Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၆.၇.၂၀၁၁

ဘာသာပြန်သတင်းများ

တိုင်းရင်းသားအများအပေါ် ဗမာတို့က ကိုလိုနီလက်သစ် အမျိုးသားရေးအစွန်းရောက်ဝါဒကျင့်သုံးဆက်ဆံ

(Asian Tribune မှ 11 July 2011 ရက်စွဲပါ Burma acts as neocolonial nationalist on ethnic people ဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ကချင်တို့အပေါ် မြန်မာတပ်များ ကျူးကျော်တိုက်ခိုက်ခြင်းနှင့် ပတ်သက်သည့် စာမျက်နှာ ၉ မျက်နှာပါ လေ့လာမှုအစီရင်ခံစာ တစ်စောင် ဖြစ်သော Postcolonial Nationalistic Interpertation ကို ဇော်လွန်းက ရေးသားပြီး Kachin News Group ၏ အွန်လိုင်းသတင်းလွှာ ကဏ္ဍမှတစ်ဆင့် အများပြည်သူ ဖတ်ရှုနိုင်ရန် ဇူလိုင် ၁၀ ရက်နေ့တွင် ဖြန့်ချိလိုက်ပြီဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်များအပေါ် မြန်မာ့တပ်မတော်က ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အမြဲလိုလို နိုင်ငံရေးအရ လုံခြုံမှုမရှိသည့် အခြေအနေများကြားမှ သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အရပ်ဝတ်တပ်မတော်အစိုးရသစ်၏ မူဝါဒကို ထင်ဟပ်သော စည်းကမ်းပြည့်သည့် ဒီမိုကရေစီ အမည်ခံ တပ်မတော်စနစ်၏ အလေ့အထထုံးစံများကို Kachin Research Group မှ ဇော်လွန်းက ရေးသားထားခြင်း ဖြစ်သည်။

ထို့အပြင် ၁၉၄၇ ပင်လုံသဘောတူညီချက်အရ ကချင်၊ ရှမ်း၊ ချင်းစသော တိုင်းရင်းသားလူမျိုးတို့၏ စစ်မှန်သော ပူးပေါင်းပါဝင်မှုနှင့် အားထုတ်မှုများကို ၎င်းစာတမ်းတွင် ထည့်သွင်းသုံးသပ်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေး ပင်လုံသဘောထား အကောင်အထည် ဖော်ခြင်းကို ယနေ့အထိ စနစ် တကျ ချိုးနှိမ်ဖျက်ဆီးနေသည့် လက်ရှိအနေအထားကိုလည်း ၎င်းစာတမ်းတွင် ပြစ်တင်ဝေဖန်ထားသည်။ အာဏာလက်ရှိ မြန်မာအစိုးရက ပင်လုံစာချုပ်ခေတ်မှာ လွန်ပြီဟု သုံးနှုန်းပြောဆိုနေခြင်းကြောင့်ပင်ဖြစ်သည်။

မျက်ကန်း မျိုးချစ်၊ တိုင်းပြည်ချစ်၊ လူမျိုးရေးအစွန်းရောက်ဝါဒပေါ်တွင် အခြေခံသည့် ဗမာလူမျိုးကြီး ဝါဒကို တည်ဆောက်ကာ ဗမာတို့ လက်ထဲတွင်သာ အာဏာရှိအောင် လက်ဝါးကြီးအုပ်ထားသည့် ဗမာအုပ်စုများသည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရ အာဏာနှစ်ခုစလုံးကို လောဘတကြီး ဆုပ်ကိုင်ထားကာ ဖက်ဒ ရယ်မူအရ အာဏာမျှဝေပေးရေးကိစ္စကို ပယ်ချလျက်ရှိသည်။

ထို့အပြင် အခွင့်အရေးနှင့် အခွင့်အလမ်းများအားလုံးကိုလည်း ဖြတ်တောက်ပစ်ခဲ့ကြပြီး အာဏာ လက်ရှိဗမာများက တိုင်းရင်းသားလူမျိုးများကို တိုင်းတပါးသား၊ ရန်သူများသဖွယ် ဆက်ဆံနေကြသည်ဟု ၎င်းစာတမ်းတွင် ဖော်ပြထားသည်။

စာတမ်းရှင်းအရ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေအကြားမှ ပြည်တွင်းစစ်အကြောင်းကိုလည်း ပြန်လည်သုံးသပ်ထားသည်။ အဆိုပါ စာတမ်းတွင် ဦးသိန်းစိန်အစိုးရတပ်များက ဆန်ဂန်မှ KIO ပိုင်နက်ကို ကျူးကျော်ဝင်ရောက်ကာ KIA ၏ ဘမ်ဆန်စခန်းကို ၂၀၁၁ ဇွန်လ ၁၂ ရက်တွင် သိမ်းပိုက်လိုက်ချိန်တွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်အကြားမှ ၁၇ နှစ်ကြာ အပစ်ရပ်သဘောတူညီ ချက်လုံးဝပျက်ပြား သွားခဲ့သည်ဟု ရေးသားထားသည်။

ကချင်မြေပေါ်တွင် ပြည်တွင်းစစ်မဖြစ်အောင် ရှောင်ရှားရန်အတွက် KIO က အကြိမ်ကြိမ်တရားဝင် သတိပေးနေသည့် ကြားမှပင် တိုက်ပွဲများဖြစ်ပွားခဲ့ရသည်။ KIA တပ်ဖွဲ့အားစတင်ပစ်ခတ်သည့် မြန်မာတပ်ဖွဲ့များကို ပြည်လည်ခုခံပစ်ခတ်ရခြင်းကြောင့် ဇွန်လ ၉ ရက်တွင် ဆန်ဂန်တိုက်ပွဲစတင်ဖြစ်ပွားသည်။ ယင်း တိုက်ပွဲသည် ၃ ရက်နေ့နှင့် ၃ ညကြာခဲ့သည်။ ယင်းတိုက်ပွဲကြောင့် ကချင်မြေတစ်လွှားမှ မြန်မာအစိုးရတပ် များနှင့် KIA တပ်ဖွဲ့အကြားတွင် ပြည်တွင်းစစ်ဖြစ်ပွားကြောင်း KIO က ကြေညာခဲ့ရသည်ဟု စာတမ်းတွင် ရှင်းလင်းဖော်ပြထားသည်။

မြန်မာအစိုးရတပ်ဖွဲ့များနှင့် အဓိကအားဖြင့် ဆက်သွယ်ရာတွင် အသုံးပြုသည့် တံတားများအရေ အတွက် ဒါဇင်နှင့် ချီ၍ ဖျက်ဆီးခဲ့ရခြင်းမှာ လုံခြုံရေး လိုအပ်ချက်အရဖြစ်ပါကြောင်း စာတမ်းတွင် ထုချေရှင်း လင်းထားသည်။ ဒေသတစ်ခုလုံးသို့ စစ်ပွဲပြန့်နှံသွားပါက အထူးသဖြင့် မြန်မာအစိုးရ ဖက်တွင် ထိခိုက်သေ ဆုံးမှုအရေအတွက် များပြားလာလိမ့်မည်ဟု ယူဆရသည်။

ပြည်တွင်းစစ်အတွင်း အစိုးရတပ်ဖွဲ့များ၏ ဆိုးဝါနိမ့်ကျသော အပြုအမူကြောင့် ဗမာလူမျိုးကြီးဝါဒကို သတိပြုစရာဖြစ်လာသည်။ ဗမာစစ်သားများသည် စစ်ပွဲနယ်မြေဧရိယာထဲမှ ဒေသခံကချင်များကို လူမဆန်သည့် နှိပ်စက်ညှင်းပန်းမှု၊ သတ်ဖြတ်မှု၊ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြပြီး၊ ကုလသမဂ္ဂလူ့အခွင့် အရေးကြေညာစာတမ်းနှင့် နိုင်ငံတကာ စစ်သုံးပန်းဥပဒေတို့ကို ချိုးဖောက်လျက်ရှိသည်ဟု စာတမ်းတွင် ထောက်ပြဝေဖန်ထားသည်။

အထက်ပါလေ့လာမှုအစီရင်ခံစာကို ရေဒီယိုသတင်းများ၊ သတင်းစာများ၊ သတင်းပေးပို့ချက်များနှင့် အင်တာဗျူးများမှ ရနိုင်သမျှ အချက်အလက်များပေါ်တွင် အခြေခံကာ ပြုစုရေးသားခဲ့ခြင်းဖြစ်သည်ဟု Kachin Research Group ကဆိုပါသည်။ သီတင်းတစ်ပတ်အကြာ တိုက်ပွဲအပြီးတွင် အစိုးရအာဘော် New light of Myanmar သတင်းစာက ကချင်သူပုန်များကြောင့် တိုက်ပွဲဖြစ်ရကြောင်း ပြစ်တင်ထားခြင်းကြောင့် စာတမ်း၏ ပထမအပိုင်းတွင် KIO အဖွဲ့အပေါ် ဦးသိန်းစိန်အစိုးရတပ်များက ကျူးကျော်စစ်ဆင်နွှဲသည့် မူဝါဒကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ထားသည်။ နိုင်ငံပိုင်သတင်းစာက KIA ဘမ်ဆန်စခန်းတွင် တိုက်ပွဲဖြစ်ရခြင်းမှာ စတင်ပစ်ခတ်သည့် ကချင်သူပုန်များကို မလွှဲမရှောင်သာ တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး တရုတ်နိုင်ငံက လာရောက်တည်ဆောက်နေသော ရေအားလျှပ်စစ်စီမံကိန်းကို ကာကွယ်ရန်ဖြစ်သည်ဟု အကြောင်းပြ ရေးသားခဲ့ခြင်းကြောင့်ဖြစ်သည်။

စာတမ်းတစ်နေရာတွင် အစိုးရအာဘော်သတင်းစာက ရေးသားသည့် ကချင်တိုင်းရင်းသားသူပုန်များ တရုတ်တို့တည်ဆောက်နေသော ရေအားလျှပ်စစ် စီမံကိန်းကာကွယ်ရေး စသောစကားလုံးများကို အရှိအတိုင်းကျိုးကြောင်း ဆပ်စပ်သုံးသပ်ကြည့်လျှင် ဗမာလူမျိုးကြီး ဝါဒအဖြစ် ကျင့်သုံးနေသည့် ဗမာစိုးမိုးရေး အစီအစဉ်နှင့် အခြေခံမူဝါဒကို ထင်ဟပ်နေကြောင်း၊ ဦးသိန်းစိန်စေလွှတ်သည့် အစိုးရတပ်များက ဒေသခံ ပြည်သူများကို နည်းပေါင်းစုံဖြင့် ဆက်ဆံပြုမူလျက်ရှိကြောင်း အဆိုပါစာတမ်းတွင် အကျယ်တဝင့် ရှင်းလင်းဖော်ပြထားသည်ကို ဖတ်ရှုရသည်။

စာတမ်းရှင်က ကောက်ချက်ချရာတွင် ထို့အတွက်ကြောင့် ယခုအချိန်သည် တစ်စုံတစ်ဦးလွှမ်းမိုးသော တိုင်းပြည်တွင် အခြားတစ်ဦး သစ္စာဖောက် အခေါ်ခံရစေမည့် အမျိုးသားဝါဒမျိုးကို အလွန်အကျွံဖက် တွယ်ထားရမည့် အချိန်မဟုတ်ပဲ တော်လှန်ပြောင်းလဲခြင်း၊ အားလုံးအတွက် မျှော်လင့်ချက်၊ ဘေးကင်းလုံခြုံမှု၊ ငြိမ်းချမ်းရေးနှင့် ဂုဏ်သိက္ခာစသည်တို့ကို ဖြည့်စွမ်းပေးမည့် စစ်မှန်သော အမျိုးသားရေးဝါဒကို ချဉ်းကပ်ရမည့်အချိန်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကျင့်သုံးရမည့် အမျိုးသားရေးဝါဒမှာ မျက်နှာလိုက်ခွဲခြား ဆက်ဆံမှု၊ တိုင်းရင်းသားမျိုးဖြုတ်သန့်စင်မှုစသည့် မယဉ်ကျေးသော အပြုအမူအားလုံးကို ဖယ်ရှားတွန်းလှန်ကာ ပြည်သူများထံ၌သာ အမှန်တကယ်အာဏာရှိသည့် အဆင့်မြင့်ယဉ်ကျေးသော အယူအဆကို ချဉ်းကပ် ရမည်ဖြစ်ပြီး တပ်မတော်အင်အားကို ကိုယ်ကျိုးစီးပွားအတွက် တလွဲအသုံးပြုနေသူများကို လေးစားရန် မလိုအပ်ပေဟု ရေးသားထားသည်။

ကာကွယ်ရန် တပ်စွဲထားသည့် တရားဝင်တပ်ဖွဲ့အဖြစ်လည်းကောင်း KIA ကိုမူ နိုင်ငံတော် မူဝါဒနှင့် စီမံကိန်းကို ဆန့်ကျင်သည့် သောင်းကျန်းသူများ အဖြစ်လည်းကောင်း  ရည်ညွှန်းရေးသားထားသည်ကို ကြည့်လျှင် ထိုအချက်ကို ထင်ရှားစွာတွေ့မြင်ရသည်ဟု ရေးသားတင်ပြ ထားသည်။

ကချင်၊ ရှမ်း၊ ကရင်နှင့် အခြားသော တိုင်းရင်းသားများကို ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထွက်လိုသူများဟု စွပ်စွဲကာ ရှုတ်ချခြင်း မပြုသင့်ကြောင်း၊ ကချင်တို့သည် မျက်ကန်းမျိုးချစ်တပ်မတော် ခေါင်းဆောင်များ၏ လက်ထဲမှ ဖက်ဒရယ်ဒီမိုကရေစီရရန် ရုန်းကန်လှုပ်ရှား နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား နယ်မြေအသီးသီးတွင် ကိုလိုနီလက်သစ်အာဏာကို လက်ရှိအစိုးရက ကိုယ်စားပြုနေကြောင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်ဒူးဝါးများ အကြားထားရှိခဲ့သော ညီရင်းအကိုရင်းနှီးချစ်ကြည်မှုစိတ်ဓာတ်ကသာလျှင် ပင်လုံသဘောတူညီချက်ကို လှုပ်ရှားသက်ဝင် စေနိုင်ကြောင်း စာတမ်းအတွင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမလွတ်မြောက်လာပြီး၊ နောက်တစ်ရက်တွင် ၂၁ ရာစုအမြင်နှင့် အံဝင်ခွင်ကျဖြစ်မည့် ဒုတိယပင်လုံ ညီလာခံတစ်ခု ကျင်းပရန် သူမဆန္ဒရှိကြောင်း မီဒီယာများကို ပြောကြား ခဲ့သည်။

သမ္မတဦးသိန်စိန်၏ အရပ်ဝတ်တပ်မတော်အစိုးရသစ်သည် တိုင်းရင်းသား ပြည်သူများ၏ နိုင်ငံရေးဆန္ဒအမှန်ကို လေးစားခြင်း၊ ဖြေရှင်းပေးခြင်း မရှိပါက တောင်တန်းတိုင်းရင်းသားနယ်မြေတစ်လွှားမှ နိုင်ငံရေး၊ အုပ်ချုပ်ရေး ပဋိပက္ခအခြေအနေများကို အဆုံးသတ်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပါ။ အမျိုးသားပြန် လည်စေ့စပ်ရေးနှင့် တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စနှစ်ရပ်မှာ ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းသဖွယ် ကိုယ်စားပြုလျက်ရှိကြသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သစ်ပင်များမညှာမတာအပြောင်းရှင်းမှုကြောင့် မြန်မာနိုင်ငံမှာ တောင်ကတုံးများဖြစ်နေ

အဆိုပါတောင်ကတုံးကို သတ္ထုတူး၍ အပြောင်းရှင်းမည့်တရုတ်ကပြော

(13 July 2011 ရက်စွဲပါ Globe and Mail မှ Mark Mackinnon ရေးသားသော Ruthless Clear – cutting bares Myanmar’s hills ကို ဘာသာပြန် ပါသည်။)

တရုတ်နိုင်ငံအနောက်တောင် ကူမင်းသစ်ဈေးကွက်မှ ကုန်သည်များသည် ဆယ်စုနှစ်နှစ်ခုကျော်ကျော်ခန့် စစ်တပ်အုပ်ချုပ်သော အပယ်ခံ နိုင်ငံဖြစ်သော မြန်မာနိုင်ငံနှင့် ကျွန်းနှင့် အခြားသစ်များ အရောင်းအဝယ်ကောင်းခဲ့ပါသည်။

အဆိုပါကုန်သည်များသည် ကူးမင်းမြို့စွန်တွင် ဂိုဒေါင်များဖြင့် သစ်အချောထည်များ၊ သစ်လုံး များသိုလှောင်ထားပါသည်။

သို့သော် ယခုအချိန်တွင်မူ မြန်မာ့သစ်တစ်ခုတည်းဖြင့် အလုပ်မဖြစ်တော့ကြောင်း ကုန်သည်များက ပြောကြပါသည်။ အချို့သည် လာအိုနိုင်ငံမှ မထိတို့ရသေးသော သစ်တောများဆီသို့ အာရုံပြောင်းခဲ့ကြပြီး၊ အချို့ကလည်း မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ငန်းသို့ ပြောင်းလဲ လုပ်ကိုင် နေကြပါသည်။ အချို့မှာ ၎င်းတို့၏ ဆိုင်များကို အပြီးပိတ်ထားလိုက်ကြပါသည်။

မြန်မာနိုင်ငံကို အုပ်ချုပ်သော ဗိုလ်ချုပ်များ၏ အတိုက်အခံများ အတွက်မူနှစ်ပေါင်းများစွာ စိတ်မကောင်းစရာများကိုချည်း ပြောရတော့မည် ဖြစ်ပါသည်။ မြန်မာအစိုးရသည် ငွေကို အငမ်းမရ မက်သော်လည်း sanction များရှိနေသောအခါ တိုင်းပြည်၏ရှေးယခင်ကတည်က ကုန်သွယ်ဖက် တရုတ်ကုမ္ပဏီများအား သစ်တောများနှင့် သံယံဇာတများကို လမ်းဖွင့်ပေးခဲ့ပါသည်။

နှစ်ပေါင်းနှစ်ဆယ်ခန့်သစ်တောများကို အတားအဆီးမရှိ အပြောင်းရှင်းခုတ်ခဲ့သောကြောင့် မြန်မာနိုင်ငံတွင် ကျွန်းသစ်နှင့် အခြားသစ်များ အစိတ်အပိုင်း အနည်းသာကျန်တော့ကြောင်း ကုန်သည်များနှင့် သစ်တောပညာရှင်များက ပြောကြပါသည်။ ကူမင်းရှိ သစ်ကုန်သည်များက ပြောကြားရာတွင် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင် ခုတ်စရာကျွန်းကုန်တော့မည်ဖြစ်ကြောင်းပြောပါသည်။ ကူမင်းသည် မြန်မာသစ်များ ရောင်းဝယ်ရာ အကြီးဆုံးဌာနကြီးဖြစ်ပါသည်။

“အခုလို မြန်မြန်ခုတ်နေမယ်ဆိုရင် နောက်ဆယ်နှစ်တောင်မခံတော့ဘူး။ ငါးနှစ်ခြောက်နှစ်ဆိုရင် ကုန်ပြီ”ဟု စိန်လုံသစ်ကုမ္ပဏီမှမန်နေဂျာ Chan Jinian က ပြောပါသည်။ စိန်လုံသစ်ကုမ္ပဏီသည် ၎င်း၏ ဦးလေးပိုင်ဖြစ်ပြီး မြန်မာနိုင်ငံမှ သစ်များကို ၁၉၉၀ အစောပိုင်းကတည်းက တင်သွင်းသော ကုမ္ပဏီဖြစ်ပါသည်။

နယ်စပ်သို့သွား၍ သစ်အရောင်းအဝယ်အတွက် စကားပြော၍ ပြန်လာသော Mr Chan က ပြောကြားရာတွင် နယ်စပ်တွင် တစ်ချိန်က ထူထပ်စွာရှိနေသော သစ်တောများပြောင်ကုန်၍ ယခုအခါ ၎င်း၏ကုမ္ပဏီသည် သစ်ကောင်းရရန် မြန်မာနိုင်ငံအတွင်းပိုင်းသို့ သွားရောက်ရှာဖွေရကြောင်း ပြောပါသည်။ တရုတ်နိုင်ငံယူနန်နယ်ထဲတွင်မူ သစ်ခုတ်ခြင်းကို အာဏာပိုင်များက ဥပဒေဖြင့် တင်းကြပ်စွာ တားမြစ်ထားမှုကြောင့် တန်ဖိုးရှိသော သစ်တောများ ရှိနေဆဲဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်မူ နေပြည်တော်မှ ဗဟိုအစိုးရကရော၊ သက်ဆိုင်ရာ စစ်တိုင်းမှူးများကရော၊ ထိုဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင် များကပါငွေကို အငမ်းမရလိုချင်သောကြောင့် သစ်တောများကို လိုလိုလားလားအားလုံးအား လွတ်လွတ်လပ်လပ်ရောင်းချခဲ့သည်ဟု Mr Chan က ပြောပါသည်။ “နယ်စပ်ကနေ မြန်မာနိုင်ငံဘက်ကို သွားရင် သစ်ပင်မရှိတဲ့ တောင်တွေကို တွေ့ရလိမ့်မယ်။ သစ်ပင်တွေအားလုံး ကုန်သွားရင်၊ အဲဒီတောင်တွေမှာ သတ္တုတူးဖို့ ကျွန်တော်တို့အာရုံစိုက်ရမယ်” ဟု ၎င်းက ပြောပါသည်။

Mr Chan ၏ စိတ်ပျက်ဖွယ်ပြောကြားမှုများမှာ ကူမင်းသစ်ဈေးကွက်မှ အခြားကုန်သည်များ၏ ပြောကြားချက်များနှင့် အတူတူပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ကျွန်းနှင့် အခြားသစ်များရှားပါးလာမှုကြောင့် ဈေးတက်လာပြီး၊ လိုအပ်ချက်ကိုလည်း ပြည့်အောင် မပေးနိုင်ကြောင်းပြောကြပါသည်။ ကုန်သည်များက ပြောကြားရာတွင် ယခုနှစ်ပိုင်းများတွင် စီးပွားရေးမှာ သိသိသာသာကျဆင်းကြောင်း၊ ကမ္ဘာငွေကြေးဈေးကွက်ကျ ဆင်းမှုကြောင့် လည်းကောင်း ဖြစ်သည်ဟု ဆိုကြပါသည်။

မြန်မာနိုင်ငံအပေါ်တွင် ချမှတ်ထားသော အနောက်နိုင်ငံများ၏ အရေးယူမှုများကလည်း ကဏ္ဍတစ်ခုမှ သက်ရောက်မှုများရှိလိမ့်မည်ဖြစ်ပါသည်။ ကုန်သည်များက ပြောကြားရာတွင် ၎င်းတို့၏ ဖောက်သည်များစုမှာ ဥရောပနိုင်ငံများမှဖြစ်ပြီး၊ ယခုနှစ်ပိုင်းတွင်း ၎င်းတို့၏ အမှာစာများ လျော့နည်းလာသည်ဟု ဆိုပါသည်။ The Globe and Mail မှ စကားပြောခဲ့သော ကူမင်းသစ်ဈေးကွက်မှ လူအားလုံးသည် ၎င်းတို့၏ တည်ရှိမှုအပေါ် သတိထားမိလာကြပြီဖြစ်ပါသည်။

“နောက်ဆယ်နှစ်လောက်ဆို၊ မြန်မာနိုင်ငံက သစ်တွေမရနိုင်တော့ဘူး”ဟု Huang အမည်ရှိ ကုန်သည်က ပြောပါသည်။ ၎င်း၏ ကုမ္ပဏီပိုင် ဂိုဒေါင်တွင် လာအိုနိုင်ငံမှ Rosewood များကို သိုလှောင်ထားပါ သည်။ “မြန်မာနိုင်ငံသစ်ဝယ်တဲ့ ကုန်သည်ရဲ့ ငါးပုံတစ်ပုံလောက်ပဲ မြန်မာနိုင်ငံမှာ အလုပ်လုပ် နေကြတော့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့တခြားမှာ အခွင့်အလမ်းတွေသွားရှာရဦးမှာပါ”ဟု ၎င်းက ပြောပါသည်။

ဗြိတိန်အခြေစိုက် NGO ဖြစ်သော Global Witness မှ ၂၀၀၅ တွင် ထုတ်ပြန်သော “The Choice for China Ending the Destruction of Burma’s frontier forests” အစီရင်ခံစာတွင် မြန်မာနိုင်ငံမြောက် ပိုင်းမှ သစ်တောများ ပြုန်းတီးရန် လက်တကမ်းသာလိုတော့သည်ကို တွေ့ရှိရသည်ဟု ဖော်ပြထားပါသည်။ အပြောင်းရှင်းသစ်ခုတ်မှုများ၊ သစ်မှောင်ခိုထုတ်မှုများသည် နောက်ပိုင်းတွင် နေပြည်တော်ရော Beijing ကပါဥပဒေများရော၊ အခွန်များပါတင်းကြပ်မှုကြောင့် အနည်းငယ်နှေးကွေးသွားခဲ့ပါသည်။ Global Witness မှ သုတေသနပြုသူဟောင်းတစ်ဦးဖြစ်သူက အဆိုပါ သစ်တောများ ပြန်လည်ထူထောင်ရေးအတွက် ဆယ်စု နှစ်ပေါင်းများစွာတာဝန်ယူစီမံခန့်ခွဲရန် လိုသည်ဟုဆိုပါသည်။

“ဆယ်စုနှစ်တစ်ခုအတွင်းမှာ သယံဇာတတွေပြောင်းမယ်ဆိုတဲ့ ကိစ္စကဖြစ်နိုင်ပါတယ်”ဟု မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအမည်မဖော်လိုသူ သုတေသန ပြုသူတစ်ဦးကပြောပါသည်။

သူတို့သစ်ပင်ကို ဘယ်လိုဖြတ်သလဲ၊ ဘာတွေချန်ခဲ့မလဲဆိုတာပေါ်မှာမူတည်ပါတယ်။ ငွေတော့ကုန်တာပေါ့” ဟု ၎င်းကပြောပါသည်။ သစ်တော များ ပြောင်နေသည်ကို တရုတ်မြန်မာနယ်စပ်သို့သွားသူတိုင်း ချက်ခြင်းမြင်နိုင်သော ကိစ္စဖြစ်ကြောင်း သူမကပြောပါသည်။ မြန်မာနယ်စပ်က သစ်လုံး တင်သွင်းတဲ့ တရုတ်ကုမ္ပဏီတွေဟာ အခုသစ်ပင်များတင်သွင်းနေပါတယ်။ “အကောင်းဆုံးလုပ်တယ်ဆိုရင်တောင် ဒီသစ်တောတွေကြီးလာဖို့ နှစ်ပေါင်းများစွာ ကြာဦးမှာပါ”ဟု သူမကပြောပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

တရုတ်က ၂၀၁၀ တွင် Website ၁.၃ သန်းပိတ်

(13 July 2010 ရက်စွဲပါ BBC News မှ China 1.3 Million Website shut in 2010 ကို ဘာသာပြန်ပါသည်။)

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့်နှစ်က Website တစ်သန်းကျော်ပိတ်ခဲ့ကြောင်း နိုင်ငံပိုင်ဥာဏ်ကြီးရှင် အဖွဲ့ကပြောပါသည်။

တရုတ်လူမှုသိပ္ပံအကယ်ဒမီက ပြောကြားရာတွင် လွန်ခဲ့သည့် တစ်နှစ်ကထက်စာလျှင် ပိတ်သည့် အရေအတွက် ၄၁% ပိုနည်းကြောင်း ပြောပါသည်။ တရုတ်အာဏာပိုင်များသည် မကြာသေးမီနှစ်များအတွင်းက အင်တာနက်နှင့် ပတ်သက်သော စည်းမျဉ်းများတင်းကြပ်ခဲ့ရာ၊ ၂၀၀၉ ခုနှစ်တွင် ညစ်ညမ်း Website များအား နှိပ်နင်းခဲ့ပါသည်။

အကယ်ဒမီမှ သုတေသနပြုသူတစ်ဦးက ပြောကြားရာတွင် တရုတ်တွင် Online တွင် လွတ်လပ်စွာ ပြောဆိုခွင့်အတော်များများရှိသည်ဟု ပြောကြားချက်နှင့် ပတ်သက်၍ ဆက်စပ်မှုမရှိကြောင်း ပြောပါသည်။

Liu Ruisheng က ပြောကြားရာတွင် Website များလျော့နည်းသွားသည်ဆိုသော်လည်း၊ Web စာမျက်နှာများမှာ ၂၀၁၀ တွင် ၆၀ ဘီလီယံအထိ တိုးပွားလာခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်ကထက်စာလျှင် ၇၉% တိုးလာ ပါသည်။

“ဒါက ဘာကိုပြသလဲဆိုတော့ ကျွန်တော်တို့ကို စည်းမျဉ်းတွေနဲ့ ဘယ်လိုကန့်သတ်နေပေမယ့်လည်း၊ ကျွန်တော်တို့ ဆန္ဒတွေ ပိုအားကောင်း လာတယ် ဆိုတာပြတာပါပဲ” ဟု ၎င်းကပြောပါသည်။

လူ့အဖွဲ့အစည်းရပိုင်ခွင့်လှုပ်ရှားသူများသည် တရုတ် Web ဆင်ဆာကို ကာလရှည်ကြာကပင် ဆန့်ကျင်ခဲ့ပါသည်။ တရုတ် Web ဆင်ဆာသည် Great Firewall of China ဖြင့် Website များကို ထိန်းချုပ် ပါသည်။

၎င်းသည် Website တော်တော်များများအား မှန်မှန်ပိတ်ခဲ့ရာ BBC တရုတ်ဘာသာအစီအစဉ်၊ လူမှုရေးမီဒီယာ Website များဖြစ်သော Facebook ၊ Youtube နှင့် Twitter များကိုပိတ်ထားပါသည်။

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မနီလာက နယ်မြေအငြင်းပွားမှု ကုလသမဂ္ဂသို့ တင်ပြန်ရန် အဆိုပြုချက် တရုတ်ပယ်ချ

(13 July 2011 ရက်စွဲပါ AP သတင်းဌာန၏ China rejects Manila offer to bring dispute to UN ကို ဘာသာပြန်ပါသည်။)

တောင်တရုတ်ပင်လယ်တွင် နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ ကုလသမဂ္ဂတရားရုံးသို့ တင်ပြရန် မနီလာ၏ အဆိုပြချက်အား တရုတ်နိုင်ငံက ပယ်ချခဲ့ခြင်းအား ဖိလစ်ပိုင်ထိပ်တန်းသံတမန်က ဝေဖန်ခဲ့ပါ သည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Albert del Rosario က ဗုဒ္ဓဟူးနေ့က ပြောကြားရာတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံတကာက လက်ခံထားသော ဥပဒေများနှင့်အညီဖြစ်ရေးအတွက် တရုတ် အား လိုလားသည်ဟုဆိုပါသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ကြွယ်ဝသော Spratly ကျွန်းများကိစ္စအား နိုင်ငံတကာ ပင်လယ်ပြင် ဥပဒေဆိုင်ရာ တရားရုံးသို့ တင်ပြန်ရန် ဖိလစ်ပိုင် အဆိုပြုချက်အား အင်္ဂါနေ့က တရုတ်က ပယ်ချခဲ့ပါသည်။

Spratly ကျွန်းများ တစ်ခုလုံးသို့မဟုတ် တစိတ်တစ်ပိုင်းအား ပိုင်ဆိုင်ရန် တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူးနိုင်းတို့က တောင်းဆိုလျက်ရှိကြပါသည်။

  ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဘာလီကျွန်း အရှေ့ထိပ်သီးညီလာခံသို့ သမ္မတ အိုဘားမား တက်ရောက်မည်

(AFP သတင်းမှ 13 July 2011 ရက်စွဲပါ “Obama to attend Asia Summit in Bali” သတင်းကိုဘာသာပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမားသည် ယခုနှစ်ကုန် ဘာလီကျွန်း၌ ပြုလုပ်မည့် အရှေ့အာရှ ၁၈ နိုင်ငံ ထိပ်သီးညီလာခံ ဆွေးနွေးပွဲများကို ပါဝင်တက်ရောက်လိမ့်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဌာနက အင်္ဂါနေ့တွင် အတည်ပြုပြောဆိုခဲ့သည်။

နိုဝင်ဘာလတွင် ကျင်းပမည့်အရှေ့အာရှထိပ်သီးညီလာခံကို ပထမဆုံးအကြိမ်ပါဝင်ဆင်နွှဲမည့် သမ္မတ အိုဘားမားအတွက် ကြိုတင် ပြင်ဆင်ရန် အတွက် ယခုလကုန် အင်ဒိုနီးရှား၌ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ရှိနေလိမ့်မည်ဟု နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Victoria Nuland ကပြောကြားသည်။

ဘာလီကျွန်းမှ ဒေသခံတာဝန်ရှိသူတစ်ဦးက မိမိတို့ အင်ဒိုနီးရှားအပန်းဖြေကျွန်းသည် မစ္စတာ အိုဘားမားကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် ကြိုဆိုရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျှက်ရှိသည်ဟု မေလတွင် ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားတို့လည်းပါဝင် တက်ရောက်ကြမည့် ဒေသတွင်း မဟာဗျူဟာမြောက် ဆွေးနွေးပွဲကို သမ္မတ အိုဘားမားတက်ရောက်ရန် စီစဉ်နေကြောင်း ဒေသတွင်း အာဏာပိုင်များကို အမေရိကန် သံအမတ် Maricel ကပြောကြားခဲ့ခြင်းကို ဘာလီကျွန်း ဒေသအစိုးရ ပြောရေးဆိုခွင့်ရှိသူ ကီတွတ်တီနင်က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှရှိ အဓိက မွတ်ဆလင်ကျွန်းစုနိုင်ငံ အင်ဒိုနီးရှားသို့ ဒုတိယအကြိမ်တရားဝင် ခရီးစဉ်များ ရောက်မည့်သမ္မတ အိုဘားမားသည် ၄င်း၏ကလေးဘ၀ ၁၉၆၀ ခုနှစ်များ နှောင်းပိုင်းကာလက အဆိုပါ နိုင်ငံတွင် နေထိုင်ခဲ့သည်။ မစ္စတာအိုဘားမား သမ္မတအဖြစ်တာဝန်ယူပြီး ပထမဆုံး အင်ဒိုနီးရှား ခရီးစဉ်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် သွားရောက်ခဲ့သည်။

ကျယ်ပြန့်သော အရှေ့အာရှထိပ်သီးညီလာခံ၏ အမာခံအဖြစ် ပါဝင်ဖွဲ့ စည်းထားသည့် အာဆီယံ ၁၀ နိုင်ငံအုပ်စု၏ ဥက္ကဌနေရာကို လတ်တလော တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံက အရှေ့အာရှဒေသတွင်း ညီလာခံကို အိမ်ရှင် အဖြစ်လက်ခံကျင်းပမည် ဖြစ်သည်။

မနှစ်ကပြုလုပ်သော အရှေ့အာရှထိပ်သီးညီလာခံကို အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့တက်ရောက်ခဲ့ကြသော်လည်း အောက်တိုဘာ လ ဟနွိုင်းတွင်ပြု လုပ်ခဲ့သည့် ခေါင်းဆောင်များ အစည်းအဝေးသို့  သမ္မတ အိုဘားမား တက်ရောက်ခြင်းမရှီပဲ သူ၏ကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို စေလွှတ်ခဲ့သည်။

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းခြေသည် စက်မှုဖွံ့ ဖြိုးမှုအတွက်ဖြစ်တော့မည်

(13 July 2011) ရက်စွဲပါ TheFinancial Times မှ Burma’s seaside retreat set for industrial boom ကိုဘာသာပြန်ပါသည်)

လှိုင်းလေးများနှင့် လှပနေသော မြန်မာနိုင်ငံ၏ မောင်းမကန်ကမ်းခြေသည် အရှေ့တောင်အာရှ၏ တစ်ခုတည်းသော အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု နေရာဖြစ်လာမည်ဟူသော ကိစ္စနှင့် မပတ်သက်သယောင် ရှိနေပါသည်။

မောင်းမကန်သည် မြန်မာနိုင်ငံ၏ တောင်ဖက်ကမ်ရိုးတန်း ထာဝယ်မြို့မြောက်ဖက် ကီလိုမီတာအနည်းငယ် ဝေးသောနေရာတွင်ရှီပြီး ထိုင်းမှ Italthai မှတည်ဆောက်မည့် ၂၅၀ စတုရန်းကီလိုမီတာ ကျယ်သည့် ဆိပ်ကမ်းနှင့်စက်မှုဇုန်နေရာဖြစ်ပါသည်။ Italthai က အိန္ဒိယ နှင့် အရှေ့တောင်အာရှ ကြားတွင် ကုန်သွယ်မှုနေရာသစ် ဖြစ်လာမည်ဟုမျှော်လင့်နေပါသည်။

ထိုအနီးတ၀ိုက်တွင် သွားလာနေသော ငါးဖမ်းလှေငယ်လေးများကို ကွန်တိန်နာသင်္ဘောကြီးများက ဖယ်ရှားပစ်လိမ့်မည်ဖြစ်ပြီး မိသားစုများ ရေချိုးရာ ရေပူစမ်းမှာလည်း စက်ရုံများဖြစ်လာလိမ့်မည်ဟု စီစဉ်နေသူများကဆိုပါသည်။

အဆိုပါအိမ်မက်များ အမှန်တကယ် ဖြစ်လာရေးအတွက် ဒေါ်လာ(၅.၈) ဘီလီယံ အစပြုရင်းနှီးမြှုပ်နှံရမည် ဖြစ်ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုတွင် ဆိပ်ကမ်းနှင့် အရှေ့ဖက် ၂၃၀ ကီလိုမီတာ ကွာဝေးသော ထိုင်းနိုင်ငံ၏ သယ်ယူပို့ဆောင်ရေး ကွန်ရက်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်ကို ဆက်သွယ်သော ရှစ်လမ်းသွား အဝေးပြေးလမ်းမကြီး ပါဝင်ပါသည်။

အရှေ့တောင်အာရှသည် တရုတ်နှင့် အိန္ဒိယတို့ ကို မှီရန် ကြိုးစားလျက်ရှိသော်လည်း အခြေခံအဆောက်အဦ အားနည်းမှုကြောင့် ကြိုးစားမှုများ အရာအထင်လှပေ။ နိုင်ငံတကာလမ်းများနှင့် ရထားလမ်းဆက်သွယ်မှုများမှာလည်း ယခုမှအစပြုဆဲကာလတွင်ရှိနေပါသေးသည်။ ထားဝယ်မှ တောင်ဖက်ကီလိုမီတာ (၁၆၀၀) ကွာဝေးသော စင်္ကာပူသည် ဒေသတွင်းတွင် အိန္ဒိယနှင့် အနောက်နိုင်ငံများသို့  ဆက်သွယ်သောအဓိက သွင်းကုန်တင်ပို့ ရာ နေရာဖြစ်နေဆဲဖြစ်ပါသည်။

အဆိုပါ ပရောဂျက်အား ပံ့ပိုးနေသူများက ထားဝယ်သည် အဆိုပါ ပြဿနာ အချို့ကို ဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်နေကြပါသည်။ ထားဝယ်သည် တောင်မြောက်ဝင်ရိုးတန်းအရ တရုတ်နှင့် အင်ဒိုနီးရှားကြားတွင် တည်ရှိပြီး၊ အရှေ့အနောက်ဝင်ရိုးတန်းအရ အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းနှင့် အိန္ဒိယတို့ အကြားတွင်ရှိပါသည်။

ထိုင်းနိုင်ငံနှင့်ဗီယက်နိုင်ငံရှိ စက်ရုံများမှ ကုန်ပစ္စည်းများသည် အိန္ဒိယသို့ ရောက်ရှိရန် ထားဝယ်ဆိပ်ကမ်းကို အသုံးပြုပါက(၇) ရက် အချိန်သက်သာမည် ဖြစ်ကြောင်း Italthai အတွက် ဦးဆောင်လုပ်ကိုင်နေသူ Somchet Thinapong ကပြောပါသည်။ အဆိုပါ ပရောဂျက်သည် ဈေးပေါသော အလုပ်သမား ဈေးကွက်ကိုလည်း ခံစားရမည် ဟိုဆိုပါသည်။

“အချိန်သက်သာရုံတစ်ခုတည်း မဟုတ်ပါဘူး၊ ဆိပ်ကမ်းတစ်ခုတည်းမဟုတ်ဘဲ ထုတ်လုပ်ရေးအတွက်လည်း ပါဝင်တဲ့စီမံကိန်း ဖြစ်ပါတယ်” ဟု Somchet က ပြောပါသည်။

ဆယ်နှစ်ကြာမည့်အဆိုပါစီမံကိန်း အစတွင် သံမဏိ၊ ရေနံဓါတု၊ ပျော့ဖတ်နှင့် စက္ကူထုတ်လုပ်ရေးများ ပါဝင်မည် ဖြစ်ပြီး နောက်ပိုင်းတွင် အပေါ့စား စက်မှုလုပ်ငန်းများ လုပ်ဆောင်မည်ဟု Italthai ကပြောပါသည်။

အိမ်ထောင်စုပေါင်း (၁၀၀၀) ခန့် ပြောင်းရွှေ့ ပေးရမည်ဟု ကုမ္ပဏီက ခန့်မှန်းခံသော်လည်း ဒေသခံများကမူ စီမံကိန်းနှင့်ပတ်သက်၍ အကျဉ်းသာ သိရှိသည်ဟု ပြောကြပါသည်။

ဒေသခံအများစုသည် တစိမ်းများနှင့် စကားပြောရန် စိုးရွံ့နေ ကြသော်လည်း၊ ဒေသခံရာဘာလုပ်သူတစ်ဦးက Financial Times သို့ ပြောကြားရာတွင် ၄င်းအားပြောင်းရွှေ့ရမည် ဟုပြောခဲ့ကြောင်း၊ သို့သော် အချိန်နှင့် နစ်နာကြေးများကို မပြောခဲ့ဟု ဆိုပါသည်။

မြန်မာစစ်အစိုးရက Italthai ကို ဆိပ်ကမ်းအား B.O.T စနစ်ဖြင့် (၇၅) နှစ်လုပ်ကိုင်ခွင့်ပေးထားပါသည်။ တိုင်းတာရေးအဖွဲ့ငယ်များက အချို့နေရာတွင် ကုမ္ပဏီတံဆိပ်ဆိုင်းဘုတ်များ ထူထားပြီး အချို့နေရာတွင် ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပါသည်။ သို့သော် ဆောက်လုပ်ရေး အတွက် လုပ်ငန်းကြီးများကို ယခုနှစ်နှစ်ကုန် အထိ စတင်လိမ့်မည်မဟုတ်ကြောင်း Somchet ကပြောပါသည်။

လုပ်ငန်းစတင်ရန်ငွေကို အာရှဘဏ်များမှ ရရှိမည်ဖြစ်ပြီး Italthai သည်ရှယ်ယာ ပါတနာများရှာဖွေနေကြောင်း ၄င်းကဆက်လက်ပြောပါသည်။ ကုမ္ပဏီသည် ထားဝယ်ဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေးရှင်းနှင့် ရှယ်ယာထိန်းချုပ်မှုရှိရာ၊ မြန်မာရင်းနှီးမြှုပ်နှံသူများက အနည်းဆုံး ၂၅% ပါဝင်ရန်ရှိပါသည်။ ကျန်ရှယ်ယာများကို အာရှ၏လွတ်လပ်သော ရန်ပုံငွေအဖွဲ့ များ ပါဝင်မည်ဖြစ်ပါသည်။ အချို့ရန်ပုံငွေအဖွဲ့ များနှင့် Italthai တို့ ညှိနှိုင်းလျှက်ရှိပြီး အမည်များကိုမူ ဖော်ပြရန် မဖြစ်နိုင်သေးကြောင်း Somchet ကပြောပါသည်။

၁၉၈၈ ခုနှစ်က ဒီမိုကရေစီ ဆန္ဒပြသူများအား နှိပ်ကွပ်ခဲ့ခြင်းကြောင့် မြန်မာအစိုးရအား အနောက်နိုင်ငံများက အရေးယူမှုများ ချမှတ်ထားရာ၊ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ခက်ခဲသောကိစ္စဖြစ်နေဆဲဖြစ်ပါသည်။

အမေရိကန်သည် မြန်မာနိုင်ငံတွင်စီးပွားရေးပြုလုပ်ရန် ကျယ်ပြန့် စွာကန့် သတ်ထားပြီး၊ ဥရောပသမဂ္ဂကလည်း သတ္တုတွင်း၊ ကျောက်မျက်နှင့် သစ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းကို ပိတ်ပင်ထားပါသည်။

ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီး၊ အတိုက်အခံခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်အား လွှတ်ပေးခဲ့ခြင်းကြောင့် ကန့် သတ်မှုများ ဖြေလျော့လာလေမလားဟု မျှော်လင့်မှုများ ရှိခဲ့ပါသည်။

Italthai အနေဖြင့် ထားဝယ်စီမံကိန်းအတွက် အနောက်နိုင်ငံစီးပွားရေးလုပ်ငန်းများအား ဆွဲဆောင်ရန် ကြိုးစားမှုမရှိကြောင်း၊ အခြား စိတ်ဝင်စားသူ များစွာရှိကြောင်း Somchet ကပြောပါသည်။

“ကျွန်တော်တို့ မှာရွေးစရာတွေ အများကြီးပါ။ တရုတ်ကုမ္ပဏီတွေ အများကြီး၊ အချို့ဂျပန်နဲ့ စင်္ကာပူက ကုမ္ပဏီတွေလည်း စိတ်ဝင်စားကြပါတယ်” ဟု ၄င်းကပြောပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံတွင် ကုန်းတွင်းရေနံ လုပ်ကွက်များအတွက် ပါတနာ ရှာဖွေ

( 15 July 2011 ရက်စွဲပါ up streamonline.com မှ Burma seeks onshore oil partners ကို ဘာသာ ပြန်သည်)

မြန်မာနိုင်ငံသည် ပြည်နယ်နှင့်တိုင်း ခြောက်ခုတွင်ရှိသော ကုန်းတွင်းရေနံလုပ်ကွက် (၁၈) ခုတွင် ထုတ်လုပ်မှု မျှဝေခံစားရေး စာချုပ်ချုပ်ဆို လုပ်ကိုင်နိုင်ရန် ကုမ္ပဏီများအား တင်ဒါ ခေါ်ယူခဲ့ပါသည်။ ယခု တစ်ကြိမ်သည် ယခုနှစ်ပိုင်းအတွင်း အရေအတွက် အများဆုံး ခေါ်ယူမှု ဖြစ်သည်။

ကုမ္ပဏီများအား ကုန်းတွင်း ရေနံလုပ်ကွက် သုံးခုအတွက် အဆိုပြုလွှာသုံးစောင် တင်ခွင့်ပြုထားကြောင်း The New Light of Myanmar တွင် စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားကြောင်း Reuters က ပြောသည်။

အဆိုပြုလွှာများကို သြဂုတ်လ (၃) ရက် နောက်ဆုံးထား တင်ပြရမည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ် မှစ၍ နိုင်ငံခြား ကုမ္ပဏီများနှင့် ဖက်စပ်ပြုလုပ်၍ ကုန်းတွင်း ရေနံလုပ်ကွက် (၄၉) ခုနှင့် ရခိုင်၊ တနင်္သာရီနှင့်မွန်ပြည်နယ်တို့တွင် ကမ်းလွန်ရေနံ လုပ်ကွက် (၂၆) ခုတွင် ရေနံနှင့် သဘာဝ ဓါတ်ငွေ့များ ရှာဖွေလျက်ရှိသည်။

တွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့ ( ၈၀၀ ) ဘီလီယံ ကုဗမီတာရှိရာ လွန်ခဲ့သော ဆယ်နှစ်ကထက် သုံးဆ မြင့်တက်ခဲ့ပြီး သြစတြေးလျထက် လေးပုံတစ်ပုံကျော်ကျော် ရှိကြောင်း BP စာရင်းအင်း သုံးသပ်ချက်များအရ သိရှိရသည်။ ရေနံတည်ရှိမှု ကိန်းဂဏန်းများကိုမူ ချက်ခြင်း မရရှိနိုင်ပေ။

အိမ်နီးချင်းများ ဖြစ်သော ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အများဆုံး ရင်းနှီး မြုပ်နှံထားသူများ ဖြစ်သည်။

သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ မလေးရှား၊ ရုရှား၊ တောင်ကိုးရီးယားနှင့် ဗီယက်နမ်တို့မှ ကုမ္ပဏီများသည် အစိုးရနှင့် စွမ်းအင်ကဏ္ဍတွင် ညှိနှိုင်းလျက် ရှိသည်။

၁၉၈၈ မှ စ၍ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှုသည် ဒေါ်လာ ၁၃.၅ ဘီလီယံ ရှိကြောင်း တရားဝင် ကိန်းဂဏန်းများက ဖော်ပြခဲ့သည် ဟု Reuters က သတင်း ထုတ်ပြန်ခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs