Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်ပရိတ်သတ်များခင်ဗျာ...


ယခုတပတ်မှာ ထူးထူးခြားခြားသတင်းအနေနဲ့ ဂျပန်နိုင်ငံကို လေ့လာရေးသွားရောက်ခဲ့ကြတဲ့ ပါတီဝင်လူငယ်များအနက် ဝန်ကြီးသုံးဦးရဲ့ သမီးများက သူတို့အတွေ့အကြုံများကို ပြည်သူများအတွက် မည်သို့ မှတ်ချက်ပြုထားတယ်ဆိုတဲ့ သတင်းအပါအဝင် တပတ်အတွင်း မှတ်မှတ်သားသား ပြည်တွင်းသတင်းများနဲ့ နိုင်ငံရေးသတင်းများ၊ သုံးသပ်ဆောင်းပါးများနဲ့ ပြည်တွင်းဂျာနယ်များက ထုတ်နှုတ်ဖော်ပြထားတဲ့ ကောက်နှုတ်ချက်များ ပါဝင်ပါတယ်။ နှစ်သက်သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ...



လေးစားလျှက်..

သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၂၂.၇.၂၀၁၁

ပြည်တွင်းသတင်းများ

တစ်ရှူးကွန်တိန်နာများ အတွင်းမှ မော်တော်ယာဉ် ၁၀ စီးဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြိုနယ်အတွင်းရှိ စက်မှုဆိပ်ကမ်း (Myanmar Indusrtialm Port-MIP) တွင် ဇူ လိုင်လ ၁၃ ရက်နေ့က တစ်ရှူးများ တင်သွင်းမည်ဟု ဖော်ပြကာ တင်သွင်းလာသော ကွန်တိန်နာများအတွင်းတွင် Super Custom အမျိုးအစား မော်တော်ယာဉ် ၁၀ စီး တရားမ၀င် တင်သွင်း လာသည်ကို အကောက်ခွန်ဦးစီးဌာနမှ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့တင်သွင်းရာတွင် ရနံ့သစ်ကုမ္ပဏီအမည်ဖြင့် တင်သွင်းလာသော ကွန်တင်နာများအတွင်းမှ ဖမ်းဆီးရမိခြင်းဖြစ်ကာ အဆိုပါကုမ္ပဏီ၏ လိုင်စင်ကို ငှားရမ်းအသုံးပြု တင်သွင်းခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

ဆိပ်ကမ်းများတွင် ကွန်တိန်နာဖြင့်သွင်းကုန်များ တင်သွင်းရာတွင် X-Ray ဖြင့် စစ်ဆေးမှုခံယူရကြောင်း၊ ကွန်တိန်နာဖြင့် တရားမ၀င် မော်တော် ယာဉ်တင်သွင်းလျှင် X-Ray စက်ဖြင့် စစ်ဆေးရုံနှင့် လွယ်ကူစွာ သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ မော်တော်ယာဉ်ဝယ်ရောင်း အကျိုးဆောင်တစ်ဦးကမူ Super Custom မော်တော်ယာဉ်များကို ရန်ကုန်မြို့ရှိ ငွေကြေးတတ်နိုင်သူ များက ၀ယ်ယူစီးနင်းမှုများကြောင်း သိရပြီး ရန်ကုန်မြို့ရှိ လမ်းမများပေါ်တွင် အဆိုပါ Super Custom ကားများ ထောင်ချီကာ သွားလာနေကြောင်း သိရ သည်။

ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ရန်ကုန်ဆိပ်ကမ်းများအားလုံးတွင် ကွန်တိန်နာစစ်ဆေးရေးလုပ်ငန်းများကို ဆိပ်ကမ်းအာဏာပိုင်၊ ကုန်သွယ်ရေး နှင့် အကောက်ခွန်ဦးစီးဌာန ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးလုပ်ဆောင်ခြင်းများကို တရားဝင်ရပ်တန့်လိုက်ပြီး အကောက်ခွန်ဦးစီးဌာနကသာ နိုင်ငံတကာပုံစံဖြင့် တိုက်ရိုက်ကိုင်တွယ် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

ပြည်မြန်မာကုန်တိုက် လေလံအောင်သူ လေလံအောင်ဧရိယာထက်ပိုယူ

လှည်းတန်းလမ်းဆုံအနီးရှိ ပြည်မြန်မာကုန်တိုက်အား လေလံအောင်သွားသည့် လုပ်ငန်းရှင်များမှာ ပြည်မြန်မာကုန်တိုက် မြေပရဝဏ်အား လေလံအောင် ဧရိယာထက် မြေဧရိယာနေရာ ပိုယူထားကြောင်း သိရသည်။

လှည်းတန်းလမ်းဆုံးအနီးရှိ ပြည်ပြန်မာကုန်တိုက်အား လေလံတင်မည်ဆိုသည့်ကိစ္စရပ်အား ၂၀၀၈ ခုနှစ် အောက်တိုဘာလကတည်းကပင် ပြည်မြန်မာကုန်တိုက်အတွင်းရှိ ဆိုင်ခန်းများအား အသိပေးကြေညာထားပြီးဖြစ်ကြောင်း သို့သော် ပြည်မြန်မာကုန်တိုက်အား လေလံအောင်သွားသည့် လုပ်ငန်းရှင်များမှာ လေလံအောင် ပြည်မြန်မာကုန်တိုက် မြေနေရာများကိုသာမက ပြည်မြန်မာ ကုန်တိုက်ဝင်းအတွင်းရှိ  ဆိုင်ခန်းများကိုပါ ဖယ်ခိုင်း၍ လေလံအောင်မြေ ဧရိယာအား ပိုယူသွားကြောင်း ပြည်မြန်မာကုန်တိုက်ဝင်း အတွင်းရှိ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။

ယခု လေလံအောင်သည့်နေရာသည်ာ ပြည်မြန်မာ ကုန်တိုက် တစ်ခုတည်းမပာုတ်ဘဲ မြေနေရာ ၀.၄၄၆ ဧကပါ ပါဝင်ကြောင်း  ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

၎င်း ပြည်မြန်မာကုန်တိုက်အား လေလံတင်ရာတွင် မြန်မာလုပ်ငန်းရှင်နှစ်ဦးမှ ကျပ်သိန်း လေးထောင်ကျော်ဖြင့် လေလံအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာ ကုန်တိုက်မှာ အထပ်ပေါင်း ရှစ်ထပ်ရှိပြီး ကုန်တိုက်အောက်ဘက်တွင် ကောင်တာ ၂၂ ခုနှင့် ပြည်မြန်မာကုန်တိုက်ဝင်းအတွင်း ဆိုင်ခန်း ၆၇ ခုရှိကြောင်း သိရသည်။ ပြည်မြန်မာကုန်တိုက်ဝင်းအတွင်း ဆိုင်ခန်းငှားရမ်းခများကို ကျပ် ၃၀,၀၀၀ ဝန်းကျင်သာ ယူကြောင်း သိရသည်။

ယခုအခါ ပြည်မြန်မာ ကုန်တိုက်အား ပြည်တွင်းလုပ်ငန်းရှင်နှစ်ဦးမှ လေလံအောင်မြင်သွားသည့်အတွက် ပြည်မြန်မာကုန်တိုက်ဝင်းအတွင်းရှိ မြေဧရိယာများကိုပါ အပိုထပ်ဆောင်းယူသွားပြီး ပြည်မြန်မာကုန်တိုက်ဝင်းအတွင်းရှိ ဆိုင်ခန်းအားလုံးကို ပိတ်ထားရကြောင်း သိရသည်။

YC

--------------------------------------------------------------------------------------------------------------------------------

စက်ရုံအချို့ရှိ နေ့စားအလုပ်သမားများလျှော့ချ

ပြည်တွင်းပို့ကုန်လုပ်ငန်း ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် အလုပ်လုပ်ကိုင်လျက် ရှိသော အလုပ်သမားဝန်ထမ်းများအား လုပ်ငန်းပြောင်းရွှေ့ပေးခြင်းနှင့် လုပ်သားလျှော့ချမှုများ ပြုလုပ်လာကြကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဇွန်လဆန်းမှ စတင်၍ ပို့ကုန်ဈေးနှုန်းများနှင့် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားများမှာ ကျဆင်းလာပြီး လုပ်ငန်းရှင်အများစုမှာ အရှုံးများနှင့် ရင်ဆိုင်နေရသည့်အတွက် စက်ရုံများ၌ ခန့်အပ်ထားသည့် နေ့စားအလုပ်သမား၊ ယာယီအလုပ်သမားနှင့် ပုတ်ပြတ်အလုပ်သမားတို့ကို လျှော့ချမှုများ ပြုလုပ်လာကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ပို့ကုန်အဓိကလုပ်ကိုင်နေသည့် လုပ်ငန်းအများစုမှာ ခေတ္တရပ်နားထားရသည့်အတွက် ၎င်း စက်ရုံများရှိ အလုပ်သမားများမှာ လုပ်ငန်းပြောင်းလဲ လုပ်ကိုင်ခြင်းများရှိလာကြောင်း၊ ပို့ကုန်လုပ်ငန်းများမှာလည်း အရောင်းအဝယ် အေးလျက်ရှိကြောင်း လှိုင်သာယာစက်မှုဇုန်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ဇွန်လဆန်းပိုင်းမှ စတင်၍ ယခုဇူလိုင်လတွင်း အထိတိုင် ကန်ဒေါ်လာဈေးနှုန်းသည် တစ်ယူနစ်လျှင် ကျပ် ၈၀၀ အောက်သို့ကျဆင်းခဲ့ပြီး ပို့ကုန်ဈေးနှုန်းများမှာလည်း တစ်ယူနစ်လျှင် ကျပ် ၈၀၀ ဝန်းကျင်တွင်သာ ရပ်တန့်လျက်ရှိသည့်အတွက် ပို့ကုန်လုပ်ငန်းအများစုမှာ အရှုံးနှင့် ရင်ဆိုင်ရ လျက်ရှိသည်။

စက်ရုံများတွင် လုပ်ကိုင်လျက်ရှိသည့် ကျွမ်းကျင်လုပ်သားများကို မိမိတို့ဘာသာ မွေးယူရတာဖြစ်ကြောင်း၊ လက်ရှိအချိန်၌ ပို့ကုန်လုပ်ငန်းများ လုပ်ငန်းမကောင်းသော်လည်း ၎င်းကျွမ်းကျင်လုပ်သားများ ထွက်မသွားစေရန် ထိန်းထားရကြောင်း၊ လခစားမပာုတ်သည့် အလုပ်သမားများကိုမူ လျှော့ချ လိုက်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိသော စက်မှုဇုန်အလုပ်သမားများ၏ အခြေခံလစာမှာ ကျပ်လေး သောင်း ဖြစ်ပြီး တစ်နေ့လျှင် အလုပ်ချိန် ရှစ်နာရီ သတ်မှတ်ထားကြောင်း သိရသည်။ သို့သော် စက်ရုံများတွင် သတ်မှတ်အလုပ်ချိန်ထက် အချိန်ပိုမို လုပ်ကိုင်သည့် အလုပ်သမားများကို အချိန်ပိုကြေးပာူ၍ သတ်မှတ်ပေးသော်လည်း ယခုအခါ ပို့ကုန်လုပ်ငန်းများတွင် အလုပ်အကိုင် မကောင်းသည့်အတွက် ၎င်းအချိန်ပိုကြေးများ ရရှိရန်မှာ မသေချာတော့ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

(မြန်မာတိုင်းမ်၊ အတွဲ-၂၇၊ အမှတ်-၅၂၇ ပါ “စက်မှုဇုန်ရှိ စက်ရုံအချို့ နေ့စားအလုပ်သမားများ လျှော့ချ” သတင်းအား အကျဉ်းချုံး ဖော်ပြ သည်။)

--------------------------------------------------------------------------------------------------------------------------------

SSC ဆေးခန်းမှ Hot News ဂျာနယ်အား တရားဆွဲဆိုမှု ရုတ်သိမ်းမည့်သတင်း  မဟုတ်မှန်

အဆိုပါကိစ္စနှင့်ပတ်သတ်၍ Hot News ဂျာနယ်မှ ယခုလ ၈ ရက်နေ့က ပါ့ခ်ရွိုင်ရယ် ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တွင် အဆိုပါအမှုအား တရားဆွဲဆိုမှုရုပ်သိမ်းလိုက်ပြီဟု အများစုက ပြောဆိုနေခြင်းမှာ မဟုတ်မှန်ကြောင်း သိရသည်။

ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်အထူးကုဆေးခန်း (SSC) သည်လူနာများအား ၀န်ဆောင်မှုပေးခြင်းများမှာ ညံ့ဖျင်းသည်ဟု ရေးသားထားသည့် Hot News ဂျာနယ်တွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်နှင့်ပတ်သက်၍  ရွှေဂုံတိုင် အထူးကုဆေးခန်းမှ အဆိုပါဆောင်းပါးမှာ ဆေးခန်းအား အသရေဖျက်မှု ဟု ယူဆကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ရွှေဂုံတိုင်အထူးကုဆေးခန်းက Hot News ဂျာနယ်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀အရ အသရေဖျက်မှုဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်သို့ နစ်နာကြေး ကျပ်သိန်းနှစ်သောင်း ရလိုသည်ဟုလည်း တရားစွဲထားကြောင်း (SSC) ၏ ဥပဒေအတိုင်ပင်ခံ ဦးရဲမြင့်ထံမှ သိရသည်။

(မြန်မာတိုင်း(မ်) ဂျာနယ်၊ အတွဲ-၂၇၊ အမှတ်-၅၂၇ ပါ “Hot News ဂျာနယ်ကို ရွှေဂုံတိုင် အထူးကုဆေးခန်း တရားစွဲဆို” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အစိုးရအဖွဲ့ဝင်တို့၏ သမီးများက ပြည်သူကိုစော်ကားသည့်မှတ်ချက်များပြောဆို

ရန်ကုန်၊ ဇူလိုင် ၂၂။

ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော နိုင်ငံရေးပါတီ ၆ ပါတီမှ လူငယ်ကိုယ်စားလှယ်အဖွဲ့၏ ပူးပေါင်းသတင်းစာရှင်းလင်းပွဲကို  တက္ကသိုလ် ရိပ်သာလမ်းရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်တွင် ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့ဝင်များဖြစ်ကြသော  ဝန်ကြီး ၃ ဦး၏ သမီးများလည်း ပါဝင် တက်ရောက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သာမန်ပြည်သူ တစ်ယောက် အိမ်မက်မမက်နိုင်သော ဆယ့်ငါးသိန်းကျော် Mac Bookကို ရှေ့တွင်ချထားသည့် ရဲချုပ်ဟောင်း ၀န်ကြီးဦးခင်ရီ၏ သမီးဖြစ်သူက ပြည်သူလူထုကို စော်ကားပြောဆိုသဖြင့် အထွေထွေအတွင်းရေးမှုး ဦးဌေးဦးက ဖာဖာထေးထေး ၀င် ရောက်ပြောဆိုပေးခဲ့ရကြောင်း တက်ရောက်ခဲ့သူအားလုံးက တညီတညွှတ်တည်း ပြောဆိုသည်။

မြန်မာနိုင်ငံအစိုးရက ပြည်သူများ၏ ကောင်းကျိုးများကို ဆောင်ရွက်သော်လည်း ပြည်သူများက စည်းကမ်းပြည့်ဝခြင်း မရှိသည့်အတွက် မြန်မာ နိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံများအလယ်တွင် ခေတ်နောက်ကျနေရခြင်းဖြစ်ကြောင်း အစချီကာ ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသို့ ၇ ရက်ကြာ လေ့လာရေးခရီး သွားခဲ့သူတို့၏ အတွေ့အကြုံများကို ပြန်လည်ရှင်းပြရန် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် အထက်ပါအချက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးက “အစိုးရတွေကကောင်းတယ်၊ ပြည်သူတွေရဲ့ အခြေခံစိတ်မှာသာ ကွာခြားနေတာပါ။ ကိုယ့်ဆီမှာက အပြစ်တင်ဖို့ များနေ တာပါ၊ ကျွန်မတို့သွားခဲ့တဲ့ ဂျပန်မှာက ပြည်သူကော၊ အစိုးရကောကောင်းတယ်။ နှစ်ဦးနှစ်ဘက် ဘာမှပြောဖို့ကိုမလိုဘူး။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာက ဒီလိုအခြေအနေတွေ မရှိသေးဘူး။ အသေးအဖွဲတွေကအစ  လိုက်နာမှု အားနည်းနေတာကို တွေ့ရတယ်၊ အမှိုက်ပစ်တဲ့ကိစ္စကအစ ကြည့်ရင်ပေါ့။ အမှိုက် မပစ်ရလို့ ပြောတဲ့နေရာမှာ အမှိုက်ပစ်တယ်၊ ဒီလိုအသေးအဖွဲ ကိစ္စလေးတွေကို မဆင်ခြင်နိုင်ဘဲ လူတွေက အကြီးကြီးတွေ လျှောက်ပြောနေတာ”ဟု ဆို သည်။

ပြည်သူတွေရဲ့ အခြေခံစိတ်အားနည်းပါးနေသည့်အတွက် ဝေဖန်မှုများ များပြားနေခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ ယင်းသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသူတစ်ဦးက ပြည်သူနှင့်အစိုးရ ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အစိုးရဘက်ကတာဝန်ခံရန် လစ်ဟင်းမှုများကို လစ်လျှုရှုပြီး၊ ယခင်အစိုးရ အဆက်ဆက်၏ အမှားကြောင့် ပေါ်ပေါက်ခဲ့ရသော ပြည်သူတို့၏ အဘက်ဘက်ကနိမ့်ကျမှုများကိုသာ အပြစ်ပုံချနေခြင်း ဖြစ် ကြောင်း ဆိုသည်။

“အမှိုက် ပစ်တဲ့ကိစ္စကို ပြောတဲ့အခါမှာလည်း အစိုးရက လုပ်ပေးသင့်သလောက် မလုပ်ပေးတာကို ပြည်သူတွေ စည်းကမ်းမရှိလို့ ဆိုပြီး၊သူတို့ ဖြတ်သန်းလာတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြီး၊ ပြည်သူတွေကို စော်ကားသွားတာတော့ လွန်တယ်”ဟု ၎င်းက ဆိုသည်။

ယင်းခရီးစဉ်ကိုလိုက်ပါသွားသူ NDFပါတီမှ ပါတီဝင်တစ်ဦးကလည်း “ကျွန်တော်တို့အစိုးရက အခြေခံအဆောက်အဦး နည်းနေလို့ပါ၊ အခြေခံ အဆောက်အဦး ကောင်းမွန်တဲ့ ဂျပန်နိုင်ငံမှာက ဒီလိုကိစ္စတွေကို ခဏလေးဖြေရှင်းနိုင်တယ်” ဟု သုံးသပ်သွားသည်။

ဇူလိုင် ၂၂ ရက်နေ့က ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသူ သတင်းထောက်များနှင့် ပြည်ခိုင်ဖြိုးပါတီမှ လူငယ် အမျိုးသမီးပါတီဝင်များကြား အပြန်အလှန်ပြောကြားချက်များ ပြီးဆုံးပြီးနောက်တွင် ဦးဌေးဦးမှ သတင်းထောက်များအား ယင်းကဲ့သို့ ပြန်လည်ဖြောကြား ချက်များအား သတင်းမီဒီယာများအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းရေးကြရန် ပြောကြားခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ ဦးဌေးဦးနှင့်အတူ အတိုက်အခံဟုပြောရမည့် နိုင်ငံရေးပါတီများမှ ထိပ်ပိုင်းခေါင်းဆောင်များလည်း တက်ရောက် ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီသည် များစွာအပြုသဘောဆောင်ခဲ့သည်ဟု တက်ရောက်သူ နိုင်ငံရေးပါတီမှ ခေါင်းဆောင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။

သို့သော် ပြည်ခိုင်ဖြိုးပါတီ လူကြီးလူငယ်အားလုံးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ယခုကဲ့သို့ မဲလိမ်ရန်ညွှန်ကြားမည့် ဗိုလ်ချုပ်မှုးကြီး၏ အကူ အညီမပါဘဲ ယှဉ်ပြိုင်ရမည်ကို  မေ့လျော့၍ ပြည်သူလူထုနှင့်တပြေးတည်း  ခံစားပေးနိုင်ရန်ကိုလည်း သတိမပြုနိုင်သေးဘဲ ရှိနေသည်ကို တွေ့ရသည်။

ဂျပန်နိုင်ငံက ဖိတ်ကြားခဲ့သည့် ပါတီစုံလူငယ် ကိုယ်စားလှယ်များထဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီး ဦးခင်ရီနှင့် ဦးဇော်မင်း၊ ဝန်ကြီးဟောင်း ဦးသိန်းဆွေတို့၏ သမီးများ လိုက်ပါသွားခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

Weekly Eleven ဂျာနယ်ပါသတင်းအား ပြည်ထဲရေးဝန်ကြီးဌာန ငြင်းဆို

ဇူလိုင် ၁၅ ရက်ထုတ် Weekly Eleven ဂျာနယ်တွင်ပါရှိသော တစ်ဖက်နိုင်ငံသို့ ရောင်းစားခံရဖွယ်ရှိသော ကလေး ငယ် ၆၀ဦးကို ပြင်ဦးလွင်ရှိ ပရဟိတကျောင်းနှစ်ကျောင်းတွင် စောင့်ရှောက်ထား ဟူသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ဆိုသည်။

ယင်းဖော်ပြချက်အား ဂျာနယ်မှသိရှိရသည့်အခါ မန္တလေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းကာ တာဝန်ရှိသူများက ယင်းဒေသများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ သို့သော်လည်း လူကုန်ကူးမှုကို ဖြစ်ပွားစေရန် အားပေးသည့် ကိစ္စရပ်များကို ဂျာနယ်တွင်ဖော်ပြထားသလို မတွေ့ရှိရ ကြောင်း အဆိုပါအရာရှိမှဆိုသည်။

 “မှုခင်းဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းတွေ မတွေ့ရှိရဘူး”ဟု ဆိုသည်။

ယင်းသို့ သွားရောက်စစ်ဆေးရာတွင် လူကုန်ကူးမှုဖြစ်ပွားစေရန် စည်းရုံးခြင်း၊ သွေးဆောင်ခြင်းများ ရှိနေသည်ကို စစ်ဆေးတွေ့ရှိရခြင်း မရှိ ကြောင်း သိရသည်။

 “ဒါကြောင့် ဝန်ကြီးဌာနက ဂျာနယ်ကိုအကြောင်းကြားဖို့ရှိပါတယ်”ဟု ယင်းဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)သည် လူကုန်ကူမှုအများဆုံး ဖြစ်ပွားသည့် အများဆုံး ဒေသဖြစ်ကာ ၂၀၁၀တွင်  ၄၁ရာခိုင်နှုန်းအထိ ဖြစ်ပွားခဲ့ပြီး ယင်းပြစ်မှုများမှာ တရုတ်ပြည်ကို အများဆုံးဦးတည်သည့်အမှုများ ဖြစ်သည်။

ကျော်စွာ

--------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိက စာသင်ကျောင်းဥပဒေ လွှတ်တော်သို့ တင်ပြအတည်ပြုမည်

ပုဂ္ဂလိကစာသင်ကျောင်းများ ဖွင့်လှစ်ခွင့်ပေးရန်အတွက် လိုအပ်သောဥပဒေများကို လွှတ်တော်သို့ တင်ပြအတည် ပြုချက်ရယူသွားမည် ဖြစ်ပြီး ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စမ်းသပ်ဖွင့်လှစ်ပေးထားသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေကြီးအတွင်းတွင် ဘော်ဒါဆောင်အမည်နှင့် ကျောင်း၁၀ခုကို စမ်းသပ်ဖွင့်လှစ်ခွင့် ပေးထားရာ ပုဂ္ဂလိက ကျောင်းများနှင့် သက်ဆိုင် သည့် ဥပဒေများကို လွှတ်တော်တွင် အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဉာဏ်ထွန်းဦးက ယခုလ ၁၆ ရက်နေ့တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ဘော်ဒါဆောင်များ အနေဖြင့် ပုဂ္ဂလိက စာသင်ကျောင်းများအဖြစ်သို့ ပြောင်းလဲလိုပါက အမှတ် ၃ အခြေခံပညာဦးစီးဌာနသို့ လျှောက်လွှာ တင် ကာ အဆိုပါဌာနမှ သွားရောက်စစ်ဆေးပြီး ခွင့်ပြုထားသော ပုဂ္ဂလိကကျောင်း ၁၀ ခုရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ပြီးခဲ့သော မတ်လ ၃၀ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားခဲ့သော မိန့်ခွန်းတွင် ပုဂ္ဂလိက ကဏ္ဍ ပညာရေးဝန်ဆောင်မှုများကို သက်ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းကာ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် သတ်မှတ်ချက်များထဲတွင် မာတီမီဒီယာစာသင်ခန်း၊ စာကြည့်တိုက်၊ အားကစားကွင်း၊ သင်ကြားရေးအဆောင်၊ ကျောင်းသားဗဟိုပြုသင်ကြားမှု၊ မဟာဘွဲ့၊ ပါမောက္ခဘွဲ့ရဆရာ၊ ဆရာမများ ရှိရမည်ဖြစ်ကာ ကျောင်းသားများ ကျောင်းစိမ်းဝတ်စုံဝတ်ဆင်ရန် စည်းကမ်း ချက်များလည်း ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ခွင့်ရ ပုဂ္ဂလိကကျောင်းများတွင် ငါးတန်းမှ ရှစ်တန်းအထိ ကျောင်းလခ အနည်းဆုံးတစ်လလျှင် ကျပ် နှစ်သောင်းမှ လေးသောင်း ၀န်းကျင်ရှိပြီး ကိုးတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းလခများမှာ ကျပ် သုံးသောင်းမှ ကျပ်သုံးသိန်းအထိ ရှိကြောင်း သိရသည်။

(မြန်မာတိုင်း(မ်) ဂျာနယ်၊ အတွဲ-၂၇၊ အမှတ်-၅၂၇ ပါ “ပုဂ္ဂလိကကျောင်းဥပဒေ လွှတ်တော်သို့ တင်ပြအတည်ပြုမည်” သတင်း အား အကျဉ်း ချုံး ဖော်ပြသည်)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အခုသွားခဲ့ကြတဲ့အဖွဲ့ ၁၀ ဖွဲ့စလုံးရဲ့ နောက်ဆုံးတူညီမှုရလဒ် အခြေအနေက အဲဒီဒေသခံတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေက လုံးဝအားရ ကျေနပ်ဖွယ်ရာ အခြေအနေမရှိတာဘဲ။ မြို့ပေါ်နဲ့နီးတဲ့ တချို့ကျေးရွာတွေလောက်ပဲ အင်န်ဂျီအိုအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေ ရရှိကြတယ်။ မြို့နဲ့ ဝေးပြီးသွားလာရေးခက်ခဲတဲ့ ကျေးရွာတွေမှာတော့ အရမ်း သနားဖို့ကောင်းတယ်။ လူတမ်းစေ့နေနိုင်ဖို့တောင် အရမ်းကို ခက်ခဲကြတယ်။ စားဝတ်နေရေး ကျပ်တည်းမှုတွေက အရမ်း ကို ဆိုးရွားနေကြပါတယ်"

ဇူလိုင် ၁၉ The Flower News အတွဲ (၇) အမှတ် (၂၇) တွင်ပါသည့် "ဆင်းရဲမှုလျှော့ချရေး အစီအစဉ် ဧရာဝတီ တိုင်းဒေသကြီးတွင် စတင်" သတင်းမှ ဒေးဒရဲမြို့နယ်၊ တော်ချိုက်ကျေးရွာသို့ကွင်းဆင်းလေ့လာခဲ့သည့် ဥပဒေဌာနမှ ကထိက ဒေါက်တာဥမ္မာသန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"စီးပွားရေးနဲ့ ပတ်သက်လို့ကတော့ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ချင်ရင်တော့ နိုင်ငံအားလုံးနဲ့ အပြည့်အဝ ဆက်ဆံနိုင်မှပဲ ကုန်သွယ်ရေးတို့ ဘာတို့က အစ ကောင်းမယ်။ အမေရိကန်က ကမ္ဘာပေါ်မှာ အကြီးမားဆုံးသော ဈေးကွက်ကြီးကိုး။  ဒီပြင် နိုင်ငံတော်တော်များများဟာ အမေရိကန်ဈေးကွက်ကို မှီနေရ တယ်။ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ချင်ရင်တော့ နိုင်ငံအား လုံးနဲ့ အပြည့်အဝ ဆက်ဆံဖို့တော့လိုတယ်။ ဒါပေမယ့်လည်း အခုချက်ချင်း ဒါလုပ်မှဒါရမယ်။ မင်းတို့ကို ငါတို့ ဒီလိုပိတ်ထားတယ်။ အဲဒီတော့မင်းတို့ငါတို့နဲ့ ဆက်ဆံရေးအဆင်ပြေမှ မင်းတို့က တိုးတက်မှာပဲဆိုပြီး Bully (ဗိုလ်ကျသည်) လုပ်နေရင် တော့ ကျွန်တော်တို့ကလည်း တခြားနည်းလမ်းတွေပဲ ရှာရတော့မယ်။ မရှာလို့မှ မဖြစ်တာ၊ ဒါက No Choice ပဲလေ။ သို့သော်လည်း ကမ္ဘာ Global trend က ပြောင်းလာပြီ။ စီးပွားရေးမှာ အချက်အချာကျတဲ့ ငွေပိုငွေလျှံကို ကိုင်ထားနိုင်တဲ့ ကိုင်လှုပ်နိုင်တယ်ဆိုတဲ့ပါဝင်တွေက အရှေ့ဘက်ကို ရွေ့လာပြီ။ ရွေ့ လာတော့ အရှေ့ဘက်က နိုင်ငံတွေနဲ့ ကျွန်တော်တို့နဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံနေတာပဲ။ အခုဆိုလည်း invesment တွေလည်း ဝင်နေတယ်။ Trade တွေလည်း တောက်လျှောက် တက်နေတာပဲ။ ဒီလိုဒေါ်လာတွေအဝင်များလို့တောင်မှ ငွေဈေးတောင် ကမောက်ကမ နည်းနည်း ဖြစ်သွားသေးတယ်။ သာမန်အဆင့် စီးပွားရေး တိုးတက်နေဖို့အတွက်က သိပ်ပြီး  အမေရိကန်နဲ့ ဆက်ဆံရေး အဆင်ပြေတယ်၊ မပြေဘူး ဆိုတာ ကျွန်တော်တို့ပေါ်မှာ သက်ရောက်မှု မရှိဘူး။ အပြည့်အဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် နည်းပညာတွေ အပြည့်အဝရဖို့အတွက်ဆိုရင်တော့ အမေရိကန်နဲ့ အဆင်ပြေတာ အကောင်းဆုံး ပါပဲ"

ဇူလိုင် ၂၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၂) တွင်ပါသည့် နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင်နှင့် အင်တာဗျူး ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"ရေပက်မဝင်တဲ့ အမျိုးသားညီညွတ်ရေးဆိုတာ လွှတ်တော်အတွင်းမှာရှိတဲ့ အမျိုးသားညီညွတ်ရေးဆိုတာ လွှတ်တော်အတွင်းမှာရှိတဲ့ အမျိုးသား နိုင်ငံရေး အင်အားစုများနဲ့ တိုင်းရင်းသားအင်အားစုအားလုံး ပါဝင်ရမှာဖြစ်သလို လွှတ်တော်ပြင်ပမှာရှိတဲ့ အမျိုးသားနိုင်ငံရေးအင်အားစုများနဲ့ တိုင်းရင်းသား အင်အားစုအားလုံးလည်း ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒီလို ခြွင်းချက်မရှိတဲ့ ညီညွတ်ရေးမျိုးကိုသာ ဆုပ်ကိုင်နိုင်ရင် မြန်မာနိုင်ငံရဲ့ပုံရိပ်ကို ဘယ်လို အင်အားစုမျိုး ကမှ အရောင်ဆိုးလို့ရမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကသာ ရေပက်မဝင်တဲ့ အမျိုးသားညီညွတ်ရေးကိုသာ ဆုပ်ကိုင်ပြသနိုင်ခဲ့ရင် ဘယ်လို ဖွံ့ဖြိုးပြီး နိုင်ငံမျိုးကမှ စီးပွားရေးပိတ်ဆို့လို့ မဖြစ်နိုင်တော့ပါဘူး"

ဇူလိုင် ၂၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၂) တွင်ပါသည့် ဆောင်းပါးရှင် ကိုဝ၏ "ရေပက်မဝင်သော ညီညွတ်ရေး ကို ဆုပ်ကိုင်၍" ဆောင်းပါးမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"သဘာဝဓာတ်ငွေ့တွေဆိုရင်လည်း အစက အစိုးရကလုပ်တယ်။ အခု ပုဂ္ဂလိက လုပ်မယ်။ အစိုးရက နေရာတကာ လိုက်လုပ်နေစရာ  မလိုဘူး။ လိုက် လုပ်ရင် နာမည်ပျက်တာပဲ အဖတ်တင်မယ်။ ဥပမာ ဂျီအက်စ်အမ်ဖုန်းတွေဆိုရင် အစိုးရ လုပ်တုန်းက တစ်နေ့ကို အလုံး ၁၀၀ ပြည့်အောင် မနည်းချပေးရ တယ်။ အခု ပုဂ္ဂလိကလက်ထဲကို ချလိုက်တော့ ဆယ့်ငါးမိနစ်၊ နာရီဝက်အတွင်းလည်းပြီးတယ်။ တစ်နေ့ကို အလုံး ၁၀၀၀ ကျော် ထွက်နေတယ်။ ဥပမာ ဆိုရင် အိန္ဒိယမှာ ပြည်သူ တွေ အကုန်လုံးက ပျော်ရွှင်ကြတယ်။ ကုမ္ပဏီတွေက ရှုံးတယ်။ ပြိုင်ကြပြီဆိုရင် ဒီလိုပဲ ဖြစ်တာပဲလေ။ အခုကြိုးဖုန်းတွေ ဆိုရင် နေ့ချင်းပြီး ချပေးနေတယ်၊ ယူတောင် မယူကြဘူး။ ဒီလိုဖြစ်နေရမှာပေါ့ ဒါကောင်းတဲ့ လက္ခဏပဲ။ from state to market နဲ့ from state to public ဆိုတဲ့ လမ်းကြောင်းကတော့ မြင်နေပြီ။ တစ်ယောက်၊ နှစ်ယောက်ကို ပေးတာကနေ အများကိုပေးတာတွေပေါ့။ ဒီလမ်းကြောင်းကတော့ ဆက်လျှောက်ဖို့ပဲ လိုမယ်။ ကျွန်တော်အနေနဲ့ ပြောရရင် သုံးလအတွင်းမှာ ကြီးကြီးမားမား ပြောင်းလဲလိမ့်မယ်လို့ တွက်မထားဘူး"

ဇူလိုင် ၂၁ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၁) အမှတ် (၅၂) တွင်ပါသည့် ခင်မောင်ညို(ဘောဂဗေဒ)နှင့် အင်တာဗျူး ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ပြုပြင်ပြောင်းလဲရေးနှင့် အနှောင့်အယှက်များ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက မိမိအပါအဝင် အားလုံးသည် နိုင်ငံသားများ ဖြစ်ကြသည့် အတွက် မည်သူမျှ အခွင့်အရေး ပို၍မရရှိနိုင်ကြောင်း၊ မိမိကိုယ်တိုင်လည်း နိုင်ငံသားပီသရန် ကြိုးစားလျှက်ရှိပြီး အားလုံးကလည်း နိုင်ငံသားကောင်း ဖြစ်ရန် ကြိုးပမ်းရမည်ဟု အဓိပ္ပါယ်သက်ရောက်သည့် မိန့်ခွန်းပြောကြားခဲ့ရာ ရန်ကုန်ခရော်နီကယ်အနေဖြင့် များစွာ နှစ်ထောင်းအားရ ဖြစ်မိပါသည်။ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုသော လွှတ်တော်၏ ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် ပြောကြားခဲ့သည့် အဆိုပါမိန့်ခွန်းသည် နိုင်ငံသားအားလုံး တန်းတူအခွင့်အရေးရှိသည်ဟု ဆိုယုံမျှမက အစိုးရအဖွဲ့အပါအဝင် ဝန်ကြီးဋ္ဌာနများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ အားလုံးကိုလည်း ရာထူး ဂုဏ်သိမ်အပေါ် သာယာ၍ ပြည်သူကို ဖိနှိပ်ခြင်းမပြုရန် သတိပေးလိုက်သကဲ့သို့လည်း ရှိပါသည်။

သို့ရာတွင် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ မိန့်ခွန်းကို နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ပါသည့်အတိုင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခြင်းမပြုဘဲ  ပြန်ကြားရေးဝန်ကြီးဌာနမှ ဆင်ဆာဖြတ်၍ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ဆင်ဆာဖြတ်ခံရသည့် အထဲတွင် ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေး အကျပ်အတည်းများကို မဖြေရှင်းနိုင်ပါက အာရပ်ကမ္ဘာတွင် ဖြစ်ပွားနေသည့် လူထု တော်လှန်ရေးကြီးများနှင့် ကြုံရဖွယ်ရှိကြောင်း ပြောကြားချက်လည်း ပါဝင်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ပြောကြားခဲ့သည့်မိန့်ခွန်းသည် အစိုးရ ဟောင်းမှ ထိပ်တန်းပုဂ္ဂိုလ်များ ပြောကြားလေ့ရှိသည့် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံတော်ကြီးအသွင် ဝါဒဖြန့်မှုများမှ သိသိ သာသာခွဲထွက်ကာ  နိုင်ငံရေးသမားတစ်ဦးအမြင်ဖြင့်၊ ပြည်သူလူထုကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦး၏ ပြည်သူအသံကို ကောင်းစွာ နားထောင်ထားသည့် အမြင်ဖြင့် ပြောကြားခဲ့ခြင်းဖြစ်သည်ကို တွေ့ရသည်။

အစိုးရအဖွဲ့ ကျမ်းကျိန်စဉ်ကလည်း သမ္မတကြီး ဦးသိန်းစိန်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် နိုင်ငံသားအားလုံး တန်းတူညီမျှရှိရန်၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေးနှင့် မီဒီယာလွတ်လပ်ခွင့်တို့ကို ထည့်သွင်းပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်ဖြစ်ရာ အုပ်ချုပ်ရေးကို ဦးဆောင်သူ သမ္မတနှင့် ဥပဒေပြုရေးကို ဦးဆောင်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးစလုံးသည် တိုင်းပြည်တွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲ များကို လက်တွေ့ကျသည့် ရှုထောင့်မှ ချဉ်းကပ်သုံးသပ်ပြီး  အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လိုလားသူများအဖြစ် အားတက်ခဲ့ရပါသည်။

သို့ရာတွင် ပြည်သူကို ကိုယ်စားပြုသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတစ်ဦး၏ မိန့်ခွန်းကို သာမန်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးဆောင်သော ပြန်ကြား ရေးဌာနက ဆင်ဆာဖြတ်ခြင်းသည် အုပ်ချုပ်ရေးအာဏာတွင် ပါဝင်နေသူတစ်ဦးက ပြည်သူတစ်ရပ်လုံးကို ရိုင်းပျလိုက်သကဲ့သို့ဖြစ်နေခြင်းရာ လွှတ်တော် နှင့် အစိုးရအဖွဲ့တွင် မည်မျှပင် ပြုပြင်ပြောင်းလဲလိုသူများ ရှိစေကာမူ  ပြုပြင်ပြောင်းလဲလိုစိတ်မရှိသော စုန်းပြူးများကြောင့် နိုင်ငံအပြောင်းအလဲကို အခက်အခဲတွေ့စေနိုင်ကြောင်း မီးမောင်းထိုးပြသကဲ့သို့ ရှိနေပါသည်။ ထို့ပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတစ်ဦးကိုပင် လွတ်လပ်စွာ ပြောရေးဆိုခွင့် မပြု သည့်အတွက် သမ္မတကြီးပြောကြားခဲ့သည့် လွတ်လပ်စွာပြောရေးဆိုခွင့်နှင့် မီဒီယာလွတ်လပ်ခွင့်များကို ထိပါးလျက်ရှိသည်ကို လက်တွေ့တွေ့မြင်ရ ခြင်း လည်း ဖြစ်သည်။ အစိုးရအဖွဲ့အတွင်း၌သာမက ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများအထိ အာဏာပိုင် အချို့သည် မိမိတို့၏ ယခင်ဘဝကအာဏာအပေါ် သာယာမှုကို မမေ့နိုင်ကြသေးဘဲ ရာထူးအရှိန်အဝါဖြင့် မောက်မာမှုများ၊ ဖိနှိပ်မှုများရှိနေသေးသည်ကို ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။

အရပ်သားအစိုးရကို ယခင် အစိုးရဟောင်းမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့၍ ပြင်းထန်သော ဝေဖန်မှုများခံနေရချိန်တွင် အမှန်တကယ် ပြုပြင်ပြောင်း လဲမှုများ မတွေ့မြင်ရပါက ပိုမို၍ ဆိုးဝါးသည့် ပြည်တွင်းပြည်ပ ဖိအားများနှင့် ရင်ဆိုင်ရဖွယ်ရှိပြီး အဆုံးသတ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး ပြောကြား ခဲ့သည့် လူထုတော်လှန်ရေးကြီးများနှင့် ကြုံတွေ့ရသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်သည်လည်းဖြစ်ရာ ယခုအခြေအနေသည် အပြောင်းအလဲကို သိသာ ထင်ရှားစွာ မပြနိုင်ပါက မဖြစ်နိုင်တော့သည့်အခြေအနေ၊ တနည်းအားဖြင့် အကဲဆတ်မခံတော့သောအခြေအနေဖြစ်ရာ သမ္မတကြီးနှင့် လွှတ်တော် များအနေဖြင့် ပြည်သူလူထု၏ အခွင့်အရေးကို ထိပါးပြီး အပြောင်းအလဲပြုရန် အနှောင့်အယှက်ပြုနေသည့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အစည်းများနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများကို  ထိရောက်စွာ ကိုင်တွယ်ဖယ်ရှားပြီး အပြောင်းအလဲကို ပိုမိုတိုးတက်စွာ ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs