Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၆.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ဝန်ထမ်းများလစာတိုးမည်ဟု သတင်းများထွက်ပေါ်

နိုင်ငံ့ဝန်ထမ်းများကို ဇူလိုင်လမှစတင်ကာ လစာနှုန်းထားတိုးပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းသတင်းသည် MRTV - 4 မှ ထုတ်လွှင့်သော သတင်းတင်ဆက်မှုတွင် ကြေညာခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ MRTV-4 မှတာဝန်ရှိသူက “ဇွန်လ ၅ ရက်နေ့ကတည်းက ရုံးကို သက်ဆိုင်ရာကကော၊ ပြင်ပကပုဂ္ဂိုလ်တွေကော ဖုန်းဆက်ပြီး မေးနေကြတာကို ဖြေနေရတယ်။ ဒီလိုဖြစ်တော့ ကျွန်တော်တို့ မီဒီယာရဲ့သိက္ခာကို မထိခိုက်ပါဘူး။ ဒီသတင်းကို ကျွန်တော်တို့ မီဒီယာမှာ ဖော်ပြခဲ့တာ မဟုတ်ဘူးဆိုတာကို သက်သေအထောက် အထားခိုင်ခိုင်မာမာနဲ့ ပြနိုင်ပါတယ်”ဟု ပြည်တွင်းသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းအား ပြန်လည်ဖြေကြားသည်။

လစာနှုန်းထား တိုးမြှင့်သည်ဆိုသည့် သတင်းကြောင့် ဇူလိုင် ၅ ရက်နေ့ရွှေဈေးကွက်တွင် ဈေးနှုန်းအလှုပ်အခတ် ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လစာတိုးမြှင့်သည့်သတင်းအား တဆင့်စကားဖြင့်ကြားသိရသူ အမျိုးသမီးနိုင်ငံ့ဝန်ထမ်းတစ်ဦးက “ဝန်ထမ်းတွေ လစာတိုးတယ်လို့ ဇူလိုင် ၅ရက်နေ့ အိမ်ပြန်တော့ကြားရတယ်။ မနက်ကျတော့ ရုံးမှာ လစာမဟုတ်ပါဘူး။ ရှားပါးစရိတ် ၂၀၀၀၀ ဆိုပြီးပြန်ကြားရတယ်။ ညနေကျတော့ ကိုယ်ကြားရတဲ့သတင်း မဟုတ်ဘူးဆိုတာ ပြန်ကြားရတယ်”ဟု ဆိုသည်။

ဇွန်လနောက်ဆုံးရက်သတ္တပတ်တွင် ထုတ်ပြန်ခဲ့သော ပင်စင်စားများလစာတိုးသည့် သတင်းထွက်ပေါ်လာပြီးနောက် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများလည်း လစာတိုးနိုင်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ အစိုးရဝန်ထမ်းများအား နောက်ဆုံးအကြိမ်အဖြစ် ၂၀၁၀ ဇန်နဝါရီလကလည်း ရာထူးအဆင့်မခွဲခြားဘဲ ကျပ် ၂၀၀၀၀ စီ တိုးမြှင့်ပေးခဲ့သည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကဆီဆိုင်များ ဈေးလျှော့ရောင်းရန် စီးပွား/ကူးသန်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ယခုရက်ပိုင်းအတွင်း၌ ဒီဇယ်ဆီနှင့် အောက်တိန်းဆီရောင်းချနေမှုများမှာ ရှိသင့်သည့်ဈေးနှုန်းထက် ပိုမိုများပြား နေသည့်အတွက် ဈေးလျှော့ရောင်းချရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း သိရသည်။

ယခုအခါ ဒေါ်လာဈေး ကျဆင်းပြီး ကျပ်ငွေတန်ဖိုးတက်ချိန်ထိတိုင် စက်သုံးဆီ ဈေးနှုန်းများမှာ ပြန်လည်မကျဆင်းခြင်း မရှိသည့်အတွက် စက်သုံး ဆီဆိုင်များမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုဝန်ကြီး တွေ့ဆုံပွဲ၌ ယခုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇယ်တစ်ဂါလံတွင် ရှိသင့်သည့် ဈေးနှုန်းထက်ပင် ၄၀၀၊ ၅၀၀ ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။ သွင်းကုန်လုပ်ငန်းရှင်များအသင်းသည် ပြည်ပမှ ဒီဇယ်ဆီတင်သွင်းမှုမှာ တစ်နှစ်လျှင် ဂါလန် သန်း ၃၄၈ ဒဿမ ၅၃၈ တင်သွင်းနေပြီး ပုဂ္ဂလိကဆီဆိုင်များတွင် ဂါလန် ၅၅ သန်းကျော် ရောင်းချ လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြည်ထောင်စုဝန်ကြီးမှ ခေါ်ယူပြောကြားခဲ့သည့်အတွက် ဇွန်လ ၂၉ ရက်နေ့တွင် တစ်ဂါလန်လျှင် ၃၈၀၀ ကျပ်နှင့် ကျပ် ၄၀၀၀ အသီးသီးရှိ ခဲ့သော ဒီဇယ်ဆီနှင့် အောက်တိန်းဆီများမှာ ဇွန်လ ၃၀ ရက်နေ့တွင် ကျပ် ၂၀၀ ခန့် ဈေးကျသွားခဲ့ပြီး ကျပ် ၃၆၀၀ နှင့် ကျပ် ၃၈၀၀ သို့ အသီးသီးရောက်ရှိခဲ့ ကြောင်း သိရသည်။

ယနေ့အချိန်ထိ ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၂ ဒဿမ ၂ ရှိကြောင်း၊ သွင်းကုန်ရငွေ တန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၈၀၈ ကျပ် ပေါက် ဈေးရှိကြောင်း၊ တွက်ကြည့်မည်ဆိုပါက တစ်ဂါလန်လျှင် ၃၂၈၀ ကျပ်သာ ကျသင့်ကြောင်း၊ သို့သော် အမှန်တကယ်ဈေးကွက်၌ ရောင်းဈေးမှာ ၃၈၀၀ ကျပ် ရှိကြောင်း ဆီသွင်းကုန်လုပ်ငန်းရှင်တစ်ဦး က ပြောကြားခဲ့သည်။

စက်သုံးဆီ အနည်းငယ်ဈေးမြင့်နေရခြင်းမှာ စက်သုံးဆီများကို တင်သွင်းချိန်နှင့် ရောင်းချချိန်မှာ တစ်လတာ ကွာပာမှုရှိသည့်အတွက် ပြည်ပမှ တင်သွင်းစဉ် ဈေးနှင့် ပြည်တွင်း၌ ရောင်းချရသည့်ဈေးမှာ တူညီမှုမရှိသည့် အတွက် ကြောင့်ဖြစ်ကြောင်း၊ ပုဂ္ဂလိက စက်သုံးဆီဆိုင်အများစုမှာ ယခုနောက် ပိုင်းတွင် ကိုယ်ပိုင်စက်သုံးဆီ မတင်သွင်းတော့ဘဲ တစ်ဆင့်ခံပြန်လည်ဝယ်ယူ၍ ရောင်းချနေမှုများပြားနေသည့်အတွက်ကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၌ စက်သုံးဆီတင်သွင်းနေမှုများကို ၂၀၀၉ ခုနှစ်ကတည်းကပင် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

-------------------------------------------------------------------------------------------------------------

အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ  အင်ဒိုနီးရှားတိုးမြှင့်လို

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲများအပြင် စီးပွားရေးပြောင်းလဲမှုများကိုပါ တွေ့လာရသည့်အတွက် အင်ဒို နီးရှားမှ လုပ်ငန်းရှင်များမှာ ယခင်ထက်ပင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို ပိုမိုလုပ်ကိုင်လိုကြောင်း သိရသည်။

ထိုသို့ ပြောင်းလဲမှုများကြောင့် အင်ဒိုနီးရှားမှ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုကို ပိုမိုလုပ်ကိုင်လိုသော်လည်း မြန်မာနိုင်ငံ၏ အဓိက အခက်အခဲ ပြဿနာဖြစ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိခြင်း မရှိမှုအပေါ် ၎င်းတို့မှ စိုးရိမ်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိမည်ဆိုပါက အင်ဒို နီးရှားမှ အကြီးစားစီးပွားရေးလုပ်ငန်းများကိုပါ လာရောက်လုပ် ကိုင်နိုင်မည်ဖြစ်ကြောင်း မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် အင်ဒိုနီးရှားစီးပွားရေး လုပ်ငန်း ရှင်များ တွေ့ဆုံပွဲ၌ အင်ဒိုနီးရှား စီးပွားရေးအဖွဲ့ခေါင်းဆောင် Mr.Mintordjo Halim က ပြောကြားခဲ့သည်။

မြန်မာ-အင်ဒို စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအား ဇူလိုင်လ ၁ ရက်နေ့ နှင့် ၂ ရက်နေ့၌ ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။ ၎င်း စည်းဝေးပွဲ၌ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ရရှိနိုင်ရန်  ကြိုးပမ်းနေမှု၊ အခြေခံအဆောက်အအုံအနေအထားများကို ရှင်းလင်းပြောဆို နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများကို စိုက်ပျိုးရေးသုံးပစ္စည်း၊ နည်းပညာများနှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သည့် ကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလုပ်ကိုင်နိုင်ဖွယ်ရှိကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၆ ပါ “ပြောင်းလဲမှုကိုမြင်တွေ့လာရသောကြောင့် ရင်းနှီးမြှုပ်နှံမှုပိုလုပ်လိုပာု အင်ဒိုနီးရှား လုပ်ငန်းရှင်များ ဆို” သတင်းအားအကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ဝေခြမ်းရေး ဒီမိုမိတ်ဆွေပါတီများ အဆင်မပြေဖြစ်နေ

ပွင့်လင်းရာသီတွင် ကျင်းပမည်ဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင်  ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ဒီမိုကရေစီ မိတ်ဆွေပါတီများကြားတွင် မဲ ဆန္ဒနယ်များ ခွဲဝေရာ၌ အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။

ယင်းသို့သော အဆင်မပြေဖြစ်မှုမှာ ရန်ကုန်တိုင်းဒေသကြီးရှိ လစ်လပ်မဲဆန္ဒနယ် ၆ နေရာအတွက်ဖြစ်ကြောင်း သိရှိရသည်။ ဒီမိုကရေစီ မိတ်ဆွေ ပါတီများ အစုအဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ ရန်ကုန်တိုင်းဒေသကြီးမှာ လစ်လပ်မဲဆန္ဒနယ် ၆ နေရာရှိတာ၊NDF ကိုတစ်နေရာပဲပေးပြီး ကျန်ပါတီတွေက ကျန် ငါးနေရာကို ခွဲဝေယူတဲ့ကိစ္စပါ။NDF ကလည်း တတိယအင်အားအကြီးဆုံး ပါတီတစ်ခုဖြစ်ပြီး၊ သူ့ကို နေရာတစ်နေရာပဲပေးတော့ သူ့ဘက်ကလည်း ပြန်စဉ်း စားစရာတွေဖြစ်လာတာပါ”ဟု ဆိုသည်။

ယင်းသို့သော ဆုံးဖြတ်ချက်ကို ဒီမိုကရေစီမိတ်ဆွေပါတီအစုအဖွဲ့ဝင်ပါတီများသည် အသေအချာပြန်လည် သုံးသပ်ရန် လိုကြောင်း မြန်မာ့နိုင်ငံ ရေးအား အစဉ်တစိုက်လေ့လာနေသူများမှ ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် ၃၀ မှ ၄၀အတွင်းဝင်ရောက်ယှဉ်ပြိုင်ရန်ရည်ရွယ်ထားပြီး၊ ဒီမိုကရေစီ မိတ်ဆွေ ၁၁ ပါတီသည် မဲ ဆန္ဒနယ် နေရာမထပ်အောင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အဓိကယှဉ်ပြိုင်ဘက်မှာ ပြည်ခိုင်ဖြိုးပါတီနှင့် တစညပါတီတို့ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ဒီမိုကရေစီမိတ်ဆွေပါတီများကိုယ်စား ဆိုသည်။

ဒီမိုကရေစီမိတ်ဆွေ ၁၁ ပါတီအား ရွေးချယ်ခံပါတီများဖြစ်သော ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာပါတီနှင့် အခြားရွေးကောက်ပွဲဝင်ပါတီများဖြင့် စုဖွဲ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင် ပထမပတ်ကလည်း တာမွေ၊မေတ္တာညွန့်ရှိ NDF ပါတီရုံးချုပ်တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီတို့ ဆွေးနွေးခဲ့ကြသော်လည်း တိကျသောဆုံးဖြတ်ချက်ထွက်ရှိခဲ့ခြင်း မရှိကြောင်း သိရ သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်သောမဲဆန္ဒနယ်မှာ ၅၂ နေရာဖြစ်ကြောင်း သိရှိရသည်။

ကျော်စွာ

-----------------------------------------------------------------------------------------------------------------------------------

ပြည်နယ်လွှတ်တော်များ၌ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမည်

ကချင်ပြည်နယ်အတွင်း၌ ဖြစ်ပွားခဲ့သည့် ပြည်တွင်းတည်ငြိမ်မှုမရှိသည့် ကိစ္စရပ်များအား ငြိမ်းချမ်းရေးဆောင်ရွက်ရန် ကချင်ပြည်နယ် လွှတ် တော်၌ ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်လွှတ်တော် တတိယနေ့အစည်းဝေးကို ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ ရက်နေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ် လွှတ် တော် ပထမနေ့၌ ၎င်း မတည်ငြိမ်မှုကိစ္စရပ်များနှင့် ပတ်သတ်၍ အဆိုတင်သွင်းမှုများရှိခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် အတည်ပြု မှတ်တမ်းတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခေတ်မီဖွံ့ဖြိုးတိုးတတ်သည့် နိုင်ငံတော်သို့ရောက်ရှိရန် နိုင်ငံတည်ငြိမ်အေးချမ်းရေးသည် အရေးပါကြောင်း၊ လက်ရှိ နိုင်ငံတော် တည်ငြိမ်အေးချမ်း မှုပျက်ပြားစေရန် ဆောင်ရွက်နေသည့်ကိစ္စရပ်များ ရပ်တန့်၍ အမြင်မတူညီမှုများကို လူထု နည်းဖြင့် လွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြရန် အဆိုအား ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ ဦးအောင်ကျော်ညွှန့်က တင်သွင်းခဲ့ကြောင်း သိရသည်။

၎င်း ငြိမ်းချမ်းရေးအဆိုတင်သွင်းမှုကို အခြားရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ထောက်ခံခဲ့ပြီး လွှတ်တော်၌ ၎င်း ကိစ္စရပ်အား လက် ခံဆွေးနွေးသွားရန် သဘောတူညီခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့ က အသီးသီးဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ယခု လက်ရှိ ပြည်တွင်း၌ ဖြစ်ပွားနေသည့် ပြည်တွင်းမငြိမ်သက်မှုကိစ္စရပ်အား လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် ဆွေးနွေးညှိနှိုင်း၍ ပေါင်းစပ်ပေးမည့် အနေအထားမျိုးမြင်ရကြောင်း ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်ကြည်ဝင်းက ပြောကြားခဲ့သည်။

ထို့ပြင် ကချင်ပြည်နယ်လွှတ်တော်တွင်လည်း လက်ရှိဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းမတည်ငြိမ်မှု ကိစ္စရပ်အား အဆိုတင်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ၏ လက်ရှိ ပကတိလိုအပ်ချက်ဖြစ်သည့် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ ရရှိမှုတို့ကို အပာန့်အတားဖြစ်စေမည့် လုပ်ရပ်များအား ရပ်ဆိုင်းသင့်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်၍ နိုင်ငံနှင့် တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ဖော်ဆောင်ရန် အဆိုကို ကချင်ပြည်နယ်လွှတ်တော်၌ ဖားကန့်မြို့ နယ်၊ မဲဆန္ဒနယ်အမှတ်(၁) မှ ဦးအင်ဖရောင်းဂမ် အဆိုတင်သွင်းခဲ့ပြီး အခြား ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ထောက်ခံခဲ့သည့်အတွက် ဇူလိုင် ၁ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် လက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

(ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၅၀ ပါ “ငြိမ်းချမ်းရေးကိစ္စ ပြည်နယ် လွှတ်တော်များတွင် ဆွေးနွေးမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

စိစစ်ရေးကင်းလွတ်ခွင့်ရသော်လည်း ပါတီ ၈ ခုသာ စာစောင်ထုတ်ဝေ

၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ စာစောင်များထုတ်ဝေရာတွင် စာပေစိစစ်ရေးကင်းလွတ်ခွင့်များ ရရှိထားသော်လည်း နိုင်ငံရေးပါတီ ၈ ခုကသာ စာစောင်များထုတ်ဝေခဲ့ကြောင်း သိရသည်။

စာစောင်များ ထုတ်ဝေခဲ့သည့် နိုင်ငံရေးပါတီ ၈ ခုနှင့် ထုတ်ဝေသည့်စာစောင်များမှာ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဒိုင်ဗားစတီး စာစောင်အား လည်းကောင်း၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များပါတီ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ခွပ်ဒေါင်းစာစောင်အား လည်းကောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီမှ ဒေါင်းရင်ပြင်စာစောင်အား လည်းကောင်း၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါင်းအိုးဝေ စာစောင်အား လည်းကောင်း၊ ရခိုင်တိုင်းရင်းသားများ တိုးတတ်ရေးပါတီမှ သီရိဝစ္ဆစာစောင်အား လည်းကောင်း၊ ကရင်ပြည်သူ့ပါတီမှ ကရင်ပြည်သူ့ ပါတီစာစဉ် သတင်းလွှာအား လည်းကောင်း၊ ချင်းအမျိုးသားပါတီမှ အောက်ချင်းငှက်စာစောင်အား လည်းကောင်း၊ ပအို့(ဝ်) အမျိုးသား အဖွဲ့ချုပ်မှ ပအို့(ဝ်) ဘာသာဖြင့် ထုတ်ဝေသည့်စာ စောင်များပင် ဖြစ်ကြောင်း သိရသည်။

၎င်း နိုင်ငံရေးပါတီများမှ ထုတ်ဝေသည့် စာစောင်များကို တစ်လလျှင်တစ်ကြိမ် (သို့) သုံးလလျှင် တစ်ကြိမ် အမျိုးမျိုးထုတ်ဝေခဲ့ခြင်းဖြစ်ပြီး စာစောင်တစ်စောင်လျှင် ကျပ် ၂၀၀ မှ ကျပ် ၅၀၀ ဈေးဖြင့် ထုတ်ဝေဖြန့်ချိရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားသည့်အတိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိသည့် စာစောင်များကို ထုတ်ဝေပြီးသည့် ပထမ သီတင်းပတ်မှာပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇွန်လ ၈ ရက်နေ့ကတည်းကပင် အချိန်မီပေးပို့ခဲ့ပြီးသည့်အတွက် ယခုကဲ့သို့ ထုတ်ဝေဖြန့်ချိခွင့် ရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 (7Day News၊ အတွဲ-၁၀၊ အမှတ်-၁၆ ပါ “နိုင်ငံရေးပါတီများ စာပေစိစစ်ရေးကင်းလွတ်ခွင့်ရသော်လည်း ပါတီရှစ်ခုသာ စာစောင်ထုတ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားနိုင်ငံရေးမပာာမိတ်များအဖွဲ့ချုပ်ပါတီ သီးခြားရပ်တည်ယှဉ်ပြိုင်မည်

လွှတ်တော်တွင်း လစ်လပ်နေရာ ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားနိုင်ငံရေးမပာာမိတ်များအဖွဲ့ချုပ်ပါတီသည် မည်သည့်ပါတီနှင့်မှ မိတ်ဆွေ အဖြစ် ပူးပေါင်းလက်တွဲသွားမည် မပာုတ်ဘဲ တစ်ပါတီတည်း သီးသန့်သာ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခု ပြောဆိုနေကြသည့် မိတ်ဆွေ ၁၁ ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းဆောင်ရွက်နေသည့်ကိစ္စရပ်၌ မိမိတို့ ပါတီနှင့် သက်ဆိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် မိတ်ဆွေပါတီ တစ်ပါတီပြိုင်သည့်နေရာ၌ အခြားမိတ်ဆွေပါတီတစ်ပါတီမှ မပြိုင်ရသည့် ကိစ္စရပ်၌ မိမိတို့ မပါ ဝင်ကြောင်း၊  မိမိတို့ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သည့်နေရာ၌ မည်သည့်ပါတီပင်မဆို ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မည်သည့် ပါတီကိုမျှ နိုင်ငံရေးပြိုင်ဘက်အဖြစ် သဘောထား၍ မိတ်ဖွဲ့မည်မဟုတ်ကြောင်း အမျိုးသားနိုင်ငံရေး မပာာမိတ်များအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် တိုင်းဒေသကြီးလွှတ်တော်များတွင်သာ အဓိကအနေဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဝင်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်နှင့် လူဦးရေကိုမူ သတ်မှတ်ရခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အမျိုးသားနိုင်ငံရေး မပာာမိတ်များ အဖွဲ့ချုပ်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နှုတ်ထွက်လာသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၁၉၉၃ ခုနှစ်၌ ကျင်းပခဲ့သည့် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ ၂၀၁၀ ရွေး ကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း ၁၃ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

(Popular News၊ အတွဲ-၃၊ အမှတ်-၂၆ ပါ “တစ်ပါတီတည်း သီးခြားရပ်တည် ကြားဖြတ်ဝင်မည်ပာု အမျိုးသားနိုင်ငံရေး မပာာမိတ်များ အဖွဲ့ချုပ် ဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မြန်မာနိုင်ငံရဲ့ အထွေထွေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာကို လေ့လာကြည့်ရင် နိုင်ငံရေး ပြဿနာက အညှာဖြစ်တာကို တွေ့ရပါတယ်။ စီး ပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ရာမှာဖြစ်ဖြစ်၊ လူမှုရေးပြဿနာများကို ကိုင်တွယ်ရာမှာဖြစ်ဖြစ် နိုင်ငံရေးပြဿနာက အမြဲတမ်းလိုလို ရှေ့တန်းက ပါ လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ အထွေထွေ ပြဿနာကို ဖယ်ထားလို့မရ။ မြန်မာနိုင်ငရဲ့ ဆင်းရဲမွဲတေမှု လျော့ပါးပပျောက်ရေးလုပ်မယ်ဆိုရင် နိုင်ငံရေး ပြဿနာကို ဖယ်ထားလို့မရ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြင့်တင်ချင်တယ်ဆိုရင် နိုင်ငံရေး ပြဿနာကို မေ့ထားလို့မရ။ မြန်မာ နိုင်ငံရဲ့ ပညာရေးစနစ်၊ ကျန်းမာရေးစနစ်၊ နည်းပညာ တိုးတက်မြင့်မားရေးတို့ကို လုပ်ဆောင်မယ်ဆိုရင် နိုင်ငံရေးပြဿနာကို မသိချင်ယောင် ဆောင်လို့ မရ"

ဇူလိုင် ၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၀) တွင်ပါသည့် ဆောင်းပါးရှင် မောင်းဆက်၏ " နိုင်ငံရေး ပြဿနာ ကရွတ်ကင်း လျှောက်ပြဿနာ" ဆောင်းပါးမှကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လွှတ်တော်က တင်တဲ့အဆိုကို အတည်ပြုလိုက်တယ်၊ မှတ်တမ်းလည်း တင်ပြီးပြီ၊ ဒီလွှတ်တော်ကနေ ငြိမ်းချမ်းရေးကို လိုလားတဲ့အကြောင်း၊ အဲ့တော့ မိမိ ဆန္ဒကို မိမိဖော်ထုတ်ပြီး ဆွေးနွေးသွားကြဖို့ပါ။ လက်နက်နဲ့ မဟုတ်ဘဲ သူတို့ဆန္ဒရှိတဲ့အတိုင်း ငြိမ်းချမ်းရေးကို ဆွေးနွေးပြီး ဖော်ထုတ်ဖို့ပါ။ ကျွန်တော်တို့က တော့ ဆုံးဖြတ်တဲ့အတိုင်း တကယ့်တကယ်အောင်မြင်ပါစေ၊ လက်တွေ့မှာလည်း အောင်မြင်ပါစေလို့ ဆုတောင်တယ်"

ဇူလိုင် ၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၀) တွင်ပါသည့် "ငြိမ်းချမ်းရေးကိစ္စ ပြည်နယ် လွှတ်တော်များတွင် ဆွေးနွေးမည်" သတင်းမှ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

----------------------------------------------------------------------------------------------------------------------------------

"မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ဖို့ကို အားပေးစေချင်တယ်။ အမျိုးသမီးတွေအားလုံး အလုပ်လုပ်ရင် တိုင်းပြည်ရဲ့ GDP မှာ ပိုကောင်းမယ်လို့ ထင် တယ်။ ဥပမာ- မိသားစုဝင်ငွေမှာ အဖေရော၊ အမေရော အလုပ်လုပ်ရင်ဝင်ငွေပိုရမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း ကြည့်ရမယ်။ လုပ်ငန်းခွင်မှာဆိုရင်လည်း အခွင့်အရေးတန်းတူ၊ လခတန်းတူရတာမျိုးဖြစ်သင့်တယ်။ အဓိကကတော့ ခေါင်းဆောင်နိုင်ဖို့ လုပ်ငန်း ခွင်ဝင်နိုင်ဖို့အားပေး ကူညီသင့်တယ်"

ဇူလိုင် ၄ ထုတ် The Messenger အတွဲ (၂) အမှတ် (၇) တွင်ပါသည့် "မြန်မာအမျိုးသမီးများ၏ လူနေမှုဘဝနှင့် စွမ်းဆောင်ရည် မြင့်တင်မှု အပိုင်းတွင် လိုအပ်ချက်များစွာ ရှိနေသေး" သတင်းမှ စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့် (စီးပွားရေး)၏ သုံးသပ်ချက်အပေါ် ကောက်နှုတ်ချက်

----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော်က အသစ်ဖွဲ့မယ့် သင်္ဃန်းကျွန်းမြို့နယ်အခြေစိုက် ပါတီသစ်မှာ ဒုတိယနိုင်ငံရေးခေါင်းဆောင် (၁) ရာထူးရပါတယ်။ ပါတီက စီးပွားရေးလုပ်ဖို့ မရည်ရွယ်ပါဘူး။ နိုင်ငံရေးနဲ့ စီးပွားရေးက ပြဒါးတစ်လမ်း သံတစ်လမ်းလို့ တွက်ပါတယ်။ ငွေကြေးရယူပြီးတော့လည်း လုပ်ငန်းရှင်ကို ပါတီဝင်ရာထူးပေးဖို့ ဆို တာ ရှက်စရာ ကောင်းပါတယ်။ လုံးဝလက်မခံပါဘူး"

ဇူလိုင် ၄ ထုတ် The Messenger အတွဲ (၂) အမှတ် (၇) တွင်ပါသည့် "ဗဟိုကော်မတီဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းမည့် ပါတီအသစ်တွင် စီးပွားရေး သမား လုံးဝမခန့်အပ်ဟုဆို" သတင်းမှ လသာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် ၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

မရိုးသားသော်လည်း

နိုင်ငံရေးခေါင်းဆောင်တစ်ယောက်သည် ရိုးသားမှုအခြေခံနှင့် ဥာဏ်အမြော်အမြင်ရှိရမည်ဟု စံနှုန်းသတ်မှတ်ချက်အရ ဆိုသည်။ သို့ရာတွင် နိုင်ငံ ရေးခေါင်းဆောင်တိုင်းသည် ရိုးသားမှုရှိပါသလားဟု ပြန်လည်မေးခွန်းထုတ်လာခဲ့ပါမူ ဖြေရခက်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးဆိုသည်က မာယာများလှပြီး ရှုပ်ထွေးပွေလီလွန်းလှသောကြောင့် ဖြစ်သည်။ ဒီမိုကရေစီစံနှုန်းအရ များစွာရင့်ကျက်ပြီးဖြစ်သော နိုင်ငံကြီးအချို့တွင်ပင် နိုင်ငံရေးအရ ရိုးသားမှု မရှိသည့် ဖြစ်ရပ်များကို သမိုင်းက ပြဆိုခဲ့ပြီးဖြစ်သည်။ ထိုသို့သော ဖြစ်ရပ်မျိုးကို မရိုးသားမှုအစား ပါးနပ်မှုဟု စကားလုံးပြောင်းပြီး သုံးစွဲစေကာမူ သန့်ရှင်းမျှတမှု မရှိခြင်းသည် မရိုးသားမှုသာဖြစ်လေသည်။

ကျွန်ုပ်တို့၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အလွန်အင်မတန် ရိုးသားကြောင်းကို မြန်မာတို့သာ မဟုတ်၊ ကမ္ဘာသိ ဖြစ်သည်။ သူ၏ ရိုးဂုဏ်နှင့် ဖြောင့်မတ်မှုတို့မှာ ဗြိတိသျှဗိုလ်ချုပ်ကြီးများပင် ချီးကျူးခဲ့ရသည်အထိ။ ဗိုလ်ချုပ်သည် စိတ်ထဲတွင် ရှိလျှင်ရှိသလို ဟော့ဟော့ဒိုင်းဒိုင်း ပြောဆိုစေ ကာမူ သူ့ကိုလုပ်ကြံမည့်သူ မရှိဟု ရိုးသားစွာ ခံယူခဲ့သည်။ လူတိုင်းကို သူ့လိုပင်တွက်ခဲ့သည်။ ထို့ကြောင့်ပင်လျှင် လုပ်ကြံခံခဲ့ရသည်။ ဗိုလ်ချုပ်ကြီးနေဝင်းကို လူသူအရှေ့တွင် သတ်မည်ဖြတ်မည် တကဲကဲ ကြိမ်းဝါးခဲ့ဖူးသည်။ အကျိုးဆက်က လက်နက်တိုက်ကို တာဝန်ယူရသူ ဗိုလ်ချုပ်ကြီး နေဝင်းက ဗိုလ်ချုပ်တို့ကို ဂဠုန်ဦးစောတို့ လုပ်ကြံရာတွင် အသုံးပြုခဲ့သည့် လက်နက်များကို စာရင်းဖျောက်လိုက်သည်။ ဂဠုန်ဦးစော သေဒဏ်ပေးခံရသည်။ ဗိုလ်ချုပ်ကျဆုံးသည်။ ပါးနပ်သူ ဗိုလ်ချုပ်ကြီးနေဝင်းမှာ အာဏာရှင် ဖြစ်လာခဲ့သည်။

ယခု သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လည်း ထိုနည်းနှင်နှင်ပင်။ ရိုးသားမှုမှာ မည်သည့်ပေတံနှင့်မဆို အတိုင်းခံနိုင်သည်။ လူတိုင်းကို သူမ လိုပင်တွေးသည်။ ရိုးသားပါ။ သည်းခံကြပါဟူသော လက်သုံးစကားပင်။ ထို့ကြောင့် ရိုးသားမှု မရှိသူတို့၏ ပညာပေးမှုကို အနှစ်နှစ်ဆယ်ကျော်အထိ ခံရသည့် တိုင် ရိုးသားလွန်းသော သူမသည် စစ်ခေါင်းဆောင်များကို ရိုးရိုးကြီးရင်ဆိုင်လျက်ရှိသည်။ ၉၀ ရွေးကောက်ပွဲရလဒ် ရိုးသားကြောင်း ကမ္ဘာသိသော်လည်း မြန်မာ့နိုင်ငံရေး အခြေအနေအရမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကသာ အဆုံးအဖြတ်ဖြစ်သွားပြီကို လူတိုင်းက လက်ခံထားကြသည်။ ယုတ်စွအဆုံး အနောက်ကမ္ဘာကပင် လက်ခံပြီး မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းလာရသည်။ သို့ဆိုလျှင် အနောက်ကမ္ဘာက ယခုမြန်မာအစိုးရသစ်ကို အသိအမှတ်ပြုခြင်း သည် ယင်းနိုင်ငံကြီးများ၏ ရိုးသားမှုလော၊ ပါးနပ်မှုလော၊ ကိုယ်ကျိုးစီးပွားကိုသာ ကြည့်တတ်မှုလော၊ဟု စဉ်းစားရပေလိမ့်မည်။

ရိုးသားသူများ အကြောင်းပြီးသော် မရိုးသားသူများအကြောင်း ဆက်ပါဦးမည်။ အထူးသဖြင့် ရိုးသားမှုမရှိသော နိုင်ငံရေးခေါင်းဆောင်များ အကြောင်း ဖြစ်သည်။ ထူးခြားသည်မှာ ၎င်းတို့သည် ရိုးသားမှု မရှိစေကာမူ ပြည်သူ၏ တစ်ခဲနက် ထောက်ခံမှုကို ရရှိခြင်းဖြစ်သည်။ အထင်ရှားဆုံးမှာ ထိုင်း နိုင်ငံ၏ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ဖြစ်သည်။

ဘန်ကောက်လေဆိပ်သည် ထိုင်းနိုင်ငံအတွက် လုံလောက်သော အကျယ်အဝန်း မရှိတော့ဟုဆိုကာ သုဝဏ္ဏဘုမ္မိ လေဆိပ်ကြီး တည်ဆောက်ရန် အဆိုပြုခဲ့သည်။ ထိုလေဆိပ်ကြီး တည်ဆောက်မည့်နေရာရှိ လယ်ကွက်များကို ယခင်ကတည်းက သက်ဆင်၏ဇနီးဖြစ်သူက ဈေးကောင်းပေး ဝယ်ထား သည်။ လေဆိပ်စီမံကိန်းအတွက် ကုမ္ပဏီကြီးများက အပြိုင်လေလံဆွဲသောအခါ သက်ဆင်ပိုင် လယ်မြေများ ဈေးကောင်းရလိုက်သည်။ သက်ဆင်၏ ဘဏ် စာရင်းထဲ ဒေါ်လာ သန်းချီ ဝင်သွားသည်။ ဘုန်းရှိန်ကံရှိန်မှာ ထိုမျှနှင့်မရပ် လေဆိပ်စီမံကိန်းကြောင့် ထိုအနီးအနားကျေးရွာရပ်ကွက်များမှ လယ်မြေ ရောင်း ချထားသူများနှင့် အလုပ်လက်မဲ့များမှာ အလုပ်အကိုင်များရရှိကြသဖြင့် သက်ဆင်ကို ကျေးဇူးရှင်ကြီးအဖြစ်၊ ဘုရား တစ်ဆူကဲ့သို့ မှတ်ယူကြသည်။ ထိုသို့ဖြင့် ဆက်သွယ်ရေးနှင့် အခြားသော စီမံကိန်းများကိုလဲ သက်ဆင်ပင်လျှင် လက်ဝါးကြီးအုပ်လိုက်သည်။ ၎င်းအတွက် ရသင့်ရထိုက်သော ငွေကိုဘေးဖယ်၍ အစိုး ရအတွက် တရားဝင်ရရှိသော ဘဏ္ဍာငွေမှ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ပြဋ္ဌာန်းလိုက်သည်။ ထိုဥပဒေအရ ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေး အာမခံငွေ၏ ခုနှစ်ဆယ် ရာခိုင်နှုန်းကို နိုင်ငံတော်က ကျခံပေးခြင်းဖြစ်ရာ နှစ်စဉ်မြွေကိုက်၍ အသက်ဆုံးရှုံးမှုများပြားနေသာ ထိုင်းကျေးလက် နေပြည်သူတို့အတွက် သက်ဆင်မှာ ကယ်တင်ရှင်၊ အသက်သခင်ပင်ဖြစ်တော့သည်။  ထိုငွေသည် သက်ဆင်ပိုင်ငွေ တစ်ပြားတစ်ချပ်မျှ မပါဝင်၊ နိုင်ငံတော် ဘဏ္ဍာမှ ကျခံသုံးစွဲခြင်းဖြစ်သည်။ ထိုသို့ဖြင့် နိုင်ငံ့လူဦးရေ၏ ခုနှစ်ဆယ့်ငါးရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများကို အိတ်ထဲထည့်နိုင်ခဲ့ပါသည်။ ကျေးရွာလူမိုက်များ၊ လောင်းကစားခေါင်းဆောင်များကို မက်လုံးပေးစည်းရုံးကာ ယင်းနယ်မှ ဆန္ဒမဲကို အပိုင်ဝယ်ထားသည့် လုပ်ရပ်များလည်း ရှိသည်။

ထိုကဲ့သို့ သက်ဆင် မရိုးသားသည်ကို ထိုင်းတော်ဝင်မိသားစုရော၊ စစ်တပ်ရော၊ အဘီဆစ်သာမက ကမ္ဘာ့နိုင်ငံရေး ပညာရှင်အားလုံး သိကြပါ သည်။ သို့ရာတွင် သူ့အရပ်နှင့် သူ့ဇာတ်ကိုက်ညီနေ၍ မည်သို့မျှမတတ်နိုင်။ သက်ဆင်၏ ကတုံးပေါ်ထိပ်ကွက်မှုကို မခံနိုင်သော အဘီဆစ်သည် မည်ကဲ့သို့ ပင် အာဏာသိမ်းထားစေကာမူ ထိုင်းလူထုက သက်ဆင်မှ၊ သက်ဆင်ပင် ဖြစ်သည်။ သက်ဆင်ကို ထောက်ခံသော ဆန္ဒပြပွဲကြီးများကို ရိုးသားချင်ရှာသူ အဘီဆစ်က အပြင်းအထန် နှိမ်နှင်းသဖြင့် နာမည်ပျက်ရရုံသာ အဖတ်တင်သည်။ အဘီဆစ်က မည်မျှပင် ရိုးသားမှုပြချင်စေကာမူ သူသည် သက်ဆင်ကဲ့သို့ ကျေးလက်နေပြည်သူများနှင့် ထမင်းတစ်ဝိုင်းတည်း အတူမစားခဲ့။ လမ်းအတူတူမလျှောက်ခဲ့။ အောက်စဖိုဒ့် တက္ကသိုလ်ဆင်းကြီးသည် မာစီးဒီးကားကြီးပေါ်မှ လုံးဝမဆင်းသောကြောင့် ထိုင်းလူထု၏ မျက်စိစပါးမွှေးစူးမှုကို ခံရလေသည်။ အဘီဆစ် မည်မျှပင် ကြိုးစားစေကာမူ ယခုရွေးကောက်ပွဲပြီးသွားသည့်အခါ သက်ဆင်၏ ညီမဖြစ်သူ ယင်းလတ်ရှင်နာဝပ်ထရာ အနိုင်ရသွားသည်။ သူမသည် ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာပေတော့မည်။ သူမ နောက်ကွယ်တွင် သက်ဆင်ရှိနေသည်ဆိုခြင်းမှာ မေးစရာမလိုသော မေးခွန်းပင်ဖြစ်သည်။

အထက်ပါ သက်ဆင်ဥပမာကို ကြည့်လျှင် သက်ဆင်သည် ရိုးသားမှုမရှိ၊ နိုင်ငံ့ဘဏ္ဍာ အလွဲသုံးစားလုပ်ခြင်းမှာလည်း ထင်ရှားသည်။ သို့ရာတွင် အဘယ့်ကြောင့် လူကြိုက်များသနည်း။  ထိုင်းအပါအဝင် အရှေ့တောင်အာရှ၏ ပြည်သူလူထုသည် နိုင်ငံရေးအိုင်ဒီယိုလိုဂျီထက် လူမှုဘဝ အေးချမ်းသာယာ မှုကိုသာ အလိုရှိကြသည်။ ဆင်းရဲသော လူတန်းစား များပြား၍ ဝမ်းရေးအတွက် ကြိုးစားနေရသည်ဖြစ်ရာ အနောက်နိုင်ငံသားများကဲ့သို့  နိုင်ငံရေး အိုင်ဒီယို လိုဂျီကို တွေးနေရန် အချိန်မရှိပေ။ ထို့ကြောင့် မိမိတို့၏ စားဝတ်နေရေးကို ပြေလည်အောင် လုပ်ပေးနိုင်မည့်သူကိုသာ မျှော်လင့်ကြသည်။ မည်မျှပင် ရိုး သားမှု မရှိစေကာမူ စားဝတ်နေရေး အဆင်ပြေလျှင် ထိုအစိုးရမျိုးကို အပြောင်းအလဲမလုပ်လိုကြပေ။

ကျွန်တော်တို့နိုင်ငံတွင် သယံဇာတများပေါကြွယ်ဝသည်။ ဓာတ်ငွေ့မှ ရသည့်ငွေ၊ ကျောက်မျက်ရတနာမှ ရသည့် ငွေ၊ စသည်ဖြင့် ရရှိသော ငွေ၊ စီမံကိန်းများမှ ရရှိသော ဘဏ္ဍာငွေများကို ပြည်သူလူထုအတွက် တစ်စိတ်တစ်ပိုင်း ထိရောက်စွာ အသုံးပြုလျှင်ပင် နိုင်ငံတော်အစိုးရအပေါ် ပြည်သူက နှစ် သက်လက်ခံပေလိမ့်မည်။ အချို့သော မဲဆန္ဒနယ် များ တွင် ပြည်ခိုင်ဖြိုး ပါတီသည် ရိုးသားစွာ အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းမှာ ယင်းနယ်များတွင် ပြည်သူ့ အကျိုးကို အမှန်တကယ် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ယင်းဒေသများတွင် ရေတွင်းတူးခြင်း၊ အခမဲ့ကျန်းမာရေး၊ အတိုးမဲ့ ချေးငွေ စသည်ဖြင့် ပြည်ခိုင်ဖြိုးကိုသာ အားကိုးနေရသည်ဖြစ်ရာ အခြားဒီမိုကရက်ပါတီများက မည်မျှပင် တရားမျှတမှုနှင့် ဒီမိုကရေစီကို အာပေါင်အာရင်းသန်သန် ဟောပြော နေပါစေ ပြည်ခိုင်ဖြိုးကို မပြောင်းလဲလိုကြပေ။

ယခုအစိုးရသစ်က ပင်စင်လစာများ တိုးပေးလိုက်သဖြင့် ပြည်သူအများစုကျေနပ်ကြရသည်။ ထိုသို့ ကောင်းမွန်သော ပြည်သူ့ရေးရာမူဝါဒများ လည်း ထပ်မံချထားပေးနိုင်လျှင် ပို၍ ကျေနပ်ကြပေလိမ့်မည်။ သမ္မတကြီးလည်း လစာထက်ပိုပြီး ခံစားခြင်းမပြုရန် ညွှန်ကြားဖို့မလိုပါ။ အစိုးရနှင့် အာဏာ ပိုင်များအနေဖြင့် ရိုးသားမှုရှိရန်မလိုပါ။ သို့ရာတွင် ရသမျှ အိတ်ထဲထည့်၍ အရိုးအရင်းပင် မချန်အောင် သုံးစွဲရင်တော့ ထမင်းငတ်နေသော ပြည်သူလူထုက သည်းခံမည် မဟုတ်ပေ။ များများစား၍ နည်းနည်းကျွေးရမည်ကို သတိချပ်ရမည်။ တပ်ချုပ်ကြီးလက်ထက်တွင် ဆွေမျိုးတစုနှင့် လက်သင့်ရာတို့သာ ချမ်းသာ သွားခဲ့သည်။ သမ္မတကြီးလက်ထက်တွင်တော့  တစ်စုံတစ်ရာ ပြောင်းလဲမှုရှိကောင်းရှိနိုင်ပါသည်။  မရိုးသားတည့်တိုင်အောင် ပြည်သူ ချောင်လည်အောင် ပြုလုပ်ပေးနိုင်ပါက လူထုထောက်ခံမှု ပိုမိုရရှိပြီး နိုင်ငံတကာမှ အပြောင်းအလဲကောင်းအဖြစ်လည်း ရှုမြင်လာပေမည် ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs