Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၀.၇.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာတို့၏ ဥက္ကဋ္ဌနေရာ ကြိုးပမ်းမှုကို အာဆီယံက အကောင်းမြင် နားလည်သုံးသပ်

(Monsters and Critics မှ 19 July 2011 ရက်စွဲပါ “Asean gives Myanmar chairmanship bid  positive consideration” သတင်းကို ဘာသာ ပြန်ဆိုသည်)

                လူ့အခွင့်အရေး မှတ်တမ်းများကြောင့် မကြာခဏ နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသည့် မြန်မာနိုင်ငံ အား ၂၀၁၄ အတွက် အဖွဲ့၏ ဥက္ကဋ္ဌနေရာကို တာဝန်ယူခွင့် ပေးရန် အာဆီယံအဖွဲ့က သဘောတူဖွယ် ရှိနေသည်ဟု အင်ဒိုနီးရှားက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

                “မြန်မာနိုင်ငံက ၂၀၁၄ အတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ ဆန္ဒပြင်းပြနေကြောင်း၊ အဆင်သင့် ဖြစ်နေကြောင်း ထုတ်ဖေါ်ပြောဆိုတာကို ကျွန်တော်တို့ နားထောင်ကြားသိခဲ့ရပါတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက  အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အပြီးတွင် ပြောကြားသည်။ “ဒီကိစ္စကို ကျွန်တော်တို့ အကောင်းဖက်ကနေ စဉ်းစားသုံးသပ်နေကြပါတယ်” ဟု ၎င်းက ဆိုသည်။

                မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေး နှစ်ပေါင်း ၂၀ အပြီး ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပခဲ့သည့်အပြင် နှစ်ပေါင်း များစွာ အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည့် ဒီမိုကရေစီလိုလားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နိုဝင်ဘာလတွင် ပြန်လွှတ်ပေးခဲ့သည်။

                သို့သော်လည်း ရွေးကောက်ပွဲနိုင် ပါတီသည် တပ်မတော် နောက်ခံပါတီ ဖြစ်ပြီး ယခင် တပ်မတော်အစိုးရ အဖွဲ့ဝင်ဟောင်းများဖြင့် ပါဝင်ဖွဲ့စည်းထားသည်။ အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်၍ အာဏာပိုင် အသစ်များသည်လည်း မြန်မာနိုင်ငံ၏ ဆိုးဝါးလှသော လူ့အခွင့်အရေးညှင်းပန်းမှု မှတ်တမ်းများကို တိုးတက်အောင် လုပ်ဆောင်ခြင်းမရှိ ဟု လူ့အခွင့်အရေး အုပ်စုများက ထောက်ပြဝေဖန်လျက်ရှိသည်။

***********************************************************

ထိုင်း - မြန်မာ နယ်စပ်တွင် ထိုင်းစစ်ဖက် ရဟတ်ယာဉ် ၂ စင်း ပျက်ကျ

(Associated Press မှ 19 July 2011 ရက်စွဲပါ “Two helicopters crashed in Thailand ” သတင်း ကို ဘာသာ ပြန်ဆိုသည်)

                ပြီးခဲ့သော သီတင်းပတ်ကုန်က ရဟတ်ယာဉ် မတော်တဆဖြစ်မှုတွင် သေဆုံးခဲ့ရသော ထိုင်းစစ်သား ၅ ဦး ၏ အလောင်းများကို ကောက်ယူရန် တာဝန်ဖြင့် ပျံသန်းရှာဖွေနေသော ထိုင်းစစ်တပ် ရဟတ်ယာဉ် တစ်စင်းမှာ လိုက်ပါလာသူ ၉ ဦးနှင့်အတူ ထိုင်း - မြန်မာ နယ်ခြား တောတောင် ထူထပ် သော ဒေသတွင် ထပ်မံ ပျက်ကျသွားခဲ့သည်ဟု သိရှိရသည်။

                အမေရိကန်လုပ် Black Hawk ရဟတ်ယာဉ်သည် ရာသီဥတု ဆိုးဝါးမှုကြောင့် ပျက်ကျခဲ့ရခြင်း ဖြစ်ပြီး အနောက်ပိုင်း ပတ်ချာဘူရီပြည်နယ်တွင် ၃ ရက်အတွင်း ရဟတ်ယာဉ် ၂ စင်း မတော်တဆ ဖြစ်မှုကြောင့် အသေအပျောက် ၁၄ ဦး အထိရှိမည်ဟု မျှော်လင့်ရကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူ များက ပြောကြားသည်။

                ကယ်ဆယ်ရေးအဖွဲ့များ ခြေလျင်သွားရောက်ရန် မလွယ်ကူသော တောတောင် ထူထပ်၊ ရွှံ့နွံ ထူထပ်သော ဒေသ တွင် အဆိုပါ ရဟတ်ယာဉ် ၂ စင်း ပျံသန်းပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဒုတိယ ပျက်ကျသော ရဟတ်ယာဉ်ပေါ်တွင် ရုပ်သံ ရိုက်ကူးသူ တစ်ဦးနှင့် တပ်မတော်အရာရှိ ၈ ဦး လိုက်ပါ သွားသည်ဟု ဆိုသည်။ လူ ငါး ဦး သေဆုံးခဲ့သော တနင်္ဂနွေနေ့က ပျက်ကျခဲ့သည့် ဗီယက်နမ်စစ်ပွဲခေတ် ရဟတ်ယာဉ်ကို တောတောင် ထူထပ်သော ဒေသတွင် အလုပ်လုပ်ရင်း ပျောက်ဆုံးနေသော အစိုးရအရာရှိများအား ရှာဖွေရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

                အင်္ဂါနေ့က ဒုတိယ မတော်တဆမှုတွင် သေဆုံးသွားပြီဟု ယူဆသော အရာရှိများထဲတွင် ဘန်ကောက် အနောက်ပိုင်း စစ်ဒေသမှူး ဗိုလ်ချုပ် တဝမ် ရမ်ဆရီလည်း ပါဝင်သည်ဟု သိရှိရသည်။

                Black Hawk ရဟတ်ယာဉ် ပေါက်ကွဲသံကို အဲဒီနယ်က ဒေသခံတွေ ကြားရတယ် ဆိုပေမယ့် ပါသွားတဲ့ သူတွေရဲ့ ကံကြမ္မာကို အတိအကျ မပြောနိုင်သေးပါဘူးဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဆင်ဆမ်ကွေကမ်နတ်က ပြေကြားသည်။

                ထိုင်းနိုင်ငံတွင် စစ်ဖက် ရဟတ်ယာဉ်များ မတော်တဆပျက်ကျမှုမှာ မထူးဆန်းလှပါ။ ၂၀၀၈ ခုနှစ် ဇွန်လ မှ အောက်တိုဘာလအတွင်း အင်ဂျင်ချို့ယွင်းမှု (သို့မဟုတ်) ရာသီဥတု ဆိုးဝါးမှုကြောင့် Bell UH- 1H ရဟတ်ယာဉ် ၃ စင်း ပျက်ကျခဲ့ပြီး ဖြစ်သည်။

***********************************************************

Xinjiang ရဲစခန်းအား တိုက်ခိုက်မှုသည် အကြမ်းဖက်မှုဟု တရုတ်ပြော

(19 July 2011 ရက်စွဲပါ BBC News မှ Xinjiang police attack was terrorism, China says ကို ဘာသာ ပြန်ဆိုသည်)

                တနင်္လာနေ့က Xinjiang ပြည်နယ်တွင် ရဲစခန်း တစ်ခုအား သေလောက်အောင် တိုက်ခိုက်ခံရခြင်းသည် Uighur တိုင်းရင်းသားများမှ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက အပြစ်တင် ပြောကြားခဲ့သည်။

                ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားရာတွင် တိုက်ခိုက်သူများထဲမှ တစ်ဦးသည် ခွဲထွက်ရေး ကြွေးကြော်သံများ ရေးထား သော စာတမ်းကို ကိုင်ဆောင်ထားသည်ဟု ဆိုသည်။

                သို့သော် Uighur တက်ကြွ လှုပ်ရှားသူများက ပြောကြားရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား စတင်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ တာဝန်ရှိသူများက ပြောကြားရာတွင် Hotan မြို့တွင် ဖြစ်ပွားသော အရေးအခင်းတွင် ရဲအချို့နှင့် အရပ်သား အချို့ အသတ်ခံရကြောင်း ပြောသည်။ နိုင်ငံပိုင် မီဒီယာက သတင်း ထုတ်ပြန်ရာတွင် ရဲစခန်းအား လူစုလူဝေးဖြင့် တိုက်ခိုက်ပြီး၊ လူအချို့အား ဓါးစာခံအဖြစ် ခေါ်ဆောင်သွား သည်ဟု ဆိုသည်။ လုံခြုံရေးတပ်ဖွဲ့များက  ဓါးစာခံအချို့ကို ကယ်နိုင်ခဲ့သော်လည်း အချို့မှာ အသတ်ခံရသည်ဟု ဆိုသည်။

                နိုင်ငံပိုင် Global Times က ဒေသဆိုင်ရာ တာဝန်ရှိသူ Hou Hanmin ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြရာတွင် အဆိုပါလုပ်ရပ်သည် သေချာ စီမံထားသော အကြမ်းဖက် တိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။

                “အကြမ်းဖက်သူတွေက ပေါက်ကွဲစေတဲ့ အရာတွေကို သယ်လာပါတယ်။ သူတို့ က ရဲစခန်းနား မှာရှိတဲ့ စက်မှု နဲ့ ကူးသန်းရောင်းဝယ်ရေး ဒေသခံရုံး နဲ့ အခွန်ရုံး ကို အရင် စတင် ဖျက်ဆီး ဝင်ရောက်ပါတယ် ” ဟု ၎င်းက ပြောသည်။

                “သူတို့ မှားပြီးဝင်မိပြီလို့ သိတော့ ရဲစခန်းကို အောက်ထပ်ကနေစပြီး တိုက်ခိုက်ပါတယ်။ နောက် ဒုတိယထပ်ကနေ ခွဲထွက်ရေးစာတမ်းတွေ ပါတဲ့အလံ ထောင်ပါတယ်” ဟု ဆိုသည်။

                သို့သော် ဂျာမန်အခြေစိုက် အုပ်စုဖြစ်သော World Uighur Congress က ပြောကြားရာတွင် ရဲက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား သေနတ်ဖြင့် ပစ်ခတ်ရာ Uighur လူမျိုး ( ၁၄ ) ဦး သေဆုံးပြီး ( ၇၀ ) အဖမ်းခံရကြောင်း၊ ထို့ကြောင့် နှစ်ဖက် တိုက်ခိုက်မှုကို ဖြစ်စေကြောင်း ပြောသည်။

                “ထိုသို့သော မငြိမ်သက်မှုများကို ရှောင်ရှားနိုင်ရန် တရုတ်အာဏာပိုင်များသည် စနစ်တကျ ဖိနှိပ်မှုများကို ချက်ခြင်း ရပ်ပစ်ရမည်” ဟု အဆိုပါ အုပ်စုက ကျေညာချက်တွင်ဖော်ပြထားသည်။

                Xinjiang ၏ လူဦးရေ အများစုသည် Uighur လူမျိုးများ ဖြစ်ပြီး၊ မူဆလင် ဘာသာ ကိုးကွယ်သူများ ဖြစ်ကာ ဗဟို အာရှ၏ အားကောင်းသော ယဉ်ကျေးမှု ရှိသည်။ ၎င်းတို့က Han တရုတ်လူမျိုးများ ဝင်ရောက်နေထိုင်ပြီး ၎င်းတို့၏ ယဉ်ကျေးမှုကို ဖျက်ဆီးနေသည်ဟု ပြောကြားလျက်ရှိသည်။

                2009 ခုနှစ်က Xinjiang တွင် Uighur လူမျိုးများနှင့် Han တရုတ် လူမျိုးများကြား အဓိကရုဏ်း ဖြစ်ပွားရာ လူ (၂၀၀) ခန့် သေဆုံးခဲ့သည်။

*******************************************************

 

တရုတ်ပြည်တွင်း ဝက်သားဈေးနှုန်းမြင့်တက်မှုလျှော့ ချရန် အစိုးရကြားဝင်ဆောင်ရွက်

(BBC သတင်းကိုဘာသာပြန်ဆိုသည်။)

တရုတ်နိုင်ငံအနှံ့အပြားဝယ်ယူစားသုံးမှုများပြားသည့် ဝက်သားဈေးနှုန်းများမြင့်တက်လာမှုကိုလျှော့ချရန် အစိုးရကစရိတ်စိုက်ထုတ်သည့် အနေ ဖြင့် ဈေးကွက်တွင်းသို့ ဝက်သားများဝင်ရောက်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင်း ဝက်သားဈေးနှုန်းများ ၆၀ ရာခိုင်နှုန်းအထိမြင့်တက်ကာ သုံးနှစ်အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံး အနေအထားသို့ ရောက်ရှိသွားပြီးနောက် တရုတ် အစိုးရက ယခုလို ဈေးကွက်တွင်းဝက်သားဖြန့်ဖြူးသွားရန်စီစဉ်ခြင်းဖြစ်သည်။ ထို့ပြင် အစိုးရအနေဖြင့် ပြည်တွင်း ဈေးကွက် အတွက် အရန်အဖြစ်ထားရှိမည့် ဝက်သားပမာဏကိုလည်း တိုးမြှင့်သွားမည်ဖြစ်သည်ဟု ဆိုသည်။

တရုတ်နိုင်ငံတွင်း ဝက်သားဈေးနှုန်းများတိုးမြင့်လာခြင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဝက်များတွင်ကူးစက်ရောဂါများဖြစ်ပွားပြီး ဝက်ကောင်ရေ အများအပြား သုတ်သင်ရှင်းလင်းလိုက်ရပေရာ ဝက်အသားထွက်နှုန်းတိုးမြှင့်ရန် နှောင့်နှေးနေခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဝက်အသားထွက်နှုန်း ကျဆင်း နေသည့် တစ်ချိန်တည်းမှာပင် ဝက်သားဝယ်လိုအားမြင့်တက်လာခဲ့သည်။ အကြောင်းမှာ စားသုံးသူများငွေကြေးသုံးစွဲမှုနှုန်း မြင့်တက်လာ ခြင်းကြောင့်ဖြစ်သည်ဟု BBC သတင်းကဆိုသည်။

တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအဆိုအရ အရန်ဝက်သားတန်ချိန် နှစ်သိန်းရှိကြောင်း၊ အဆိုပါအသားများကို လိုအပ်ချိန်တွင် ဈေးကွက်တွင်းသို့ ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဈေးကွက်လေ့လာဆန်းစစ်သူများကမူ လက်ရှိအရန်ဝက်သား ပမာဏသည် တရုတ်နိုင်ငံ၏ တစ်ရက် သို့မဟုတ် နှစ်ရက်တာမျှ ဝက်သားစားသုံးမှုပမာဏနှင့် တူညီကြောင်းပြောကြားသည်။ တရုတ်ပြည်သူများသည် လက်ရှိအနေအထား၌ တစ်နှစ်လျှင် ဝက်သားတန်ချိန် သန်း ၅၀ ခန့်စားသုံးလျက်ရှိ သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသားများသာမက ဝက်အရှင်များကိုပါ ထောက်ပံ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ အစိုးရ အနေဖြင့် ယခုနှစ်အတွင်း ဝက်မွေးမြူရေးအခန်းကဏ္ဍတွင် ယွမ်ငွေ ၂ ဒဿမ ၅ ဘီယီလံ(ဒေါ်လာ ၃၈၄ သန်း) ခန့်ဝင်ရောက်ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း သိရသည်။ မွေးမြူရေးလုပ်ငန်းရှင်များ ဝက်မွေးမြူမှုပိုမိုတိုးမြှင့်လာစေရန် တရုတ်အစိုးရက ဝက်မွေးမြူရေးလုပ်ငန်းအတွက် များပြားသည့် စရိတ်စိုက်ထုတ်မှုများပြုလုပ်သွားမည်ဟု ဆိုသည်။

မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် တိုးမြှင့်မွေးမြူမည့် ဝက်တစ်ကောင်ချင်းစီအတွက် အစိုးရထံမှ ယွမ်ငွေ ၁၀၀ ရရှိမည်ဖြစ်ကြောင်း၊ ပြင်ပအကြောင်း အရင်း သို့မဟုတ် ရောဂါဘယကြောင့် သေဆုံးသွားသောဝက်တစ်ကောင်ချင်းစီအတွက် လျော်ကြေးငွေအဖြစ် ယွမ်ငွေ ၈၀၀ အစိုးရက ပေးဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

တရုတ်ပြည်တွင်း ဝက်သားဈေးနှုန်းများမြင့်တက်မှုသည် စားသုံးသူများသူများအတွက်များစွာအခက်အခဲဖြစ်စေသလို ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နေသည့်ကိစ္စအတွက် နောက်ကွယ်မှအဓိကအကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ တရုတ်ပြည်စားသုံးသူဈေးနှုန်းညွှန်းကိန်းမှာ ယခင်နှစ်က နှင့် နှိုင်းယှဉ်ပါက ယခုနှစ်ဇွန်လတွင် ၆ ဒဿမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အဆိုပါနှုန်းထားသည် ၂၀၀၈ ခုနှစ်ဇွန်လနောက်ပိုင်း အမြင့်မားဆုံး အဆင့်ဖြစ်သည်။

တရုတ်အမျိုးသားစာရင်းစစ်ဗျူရိုက ဇွန်လအတွင်း ရှိခဲ့သည့် ဝက်သားဈေးနှုန်းများသည် ယမန်နှစ်ကထက် ၅၇ ဒဿမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားသည်။

**********************************************************************

ပရာဗီဟာရာဘုရားကျောင်းအနီးမှ ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များ ရုပ်သိမ်းရန် နိုင်ငံတကာတရားရုံးအမိန့်ချမှတ်

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

နယ်နိမိတ်ပိုင်ဆိုင်မှုအတွက်အငြင်းပွားနေသည့် နှစ်နိုင်ငံနယ်စပ်ဒေသရှိ ရှေးဟောင်းဘုရားကျောင်းရှိရာနေရာမှ ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန် ကုလသမဂ္ဂ နိုင်ငံတကာတရားရုံးတော်က ဇူလိုင်လ ၁၈ ရက်နေ့တွင်အမိန့်ချမှတ်လိုက်သည်။

ယခုနှစ်အစောပိုင်းကာလတွင် ပရာဗီဟာရားအမည်ရ အဆိုပါ ရှေးဟောင်းဘုရားကျောင်း အနီးတစ်ဝိုက်၌ နှစ်နိုင်ငံတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံတကာတရားရုံးတော်သို့ တရားစီရင်ပေးရန် လျှောက်ထားခဲ့သည်။

ပရာဗီဟာရာဘုရားကျောင်းသည် ကမ္ဘောဒီးယားနိုင်ငံနှင့်သာသက်ဆိုင်သော်လည်း ဘုရားကျောင်းအနီးတစ်ဝိုက်မှ ဧရိယာအတော်များများမှာ

ထိုင်းနိုင်ငံထဲသို့ရောက်ရှိနေသည်။ ယခုအခါ နိုင်ငံတကာတရားရုံးတော်က ကမ္ဘောဒီးယားနှင့် ထိုင်းနှစ်နိုင်ငံနယ်စပ်ကို ပိုင်းခြားသတ်မှတ်ထားသည့် နှစ်ပေါင်း ၄၀ သက်တမ်းရှိ စီရင်ထုံးကို ပြန်လည်ရှင်းလင်းဖွင့်ဆိုရန် ကြိုးပမ်းလျက်ရှိသည်။ ထိုင်းနိုင်ငံက အဆိုပါ အမှုကိုရုပ်သိမ်းစေလိုသည့်ဆန္ဒရှိပြီး တရားရုံးတော်၏ အမိန့်အာဏာကိုမူ လေးစားလိုက်နာသွားပါမည်ဟု ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ပရာဗီဟာရားဘုရားကျောင်းကို ယူနက်စကိုအဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ချီးမြှင့် လိုက်ပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများကြီးထွားလာခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ယင်းဘုရားကျောင်း အနီးတစ်ဝိုက်၌ ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးသေဆုံးခဲ့ရသည်။

ဧပြီလတွင်လည်း ဘုရားကျောင်းအနောက်ဘက်အနီးတစ်ဝိုက် နယ်စပ်ဒေသတစ်လျှောက် တိုက်ခိုက်မှု များထပ်မံဖြစ်ပွားပြန်ရာ လူ ၁၈ ဦး သေဆုံးခဲ့ရသည်။

************************************************************

ဘာလီဆွေးနွေးပွဲတွင် တောင်တရုတ်ပင်လယ်ပြဿနာကို အဓိကအလေးပေးမည်

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အခြားသော သံတမန်ကြီးများ တွေ့ဆုံပြီး ဒေသတွင်းဆွေးနွေးပွဲစတင်ကျင်းပရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့ BBC သတင်းအရသိရသည်။ အဆိုပါဆွေးနွေးပွဲတွင် တရုတ်နိုင်ငံနှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တောင်တရုတ်ပင်လယ်ပြင်တွင်းရေပိုင်နက်ရရှိရေးအတွက်အငြင်းပွားမှုများကို အဓိက အာရုံစိုက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံက ၎င်းတိုပ၏ ဒေသတွင်းပြဿနာများဖြေရှင်းသည့် နည်းလမ်းမှာ ငြိမ်းချမ်းသောလမ်းစဉ်သာ ဖြစ်ကြောင်း အခိုင်အမာထုတ်ဖော်ပြောဆိုခဲ့သော်လည်း လတ်တလောကာလများအတွင်း တောင်တရုတ်ပင်လယ်ပြင်ပိုင်နက်အတွက်အငြင်းပွားမှုများသည် ဒေသ တွင်း ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်စေခဲ့သည်ကိုတွေ့ရသည်။

အာဆီယံအတွက်လွန်စွာအရေးပါလာသည့် ကုန်သွယ်ရေးမိတ်ဘက်နိုင်ငံဖြစ်သောတရုတ်နှင့် အာဆီယံအဖွဲ့ဝင်အချို့အကြား အမျက်ဒေါသ ထွက်စေသည့်မပြေလည်မှုများဆက်တိုက်ဖြစ်ပေါ်နေသောအရေးကိစ္စကြောင့် အာဆီယံအဖွဲ့က ဒေသတစ်ခုလုံးအတွက်စိုးရိမ်ပူပန်မိ ကြောင်းထုတ်ဖော် ပြောဆိုထားသည်။

တောင်တရုတ်ပင်လယ်ပြင်သည် ကမ္ဘာပေါ်တွင် ရေကြောင်းသွားလာမှုများပြားရှုပ်ထွေးသည့် နေရာများအနက်တစ်ခုအပါအဝင်ဖြစ်သလို တူးဖော် အသုံးချမှုမပြုလုပ်ရသေးသော ရေနံနှင့်သဘာဝဓာတ်ငွေ့အမြောက်အမြားလည်းတည်ရှိရာနေရာဖြစ်သည်။ အဆိုပါ ပင်လယ်ပြင်တွင်း ရေပိုင်နက်ရရှိရေးအတွက် ဘရူနိုင်း၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ် နှင့် ဗီယက်နမ်တို့က တစ်ပြိုင်နက်တည်းတောင်းဆိုလျက်ရှိသည်။ အာဆီယံ အဖွဲ့က ၎င်းအနေဖြင့် အဆိုပါမတူညီမှုများကို စီမံခန့်ခွဲနိုင်မည့်နည်းလမ်းတစ်ခုရှာဖွေရမည်ဖြစ်ကြောင်း၊ သို့မှသာ ဒေသတွင်း သဟဇာတဖြစ်မှု ပြန်လည်ပေါ်ပေါက်လာမည်ဖြစ်ကြောင်းပြောဆိုထားသည်။

တစ်ချိန်တည်းမှာပင် အာဆီယံအနေဖြင့် ထိုင်းနှင့်ကမ္ဘောဒီးယားအကြားလတ်တလောဖြစ်ပေါ်လျက်ရှိသည့် နယ်စပ်ပြဿနာအပေါ် ဆွေးနွေးမှုပြုလုပ်ရမည်ဖြစ်သလို လာမည့် ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဌရာထူး မြန်မာနိုင်ငံရယူနိုင်ခွင့် ရှိ၊ မရှိဟူသော ကိစ္စအတွက်လည်း ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်သည်။ လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများကမူ မြန်မာနိုင်ငံအား အာဆီယံဥက္ကဌရာထူး လွှဲပြောင်းပေးမည့် ကိစ္စသည် အရှေ့တောင်အာရှဒေသအတွက် အကျပ်အတည်း တစ်ခုဖြစ်လာလိမ့်မည်ဟု ပြောကြားသည်။

အဆိုပါ စိန်ခေါ်မှုများကို အာဆီယံမည်သို့မည်ပုံစီမံခန့်ခွဲသည်ဟူသောကိစ္စသည် အာဆီယံအဖွဲ့အနေဖြင့်မည်မျှအတိုင်းအတာအထိ စွမ်းဆောင်ရည် ရှိသည်ဟူသောအချက်ကို ဖော်ကျူးလိမ့်မည်ဖြစ်သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်သူများခင်ဗျာ...

(၆၄)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံများနဲ့ သတင်းဆောင်းပါးကို မြန်မာလူငယ် ဘလော့ (myanmarlungenetwork.wordpress.com) ကနေတဆင့် ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်။ လူငယ်များရဲ့ ပြည်တွင်းကနေ ယခုလို ကြိုးပမ်းအားထုတ်ထားတဲ့ Citizen Reporting မျိုးကို ရန်ကုန်သတင်းလွှာအဖွဲ့က အလေးပြုမိပါတယ်ဗျာ။ အာဇာနည်နေ့မှာ အလံတဝက်တင်ပြီး အလေးပြုဖို့ကိုတောင် မေ့လျော့နေကြတဲ့ အခြေအနေကို မတူတဲ့ ရှုထောင့်ကနေ တင်ပြထားတာကို တွေ့ရပါတယ်။ လူငယ်များရဲ့ ဆက်လက်လှုပ်ရှားမယ့် လုပ်ရပ်များကို စောင့်ကြည့်နေမိပါကြောင်း....


လေးစားလျှက်

သတင်းလွှာအဖွဲ့


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၁၉.၇.၂၀၁၁

ပြည်တွင်းသတင်းများ

သန်းခေါင်စာရင်း ကန့်သတ်ချက်အချို့လျှော့ချပေးမည်

သန်းခေါင်စာရင်း (အိမ်ထောင်စုစာရင်း) ကိစ္စများဆောင်ရွက်ရာတွင် စည်းမျဉ်းအချို့ကိုလျှော့ချပြီး နေ့ချင်းပြီး အခမဲ့ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

သန်းခေါင်စာရင်း လျှောက်ထားမှုအတွက် အိမ်ထောင်စုအလိုက် ပြောင်းဝင်ခြင်းနှင့် ပြောင်းထွက်စာရင်း ပယ်ဖျက်ခြင်း၊ သီးခြားအိမ်ထောင်စု ခွဲထွက်ခြင်း စသည်တို့ကို အခမဲ့ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။

ယင်းသို့လျှောက် ထားမှုများအတွက် သတ်မှတ်အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ပြီး မြို့နယ်မှူးများရှိနေချိန်ဆိုပါက နေ့ချင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း လျှောက်ထားရာတွင် သတ်မှတ်ထားသော စည်းမျဉ်းအချို့ကိုလျှော့ချပေးသွားမည်ဖြစ်ပြီး ယခင်က အိမ်ပိုင်၊ အခန်းပိုင် ဖြစ်ပါ က ပိုင်ဆိုင်ကြောင်း အထောက်အထားတင်ပြရခြင်း၊ အိုးအိမ်ဦးစီးဌာနပိုင်အခန်းများတွင် နေထိုင်ပါက အိုးအိမ်ဦးစီးဌာန၏ ခွင့်ပြုချက်တင်ပြရခြင်း၊ အိုးအိမ် တိုက်ခန်းအသစ်ဖြစ်ပါက စည်ပင်သာယာဌာန၏ သဘောတူညီချက် စသည့်လိုအပ်ချက်များကို ယခုအခါတင်ပြရန် မလိုအပ်တော့ဘဲ လျှော့ချပေးသွား မည် ဖြစ်ကြောင်း သိရသည်။

(၁၉ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ် အမှတ် ၇၇၇ တွင် ပါဝင်သော “ သန်းခေါင်စာရင်းကိစ္စအတွက် ကန့်သတ်ချက်အချို့လျှော့ချပေးပြီ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးမည်” သတင်းသတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင်အဆောင်များကို စစ်ဆေးအရေးယူမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် တရားမဝင် ခွင့်ပြုချက်မရှိပဲ ဖွင့်လှစ်ထားသော အဆောင်များကို ရန်ကုန်တိုင်း ဒေသကြီး အစိုး ရအဖွဲ့မှ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖွင့်လှစ်ထားသည့် အဆောင်အချို့တွင် အဆောင်ဗန်းပြ၍ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လိင်ကိစ္စရပ်များ ပြုလုပ်လာကြကြောင်း၊ ဖွင့်လှစ်ထားသည့် အဆောင်တစ်ချို့တွင်လည်း အဆောင်ကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိတော့သည်ကိုတွေ့ရှိရကြောင်း၊ ထို့ပြင် ယင်း အဆောင်များမှ လူငယ်တို့၏ အကျင့်စရိုက်အရ ပတ်ဝန်းကျင်ထိခိုက်မှုများကို တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရား မဝင်ဖွင့်လှစ်ထားသည့် အဆောင်များကို စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စစ်ဆေးရေးဌာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့ထဲတွင် ဖွင့်လှစ်ထားသည့် အဆောင်များကိုသာမက စက်မှုဇုန်များအနီး အနားဝန်းကျင်တွင် တရားမဝင် ဖွင့်လှစ်ထားသည့်အဆောင်များကိုပါ စစ်ဆေးအရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ အဆောင်များအား စစ်ဆေးအရေးယူမှုနှင့် ပတ်သက်၍ အဆောင်နေထိုင်သူတစ်ဦးကလည်း “ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် အဆောင်ဖွင့်လှစ်ထားမှုကို ဗန်းပြ၍ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်လာမှု ပိုမိုများပြားလာကြောင်း၊ ယခုကဲ့သို့ အဆောင်များ စစ်ဆေး အရေးယူသည့်အခါ တရားမဝင် အဆောင်ဖွင့်လှစ်ထားသူအချို့ကြောင့် အမှန်တကယ်ရိုးရိုးသားသားနှင့် ကောင်းကောင်းမွန်မွန် အဆောင်ဖွင့်ထားသူ တို့ပါ နစ်နာရကြောင်း” ပြော ကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆောင်များ ဖွင့်လှစ်ရာတွင် ယောကျာင်္းလေးဆောင်၊ မိန်းကလေးဆောင်များအပြင် လင်မယားဆောင်များပာူ၍ ဖွင့်လှစ်ထားကြောင်း သိရသည်။ ယခုကဲ့သို့ အရေးယူဆောင်ရွက်ရခြင်းမှာ အဆောင်နေထိုင်သူတို့၏  လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိခိုက်မှုများကို ကာ ကွယ်နိုင်ရန်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၌ အဆောင်နေထိုင်သူတို့မှာ အများအားဖြင့် ကုမ္ပဏီဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် နယ်မှလာ၍ ကျောင်းတက်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်းပြုလုပ်သည့် သူများသာ အဆောင်နေထိုင်ကြကြောင်း သိရ သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူစည်ကားရာနေရာများတွင် ဖွင့်လှစ်ထားသော အဆောင်များကိုသာမက စက်မှုဇုန်အနီးအနားတွင် ရှိသော အဆောင်များကိုပါ စစ်ဆေးအရေးယူမည်ဖြစ်သည့်အတွက် ၎င်းအဆောင်များမှ အဆောင်ဖွင့်လိုသူများသည် အဆောင်ဖွင့်ခွင့် ခွင့်ပြုချက်လိုင်စင်ကို လျှောက်ထားရန် လိုအပ်ကြောင်း သိရသည်။

(ကုမုဒြာ၊ အတွဲ-၁၊ အမှတ်-၂၀ ပါ “ရန်ကုန်အဆောင်တွေ စစ်ဆေးအရေးယူမည်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

-----------------------------------------------------------------------------------------------------------------------------------

မြစ်ရေကြီးမှု ခရမ်းအနောက်ခြမ်း စပါးနှစ်ကြိမ်ပျက်စီး

ရန်ကုန်တိုင်းဒေသကြီး ခရမ်းအနောက်ဘက်ခြမ်းရှိ လယ်များမှာ မိုးများသည့်အတွက် မြစ်ရေကြီးပြီး စပါးစိုက်ပျိုးမှု နှစ်ကြိမ်တိုင်တိုင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး ခရမ်းအနောက်ဘက်ခြမ်းတွင် မိုးများ၍ မြစ်ရေကြီးမှု ရက် ၂၀ ကျော်ကြာမြင့်ခဲ့သည့်အတွက် စပါးနှစ်ကြိမ် တိုင်တိုင်ပျက်စီးခဲ့ရပြီး တောင်သူလယ်သမားများမှာ ထပ်မံ၍ စပါးပျိုးကြဲစိုက်ပျိုးရန် စိုးရိမ်လျက်ရှိကြောင်း သိရသည်။

အချို့လယ်သမားများမှာ မျိုးစပါးမရှိတော့သည့်အတွက် ငွေတိုးများချေးယူနေရကြောင်း ၎င်းမြို့နယ်ရှိ လယ်သမားတစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ ခရမ်းအနောက်ဘက်ခြမ်းတွင် မြစ်ရေကြီး၍စပါးများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် လယ်သမားများမှာ စိုက်ပျိုးရန် မျိုးစပါး မရှိတော့ သည့်အတွက် မျိုးစပါးချေးမည့်သူကိုသာ စောင့်မျှော်နေရကြောင်း သိရသည်။

မြစ်ရေကြီး၍ စပါးပျက်စီးခဲ့သည့်အတွက် တောင်သူများ စပါးစိုက်ပျိုးရန် စိုးရိမ်မှုများနှင့် ပတ်သက်၍ လယ်သမားတစ်ဦးကလည်း “ မိမိတို့ အနေ ဖြင့် စပါးနောင်ထပ်စိုက်ပျိုးရန် မြစ်ရေကြီးမလားပာူ၍ စိုးရိမ်နေရကြောင်း၊ အကယ်၍ နောက်ထပ်ရေကြီးလာပါကလည်း တောင်ယာစိုက်ပျိုးရန် မမီတော့ သည့်အတွက် အတော်ဒုက္ခရောက်ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအရ စပါးစိုက်ပျိုးသည့်ကာလကို နယုန်လမှ စတင်၍ ဝါဆို၊ ဝါခေါင်တွင် အပြီးစိုက်ပျိုးရကြောင်း သိရသည်။ ထိုသို့ အချိန်မီ စိုက်ပျိုးနိုင်မှသာ စပါးပေါ်ချိန်ဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် စပါးများ ရိတ်သိမ်းနိုင်ကြောင်း သိရသည်။

(ကုမုဒြာ၊ အတွဲ-၁၊ အမှတ်-၂၀ ပါ “ခရမ်းအနောက်ခြမ်း လယ်သမားများ စပါးနှစ်ကြိမ်ပျက်စီး” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လယ်ယာမြေဥပဒေဆိုင်ရာ အလုပ်ရုံဆွေးနွေး

ရန်ကုန်၊ ဇူလိုင် ၁၆။

နိုင်ငံတစ်ဝှမ်းက လယ်သမားများအတွက်ရည်ရွယ်ပြီး ဥပဒေနှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်မှ ၁၈ ရက်အထိ  သုံးရက်ကြာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း အဆိုပါ ကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဗဟိုကော်မတီဝင် ဒေါ်ဘောက်ဂျာက ဆိုသည်။

“လယ်ယာမြေနဲ့ဆိုင်တဲ့ နိုင်ငံသားတွေနဲ့ဆိုင်တဲ့ ဥပဒေကိုသိပြီး ကိုယ့်ကိုကိုယ် ဥပဒေနဲ့ကာကွယ်လို့ရအောင် လုပ်ပေးတာပါ” ဟု ဒေါ်ဘောက်ဂျာ က ဆိုသည်။

လယ်ယာမြေဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို လာရောက်ဆွေးနွေးပေးသော ဝါရင့်အထက်တန်း ရှေ့နေတစ်ဦးဖြစ်သည့်  ဦးဇော်ဆမ်ကလည်း ကျေးလက်နေ ပြည်သူများအနေဖြင့် ဥပဒေဆိုင်ရာ ဗဟုသုတ နည်းပါးသဖြင့် လယ်မြေအသိမ်းခံရမှု၊ သတ်မှတ်အခွန်အခထက် ပိုမိုတောင်းခံမှု စသော မတရားမှုများကို ခေါင်းငုံ့ခံနေရကြောင်း ပြောဆို သည်။

ဆွေးနွေးပွဲတွင် တက်ရောက်လာသော လယ်သမားများတွင်လည်း ထိုကဲ့သို့ အဖြစ်အပျက်များ တွေ့ကြုံဖူးသူ၊ တွေ့ကြုံနေရသူများ ပါဝင် ကြောင်း၊ ထို့ကြောင့် ပြည်သူများ  ဥပဒေဆိုင်ရာ ဗဟုသုတ ရှိခြင်းဖြင့် ထိုမတရားမှုများ နည်းပါးလာနိုင်ကြောင်း ၎င်းကပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ပုသိမ်မြို့မှ တက်ရောက်လာသူ ဦးစိုးမင်းဦးကလည်း “လယ်ယာမြေဥပဒေဆိုတာ အရင်က ကြားဖူးယုံရှိတာ၊ ဘာတွေ ပါမှန်းလည်း မသိဘူး။ အခုမှ နည်းနည်းသိလာတယ်” ဟုဆိုသည်။

ဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးမှ လယ်သမား ၁၇ ဦး တက်ရောက်လျက်ရှိပြီး ၎င်းဆွေးနွေးပွဲတွင် လယ်ယာမြေဥပဒေ၊ သစ်တောဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတများကို ဆွေးနွေးမျှဝေသွားမည်ဖြစ်ကြောင်း လူ့ အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ယက် အဖွဲ့ဝင် ကိုမြင့်နိုင်က ဆိုသည်။

လက်ရှိ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းကုန်းမြို့နယ်မှ ကိုမြင့်စိန်ကလည်း “အခုအလုပ်ရုံ ဆွေးနွေးပွဲမှာ လယ်ယာမြေ ဥပဒေနဲ့ပတ်သက်ပြီး သိလိုက်ရတဲ့အတွက် ကျွန်တော်တို့ လယ်သမားတွေအတွက် ကောင်းပါတယ်”ဟု ဆိုသည်။

လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကွန်ယက်အဖွဲ့ဝင်ပေါင်း ၅၀၀ ဝန်းကျင်ဖြင့် ကလေးစစ်သားပပျောက်ရေး၊ အဓမ္မလုပ်အားပေး ပပျောက်ရေး၊ ပြည်သူလူထုအကြောက်တရားမှ လွတ် မြောက်ရေး၊ အကြမ်းဖက်ဝါဒ ပပျောက်ရေးနှင့် လူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကွန်ယက်သည် လက်ရှိအချိန်တွင်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကလေးစစ်သားစုဆောင်းသူများအား အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့သို့ တိုင်ကြားခြင်းများနှင့် ကချင်ပြည်နယ်ရှိ လယ်ယာမြေ အသိမ်းခံရသည့် တောင်သူများဘက်မှ တရားစွဲဆိုပေးခြင်းတို့ကို ပြုလုပ်ပေး လျက် ရှိသည်။

ကလေးစစ်သားစုဆောင်းသူများအား တိုင်ကြားခဲ့ရာ စစ်တပ် အရာရှိသုံးဦးမှာ အရေးယူခံခဲ့ရကြောင်း ကွန်ယက်အဖွဲ့ဝင် ဒေါ်ဘောက်ဂျာက ဆိုသည်။

ပိုင်စိုး

-----------------------------------------------------------------------------------------------------------------------------------

အစိုးရတားဆီးသော်လည်း ကချင်စစ်ဘေးဒုက္ခသည်များကို ကူညီ

ရန်ကုန်၊ ဇူလိုင် ၁၉။

အရပ်သားအမည်ခံ ဦးသိန်းစိန်အစိုးရက ကချင်စစ်ပြေးဒုက္ခသည်များကို မကူညီရန် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများကို ပြောဆို တားမြစ်ထားသော်လည်း ခရစ်ယာန်အသင်းတော်များနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့မှ အကူအညီပေးလျက်ရှိကြောင်း ကချင်ဒေသခံများထံမှ သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှကောက်ခံထားသော စာရင်းများအရ ယခုအချိန်တွင် ကချင်ပြည်နယ်၌ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရှိကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ စစ်ဘေးဒုက္ခသည်များအား ကူညီလျက်ရှိသည့် ခရစ်ယာန်အသင်းတော်တစ်ခုမှ သင်းအုပ်ဆရာတစ်ဦးဖြစ်သူ ဦးဖလားနော်ဒင်းမ်က ပြောကြားသည်။

“တတ်နိုင်သလောက်တော့ ကူညီနေကြတာပဲ။ အချို့လုပ်ငန်းရှင်တွေဆိုလည်း နာမည်မခံရဲတာပဲ ရှိတယ်၊ လျှို့ဝှက်ကူညီနေကြတယ်၊ ကချင် လူမျိုးတွေတင်မကဘူး ဗမာတိုင်းရင်းသားလုပ်ငန်းရှင်တွေလည်းပါတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ အကူအညီများပေးလျက်ရှိသော်လည်း ဒုက္ခသည်များကို လောက်ငအောင် ကူညီနိုင်မှု မရှိသေးကြောင်း ကချင်ပြည်နယ် လိုင်ဇာမြို့မှ ဦးလဗျက ဆိုသည်။

“အစားအသောက်လောက်ပဲ ကူညီနိုင်ကြတာ။ လူကများတယ်လေ” ဟု ၎င်းကဆိုသည်။

ထိုသို့ စေတနာရှင်များမှ စစ်ဘေးဒုက္ခသည်များကို ဝိုင်းဝန်း ကူညီမှုများရှိသော်လည်း အစိုးရဘက်မှ  မည်သည့် အကူအညီမျှ မရှိသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

KIO နှင့် အစိုးရစစ်တပ်အကြား ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒုက္ခရောက်လျက်ရှိသည့် ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်များအား ကူညီနိုင်ရန် ကချင်ပြည်နယ်သို့ ပြန်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သူ လူ့အခွင့် အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ယက်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ဆိုသည်။

“စစ်ဘေးဒုက္ခသည်တွေကတကယ်ရှိနေတာပါ။ အဲဒါကိုလက်ခံရမယ်။ အခု ဒုက္ခရောက်နေတဲ့  ပြည်သူတွေကို ကူညီဖို့ ကြိုးပမ်းသွားမှာပါ”ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

၎င်း၏ ကချင်ပြည်နယ်ပြန်မည့် ခရီးစဉ်တွင် ရည်ရွယ်ချက်များအနက် စစ်ဘေးဒုက္ခသည်များကိုကူညီရန်မှာ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း၊ သူမအနေဖြင့် ကချင်ပြည်နယ်သို့ပြန်ရောက်သည်နှင့် စစ်ဘေးဒုက္ခသည်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုအားပေးမည်ဖြစ်ပြီး ဒုက္ခသည် စခန်း ဖွင့်နိုင်အောင်လည်း ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာက ဆိုသည်။

စစ်ပြေးဒုက္ခသည်များကို မည်သည့်အကူအညီမှ မပေးရန် အစိုးရက ကချင်ပြည်နယ်အတွင်းရှိ NGO များကို တားမြစ်ထားကြောင်း ကချင် ဒုက္ခသည် ထောက်ပံ့ရေး ကော်မတီဝင်တစ်ဦးကို ကိုးကား၍ မဇ္ဈိမသတင်း အင်္ဂလိပ်ပိုင်း ဇူလိုင် ၁၁ ရက်နေ့ အင်တာနက်စာမျက်နှာတွင်ဖော်ပြထားသည်။

ဒုက္ခသည်အများစုမှာ အစိုးရနှင့် KIO အကြား အပစ်အခတ်ရပ်စဲ ရေးညှိနှိုင်းနေစဉ်အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွားမည် စိုးသောကြောင့် နေရပ်မပြန်ဝံ့ဘဲ ရှိနေကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ယခုအချိန်တွင် ကချင်ပြည်နယ်၌ တိုက်ပွဲများ အနည်းငယ်ငြိမ်သက်လျက်ရှိသော်လည်း KIO နှင့် အစိုးရစစ်တပ်ကြား စေ့စပ်မှုမှာမူ အဆင်မပြေ ဟု ကြားသိရကြောင်း အခြေအနေပိုဆိုးလာဖွယ်ရှိကြောင်း ကချင်ပြည်နယ်ဒေသခံတစ်ဦးဖြစ်သည့် ခရစ်ယာန်သင်းအုပ်ဆရာ ဦးဖလားနော်ဒင်းမ်က ဆို သည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် တရုတ်က ဆောက်လုပ်ထားသော တာပိန်ရေးအားလျှပ်စစ် စက်ရုံတစ်ရုံ အနီးတွင် ဇွန် ၉ ရက်နေ့က မြန်မာအစိုးရတပ်နှင့် KIO လက်အောက်ခံ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် စစ်အစိုးရလက်ထက် ကတည်းက ၁၇ နှစ်ကြာ တည်ရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြားခဲ့သည်။

ပိုင်စိုး

-----------------------------------------------------------------------------------------------------------------------------------

မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အာဇာနည်နေ့အခမ်းအနား ကျင်းပ

ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော အာဇာနည်နေ့အခမ်းအနားကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီရုံးတွင်လည်း ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

ခမ်းအနားတွင် ဒေါက်တာသန်းဝင်း၊ ဦးသက်ထွန်းမောင်နှင့် မြောက်ဥက္ကလာပမြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အဖွဲ့ဝင်များက အာဇာနည်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောကြားခဲ့သည်။ ထို့နောက် အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်းကို ဆက်လက် ပြုလုပ်ခဲ့ပြီးနောက် အခမ်းအနားပြီးဆုံးကြောင်းကို ကြေငြာခဲ့သည်။

အခမ်းအနားဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးက “လူငယ်အများစုသည် အာဇာနည်နေ့အကြောင်းသေချာသိရှိသူ နည်းပါးနေသဖြင့် နောင်နှစ်များ တွင်လည်း ယခုကဲ့သို့အခမ်းအနားမျိုး ထပ်မံပြုလုပ်နိုင်ရန်ကြိုးစားသွားမည် ” ဟု ပြောကြား ခဲ့သည်။

အခမ်းအနားအပြီးတွင် စီစဉ်ထားသည့် ကားနှစ်စီးဖြင့် အခမ်းအနားသို့ တက်ရောက်လာသော အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင်များက အာဇာနည်ဗိမာန်သို့သွားရောက်ကာ ဂါရဝပြုခဲ့ကြသည်။

                 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မြန်မာ့ဆက်သွယ်ရေး စာပို့လုပ်ငန်းက ကားမရောက်တဲ့နေရာမှာ လေယာဉ်ပျံနဲ့ ပို့တယ်လို့ သိရတယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက်ကြောင့် လေယာဉ်ပျံနဲ့ ပို့တဲ့အခါမှာ ရာသီဥတုဆိုးရွားရင် သတင်းစာတောင် နှစ်ပတ်၊ သုံးပတ်ကြာမှ ဖတ်ရတဲ့မြို့တွေ ရှိတယ်၊ ဒီနေ့ခေတ်မှာ ဒီအချက်တွေကို အဆင်ပြေအောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာ စဉ်းစားသင့်တယ်။ အမြန်ချောပို့စနစ်နဲ့ ကြေးနန်းစနစ်ကတော့ကောင်းမွန်ပါတယ်"

ဇူလိုင် ၁၈ ထုတ် The Messenger အတွဲ (၂) အမှတ် (၉) တွင်ပါသည့် "မြန်မာ့ဆက်သွယ်ရေး စာပို့လုပ်ငန်း ယခုထက်ပို၍ အဆင်ပြေ ချောမွေ့ရန် လိုအပ်" သတင်းမှ ပြည်တွင်းအပတ်စဉ်ထုတ်ဂျာနယ်တစ်ခုမှ အယ်ဒီတာတစ်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း တရားဝင်လုပ်ကိုင်လျက်ရှိသော အနှိပ်ခန်းနှင့် ကာရာအိုကေဆိုင်များတွင် အလုပ် လုပ်ကိုင်နေကြရသည့် အမျိုးသမီးငယ်များ နစ်နာမှုမရှိစေရန်အတွက် အလုပ်အကိုင်ရရှိရေး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရလျှပ်စစ်မီးနှင့် စက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောသည်။

"လုပ်ငန်းရှင်တွေ စက်မှုဇုန်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်။ ဒီအမျိုးသမီးငယ်တွေက သက်ဆိုင်ရာ အလုပ်သမားရုံးတွေမှာ အလုပ်သမား မှတ်ပုံတင် ကဒ်တွေ ဆက်သွယ်လုပ်ကိုင်ထားဖို့လိုတယ်"ဟု ဝန်ကြီးဦးဉာဏ်ထွန်းက ပြောသည်။

ဇူလိုင် ၂၁ ထုတ် ENVOY အတွဲ (၂) အမှတ် (၁၃) တွင်ပါသည့် " သတင်းမှကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်မတို့လမ်းမှာဆို မိုးတွင်းမရောက်မီ ခင်းပေးမယ်ပြောပြီး အခုအချိန်ထိမခင်းရသေးဘူး။ လမ်းထဲမှာ ကိုယ့်ဘာသာသဲဝယ်၊ ပီနံအိတ်တွေထဲထည့်ပြီး သွားလို့ရအောင် ခင်းထားရတယ်။ ၂၀၁၁ နှစ်ဆန်းပိုင်းလောက်ကတည်းက လမ်းခင်းဖို့ဆိုပြီး ပိုက်ဆံတွေလိုက်ကောက်ထားတာပါ။ အဲဒီပိုက်ဆံကလည်း အလုပ်သမားကြေးပေးဖို့ လို့ပြောတယ်၊ လမ်းခင်းတဲ့စက်တွေ၊ ဘိလပ်မြေတွေ၊ သဲကျောက်တွေကို နိုင်ငံတော်က အလကားချပေးမှာလို့ ပြောပြီး ကောက်ခဲ့ တာပါ"

ဇူလိုင် ၁၈ ထုတ် The Messenger အတွဲ (၂) အမှတ် (၉) တွင်ပါသည့် "လမ်းခင်းရန် ငွေကောက်ခံထားသော်လည်း အကောင်အထည်ဖော်မှု မရှိသေး" သတင်းမှ လှိုင်သာယာမြို့ အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူ အမျိုး သမီးတစ်ဦးပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လူငယ်တွေအတွက် အရပ်ဖက်အဖွဲ့အစည်းတွေကနေအသိပညာနဲ့ သိနားလည်မှုတွေတိုးတက်လာအောင် လုပ်ပေးရမယ်။ အရပ်ဖက်အဖွဲ့အစည်းဆိုတဲ့ နေရာမှာ သာရေး၊ နာရေးနဲ့တင်မပြီးဘူး၊ အခုကမ္ဘာကြီးက အရမ်းပြောင်းနေပြီ။ ဆင်းရဲတဲ့ နိုင်ငံတွေမှာလည်းအခက်အခဲရှိသလို ချမ်းသာတဲ့ နိုင်ငံတွေမှာပဲ အခက်အခဲရှိတာပဲ။ အခက်အခဲများတာနဲ့ နည်းတာပဲကွာတယ်၊ ဒါတွေကို ဖြည့်ဖို့က အားလုံးကြိုးစားကျော်လွှားရမယ့်အရာပါ"

ဇူလိုင် ၁၈ ထုတ် The Messenger အတွဲ (၂) အမှတ် (၉) တွင်ပါသည့် "လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးတိုး တက်စေရန် သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သင့်" သတင်းမှ နိုင်ငံတော် သမ္မတ နိုင်ငံရေးအကြံပေးဒေါက်တာနေဇင်လတ်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သမိုင်းနှင့် အာဇာနည်ကြီးများ၏ တန်ဖိုး

၁၉၄၈ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့သည် မိုးတွင်းကာလဖြစ်သည်နှင့်အညီ ကောင်ကင်တစ်ပြင်လုံးအုံ့မှိုင်းမှိုင်းနှင့် ဖြစ်နေလျက် ရှိသော်လည်း သာယာတဲ့ နံနက်ခင်းလေး ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မကြာမီလွတ်လပ်ရေး ရတော့မည်ဖြစ်ရာ နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထု၏ စိတ် အတွင်းဝယ် အမတန်ကြည်နူးပျော်ရွှင်လျက်ရှိသော အချိန်အခါသမယလည်း ဖြစ်လေသည်။ သို့သော် လွတ်လပ်ရေးရခါနီးလေ လုပ်ရမည့်အလုပ်များ လည်း အလွန်များပြားသည်ဖြစ်လေရာ အာဇာနည်ခေါင်းဆောင်များသည် ချစ်လှစွာသော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ဝန်ကြီးအဆင့် အရေးပေါ် အစည်းအဝေးကျင်းပရန် အတွင်းဝန်များရုံးသို့ ရောက်ရှိလာခဲ့လေသည်။ လူ့ဘောင်လောကတွင် ထင်မှတ်မထားသော အဖြစ်အပျက် များသည်၊ ထင်မှတ်မထားသော အချိန်အခါတွင် ဖြစ်လာတက်သည်များလည်းရှိလေရာ ထိုနေ့သည် မြန်မာတစ်နိုင်ငံလုံးအတွက် ယူကြုံးမရအောင် ဝမ်းနည်းရသည့် နေ့တစ်နေ့ဖြစ်မည်ကို အာဇာနည် ခေါင်းဆောင်များ အပါအဝင် ပြည်သူလူထုအားလုံးက သိရှိလိုက်မည် မဟုတ်ပါ။ ထိုနေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်တွင် နိုင်ငံရေး အတိုက်အခံများဖြစ်သော အကြမ်းဖက်သမားများက တိုင်းပြည်၏အနာဂတ်ကို မကြည့်ဘဲ အလွန်အရုပ်ဆိုးအကျည်းတန်သော လုပ်ကြံသတ် ဖြတ်မှုမျိုးကို ဆောင် ရွက်ခဲ့သည်မှာ ယနေ့ထက်တိုင် သမိုင်းအမဲကွက်အဖြစ် ရှိနေလေသည်။ ထိုကဲ့သို့ သမိုင်းအမဲကွက်ကို ဆေးစက်ချလိုက်သူမှာကား နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောပင်ဖြစ်လေသည်။ ထိုလုပ်ရပ်ကြောင့်ပင်လျှင် သူ့ရှေ့က တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့သည့် အလုပ်ကောင်းများသည် လုံးဝအမှောင်လွှမ်းသွားကာ သမိုင်းတွင်လည်း နာမည်ဆိုးဖြင့်ကျော်ကြားသူအဖြစ် မှတ်တင်ဝင်သွားခဲ့ကြသည်။ အမှန်စင်စစ်ဦးစောမှာ ထိုခေတ်ထို အခါက အမေရိကန် သမ္မတရုစဗဲ့အပါအဝင်၊ အနောက်နိုင်ငံရှိ နိုင်ငံရေးသမားတော်တော်များများနှင့် ပေါက်အောင် ဆက်သွယ်နိုင်သည့်အတွက် မြန်မာမှာ သာမက အာရှမှာပါ အတော်ဆုံးနိုင်ငံရေးသမားတစ်ဦးဖြင့် အသိအမှတ်ပြုလို့ရသည့် ပုဂ္ဂိုလ်လည်းဖြစ်လေသည်။ သို့သော် လုပ်ကြံသတ်ဖြတ်မှုဟု ဆို သည့် အကျဉ်းတည်မှုလုပ်ရပ်ကို သူမည်သည့် စိတ် အခံ၊ အတွေးစိတ်ကူးများဖြင့် လုပ်ဆောင်သွားသည်မသိ။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ရော အာဇာနည် ခေါင်းဆောင်ကြီးများနှင့်ပါ ပုဂ္ဂိုလ်ရေးအာဃာသများ၊ သဘောထားမတူညီမှုများ ရှိခဲ့သည့်အတွက် မည်သို့မှ ယုံကြည်မှုတည်ဆောက်၍ မရခဲ့ပေ။ ယင်းမှာ ရှေ့ဆက်မည့် မြန်မာနိုင်ငံရေးဖြစ်စဉ်အတွက် တန်ဖိုးကြီးကြီးမားပေးရသည့်  အတိတ်သင်ခန်းစာပင် ဖြစ်ပေသည်။

တိုင်းပြည်လွတ်လပ်ရေးရအောင်ဆောင်ရွက်ခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ သခင်မြ၊ ဦးဘဝင်းတို့မှာ တိုင်းပြည် အတွက် အလွန်အဖိုးတန်သည့် အာဇာနည်ကြီးများပင် ဖြစ်လေသည်။ သူတို့၏ အပင်ပန်းခံမှု၊ ရိုးသားမှု၊ ပွင့်လင်းမှု၊ တည်ကြည်မှုတို့မှာ တိုင်းပြည်အတွက် လွတ်လပ်ရေး ရရာရကြောင်း အထောက်အပံ့များ ဖြစ်လေသည်။ ယင်းအာဇာနည်များအနက် ဗိုလ်ချုပ်အောင်ဆန်း၏ ပေးဆပ်မှုမှာ အများဆုံး ဖြစ်ပေလိမ့်မည်။ သူ့ကြောင့် ပင်လျှင် ခိုင်မာအားကောင်းသည့် မြန်မာတပ်မတော်ကြီးကို ဖွဲ့စည်း နိုင်ခဲ့လေသည်။ ချစ်လှစွာသော မြန်မာနိုင်ငံကြီး အတွက် ကျောင်းသားအရွယ် ကိုအောင်ဆန်းဘဝကတည်းက တစိုက်စိုက်မက်မက် ကြိုးပမ်းလာခဲ့ခြင်းဖြစ်ပြီး တိုင်းပြည် လွတ်လပ်ရေး၊ ငါ တန်ဖိုးထားမြတ်နိုးတဲ့ မြန်မာနိုင်ငံကြီးအတွက် ငါမှာ ရှိသမျှအင်အားအစုစုကို ပေးအပ်သွားမည်ဟု ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချခဲ့လေသည်။

ဤကဲ့သို့သော စိတ်ဓာတ်ခွန်အားများနှင့် ပြည့်နေသော ကိုအောင်ဆန်းကို အချိန်ပြည့်နိုင်ငံရေးသမားအဖြစ် ပို့ဆောင်ခဲ့သည့် သမိုင်း၏ အသွင် ပြောင်းဖြစ်ရပ်မှာကား ခွေးသရဲကြီးလွတ်လေပြီ (Hell Hound at Large) ဆောင်းပါးကြောင့် ဖြစ်လေသည်။ အိုဝေမဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်သည့် ကိုအောင်ဆန်းမှာ ဤကိစ္စနှင့်ပင် ကျောင်းမှထွက်ခဲ့ရ လေသည်။ ပဲခူးကျောင်းဆောင်အတွင်း စာအုပ်ပုံများကြားတွင် ဖြစ်သလိုနေထိုင်ခဲ့သည့်၊ နိုင်ငံရေး သမားကောင်း ဖြစ်ချင်သည့်အတွက်ကြောင့် အခန်းတံခါးပိတ်ကာ ဗြိတိန်ပါလီမန်မိန့်ခွန်းများကို အကြိမ်ကြိမ်ဖတ်မှတ်လေ့လာခဲ့သည့် ကိုအောင် ဆန်း၏ ပုံရိပ်ကို သူ၏ငယ်ပေါင်းကြီးဖော်များ ပြန်လည်ဖော်ထုတ်ပြောကြားသည်မှာ သမိုင်း၏ အာဇာနည်လုလင်တစ်ဦး ပုံရိပ်ကို ဟိုနားတစ်ကွက်၊ ဒီနားတစ်ခွက် ဖြန်းပက်ထားသလိုပင် ဖြစ်လေသည်။

ကျောင်းထုတ်ခံရပြီး ကိုအောင်ဆန်းမှာ သူ့ခေတ်လူငယ်ထုကြီးတစ်ခုလုံး တောင့်တမျှော်လင့်နေသော လွတ်လပ်ရေးကြီးဆိုသော ပန်းတိုင်ကြီး ကို ရင်ဘတ်ကြီးထဲထည့်ရင်း  ဒို့ဗမာအစည်းအရုံးထဲဝင်ကာ သခင်အမည်ခံခဲ့လေသည်။ ဤ သို့နှင့် ကိုအောင်ဆန်းမှာ သခင်အောင်ဆန်းအမည်ခံရင်း နိုင်ငံရေးကို အချိန်ပြည့်လုပ်ဆောင်ခဲ့လေသည်။ ထိုခေတ်က "သခင်ပေါက်စ ထောင်ခြောက်လ" ဟုအဆိုလည်းရှိလေရာ အငတ်ငတ်အ ပြတ်ပြတ်ဖြင့် စာရေးရင်း နိုင်ငံရေးကို တစ်စိုက် မတ်မတ်လုပ်ဆောင်နေခဲ့လေသည်။ ထိုအတွက်ကြောင့် သခင်အောင်ဆန်း၏ ဆံကေသာ ဖရိုဖရဲ၊ ထည်လဲဝတ်ရသည့် အဝတ်ဟောင်းများနှင့် နိုင်ငံအတွက် လှုပ်ရှားနေသည့် သူ့ပုံရိပ်မှာ ယခုထက်တိုင်ရှင်သန်နေဆဲဖြစ်လေသည်။

ဤသို့နှင့် သခင်အောင်ဆန်းမှာ နိုင်ငံရေးဖြတ်သန်းမှုအဆင့်ဆင့်ဖြင့် အတွေ့အကြုံများယူရင်း သဘောပေါက်သွားသည့်အချက်မှာ အင်္ဂလိပ် ဆီက လွတ်လပ်ရေးရယူနိုင်ဖို့ဆိုသည်မှာ အင်အားရှိသည့် တပ်မတော်တစ်ခု ရှိမှဖြစ်မည် ဟုပင် ဖြစ်လေသည်။ ထိုအတွက်ကြောင့်  ၁၉၄၀ သြဂုတ်လတွင် ၁ ရက်နေ့တွင်  အင်္ဂလိပ်တွေ လိုက်နေသည့်ကြားက လွတ်အောင်ရှောင်ထွက်ကာ ဟိုင်လီသဘောင်္ဖြင့် စစ်ပညာသင်ရန် အမွိုင်သို့ထွက်ခွာ သွားလေသည်။ ထို့မှတစ်ဆင့် ဂျပန်တွင် ရဲဘောင်သုံးချိတ်နှင့်အတူ စစ်ပညာသင်ခဲ့လေသည်။ ဤသို့နှင့် မြန်မာ့လွတ်မြောက်ရေးတပ်မတော်၏ စစ်သေနာပတိချုပ် ဖြစ်လာ သည့် ဗိုလ်ချုပ်အောင်ဆန်းမှာ တိုင်းပြည်အတွက် လွတ်လပ်ရေးကို ယုံကြည်ချက်အပြည့်၊ အားမန်အပြည့်ဖြင့် ပြည်တော်ပြန်ခဲ့လေသည်။ ဗိုလ်ချုပ် အောင်ဆန်းဟူ၍ ဖြစ်လာသည့်အခါ ဗိုလ်ချုပ်၏ အသက်မှာကား ၂၆နှစ်သာ ရှိသေးလေသည်။

ဗိုလ်ချုပ်အောင်ဆန်းဘဝဖြင့် တိုင်းပြည်လွတ်လပ်ရေးအတွက် အလွန်အရေးကြီးသည် နု-အက်တလီ စာချုပ်ကို ၁၉၄၇ ဖေဖော်ဝါရီ ၂ ရက်နေ့က လက်မှတ်ရေးထိုးနိုင်ခဲ့လေသည်။ ထိုအချိန်က အာရှတွင် ငယ်ရွယ်ပြီး ထက်မြက်သည့် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်တစ်ဦးကို ဗြိတိသျှ နိုင်ငံရေးအသိုင်းအဝိုင်းက အသိအမှတ်ပြု ချီးကျူးခံခဲ့ရလေသည်။ ထိုအချိန်အခါက ဗိုလ်ချုပ်မှာ သူလုပ်ကြံခံရမည်ကို တွေးပင်တွေ့မိမည် မဟုတ်ပါ။ ယခု အခါမှာတော့ ယင်းတို့ မှာ နိုင်ငံဖခင်တစ်ဦး၏ ဝမ်းနည်းစရာပုံရိပ်များအဖြစ်သာ ကျန်ရှိလေတော့သည်။ သူအလွန်လိုချင်၊ ရချင်သော ဆန္ဒပြင်းပြသည့် လွတ်လပ်ရေးကို သူမမြင်ရသွားရှာပေ..........။

သမိုင်းသည် တမ်းတဖို့မဟုတ်၊ သင်ခန်းစာယူဖို့ဖြစ်သည်ဟူသော အဆိုမှာ အလွန်ပင်မှန်ကန်မှုရှိပေသည်။ သမိုင်းထဲက သင်ခန်းစာ မယူတတ် လျှင် အတိတ်လွမ်းဝေဒနာများဖြင့်သာ ရှေ့ဆက်မတက်နိုင်ဖြစ်ပေတော့မည်။ အာဇာနည်ကြီးများ၏ ပုဂ္ဂိုလ်ရေးသမိုင်း၊ သူတို့ပါဝင်လှုပ်ရှားခဲ့သော နိုင်ငံ ရေးသမိုင်းများ၊ လူမှုရေးသမိုင်းများကို စေ့စေ့စပ်စပ်လေ့လာခြင်းအားဖြင့် အမျိုးသားရေး စိတ်ဓာတ်ထွန်းကားလာနိုင်သည့်အပြင် ရှေ့ဆက်မည့် ဒီမိုကရေစီ ခရီးလမ်းအတွက်လည်း သမိုင်းထဲမှ များစွာသောသင်ခန်းစာယူနိုင်မှာဖြစ်ခြင်းကြောင့် အမှားစက်ဝန်းသံသရာကြီးကို ချိုးဖောက်နိုင်မည် ဖြစ်ပါ ကြောင်း............။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs