Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၂.၆.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ အခြေအနေများကို အမေရိကန် ကွန်ကရက် လွှတ်တော်တွင် ဒေါ်အောင်ဆန်းစုကြည် တင်ပြမည်

(CNN News မှ 20 June 2011 ရက်စွဲပါ “Nobel Laureate Suu Kyi to address US Congress on Myanmar Conditions” သတင်း ကို ဘာသာ ပြန်ဆိုသည်)

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုသီတင်းပတ်တွင် အမေရိကန် ကွန်ကရက် လွှတ်တော် ကော်မတီဝင်များကို မိန့်ခွန်းပြောကြားမည်ဖြစ်ရာ သူမမွေးဖွားရာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စည်းရုံးလှုပ်ရှားမှုကြောင့် နိုင်ငံတကာက ၀ိုင်းဝန်းဂုဏ်ပြုခြင်း ခံရသော အမျိုးသမီးတစ်ဦးအတွက် အမေရိကန် နိုင်ငံရေးလောကသို့ ရှားရှားပါးပါး ထိုးဖောက်နိုင်မှုတစ်ခုပင် ဖြစ်သည်။

အာရှ၊ ပစိဖိတ်ဆိုင်ရာ အမေရိကန် အောက်လွှတ်တော် ဆပ်ကော်မတီက ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားကို နားဆင်ကြမည့် ဗုဒ္ဓဟူးနေ့တွင် ၀ါရှင်တန်၌ သူမ ရှိနေမည် မဟုတ်ပါ။ သို့ရာတွင် ကမ္ဘာအနှံ့ ၀ိုင်းဝန်း ပြစ်တင်မှုကို ဖြစ်ပေါ်စေခဲ့သည့် လတ်တလော ရွေးကောက်ပွဲများ အပါအ၀င် သူမ၏နိုင်ငံမှ အခြေအနေများနှင့် ပတ်သက်ပြီး ဗီဒီယိုမှ တဆင့် တင်ပြဆွေးနွေးလိမ့်မည်ဟု အမေရိကန် လွှတ်တော်အမတ် Don Manzullo က တနင်္လာနေ့တွင် ထုတ်ပြန် ကြေညာသည်။ ထိုနိုင်ငံကို မြန်မာ ဟု အမည်ပြောင်းထားသော်လည်း Burma ဟုသာ ကမ္ဘာတွင် လူသိ များသည်။

“ဒီ လွှတ်တော် ကြားနာမှုဟာ မြန်မာနိုင်ငံ ဦးတည်နေတဲ့ ခယောင်းလမ်းနဲ့ ရွေးကောက်ပွဲ အတုတွေကို မီးမောင်း ထိုးပြ ပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆို တင်ပြမယ့် ဗီဒီယိုတိတ်ကို စောင့်ကြည့်ဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ အခုဆိုရင် မြန်မာ တပ်မတော် အစိုးရက တိုင်းရင်းသား အုပ်စုတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ၊ မြန်မာနိုင်ငံက ဆိုးဝါးတဲ့ လူ့အခွင့်အရေး အနေအထားတွေကို လူတိုင်း ကြားသိ နိုင်ပြီပေါ့။” ဟု အီလီနွိုက်စ် လွှတ်တော်အမတ် Manzullo က ပြောကြားသည်။

မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သည် သက်ဆိုးရှည် မြန်မာ့ တပ်မတော် အစိုးရကို ထပ်ဖန်တလဲလဲ စိန်ခေါ်ကာ ဒီမိုကရေစီကို နှစ်ပေါင်းများစွာ အားပေး လှုပ်ရှားလျက် ရှိသည်။ ထိုသို့သော သူမ၏ ကြိုးပမ်း လှုပ်ရှားမှုများကြောင့် 1991 ငြိမ်းချမ်းရေး နိုဘယ်ဆုကို ရရှိစေခဲ့သလို တစ်ချိန်ထဲတွင် မြန်မာ စစ်အာဏာရှင် အစိုးရ မျက်စိ စပါးမွှေးစူးသော ပစ်မှတ် ဖြစ်လာခဲ့ပြီး ဆယ်စုနှစ်ကျော် ထိန်းသိမ်း ခံရသည် အထိ ဖြစ်စေခဲ့သည်။

ပြီးခဲ့သော နိုဝင်ဘာလတွင်မူ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ များကို ပြုလုပ်ခဲ့သည်။ ယင်း ရွေးကောက်ပွဲများကို ဒီမိုကရေစီ အယောင်ဆောင် ဖန်တီးရန် ရည်ရွယ်သည့် ရွေးကောက်ပွဲများဟု ပြည်တွင်း ပြည်ပမှ ဝေဖန် ဆန်းစစ်သူများက ပြစ်တင် ရှုတ်ချ ခဲ့ကြသည်။ မြန်မာ အစိုးရကလည်း ရွေးကောက်ပွဲကို အကဲဖြတ်မည့် နိုင်ငံတကာ စောင့်ကြည့် လေ့လာ သူများနှင့် သတင်းထောက်များကို ပြည်ဝင်ခွင့် ပေးရန် ငြင်းဆိုခဲ့သည်။

ရွေးကောက်ပွဲ သပိတ်မှောက်သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဝင်များလည်း ပါဝင်ကြပြီး အဆိုပါ ရွေးကောက်ပွဲကို အတုအယောင်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း ရွေးကောက်ပွဲများ အပြီး မရှေးမနှောင်း နိုဝင်ဘာ 13 ရက်တွင် မြန်မာ အစိုးရက ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်းထားရာမှ လွှတ်ပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ယခု တစ်ကြိမ် လွှတ်မြောက်လာပြီးနောက် ဇန်န၀ါရီလက ဒါဗိုစ့်၌ ပြုလုပ်သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး ဦးဆောင် အလွှာအား ကမ္ဘာ့စီးပွားရေးကို ပြန်လည် တည်ဆောက်သည့် နည်းတူ မြန်မာ ပြည်သူများကိုလည်း မေ့မထားကြရန် အသံဖိုင် ပေးပို့ ပြောကြားခြင်းကဲ့သို့သော ထူးထူးခြားခြား လုပ်ဆောင်မှုများနှင့်အတူ မြန်မာနိုင်ငံတွင် ကြီးမားသော ကဏ္ဍတစ်ရပ်အဖြစ် ဆက်လက် ရပ်တည်ခဲ့သည်။

ယခုလ အစောပိုင်းတွင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မတ်ကိန်း ၏ အာရှ ခရီးစဉ်တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းက “စိတ်သဏ္ဍာန်တွင် နှစ်ပေါင်းများစွာ စွဲထင်နေသည့် ပုဂ္ဂိုလ်ရေး သူရဲကောင်း” ဟု ခေါ်ဝေါ် ဂုဏ်ပြုသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့၍ ဒီမိုကရေစီကို အားပေးသည့် သူမ၏ ကြိုးပမ်းမှုများကို အမေရိကန် ပြည်ထောင်စုက အားပေး ထောက်ခံရန် ယင်းအနေဖြင့် ကတိပြုကြောင်း ပြောကြားခဲ့သည်။

 *************************************************************************************

နည်းပညာခေတ်ပြောင်းမှုသည် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရန်သော့ချက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

(The Independent မှ 21 June 2011 ရက်စွဲပါ Technology revolution is key to fight for democracy says Suu Kyi သတင်းကို ဘာသာပြန်ဆိုသည်)

လူ့အခွင့်အရေးစည်းရုံးလှုပ်ရှားသူ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မနေ့က BBC Lecture အစီအစဉ်တွင် ယနေ့ခေတ် ဒီမိုကရေစီအုံကြွမှုများ၌ ပါဝင်သော ဆက်သွယ်ရေးနည်းပညာ၏ အရေးကြီးသော ကဏ္ဍကို ဆွေးနွေးခဲ့ပြီး ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော ကိစ္စရပ်များတွင် အင်အားအသုံးပြု ဆန္ဒပြခြင်းကို ကျင့်ဝတ်သိက္ခာအရ သူမ ကန့်ကွက်စရာမရှိကြောင်း ပြောကြားခဲ့သည်။

NLD ပါတီအထွေထွေအတွင်းရေးမှူးဖြစ်သူ မြန်မာအတိုက်အခံခေါင်းဆောင်သည် BBC နှစ်ပတ်လည် Reith Lectures အစီအစဉ်အတွက် ဟောပြောဆွေးနွေးခန်း ၂ ခုကို မြန်မာနိုင်ငံတွင် သွင်းယူပြီး ယခင်အပတ်က ပို့ပေးခဲ့ခြင်း ဖြစ်သည်။

လာမည့်အင်္ဂါနေ့၌ Radio 4 မှ ထုတ်လွှင့်မည့် ပထမအစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ၂၃ နှစ်ကြာ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် တူနီးရှား၊ အီဂျစ်တို့၏ မြန်ဆန်သော တော်လှန်ရေးတို့ကို နှိုင်းယှဉ်ပြထားပြီး အာရပ်ကမ္ဘာမှ အင်တာနက်အခြေပြုနည်းပညာ၏ ပြန့်နှံ့နိုင်မှု စွမ်းပကားသည် အဆိုပါ လှုပ်ရှားမှုများ အောင်မြင်ရခြင်း၏ အရေးကြီးသော အချက်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

အဆိုပါ ဆွေးနွေးပြောဆိုမှုကို မနေ့က လန်ဒန်မြို့အသံလွှင့်ရုံတွင် ပရိသတ်များကို ဖိတ်ကြားကာ အစမ်းပြသခဲ့ သည်။ ရန်ကုန်မြို့ လျှို့ဝှက် တစ်နေရာတွင် အသံသွင်းယူခဲ့သော ဒေါ်အောင်ဆန်းစုကြည်က အစီအစဉ်တင်ဆက်သူ Sue Lawley ကို ပြောကြားရာတွင် “နယ်လဆင်မင်ဒဲလားက နိုင်ငံရေးဆန္ဒပြမှုနှင့် ပတ်သက်သည့် ယင်း၏ ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည့်နည်းတူ သူမ အစဉ်တစိုက်ရပ်တည်ခဲ့သည့် အကြမ်းမဖက်ရေး သဘောထားကို ပြောင်းလဲရန် အလားအလာရှိသည်” ဟု ဆိုသည်။

“လက်တွေ့နဲ့ နိုင်ငံရေး အကြောင်းရင်းတွေက လွဲရင် ကျင့်ဝတ်သိက္ခာအရတော့ အကြမ်းမဖက်ရေးလမ်းစဉ်ကို ကျွန်မ ဆုပ်ကိုင်ထားမှာ မဟုတ်ဘူးဆိုတာကို ဟောပြောမှုတွေမှာ ကျွန်မပြောခဲ့ပါတယ်” ဟု သူမက ပြောသည်။ အကြမ်း မဖက်ရေးလမ်းစဉ်၏ ဖခင် မဟတ္တမဂန္ဓီက သူ့အနေဖြင့် သူရဲဘောကြောင်မှုနှင့် ခွန်အားသုံးမှုအကြားတွင် ခွန်အားသုံးမှုကို အချိန်မရွေး ရွေးချယ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း သူမက ဆက်လက်ပြောသည်။

ပြီးခဲ့သော နိုဝင်ဘာလက နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် လွတ်လပ်သူတစ်ဦးအဖြစ် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် မွေးနေ့ ကျင်းပသည့် မနေ့က တနင်္ဂနွေနေ့တွင် ၆၆ နှစ် ပြည့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် က မြန်မာပြည်သူများသည် အာရပ်ဒီမိုကရေစီလှုပ်ရှားမှုများ၏ အောင်မြင်မှုကို အတုယူရန် ဆန္ဒရှိနေကြသည်ဟု ပြောကြား သည်။

“တူနီးရှားနဲ့ မြန်မာနိုင်ငံအကြားက တူညီမှုတွေဟာ လွတ်လပ်ခွင့်လိုလားတဲ့ ကမ္ဘာတစ်လွှားက ပြည်သူတွေ ဖြစ်ကြတယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတော်လှန်မှုနှစ်ခုရဲ့ ရလဒ်တွေကို ကြီးကြီးမားမား ကွာဟသွားစေတဲ့ အရေးကြီးတဲ့ ကွဲလွဲမှု နှစ်ခုရှိနေပါတယ်၊ ပထမကွဲလွဲမှု ကတော့ တူနီးရှားစစ်တပ်က သူတို့ရဲ့ ပြည်သူတွေကို သေနတ်နဲ့ မပစ်ပေမဲ့ မြန်မာ့တပ်မတော်ကတော့ ပြည်သူတွေကို သေနတ်နဲ့ ပစ်တယ်ဆိုတဲ့ အချက်ပါပဲ၊ ဒီကာလတလျှောက်လုံးမှာ ပိုပြီး အရေးကြီးတယ်လို့ ဆိုနိုင်တဲ့ ဒုတိယကွဲလွဲမှုကတော့ တူနီးရှားတော်လှန်ရေးဟာ ဆက်သွယ်ရေးနည်းပညာ ခေတ်ပြောင်းမှုရဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားခဲ့ရတာဖြစ်ပြီး ဒီအချက်ကြောင့် သူတို့ရဲက လှုပ်ရှားမှုတွေကို ကောင်းစွာ စည်းရုံး၊ ကောင်းစွာ ညှိနှိုင်း နိုင်စေရုံသာမကပဲ သူတို့ကို တစ်ကမ္ဘာလုံးက ထိထိမိမိ အာရုံစိုက် သတိပြုမိစေခဲ့ပါတယ်၊ ကျဆုံးမှု(သေဆုံးမှု) တစ်ခုတိုင်းသာမကပဲ ထိခိုက်ဒဏ်ရာရမှု တစ်ခုတိုင်းကိုပါ မိနစ်ပိုင်းအတွင်း ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့ကြပါတယ်” ဟု သူမက သုံးသပ်ပြောကြားသည်။

အလှစိုက်ပန်းအိုးတစ်အိုးဖြင့် ရိုးရှင်းစွာ ပြင်ဆင်ထားသော အခန်းတွင်း၌ လိမ္မော်ရောင်ဘလောက်စ် အင်္ကျီ ဝတ်ဆင်ကာ စကားပြောဆို နေသော သူမက “အခုဆိုရင် လစ်ဗျားမှာ၊ ဆီးရီးယားမှာ၊ ယီမင်မှာ တော်လှန်ဆန္ဒပြသူတွေ ဟာ အာဏာရှိသူတွေရဲ့ ရက်စက်မှုတွေနဲ့ ဆက်သွယ်ရေး နည်းပညာတွေရဲ့ ကူးလူးဆက်သွယ်မှုကို ကမ္ဘာက သိအောင် လုပ်ခဲ့ကြပါပြီ” ဟုလည်း ဆိုသည်။

မြန်မာတို့၏ ၁၉၈၈ ခုနှစ်က တော်လှန်ရေးသည် အကယ်၍သာ ဖြစ်ပျက်သမျှကို ကမ္ဘာက မြင်တွေ့ကြမည် ဆိုပါက အောင်မြင်မှုရနိုင်သည်ဟု အမေးအဖြေပြုလုပ်စဉ် သူမက ပြောကြားသည်။ ဆက်သွယ်ရေး ခေတ်ပြောင်းမှုကြောင့် တူနီးရှားမှာ အများကြီး ကွဲပြားခြားနားသွားတာကို တွေ့ရပါတယ်၊ မြန်မာနိုင်ငံရဲ့ ၁၉၈၈ တော်လှန်ရေးဟာ ရက်ရက်စက် စက် နှိမ်နင်းခံရမှုအပိုင်းမှာ အများကြီး ပိုဆိုးခဲ့ပေမယ့် လူမသိသူမသိ အဆုံးသတ်        ခဲ့ရပါတယ် ဟု သူမက ထုတ်ဖော် မှတ်ချက် ပေးသည်။

ဒီလိုပစ်ခတ်မှုနဲ့ ဒီပုံရိပ်တွေကို ကမ္ဘာတလွှားက မမြင်ရတဲ့ကိစ္စဟာ ဒီလောက်တောင် အချိန်တွေကြာနေရတဲ့ ကျွန်မတို့ တော်လှန်ရေး လမ်းကြောင်းကို အများကြီးသက်ရောက်မှု ရှိခဲ့ပါတယ်ဟု သူမက ဆိုသည်။ တူနီးရှားနဲ့ မြန်မာနိုင်ငံ မှာဆိုရင် လူထုအုံကြွတော်လှန်မှုတွေမှာ လူငယ်လူရွယ်တွေဟာ အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေပါတယ်ဟု သူမက ပြောကြားကာ မြန်မာနိုင်ငံမှ ရက်ပါ (Rapper) လူငယ်များ၏ ဩဇာ လွှမ်းမိုးမှုကို သူမက ဩဘာပေးလိုက်သည်။ လွတ်လပ်ခွင့်ကို ယုံကြည်တဲ့သူတွေအတွက် ဖိနှိပ်ချုပ်ချယ်မှုနဲ့ တရားမမျှတမှုကို အညံ့မခံတော့ဘူး ဆိုတဲ့ အနာဂတ်ကို Rapper လူငယ်တွေက ကိုယ်စားပြုနေပါတယ်ဟု သူမက ဆက်လက်ပြောကြားသည်။

        တိုက်ရိုက် ရိုက်ကူးရေးအစီအစဉ်တွင်မူ BBC ကမ္ဘာ့ရေးရာအယ်ဒီတာ John Simpson နှင့် အတူတကွ ဆွေးနွေးခဲ့သော ဒေါ်အောင်ဆန်း စုကြည်က သူမ၏ဆွေးနွေးဟောပြောမှုကို အသံလွှင့်ခြင်းအားဖြင့် သူမသည် ဆက်သွယ်ရေး လွတ်လပ်ခွင့် ကိုယ်ပိုင်အခွင့်အရေးကို ကျင့်သုံးခဲ့သည်ဟု ပြောကြားသည်။

အစိုးရဆန့်ကျင်သူ အတိုက်အခံတစ်ဦးဖြစ်သော သူမက NLD ဌာနချုပ်မှ သူမ၏ လုပ်ဖော်ကိုင်ဖက်များ၏ မျှော်လင့်ယုံကြည်မှုအကြောင်းကို ပြောသည်။ ခိုင်မာတဲ့ယုံကြည်ချက်ဟာ သူတို့ရဲ့ လက်နက်ပါပဲ၊ စိတ်အားထက်သန်မှု ဟာ သူတို့ရဲ့ သံချပ်ကာအင်္ကျီပါပဲ၊ အစိုးရကို ဆန့်ကျင်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ကိုယ့်လမ်းကို ကိုယ်ရွေးခဲ့ ကြတာဆိုပေမဲ့ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ချခဲ့ကြတာမဟုတ်ပါဘူး၊ ကျွန်မတို့ဟာ ဆင်းရဲဒုက္ခကို မခံစားချင်သလို ဒုက္ခကို သုခထင်နေသူတွေလည်း မဟုတ်ပါဘူးဟု သူမက ဆိုသည်။

စိတ်အားတက်ကြွဖွယ်ရာ ဆွေးနွေးဟောပြောမှုတွင် သူမက ချက်အတိုက်အခံခေါင်းဆောင် ဗဲကလက်ဟားဗယ်၊ အင်္ဂလိပ်ကဗျာဆရာ ဝီလျံ ဟင်နလေ၊ ရုရှားကဗျာဆာ အီရီနာရက်တူရှင်ကို တို့၏ စကားလုံးများကို ကိုးကားသုံးစွဲခဲ့ပြီး ရုဒ်ယက်ကစ်ပလင်၏ Fairies Siege ကဗျာမှ စာကြောင်းများဖြင့် အဆုံးသတ်နိဂုံးချုပ်ထားသည်။ ဇူလိုင် ၅ ရက်တွင် ထုတ်လွှင့်မည့် ဒုတိယဟောပြော ဆွေးနွေးမှုအစီအစဉ်၌ သူမ၏ NLD ပါတီနှင့် သဘောထား ဆန့်ကျင် ရပ်တည်နေသော အင်အားစုများ၏ အကြောင်းကို ပြောကြားမည်ဟု သိရသည်။

 *******************************************************************************************

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာသို့ အလည်အပတ် သွားမည်

(AFP သတင်းမှ 19 June, 2011 ရက်စွဲပါ “India’s Foreign minister to visit Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေး သုံးသပ်ရန်အတွက် အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး S.M Krishna သည် တနင်္လာနေ့တွင် ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်ကြောင်း ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခု ခရီးစဉ်သည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ အာဏာ သိမ်းထားသည့် တပ်တော်က မတ်လတွင် ဟန်ပြ အာဏာ လွှဲပေးလိုက်သော နာမည်ခံ အရပ်ဖက် အစိုးရအဖွဲ့သစ်နှင့် အိန္ဒိယနိုင်ငံတို့၏ ပထမဆုံးအကြိမ် အဆင့်မြင့် တွေ့ဆုံမှု တစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် 1990 ခုနှစ်များ အလယ်ခန့်တွင် မြန်မာတပ်မတော် အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့ပြီး စတင်၍ မျက်နှာချိုသွေး ပေါင်းသင်းခဲ့ခြင်းမှာ လုံခြုံရေး၊ စွမ်းအင်နှင့် မဟာဗျူဟာမြောက် ဦးစားပေးရမည့် ကိစ္စများ အရေးပါ ရှေ့တန်းရောက်လာသောကြောင့် ဖြစ်သည်။

ထို့အပြင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ထိပစ်နေသော နယ်စပ်တစ်လျှောက်မှ အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို တန်ပြန် တိုက်ခိုက်ရန် အတွက် မြန်မာ့ တပ်မတော်၏ အကူအညီကို လိုအပ် နေသည့်အပြင် မြန်မာနိုင်ငံ အတွင်းမှ ရေနံနှင့် ဓာတ်ငွေ့သိုက်များ၊ ရေအားလျှပ်စစ် စီမံကိန်းများ ကို လည်း လှမ်းမျှော် ကြည့်ရှုလျက် ရှိသည်။

ဤမျှသာ မကသေးပဲ မြန်မာနိုင်ငံတွင် တရုတ်တို့၏ သြဇာ လွှမ်းမိုးမှု ကြီးထွားလာခြင်း ကိုလည်း တန်ပြန်၊ တုန့်ပြန်လိုသည့် အာသီသ ရှိနေသည်။ “Mr. Krishna နှင့် နိုင်ငံခြားရေး အတွင်းဝန် Nirupama Rao တို့သည် မြန်မာနိုင်ငံနှင့် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး သုံးသပ်မှုများ ပြုလုပ်ရန်နှင့် မြန်မာ အစိုးရ အဖွဲ့သစ်၏ ရှုမြင်ပုံနှင့် ဦးစားပေး ကိစ္စရပ်များကို ကောင်းစွာ သိရှိ ခံစားနိုင်ရန် အတွက် ယင်းတို့နှင့် အဆင့်တူ မြန်မာ တာဝန်ရှိသူများနှင့် တွေ့ဆုံကြလိမ့်မည်” ဟု အိန္ဒိယအစိုးရ တာဝန်ရှိသူ တစ်ဦးက သတင်းထောက် များကို ပြောကြားခဲ့သည်။

*********************************************************************************

မြန်မာနယ်စပ် ပဋိပက္ခသည် တရုတ်နှင့် ဆက်ဆံရေး ရှုပ်ထွေးမှု ဖြစ်ရန် ခြိမ်းခြောက်

(21 June 2011 ရက်စွဲပါ The Christian Science Monitor မှ Simon Montlake ရေးသားသော Burma (Myanmar) brrder conflict threatens to complicate ties with China ကို ဘာသာ ပြန်ဆိုသည်)

တရုတ်တို့ လုပ်ကိုင်နေသော ရေအားလျှပ်စစ် ရေကာတာ အနီးတွင် နှစ်ပတ်ခန့် ရှိနေပြီဖြစ်သော မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား သူပုန်များ ကြား တိုက်ပွဲများသည် ပြဿနာများသော မြန်မာနယ်စပ်တွင် တရုတ်တို့၏ စွမ်းအင်နှင့် ပတ်သက်သော အကျိုးစီးပွား တိုးတက်လာမှု အပေါ် မီးနီ ပြလိုက်ခြင်းပင် ဖြစ်သည်။

တရုတ် လျှပ်စစ် ကုမ္ပဏီများသည် အဆိုပါ ဒေသတွင် တရုတ် တောင်ပိုင်းသို့ လျှပ်စစ်မီး ပေးရန် ရေကာတာများ ဆောက်လုပ်လျက် ရှိခြင်း ကြောင့် Beijing သည် ကချင်ပြည်နယ်တွင် ဖြစ်ပွား နေသော တိုက်ပွဲများ ငြိမ်းချမ်းစွာ အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။ နောက်ဆုံး တိုက်ပွဲများမှာ ဇွန်လ (၉)ရက်က စတင် ဖြစ်ပွားခြင်း ဖြစ်ပြီး၊ တရုတ်တို့ လုပ်ကိုင်နေသော ရေကာတာအား မြန်မာ စစ်တပ်က အကာအကွယ် ပေးခြင်းမှ အစပြု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အရပ်သား ထောင်ပေါင်းများစွာ သည် ထိုအရပ်ကို စွန့်ခွာ ထွက်ပြေးခဲ့ကြပြီး အချို့မှာ တရုတ်ပြည်သို့ ထွက်ပြေးခဲ့ကြောင်း ပြည်ပရောက် မြန်မာ မီဒီယာများနှင့် ဘန်ကောက်ရှိ အနောက်နိုင်ငံ သံတမန်များက ပြောသည်။

သုံးသပ်သူများက ပြောကြားရာတွင် တရုတ်သည် မြန်မာနိုင်ငံမှ စွမ်းအင်များ၊ လုံခြုံစိတ်ချစွာ ရရှိရေးနှင့် နယ်စပ်တွင် ပဋိပက္ခများ ကြီးထွား လာမှုအား စိုးရွံ့ခြင်း နှစ်ခုကြားတွင် ကြားညှပ်လျက် ရှိသည် ဟု ဆိုသည်။ ယခု ပဋိပက္ခသည် ဧပြီလက စ၍ အာဏာ ယူခဲ့သော မြန်မာနိုင်ငံ၏ အရပ်သားတစ်ဝက် အစိုးရ အတွက် စိန်ခေါ်မှု တစ်ခုပင် ဖြစ်သည်။ ယခု အစိုးရသည် အတိုက်အခံများ၏ အသံများကို လျစ်လျူရှုပြီး ပြီးခဲ့သည့် နိုဝင်ဘာ လက ကျင်းပခဲ့သော အငြင်းပွားဖွယ် ရွေးကောက်ပွဲဖြင့် အာဏာရ လာသော အစိုးရ ဖြစ်သည်။ ကချင် လွတ်လပ်ရေးတပ်မတော် KIA သည် အစိုးရ၏ နယ်ခြားစောင့်တပ် ပြုလုပ်ရန် အစီအစဉ်ကို ငြင်းဆန်သူ ဖြစ်သည်။ ယင်း၏ နိုင်ငံရေး လက်တံ တစ်ခု ဖြစ်သော ကချင် လွတ်မြောက်ရေးအဖွဲ့ KIO သည် 1994 ခုနှစ်က အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့သော်လည်း ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရခဲ့ပေ။

မြန်မာတပ်များ အမှန်တကယ် ဘာကို အလိုရှိသနည်း။

ထိုင်းနိုင်ငံ အခြေစိုက် Kachin News Group မှ လဖိုင်နော်ဒင်က ပြောကြားရာတွင် မြန်မာ စစ်တပ်၏ နောက်ကွယ်မှ အကြောင်းအရာမှာ ရေကာတာ ဧရိယာမှ ကချင်များကို မောင်းထုတ်ပြီး သိမ်းပိုက်ရေးပင် ဖြစ်ကြောင်း ပြောခဲ့သည်။ “ဒါဟာ လှည့်စားမှု တစ်ခုပါပဲ။ သူတို့ဟာ ရေကာတာ ဧရိယာကို သိမ်းပိုက် ထိန်းချုပ်ဖို့ပါပဲ”ဟု ယင်းက ပြောသည်။

ရေအားလျှပ်စစ် စက်ရုံသည် ဧရာဝတီမြစ် အဖြစ် ပေါင်းဆုံမည့် မြစ်ပေါ်တွင် တည်ရှိပြီး ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ တနံတလျား ဖြတ်သန်းပြီး အိန္ဒိယ သမုဒ္ဒရာ အတွင်းသို့ စီးဝင်သည်။ ပြီးခဲ့သည့် မတ်လက KIO သည တရုတ် အစိုးရသို့ စာရေးသား ပေးပို့ခဲ့ရာ ဧရာဝတီမြစ် အပေါ်ပိုင်းတွင် ရေကာတာ တည်ဆောက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် ထိုဒေသရှိ KIA များကို မြန်မာ စစ်တပ်က တိုက်ခိုက်လာနိုင်သည့် အရေးများကို ထည့်သွင်း ဖော်ပြခဲ့သည်။

“ယခု ရေအားလျှပ်စစ် စီမံကိန်းနှင့် ရေကာတာကြောင့် စစ်ဖြစ်လာခဲ့ပါက KIO တွင် တာဝန် မရှိပါ” ဟု အဆိုပါတွင် ဖော်ပြထားသည်။ ယခု ကချင်ပြည်နယ်မှ တိုက်ပွဲများသည် သမ္မတ ဦးသိန်းစိန် အတွက် အရေးကြီးသော အချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဦးသိန်းစိန်သည် ယင်း၏ သမ္မတ သစ် မိန့်ခွန်းတွင် တိုင်းရင်းသားများနှင့် ပတ်သက်၍ ပေါင်းစည်း ညီညွတ်ရေး လေသံ ပစ်ခဲ့သော်လည်း မည်သည့် ခိုင်မာသော မူဝါဒမျှ အကောင် အထည် ဖော်ခြင်း မရှိသေးပေ။ အချို့ ကချင်များက ငြင်းချက်ထုတ်ရာတွင် အစိုးရသစ်သည် ယခင် စစ်အစိုးရနှင့် ဘာမျှ မထူးကြောင်း ညှိနှိုင်းခြင်းထက် စာလျှင် ထိပ်တိုက် ရင်ဆိုင်ရေးကိုသာ အလေးထားကြောင်း ဆိုသည်။

မြန်မာ အစိုးရပိုင် မီဒီယာက ပြောကြားရာတွင် KIA သည် တာပိန် ရေကာတာ နေရာမှ ဆုတ်ပေးရန် ငြင်းဆန်ကြောင်း၊ အထပ်ထပ် သတိပေး သော်လည်း လိုက်နာခြင်း မရှိပဲ ဓာတ်အားလိုင်း များနှင့် တံတားများကို လက်နက်ကြီးများနှင့် ပစ်ခတ်ကြောင်း ဖော်ပြခဲ့သည်။ တရုတ် အလုပ်သမား နှစ်ရာကျော် ပြန်သွားပြီး စက်ရုံ ပိတ်ထားရခြင်းကြောင့် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးမားသော ဆုံးရှုံး မှု ဖြစ်ကြောင်း အစိုးရ မီဒီယာက ဖော်ပြခဲ့သည်။

ပြည်ပရောက် မီဒီယာ အုပ်စုများက သတင်း ထုတ်ပြန်ရာတွင် မကြာသေးမှီ ရက်များက နှစ်ဖက်ကြား ငြိမ်းချမ်းရေး စကားပြောနေချိန်တွင် တိုက်ပွဲများ ခေတ္တ ရပ်သွားခဲ့သော်လည်း တနင်္လာနေ့က တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ စစ်တပ်သည် အင်အား ဖြည့်တင်းမှု များခဲ့ ကြောင်း ကချင်များက ဆိုခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ KIA ကိုယ်စားလှယ်များနှင့် ဆက်သွယ်ရန် ကြိုးစားမှုများ မအောင်မြင်ဟု ဆိုသည်။

ယခု ကချင်ပြည်နယ်မှ တိုက်ပွဲများတွင် မည်သူ အမိန့်ပေးသည် ဆိုသည်မှာ ရှင်းလင်းစွာ မသိရသည့် အချက် ဖြစ်သည်။ KIO တာဝန်ရှိသူ တစ်ဦးက ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် တိုက်ခိုက်ရန် အမိန့်ကို နေပြည်တော်မှ လာသည်ဟု ယင်းက မယုံကြည်ဟု ဆိုသည်။ နိုင်ငံခြား သံတမန်များက ပြောကြားရာတွင် ဦးသိန်းစိန်သည် ယင်း၏ အာဏာ အခြေခိုင်ရေးကို ကြိုးစားလျက် ရှိရာ တပ်မှူးများထံမှ ဆန့်ကျင်မှုများကို ကြုံတွေ့ နေရပုံ ရသည်ဟု ဆိုသည်။

တရုတ်နှင့် သတိထားရမည့် ဆက်ဆံရေး

ပြီးခဲ့သည့် လက ယင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် မြန်မာနိုင်ငံကို ဖြတ်၍ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း ဖောက်နေသော တရုတ်နိုင်ငံသို့ အလည်အပတ် သွားခဲ့သည်။ 2009 သြဂုတ်လက တိုင်းရင်းသား သူပုန်အုပ်စု အသေးလေးအား နှိမ်နှင်းခဲ့ရာ ဒုက္ခသည် 30000 ကျော် တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့သည်။ ယခု အင်အား 8000 ခန့်ရှိ KIA နှင့် စစ်မက် ဖြစ်ပွားခဲ့ပါက ဒုက္ခသည်များ ပိုမိုလာနိုင်သည်။

နော်ဒင်က ပြောကြားရာတွင် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ မအောင်မြင်ခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာ အစိုးရ ကိုယ်စား လှယ် များတွင် အခွင့်အာဏာ အပြည့်အ၀ မရှိခြင်း ကြောင့်ဟု ဆိုသည်။ ယင်းက ပြောကြားရာတွင် အပစ်အခတ် ရပ်စဲရန်မူ ဖြစ်နိုင်ကြောင်း၊ သို့သော် နိုင်ငံရေးအရ ဆွေးနွေးမှုများ မရှိလျှင် အချိန်မရွေး စစ်ဖြစ်နိုင်သည့် အခြေအနေတွင် ရှိနေဦးမည် ဖြစ်ကြောင်း ဆိုသည်။

ရေကာတာ စီမံကိန်းသည် စွမ်းအင်အတွက် သန့်ရှင်းသော အရင်းအမြစ် တစ်ခု ဖြစ်နေချိန်တွင် မြန်မာ နိုင်ငံအပေါ် တရုတ်၏ အလောင်း အစားကြီး နှစ်ခုမှာ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုပင် ဖြစ်သည်။ ထိုပိုက်လိုင်းများ တရုတ်ပြည်သို့ ရောက်ရှိရေး အတွက် KIA နှင့် အခြား သူပုန် အုပ်စုများ ထိန်းချုပ်ရာ နယ်မြေများ နယ်စပ်သို့ ဖြတ်သွားရမည် ဖြစ်သည်။

အမေရိကန် အခြေစိုက် Earth Rights International မှ အကြံပေး တစ်ဦးဖြစ်သူ Matthew Smith က ပြောကြားရာတွင် စီစဉ်ထားသော ပိုက်လိုင်း လမ်းကြောင်းများသည် ယခု တိုက်ပွဲများ ဖြစ်သော ဒေသ၏ တောင်ဖက်မှ ဖြတ်သွားသည်ဟု ဆိုသည်။ ယင်းဖြတ်သန်းမည့် နောက်ထပ် ဧရိယာ မှာလည်း KIA ထိန်းချုပ်ထားသော နေရာ တစ်ခု ဖြစ်ကြောင်း သတိပေးခဲ့သည်။ “ဒီလိုအချိန်မှာ စစ်ဖြစ်နေတဲ့ ဇုန်မှာ ပိုက်လိုင်းတွေချဖို့ စီစဉ်တာ ကတော့ စီးပွားရေးအရ တော်တော်တုံးတဲ့ အကြံဥာဏ်ပါပဲ” ဟု ယင်းက ဆိုသည်။

*******************************************************************************************

အယ်ဇဝါဟီရီကို အိုစမာနေရာဆက်ခံသူအဖြစ် အယ်လ်ကေးဒါးကြေညာ

(AFP သတင်းကိုဘာသာပြန်ဆိုသည်။)

အမေရိကန်အထူးတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် သေဆုံးသွားသူ အကြမ်းဖက်ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်၏ နေရာကို အေမန် အယ်လ်ဇဝါဟီရီ ဝင်ရောက်မည်ဖြစ် ကြောင်း အယ်လ်ကေးဒါး အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပြီး အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေး နိုင်ငံ တို့အား ဂျီဟတ် မြင့်မြတ်စစ်ပွဲများဆင်နွှဲသွားမည် ဖြစ် ကြောင်း သတိပေးလိုက်သည်။

"အယ်လ်ကေးဒါးအဖွဲ့၏ အထွေထွေကွပ်ကဲရေးအဖွဲ့အနေဖြင့် အိုစမာဘင်နေရာဝင်ရောက်မည့်သူကို စိစစ်ရွေးချယ်မှု ပြုလုပ်ပြီးနောက် အေမန်အယ်လ်ဇဝါဟီရီအား အယ်ကေးဒါးခေါင်းဆောင်အကြီးအကဲအဖြစ် တင်မြှောက် လိုက်ခြင်း ဖြစ်သည်" ဟု ဂျီဟတ်ဝါဒီများကွန်ယက်အဖွဲ့က အစ္စလာမ္မစ် ဝက်ဆိုက်တွင် ကြေညာချက် ထုတ်ပြန်သည်။

အေမန်အယ်လ်ဇဝါဟီရီသည် အယ်လ်ကေးဒါးအဖွဲ့၏ နံပါတ် ၂ ခေါင်းဆောင်နေရာကို ကာလကြာရှည်စွာ ရယူခဲ့သူဖြစ်ပြီး မေလ ၂ ရက်နေ့က အမေရိကန်တပ်ဖွဲ့ဝင်များလက်ချက်ဖြင့် သေဆုံးသွားသူ ခေါင်းဆောင်ကြီး အိုစမာ ဘင်လာဒင်နေရာကို ဆက်ခံရရှိပြီဖြစ်ကြောင်း အဆိုပါ ကွန်ယက်ကဆိုသည်။ ထို့ပြင် ဇဝါဟီရီ၏ ခေါင်းဆောင်မှု အောက်တွင် ရှိမည့် အယ်လ်ကေးဒါးအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးနိုင်ငံတို့ အပေါ် 'ဂျီဟတ်' မြင့်မြတ်စစ်ပွဲ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။ "ကျွန်ုပ်တို့သည် အလ္လာအရှင်မြတ်၏ အကူအညီကိုရယူကာ စစ်မှန်သော ဘာသာရေးတစ်ရပ်ပေါ်ထွန်းရေးနှင့် ကျွန်ုပ်တို့နိုင်ငံတော် ကာကွယ်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်သည်။ ယင်းသို့တိုက်ပွဲဝင်ရာတွင် မတရား ကျူးကျော် ဝင်ရောက်သူများနှင့် ၎င်းတို့ကို ဦးဆောင်သည့် အမေရိကန်နှင့် အပါးစေ အစ္စရေးတို့အပေါ် မြင့်မြတ်သော ဂျီဟတ်စစ်ပွဲများ ဆင်နွှဲ ကာ အစ္စလာမ္မစ်မြေပေါ်မှ ကျူးကျော်သူတပ်ဖွဲ့ဝင်များထွက်ခွာသွားသည်အထိ တိုက်ခိုက်သွားမည်ဖြစ်သည်" ။

ထို့ပြင် မွတ်စလင်ပြည်သူများအပေါ် ဖိနှိပ်ချုပ်ခြယ်သည့် အာဏာရှင်စနစ်များကို တွန်းလှန်သော အရေးတော်ပုံ များကို အယ်လ်ကေးဒါးနှင့် ဂျီဟတ် ကွန်ယက်အဖွဲ့က ထောက်ခံကြောင်းဖော်ပြသည်။ "အီဂျစ်၊ တူနီးရှား၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ မော်ရိုကိုတို့မှ မွတ်စလင်နိုင်ငံတော်ကို ညစ်နွမ်းအောင် ပြုလုပ်ပြီး မွတ်စလင်ပြည်သူများအပေါ် ဖိနှိပ် ချုပ်ခြယ်သော အာဏာရှင်များ တော်လှန်ရေးများကို ကျွန်ုပ်တို့က ထောက်ခံ အားပေးသည်" ဟု ကြေညာသည် ။

အာရပ်ကမ္ဘာနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံအချို့တွင်ပြီးခဲ့သည့် ဒီဇင်ဘာလကမှစပြီး အာဏာရှင် တော်လှန်ရေးများ ပေါ်ပေါက်ခဲ့ရာ အီဂျစ်နှင့် တူနီးရှားတို့၌ အောင်မြင်မှုရရှိခဲ့သည်။ သို့သော် လစ်ဗျားနိုင်ငံ ခေါင်းဆောင် ကဒါဖီနှင့် ဆီးရီးယားခေါင်းဆောင် ဘရှာအယ်လ်အဆတ်တို့မှာ ယခုချိန်ထိ ဆန္ဒပြမှုများအပေါ် လက်နက်အင်အားသုံး တိုက်ခိုက်ခုခံနေဆဲ ဖြစ်သည်ကိုတွေ့ရသည်။

အဆိုပါ လူထုအုံကြွမှုများနှင့် ဆန္ဒပြမှုများကို အနောက်အုပ်စုက မြှောက်တင်ပေးလိုက်သည့် အာဏာရှင် အစိုးရများ ပြုတ်မကျသေးသရွေ့ ဆက်လက်ဆောင်ရွက်သွားရန်လည်း အယ်လ်ကေးဒါးကတိုက်တွန်းသည်။ ယခု အယ်လ်ကေးဒါးခေါင်းဆောင်အဖြစ် တင်မြှောက်လိုက်သော အသက် ၆၀ အရွယ်၊ အီဂျစ်လူမျိုးအယ်လ်ဇဝါဟီရီသည် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်အကြမ်းဖက်မှုဖြစ်ပေါ်ပြီးနောက် အမေရိကန်ပြည်ထောင်စုက အကြမ်းဖက် နှိမ်နင်းရေး စစ်ကြေညာခဲ့သည့် အချိန်မှစ၍ ပုန်းခိုနေခဲ့သူဖြစ်သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုက အလိုအရှိဆုံးသူ တစ်ဦး ဖြစ်သော ဇဝါဟီရီသည် ၁၉၈၁ ခုနှစ်၊ အီဂျစ် သမ္မတ အန်ဝါအဆတ်အား လုပ်ကြံသတ်ဖြတ်မှု နှင့် ၁၉၉၇ ခုနှစ် Luxor မြို့တွင် တိုးရစ်များအား သတ်ဖြတ်မှု တို့တွင် ပါဝင်ပတ်သက်ခဲ့ခြင်း၊ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်းတို့ဖြင့်

အီဂျစ်တွင် ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရဖူးသည်။ ၁၉၈၀ ပြည့်နှစ်များအတွင်း သေဒဏ်ကျခံရမည့် အရေးကိစ္စနှင့် ကြုံတွေ့ရ သောအခါ ဆော်ဒီ အာရေဗျသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် မကြာမီ ကာလအတွင်းပါကစ္စတန် အနောက်မြောက်ဘက်ရှိ ပတ်ရှ်ဝါသို့ သွားရောက်ကာ အယ်လ်ကေးဒါးနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

************************************************************************************

နယ်မြေပိုင်နက်ထဲသို့ ဝင်ရောက်မစွက်ဖက်ရန် တရုတ်ပြည်ကို ဖိလစ်ပိုင်သတိပေး

(AP သတင်းကိုဘာသာပြန်ဆိုသည်)

တောင်တရုတ်ပင်လယ်ပြင်အတွင်းရှိ စပရက်တလေကျွန်း နယ်နမိတ်ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသော အငြင်းပွားမှုတွင် ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမှုကို ငြိမ်ခံနေမည်မဟုတ်ကြောင်း ဖိလစ်ပိုင်နိုင်ငံသမ္မတ ဘန်နီဂို အကွီနို (၃) က အာမခံပြောဆိုလိုက်သည်။ သို့သော် နယ်နိမိတ်ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနှင့် အငြင်းပွားနေသော နေရာများအတွင်း ရေနံတူးဖော်ရှာဖွေမှုများကို ရပ်ဆိုင်းမည်ဖြစ်သည်ဟု ၎င်းက ကြေညာသည်။

Associated Press နှင့်ပြုလုပ်သော အင်တာဗျူးတွင် သမ္မတအာကွီနိုက တရုတ်နိုင်ငံအပေါ် တော်လှန်သည့် စကားသံဖြင့်ပြောဆိုခဲ့ပြီး ဖိလစ်ပိုင် အနေဖြင့် ဖိအားပေးနှိပ်ကွပ်မှုများအပေါ် သည်းခံမည်မဟုတ်ကြောင်း သတိပေးလိုက် သည်။ ဖိလစ်ပိုင်အစိုးရ အနေဖြင့် Palawan ပြည်နယ် အနောက်ဘက်၊ မိုင် ၈၀ အကွာအဝေးရှိ Reed Bank အနီးတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်မှုများ လုပ်ကိုင်ပြီးစီးသွားပြီဖြစ်ကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိမှု အလားအလာမှာ လွန်စွာကောင်းမွန်ကြောင်း ၎င်းကဆိုသည်။

သို့သော် တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်ကိစ္စနှင့်ပတ်သက်ပြီးထပ်မံဖြစ်ပေါ်လာမည့်တင်းမာမှုများကို မည်သို့မည်ပုံပြင်ဆင်ထားသည် ဟူသော အချက်အား ၎င်းကထုတ်ဖော်ပြောဆိုရန်ငြင်းဆန်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကမူ အငြင်းပွားစရာဖြစ်နေသည့် အဆိုပါ ဒေသတွင် တရုတ်နိုင်ငံကယနေ့အချိန်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ စမ်းသပ်တူးဖော်မှုများမပြုလုပ်ရသေးကြောင်း၊ ဘေဂျင်းအစိုးရ၏ခွင့်ပြုချက် မပါဝင်ဘဲ ယင်းဒေသများ၌ စမ်းသပ်တူးဖော်မှုများ မပြုလုပ်ရန်သတိပေးလိုကြောင်း ပြောဆိုသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်အတွင်း အခြားသောနိုင်ငံများနှင့် အကျိုးတူပူးပေါင်းပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်မှုများ ပြုလုပ်လိုကြောင်း သဘောထား ထုတ်ပြန်ထားသည်။

ဖိလစ်ပိုင်သမ္မတအာကွီနိုကမူ "ကျွန်တော်တို့နိုင်ငံကို အမိန့်ပေးတာတို့၊ သြဇာပေးတာတို့လုပ်လို့မရပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ဖိလစ်ပိုင်ဟာ အခြား သော နိုင်ငံများနဲ့ နှိုင်းယှဉ်ရင် နိုင်ငံငယ်လေး တစ်နိုင်ငံဖြစ်လို့ပါပဲ" ဟု ဆိုသည်။ "ကျွန်တော်တို့နိုင်ငံပိုင်နက်ထဲကို ဝင်ရောက်မကျူးကျော်ပါနဲ့လို့ အခိုင်အမာ ပြောဆိုခွင့်ရှိတဲ့ အနေအထားတွေ ကျွန်တော်တို့ ဖိလစ်ပိုင်နိုင်ငံမှာရှိပါတယ်" ။

***********************************************************************************

တောင်တရုတ် ပင်လယ် ပြဿနာနှင့် ဝေးဝေးနေရန် အမေရိကန်ကို တရုတ် သတိပေး

(Associated Press မှ 22 June, 2011 ရက်စွဲပါ “China warns US to keep out of S.China Sea dispute” သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်တရုတ် ပင်လယ်ပြင်မှ ပိုင်နက် အငြင်းပွားမှု ပြဿနာများတွင် ဘီဂျင်းအား အခြား နိုင်ငံများက ရန်စ နေခြင်းကို ထိန်းချုပ်ရန် တရုတ် နိုင်ငံ က အမေရိကန်ပြည်ထောင်စုကို ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းလိုက်ပြီး မလိုလားအပ်သော ပြဿနာ အရှုပ်အထွေးထဲတွင် ၀င်ရောက်ပတ်သက်ရန် ၀ါရှင်တန်က စွန့်စားနေသည်ဟု သတိပေး ပြောဆိုလိုက်သည်။

တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကွီကျန်ကိုင်က အမေရိကန် ပြည်ထောင်စုအနေဖြင့် အချိန် ကြာနေပြီ ဖြစ်သော ပြဿနာများနှင့် ဝေးဝေး ရှောင်နေလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်ဟု ပြောကြားလိုက်သော်လည်း ကုန်သွယ်ကူးသန်းမှုတွင် အသက်တမျှ အရေးပါသော ပင်လယ် ရေလမ်းကြောင်း များ၏ လွတ်လပ်ခွင့် အနေအထားကို ၀ါရှင်တန်က စိတ်ဝင်စားခြင်းကို အသိအမှတ် ပြုကြောင်း ပြောဆိုခဲ့သည်။

“တကယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ နေရာဝင်ယူချင်တဲ့ ဆန္ဒ မရှိဘူးဆိုရင် ရန်စတဲ့ အပြုအမူ မကြာခဏ လုပ်နေတဲ့ ဒီနိုင်ငံတွေကို စိတ်ရှည်ကြဖို့ တိုက်တွန်း အကြံပေးရမှာပါ။ တကယ်တော့ ဒီနိုင်ငံတွေဟာ မီးနဲ့ ကစားနေကြတာပါ။ အမေရိကန် ပြည်ထောင်စုကို ဒီမီး ကူးစက် မသွား လောက်ဘူးလို့ ကျွန်တော် မျှော်လင့်ပါတယ်”ဟု ကွီကျန်ကိုင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

တောင်တရုတ် ပင်လယ်မှ ကျွန်းစုများ၊ သောင်ခုံများ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြိုင်ဆိုင် ငြင်းခုန်မှုများကြောင့် ဆယ်စုနှစ် များစွာ တင်းမာနေမှု များသည် ယခု သီတင်းပတ်များအတွင်း ကြီးထွား လာခြင်း ဖြစ်သည်။ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့က ယင်းတို့ ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ဧရိယာများ ထဲသို့ တရုတ်တို့ ကျူးကျော် ရန်စခြင်းကို အထောက်အထားဖြင့် ကိုးကား စွပ်စွဲခဲ့ကြပြီး ဘီဂျင်းကလည်း အခြား နိုင်ငံများ၏ ရန်စသည့် အပြု အမူကို တုန့်ပြန် စွပ်စွဲလျက် ရှိသည်။

ကွီကျန်ကိုင်က အမည် မဖော်ပြသော နိုင်ငံများ၏ ပိုင်နက် သိမ်းယူမှုများ၊ ရေနံ နှင့် ဓာတ်ငွေ့ တူးဖော်မှုများ၊ တောင်တရုတ် ပင်လယ် ရေလုပ်သားများကို အန္တရာယ်ဖြစ်စေမှုများကို စွပ်စွဲ ပြောကြားသည်။ သို့သော် ယင်းက နိုင်ငံ တစ်နိုင်ငံကိုသာ ရည်ညွှန်းခြင်း ဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် ပဋိပက္ခ မဖြစ်အောင် တရုတ်က ရှောင်ရှားလိုကြောင်း နောက်ပိုင်းတွင် ဆက်လက် ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံဟာ ဘယ်နိုင်ငံနဲ့မှ စစ်ရေး ပဋိပက္ခဖြစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဗီယက်နမ် အပါအ၀င်ပေါ့ ဟု ယင်းက ဆိုသည်။

တရုတ်နှင့် နှစ်ပေါင်း ရာချီ ရန်ဖက်ဖြစ်ခဲ့သော ဗီယက်နမ်က အမေရိကန် ပြည်ထောင်စုကို ယခု ပြဿနာတွင် ပိုမို တက်ကြွစွာ ပါဝင်ရန် အားပေး တိုက်တွန်းလျက် ရှိသည်။ ထိုင်ဝမ်၊ ဘရူနိုင်း၊ မလေးရှား နိုင်ငံတို့လည်း ပါဝင်နေသော ပိုက်နက် အငြင်းပွားမှုတွင် ဘက်မလိုက်မိအောင် ၀ါရှင်တန် က ဂရုစိုက်ပြီး ကြိုးစားနေသည်။ သို့ရာတွင် ပြီးခဲ့သော နှစ် အတွင်းက ယုံကြည်မှု ပိုကဲလာသည့် အင်အားကြီး ဘီဂျင်းနှင့် ပတ်သက်၍ စိုးရိမ် ပူပန်စရာများ ရှိလာသောကြောင့် ၀ါရှင်တန်နှင့် ဗီယက်နမ်တို့၏ ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ဖြစ်ထွန်းလာခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဂရုတစိုက် မှတ်ချက်ပေး ထိုးနှက်လိုက်သော ကွီတန်ကိုင်က ဘီဂျင်းသည် ၀ါရှင်တန် ပါဝင် ပတ်သက်မှုကို မလိုလား သော်လည်း ဒေသတွင်း ၀ါရှင်တန်၏ စိတ်ဝင်စားမှုကို အသိအမှတ် ပြုသည်ဟု စကား လျှောချ၍ လေပြေထိုးသည်။ အာရှ ပစ္စဖိတ် ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ စနေနေ့တွင် ဟာဝိုင်ရီ၌ ပြုလုပ်မည့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နှင့် ဆွေးနွေး တိုင်ပင်မှု မတိုင်မှီ ကွီကျန်တိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

************************************************************************************

မြောက်ကိုးရီးယား က ပို၍ ရန်စတိုက်ခိုက်မည့် အလားအလာ ရှိကြောင်း အမေရိကန်တပ်မှူး ပြောကြား

(APP သတင်း မှ 20 Jun 2011 ရက်စွဲပါ “ US commander says more N. Kores attacks likely ” သတင်း ကို ဘာသာ ပြန်ဆိုသည်)

              မြောက်ကိုးရီးယားက တောင်ကိုရီးယား ကို ပိုမို ရန်စတိုက်ခိုက်မှုများ ပြုလုပ်ရန် အလားအလာ ရှိနေသော်လည်း အဆိုပါ ခြိမ်းခြောက်မှုကို တန်ပြန် တုန့်ပြန်ရန် ဆိုးလ် နှင့် ဝါရှင်တန်က ကောင်းစွာ ပြင်ဆင်ထားသည်ဟု တောင်ကိုးရီးယားရှိ အမေရိကန်တပ်မှူးက တနင်္လာနေ့တွင် ပြောကြား လိုက်သည်။

              “ကင်ဂျုံအီး အစိုးရ က သူတို့ လိုချင်တာရဖို့ အတွက် ပြဿနာကြီးအောင် လုပ်ချင်တဲ့ ဆန္ဒ ရှိနေတယ် ဆိုတာကို ထင်ထင်ရှားရှား တွေ့နေရ ပေမယ့် တောင်ကိုးရီးယား- အမေရိကန် မဟာမိတ်တပ်တွေက ကြိုတင် ပြင်ဆင်ထားပြီ လို့ ကျွန်တော် ယုံကြည်ပါတယ် ” ဟု ဗိုလ်ချုပ်ကြီး ဝေါ်လ်တာရှပ် က ဖိုရမ် တွင် ပြောကြားသည်။ ကျူးကျော်ရန်စမှု တန်ပြန်ရေး အစီအစဉ် နှင့် ပူးတွဲလေ့ကျင့်မှု တွေဟာ အရင်ကထက် ပိုပြီး အားကောင်းနေပါတယ်။ ပဋိပက္ခ ရဲ့ ကိစ္စရေးရာ အဝဝ ကို ပိုမို ထိရောက်စွာ ဖြေရှင်းနိုင်မယ့် “ကျူးကျော်ရန်စမှု တန်ပြန်တိုက်ခိုက်ရေး ” အစီအစဉ် ကို ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ကျွန်တော်တို့ ကြိုးကြိုးစားစား အကောင်အထည်ဖေါ် စီစဉ် ဆောင်ရွက်ခဲ့ ကြပါတယ် ဟု ၎င်းက ပြောကြားသည်။ ပြီးခဲ့သော သီတင်းပတ် အတွင်း တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီး ကင်ကွမ်ဂျင် ကလည်း “ မြောက်ကိုးရီးယား တို့သည် ပြင်းထန်သော စကားလုံးများ သုံးစွဲ ခြောက်လှန့်မှုများ အပြီးတွင် အငိုက်ဖမ်း တိုက်ခိုက်ရန်စမှု ပြုလုပ်မည့် အလားအလာ များနေသည် ” ဟု သတိပေး ပြောကြားခဲ့သည်။

              ကိုးရီးယား ကျွန်းဆွယ် တင်းမာမှု များ ကြီးထွား လာသည်မှာ တစ်နှစ်ကျော် ကြာခဲ့ပြီ ဖြစ်ပြီး ၂၀၁၀ မတ်လ က အငြင်းပွား ပင်လယ်ဝါ ရေပြင် အနီးတွင် မြောက်ကိုးရီးယား တို့ ပစ်ခတ်သော တိုပီဒို ကြောင့် ချိုနန် စစ်သင်္ဘော ထိမှန် နှစ်မြှပ်ကာ ရေတပ်သား ၄၆ ဦး အသက်ဆုံးရှုံး ခဲ့ရခြင်းကို တောင်ကိုးရီးယား က အထောက်အထား အပြည့်အစုံဖြင့် စွပ်စွဲခဲ့ချိန် မှ စတင်ခဲ့ခြင်း ဖြစ်သည်။

              သင်္ဘော နှစ်မြှုပ်သော အခင်းဖြစ်ရပ် နှင့် ပတ်သက်ခြင်း မရှိ ဟု ပြုံယမ်း က ငြင်းဆိုခဲ့သော်လည်း မနှစ် က နိုဝင်ဘာလ တွင် တောင်ကိုးရီးယား ကျွန်းတစ်ကျွန်းကို အမြောက်ဖြင့် ထပ်မံရန်စ ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၄ ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် နျူကလီးယား လက်နက် ပြုလုပ်ရန် လမ်းကြောင်း တစ်ခုဖြစ်သည့် ယူရေနီယမ် သန့်စင်သည့် စက်ရုံ ကိုပါ အဆိုပါလ တွင် ပြုံယမ်း က ထုတ်ဖေါ်ပြသခဲ့သည်။

              လတ်တလော သီတင်းပတ် များအတွင်း ပြုံယမ်း အာဏာရှင်အစိုးရ က ၎င်းတို့သည် တောင်ကိုးရီးယား ၏ ကွန်ဆာဗေးတစ် အစိုးရ နှင့် နောက်ထပ် ဆက်ဆံမည် မဟုတ်တော့ ဟု ထုတ်ပြန် ကြေညာထားသည်။

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs