀ နှင့် အခြားအဆင့် ၁၁၀ ဦးအား စစ်စည်းကမ်းအရ အရေးယူခဲ့သည်ဟု ကာကွယ်ရေးမှ တာဝန် ရှိသူများ၏ အဆို အရသိရှိရသည်။

                မြန်မာစစ်တပ်တွင် ကလေးစစ်သားထောင်ချီ၍ ရှိမည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ယုံကြည်လျက်ရှိပြီး၊ မြန်မာတိုင်းရင်းသား လက်နက် ကိုင် အုပ်စုများတွင်လည်း ကလေးစစ်သားများ ခန့်ထားမှုများ ရှိကြောင်း ကုလသမဂ္ဂက ဆိုသည်။

                Marshall က ပြောကြားရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် စွပ်စွဲချက်များကို လေ့လာရန် အခက်အခဲ ကြီးကြီးမားမားရှိကြောင်း၊ သို့သော် အစိုးရနှင့် အပစ်ရပ်ထားသော တိုင်းရင်းသားအုပ်စုများသို့ အကဲဖြတ်နိုင်ရေး အတွက် အစိုးရနှင့်ညှိနှိုင်းလျက် ရှိကြောင်းဆိုသည်။ စစ်တပ် တစ်ခုစီက ကလေးစစ်သား ခန့်ထားမှုများသည် တစ်ဦးတစ်ယောက်စီနှင့်သာ ဆိုင်သော်လည်း၊ အခြားအဓမ္မလုပ်အားပေးဝေမှု ပုံစံအမျိုးမျိုးနှင့် ပတ်သက် သော တိုင်စာများ ရာချီ၍ရှိသေးကြောင်း ၎င်းကညွှန်းဆိုသည်။

                “လွယ်တော့ မလွယ်ပါဘူးဗျာ၊ အလှမ်းဝေးနေပါသေးတယ်။ ILO ရဲ့ အခွင့်အာဏာနဲ့ မဆိုင်တဲ့ မြေယာ သိမ်းခံရမှုတွေ၊ လာဒ်စားမှုတွေနဲ့ စက်မှု ဆိုင်ရာ အငြင်းပွားမှုတွေနဲ့ပတ်သက်တဲ့ တိုင်စာတွေ တပုံတပင်ကြီးပါ”ဟု Marshall က ပြောသည်။

**********************************************************************************

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကုန်ကျစရိတ် ခန့်မှန်းထားသည်ထက် လျော့နည်းရန် Italian-Thai ကြိုးပမ်း

(Wall Street Journal မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

`        မြန်မာနိုင်ငံတွင်အကောင်အထည်ဖော်တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြီးအတွက် ရင်းနှီး မြှုပ်နှံမှု စရိတ်မှာ မျှော်မှန်းထား သည့် ပမာဏ ဖြစ်သော အမေရိကန်ဒေါ်လာ ၈ ဘီလီယံထက် လျော့နည်းဖွယ်ရှိကြောင်း အဆိုပါစီမံကိန်းတွင် ပါဝင်တာဝန်ယူအကောင်အထည်ဖော်မည့် Italian-Thai Development ကုမ္ပဏီဥက္ကဌ Premchai Karnasuta ၏ပြောကြားချက်ကို ကိုးကားပြီး Wall Street Journal က ရေးသားဖော်ပြသည်။

လက်ရှိ အနေအထားတွင် Italian-Thai Development ၏ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးဖြစ်သော Sim Commercial Bank PCL က စီမံကိန်း၏ ဘဏ္ဍာရေးဆိုင်ရာအစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း၊ နောက်လ အနည်းငယ်ခန့်တွင် ဘဏ်ချေးငွေ လိုအပ်ချက်ပမာဏကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့် ရကြောင်း မစ္စတာ Premchai Karnasuta ကပြောဆိုသည်။

အဆိုပါစီမံကိန်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ မော်တော်ကားလမ်းနှင့် မီးရထားလမ်း ဖောက်လုပ်ရေး နှင့် ၂၅၀ စတုရန်းကီလိုမီတာ ရှိမည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးတို့ပါဝင်ပြီး ကုန်ကျငွေ ၄ ဘီလီယံဒေါ်လာ ရှိမည်ဟုလျာထားခဲ့ကြောင်း၊ အဆိုပါ အထူးစီးပွားရေးဇုန် စီမံကိန်း ထဲတွင် အခြေခံ အဆောက်အအုံ တည်ဆောက်မည့်အစီအစဉ်များလည်း ပါဝင်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် စက်မှုနယ်မြေနှင့် ရေဆိုးထုတ် စနစ်များ တပ်ဆင်ရေး အစရှိသည်တို့ကိုလည်း ပြန်လည်သုံးသပ်မည်ဖြစ်သည်ဟု ဆိုသည်။

မစ္စတာ Premchai အဆိုအရ မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပိတ်ဆို့အရေးယူမှု ခံနေရသည့် တိုင် ဂျပန်၊ တရုတ်နှင့် အခြား သော နိုင်ငံများမှ ဘဏ္ဍာရေးအဖွဲ့အစည်းများကလည်း အဆိုပါ စီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်းစားမှုထုတ်ဖော်ပြသကြသည်။

အထူးစီးပွားရေးဇုန်တွင်း အခြေခံအဆောက်အအုံ တည်ဆောက်မှုကို လာမည့်နှစ် အစောပိုင်းတွင်စတင်ပြီး ၂၀၁၅ ခုနှစ်တွင် ပြီးဆုံးဖွယ်ရှိသည်ဟု ဆိုသည်။ Italian-Thai အနေဖြင့် ရန်ပုံငွေတိုးမြှင့်ရန်အလို့ငှာ Dawei Development ကုမ္ပဏီမှ အစုရှယ်ယာကို ၅၁ ရာခိုင်နှုန်းအထိလျှော့ချရန် စဉ်းစားလျက်ရှိကြောင်း၊ အဆိုပါကုမ္ပဏီသည် အထူးစီးပွားရေးဇုန်ကို တာဝန်ယူအကောင်အထည်ဖော်မည် ဖြစ်ကြောင်းသိရသည်။ Dawei Development ကုမ္ပဏီသည် Italian-Thai တစ်ဦးတည်းပိုင်ဖြစ်သည်။

Italian-Thai အနေဖြင့် လာမည့်ရက်သတ္တပတ်တွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေး လုပ်ကိုင်သူ များနှင့် တွေ့ဆုံပြီး နိုင်ငံတကာ စက်မှု ဗဟိုမဏ္ဍိုင်တစ်ခု တည်ဆောက်ရေးတွင် စီးပွားရေးမိတ်ဘက်အဖြစ် ပါဝင်လာအောင် ကြိုးပမ်းမည်ဖြစ်သည်။ လက်ရှိအနေအထားတွင် တရုတ်နှင့် တောင်ကိုရီးယား တို့မှ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

ထားဝယ်တွင် စီးပွားရေးလုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက် မီဂါဝပ် ၆၀၀၀ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားထုတ် စက်ရုံတစ်ခု တည်ဆောက်ရန်လည်း Dawei Development ကမျှော်မှန်းထားသည်။ အဆိုပါ ဓာတ်အားထုတ်စက်ရုံ တည်ဆောက်ပါက စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု ၁၅ ဘီလီယံအထိ ရှိလာနိုင်ဖွယ်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် အဆိုပါစက်ရုံကို လည်ပတ်ပေးမည့် လုပ်ငန်းများကို ရှာဖွေလျက်ရှိကြောင်း မစ္စတာ Premchai က ဖြည့်စွက် ပြောဆိုသည်။

ထိုင်းနိုင်ငံမှ PTT PCL၊ Electricity Generating PCL၊ Ratchaburi Electricity Holding PCL၊ နိုင်ငံပိုင် ထိုင်းလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်း အပါ အဝင် ဂျပန်နှင့် တရုတ်နိုင်ငံတို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ ကလည်း ဝင်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြ သည်။

*********************************************************************************

မားကို့စ်အား စစ်အခမ်းအနားဖြင့် ဂုဏ်ပြုမည်ကို အနှိပ်စက်ခံပြည်သူများ ကန့်ကွက်

(AFP သတင်းမှ ၆  Jun 2011 ရက်စွဲပါ Victims Protest Military Honours for Marcos သတင်းကို ဘာသာ ပြန်ဆိုသည်)

                ဖိလစ်ပိုင်နောက်ဆုံးအာဏာရှင် ဖာဒီနန်မားကို့စ်၏ ကြွင်းကျန်ရစ်သော အအေးခံရုပ်အလောင်းကို ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားအပြည့်အစုံဖြင့် မြှုပ်နှံမည့် အစီအစဉ်များကို ကြားသိရသည့်အတွက် ရက်စက်သော အာဏာရှင် မားကို့စ်အစိုးရ၏ နှိပ်စက်ညှဉ်းပန်းခံသားကောင်ဖြစ်ခဲ့သူများက ဒေါသ ထွက်လျက် ရှိကြသည်ဟု ဆိုသည်။

                မားကို့စ်အုပ်ချုပ်ရေးကို တော်လှန်ခဲ့သည့် ဒီမိုကရေစီ သူရဲကောင်း မိဘနှစ်ပါးမှ မွေးဖွားလာသော လက်ရှိ သမ္မတ ဘီနစ်ဒို အကွီနိုက အာဏာရှင် ၏ ရုပ်အလောင်းကို မည်သို့ကိုင်တွယ်မည်ဆိုသည့် အပေါ် မကြာမှီ ဆုံးဖြတ်ချက်ပေးမည်ဟု မျှော်လင့်ရကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြား လိုက်သည်။

                ဖာဒီနန်မားကို့စ်၏ အမာခံပြည်နယ်တွင် မှန်ခေါင်းအတွင်း ထည့်သွင်းထားသော အာဏာရှင်၏ အအေးခံ ရုပ်အလောင်းကို စစ်အခမ်းအနားဖြင့် မြှုပ်နှံ မည်ဟု ဒုတိယသမတ ဂျီဂျိုမာဘင်နေက အကြံပြုခဲ့ကြောင်း ယခု သီတင်းပတ်ကုန်တွင် ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။

                “သူရဲ့ မိသားစုနဲ့ မိတ်ဆွေတွေက ဈာပနလုပ်ချင်တယ်ဆိုရင် တိတ်တဆိတ်ပဲလုပ်သင့်ပါတယ်။ သူ့ကို စစ်အခမ်းအနားနဲ့ ဂုဏ်ပြုတာကတော့ သူ့ရဲ့နှိပ်စက် ညှဉ်းပန်းမှုကို ဆန့်ကျင်ဖြုတ်ချခဲ့ကြတဲ့ တော်လှန်ရေးကို သစ္စာဖောက်ရာ ရောက်ပါတယ်” ဟုနှိပ်စက်ခံသားကောင်တစ်ဦးဖြစ်သူ ရုပ်ရှင် ဒါရိုက်တာ ဂျိုဝယ်လန်မန်ဂန်က AFP သတင်းဌာနသို့ ပြောကြားသည်။

                “ကျွန်တော် ဒေါသထွက်တယ်။ စိတ်ညစ်ညူးသွားတယ်။ စိတ်အနှောက်အယှက်ဖြစ်တယ်ဗျာ။ အာဏာရှင် ဆန့်ကျင်ရေးကို သစ္စာရှိရှိ ရပ်တည်လှုပ်ရှားခဲ့တဲ့ မိဘတွေက မွေးဖွားလာတဲ့ သမ္မတအနေနဲ့ ဒီဈာပနကိစ္စကို အငြင်းပွားစရာ ဖြစ်အောင် မလုပ်သင့်ပါဘူး”ဟု ဒါရိုက်တာ လန်မန်ဂန်က သမ္မတ အကွီနိုကို ရည်ညွှန်း ပြောဆိုလိုက်သည်။

                မစ္စတလန်မန်ဂန်သည် ၁၉၇၀ ခုနှစ်များက စစ်အုပ်ချုပ်ရေးဥပဒေ၏ နှိပ်စက်ခံသားကောင်များထဲမှ တစ်ဦး ဖြစ်ပြီး ထိုစဉ်က အသတ် ၁၆ နှစ် အရွယ် ကျောင်းသား နိုင်ငံရေးလှုပ်ရှားသူ တစ်ဦးအဖြစ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ သူ၏ ဦးခေါင်းတွင် ရိုင်ဖယ်သေနတ်ဒင်ဖြင့် အတိုက်ခံရခြင်းကြောင့် ရရှိသည့် အမာရွတ်တစ်ခု ယခုတိုင် ရှိနေဆဲဖြစ်သည်။

****************************************************************************

တရုတ်မှ ညှဉ်းပန်းနှိပ်စက်မှုများနှင့် ပတ်သက်သူများကို ဗီဇာပိတ်ရန်အမေရိကန်လွှတ်တော်တွင် အဆိုပြု

(AFP သတင်းမှ 5 Jun 2011 ရက်စွဲပါ US Propsal Would Bar visas over china abvses သတင်းကို ဘာသာပြန်ဆိုသည်)

                တိန်အန်မင်ရင်ပြင် သွေးစွန်းသော နှိပ်နင်းမှု ၂၁ နှစ်ပြည့်မြောက် စနေနေ့တွင် အမေရိကန် လွှတ်တော်အမတ် တစ်ဦးက တရုတ်နိုင်ငံမှ လူ့အခွင့် အရေး အခြေအနေကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီး ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်သည့် တရုတ်ခေါင်းဆောင်များအား အမေရိကန် ပြည်ထောင်စု သို့ ဝင်ရောက်ခွင့် တားမြစ်ရန် အဆိုပြုလိုက်သည်။

                လူအခွင့်အရေးညှင်းပန်းနှိပ်စက်မှုများတွင် ပါဝင်ပတ်သက်ကြောင်းတွေ့ရှိရသည့် တရုတ်တာဝန်ရှိ သူများနှင့် သူတို့၏ မိသားစုများအား ဝင်ရောက်ခွင့် ဗီဇာပိတ်ပင်မည့် ဥပဒေမူကြမ်းကို လူ့အခွင့်အရေးဆိုင်ရာ ကွန်ဂရက် ကော်မတီကို ဦးဆောင်နေသည့် လွှတ်တော်အမတ် Chris Smith က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

                လူကုန်ကူးမှုတိုက်ဖျက်ရန် ရည်ရွယ်သည့် ဥပဒေတစ်ခုအပါအဝင်အဓိကအမေရိကန် လူ့အခွင့် အရေးဆိုင်ရာ ဥပဒေကို နောက်ကွယ်မှ တွန်းအား ပေးနေသော နယူးဂျာစီရီပတ်ဘလစ်ကန်အမတ် Smith က “တရုတ်နိုင်ငံက လူ့အခွင့်အရေး အနေအထားဟာ သိပ်ကို ဆိုးဝါးနေပါတယ်” ဟုပြောကြား သည်။

                “၁၉၈၉ ဇွန်လ ၄ ရက်နေ့မှာ စတင်ခဲ့တဲ့ တိန်အန်မင်ရင်ပြင် လူသတ်ပွဲ အပြီးကနေ ဒီနေ့အချိန်အထိ လူ့အခွင့်အရေး ဗြောင်ကျကျ ချိုးဖောက်မှုတွေ ကို စောင့်မကြည့်ရပဲနဲ့တွေ့နေရပါတယ်။ ကိုယ့်ပြည်သူကို ပြန် နှိပ်စက်တဲ့ တရုတ်ခေါင်းဆောင်တွေကို သတိထားဖို့ ဒီဥပဒေက အသိပေးမှာပါ”ဟု Smith က ဆက်လက် ပြောကြားသည်။

                အဆိုပါဥပဒေမူကြမ်းတွင် ပြည်ဝင်ခွင့်ငြင်းပယ်ရသည့် အကြောင်းရင်းဖြစ်သော ညှင်းပန်းနှိပ်စက်မှု များကို စာရင်းပြုစုထားရာ၌ တက်ကြွလှုပ်ရှား သူများ၊ ရှေ့နေများ၊ သတင်းထောက်များအားနှိပ်စက်ရာတွင် ပါဝင်ပတ်သက်မှု၊ တိဘက်၊ အူဟာ၊ မွန်ဂိုစသော တိုင်းရင်းသားမျိုးနွယ်စုများအပေါ် အကြမ်း ဖက် ဖိနှိပ် အုပ်ချုပ်မှုစသည်တို့လည်း ပါဝင်သည်။

                လူ့အခွင့်အရေးအုပ်စုများက “ပြန်ပို့လျှင် နှိပ်စက်ခံရလိမ့်မည်”ဟု သတိပေးပြောဆိုထားသော မြောက်ကိုရီးယား ဒုက္ခသည်များအား အတင်း အကျပ် ပြန်ပို့ခြင်းနှင့်အတူ အတင်းအကျပ်ကလေးဖျက်ချမှု များတွင် ပါဝင် ပတ်သက်သော တရုတ်တာဝန်ရှိသူများအနေဖြင့် နာမည်ပျက်စာရင်း သတ်မှတ် ခံရဖွယ် ရှိ သည်ဟု သိရှိရသည်။

*******************************************************************************

အရှေ့တောင်အာရှတွင် တရုတ်နှင့် အတူအလုပ်လုပ်ရန် အမေရိကန်ကြိုးစား

(Associated Press မှ ၊ Jun 2011 ရက်စွဲပါ US reeks to work with China in SE Asia သတင်းကို ဘာသာ ပြန်ဆိုသည်)

                အရှေ့တောင်အာရှဒေသကို လွှမ်းမိုးရန် အင်အားကြီး နှစ်နိုင်ငံပြိုင်ဆိုင်မှုများရှိနေသော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် အရှေ့ တောင် အာရှဒေသတွင် တရုတ်နိုင်ငံနှင့် ပိုမိုနီးကပ်စွာ လုပ်ဆောင်လိုသည်ဟု အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားလိုက် သည်။

                တောင်တရုတ်ပင်လယ်ပြင်ရှိ ပိုင်နက်အငြင်းပွားမှုများ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိစ္စတွင် ဝါရှင်တန်၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွား ပတ်သက် နေသည်ဟု အမေရိကန်က မနှစ်ကပြောကြားခဲ့ခြင်းကြောင့် တရုတ်ကို စိတ်ညစ်စေခဲ့သည်။ သယံဇာတကြွယ်ဝသော အဆိုပါရေပြင်ပိုက်နက်များတွင် အခြားနိုင်ငံများစွာနှင့်အတူ တရုတ် နိုင်ငံက ပိုင်ဆိုင်မှုငြင်းခုန်လျက်ရှိသော်လည်း ပြင်ပမှ ကြားဝင်စွက်ဖက်မှုကို ငြင်းပယ်ကာ ပြဿနာများကို နှစ်နိုင်ငံ အပြန်အလှန် ကိုင်တွယ်ဖြေရှင်းသင့်သည်ဟု အခိုင်အမာပြောဆိုထားသည်။

                အရှေ့အာရှဆိုင်ရာ အမေရိကန်ထိပ်တန်းသံတမန် Kurt Campbell က တရုတ်နိုင်ငံနှင့် သဘော ကွဲလွဲမှုများကို အရေးမကြီးသယောင် ပြောကြား ကာ ယခုနှစ်တွင် ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ရန် အမေရိကန် ပြည်ထောင်စုက ကြိုးစားမည်ဟု အင်္ဂါနေ့တွင် ပြောဆိုခဲ့သော်လည်း အသေးစိတ် အချက် များကို ပြောကြားခြင်းမရှိပေ။

                Center for strategic and International Studies တွင် အရှေ့တောင်အာရှအပေါ်ထားရှိသည့် အမေရိကန်မူဝါဒနှင့် ပတ်သက်ပြီး Campbellက ပြောကြားရာတွင် “ဘယ်လိုဆက်ဆံရေးမှာမဆို သိသိသာသာ ပြိုင်ဆိုင်မှု ရှိတတ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြားမှာလည်း ဒီလိုပဲပေါ့။ ဒါပေမဲ့လည်း အရှေ့တောင်အာရှ ဒေသမှာ သင့်လျှော်တဲ့ အတိုင်းအတာတစ်ခုအတွင်း အတူတကွလုပ်ကိုင်သွားကြဖို့ ကိစ္စကို ကျွန်တော်တို့ သေချာအောင် လုပ်ချင် ပါ တယ်”ဟု ပြောဆိုခဲ့သည်။

                Mr Campbell က လေ့လာသုံးသပ်မှုကို ဒေသတွင်း အမေရိကန်စစ်ရေးတည်ရှိမှုဖြင့် စတင်နေသည် ဟု ပြောကြားခဲ့ရာ ယင်းပြောဆိုမှုသည် ဒေသတွင်း လုံခြုံခိုင်မာနေသော အမေရိကန်၏ အနေအထားကို ဝါရှင်တန်က ဆက်၍ ထိန်းသိမ်းမည်ဟု အသိပေးရန် ရည်ရွယ်ပုံ ရသည်။

                အရှေ့တောင်အာရှဒေသရှိ ဆက်ဆံရေးများကို တိုးတက်ခိုင်မာအောင် အိုဘားမားအစိုးရက ကြိုးစားလျက် ရှိခြင်းမှာ ပစိဖိတ်ဒေသရှိ အမေရိကန် လွှမ်းမိုးမှုကို ခြိမ်းခြောက်သည့် တရုတ်စီးပွားရေး လျှင်မြန်စွာ ကြီးထွားမှု၊ စစ်ရေး တည်ဆောက်မှုများကို တန်ပြန်တုန့်ပြန်သည့် မဟာဗျူဟာ တစ်ခုဟု ယူဆ ရသည်။

                ထိုအတောအတွင်း ဖြေရှင်း၍မရသော လူ့အခွင့်အရေးနှင့် တရုတ်ငွေကြေးတန်ဖိုးကိစ္စသဘော ကွဲလွဲမှုများ အပြင် အမြဲတစေ အဆင်မပြေသည့် ဘေဂျင်းနှင့် ဆက်ဆံရေးကို ချောမွေ့အောင် ဝါရှင်တန်က ကြိုးစားလျက်ရှိသည်။

**************************************************************************************

မြောက်ကိုရီးယားကပြီးခဲ့သည့် အပတ်က တာတိုပစ်ဒုံးကျည်စမ်းဟု Yonhap က ဆို

( 8 June 2011 ရက်စွဲပါ Reuters ၏ N.Korea Test Fired short-range missile last week : Yonhap ကို ဘာသာ ပြန်ဆိုသည်)

                မြောက်ကိုရီးယားသည် ပြီးခဲ့သည့်အပတ်က ၎င်း၏ အနောက်ဖက်ကမ်းခြေမှ တာတိုပစ်ဒုံးကျည်များ ပစ်ခတ် စမ်းသပ်ခဲ့ကြောင်း ပြုပြင်ထားမှုများ အတွက် စမ်းသပ်ခြင်းဖြစ်မည်ထင်ကြောင်း ထောက်လှမ်းရေးသတင်းကို ကိုးကား၍ တောင်ကိုရီးယား၏ Yonhap သတင်းဌာနက ဗုဒ္ဓဟူးနေ့က သတင်း ထုတ်ပြန်ခဲ့သည်။

                အဆိုပါစမ်းသပ်မှုများသည် တောင်ကိုရီးယားသမ္မတလီမြောင်ဘတ်၏ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီအား လာမည့်နှစ်တွင် ဆိုးလ်သို့ လာရောက်ရန် ဖိတ်ခေါ်မှုကို ပယ်ချပြီး၊ တောင်ကိုရီးယားအား အလုံးစုံ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်သည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

                မြောက်ကိုရီးယားသည် ပြီးခဲ့သည့် အပတ်အလည်က North Phyongan နယ်မှ တာတိုပစ် KN-06 ဒုံးကျည်များ စမ်းသပ်ခဲ့သည်ဟု Yonhap က ဆိုသည်။

                “ယခု စမ်းသပ်မှုများသည် တာတိုပစ်ဒုံးကျည်များကို ပြန်လည်ပြင်ဆင်ထားခြင်းကြောင့် စမ်းသပ်ရန် ရည်ရွယ်ပုံ ရပါသည်”ဟု Yonhap က ဖော်ပြ ခဲ့ပြီး မကြာသေးမီက မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများနှင့် သက်ဆိုင်ပုံ မရကြောင်း ဆိုသည်။

*******************************************************************

တရုတ်ဒုတိယသမ္မတ ကျူးဘားသို့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ရောက်ရှိ

(5 June 2011 ရက်စွဲပါ Reuters ၏ Chinese VP in Cuba to Meet on economic ties ကို ဘာသာပြန်ဆိုသည်)

                တရုတ်နိုင်ငံဒုတိယသမ္မတ Xi Jinping သည် သုံးရက်တာချစ်ကြည်ရေးခရီး လည်ပတ်ရန် စနေနေ့က ကျူးဘားနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ၎င်းခရီးစဉ် တွင် ကွန်မြူနစ်နိုင်ငံနှစ်ခုကြား လျှင်မြန်စွာ တိုးတက်လျက်ရှိသော စီးပွားရေးဆိုင်ရာ ဆက်ဆံရေးကို အရှိန်မြင့်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

                ကျူးဘားနိုင်ငံတွင် ဒုတိယသမ္မတခြောက်ဦး ရှိသည့်အနက် တစ်ဦးဖြစ်သော Esteban Lazo က Xi အား ဟာဗားနားရှိ Jose Marti နိုင်ငံတကာ လေဆိပ်မှ ကြိုဆိုနှုတ်ဆက်ခဲ့သည်။ Xi သည် 2013 တွင် တရုတ်သမ္မတ ဟူကျင်တောင်နေရာ ဆက်ခံမည်သူဟု တစ်ပေးခံနေရသူဖြစ်သည်။

                Xi သည် ကျူဘားသို့ အီတလီနိုင်ငံမှတဆင့်လာရောက်ခဲ့ခြင်းဖြစ်ရာ အီတလီတွင် စီးပွားရေးဆိုင်ရာ သဘော တူညီမှု ဒေါ်လာ ၃.၂ ဘီလီယံ သဘောတူခဲ့ သည်။ ၎င်းသည် ဥရုဂွေးနှင့် ချီလီသို့ ခရီးဆက်မည် ဖြစ်သည်။

                တရုတ်သည် လက်တင်အမေရိကတွင် စီးပွားရေးအရ တိုးချဲ့မှုများအကြီးအကျယ်ပြုလုပ်လျက်ရှိရာ ပြီးခဲ့သည့်နှစ်က လက်တင်အမေရိကနှင့် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၈၀ ဘီလီယံရှိခဲ့ရာ၊ ၂၀၀၉ ခုနှစ်က ထက် ၅၀% တိုးတက်ခဲ့သည်ဟု Xinhua သတင်းဌာန၏ သတင်းများအရ သိရှိရသည်။

                သတင်း ထုတ်ပြန်ချက်တွင် Xi က ၎င်းသည် ကျူးဘားတွင် ချစ်ကြည်ရေးတိုးမြှင့်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်သည်ဟု ဖော်ပြထားသည်။ Xi နှင့် သမတ Raul Castro တို့သည် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး၊ တနင်္ဂနွေနေ့လက်မှတ် ရေးထိုးပွဲများသို့ တက်ရောက် ကြမည်ဖြစ်သည်။

                တရုတ်အစိုးရတာဝန်ရှိသူ တစ်ဦးက ယခုအပတ်တွင် Xinhua သို့ပြောကြားခဲ့ရာတွင် နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်စီမံကိန်းကို စတင် ညှိနှိုင်းမည်ဟု ပြောကြားခဲ့သည်။

                တရုတ်သည် ကျူးဘား၏ ဗင်နီဇွဲလားပြီးလျှင် ဒုတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၀၁ တွင် ဒေါ်လာ သန်း ၄၄၀ ရှိခဲ့ရာမှ၊ ၂၀၁၀ တွင် ဒေါ်လာ ၁.၈၃ ဘီလီယံရှိခဲ့သည်။ ၂၀၀၈ တွင်မူ ဒေါ်လာ ၂.၂ ဘီလီယံထိရှိခဲ့သည်ဟု Xinhua က ဆိုသည်။

                တရုတ်သည် ကြွေးမြီထူထပ်သော ကျူးဘားအတွက် ထွက်ပေါက်ငွေချေးသူဖြစ်သည်။ ကျူးဘားသည် ၎င်း၏ ဆိုဗီယက်စတိုင် စီးပွားရေးကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲရေးပြုလုပ်လျက်ရှိသည်။

                ပြီးခဲ့သည့်နှစ်က တရုတ်သည် ကျူးဘား၏ ဒေါ်လာ ၄ ဘီလီယံရှိသော ကြွေးမြီများနှင့်ပတ်သက်၍၊ သက်တမ်း တိုးပေးခဲ့ရာ ဟာဗားနား အခြေစိုက် သံတမန်တစ်ဦးက ကျူးဘား၏ ပြုပြင်ပြောင်းလဲမှုများ အတွက် ထောက်ခံကူညီကြောင်းပြသည့် သဘောဖြစ်ကြောင်းဆိုသည်။

                Xi က ၎င်း၏ သတင်းထုတ်ပြန်ချက်တွင် မကြာသေးမီက ကျူးဘားကွန်မြူနစ်ပါတီ ကွန်ဂရက်က စီးပွားရေး ပြောင်းလဲမှုများအတွက် အတည်ပြု ခဲ့ခြင်းကို ချီးကျူးပြောဆိုခဲ့သည်။ ကျူးဘားသည် တရုတ်၏ ဈေးကွက်စီးပွားရေးနှင့် ယှဉ်လျှင် မဝံ့မရဲရှိနေသည်ကို တွေ့ရသည်။

                Raul Castro သည် ကျန်းမာရေးမကောင်းသော ၎င်း၏ အကို Fidel Castro ထံမှ ၂၀၀၈ ခုနှစ်တွင် သမ္မတရာထူးဆက်ခံထားရာ သောကြာနေ့ တွင် အသက် ၈၀ ပြည့်ခဲ့သည်။ ၎င်းသည် အစိုးရဝန်ထမ်းများ လျော့ချခြင်း၊ ပုဂ္ဂလိကကဏ္ဍကို တိုးချဲ့ခြင်း၊ စိုက်ပျိုးရေးကို ပုဂ္ဂလိကလက်ထဲသို့ ပိုမိုထည့်ပေး ခြင်းနှင့် အစိုးရပိုင်ကုမ္ပဏီများကို အခွင့်အာဏာပိုပေးခြင်းများပြုလုပ်ခဲ့သည်။

                လက်ရှိအသက်ကြီးသော ခေါင်းဆောင်ပိုင်း ပြီးဆုံးသွားခဲ့လျှင်လည်း ကျူးဘားဆိုရှယ်လစ်စနစ်သည် ဆက်လက်ရှင်သန်နေမည် ဆိုသည်ကို ပြသ လို သည်ဟု ၎င်းကဆိုသည်။

                ကျူးဘားစီးပွားရေးတွင် တရုတ်၏ ပါဝင်လာမှု တိုးတက်လာနေသည်ကို မြင်တွေ့နေရသည်။ စတိုးဆိုင်များတွင် တရုတ်ပြည်လုပ် ပစ္စည်းများ နေရာယူလာခြင်း၊ တရုတ်ဘတ်စ်ကားနှင့် ကားများကျူးဘား လမ်းမများတွင် ပုံမှန်တွေ့နေရခြင်းများ ဖြစ်သည်။

                China National Petroleum Corp တစ်ခုသည် ကျူးဘားတောင် ဖက်ကမ်းရိုးတန်းပေါ်ရှိ Cienfuegos တွင် ရေနံချက်စက်ရုံ တိုးချဲ့ အဆင့်မြှင့်ခြင်းအတွက် ဒေါ်လာ ၆ ဘီလီယံ ပရောဂျက်ကို ယခုနှစ်နှောင်းပိုင်းတွင် စတင်မည် ဖြစ်သည်။ ၎င်းတွင် ရေနံဓာတ်ငွေ့ရည် LNG ဆိပ်ကမ်းတစ်ခု တည် ဆောက်ရန် စီမံကိန်းရှိသည်။

                တရုတ်သည် ကျူးဘားမှ နီကယ်၊ သကြားနှင့် အခြားထုတ်ကုန်များဝယ်ယူပြီး၊ နှစ်နိုင်ငံပူးပေါင်း၍ဆေးဝါး ထုတ်လုပ်လျက် ရှိသည်။

                တနင်္ဂနွေနေ့တွင် Castro နှင့် တွေ့ဆုံပြီးနောက် Xi သည် Havana ဆေးခန်းသို့ သွားရောက်ကြည့် ရှုမည်ဖြစ်ပြီး၊ Varadero ကမ်းခြေအပန်းဖြေ စခန်းမှ ဥရုဂွေးသို့ အင်္ဂါနေ့တွင် ထွက်ခွာမည်ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs