Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၈.၇.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာအစိုးရသစ်လက်ထက်တွင် အပြောင်းအလဲများမတွေ့ရသေးဟု ဒေါ်အောင်ဆန်းစုကြည်ရှုမြင်

(VOA သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံပြည်တွင်းနှင့် ပြည်ပတွင်ရှိသော အချို့သောပုဂ္ဂိုလ်များက အစိုးရသစ်သည် နိုင်ငံတွင်းပြောင်းလဲမှုများ လုပ်ဆောင်ပေးနေသည်ဟု တွေးတောကာ ကိုယ့်ကိုယ်ကိုယ်လိမ်ညာလှည့်ဖျားနေကြသည်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း VOA သတင်းဌာနက ရေးသားသည်။

ဇူလိုင်လ ၄ ရက်နေ့ BBC အသံလွှင့်ဌာနကပြုလုပ်သော ပို့ချက်ချက်တစ်ရပ်ပြီးဆုံးသွားပြီးနောက် မေးမြန်းသော မေးခွန်းများကိုဖြေကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ မှတ်ချက်ပေးပြောဆိုခြင်းဖြစ်သည်။ အဆိုပါ ပို့ချချက်သည် ဒုတိယအကြိမ်ထုတ်လွှင့်ခြင်းဖြစ်ပြီး အသံသွင်းမှုများကို ဗြိတိသျှ အသံလွှင့်ဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင်းလျှို့ဝှက်စွာပြုလုပ်ကာ လန်ဒန်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။

လက်ရှိမြန်မာအစိုးရသစ်သည် မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့သည့် ယခင်စစ်အစိုးရနှင့်မတူဟု အချို့သော ပြည်သူများ၏ တွေး တောရှုမြင်မှုများနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က အချို့သော သူများသည် အပြောင်းအလဲအတွက် ထင်ရာမြင်ရာ ပြောဆို လုပ်ကိုင်နေသောကြောင့် အမှန်တကယ်မရှိသည်ကို ရှိသည်ဟု ထင်မှတ်နေကြကြောင်းပြောဆိုသည်။ ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ အလွန်တရာ လှပသောစကားလုံးများ သုံးစွဲကြ ကြောင်း၊ သို့သော် စစ်မှန်သောအပြောင်းအလဲများကိုမတွေ့ရှိရသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

ယင်းအသံထုတ်လွှင့်မှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သားဖြစ်သူ Kim Aris တို့ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမြို့သို့ ဘုရားဖူးသွား ရောက်စဉ် ကာလအတွင်း ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည် အတွက် ယမန်နှစ် နိုဝင်ဘာလ နေအိမ်အကျယ် ချုပ်မှ လွတ်မြောက်လာပြီးနောက် ရန်ကုန်ပြင်ပသို့ပထမဆုံးထွက်သည့် ခရီးစဉ်ပင်ဖြစ်သည်။

ပုဂံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခြင်း မရှိသောလည်း ယင်းခရီးစဉ် သည် သူမ၏လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်နှင့် ပတ်သက်ပြီး အရေးကြီးသော စမ်းသပ်ချက်တစ်ခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလကုန်ပိုင်းတွင်လည်း နိုင်ငံရေး ခရီးစဉ်ထွက်ရန် စီစဉ်ထားသည်။

ယခုခရီးစဉ်သည် နိုင်ငံရေးမဲဆွယ်သည့် ခရီးစဉ်မဟုတ်ဘဲ မြန်မာပြည်သူပြည်သားများနှင့် ထိတွေ့ဆက်ဆံခွင့် ရရှိမည့် 'အဆက်အသွယ် လုပ်သည့် ခရီးစဉ်' ဖြစ်သည်ဟု ဆိုသည်။ BBC ကထုတ်လွှင့်သော အသံလွှင့်ပို့ချချက် အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ ပါတီ၏ ထူးခြားသော သဘောသဘာဝအကြောင်းကို ထုတ်ဖော်ပြောဆိုသလို ပါတီအနေဖြင့် သင့်တင့်လျောက်ပတ်သော အခန်းကဏ္ဍတစ်ခု ရရှိ ရေးအတွက် နိုင်ငံရေး တိုက်ပွဲဝင်ပုံများကိုလည်း ပြောဆိုသည်။ သူမ၏ ပါတီသည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရ က အာဏာလွှဲပြောင်းပေးခြင်းမရှိပေ။

BBC သတင်းဌာနတွင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးထုတ်လွှင့်သည့် ပို့ချဟောပြချက်အစီအစဉ်တွင် သူမက မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုး တိုးတက်မှုများကို အာရပ်ကမ္ဘာနှင့် အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပေါ်နေသော တော်လှန်ရေးများ နှင့် နှိုင်းယှဉ်ပြောဆိုခဲ့သည်။

****************************************************************

မြန်မာအစိုးရ ကို ပို၍ ဖိအားပေးရန် အမေရိကန် အရပ်ဖက်အဖွဲ့အစည်း တိုက်တွန်း

(AFP သတင်း မှ 7 July 2011 ရက်စွဲပါ “US civil society urges more Myanmar pressure” ကို ဘာသာ ပြန်ဆိုသည်)

                အမေရိကန်ပြည်ထောင်စု အရပ်ဖက်အဖွဲ့အစည်းသမဂ္ဂက သမ္မတဘားရက်အိုဘားမားအား မြန်မာနိုင်ငံအပေါ် အရေးယူ ဒဏ်ခတ်မှု sanctions များ တင်းကျပ်ရန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းကော်မရှင် ဖွဲ့စည်းရေးကို တွန်းအားပေးရန် ကြာသပတေးနေ့တွင် တောင်းဆိုခဲ့ပြီး မြန်မာအစိုးရ အနေဖြင့် ဖိအားကို တုန့်ပြန်ရန်သာ ရှိတော့ကြောင်း ပြောကြားလိုက်သည်။

                အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းအလုပ်သမားသမဂ္ဂ AFL- CIO မှသည် နီယို ကွန်ဆာဗေးတစ် နိုင်ငံခြားရေးမူဝါဒ လှုပ်ရှားမှုအဖွဲ့နှင့် ထင်ရှားသော လူ့အခွင့်အရေး အုပ်စုများအထိ ပါဝင်သော အုပ်စု ၂၁ ဖွဲ့ မှ ထိပ်ပိုင်း အဖွဲ့ဝင်များက သမ္မတထံ ပေးစာကို လက်မှတ်ရေးထိုးခဲ့ကြသည်။

                အဆိုပါ အုပ်စုများက မြန်မာ့တပ်မတော်သည် အာဏာကို အခိုင်အမာဖက်တွယ်ထားဆဲ ဖြစ်ကြောင်းနှင့် နယ်စပ် တောင်တန်းဒေသ ရွာသား များမှာ တပ်မတော်၏ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းကို ခံနေကြရကြောင်း ပြောကြားခဲ့ပြီး တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပွားနေသော လတ်တလော တိုက်ပွဲများကို ထောက်ပြခဲ့ကြသည်။

                မြန်မာအစိုးရ ပြောင်းလဲလာအောင် ပြည်တွင်းပြည်ပက ကြီးကြီးမားမားဖိအားမပေးပဲ ပိုမိုလိုက်လျော ဆက်ဆံခြင်းဖြင့် စည်းရုံးသိမ်းသွင်းနိုင် လိမ့်မည် ဟူသောအချက်ကို လူကြီးမင်း၏အစိုးရ ယုံကြည်လာအောင် မြန်မာအစိုးရက မည်သည့် အကြောင်းပြချက်မှ မပေးခဲ့ပါဟု သမဂ္ဂအဖွဲ့က ရေးသား တင်ပြသည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် ဖိအားပေးမည့် လီဗာကို အသုံးပြုရန် အချိန်တန်နေပြီဟု ၎င်းတို့က ဆိုသည်။

                “အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာအစိုးရခေါင်းဆောင်များအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားပြီး ဖြစ်သလို ကုန်သွယ်ခြင်းကို လည်း တားမြစ်ထားပြီး ဖြစ်ပါသည်။ မြန်မာအစိုးရ၏ “အရံငွေမာ” များကို လက်ခံ သိမ်းဆည်းပေးထားသောဘဏ်များကို ပစ်မှတ်ထားခြင်းဖြင့် အရေးယူ မှုကို တိုးချဲ့ရန် အမေရိကန် ဘဏ္ဍာရေးဌာန ကို ယခုပေးစာတွင် တောင်းဆိုထားသည်။

                ထို့အပြင် အရှေ့တောင်အာရှနိုင်ငံ (မြန်မာနိုင်ငံ) မှ လူသားထုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို စစ်ဆေးမည့် ကုလသမဂ္ဂ ဦးဆောင် သော စုံစမ်းရေးကော်မရှင်  ဖွဲ့စည်းကိစ္စကို အိုဘားမားအစိုးရက ခွန်အားပြည့် သံတမန်ရေး ကြိုးပမ်းမှုများဖြင့် စတင် တွန်းအားပေးရန် အဆိုပါအုပ်စုများ က တိုက်တွန်းထားသည်။

                မြန်မာအစိုးရကို ပစ်ပယ်ထားသည့် ယခင်နည်းလမ်းသည် အောင်မြင်မှုမရဟု သုံးသပ်သော အိုဘားမား အစိုးရ က ၂၀၀၉ ခုနှစ် တွင် မြန်မာ အစိုးရနှင့် စတင်တွေ့ဆုံညှိနှိုင်းခဲ့သည်။

                မနှစ်က ရွေးကောက်ပွဲများ အပြီးတွင် မြန်မာအစိုးရက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုနှင့် မြန်မာ အတိုက်အခံ အုပ်စုများက ၎င်းရွေးကောက်ပွဲကို အတုအယောင်ဟု သတ်မှတ်ခဲ့ကြပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ထောင်ထဲတွင် ကျန်နေသေးကြောင်း ထောက်ပြ ပြောဆိုခဲ့ကြသည်။

                မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှု ရလဒ်များအပေါ် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ထုတ်ဖေါ် ပြောဆိုခဲ့သည့် အမေရိကန် တာဝန်ရှိသူ များက ယခုကဲ့သို့ ပြောင်းလဲရေး အလားအလာရှိနေချိန်တွင် တွေ့ဆုံ ဆွေးနွေးခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်နေဆဲ ဟု ပြောကြားခဲ့သည်။ မြန်မာ အစိုးရနှင့် ဆက်ဆံ ဆွေးနွေးရန် အတွက် အမေရိကန် အစိုးရက Derek Mitchell ကို လတ်တလော ခန့်အပ်တာဝန်ပေးထားသည်။

                ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို ဝါရှင်တန်က မူအားဖြင့် ထောက်ခံသော်လည်း အာရှနိုင်ငံများ၏ ထောက်ခံမှု မရနိုင်ဟု ယုံကြည်သောကြောင့် ဦးစားပေးဆောင်ရွက်ခြင်း မရှိခဲ့ပါ။

                သမ္မတထံ ပေးစာကို လက်မှတ်ရေးထိုးသည့် အုပ်စုများထဲတွင် Freedom House၊ Human Rights Watch၊ Feminist Majority Foundation နှင့် Save Darfur Coalition စသည့် အဖွဲ့များ ပါဝင်ကြောင်း သိရှိရသည်။

 ************************************************************

အကျဉ်းကျ မြန်မာသတင်းထောက်များကို လွှတ်ပေးရန် တောင်းဆို

(AFP သတင်း မှ 7 July 2011 ရက်စွဲပါ “Call for release of jailed Myanmar reporters” သတင်း ကို ဘာသာ ပြန်ဆိုသည်)

                တပ်မတော်က ဩဇာစိုးမိုးသော မြန်မာနိုင်ငံတွင် နှစ်ရှည် ထောင်ဒဏ်ကျခံနေရသော ရုပ်သံသတင်းထောက် ၁၇ ဦးကို လွှတ်ပေးရန်နှင့် သတင်းထောက်များ၊ စာနယ်ဇင်းသမားများအား ဖိအားပေး ချုပ်ချယ်ထားခြင်းကို အဆုံးသတ်ရန် မီဒီယာ အုပ်စုများ သမဂ္ဂက မြန်မာအစိုးရကို ကြာသပ တေးနေ့တွင် တောင်းဆိုလိုက်သည်။

                အကျဉ်းကျ စာနယ်ဇင်းသတင်းထောက်များ အားလုံးကိုလွှတ်ပေးအောင် မြန်မာအစိုးရကို ဖိအားပေးရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် အီးယူ တို့အား ဒီမိုကရက်တစ် မြန်မာ့အသံ၊ နယ်စည်းမထား သတင်းထောက်များအဖွဲ့တို့ အပါအဝင် အဖွဲ့အစည်းပေါင်း တစ်ဒါဇင်ခန့်က တိုက်တွန်းခဲ့ကြခြင်း ဖြစ်သည်။

                မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲခွင့်နှင့် ပတ်သက်သည့် ဥပဒေများကို ပိုမိုတင်းကြပ်ထားခြင်း၊ သတင်းထောက်များကိုယ်တိုင် စိစစ် ဖြတ်တောက်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးလာခြင်း တို့နှင့်အတူ သတင်းစာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်တို့ ဆက်လက်ယိုယွင်းနေကာ ပေးထားသော ကတိကဝတ်များနှင့် ပြောင်းပြန် ဖြစ်နေသည်ကို အထင်အရှားတွေ့မြင်ရကြောင်း အဆိုပါ ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။

                မနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆု ဆန်ကာတင် စာရင်းဝင်မည်ဟု တစ်ပေးခြင်း ခံရသော DVB (ဒီမိုကရက်တစ် မြန်မာ့အသံ) က “ဒီဇင်ဘာလ နောက်ပိုင်းတွင် ၎င်းတို့၏ ရုပ်သံသတင်းထောက် နှစ်ဦး ထောင်ဒဏ် ၁၃ နှစ် အထိ ပြစ်ဒဏ် ချမှတ်ခြင်းခံရသည်” ဟု ပြောကြားသည်။

                အောင်မြင်မှု မရခဲ့သော ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလက ဘုန်းတော်ကြီးတစ်ပါးကို အင်တာဗျူး မေးမြန်းမှုကြောင့် ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသော လှလှဝင်း အပါအဝင် မူလကပင် ထောင်ဒဏ် ကျခံနေရသည့် DVB သတင်းထောက် ၁၅ ဦး အပြင် နောက်ထပ် ၂ ဦး ထပ်တိုးလာ ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။  

                အဆိုပါ အကျဉ်းကျ DVB သတင်းထောက်များ အနက်မှ အချို့မှာ စစ်ဆေးမေးမြန်းခံရချိန်အတွင်း နှိပ်စက် ညှင်းပန်းခြင်းခံရဖွယ် ရှိသည်ဟု လည်း အထက်ပါကြေညာချက်တွင် ဖေါ်ပြထားသည်။

************************************************************

ဂျပန်၏ မြန်မာမူဝါဒကို ပြန်လည်စဉ်းစားခြင်း

(7 July 2011 ရက်စွဲပါ The Japan Times မှ နိုင်ကိုကိုနှင့် Simon Scott တို့ ရေးသားသော “Rethinking Japan’s Myanmar Policy” ကို ဘာသာပြန်ဆိုသည်)

ဇွန်လ (၂၉) ရက်နေ့က ပါလီမန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မာခီကို ခီကူတာ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရန်ကုန်တွင် သမိုင်းဝင် တွေ့ဆုံမှုသည် ဒေသတွင်း ကိုယ်ကျိုးစီးပွားထက် ဒီမိုကရေစီမြှင့်တင်ရေးကို ဂျပန်က ပိုမိုလိုလား ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။

ခီကူတာသည် ၂၀၀၂ ခုနှစ်ကတည်းကစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံသော အဆင့်မြင့်ဂျပန်ကိုယ်စားလှယ် ဖြစ် သည်။ တွေ့ဆုံမှုမှာ တစ်နာရီသာ ကြာသော်လည်း အဓိပ္ပာယ်လေးနက်မှု ရှိခဲ့သည့် တွေ့ဆုံမှုဖြစ်သည်။ ထို့နောက်တွင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်များ၏ ပြောစကားကို နားထောင်လိမ့်မည် မဟုတ်ဘဲ သဘောထားမတူသော တိုင်းပြည်ကို ခရီးလှည့်လည်ခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ သည်။

အစောပိုင်းကလည်း ခီကူတာသည် နေပြည်တော်သို့ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအဝင် အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သေးသည်။

၁၉၆၂ ခုနှစ်တွင် အာဏာရှင် ဦးနေဝင်း ဦးဆောင်သော စစ်အစိုးရတက်လာပြီးနောက် ဂျပန်နိုင်ငံနှင့် ဆက်ဆံရေး သည် ပြည်သူများ၏ ဆန္ဒကို စဉ်းစားမပေးခဲ့ဘဲ နာမည်ဆိုးရှိသော ဗိုလ်ချုပ်များနှင့်သာ များပြားသော အလုပ်များ လုပ်ကိုင်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံ၏ သွင်းကုန် ၄၀% သည် ဂျပန်နိုင်ငံမှဖြစ်သည်။ ယင်း၏ကုန်သွယ်ရေး အကျိုးစီးပွားကိုသာ ကြည့်၍ ဖွံ့ဖြိုးတိုးတက်မှုအတွက် များပြားသော အကူအညီများ ပေးခဲ့သည်။

၁၉၇၆ မှ ၁၉၉၀ အထိ ကာလအတွင်း မြန်မာနိုင်ငံ၏ ချေးငွေ (ODA) ၏ ၆၆% သည် ဂျပန်နိုင်ငံမှ ရရှိခြင်းဖြစ်သည်။ ထိုချေးငွေများဖြင့် ဆင်းရဲ သော ပြည်သူများအတွက် မည်မျှလောက် လုပ်ပေးသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိခဲ့ရပေ။ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်၊ လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်နေဝင်းနှင့် အခြားမြန်မာစစ်တပ်ခေါင်းဆောင်များသည် ပညာတတ်များဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန် စစ်တပ်မှ လေ့ကျင့်ပေးလိုက်သူများ ဖြစ်သည်။ သို့သော် ၁၉၈၈ ခုနှစ် သွေးစွန်းသောလူထုအုံကြွမှု အပြီးတွင် ဗိုလ်နေဝင်း၏ စစ်အာဏာရှင်ဆိုရှယ်လစ် တစ်ခေတ်ချုပ်ငြိမ်းခဲ့ပြီး ပိုမို၍ ဖိနှိပ်သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့က အာဏာသိမ်းခဲ့သည်။ ထိုအခြေအနေမှစ၍ ဂျပန်နိုင်ငံ၏ မြန်မာအပေါ် ဆက်ဆံရေးမှာ မှတ်သားလောက်ဖွယ် ပြောင်းလဲသွားတော့သည်။

၁၉၈၈ ခုနှစ်တွင် ရက်ရက်စက်စက် နှိပ်ကွပ်မှုများကြောင့် အနောက်နိုင်ငံမှ ထောက်ပံ့သူများနည်းတူ ဂျပန်နိုင်ငံ ကလည်း မြန်မာနိုင်ငံအပေါ် နိုင်ငံခြားကူညီမှုများ ရပ်ဆိုင်းခဲ့သည်။ ၁၉၇၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း ဂျပန်က ပျမ်းမျှ တစ်နှစ်လျှင် ဒေါ်လာ ၁၅၅ သန်းခန့် နှစ်စဉ်အကူအညီများ ပေးခဲ့ရာမှ ၁၉၉၆ မှ ၂၀၀၅ ခုနှစ်အတွင်း တစ်နှစ်လျှင် ဒေါ်လာ ၃၆ သန်းသာ အကူအညီပေးခဲ့သည်။ ထိုသို့ ဂျပန်က မြန်မာနိုင်ငံနှင့် ဝေးရာ ခွာသွား ချိန်တွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး ယခုအခါ ဘေဂျင်းသည် မြန်မာစစ်တပ် လူသတ်ကောင်များအပေါ် တစ်ခုတည်းသော ငွေကြေး ထောက်ပံ့သူ ဖြစ်လာသည်။ ပြီးခဲ့သည့်နှစ်က မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးသည် စုစုပေါင်းဒေါ်လာ ၄.၄၄ ဘီလျံ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်ကထက် ၅၃.၂% တိုးတက်လာခဲ့သည်။ ၂၀၁၁ တွင်လည်း ဤပမာဏအတိုင်း ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။ ထို့ကြောင့် စစ်အစိုးရနှင့် ယင်း၏ အပေါင်းပါ များသည် ၎င်းတို့ရှင်သန်ရေးအတွက် ဂျပန်နိုင်ငံ၏ အကူအညီနှင့် ကုန်သွယ်ရေးအပေါ် မှီခိုရန် မလိုတော့ပေ။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ဆင်းရဲသားရပ်ကွက်ငယ် တစ်ခုသဖွယ်ဖြစ်လာပြီး မြန်မာဗိုလ်ချုပ်များကလည်း အာရှ-ပစိဖိတ်တွင် ဂျပန်၏ အခန်း ကဏ္ဍကို မေ့ပစ်လိုက်ကြပြီး ဘေဂျင်းရှိ ပေါ်လစ်ဗျူရိုသို့ မှန်မှန် ဂါရဝပြု သွားရောက်ကြ ရသည်။

သို့ဆိုလျှင် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော နိုင်ငံခြားရေးဝါဒ ကျရှုံးသွားခဲ့ပြီလောဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ထိုအခါ မကျရှုံးပါ ဟု ဖြေရမည်ဖြစ်သည်။ သို့သော် ဂျပန်နိုင်ငံခြားရေးဝါဒ ချမှတ်သူများသည် ဒီမိုကရေစီအတွက် အစစ်အမှန်ခြေလှမ်းနိုင်မည့် ငွေကြေးဆိုင်ရာ အဆိုပြုနိုင်မည့် အလုပ်ဖြစ်မည့် မဟာဗျူဟာကို အမြန်ချမှတ်နိုင်ရန် လိုအပ်နေပြီကား ဖြစ်သည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး၏ တတိယအကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်နေဆဲဖြစ်ပြီး အထူးသဖြင့် အရှေ့တောင်အာရှတွင် ပါဝါအပျော့ထည် ခြေကုတ်ရယူမှု တိုးတက်လျက် ရှိသည်။ မြန်မာ နိုင်ငံမှ သုံးစွဲသူ သန်းပေါင်းများစွာသည် ဈေးပေါသော တရုတ်ပစ္စည်းများထက်စာလျှင် ဂျပန်ကားများနှင့် လျှပ်စစ်ပစ္စည်းများကို ပိုမိုနှစ်သက်နေဆဲ ဖြစ် သည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့်လည်းကောင်း၊ ဒေသ ဆိုင်ရာနှင့်လည်းကောင်း နိုင်ငံရေးကစားရန် အရေးကြီးသော တစ်နိုင်ငံချင်းနှင့် နိုင်ငံစုံ ကဏ္ဍတွင် ရှိနေဆဲဖြစ်သည်။

ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် မြန်မာပြည်သူများ၏ လိုလားတောင့်တချက်များကို မပစ်ပယ်ဘဲ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အကူအညီပေးနိုင်သော မူဝါဒဖြစ်သည်။ ခေတ်သစ်အာရှနိုင်ငံ အများစုတွင် လူသားအရင်းအနှီးနှင့် ဒီမိုကရေစီသည် စီးပွားရေးတိုးတက် မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေး၍ ဖြစ်မြောက်စေကြောင်း သမိုင်းက ပြဆိုပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်ရော အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။ အဘယ်ကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု၏ လူသားအရင်းအနှီးတွင် ရင်းနှီးမြှုပ်နှံမှုမပြုနိုင်ရသနည်း။ မြန်မာနိုင်ငံ၏ ဆင်းရဲသော ပြည်သူများကို ဖြစ်နိုင်သမျှ အကောင်းဆုံး သယံဇာတများ သုံးစွဲခွင့် မပြုနိုင်သနည်း။

အခြားတိုင်းပြည်များ ထက်စာလျှင် ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည် ပေါင်းစည်းရေး မြှင့်တင်ရန် ဝင်ရောက်ကူညီနိုင်သည့် အလားအလာကောင်းများ ရှိနေသည်။ မကြာသေးမီက ခီကူတာ၏ ခရီးစဉ်အရ အနောက်ဒီမိုကရေစီနိုင်ငံများသည် လောလောဆယ် မလုပ်နိုင်သေးခြင်း ကြောင့် ဝင်ရောက်ထိန်းညှိရန် ဂျပန်နိုင်ငံက တတ်နိုင်ကြောင်း တွေ့ရှိရသည်။

ပြည်သူများ၏ ဒီမိုကရေစီအတွက် လိုလားတောင့်တချက်များစွာကို အသိအမှတ်ပြု၍ စစ်အစိုးရပေါ်တွင်လည်း မိတ်ဆွေမပီသသော အပြုအမူ များ ရှောင်ရှားရမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် ကြီးထွားနေသော ယင်း၏ ပါဝါအပျော့ (Soft Power) အား အသုံးပြု၍ အာရှဒီမိုကရေစီကို ကျင့်သုံးရန် ခြေလှမ်းလှမ်းသင့်သည်။ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ဖြင့် မိမိ၏ တစ်ဦးတည်းကဏ္ဍကို အသုံးချလှုပ်ရှားရမည်ဖြစ်သည်။ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ရေးအတွက် ဆက်ဆံရေးအရာရှိတစ်ဦး ခန့်ထားသင့်ပေ သည်။ (တရားဝင်ဥပဒေအရမူ စစ်အစိုးရ မရှိတော့ပါ။ အယ်ဒီတာ) သို့မှသာ မြန်မာပြည်သူများ ခံစားနေရမှုများ အဆုံးသတ်ရေး လုပ်ပေးနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်သွားရေး အတွက် လုပ်ဆောင်ရန် ဂျပန်နိုင်ငံ၏ သံတမန်ရေးရာအရ အင်အားကြီး မှုသည် ဦးဆောင်ကဏ္ဍမှ ပါဝင်လုပ်ဆောင်နိုင်ပေသည်။ ဂျပန်သည် အာရှတိုက်၏ အင်အားကြီးတစ်နိုင်ငံဖြစ်နေဆဲဖြစ်ကာ ဒေသတွင်း ပါဝါဖွဲ့စည်းမှုတွင် တရုတ်၏ လွှမ်းမိုးမှုအား ထိန်းညှိရန် ယင်းသည် အာရှ ဒီမိုကရေစီအတွက် အမှတ်တံဆိပ်ဖြစ်လာပြီး ဩဇာရှိလာမှုကို အသုံးပြုရမည်ဖြစ်သည်။ ထို့ကြောင့် နှေးကွေးသော စီးပွားရေးတိုးတက်မှုကို လျင်မြန်အောင် ရှေ့ဆက်ရမည်ဖြစ်သည်။ အကယ်၍ ဂျပန်နိုင်ငံသည် ယင်း၏ မြင့်မြတ်ပြီး အရေးကြီး သော ကဏ္ဍကို တာဝန်ယူလုပ်ဆောင်မည် ဆိုပါက ပထမဦးစားပေးရမည့်အချက်မှာ ၂၀၁၀ ခုနှစ်က ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် အဆိုပြုခဲ့သော နိုင်ငံတကာစုံစမ်းရေးကော်မရှင်ကို ထောက်ခံရမည်ဖြစ်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းများ ဖြစ်ကြသော Paulo Pinheiro နှင့် Dr. Yozo Yokota တို့ကလည်း မြန်မာ နိုင်ငံအတွက် နိုင်ငံတကာစုံစမ်းရေး ကော်မရှင်ကို ထောက်ခံခဲ့သူများဖြစ်သည်။ ထို့အပြင် ဂျပန်နိုင်ငံသည် တစ်ကိုယ်ရေ သံတမန်ရေးရာအင်အားရှိပြီး အာရှ၏ စီးပွားရေးကို ဒီမိုကရေစီမြှင့်တင်ရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် မြန်မာနိုင်ငံဒီမိုကရေစီ လူထုအဖွဲ့အစည်းများနှင့် ဆက်ဆံရေးပြုလုပ်ရန် ဆွဲဆောင်နိုင်ပေသည်။ ၂၀၀၉ ခုနှစ်က DPJ အာဏာရလာသောအခါ မြန်မာပြည်သူများက ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် မြန်မာနိုင်ငံ၏ အောက်ခြေ ဒီမိုကရေစီလှုပ်ရှားသူများနှင့် လိုက်လျောညီပြီး ယင်းတို့၏ အထီးကျန်နိုင်ငံကို ပြောင်းလဲနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ဒုတိယနိုင်ငံခြားရေးဝန်ကြီး ခီကူတာ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ဆုံးဖြတ်ချက်သည် မှန်ကန်သော လမ်းကြောင်းအတွက် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အာရှ၏ ဒီမိုကရေစီအရေး ဦးဆောင်ကဏ္ဍအတွက် အလင်းရောင်သဖွယ် မျှော်လင့်ချက်များ တိုးပွားစေသည်။

(နိုင်ကိုကိုသည် NZ Burma Campaign ခေါင်းဆောင်ဖြစ်ပြီး 2010 Amnesty International New Zealand Human Rights Defender ဆုကို ရရှိခဲ့သူ ဖြစ်ကာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်း ဖြစ်သည်။ Simon Scott သည် တိုကျိုအခြေစိုက် သတင်းစာဆရာဖြစ်ပြီး ဂျပန်နှင့် မြန်မာ သက် ဆိုင်သော ဆောင်းပါးများ ရေးသားသူဖြစ်သည်)

***********************************************************

တောင်တရုတ်ပင်လယ်ကိစ္စ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့သွား

(6 July 2011 ရက်စွဲပါ BBC News မှ Philippines Seeking Seas Claim at Beijing Talks ကို ဘာသာပြန်ဆိုသည်)

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert del Rosario သည် တောင်တရုတ်ပင်လယ်တွင် လက်ရှိဖြစ်ပေါ်နေသော ကိစ္စများအကြောင်း ပြောဆိုရန် အတွက် ဘေဂျင်းသို့ ရောက်ရှိနေသည်။

တရုတ်သည်ဖိလစ်ပိုင်၏ ရေပိုင်နက်ကို အကြိမ်ကြိမ်နယ်ချဲ့ခဲ့ကြောင်း ဖိလစ်ပိုင်က မကြာသေးမီက စွပ်စွဲခဲ့သည်။ သို့သော် တရုတ်ကလည်း အလျှော့ပေးမည့် လက္ခဏာ မပြသခဲ့ပေ။

တောင်တရုတ်ပင်လယ်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝမှုကြောင့် နိုင်ငံ (၆) နိုင်ငံက နယ်မြေများ တောင်းဆိုလျက်ရှိသော ပင်လယ် တစ်ခုဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်မှာ အချိန်ကြာမြင့်စွာကပင် စီစဉ်ထားသော ခရီးစဉ်ဖြစ်ပြီး လုပ်ဆောင်ရန် အစီအစဉ်များစွာ အတူတကွ ပါရှိလာသည်ဟု ဆိုသည်။ မနီလာက ပြောကြားရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တရုတ်သည် အနည်းဆုံး (၁၀) ကြိမ် ယင်း၏ အချုပ်အခြာပိုင် ရေပိုင်နက် အတွင်း ကျူးကျော်ခဲ့သည်ဟု ဆိုသည်။

ဖိလစ်ပိုင်သမ္မတ ဘီနစ်နို အကွီနိုကလည်း ယင်းအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး Mr. Del Rosario သည် မကြာသေးမီက ဝါရှင်တန်သို့ သွားရောက်ပြီး အဆိုပါကိစ္စအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဆွေးနွေးခဲ့ သေးသည်။ လိုအပ်ပါက ဖိလစ်ပိုင်နှင့် ကာကွယ်ရေးဆိုင်ရာ အကူအညီများပေးရန် ဟီလာရီကလင်တန်က ကတိပြုခဲ့သည်။

အငြင်းပွားမှုများ ပိုမိုသွေးဆူလာသောကိစ္စမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးတစ်ခုတွင် တရုတ်အကြီးတန်းသံတမန်တစ်ဦးအား မတက်ရောက်ရန် ဖိလစ်ပိုင်တာဝန်ရှိသူများက ပိတ်ပင်ခဲ့ခြင်းကြောင့် ဖြစ်ပြီး ယင်းတရုတ်သံတမန်က ရိုင်းစိုင်းသောကြောင့်ဟု အကြောင်းပြခဲ့သည်။

ပိတ်ပင်ခံရသော တရုတ်သံတမန် Li Yongsheng သည် ပြီးခဲ့သည့်လက ပြုလုပ်သော အဆိုပါ ရေပိုင်နက် ကိစ္စ ဆွေးနွေးပွဲတွင် အသံကျယ်စွာ ပြောဆိုခဲ့၍ သံတမန်တစ်ဦး၏ အပြုအမူမဟုတ်ဟု ဆိုခဲ့သည်။

*************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs