Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၆.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ချစ်ကြည်ရေးတံတား ပြန်ဖွင့်သင့်ဟု ထိုင်းကုန်သည်အသင်း ဥက္ကဋ္ဌဟောင်းပြောကြား

မြန်မာအစိုးရဘက်မှ ကာလအတန်ကြာပိတ်ထားခဲ့သော မဲဆောက် - မြဝတီချစ်ကြည်ရေးတံတားအား ဖွင့်ပေးမည်ဆိုပါက ထိုင်းဘက်မှ ကန့်သတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို ကင်းလွတ်ခွင့်ပေးမည်ဟု ထိုင်းနိုင်ငံတာပ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ နိုင်ဆူချတ် တရီရတ်ပတ္တနာက သတင်းမီဒီယာများအား ပြောဆိုချက်အရ သိရသည်။

ထိုင်းဘက်မှ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို ကင်းလွတ်ခွင့်ပေးမည်ဟု တာပ်ခရိုင်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌဟောင်းဖြစ်သူ နိုင်ဆူချတ်တရီရတ်ပတ္တနာက ဇူလိုင် ၅ရက်နေ့က ပြောဆိုခဲ့သော်လည်း မြန်မာကုန်သည်များအနေနှင့် အဆိုပါပစ္စည်းများကို အောက်လမ်းနည်းဖြင့် လွယ်လင့်တကူ ဝယ်ယူရရှိနေသည်ဟု ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ထိုင်းဘက်ကတော့ ကန့်သတ်ထားတယ်လို့ပြောတာပေါ့။  ဒါပေမဲ့လက်တွေ့မှာ မဲဆောက်ဘက် ကမ်းကနေ ပစ္စည်းတွေဝယ် လှေနဲ့ကူးတယ်။ ဂိတ်တွေမှာ နားလည်မှုနဲ့ ငွေပေးပြီး ကြိုက်သလောက် တင်းသွင်းလို့ရနေတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာဘက်မှ ကုန်သွယ်မှု ပိတ်ပင်ထားသည်ဆိုသော်လည်း တချို့အပစ်ရပ်အဖွဲ့ လက်နက်ချအဖွဲ့များအနေနှင့် အဖွဲ့အစည်းရန်ပုံငွေအတွက် ကုန်စည်များကို နားလည်မှုဖြင့် တင်သွင်းခွင့်ပြုထားသည်ဟု မြဝတီကားသမားများက ပြောကြားသည်။ တချို့အသေးစားကုန်သည်များကလည်း တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများကို တင်သွင်းနေသည်ဟုလည်း ဆိုသည်။

ပြည်တွင်းပြည်ပ သွင်းကုန်ထုတ်ကုန်လုပ်ကိုင်နေသော ကုန်သည်ကြီးတစ်ယောက်ကမူ အကယ်၍ ချစ်ကြည်ရေးတံတားကိုဖွင့်ပြီး ကုန်သွယ် ရေးလမ်းကြောင်း ပွင့်သွားလျှင် ပို၍အကျိုးရှိမည်ဟုဆိုသည်။

ထိုင်းမြန်မာနယ်စပ် မဲဆောက် - မြဝတီ နယ်စပ်ကုန်သွယ်ရေး၏ ကုန်သွယ်မှုပမာဏမှာ (၂၀၀၉) ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၇၂၄)သန်း ရှိပြီး (၂၀၀၈) ခုနှစ်ထက်စာရင်(၂၇) ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု ဇူလိုင်လ (၃)ရက်နေ့ထုတ်  Weekly Eleven ဂျာနယ်တွင် ဖော်ပြထားချက်အရ သိရသည်။

Moe Z

-----------------------------------------------------------------------------------------------------------------------------------

ကုမ္ပဏီများ အခြေခံလစာပေးနှုန်း တိုးမြှင့်လာ

၂၀၁၁ ခုနှစ် ဇူလိုင်လပိုင်း မှ စတင်၍ ပြည်တွင်းကုမ္ပဏီများရှိ ဝန်ထမ်းများအား အခြေခံလစာ ကျပ် လေးသောင်း မှ ငါးသောင်းကြား တိုးမြှင့်၍ ပေးလာကြကြောင်း သိရသည်။

“ယခုကဲ့သို့ ပြည်တွင်းရှိ ကုမ္ပဏီများမှ ဝန်ထမ်းများ၏ အခြေခံဝန်ထမ်းလစာကို တိုးမြှင့်ပေးရခြင်းမှာ ယခု နိုင်ငံတော်မှ ဆောင်ရွက်လျက် ရှိသည့် ပင်စင်လစာ တိုးခြင်း၊ အစိုးရဝန်ထမ်းလစာ တိုးမည်ဆိုသည့် ကိစ္စရပ်များနှင့် သက်ဆိုင်မှု မရှိကြောင်း၊ ယခင်အနိမ့်စား အခြေခံလစာဖြင့် လုပ် ကိုင်မည့် ဝန်ထမ်းများ ရှားပါးသွားသည့်အတွက် ယခုကဲ့သို့ ကုမ္ပဏီဝန်ထမ်းများ၏ အခြေခံလစာကို တိုးမြှင့်ပေးရခြင်းဖြစ်ကြောင်း” အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယခင်က ပြည်တွင်းရှိ ကုမ္ပဏီဝန်ထမ်းများကို ဝန်ထမ်းအခြေခံလစာအဖြစ် ကျပ် ၃၀,၀၀၀ ပေးရာ ဝန်ထမ်းများ ကုမ္ပဏီသို့ လာရောက်ရသည့် လမ်းစရိတ်၊ စားစရိတ် နှင့် အဆောင်ငှားနေသူတို့အတွက် အဆောင်စရိတ်နှင့်ဆိုပါက စားလောက်ရုံသာ ကိုက်သည့်အတွက် ယခုကဲ့သို့ အခြေခံလစာ တိုးမြှင့် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

လစာနှုန်းထား တိုးမြှင့်သည့်ကိစ္စရပ်နှင့် ပတ်သက်၍ အထွေထွေဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကလည်း “ပြီးခဲ့သည့် နှစ်လဝန်းကျင် ခန့်က ပြည်တွင်းရှိကုမ္ပဏီအချို့တွင် အခြေခံလစာများကို မြှင့်တင်ပြီး ကုမ္ပဏီဝန်ထမ်းများကို အလုပ်ခေါ်ဆိုကြကြောင်း၊ အလုပ်လာရောက် လျှောက် ထားသည့် ဝန်ထမ်းများမှာ အင်တာဗျူးဝင်သည့်အချိန်တွင် ၎င်းကုမ္ပဏီမှ ပေးသည့်လစာနှင့် တွက်ခြေမကိုက်ပါက ဝန်ထမ်းများမှာ မလုပ်ကြတော့ ကြောင်း” ပြောကြားခဲ့သည်။

အခြေခံလစာနှုန်းထား တိုးမြှင့်ခြင်း ကိစ္စရပ်နှင့်ပတ်သတ်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးကလည်း “ပြည်တွင်းကုမ္ပဏီ များရှိ ဝန်ထမ်းများသည် ၎င်းတို့၏ စားရေး၊ သောက်ရေး၊ ခရီးသွားလာရေး စသည့်လိုအပ်ချက်များ ရှိနေသေးသည့်အတွက်  လက်ရှိအနေအထားအရ အခြေခံလစာနှုန်းထား ကျပ် ၄၀,၀၀၀၊ ကျပ် ၅၀,၀၀၀ မှသာ တွက်ခြေကိုက်နိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

(မော်ဒန်၊ အမှတ်-၂၆၆ ပါ “ကုမ္ပဏီအခြေခံလစာကျပ်လေးသောင်းနဲ့ ငါးသောင်းကြားပေးလာ”  သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

အာဆီယံပတ်လမ်းအား စတင်ပြင်ဆင်

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဖြတ်သန်းသွားမည့် အာဆီယံပတ်လမ်းအား စတင်၍ တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

၎င်း အာဆီယံပတ်လမ်းသည် မြန်မာနိုင်ငံရှိ ပခုက္ကူ-မုံရွာ၊ ပုသိမ်-မုံရွာ၊ လင်းကတော့၊ ပုလဲ၊ ယင်းမာပင်၊ နှောရိုး၊ ချောင်းမမှ နေ၍ ကလေးဝ မြို့လမ်းများသို့ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံပတ်လမ်းတည်ဆောက် ပြုပြင်နိုင်ရန် ၎င်းပတ်လမ်းရှိ မြေသားအနေအထားကို အိန္ဒိယနိုင်ငံမှ အင်ဂျင်နီယာ ၁၃ယောက်မှ လာရောက် စမ်းသပ်နေပြီဖြစ်ကြောင်း၊ တိုင်းတာရေးအချိန်ကာလမှာ သုံးလဖြစ်ကြောင်း၊ အာဆီယံပတ်လမ်းကို နှစ်လမ်းသွားလုပ်ဆောင်ရန် ပြုပြင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အာဆီယံပတ်လမ်း တည်ဆောက်ရန်အတွက် ယခင်က ယာကြီး-ကလေးဝလမ်းကို အသုံးပြု၍တည်ဆောက်ရန် စီစဉ်ထားသော်လည်း မိုးတွင်း ကာလတွင် မြေသားအနေအထား မကောင်းသည့်အတွက် လင်းကတော့၊ ချောင်းမလမ်းကို ပြုပြင်ရန် ရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံပတ်လမ်း တည်ဆောက်ရာတွင် ၎င်းလမ်းအား ဖြတ်သန်းသွားလာကြမည့် ကုန်တင်ကားများ၏ ကားဝိတ်နှင့် ကုန်တန်ချိန် အလေးချိန် များကိုပါ ထည့်တွက်စဉ်းစား၍ ကားလမ်းရေရှည် ခံနိုင်မှုရှိစေရန် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ဖြတ်သန်းသွားမည့် အာဆီယံပတ်လမ်းတည်ဆောက်နေမှုကို အိန္ဒိယနိုင်ငံမှ ကုမ္ပဏီဖြစ်သည့် (RITES Co.,Ltd) နှင့် မြန်မာနိုင်ငံရှိ မြန်မာ့ဆောက်လုပ်ရေး နေပြည်တော်ရုံးချုပ်တို့မှ ပူးပေါင်း၍ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံပတ်လမ်း တည်ဆောက်ပြီးစီး၍ လမ်းပွင့်သွားခဲ့မည်ဆိုပါက ၎င်းအာဆီယံပတ်လမ်း ဖြတ်သန်းသွားသည့် မြို့များတွင် စီးပွားရေး အလားအလာများ ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အတွင်းပိုင်းသို့ကျနေသည့် ရွာများမှာလည်း စည်ကားလာနိုင်တော့မည်ဖြစ် ကြောင်း ယင်းမာပင်မှ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။

(မော်ဒန်၊ အမှတ်-၂၆၆ ပါ “အာဆီယံပတ်လမ်းစတင်ပြင်ဆင်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဇေကမ္ဘာလယ်သိမ်းမှု စာမျက်နှာပေါ်တင်သဖြင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီအား ခေါ်ယူသတိပေး

ရန်ကုန်၊ ဇူလိုင် ၊ ၁၅။

မင်္ဂလာဒုံမြို့နယ်တွင် အခြေစိုက်သော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ ဇွန်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ဝေခဲ့သော ပါတီစာစောင် အား “ဇေကမ္ဘာကုမ္ပဏီနှင့် လယ်သမားပြဿနာ” ဟု အမည်ပေးခဲ့သည့်အတွက် ပါတီမှ တာဝန်ရှိသူများအား ဇူလိုင်လ ၈ ရက်နေ့တွင် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန မှ ခေါ်ယူသတိပေးခဲ့ကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဦးနေမျိုးဝေက ဆိုသည်။

အဆိုပါစာအုပ်တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စုမှ လယ်သမားများ၏ လယ်ယာများကို ဇေကမ္ဘာကုမ္ပဏီမှ လျော်ကြေးငွေ အနည်းငယ်ပေးကာ သိမ်းယူထားကြောင်းနှင့် ၎င်းပါတီမှ ရေးဆွဲထားသည့် လယ်ယာမြေ ဥပဒေမူကြမ်းကို ဖော်ပြထားသည်။

“နာမည်က လှုံ့ဆော်မှုဆန်တယ်ဆိုပြီး၊ နောက်တစ်ခါ ဒီလို နာမည်နဲ့ စာအုပ်မထုတ်ဖို့ ပြောပါတယ်” ဟု ၎င်းက ဆိုသည်။

ပါတီအနေဖြင့် ထိုသို့ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြန်လည်ရှင်းပြခဲ့ပြီး တွေ့ဆုံမှုမှာ ပဋိပက္ခအသွင် မဆောင်ခဲ့ကြောင်း ဦးနေမျိုးဝေက ဆိုသည်။

“ဒီမှာက ဒီလိုနည်းနည်း ရှော့ရှိတဲ့စာမှ လူကြီးတွေက ဖတ်ကြတာလေ။ အဲဒါကြောင့် ကျွန်တော်က ပြဿနာရှာတာပါလို့ ပြန်ပြောလိုက်တော့ သူတို့က လူကြီးတွေကို ပြောချင်ရင် စာနဲ့ရေးပြီး စာပေစိစစ်ရေးကို လာပေးပါလို့ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ၎င်းတို့ပါတီအနေဖြင့် နောက်နောင်တွင် ထိုကဲ့သို့ထပ်မံပြုလုပ်မည်မဟုတ်ဘဲ ဖော်ပြချင်သည့်အကြောင်းအရာများကို လစဉ်ထုတ် ပါတီစာစောင်တွင်သာ ကဏ္ဍတစ်ရပ်အဖြစ် ဖော်ပြသွားမည်ဖြစ်ကြောင်း ဦးနေမျိုးဝေက ဆက်လက်ပြောကြားသည်။

"ဒီကိစ္စက နည်းနည်းပြောရခက်တယ်ဗျ။ ဦးခင်ရွှေတို့နဲ့ ပတ်သတ်တဲ့အတွက် သတင်းကို ဝင်ထိန်းလိုက်တဲ့ သဘောလို့ထင်ပါတယ်” ဟု ဝါရင့် သတင်းစာဆရာတစ်ဦးက အထက်ပါကိစ္စနှင့် ပက်သက်၍မှတ်ချက်ပေးသည်။

ဒေါက်တာအမည်ခံ ဦးခင်ရွှေသည် အစိုးရနှင့် အထူးနီးစပ်သော စီးပွားရေးလုပ်ငန်းရှင်များအနက် တစ်ဦးဖြစ်ပြီး ဟိုတယ်၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းအများအပြားကို လုပ်ကိုင်ခွင့်ရထားသူဖြစ်သည်။ တရားဝင်ခွင့်ပြုချက်မရသေးသော မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့အဖြစ်လည်း တာဝန်ယူထားသည်။

ဒိုင်ဗားစတီးအမည်ရ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ လစဉ်စာစောင်ကို ၂၀၁၁ ဇန်န၀ါရီလ ၄ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့ပြီး ယခု အချိန်အထိ ၇ စောင်ထုတ်ဝေခဲ့ပြီးဖြစ်သည်။  လစဉ် ထုတ်ဝေကာ အွန်လိုင်းမှလည်း ဖြန့်ဝေလျက်ရှိသည်။

ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီ ၃၇ ခုအနက် ၁၁ ပါတီမှ ပါတီစာစောင် ၁၂စောင် ထုတ်ဝေလျက်ရှိပြီး ၎င်းတို့ထဲမှ ဒီမိုကရက်တစ်ပါတီ(မြန်မာ) က ပါတီစာစောင် နှစ်စောင်တပြိုင်နက်တည်း ထုတ်ဝေလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ပါတီမှထုတ်သော ကဒေါင်းစာစောင်နှင့် ပါတီဗဟိုဌာနချုပ်မှ ထုတ်ဝေသော ဒေါင်းအိုးဝေစာစောင်တို့ ဖြစ်ကြသည်။

စာစောင်များထုတ်ဝေသော ပါတီများထဲမှ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ကို ပါတီထုတ် စာစောင်များနှင့် ပတ်သတ်ပြီး စာပေစိစစ်ရေးအဖွဲ့မှ ခေါ်ယူ သတိပေးပြီး ဖြစ်သည်။

 ပိုင်စိုး

-----------------------------------------------------------------------------------------------------------------------------------

အစိုးရသစ်တက်သော်လည်း ကမန်များ လွတ်လပ်စွာခရီးသွားလာခွင့်မရ

ရန်ကုန်၊ ဇူလိုင်၊ ၁၅။

အငြင်းပွားဖွယ်ရာ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာသော အစိုးရသစ် အာဏာတည်သည်မှာ သုံးလကျော်ကြာမြင့်ပြီ ဖြစ်သော်လည်း ရခိုင်ပြည်နယ်ရှိ ကမန်တိုင်းရင်းသားများအနေဖြင့် ယခင် တပ်မတော်အစိုးရလက်ထက်က နည်းတူပင် လွတ်လပ်စွာခရီးသွားလာခွင့် မရသေးကြောင်း စစ်တွေမြို့မှ ကမန်တိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးကျော်လင်းက ဆိုသည်။

“အခုအချိန်အထိ လ၀က ပုံစံ- ၄ နဲ့မှခရီးသွားခွင့်ရတုန်းပါ။ အဲဒါကလည်း ရဖို့ခက်ခဲတဲ့အတွက် အရေးပေါ် သွားလာရမယ့်ကိစ္စကျရင် အရမ်း ဒုက္ခရောက်ပါတယ်” ဟု ဦးကျော်လင်းက ဆိုသည်။

အဆိုပါလ၀က ပုံစ-၄မှာနိုင်ငံခြားသားများ ခရီးသွားလာရာတွင် အသုံးပြုသည့်ပုံစံဖြစ်ပြီး ၄င်းတို့အနေဖြင့် ထိုပုံစံရရန်အတွက် လဝကဝန်ထမ်း များကို လာဘ်ပေးနေရကြောင်း ဦးကျော်လင်းက ဆက်လက်ပြောကြားသည်။

“တစ်ခါသွားထုတ်ရင် ငါးထောင်တော့ အနည်းဆုံးပေးရတယ်” ဟု ၎င်းက ဆိုသည်။

ကမန်အမျိုးသား တိုးတက်ရေးပါတီအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတထံ၂၀၁၁ ဇွန်လ ၁ ရက်နေ့ရက်စွဲဖြင့် စာတင်ထားသော်လည်း ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း  ပါတီပြန်ကြားရေမှူး ဦးသိန်းရွှေက ပြောကြားသည်။

“ကျွန်တော်တို့ကတိုင်းရင်းသားတွေပါ။ ဖွဲ့စည်းပုံပါ အခွင့်အရေးတော့ ရသင့်တယ်ထင်တယ်။ ဖွဲ့စည်းပုံဥပဒေကို လက်ခံလို့ ရွေးကောက်ပွဲ ဝင်ပြီး အနိုင်ရခဲ့တဲ့သူတွေကမှ အဲဒီဖွဲ့စည်းပုံဥပဒေကိုမလိုက်နာရင် ကျန်တဲ့သူက ဘယ်လိုလုပ်မလဲ”ဟု ၎င်းကဆိုသည်။

အစိုးရ၏ ကတိကဝတ်များစောင့်ကြည့်ရေး ကော်မတီဝင်တစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားများတိုးတက်ရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း ကမန်အတိုင်းရင်းသားများသည် မြန်မာတိုင်းရင်းသား လူမျိုး ၁၃၅ မျိုးတွင် ပါဝင်သူများဖြစ်ပြီး အခြား တိုင်းရင်းသားများနည်းတူ အခွင့်အရေးရသင့်ကြောင်း ပြောဆိုသည်။

ကမန်တိုင်းရင်းသားများသည် ၁၉၉၃ ခုနှစ်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ ထုတ်ပြန်သည့် ရခိုင်ပြည်နယ်နေ နိုင်ငံခြား သားများ၊ နိုင်ငံခြားသားဟု သံသယရှိသူများ၊ ဘင်္ဂလီလူမျိုးများ၊ ကုလားသွေးနှောသူများကို ခရီးသွားလာခွင့်ကန့်သတ်မိန့်တွင် အကြုံးဝင်သည်ဟုဆိုကာ ယခုအချိန်အထိ လဝက ပုံစံ -၄ဖြင့် ခရီးသွားလာနေရခြင်း ဖြစ်သည်။

ကမန်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ ရမ်းဗြဲနှင့် သံတွဲမြို့များတွင် အများစုနေထိုင်ပြီး လူဦးရေလေးသောင်း ဝန်းကျင်ရှိကာ အများစုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။

၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလာများတွင်လည်း အစ္စလာမ်များ ထူထောင်ထားသည့် ပါတီတစ်ခု၏ အင်တာဗျုးကို ပြည်တွင်းမီဒီယာများတွင် ဖော်ပြခွင့် ပိတ်ပင်ခဲ့ဖူးသည်။

စစ်အစိုးရလက်ထက် အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၈ ပုဒ်မ ၃၄၈ တွင် “နိုင်ငံတော် သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူး ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြုကာ ခွဲခြားမှု မရှိစေရ”ဟု ပါရှိသည်။

ပိုင်စိုး

-----------------------------------------------------------------------------------------------------------------------------------

အသေးစားငွေကြေးလုပ်ငန်း ဥပဒေမူကြမ်းရေးဆွဲ

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်နိုင်ရန်နှင့် ငွေကြေးအရင်းအနှီးများ စနစ်တကျ ထောက်ပံ့ပေးနိုင်မည့် မြန်မာနိုင်ငံတော် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေ မူကြမ်းကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်နိုင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးတို့အတွက် စီးပွားရေး လုပ်ကိုင်ရာတွင် အထောက်အကူပြုနိုင်စေနိုင်မည့် အသေးစားပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အသေးစားငွေချေးလုပ်ငန်းဆိုသည်မှာ အခြေခံလူတန်းစားများအတွက် အဓိကလိုအပ်လျှက်ရှိသည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ကြောင်း၊ အခြေခံ လူတန်းစားများအားလုံး ချေးငွေလုပ်ငန်းတွင် စနစ်တကျဖြစ်နိုင်ရန်မှာ ယခုကဲ့သို့ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေများ ပြဋ္ဌာန်းပေးနိုင်ရန်လည်း လိုအပ်ကြောင်း၊ ပြည်တွင်းရှိစီးပွားရေးသမားများက ချေးငွေအပေါ်၌ အမြတ်ကြီးစား အတိုးနှုန်းများများဖြင့် ချေးမည့်အစား စနစ်တကျ အတိုးသက်သက် သာသာနှင့် ချေးမည်ဆိုပါက အခြေခံလူတန်းစားများအတွက် ပို၍အဆင်ပြေလာနိုင်ဖွယ်ရှိကြောင်း ပြည်တွင်းစီးပွားရေးဘာသာဖြင့် ဘွဲ့ရရှိခဲ့သူ လူငယ် တစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားတို့၏ ဘဝနေထိုင်ရပ်တည်နိုင်ရန် ပုဂ္ဂလိကငွေချေးလုပ်ငန်းများအပြင် UNDP ကဲ့သို့သော အဖွဲ့အစည်းများက တစ်နိုင်တစ်ပိုင် ချေးငွေလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(မြန်မာပို့စ်(ဂလိုဘယ်)၊ အတွဲ-၁၊ အမှတ်-၁၇ ပါ “အသေးစားငွေရေးကြေးရေး ဥပဒေမူကြမ်းရေးဆွဲ” သတင်းအား အကျဉ်းချုံး ဖော်ပြ သည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ရသင့်ရထိုက်သည်ကို မရရအောင်ယူသောစိတ်၊ မရသင့်မရထိုက်သည်ကို ရနေပါလျက် မယူသောစိတ်သည် လူငယ်တို့၏ စာရိတ္တသတ္တိကိုပြသည်။ မြန်မာနိုင်ငံတွင် ထိုသို့သော လူငယ်များ ခေတ်အဆက်ဆက်တွင် ပေါ်ထွန်းခဲ့ပြီးဖြစ်၍ အကျယ် မပြောတော့ပြီ။ ထိုသို့စိတ်အားသတ္တိနှင့် ပြည့်စုံသော လူငယ်များအနက် အချို့သောလူငယ်များတွင် ယနေ့အခါ ရိုးသားပွင့် လင်းမှုအခြေခံများ လျော့ပါးမှေးမှိန်လျက် ရအပ်သောအခွင့်အရေးကိုလိုသည် ထက်ပို၍ ရရှိအောင်၊ မရသင့်သည့် အခွင့်အရေးကိုလည်း မိမိဘက်သို့ မရောက်ရောက်အောင် အကွက်ရွှေ့ကစားခြင်းဖြင့် ရဖို့အားထုတ်နေကြသည့် ဖြစ်စဉ်များ တွေ့လာရသည်။ ဤသည်မှာ စာရိတ္တသတ္တိ အားကောင်းသော လူငယ်တို့၏ ဂုဏ်ရည်ဂုဏ်သွေးကို အရိမ်မည်းစွန်းပေအောင် လုပ်နေရရာ ကျသည်။

ဇူလိုင် ၁၅ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၇)တွင်ပါသည့် "လူငယ်နှင့်အကွက်ရွှေ့ခြင်း" ခေါင်းကြီးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဆေးကုမ္ပဏီက ဒီဆေးသုံးပေးပါ။ ဘာပေးပါမယ်။ ဒါပရိုမိုးရှင်းပဲ။ မင်းသား၊ မင်းသမီးနဲ့ မကြော်ငြာဘူး။ ဒါပေမဲ့ ပိုကုန်ချင် လဲကုန်မှာပဲ။ ဆရာဝန်ရဲ့ လူနာအတွက်ဆေးစာမှာ မျိုးရင်းဆေး (Generate Name) နာမည်ပဲရေး ရတယ်။ ဒါပေမဲ့ ဆေးကုမ္ပဏီနဲ့ ရင်းတဲ့လူကျတော့ ကုန်အမှတ်တံဆိပ်(Trade Name) ရေးလိုက်တယ်။ ကုန်အမှတ်တံဆိပ်ကို ညွှန်ရေးလိုက်တော့ အဲဒါ ဆရာဝန်ကျင့်ဝတ်နဲ့မညီဘူး။ တကယ်တမ်း မျိုးရင်းဆေးနာမည် ပဲရေးရမှာ။ ဒါက ဆရာဝန်အချင်းချင်းပဲ သိတယ်"

ဇူလိုင် ၁၅ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၂၆) တွင်ပါသည့် " ဈေးကွက်စီးပွားရှာသူများကြောင့် ဝန်ထမ်းအချို့ ပျက်စီးလာ" သတင်းဆောင်းပါးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ဒေါက်တာကျော်ဖေ၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျောင်းကို ခဏခဏလာတယ်။ သမီးသိတာပဲ ငါးခါ၊ ခြောက်ခါရှိပြီ။ တစ်လကို တစ်ခါလောက်တော့ရှိတယ်။ တစ်လကို တစ်ခါလောက်တော့ ရှိတယ်။ တစ်ခါကလည်း သမီးတို့အဖွဲ့ သွားနေတုန်း အသက်ကြီးကြီး အစ်ကိုကြီးတွေက မနက်ဖြန် နာမည်ကြီးအဆိုတော်တွေ ကလပ်ရှိတယ်၊ လာခဲ့ပါလားလို့ ခေါ်တယ်။ သမီးတို့က အဲဒါမျိုးတွေ မသွားဘူးလို့ပြောတော့ မသွားရင်လည်း သူငယ်ချင်းတွေကို ပြန်ပြောပေးပါလို့ ပြောသွားတယ်။ တက္ကသိုလ်ကို လာတဲ့သူတွေက ကျောင်းသားဝတ် စုံတွေနဲ့ပဲ။ တကယ်ကျောင်းသားမဟုတ်၊ မဟုတ်တော့ မသိဘူး"

ဇူလိုင်  ၁၄ ထုတ် 7DAY NEWS အတွဲ ၁၀၊ အမှတ် ၁၇ တွင်ပါသည့် "ရန်ကုန်မြို့ရှိ ဒေးကလပ်များ ပိတ်ထား" သတင်းမှ ရန်ကုန်ရှိ နည်း ပညာတက္ကသိုလ်တစ်ခုတွင် တက်ရောက်နေသော ကျောင်းသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"နိုင်ငံရေးအင်အားစုများ အချင်းချင်း၊ သဘောထားမတူသူတွေပဲဖြစ်ဖြစ် ပူးပေါင်းလက်တွဲသွားမယ်လို့ပြောရင် တကယ်ယုံကြည်မှုရှိဖို့ လိုတာပေါ့။ ဒါမျိုးဟာနိုင်ငံရေး ပရိယာယ် မဖြစ်သင့်ပါဘူး။ တကယ်လက်တွဲလိုစိတ် လက်တွဲချင်တဲ့ စေတနာ ရှိနေရပါမယ်။ ညီညွတ်ရေးကို ဟိတ်ဟန်နဲ့ အသွင် အပြင်နဲ့ပဲ လုပ်လို့မရပါဘူး။ ညီညွတ်ရေးအတွက် ဆွေးနွေးနေကြပြီဆိုရင် တကယ်ညီညွတ်ချင်တဲ့ စိတ်နဲ့ ဆွေးနွေးနေကြရမှာပဲ။ ပြည်သူလူထုရဲ့ အားပေးမှု၊ ပြည်သူလူထုရဲ့မဲကို လိုချင်တာ သက်သက်နဲ့ ညီညွတ်ရေးလမ်းစဉ် လုပ်နေသယောင်၊ ညီညွတ်ရေးအတွက် ဆွေးနွေးနေကြသယောင် လုပ်နေသရွေ့ ညီညွတ်ရေးက ဖြစ်မလာနိုင်ပါဘူး။ နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေးဖြစ်မလာရင်၊ ဘာအမျိုးသားညီညွတ်ရေးကိုမှ မရနိုင်ပါဘူး။ ဒါဆိုရင် ဒီမိုကရေစီ၊ တိုင်းပြည်ဖွံ့ဖြိုးရေး ဆိုတာလည်း ဝေးနေဦးမှာပါပဲ"

ဇူလိုင် ၁၄ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၁) တွင်ပါသည့် ဆောင်းပါးရှင် မောင်းဆက်၏ "ညီညွတ်ရေး ငြိမ်းချမ်းရေး ဆိုတာ ဟိတ်ဟန်ထုတ်နေလို့မရပါ" ဆောင်းပါးမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အာဏာတည်တံ့ရေးနှင့် ထားရှိသင့်သည့် စေတသိက်

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ရွေးကောက်ပွဲအရ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ပြီ ဖြစ်သည်။ ထိုသို့ ပါတီစုံ ဒီမိုကရေစီစနစ်ကို ကူးပြောင်းနိုင်ရန် စပွန်ဆာပေးခဲ့သူမှာ ယခင် စစ်အစိုးရဖြစ်သည်။ ယခင် စစ်အစိုးရဟောင်းကို ဆက်ခံသော အစိုးရသစ်ဖြစ်ကာ စစ်ဗိုလ်ချုပ်ဟောင်းများက ဦးစီးသော လွှတ်တော်ဖြစ်၍ စစ်အစိုးရကို အသွင်ပြောင်းထားခြင်းသာဖြစ်သည်ဟု ဝေဖန်ကြသလို ကမ္ဘာ့ နိုင်ငံအတော်များများတွင် ဖြစ်ပေါ်ခဲ့ဖူးသော  စစ်တပ်စပွန်ဆာ ဒီမိုကရေစီသီအိုရီများအရ ထူးဆန်းအံသြစရာမဟုတ် တစ်ချိန်တွင် အရပ်သားစစ်စစ် အစိုးရကို မျှော်မှန်းနိုင်လိမ့်မည်ဟု ယုံကြည်ကြသူများလည်း ရှိသည်။ မည်သို့သော အစိုးရပင်ဖြစ်စေ နိုင်ငံတည်ဆောက်ရေးအတွက် လက်တွဲလုပ် ဆောင်သွားမည်ဟု လက်ခံထားကြသည့် တတိယအင်အားစုများလည်းရှိသည်။ ဤသည်မှာ ယနေ့ မြန်မာ့နိုင်ငံရေးတွင် ဖြစ်ပေါ်နေသည့် မြင်ကွင်းများ ဖြစ်သည်။

စစ်အစိုးရကို ဆက်ခံသော ပုံစံပြောင်းထားသော အရပ်သားအမည်ခံ အစိုးရသာဖြစ်သည်ဟု ဝေဖန်ကြသူတို့မှာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲက အနိုင်ရပြီး အာဏာလွှဲပေးခြင်း မခံရသည့် အုပ်စုများဖြစ်သည်။ ယင်းတို့ကို ထောက်ခံသော ပြည်တွင်းအုပ်စုများနှင့် စစ်အစိုးရကို ဆန့်ကျင်ခဲ့သော ပြည်ပ အခြေစိုက် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ယခုရွေးကောက်ပွဲနှင့် အစိုးရသစ်ကို လက်မခံသော အုပ်စုများဖြစ်သည်။

တတိယအင်အားစုများက ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှ ဆုံးဖြတ်ကြခြင်းဖြစ်သည်။ နိုင်ငံတွင် လိုအပ်နေသည်မှာ တရားဥပဒေ စိုးမိုးရေးနှင့် မူဝါဒများသာဖြစ်ရာ ယင်းတို့သာ  လက်တွေ့အကောင်အထည်ပေါ်ခဲ့ပါမူ မည်သူ ဦးဆောင်သည်ဖြစ်စေ အရေးမကြီးပါဟု ဆိုကြသည်။ အာဏာရှင်နိုင်ငံ ဖြစ်သော်လည်း မူဝါဒများ ခိုင်မာစွာရှိပြီး ခေါင်းဆောင်ကောင်းရှိသော စင်္ကာပူနှင့် စစ်တပ်ဦးဆောင် အင်ဒိုနီးရှားတို့ကို ဥပမာအဖြစ် ကိုးကားတင်ပြကြ သည်။

ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိသည်ဖြစ်ရာ ဤသို့မတူညီသော အုပ်စုများရှိနေခြင်းကပင် ဒီမိုကရေစီ တိုးတက် ဖြစ်ထွန်းရေးအတွက် အခြေခံကောင်းများဖြစ်သည်ဟု ယူဆရတော့မည်ဖြစ်သည်။ သို့ရာတွင် ဤအုပ်စုနှစ်ခုလုံးတွင် မပါဝင်သော လက်ရှိ စစ်တပ် အသွင်ပြောင်း အစိုးရ ဘာလုပ်နေသည်၊ ဘာတွေ တွေးနေသည်၊ ဘယ်ခြေလှမ်းပြင်နေသည်ကို ထည့်သွင်း မစဉ်းစားကြခြင်းဖြစ်သည်။ လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များကို အစိုးရသစ် လက်မခံလိုသူများက အကောင်းမမြင်ကြပေ။ အဘယ့်ကြောင့် အကောင်းမမြင်ရသနည်းဟုဆိုလျှင် စစ်အစိုးရကို ဆက်ခံသော အစိုးရဖြစ်၍ ဘာလုပ်လုပ် ကောင်းမည်မဟုတ်ဟု လွယ်ကူစွာပင် ဖြေလိုက်သည်။ အစိုးရ၏ လုပ်ဆောင်ချက်အပေါ် အချက်အလက် ကျကျဖြင့် သုံးသပ်ခြင်းမရှိပေ။ တဖန် တတိယအင်အားစု ဆိုသူများကလည်း အစိုးရသစ်၏ လုပ်ဆောင်ချက်အချို့ကို ကြိုဆိုသော်လည်း အားမလို အားမရဖြစ်ကြသည်။ ပညာရှင်အုပ်စုဖြစ်၍ အစိုးရ၏ လုပ်ရပ်သည် မည်သည့်နေရာတွင် မှန်သည်၊ လုပ်သင့်လုပ်ထိုက်သည်၊ မည်သည့်နေရာတွင် မှားနေသည် မလုပ်သင့်၊ မလုပ်ထိုက်၊ ထိုသို့ မလုပ်ထိုက်ဟု အကြံပေးသော်ငြား အစိုးရသစ်က လုပ်ဆောင်သဖြင့် အားမလိုအားမရဖြစ်ကြသည်။ ပညာရှင်ဆန်သော ရှုထောင့်သက်သက်မှ အကဲဖြတ်ခြင်းဖြစ်၍ ပညာရှင်အတွက် လွယ်ကူသောအဖြေတစ်ခုသည် အစိုးရနေရာယူထားသူ၏ စိတ်ကူး စိတ်သန်းကို ထည့်သွင်းထွက်ချက်ထားပုံမရ၊ အဓိကအားဖြင့် ဖြစ်ရပ်များအပေါ်တွင် အခြေခံ၍ အဖြေထုတ်ကြသည်။

ထိုသို့ဆိုလျှင် အစိုးရသစ်အနေဖြင့် မည်သို့စိတ်ကူးရှိနေသနည်းဟု ဆိုရလျှင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဟူသောစကားပုံအရ အစိုးရအနေဖြင့် ရည်ရွယ်ချက်များစွာ ရှိပေလိမ့်မည်။ သို့ရာတွင် မည်သို့သော အစိုးရအဖွဲ့၊ မည်သို့သော သမ္မတပင်ဖြစ်စေ ယင်းတို့ ဆက်လက်အာဏာ တည်မြဲရေးအတွက် မျှော်တွေးစဉ်းစားလိမ့်မည်မှာ မေးစရာမလိုသည့် မေးခွန်းဖြစ်သည်။ ဒေါင်ဒေါင်မြည် ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော အမေရိကန် ပြည်ထောင်စု၌ပင်လျှင် ရှေ့တွင် တာဝန်ထမ်းဆောင်သွားခဲ့သူ သမ္မတနှစ်ဦးလုံး သက်တမ်းနှစ်ကြိမ်စီ ပြန်အရွေးခံခဲ့ကြသည်။ ယခုလက်ရှိ သမ္မတ အိုဘားမားပင်လျှင် ဒုတိယအကြိမ်အတွက် ပြင်ဆင်နေပြီဖြစ်သည်။ ထို့ကြောင့် ပါတီတစ်ခု၊ အစိုးရအဖွဲ့တစ်ဖွဲ့၊ သမ္မတတစ်ဦးအနေဖြင့် အာဏာကို ရနိုင်သမျှ ဆုပ်ကိုင်ထားရန် ကြိုးပမ်းမည်မှာ သေချာနေသည့် ကိစ္စဖြစ်သည်။ အာဏာဆို သည်က လူတိုင်းကြိုက်သည့် အရာမဟုတ်ပါလား။

လက်ရှိ မြန်မာအစိုးရသည် စစ်တပ်မှလာသူများ ဦးဆောင်သည့် အစိုးရဖြစ်သည်။ သို့သော် အစိုးရဖြစ်သည့်အတွက် ယင်းလက်ဝယ်ရှိ အာဏာ ကိုလည်း ရှည်ကြာနိုင်သမျှ ရှည်ကြာအောင် ကိုင်ထားနိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။  ထိုသို့ နိုင်ငံတော်အာဏာကို ရေရှည်ဆုပ်ကိုင်ထားနိုင်ရန် ကြိုးပမ်းရာတွင် အခြားပါတီများ နိုင်ငံရေးသမားများထက် သာလွန်နေသည့် အချက်တစ်ချက်ရှိသည်။ ယင်းမှာ စစ်တပ်မှလာသော ပုဂ္ဂိုလ်များဖြစ်၍ အဝင်၊ အထွက်လမ်းကြောင်းကို တွက်ချက်ပြီးမှ စစ်ဆင် ရေးစသည့် ထုံးစံအတိုင်း ပွဲတစ်ပွဲကို မဟာဗျူဟာ နည်းကျကျ စဉ်းစားတတ်ခြင်းပင်ဖြစ်သည်။ စခန်းတစ်ခုကို သိမ်းပိုက်ရန် အဝင်လမ်းကြောင်းလိုသကဲ့သို့ မည်သည့် အချိန်တွင် သိမ်းပိုက်မည်၊ သိမ်းပိုက်ပြီးချိန်တွင် မည်ကဲ့သို့ ထိန်းသိမ်းထားမည်၊ မည်သည့်အချိန်တွင် ဆုတ်ခွာမည်ဆိုသည်ကိုပါ ထည့်သွင်းစဉ်းစားတတ်သည့် အလေ့အထကို နိုင်ငံရေးနယ်ပယ်တွင် ကျင့်သုံးခြင်းဖြင့် အာဏာဟူသော တပ်စခန်းကို ရေရှည်ဆုပ်ကိုင်နိုင်ရန် ကြိုးပမ်းရာတွင် အခြားအရပ်သားထက် တစ်ပန်းသာသည်။

အစိုးရသစ်အနေဖြင့် စစ်တပ်မှ အာဏာလွှဲပေးသည့် အခြေအနေသည် ဆုတ်လမ်းဟု ယူဆရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် နိုင်ငံတော် အာဏာကို ရယူထားခြင်းမှ မည်ကဲ့သို့ဆုတ်ခွာမည်ကို ရေးဆွဲသည့် မဟာဗျူဟာသည် ယင်းတို့ အလိုကျရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပင်ဖြစ်သည်။ ထိုသို့ဖြင့်ပင် စစ်တပ်ဟူသော ပုံရိပ်သည် နိုင်ငံရေး နယ်ပယ်မှ အောင်မြင်စွာ ဆုတ်ခွာသွားလေသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် စစ်အစိုးရ လူဟောင်းများက ပါဝင်ယှဉ်ပြိုင်ရန် ကြိုးပမ်းခြင်းသည် နိုင်ငံတော်အာဏာ ဟူသော စခန်းကိုသိမ်းပိုက်ရန် ရည်ရွယ်သည့် အဝင်လမ်းဖြစ်နေပြန်သည်။ မည်ကဲ့သို့ ဝင်မည်၊ မည်ကဲ့သို့ သိမ်းပိုက်မည် ဆိုသည်မှာ ယင်းတို့၏ မဟာဗျူဟာဖြစ်သည်။ ထိုသို့ဖြင့် နှစ်ပေါင်းများစွာ ကြိုတင်ပြင်ဆင်လာခဲ့သော  ပြည်ခိုင်ဖြိုးအသင်းကို ပါတီထောင်၍ ရွေးကောက်ပွဲ ဝင်ခဲ့သည်။ နိုင်ငံတွင်း၌ ရှိနေသော အကြောက်တရား၊ မလွန်ဆန်နိုင်သော အကြောင်းတရားများ( ဥပမာ ပြည်ခိုင်ဖြိုးပါတီ ကူညီပါမှ လမ်းခင်းရမည့် ရပ်ကွက်များ၊ ချေးငွေရမည့် လယ်သမားများ၊ စသည်ဖြင့်) ၊ အလိုလျောက် ပြင်ဆင်ခွင့်ရပြီးသော ဘဏ္ဍာရေးအစီအမံများသည် နိုင်ငံတော် အာဏာဟူသော စခန်းကို သိမ်းပိုက်ရန်အတွက် စစ်အစိုးရ လူဟောင်းများ အသုံးပြုခဲ့သည့် လက်နက်များဖြစ်သည်။ ရွေးကောက်ပွဲတွင် မသမာမှုများ ရှိခဲ့သည်ဟု အရပ်သားပါတီတို့က အော်ဟစ်နေသည့်တိုင် စစ်သားလူထွက်များအဖို့ ဥာဏ်ကစားမှုနှင့် နည်းဗျူဟာ ပိုင်နိုင်မှုဟု ချေပကြပေလိမ့်မည်။ ထိုသို့ဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သဖြင့် နိုင်ငံတော် အာဏာဟူသော စခန်းကုန်းသည် စစ်သားလူထွက်များ၏ စနစ်တကျ ရှိမှုအောက်တွင် သိမ်းပိုက်ခြင်း ခံရလေတော့သည်။

အာဏာဟူသော စခန်းကို ဆက်လက်ထိန်းသိမ်းနိုင်ရန်အတွက် စစ်တပ်တစ်ဖြစ်လဲ အစိုးရသည် မဟာဗျူဟာများ စဉ်းစားပြီးဖြစ်ပေလိမ့်မည်။ ထိုမဟာဗျူဟာများကို အကောင်အထည်ဖော်ရာတွင် အသုံးပြုရသည့် လက်နက်မှာ ယင်းတို့ ကိုယ်တိုင် အရပ်သား အစိုးရအဖြစ်ဖြင့် ပြဋ္ဌာန်းခဲ့သော ဥပဒေနှင့် မူဝါဒများပင်ဖြစ်သည်။ စစ်မှုထမ်းဥပဒေ( အစိုးရသစ်မတက်မီ ပြဋ္ဌာန်းခဲ့သည်)၊ ပင်စင်လစာ ဥပဒေ၊ ဝန်ထမ်းများ ရှားပါးစားရိတ် ထုတ်ပေးရေး ဥပဒေ၊ စစ်မှုထမ်းဟောင်းများအဖွဲ့ကို ပြန်လည်တည်ဆောက်မည့် ဥပဒေစသည်တို့သည် နိုင်ငံအတွက် အမှန်တကယ် အကျိုးကျေးဇူးပြုသည့် ဥပဒေများဖြစ်သကဲ့သို့ လက်ရှိအစိုးရ၏ အာဏာတည်မြဲရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီဝင် သန်းချီရပြီး ဖြစ်နေစေကာမူ ရေရှည်တွင် စိတ်ချရစေရန် စစ်မှုထမ်းဟောင်းများ အဖွဲ့ကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ယခင်ကသက်ကြီးရွယ်အိုများ၊ ဒုက္ခတိများဖြင့် ဖွဲ့စည်းထားသော်လည်း ယခုအချိန်တွင် ကျန်းမာသန်စွမ်းပြီး လက်ရှိအာဏာရဝန်ကြီးများပါ ပါဝင် ခေါင်းဆောင်လာတော့မည် စစ်မှုထမ်းဟောင်းအဖွဲ့သည် ဘဏ္ဍာရေးအင်အား တောင့်တင်းစွာဖြင့် လူမှုရေးလုပ်ငန်းများအတွင်း ခြေဆန့်လာတော့မည် ဖြစ်သည်။ စစ်သားဟူသည် အမိန့်ပေးမည့် ဗိုလ်ရောက်လာပါက တက်ကြွစွာ လှုပ်ရှားတော့မည်ဖြစ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့သည် လူမှုရေးနယ်ပယ် တွင် များစွာတွင်ကျယ်လာမည်ဖြစ်သည်။ ထိုသို့ဖြင့်ပင် ယင်းအဖွဲ့အပါအဝင် ယင်းအဖွဲ့နှင့် ဆက်နွယ်မှီခိုနေသူများသည် ဗိုလ်ချုပ်ဟောင်းကြီးများ ဦးစီးသောပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီအတွက် ပမာဏအလွန်ကြီးမားသည့် ဆန္ဒမဲအရေအတွက် ဖြစ်လာလိမ့်မည်မှာ သေချာသလောက် ရှိနေတော့ သည်။ ပင်စင်နှင့် ဝန်ထမ်းရှားပါးစားရိတ်များကလည်း အစိုးရ ဝန်ထမ်းဟောင်းကြီးများနှင့် ဗျူရိုကရေစီ ယန္တရားတွင် လည်ပတ်နေသော လူအုပ်စုကြီး၏ ဆန္ဒမဲများကို ဝယ်ယူလိုက်သည့် ငွေကြေးပင်ဖြစ်သည်။

နောက်ဆုံး လက်နက် စစ်မှုထမ်းဥပဒေဖြင့် အသက် ၁၈ နှစ်ကျော် လူငယ်အားလုံးကို စစ်ထဲခေါ်သွင်း၍ တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဖြင့် အကျင့် ပါအောင် ရိုက်သွင်းထားနိုင်ပါလျှင် နိုင်ငံတော်တွင် အတိုက်အခံဆိုသည်မှာ မိုက်ခရိုစကုပ်နှင့် လိုက်၍ရှာရတော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့ မည်ဖြစ်သည်။ စစ်တပ်၏ အကွက်ကျကျ၊ ထောင့်စေ့စေ့ တွေးတောမှုကို သာမန်အရပ်သားအနေဖြင့် လိုက်မှီရန် မလွယ်ကူသည်ကို တွေ့ရခြင်း ဖြစ်သည်။

စာရေးသူအနေဖြင့် လက်ရှိ အစိုးရအနေဖြင့် အာဏာဆက်လက်တည်မြဲရေး ကြိုးပမ်းနေမှုကို လက်ခံနားလည် ပေးနိုင်ပါသည်။ ဗလာဒီမာ ပူတင်၊ လီကွမ်ယု စသည့် ပုဂ္ဂိုလ်များပင်လျှင် နိုင်ငံတော်အာဏာတည်မြဲရေးအတွက် ကြိုးစားနေဆဲ ဖြစ်သည်ကိုတွေ့နေရပါသည်။ သို့ရာတွင် စာရေးသူ မျှော်မှန်းမိသည်မှာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခြင်းသည် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ပူတင်နှင့် လီကွမ်ယုကဲ့သို့ နိုင်ငံတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲ တိုးတက်ရေး အတွက် အမျှော်အမြင် ကြီးမားစွာ ဆုပ်ကိုင်ထားခြင်းမျိုးသာ ဖြစ်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs