Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၆.၂၀၁၁

ဘာသာပြန်သတင်းများ

တရုတ်ဝန်ကြီးချုပ် ကုန်သွယ်ရေးထိပ်သီးအစည်းအဝေးတက်ရန် ဗြိတိန်သို့ရောက်ရှိ

( 25 Jun 2011 ရက်စွဲပါ BBC News မှ Chinese Premier Wen Jiabao in UK for trade summit ကို ဘာသာ ပြန်ဆိုသည်)

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် သည် ဗြိတိန် - တရုတ် မဟာဗျူဟာ ထိပ်သီး ဆွေးနွေးပွဲ အတွက် ဗြိတိန်နိုင်ငံ သို့ ရောက်ရှိလာသည်။

ဝမ် သည် တနင်္ဂနွေနေ့ တွင် ဘာမင်ဂမ် အနီး ရှိ Long bridge တွင် MG ကားစက်ရုံ ကို သွားရောက် လည်ပတ်မည်ဖြစ်သည်။ အဆိုပါ စက်ရုံ သည် MG Rover ကားများ ထုတ်လုပ်ပြီး ၊ ယခုအခါ တရုတ်၏ Shanghai Automotive Industry Corporation က ပိုင်ဆိုင်ပါသည်။

( ၁၆ ) နှစ် အတွင်း ပထမဆုံး အကြိမ် MG မော်ဒယ် အသစ် ကို Long bridge တွင် ယခုနှစ် အစောပိုင်း က စတင် ထုတ်လုပ်ခဲ့သည်။ ဝမ် သည် ဗြိတိန်ဝန်ကြီးချုပ် David Cameron နှင့် ရောက်ရှိသော ပထမနေ့ တွင် တွေ့ဆုံမည် ဖြစ်သည်။ တရုတ် ကိုယ်စားလှယ် အဖွဲ့သည် ဗြိတိသျှ စံတော်ချိန် 20:00 တွင် ရောက်ရှိခဲ့သည်။

“ သူတို့ ရောက်ပါပြီ။ အခု ဘာမင်ဂမ် ကိုဆက်လက် ထွက်ခွာ သွားပါတယ်။ သူတို့ ကို ကုန်သွယ်ရေး ဝန်ကြီး Stephen Green နဲ့ တရုတ်နိုင်ငံ ဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး Sebastian Wood တို့က ကြိုဆိုကြမှာပါ ” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး က ပြောသည်။ စနေနေ့ အတွက် မည်သည့် တွေ့ဆုံမှု မျှ ရှိမည်မဟုတ်ပါ။

ယခု ထိပ်သီး အစည်းအဝေး မှာ နှစ်နိုင်ငံ အတွက် ပုံမှန် နှစ်စဉ် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်သည်။ နောက်ဆုံး အစည်းအဝေးမှာ ပြီးခဲ့သည့် နှစ် နိုဝင်ဘာလက ဘေဂျင်း တွင် ပြုလုပ်ခဲ့ပါသည်။

ထိပ်သီး အစည်းအဝေး ၏ ရည်ရွယ်ချက် မှာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်းစေရန် ရည်ရွယ်သည်။

တရုတ်သည် ကမ္ဘာ့ ဒုတိယ အကြီးဆုံး စီးပွားရေး အဖြစ် ဂျပန်နိုင်ငံ ကို ကျော်တက်ခဲ့ခြင်း ကြောင့် ဥရောပ ကုမ္ပဏီ အတော်များများသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှပ်နှံရန် ကြိုးစားခဲ့ကြသည်။ ဥရောပ တွင်လည်း တရုတ်၏ ပိုင်ဆိုင်မှု များ တိုးတက်လာခဲ့သည်။

ယခုလ အစောပိုင်းက တရုတ် ကွန်ပြူတာ ထုတ်လုပ် ရောင်းချသူ Lenovo သည် ဥရောပ ဈေးကွက် ချဲ့ထွင်ရန် ဂျာမန် လျှပ်စစ်ပစ္စည်း ကုမ္ပဏီ Medion ကို ဝယ်ယူရန် သဘောတူခဲ့သည်။

ဇိမ်ခံပစ္စည်း ထုတ်လုပ်ရောင်းချသော ကုမ္ပဏီကြီးများ သည်လည်း တရုတ်နိုင်ငံကို အာရုံပြု ပစ်မှတ်ထား လာကြသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည်က ကြီးပြီး ငွေသုံးနိုင်သော လူလတ်တန်းစားများ ကြီးထွားလာသောကြောင့် ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံ အရပ်ဖက်အုပ်ချုပ်ရေးကူးပြောင်းမှု ရုရှားကျေနပ်အားရ

( Bernama News မှ 25 Jun 2011 ရက်စွဲပါ “Russia is satisfied with transition to civilian rule in Myanmar ” သတင်းကို ဘာသာပြန်ဆို သည်)

မြန်မာနိုင်ငံ မှ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ နှင့် အရပ်ဖက် အုပ်ချုပ်ရေး သို့ အသွင်ကူးပြောင်းမှုကို အားရကျေနပ်သည်ဟု ရုရှား အစိုးရ က ထုတ်ဖေါ် ပြောကြားကြောင်း ရုရှား Itar – Tass သတင်းဌာန က ထုတ်ပြန် ကြေညာသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် ၊ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တို့နှင့် ရုရှားဒုတိယ နိုင်ငံခြားရေးဝန်ကြီး Alexei Borodavkin အကြား အစည်းအဝေးများ၊ ဆွေးနွေး တိုင်ပင်မှုများကို နေပြည်တော် တွင် ဇွန်လ ၂၂ ရက် က ပြုလုပ်ခဲ့ပြီးနောက် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အထက်ပါ အတိုင်း မှတ်ချက် ပေးခဲ့ခြင်းဖြစ်သည်။

` နှစ်နိုင်ငံ စလုံးအတွက် အကျိုးရှိမည့် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး အလားအလာ ကောင်းများကို ကောင်းစွာ အသုံးချနိုင်မည့် နည်းလမ်းများ အပါအဝင် နိုင်ငံရေး ဆွေးနွေးမှု အရှိန်မြှင့် လုပ်ဆောင်မည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည် ဟု ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။ ရုရှား- မြန်မာ ဆက်ဆံရေး တိုးတက်မှု နှင့် ပတ်သက်သည့် အမြင်များကိုလည်း အကျိုးရှိစွာ ဖလှယ် နိုင်ခဲ့ကြသည် ဟု ဆိုသည်။

မြန်မာနိုင်ငံမှ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် အရပ်ဖက် အုပ်ချုပ်ရေး ကူးပြောင်းမှု အစီအစဉ်ကို ကျေနပ်အားရသည်ဟု ရုရှားတို့က ထုတ်ဖေါ်ပြောဆိုခဲ့ပြီး ဒီမိုကရေစီ ထွန်းကားရေးနှင့် လူမှု - စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာအစိုးရက ဆက်လက်ဦးတည် လုပ်ဆောင် နေခြင်း၏ အရေးကြီးပုံကို အလေးထား ဆွေးနွေးခဲ့သည် ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာ က ထုတ်ပြန် ကြေညာသည်။

ထို့အပြင် နိုင်ငံတကာ ကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် အာရှ၊ ပစိဖိတ်ဒေသတွင်း အနေအထား၊ ရုရှားနှင့် အာဆီယံအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံအားလုံး ပါဝင်မှုအပေါ် အခြေပြုသည့် လုံခြုံရေးပုံသဏ္ဍန်သစ်တစ်ခု တည်ဆောက်ရေး တို့ကို ဦးတည် ဆွေးနွေးခဲ့ကြသည် ဟု ရုရှားတို့ က သတင်း ထုတ်ပြန်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာလူ့အခွင့်အရေးစုံစမ်းရန် ထောက်ခံကူညီမည်ဟု အမေရိကန် အချက်ပြ

( 25 Jun 2011 ရက်စွဲပါ VOA News မှ US signals support for Burma Investigation ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ ကော်မရှင်တစ်ခုဖွဲ့စည်းနိုင်ရေးအတွက် ကြိုးစားလျက် ရှိသည် ဟု အမေရိကန် ပြည်ထောင်စုက ပြောကြားခဲ့သည်။

စနေနေ့က ထုတ်ပြန်သော ကျေညာချက်တွင် အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားရာတွင် ဝါရှင်တန် အနေဖြင့် စိတ်အားထက်သန်စွာ လုပ်ကိုင်မည်ဟု ဆိုသည်။

ဗုဒ္ဓဟူးနေ့က မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ဥပဒေပြု အမတ်များအား နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် အတွက် တိုက်တွန်းခဲ့ပါသည်။ ထိုသို့ စုံစမ်းခြင်းသည် တရာရုံး တင်ပို့ခြင်း မဟုတ်ဘဲ၊ ထိုသို့သော ချိုးဖောက်မှုများထပ်မံ မဖြစ်ပေါ်ရန် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ မှတ်ချက်များကို သူမသည် အမေရိကန်အထက်လွှတ်တော် အာရှပစိဖိတ်ရေးရာ ဆပ်ကော်မတီသို့ ပေးပို့သော ဗီဒီယိုတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကော်မတီသည် မြန်မာနိုင်ငံ တွင် နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံး အကြိမ် ကျင်းပသော နိုဝင်ဘာ ရွေးကောက်ပွဲများ နှင့် ပတ်သက်၍ ကြားနာလျက် ရှိသည်။

မြန်မာနိုင်ငံ နှင့် ပတ်သက်၍ နိုင်ငံတကာ ဝေဖန် သုံးသပ်သူများ က ပြောကြားရာတွင် ရွေးကောက်ပွဲ တွင် စစ်တပ် နောက်ခံ ပြုသောပါတီက အများစု အနိုင်ရခြင်းကြောင့် ရွေးကောက်ပွဲများသည် စစ်တပ် အုပ်ချုပ်ရေးကို ပိုမို ခိုင်မာစေသည် ဟု ဆိုကြသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင်း ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်စိုးရိမ်

(Kuwait News Agency မှသတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာ့နိုင်ငံတွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အကြမ်းဖက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်သည်ဟူသော သတင်း ပေးပို့ချက် များနှင့် ပတ်သက်၍ စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၅ ရက်နေ့တွင်ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Victoria Nuland  က "မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် အခြားသော ဒေသများတွင် လတ်တလော ဖြစ်ပေါ်နေသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် စိုးရိမ်ပူပန်မိကြောင်းနှင့် အဆိုပါ ဖြစ်ရပ်များ အမြန်ဆုံးအဆုံးသတ်ရန် တိုက်တွန်းပါကြောင်း" ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့၏ တိုက်ခိုက်မှုများသည် ရက်သတ္တပတ် သုံးပတ်ကြာသည်အထိ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။

"အဲဒီလို တိုက်ပွဲဖြစ်ပွားတဲ့နေရာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မုဒိမ်းမှုတွေ၊ ဒေသခံထောင်ပေါင်းများစွာ နေရာပြောင်းရွှေ့ ထွက်ပြေး ကြရမှု တွေနဲ့ ပတ်သက်ပြီး ကျွန်မတို့အနေနဲ့  အထူးပင်စိုးရိမ်မကင်းဖြစ်ရပါတယ်" ဟု မစ္စ Victoria Nuland ကပြောကြားသည်။

"ပဋိပက္ခဖြစ်နေတဲ့ နယ်မြေကနေ နယ်စပ်ဒေသကို ထွက်ပြေးကြရတဲ့ ဒေသခံပြည်သူတွေအတွက် လုံခြုံရေး၊ အကူအညီ အထောက်အပံ့တွေ ပေးတဲ့နေရာမှာ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ကိုက်ညီမှုရှိအောင် လုပ်ဖို့ အာဏာပိုင်တွေကို ကျွန်မတို့က တိုက်တွန်းလိုက်ပါတယ်" ဟု က မှတ်ချက်ပေး ပြောဆိုသည်။

ယခုဖြစ်ပေါ်နေသော ပဋိပက္ခများကို ကြည့်လျှင် မြန်မာနိုင်ငံတွင်း စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ထွက်နိုင်ရေးအတွက် အစိုးရ၊ အတိုက်အခံ နှင့် တိုင်းရင်းသား လူမျိုးစုများအကြား ဒိုင်ယာလော့ခ်တစ်ရပ် ပြုလုပ်ရန်လိုအပ်နေသည်မှာ ထင်ရှားကြောင်း`မစ္စ Victoria Nuland ကပြောသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

အာရပ်ကမ္ဘာတော်လှန်ရေးမျိုး မဖြစ်ပွားရန်အရေးကြီးကြောင်း သူရဦးရွှေမန်းသတိပေး

(UPI သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံအနေဖြင့် အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်နေသော ပုန်ကန်တော်လှန်မှုများနှင့် မကြုံတွေ့ရန်အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇွန်လ ၂၄ ရက်နေ့တွင် သတိပေးပြောဆိုသည်။ ဇွန်လ ၂၄ ရက် တစ်ရက်တည်းတွင် မြို့ကြီးသုံးမြို့၌ ပေါက်ကွဲမှု အသီးသီး ဖြစ်ပွားပြီးနောက် ယင်းသို့သတိပေးပြောဆိုခြင်းဖြစ်သည်။

မြောက်အာဖရိကနိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆူပူအုံကြွမှုများသည် တိုင်းပြည်နှင့်လူမျိုး၏ အကျိုးစီးပွားကိုသာ ထိခိုက်စေသည်ဖြစ်ရာ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် အလားတူဖြစ်ရပ်မျိုးမှ ကာကွယ်နိုင်ရေးအတွက် အတူတကွ လက်တွဲဆောင်ရွက်သင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကဆိုသည်။

"အမေရိကန်သံတမန် ဂျွန်မက်ကိန်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ် ပြောဆိုခဲ့သလိုပင် မိမိတို့အနေဖြင့် အရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပေါ်နေသော မတည်မငြိမ်မှုများ ဖြစ်ပေါ်ခြင်း မရှိရလေအောင် လုပ်ဆောင်ရမည်ဖြစ်သည်" ဟု သူရဦးရွှေမန်းက ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတို့အကြား ဖြစ်ပွားသော တိုက်ပွဲများ အဆုံးသတ်ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးသိန်းဇော်၏ ကြိုးပမ်းအားထုတ်မှုများကို ၎င်းကချီးမွမ်းပြောဆိုကြောင်း နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံတင်းဌာနက ဆိုသည်။

KIA နှင့် အစိုးရတပ်ဖွဲ့များ တိုက်ခိုက်မှုများဖြစ်ပွားရာနေရာသည် တရုတ်-မြန်မာနယ်စပ်ဒေသနှင့် မိုင် ၄၀ ဝန်းကျင်သာဝေးကွာသည်။

အဆိုပါတိုက်ပွဲကြောင့် KIA နှင့် မြန်မာအစိုးရအကြား ၁၄ ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပျက်ပြားသွားရသည်။ အတည်မပြုနိုင်သော သတင်းများအရ တိုက်ပွဲကြောင့် KIA သူပုန်လေးဦးနှင့် စစ်တပ်မှ တပ်သားတစ်ဦး တိုက်ခိုက်မှုတွင် ကျဆုံးခဲ့သည်။ လက်ရှိ အနေအထားတွင် ဒုက္ခသည်များအား ခရစ်ယာန်အသင်းများ အပါအဝင် ဘာသာရေးအုပ်စုများက ကူညီစောင့်ရှောက်မှု ပေးထားကြောင်းသိရသည်။

ယခုတိုက်ပွဲသည် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား ဖြစ်ပွားသည့် ပဋိပက္ခများအနက် စစ်ပွဲအသွင်ဆောင်သော ပဋိပက္ခတစ်ခုလည်း ဖြစ်သည်။ အခြားသော ရှမ်းနှင့် ကရင်ပြည်နယ်များတွင်လည်း မြန်မာအစိုးရနှင့် ကာလကြာရှည်စွာ ပဋိပက္ခဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများရှိသည်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံရှိ မြို့သုံးမြို့တွင် ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် အထက်ပါအတိုင်း သတိပေးမှုများ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်းပေးပို့ချက်များအရ ပေါက်ကွဲမှုများမှာ မြို့တော်သစ်နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် လူသေဆုံးခြင်းမရှိခဲ့ပေ။ နေပြည်တော်မှ ပေါက်ကွဲမှုမှာ ဈေးတစ်ခုနှင့် ဟိုတယ်အများစုနှင့် နီးစပ်ရာတွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးတွင်ဖြစ်ပွားသော ပေါက်ကွဲမှုကြောင့် မော်တော်ကားတစ်စီး ပျက်စီးသွားကာ ယာဉ်ထိန်းရဲတစ်ဦးအပါအဝင် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက ဆိုသည်။

သို့သော် တောင်ပေါ်မြို့တစ်မြို့ဖြစ်သော ပြင်ဦးလွင်၌ဖြစ်ပွားသည့် ပေါက်ကွဲမှုအသေးစိတ်ကို ၎င်းကထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကမျှ မိမိတို့၏လုပ်ရပ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုမှု မပြုသော်လည်း အစိုးရက အတိတ်ကာလတွင် ဖြစ်ပေါ်ခဲ့ သော အလားတူပေါက်ကွဲမှုများသည် တိုင်းရင်းသားလက်နက်ကိုင် သူပုန်များ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြစ်တင်ပြောဆိုသည်။

ပြီးခဲ့သည့် မေလအတွင်း နေပြည်တော်အနီး ခုတ်မောင်းသွားလာနေသော ရန်ကုန်-မန္တလေးရထားတစ်စီးပေါ်တွင် ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ လူနှစ်ဦး သေဆုံးသွားသည်။ ယမန်နှစ် ဧပြီလ၊ မြန်မာနှစ်သစ်ကူး ကာလတွင် ရန်ကုန်မြို့၌ ဗုံးများဆက်တိုက်ပေါက်ကွဲရာ လူရှစ်ဦးသေဆုံးပြီး ၁၇၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ ထိုစဉ်က အစိုးရအာဘော် သတင်းစာက ဖောက်ခွဲမှုများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုကို မှေးမှိန်ပျက်စီး သွားအောင် ဦးတည်ချက်ဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြစ်တင်ဝေဖန်ခဲ့ဖူးသည်။

ယခု ဇွန်လ ဒုတိယနောက်ဆုံးပတ် အစောပိုင်းကာလတွင် KIA အဖွဲ့နှင့် မိမိတို့တပ်ဖွဲ့ဝင်များအနေဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဖြစ်ပေါ် လာနိုင်သည် ဟူသော အချက်ကို သတိပြုရမည်ဟု ဆိုခဲ့သည်။ New Light of Myanmar သတင်းစာက အစိုးရတပ်ဖွဲ့များသည် နယ်စပ်ဒေသရှိ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အရပ်သားများကို အကာအကွယ်ပေးရန်အလို့ငှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြသည်။

မည်သို့ပင်ဖြစ်စေ ယခု KIA နှင့် အစိုးရတပ်ဖွဲ့များအကြား ဖြစ်ပေါ်သောတိုက်ခိုက်မှုသည် KIA အား နယ်ခြားဒေသစောင့်တပ် အဖြစ်ေ ပြာင်းလဲဖွဲ့စည်းရေး ဆွေးနွေးမှုများ မအောင်မြင်သောကြောင့် ထွက်ပေါ်လာသော ရလဒ်ဟုဆိုနိုင်သည်။ KIA သည် မြန်မာအစိုးရ၏ ကမ်းလှမ်းချက်ဖြစ်သော နယ်စပ်ဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းရေးကို ပယ်ချခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၂၆.၆.၂၀၁၁

ပြည်တွင်းသတင်းများ

ပညာရေးဝန်ထမ်းများကို စားအုန်းဆီမယူမနေရ ရောင်းချ

ရန်ကုန်။ဇွန် ၂၄။

ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာဦးစီးဌာန ဝန်ထမ်းများကို တစ်ဦးလျှင် စားအုန်းဆီ ၃ ပိသာနှုန်းဖြင့် ရောင်းချပေးနေကြောင်း ၎င်း ဝန်ထမ်းအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ကမာရွတ် အ.ထ.က. ၂ မှ ပညာရေးဝန်ထမ်းတစ်ဦးက “စားအုန်းဆီ တစ်လကို ၃ ပိသာ မယူမနေရ ယူရမယ်လို့ ပြောတယ်။ လကုန်တာနဲ့ လစာ ထဲက ၆၃၀၀ ဖြတ်ပြီးသားပဲ လစာက ၅သောင်းကျော်လေးရယ် ဟိုဖြတ်ဒီဖြတ်နဲ့ ဘာသွားစားမလဲ ပြီးတော့ပေးတဲ့ဆီက အခဲကြီးတွေ စားလိုရတဲ့ဆီဆိုတာ ဘယ်သူအာမခံမလဲ ”ဟု ပြောကြားသည်။

စားအုန်းဆီတင်သွင်းခွင့်ကို ပြီးခဲ့သည့်လမှ စတင်ပြီး ကုမ္မဏီ ၁၆ ခုသို့ တင်သွင်းခွင့်ပေးခဲ့ရာ ဈေးနှုန်းများ ကမောက်ကမ ဖြစ်ပေါ်ခဲ့ကြောင်း တင် သွင်းသမျှ၏ ၂၀ ရာခိုင်နှုန်းကို သတ်မှတ်ဈေးဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတဆင့် ဖြန့်ဖြူးပေးရပြီး ကျန်ပမာဏကို လွတ်လပ်စွာ ရောင်းချခွင့်ရှိကြောင်း ဈေးကွက်ကို ဈေးကွက်က ပြန်ထိန်းပေးရမည်ဟုဆိုသော်လည်း တစ်ဦးတည်းလက်ဝါးကြီးအုပ်ခွင့် မရရှိသည့်အပေါ် မကျေနပ်သူများလည်းရှိရာ ၎င်းတို့ကစားအုန်းဆီအဓိက ဖြန့်ဖြူးရာ ဦးပိုင်မှပိုင်ဆိုင်သော သိုလှောင်ကန်များတွင် သိုလှောင်ခွင့်အပေါ် တစ်ဖက်လှည့်ဖြင့် အမြတ်ထုတ်နေခြင်း မသမာသောနည်းလမ်းများကို အသုံးပြုနေခြင်းများရှိနေကြောင်း သိုလှောင်ကန်မှ ထုတ်ယူသော အချို့ဆီပေပါများ များစွာလျော့နေ သည့် အကြောင်းများလည်း မီဒီယာများတွင် ဖော်ပြပါရှိခဲ့ကြောင်း  သိရသည်။

ယခုကဲ့သို့ ဝန်ထမ်းများကို မယူမနေရစနစ်ဖြင့်ရောင်းချခြင်းမှာ ၎င်းတို့အတွက်သက်သာချောင်ချိမှုထက် အကျင့်ပျက်မှုနှင့် လူမှုစီးပွားဆိုင်ရာ ပြဿနာများ ပိုမိုတိုးပွားလာဖွယ်ရှိကြောင်း သတင်းဆန်းစစ်သူအချို့က သုံးသပ်ပြောဆိုသည်။

The CJs News

-----------------------------------------------------------------------------------------------------------------------------------

ထားဝယ်ရေနက်ဆိပ်ကမ်းမြေ သတ်မှတ်စည်းကမ်းနှင့်အညီ သုံးရမည်

ထားဝယ်ရေနက်ဆိပ်ကမ်း၌ သက်ဆိုင်ရာမှ ချထားပေးသည့် ရင်းနှီးမြှုပ်နှံသူများ အသုံးပြုခွင့်ရရှိသည့် မြေများအား သတ်မှတ်စည်းကမ်းနှင့် အညီသာ အသုံးပြုလုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

၎င်း ငှားရမ်း၍ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိသည့်မြေများကို ရင်းနှီးမြှုပ်နှံသူများ အနည်းဆုံးနှစ်(၃၀) အသုံးပြုခွင့် ရရှိမည်ဖြစ်ပြီး မြေငှားရမ်းခနှင့် မြေအသုံးပြုခ အခွန်ငွေအား ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ၎င်း ငှားရမ်း အသုံးပြုခွင့်ရရှိထားသော မြေများအား ခွင့်ပြုချက်မရှိဘဲ ပြုပြင် ပြောင်းလဲမှုများ မပြုရပာု စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံသူများအား ငှားရမ်းလုပ်ကိုင်ခွင့်ပြုထားသည့် မြေနှင့် အဆောက်အအုံများတွင် လုပ်ကိုင်နေစဉ်အတောအတွင်း အခြားလုပ်ငန်းရှင် တစ်ဦးဦးအား ပြန်လည် ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်းစသည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

၎င်း ငှားရမ်းအသုံးပြုခွင့်ရရှိထားသည့်မြေများတွင် မြေပေါ်၊ မြေအောက်ရှိ ခွင့်ပြုချက်ရရှိထားသည့် လုပ်ငန်းမှအပ လုပ်ငန်းနှင့်မသက်ဆိုင်သည့် စာချုပ်ချုပ်ဆိုရာ၌ မပါဝင်သည့် သဘာဝ သယံဇာတပစ္စည်းများ၊ ရှေးပောာင်းဝတ္ထုပစ္စည်းတစ်ခုခုအား တွေ့ရှိပါက စီမံခန့်ခွဲမှုကောက်မတီထံသို့ အကြောင်း ကြားရမည်ဖြစ်ကြောင်း စည်းကမ်း၌ သတ်မှတ်ပါရှိသည်။

မြေငှားရမ်းသည့် သတ်မှတ်ကာလပြည့်သွားခြင်း(သို့) ခွင့်ပြုချက် ပြန်လည်ရုပ်သိမ်းပါက ငှားရမ်းထားသည့်မြေအား ပြန်လည်အပ်နှံရမည်ဖြစ် ကြောင်း သိရသည်။ ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် မြေငှားရမ်းခနှင့် မြေအသုံးချမှု ပရီမီယံကြေးများကို တည်ဆဲဥပဒေနှင့်အညီ  သတ်မှတ်စည်းကမ်းနှင့် ပေးဆောင်ရမည်ဖြစ်ကြောင်းသိရသည်။

(Hot News၊ အတွဲ-၁၊ အမှတ်-၄၅ ပါ “ထားဝယ်အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံသူ အသုံးပြုခွင့်ရမြေကို သတ်မှတ်စည်းကမ်းနှင့် သုံးရမည်” သတင်းအားအကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

ပြည်ပပို့ရန် ဆန်ပမာဏ အသင်းက ဆုံးဖြတ်မည်

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့မည့် ဆန်စပါးအား မည်ရွေ့မည်မျှ တင်ပို့ရမည်ကို မြန်မာနိုင်ငံဆန်စပါးအသင်းကသာ ဆုံးဖြတ်၍ ပြည်ပသို့ တင်ပို့ ခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌ ပြည်ပသို့တင်ပို့မည့် မြန်မာ့ဆန် တင်ပို့ခွင့်ပမာဏကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာ့လယ်ယာထွက်ကုန် ရောင်းဝယ်ရေးလုပ်ငန်းတို့က ဆုံးဖြတ်ချက်ဖြင့်သာ ပြည်ပပို့ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယခုအစိုးရသစ် လက်ထက်မှ စတင်၍ မြန်မာ့နိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းက ပြည်ပတင်ပို့ခွင့်ပမာဏကို စတင်၍ဆုံးဖြတ်ခွင့် ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပို့သင့်၊ ပို့ထိုက်သည့် အနေအထားနှင့် အခြေအနေအား ဆုံးဖြတ်ခိုင်းသည့် သဘောမျိုးပင်ဖြစ်ကြောင်း၊ ပြည်တွင်း စားသုံးမှုထိခိုက်မှုမရှိစေရန် အခြေခံ၍ အဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုဇွန်လအတွင်း၌ ပြည်ပသို့ဆန်စပါးတင်ပို့ခွင့်ကို တန်ချိန်  လေးသောင်း သတ်မှတ်ထားကြောင်း သိရသည်။ တန်ချိန် လေးသောင်းပမာဏ၏ ထက်ဝက်ကို အထူးပြုကုမ္ပဏီကြီးများက တင်ပို့ရမည်ဖြစ်ပြီး ကျန်ထက်ဝက်အား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးထုတ်လုပ်သူများက တင်ပို့ရ မည်ဖြစ်ကြောင်း သိရသည်။

ဆန်စပါးအသင်းအား ဆုံးဖြတ်ခိုင်းထားသည့်အတွက် ပိုကောင်းလာရန်သာရှိတော့ကြောင်း၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်အား ပထမခြေလှမ်းအဖြစ် ပေးလိုက်ခြင်းပင်ဖြစ်ကြောင်း၊ အသင်း၌ ကုန်သည်အများစုပါဝင်သည့်အတွက် ချင့်ချိန်၍သာ ပြည်ပတင်ပို့ခွင့် ရရှိမှာဖြစ်ကြောင်း ဆန်အထူးပြုကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၄ ပါ “ပြည်ပပို့မည့် ဆန်ပမာဏ ဆန်စပါးအသင်းကသာ ဆုံးဖြတ်တော့မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

အကြွေစေ့ဂိမ်းဆိုင်များ ပိတ်သိမ်းမည်

ရန်ကုန်တိုင်းဒေသကြီး၌ အကြွေစေ့များလဲလှယ်၍ကစားရသည့် လောင်းကစားဝိုင်းများနှင့် ကာစီနိုခေါ် ဂိမ်းကစားဝိုင်းများအား ယခုလ တတိယ ပတ်မှ စတင်၍ ပိတ်သိမ်းရတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လောင်းကစားဝိုင်းများနှင့် ဂိမ်းကစားဝိုင်းများကို ရန်ကုန်မြို့၌ လူစည်ကားနေရာများတွင် လုပ်ငန်းရှင်များက ခေတ်ပေါ်စနစ်ဖြင့် လောင်းကစားပြု လုပ်လျက်ရှိရာ ၎င်းကစားဝိုင်းများအား ပိတ်သိမ်းရန် လုပ်ငန်းရှင်များအား ခေါ်ယူသတိပေးမည်ဖြစ်ပြီး အကယ်၍ လိုက်နာဆောင်ရွက်မှုများ မရှိပါက တည် ဆဲဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီနိုင်ငံဆိုသော်လည်း မိမိနိုင်ငံ၏ ဥပဒေမှာ အဓိကကျကြောင်း၊ အခြားနိုင်ငံများ၌ ယခုကဲ့သို့ လောင်းကစားဝိုင်းများရှိသော်လည်း မိမိ နိုင်ငံ၌ လောင်းကစားဝိုင်းများ ပပျောက်သွားစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခုခေတ်၌ ဂိမ်းမကစားတတ်သည့် လူငယ်များမှာ အနည်းငယ်သာ ရှိကြောင်း၊ ထို့ကြောင့် ငွေအကြွေစေ့ဖြင့် လောင်းကစားပြုလုပ်ရသည့် ကစားဝိုင်းများမှာ တဖြည်းဖြည်းကြီးမားလာနိုင်ကြောင်း၊ အဓိက အနေဖြင့် ကာစီနိုလောင်းကစားဝိုင်းများကို သတိထားရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ငွေအကြွေစေ့ဖြင့် လဲလှယ်၍ ကစားရသည့် ကစားဝိုင်းများနှင့် ကာစီနိုဝိုင်းများမှာ လူစည်ကားနေရာများ၌ ဖွင့်လှစ်ထား မှုမှာ ဆိုင်ပေါင်း ၂၀၀ ခန့်ရှိပြီး ငွေအကြွေစေ့တစ်စေ့လျှင် တစ်ရာကျပ်နှုန်းဖြင့် ကစားရကြောင်း သိရသည်။ ၎င်းကစားဝိုင်းပစ္စည်းများမှာ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ပစ္စည်းများပင် ဖြစ်ကြောင်း သိရသည်။

ကာစီနိုဝိုင်းများတွင် ကစားနည်းပေါင်း ၂၀ ခန့်ရှိကြောင်း၊ ပိုက်ဆံအား တစ်သောင်းဖိုးမှ စတင်ပြီး သိန်းပေါင်းများစွာထိတိုင် ဆိုင်ရှင်ထံ၌ လဲလှယ်၍ ရရှိကြောင်း၊ ကစားသူနိုင်ပါကလည်း ပြန်လဲလှယ်နိုင်ကြောင်း၊ စက်ထဲ၌ ထည့်သွင်းထားသည့် အကြွေစေ့ကုန်သွားပါကလည်း ကွန်ပျူတာမှ အလိုအလျောက် ပြသကြောင်း၊ ကစားဝိုင်းများ၌ အရွယ်ရှိသည့် မိန်းကလေးများက စောင့်ကြည့်ပေးကြကြောင်း၊ နိုင်သည်များလည်း ရှိသလို ရှုံးသည်များလည်း ရှိကြောင်း အဆိုပါ လောင်းကစားဝိုင်းများနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၄ ပါ “ရန်ကုန်ရှိ အကြွေစေ့လောင်းကစားနှင့် ကာစီနိုခေါ် ဂိမ်းဝိုင်းများ ပိတ်သိမ်းတော့မည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကျေးလက်ဆင်းရဲမွဲတေမှု လျှော့ချရေး လုပ်ငန်းစဉ်များ စတင်ရေးဆွဲ

ရန်ကုန်၊ဇွန် ၂၅။

မကြာသေးမီက ပြုလုပ်ခဲ့သည့် ကျေးလက်ဒေသဖွင့်ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ကျရေး အလုပ်ရုံဆွေးနွေးပွဲအပြီး ယခုအခါ ကျေးလက်ဒေသ အကောင်ထည်ဖေါ်နိုင်မည့် လုပ်ငန်းစဉ်များ action plan စတင်ရေးဆွဲနေပြီဖြစ်ကြောင်း ပညာရှင်အချို့ထံမှ စုံစမ်းသိရသည်။

နိုင်ငံတော် အကြံပေးအဖွဲ့ဝင်တစ်ဦး၏ ဖြေကြားချက်အရ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ကိစ္စရပ်များ ချက်ချင်းလက်ငင်း အကောင် အထည်ဖော်နိုင်မည့် ရေတိုစည်မံကိန်းများနှင့် အချိန်ယူဖြေရှင်းရမည့် ရေရှည်စီမံကိန်းစသည်ဖြင့် ခွဲခြားသတ်မှတ်ကာ ကျေးလက်နေ ပြည်သူတို့၏ ဘဝအား မြင့်တင်နိုင်ရေးအတွက် စတင်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

စီမံကိန်းများ ရေးဆွဲပြီးသွားပါက နိုင်ငံတော်သမ္မတနှင့် တာဝန်ရှိသူများအား တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါပညာရှင်က ထပ်လောင်း ပြော ကြားခဲ့သည်။ ကျေးလက်ဒေသဖွင့်ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ကျရေးအလုပ်ရုံဆွေးပွဲသည် မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှင့် ပတ်သက်ပြီး ပထမဆုံး အလုပ်ရုံဆွေးနွေးပွဲ တစ်ခုဖြစ်ပြီး ပညာရှင်များမှ ပွင့်ပွင့်လင်းလင်းဆွေး ဆွေးနွေးခွင့် ရရှိခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခွင့် မရခဲ့သော ပညာရှင်အချိုကမူ ဆင်းရဲမွဲတေမှုဟုဆိုရာတွင် မြန်မာနိုင်ငံတွင် ကျေးလက်တွင်သာမကဘဲ မြို့ပြများတွင်လည်း အလွန်အမင်း ဆင်းရဲမွဲတေမှုများ ရှိနေသည်ဟု သုံးသပ်ကြခြင်းများ ရှိခဲ့သည်။

The CJs News

-----------------------------------------------------------------------------------------------------------------------------------

သမ္မတအမိန့်ဖြင့် မြန်မာလူ့အခွင့်အရေးအဖွဲ့ ပြင်ဆင်ဖွဲ့စည်း

မြန်မာနိုင်ငံ သမ္မတအမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုမှ  ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ၍ ပြည်ထောင်စု မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့အား ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

၎င်း ပြင်ဆင်ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့၌ ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဥက္ကဋ္ဌအဖြစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ လည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှင့် ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယစစ်ဥပဒေချုပ် (စစ်ဥပဒေ ချုပ်ရုံး)၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အဖွဲ့ဝင်များအဖြစ်လည်းကောင်း  အထွေထွေအုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနမှူးက တွဲဖက်အတွင်းရေးမှူးအဖြစ်လည်းကောင်း ပါဝင်ကြောင်း သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့၏ လုပ်ဆောင်ရမည့် တာဝန်ဝတ္ထရားများမှာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများကို လက်ရှိ အနေအထားဖြင့် လိုက်လျောညီထွေမှုရှိနိုင်စေရန် အကြံပြုတင်ပြရန်၊ ပြည်ပနိုင်ငံအချို့မှ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးနှင့် ပတ်သတ်သည့် စွပ်စွဲချက် များကို ပြန်လည်တင်ပြရန်၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းများကို လေ့လာတင်ပြရန်၊ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ဆိုင်ရာ ကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ရေး အကြံပြုတင်ပြရန် စသည့် တာဝန်ဝတ္ထရားများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

(မြန်မာတိုင်းမ်၊ အတွဲ-၂၇၊ အမှတ်-၅၂၃ ပါ “မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့ကို သမ္မတအမိန့်ဖြင့် ပြင်ဆင်ဖွဲ့စည်း” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အရေးအကြီးဆုံးအချက်က စစ်တမ်းကောက်ချက် ထုတ်ပုံဖြစ်သည်။ ပညာရှင်တစ်ယောက်သည် ဘောင်အတွင်းမှာပဲ စကားပြောရသည်။ "ခွေးရူးရောဂါ ဖြစ်နေသည်ဟု သင်္ကာမကင်းဘဲ သေဆုံးသဖြင့် ကျွန်ုပ်တို့ထံပို့သော ခွေးအသေ ၂၁ ကောင်၏ ဦးနှောက်များကို စစ်ဆေးကြည့်ရာ ၇ကောင်၏ ဦးနှောက် တွင် ခွေးရူးရောဂါနှင့် သက်ဆိုင်သော Negri Body ကို တွေ့ရှိရကြောင်း" ဆိုတာမျိုးပဲ ပြောရသည်။ သတင်းယူသူများ ဖော်ပြသူများကလည်း မလိုအပ်ဘဲ လူထု အထိတ်တလန့် ဖြစ်သွားမည့်အရေးကို စဉ်းစားကြဖို့ကောင်းသည်။  ရောဂါအကြောင်း ပြောသူလည်း ပညာရှင်ဖြစ်ပြီး ဂျာနယ်လစ်များ ဆိုသည်က လည်း ပညာရှင်များဖြစ်သည်။ Professional Competence ဟု ခေါ်သော ပညာပြည့်ဝမှုသည် ပညာရှင်တို့မှာ မရှိမဖြစ် ရှိရမည်"

ဇွန် ၂၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၄၈) တွင်ပါသည့် ဆောင်းပါးရှင် ကျော်စောမင်း၏ " စိမ်းမြမြက်ခင်း ဖြူဝင်းစံပယ် မှတ်စု များ" ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဒီမိုကရေစီစံနှုန်းမြင့် နိုင်ငံတွေမှာ ဘယ်နိုင်ငံရေးပါတီမဆို မျှတတဲ့ရွေးကောက်ပွဲတွေမှာ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြောက်ခြင်းခံရရင် အာဏာကို ကန့်သတ်တားဆီးမှုတွေ မရှိဘဲ ရရှိနိုင်ပါတယ်။ ဒါကြောင့်ပဲ နိုင်ငံရေးပါတီတွေဟာ အာဏာ လက်ရှိဘဝကနေ လက်မဲ့ဘဝကို ရောက်သွားချိန်မှာလည်း မျက်ကလူးဆန်ပျာ ဖြစ်မသွားကြဘဲ တည်တည်ငြိမ်ငြိမ်နဲ့ မိမိတို့ ပါတီလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ကြတယ်။

အာဏာလက်မဲ့ဘဝကနေ အစိုးရဖြစ်လာကြတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေဟာလည်း မိမိတို့ပါတီအနေနဲ့ တစ်လှည့်တစ်ပြန် အာဏာရလာချိန်မှာ ယခင်အာဏာရပါတီက လူတွေအပေါ်မှာ အငြိုးအတေးတွေနဲ့ လက်တုံ့ပြန်တာမျိုး မရှိကြပါဘူး။ တကယ်တော့ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံ တိုင်းမှာ ဒီမိုကရေစီစံနှုန်းတွေဟာ တစ်ဆင့်ချင်း မြင့်တက်နေမှသာ ပါလီမန် ဒီမိုကရေစီစနစ်ဟာ ရေရှည်တည်တံ့ပြီး ယင်းနိုင်ငံတွေရဲ့ အဆင့်အတန်း ကလည်း မြင့်တက်လာမှာ ဖြစ်ပါ တယ်"

ဇွန် ၂၃ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၄၈) တွင်ပါသည့် ဆောင်းပါးရှင် ဝင်းထွဋ်ဇော်၏ "ပါလီမန် ဒီမိုကရေစီနဲ့ အာဏာလက်ရှိ ပါတီ အာဏာလက်မဲ့ပါတီ" ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အစိုးရသစ်တက်ပြီးနောက်ပိုင်း ကျွန်တော်တို့ဆီကို နိုင်ငံခြားကုမ္ပဏီတော်တော်များများ ရောက်လာကြတယ်။ မြန်မာနိုင်ငံမှာ အစိုးရအပြောင်းအလဲ ကြောင့် သူတို့လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေရအောင် စီးပွားရေးဆိုင်ရာ ကန့်သတ်မှုတွေကို ဖြေလျှော့ပေးပြီးလားလို့ လာကြည့်ကြတာ။ အခု အစိုးရ အပြောင်းအလဲမှာ ဖြေလျှော့မှုတွေ လုပ်လာပေမယ့် ဒီ့ထက်ပိုပြီး ဖြေလျှော့ဖို့လိုပါတယ်။ နိုင်ငံခြားသားတွေ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် ဆွဲဆောင်ရပါ မယ်။ အဲဒါမှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာပြီး စီးပွားရေးအခြေအနေတွေ ပိုကောင်း လာမှာပါ"

ဇွန် ၂၃ ထုတ် Venus News အတွဲ(၂) အမှတ် (၄၅) တွင်ပါသည့် "နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ဝင်ရောက်လာရန် စီးပွားဆိုင်ရာ ဖြေလျှော့မှုများ ယခုထက်ပိုမိုပြုလုပ်သင့်ဟုဆို" သတင်းမှ UMFCCI အလုပ်အမှုဆောင် ဦးနှင်းဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးဆိုတဲ့ ဆိုင်းဘုတ်တွေများပေမယ့် အဲ့ဒီဆိုင်းဘုတ်တွေကို ခွာပြီး အရှိကို မြင်အောင်ကြည့်ရမယ်။ ဘယ်လိုပဲ ဆိုင်းဘုတ်တွေ တပ်တပ် ပန်းတိုင်ကတစ်ခုတည်းပဲ။ မြစ်တွေ ဘယ်လောက်ပဲများများ ပင်လယ်မှာ ပေါင်းစည်းကြရတာပဲ။ နောက်ဆုံးမှာတော့ သန့်ရှင်းခြင်း၊ ကြည်လင်ခြင်း ဆိုတဲ့ ရေရဲ့ ဂုဏ်သတ္တိပဲရှိတာ။ အဲ့ဒီ ဥပမာအတိုင်းပဲ ငြိမ်းချမ်းခြင်းဆိုတဲ့နေရာမှာ ပေါင်းဆံဖို့ ငြင်းခုံခြင်းမပြုကြဘဲ သည်းခံခြင်းနဲ့ မေတ္တာတရားကို လက်ကိုင်ထားရမယ်။ နိုင်ငံ့ခေါင်းဆောင်တွေ၊ စစ်ခေါင်းဆောင်တွေ၊ တပ်မတော်သားတွေကို ဘုန်းကြီးက ဘုရားအလောင်းတွေလို ကြည်ညိုတယ်။ ဘုရား အလောင်းတွေက သူတစ်ပါးအတွက်ပဲ ကိုယ်ကျိုးစွန့်ခဲ့တယ်။ အဲဒါကြောင့် ခေါင်းဆောင်တွေကလည်း ဘုရားအလောင်း စိတ်ဓာတ်မွေးရမယ်"

ဇွန် ၂၃ ထုတ် Venus News အတွဲ(၂) အမှတ် (၄၅) တွင်ပါသည့် "သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ကျောင်းဆောင် သစ်ဖွင့်ပွဲ အခမ်း အနားကျင်းပ" သတင်းမှ သီတဂူဆရာတော်ကြီး၏ မိန်းကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ကြိုတင်မဲကိစ္စဘယ်လိုရှင်းမလဲ

မလေးရှားနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲများတွင် မဲလိမ်လည်မှုများကို တိုက်ဖျက်ရန်အတွက် မဲပေးသူများကို လက်ဗွေဖြင့် မဲပေးရန် စီစဉ်နေ ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။ မလေးရှားနိုင်ငံ၏ မှတ်ပုံတင်စနစ်သည် အမှားအယွင်း များရှိနိုင်သောကြောင့် မဲပေးမှုများ မတိုင် ခင်တွင် မည်သူမည်ဝါ မဲပေးသည်ကို အတည်ပြုရန်အတွက် မဲပေးသူများ၏ လက်ဗွေကို မှတ်တမ်းတင်သွားရန် စီစဉ်ထားကြောင်း ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ Abdul Aziz Mohamad Yusof က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ မဲပေးမှုစနစ်မှာ ငွေကုန်ကြေးကျ နဲသလို၊ ပျော်ရွှင်ဖွယ် ၊ စိတ်ဝင်စားဖွယ်ဖြစ်သည်။ အိန္ဒိယနိုင်ငံ တစ်ဝှမ်းလုံးတွင် လက်ဗွေကို ကွန်ပြူတာစနစ်ဖြင့် စိစစ်ရန် မလွယ်ပေ။ နိုင်ငံဧရိယာ ကြီးမားသောကြောင့် ကုန်ကျစရိတ် များပြားနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် နိုင်ငံသား မှတ်ပုံတင်ကဒ်ပြား မရှိသေးသူကလည်း အများအပြားပင် ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံက ရွေးကောက်ပွဲများတွင် မဲပေးရာ၌ အသုံးပြု၍ မှင်တစ်မျိုးကို တီထွင်ထားသည်။ မဲပေးမည့်သူ၏ လက်ချောင်းများတွင် ထိုမှင်ကို သုတ်လိမ်းပေးလိုက်ခြင်းဖြစ်သည်။ ထိုမှင်သည် ၁၀ရက်ခန့် ကြာသည့်တိုင်အောင် မပျက်တော့ချေ။ ထို့ကြောင့် လက်ချောင်းတွင် မှင်သုတ်လိမ်းပြီးသူသည် မဲနှစ်ကြိမ်ပေးခွင့် မရှိတော့ပေ။ ထို့ပြင် မှင်မသုတ်လိမ်းရ သေးသူလည်း မဲပေးခွင့်ရှိကြောင်း စောဒက တက်နိုင်လေသည်။

အထက်ပါနှစ်နိုင်ငံမှ မဲပေးသည့် ပုံစံများကိုလေ့လာကြည့်လျှင် ထိုနိုင်ငံများတွင် ဆန္ဒမဲပေးသည့် ပြဿနာနှင့်၊ မဲခိုးမှု ပြဿနာများ ကြီးမားစွာ ရှိနေကြောင်း သိနိုင်သည်။ ထိုကိစ္စသည် ကမ္ဘာတစ်ဝှမ်းလုံး ယုတ်စွအဆုံး အမေရိကန် ပြည်ထောင်စုကဲ့သို့ ဒေါင်ဒေါင်မြည် ဒီမိုကရေစီနိုင်ငံကြီးမှာပင် မဲခိုးမှုဆိုသည်က ရှိခဲ့ဖူးသည်ဖြစ်ရာ အဆန်းတကြယ်ဖြစ်ရပ်မဟုတ်၊ နိုင်ငံရေးသမားဆိုသည်က အာဏာကို ရအောင်ယူမည်သာဖြစ်သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းသည် ထိုကဲ့သို့ မဲခိုးသည့်ကိစ္စရပ်များကို လက်ခံနိုင်လိမ့်မည်မဟုတ်၍ ရုပ်ပျက်ဆင်းပျက် လိမ်လည်ခြင်း မပြုနိုင်အောင် မဲပေးသည့် စနစ်များကို အတတ်နိုင်ဆုံး အသန့်ရှင်းဆုံးဖြစ်စေရန် ပြုလုပ်ထားသည်ကို တွေ့ရသည်။

ရုပ်ပျက်ဆင်းပျက် မဲခိုးမှုများသည် ပြည်သူလူထု၏ စိတ်ပျက်မှုကိုသာရရှိစေကာ ရွေးကောက်ပွဲများအပေါ်တွင် လူထုမှ အယုံအကြည်နဲလာမှုနှင့် အတူ တိုင်းပြည်၏ ဒီမိုကရေစီ ဖြစ်စဉ်ကိုပါ နှောင့်နှေးသွားစေတတ်သည်။ တစ်ခါလာလဲ မဲပြာပုဆိုးဟူသော ရွေးကောက်ပွဲကို လူထုက အယုံအကြည်မရှိ ။ မဲမပေး ဘဲနေကြသည်။ ထိုသို့သောအခြေအနေတွင် အာဏာရပါတီကသာ ဆက်လက်အနိုင်ရသွားစေသည်ဆိုကာမူ ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာ ရှိသော သန့်ရှင်းသော အစိုးရတစ်ရပ်အဖြစ် လိပ်ပြာလုံစွာ ရပ်တည်နိုင်စွမ်းမရှိတော့ချေ။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲကို ပြည်သူအများစုက ထွက်ပေါက်တစ်ခုအဖြစ် မျှော်လင့်၍ မဲပေးခဲ့ကြသည်။ ရွေးကောက်ပွဲကို လက်မခံနိုင်သောသူများက ထိုရွေးကောက်ပွဲသည် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လိမ့်မည် မဟုတ်ဟုဆိုကာ မဲမပေးကြရန် စည်းရုံး လှုံ့ဆော်ခဲ့ကြသည်။ အချို့က မဲမပေးရန် ဆုံးဖြတ်ခဲ့ကြသကဲ့သို့ အချို့ကလည်း အနှစ် နှစ်ဆယ်ကျော်ကြာ မယ်မယ်ရရ ဆောင်ရွက်မပေးနိုင်ခဲ့သော သူရဲကောင်းကြီးများကို အားနာလျက်သားကပင် စစ်အစိုးရ ပြောင်းလဲကောင်းရဲ့ဟူသော မျှော်လင့်ချက်ဖြင့် မဲပေးခဲ့ကြသည်။ ယခုအချိန်မှစ၍ ပြောင်းလဲ ရတော့မည်ဟု သဘောပိုက်ကာ အတိုင်းအတာတစ်ခုထိ မျှော်လင့်ကာ ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ မည်သူက ဦးဆောင်သူဖြစ်မည်ကို လည်းသိရှိခဲ့ကြပြီး နောက်လိုက်ကောင်းဖြစ်ရန် ကြိုးစားကြမည်ဟု ဖြေသိမ့်ခဲ့ကြသည်။ နောက်လိုက်ကောင်းဖြစ်လျှင် ခေါင်းဆောင် သတိမပြုမိသည့်အချက်များ၊ ကောင်းကွက် ဆိုးကွက်များကို ထောက်ပြ အကြံပြုနိုင်လျှင်ပင် ကျေနပ်စရာတစ်ခုအဖြစ် မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။

သို့ရာတွင် မဲပေးသည့်စနစ်တွင်ပင် များစွာစိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြရသည်။ မိမိတို့အနိုင်ရချိန်တွင် မည်သည့်အရပ်က ရောက်လာမှန်း မသိရ သော ကြိုတင်မဲများက အနိုင်အရှုံးရလဒ်ကို ပြောင်းပြန်ဖြစ်စေခဲ့သည်။ ထိုကဲ့သို့ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ကို ကြိုတင်တွေးမိကြ၍ မဲရုံများတွင် စနစ်တကျ စောင့်ကြည့်ခဲ့ပါသော်လည်း အိမ်ထောင်စုဇယားကိစ္စနှင့် မဲပေးပိုင်ခွင့်ရှိသည့် လူဦးရေကိစ္စများမှာ အာဏာရ အစိုးရကသာ ထုတ်ပြန်ခြင်း ဖြစ် သည်။ ထို့ပြင် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့်လည်း မဲရုံများကို စောင့်ကြပ်ကြည့်ရှုခြင်း မပြုနိုင်။ ထို့ကြောင့် ရွေးကောက်ပွဲရလဒ်သည် မိမိတို့ မျှော်မှန်း ခဲ့ကြသလို အာဏာရပါတီက ၆၅ မိမိတို့က ၃၅ ဟူသော အခြေအနေပင်မရရှိဘဲ  လွှတ်တော်တွင် မည်သည့် ပြောရေးဆိုခွင့်မှ မလုပ်သာသည့် နေရာမျှသာ ရရှိခဲ့တော့သည်။ ရွေးကောက်ပွဲရလဒ်ကို စိတ်ပျက်၍ နိုင်ငံရေးကို စွန့်ခွာသွားကြသူများလည်းရှိသည်။ ယင်းတို့သည် မဲမပေးရေးကို ထောက်ခံကြသူများ ဖြစ်သွားကြသည်။ မဲပေးနိုင်သည့် ဦးရေ  သန်းနှစ်ဆယ်ကျော်တွင် ဆန္ဒမဲ သန်းသုံးဆယ်ကျော် ရအောင်ယူသွားသည်ကို နားမလည် နိုင်ပါဟု ထေ့ထေ့ငေါ့ငေါ့ ပြောကြသူများလည်း ရှိသည်။

အဓိက ပြဿနာမှာ မဲပေးသည့် စနစ်တွင် အမှားအယွင်းရှိနေခြင်းဖြစ်သည်။ လူဦးရေ အိမ်ထောင်စုဇယားများ မတိကျခြင်း၊ မဲပေးခွင့် မရကြသူ များ၏ မဲများသည် ကြိုတင်မဲများဖြစ်ကုန်ခြင်း၊ မည်သူက ပေးခွင့်ရ၍ မည်သူက ပေးခွင့်မရသည်ကို ရှင်းလင်းစွာ မသိရခြင်း၊ မဲထပ်ကာ ထပ်ကာပေးခြင်း၊ လူဦးရေထက် မဲအရေအတွက်က ပိုမိုနေခြင်းများက ပြဿနာဖြစ်နေရာ ထိုပြဿနာများသည် ရေရှည်တွင် ရွေးကောက်ပွဲအပေါ် စိတ်ကုန်သွားကြဖွယ်ရာ ဖြစ်သည်။ ထိုသို့ ကြိုတင်မဲများဖြင့် အစဉ်အမြဲအနိုင်ရနေသော အစိုးရသည် ဂုဏ်သိက္ခာရှိသော အစိုးရဖြစ်ပါဦးမည်လော။

နိုင်ငံရေးပါတီများအနေဖြင့် ဖွဲ့စည်းပုံကို ပြုပြင်ရန်၊ အဆိုများကို အငြင်းအခုံပြုရန်ထက်၊ မဲပေးသည့် ကိစ္စရပ်များကို စနစ်တကျဖြစ်အောင် ဝိုင်းဝန်း လုပ်ဆောင်ကြရန် ကြိုးပမ်းခြင်းကသာ ရွေးကောက်ပွဲကို ဂုဏ်သိက္ခာရှိစေမည်ဖြစ်သည်။ အနည်းဆုံးအဆင့် ကြိုတင်မဲကိစ္စ ပပျောက်ရန် နိုင်ငံရေးပါတီ များက ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်သလို အစိုးရကလည်း ရှက်ဖွယ်ကိစ္စအဖြစ် ရှောင်ကြဉ်ရပါမည်။ မဲပေးသည့်ပုံစံ စနစ်ကျစေရန် မည်သည့် နည်းကို သုံးမည် နည်းဆိုသည်က အိန္ဒိယပုံစံ နှင့် မလေးရှားပုံစံ နှစ်သက်ရာ ရွေးချယ်ကြပါကုန်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs