Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁.၇.၂၀၁၁

ပြည်တွင်းသတင်းများ

လစာတိုးသတင်းကြောင့် မြန်မာ့စီးပွားရေးဘဏ်များသို့ ပင်စင်စားများတိုးဝှေ့ရောက်ရှိ

ရန်ကုန်၊ ဇူလိုင် ၁။

ဇွန်လ ၃၀ ရက်နေ့ မြန်မာ့ရုပ်မြင်သံကြား၏ ည ၆ နာရီသတင်းတွင် ပါရှိသည့် ပင်စင်လစာများ တိုးမြှင့်ခြင်း သတင်းကြောင့် ဇူလိုင် ၁ရက်နေ့မနက် ၉ နာရီမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်စားများ တိုးဝှေ့ရောက်ရှိလာကြောင်း ယင်းဘဏ် အသိုင်းအဝိုင်းမှ သိရှိရသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ် ပရဝုဏ်အတွင်းသို့ မနက် ၈ နာရီကတည်းက ရောက်ရှိနေသူ ဘဏ်ဝန် ထမ်းဟောင်းတစ်ဦးက “ ဘဏ်ဝင်းထဲမှာ ရေတွေရှိတာ တစ်ချို့နေရာတွေမှာ ဒူးခေါင်းလောက်ရှိပေမယ့် ပင်စင်လာထုတ်တဲ့သူတွေက အပြည့်ပဲ၊ တစ်ချို့က လေးငါးလစာ ပေါင်းပြီးထုတ်ပေမယ့် ဒီနေ့ကတော့ အရင်လ ပင်စင်ထုတ်ရက်တွေက လာတဲ့လူတွေထက် တော်တော်လေးများတယ်။ အရင်နေ့တွေက ဒီလို လဆန်းရက်မျိုးဆို ၃၀ ၄၀ လောက်ပဲရှိတာ၊ ဒီနေ့ဆို ၁၀၀နီးပါးပဲ။ အနီးအနားမှာ လက်ဘက်ရည်ဆိုင်မရှိတော့ အကုန်လုံး ဘဏ်ဝင်း ထဲမှာနေနေရတယ်” ဟု သူမြင်တွေ့ရသည်များကိုဆိုသည်။

ရန်ကုန်မြို့တွင်းမြို့နယ်တစ်ခုဖြစ်သည့် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်တွင်လည်း မနက် ၈ နာရီမှ စတင်ကာ ဘဏ်ရှေ့သို့ ပင်စင်စားဝန်ထမ်းများရောက်ရှိနေပြီး၊ ယင်း ဘဏ်ပတ်ဝန်းကျင်ရှိ လက်ဘက်ရည်ဆိုင်များတွင် စုဝေးရောက်ရှိနေကြောင်း ယင်း ဘဏ်အနီး တွင် ဖွင့်လှစ်ထားသော လက်ဘက်ရည်ဆိုင်ရှင်တစ်ဦးက ဆိုသည်။

ပင်စင်လခများထုတ်ယူရာနေရာများဖြစ်ကြသော မြန်မာ့စီးပွားရေးဘဏ်များတွင် မြန်မာ့ရုပ်မြင်သံကြားမှ ကြေငြာသောသတင်းနှင့်ပတ်သက်၍ ဘဏ်ဝန်ထမ်းများအား ပင်စင်စားများက မေးမြန်းသော်လည်း ယင်းတို့ထံတွင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပင်စင်လစာတိုးမြှင့်ခြင်းကိစ္စရပ်နှင့် ပတ် သက်၍ ညွှန်ကြားထားသည်များမရှိသဖြင့် ပြည့်စုံစွာ ပြန်လည်ဖြေကြားနိုင်ခြင်းများ မရှိကြောင်း သိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

အမှန်တကယ်လုပ်ကိုင်မည့်သူကိုသာ စက်မှုဇုန် မြေကွက်ရောင်းမည်

အစိုးရသစ်လက်ထက်၌ စက်မှုဇုန်မြေကွက်များအား သတ်မှတ်ကာလ၌ အမှန်တကယ်စက်ရုံဆောက်လုပ်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သွား မည့်သူများကိုသာ စက်မှုဇုန် နယ်မြေအတွင်း၌ မြေကွက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ရက်များအတွင်း ဆောက်လုပ်ရန် ကျန်ရှိနေသေးသည့် မြေကွက်များအား စက်ရုံများ အမြန်ဆုံးဆောက်လုပ်ကြရန် သက်ဆိုင်ရာဌာန များနှင့် စက်မှုဇုန်ကော်မတီအဖွဲ့များမှ နှိုးဆော်ထားကြောင်း သိရသည်။

ယခင်ဆောက်လက်စ စက်ရုံများမှာ ဆယ်ဂဏန်းခန့်သာရှိသော်လည်း နှိုးဆော်စာရရှိပြီးချိန်၌ စက်ရုံပေါင်း ၁၀၀ ကျော်မှ လာရောက်ဆောက် လုပ်နေပြီဖြစ်ကြောင်း၊ အမှန်တကယ်မှာ စက်မှုဇုန်မြေကွက်များ ဝယ်ယူပြီးပါက ခြောက်လအတွင်း၌ စက်ရုံဆောက်လုပ်ရန် ဖောင်ဒေးရှင်းချထားပေးရမည် ဖြစ်ကြောင်း၊ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာပင် စက်ရုံလုပ်ငန်းများ လည်ပတ်ပြီးဖြစ်နေရမည်ဖြစ်ကြောင်း၊ ဆောက်လုပ်လက်စဖြစ်နေသည့် မြေကွက်များ ရှိ သေးသော်လည်း ဆောက်လုပ်ရန် ကျန်နေသေးသည့် မြေကွက်အများအပြား ရှိနေသေးကြောင်း စက်မှုဇုန်တစ်ခုရှိတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စက်မှုဇုန်များအတွင်း၌ လုပ်ငန်းရှင်အများစုမှာ အမှန်တကယ်စက်ရုံများဆောက်လုပ်ရန် မြေကွက်များ ဝယ်ယူထားသကဲ့သို့ အချို့မှာ ဈေးကောင်း ချိန်၌ မြေကွက်အရောင်းအဝယ်ပြုလုပ်ရန် လက်ထဲ၌ ကိုင်ထားပြီး အရောင်းအဝယ် ပြုလုပ်ရန်စောင့်ဆိုင်းနေကြကြောင်း၊ စက်မှုဇုန်များ၌ မြေကွက်အများ အပြားဝယ်ယူထားပြီး စက်ရုံများလာရောက် ဆောက်လုပ်ခြင်းမရှိသည့်အတွက် ယခုကဲ့သို့ သက်ဆိုင်ရာမှ နှိုးဆော်စာများထုတ်ပြန်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိမိတို့ စက်မှုဇုန်ဘက်ခြမ်း၌ ဒဂုံဆိပ်ကမ်းစက်မှုဇုန် အပိုင်း(၃) ပာူ၍ စက်မှုဇုန်ချဲ့ထွင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြေကွက်များအား စက်ရုံအမှန်တကယ်ဆောက်လုပ်မည့် လုပ်ငန်းရှင်များကိုသာ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်မှသာ စက်မှုလုပ်ငန်းများတိုးတက်၍ တိုင်းပြည်၏ GDP တက်လာနိုင်မည်ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

(မော်ဒန်၊ အမှတ်-၂၆၄ ပါ “စက်ရုံဆောက်မယ့်သူကို ဦးစားပေးရောင်းချမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

စားအုန်းဆီ တင်သွင်းခွင့် လွတ်လပ်သော်လည်း သိုလှောင်နေရာခက်ခဲ

အစိုးရသစ်လက်ထက်၌ စားအုန်းဆီလွတ်လပ်စွာ တင်သွင်းခွင့်များ ရရှိခဲ့သော်လည်း ၎င်းတင်သွင်းသည့် စာအုန်းဆီများအား သိုလှောင်မည့် နေရာ အခက်အခဲတွေ့ကြုံလျက်ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံဘက်ခြမ်းမှ စားအုန်းဆီများတင်သွင်းလာသည့် ဆီတင်သင်္ဘောများမှာ ရန်ကုန်ဘက်ခြမ်းသို့ ရောက်ရှိသည့်အခါ၌ ဆီများ သို လှောင်ရန် ကိုယ်ပိုင်ဆီလှောင်ကန်များ မရှိသည့်အတွက် ဆီတင်သင်္ဘောများ အကြာကြီး ရပ်နားထားရကြောင်း သိရသည်။

ဆီတင်သွင်းသူများအနေဖြင့်လည်း ကိုယ်ပိုင်ဆီလှောင်ကန်များရှိမည်ဆိုပါက တင်သွင်းမည့်ရက်အားချိန်ဆ၍ တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

စားအုန်းဆီတင်သွင်းခွင့်လိုင်စင် ရရှိထားသော်လည်း ဆီများသိုလှောင်ရန် ကန်မရှိကြောင်း၊ အလှည့်ကျ စောင့်ဆိုင်းရခြင်းမျိုး ရှိလာသည့်အတွက် ကိုယ်ပိုင်ဆီကန်လိုချင်နေခြင်း ဖြစ်နိုင်ကြောင်း စားအုန်းဆီတင်သွင်းခွင့်ရရှိထားသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ဦးပိုင်ကုမ္ပဏီမှ ဦးဆောင်၍ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ သိုလှောင်ရန် စီမံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရ သည်။ ၁၄ ရက်သိုလှောင်ရန် ဆီတစ်ပိဿလျှင် ငါးကျပ်နှုန်းဖြင့် စားအုန်းဆီ ဆီသို လှောင်ခများပေး၍ သိုလှောင်နေရကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်ပမှ စားအုန်းဆီတင်သွင်းခွင့်ရရှိထားသော်လည်း စားအုန်းဆီများ သိုလှောင်ရန် ဆီသိုလှောင်ကန်များ မရှိသည့်အတွက် ဆီလုပ်ငန်း ရှင်များအနေဖြင့် အခက်အခဲဖြစ်နေသည့်အတွက် အချို့မှ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ဆီသိုလှောင်ကန်ဆောက်လုပ်ရန် ခွင့်ပြုချက်တောင်းခံ လျှောက်ထားလျှက်ရှိကြောင်း သိရသည်။

ပြည်ပမှ စားအုန်းဆီတင်သွင်းသူများသည် တင်သွင်းခွင့်လိုင်စင် စတင်လျှောက်ထားပြီးကတည်းကပင် စားအုန်းဆီလုပ်ငန်း၌ ရင်းနှီးမြှုပ်နှံလိုက်ပြီ ဖြစ်သည့်အတွက်  ဆီသိုလှောင်ရန်နေရာမရှိပါက တင်သွင်းရန်အချိန်ကြန့်ကြာနိုင်ကြောင်း ဆီတင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

(မော်ဒန်၊ အမှတ်-၂၆၄ ပါ “စားအုန်းဆီတင်သွင်းခွင့်ရပေမယ့် ထားဖို့နေရာခက်ခဲ” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သမ္မတဦးသိန်းစိန် ပင်စင်လစာနှင့် ပတ်သက်သည့် ကတိကဝတ် အကောင်အထည်ဖော်

ရန်ကုန်၊ ဇူလိုင် ၁။

သမ္မတဦးသိန်းစိန်၏ ပင်စင်လစာနှင့်ပက်သက်သည့် ကတိကဝတ်သည် အမှန်တကယ် အကောင်အထည်ပေါ် လာပြီဖြစ်ကြောင်း ယင်း ကတိကဝတ် များအား စောင့်ကြည့်နေသူများနှင့် ယင်းကတိကဝတ်နှင့်သက်ဆိုင်သည့် အသိုင်းအဝန်းမှ  သတင်းရရှိသည်။

ဇွန်လ ၃၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော နိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာနှင့် နိုင်ငံရေးပင်စင်လစာများကို တိုးမြှင့်သတ်မှတ်ပေးသည့် အမိန့်ကြေ ငြာချက်နှစ်စောင်ထုတ်ပြန်ခဲ့ပြီး၊ ယင်းထုတ်ပြန်ချက်တွင် ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီ လအထိ အငြိမ်းစားလစာခံစားနေရသော နိုင်ငံ့ဝန်ထမ်းများသည် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့က ထုတ်ပြန်သော ပင်စင်လစာနှုန်းအတိုင်း လာမည့်ဇူလိုင်လမှ စတင်ကာ ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ပါရှိသည့်အပြင် ၂၀၀၆ ခုနှစ် ဧပြီလ၁ ရက်နေ့ မတိုင်မီကရရှိခဲ့သော နိုင်ငံရေးပင်စင်လစာများကိုလည်း ၂၀၀၉ ခုနှစ်က ပြောင်းလဲသတ်မှတ်သော ပင်စင်လစာနှုန်းထား အတိုင်း ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ပါရှိသည်။

ယင်းကိစ္စနှင့်ပက်သက်၍ ပြည်တွင်းသတင်းဂျာနယ်တစ်ခုမှ အယ်ဒီတာချုပ်တစ်ဦးက "သမ္မတကြီးလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ် ၁၀ ချက်မှာ ၁ ချက်ကတော့ ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးသွားတာတွေ့ရတယ်၊ တစ်ချို့အချက်တွေလည်း အကောင်အထည်တွေ စဖော်နေတာတွေ့ရတယ်။ ဥပမာ- သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ဥပဒေကြမ်းတွေဆိုလည်း တင်သွင်းဖို့ လုပ်နေပြီ၊ နေပြည်တော်မှာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဖိုရမ်တွေကို အမျိုးသားအဆင့် လုပ်နေတာတွေ တွေ့ရတယ်။

ရှေ့ဆက်ပြီး၊ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ပေးထားတဲ့ ကတိကဝတ်တွေကို သူ့ရဲ့သက်တမ်းအတွင်း ဘယ်လောက်ထိအောင် ဆောင်ရွက်နိုင် တယ်ဆိုတာ စောင့်ကြည့်ရမယ်" ဟု ပြည်တွင်းသို့  ဖုန်းဆက်မေးမြန်းခြင်းအား ဖြေကြားသည်။

ယင်းကတိကဝတ်များကို မတ်လ ၃၀ ရက်နေ့က နေပြည်တော်တွင် သမ္မတရာထူးအား လက်ခံရယူစဉ် ပြောကြားခဲ့ဖြင်းဖြစ်သည်။

ပင်စင်လစာများတိုးမြှင့်ပေးလိုက်ခြင်းကြောင့် ၂၀၀၉ ခုနှစ်အစောပိုင်းကာလများတွင် နိုင်ငံဝန်ထမ်းဘဝမှ အနားယူသွားသူများအတွက် အကျိုး အမြတ် ပိုရရှိလာကြောင်း ယင်းပင်စင်စားအသိုင်းအဝိုင်းမှဆိုသည်။

တပ်မတော်(လေ)မှ အရာခံဗိုလ်ဘဝဖြင့် အငြိမ်းစားယူခဲ့သူတစ်ဦးက "ည ၆ နာရီသတင်းမှာ ပင်စင်လစာတိုး လိုက်ပြီဆိုတဲ့သတင်းကြားတော့ မယုံနိုင်ဘူး။ အန်ကယ်တို့တုန်းက ၈၉ ပင်စင်လစာကိုပဲမှီတာဆိုတော့ ပင်စင်လစာက တစ်လကို ၃၀၀၀ ပဲရတာ၊အခုအသစ်ပေးတဲ့ ပင်စင်လစာတော့ ၅၀၀၀၀ ကျော်လောက်ရမယ်ထင်တယ်။ ဒီလိုရတော့ အန်ကယ်တို့အရင် လေးငါးလပင်စင်လစာပေါင်းထုတ်မှ ဂဏန်းငါးလုံးရမယ့်အစား၊ တစ်လတည်းနဲ့ ၅၀၀၀၀ ရတော့ အန်ကယ်တို့ မိသားစုတွေနဲ့နောင်ရေးတွေ အဆင်ပြေအောင်စီစဉ်စရာရှိတာလေးတွေ၊ စီစဉ်လို့ရတယ်" ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ မှ ၂၀၁၀ ကျော်အထိ ကုန်ဈေးနှုန်းများ အဆပေါင်းများစွာ တက်သွားသည့်အတွက် ၁၉၈၉ ပင်စင်လစာမှ နိုင်ငံ့ဝန်ထမ်း များအတွက် လက်ဘက်ရည်ဖိုးသာသာပင်ရှိတော့ကြောင်း အငြိမ်းစားပညာရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

ယင်းက "ပင်စင်ထုတ်ရက်ဆို လာထုတ်တဲ့သူတွေက ငွေရဖို့ထက် သက်တူရွယ်တူတွေဆုံပြီး စကားပြောကြတဲ့နေ့မျိုးကနေ ဒီလို ပင်စင်လစာ များ များ စားစားရသွားတာ မယုံနိုင်ကြဘူး၊ ဒီလိုလုပ်ပေးလိုက်တော့ သမ္မတပြောတဲ့ စကားလည်း ယုံရကောင်းမှန်းတကယ်သိသွားတော့တယ်"ဟု ဆိုသည်။

ကျင်းပပြီးစီးခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် ပင်စင်စားနိုင်ငံ့ဝန်ထမ်းဟောင်းများအား လစာတိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့ရာတွင် လောလောဆယ်အစီအစဉ်မရှိသေးကြောင်း ပြည်ထောင်စုဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးလှထွန်းက ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ပင်စင်လစာများအား ၁၉၄၈ ခုနှစ်မှစတင်ကာ ၂၀၁၀ ပြည့်နှစ်အထိ ၁၀ကြိမ်တိုင် ပြောင်းလဲတိုးမြှင့်ပေးခဲ့ဖူးကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာန မှတ်တမ်းများအရသိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် ပြည်ထောင်စုဝန်ကြီးနှစ်ဦး အုပ်ချုပ်မည်

မြန်မာနိုင်ငံရှိ စက်မှုလက်မှုဖွံ့ဖြိုးရေးအုပ်ချုပ်မှုအား ပြည်ထောင်စုအစိုးရအဖွဲ့ရှိ ပြည်ထောင်စုဝန်ကြီးနှစ်ဦးနှင့် ဒုတိယဝန်ကြီးသုံးဦးတို့မှ ဦးဆောင် ၍ အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

၎င်းလုပ်ငန်း၌ ပါဝင်သော အစုရှယ်ယာဝင်များကိုလည်း ယခုနှစ်၌ ယခင်နှစ်ထက် ပိုမိုသည့် အမြတ်နှုန်းများကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးနှစ်ဦး ဦးဆောင်မှုဖြင့် အသစ်အပြန်လည်ဖွဲ့စည်းမှု၌ ပါဝင်သည့် ပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

အဖွဲ့အား ဦးဆောင်မည့် သူများမှာ အမှတ် ၂ စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦစိုးသိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ အမှတ် ၁ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိန်းအောင်၊ စက်မှု ၂ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ မီးရထားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းလွင်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၌ အတွင်းရေးမှူးအဖြစ် ၎င်းဘဏ်၏ ညွှန်ကြားရေးမှူး ဦးတင့်ဆွေမှ ဆောင်ရွက်မည်ဖြစ်ပြီး ဒါရိုက်တာအဖွဲ့ဝင် များအဖြစ် ဒေါက်တာခင်ရွှေ၊ ဒေါက်တာ သန်းထွန်း၊ ဒေါက်တာ စိုင်းဆမ်ထွန်း၊ ဒေါက်တာအောင်ကြည်၊ ဦးလှမြင့်နှင့် ဦးတင်အောင်သန်းတို့ ပါဝင်ကြောင်း သိရသည်။

ယခင် ဘဏ္ဍာရေးနှစ်၌ တစ်နှစ်လျှင် အမြတ်ငွေ ၂၂ ရာခိုင်နှုန်းကျော်ကျော်ကို အစုရှယ်ယာဝင်များအား ပေးအပ်ခဲ့ပြီး ယခုနှစ်၌ ၎င်းထက်ပိုမို၍ ၂၃ ရာခိုင်နှုန်းခန့် ထပ်မံတိုးမြှင့်၍ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၅ ပါ ပြည်ထောင်စုဝန်ကြီး ၂ ဦးမြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ် စီမံအုပ်ချုပ်မှု ဦးဆောင်မည် သတင်း အား အကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

အစိုးရသစ်လက်ထက်၌ ဘတ်ဂျက်လိုငွေ လျှော့ချနိုင်ခဲ့ဟုဆို

ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အစိုးရသစ်လက်ထက် စတင်တာဝန်ယူသည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရသုံးမှန်းခြေငွေစာရင်း ဘတ်ဂျက်လိုငွေအား လျှော့ချထားနိုင်ခဲ့ပြီဖြစ်ကြောင်း နိုင်ငံ တော်ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောကြား ခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ နိုင်ငံတော်မှ အရေးတကြီးလုပ်ဆောင်ရမည့် ကိစ္စရပ်များပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လတ်တလော၌ မလိုအပ် သေးသည့် အသုံးစရိတ်များကို လျှော့ချရန် ဗပာိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြန်လည်ဆွေးနွေးပြီးသည့်နောက်ပိုင်း ရသုံးမှန်းခြေ ငွေ စာရင်း ဘတ်ဂျက်လိုငွေအား လျှော့ချထားနိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့၌ နေပြည်တော်သမ္မတရုံးတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် အရအသုံးမှန်းခြေငွေစာရင်း ကိစ္စရပ်နှင့် ပတ် သတ်၍ အစည်းအဝေး ကျင်းပခဲ့ရာ ၎င်းအစည်းအဝေး၌ ယခင်ပြည်ထောင်စုဝန်ကြီးဌာနများ၌ လိုငွေဖြစ်ပေါ်မှုမှာ မူလခန့်မှန်းထားသည်ထက် ကျပ်သန်း ပေါင်း ၅၅၃,၂၀၂ (ကျပ် ၅၅၃ ဘီလီယံကျော်) လျော့နည်း သွားပြီဖြစ်ကြောင်း ၎င်းအစည်းအဝေး၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အရ ရသုံးခန့်မှန်းငွေစာရင်းအား လိုငွေလျှော့ချနိုင်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည် နယ်အစိုးရများတွင်လည်း သေချာစွာပြန်လည်လေ့လာရန်လိုအပ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အရအသုံးမှန်းခြေငွေစာရင်း၌ ဘတ်ဂျက်လိုငွေများ ပေါ်ပေါက်နေသည့်အတွက် မိမိဒေသ၏ ရသုံးမှန်း ခြေငွေစာရင်းအား ပြန်လည်လေ့လာရန် သက်ဆိုင်ရာတာဝန်ရှိသူများအား ဒေါက်တာ စိုင်းမောက်ခမ်းက မှာကြားခဲ့ကြောင်း သိရသည်။

ဘတ်ဂျက်လိုငွေပြနေမှုများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဝိုင်းဝန်းထောက်ပံ့ပေးရန် အစီအစဉ်ရှိကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်အစိုးရ များက မိမိဒေသအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ရန်ပုံငွေဖြင့် ၂၀၁၁-၂၀၁၂ ဒုတိ ယခြောက်လ (အောက်တိုဘာမှ မတ်လအထိ) ဆောင်ရွက်ရမည့် လုပ် ငန်းများအား ရေးဆွဲနိုင်ရေး စတင်ရန်လည်း မှာကြားခဲ့ကြောင်းသိရသည်။

 (7Day News၊ အတွဲ-၁၀၊ အမှတ်-၁၅ ပါ “၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်လိုငွေလျှော့ချနိုင်ခဲ့” သတင်း အားအကျဉ်းချုံး ဖော်ပြသည်)

-------------------------------------------------------------------------------------------------------------

ဥရောပသမဂ္ဂ အမြင်များ ပြောင်းလဲမှုများ ရှိလာ

ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသစ်အပေါ်၌ ဥရောပသမဂ္ဂ (အီးယူ)မှ အမြင်ပြောင်းလဲမှုများ စတင်လာပြီဖြစ်ကြောင်း ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် နိုင်ငံပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသို့ ၄ ရက်ကြာလာရောက်လည်ပတ်ခဲ့သည့် ဥရောပသမဂ္ဂကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ရောဘတ်ကူးပါးကလည်း မြန်မာ နိုင်ငံတွင် အစိုးရသစ်ထံမှ အားတက်ဖွယ်လက္ခဏာများရှိကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ယခင် မြန်မာနိုင်ငံအပေါ်ဒဏ်တပ်ခဲ့ကြသည့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ယခုအစိုးရသစ်လက်ထက်မှ စတင်၍ ယခင်အမြင်များ စတင်ပြောင်းလဲလာပြီး ၎င်းအဖွဲ့ဝင်နိုင်ငံအများစုသည် မြန်မာနိုင်ငံနှင့် ဆက်နွယ်လုပ်ဆောင်လိုမှုများ ပြသလာပြီး အထူးအနေဖြင့် စီးပွားရေးပိုင်း၌ မြန်မာ နိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်လိုသည့် အရိပ်လက္ခဏာများ ပြသလာကြောင်း သိရသည်။

ပါတီများအနေဖြင့် စီးပွားရေးပူးပေါင်းလုပ်ကိုင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ အစိုးရနှင့်သာ လုပ်ဆောင်ရမည် ဖြစ်သည့်အတွက် ၎င်းတို့မှ လက်တွဲ၍ လုပ်ကိုင်သင့် မလုပ်ကိုင်သင့်ဆိုသည်ကို  မိမိတို့ သဘောထားများကို တောင်းဆိုကြောင်း ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အနောက်နိုင်ငံအများစုသည် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ကိုင်လိုကြောင်းသိရသည်။ ထို့ပြင် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ မှ စီးပွားရေးအရလွှမ်းမိုးမှုများကြုံတွေ့လာနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။

မိမိတို့အနေဖြင့်လည်း ပြောင်းလဲရန် ပြင်ဆင်ထားကြောင်း၊ မြန်မာနိုင်ငံ၌ တစ်စုံတစ်ရာစတင်ဖြစ်ပေါ်နေခြင်းကို မြင်နေရကြောင်း၊ အစိုးရသစ် အနေဖြင့်လည်း ပြောကြားထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်မည်ကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း မစ္စတာ ကူးပါးက ပြောကြားခဲ့ သည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၅ ပါ “အစိုးရသစ်အပေါ် အီးယူအမြင်ပြောင်းလဲလာ” သတင်းအားအကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ အရှေ့မြောက်ဘက်ရေးရာဌာနက ပိုပြီးပွင့်လင်းတဲ့မူဝါဒတွေ ရှိချင်တယ်။ ပြည်ထဲရေးဝန်ကြီးဌာနက အရှေ့မြောက်ပိုင်းဒေသက သောင်းကျန်းသူတွေအရေးနဲ့ လုံခြုံရေးကို ထောက်ပြတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်ချင်တယ်။ ဒါပေမယ့် ပြည်ပရေးရာဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နဲ့ အရေး ကိစ္စတွေပေါ်မှာ စိုးရိမ်နေတယ်"

ဇူလိုင် ၁ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၇) အမှတ် (၅၁၄) တွင်ပါသည့် "ဒီမိုကရေစီအတွေ့အကြုံကို မျှဝေပေးရန် အသင့်ရှိဟု အိန္ဒိယဝန်ကြီး ပြော ကြား" သတင်းမှ ဒေါက်တာမာရီလဲလ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အမှန်စင်စစ် ဖရန်ဆစ်ဖူးကူးယားမားက ဆိုဗီယက်ယူနီယံပြိုကွဲသွားပြီးနောက် ကွန်မြူနစ်ဝါဒသည် အပြီးတိုင် ကျဆုံးသွား ခဲ့ပြီးဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ရှိနှင့်ခဲ့ပြီးသော အရင်းရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒနှင့် ဆိုရှယ်လစ်စနစ်များ၊ အယူဝါဒသဘော တရားများ၊ စသောအိုင်ဒီယိုလော်ဂျီများ အသစ်တစ်ဖန် ပြန်လည် ဖြစ်ထွန်းစရာ ရှိတော့မည်မဟုတ်ကြောင်း ကောက်ချက်ဆွဲ ကာ သမိုင်းနိဂုံးချုပ်ခဲ့ပြီဟု ဆိုခဲ့ခြင်းသာဖြစ်သည်။

ထိုကဲ့သို့ ကမ္ဘာပေါ်တွင်ရှိသော အာဏာရှင်စနစ်များ၊ တစ်ပါတီစနစ်များ၏ အုပ်ချုပ်မှုပုံစံများအစား ဒီမိုကရေစီကျသော အရပ်ဘက်အစိုးရအဖွဲ့ အစည်းများက သမိုင်းသစ်တစ်ရပ်အဖြစ်ပေါ်ထွန်းလာခဲ့သည်။ နှစ်ဆယ့်တစ်ရာစုသည် ဒီမိုကရေစီလူ့အဖွဲ့အစည်းကို ပုံဖော်ထုဆစ်သည့် ရာစုသစ် ဖြစ် သည်"

ဇွန် ၃၀ ထုတ် Venus News Journal အတွဲ (၂) အမှတ် (၄၆) တွင်ပါသည့် "သမိုင်းနိဂုံးချုပ်ခဲ့ပြီ" ခေါင်းကြီးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အဓိက ကုန်ကြမ်းမကောင်းတဲ့သဘောပါပဲ။ အရေအတွက်သာတိုးလာတယ်။ အရည်အချင်းပိုင်းက တိုးမလာဘူး။ ဘွဲ့ရလူငယ်တစ်ယောက်က အင်္ဂလိပ်စာ ပြန်တက်၊ ကွန်ပျူတာသင်တန်းတက်နဲ့ အချိန်ကုန်၊ ငွေကုန်တာမျိုး ရှိနေတယ်။ မြန်မာစာဘွဲ့ရ၊ ဒဿနိကဗေဒဘွဲ့ရတစ်ယောက်က စာရင်းကိုင်ပြန်တက် တယ်ဆိုတာရှိနေတယ်။ ကိုယ်သင်နေတာကို ကိုယ်တကယ်စိတ်ဝင်စားရဲ့လားတောင်မသိတော့ဘူး။ ရထားတဲ့ဘွဲ့နဲ့ လုပ်တဲ့လုပ်ငန်းတွေနဲ့ လွဲနေတာများ လာတယ်။ တကယ်တော့ ကျောင်းမှာကတည်းက ပြင်ဆင်ပေးလိုက်ရင် ဒီလိုအဖြစ်မျိုးတွေ ရှိမှာမဟုတ်ဘူး"

ဇူလိုင် ၁ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၁၃) တွင်ပါသည့် Device Services Co,Ltd မှ Manag ing Director မှ ဦးတင်ဇံ ကျော်နှင့် အင်တာဗျူးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"မြို့နယ်လေးတွေမှာရှိတဲ့ ဆေးဆိုင်တွေမှာ ဆေးရောင်းချခွင့်လိုင်စင်သာ ချထားပေးတာ ဖြစ်တယ်။ ဆရာဝန် လက်မှတ် မရှိဘဲ ဆေးစပ်ပေးတယ်ဆိုတာက လုပ်ထုံးလုပ်နည်းမဟုတ်ဘူး။ လူနာတွေက ဆေးလာစပ်ခိုင်းမယ်ဆိုရင်လည်း ဆရာဝန်အချို့ဆီမှာ အကူအညီတောင်းဖို့ အခမဲ့ဆေးခန်းတွေကို သွားရောက် ပြသကြည့်ဖို့ မိမိရောဂါကို သေချာသိတဲ့ စမ်းသပ် ပေးထားတဲ့ ဆရာဝန်သောက်သုံးခိုင်းတဲ့ ဆေးအတိုင်းသာ လာရောက်ဝယ်ယူဖို့ အကြံပြုပြောပြသင့်တယ်။ အခမဲ့ဆေးခန်း တွေနည်းနေသေးတဲ့အတွက် နွမ်းပါတဲ့ လူနာတွေအနေနဲ့ သွားရောက်ပြသဖို့ အခက်အခဲရှိနေသေးတယ်၊ ဒါကြောင့် အခမဲ့ဆေးခန်းတွေ ပိုပြီး တိုးချဲ့ဖွင့်လှစ်ပေးနိုင်မယ်ဆိုရင်တော့ အဓိကအားဖြင့် ငွေကြေးမတက်နိုင်တဲ့သူတွေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အများကြီး အထောက်အကူ ပြုလာနိုင်တာပေါ့"

ဇူလိုင် ၁ ထုတ်  The HOT NEWS အတွဲ (၁) အမှတ် (၄၆) တွင်ပါသည့် "အခြေခံလူတန်းစားများ ဆေးခန်းများကို အားထားမှုနည်းပါးနေ" သတင်းမှ မြန်မာနိုင်ငံဆရာဝန်များအသင်းက တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဆင်းရဲခြင်း လွတ်ကင်းအောင်

ကိုကိုလှိုင်

(ဇွန် ၃၀ ထုတ် အတွဲ(၇) ၊ အမှတ် (၂၄) တွင်မှ ထုတ်ယူဖော်ပြအပ်ပါသည်။)

မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ လူဦးရေမှာ ၂၆ ရာခိုင်နှုန်းရှိကြောင်း UNDP နှင့် မြန်မာနိုင်ငံတို့ ပူးတွဲပြုလုပ်ခဲ့သည့် ဆင်းရဲနွမ်းပါးမှုစစ်တမ်း ကောက်ယူချက် အစီရင်ခံစာအရသိရှိရသည်။ ယင်းမှာ ငါးနှစ်အတွင်း ၃၂ ရာခိုင်နှုန်းမှ ကျဆင်းလာခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် ထောင်စုနှစ်ရည်မှန်းချက် ဖြစ်သည့် ဆင်းရဲနွမ်းပါးမှုကို ထက်ဝက်လျှော့ချရေး ရည် မှန်းချက်ပြည့်မီအောင် ၁၆ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ ၂၀.၆.၂၀၁၁ ရက်တွင် ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး မိန့် ခွန်းတွင် ပါရှိခဲ့သည်။

နိုင်ငံတော်အပိုင်းမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လုပ်ငန်းစဉ် ၈ ရပ်ချမှတ်ကာ ဆပ်ကော်မီများနှင့် လုပ်ငန်း ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်း၍ အဘက်ဘက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ ခေတ်အဆက်ဆက်ဆင်းရဲတွင်း၌ နစ်နေခဲ့ကြရသည့် ကျေး လက်ဒေသမှ ပြည်သူများအတွက် ဝမ်းမြောက်အားတက်ဖွယ် မင်္ဂလာသတင်းပင် ဖြစ်တော့သည်။

စင်စစ်၌ ကျေးလက်ဒေသမှ ပြည်သူများသည် နိုင်ငံအတွက်အဓိကအရေးပါသော စားနပ်ရိက္ခာကို စိုက်ပျိုးထုတ်လုပ်ပေးနေကြသူများဖြစ်၍ နိုင်ငံရှိ ပြည်သူအားလုံး၏အသက်သခင်ကျေးဇူးရှင်များဟုဆိုလျှင်လည်း မှားမည်မထင်ပါ။ သို့ရာတွင် ထိုအသက်သခင်ကျေးဇူးရှင်များအပေါ် တိုင်းပြည်က မည်မျှ ပြန်လည်ကျေးဇူးတုံ့ ပြန်နိုင်ခဲ့ပါသနည်း။

ရိုးသားစွာ တွေ့မြင်သမျှဖော်ပြရပါလျှင်ကျေးလက်ပြည်သူများမှာ 'အများအတွက် ငဝက်ကဒဏ်ခံ' ဆိုသကဲ့သို့ တိုင်းပြည်၌ဖြစ်သမျှ ဒဏ်ရာဒဏ် ချက်အမျိုးမျိးကို ခါးစည်း၍ ကျုံးခံခဲ့ကြရသူများသာ ဖြစ်ချေသည်။

လွတ်လပ်ရေးရစကာလ၌ မြို့ပေါ်မှ နိုင်ငံရေးသမားများ ဝါဒရေး၊ အာဏာရေး၊ လူမျိုးရေးအယူအစွဲ ကွဲပြားအားပြိုင်မှုများကြောင့် ပြည်တွင်း သောင်းကျန်းမှု စစ်မီးတောက်လောင်ခဲ့ရသည်။ ထိုစစ်မီးဒဏ်ကို အများဆုံးခံခဲ့ကြရသည်မှာ ကျေးလက်ပြည်သူများသာဖြစ်၏။ တောခိုသောင်းကျန်းသူများ နှင့် တောနက်ဒေသများ၌ စစ်ဆင်တိုက်ခိုက်ရသည့်အတွက် တောကြိုအုံကြားမှ ကျေးရွာများမှာ စစ်တလင်းတွင် မြေစာပင် ဖြစ်ခဲ့ကြရသည်။

တောင်သူလယ်သမားဦးကြီးများကို ဦးစားပေးပါသည်ဆိုသော ခေတ်၌လည်း တစ်ဖက်၌ဆန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် စပါးဈေးကို ကန့်သတ်ထားပြီး အစိုးရက ချုပ်ကိုင်ထားသောကြောင့် ကျေးလက်နေ တောင်သူများ၏ဝင်ငွေကို တိုးတက်အောင်မဖန်တီးပေးနိုင်ခဲ့ပေ။ အခြား တစ်ဖက်၌လည်း ကျေးလက်ပြည်သူတို့၏ အခြေခံလိုအပ်သည့် လူသုံး ကုန်ပစ္စည်းများကိုပင် လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် ထိုခေတ်က တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတစ်ခု၌ "လူကြီးတွေက ခါးတောင်ကျိုက်မဖြုတ်ဘဲ ကြိုးစားကြဖို့ ပြောသွားပါတယ်။ ကျွန်တော်တို့ ကလည်း ခါးတောင်းကျိုက်ပြီး ကြိုးစားပါမယ်။ ခါးတောင်းကျိုက်ဖို့ချည်ကြမ်းလုံ ချည်ကလေးတော့ လုံလောက်အောင် ရောင်းပေးပါဦး" ဟူ၍ပင် ဟာသနှော၍ တင်ပြသွားခဲ့သည်မျိုးကို ကြားခဲ့ဖူးပါ၏။

ဆန်စပါးရောင်းဝယ်မှုကို လွတ်လပ်စွာဆောင်ရွက်ခွင်ပြုလိုက်သည်အချိန်၌ပင် နိုင်ငံတော်မှ အစိုးရဈေးဖြင့် တစ် ဧကကလေးတင်း မရောင်းမနေ ရ သတ်မှတ်ခဲ့ရသောကြောင့် တစ်ဧကပျမ်းမျှတင်း ၄၀ ခန့်ထွက်ချိန်တွင် ထွက်သမျှ စပါး၏ ၁၀ ရာခိုင်နှုန်းကို သွယ်ဝိုက်၍ အခွန်ပေးဆောင်ရသည့် သဘော ရှိခဲ့ရာ အောက်ခြေအကျဆုံး ကျေးလက်ပြည်သူများသည် နိုင်ငံ၌ အခွန်နှုန်းထားအမြင့်ဆုံးပေးဆောင်ကြရသူများအဖြစ် မှတ်ယူနိုင်ဖွယ် ဖြစ်ခဲ့သည်။

ယနေ့ကာလ၌လည်း ကျေးလက်ပြည်သူအများစုသည် ဈေးကွက်စီးပွားရေးစနစ်၏ ထောက်ပံ့ရေးကွင်းဆက် Supply Chain ၌ အောက်ဆုံးနေရာ တွင်ရှိနေပြီး ဈေးကွက်ဖိအားမှန်သမျှကို နောက်ဆုံးခါးစည်း၍ ခံနေကြရသူများအဖြစ် တည်ရှိနေသည်။ မူလကပင် မြေကြီးမှလွဲ၍ ပိုင်ဆိုင်မှု နည်းပါးသူများ ဖြစ်၍ (အများအပြားမှာ မြေပင်မပိုင်သော လယ်ယာလုပ်သားများဖြစ်၍) အားအနည်းဆုံးဖြစ်နေရာ အရင်းအနှီးမလုံလောက်၍ ရင်ဆိုင်ရသည့်အကြွေးဒုက္ခ၊ ရာသီဥတု ဖောက် ပြန်မှုနှင့် ရင်ဆိုင်၍ သီနှံပျက်စီးရမည် ဒုက္ခထောက်ပံ့ရေး ကွင်းဆက်အဆင့်ဆင့်မှ ဈေးကွက်ကစားမှု၊ ဈေးနှုန်းမတည်ငြိမ်မှု၊ ဈေးကွက် ပျက်ပြားမှု၊ ဝယ်လိုအားကျဆင်းမှု၊ ငွေဈေးမြင့်တက် မှုစက်သုံးဆီဈေးမြင့်တက်မှု စသည့် အမျိုးမျိုးသော ကမောက်ကမဖြစ်မှုများ၏ နောက်ဆုံး ဓားစားခံဖြစ် ရသည့် ဒုက္ခများနှင့် ပတ်လည်ရင်ဆိုင်နေကြရသူများဖြစ်၏။ ထိုကြောင့် လည်း ကျေးလက်ဒေသသည် မြို့ပြထက်ဆင်း ရဲနွမ်းပါးမှု ပမာဏပို၍ များနေခဲ့ခြင်း ဖြစ်၏။

သို့သော်ကျေးလက်စီးပွားရေးသည် နိုင်ငံတော်က စီးပွားရေးအခြေခံဖြစ်ရာ ကျေးလက်စီးပွားရေးမဖွံ့ဖြိုးဘဲ နိုင်ငံ၏ စီးပွားရေးလည်း ခိုင်ခိုင်မာမာ မတိုးတက်နိုင်ပေ။ ထိုကြောင့်လည်း နိုင်ငံတော်၏ စီးပွားရေးမဟာဗျူဟာအဖြစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အဓိကဦးတည် ချက်ထား၍ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အဓိကဆောင်ရွက်ရမည့် ဇာတ် ဆောင်များမှာ "ဥစ္စာရင်လို၊ ဥစ္စာ ရင်ခဲ" ဆိုသကဲ့သို့ ကျေးလက်နေတောင်သူလယ်သမား ပြည်သူလူထုများသာ ဖြစ်လေသည်။

ဆင်းရဲခြင်းမှ လွတ်လပ်နိုင်ရေးအတွက် နိုင်ငံတော်က ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ငွေကြေးအရင်းအမြစ်၊ နည်းပညာ၊ သွင်းအားစု၊ အဖွဲ့အစည်း စသည်ဖြင့် လိုအပ်သည်များကို ဖြည့်ဆည်း ကူညီပေးနေသည့်တိုင်အောင်  လက်တွေ့၌ လယ်ကွက်ထဲတွင် ကောက်ပင်ကို အမှန်တကယ်စိုက်ကြရမည့်သူ များမှာ ကျေးလက်ဒေသရှိပြည်သူများသာ ဖြစ်သည်။ ထို့ကြောင့် ကျေးလက်လူထုကိုယ်တိုင်က ဆင်းရဲခြင်းမှလွတ်ကင်း၍ လူမှုစီးပွားရေးဘဝဖွံ့ ဖြိုးတိုးတက် အောင် စိတ်အားထက်သန်စွာ ပါဝင်လုပ်ကိုင်ဆောင်ရွက်လာရေးမှာ အဓိကျသောအချက် ဖြစ်လေသည်။

ထိုကြောင့် ဆင်းရဲခြင်းမှ လွတ်ကင်းရေးအတွက်ဆိုလျှင် ချမ်းသာလိုသောစိတ်မှာ အလွန်အရေးပါသော တွန်းအား ဖြစ်၏။ ကျေးလက်နေပြည်သူ တို့၏ ရင်တွင်း၌ လယ်ယာမြေတွင် တကယ်လုပ်လျှင် အဟုတ်ချမ်းသာ နိုင်ရမည်ဟူသော ပြင်းပြသည့် စိတ်ဆန္ဒနှင့်မျှော်လင့်ချက်တို့ရှိရန်လိုသည်။

"မိုးထဲရေထဲ၊ ရွှံ့ဗွက်ထဲမှာ နွားနဲ့ဖက်ပြီး ရုန်းကြရတဲ့ လယ်သမားဘဝ" ဟု ပြောဆိုညဉ်းတွားလေ့ရှိကြသည့် မြန်မာလယ်သများတို့အနေဖြင့် ကုန်း ဘောင်ခေတ်က ဦးပုည၏ စာသားအတိုင်း "ငါးသန်းသေးနုပ်၊ ရေလုံပြုတ်ကို၊ တစ်လုတ်ကယ်ဝဝ၊ စားလိုက်ရလျှင်၊ အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်ရော့" ဟူသည့် အတိုင်း နေထိုင်စားသောက်နေရဆဲဖြစ်ပါလျှင် မည်သူမျှကျေးလက်ဒေသတွင် လယ်ယာစိုက်ပျိုး၍ အသက်မွေးလိုကြမည် မဟုတ်ပေ။

ယခုအခါ၌ ကျေးလက်ဒေသရှိ အလုပ်လုပ်နိုင်သော အသက်အရွယ်အတွင်း လူငယ်လူရွယ်အများအပြား နေရင်းဒေသကို စွန့်ခွာ၍ မြို့ပြဒေသနှင့် ပြည်ပသို့ထွက်ခွာကာ အလုပ်အကိုင် ရှာဖွေလုပ်ကိုင်နေကြသည်မှာလည်း ဤအချက်ပေါ်တွင် အခြေခံနေသည်။ ကျေးလက်ဒေသနှင့်စာလျှင် ပို၍ ပင်ပန်းမှု သက်သာကာဝင်ငွေ ပိုကောင်းသည့် အလုပ်အကိုင်ရနိုင်မှုဟူသော ဆွဲဆောင်အား Pull Factor နှင့် ကျေးလက်ဒေသရှိ သမားရိုးကျ လယ်ယာလုပ်ငန်း၏ ပင်ပန်းသလောက် အကျိုးမခံစားရမှုအပေါ် စိတ်ပျက်မှုဟူသည့် တွန်းပို့အား Push Fac tor တို့က ကျေးလက်လုပ်အားများကို လျော့ပါးစေခဲ့သည်။

ထိုကြောင့် ကျေးလက်ဒေသရှိ သမားရိုးကျလယ်ယာစိုက်ပျိုးရေးလုပ်ငန်းအခြေခံသော စီးပွားရေးဘဝကြီးတစ်ခုလုံးကို လက်မှုလယ်ယာ Manual Farm အဆင့်မှ စက်မှုလယ်ယာ Industrial Farm အဖြစ်သို့ ယင်းမှတစ်ဆင့် စိုက်ပျိုး ရေးအခြေခံသော စက်မှုကုန်ထုတ်လုပ်ငန်း Agro-Based Industry နှင့် ကျေးလက်အ ခြေစိုက်စီးပွားရေးလုပ်ငန်းကြီးများ Rural-Based Enterprises များပေါ်ထွန်းအောင် ဝိုင်းဝန်းပျိုးထောင်လမ်းပြပေးနိုင်မှသာ လယ်ယာလုပ် ငန်းနှင့် စီးပွားဖြစ်နိုင်သည်ဟူသော ယုံကြည်မှုနှင့် မျှော်လင့်အားထားမှုများ ပေါ်ထွန်းလာစေလိမ့်မည်ဖြစ်သည်။ ဤကားရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြင့် စတင်၍ နိုင်ငံတော်အပိုင်းမှ ဝိုင်းဝန်လုပ်ဆောင်ပေးရမည့်ကိစ္စဖြစ်၏။

ကျေးလက်နေလယ်သမားပြည်သူများကိုယ်တိုင်အတွက်မူ ဆင်းရဲခြင်းလွတ်ကင်းစေရန် ပဓာနအကျ ဆုံးမှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ချမ်းသာချင်သောဆန္ဒနျင့် တကယ်လုပ်လျှင် အဟုတ်ဖြစ်ရမည်ဟူသော ယုံကြည်ချက် တို့ ရှိလာစေရန်ဖြစ်သည်။ "ဆန္ဒရှိလျှင် နည်းလမ်းရှိသည်" ဟူသော စကားအရ အမှန်တကယ်ချမ်းသာလိုသူများသည် ချမ်းသာနိုင်မည့်နည်းလမ်းမျာကို အစဉ်ရှာဖွေကြံဆနေမည်ဖြစ်သကဲ့သို့ နည်းလမ်းများ ရှာဖွေတွေ့ရှိလာ လျှင်လည်း လုံ့လဝီရိယထုတ်၍ အားသွန်ကြိုးပမ်းဆောင်ရွက်မည်သာ ဖြစ်လေသည်။ ဤကား ကျေးလက်ပြည်သူများကိုယ်တိုင် စတင်ရသည့် စိတ်ပိုင်းဆိုင် ရာ အပြောင်းအလဲ Mindset Change ဖြစ်သည်။

စိတ်နေစိတ်ထားပြောင်းလဲမှ အပြုအမူ Attitude ပြောင်းလဲလာမည်ဖြစ်သည်။ ဆင်းရဲခြင်းလွတ်ကင်းအောင် လုပ်ဆောင်ရာ၌ အပြုအမူပုံစံ ပြောင်း လဲရေးမှာလည်း အလွန်အရေးကြီးသည်။ အမှန်တကယ်ချမ်းသာ လိုသူများသာလျှင် ရသမျှကို ကျစ်လျစ်စွာသုံးစွဲ၍ စုဆောင်းရင်းနှီးမြုပ်နှံသွားရန် စိတ်ပိုင်း ဖြတ်နိုင်ကြသည်။ ငွေယားကလေးရှိလာလျှင် ထန်းရည်သောက်၊ ကြက်တိုက်၊ ချဲထိုး၊ ဘောလုံးပွဲလောင်း စသည်ဖြင့် မသင့်မလျော်  ဖြန်းတီးပျော်ပါး ပစ်ရန် သာ ဝါသနာပါနေသူ များအား စိုက်စရိတ်ချေးငွေ၊ အသေးစားချေးငွေ စသည့်ငွေရင်းစိုက် ထုတ်ပံ့ပိုးပေးမှုများ မည်သို့ပင်ပြုလုပ်စေကာမူ ကြွက်တွင်းထဲသို့ ရေလောင်းထည့်သကဲ့သို့သော အဟောသိကံ ဖြစ်သွားနိုင်ဖွယ်ရှိလေသည်။

ယင်းစိတ်နေစိတ်ထားနှင့် အပြုအမှုပြောင်းလဲရေးမှာလည်း ပတ်ဝန်းကျင်နှင့် များစွာသက်ဆိုင်၏။ "သမဏေနသ မဏော၊ ဂေါဏေနဂေါဏော" ဆိုသကဲ့သို့ ဖဲဝိုင်းအနီးကြီးပြင်းလာသည့် ကလေးငယ်သည် ဖဲသမားဖြစ်ရန်နီးစပ်၏။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်း၏ စိတ်ထားအရှိန်အဟုန် Mass Dynam ic သည် အစုအဖွဲ့ဝင် တို့၏ စိတ်နေစိတ်ထား အပြု အမူများ ပြောင်းလဲလာရေးမှာ အစုအဖွဲ့လူ့အဖွဲ့အစည်းက ထိန်းကျောင်းလမ်းညွှန်ပေးသွားရန် လိုပေ သည်။

အချို့သော အထက်အညာကျေးရွာများ၌ မြေယာအမှီပြု၍ လုပ်ကိုင်စားသောက်ရန်ခက်ခဲရကား ပညာကိုသာ အားကိုးပြုကြ၏။ သို့သော် ရွာ၌ ကျူရှင်ဆရာမရှိ၊ အတန်းကြီးသူက အတန်းငယ်သူကို တာဝန်ယူကြရသည်။ ထိုရွာကျောင်းများမှ ထွက်လာသူများသည် ယခုအခါ ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်ကြီးများ၊ စာရေးဆရာ၊ ဇာတ်ညွှန်း ဆရာ၊ အနုပညာရှင်များ စသည်ဖြင့် ဘဝအဆင့်ဆင့်မြင့်မားတွင်ကျယ်နေကြလေပြီ။ ဤကား အစုအဖွဲ့၏ စွမ်းပ ကားပင်တည်း။ ဤနမူနာပုံစံကိုအတုယူကာ ကျေးလက်ဒေသ လူမှုစီးပွားရေးကဏ္ဍ ပေါင်းရုံ၌ အစုအဖွဲ့အခြေပြု Community Based တိုးတက်ဖွံ့ဖြိုးရေးကို ကျေးလက်ပြည်သူများကိုယ်တိုင် စုပေါင်းလုပ်ဆောင်နိုင်ကြမည်ဆိုလျှင် နိုင်ငံတော်၏ စီးပွားရေးမဟာဗျူဟာဖြစ်သော ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်း ပါးမှု လျှော့ချရေးအတွက် များစွာ အထောက်အကူပြုလိမ့် မည်ဟု ယူဆသုံးသပ်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs