Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၂.၇.၂၀၁၁

ဘာသာပြန်သတင်းများ

ဂျပန်နိုင်ငံ တွင် All Nippon နှင့် Air Asia ဖက်စပ်လုပ်မည်

( 21 July 2011 ရက်စွဲပါ BBC News မှ All Nippon and Air Asia in Japanese joint venture ကို ဘာသာ ပြန်သည်)

ဂျပန်နိုင်ငံ ၏ All Nippon Airways နှင့် တန်ဖိုးနည်း လေကြောင်းလိုင်း Air Asia တို့သည် ဂျပန်ဈေးကွက်တွင် ပြေးဆွဲရန် ဖက်စပ်ပြုလုပ်ရေး အတွက် သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်သည်။

Air Asia Japan သည် တိုကျို၏ နာရီတာ နိုင်ငံတကာလေဆိပ်အခြေပြု ပထမဆုံး တန်ဖိုးနည်းလေကြောင်းလိုင်းဖြစ်ကြောင်း ပါတနာများက ပြောသည်။ ၎င်းသည် ၂၀၁၂ သြဂုတ်လတွင် စတင်ပြေးဆွဲနိုင်မည်ဟု မျှော်လင့်ရသည်။

ဖက်စပ်လေကြောင်းလိုင်းတွင် All Nippon က 67% ပိုင်ဆိုင်မည်ဖြစ်ပြီး ကျန် 33% ကို Air Asia က ပိုင်ဆိုင်မည် ဖြစ်သည်။ လေကြောင်းလိုင်း သည် ပြည်တွင်း ခရီးစဉ်များရော၊ နိုင်ငံတကာ ခရီးစဉ်များပါ ပျံသန်းမည် ဖြစ်သည်။

“ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အောင်မြင်တဲ့ တန်ဖိုးနည်း စီးပွားရေးလုပ်ငန်းတစ်ခုအား ဂျပန်နိုင်ငံကို တိုးချဲ့နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ဂုဏ်ယူ ပါတယ် ” ဟု လေကြောင်းလိုင်း CEO Tony Fernandes က ပြောကြားခဲ့သည်။

***************************************************************************************

မြန်မာကို တရုတ်ကြီးထံမှ ဆွဲယူ သိမ်းသွင်းရန် အိန္ဒိယ ကြိုးစားနေ

(Japan Times မှ 18 July 2011 ရက်စွဲပါ “ India trying to woo Myanmar from China” သတင်းဆောင်းပါး ကို ဘာသာပြန်ဆိုသည်)

မကြာသေးမီက ဝါရှင်တန်ရှိ လုပ်သက်ရင့် မြန်မာသံတမန်တစ်ဦး သံရုံးကို စွန့်ခွါ၍ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သလို မြန်မာဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်း ပြည်ပမှ အချို့သူများသည် မြန်မာနိုင်ငံတွင် အစိုးရသစ်က အပြောင်းအလဲ ဆောင်ကြဉ်းပေးခဲ့ပြီ ဟု ယူဆကာ သူတို့ကို သူတို့ လှည့်စားနေကြကြောင်း မှတ်ချက်ပေး ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးဒိုင်းနမစ်အရွေ့မှာ နှေးကွေးလွန်းစွာ အသွင်ပြောင်းလဲလျက်ရှိနေပြီး အိမ်နီးခြင်း နိုင်ငံများမှာလည်း အရှိအတိုင်း လျော်ကန်စွာ တုန့်ပြန်ကြရန် ဖိအားပေးခြင်း ခံနေကြရသည်။

အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး S.M. Krishna သည် မတ်လက အာဏာရလာခဲ့သော မြန်မာအရပ်ဖက် အစိုးရသစ်ကို တွေ့ဆုံရန် ယခင်လက နေပြည်တော်သို့ သွားခဲ့သည်။

မြန်မာနိုင်ငံ၏ SPPC ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မနှစ်က ကောဇောနီခင်း ကြိုဆိုကာ ရာဇဝတ်မှုခင်းကိစ္စများ၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ သိပ္ပံနည်းပညာနှင့် အချက်အလက် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်သည့် သဘောတူညီချက်များ အပါ အဝင် စာချုပ်တသီကြီး လက်မှတ်ထိုးပေးလိုက်သည့် အိန္ဒိယ ခရီးစဉ်အပြီး တစ်နှစ်ခန့်အကြာတွင် ယခု အိန္ဒိယဝန်ကြီး၏ ခရီးစဉ် ပေါ်ပေါက်လာခြင်း ဖြစ် သည်။

ယခု တကြိမ်တွင်လည်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Nirupama Rao က ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့သည် ဆိုသော် ငြားလည်း စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နှင့် ကီလိုမီတာ ၁၆၅၀ ရှည်သော အိန္ဒိယ- မြန်မာနယ်စပ်ကို အသုံးချ ရှောင်တိမ်းနေသည့် အိန္ဒိယ အနောက်မြောက်သူပုန်များ ကိစ္စတို့ကသာလျှင် အခရာကျ၍ ရှေ့တန်းသို့ ရောက်နေခဲ့ပါသည်။

ထို့အပြင် လာမည့် နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ တစ်ဘီလျံကျော် ရင်းနှီးမြှပ်နှံရန် အိန္ဒိယက စီစဉ်ထားပါ သည်။

ယင်းခရီးစဉ်တွင် ဆွေးနွေးခဲ့သော အခြေခံ အဆောက်အဦနှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ အနက် အိန္ဒိယ - မြန်မာ - ထိုင်း အဝေးပြေးလမ်း စီမံကိန်း၊ NHPC က တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း၊ Tata Motors ၏ ထရပ်ကား တပ်ဆင်သည့် စက်ရုံနှင့် မီဇိုရမ် နယ်စပ်ကုန်သွယ်ရေးဂိတ် ပွိုင့် ကိစ္စများ ပါဝင်သည် ဟု သိရှိရသည်။

အိန္ဒိယ- မြန်မာ နယ်စပ်ဒေသများကို စနစ်ကျအောင် ပြန်လည်ပြင်ဆင်သည့်အနေဖြင့် အိန္ဒိယနွယ်ဖွားများအား သက်ဆိုင်ရာ အထောက်အထား များ မရှိသည့်တိုင်အောင် နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးရန် မြန်မာတို့ဖက်က သဘောတူခဲ့ပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာတပ်မတော်အစိုးရအပေါ် ပြင်းထန်စွာဝေဖန်မှုများကို အစောပိုင်းကပြုလုပ်ခဲ့ပြီးနောက်တွင် အရှေ့နှင့် အရှေ့တောင် အာရှမှ လျှင်မြန်စွာ ကြီးထွားလာသော စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေး ခိုင်မာအားကောင်းလာစေရန် ရည်မှန်းသည့်   “အရှေ့မျှော် မူဝါဒ” ကို အထောက်အကူဖြစ်စေရေးအတွက် ၁၉၉၀ ခုနှစ်များ အလယ်ခန့်မှ စ၍ မြန်မာအစိုးရအပေါ် ဝေဖန်မှုတို့ နှုတ်ဆိတ်ကာ ဒေါ်အောင် ဆန်းစုကြည် အား လူသိရှင်ကြား ထောက်ခံခြင်းကို စွန့်လွှတ်လိုက်သည်။

ယခုအခါ မြန်မာနိုင်ငံတွင်း၌ တရုတ်တို့၏ကဏ္ဍ အန္တရာယ်အဆင့်သို့ ရောက်အောင် ကြီးထွားလာခြင်းကို သိရှိနားလည်ရေးကိစ္စသည်သာလျှင် ပို၍ အရေးကြီးလာနေသည်။ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီဆိုင်ရာ အယူအဆရေးရာ လွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံကို တရုတ်တို့ဖက်သို့ ပါသွားစေခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အိန္ဒိယအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်မှုများကို ပိုမို၍ မှန်မှန်ကန်ကန်အကဲဖြတ်မှု ပြုလုပ်နိုင်ရန်နှင့် ယင်းအပေါ် မူတည်၍ နိုင်ငံခြားရေး မူဝါဒကို ပုံဖေါ်ရန် ဖိအားပေး ခံနေရသည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ဘီဂျင်း၏ ကုန်သွယ်ရေး၊ စွမ်းအင်နှင့် ကာကွယ်ရေး ဆက်ဆံ ဆောင်ရွက်မှုများ လှိုင်းတံပိုးများလို တိုးပွားလာချိန်တွင် အိန္ဒိယအနေဖြင့် မြန်မာအစိုးရနှင့် ညှိနှိုင်း ဆေးနွေးခြင်းကို အလေးမထားနိုင်ပဲ ရွေးချယ်စရာ အနည်းငယ်သာ ရှိခဲ့သည်။

အဓိအားဖြင့် သဘာဝဓါတ်ငွေ့ကြွယ်ဝသည့် အနီးဆုံးအိမ်နီးခြင်း မြန်မာတို့ တရုတ်ကြီး၏ စက်ကွင်းမိနေပြီကို နားလည်သိရှိသော အိန္ဒိယနိုင်ငံက မြန်မာအစိုးရကို ပစ်ပယ်ထားသည့် မူဝါဒဟောင်းကို ပြောင်းပြန်လှန်ကာ မြန်မာအာဏာပိုင်များနှင့် တိုက်ရိုက် ဆက်ဆံခြင်းကို ယခုအခါ စတင်လျက် ရှိ သည်။

သို့ဖြစ်ရာ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံကိစ္စတွင် အနောက်နိုင်ငံများ၏ လမ်းညွှန်မှုကို ခံယူနိုင်ခြင်း မရှိတော့ပါ။ ဒီမိုကရေစီကိစ္စနှင့် ပတ်သက် လာလျှင် မြန်မာအစိုးရကို ညင်ညင်သာသာလေးတွန်းရန် အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများ က တောင်းဆိုနေကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က အပူပိုင်း ဆိုင်ကလုံးနာဂစ် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယ၏ ကယ်ဆယ်စောင့်ရှောက်ရေး ကြိုးပမ်း ဆောင် ရွက်ချက်များကြောင့် ကြီးကြီးမားမား အသိအမှတ်ပြုခံရခြင်း ဆုလာဒ်ကို ရရှိစေခဲ့သည်။ မြန်မာ အုပ်ချုပ်သူအလွှာမှ အမြင့်ဆုံးပုဂ္ဂိုလ်များ၏ ယုံကြည်စိတ် ချမှုကို ရရှိစေခဲ့သော အိန္ဒိယသည် ထိုအရာကို လက်လွှတ်ဆုံးရှုံးခံနိုင်ဖွယ် မရှိပါ။

သို့ဖြစ်ရာ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများ၏ အရေးယူဒဏ်ခတ်မှုကို အိန္ဒိယက ဆက်လက်ကန့်ကွက်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပါ။

၆ နှစ်တာမျှ ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၀၈ တွင် ဒေါ်လာသန်း ၁၂၀ တန်ဘိုးရှိသော စစ်တွေဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်းကို အိန္ဒိယက သဘောတူခဲ့ပါသည်။ ဤစီမံကိန်းပြီးလျှင် ဘင်္ဂလားဒေ့ရှ်တွင် တစ်ထောက်နားစရာမလိုဘဲ အရှေ့တောင်အာရှသို့ ဆက်သွယ်နိုင်မည့် နောက်ထပ် ရွေးချယ် စရာ လမ်းကြောင်းတစ်ခု ရရှိလာမည်ဖြစ်သည်။

ထို့အပြင် သံလျင်ရေနံချက်စက်ရုံ ပြင်ဆင်မွမ်းမံရေးအတွက် ဒေါ်လာ သန်း ၂၀ ချေးငွေ ထပ်မံပေးအပ်ခြင်းဖြင့် အမေရိကန်တို့၏ ပိတ်ဆို့ လှုပ် ရှားမှုကြောင့် ရုန်းကန်နေရသည့် မြန်မာအစိုးရကို အထောက်အကူပေးခဲ့ပြီး သဘာဝဓါတ်ငွေ့ရောင်းချပေးသည့် ကိစ္စ တွင် အိန္ဒိယအတွက် အထူး အခွင့် အရေး ရစေရန် မြန်မာတပ်မတော်အစိုးရကို စည်းရုံးခဲ့သည်။

အိန္ဒိယနှင့် မြန်မာအကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ဒေါ်လာ တစ်ဘီလျံသို့ ယနေ့ ရောက်ရှိနေပါပြီ။

တပ်မတော်အစိုးရကလည်း မြန်မာနယ်စပ်ဒေသများတွင် စခန်းချပုန်းအောင်းနေသည့် အိန္ဒိယအရှေ့မြောက် နာဂသူပုန်များ နှိမ်နှင်းဖယ်ရှားရေး ကိစ္စကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ ရှည်လျားလှသော အိန္ဒိယ- မြန်မာ နယ်စပ်၏ ဟိုဖက်ဒီဖက် ကီလိုမီတာ ၂၀ အတွင်း ဧရီယာသည် နာဂ ရွှေ့ ပြောင်း သူပုန်များအတွက် လွတ်လွတ်လပ်လပ်အသုံးချ ရှောင်ပုန်းစရာ နေရာဒေသများ ဖြစ်နေသည်။

၂၀၀၁ ခုနှစ် တွင် အိန္ဒိယ နယ်စပ်လမ်းများ အဖွဲ့ မှ ဆောက်လုပ်ခဲ့သည့် အိန္ဒိယ- မြန်မာ ချစ်ကြည်ရေးလမ်း အပါအဝင် မြန်မာနိုင်ငံတွင် အိန္ဒိယ က အကောင်အထည်ဖေါ်နေသော အခြေခံအဆောက်အဦး စီမံကိန်းများအပြင် နောက်ထပ် ဒုတိယမြောက် လမ်းစီမံကိန်း စတင်နိုင်မည့် အလားအလာကို အိန္ဒိယအစိုးရက လေ့လာလျက်ရှိပြီး မြန်မာ အနောက်ဖက်ကမ်းရိုးတန်းမှ ရွှေ၊ ဓါတ်ငွေ့ရှာဖွေမည့် ရေနက်ပိုင်းစီမံကိန်း တစ်ခုတွင်လည်း ရင်းနှီးမြှပ်နှံ ထားသည်။

ထိုသို့ မြန်မာတပ်မတော် အစိုးရက သံဃာတော်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများကို အကြမ်းဖက်နှိမ်နှင်းရန် အလွယ်တကူ အဆင်သင့် ဖြစ်နေ ချိန်တွင် အိန္ဒိယ စွမ်းအင်ဝန်ကြီးက ရခိုင်ကမ်းလွန် ရေနက်ပိုင်း သယံဇာတရှာဖွေရေး စီမံကိန်း ၃ ခုအတွက် သဘောတူစာချုပ်ကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံကို ကန့်ကွက်သော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်များကို ထောက်ခံခဲ့သည့် အိန္ဒိယနိုင်ငံသည် တချိန်ထဲတွင် ဒီမိုကရေစီ အရည်အသွေးများနှင့် မြန်မာတပ်မတော်အစိုးရကို ဆက်လက်ပေါင်းသင်းလိုသည့် ဆန္ဒတို့ ဟန်ချက်ညီအောင် ကြိုးစားသည့်အနေဖြင့် လူ့ အခွင့်အရေး ပြဿနာကို သေးငယ်အောင်၊ အရေးမကြီးအောင် ကြိုးစားခဲ့သည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံအား လက်နက် ခဲယမ်းမီးကျောက်မှအစ စားစရာကောက်ပဲသီးနှံအဆုံး အရာရာကို ရောင်းဝယ်ဖလှယ်နေခြင်းကြောင့် မြန်မာနိုင်ငံတွင် တရုတ်သြဇာ လွှမ်းမိုးလာခြင်းကို တန်ပြန် ဟန့်တားရန် ခက်ခဲမည်ဆိုသည်ကို အိန္ဒိယက သိရှိထားပြီး ဖြစ်သည်။

အမှန်စင်စစ် မြန်မာနိုင်ငံတွင် တရုတ်တို့ ချဲ့ထွင်နေသည့် သြဇာအာဏာကို ဖယ်ရှားနိုင်ခြင်း မရှိပါ။ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဆုံးမမည့် အမေရိကန်၏ လှုပ်ရှားမှုများကို တရုတ်နိုင်ငံက မှန်မှန်ဆန့်ကျင်လာခဲ့ခြင်းကို မြန်မာအစိုးရ သိသိသာသာ အသိအမှတ်ပြုထားခြင်းကြောင့် ဓါတ်ငွေ့သိုက် ရှာဖွေခြင်း၊ ဓါတ်ငွေ့ရောင်းချပေးခြင်း ကဏ္ဍများတွင် တရုတ်ကုမ္ပဏီများက အထူးဦးစားပေး အခွင့်အလမ်းများ ရရှိနေပါသည်။

ထိုမျှမကသေးဘဲ မြန်မာနိုင်ငံတွင် တရုတ်ရေတပ်၏ နေရာယူမှု ကြီးထွားလာပါက အိန္ဒိယသမုဒ္ဒရာတွင် အင်အားပြရန် ခက်ခဲလာမည့် ပြဿနာကို အိန္ဒိယအနေဖြင့် တွေ့ကြုံရတော့မည် ဖြစ်သည်။ ထိုသို့ အိန္ဒိယသမုဒ္ဒရာတစ်ဝိုက် ဒေသများတွင် တရုတ်ရေတပ် နေရာယူမှု များလာပါက ဒေသတွင်း အိန္ဒိယ၏ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို ချုပ်ချယ်သလိုဖြစ်ကာ အိန္ဒိယနိုင်ငံကို ဒုက္ခတွေ့စေတော့မည် ဖြစ်သည်။

ထို့အပြင် အိန္ဒိယ၏ နောက်ဖေးကွက်လပ်တွင် တရုတ်၏ မဟာဗျူဟာမြောက် ခြေကုတ်ကို သိသိသာသာ ချဲ့ထွင်နေသည့် “ တရုတ်နိုင်ငံ ၏ ပုလဲ ကုံး ” မဟာဗျူဟာ သည်လည်း အလေးထားစရာ ကိစ္စတစ်ရပ်ပင် ဖြစ်သည်။ မြန်မာနိုင်ငံရှိ တရုတ်ရေတပ် အခြေစိုက်စခန်းများသည် အဆိုပါ မဟာဗျူ ဟာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု အချို့က ရည်ညွှန်းသည်။ သို့သော်အချို့ စွပ်စွဲချက်များမှာမူ မြန်မာနိုင်ငံတွင် တရုတ်ရေတပ် နယ်ချဲ့နေသည့် ကိစ္စကြောင့် ပုံကြီးချဲ့ကြခြင်းသာ ဖြစ်သည်။

ဥပမာအားဖြင့် ကိုကိုးကျွန်းစုများကို တရုတ်ရေတပ်စခန်းအဖြစ် အသွင်ပြောင်းမည် ဟူသော ၂၀၀၅ ခုနှစ်က သတင်းများမှာ မမှန်ကန်ကြောင်း အိန္ဒိယအစိုးရက ဝန်ခံခဲ့သည်။ အမှန်စင်စစ် မြန်မာနိုင်ငံတွင် မည်သည့် ပြည်ပရေတပ်အခြေစိုက်စခန်းမှ မရှိသေးပါ။ ယခုအချိန်အထိ အိန္ဒိယ သမုဒ္ဒရာ အတွင်း တရုတ်တို့ နေရာယူလာခြင်းသည် ယခင်ကထက် ဖြေးဖြေးမှန်မှန် ပိုမို သိသာလာရုံသာ ရှိသေးသည်။

တရုတ်တို့သည် မြန်မာနိုင်ငံတွင် ရေတပ်အခြေစိုက်စခန်း မရှိသော်ငြားလည်း ကိုကိုးကျွန်းရှိ အခြေခံ အဆောက်အဦးများ အဆင့်မြှင့်သည့် လုပ်ငန်းတွင် ပါဝင် ပတ်သက်လျက် ရှိကြပြီး ကန့်သတ်ထားသော နည်းပညာ အကူအညီအချို့ကို ထောက်ပံ့ ဖြည့်ဆည်းပေးဖွယ် ရှိနေသည်။

မြန်မာအစိုးရက နိုင်ငံတကာ အသိအမှတ်ပြု လက်ခံမှု ပိုမိုရရှိရန်အတွက် အိန္ဒိယနှင့် ဆက်ဆံရေး တိုးတက်နေခြင်းကို အသုံးချလိမ့်မည်ဟု အမေရိကန်ပြည်ထောင်စုက စိုးရိမ်လျက်ရှိသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က “ မြန်မာနိုင်ငံကို အုပ်ချုပ်နေသော သဘောထားတင်းသည့် စစ်ဖက်အုပ်စုကို ထိုးဖောက်ရန်အတွက် ကမ္ဘာ့နိုင်ငံရေးတွင် ကြီးမားလာသည့် အိန္ဒိယ၏ကဏ္ဍကို အသုံးပြုသင့်ကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံတွင်းမှ ကြားခံစေ့စပ်သူများကို နယူးဒေလီအနေဖြင့် တိုက်တွန်းသင့်ကြောင်း ” အကြံပြုပြောကြားထားသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ၎င်း၏ အရည်အသွေးများကို ပြသရန် ဖိအားများ ကျရောက်နေသော်လည်း အိန္ဒိယ အစိုးရက မြန်မာနိုင်ငံအပေါ် တပ်မတော်ဆန့်ကျင်ရေး သဘောထားပြသမည့် အလားအလာ မရှိပါ။ မြန်မာအစိုးရနှင့် လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေ ဖြစ်လာ အောင် ကြိုးစားရန် အိန္ဒိယ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားကိစ္စများက တောင်းဆိုလျက် ရှိနေခြင်းကြောင့် ဖြစ်သည်။

ဒီမိုကရေစီ မြှင့်တင်အားပေးရေး ကိစ္စသည် နယူးဒေလီအတွက် လတ်တလော မစဉ်းစားနိုင်သေးသည့် ဇိမ်ခံကိစ္စတစ်ခုသာ ဖြစ်သည်။

***************************************************************************************

 Myanmar သည် Burma ဖြစ်လာရန် ထင်သည်ထက် ပိုနီးကပ်လာ

( 19 July 2011 ရက်စွဲပါ Foreign policy in focus မှ Russ Wellen ရေးသားသော Myanmar may be closer to becoming Burma again than you think ကို ဘာသာ ပြန်ဆိုသည်)

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုမှုများကြောင့် မြန်မာနိုင်ငံမှ စစ်အစိုးရ ဗိုလ်ချုပ်များသည် ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပပေး ခဲ့ပါသည်။ ရွေးကောက်ပွဲများတွင် မရိုးမသား ပြုလုပ်ခဲ့ခြင်းကြောင့် စစ်တပ်နောက်ခံပြုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သည်။ အချိန်ကြာမြင့်စွာ အုပ်ချုပ်ခဲ့သော စစ်အစိုးရ ခေါင်းဆောင် ဦးသန်းရွှေသည် ၎င်း၏ လက်ထောက် ဦးသိန်းစိန်အား သမ္မတသစ်အဖြစ် ခန့်ခဲ့ပြီး အနားယူ သွားခဲ့သည်။ နောက်တစ်မျိုး ပြောင်းထားခြင်းပင် ဖြစ်သည်။

အနည်းဆုံးတော့ ရက်စက်ကြမ်းကြုပ်သော ဦးသန်းရွှေ ဘေးသို့ထွက်သွားပြီ ဖြစ်သည်။ နောက်ကွယ်မှ စီမံနေခြင်းသည် ၎င်းအား နာမည်ဆိုး ရစေသော အကြောင်းမရှိ၍ ပို၍ လွတ်လပ်သော နည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

Dictator Watch စာအုပ်တွင် Roland Watson က ရေးသားထားရာတွင် ဦးသန်းရွှေ၏ နျူကလီးယား လက်နက်အစီအစဉ်မှာ ဆက်လက် လုပ်ဆောင်နေကြောင်း၊ မေလက မြောက်ကိုးရီးယားသင်္ဘော မြန်မာနိုင်ငံသို့ သွားရောက်နေသည်ကို အမေရိကန်တို့က တားဆီးနိုင်ခဲ့ခြင်းက ပြဆိုနေ ကြောင်း ရေးသားထားသည်။

ပြောလိုသည့် အချက်မှာ ရုပ်သေးအစိုးရကို ထူထောင်လိုက်ခြင်းဖြင့် ဦးသန်းရွှေသည် တိုင်းရင်းများအပေါ် စစ်တိုက်ရေးကို လွတ်လွတ်လပ်လပ် အာရုံပြုနိုင်ခဲ့သည်။ မြန်မာစစ်တပ်သည် နေရာအတော်များများ ဖြန့်ကျက်နိုင်ခဲ့သော်လည်း အသေအပျောက်နှုန်းမှာလည်း ကြီးမားလာခဲ့သည်။ ဦးသန်းရွှေ သည် သာမန်စစ်သားများအပေါ် အလေးဂရုပြုလှသည် မဟုတ်ပါ။ ၎င်းသည် အလယ်အလတ်နှင့် ထိပ်ပိုင်း အရာရှိများက ၎င်းအား ထောက်ခံမှု ရရှိရန်သာ အလေးထားသည်။ သို့သော် ယခုပြည်တွင်းစစ်များတွင် ဦးသန်းရွှေ၏ အမိန့်များကို မည်မျှလောက် လိုက်လုပ်နိုင်သနည်း ဆိုသည့်ကိစ္စမှာ အရေးကြီးသော ကိစ္စ ဖြစ်ပေသည်။

အသေအပျောက် များလာခြင်းကြောင့် အသက်ရှင် ကျန်သေးသူများကလည်း သူ၏ အမိန့် ကို လိုက်နာရန် ခက်ခဲလာပါသည်။

မြန်မာစစ်တပ်သည် ကရင်၊ ရှမ်း၊ ကချင် တိုင်းရင်းသားများနှင့် ပဋိပက္ခ မှာ ကြာပြီ ဖြစ်သည်။ စစ်တပ်မှ တပ်မှူးများသည် ‘ဝ’၊ မွန် စသည်များ တွင် စစ်မျက်နှာ ထပ်ဖွင့်ရန် သဘောတူပါဦးမည်လော။ အထူးသဖြင့် စစ်သားများ၏ စိတ်ဓါတ်မှာ အတော်ကျနေပြီ ဖြစ်သည်။

သွေးပူတုန်း တိုက်မည်လော။ Watson က ပြောပါသည်။

အချို့လူများက မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းရန် တောင်းဆိုနေကြသည်။ ထိုသို့ ဆိုသည်မှာလည်း အမှားတစ်ခုဖြစ်ပါ သည်။ မြန်မာတပ်မတော်သည် တိုင်းရင်းသားဒေသများတွင် ကျူးကျော်သော စစ်တပ်၊ ကိုလိုနီပြုသော အင်အားစု ဖြစ်သည်။ သွားနှင့် သံ ကိုက်သကဲ့သို့ ပြန်လည် တိုက်ခိုက်ရမည်သာ ဖြစ်သည်။ ရည်မှန်းချက်မှာ များများသေနိုင်သမျှ သေရန် ဖြစ်သည်။ သို့မှသာ စစ်တပ်သည် ဦးသန်းရွှေ၏ အမိန့်ကို တပ်မှူး များက လျစ်လျူရှုရန် အခွင့်ကောင်းရမည်ဖြစ်ပြီး စစ်တပ်အတွင်း အက်ကြောင်းများ ဖြစ်ပြီး ကျဆုံးမှုကို ဖြစ်စေရမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အတွက်

သူမသည် စစ်မဖြစ်ရေးကို အထူးယုံကြည်သူလား။ သူမသည် လက်တွေ့ကျပြီး၊ ဖြစ်နိုင်သမျှ ပဋိပက္ခများကို ရှောင်ရှား လိုခြင်းလော။ ပြည်တွင်း စစ် အရှိန်မြင့်လာသည်နှင့်အမျှ ဒီမိုကရေစီလှုပ်ရှားမှု၏ အကြမ်းမဖက်ရေး ကိုင်စွဲထားမှုကို ပြန်လည်စစ်ဆေး သုံးသပ်လျက်ရှိရာ ဒေါ်အောင်ဆန်းစုကြည် သည် မကြာသေးမီက BBC ၏ Reith သင်ခန်းစာပို့ချမှုမှာပင် မေးခွန်းကို ပြန်လည်ဖြေကြားရာ၌-

ဒါဖြစ်နိုင်ပါတယ်။ သင်ခန်းစာပို့ချချက်မှာ ကျွန်မ ပြောခဲ့ပြီးပါပြီ။ အကြမ်းမဖက်ရေးကို အကျင့်ပိုင်းဆိုင်ရာစံအဖြစ် ဆုပ်ကိုင်ထားသာ မဟုတ်ပါ ဘူး။ နိုင်ငံရေးအရ လက်တွေ့ကျကျ အကြောင်းရင်းများကြောင့် တိုင်းပြည်နဲ့ အကြမ်းမဖက်ရေးဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်မ ထင်တာပါ။ အကြမ်းမဖက်ရေးရဲ့ ဖခင်ကြီးလို့ ပြောရမယ့် ဂန္ဒီကြီး ကပင်လျှင် သူရဲဘောနည်းတာနဲ့ ရက်စက်ခြင်း (violence) ကို ရွေးဆိုရင် violence ကိုပဲ ရွေးမယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးတွင် Watson က ရေးသားထားရာတွင်-

ရိုးရိုးသားသား ပြောရလျှင် တပ်မတော်သည် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်တွင် အနိုင်မရနိုင်ပါ။ မြေအနေအထား၏ ခက်ခဲမှု၊ တိုင်းရင်သားများ၏ ဖြစ်တည်မှုများကြောင့် တိုင်းရင်းသား လက်နက်ကိုင်များ ကို ဘယ်သောအခါမျှ မြန်မြန်ဆန်ဆန် နှိမ်နှင်း နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် မြန်မာနိုင်ငံတွင် ပဋိပက္ခ ပြန့်ပွားနေမှုမှာ ကောင်းသောအရာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် လက်ခံနိုင်ဖွယ်ရှိသည့် ခဏတာရက်စက်မှုများ ပေါက်ကွဲထွက် လာခြင်း (short burst of violence) ကို ဖြစ်စေနိုင်ပါသည်။ တိုင်းရင်းသားများက တပ်မတော်အပေါ် စစ်ပွဲများဆက်လက် ဆင်နွှဲနိုင်ခဲ့မည်ဆိုလျှင်၊ ပြည်သူများကလည်း ဆန္ဒပြမှုများ ပြန်လည်လုပ်နိုင်ရန် နည်းလမ်းရှာဖွေနိုင်မည်ဖြစ်ပြီး ဦးသန်းရွှေ အားလည်း ဖယ်ထုတ်ပစ်နိုင်လိမ့်မည် ဖြစ်သည်။

***************************************************************************************

ကမ္ဘာလုံးဆိုင်ရာ ခြေလှမ်းကျဲမှု တွင် အမေရိကန်ကို  တရုတ်ကျော်တက်နေပြီဟု သဘောထား စစ်တမ်းများ က ဖေါ်ပြ

(Inter Press Service မှ  “ China eclipsing US in global reach, poll finds ” သတင်းဆောင်းပါး ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း စူပါပါဝါအဖြစ် အမေရိကန်ပြည်ထောင်စုကို ကျော်ဖြတ်သွားနိုင်ခြင်း မရှိသေးသော်လည်း မကြာမီ ကျော်ဖြတ်သွားနိုင် တော့မည်ဟု ယုံကြည်သူ အရေအတွက် ကမ္ဘာပေါ်တွင် တိုးပွားလာနေကြောင်း Pew Global Attitudes Project က ကြာသပတေး နေ့တွင် ထုတ်ပြန်သော ၂၂ နိုင်ငံ လေ့လာမှုစစ်တမ်းအရ သိရှိရသည်။

အဆိုပါ ထင်မြင်ချက်သည် တရုတ်နိုင်ငံ ကိုယ်တိုင် အပါအဝင် အနောက်ဥရောပတစ်ခွင်၌ အထူးသဖြင့် ပျံ့နှံ့လျက်ရှိပြီး တရုတ်နိုင်ငံတွင် ထင်မြင်ချက်ပေးသူ ၆၀ ရာခိုင်နှုန်းကျော်က ဘီဂျင်းသည် ဝါရှင်တန်၏ ကမ္ဘာ့ ခေါင်းဆောင်နေရာကို လုံးဝဧကန် မဟုတ်သေးသည့်တိုင် နောက်ဆုံးတွင် အစားထိုး ရယူသွားမည်ဟု အခိုင်အမာ ဆိုကြသည်။

လေ့လာမှု စီမံချက်ဒါရိုက်တာ Andrew Kohut က “ အမေရိကန်ပြည်ထောင်စု၏ ပုံရိပ်အပေါ် အသစ်စိမ်ခေါ်မှု ” ဟု တင်ပြထားသော အဆိုပါ အယူအဆကို စစ်တမ်း ကောက်ယူနေသော ၂၂ နိုင်ငံ အနက် အမေရိကန်ပြည်ထောင်စု ကိုယ်တိုင် အပါအဝင် ၁၅ နိုင်ငံ မှ ထင်မြင်ချက် ပေးသူအများစု ကလည်း သဘောတူခဲ့ကြသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်ပါဝါနဲ့ ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကို အမေရိကန်ရဲ့ စွမ်းရည်ခွန်အားတွေ အားနည်းလာပြီဆိုတဲ့ အမြင်က အစားထိုးလိုက်ပါပြီဟု Pew Research Center ဥက္ကဌ Kohut ရေးသား တင်ပြထားသော ဆောင်းပါး ကို Wall Street ဂျာနယ်က ဖေါ်ပြထား သည်။

အမေရိကန် ပါဝါကို ချုံ့ပစ်ဖို့ လိုအပ်နေတယ်ဆိုတဲ့ အစောပိုင်း အယူအဆက ရှိနေပြီး ဖြစ်လို့ ပြည်တွင်းမှာရော၊ ကမ္ဘာမှာပါ ဆွေးနွေးဖို့ ခက်ခဲ နေတာကြောင့် အခုအယူအဆဟာ ပျက်ပြယ်သွားနိုင်ပါတယ်ဟု ၎င်းက ထောက်ပြထားသည်။

တချိန်ထဲတွင် မတ်လလယ်မှ မေလလယ်အတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံ တွင် လူပေါင်း ၂၇၀၀၀ ကျော်နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးများ ပေါ် တွင် အခြေခံထားသည့် အဆိုပါလေ့လာမှုတွင် “ တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုကဲ့သို့ စစ်ရေးအင်အားကြီးနိုင်ငံ ဖြစ်လာဖွယ်ရှိမည် ” ဟူသော အယူအဆအတွက် အားတက်စရာ အနည်းငယ် တွေ့ရှိခဲ့သည်။

တရုတ်တို့၏ ယင်းကဲ့သို့ တိုးတက် ဖွံ့ဖြိုးလာမှုကို နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လူများစုက “ မကောင်းသောကိစ္စ ” ဟု ပြောဆိုခဲ့ကြပြီး တရုတ်နိုင်ငံ ကိုယ်တိုင်နှင့် မွတ်ဆလင် သြဇာလွှမ်းသော နိုင်ငံများ အပါအဝင် ၇ နိုင်ငံကသာ “ ကောင်းသောကိစ္စ ” ဟု ရှုမြင်ခဲ့ကြသည်။ တရုတ်နိုင်ငံ စီးပွားတက်လာ ခြင်း၏ သက်ရောက်မှုအပေါ် ရှုမြင်ပုံများမှာ များစွာ ပို၍ ရှုတ်ထွေးလျက် ရှိသည်။

အထက်ပါ လေ့လာမှု စစ်တမ်းအရ ကမ္ဘာ့ပြည်သူများက တရုတ်နိုင်ငံထက် အမေရိကန်ပြည်ထောင်စုကို ပို၍ သဘောကျ နှစ်သက်ကြသည်ဟု သိရှိရသည်။

ပြီးခဲ့သော နှစ်အတွင်း နိုင်ငံများစွာ၌ အမေရိကန် ပြည်ထောင်စု၏ ပုံရိပ်ထိခိုက်ကျဆင်းမှုများ ရှိခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုအပေါ် အရာရာ နှစ်သက်သဘောကျကြောင်း အကဲဖြတ်ထားသည့် သဘောထား ၆၀ ရာနှုန်းကျော်ရရှိခဲ့ရာ တရုတ်နိုင်ငံ ရရှိသောရာခိုင်နှုန်းထက် ၈ခု ပို၍ များကြောင်း တွေ့ရှိ ရသည်။

ထို့အပြင် အမေရိကန် သမ္မတ အိုဘားမားအနေဖြင့် ကမ္ဘာ့နေရာအများစု အထူးသဖြင့် အနောက်ဥရောပဒေသတွင် သူ၏ရေပန်းစားမှုကို ယေဘုယျ အားဖြင့် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး အနည်းဆုံးအားဖြင့် သူ၏ခေါင်းဆောင်မှုကို စိတ်ချယုံကြည်သည်ဟု အများစုက ပြောဆိုခဲ့ကြကြောင်း လေ့လာမှုစစ်တမ်းတွင် တွေ့ရှိရသည်။ သို့ရာတွင် တစ်ချိန်ထဲ၌ ယင်း ဆုပ်ကိုင်ထားသော (အထူးသဖြင့် အရှေ့အလယ်ပိုင်းနှင့် ပါကစ္စတန်နှင့် ပတ်သက်သည့် သီးသန့်မူဝါဒများကြောင့် အမှတ်လျော့သွားခဲ့သည်။

ပါလက်စတိုင်း နယ်မြေ အပါအ၀င် အနည်းဆုံး ၆ နိုင်ငံမှသည် အများဆုံး ၄၇ နိုင်ငံအထိ နိုင်ငံ အတော်များများတွင် နိုင်ငံတကာ ကိစ္စရပ် ပေါင်းစုံနှင့် ပတ်သက်၍ သဘောထားအမြင် ကောက်ယူခဲ့သည့် နှစ်စဉ် စီမံချက်များအနက် ယခု လေ့လာမှု စစ်တမ်းသည် ၁၀ ကြိမ်မြောက် ဖြစ်သည်။

ယခုနှစ် လေ့လာမှု စီမံချက်တွင် မြောက်အမေရိကတိုက်မှ အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကို၊ တောင်အမေရိကတိုက်မှ ဘရာဇီး၊ အာဖရိက တိုက်မှ ကင်ညာနှင့် ဥရောပ ၈နိုင်ငံဖြစ်သည့် အနောက်ဥရောပမှ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ စပိန်၊ ဗတိုနှင့် အရှေ့ဥရောပမှ လစ်သူယေးနီးယား၊ ပိုလန်၊ ရုရှား၊ ယူကရိန်းတို့ ပါဝင်သည်။

အရှေ့အလယ်ပိုင်းဒေသတွင် သဘောထား ကောက်ယူခဲ့သည့် နိုင်ငံများမှာ အစ္စရေး၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်းနယ်မြေနှင့် တူရကီတို့ ဖြစ်ကြပြီး အာရှ နိုင်ငံများတွင်မူ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ပါကစ္စတန်တို့ ပါဝင်သည်။

အာရပ် ကမ္ဘာ့အုံကြွမှုအပါအ၀င် ကိစ္စရပ်များစွာအပေါ် အာရပ်နှင့် အစ္စလာမ်ကမ္ဘာမှ သဘောထားများကို ဆွေးနွေးသုံးသပ်မှုအချို့ ပါဝင်ပြီး လွန်ခဲ့သော ၆ ပတ်က ထုတ်ပြန်ခဲ့သည့် ယခုနှစ် အစီရင်ခံစာတွင် အမေရိကန် ပြည်ထောင်စု၊ တရုတ်နိုင်ငံနှင့် ယင်းတို့၏ ပါဝါအကြောင်း ရှုမြင်ယူဆပုံ များ ကို ဆွေးနွေးထားသည့်အပြင် စီးပွားရေး ကဏ္ဍနှင့် အခြား နိုင်ငံများစွာအပေါ် နိုင်ငံတကာ အမြင်များကိုလည်း ထုတ်ဖော်တင်ပြထားသည်။

ဥပမာအားဖြင့် တရုတ်၊ အီဂျစ်၊ ဘရာဇီးနှင့် အိန္ဒိယမှ လွဲ၍ တူရကီတွင် ၄၉%မှသည် ပါကစ္စတန်တွင် ၉၂% အထိ ပါဝင်သော သဘောထား ဆန္ဒ ပေးသူများက ယင်းတို့နိုင်ငံများ ဦးတည်နေသည့် လမ်းကြောင်းကို ကျေနပ်နှစ်သက်မှု မရှိဟု ထုတ်ဖော်ပြောဆိုကြသည်ကို လေ့လာမှုစစ်တမ်းက တွေ့ရှိ ခဲ့သည်။

ထို့အပြင် အီရန် ကဲ့သို့နိုင်ငံကို ရှားရှားပါးပါး သဘောကျသည့် အမြင်များမှာလည်း ယမန်နှစ်က တစ်နှစ်လုံး ဆက်လက်ကျဆင်းနေခဲ့သည်ကို တွေ့ရသည်။ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ရုရှား ၃ နိုင်ငံတွင်သာ အီရန်ကို သဘောကျကြောင်း သဘောထားပေးသူ ပို၍များခဲ့ပြီး ယူကရိန်းနှင့် ပါလက်စတိုင်း တွင်မူ အီရန်အပေါ် သဘောထားယူဆပုံ အညီအမျှ ထက်ခြမ်းကွဲလျက် ရှိသည်။

ပါလက်စတိုင်းနယ်မြေကို အသာထား၍ အီရန်ကို သဘောမကျသည့် အမြင်ကို သိသိသာသာ ထောက်ခံကြသည့် နိုင်ငံများမှ တူရကီ (၆၂%)၊ ဂျော်ဒန် (၇၂%)၊ အီဂျစ် (၇၅%)၊ အစ္စရေး (၉၂%)၊ လက်ဘနွန် (၅၉%)တို့ ဖြစ်ကြပြီး လက်ဘနွန်၌ (ခရစ်ယာန်နှင့် မွတ်စလင်) ဘာသာ အယူကွဲသည့် နယ် များတွင် အယူအဆကွဲလွဲသည်ကို တွေ့ရသည်။ အီရန်ကို သဘောကျသည့် အမြင်ရှိသော အီဂျစ်နိုင်ငံသား ရာခိုင်နှုန်းမှာ ၂၀၀၆ ခုနှစ်က ၅၉%မှ တောက် လျှောက် ကျဆင်းလာခဲ့ရာ ယခုနှစ်တွင် ၂၂% သာ ရှိတော့သည်ကို တွေ့ရှိရသည်ဟု လေ့လာမှုစစ်တမ်းအရ သိရှိရသည်။

ကုလသမဂ္ဂနှင့် ပတ်သက်၍ သဘောထားကောက်ယူခဲ့သည့် ၁၆ နိုင်ငံတွင်လည်း အများစုက သဘောကျ နှစ်သက်ကြောင်း ဆန္ဒပေးခဲ့သည်ကို တွေ့ရသည်။ ကင်ညာ၊ အင်ဒိုနီးရှားနှင့် ဥရောပနိုင်ငံအများစုတွင် ကုလသမဂ္ဂအဖွဲ့အစည်းကို သဘောကျနှစ်သက်သည့် ဆန္ဒပေးမှုနှုန်း အမြင့်ဆုံး ဖြစ် ကြောင်း သိရှိရသည်။ အချို့နိုင်ငံများတွင်မူ ကုလသမဂ္ဂအပေါ် ထောက်ခံမှု သိသာစွာကျဆင်းသွားခဲ့ပြီး ၂၀၀၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တရုတ်တွင် သဘောကျနှစ်သက်သည့် ရာခိုင်နှုန်း ၅၅ မှ ၃၇ သို့လည်းကောင်း၊ မက္ကဆီကိုတွင် ၅၈% မှ ၄၄%သို့ လည်းကောင်း၊ ဂျော်ဒန်တွင် ၄၄% မှ ၃၅% သို့ လည်းကောင်း၊ ပါကစ္စတန်တွင် ၂၈% မှ ၂၁%သို့ လည်းကောင်း ကျဆင်းသွားခဲ့သည်ကို တွေ့ရသည်။

အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့၏ ကိစ္စတွင် ဘီဂျင်းသည် ၀ါရှင်တန်၏ ကမ္ဘာ့ဦးဆောင် အင်အားကြီးနေရာကို အစားထိုးရယူသွားခဲ့ ပြီ (သို့) အစားထိုး ရယူကာနီးနေပြီဟု သဘောထား ဆန္ဒပေးသူ ရာခိုင်နှုန်း သိသိသာသာ တိုးပွားလာသည်ကို တွေ့ရှိရပြီး လွန်ခဲ့သည့် ၂ နှစ်နှင့် နှိုင်းယှဉ် လျှင် ၂၀၀၉ ခုနှစ်က ၄၀%မှ ယခုနှစ် ၄၇%သို့ မြင့်တက်လာသည်ကို တွေ့မြင်ရသည်။

တစ်ချိန်ထဲတွင် တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စု၏ နေရာကို လုံးဝအစားထိုး ရယူနိုင်မည်မဟုတ်ဟု ယူဆသူ ၄၄%မှ ၃၆%သို့ ကျဆင်း သွားခဲ့သည်။

တရုတ်နိုင်ငံ၏ လမ်းကြောင်းနှင့် ပတ်သက်၍ ပိုလန်၊ ဂျော်ဒန်၊ အစ္စရေး၊ ပါကစ္စတန်မှ သဘောထားပေးသူ ရာခိုင်နှုန်း ကြီးမားစွာ ပြောင်းလဲခဲ့ သည် ဆိုသော်ငြားလည်း အနောက်ဥရောပတွင် အယူအဆ ပြောင်းလဲမှုကို အသိသာဆုံး မြင်တွေ့ရသည်။ အမေရိကန် ပြည်ထောင်စုအတွင်း၌ပင် တရုတ်က အမေရိကန်၏နေရာကို အစားထိုးသွားပြီ (သို့) အစားထိုးတော့မည်ဟု ပြောကြားသူ ရာခိုင်နှုန်း ၂နှစ်အတွင်း ၃၃%မှ ၄၆%သို့ တိုးပွားလာခဲ့ သည်။

အဆိုပါ အမြင်ကို ထောက်ခံသည့် ရာနှုန်း ၂၀၀၉ တွင် ၆၇%မှ ယခုနှစ် ၆၃%သို့ ၂နှစ် အတွင်း ထူးထူးခြားခြား ကျဆင်းသွားသည့် တစ်ခုတည်း သော နိုင်ငံမှာ တရုတ်နိုင်ငံကိုယ်တိုင် ဖြစ်နေသည့်အချက်က ထူးခြားသည်ဟု ဆိုနိုင်သည်။

တရုတ်နိုင်ငံ၏ အရာရာ သဘောကျစရာကောင်းမှု နှုန်းထား အမေရိကန် ပြည်ထောင်စုနောက်တွင် ပြတ်ကျန်နေခဲ့သည်ဟု ဆိုသော်လည်း သဘောထား ကောက်ယူသည့် နိုင်ငံ ၂၂နိုင်ငံ၏ ထက်ဝက်ခန့်တွင် တရုတ်နိုင်ငံ၏ ပုံရိပ် ပြီးခဲ့သောတစ်နှစ်လုံး တိုးတက်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါ နိုင်ငံများတွင် အနောက်ဥရောပ ၄နိုင်ငံစလုံးနှင့် အင်ဒိုနီးရှား၊ ဂျပန်၊ အီဂျစ်၊ ပိုလန်တို့အပြင် အမေရိကန် ပြည်ထောင်စုကိုယ်တိုင်လည်း ပါဝင်နေသည်။

ဆန့်ကျင်ဖက်အားဖြင့် ၀ါရှင်တန်၏ပုံရိပ် ကျဆင်းခဲ့သည့် နိုင်ငံများထဲတွင် အသိသာဆုံးမှာ တူရကီ၊ ဂျော်ဒန်၊ ပါကစ္စတန်နှင့် ကင်ညာတို့ ဖြစ် သည်။ အခြားတစ်ဖက်တွင်လည်း ၀ါရှင်တန်ကို လူကြိုက်များမှုသည် ဂျပန် နိုင်ငံတွင် ၆၆%မှ ၈၅%သို့ တဟုန်ထိုးတက်သွားခဲ့သည်ကို တွေ့ရပြီး ထိုသို့ ဖြစ်ရခြင်းမှာ ပြီးခဲ့သော မတ်လက ဂျပန်ငလျင်နှင့် ဆူနာမီကပ်ဘေးအပြီး အမေရိကန်တို့က ပေးခဲ့သည့် အကူအညီများကြောင့် အများဆုံး ဖြစ်နိုင်သည်ဟု kohut က တင်ပြထားသည်။

အထူးသဖြင့် အနောက် ဥရောပတွင် “တရုတ်နိုင်ငံက ကမ္ဘာ့ဦးဆောင် စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်သွားပြီ” ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည် နေကြခြင်းမှာ အထူး သတိပြုစရာအချက် ဖြစ်သည်။ စပိန်၊ ဂျာမနီ၊ ဗြိတိန်နှင့် ပြင်သစ်မှ ဆန္ဒသဘောထားပေးသူ ထက်ဝက်နီးပါးက တရုတ်စီးပွားရေး သည် အမေရိကန်စီးပွားရေးကို ကျော်ဖြတ်သွားခဲ့ပြီဟု ယုံကြည်နေကြပြီး ပြောင်းပြန်အားဖြင့် ဆန္ဒသဘောထားပေးသူ တရုတ် ၃ဦးတွင် ၂ ဦးက အမေရိကန် သာလျှင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်သည်ဟု ပြောဆို နေကြသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် ဂျပန်၏နေရာကို မနှစ်က အစားထိုးရယူလိုက်ပြီ ဖြစ်သော်လည်း ယင်း၏ စီးပွားရေးမှာ အမေရိကန် ပြည်ထောင်စု၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ထက်ဝက်မျှသာ ရှိသည်ဟု ခန့်မှန်းထားကြသည်။ လက်ရှိ တွေ့မြင်နေရသည့် မြင့်မားသော ဖွံ့ဖြိုးမှုနှုန်း အရဆိုလျှင် တရုတ်နိုင်ငံ၏ GDP က အမေရိကန် ပြည်ထောင်စုကို ၂၀၂၀ နောက်ဆုံး ထား၍ ကျော်တက် သွားရမည်ဟု စီးပွားရေးပညာရှင် အများစုက ယုံကြည်လျက် ရှိသည်။

***************************************************************************************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs