Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၆.၂၀၁၁

ပြည်တွင်းသတင်းများ

အစိုးရသစ်အထိမ်းအမှတ် တံဆိပ်ခေါင်းသစ်ထုတ်မည်

ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသစ်လက်ထက်မှစတင်၍ အစိုးရသစ် ပေါ်ပေါက်လာခြင်း အထိမ်းအမှတ်အဖြစ် စာပို့တံဆိပ်ခေါင်း အထူးထုတ် များကို မြန်မာ့ဆက်သွယ်ရေးနှင့် စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ  ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထူးထုတ်တံဆိပ်ခေါင်းတန်ဖိုးသည် ငွေကျပ် ၂၀၀ တန်ဖြစ်ပြီး သာမန်တံဆိပ်ခေါင်းများကဲ့သို့ အပြင်ဆိုင်များတွင် ပုံနှိပ်ထုတ်ဝေ၍မရဘဲ မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် သက်ဆိုင်သည့် ပုံနှိပ်စက်ရုံများ၌သာ ရိုက်နှိပ် ထုတ်ဝေခွင့်ပြုထားကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်အစိုးရ စတင်တာဝန်ယူသည့်အထိမ်းအမှတ်အဖြစ် ပထမဆုံးထုတ်ဝေခြင်း ဖြစ်ကြောင်း၊ ယခုတံဆိပ် ခေါင်းအား ပြည်တွင်း၊ ပြည်ပမှ တံဆိပ်ခေါင်းစုဆောင်းသူများ၊ မြန်မာ့စာပို့လုပ်ငန်းအား လေ့လာနေကြသည့်သူများအတွက် အထိမ်းအမှတ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ သမိုင်းမှတ်တိုင်တစ်ခု ထင်ကျန်ရစ်နေနိုင်စေရန် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တံဆိပ်ခေါင်းများ ထုတ်ဝေခြင်းဆိုသည်မှာ အထိမ်းအမှတ်တစ်ခုအနေဖြင့်သာ ထုတ်ဝေခြင်းဖြစ်သည့်အတွက် ဝယ်ယူစုဆောင်းမည်ဖြစ်ကြောင်း၊ သမ္မသစ်ပေါ်ထွက်လာသည့် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထုတ်ဝေသည့် တံဆိပ်ခေါင်းဖြစ်သည့်အတွက် အထူးစုဆောင်းမှတ်တမ်းပြုထားရမည့် တံဆိပ် ခေါင်းပင် ဖြစ်ကြောင်း တံဆိပ်ခေါင်းစုဆောင်းသူတစ်ဦးက ပြောကြားခဲ့သည်။

(Flower News၊ အတွဲ-၇၊ အမှတ်-၂၂ ပါ “အစိုးရသစ်ပေါ်လာခြင်းအထိမ်းအမှတ် တံဆိပ်ခေါင်းသစ်ထုတ်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

စားအုန်းဆီငွေစာရင်း လွှဲပို့ရေး မြန်မာနိုင်ငံသားများဘဏ် ဝန်ဆောင်မည်

မြန်မာနိုင်ငံသားများဘဏ်မှ ပြည်တွင်းရှိ စားအုန်းဆီကုန်သည်များအသင်း၏ စားအုန်းဆီငွေစာရင်းလွှဲပို့ခြင်း ကိစ္စရပ်အား ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စားအုန်းဆီကုန်သည်များအသင်းမှ အဆိုပါ ငွေလွှဲခြင်းကိစ္စရပ်အား တောင်းဆိုထားသည့်အတွက် မြန်မာနိုင်ငံသားများဘဏ် ဘုရင့်နောင် ဘဏ်ခွဲအား စတင်ဖွင့်လှစ်ပြီးချိန်မှ စ၍ စတင်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လကုန်ပိုင်းမှ စတင်၍ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စားအုန်းဆီကိုယ်စားလှယ် လုပ်ငန်းရှင်များသည် ပေးသွင်းရမည့် ငွေစာရင်း အား တိုက်ရိုက်မသွားတော့ဘဲ ဘဏ်မှတစ်ဆင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပေးရသည့် ငွေပမာဏများမှာလည်း များပြားသည့်အတွက် ဘဏ်မှတစ်ဆင့် လုပ်ကိုင်ဆောင်ရွက်ပါက ပိုမိုလွယ်ကူနိုင်ကြောင်း၊ ထို့ကြောင့် လာရောက်ဆက်သွယ်လုပ်ဆောင်ကြရန် စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆက် လက်ပြောကြားခဲ့သည်။

ငွေပေးသွင်းရသည့် ပမာဏမှာ သိန်းချီ၍ပေးသွင်းရသည့်အတွက် သယ်ဆောင်သွားရန် မလွယ်ကူနိုင်ကြောင်း၊ ဘဏ်နှင့် လုပ်ကိုင်ဆောင်ရွက်မှ သာ လူနှင့်အချိန်ကုန် သက်သာစေနိုင်ကြောင်း စားအုန်းဆီကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ဘဏ်များ၌ စားအုန်းဆီစာရင်းငွေပေးချေရာတွင် စာရွက်စာတမ်းနှင့် ဝန်ဆောင်မှုစရိတ်အတွက် ငွေ ကျပ် ၅၀၀ ကျခံရမည်ဖြစ်ပြီး မြန်မာနိုင်ငံသားများ ဘဏ်လေးခုဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဘုရင့်နောင်ဘဏ်များသို့ ပေးသွင်းနိုင်ကြောင်း သိရသည်။

ငွေလွှဲပို့ရာတွင်လည်း မြို့တစ်မြို့ထဲရှိ ဘဏ်အချင်းချင်းငွေလွှဲပို့ပါက ဝန်ဆောင်မှုစရိတ် ကျပ် ၁၀၀၀ ကျခံရမည်ဖြစ်ပြီး အခြားမြို့များမှ ငွေလွှဲ ပို့မည်ဆိုပါက ဗပိာုဘဏ်မှသတ်မှတ်ထားသော ငွေလွှဲခနှုန်းအတိုင်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

(Flower News၊ အတွဲ-၇၊ အမှတ်-၂၂ ပါ “မြန်မာနိုင်ငံသားများဘဏ်မှ စားအုန်းဆီစာရင်းငွေလွှဲပေးပြီ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းတိုး ပုံစံပြောင်းလဲ

မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းတိုးရာတွင် ယာဉ်ပိုင်ရှင်များအတွက် ခက်ခဲနေစေသည့်အချက်များကို လျှော့ချကာ အလွယ်တကူ သက် တမ်းတိုးနိုင်သည့်ပုံစံသို့ ပြောင်းလဲလုပ်ကိုင်ပေးနေကြောင်း ယာဉ်ပိုင်ရှင်များထံမှ သတင်းရရှိသည်။

ယာဉ်မှတ်ပုံတင်တွင်ပါရှိသည့် အမည်ပေါက်၏ မှတ်ပုံတင်၊ ယာဉ်ရောင်းချ/ဝယ်ယူအပေါ် အခွန်စိစစ်ပြီးဖြစ်ကြောင်း အထောက်အထားဖြစ်သည့် အခွန်ပုံစံ (၁)နှင့် (၃)တို့အား တင်ပြရန်မလိုဘဲ မော်တော်ယာဉ် သက်တမ်းတိုးခွင့် ပြုပေးနေကြောင်း သိရသည်။

ယခုအခါတွင် ယာဉ်မှတ်ပုံတင် စာအုပ်နှင့် ယာဉ်သက်တမ်းတိုးရန် လာရောက်သူ၏ မှတ်ပုံတင်သာ လိုအပ်တော့ကြောင်း သိရသည်။ ယခုပြောင်း လဲလိုက်သည့် ပုံစံမှာ ယခင် ၁၉၉၉ ခုနှစ်မတိုင်မီက မော်တော်ယာဉ်မှတ်ပုံတင် သက်တမ်းတိုးသည့် ပုံစံအတိုင်း ပြန်လည်ပြောင်းလဲ လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်က ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရာတွင် အခွန်ဆိုင်ရာ အထောက်အထားများ၊ မူလယာဉ်ပိုင်ရှင် မှတ်ပုံတင်ရယူရသည့် ကိစ္စရပ်များ ကြောင့် များစွာနှောင့်နှေးရကြောင်း၊ ယခုကဲ့သို့ ပြောင်းလဲပေးခြင်းအပေါ် ကြိုဆိုကြောင်း ယာဉ်ပိုင်ရှင်များက ပြောကြားခဲ့ပါသည်။

(Weekly Eleven၊ အတွဲ-၆၊ အမှတ်-၃၇ ပါ “ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရာ၌ အခွန်ပုံစံအချို့တင်ပြရန်မလိုဘဲ ယာဉ်မှတ်ပုံတင် စာအုပ် တစ်အုပ်တည်းသာ လိုအပ်သည့် ပုံစံဖြင့်ခွင့်ပြုပေးလာ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လက်ဝါးကြီးအုပ်မှု စီးပွားရေး မဖြစ်ပေါ်နိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေရေးဆွဲ

ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်၌ ပြောင်းလဲလာသည့် နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေးအပြောင်း အလဲများကိုပါ လုပ်ဆောင်သည့်အနေဖြင့် လက်ဝါးကြီးအုပ်စီးပွားရေး မဖြစ်ပေါ်နိုင်စေရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေအား စတင်ရေးဆွဲနေပြီဖြစ်ကြောင်း ပါဝင်ရေးသားသည့် ပညာရှင်များထံမှ သတင်းရရှိသည်။

စီးပွားရေးနယ်ပယ်အသီးသီး၌ တစ်ဦးတည်း၊ အုပ်စုတစ်စု၊ အဖွဲ့အစည်းတစ်ခုတည်းကသာ စီးပွားရေး လက်ဝါးကြီးအုပ် အမြတ်ထုတ်မှုကို တားဆီးနိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေသစ်အား စတင်ရေးဆွဲနေပြီဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ်အတွင်း၌ ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြင်ဆင်ရန်လိုအပ်သည့် ဥပဒေများနှင့် အသစ်ပြန်လည်ရေးဆွဲမည့် ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ရေးဆွဲနေပြီဖြစ်ကြောင်း၊ စီးပွားရေး ဆိုင်ရာ ဥပဒေများသာ ပိုမိုများပြားကြောင်း၊ ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေကိုလည်း ရေးဆွဲနေပြီ ဖြစ်ကြောင်း၊ ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေကို မကြာမီ ပြဋ္ဌာန်း နိုင်တော့မည်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၌ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ကိုသာ ကျင့်သုံးမည်ဖြစ်သည့်အတွက် ပြုပြင်ရန် လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေအား ရေးဆွဲရခြင်းမှာ မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းအများစုဖြစ်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ၌ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ စီးပွားရေး အမြတ် ထုတ်မှုနှင့် စီးပွားရေး လက်ဝါးကြီးအုပ်မှုကို ကာကွယ်တားဆီးနိုင်ရန်၊ လုပ်ငန်းအားလုံးယှဉ်ပြိုင်နိုင်သည့် စီးပွားရေးပတ်ဝန်းကျင် တစ်ရပ်ဖြစ်ပေါ် နိုင်ရန်၊ စီး ပွားရေးလုပ်ငန်းများ ယှဉ်ပြိုင်မှုမှတဆင့် ဥပဒေနှင့် မူဝါဒများ ချမှတ်နိုင်ရန် အဓိကရည်ရွယ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံ၌ ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် တရှိန်ထိုး တိုးတတ်လျက်ရှိသည့် အတွက် ယခုကဲ့သို့ စီးပွားရေးဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း သုံးသပ်ပြောကြားခဲ့သည်။

ပြည်တွင်းရှိ စားသုံးသူဈေးကွက်နှင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရန် ပြိုင်ဆိုင်မှု မူဝါဒနှင့် ဥပဒေများ ချမှတ်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းအားလုံး၌ လည်ပတ်နိုင်မည့် ပတ်ဝန်းကျင်ဖြစ်ရန် ပြင်ဆင်သတ်မှတ်ပေးရမည် ဖြစ်ကြောင်း၊ မူဝါဒများ သတ်မှတ်ပြီးမှသာ ယှဉ်ပြိုင်မှုကို ပံ့ပိုးပေးသင့်ကြောင်း ပါမောက္ခတစ်ဦးက ပြောကြားခဲ့သည်။

ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေများကို ကမ္ဘာနိုင်ငံအသီးသီးတွင်လည်း သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။ နိုင်ငံ၏ စီမံအုပ်ချုပ်မှု၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ တရားဥပဒေ စသည့်အကြောင်းတရားများကို အခြေခံ၍ ဥပဒေ အခြေခံရေးဆွဲခြင်းများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(Weekly ELEVEN၊ အတွဲ-၆၊ အမှတ်-၃၇ ပါ “စီးပွားရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို တားဆီးနိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာဥပဒေ စတင်ရေးဆွဲ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ကုလသမဂ္ဂ-မြန်မာ ဆွေးနွေးပွဲ အစိုးရသစ်လက်ထက်၌ ပထမအကြိမ်ကျင်းပ

၂၀၁၁ ခုနှစ် ဇွန်လ ၈ ရက်နေ့၌ အမေရိကန်နိုင်ငံနယူးရောက်မြို့၌ ကုလသမဂ္ဂမှ ဦးဆောင်၍ မြန်မာမိတ်ဆွေများ အုပ်စုဆွေးနွေးပွဲကို ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသစ်လက်ထက်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းဆွေးနွေးပွဲ၌ မြန်မာနိုင်ငံသို့ မေလအတွင်း၌ လာရောက်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ် ဘီရာက ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ပတ်သတ်သည့် ကိစ္စရပ်များကို ရှင်းလင်းပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းဆွေးနွေးပွဲအပြီး၌ ကုဘသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာနိုင်ငံအနေဖြင့် ရှေ့သို့ တိုးတက်ရွေ့လျားလိုလျှင် နိုင်ငံ ၏ အနာဂါတ် နိုင်ငံတည်ဆောက်ရေးတွင် နိုင်ငံသားများအားလုံး ပါဝင်ရန် ခွင့်ပြုသင့်သည်ပာု  ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာမိတ်ဆွေများအုပ်စုတွင် နိုင်ငံ ၁၄ နိုင်ငံပါဝင်ပြီး ၎င်းနိုင်ငံများမှာ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ရုရှား၊ အမေရိ ကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ပြင်သစ်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယ၊ ပေါ်တူဂီ နှင့် ယူကေတို့ အုပ်စု များပင်ဖြစ်ကြောင်း သိရသည်။ ယင်း မြန်မာမိတ်ဆွေများ အုပ်စု ကို လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်ကတည်းကပင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီရာ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့နှင့် ဆွေးနွေးခဲ့ရာ၌ မြန်မာနိုင်ငံသည် အမှန်ပင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ နိုင်ငံကြီးများက သိရှိ နားလည်လက်ခံလာနိုင်စေရန် ပွင့်လင်းမြင်သာမှုရှိသည့် တိုးတက်မှုများကို ပြသရမည်ဖြစ်ကြောင်း၊ မိမိတို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ၊ တစ်ဦးနှင့် တစ်ဦး နားလည်မှုများ ပိုမိုတိုးမြှင့်နိုင်ရန် ကုလသမဂ္ဂမှ ဦးဆောင်၍ စားပွဲဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျှက်ရှိကြောင်း၊ အဆိုပါ စားပွဲဝိုင်း ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံအပေါ် နားလည်မှု ပိုမိုတိုးတတ်လာနိုင်စေသည့်အတွက် ပါဝင်တတ်ရောက်စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

(Weekly ELEVEN၊ အတွဲ-၆၊ အမှတ်-၃၇ ပါ “မြန်မာအစိုးရသစ် တတ်လာပြီးနောက်ပိုင်း ကုလသမဂ္ဂဦးဆောင်၍ မြန်မာမိတ်ဆွေများ အုပ်စု ဆွေးနွေးပွဲ ပထမဆုံးအကြိမ်ကျင်းပ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ဦးသိန်းညွှန့်နှင့် NDFအမတ်(၄)ဦး ပါတီထောင်မည်

NDF ပါတီမှ လွှတ်တော်အမတ် (၄)ဦးသည် ယင်းပါတီမှ အထုတ်ခံလိုက်ရသည့် တစ်သီးပုဂ္ဂလလွှတ်တော်အမတ် ဦးသိန်းညွှန့်နှင့် ပူးပေါင်းကာ ကြားဖြတ်ရွေးကောက်ပွဲအမှီ ပါတီတစ်ခုထူထောင်သွားရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ယင်း နှုတ်ထွက်မည့် လွှတ်တော်အမတ် (၄)ဦးမှာ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် (၃)မှ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်၊ လသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးကြည်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ် (၁) မှ ဦးကျော်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃကျွန်းမြို့နယ် မဲဆန္ဒနယ် (၂) မှ ဒေါ်စန်းစန်းမြင့်တို့ ဖြစ်ကြောင်း သိရသည်။

မိမိနှင့်အတူ လွှတ်တော်အမတ် (၄) ဦး ပူးပေါင်း၍ ပါတီတစ်ခု ထူထောင်သွားဖို့ရန် အစီအစဉ်ရှိကြောင်း၊ ယခုအခါ လွှတ်တော်အမတ် (၄) ဦးသည် ၎င်းတို့၏ယခင်ပါတီ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)မှ နှုတ်ထွက်နိုင်ရန် ကော်မရှင်သို့ စာတင်ထားကြောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။

မိမိတို့ယခင်ပါတီမှ နှုတ်ထွက်ရန် ယမန်နေ့များကတည်းက သိထားရသည်မှာ ဦးကျော်၊ ဦးကြည်မြင့်(လသာ)နှင့် ဒေါ်စန်းစန်းမြင့်တို့ကိုသာ သိထား သေးကြောင်း၊ ဦးဖုန်းမြင့်အောင် ပါဝင်ကြောင်းကို မသိသေးကြောင်း၊ ၎င်းတို့အနေဖြင့် မိမိတို့ပါတီအပေါ် ယုံကြည်မှု မရှိတော့၍ ထွက်သွားချင်သည်ပာု ဆိုသော်လည်း ခမောက်တံဆိပ်အား မဲပေးထားသည့် ပြည်သူများကို ဂရုစိုက်စေလိုကြောင်း၊ တာဝန်ကျေဖို့ရန် လိုအပ်ကြောင်း၊ ၎င်းတို့မှ ထွက်ချင်သည်ပာု တင်ပြထားသည့်အတွက် မိမိတို့မှလည်း ဗပာိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး၌ တင်ပြ၍ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အား စုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အသစ်ပြန်လည်ဖွဲ့စည်းမည့် ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားကြောင်း၊ ဖွဲ့စည်းမည့်ပါတီ၏ ပါတီအမည်နှင့် ပါတီတွင်အသုံးပြုမည့် တံဆိပ်အား ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ အခြား လိုအပ်ချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ် ငါးဦး ဦးဆောင်၍ဖွဲ့စည်းမည့် ပါတီအသစ်ထူထောင်ရန် အားလုံး စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပါတီအမည်နှင့် ပါတီတွင် အသုံးပြုမည့် တံဆိပ်အားရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ပါတီတည်ထောင်ရန် ၁၈ ဦးကိုလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ ပါတီထူထောင်ခွင့် ရရှိ  ရန် ဇူလိုင်လ၌ ကော်မရှင်တွင် သွားရောက်တင်ပြမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန်လည်း စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လစ်လပ်နေရာခြောက်နေရာတွင် ဒဂုံဆိပ်ကမ်း၌သာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။

(Flower News၊ အတွဲ-၇၊ အမှတ်-၂၂ ပါ “NDF လွှတ်တော်အမတ်(၄)ဦး ရွေးကောက်ပွဲအမှီ ပါတီတစ်ခုထူထောင်ရန် ဦးသိန်းညွှန့် နှင့် ပူးပေါင်း မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်မှာယှဉ်ပြိုင်မှုက အနှစ်သာရပါ။ ပြိုင်ဆိုင်မှုများမှ ကုန်စည်တွေရဲ့ အရည်အသွေး ကောင်းမယ်၊ ဈေးနှုန်းသက်သာ မယ်၊ ဝန်ဆောင်မှုကောင်းပါမယ်။ ယှဉ်ပြိုင်မှုက အရည်အသွေးကို မြင့်တက်စေတယ်။ မြန်မာပြည်ရဲ့ စီးပွားရေးစနစ်မှာ ပါဝင်လာဖို့ လိုပါတယ်။ ယှဉ်ပြိုင်မှု ဆိုင်ရာဥပဒေရှိလာရင် လက်ရှိ လက်ဝါးကြီးအုပ် လုပ်ဆောင်တာမျိုးတွေ၊ ဈေးနှုန်းညှိ နှိုင်းသတ်မှတ်မှုတွေကို တိုက်ဖျက်သွားနိုင်မှာပါ။ လက်ဝါးကြီးအုပ် ချုပ် ကိုင်မှုရှိရင် စားသုံးသူနဲ့ တခြား စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်မှု ရှိပါတယ်။ လွတ်လပ်တဲ့ အာဆီယံဈေးကွက်ကလည်း မကြာမီလာတော့မယ်၊ မြန်မာ ပြည်ထဲကို ပြည်ပလုပ်ငန်းတွေလည်း ဝင်ရောက်လာနိုင်တာဆိုတော့ လိုအပ်တဲ့ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်း သွားရမှာပါ”

Weekly ELEVEN အတွဲ(၆)၊ အမှတ် (၃၇) တွင်ပါသည့် " စီးပွားရေးဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို တားဆီးနိုင်ရန် ယှဉ်ပြိုင်မှုဆိုင်ရာ ဥပဒေ စတင် ရေးဆွဲနေ" သတင်းမှ ပါမောက္ခဒေါ်လှမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဆက်သွယ်ရေးအနေနဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဆောင်ရွက်ဖို့ကိစ္စတွေ၊ လုပ်ငန်းကြီးတွေ ပြင်ဆင်ထားတာ အများကြီး ရှိ တယ်။ အခုမိုဘိုင်း သန်း ၃၀ ကိစ္စ၊ နောက်တစ်ခုက မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံး စေလွှတ်ဖို့ကိစ္စလည်း ရှိပါတယ်။ ဂြိုဟ်တုလွှတ်ဖို့အတွက် Human Resources က အလွန်အရေးကြီးပါ တယ်။ အခု ရုရှား၊ တရုတ်၊ ဂျပန်စတဲ့နိုင်ငံတွေက ဂြိုဟ်တုကုမ္ပဏီတွေနဲ့ တောက်လျှောက်ပြောနေပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တုမရှိတဲ့ အတွက် sky net  အပါ အဝင် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ကုန်နေတယ်။ ကိုယ်ပိုင်ဂြိုဟ်တု တစ်လုံး လွှတ်ရင် အမေရိကန် ဒေါ်လာ သန်း ၂၀၀လောက် ကုန်မှာဖြစ်တယ်။ ဒါကြောင့် ရေရှည် ဒီအတိုင်း ငှားသုံးနေမလား၊ ကိုယ်ပိုင် လွှင့်မလား အဖြေပေါ်ပါတယ်”

Weekly ELEVEN အတွဲ(၆)၊ အမှတ် (၃၇) တွင်ပါသည့် " အမေရိကန်ဒေါ်လာ သန်း၂၀၀ ဝန်းကျင် ကုန်ကျမည့် မြန်မာ နိုင်ငံပိုင် ဂြိုဟ်တု တစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင် သွားရန်ရှိ" သတင်းမှ ဒုတိယဝန်ကြီး ဦးတင့်လွင်၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ခုတ်ရောင်းတာကတော့ မဆန်းတော့ဘူး။ အမြစ်ပါချွတ်၊ အပင်လိုက်ရောင်းဝယ်လို့ရတာကျတော့ အရမ်းဆန်းတယ်။ ဒီ သစ်ပင်ကြီးတွေက ကျွန်တော်တို့ဆီ ကနေ တစ်ဖက်နိုင်ငံကို သွားတာပါ။ အမြစ်ပါ ပါတဲ့အတွက် တစ်ခါတည်း စိုက်လို့ရတယ်။ ရှင်လည်းရှင်တယ်။”

The Voice Weekly  အတွဲ(၇)၊ အမှတ် (၂၆) တွင်ပါသည့် " မြန်မာ-တရုတ်နယ်စပ်တွင် ကျပ်သိန်းရာဂဏန်းတန် အမြစ်ပါ သစ်ပင် အရောင်း အ၀ယ်ဖြစ်ပေါ်" သတင်းမှ မန္တလေးမြို့ခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ကိုင်နေသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကြိုတင်ပြောပြီးသွားရင် ပကတိအခြေအနေမှန်ကို မသိနိုင်ဘူး။ အပေါ်ယံက သနပ်ခါးလိမ်းထားတာပဲ တွေ့ရတယ်။ ဒါမျိုးလုပ်တဲ့ ခေတ်ကကုန်ခဲ့ပြီ။ အခု တစ်ကျော့ပြန် မလာစေချင်တော့ဘူး။ ဒါကြောင့် ဘယ်ဝန်ကြီးပဲဖြစ်ဖြစ် လှည့်လည် ကြည့်ရှုစစ်ဆေးတဲ့အခါ ဘာမှအကြောင်းမကြားဘဲ သွားခြင်းက အမှန်ကို မြင်ရမယ်။”

Messenger အတွဲ(၂)၊ အမှတ် (၄) တွင်ပါသည့် " ကြိုတင်အသိပေးပြီးမှ သွားရောက်စစ်ဆေးခြင်းသည် တိုင်းပြည်၏ ပကတိအခြေအနေကို တွေ့မြင်ရန် အခွင့်အလမ်းနည်းပါး " သတင်းမှ သမဝါယမကောလိပ် အငြိမ်းစားကျောင်းအုပ်ကြီး ဦးရဲမြင့်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မြန်မာနိုင်ငံနဲ့ အနုမြူစီမံကိန်း

မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံကြားတွင် အနုမြူစီမံကိန်း လျှို့ဝှက်လုပ်ဆောင်နေသည်ဟု အမေရိကန်၏ စွပ်စွဲချက် ရှိထားသည်။ အမှန် တကယ်လည်း မြောက်ကိုရီးယားနှင့် မြန်မာကြားတွင် စစ်ရေးဆက်ဆံမှုက သံသယရှိဖွယ် အနေအထားပင် ဖြစ်သည်။ သို့ရာတွင် ထိုသို့ အနုမြူကိစ္စ ဆောင် ရွက်ခြင်းသည် အမှားတစ်ခု၊ ပြစ်မှုတစ်ခုကို ကျူးလွန်နေခြင်း မဟုတ်ပါဟု ဆိုလျှင် လက်ခံနိုင်ကြလိမ့်မည် မထင်ပါ။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ သဘောတူစာချုပ်အရ အနုမြူမပျံ့ပွားရေးစာချုပ်တွင် လက်မှတ်ထိုးထားသည်ဟု ဆိုသော်ငြားလည်း ထိုကိစ္စမျိုး သည် နိုင်ငံတကာတွင် လုပ်ရိုးလုပ်စဉ် ဒီပလိုမေစီတစ်ခုသာ ဖြစ်ပါသည်။ ကုလသမဂ္ဂတွင် သဘောတူညီချက် လက်မှတ်ထိုး၍ ကျူးလွန်ဖောက်ဖျက်နေကြ သည့် နိုင်ငံများလည်း ရှိနေပါသည်။

ကမ္ဘာပေါ်တွင် အနုမြူဗုံးကြဲချခံထားရသည့် နေရာမှာ ဟီရိုးရှီးမားနှင့် နာဂါစကီမြို့များဖြစ်ပြီး ကြဲချသူမှာ အမေရိ ကန် ဖြစ်သည်။ ထိုအချိန်မှစ၍ အမေရိကန်နှင့် အနောက်အုပ်စုများပင် အနုမြူဗုံးကို အသုံးမပြုရေး လှုပ်ရှားကြပြန်ပါသည်။ သို့ရာတွင် အနုမြူဗုံးကို လိုက်လံလုပ်ဆောင်လာကြသော နိုင်ငံ များလည်း ပေါ်ထွက်လာသည်။ ဆိုဗီယက် ပြည်ထောင်စု၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ ပါကစ္စတန် စသည်ဖြင့် အနုမြူပိုင်ဆိုင်သည့် နိုင်ငံများ တိုးပွားလာသည်။ အိန္ဒိယနှင့် ပါကစ္စတန် တို့ကို ကုလသမဂ္ဂမှ အပြစ်ဒဏ်များ ချမှတ်ခဲ့သော်လည်း ပြင်သစ်နိုင်ငံကို ပြစ်ဒဏ်ချမှတ်ခြင်းမရှိခဲ့ပါ။ ထိုအချိန်က သဘောတူစာချုပ် များ မရှိသေး၍ ဖြစ်ပေမည်။

နိုင်ငံတစ်ခု၏ လုံခြုံရေးသည် များစွာ အရေးကြီးပါသည်။ အထူးသဖြင့် အင်အားကြီးရန်သူနှင့်  ထိတွေ့နေရသည့် နိုင်ငံများအတွက် အနုမြူဗုံး သည် မရှိမဖြစ် လိုအပ်လာသည်။ အိန္ဒိယသည် အနုမြူရှိ၍  ပါကစ္စတန်ကလည်း ယင်းနိုင်ငံ လုံခြုံရေး အတွက် လိုက်လံလုပ်ဆောင်ရသည်။ အိန္ဒိယသည် လည်း တရုတ်ရန်ကို ကာကွယ်ရန် အနုမြူကို ပိုင်ဆိုင်အောင် ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံတွင် အနုမြူဗုံး ၂၀၀ကျော်ရှိနေပြီး ယင်းဗုံးများက အစ္စရေးနိုင်ငံကို အာရပ်များ၏ အန္တရာယ်မှ ကာကွယ်ပေးထား ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် အနုမြူဗုံး ပိုင်ဆိုင်သင့်၊ မပိုင်ဆိုင်သင့် ဟူသော အငြင်းပွားမှုတွင် ပိုင်ဆိုင်သင့်သည်ဟူသော ရပ်တည်ချက်ကို ပြရလျှင်

(၁) ကမ္ဘာ့အနုမြူအင်အားကြီး ၂ နိုင်ငံကြားတွင် ရှိနေရခြင်း။

တရုတ်နှင့် အိန္ဒိယကြားတွင် ညပ်နေသော မြန်မာနိုင်ငံအနေဖြင့် အချိန်မရွေး ကျူးကျော်သိမ်းပိုက်ခံရနိုင်သည်။ အထူးသဖြင့် တရုတ်နိုင်ငံကို ပိုမို သတိထားရဖွယ်ရှိသည်။ ၈၈အရေးအခင်းတွင် အမေရိကန်စစ်သင်္ဘော မြန်မာရေပိုင်နက်ထဲ ဝင်လာစဉ်က တရုတ်ကလည်း မန္တလေးအထိ ဝင်သိမ်းရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ဗကပနှင့်တိုက်ရသည့် တိုက်ပွဲများတွင် တရုတ်စစ်တပ်က ကူညီတိုက်ခိုက်ပေးခဲ့၍ မြန်မာစစ်သားများ အကျအဆုံး များခဲ့ရသည်ကို လက်ရှိကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် အခဲမကြေနိုင်သေး။ သွားလေသူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေပင်လျှင် တရုတ်နှင့် မတတ်သာ၍ ပေါင်းနေရသော် လည်း တရုတ်အန္တရာယ်ကို အမြဲသတိရှိသည်။ ယခု လက်ရှိတွင် ကျောက်ဖြူရထားလမ်း၊ အာဆီယံလမ်း စီမံကိန်းများသည် တရုတ်တပ်များ မြန်မာနိုင်ငံ အတွင်းသို့ အချိန်မရွေး ဝင်ရောက်လာနိုင်သော လမ်းကြောင်းကြီးများ ဖြစ်လာမည်။ တချိန်ချိန်တွင် နှစ်နိုင်ငံဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သော် တရုတ်အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ဖြင့် ရထားတစ်စီးစာ တရုတ်စစ်သားများသည် မြန်မာ့ကပ္ပလီပင်လယ်ပြင် ထွက်ပေါက်သို့ တမဟုတ်ချင်း ရောက်လာနိုင်သည်။ ထို့ကြောင့် အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်းရန်သူမရှိသော ယနေ့ခေတ်တွင် လုံခြုံရေးအရ  မိမိပိုင်နက်ကို ကာကွယ်နိုင်မည့် လက်နက်ကောင်းတစ်ခု ရှိဖို့လိုပြီး အနုမြူမှလွဲ၍ အခြားမဖြစ်နိုင်ပေ။

ဗိုလ်မှူးဟောင်းများဖြစ်သည့် စိုင်းသိန်းဝင်းနှင့် အောင်လင်းထွဋ်တို့သည် မြန်မာနိုင်ငံအတွက် ကျရောက်လာမည့် ဘေးအန္တရာယ်ကြီးတစ်ခု အတွက် မြန်မာစစ်အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နေသည့် သူရဲကောင်းများဟု လက်ခုပ်မတီးလိုပါ။ ၎င်းတို့သည် စစ်သားမပီသသူများသာ ဖြစ်သည်။ မိမိနိုင်ငံကိုချစ်သည့် စစ်သားဟုဆိုလျှင် မိမိနိုင်ငံကို အနုမြူနိုင်ငံကြီးနှစ်နိုင်ငံက ညှပ်ထားပြီး တစ်နိုင်ငံက သြဇာလွှမ်းမိုး၍ ဝါးမြိုရန် ကြိုးပမ်း နေသည့်အချက်ကို ကာကွယ်ရေး ရှုထောင့်မှ မြင်နိုင်အောင်ကြည့်ကြပါဟု ဆိုချင်ပါသည်။

(၂) ကမ္ဘာစစ်၊ ဒေသတွင်း စစ်ပွဲကြီးများ ဖြစ်ပွားလျှင် မဟာဗျူဟာကျသည့်နေရာတွင် ရှိနေသော မြန်မာနိုင်ငံသည် အချိန်မရွေး သိမ်းပိုက်ခံရ နိုင်ခြင်း။

ပထမနှင့် ဒုတိယကမ္ဘာစစ်ကြီးများအတွင်း သိမ်းပိုက်ခံခဲ့ရသည့် သာဓကကိုကြည့်လျှင် မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ အရေးပါမှုကို တွေ့နိုင် ပေသည်။ အိန္ဒိယနှင့် တရုတ်၊ အမေရိကန်နှင့် တရုတ်စစ်ဖြစ်လျှင် မြန်မာပြည်သည် အရင်ဆုံးခြေကုပ်စခန်းအဖြစ် အသိမ်းခံရနိုင်သည်။

(၃) အီရန်နှင့် မြောက်ကိုရီးယားကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေသောနိုင်ငံမဟုတ်ခြင်း

မြန်မာခေါင်းဆောင်များကား ကိုယ့်အိပ်ကပ်ထဲ ထည့်ဖို့လောက်သာ စိတ်ဝင်စားသူများဖြစ်ကြသည်။ ပိုက်ဆံရလျှင် အလုံးစုံ အဆင်ပြေသည်။ မည်သူ့ကိုမှ ကျူးကျော်တိုက်ခိုက်ရန် စိတ်မဝင်စား။ ကင်ဂျုံအီလ်ကဲ့သို့လည်း လက်သရမ်းခြင်းမရှိ၊ အာမက်ဒီနီဂျက်လိုလည်း နှုတ်ဖွာခြင်းမရှိပေ။ အဓိကမှာ နိုင်ငံတော်လုံခြုံရေးနှင့် ၎င်းတို့နေရာ တည်မြဲရေးအတွက် နိုင်ငံကြီးများကို အာခံနိုင်ရန်ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ အနုမြူဗုံးပိုင်သွားလျှင် ကမ္ဘာပေါ်တွင် အနုမြူဗုံးပိုင်ဆိုင်သော နိုင်ငံစာရင်းတွင် တစ်နိုင်ငံတိုးလာရုံမျှသာ ရှိမည်။ ယနေ့ စီးပွားရေးကို ဦးစားပေးသောခေတ်တွင် မည်သူမျှ စစ်တိုက်ရန် စိတ်မဝင်စားတော့ပေ။ အထူးသဖြင့် အနုမြူစစ်ပွဲဖြစ်ပွားပြီးလျှင် နောက်တစ်ကြိမ် စစ်ပွဲများ၌ ကျောက်တုံး၊ ကျောက်ခဲများ၊ တုတ်များဖြင့် တိုက်ခိုက်ရတော့မည်ဖြစ်သည်ကို နိုင်ငံတိုင်းက ကောင်းစွာသဘောပေါက်ထားကြသည်။ အနုမြူဗုံးသည် နိုင်ငံ တခုအတွက် ဂုဏ်သိက္ခာနှင့် အင်အားသာ ဖြစ်တော့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs