Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၀.၆.၂၀၁၁

ပြည်တွင်းသတင်းများ

၁၂ ခုမြောက် ဧရာဝတီဘဏ်ခွဲ ရခိုင်ပြည်နယ်တွင် ဖွင့်လှစ်ရန်ပြင်ဆင်

ရန်ကုန်၊ ဇွန် ၁၉။

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ဇော်ပိုင်ဆိုင်သော ဧရာဝတီဘဏ်သည် ၁၂ ဘဏ်မြောက်ဘဏ်ခွဲကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဖွင့်လှစ်ရန်ပြင်ဆင်နေကြောင်း သိရှိရသည်။

ယင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက “မြန်မာပြည်မှာ ဘဏ်စနစ်သုံးတတ်လာစေဖို့ ဘဏ်တွေကို ဘဏ်ခွဲမရှိတဲ့ နေရာဒေသတွေမှာ တိုးချဲ့ဖွင့်လှစ်ဖို့ စဉ်းစားထားပါတယ်။ အခုလည်း ဘဏ်ခွဲတွေဖွင့်လာတာ ၁ ခုရှိသွားပါပြီ၊ ဖွင့်ခဲ့သမျှသော ဘဏ်ခွဲရှိရာမြို့တွေက ဘဏ်ခွဲရှိဖို့ လိုအပ်နေတဲ့မြို့တွေပါ”ဟု ဆို သည်။

ဧရာဝတီဘဏ်သည် ယင်းဘဏ်၏ ၁၁ ဘဏ်မြောက်ဘဏ်ခွဲအား ဇွန်လဒုတိယရက်သတ္တပတ်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖွင့်လှစ်ခဲ့ ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ပုဂ္ဂလိကဘဏ်သစ် ၄ ဘဏ်အား ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများအား စတင်ဖွင့်လှစ်ခွင့်ပေးခဲ့ချိန်၌ ဘဏ်ခွဲ ၁၀ခုထက် ပိုဖွင့်လှစ်ခြင်း မပြုရန် သတ်မှတ်ချက်ရှိခဲ့သည်ဟု သတင်းထွက်ပေါ်လာခြင်းအပေါ် ဧရာဝတီဘဏ်က စတင် ချေဖျက်လိုက်ခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်သစ်တစ်ခုမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်သည် အစိုးရသစ်၏ ဒု-သမ္မတ သီဟသူရတင်အောင်မြင့်ဦးနှင့် နီးစပ်သူဟု အများက သိထားကြသူ ဖြစ်သည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

Trader Hotel ဝင်းအတွင်း ပစ္စည်းပျောက်မှု ထပ်မံဖြစ်ပေါ်

ရန်ကုန်၊ဇွန် ၁၈။

ကုန်သည်ကြီးများဟိုတယ်ဝင်းအတွင်း ဟိုတယ်လုပ်ငန်းများ အပါအဝင်စီးပွားရေးလုပ်ငန်း အများအပြားကို လုပ်ကိုင်လျက်ရှိသော စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦး၏ ခရီးဆောင် ကွန်ပျူတာ ပျောက်ဆုံးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အမည်မဖော်လိုသူ အဆိုပါစီးပွားရေးလုပ်ငန်းရှင်ကြီး၏ ကုမ္ပဏီမှ အကြီးတန်းဝန်ထမ်းတစ်ဦးက ဇွန် ၇ ရက်နေ့ ညတွင် ကုန်သည်ကြီးများ ဟိုတယ် ၌ ပြုလုပ်သည့် Eleven Media Group၏ ၁၁ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်စဉ် ၎င်း ကွန်ပျူတာကို ဟိုတယ်ဝင်းကားပါကင်တွင် ရပ်နားထားသောကားအတွင်းထားရှိခဲ့ကြောင်း ကွန်ပျူတာနှင့်အတူ တန်ဖိုးကြီး တစ်ကိုယ်ရေ အသုံးအဆောင်တစ်ချို့ နိုင်ငံကူးလက်မှတ် အရေးကြီး စာရွက် စာတမ်းများ ပိုက်ဆံအချို့လည်း ထားရှိခဲ့ကြောင်း အခမ်းအနားအပြီးအပြန်တွင် ကြည့်သောအခါ ကွန်ပျုတာနှင့်ငွေကြေးအချို့ ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း ပြောကြားသည်။

ကွန်ပျူတာတွင် မည်သည့်သတင်းအချက်အလက်များ ပါရှိသည်နှင့် မည်သည့်အတွက်ကြောင့် တာဝန်ရှိသူများထံ တိုင်ကြားခြင်း မပြုသည်ဆို သည့် အချက်ကိုမူ ၎င်းကဖြေကြားခြင်း မရှိချေ။

ပြီးခဲ့သည်လပိုင်းကလည်း ကုန်သည်ကြီးများဟိုတယ်တွင် ဖွင့်လှစ်ထားသော ချယ်ရီဦးနာရီဆိုင်မှ ကျပ်သိန်းတစ်ရာကျော်တန် နာရီတစ်လုံးလည်း ပျောက်ဆုံးခဲ့ကာ ယခုအချိန်ထိပြန်လည် ရရှိခြင်းမရှိသေးပေ။ ထိုကိစ္စဖြစ်ပွားစဉ်က ဟိုတယ်တာဝန်ရှိသူများက ၎င်းတို့၏ လုံခြုံရေးတာဝန် လစ်ဟင်းမှု ကြောင့် မဟုတ်ကြောင်း အပြင်းအထန်ငြင်းဆိုခဲ့ကာ ၎င်းသတင်းဖော်ပြသည့် ပြည်တွင်းမီဒီယာအချို့ကို ၎င်းဟိုတယ်၏ Executive Level အဆင့်ရှိ အမျိုးသမီးကိုယ်တိုင် ရင့်ရင့်သီးသီး ပြောဆိုခဲ့ဘူးကြောင်း ပြည်တွင်းမီဒီယာ အသိုင်းအဝိုင်းနှင့် ၎င်းဟိုတယ် Front Office ဝန်ထမ်းတစ်ချို့ထံမှ စုံစမ်းသိရှိရ သည်။

နိုင်ငံတကာ အဆင့်ရှိဟိုတယ်ကြီး၏ ဝန်ဆောင်မှုနှင့်လုံခြုံရေးမှာ ယခုအတိုင်းဆိုရင် များစွာမေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ရန်ကုန်မြို့လယ် အချက်ချာကျသည့်နေရာတွင် ရှိသည့်အပြင် ယခင်အစိုးရလက်ထက်ကလည်း ယင်းဟိုတယ်အနီးဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုများရှိခဲ့ကြောင်း ယင်းပေါက် ကွဲမှုလက်သည်မှာ မယ်မယ်ရရပြသနိုင်ခြင်းမရှိသည့်အပြင် ထိုစဉ်က တပ်မတော် ထောက်လှမ်းရေး၏ ကစားကွက်ဖြစ်သည်ဟုသော သတင်းများလည်း ပေါ်ထွက်ခဲ့ကြောင်း ယခု ဖြစ်ရပ်၏နောက်ကွယ်ကိုလည်း စောင့်ကြည့်ရန် လိုမည်ဖြစ်ကြောင်း သတင်းဆန်းစစ်သူအချို့က သုံးသပ်ပြောကြားသည်။

The CJs News

-------------------------------------------------------------------------------------------------------------

နိုင်ငံခြားငွေတန်ဖိုးကျမှုကြောင့် ပြည်ပအလုပ်သမားများ ပြည်တော်ပြန်ရန်စဉ်းစား

မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်လျှက်ရှိသော ပြည်ပအလုပ်သမားအချို့သည် လက်ရှိ၌ နိုင်ငံခြားငွေတန်ဖိုးကျဆင်းမှုကြောင့် ငွေပြန်ပို့နိုင်မှု ကျဆင်းသွားသည့်အတွက် ပြည်တွင်းသို့ ပြန်လာရန် စဉ်းစားနေပြီဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်လျှက်ရှိသော မြန်မာအလုပ်သမားများသည် အမေရိကန်ဒေါ်လာဈေးနှုန်းနှင့်အတူ ၎င်းတို့အများဆုံး သွား ရောက် အလုပ်လုပ်ကိုင်လျှက်ရှိသည့် စင်္ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံများရှိ ငွေကြေးတန်ဖိုးများပါ ကျဆင်းလာသည့်အတွက် ယခင်နှစ်များထက် ဝင်ငွေ လျော့နည်းသွားပြီး ၎င်းတို့၏ ဘဝနှင့် မိသားစုရပ်တည်ရန် ခက်ခဲလာသည့်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါ စင်္ကာပူဒေါ်လာဈေးနှုန်းမှာ ကျပ် ၆၀၀ ခန့်သာရှိတော့ကြောင်း၊ ရသည့်လစာမှာလည်း အချိန်ပိုလုပ်မှသာ စင်္ကာပူဒေါ်လာ ၇၀၀ ခန့် သာရရှိကြောင်း၊ ထို့ကြောင့် မိမိ၏အထွေထွေစရိတ်နှင့် အိမ်သို့ပြန်ပို့ရန် ဒေါ်လာ ၄၀၀ ခန့် ကျန်အောင်မနည်းပင် ထားရကြောင်း၊ ထို့ပြင် စားသောက်စရိတ်များမှာလည်း ပိုမိုဈေးကြီးလာကြောင်း၊ စင်္ကာပူ၌ အလုပ်လုပ်ကိုင်နေသော်လည်း တစ်လလျှင်မှ နှစ်သိန်းခန့်သာ အိမ်သို့ပြန်ပို့ နိုင်သည့်အတွက် အဆင်မပြေကြောင်း၊ ယခင်က စင်ကာပူတစ်ဒေါ်လာလျှင် ကျပ် ၈၀၀ ခန့် ဈေးရှိသည့်အတွက် အဆင်ပြေသော်လည်း ဒေါ်လာဈေး ယခု ကျပ် ၆၀၀ထက်ပိုကျပြီဆိုပါက အလုပ်သမားများစွာ ပြည်တော်ပြန်လာနိုင်ကြောင်း စင်္ကာပူနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်လျှက်ရှိသော အလုပ်သမားတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံခြားငွေဈေးနှုန်းကျဆင်းနေသည့်အတွက် ပြည်တွင်းမှ ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်နေသူများအနေဖြင့်လည်း စဉ်းစား စရာဖြစ်လာပြီး အခြားပြည်ပနိုင်ငံများကလည်း လုပ်ခလစာ တိုးမြှင့်ပေးနိုင်ရန် လမ်းမရှိကြောင်း ပြည်ပပို့ဆောင်ရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားခဲ့သည်။

ပြည်ပသို့ အလုပ်သွားရောက်လုပ်သူများအနေဖြင့်လည်း ယခုကဲ့သို့ နိုင်ငံခြားငွေ တန်ဖိုးကျဆင်းနေသည့်အတွက် မိမိတို့လုပ်သမျှ အဖက်မတင် နိုင်ဘဲ ရှိသည့်အတွက် စာချုပ်သတ်တမ်းပြည့်ပါက မိမိနိုင်ငံသို့ပင် ပြန်လာရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။

(Myanmar Post၊ အတွဲ-၃၊ အမှတ်-၂၃ “နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းခြင်းကြောင့် ပြည်ပအလုပ်သွားရောက်လုပ်ကိုင်နေသူအချို့ ပြည်တော်ပြန်ရန်စဉ်းစား” သတင်းအား အကျဉ်းချုံး ဖော်ပြသည်) 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အစိုးရသစ်၏ အာဏာစက် ရပ်/ကျေး အဆင့်သို့ အပြည့်အဝ လွှမ်းခြုံနိုင်ခြင်း မရှိသေး

ရန်ကုန်။ဇွန် ၁၉။

ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်တင်မြောက်ခံရသော အစိုးရဟုဆိုသည့်လက်ရှိအစိုးရသစ်သည် မတ်လ ၃၀ ရက်နေ့ကပင် အာဏာ လွှဲ ပြောင်း ရယူပြီးဖြစ်သော်လည်း ၎င်း၏အာဏာစက်မှာ ရပ်/ကျေးအဆင့်သို့ အပြည့်အဝလွှမ်းခြုံနိုင်ခြင်း မရှိသေးကြောင်း နိုင်ငံရေးအကဲခတ်အချို့နှင့် သတင်းဆန်းစစ်သူအချို့က ဆိုသည်။

“အစိုးရသစ်ရဲ့ အာဏာစက်ဟာ အရင်အစိုးရတစ်နည်းအားဖြင့် တစ်ဦးတစ်ယောက်သောသူရဲ့ လောင်းရိပ်အောက်က ရုန်းထွက်နိုင်ခြင်း မရှိသေး ပါဘူး။ ရပ်/ကျေးအဆင့် အုပ်ချုပ်ရေးက လူဟောင်းမူဟောင်းတွေနှင့် အခုထိစခန်း သွားနေဆဲပဲ အခုသတင်းစာမှာ ပါလာနေတဲ့ပေးစာတွေ ပုံနှိပ်မီဒီယာနှင့် အွန်လိုင်းမီဒီယာမှာပါနေတဲ့ နယ်သတင်းတွေကို ကြည့်ရင်သိသာပါတယ်” ဟု ပြည်တွင်းမီဒီယာတစ်ခုမှ လုပ်သက်  ၈နှစ်ကျော်ရှိ အကြီးတန်းဝန်ထမ်းတစ်ဦး က သုံးသပ်ပြောကြားသည်။

အလားတူ အကြီးဆုံးကူးသန်းရောင်းဝယ်ရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့ရှိ လမ်းမတော်မြို့နယ်၊ လှိုင်မြို့နယ်၊ လှိုင်သာယာ၊ ကမာရွက်၊ တောင် ဒဂုံ၊ အလုံ၊ သာကေတ အပါအဝင် မြို့နယ်အတော်များများရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ယခင်လူဟောင်းများက မူဟောင်းများနှင့်ပင် ဆက်လက် စခန်းသွားရကြောင်း ရပ်ကွက်တွင်းနေထိုင်ကြောင်း ပြစ်မှုကင်းရှင်းကြောင်း စသည့်ထောက်ခံစာကြေးကို ၅၀၀၀ ကျပ်အထိ ပေးနေရဆဲဖြစ်ကြောင်း သမ္မတ နိုင်ငံတော် ဖြစ်လာသော်လည်း ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုပ်ပုံများက ရုံးခန်းတွင်နေရာယူထားဆဲဖြစ်ကြောင်း နိုင်ငံတော်ဦး တည်ချက်များကို ခေတ်စနစ်နှင့်လျော်ညီအောင် ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း ကြေငြာခဲ့သော်လည်း ယခင် ဦးတည်ချက် ၁၂ ရပ် ဆိုင်းဘုတ်ကြီးများအတိုင်း မပြောင်းမလဲ ချိတ်ဆွဲထားဆဲဖြစ်ကြောင်း ဆိုင်ရာနယ်ခံအချို့နှင့် ပြည်တွင်း မီဒီယာအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

လမ်းမတော်မြို့နယ် မဟာဗန္ဒုလလမ်းတွင် နေထိုင်သူတစ်ဦးက “လမ်းမတော် ၃ ရပ်ကွက်ရုံးကို သွားကြည့်လိုက်ပါဗျာ ဦးသန်းရွှေပုံကြီးကလည်း ထီးထီးကြီး ဦးတည်ချက် ၁၂ ရပ်ကလည်း အရင် အဟောင်းအတိုင်း ဖုံတက်လို့ ချိတ်ထား တာ တွေ့ရပါလိမ့်မယ်” ဟု ပြောသည်။

လှိုင်မြို့နယ်သားတစ်ဦးကလည်း “လှိုင်မြို့နယ် ၂ ရပ်ကွက်ရုံးမှာ သွားကြည့်ပါ အရင်လူဟောင်းမှုဟောင်းပုံတွေ လမ်းပေါ်ကတောင် မြင်နိုင်ပါ တယ်”ဟု ပြောကြားသည်။

ဗိုလ်ချုပ်မှုးကြီးသန်ရွှေသည် ၁၉၉၂ ခုနှစ်က အာဏာရယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ၎င်းအရင်ရှိရှိသမျှ ခေါင်းဆောင်တို့၏ ပုံရိပ် လက္ခဏာဟူသမျှကို ဖယ်ရှားပစ်ခဲ့ပြီး ၎င်းပုံရိပ်များဖြင့်သာ အစားထိုးခဲ့ရာ ၂၀၁၁ မတ်လတွင် အာဏာလွှဲပြောင်းပေးပြီးဟု ဆိုသည့်တိုင် ၎င်း၏ပုံနှင့် မူများက တိုင်းပြည်အပေါ် အရိပ်ထိုးနေဆဲဖြစ်သည်။

The CJs News

-----------------------------------------------------------------------------------------------------------

ဇူလိုင် ၂ ရက်နေ့တွင် ဒီမိုကရေစီမိတ်ဆွေပါတီများ အစည်းအဝေးကျင်းပမည်

နိုင်ငံရေးပါတီ ၁၁ ခုဖြင့်ဖွဲ့စည်းထားသော ဒီမိုကရေစီမိတ်ဆွေပါတီများက လွှတ်တော်တွင်းလစ်လပ်နေရာ ကိုယ်စားလှယ်ရွေးကောက်ပွဲ၌ ဝင် ရောက် ယှဉ်ပြိုင်ရန် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို လာမည့် ဇူလိုင်လ ၂ ရက်နေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

မကြာသေးမီကာလအတွင်းက ဖွဲ့စည်းခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကော်မတီအား ဒီမိုကရေစီမိတ်ဆွေပါတီများမှ တစ်ပါတီ လျှင် လူတစ်ဦးနှုန်းဖြင့်  ၁၁ ပါတီလျှင် ၁၁ ဦးနှုန်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းကော်မတီက  ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အစည်းအဝေး အား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့၌  ကျင်းပမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကော်မတီအစည်းအဝေးအား ကျင်းပမည်ဖြစ်ကြောင်း၊ အစည်းအဝေးကျင်းပမည့်နေ့၌ သက်ဆိုင်ရာ ပါတီများ သည် မိမိဝင်ပြိုင်မည့် မဲဆန္ဒနယ်စာရင်းအား ကော်မတီကိုတင်ပြရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

၎င်းသက်ဆိုင်ရာပါတီများက တင်ပြသည့် မဲဆန္ဒနယ်စာရင်းရရှိမှသာ ကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ပါတီချင်း မဲဆန္ဒနယ် ထပ်မှု မရှိစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကော်မတီ၌ ပါဝင်သည့်သူများမှာ  ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်နေရီဗဆွေ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဦးကြည်သန်း၊ ရခိုင်တိုင်းရင်းသားများတိုးတတ်ရေးပါတီမှ ဦးဦးလှစော၊ ချင်းအမျိုးသားပါတီမှ ဦးဆလိုင်းငယ်ပီး၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီမှ ဦးသောင်းဝင်း၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစောသန်းမြင့်၊ ဖလုံ-စဝေါ် ဒီမိုကရက် တစ်ပါတီမှ ဦးစောဝင်း၊ မွန် ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဦးလှနိုင်၊ ဝံသာနု NLD ပါတီမှ ဦးထွန်းရွေတို့ ပါဝင်ကြောင်းသိရသည်။

(True News၊ အတွဲ-၃၊ အမှတ်-၃၉ ပါ “ဒီမိုကရေစီမိတ်ဆွေပါတီများ၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး ဇူလိုင် ၂ ရက်တွင်ပြုလုပ်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------                                                                                                

ကြားဖြတ်ရွေးကောက်ပွဲ တစ်သီးပုဂ္ဂလများပါဝင်နိုင်ခြေနည်း

လွှတ်တော်တွင်းလစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကော်ပွဲ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်ရန်အခြေအနေ နည်းပါးလျက်ရှိကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲ၌ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း ယခုပြန်လည်ကျင်းပမည့် လွှတ်တော်တွင်းလစ်လပ်နေရာ ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းများက ပြင်ဆင်နေပြီဖြစ်သော်လည်း ၎င်း တစ်သီးပုဂ္ဂလကိုယ် စားလှယ်များမှာမူ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် လက်ရှိအချိန်၌ ဆုံးဖြတ်ချက်မချရသေးကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်ရသေးကြောင်း၊ လက်ရှိအချိန်၌ ၎င်းကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အစီအစဉ် မရှိသေးကြောင်း တစ်သီး ပုဂ္ဂလကိုယ်စားလှယ်အဖြစ် ပုဇွန်တောင်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်  ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော်က ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချထားခြင်း မရှိသေးကြောင်း တစ်ဦးပုဂ္ဂလကိုယ်စားလှယ်အဖြစ် မြောက်ဥက္ကလာပ မဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘတင့်ဆွေက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ဦးရန်ကျော်နှင့် ဦးဘတင့်ဆွေတို့သည်  တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့ပြီး ယခု လစ်လပ်တွင်းလစ်လပ်နေရာ ပြန်လည်ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ပာု နိုင်ငံရေးလောက၌ သတင်းထွက်ပေါ် လျက်ရှိသည့် ပုဂ္ဂိုလ်နှစ်ဦးဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ဆိုပါက ဝင်ပြိုင်မည့်နေရာသည် မိမိတို့ ပြင်ဆင်ထားသည့် နေရာမပာုတ်ကြောင်း၊ ၎င်းကိစ္စသည် မိမိတို့ဝင်ရောက် ယှဉ်ပြိုင်ရာတွင် တွေ့ကြုံရမည့် အဓိက အခက်အခဲများပင်ဖြစ်ကြောင်း ဦးဘတင့်ဆွေက ပြောကြားခဲ့သည်။

(Envoy၊ အတွဲ-၂၊ အမှတ်-၉ ပါ ကြားဖြတ်ရွေးကောက်ပွဲတစ်သီးပုဂ္ဂလကိုယ်စားလှယ်များ ပါဝင်ယှဉ်ပြိုင်မည့် အခြေအနေနည်းပါး သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခု နယ်စပ်ဘက်မှာတော့ လုပ်ငန်းလုပ်တဲ့သူ အများစုကမြန်မာ ငွေပဲလဲပြီးကိုင်ထားတယ်။ ပြန်မထုတ်ကြဘူး။ လိုအပ်မှထုတ်တယ်။ အရင်က မြန်မာ ငွေကို လိုအပ်မှ လဲကိုင်တာ။ အခု ဘတ်ဈေးကတော့ တစ်ဘတ် ကို ၂၅ ကျပ် အထိ ကျလာတယ်လေ။ မြန်မာငွေမာတယ်ဆိုပြီး မြန်မာငွေပဲ အဓိက ကိုင်ကြတာပါ။

ယွမ်ငွေလည်း အတက်မရှိဘူး၊ အကျပဲရှိတယ်။ ဒီတော့ မြန်မာငွေပဲ ကိုင်လာကြတယ်။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက စပြီး နယ်စပ်မှာ လုပ်ငန်းရှင် တွေ မြန်မာ ငွေလိုက်လဲပြီးကိုင်လာကြတာ။ အခု နောက်ပိုင်းမှ မြန်မာငွေစုဆောင်းတဲ့သူ ပိုများလာတယ် ပြောရမှာပေါ့”

Weekly ELEVEN အတွဲ (၁) အမှတ် (၃၈) တွင်ပါသည့် " မြန်မာ-တရုတ်၊ မြန်မာ-ထိုင်းနယ်စပ်မှ လုပ်ငန်းရှင်အများစု ကျပ်ငွေကိုသာ အဓိက စုဆောင်းလာ" သတင်းမှ နယ်စပ်တွင် လူသုံးကုန်ပစ္စည်း ကုန်သွယ်သူလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------

“သတင်းအချက်အလက် လုံခြုံရေးဆိုတာ တစ်ဦးတစ်ယောက်ချင်းစီကစလို့ အဖွဲ့အစည်း၊ ကွန်ရက်၊ နိုင်ငံအဆင့်ထိ ဂရုတစိုက်ထားရမယ့်အချက် ဖြစ်ပါ တယ်။ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကစလို့ တန်ဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်တွေရဲ့လုံခြုံစိတ်ချရေးကို ထည့်သွင်း စဉ်းစား ထားရပါမယ်။ အခွင့်မရှိဘဲ၊ မသက်ဆိုင်ဘဲ သတင်းအချက် အလက်တွေကို ဖောက်ဝင်ရယူဖို့ ကြိုးစားတာတွေ၊ ကွန်ရက်ကိုဝင်ပြီး အနှောင့်အယှက် ပေးတာ တွေဟာ သတင်းအချက် အလက် လုံခြုံရေးအတွက် အရင်ဦးဆုံး ကာကွယ်ထားရမယ့် အချက်တွေဖြစ်ပါတယ်။ အသုံးပြုမှု တွင်ကျယ်လာလေ၊ ပိုပြီး ကာကွယ် စောင့်ရှောက်ရလေ၊ ဂရုစိုက်ရလေ၊ ပိုပြင်ဆင်ရလေပါပဲ”

Weekly ELEVEN အတွဲ (၁) အမှတ် (၃၈) တွင်ပါသည့် " အွန်လိုင်း ဝန်ဆောင်မှုများကို တိုက်ခိုက်သော DDoS Attack များကြောင့် အွန်လိုင်း လုံခြုံရေးကို အလေးထား လုပ်ဆောင်လာကြ" သတင်းမှ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းမှ ဦးအောင်ဇော်မြင့်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------

“လူ့အသက်တစ်ချောင်းငွေ တစ်သိန်းလောက်နဲ့ ပြီးရင်လည်းပြီးသွားတာပဲ။ အပြစ်ရှိတဲ့သူကို ဥပဒေကြောင်းအရ အပြစ်ကို ပေးရမယ်”

The Voice Weekly အတွဲ (၇) အမှတ် (၂၇) တွင်ပါသည့် “နစ်နာကြေးပေး လိုက်ရင်ရတာပဲဆိုပြီး လက်လွတ်စပယ်လုပ်ရင် ဘယ်လိုမှ အနာဂတ် မျိုးဆက်သစ်တွေ၊ ပြည်သူတွေအတွက်လုံခြုံမှု ဆိုတာမျိုးမရနိုင်ဘူး" အင်တာဗျူးမှ  အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်နှင့် တွေ့ဆုံခြင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------

“နှစ်လုံး၊ သုံးလုံးကိစ္စက တကယ်အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ စီမံချက်အရ လုပ်လိုက် ဖျက်လိုက်နဲ့ဆို ဘယ်လိုမှ ပြောင်းလဲလာမှာ မဟုတ်ဘူး။ လုံးဝ ပပျောက်သွားအောင် ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဆင့်တယ်”

The MEssenger အတွဲ (၂) အမှတ် (၅) တွင်ပါသည့် “တရားမဝင် နှစ်လုံး၊ သုံးလုံးထီရောင်းသူ၊ထိုးသူများကို လိုက်လံဖမ်းဆီးနေသည့်အတွက်  သိသိသာသာလျော့ကျသွား " သတင်းမှ  ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦး ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မြန်မာနိုင်ငံနဲ့ အမေရိကန် စေ့စပ်ညှိနှိုင်းသင့်ပါသလား

Miami Herald မှဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။

ဆီးရီးယားနိုင်ငံမှ ဆန္ဒပြပြည်သူများအပေါ်ပစ်ခတ်နှိမ်နင်းရန် အာဏာရှင်ခေါင်းဆောင် ဘာရှာအာဆတ်အယ်လ်အဆတ် အမိန့်မပေးမီ နှစ်ပေါင်း များစွာကတည်းက အရှေ့တောင်အာရှဒေသမှ မြန်မာနိုင်ငံတွင် စစ်တပ်ကလက်နက်မဲ့ ဆန္ဒပြကျောင်းသားများအပေါ် ပစ်ခတ်နှိမ်နင်းသည့်လုပ်ရပ်မျိုး လုပ် ကိုင်ခဲ့ဖူးပြီးဖြစ်သည်။ မြန်မာစစ်အစိုးရသည် ၂၀၀၇ ခုနှစ်တွင်လည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဦးဆောင်သည့် ဆန္ဒပြပွဲအား ပစ်ခတ်ဖြိုခွင်းပစ်ခဲ့သည်။

စစ်အစိုးရ၏ရက်စက်ကြမ်းကြုတ်မှုများ တဖြည်းဖြည်းချင်းမှေးမှိန်လာသည်နှင့်အမျှ မြန်မာပြည်သူများလည်း အတိတ်က ဖြစ်ရပ်များကို မေ့ပျောက် လာကြသည်။ စစ်ဗိုလ်ချုပ်ကြီးအချို့ဆိုလျှင် စစ်ယူနီဖောင်းချွတ်ကာ အရပ်သားဝတ်စုံဖြင့် အရပ်သားအစိုးရအဖွဲ့သစ်တွင် နေရာအသီးသီးရယူခဲ့ကြပြီ ဖြစ် သည်။ သို့အတွက်ကြောင့် ခြားသောအစိုးရအဖွဲ့များ၊ ကုမ္ပဏီကြီးများ၊ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ(အန်ဂျီအို)က မြန်မာနိုင်ငံအပေါ် ချမှတ် ထားသည့် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပြီး စစ်ဗိုလ်ချုပ်ကြီးများဦးစီးသည့် အစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ဖိအားပေးလာကြသည်။

လက်ရှိအာရပ်ကမ္ဘာတွင်ဖြစ်ပေါ်နေသော တော်လှန်ရေးလှုပ်ရှားမှုများက ပေးသောအစောပိုင်းသင်ခန်းစာများနှင့် မြန်မာ့အရေးကို ယှဉ်တွဲလေ့ လာကြည့်ရန်လည်း လိုအပ်သည်။

မြန်မာနိုင်ငံနှင့်စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုများမှာယခုလိုဖြစ်သည်။ “မြန်မာစစ်အစိုးရက ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို မသိကျိုးနွံပြုမှုကြောင့်မြန်မာနိုင်ငံအပေါ်ထားရှိသော ပိတ်ဆို့အရေးယူမှုများသည် နှစ် ၂၀ ကျော်ကာလအတွင်း အလုပ်ဖြင့် အဖြေမထွက်နိုင်ခဲ့သလို ယခု အခါလူကြိုက်များ ရေပန်းစားနိုင်ခြင်းလည်း မရှိတော့ပေ။ ထိုကာလများအတွင်း အမေရိကန်ကုမ္ပဏီကြီးများနှင့် သံတမန်ရေးရာဆက်ဆံမှုများ မရှိခဲ့ သောကြောင့် တရုတ်သည် မြန်မာနိုင်ငံအပေါ်လွှမ်းမိုးနိုင်သော ပါဝါနိုင်ငံတစ်ခုဖြစ်လာသည်။ မြန်မာပြည်သူများလည်း ဆင်းရဲနွမ်းပါးမြဲ နွမ်းပါးဆဲသာရှိပြီး နိုင်ငံလည်း ကမ္ဘာ့အသိုင်းအဝိုင်းတွင် အထီးကျန်ဖြစ်ခဲ့ရသည်” ဟူ၏။

သို့ဆိုပါက အဘယ်ကြောင့်မြန်မာနိုင်ငံအပေါ် အခြားမူဝါဒသစ်တစ်ရပ်မကျင့်သုံးဘဲ နေရသနည်းဟု မေးစရာ ရှိလာသည်။

ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းအချို့ရှိသည့်အနက် တစ်ချက်ကိုပြောပါက မြန်မာနိုင်ငံအပေါ် အကျပ်အတည်းဖြစ်အောင် လုပ်ဆောင်နေ သော အစိုးရနှင့်စေ့စပ်ညှိနှိုင်းခြင်းသည် ထိုအစိုးရကို အင်အားပိုမိုကြီးထွားလာအောင် ပြုလုပ်ရာကျသည်ဟူ၍ပင်ဖြစ်၏။ အနောက်ဥရောပသည် ဆယ်စုနှစ် များစွာ ကျူးဘားနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းလာခဲ့သည်။ သို့သော်ကျူးဘားခေါင်းဆောင်ကက်စရိုမှာ ၎င်း၏အာဏာရှင်စနစ် တစ်စက်တလေမျှထိခိုက်ပွန်းပဲမှုနှင့် မကြုံတွေ့ရဘဲ ယူရိုငွေပေါင်းများစွာကို အိတ်ကတ်ထဲထည့်နိုင်ခဲ့သည်။ ထို့အတူစေ့စပ်ညှိနှိုင်းမှုကြောင့် အမေရိကန် စီးပွားရေးလည်းများစွာ ကောင်းမွန်လာ ခြင်း မရှိပေ။ ထို့အတူပင် မြန်မာနိုင်ငံတွင်အစိုးရက ယခင်ကျင့်သုံးခဲ့သည့် မူဝါဒဖြစ်သော တစ်ပါးသူ အပေါ်ယုံမှားသံသယကြီးလွန်းပြီး အပေါင်းအသင်း ရောင်းရင်းများသာ ကောင်းစားစေနိုင်သည့် မူဝါဒကို ဆက်လက်ကျင့်သုံးနေသေးသရွေ့ စေ့စပ်ညှိနှိုင်းမှုများမည်မျှပင် ပြုလုပ်သည့်တိုင်အချီးအနှီးသာ ဖြစ်ပေလိမ့်မည်။

ပို၍ဆိုပါက ပိတ်ဆို့အရေးယူမှုများ အလုပ်မဖြစ်ဟုဆိုခြင်းသည် အဓိပ္ပာယ်မရှိသော သုံးသပ်ချက်ပင် ဖြစ်သည်။ အကြောင်းမှာ အမေရိကန် ပြည် ထောင်စုက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူသည့်အလုပ်ကို အပြည့်အဝလုပ်ဆောင်မှု မည်သည့်အခါကမျှ မပြုခဲ့သောကြောင့်ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့၏ဆွေမျိုးသားချင်းများ ပိုင်ဆိုင်သော ဘဏ္ဍာငွေကြေးများအပေါ် အဓိက ပစ်မှတ်ထားပိတ်ဆို့မှုများ  မပြုလုပ်ခဲ့သလို မြန်မာနိုင်ငံတွင်းမှ ဒီမိုကရေစီအင်အားစုများကို ထောက်ပံ့ပေးမှုသည် မဟာဗျူဟာ ဦးစားပေးမှုတစ်ရပ် ဖြစ်သည်ဟူသော အချက်ကိုလည်း မြန်မာ၏ အိမ်နီးချင်းနိုင်ငံများသိအောင် မည်သည့်အခါကမျှ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုမှုမပြုခဲ့ပေ။ မြန်မာ စစ်တပ်၏ ရာဇဝတ်မှုကြီးများ ဖြစ်သော အမြောက်အမြားမုဒိမ်းကျင့်မှု၊ ကလေးသူငယ်များအား အဓမ္မအလုပ်စေခိုင်းမှုနှင့် တိုင်းရင်းသားလူမျိုးစုများအား သုတ်သင်မှု အစရှိသည်တို့အား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ကုလသမဂ္ဂ စုံစမ်စစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန်သာ အမေရိကန် ပြည်ထောင် စုက ပြောဆိုခဲ့သည်။ သို့သော် လက်တွေ့ကျကျ တွန်းအားပေးလုပ်ဆောင်မှုမျိုး မည်သည့် အခါကမျှမလုပ်ဆောင်ခဲ့ပေ။

ဖိအားပေး လုပ်ဆောင်မှုများကြောင့် သူတော်ကောင်းယောင်ဆောင်ထားသည့်ကိစ္စများ တစ်စထက်တစ်စ ပေါ်လွင်လာမည်ကို စိုးသောကြောင့် လည်း ဖြစ်ဟန်ရှိသည်။ မြန်မာစစ်အစိုးရက တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ ဖျက်ဆီးနေမှုအပေါ် မည်သို့သော တုံ့ပြန်မှုများမပြုလုပ်ဘဲ အဘယ်ကြောင့် လစ်ဗျားနိုင်ငံ ခေါင်းဆောင်ကဒါဖီအစိုးရကိုသာ တိုက်ခိုက်နေသနည်း။ မေးစရာများဖြစ်လာသည်။

လေ့လာချက်များအရ အမေရိကန်ပြည်ထောင်စုသည် အီဂျစ်နှင့်ပတ်သက်၍ ဆယ်စုနှစ်များစွာ လက်တွေ့ကျသော စေ့စပ်ညှိနှိုင်းရေး မူဝါဒကို ကျင့်သုံးခဲ့သည်။ မြို့တော်ကိုင်ရိုအခြေစိုက် အမေရိကန်သံအမတ်ကြီးများဦးဆောင်သော စေ့စပ်ညှိနှိုင်းမှုဆိုင်ရာလုပ်ရပ်များသည် မူဘာရက်အနေဖြင့် အမှားအယွင်းမရှိအောင် ထိန်းကျောင်းပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရအဖွဲ့ အဆက်ဆက်သည်လည်း အီဂျစ်ပြည်သူများ၏လက်တွေ့မကျသော၊ ရိုးအလွန်းသော သဘောဆန္ဒများကို ပယ်ချခဲ့သည် ချည်းသာပင် ဖြစ်သည်။ နောက်ဆုံးတွင် အီဂျစ်ပြည်သူများ အာဏာရှင်စနစ်ပပျောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လမ်းမပေါ်ထွက် ဆန္ဒပြသည့် အဆင့်သို့ ရောက်ခဲ့သည်အထိ အမေရိကန်ပြည်ထောင်စုက မူဘာရက်ကိုအနီးကပ်ကျောထောက်နောက်ခံပေးခဲ့သည်။အီဂျစ်အခြေစိုက် Pew Research Center ကပြုလုပ်ခဲ့သော အာရပ်တော်လှန်ရေးနှင့်ပတ်သက်သည့် အများပြည်သူသဘောထားစစ်တမ်းက ထုတ်ဖော်ပေးလိုက်သည့် ရလဒ်များမှာ စိတ်ဝင် စားစရာကောင်းသည်ကိုတွေ့ရသည်။

စစ်တမ်းအရ အမေရိကန်ပြည်ထောင်စု၏ မူဝါဒနှင့်ပတ်သက်၍ ကြိုက်နှစ်သက်သူအီဂျစ်လူမျိုးမှာ ၂၀ ရာခိုင်နှုန်းသာ ရှိသည်။ အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအပြောင်းအလဲအတွက် ဆန္ဒပြမှုများအပေါ် အမေရိကန်သမ္မတအိုဘားမား၏ ကိုင်တွယ်ဖြေရှင်းကို အီဂျစ်ပြည်သူ များက အကောင်းမြင်သည်ထက် အဆိုးမြင်ကြသည်က များသည်။ ထို့ပြင် အီဂျစ်ပြောင်းလဲရေးအတွက် အမှန်တကယ် လုပ်ဆောင်သူများအပေါ် အိုဘားမား အစိုးရက အနည်းငယ်သာထောက်ပံ့မှုပေးခဲ့သည်ဟု ၎င်းတို့ကရှုမြင်ကြသည်။

အမေရိကန်ပြည်ထောင်စုသည် သမိုင်း၏ မှားသောဘက်သို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည် သို့အတွက်ကြောင့် ယခုအခါ မိမိ၏လုပ်ရပ်များအတွက် ပြန်လည်ပေးဆပ်နေရပြီဖြစ်သည်ဟု ဆိုသည်။

မြန်မာအရေးတွင်လည်း ထိုသို့စဉ်းစားစရာများရှိလာသည်။ အကယ်၍ စစ်အစိုးရသာ အနာဂတ်မြန်မာနိုင်ငံကို ကိုယ်စားပြုသည်ဆိုပါက ၎င်း အနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံမှုများပြုလုပ်မည်ဖြစ်သလို အကာအကွယ် အဟန့်အတားများလည်း ပြုလုပ်မည်ဖြစ်သည်။ သေချာသည့် အချက်မှာ မြန်မာ့အရေးနှင့် ပတ်သက်လာပါက စစ်အစိုးရ မည်သည့်အချိန်တွင်ပြိုလဲသွားမည် သို့မဟုတ် စစ်သားများက ကျောင်းသားများနှင့် ဘုန်းတော် ကြီးများအပေါ် ပစ်ခတ်မှုများ မပြုလုပ်ဘဲနေထိုင်သွားရန် မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ဟူသောအချက်တို့ကို မည်သူတစ်ဦးတစ်ယောက်မျှ ဟောကိန်း မထုတ်နိုင်ကြပေ။ သို့သော် မြန်မာစစ်အစိုးရက ၎င်းအပေါ် လူမုန်းများသည်ဟူသောအချက်ကို ကောင်းစွာ နားလည်သဘောပေါက်သည်။ သို့အတွက်ကြောင့် မီဒီယာများအားလုံးကို ပိတ်ပင်ကန့်သတ်ထားပြီး အစိုးရ အတိုက်အခံ အင်အားစုထောင်ပေါင်းများစွာကို ဖမ်းဆီးအကျဉ်းချထားခြင်း ဖြစ်သည်။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်ကျင်းပသော ဒီမိုကရေစီရွေးကောက်ပွဲတွင်လည်း လူအများ၏ ထောက်ခံမှုကိုရရှိထားသည့် ဒေါ်အောင် ဆန်းစုကြည် ပါဝင်ခွင့်မရအောင်ပိတ်ပင်ခဲ့သည်။ ထို့ပြင် နေပြည်တော်မြို့တော်သစ် တည်ဆောက်မှုမှ ဒေါ်လာဘီလီယံနှင့်ချီ၍ အိတ်ကပ်ထဲထည့်နိုင် အောင် စစ်ဗိုလ်ချုပ်ကြီးများလုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။ ထိုမြို့တော်သစ်တွင် သာမန်အရပ်သား မြန်မာပြည်သူများနေထိုင်ခွင့်မရကြပေ။ ယခုဆိုလျှင် အခြားသောအာရှနိုင်ငံများက အချို့သောအတိုင်းအတာများတွင် မြန်မာနိုင်ငံထက် ဖွံ့ဖြိုးတိုးတက်မှုသာလွန်သွားပြီဖြစ်ရာ သက်ကြီးပိုင်း သူခိုးကြီးများ အနေဖြင့် မိမိတို့သည် အနာဂတ် မြန်မာနိုင်ငံကို ကိုယ်စားမပြုနိုင်တော့သည့်အချက်ကို ကောင်းစွာနားလည်သဘောပေါက်ရမည်ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs