Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၇.၂၀၁၁

ဘာသာပြန်သတင်းများ

စတီးဝဲလမ်းမကြီး ပြန်ဖွင့်ရန် မြန်မာ သဘောမတူ

( 2 July 2011 ရက်စွဲပါ PTI မှ  Myanmar opposed to Stilwell road reopening : Handique ကို ဘာသာ ပြန်ဆိုသည်)

                သမိုင်းဝင် စတီးဝဲ (Stilwell) လမ်းမကြီး ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံက သဘောမတူ ဖြစ်နေကြောင်း အိန္ဒိယနိုင်ငံ ပြည်ထောင်စု DoNER ဝန်ကြီး BK Handique က ယနေ့ ပြောကြားခဲ့သည်။

                “Stilwell လမ်းမကြီး ပြန်ဖွင့်ခဲ့ရင် အိန္ဒိယလူမျိုးတွေ အတွက် အကျိုးအများကြီး ဖြစ်ပါမယ်။ ကျွန်တော် ဒါကို ဖြစ်မြောက်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ မြန်မာအစိုးရက အချိန်မကျသေးဘူးလို့ မြင်နေပုံရတယ်။ သူတို့အုပ်ချုပ်ရေး အကြောင်းပြချက်ပဲ ဖြစ်လောက် တယ်” ဟု ၎င်းကဆိုသည်။

                မြန်မာအစိုးရသည် အဆိုပါလမ်း ပြန်လည် ဖွင့်လှစ်ရေးအတွက် စိတ်မဝင်စားသည့် အကြောင်းမှာ အဆိုပါ လမ်းသည် ကချင်ပြည်နယ်ကို ဖြတ်သွားရာ၊ ကချင်သူပုန်များ ချုပ်ကိုင်ထားသော နေရာများ၊ အိန္ဒိယ နယ်မြေ အတွင်းတွင်လည်း ULFA နှင့် NSCN တို့ ကြီးစိုးသောနေရာများ ပါဝင် နေခြင်း ကြောင့် ဖြစ်မည် ဟု DoNER တာဝန်ရှိသူများက ပြောသည်။

                ဝန်ကြီးက ပြောကြားရာတွင် ၎င်းသည် တစ်ကြိမ်တစ်ခါက ထိုစဉ်က သမ္မတဖြစ်သူ APJ Abdul Kalam အား ထိုကိစ္စ တင်ပြခဲ့ရာ၊ လမ်းပြန် လည် ဖွင့်လှစ်နိုင်ရေး သံတမန်များ နှင့် ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ဘူးကြောင်း ပြောသည်။

                စတီးဝဲလမ်းမကြီးအား ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်များကို ပြန်တိုက်ရန်နှင့် တရုတ်နိုင်ငံ ယူနန်သို့ လမ်းပေါက်ရန် ရည်ရွယ်ဖောက်လုပ် ခဲ့ခြင်း ဖြစ်ပြီး၊ ယခင်က လီဒိုလမ်းမကြီး ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းမကြီးသည် အရှေ့အာသံရှိ လီဒိုတွင် စတင်ခဲ့သောကြောင့် ဖြစ် သည်။ နောက်ပိုင်းတွင် မဟာမိတ်တပ်မှ အမေရိကန် ဗိုလ်ချုပ်ကြီး Joseph Stilwell အမည်သို့ ပြောင်းလဲခဲ့သည်။

                အဆိုပါ လမ်းမကြီးအား 1942 ခုနှစ်တွင် ဗိုလ်ချုပ်ကြီး Stilwell ၏ တိုက်ရိုက်ကြီးကြပ် ကွပ်ကဲမှုဖြင့် ပြန်လည် ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လမ်းမကြီးသည် မြန်မာနိုင်ငံရှိ အချို့လမ်းဟောင်းများနှင့် ဆက်ထားပြီး ကူမင်းအထိ ရှည်လျားသည်။ လမ်းမကြီး၏ (60) ကီလိုမီတာသည် အိန္ဒိယနိုင်ငံတွင် ရှိပြီး၊ ကီလိုမီတာ (1000) သည် မြန်မာနိုင်ငံတွင် ရှိကာ တရုတ်နိုင်ငံတွင် ကီလိုမီတာ (600) ရှိသည်။ သို့သော် ပြုပြင်ထိန်းသိမ်းမှု မရှိ ခြင်းကြောင့် လမ်းအစိတ်အပိုင်း အတော်များများ ပျောက်ကွယ်လျက်ရှိသည်။

 *******************************************************

မြန်မာတို့၏ လူ့အခွင့်အရေးကို အားပေး ထောက်ခံမည်ဟု ဂျပန်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြား

(Kyodo သတင်းမှ 1st July 2011 ရက်စွဲပါ “Japan to support Myanmar rights, Suu Kyi assured” သတင်းကို ဘာသာ ပြန်ဆိုသည် )

ဂျပန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာကီကိုကီကူတာသည် ဗုဒ္ဓဟူးနေ့တွင် မြန်မာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့ပြီး ရှေ့ဆက် ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းတွင် တိုကျိုက ထောက်ခံ အားပေးမည် ဖြစ်ကြောင်း အသိပေးခဲ့သည်ဟု သံတမန်သတင်းရပ်ကွက်က ဆိုသည်။

မစ္စကီကူတာ သည် ရန်ကုန်မြို့ NLD ပါတီ ဌာနချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နာရီကြာ တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်းမှ လူ့အခွင့် အရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမှ ထိထိ ရောက်ရောက် ပိတ်ပင်ထားကြောင်း အစိုးရ အာဘော် သတင်းစာများက ဖော်ပြခဲ့သည့် နေ့တွင် အဆိုပါ တွေ့ဆုံမှုကို ပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဂျပန်အစိုးရတာဝန်ရှိသူ တစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံမှုသည် ၂၀၀၂ ခုနှစ်က ဂျပန် နိုင်ငံခြားရေးဝန်ကြီး ယိုရီကို ကာဝါဂူချီနှင့် တွေ့ဆုံမှုနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အစည်း အဝေး အပြီးတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် မစ္စ ကီကူတာတို့က မည်သည့် အကြောင်းအရာများ ဆွေးနွေးခဲ့သည် ဆိုသည်ကို မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။

သို့သော်လည်း ထိုနေ့နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က “ယင်းတို့ နှစ်ဦး၏ တွေ့ဆုံမှုတွင် မြန်မာနှင့် ဂျပန်နိုင်ငံ တို့အကြား အပြုသဘော ဆောင်သော ဆက်ဆံမှုများ တိုးတက်ဖြစ်ပေါ်ရေးကို ဆွေးနွေးခဲ့ကြပြီး မတ်လ ၁၁ ရက်နေ့ ငလျင်နှင့် ဆူနာမီဒဏ်ခံ ဂျပန်ပြည်သူများ အပေါ် ဂရုဏာသက်စာနာကြောင်း ပြောဆိုခဲ့သည်” ဟု ထုတ်ဖော် ပြောကြားသည်။

မစ္စကီကူတာသည် မြန်မာနိုင်ငံသို့ တနင်္လာနေ့က ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အခြား ထိပ်တန်း တာဝန်ရှိသူများနှင့် နေပြည်တော်တွင် အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ယင်းသို့ တွေ့ဆုံရာတွင် “တိုကျိုအနေဖြင့် ထောက်ပံ့ ကူညီမှုများကို ဆက်လက် ပေးအပ်သွားရန် ရည်ရွယ်ထား ပါကြောင်း၊ အထူးသဖြင့် မြန်မာ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ပြည့်မှီစေရန် ဖြစ်ပါကြောင်း၊ သို့သော်လည်း နိုင်ငံတွင်း လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအနေအထားကို သုံးသပ်ခြင်း အပေါ် အခြေခံပြီး ကိစ္စတစ်ခုချင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း” မစ္စ ကီကူတာက မြန်မာနိုင်ငံခြားရေး ၀န်ကြီးကို ပြောကြားခဲ့သည်ဟု သတင်းများ အရ သိရှိရသည်။

ဂျပန်အစိုးရက ထောက်ပံ့ ကယ်ဆယ်ရေး ရန်ပုံငွေ ပေးအပ်ရန် ဆုံးဖြတ်ချိန်တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေးသာမကပဲ ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးကိုပါ ထည့်သွင်းစဉ်းစား သုံးသပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မစ္စကီကူတာကို ပြန်လည် ပြောကြားသည်။ ထို့အပြင် ဂျပန်နိုင်ငံသည် အလှူရှင်နိုင်ငံအဖြစ် တာဝန်ယူမှုနှင့် ပွင့်လင်းမြင်သာရှိမှုတို့ကို သေချာဆောင်ရွက်ရန် ဒီမိုကရေစီ ခေါင်းဆောင်က တိုက်တွန်းခဲ့သည်ဟု သံတမန်သတင်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၂ နှစ်ကြာ အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရထိပ်ပိုင်း အဖွဲ့ဝင်လူဟောင်းများဖြင့် ဖွဲ့စည်းထားသော လက်ရှိ အရပ်ဖက် အစိုးရက မတ်လကုန်တွင် စတင်၍ အာဏာရယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယာဉ်တန်းကို (အစိုးရက နောက်ကွယ်မှ စီစဉ်သော) တိုက်ခိုက်မှုအပြီးတွင် မြန်မာ အာဏာပိုင်များက သူမကို ၇ နှစ် ဆက်တိုက် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ကြကာ ရွေးကောက်ပွဲများအပြီး မရှေးမနှောင်းတွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

***********************************************************

မြန်မာနိုင်ငံအား ကူညီမှုပြန်လည်စတင်ရေး ဂျပန်အစိုးရ စစ်ဆေးသုံးသပ်

(The Yomiuri Shimbun မှ 3 July 2011 ရက်စွဲပါ Govt mulls resuming aid to Myanmar သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးကာ စစ်အုပ်ချုပ်ရေး ပြီးဆုံးကြောင်း ကြေညာခဲ့ပြီးနောက်တွင် မြန်မာနိုင်ငံသို့ ထောက်ပံ့ကူညီမှု ပြန်လည်စတင်ရေးကို ဂျပန်အစိုးရက စဉ်းစား သုံးသပ်နေသည်ဟု ယိုမီယူရိရှင်ဘွန်းက ကြားသိရသည်။

မြန်မာနိုင်ငံအတွက် တရားဝင်ဖွံ့ဖြိုးရေးအကူအညီပေးမည့် အစီအစဉ်သစ်မှန်သမျှသည် ၈ နှစ် ကာလ အတွင်း ပထမဆုံးအကြိမ်ဖြစ်လာ မည်ဟုဆိုသည်။ ဘဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် လူသားခြင်းစာနာသော အကူအညီပေးခြင်းမှလွဲ၍ မြန်မာနိုင်ငံ အတွက် တရားဝင်ဖွံ့ဖြိုးရေး အကူအညီ ODA အစီအစဉ်သစ် မှန်သမျှကို ၂၀၀၃ ဇူလိုင်လမှစ၍ ဂျပန်နိုင်ငံ က ရပ်ဆိုင်းထားခဲ့သည်။

ယင်းသို့ တားမြစ်ပိတ်ပင်ရသည့် အကြောင်းရင်းများထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခြင်းသည် အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်သည်။

သို့သော်လည်း မနှစ်က နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးခြင်းနှင့် ၂၁ နှစ်ကြာစစ်အုပ်ချုပ်ရေးကို အဆုံးသတ် လိုက် သည့် လက္ခဏာများကို ဂျပန်အစိုးရက အကောင်းဖက်မှ ရှုမြင်ခဲ့သည်ဟု သတင်းများအရသိရှိရသည်။

ဂျပန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာကီကိုကီကူတာသည် ပြီးခဲ့သောလကုန်တွင် အဆိုပါနိုင်ငံမှ မြန်မာထိပ်ပိုင်းတာဝန်ရှိသူများနှင့် ဆွေးနွေးမှု များပြုလုပ်ခဲ့ပြီး “မြန်မာပြည်သူများ၏ ဘဝတိုးတက်ရေး အတွက် အသုံးပြုမည် ဟူသော စည်းကမ်းသတ်မှတ်ချက်အပေါ်တွင် အခြေခံကာ ဖွံ့ဖြိုးရေး အကူအညီရန်ပုံငွေ ODA အစီအစဉ်ကို ပြန်လည် စတင်မည့် ဂျပန်အစိုးရ၏ ရည်ရွယ်ချက်ကို အသိပေးခဲ့သည်ဟု သတင်း များရရှိသည်။

ဖွံ့ဖြိုးရေးအကူအညီရန်ပုံငွေ ODA စီမံချက်အသစ်များတွင် တီဘီရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများ၊ ကိုယ်ဝန် ဆောင်နှင့် သားဖွားမိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ပြည်ပပညာတော်သင်နှင့် အခြားလူသားရင်းမြစ်ဖွံ့ဖြိုးရေးအစီအစဉ်များ၊ ဆားငန်ရေ ဒဏ်ခံနိုင်သော အစေ့ချနှင့် စိုက်ပျိုးကိရိယာ ထောက်ပံ့ခြင်းစသော အစီအစဉ်များပါဝင်ဖွယ်ရှိသည်ဟု ဆိုသည်။

သို့သော်လည်း မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလှုပ်ရှားမှုများရပ်ဆိုင်ရန် လတ်တလော သတိပေး ပြောဆိုခဲ့ခြင်းကြောင့် ဂျပန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံမှ နိုင်ငံရေးအနေအထားကို ဂရုတစိုက် စစ်ဆေးသုံးသပ်နေစဉ် အတွင်း ODA အစီအစဉ်ပြန်လည်စတင်ရေးကို အပြီးသတ် ဆုံးဖြတ်ချက် ချမည်မဟုတ်သေးဟု သိရှိရသည်။

**************************************************************

ထိုင်းနိုင်ငံ၏ အရေးကြီးသော ရွေးကောက်ပွဲစပြီ

(2 July 2011 ရက်စွဲပါ BBC မှ Thais Start Voating in crucial  general election ကို ဘာသာပြန်သည်)

ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများမဲပေးနေကြပြီ ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲမှာ ထိရှလွယ်သော ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ ကို စမ်းသပ်သည့်ပွဲတစ်ခုလည်း ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် အဘီဆစ်၏ ဒီမိုကရက်များသည် ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ ညီမ Yingluck ဦးဆောင်သော Pheu Thai ပါတီနှင့် ခက်ခက်ခဲခဲ ရင်ဆိုင်ယှဉ်ပြိုင်ရလျက် ရှိသည်။

ထိုင်းနိုင်ငံသည် ခြောက်နှစ်ခန့်သွေးစွန်းသော နိုင်ငံရေးဆန္ဒပြမှုများကို ကြံ့ကြံ့ခံခဲ့ပြီး ယခုတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲတွင် လုံခြုံရေးတင်းကြပ်စွာ ချထားသည်။ ရဲအရာရှိအင်အား ၁၇၀၀၀၀ ခန့်သုံး၍ မဲရုံများ အပြင်ဖက်တွင် လုံခြုံရေးများ ကြပ်ကြပ်မတ်မတ် ချထားခြင်း ဖြစ်သည်။

                ပြီးခဲ့သည့်နှစ်က ဆန္ဒပြသူများသည် ဘန်ကောက်၏ နေရာအတော်များများကို နှစ်လခန့်ပိတ်ထားပြီး အစိုးရအား နုတ်ထွက်ရန် ဖိအားပေးခဲ့ သည်။ ထို့ကြောင့် စစ်တပ်က မြို့တော်၏လမ်းမများကို ရှင်းလင်း၍ လူစုခွဲရာတွင် လူ ၉၁ ဦး သေဆုံးခဲ့သည်။ ရှပ်နီဝတ်ဆန္ဒပြသူအများစုသည် ၂၀၀၆ ခုနှစ်က စစ်တပ်က အာဏာသိမ်း၍ဖယ်ရှားခံရသော သက်ဆင်ကို ထောက်ခံသူများ ဖြစ်ကြသည်။

ဒဏ်ရာရဒီမိုကရေစီ

                ဘန်ကောက်ရှိ ဘီဘီစီမှ Karishma Vaswani က ပြောကြားရာတွင် တနင်္ဂနွေနေ့ရွေးကောက်ပွဲများသည် နိုင်ငံရေးအရ မသေချာ မရေရာမှုများကို အဆုံးသတ်နိုင်မည့် အခွင့်အရေးဖြစ်သည်ဟုဆိုသည်။

                လွန်ခဲ့သော နှစ်များအတွင်းက ထိုင်းနိုင်ငံတွင် လမ်းပေါ်ဆန္ဒပြပွဲများ၊ လေဆိပ်ပိတ်ခဲ့ရမှုများ၊ နိုင်ငံရေးအုပ်စု နှစ်ခုကြား ကြမ်းတမ်းသော ရင်ဆိုင်ရမှုများ တွေ့ရကြောင်း ဘီဘီစီသတင်းထောက်က ပြောသည်။

                တိုင်းပြည်၏ပုံရိပ်ရော စီးပွားရေးပါ ထိခိုက်ခဲ့သည်။ အရှေ့တောင်အာရှတွင် ဒီမိုကရေစီကို ကာကွယ် စောင့်ရှောက်သော နိုင်ငံအဖြစ် မှတ်ယူ ထားခဲ့ရာ၊ ဂုဏ်သိက္ခာများစွာကျဆင်းခဲ့ရကြောင်း သူမက ဖြည့်စွက်ပြောသည်။

                ရွေးကောက်ပွဲ၌ အောက်လွှတ်တော်၏ နေရာ ၅၀၀ အတွက်ပါတီပေါင်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၃၈၃၂ ဦး ယှဉ် ပြိုင်လျက်ရှိသည်။ ဆန္ဒမဲ ပေးရာတွင် အဆင့်နှစ်ဆင့်ရှိသည့်အနက် အမတ်နေရာ ၃၇၅ နေရာကို မဲဆန္ဒနယ်မြေများမှ ရွေးကောက်တင်မြှောက်မည် ဖြစ်ပြီး၊ ၁၂၅ နေရာကို သီးခြားမဲရုံများမှ ပါတီတစ်ခုချင်းစီအလိုက် နိုင်ငံတစ်ဝှမ်းရရှိသော ဆန္ဒမဲအချိုးအစားကိုကြည့်၍ စာရင်းမှရွေးချယ်မည်ဖြစ်သည်။ တစ်ပြည်လုံးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၄၇ သန်း ရှိသည်။

                ပါတီများစွာရှိသည်ဆိုသော်လည်း ဒီမိုကရက်နှင့် Pheu thai ပါတီနှစ်ခုကသာ အများစုအနိုင်ရမည်ဟု ယူဆရသည်။ Pheu Thai အနိုင်ရလိမ့် မည်ဟု ခန့်မှန်းနေကြသည်။ ဘီဘီစီသတင်းထောက်ပြောကြားရာတွင် Yingluck Shinawatra သည် နိုင်ငံရေးတွင် နုနယ်သေးကြောင်း၊ သူမ၏ အစ်ကို ဖြစ်သူ၏ မူဝါဒဖြင့်သာ စည်းရုံးရေးဆင်းရင်း ပေါ်ပြူလာဖြစ်လာပုံရကြောင်း၊ Pheu Thai ၏ အမှန်တကယ် ခေါင်းဆောင်မှာ သက်ဆင်ဖြစ်သည်ဟု အများက ယုံကြည်နေကြသည်။

                သက်ဆင်သည် အကျင့်ပျက်ခြစားမှုဖြင့် တရားရင်ဆိုင်ရမည်ကို ရှောင်ရှားသည့် အနေဖြင့် ဒူဘိုင်းတွင် နေထိုင်လျက်ရှိပြီး၊ သူသည် အမိမြေသို့ ပြန်လာလိုကြောင်း ရှင်းရှင်းလင်းလင်းပြောထားသည်။

                သောကြာနေ့က ဘန်ကောက်တွင် စည်းရုံးဟောပြောရာတွင် Yingluck က “ကျွန်မကိုတိုင်းပြည်အတွက် အလုပ်အကျွေး ပြုခွင့်ပေးပါ။ တိုင်းပြည်မှာ ပြည်လည်စည်းလုံးညီညွတ်ရေးအတွက်လုပ်ဆောင်ဖို့ ကျွန်မကို အခွင့်အရေး ပေးတာပါ” ဟု ပြောကြားခဲ့သည်။ သူမက လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန်တိုက်တွန်းခဲ့ပြီး၊ သူမသည် အနိုင်ရရန် ယုံကြည်မှု အပြည့် ရှိနေကြောင်း ဆိုသည်။

                အဘီဆစ်က ပြောကြားရာတွင် Pheu Thai ကို မဲပေးခြင်းသည် သက်ဆင်ကို မဲပေးခြင်းနှင့်အတူတူ ဖြစ်ကြောင်း ပါတီ၏ ဆောင်ပုဒ်မှာ သက်ဆင် စဉ်းစားသမျှ Pheu Thai က အကောင်အထည်ဖော်မည် ဆိုသည်ကို ညွှန်ပြခဲ့သည်။ ၎င်း၏ နောက်ဆုံးမဲဆွယ်စည်းရုံးပွဲတွင် အဘီဆစ်က ထိုင်းနိုင်ငံသည် သက်ဆင်၏အဆိပ်ကိုရှောင် ရှားကြရမည်ဟု ပြောကြားခဲ့သည်။

                “သက်ဆင်စဉ်းစားသမျှ Pheu Thai က အကောက်အထည်ဖော်ပေးနေ၊ ထိန်းသိမ်းထားသော သက်ဆင်၏ ဘတ် ၄၆ ဘီလီယံ (ဒေါ်လာ ၁.၅ ဘီလီယံ) ပြန်ထုတ်သွားနိုင်အောင် နည်းလမ်းရသွားမှာပေါ့ ဟု ၎င်းက ပြောသည်။ BBC သတင်းထောက်က ပြောကြားရာတွင် မသေချာမရေရာမှု များစွာ ရှိနေသေးကြောင်း ဆိုသည်။

                မည်သူနိုင်သည်ဖြစ်စေ ကွဲနေသော တိုင်းပြည်အား တစ်စုတစ်စည်းတည်း ဖြစ်သွားနိုင်ပြီး၊ ဒဏ်ရာအနာတရ ဖြစ်နေသော ထိုင်းနိုင်ငံ၏ ဒီမိုကရေစီ ကို ပြန်လည်ကုစားပေးနိုင်လိမ့်မည် ဖြစ်သည်။

***************************************************************

တရုတ် ဆန့်ကျင်ရေး မြန်မာတွင် နိုးကြားလာ

(29 June 2011 ရက်စွဲပါ Khaleij Times Online မှ Suresh Paltali ရေးသားသော Anti-China tsunami alert in Myanmar ကို ဘာသာ ပြန်သည်)

လက်ရှိအချိန်တွင် နိုင်ငံခြားမှ အဆင့်မြင့်ပုဂ္ဂိုလ်များ မြန်မာနိုင်ငံသို့ အလျင်အမြန် လာရောက်လျက် ရှိသည်။ အချို့က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ၍၊ အချို့က တွေ့ဆုံခြင်း မရှိပဲ ယင်းတို့၏ ဒီမိုကရေစီ စံနှစ်မျိုးကို လိုက်နာ လုပ်ဆောင်လျက် ရှိနေပေသည်။

တစ်ချိန်တည်းမှာပင် တိုင်းပြည်တွင် ဗုံးများ ကွဲလျက်ရှိပြီး တိုင်းရင်းသားပဋိပက္ခသည် ပြည်တွင်းစစ် ဖြစ်မည့် လက္ခဏာများ ဖြစ်ပေါ်လျက် ရှိ သည်။ အဆိုပါကိစ္စများတွင် နိုင်ငံရေးနှင့် သံတမန်ရေးအရ ပိုမိုရှုပ်ထွေးမှုများ ပါဝင်နေသည်။ ဇွန်လ (၂၄)ရက် တစ်ရက်တည်းမှာပင် နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ဗုံးလေးလုံး ကွဲခဲ့သည်။ ပြင်ဦးလွင်မြို့သည် စစ်တက္ကသိုလ် အပါအ၀င် စစ်ကျောင်း လေးကျောင်းရှိသော တပ်မြို့ဖြစ် သဖြင့် ယခု နောက်ဆုံး အကြမ်းဖက်မှုသည် အရေးကြီးသည့်အသွင်ကို ဆောင်နေသည်။ မြို့ပြစစ်ပွဲများသည် ၁၉၉၄ ခုနှစ်က စစ်အစိုးရနှင့် တိုင်းရင်း သား သူပုန်များ ငြိမ်းချမ်းရေး ယူပြီးကတည်းက ဖြစ်လေ့ဖြစ်ထ မရှိတော့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်း နေပြည်တော် အပါအ၀င် ကချင်ပြည်နယ်၏ မြစ်ကြီးနားတို့တွင် ဗုံး ဒါဇင်ဝက်ခန့် ကွဲခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုများအတွက် အပြစ်ရှိသူကို လူတိုင်းက ခန့်မှန်းနေကြသည်။ သို့သော် ဝေဖန်သုံးသပ် သူများကမူ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ် ကချင်ပြည်နယ်တွင် ယခုလအတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို လက်ညှိုး ထိုးခဲ့ကြသည်။ အစိုးရကမူ တိုင်းရင်းသား သူပုန်များကိုသာ အပြစ် ပုံချခဲ့သည်။

အတိုက်အခံများဖက်မှ စာရေးသူအား ပြောကြားရာတွင် အစိုးရ၏ စွပ်စွဲမှုများတွင် ပြည့်စုံခိုင်လုံခြင်းများ မရှိခြင်းကြောင့် ယင်း၏ နိုင်ငံရေး စီမံချက်အပေါ် သံသယဖြစ်ဖွယ် ဖြစ်လာရသည်။ ယင်းတို့က ပြောကြားရာတွင် ယခု ဗုံးပေါက်ကွဲမှုများသည် အတိုက်အခံများအတွက် အလားအလာ မကောင်းကြောင်း၊ အစိုးရသည် ဗုံးကွဲမှုကို အကြောင်းပြု စွပ်စွဲ၍ အတိုက်အခံ ခေါင်းဆောင်များကို နှိမ်နှင်းလာနိုင်ကြောင်း ပြောသည်။ “မြန်မာ အစိုးရ ဟာ အတိုက်အခံကို ဖိနှိပ်ဖို့ စွပ်စွဲချက် အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်” ဟု ပြည်ပရောက် အတိုက်အခံ ခေါင်းဆောင် ဦးညိုအုန်းမြင့်က ပြောကြားခဲ့ သည်။ “အခု ဗုံးပေါက်ကွဲမှုတွေမှာ သံသယဖြစ်ဖွယ် ရှိတာက KIA ကလည်း သူ့မှာ တာဝန်ရှိတယ်လို့ ပြောမထားပါဘူး” ဟု ယင်းက ပြောသည်။

သတင်းများကမူ ယခု ဗုံးကွဲမှုများသည် ဆင်လုံးများ ဖြစ်မည်ဟု သံသယ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဧရိယာများသည် ဗုံးမကွဲမီ ကပင် စစ်တပ်က လုံခြုံရေးယူထားသော နေရာများ ဖြစ်ကြောင်း သာဓကများ ရှိနေသည်။

အစိုးရက ရှင်းလင်းချက် ထုတ်ပြန်ရာတွင် KIA အား တိုက်ခိုက်ရခြင်းမှာ တရုတ်ပြည်သို့ လျှပ်စစ်စွမ်းအင်ပေးရန် ဆောက်လုပ်ထားသော ရေအား လျှပ်စစ်စီမံကိန်းနှစ်ခုအား ကာကွယ်ရန်ဟု ဆိုရာ လိမ်ညာခြင်းသက်သက်ထက် မပိုပေ။ အဆိုပါ အစိုးရ၏ ဖြေရှင်းချက်များသည် ကချင် ဒေသတွင် နောက်ပိုင်း စီးပွားရေးအကျိုးစီးပွားများနှင့် ပတ်သက်၍ KIO နှင့် တရုတ်တို့ကြား MoU ရေးထိုးထားမှုအား ဆန့်ကျင်လျက် ရှိသည်။ ကချင် သတင်းများ၏ အဆိုအရ တာပန် ရေအားလျှပ်စစ် စီမံကိန်းလုပ်ဆောင်နေသော တရုတ်ကုမ္ပဏီသည် KIO သို့ လမ်းအခွန်အခအဖြစ် ယွမ် (၁၀)သန်း ပေးရန် သဘောတူထားခဲ့သည်။ ယင်းမှာ တရုတ်နယ်စပ် ကချင်ပြည်နယ်၏ သီးသန့် အချုပ်အခြာအာဏာပိုင် နယ်မြေ တစ်ခုအတွက် တရားဝင် ပြင်ပမှ ဗျူရိုကရေစီတစ်ခုပင် ဖြစ်သည်။ တရုတ်များသည် လမ်းသစ်ဖောက်ရန် ယွမ် သန်း(၆၀) ပေးရဦးမည် ဖြစ်သည်။

“ဒါ အမှန်ပါပဲ။ KIO ရော သိန်းစိန် အစိုးရရော တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကနေ အကျိုးအမြတ်တွေ ခံစားရပါတယ်။ KIO ဟာ တရုတ်နဲ့ စီးပွားရေး အရ နားလည်မှု တည်ဆောက်ထားပြီး လက်ရှိ အကျိုး ခံစားနေရပါတယ်”ဟု ညိုအုန်းမြင့်က လွန်ခဲ့သော နှစ်ရက်က ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံ မှုအား ကိုးကား၍ ပြောဆိုခဲ့သည်။ ထိုသို့ အကျိုးအမြတ် ရသော သဘောတူညီမှုများ ရယူထားပြီး ဖြစ်၍ KIA အနေဖြင့် တရုတ်အား စိတ်ဆိုးအောင် လုပ်ရဲသည် ဟု ပြောရန် ဖြစ်နိုင်မည် မဟုတ်ပေ။

“ကျွန်တော် ထင်တာကတော့ စစ်ပွဲဖြစ်ရတာက အစိုးရတပ်က စစ်သုံ့ပန်း လဲလှယ်ရေး စံတွေကို ချိုးဖောက်လို့ ဖြစ်တယ်လို့ ထင်တာပဲ။ KIA တပ်ရင်း ၁၅ က တပ်ကြပ် Chan Yein ကို မြန်မာ စစ်တပ်က သေတဲ့အထိ နှိပ်စက်ပြီးမှ အလောင်းကို ပြန်ပို့ခဲ့တာကိုး”ဟု ညိုအုန်းမြင့်က ပြောသည်။

တရုတ်နိုင်ငံသည် ဒုက္ခသည်များ ရုတ်တရက်တိုးမြင့်လာခြင်းကို ရင်ဆိုင်နေရခြင်းကြောင့် နှစ်ဖက်စလုံးအား ညှိနှိုင်းပြီး ဖြေရှင်းရန် တိုက်တွန်းခဲ့ သည်။ နယ်စပ်တွင် ဒုက္ခသည် တစ်သောင်းခန့် ရှိနေရာ အမျိုးသမီးများ၊ လူအိုများနှင့် ကလေးများကို ၀င်ခွင့်ပြုခဲ့သည်ဟု ဆိုသည်။ သို့သော် တရုတ် သည် ၂၀၀၉ သြဂုတ်လက ကိုးကန့် ပဋိပက္ခတွင် စစ်ပြေး ဒုက္ခသည်များအား ယာယီတဲများ ဆောက်ပေးသကဲ့သို့ ယခုအခါ ဆောက်လုပ်ပေးခြင်း မရှိ ပေ။ တရုတ် ရင်ဆိုင်နေရသော ၀ိရောဓိတစ်ခုမှာ Beijing က မြန်မာအစိုးရ သဘောကျ လုပ်ဆောင်ရန် ဆန္ဒရှိနေချိန်တွင် ယူနန်ပြည်နယ် အာဏာပိုင် များသည် ဒုက္ခသည်များ၏ ပြဿနာကို ရင်ဆိုင်နေရ၍ နယ်စပ်ငြိမ်းချမ်းတည်ငြိမ်ရေးကို လိုလားနေဖြင်းပင် ဖြစ်သည်။

မဟာဗျူဟာကျကျ ပြောရလျှင် တရုတ်သည် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု တည်ဆောက်လျက်ရှိခြင်းကြောင့် နယ်စပ်တွင် ငြိမ်းချမ်းခြင်းကို လိုလားသည်။ “ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကသာ တရုတ်ရဲ့ အမျိုးသား အကျိုးစီးပွားကို အကျိုးအမြတ်ရစေမှာ ဖြစ်လို့ တရုတ်က မြန်မာအစိုးရက တိုင်းရင်းသားတွေကို ချေမှုန်းစေလိုမယ်လို့ ကျွန်တော် မထင်ဘူး။ တရုတ်က ကချင်မှာ ရေအားလျှပ်စစ် စီမံကိန်း ၆ ခု၊ ကျောက်စိမ်းတွင်း၊ သစ်လုံးစီးပွား ရေးတွေ လုပ်နေတော့ သူတို့ ရေရှည် စီးပွားဖြစ်ရေးကိုပဲ စဉ်းစားမှာပဲ” ဟု ညိုအုန်းမြင့်က ပြောသည်။

အမှန်တကယ်တွင်မူ ဘေဂျင်းသည် မြန်မာနိုင်ငံ၏ အဓိက တိုင်းရင်းသား အုပ်စုများနှင့် ပတ်သက်၍ ဘူတန်စတိုင် အနေအထားကို ပို၍ နှစ်သက်မည် ဖြစ်သည်။ တရုတ်သည် ဗဟိုအစိုးရထက်စာလျှင် တိုင်းရင်းသားများနှင့် စီးပွားရေးညှိ၍ လုပ်ရန် ပို၍ လွယ်ကူသည်ဟု ခံယူသည်။ အစိုးရ ကလည်း ယင်း၏ အစ်ကိုကြီးအား ပြည်တွင်းတွင် တရားဝင်ရော တရားမ၀င်ပါ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပြုထားသည်။

ထိုသို့သော အခြေအနေမျိုးတွင် ယခု ကချင်သူပုန်များနှင့် စစ်ပွဲသည် အစိုးရနှင့်တရုတ်ကုမ္ပဏီများကြား စီးပွားရေးအကျိုးစီးပွားတွင် အမျိုးသားရေးကိစ္စ ပါဝင်လာသော ပဋိပက္ခ၏သရုပ်သဏ္ဍာန်ပင် ဖြစ်လိမ့်မည်။ သက်သေ သာဓကအားဖြင့် မကြာသေးမီက အစိုးရအား လုံးဝထောက်ခံ သော Eleven Media အုပ်စု၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ မြန်မာနိုင်ငံတွင် တရုတ်၏ ကြီးမားလာသော ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဆန့်ကျင် ဝေဖန်ထားသော မိန့်ခွန်းရှည်ကြီးကို ပြရပေလိမ့်မည်။

*******************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs