Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၁.၇.၂၀၁၁

ဘာသာပြန်သတင်းများ

အမေရိကန်က မြန်မာအပေါ် အရေးယူမှုများ သက်တမ်းတိုး

(20 July 2011 ရက်စွဲပါ Radio Australia News မှ US renews sanctions on Burma ကို ဘာသာ ပြန်ဆိုသည်)

                အမေရိကန် ကွန်ဂရက်မှ အကြီးဆုံးအပိုင်းဖြစ်သော House of Representatives သည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများ ကို သက်တမ်းတိုးမှုအား အတည်ပြုခဲ့သည်။ အဆိုပါ အရေးယူမှုများတွင် အချို့ပစ္စည်းများ တင်သွင်းမှုများ ပိတ်ပင်ထားခြင်းနှင့် အစိုးရတာဝန်ရှိသူများ အား ဗီဇာ ကန့်သတ်ထားခြင်းများ ပါဝင်သည်။

                Sanctins များကို 2003 ခုနှစ်တွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စတင် ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်း Sanctions များကို ဥပဒေပြုအမတ်များက မဲပေးပြီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မေလက သမ္မတ Obama သည် မြန်မာနိုင်ငံတွင် အမေရိကန်တို့ ရင်းနှီးမြှပ်နှံမှုအား တားမြစ်သော သီးခြားအရေးယူမှုများအား သက်တမ်းတိုးခဲ့သည်။ အမေရိကန်ဆီးနိတ်ကလည်း အလားတူ အရေးယူမှုများကို ဘဏ္ဍာရေး ကော်မတီမှ အတည်ပြုချက်ရပြီးပါက အတည်ပြုနိုင်ရန် မျှော်လင့်လျက်ရှိသည်။

***********************************************************

မြန်မာအပေါ် အရေးယူ ဒဏ်ခတ်သည့် အစီအစဉ်များကို ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ပြောကြား

(Radio Australia News မှ 19 July 2011 ရက်စွဲပါ “Aung San Suu Kyi defends Sanctions against Burma” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာဒီမိုကရေစီ လိုလားသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အပေါ် အနောက်နိုင်ငံ အရေးယူဒဏ်ခတ်မှု Sanctions များ ဆက်လက် ချမှတ်ထားသင့်သည် ဟူသော သူမ၏အမြင်ကို ကာကွယ် ပြောဆိုလိုက်သည်။

                နေအိမ် အကျယ်ချုပ်မှ သူမက လွတ်မြောက်လာပြီး နောက်ပိုင်းအချို့သူများ က “ဒေါ်အောင်ဆန်းစုကြည်သည် သာမာန် မြန်မာပြည်သူများနှင့် အလှမ်းကွာနေပြီ” ဟု ဝေဖန် ပြောဆိုမှုများ ရှိခဲ့သည်။ သို့သော်လည်း ABC သတင်းဌာနနှင့် သီးသန့်အင်တာဗျူး ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည် က “မြန်မာအစိုးရအား လူ့အခွင့်အရေး ချိုးဖောက်မှုအလေ့အထ ပြောင်းလဲလာအောင် ဖိအားပေးရာတွင် အရေးယူ ဒဏ်ခတ်သည့် Sanctions များကို အသုံးပြုနိုင်သည်” ဟု ပြောဆိုခဲ့သည်။

                တကယ်လို့ သြစတြေးလျနဲ့ အခြားနိုင်ငံတွေက မြန်မာအစိုးရကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ နိုင်ငံရေး လုပ်ငန်းစဉ်မှာ အဖွဲ့အစည်း အားလုံး ပါဝင်စေဖို့ စတဲ့ ပိုမိုအရေးကြီးတဲ့ တောင်းဆိုမှုအချို့ ပြုလုပ်တဲ့အခါ “ဟေ့ တကယ်လို့ မင်းတို့အနေနဲ့ Sanctions တွေကို ရုတ်သိမ်းပေးစေ ချင်တယ်ဆိုရင် ဒါတွေ၊ ဒါတွေတော့ လုပ်ပေးရလိမ့်မယ်” ဆိုတဲ့ စကားမျိုး ပြောလို့ရတာပေါ့ ဟု သူမက ပြောကြားသည်။

                အထက်ပါ အင်တာဗျူး အပြည့်အစုံကို ABC သတင်း ဌာန၏ Foreign Correspondent ရုပ်သံ အစီအစဉ် မှ အင်္ဂါနေ့ညတွင် ထုတ်လွှင့်မည်ဟု သိရသည်။

*****************************************************************

မြန်မာစစ်တပ်ကို လက်နက် တပ်ဆင်ပေးခြင်းဖြင့် အကြမ်းဖက်မှုတွင် အိန္ဒိယကြံရာပါ ဖြစ်လာ

(Asia News မှ 19 july 2011 ရက်စွဲပါ “By arming the Burmese military India complicit in violence” ဆောင်းပါး ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံတွင် ကချင်၊ ရှမ်းနှင့် ကရင်တိုင်းရင်းသားများကို တပ်မတော် အစိုးရက ဆက်လက် ညှင်းပန်းနှိပ်စက် ဖိနှိပ် အုပ်ချုပ်လျက် ရှိသောကြောင့် အိန္ဒိယနှင့် ကမ္ဘာလုံးဆိုင်ရာ အိန္ဒိယ ခရစ်ယာန်များ ကောင်စီ (GCIC) ဥက္ကဌ Sajan K George က “အိန္ဒိယနိုင်ငံသည် မြန်မာ တပ်မတော် အစိုးရကို ကူညီခြင်းဖြင့် အိန္ဒိယ၏ ဒီမိုကရေစီ စည်းမျဉ်းများ အားလုံးကို ချိုးဖောက်နေသည်” ဟု ပြောကြားလိုက်သည်။

                “အိန္ဒိယအစိုးရဟာ မြန်မာတပ်မတော် အစိုးရရဲ့ တိုက်ပွဲဝင် တင့်ကား ၅၂ စင်းအတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ကူညီ ဖြည့်ဆည်း ပေးခြင်းဖြင့် နိုင်ငံရဲ့ ဒီမိုကရေစီ  စည်းမျဉ်းအားလုံးကို ချိုးဖောက်လိုက်ပါပြီ ” ဟု အိန္ဒိယ ခရစ်ယာန်များ၏ ကမ္ဘာလုံးဆိုင်ရာ ကောင်စီ (GCIC) ဥက္ကဌ Sajan K George က စွပ်စွဲပြောဆိုခဲ့သည်။ Sajan က “သူ၏ နိုင်ငံသည် မြန်မာအာဏာရှင် အစိုးရနှင့် ကြံရာပါ ဖြစ်နေကြောင်း၊ အိန္ဒိယ၏ လက်နက် ရောင်းဝယ်မှုသည် မြန်မာနိုင်ငံမှ ကချင်၊ ရှမ်း၊ ကရင်ပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်မှုနှင့် ပတ်သက်ဆက်နွယ် နေခြင်းကြောင့် ဖြစ်ကြောင်း” ဆက်လက်ပြောဆိုသည်။

                မြန်မာနိုင်ငံတွင် တပ်မတော်ကို ကျောထောက်နောက်ခံပြုထားသည့် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ဦးဆောင်သော အစိုးရသစ် ပြီးခဲ့သော မတ်လမှ စတင်၍ အာဏာရလာခဲ့သော်လည်း နိုင်ငံတွင်း တည်ငြိမ်မှု လက်တွေ့အားဖြင့် မရှိပဲ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခ ကျယ်ပြန့်စွာ ဖြစ်ပွား နေခြင်း၊ ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသားများ အပေါ် ဆက်လက် အကြမ်းဖက်ခြင်း တို့ကိုသာ တွေ့မြင်နေရသည်။ ဇူလိုင်လအတွင်းက ကချင်ပြည်နယ် နေရာအနှံ့အပြားတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် မြန်မာ့တပ်မတော် အကြား ပြင်းထန်သော တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

                “မြန်မာနိုင်ငံမှာ တရားမျှတမှု၊ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေတဲ့ အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်ဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုတဲ့ တိုင်းရင်းသားတွေကို တိုက်ခိုက်ဖို့အတွက် အိန္ဒိယ လက်နက် ခဲယမ်းမီးကျောက်တွေကို မြန်မာအစိုးရက အသုံးပြု တော့မှာပါ” ဟု GCIC ခရစ်ယာန်ကောင်စီ ဥက္ကဋ္ဌက သတိပေး ပြောဆိုသည်။

                မြောက်များစွာသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ ၊ နှိပ်စက် ညှင်းပန်းမှုတွေ၊ လိင် အကြမ်းဖက်မှုတွေဟာ မြန်မာ့တပ်မတော်ကြောင့် ဖြစ်ပွား ခဲ့ရပြီး ဖြစ်သလို တခြားအခြေခံ လွတ်လပ်ခွင့်များစွာကိုလည်း ဆက်လက် ချုပ်ချယ် ဟန့်တား ဖိနှိပ်လျက်ရှိပါတယ်။ ကမ္ဘာပေါ်က အရက်စက်ဆုံး စစ်ဖက်အာဏာရှင်တွေကို လက်နက် ကူညီ ထောက်ပံ့ပေးတာဟာ သန်းပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေရဲ့ ဘဝတွေအပေါ်မှာ ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်စေပါလိမ့်မယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

**************************************************************

ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် ပြဿနာ ဆက်လက်ကြီးထွား

(Relief Web မှ 19 July 2011 ရက်စွဲပါ “Displacement continues in context of arm conflicts” သတင်း ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံ၌ ၁၉၉၀ နောက်ပိုင်း ပထမဆုံး လွှတ်တော် ရွေးကောက်ပွဲများကို ၂၀၁၀ နိုဝင်ဘာလ တွင် ကျင်းပခဲ့သည်။ ယခင် တပ်မတော် အစိုးရ အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသော ပါတီနှင့် လက်ရှိ တာဝန်ထမ်းဆဲ တပ်မတော်အရာရှိ အုပ်စုကသာ ဥပဒေပြု အာဏာနှင့် အုပ်ချုပ်ရေး အာဏာကို ဆက်လက် ထိန်းချုပ်ထားခဲ့ခြင်းကြောင့် အရပ်ဖက် အုပ်ချုပ်မှုနှင့် အာဏာမျှဝေမှု ပိုမိုရရှိလာစေမည့် အခွင့်အလမ်း ပြူတင်းပေါက်ပွင့်လာ ဖွယ် မရှိနိုင်တော့ပါ။

ထိုအတောအတွင်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ တွင် အတိုက်အခံ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ NSAGs နှင့် မြန်မာအစိုးရတပ်ဖွဲ့များ အကြား လတ်တလောတိုက်ပွဲများ ဖြစ်ပွားနေမှုကြောင့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ဒေသခံများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ထိုင်းနှင့် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးလျက် ရှိကြခြင်းမှာ တိုင်းရင်းသား ပဋိပက္ခ ပြဿနာပြေလည်နိုင်ခြင်း မရှိသေးပဲ ငြိမ်းချမ်းရေးရရှိရန် ခဲယဉ်းနေသေးသည့် လက္ခဏာပင် ဖြစ်သည်။

                ၁၉၉၀ ခုနှစ်များအတွင်းက မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရန် သဘောတူခဲ့ကြသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများက မြန်မာ စစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ်သို့ အသွင်ပြောင်းရန် မြန်မာအစိုးရ၏ ရာဇသံပေးမှုကို မလိုက်နာပဲ ငြင်းပယ်ခဲ့ကြသောကြောင့် ၂၀၀၉ ဧပြီလ နောက်ပိုင်းတွင် ၎င်းအုပ်စုများနှင့် အစိုးရတပ်များ အကြား ပဋိပက္ခပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

                အထက်ပါ လက်နက်ကိုင်ပဋိပက္ခ ပြဿနာကြောင့် ဖြစ်ပေါ်လာရသော အိုးမဲ့အိမ်မဲ့ ပြဿနာကို နိုင်ငံအတွင်း လွတ်လပ်သော မည်သည့် အဖွဲ့ အစည်းကမှ စနစ်တကျ လေ့လာစောင့်ကြည့်ကြခြင်း မရှိပါ။ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များနှင့် ပတ်သက်သော ရနိုင်သမျှ သတင်းအများစုမှာ ထိုင်း မြန်မာ နယ်စပ်၏ ထိုင်းဖက်ခြမ်းတွင် အခြေစိုက်သော အဖွဲ့အစည်းများထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အခင်းဖြစ် ဒေသများသို့ သွား၍မရအောင် ကန့်သတ် ထားခြင်း၊ လွတ်လပ်စွာ စောင့်ကြည့်လေ့လာနိုင်မှု မရှိခြင်းတို့ကြောင့် ဒေသတွင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည်များ၏ အရေအတွက်၊ အနေအထားတို့နှင့် ပတ်သက် သည့် သတင်းများ၏ မှန်ကန် တိကျမှုကို အကဲဖြတ်ရန် လုံးဝ ဖြစ်နိုင်ခြေ မရှိပါ။

                မြန်မာနိုင်ငံ၏ အခြားဒေသများမှ လက်နက်ကိုင် ပဋိပက္ခများကြောင့် ဒေသခံများ နေစရာမရှိ ထွက်ပြေးကြရသည် ဆိုသော်လည်း တိကျသော ခန့်မှန်းမှု ပြုလုပ်နိုင်သည့် တစ်ခုထဲသောဒေသမှာ မြန်မာ အရှေ့တောင်ပိုင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ် အတွင်း လူပေါင်း ၄ သိန်းကျော် အိုးအိမ် အတည်တကျ မရှိပဲ ရွှေ့ပြောင်းနေထိုင်နေကြရသည် ဟု ယုံကြည်ရသည့် ၎င်းတို့အနက်မှ ခုနှစ်သောင်းကျော်မှာ ဒုက္ခသည် အသစ်စက်စက်များ ဖြစ်ကြသည်။

*************************************************************

တရုတ်က မြစ်ဆုံ ရေကာတာနှင့် ပတ်သက်၍ ယင်း၏ အစီရင်ခံစာအား လျစ်လျူရှုပြီး ဆက်လက်လုပ်ဆောင်

(18 July 2011 ရက်စွဲပါ Asia Sentinel မှ China ignores own Irrawaddy Dam study ကို ဘာသာပြန်သည်)

China Power Investment ၏ အကဲဖြတ် အစီရင်ခံစာက မြန်မာနိုင်ငံ၏ မြစ်ဆုံ ရေကာတာ စီမံကိန်းအား ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ နိုင်ငံပိုင် China Power Investment ကော်ပိုရေးရှင်းသည် ယင်း၏ 945 မျက်နှာရှိ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ လေ့လာချက်တွင် မြစ်ဆုံ စီမံကိန်းအား ဖျက်သိမ်းရန် တောင်းဆိုထားသော်လည်း ဆက်လက် လုပ်ကိုင်လျက် ရှိကြောင်း လေ့လာချက် စာတမ်းကော်ပီအား ပြသလျက် Burma Rivers Network က သတင်းထုတ် ပြန်ခဲ့သည်။

ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ် အစီရင်ခံစာ၏ ကန့်ကွက် ပြောဆိုမှုကို လျစ်လျူရှု၍ ဆက်လက် လုပ်ကိုင်ရန် ဆုံးဖြတ်ချက်ကို ဖြစ်တောင့်ဖြစ်ခဲ ဟု ပြောဆိုရန် ခက်ခဲပေသည်။ တရုတ် ခေါင်းဆောင်အများစုသည် အင်ဂျင်နီယာများ ဖြစ်သည့်အလျောက် ယင်းတို့သည် အင်ဂျင်နီယာဆိုင်ရာ စီမံကိန်း ကြီးများကို အလွန်တရာ နှစ်သက်သည် ဖြစ်သောကြောင့် Beijing က ဆက်လက်ပြုလုပ်ရန်နှင့် ဖြစ်သမျှ နောက်မှ ကြည့်ရှင်းမည်ဟု သဘောထားခဲ့ကြ သည်။ ယင်းကိစ္စတွင် ဖြစ်လာမည့် အကျိုးဆက်များမှာ အန္တရာယ် အလွန်ကြီးသည်။

ညွှန်ပြရမည့်ကိစ္စတစ်ခုမှာ တရုတ်နိုင်ငံ ယန်စီမြစ်ပေါ်ရှိ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ် ရေကာတာ ဖြစ်သော Three Gorges ရေကာတာပင် ဖြစ်သည်။ ယင်းမှာ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက ကန့်ကွက် နေသည့်ကြားမှ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် မေလက နိုင်ငံတော် ကောင်စီသည် ပတ်ဝန်းကျင် ဆိုင်ရာ၊ ဆောက်လုပ်ရေးနှင့် လူများပြောင်းရွေ့ရနိုင်ခြင်းများနှင့် ပတ်သက်သော အန္တရာယ်သည် ချက်ခြင်းဖြေရှင်းရမည့် ပြဿနာ ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။ နိုင်ငံတော်ကောင်စီသည် ထိုသို့သော သတင်းများကို ခွင့်ပြုရန် ခဲယဉ်းသည်။

Three Gorges ရေကာတာသည် အဆိုပါ ဒေသအား အကျိုးဖြစ်ထွန်းစေသော်လည်း နိုင်ငံတော် ကောင်စီက ပြောကြားရာတွင် “နေအိမ်များ ချောမွေ့စွာ ပြောင်းရွေ့ နေရာချထားရေး၊ အပင်များ၊ သတ္တ၀ါများအား အကာအကွယ် ပေးရေး၊ ပထ၀ီဆိုင်ရာ အန္တရာယ်များ ကာကွယ်ရေး တို့နှင့် ပတ်သက်သော ကိစ္စများ မထိခိုက်အောင် ပြဿနာများကို ချက်ခြင်း ဖြေရှင်းရမည် ဖြစ်သည်” ဟု ဆိုသည်။ အဆိုပါ ပြဿနာများတွင် ယန်ဇီဖြစ်မှ ရေ၏ အရည် အသွေးသည် တဖြေးဖြေး ဆိုးရွားလာနေခြင်း ဖြစ်ပြီး ရေကာတာက ရေထုညစ်ညမ်းမည့် အရာများ ပြန့်ပွားမှုကို ကာကွယ် ထားသောကြောင့် ဖြစ်သည်။ ရေမှော်များလည်း တိုးပွားလျက်ရှိပြီး မြေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားလျက် ရှိသည်။

မြန်မာနိုင်ငံတွင်လည်း ထောင်ပေါင်းများစွာသော အလုပ်သမားများ၊ စက်ပစ္စည်းများ ကချင်ပြည်နယ်သို့ ရွေ့ပြောင်းထားပြီး ဖြစ်သည်။ မြစ်ဆုံ တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီး ဒေသခံရွာသားများ ကန့်ကွက်နေသည့် ကြားမှ ချီဗွေရှိ ဒုတိယနေရာတွင်လည်း စတင်နေ ကြောင်း Burma Rives Network ၏ အဆိုအရ သိရှိရသည်။

နေရာမလွတ်သော ရွာ ၆ ရွာအား အတင်းအဓမ္မ ပြောင်းရွေ့စေခဲ့ပြီး ဖြစ်ရာ ရွာသားများက ပြောင်းရွေ့ပေးရသော နေရာတွင် ကျန်းမာရေးနှင့် ပညာရေးပစ္စည်းများ မပြည့်စုံမှု၊ လယ်လုပ်ရန် မြေနေရာနှင့် ရေ မလုံလောက်မှုများကို တိုင်ကြား ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံတစ်ဝှမ်း ထိခိုက်ခဲ့ရသော အသိုင်းအ၀ိုင်းများက အဆိုပါ ရေကာတာများကို ဆန့်ကျင်ခဲ့ကြသည်။ China Power က ယင်း၏ အကဲဖြတ်အစီရင်ခံစာတွင် ဒေသခံ တိုင်းရင်းသား အများစုက ရေကာတာများဆောက်လုပ်မှုကို ဆန့်ကျင်ကြောင်း သတိပေးထားပြီး၊ ဒေသခံ ထိခိုက်သော ပြည်သူများနှင့် ညှိနှိုင်း သဘောတူညီမှု ရယူရန် တောင်းဆိုထားသည်ဟု NGO ၏ အဆိုအရ သိရှိရသည်။

အဆိုပါ အကဲဖြတ်အစီရင်ခံစာကို ၂၀၀၉ ခုနှစ်ကုန်က ပြီးစီးခဲ့သော်လည်း လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း NGO က ပြောသည်။ အစီရင်ခံစာအတွက် ကုန်ကျငွေများကို China Power က ကျခံပြီး မြန်မာ 80 ဦးနှင့် တရုတ် သိပ္ပံပညာရှင်များပါဝင်သော အဖွဲ့က ပြုစုခဲ့ခြင်း ဖြစ်ကြောင်း Burma Rivers Network ကလည်း ရေကာတာ ဆောက်လုပ်ရေးနှင့် ဧရာဝတီမြစ် လက်တက်များတွင် တရုတ်အင်ဂျင်နီယာများ စီစဉ်နေသော ရေကာတာ နောက်ထပ် 6 ခုကို ဆန့်ကျင်ခဲ့သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော မြစ်ဖြစ်ပြီး၊ ဟိမ၀န္တာမှ စတင် စီးဆင်းလာသော မြစ်များမှတစ်ခု ဖြစ်သည်။ အဆိုပါ အစီရင်ခံစာကို 2009 ဇန်န၀ါရီလမှ မေလအထိ ကောက်ယူသော အချက်အလက်များပေါ်တွင် အခြေခံရေးသားခဲ့ရာ ဧရာဝတီ၊ မေခနှင့် မလိခတို့တွင် ဆောက်လုပ်မည့် ရေကာတာများနှင့် ပတ်သက်၍ ပြုစုတင်ပြခဲ့သည်။

စာတမ်းပြုစုရေးအဖွဲ့သည် ရှည်လျားပြီး အားလုံးပါဝင်သော ပတ်ဝန်းကျင်ဆိုင်ရာ အကဲဖြတ်ချက်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာတွင် ရေကာတာများဖြင့် မြစ်ကို အပိုင်းပိုင်းခွဲစိတ်လိုက်ခြင်းသည် ရေကာတာ၏ အပေါ်ပိုင်းဒေသများတွင် သာမက အောက်ဖက်မြစ်ဝကျွန်းပေါ် တိုင်အောင် ကြီးမားသော လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာတွင် သစ်ပင်မျိုးကွဲများ (plant diversity), အဓိက ဇီဝမျိုးကွဲ ဒေသများ (biodiversity areas) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး စင်္ကြ (conservation corridors) များတွင် ပြင်းထန်သော အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

အကယ်၍ မြန်မာနှင့်တရုတ် အစိုးရများသည် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းပြည်တွင် အဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အ တွက် အမှန်တကယ် စိုးရိမ်ပူပန်မှု ရှိသည်ဟု ဆိုလျှင် ဧရာဝတီမြစ် ပေါင်းဆုံရာ နေရာတွင် ထိုသို့ကြီးမားသော ရေကာတာ ဆောက်လုပ်ရန် မလိုအပ်ပေ။ NGO က အစီရင်ခံစာတွင် ဖော်ပြထားမှုအားကိုးကားဖော်ပြရာတွင် “ထိုအစားမြစ်ဆုံအထက်တွင် ပို၍သေးငယ်သော ရေကာတာနှစ်ခု ဆောက်လုပ်လျှင် လည်း ထိုလျှပ်စစ်ပမာဏကို ရနိုင်ကြောင်း” ဆိုသည်။ ကချင်ရိုးရာ တန်ဖိုးများသည် ရေကာတာဆောက်လုပ်မည့် စုစုပေါင်းတန်ဖိုးထက် ပိုမို ကြီးမားသဖြင့် လေးစားသင့်သည်။

မြစ်ဆုံရေကာတာကြောင့် ရေစီးကြောင်း ပြောင်းလဲပြီး ရေကြောင်းသွားလာရေး မြစ်ကြောင်း တစ်လျှောက် အပင်များနှင့် သတ္တ၀ါများ၊ ecology၊ မြစ်ဝ ကျွန်းပေါ်ရှိ အပင်များနှင့် သတ္တ၀ါများ အပေါ်တွင် သက်ရောက်မှုများ ရှိနေပြီး စီးပွားရေးအပေါ် အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများ ရှိနိုင်ခြင်းကြောင့် မြစ်ဆုံစီမံကိန်းအား ရှောင်သင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်သည် ရေကာတာများ ဆောက်လုပ်ရေးကိစ္စတွင် ခေါင်းမာစွာပင် ဆက်လက် တွန်းအားပေးနေသည်။ ယင်းသည် မြန်မာနိုင်ငံတွင် သာမက မဲခေါင်မြစ်ပေါ်တွင်ပါ တွန်းအား ပေးနေသည်။ ယင်းတို့မှာ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက မြစ်များ၏ အပင်များ၊ သတ္တ၀ါများ ဆိုင်ရာ ecology ကို ပျက်စီးစေကြောင်း ကန့်ကွက်မှုများ ကြားမှ လုပ်ဆောင်နေခြင်း ဖြစ်သည်။

“တရုတ် ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုး၍ ပြုလုပ်လျက် ရှိသော်လည်း ယင်းတို့၏ စံများကိုပင် လိုက်နာခြင်း မရှိသေး ပါ” ဟု Burma Rivers Network မှ စိုင်းစိုင်းက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ China Power Investment ကော်ပိုရေးရှင်းသည် ယင်း၏ အကဲဖြတ် အစီရင်ခံစာကို မြန်မာ ပြည်သူများအား ချပြခြင်း မရှိပဲ ရေကာတာ ဆောက်လုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လျက် ရှိသည်။

ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) သည် 2011 ခုနှစ် မတ်လက တရုတ် အစိုးရသို့ မြစ်ဆုံ ရေကာတာ ဆောက်လုပ်ခြင်းသည် ပြည်တွင်းစစ် ကို ဦးတည်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။ အဆိုပါ သတိပေးချက်အတိုင်း ဖြစ်လာပြီ ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လက မြန်မာ စစ်တပ်နှင့် KIO တို့ ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ တရုတ်၏ တာပိန် ရေအား လျှပ်စစ် စက်ရုံကို ပိတ်ထားရသည်။ မြန်မာ စစ်သားများသည် လက်နက် အင်အားဖြင့် အနိုင်ယူ လိုပုံ ရသည်။

Burma Rivers Network က ရေကာတာ စီမံကိန်းကို ချက်ခြင်း ရပ်ရန်နှင့် မြန်မာနိုင်ငံ တစ်ဝှမ်း စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်မှုများ ရှိကြောင်း ရေးသားထားသည့် အစီရင်ခံစာအား လူသိ ရှင်ကြား ထုတ်ပြန်ရန် တောင်းဆိုထားသည်။

*********************************************************

တောင်တရုတ်ပင်လယ်ဥပဒေအတွက် အရှိန်မြှင့်စကားပြောရန် အင်ဒိုနီးရှားပြော

(19 July 2011 ရက်စွဲပါ AFP မှ Martin Abbugao ရေးသားသော Speed up talks on South China Sea Coad: Indonesia ကို ဘာသာပြန်ဆိုသည်)

                အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ကိစ္စတွင် သီးသန့်စည်းမျဉ်းဥပဒေများဖြင့် အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံနှင့် တရုတ်တို့သည် အလျင်အမြန်ဆွေးနွေးသင့်ကြောင်း အင်ဒိုနီးရှား သမတ Susilo Bambang Yudhoyono က အင်္ဂါနေ့က ပြောကြားခဲ့သည်။

                အငြင်းပွားနေမှုနှင့် ပတ်သက်၍ အဖြေတစ်ခုထုတ်နိုင်ခဲ့ပါက အဆိုပါ သယံဇာတပေါသောဒေသ၏ အခြေအနေကို ခန့်မှန်းနိုင်ပြီး၊ ဒေသတွင်း တည်ငြိမ်ရေး အတွက် အထောက်အကူဖြစ်ကြောင်း ကမ္ဘာကြီးကို ပြသနိုင်မည်ဖြစ်ပါသည်။ သုံးသပ်သူများက ထိုဒေသတွင် ရန်ပွဲများဖြစ်လာနိုင်ကြောင်း သုံးသပ်လျက်ရှိသည်။

                “ကျွန်တော်တို့ ဒီကိစ္စအတွက် ကြာနေတဲ့ လမ်းညွှန်ချက်တွေကို နောက်ဆုံးအတည်ပြုပေးဖို့လိုပါ တယ်။ ဒါမှနောက်တစ်ဆင့်ကို ဆက်သွားနိုင် မှာ ပါ”ဟု Yudhoyono က ဘာလီကျွန်းတွင် ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအဖွင့်တွင် ပြောကြားခဲ့သည်။

                “ဒီကိစ္စကို ပိုမိုလုပ်ဆောင်လာတာနဲ့အမျှ၊ တောင်တရုတ်ပင်လယ်က အခြေအနေကို ကျွန်တော်တို့ ပိုမိုစီမံခန့်ခွဲလာနိုင်မှာဖြစ်ပါတယ်။ တောင်တရုတ် ပင်လယ်နဲ့ပတ်သက်လို့ ဒေသဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေချမှတ်နိုင်အောင် မကြာခင်ဆွေးနွေးနိုင်လိမ့်မယ်လို့ ကျွန်တော် ပြောလို ပါတယ်”ဟု ၎င်းက ပြောသည်။

                အာဆီယံနှင့် တရုတ်တို့သည် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများကို ကျေညာနိုင်ရန် သဘောတူ ညီမှုရရေးဆွေးနွေးနေသည်မှာ (၁၀)နှစ်ရှိပြီဖြစ်ကြောင်း၊ ကိုးနှစ်ခန့်မှာ သဘောတူညီမှုတစ်စုံတစ်ရာမရပဲ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားခေါင်းဆောင်ကဆိုသည်။

                “မလိုအပ်တာတွေနဲ့ ကြန့်ကြာနေတာပါ”ဟု Yudhoyono က အစည်းအဝေးတွင် တစ်စုံတစ်ရာ ဆုံးဖြတ်နိုင်ရေးအတွက် ရည်ရွယ် ပြောဆို ခဲ့သည်။ စနေ့တွင် ပြီးဆုံးမည့် ငါးရက်ကြာအာဆီယံဒေသဆိုင် ရာ လုံခြုံရေးဖိုရမ်တွင် တရုတ်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ပါဝင်သည်။

                “တောင်တရုတ်ပင်လယ်ရဲ့ အနာဂတ်ကို မိမိတို့ဖန်တီးနိုင်တယ်။ စီမံနိုင်စွမ်းရှိတယ်။ အကောင်းမြင် နိုင်မှုရှိတယ်ဆိုတာ ကမ္ဘာကို အားကောင်း မောင်းသန် ပြသနိုင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ပြောသည်။

                တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်တို့သည် Spratly ကျွန်းများ အပါအဝင် တောင်တရုတ်ပင်လယ်၏ အစိတ် အပိုင်းများကို တောင်းဆိုလျက်ရှိရာ တူညီသော နေရာများပါဝင်လျက်ရှိသည်။

                ထိုဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များပေါ်ကြွယ်သည်ဟု ယူဆရပြီး၊ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသွားလာမှုတွင် အရေးပါသော လမ်း ကြောင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ် နှင့် ကာကွယ်ရေးဆိုင်ရာသဘောတူညီချက်များရှိပြီး၊ ဖိလစ်ပိုင်ကလည်း လွတ်လပ်စွာ သင်္ဘော သွားလာခွင့် အား အမျိုးသားအကျိုးစီးပွားအဖြစ် တောင်းဆိုလျက်ရှိသည်။

                ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း တရုတ်က အင်အားအသုံးပြုလာသည်ဟုဆိုကာ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့က ဆန္ဒပြလာခြင်းကြောင့် တင်းမာ မှုများမြင့်တက်လာခဲ့သည်။ Beijing သည် ထိုဒေသတစ်ခုလုံးကို အခြေစိုက်နိုင်ရန် တောင်းဆိုလျက်ရှိသည်။

                အာဆီယံအထွေထွေအတွင်းရေးမှူး Surin Pitsuwan က ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီး များသည် တောင်တရုတ်ပင်လယ်အရေးအား အင်္ဂါနေ့တွင် ဆွေးနွေးလိမ့်မည်ဟု မျှော်လင့်ရသည်ဟုဆိုသည်။

                “ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို မှန်ကန်တဲ့ အချက်ပြရပါမယ်။ မိမိတို့ စီမံခန့်ခွဲနိုင်တယ်ဆိုတာရယ်၊ အခြေခံအချက်အလက်တွေမကြာခင် ရရှိနိုင်မယ်လို့ ပြသနိုင်ရပါမယ်။ အချိန်တွေ ဖြုန်းလို့ မဖြစ်တော့ပါဘူး”ဟု Surin က သတင်းထောက်များသို့ ဘာလီတွင် ပြောကြားခဲ့သည်။

                မကြာသေးမီက အဖြစ်အပျက်များတွင် တရုတ်တပ်များက ဖိလစ်ပိုင် ငါးဖမ်းသမားများအား စတင်ပစ်ခတ်ကြောင်း စွပ်စွဲချက်များရှိခဲ့သည်။ ဖိလစ်ပိုင် ကုမ္ပဏီမှ ရေနံရှာဖွေရေးသင်္ဘောများကို နောက် ယောင်ခံလိုက်ခြင်း၊ ဖိလစ်ပိုင် တောင်းဆိုထားသော နယ်မြေအတွင်း တည်ဆောက်မှု ပြုလုပ် ခြင်းများရှိခဲ့သည်။

                ပြီးခဲ့သည့် မေလက ဗီယက်နမ်တိုင်းတာရေး သင်္ဘောမှ ကေဘယ်များကို တရုတ်သင်္ဘောက ဖြတ်တောက်ခြင်းကြောင့် ဗီယက်နမ်က စိတ်ဆိုးကြောင်း ပြောခဲ့ပြီး၊ Beijing ကလည်း အမေရိကန်-ဗီယက်နမ် ရေတပ်လေကျင့်မှုများ ဗီယက်နမ်ကမ်းရိုးတန်းတွင် ပြီးခဲ့သည့်အပတ်က စတင်ခဲ့ခြင်းအား ကန့်ကွက်ခဲ့သည်။

                တရုတ်ကလည်း ဇွန်လက တောင်တရုတ်ပင်လယ်တွင် ကိုယ်ပိုင်စစ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ကမ်းလွန်ရေပိုင်နက်တွင် ရေကြောင်း ကင်းလှည့်မည့် တပ်များ တိုးမြှင့်ရန် အစီအစဉ်များကို ကျေညာခဲ့သည်။

                ထိုင်ဝမ်ကလည်း ရေထဲတွင် ဒုံးကျည်သင်္ဘောများထားရှိရန်နှင့် အငြင်းပွားနေသော ကျွန်းများပေါ်တွင် တင့်ကားများထားရှိရန် စဉ်းစားနေ သည်ဟု ဆိုသည်။

                ဒေသဆိုင်ရာ စည်းမျဉ်းဥပဒေများအရ လမ်းညွှန်ချက်များရေးဆွဲရေးဆွေးရာတွင် နှစ်ဖက်စလုံးများ က ဆန့်ကျင်ပြောဆိုမှုအနေအထားကြောင့် ကြန့်ကြာလျက်ရှိသည်။

                တရုတ်က တစ်နိုင်ငံချင်းစီဖြင့်သာ ညှိနှိုင်းလိုသော်လည်း အာဆီယံက တရုတ်အပါအဝင် အားလုံး စုံညီညှိနှိုင်းလိုသည်။ Beijing က အာဆီယံ၏ အနေအထားကို ကန့်ကွက်လျက်ရှိရာ၊ အာဆီယံက အဆိုပါ ကိစ္စအား နိုင်ငံတကာအရေးကိစ္စအဖြစ် ပြုလုပ်မည်ကို စိုးရိမ်၍ဖြစ်သည်။

                အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Tiechi တို့သည် အာဆီယံဒေသဆိုင်ရာ ဖိုရမ်သို့ တက်ရောက်ကြမည်ဖြစ်သည်။

**********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs