Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၄.၆.၂၀၁၁

ဘာသာပြန်သတင်းများ

ထိပ်တန်း အိန္ဒိယ သံတမန် နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

( The Peninsula မှ 24 Jun 2011 ရက်စွဲပါ “ Top Indian diplomat met Suu Kyi ” သတင်းကို ဘာသာ ပြန်ဆိုသည် )

၁၉၉၀ ခုနှစ်များအတွင်း မြန်မာ စစ်ဖက်အုပ်ချုပ်သူများနှင့် စတင် ဆက်ဆံရောနှောခြင်း မပြုမီ တစ်ချိန်က ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံအားပေးခဲ့သူ အိန္ဒိယနိုင်ငံသည် မနှစ်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကို ဒီမိုကရေစီခေါင်းဆောင်နှင့် တွေ့ဆုံစေခဲ့ပါသည်။

နိုင်ငံခြားရေး အတွင်းဝန် Nirupama Rao သည် ယခုသီတင်းပတ် အစောပိုင်းတွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အသေးစိတ် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး SM Krishna ဦးဆောင်သော အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့၏ မြန်မာခရီးစဉ် ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးသည်အထိ အဆိုပါ တနင်္လာနေ့က တွေ့ဆုံမှု အကြောင်းကို ထုတ်ဖေါ်ပြောကြားမည်မဟုတ်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

နာမည်ခံ အရပ်ဖက်အစိုးရထံ အာဏာလွှဲပြောင်းပေးရန် တပ်မတော်အစိုးရက ပြုလုပ်ခဲ့သော နိုဝင်ဘာလက ရွေးကောက်ပွဲများအပြီး မရှေး မနှောင်းတွင် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော အသက် ၆၆ နှစ် အရွယ် ဒီမိုကရေစီခေါင်းဆောင်ကို နိုင်ငံခြားရေးဝန်ကြီး Krishna က သွားရောက် တွေ့ဆုံခဲ့ခြင်း မရှိပါ။

တနင်္လာနေ့က တွေ့ဆုံမှုတွင် နိုင်ငံခြားရေးအတွင်းဝန် Rao နှင့် ကိုယ်စားလှယ် အဖွဲ့ဝင် ၃ ဦး ပါဝင်သည် ဟု NLD ပြောရေးဆိုခွင့် ရှိသူက ပြော ကြားသည်။

စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးနယ်ပယ်တွေမှာ အိန္ဒိယနဲ့ မြန်မာအစိုးရတွေအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်တွေ၊ အကြောင်းရင်းတွေကို အိန္ဒိယ ကိုယ်စားလှယ်တွေက ဆွေးနွေးသွားကြပါတယ် ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း အိန္ဒိယနိုင်ငံမှာ နေထိုင်ခဲ့တဲ့အချိန်တွေကို အမှတ်တရပြန်ပြောခဲ့ပြီး အခု မြန်မာနိုင်ငံ မှာတော့ ဒီမိုကရေစီအရေးအတွက် သူမ လှုပ်ရှားနေတယ်လို့ အိန္ဒိယ ကိုယ်စားလှယ်တွေကို ပြန်ပြောခဲ့ပါတယ်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါလျက်နှင့် ယမန်နှစ် ဂျုလိုင်လက မြန်မာစစ်ဖက် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံတော် ခရီးစဉ်အဖြစ် ကြိုဆိုဧည့်ခံခဲ့ခြင်းကြောင့် နိုင်ငံတကာ ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသည်။

************************************************************************

အပင်ရောဂါကြောင့် အာဖဂန်တွင် ဘိန်းအထွက် ကျစဉ် မြန်မာတွင် ဘိန်း အထွက်တိုးဟု ကုလ ပြောကြား

(Reuters သတင်း မှ 23 Jun 2011 ရက်စွဲပါ “ Afghan opium output hit by disease, Myanmar’s Up – UN ”  သတင်း ကို ဘာသာ ပြန်ဆိုသည်)

ထိပ်တန်း ဘိန်းထုတ်လုပ်သူ အာဖဂန်နစ္စတန် နိုင်ငံတွင် သီးနှံဖျက် ပိုးမွှားရောဂါ ကျရောက်မှုကြောင့် ၂၀၁၀ တွင် ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ၃၈ ရာ ခိုင်နှုန်း ကျဆင်းခဲ့သော်လည်း နံပါတ် ( ၂ ) ထုတ်လုပ်သူ မြန်မာနိုင်ငံတွင် သိသိသာသာ ဘိန်း အထွက်တိုးခဲ့ကြောင်း ကုလသမဂ္ဂက ကြာသပတေးနေ့တွင် ပြောကြားသည်။

“ဥရောပတွင် ဟီးရိုးအင်း သုံးစွဲမှု ငြိမ်၍တန့်နေကြောင်း၊ မြောက်အမေရိကတွင်လည်း ကိုကင်းသုံးစွဲမှု ကျဆင်းသွားကြောင်းနှင့် ယင်းဒေသများ သည် အဆိုပါ မူးယစ်ဆေးဝါးများအတွက် အမြတ်အစွန်း ကြီးမားလွန်းသော ဈေးကွက်များ ဖြစ်ကြောင်း” မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာ ကုလ သမဂ္ဂအဖွဲ့ရုံးက ၎င်း၏ နှစ်လည်ကမ္ဘာ့ မူးယစ်ဆေးဝါး အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

သို့သော်လည်း ၁၀ နှစ် အတွင်း တောင်အမေရိကနှင့် ဥရောပတွင် ကိုကင်းသုံးစွဲမှု ကြီးမားစွာ မြင့်တက်လာခြင်း၊ အာဖရိကတွင် ဟီးရိုးအင်း သုံးစွဲမှု လတ်တလော ကြီးထွားကျယ်ပြန့်လာခြင်း၊ အချို့နေရာများတွင် ဓာတု ဆင်သက်တစ် ဆေးဝါးများ၊ ကုထုံးသုံးဆေးဝါးများကို အလွဲသုံးစွဲမှု မြင့်တက်လာခြင်း စသော စိုးရိမ်စရာ ပြဿနာများ ရှိနေသည်။

မူးယစ်ဆေးဝါးနှင့် ရာဇဝတ် မှုခင်းဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့ရုံး UNODC ၏ အမှုဆောင် ဒါရိုက်တာ Yury Fedotov က “ မူးယစ်ဆေးဝါး သုံးစွဲမှု တားဆီးကာကွယ်ရေးတွင် တိုးတက်မှုအချို့ ရှိနေကြောင်း၊ ကျန်းမာ၊ ကျေနပ်၊ ပျော်ရွှင်စေမည့် ရွေးချယ်စရာနည်းလမ်းများကို ပိုမိုအားပေးမြှင့်တင် ပေးသင့် ကြောင်း၊ သို့မှသာ မူးယစ်ဆေးသုံးခြင်းသည် ဘဝနေထိုင်နည်း မဟုတ်သည်ကို လက်ခံလာကြမည် ဖြစ်ကြောင်း ” အစီရင်ခံစာတွင် အလေးထား တင်ပြ ထားသည်။

 “ ဝယ်ယူသုံးစွဲတဲ့ ဖက်မှာတော့ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်သူ ရာဇဝတ်သားတွေနဲ့ မူးယစ်ဆေး သုံးစွဲသူ သားကောင်တွေအကြားမှာ စည်းတစ်ခုခြားထားရမယ်ဆိုတဲ့ အယူအဆ ကြီးထွားလာပါတယ်၊ မူးယစ်ဆေးဝါး သုံးစွဲမှုကို အခုလို တုန့်ပြန်တဲ့နည်းဟာ ပြစ်ဒဏ်ပေးတာထက် ပိုပြီးထိ ရောက်လျက် ရှိပါတယ်” ဟု ၎င်းက ဆက်လက်ဖေါ်ပြထားသည်။

နယူးယောက်မြို့တွင် အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားသည့် ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း က “ မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ခွဲခြားဆက်ဆံတာမျိုးဟာ မဖြစ်သင့်ပါဘူး၊ ဒါပေမယ့် ဆေးဝါးဆိုင်ရာ ကုသမှု၊ အကြံဥာဏ်ပေးမှုကိုတော့ သူတို့ လက်ခံ သင့်ပါတယ် ” ဟု ပြောဆိုသည်။

မူးယစ်ဆေး စွဲတာဟာ ရောဂါဝေဒနာ တစ်ခုပါ၊ ရာဇဝတ်မှု မဟုတ်ပါဘူးဟု ဘန်ကီမွန်းက ပြောကြားသည်။

************************************************************************

ကနေဒါ ကုမ္ပဏီ ပိုင်ဆိုင်မှုများ တရုတ် လက်နက် ကုမ္ပဏီသို့ရောင်း

(23 June, 2011 ရက်စွဲပါ DVB မှ Francis Wade ရေးသားသော Canadian assets sold to China weapons firm ကို ဘာသာပြန်ဆိုသည် )

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ပြီးခဲ့သည့်နှစ်က ကြေးနီမိုင်းအား ကနေဒါ သတ္တုတွင်းကုမ္ပဏီကြီးဖြစ်သော Ivanhoe ထံမှ တရုတ်လက်နက် ထုတ် လုပ်သော ကုမ္ပဏီသို့ လွှဲပြောင်းပြီး ဖြစ်ပုံရကြောင်း လှုပ်ရှားသူများက ပြောကြားခဲ့သည်။

ယင်းအား ဟုတ်မှန်ကြောင်း သက်သေပြနိုင်ခဲ့ပါက ယခုကိစ္စသည် အမေရိကန်နှင့် ကနေဒါတို့က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှု များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း Canadian Friends of Burma (CFOB) မှ အမှုဆောင် ဒါရိုက်တာ တင်မောင်ထူးက ပြောကြားခဲ့သည်။ CFOB သည် ပြီးခဲ့သည့်နှစ်က မုံရွာကြေးနီပိုင်းအား Norinco မှ လွှဲပြောင်းယူခဲ့မှုနှင့် ပတ်သက်၍ အနီးကပ်လေ့လာလျက်ရှိသည်။ Norinco သည် မြန်မာစစ်တပ်သို့ လက်နက်ကြီးများ ရောင်းချနေသော တရုတ်နိုင်ငံ၏ အကြီးဆုံးလက်နက်ကုမ္ပဏီ ဖြစ်သည်။

မုံရွာသည် မြန်မာနိုင်ငံမြောက်ပိုင်း စစ်ကိုင်းတိုင်းတွင်ရှိသော အကြီးဆုံးကြေးနီမိုင်း ဖြစ်သည်။ ထို ကြေးနီမိုင်းကို 2007 ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာ အိုင်ဗင်ဟိုး ကြေးနီကုမ္ပဏီလိမိတက် (MICCL) က လုပ်ကိုင်ခဲ့ပြီး၊ အိုင်ဗင်ဟိုးက 50% ပိုင်ဆိုင်ခဲ့သည်။ နောက်ပိုင်းတွင် ယင်း၏ ပိုင်ဆိုင်မှု 50%အား မည်သူမည်ဝါမှန်း မသိနိုင်သည့် Monywa Trust သို့ ရောင်းချခဲ့သည် ဟု ဆိုသည်။

CFOB ၏ မေးမြန်းချက်အား အိုင်ဗင်ဟိုးက ပြန်လည် ဖြေကြားရာတွင် ယင်းပိုင်ဆိုင်သော 50% ကို ရောင်းချပြီး ဖြစ်ကြောင်း၊ ၀ယ်ယူထားသော The Monywa Trust သည် ၀ယ်သူ လိုက်ရှာနေသည်ဟု ဆိုသည်။ အိုင်ဗင်ဟိုးသည် အဆိုပါ ပရောဂျက်နှင့် လုံးဝမသက်ဆိုင်တော့ဟု ဆိုသည်။

CFOB က သံသယရှိသောအချက်မှာ အဆိုပါ Trust သည် ပိုင်ဆိုင်မှုများကို အမည်မည်းစာရင်းဝင် မြန်မာ စီးပွား ရေး ဦးပိုင် UMEH မှ တစ်ဆင့် Norinco သို့ လွှဲပြောင်းပေးသည်ဆိုသည့် အချက်ပင် ဖြစ်သည်။ UMEH သည် မြန်မာစစ်တပ်မှ ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ယင်းသည် မုံရွာရှိ ကြေးနီမိုင်း ၃ ခု၏ လုပ်ပိုင်ခွင့်များကို ရယူထားသော ကုမ္ပဏီ ဖြစ်သည်။

“တကယ်လို့သာ အမည်မည်း စာရင်းဝင် UMEH က အိုင်ဗင်ဟိုးရဲ့ ပိုင်ဆိုင်မှုတွေကို ယူလိုက်ပြီး Norinco ကို ပြန်ရောင်းခဲ့တယ် ဆိုရင်တော့ ကနေဒါနဲ့ အမေရိကန်တို့ရဲ့ အရေးယူ ထားမှုတွေကို ချိုးဖောက်တာပါပဲ” ဟု တင်မောင်ထူး က အင်္ဂါနေ့က ကြေညာချက်တွင် ဖော်ပြထားသည်။ “တရားမ၀င် ဖြစ်ပျက်ခဲ့တာတွေ ဆိုရင်တော့ နောက်ဆုံး အိုင်ဗင်ဟိုးကို ပြစ်ဒဏ်ခတ်ရမှာပါပဲ” ဟု ယင်းက ပြောသည်။

Norinco နှင့် MICCL တို့သည် နိုင်ငံတကာ အရေးယူမှုများ၏ ပစ်မှတ်များ ဖြစ်ကြသည်။ အီးယူနှင့် အမေရိကန်သည် MICCL အား အမည်မည်း စာရင်းသွင်းထားသည်။ EU က MICCL သည် ထိုစဉ်က စစ်အစိုးရအား အဓိက ငွေကြေးထောက်ပံ့သူအဖြစ် ရှုမြင်ခဲ့သည်။ Norinco ကိုလည်း အီရန်သို့ ဒုံးကျည်များ ရောင်းချမှုကြောင့် 2003 ခုနှစ်တွင် အမေရိကန်က အရေးယူမှုများ ချမှတ်ခဲ့သည်။

မုံရွာပရောဂျက်အား Norinco မှ လွှဲပြောင်းယူမည်ဟု ပြီးခဲ့သည့်နှစ် ဇွန်လက ကြေညာချက် ထွက်ပေါ်လာစဉ်က အငြင်းပွားမှုမျိုးစုံ ထွက်ပေါ်ခဲ့ သည်။ စာချုပ် မချုပ်မီ ရက်သတ္တပတ်များစွာက မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ မြန်မာနိုင်ငံသို့ ပင်လယ်လမ်းမှ တင်ပို့ မည့် အမြောက်များအား သွားရောက်စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံသို့ လက်နက် ရောင်းချပေးမှုကြောင့် ကြေးနီနှင့် ပတ်သက်၍ သဘောတူညီမှု ရခဲ့ရာ CFOB ကဲ့သို့ သော အုပ်စုများ၏ စွပ်စွဲချက်များ မှန်ကန်လာသည့်သဘော ဖြစ်သည်။ ယခု မုံရွာ သဘောတူညီမှုနှင့် ပတ်သက်၍ ငွေကြေးသဘောတူညီမှုကို မသိရှိရပေ။ မုံရွာ ကြေးနီသတ္တုတွင်းသည် တစ်နှစ်လျှင် ကြေးနီ 3900 တန် ထွက်ရှိပြီး မြန်မာနိုင်ငံအတွက် အမြတ်ကြီးသော လုပ်ငန်းဖြစ်သည်။

************************************************************************

အီးယူ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံခရီးစဉ်အတွက် အားတက်စရာ ဖြစ်ကြောင်း၊ သို့သော် အပြောနှင့် အလုပ် ညီရန် လိုဟုပြော

(23 June, 2011 ရက်စွဲပါ AP ၏ EU fact-finding mission to Myanmar encouraged by visit, but seeks actions matching words ကို ဘာသာပြန်ဆိုသည် )

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာအစိုးရသစ်တွင် တိုးတက်နိုင်မည့် လက္ခဏာများ တွေ့ရှိရကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲ ရေးအတွက် ကတိများကို လုပ်ပြရန် လိုကြောင်း၊ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ယခု အချက်အလက်ရှာဖွေရေး မစ်ရှင်သည် အမည်ခံ အရပ်သားအစိုးရသစ်လက်ထက်တွင် ပြောင်းလဲလာသော အတိုင်းအတာများကို ကြည့်ရှု ရန်နှင့် အီးယူက မြန်မာနှင့် ပိုမိုဆက်ဆံနိုင်ရေး အလားအလာများ လေ့လာရန်ဖြစ်သည်ဟု မစ်ရှင် ခေါင်းဆောင် ဗြိတိန်မှ Robert Cooper က ပြောကြား ခဲ့သည်။

1962 ကတည်းက စစ်တပ်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပခဲ့ သည်။ စစ်တပ်မှ အငြိမ်းစားအရာရှိများဖြင့် ဖွဲ့စည်းထားသော အစိုးရသစ်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကတိများပေးခဲ့သော်လည်း ထိုသို့ ပြုလုပ်မည့် အဓိက အပြုအမူများ မတွေ့ရသေးပေ။ သုံးသပ်သူများကမူ ရွေးကောက်ပွဲသည် စစ်တပ်လက်ထဲတွင် အာဏာ ဆက်လက်တည်မြဲရေးအတွက် ချုပ်ကိုင် လုပ်ဆောင်ခဲ့သည် ဟု ဆိုသည်။

အီးယူသည်လည်း အမေရိကန် ပြည်ထောင်စုကဲ့သို့ပင် မြန်မာနိုင်ငံအပေါ် စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးယူမှုများကို ဆက်လက်ထားရှိခဲ့ရာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်ခြင်းနှင့် လူ့အခွင့်အရေး အခြေအနေ ဆိုးရွားမှုများကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံကမူ Sanction များ ရုပ်သိမ်းရေးအတွက် ကာလရှည်ကြာကပင် တိုက်တွန်းနေခဲ့သည်။

ယခု အဆင့်မြင့် အီးယူကိုယ်စားလှယ်အဖွဲ့သည် ရွေးချယ်တင်မြှောက်သော အစိုးရသစ်လက်ထက်တွင် ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။ ယခု လာရောက်ခြင်းသည် ဥရောပသမဂ္ဂ မူဝါဒပြောင်းလဲရေးအတွက် မဟုတ်ကြောင်း Cooper က အတည်ပြု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လာရောက်ခြင်းအတွက် သတင်းစကား ပါးလိုတာကတော့ မြန်မာနိုင်ငံက တိုးတက်မှုတွေနဲ့အညီ နှစ်ဖက်ဆက်ဆံရေးမှာ ပြောင်းလဲ ရေးအတွက် တံခါးဖွင့်ထားတဲ့ သဘောပါပဲ။ ကျွန်တော်တို့ဘက်က ပြောင်းပေးဖို့ အဆင်သင့်ပါပဲ” ဟု ယင်းက ပြောကြားခဲ့သည်။

“ဒီ တိုင်းပြည်မှာ တစ်ခုခု ဖြစ်နေပြီဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကို ပိုပြီးနားလည်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု Cooper က ပြောသည်။ ယင်းက ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါနေ့က တွေ့ဆုံခဲ့ခြင်း အပါအ၀င် လူများနှင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံခဲ့သည်ဟု ဖြည့် စွက် ပြောကြားခဲ့သည်။

Cooper က ပြောကြားရာတွင် သမ္မတဦးသိန်းစိန်၏ ပါလီမန်အသစ်သို့ ပြောကြားခဲ့သော မိန့်ခွန်းသည် အားတက်ဖွယ်ဖြစ်ကြောင်း ပြောခဲ့သည်။ ဦးသိန်းစိန်က ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်၊ သန့်ရှင်းသော အစိုးရနှင့် ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေးများကို ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရ၏ ဦးစားပေးမှာ တိုင်းသူပြည်သားများ အခြေခံဥပဒေနှင့်အညီ အခြေခံ လူ့အခွင့်အရေးများ ခံစားနိုင်ရေး သေချာအောင် ပြုလုပ်ပေးရေး ဖြစ်ကြောင်း ပြောခဲ့ သည်။

“သူပြောခဲ့တဲ့အထဲက အချို့ကို အကောင်အထည်ဖော်နေတာ တွေ့ရရင် ကျွန်တော်တို့ ဒီထက်ပိုအားတက်မိမှာပါ။ အခုထိတော့ အပြောပဲ ရှိပါ သေးတယ်။ အလုပ်နဲ့ သက်သေပြတာကို တွေ့ချင်ပါတယ်” ဟု Cooper က ပြောသည်။

Cooper က ပြောကြားရာတွင် ပြောင်းလဲမှုအတွက် မျှော်လင့်ရန် စောသေးသည်ကို နားလည်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် စနစ်က ယခု စတင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ဘာမျှ ကြီးကြီးမားမား မဖြစ်ပျက်သေးသည်မှာ အံ့သြစရာ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် အဓိက အတားအဆီးဖြစ်နေသော အီးယူ၏ Sanction မူဝါဒနှင့် ပတ်သက်၍မူ Cooper က မှတ်ချက်ပေးရန် ငြင်း ဆန်ခဲ့သည်။ အီးယူက Santion များ ရုတ်သိမ်းရေး အတွက် အခြေအနေများကို မေးမြန်းရာ ယင်းက “ပြောရခက်သည့် သိမ်မွေ့သော ကိစ္စရပ် ဖြစ်ပါတယ်” ဟု ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလက အီးယူသည် သံတမန်လမ်းကြောင်း ပွင့်နေစေရန် ရည်ရွယ်၍ မြန်မာ အစိုးရ၏ အရပ်သားအဖွဲ့ဝင်များအား ဗီဇာ ကန့်သတ် ထားခြင်းကို တစ်နှစ် လျှော့ပေးခဲ့သည်။

ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အမေရိကန်သည် အီးယူထက် ခေါင်းမာသည့် သဘောရှိသည်။ ယခုလ အစောပိုင်းက အမေရိကန် ဆီနိတ် တာ John McCain က နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်အား လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ အစိုးရက ခိုင်မာသော ခြေလှမ်းများ မလုပ်မချင်း Sanction များ ဆက်လက်ထားရှိသင့်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

အရီဇိုးနားမှ ရီပက်ပလစ်ကင် အမတ် McCain က ယင်း၏ မြန်မာနိုင်ငံသို့ ၃ ရက်တာ ခရီးစဉ်အပြီး သတင်းထောက်များသို့ ပြောကြားရာတွင် နှစ်နိုင်ငံစလုံးသည် ဆက်ဆံရေးကောင်းမွန်ရန် လိုလားကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံရေး အကျဉ်းသားများ ချွင်းချက်မရှိ လွှတ်ပေးရေး အပါအ၀င် ဒီမိုကရေစီအတွက် ခြေလှမ်းများလှမ်းရန် လိုအပ် ကြောင်း ပြောကြားခဲ့သည်။

အနောက်နိုင်ငံများက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို ဝေဖန်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးမှာ အနောက် နိုင်ငံများ ထိပ်ဆုံးမှ တောင်းဆိုမှု ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ မလုပ်သရွေ့ နိုင်ငံရေးနှင့် စီးပွားရေး အရေးယူမှုများ ဆက်ထားမည် ဖြစ်သည်။

မြန်မာနိုင်ငံက ပြောကြားရာတွင် ယင်း၌ နိုင်ငံရေး အကျဉ်းသား မရှိကြောင်း၊ ရာဇ၀တ်မှု ကျူးလွန်သူများသာ ရှိကြောင်း ဆိုသည်။

************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၂၄.၆.၂၀၁၁

ပြည်တွင်းသတင်းများ

လမ်းဘေးဈေးသည်များ ဈေးရောင်းချရန် နေရာမရှိသေး၍ အခက်တွေ့

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှ လမ်းဘေးဈေးသည်များအား ဈေးရောင်းချရန် နေရာသတ်မှတ်ထားမှု မရှိသေး၍ အခက်အခဲတွေ့နေကြောင်း လမ်းဘေးဈေးသည်များမှ ဆိုသည်။

မြို့တွင်းခြောက်မြို့နယ်မှ လမ်းဘေးဈေးသည်များကို ပန်းဘဲတန်းမြို့နယ်ရှိ စီးတီးစင်တာ ကားကွက်လပ်တွင် နေရာပေးမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသော်လည်း ယခုအချိန်ထိ ယင်းနေရာတွင် ဈေးရောင်းချခြင်းကို ခွင့်မပြုသေးကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်မှ လမ်းဘေးဈေးသည်တစ်ဦးက “ ဇွန်လဆန်းကတည်းက ပလက်ဖောင်းတွေမှာ ဈေးမရောင်းရတော့ဘူးလို့ စည်ပင်က လာ ပြောထားတာ၊ အခုထိဈေးရောင်းဖို့ နေရာမရသေးဘူး။ ညနေ သုံးနာရီမှ ဆိုင်ဖွင့်ရတော့ ဈေးရောင်းဖို့ အချိန်မရှိတော့ နေ့စဉ် ဝင်ငွေကျလာရော”ဟု ဆို သည်။

စည်ပင်မှ ညနေသုံးနာရီမှ စတင်ဈေးရောင်းချသော လမ်းဘေးဈေးသည်များအား ဈေးကောက် မကောက်တော့ကြောင်း ယင်းလမ်းဘေး ဈေး သည်မှ ဆိုသည်။

ကျောက်တံတာမြို့နယ်တွင် နှစ် ၃၀ နီးပါးဈေးရောင်းချနေသူ လမ်းဘေးဈေးသည်တစ်ဦးက “ကျောက်တံတားက လမ်းဘေးဈေးသည်တွေကို ချမ်းမြေ့ဈေးမှာနေရာပေးပြီး ဈေးရောင်းခိုင်းလို့ နေရာပြောင်းပြီး ဈေးရောင်းပေမယ့် ဖောက်သည်မရှိလို့ အရင်နေရာပဲ ပြန်ရောင်းတာ၊ သုံးနာရီမှ ဈေး စရောင်းတော့ နေ့စဉ်ဝင်ငွေက အရင်ထက်စာရင် တစ်ဝက်လောက် လျော့သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အရင်လိုဈေးပြန်ရောင်းရဖို့တော့လိုအပ်တယ်။ အရင်တုန်းကလည်း ဂဠုန်စီမံချက်ဆိုပြီး၊ လမ်းဘေးဈေးသည်တွေကိုနှိမ်နင်းတာ ရှိဖူးတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုဆက်ဖြစ်မယ်မသိဘူး”ဟု ဆိုသည်။

ရန်ကုန်မြို့တွင်းမြို့နယ်များတွင် ဈေးရောင်းချနေသူဦးရေသည် ငါးသောင်းပတ်ဝန်းကျင်ရှိပြီး၊ ၎င်းတို့အား မှီခိုနေရသည့် မိသားစုသည် နှစ်သိန်း နှင့်အထက် ရှိကြောင်း သိရှိရသည်။ ယင်းကဲ့သို့ လမ်းဘေးဈေးသည်များအား ဖယ်ရှားရေး စီမံချက်သည် ၂၀၁၀ ဇွန်လကလည်း လုပ်ကိုင်ခဲ့ဖူးကြောင်း သိရှိရ သည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

စာပေစိစစ်ရေး၏ စည်းကမ်းသစ်ကြောင့် ဂျာနယ်အမျိုးအစားသုံးမျိုး ခံဝန်လက်မှတ်ထိုးရ

ရန်ကုန်၊ ဇွန်၂၃။

စာပေစိစစ်ရေးဌာနမှ အသစ်စတင်ကျင့်သုံးလာသော စည်းကမ်းများအား ဖောက်ဖျက်မှုကြောင့် ဂျာနယ်အမျိုးအစားသုံးမျိုးမှ ဂျာနယ်များ ခံဝန် လက်မှတ် ထိုးရကြောင်း စာပေစိစစ်ရေးမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ဇွန်လရဲ့ ဒုတိယပတ်မှာ အနုပညာ၊ အားကစား၊ သတင်း ဂျာနယ်အမျိုးအစားသုံးမျိုးက ဂျာနယ်ခြောက်စောင်က သူတို့တွေရဲ့ ဂျာနယ်စာမျက် နှာမှာ ဖော်ပြတဲ့သတင်းတွေအတွက် နောက်တစ်ခါမမှားစေရပါဘူး ဆိုတဲ့သဘောဆောင်တဲ့ ခံဝန်လက်မှတ် လာထိုးရတယ်”ဟုဆိုသည်။ မည်သည့်ဂျာနယ် များ ခံဝန်လက်မှတ်ရေးထိုးရသည်ကို ပြောပြရန်မှု ယင်းဝန်ထမ်းက ငြင်းဆန်သည်။

ယင်းသို့ ဂျာနယ်များ ခံဝန်လက်မှတ်လာထိုးရခြင်းသည် မှားယွင်းသည့်သတင်းများ၊ စိစစ်ရေးမှ မဖော်ပြရန် တားမြစ်ထားသည့် သတင်းများကို ဂျာနယ်များသတင်းဖော်ပြရာတွင် ပထမဆုံးအကြိမ်နှင့်နောက်ဆုံးအကြိမ် ပြုလုပ်သည်ဖြစ်ကြောင်းကို ခံဝန်လက်မှတ်ထိုးရခြင်းဖြစ်ပြီး၊ နောက်တစ်ကြိမ် သတင်းဖော်ပြရာတွင် စာပေစိစစ်ရေးဌာန၏ စီမံခန့်ခွဲရေးနည်းလမ်းများကို ဖောက်ဖျက်ကျူးလွန်ပါက စပေါ်ငွေ သိန်းငါးဆယ်အား ဂျာနယ်တိုက်မှ စာပေ စိစစ်ရေးသို့ ပေးသွင်းပြီး၊ စာပေစိစစ်ရေး၏ ခုံရုံးဖွဲ့စစ်ဆေးခြင်းကို ခံယူရမည်ဖြစ်ကြောင်း ယင်းဌာနမှ အရာရှိတစ်ဦးကဆိုသည်။

စာပေစိစစ်ရေးမှ အသစ်စတင်ကျင့်သုံးလိုက်သော စည်းမျဉ်းစည်းကမ်းသစ်များသည် မြန်မာသတင်းမီဒီယာ ရေစီးကြောင်းကို ခေတ်နောက်ပြန် စေသည်များ ဖြစ်လာနိုင်ကြောင်း ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ သတင်းအယ်ဒီတာတစ်ဦးက ဆိုသည်။

၁၉၆၂ ခုနှစ်တော်လှန်ရေးကောင်စီက နိုင်ငံတော်တာဝန်စတင်ယူချိန်မှစတင်ကာ သတင်းမီဒီယာများအား စည်းမျဉ်းဥပဒေများဖြင့် တင်းကျပ်စွာ အုပ်ချုပ် စီမံလာကြောင်း သိရသည်။

ကျော်စွာ             

-------------------------------------------------------------------------------------------------------------

ဗပိာုဘဏ်မှ နိုင်ငံခြားငွေလဲနှုန်းထိန်းညှိနှိုင်ရန် ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းချခွင့်ရမည်

နိုင်ငံခြားသုံးငွေအား ပေါက်ဈေးအတိုင်းပင် လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုမှသာ နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်ရေးကို ဗပိာုဘဏ်မှ ထိန်းညှိပေး နိုင်လိမ့်မည်ဖြစ်ကြောင်း ဗပိာုဘဏ်အငြိမ်းစား တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများအနေဖြင့်လည်း အရောင်းအဝယ်ပြုလုပ်ရာတွင် တရားဝင်ဗပိာုဘဏ်မှ မပာုတ်ဘဲ နေ့စဉ် ဒေါ်လာသန်းပေါင်းများစွာဖြင့် ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ သွင်းကုန်လုပ်ငန်းများမှာလည်း ဝယ်လိုအား မရှိတော့သည့်အတွက် လျော့နည်းလျက်ရှိသည့်အတွက်ကြောင့် နိုင်ငံ ခြားငွေ လဲနှုန်းကျဆင်းနေခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ဒေါ်လာများသည် ကျောက်သမားများ၊ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားလုပ်ငန်းများတွင် နေ့စဉ်ဝင်လျက်ပင် ရှိကြောင်း၊ ကျောက်သမားများမှာ နေ့စဉ်ဒေါ်လာ တစ်သန်းခန့်ဝင်ရောက်လျှက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြည်တွင်းသို့ နိုင်ငံခြားငွေဝင်ရောက်နေမှုများမှာ ပြည်တွင်းငွေလဲနှုန်းများကြောင့်ဖြစ်ပြီး နိုင်ငံခြားငွေ အားတရားဝင်လဲလှယ်ပေးသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဘဏ်(MFTB)+MIC တို့က အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင်  ခုနှစ်ကျပ်ဝန်းကျင်သာရှိသော်လည်း ပြည်ပမှောင်ခိုဈေးကွက်၌ ကန်တစ်ဒေါ်လာလျှင် ဈေးကျချိန်ထိတိုင်အောင် ၇၅၀ ကျပ်ဝန်းကျင်သို့ပေးသည့်အတွက် ပြည်တွင်းသုံးငွေတန်ဖိုးတတ်လာပြီး ပြည်ပသို့တင်ပို့နေသည့် လုပ် ငန်းများ များစွာ ထိခိုက်နစ်နာခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဈေးကွက်ပေါက်ဈေးအတိုင်း ပုဂ္ဂလိကဘဏ်များအား လွတ်လပ်စွာ နိုင်ငံခြားငွေလဲလှယ်ရန် ခွင့်ပြုပေးမည်ဆိုပါက စာရင်းအတိအကျ ထွက်လာနိုင်သည့်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို ဗပိာုဘဏ်က ဝင်ရောက် ထိန်းညှိပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

ငွေလဲလှယ်နှုန်းကျဆင်းနေသည့် ကာလများတွင် ဗပိာုဘဏ်က ဝင်ရောက်ဝယ်ယူပေးပြီး ငွေလဲလှယ်နှုန်း ပြန်လည်တက်လာပါက ဗပိာုဘဏ်မှ ဈေးကွက်အတွင်းသို့ ချ၍ ရောင်းချမှု ပြုလုပ်ခြင်းဖြင့် နိုင်ငံခြားငွေဈေးနှုန်းကို ထိန်းညှိ ပေးနိုင်လိမ့်မည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းရှိ နိုင်ငံခြားငွေပမာဏနှင့် ပြည်ပသို့ထွက်သွားသည့် နိုင်ငံခြားငွေပမာဏသိရှိရန် ပုဂ္ဂလိကဘဏ်များ တွင်လည်း နိုင်ငံခြားငွေ လဲလှယ် ခွင့် ပြုပေးရန် လိုအပ်ကြောင်းသိရသည်။

(7day News၊ အတွဲ-၁၀၊ အမှတ်-၁၄ ပါ “ပေါက်ဈေးအတိုင်းလွတ်လပ်စွာရောင်းဝယ်ခွင့်ရှိမှသာ နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်ရေး ဗပိာု ဘဏ်က ထိန်းညှိပေးနိုင်မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

လေလံအောင် မြေနှင့်အဆောက်အအုံများကို ပြန်လည်ရောင်းချမှုများပြုလုပ်နေ

အစိုးရသစ်လက်ထက်၌ နိုင်ငံပိုင်အဆောက်အအုံများကို ပြန်လည်ရောင်းချမှုပြုလုပ်ခဲ့ရာ လေလံအောင်ထားသူ အချို့မှာ ၎င်းတို့လေလံအောင် ထားသည့် မြေနှင့် အဆောက်အအုံများကို ပြန်လည်ရောင်းချလျှက်ရှိကြောင်းသိရသည်။

ထို့ပြင် နိုင်ငံပိုင်အဆောက်အအုံများလေလံ အရောင်းအဝယ်မကြာခဏပင် ဖြစ်လေ့ရှိသည့် မန္တလေးမြို့တွင်လည်း နိုင်ငံပိုင် အဆောက်အအုံ ရောင်းဝယ်မှု လေလံအောင်ထားသူများက ပြန်လည်ရောင်းချမှုများ ပြုလုပ်ကြောင်း သိရသည်။

လေလံအောင်မြေကွက်နှင့် အဆောက်အအုံများ ပြန်လည်ရောင်းချရန်ပြောဆိုနေသည်မှာ သုံးလေးဦးခန့် ရှိနေပြီဖြစ်ကြောင်း၊ အချို့မှာ လေလံအောင်ထားသည့် ဈေးထက် ၁၀ ရာခိုင်နှုန်းခန့်အမြတ်တင်၍ ရောင်းချလျှက်ရှိကြောင်း၊ အချို့မှာ အမြတ်ပင်မယူဘဲ လေလံအောင်ထားသည့် ဈေးနှင့်ပင် ရောင်းချလျှက်ရှိကြောင်း မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

လေလံအောင်ထားသူများ ၎င်းတို့ လေလံအောင်မြင်ထားသည့် မြေကွက်နှင့် အဆောက်အအုံများ ပြန်လည် ရောင်းချခြင်းမှာ လေလံစဆွဲစဉ် အခါကတည်းကပင် ၎င်းမြေကွက်များအား အမြတ်တင်၍ ပြန်ရောင်းရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း၊ အချို့လေလံအောင်မြင်သူများမှာ ဇွန်လနောက်ဆုံး ပတ်၌ ငွေပေးသွင်းရမည်ဖြစ်သဖြင့် ငွေပြန်ဖော်လိုသည့် အတွက် ပြန်ရောင်းခြင်းလည်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုသို့ နိုင်ငံပိုင်အဆောက်အအုံများရောင်းဝယ်မှု လေလံအောင်ထားသူများ ၎င်းတို့အောင်မြင်သည့် လေလံမြေကွက်နှင့် အဆောက်အအုံများကို ပြန်လည်ရောင်းချရန် ကြိုးစားကြသော်လည်း ဝယ်လိုအားနည်း လျှက်ပင်ရှိနေသေးကြောင်း သိရသည်။

အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာနိုင်လိမ့်မည်ပာု ယူဆရသည့်အတွက် ယခုကဲ့သို့ လေလံ ဆွဲထားခြင်းဖြစ်နိုင်ကြောင်း၊ သို့သော် ထင်သလိုဖြစ်မလာသည့်အတွက် ပြန်ရောင်းချရန် စီစဉ်နေခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

(7day News၊ အတွဲ-၁၀၊ အမှတ်-၁၄ ပါ “လေလံအောင်ထားသူအချို့မြေနှင့် အဆောက်အအုံများ ပြန်ရောင်းနေ” သတင်း အား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဗုံးပေါက်ကွဲမှုများဖြစ်

မန္တလေး၊ ဇွန် ၂၄။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ဇွန်လ ၂၄ ရက်နေ့က ဗုံးလေးလုံး ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း ဗုံးပေါက်ကွဲမှုများမှာ မန္တလေးမြို့ ၈၄ လမ်းမပေါ်တွင် ဇွန် ၂၄ နေ့လည် ၁၂ နာရီခွဲ အချိန်က ယာဉ်အမှတ် ၃ခ/ ၁၉ဝ၄ တွင်ပေါက်ကွဲမှု ဖြစ် ပွားခဲ့ကြောင်း မန္တလေးမြို့ခံများက ဆိုသည်။

ယင်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်အားအစအဆုံး မြင်တွေ့လိုက်ရသူတစ်ဦးက “ပါဂျယ်ရိုးက ၈၄ လမ်းအတိုင်း လမ်းပြောင်းပြန်မောင်းလာလို့၊ ယာဉ်ထိန်း ရဲက ခရာသံပေးပြီး၊ ရပ်လိုက်တယ်၊ ပြီးတော့ ကားမောင်းလာသူက ၈၄ လမ်းပေါ်က တိုက်တစ်တိုက်ပြေးတက်သွားပြီး ခဏပဲကြာတယ်။ ရပ်ထားတဲ့ ပါဂျဲရိုး ကားက “ဝုန်း”ခနဲ ပေါက်ကွဲသွားတယ်။ ယာဉ်ထိန်းရဲရယ်၊ လမ်းသွားလမ်းလာတစ်ချို့ရယ်လည်း ဒဏ်ရာရသွားတယ်”ဟု ဆိုသည်။

ထပ်မံ၍ ပထမဗုံးပေါက်ကွဲသည့်နေရာနှင့် အနည်းငယ်လှမ်းသည့် ၈၄ လမ်းမပေါ် ၃၁ လမ်းနှင့် ၃၂ လမ်းကြားတွင်လည်း သောကြာနေ့မွန်းလွဲ ၃ နာရီ အချိန်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး၊ အဆိုပါဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် ပတ်သက်၍ ဖမ်းဆီးထားသူမရှိသေးကြောင်း အမှတ်(၄)ရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

အစိုးရရုံးစိုက်ရာအရပ်ဖြစ်သည့် နေပြည်တော်၊ သပြေကုန်း ရပ်ကွက် ရွှေလာဘ်ကောင်လမ်းကြား အိမ်အမှတ် ၄၆ တွင်လည်း မွန်းလွဲ ၁၂ နာရီ ကျော်ခန့်က ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကြောင်း သိရှိရသည်။ အဆိုပါဗုံးပေါက်ကွဲမှုသည် လူသူမရှိသောအိမ်တွင် ပေါက်ကွဲခြင်းဖြစ်၍ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများမရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စစ်အခြေစိုက်စခန်းများ၊ စစ်ဘက်ဆိုင်ရာတက္ကသိုလ်များ၊ အစိုးရအဖွဲ့ဝင်တို့၏ နေအိမ်များ ရှိသဖြင့် လုံခြုံရေးတင်းကျပ်သည်ဟု ထင်ရှားသည့် တောင်စခန်းမြို့ဖြစ်သော ပြင်ဦးလွင်မြို့ရှိ အမှတ် ၃ ရပ်ကွက်အနီးရှိ ထောက်ပို့ပန်းခြံနားတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မည်သည့် ပေါက်ကွဲမှုဖြစ်သည်ကို သက်ဆိုင်ရာက စိစစ်နေဆဲ ဖြစ်ကြောင်း ပြင်ဦးလွင် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၁၁ ဇွန်လပိုင်းတွင် မြန်မာနိုင်ငံ အထက်ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသများတွင်ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

တန့်ယန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ဇွန်လ ၂၂ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဗုံး ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ ကြောင်း ယင်းမြို့နယ်ရှိ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများထံမှ သိရသည်။

ယင်းဗုံးပေါက်ကွဲမှု ဖြစ်စဉ်များသည် တန့်ယန်းမြို့နယ်၏ နေရာသုံးနေရာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 “ ၁၀ နာရီမှာက ရပ်ကွက် ၄ က Top ရေဆေး၊ဆီထိုး ဆိုင်မှာဖြစ်တယ်။ ၁၀နာရီ ခွဲကျတော့ ရပ်ကွက် ၁ က ရဲသတင်းတပ်ဖွဲ့ရုံးမှာ ထပ်ဖြစ်တယ်၊ အဲဒီအချိန်မှာဘဲ ရပ်ကွက် ၁က ထက်မြက်ဗီဒီယိုရုံနဲ့ လက်ဘက်ရည်ဆိုင်မှာ ဖြစ်တယ်” ဟု ရန်ကုန်ခရော်နီကယ်မှ ပြည်တွင်းသို့ ဖုန်းဆက်မေးမြန်းချက်အား ပြန်လည်ဖြေကြားသည်။

အဆိုပါဗုံးကွဲမှုများကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုများ အမြဲ တမ်းဖြစ်ပေါ်နေပြီး၊ ၂၀၁၀ ခုနှစ်မှစတင်ကာ ယင်းကဲ့သို့ ဗုံးပေါက်ကွဲမှုများ ခပ်စိတ်စိတ် ဖြစ်ပွားလာကြောင်း သိရှိရသည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံသို့ ဥရောကသမဂ္ဂကိုယ်စားလှယ်အဖွဲ့လာရောက်ရှိ

၂၀၁၁ ခုနှစ် ဇွန်လ ၂၀ ရက်နေ့၌ မြန်မာနိုင်ငံသို့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။

လာရောက်ခဲ့သည့် ဥရောပသမဂ္ဂအဖွဲ့၌ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး ဒေးဗစ်လစ်ပ်မန် အပြင် ဥရောပ သမဂ္ဂ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးရာနှင့် လုံခြုံရေးဆိုင်ရာ အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် ရောဘတ်ကုပါးတို့ ပါဝင်ခဲ့ကြကြောင်း သိရသည်။

ဥရောပသမဂ္ဂကိုယ်စားလှယ်အဖွဲ့သည် ၎င်းတို့လာရောက်ခဲ့စဉ်အတွင်း ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး ကောင်းမွန်နိုင်စေရန် နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးသီဟသူရတင်အောင်မြင့်ဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့၌လည်း ၎င်းကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့ သွားရောက်၍ လက်ရှိမြန်မာ့ နိုင်ငံရေး အခြေအနေနှင့် ပတ်သတ်၍ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအပေါ် ပြစ်ဒဏ်ခတ်သည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သော်လည်း ၂၀၁၁ ခုနှစ် အစိုးရသစ် လက်ထက်မှ စတင်၍ စီးပွားရေးပိတ်ဆို့မှုများကို အနည်းငယ်လျှော့ချပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

ကော်မရှင် အဆုံးအဖြတ် ဒေါ်ချိုချိုကျော်ငြိမ်း ရှုံးပြီ

                ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်း သည် ရွေးကောက်ပွဲ မသမာမှုအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အား တရား စွဲဆိုခဲ့ရာ ဒေါ်ချိုချိုကျော်ငြိမ်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

                ၂၀၁၀ ရွေးကောက်ပွဲ၌ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ၌ ရှုံးနိမ့်ခဲ့သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချိုချိုကျော်ငြိမ်းသည် ၎င်း၏ပြိုင်ဘက် ပြည် ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးသန့်ဇင်အား ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုအဖြစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကန့်ကွက်လွှာတင်သွားရာတွင် ဇွန်လ ၂၀ ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ အဆုံး အဖြတ်အရ ဒေါ်ချိုချိုငြိမ်း ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

ကော်မရှင်မှ ဆုံးဖြတ်ချက်ချလိုက်သည့်အခါ အန်တီချိုရှုံးနိမ့်ခဲ့ကြောင်း၊ ဦးသန့်ဇင်ဆိုသည့် ကြို့ပင်ကောက်အမတ်မှ အနိုင်ရရှိခဲ့ကြောင်း ဒီမို ကရက်တစ်ပါတီ(မြန်မာ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အမှုရှုံးနိမ့်ခဲ့သည့်အတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းအား တရားရုံးစရိတ်အဖြစ် ငွေကျပ် ငါးသိန်းအား အမှုအနိုင် ရရှိခဲ့သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် အမတ် ဦးသန့်ဇင်အား ပေးလျော်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

(Hot News၊ အတွဲ-၁၊ အမှတ်-၄၅ ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဆုံးအဖြတ် ဒေါ်ချိုချိုကျော်ငြိမ်း အမှုရှုံး သတင်းအားအကျဉ်းချုံး ဖော်ပြသည်)

  ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“အခုလို တက္ကသိုလ်အများစုကို သုံးနှစ်ကနေ လေးနှစ်ပြောင်းလဲသင်ကြားမယ်ဆို လိုအပ်တဲ့သင်ရိုးတွေ၊ အချိန်တွေနဲ့ ဆွေးနွေးပွဲတွေ အများကြီးလုပ်ဖို့ လိုပါ တယ်။ လတ်တလောတော့ မဖြစ်နိုင်သေးပါဘူး

Bi  Weekly ELEVEN အတွဲ (၄) အမှတ် (၁၁) တွင်ပါသည့် " ၂၀၁၁-၂၀၁၂ စာသင်နှစ်မှ စတင်၍ တက္ကသိုလ် ပညာသင်နှစ်များ သုံးနှစ်မှ လေး နှစ်သို့ ပြောင်းလဲ တက်ရောက်ရမည်ဆိုခြင်းမှာ မဟုတ်သေးဟု သိရ" သတင်းမှ  ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

“လိုင်စင်မဲ့ကား ကာလအပိုင်းအခြားတစ်ခုနဲ့ လိုင်စင်ပြန်လုပ်ခွင့်ပြုမယ်ဆိုပြီးလည်း သတင်းကထွက်နေတာကြာပြီ။ အခုမှ စာရင်းထွက်တာ။  ဥပမာ စာရင်း မှာ ယခင်သတ်မှတ်တန်ဖိုးဆိုတဲ့ စာတိုင်ပါတယ်။ အဲဒီတန်ဖိုးတွေက ပြီးခဲ့တဲ့နှစ် လိုင်စင်မဲ့ ကားလိုင်စင်ခွင့်ပြုတုန်းက ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ က ခွင့်ပြုပေးတဲ့ တန်ဖိုးတွေနဲ့ အတူတူဖြစ်နေတယ်။ ပြောင်းလဲသတ်မှတ်တန်ဖိုးကျတော့ အဲဒီဈေးတွေနဲ့ မတူဘူး။ ဒီတော့ အသစ် သတ်မှတ်ပေးတယ်ဆိုပြီး စာရင်းကိုကြည့်ပြီး လိုင်စင်ခွင့်ပြုပေးမယ်ဆိုတာကို ပြောကြတာပါ”

Bi  Weekly ELEVEN အတွဲ (၄) အမှတ် (၁၁) တွင်ပါသည့် " လိုင်စင်မဲ့ကားများကို လိုင်စင်ခွင့်ပြုပေးမည်ဟူသော သတင်းနှင့်အတူ ကားမျိုးစုံ တန်ဖိုး သတ်မှတ်ထားသည့် စာရင်းထွက်ရှိလာ၊ ယင်းသတင်းကြောင့် ကားဝယ်ရောင်းများ အရောင်းအ၀ယ် မလုပ်သေးဘဲ ခေတ္တ စောင့်ကြည့် နေကြ" သတင်းမှ  ဝယ်ရောင်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"ရထားကတော့ ပုံမှန်အတိုင်းပြေးဆွဲနေပါတယ်။ ရပ်နားထားတာ မရှိပါဘူး။ ရထားလမ်းပိုင်းတွေလည်း တစ်စုံတစ်ရာ ထိခိုက်ပျက်စီး တာတွေ မရှိပါဘူး"

MYANMAR TIMES အတွဲ (၂၇) အမှတ် (၅၂၃) တွင်ပါသည့် " ကချင်ပြည်နယ်တွင် တံတား ၂၅ စင်း ဖျက်ဆီးခံခဲ့ရ၍ ကုန်စည်ပို့ ဆောင်မှု ရပ်ဆိုင်း၊ ရထားများ ပုံမှန်ပြေးဆွဲ" သတင်းမှ   မန္တလေးဘူတာကြီး စုံစမ်းရေးဌာနရှိ တာဝန်ကျသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-------------------------------------------------------------------------------------------------------------

“စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံအနေနဲ့ ဒီလိုအာမခံအမျိုးအစား လိုအပ်တာမှန်ပေမယ့် ခက်ခဲတဲ့အာမခံအမျိုးအစားဖြစ်လို့ လက်တွေ့အကောင်အထည်ဖော်ဖို့ မလွယ်ပါဘူး။ အချိန်ယူပြင်ဆင်ဆောင်ရွက်နိုင်မှ ဖြစ်မှာပါ။ ပြည်သူလူထုနဲ့ တိုက်ရိုက် ဆက်စပ်နေတော့ မြေစမ်းခရမ်းပျိုး ပုံစံလုပ်ဖို့မသင့်ဘဲ နိုင်ငံတကာ အတွေ့အကြုံယူပြီး ပြည်တွင်းမှာဖြစ်နိုင်ခြေရှိ၊မရှိ သေချာတွက်ဆရမှာဖြစ်ပါတယ်။ အချက်အလက်တွေအရ သေချာဆွေးနွေးပြီး အာမခံဥပဒေ စည်းမျဉ်း ရေးဆွဲရမှာပါ။ အာမခံထားရှိတဲ့ နှုန်းထားများပြားနိုင်သလို အလျော်အစားလည်း ကြီးမားနိုင်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အာမခံ အမျိုး အစားအချို့ အကောင်အထည်ဖော် ဆောင်ရွက်နေတာတောင် မအောင်မြင်သေးတော့ ဒီအာမခံကိစ္စက ပိုပြီး ကျယ် ပြန့်ပါတယ်”

Popular News အတွဲ (၃) အမှတ် (၂၄) တွင်ပါသည့် " သဘာဝဘေးကြောင့် သီးနှံပျက်လျှင် လျော်ကြေးပေးသည့် အာမခံ တစ်မျိုး ဖော်ဆောင် ရန်လှို" သတင်းမှ   မြန်မာ့အာမခံလုပ်ငန်းမှ ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အကန့်အသတ်တို့နှင့် အံဝင်ခွင်ကျနေထိုင်ခြင်း

ကိုဝ

(ဇွန် ၂၃ ထုတ်ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၁၊ အမှတ် ၄၈ မှ ထုတ်နှုတ်ဖော်ပြထားပါသည်။)

ငယ်စဉ်က ဖတ်ခဲ့ရတဲ့ ကာတွန်းတစ်ကွက်က မကြာခဏဆိုသလို အတွေးထဲရောက်လာတက်ပါတယ်။ သမိန်ပေါသွပ်က အရေးတကြီးကိစ္စနဲ့ သူ့မြင်းကို ခရီးပြင်းနှင်ပါတယ်။ မြန်ချင်သလောက်မမြန်တော့ အားမလို အားမရတာနဲ့ မကြာခဏ မြည်တွန်းတောက်တီးပါတယ်။ ကြာတော့ စီးတော်မြင်းက စိတ်မရှည်ဖြစ်လာပြီး ဆရာရယ် မြင်းပဲ မြင်းလောက်ပဲ မြန်မှာပေါ့လို့ ခံပတ်ပါတယ်။ ဟုတ်ပါတယ်။ မြင်းဆိုတာကတော့ မြင်းလောက်ပဲ မြန်မှာပါ။ လေယာဉ် ပျံလောက် မြန်ချင်လိုတော့ မရပါဘူး။ ဒါပေမယ့် ရိုးစင်တဲ့ အမှန်တရားကို သတိမမူ ဂူမမြင် ဆိုသလို မျက်စိမှောက်ပြီး မမြင်နိုင်တဲ့ လက်တွေ့ ဖြစ်ရပ်တွေက အများကြီးပါ။ ဒီလို ပြည်သူပိုင်သိမ်းလိုက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲမယ့် ယန္တရားကို ဖန်တီးပြီးပြီလား၊ ဒီယန္တရားမှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းတွေကို လေ့ကျင့်ပျိုးထောင်ပြီးပြီလားဆိုတဲ့ အင်မတန်ရိုးစင်တဲ့ မေးခွန်းတွေကို သေသေချာချာ စဉ်းစားခဲ့ဟန် မတူပါဘူး။ ဆိုရှယ်လစ် တော်လှန် ရေး ဇောကပ်နေတဲ့အတွက် ကိုယ့်တိုင်းပြည် ပကတိအခြေအနေတွေရဲ့ အကန့်အသတ်တွေကိုတောင် မစဉ်းစားနိုင်တော့ပါဘူး။ တိုင်းပြည်ရေးရာ ကိစ္စတွေ စီမံခန့်ခွဲရာမှာ စေတနာ ဘယ်လောက်ပဲ ကောင်းကောင်းကိုယ့်တိုင်းပြည်ရဲ့ ပကတိအခြေအနေနဲ့ အကန့်အသတ်တွေကို ထည့်မစဉ်းစားဘူးဆိုရင် ခုတ်ရာ တခြား ရုရှားတလွဲဆိုသလို အလွဲလွဲအချော်ချော်ဖြစ်ပြီး ရည်မှန်းချက် မအောင်မြင်နိုင် ပါဘူး။

ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုရဲ့ ရည်မှန်းချက်အောင်မြင်ဖို့ ဆိုရင်တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ဒီဝန်ကြီးဌာနရဲ့ တိုင်းဒေသကြီး (သို့) ပြည်နယ်ရုံးတွေ၊ ခရိုင်ရုံးတွေနဲ့ မြို့နယ်ရုံးတွေရဲ့ စုစည်းဆက်စပ်မှု ခိုင်မာချော မွေ့ကောင်းမွန်ဖို့လိုအပ်ပါတယ်။ ဒီလိုစုစည်း ဆက်စပ်မှု ခိုင်မာ ချော မွေ့ကောင်းမွန်ဖို့အတွက် တစ်တိုင်းပြည်လုံးက မြို့နယ်အဆင့် အရာရှိအားလုံး ပါဝင်တက်ရောက်တဲ့ စုံညီအစည်းအဝေးတွေကို တစ်ပတ်တစ်ခါ လုပ်နိုင်ရင် ကောင်းပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဘတ်ဂျက်အကန့်အသတ်နဲ့ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနရဲ့ ဦးစားပေးလုပ်ငန်း အစီအစဉ်အပေါ် မူတည်ပြီး လက်တွေ့ဖြစ်နိုင်မယ့်လုပ်ငန်းက အစီအစဉ်တစ်ရပ်ကို ချမှတ်ရမှာပါ။ ပြည်ထောင်စုဝန်ကြီးဌာန တစ်ခုအတွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ထောင်စု ဝန်ကြီးဌာန တစ်ခုအတွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ထောင်စု ဝန်ကြီးဌာန အချင်းချင်းကြားမှာပဲဖြစ်ဖြစ် စုစည်းဆက်စပ်မှု ခိုင်မာချောမွေ့အောင် စီစဉ်ရာမှာ အင်တာနက်ကို အခြေခံတဲ့ ခေတ်မီဆက်သွယ်ရေး နည်းပညာတွေကို အသုံးချနိုင်မယ်ဆိုရင် အများကြီး အထောက်အပံ့ဖြစ်နိုင်ပါတယ်။ e-GOVERMENT လုပ်ငန်းစဉ်တွေ အရှိန်အဟုန်မြင့်တင်ဖို့အတွက် နေပြည်တော်မှာ ရှိတဲ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ဆွေးနွေး ပွဲတွေ လုပ်နေတာကို သတိထားမိပါတယ်။

ဒီကနေ့ အခြေအနေမှာတာ့ အစိုးရဝန်ကြီးဌာနတွေအတွင်းမှာ အီးမေးလ်နဲ့ အင်တာနက်ကို အခြေခံပြီး လုပ်ငန်းစုစည်းဆက်စပ်မှု ရယူဆောင် ရွက်မှုက အတော်ကို အားနည်းနေပါသေးတယ်။ အရေးတကြီးကိစ္စမဟုတ်တဲ့ ဌာနတွင်း လုပ်ရိုးလုပ်စဉ်သာမန်လုပ်ငန်း ကိစ္စတွေအတွက်ကိုပဲ လူကိုယ်တိုင် နေပြည်တော်ကို သတင်းပို့တယ်၊ အမြန်ချောပို့နဲ့ ပို့တယ်ဆိုတဲ့ အစဉ်အလာ လုပ်ထုံးလုပ်နည်းတွေကိုသာ တွေ့ရတာများနေပါသေးတယ်။ ဘတ်ဂျက် ခွင့် ပြုနိုင်မှု အနေအထား၊ ကွန်ပျူတာသုံးစွဲနိုင်မှု အခြေအနေနဲ့ ကျွမ်းကျင်ဝန်ထမ်း လေ့ကျင့်ပျိုးထောင်နိုင်မှုတွေအပေါ် မူတည်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ လုပ်ငန်းစနစ်တစ်ရပ် ဖန်တီးပေးဖို့ ကိစ္စဟာ စိန်ခေါ်ချက်တစ်ရပ်ပါ။

ပကတိ အခြေအနေတွေအပေါ်မူတည်ပြီး လက်တွေ့ကျကျ စီမံခန့်ခွဲနိုင်ဖို့ဆိုတာ အချက်အလက် အကြောင်း အရာတွေကို အရှိကို အရှိအတိုင်း သိမှ ဖြစ်နိုင်မှာပါ။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အောက်ခြေအဆင့်ဆင့်က တင်ပြချက်တွေကို လေးလေးနက်နက်နားထောင်ပြီး ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်မှသာ တိုင်းပြည်ရဲ့ ပကတိအခြေအနေကို နားလည်သဘောပေါက်မှာပါ။

ပကတိ အခြေအနေရဲ့ အကန့်အသတ်တွေနဲ့ စည်းချက်ညီညီ လှုပ်ရှားနိုင်ဖို့အတွက် နောက်ထပ် အရေးကြီးတဲ့ လိုအပ်ချက်က တာဝန်ယူ ဆောင်ရွက်မှုပါ။ တာဝန်ယူ ဆောင်ရွက်မှု ပီပြင်ဖို့ဆိုရင် လုပ်ငန်းတာဝန် ပိုင်းခြားသတ်မှတ်မှုကလည်း ပီပြင်ရပါမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်နယ် အစိုးရအဖွဲ့ဆိုတဲ့ အဓိက အုပ်ချုပ်ရေးပုံသဏ္ဍာန်သုံးရပ်အကြား လုပ်ငန်းတာ ဝန်ပိုင်းခြား သတ်မှတ်မှု ပီပီပြင်ပြင် ဖြစ်လာဖို့ အတွက် အချိန်ယူဆောင်ရွက်ရဦးမှာပါ။

ပကတိကို အခြေခံ ဆောင်ရွက်ကြဆိုတဲ့ ကြွေးကြော်သံက ရိုးစင်ပေမယ့် ဒီရည်မှန်းချက် ဆုပ်ကိုင်နိုင်ဖို့ အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကတော့ အများကြီးပါ။ အနှစ်ချုပ်ပြောရင်  အမှန်ကို အမှန်အတိုင်းအရှိကို အရှိအတိုင်း ပြောရဲဆိုရဲ ပြောနိုင်ဆိုနိုင် ဖြစ်ဖို့အတွက် တိုင်းပြည်ရဲ့ အစိတ် အပိုင်းတိုင်းမှာ ဒီမိုကရေစီ စိတ်ဓာတ် ဒီမိုကရေစီ ဝန်းကျင်ရှိဖို့ လိုပါတယ်။ ဒါမှသာ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေ စီ အဆောက်အအုံ တည်ထောင်မှုကို တစ်သားတည်ဖြစ်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပြီး ပြည်သူတိုင်း အခွင်းအရေးသာမတူညီမျှမှုရှိတဲ့ လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မှာပါ။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs