Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၄.၇.၂၀၁၁

ပြည်တွင်းသတင်းများ

Hot News Journal မှ SSC ဆေးရုံ၏ အမြတ်တော်ကြေး ပေးဆောင်မှု စုံစမ်းပေးရန် တောင်းဆို

Hot News Journal၊Face မဂ္ဂဇင်းနှင့်ပေဖူးလွှာ မဂ္ဂဇင်းများကို ထုတ်ဝေနေသူ ဒေါ်မမက SSC ဆေးရုံအနေဖြင့် သတ်မှတ်ထားသော အမြတ် တော်ကြးပေးဆောင်မှု ရှိ/မရှိကို စုံစမ်းစစ်ဆေးပေးရန် အစိုးရကို တောင်းဆိုထားကြောင်း သိရသည်။

“သူတို့ရဲ့ဆေးရုံကို အသရေပျက်စေလို့ နစ်နာကြေးအတွက် သိန်းပေါင်းနှစ်သောင်း လျော်ကြေးတောင်းထားတော့ သူတို့ဆေးရုံရဲ့ဝင်ငွေက တော် တော်များနိုင်မယ့် သဘောရှိတယ်။ ဒီအတွက် အစိုးရက သတ်မှတ်ထားတဲ့ အမြတ်တော်ကြေး ပေး၊မပေးကို စစ်ဆေးပေးပါလို့ သက်ဆိုင်ရာ ဌာနကို တောင်းဆိုထားတာပါ”ဟု ဆိုသည်။

ယင်းအမှုအား တရားရုံးတွင် မဖြေရှင်းဘဲ၊ တွေ့ဆုံဆွေးနွေးမှုဖြင့် ဖြေရှင်းရန်ကို SSCဆေးရုံတွင် ရှယ်ယာအများဆုံး ပါဝင်သည့် ကမ္ဘောဇကုမ္ပဏီ များအုပ်စုမှဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ဇူလိုင်လ ဒုတိယရက်သတ္တပတ်တွင် တစ်ကြိမ်နှင့် ယင်း၏ လုပ်ဖော်ကိုင်ဖက်များက အခါအားလျော်စွာ ဆက်သွယ် ရေး နည်းလမ်းမျိုးစုံဖြင့် ဆက်သွယ်ပြီး၊ ပြောကြားခဲ့သော်လည်း တရားဥပဒေအတိုင်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းက ဆက် လက်ပြောကြားသည်။

SSCဆေးရုံမှဝန်ဆောင်မှုများ ညံ့ဖျင်းသည်ကို ဖော်ပြထားသောစာမှုနှင့် ပက်သက်၍ နှစ်ဦး၊ နှစ်ဖက် အပြန်အလှန် တရားစွဲဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကိစ္စရပ်နှင့်ပတ်သက်၍ SSC မှတာဝန်ရှိသူအား ဆက်သွယ်မေးမြန်းရာ “အခွန်ကိစ္စကို ဖြေကြားဖို့ဆိုရင် ဆေးရုံဒါရိုက်တာအဖွဲ့ကို စာတင်ရ ပါမယ်”ဟုဆိုသည်။

SSC ဆေးရုံသည် ၂၀၁၀နှစ်က ခွဲစိတ်ကုသမှုမှားယွင်းသည့်အတွက် အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ရမှုတွင် လျော်ကြေးအဖြစ် သိန်းတစ်ထောင် ပေးခဲ့ပြီး၊ သက်ဆိုင်ရာဌာနမှလည်း နောက်နောင် ယင်းကဲ့သို့သော အဖြစ်အပျက် ဖြစ်ပွားပါက ဆေးရုံပိတ်သိမ်းခြင်း ခံရမည်ဟု သတိပေးခြင်း ခံထားရ သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မြို့တော်သာယာလှပစေရေးကြောင့် ပြည်သူအများဒုက္ခရောက်

ရန်ကုန်မြို့တော်ဝန် သံအမတ်ဟောင်း ဦးလှမြင့်၏ မြို့တော်သာယာလှပစေရေး လုပ်ဆောင်ချက်များကြောင့် ပြည်သူအများ ဒုက္ခရောက်နေရ ကြောင်း စုံစမ်းသိရှိရသည်။

မြို့တော်ဝန်အဖြစ် တာဝန်စတင်ယူပြီးချိန်မှ စတင်ကာ လုပ်ဆောင်ခဲ့သည်ကိစ္စရပ်များတွင် အကျင့်ပျက် စည်ပင်ဝန်ထမ်းများကို အရေးယူမှုသည် သာ ပြည်သူကို ထိခိုက်ခြင်းမရှိဘဲ ကျန်ကိစ္စရပ်များတွင် သက်ဆိုင်သူ ပြည်သူများ၏ ဘဝရပ်တည်ရေးကို ဆိုးရွားစွာ ထိခိုက်နေကြောင်း သိရသည်။

“ဘယ်လောက်တောင်လည်းဆိုရင်  ပြည်သူကို တစ်ပတ်လောက်ဒုက္ခပေးပြီး မြို့တော်ခန်းမကို ဆေးပြန်သုတ် လိုက်သေးတယ်”ဟု မြို့တော်ခန်းမ အနီးရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ပလက်ဖောင်းပေါ်မှ လမ်းဘေးဈေးသည်များအား ဝန်ထမ်းအင်အား များစွာသုံး၍ ဖယ်ရှားလိုက်သော်လည်း ယင်း ဈေးသည်များ ဈေးပြန်လည် ရောင်းချနိုင်ရန် စီစဉ်ပေးသော နေရာသည် အဆင်မပြေမှုများစွာ ရှိသည့်အတွက် ယခင်နေရာဟောင်းတွင်ပင် ညနေ ၆ နာရီမှ ညနေ ၉ နာရီအတွင်း ဈေး ပြန်လည်ရောင်းချနေရသည်ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့တွင်းမြို့နယ်များသို့ နေ့စဉ်ပုံမှန် လာရောက်ကာ ဈေးရောင်းချနေသော ဈေးသည် များသည် ဈေးရောင်းချချိန် ၃ နာရီသာ ရရှိသဖြင့် အဆင်မပြေမှုများ များစွာဖြစ်နေကြောင်း သိရသည်။

“ဆိုင်ခင်းတာက ၁ နာရီ ဆိုရင်ကျန်တဲ့ ၂ နာရီမှာ ဘာမှလုပ်လို့ မရတော့ဘူး။ မိုးတွင်းဆိုတော့ ပိုအရောင်းပါး တယ်။ ဒီဖရေဇာတစ်လျှောက်လုံးက ဆိုင်တွေအကုန်လုံး ဒီလတွေမှာ အရောင်းပါးကျတယ်။ တစ်ချို့ဆို ကျောင်းအပ်ချိန်မှာ ဈေးရောင်းမကောင်းလို့ မတ်တိုးတွေယူပြီး ကျောင်းအပ်ရတာတွေ ရှိတယ်”ဟု ဘားလမ်းမှတ်တိုင်တွင် ဦးထုပ်ရောင်းသူ ကိုမောင်မောင်က ဆိုသည်။

မြို့တော်ဝန်ဟောင်းဦးအောင်သိန်းလင်းကလည်း “အဘတာဝန်ယူစဉ်အခါမှာ လမ်းဘေးဈေးသည်တွေကို ပြေလည်အောင်ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းမရှိလို့ ဒီအတိုင်းကြည့်နေခဲ့တယ်။ ကိုလှမြင့်လက်ထက်ကျတော့ သူ့မှာ ဘာနည်းလမ်းရှိလဲ မသိဘူး။ လုပ်တော့လုပ်လိုက်တယ်”ဟု လမ်းဘေး ဈေးသည် ကိစ္စရပ်နှင့် ပတ်သက်၍ဆိုသည်။

၎င်းတာဝန်ယူစဉ်က ရန်ကုန်တိုင်းဒေသကြီးတွင် ကွန်ကရစ်လမ်းပေါင်း ၂၁၇၆ လမ်းခင်းကျင်းပေးခဲ့သော်လည်း မြို့တော်ဝန်အသစ် လက်ထက် တွင်မူ လမ်းခင်းပေးနိုင်မှု ပမာဏ တိုးလာသည်ကို မတွေ့ရသေးကြောင်း ၎င်းကဆိုသည်။

ယင်းနှင့်ရင်းနှီးသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “ဧည့်ခံပွဲတွေမှာ တွေ့ရင် ရန်ကုန်မြို့ကို သူရောက်ဖူးတဲ့ ဘရာဇီလ်းတို့ အာဂျင်တီးနားတို့ ဂျပန်တို့ကလို မြို့တွေဖြစ်အောင်လုပ်မှာလို့ အမြဲတမ်းပြောတယ်။ အခုလုပ်နေတာလည်း သူ့ရဲ့မျှော်မှန်းချက်တွေကို အကောင်အထည် ဖော်နေသလိုပဲ”ဟု ပြောကြားသည်။

ဦးလှမြင့်တာဝန်ယူချိန်မှစကာ စည်ပင်မှ အကျင့်ပျက်ဝန်ထမ်းများကို ဖယ်ရှားခြင်း၊ မြို့တော်ခန်းမအား ဆေးသုတ်ခြင်း၊ မဟာဗန္ဓုလပန်းခြံမှ ဆိုင်ခန်းများအား ဖယ်ရှားခြင်း၊ လမ်းဘေးဈေးသည်များအား ရှင်းလင်းခြင်းနှင့် ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စာသင်ကျောင်းပတ်ဝန်းကျင်ရှိ စားသောက်ဆိုင် များ ဖယ်ရှားခြင်း ကိစ္စရပ်များအား လုပ်ဆောင်ခြင်းတို့ကြောင့် ပြည်သူအများစု ဘဝရပ်တည်ရေးအတွက် များစွာဒုက္ခရောက်ရကြောင်း သိရှိရသည်။

မြောက်ဥက္ကလာပမှ ဆူးလေတွင် ဈေးလာရောင်းသူ ဦးမြင့်က “ဦးလှမြင့်ဒီလိုလုပ်နေတာမြင်တော့ တော်လှန်ရေးကောင်စီလက်ထက်က မြို့တော် သာယာလှပရေးဆိုပြီး မြို့ထဲကလူတွေကို စစ်ကားပေါ်တင်ပြီး၊ ဆင်ခြေဖုံးတွေကို ပို့ပစ်တာကို သတိရမိတယ်”ဟု ၎င်းကြုံတွေ့ရသည်များကို ပြန်ပြောင်း ပြောဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

အင်တာနက်ဆိုင်များအား စစ်ဆေးရန် ထပ်မံညွှန်ကြားပြန်

ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနတွင် PAC လိုင်စင်လျှောက်ထား၍ ဖွင့်လှစ်ထားသော အင်တာနက်ဆိုင်များတွင် သတ်မှတ်ထား သော စည်းကမ်းချက်များ လိုက်နာခြင်း ရှိ/မရှိကို စစ်ဆေးရန် သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်အဖွဲ့အစည်းများထံ အကြောင်းကြားစာ ရောက်ရှိလာ ကြောင်း သိရသည်။

အကြောင်းကြားစာအား MPT မှ နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်များသို့ လိပ်မူ၍ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် အုပ်ချုပ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ အင်တာနက်ဆိုင်များသည် ထုတ်ပြန်ထားသော စည်းကမ်းချက် ၁၂ ရပ်နှင့်အညီ ပြု ကျင့်ခြင်း ရှိ/မရှိကို စစ်ဆေးရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ပူးပေါင်းအဖွဲ့တွေဖွဲ့ပြီး စစ်ဆေးမှုတွေလုပ်ရမယ်။ အင်တာနက်ဆိုင်ရှင်တွေကို ခေါ်ပြီး လိုက်နာမည်ဖြစ်ပါကြောင်း ခံဝန်ကတိထိုးခိုင်းရမယ်”ဟု ယင်းက ဆိုသည်။

ထုတ်ပြန်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက သက်ဆိုင်ရာဌာနမှ တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ထုတ်ပြန်တဲ့ စည်းကမ်းချက်တွေ မလိုက်နာလို့ရှိရင် နိုင်ငံတော်လျို့ဝှက်ချက် ပေါက်ကြားမှုနဲ့ အရေးယူလို့ရတယ်”ဟု အင်တာနက်ဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

အင်တာနက်ဆက်သွယ်မှုစနစ်များ တိုးတက်လာသဖြင့် ယခင် သုံးနေသော IPv4 Version မှ IPv6 Version သို့ ပြောင်းလဲရန် နိုင်ငံတကာမှ ကြိုးစားနေချိန်တွင် ပြင်းထန်သည့် စည်းကမ်းချက် ၁၂ ရပ်အား MPT မှ ထုတ်ပြန်ထားသည်မှာ မြန်မာ့ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာ အား အားနည်းစေရန် ပြုလုပ်ခြင်း သဘောဆောင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အင်တာနက်ဆိုင်များအားMyanmar Info Tech (MIT) အားလုပ်ကိုင်ခွင့်ပေးထားပြီး၊ MPT မှ MIT ထံမှ ပြန်လည်လွှဲပြောင်းယူပြီးနောက်တွင် လစဉ်ကြေးနှင့် နှစ်စဉ်ကြေး ပေးသွင်းရမှု ပုံစံပြောင်းလဲခဲ့ပြီး၊ စည်းကမ်းချက် ၁၂ ရပ်အား ထုတ်ပြန်ကာ၊ ယင်းစည်းကမ်းချက်များအား မပျက်မကွက် လိုက်နာ ရန် အင်တာနက်ဆိုင်ရှင်များမှ လက်မှတ်ရေးထိုး ပေးခဲ့ရသည်။

YC(KS)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သတင်းမီဒီယာများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့ကြား ယုံကြည်မှုပျက်ပြား

ဇူလိုင် ၁၆ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ တိုင်းဒေသကြီးလွှတ်တော် အဆောက်အဦးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်း မီဒီယာများအား စတုတ္ထမဏ္ဍိုင် ပီသစေလိုကြောင်း ဝန်ကြီး ဦးဥာဏ်ထွန်းဦးမှ ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်ပြီး ပြည်တွင်းသတင်းများ ပြည်ပမီဒီယာများပေါ်တွင် တက်ရောက်နေခြင်း သည် ပြည်တွင်းမီဒီယာများ၏ ပြဿနာဖြစ်ကြောင်း ကြိမ်းမောင်းပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းနောက် လျှပ်တပြက်ဂျာနယ်မှ ဦးမြတ်ခိုင်မေးမြန်းခဲ့သည့် နောက် ၅ နှစ်တွင် မည်သည့်အစိုးရ တက်မည်နည်း ဆိုသည့်မေးခွန်းအား ဦးဥာဏ် ထွန်းဦးမှ ရှုတ်ချပြောဆိုခဲ့ကာ၊ ပြည်သူ့မျက်နှာထောက်ထားမှု မရှိသည့် မီဒီယာသမားဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယခုအကြိမ်ကျင်းပသော သတင်းစာရှင်းလင်းပွဲသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြုလုပ်သော  ၅ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ ဖြစ် ကြောင်း သိရပြီး ယခင်ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲက မေးမြန်းခဲ့သည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားချက်များနှင့် ပတ်သက်၍ ပြည်တွင်းသတင်း အယ်ဒီတာတစ်ဦးမှ “ပွဲတစ်ခါလုပ်တိုင်း လုပ်မယ်လို့ ပြောလိုက်တာတွေက အများကြီးပဲ ပြီးတော့လည်း တစ်ခါမှမဟုတ်ဘူး။ သတင်းဖော်ပြလိုက်တဲ့ ဂျာနယ်သာ အရူးလိုဖြစ်သွားတာ”ဟု ယင်း၏ ခံစားချက်အား ဆိုသည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ဦးဥာဏ်ထွန်းဦးအား အာဇာနည်နေ့အခမ်းအနားတွင် သတင်းယူရန်ကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ လွတ်လပ် စွာ သတင်းယူခွင့်ရှိသည်ဟု ပြန်လည်ဖြေကြားခဲ့သော်လည်း ယင်းနေ့က ပြည်တွင်း ဂျာနယ်မျိုးစုံ ၁၄ ခုကိုသာ ကန့်သတ်၍ သတင်းယူခွင့်ပြုခဲ့သောကြောင့် ပြည်တွင်းဂျာနယ်များမှ ဝန်ကြီး ဦးဥာဏ်ထွန်းဦးအား ယုံကြည်မှု ကင်းမဲ့ခဲ့သည်။

YC (KS)

-----------------------------------------------------------------------------------------------------------------------------------

ကချင်လူထု တောင်းဆိုသောကြောင့် KIA ဆက်လက်တိုက်ပွဲဝင်ခြင်း ဖြစ်သည်ဟုဆို

ဇူလိုင်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင် ကေအိုင်အေဌာနချုပ်အခြေစိုက်ရာ လိုင်ဇာမြို့တွင် ကျင်းပခဲ့သော ကေအိုင်အိုနှင့် ပြည်တွင်းပြည်ပမှ ကချင်ပြည်သူ လူထုများတွေ့ဆုံပွဲတွင် တက်ရောက်လာသူ ကချင်လူထုက KIA အား လွတ်လပ်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရန် တောင်းဆိုသဖြင့် KIA တိုက်ပွဲဝင်နေရခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့(KIO) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။

“ကချင်လူထုက KIA နဲ့တစ်ပေါင်းတစ်စည်းတည်းလို ဖြစ်သွားပြီလေ။ ဒီတော့KIA အနေနဲ့ ကချင်ပြည်သူလူထုအတွက် ဆက်ပြီးတိုက်ပွဲဝင်ရုံပဲ ရှိတော့တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းပြည်ရဲ့ဥသျှောင် ဗမာလူမျိုးတွေဦးစီးတဲ့ အစိုးရနဲ့ တပ်မတော်က အဖအရာကို မပီသဘဲ ဖိနှိပ်ချုပ်ချယ်နေသရွေ့ ကချင်လူမျိုးများသည် ခေတ် အဆက်ဆက် တော်လှန်နေမည် ဖြစ်ကြောင်း KIA မှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတွေ့ဆုံပွဲအား ပြည်တွင်း၊ပြည်ပမှ ကချင်လူထု ၁၇၀ ကျော်တက်ရောက်ပြီး၊ KIO ဥက္ကဋ္ဌက KIA နှင့် အစိုးရတပ်တို့ကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ၏ အရင်းခံ အကြောင်းတရားများကို ရှင်းပြခဲ့သည်။ တက်ရောက်လာသူများမှလည်း ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထားမှတ်ချက် များ အကြံပြုခဲ့ကြကြောင်း သိရသည်။

KIA တပ်စွဲထားရာနေရာသို့ အစိုးရတပ်မှ တိုးချဲ့နေရာယူလာရာ မေ ၂၇ ရက်မှစတင်၍ နှစ်ဖက်တပ်များ ထိတွေ့မှုဖြစ်ပွားကာ KIA မှ အစိုးရတပ် များ၏ ထောက်ပံ့ရေးလမ်းကြောင်းနှင့် ယင်းတို့၏ အခြေစိုက်စခန်းများရှိရာသို့ အလာလမ်း ကြောင်းများရှိ တံတားခြောက်ခုအား ချိုးဖျက်ခဲ့သည်။

ဇူလိုင်လတတိယ ရက်သတ္တပတ်အထိ KIAနှင့် ကချင်ပြည်နယ် အစိုးရတို့ကြား စေ့စပ်ညှိနှိုင်းမှု နှစ်ကြိမ်ပြုလုပ်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ဆဲ ဖြစ်သည်။

YC (KS)

-----------------------------------------------------------------------------------------------------------------------------------

ကန့်ကွက်ခံရသော လွှတ်တော်အမတ်သုံးဦး အယူခံဝင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲကန့်ကွက်မှုတွင် ရှုံးနိမ့်ခဲ့ရသော ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ လွှတ်တော်အမတ်သုံးဦးမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပြင်ဆင်မှု အယူခံဝင်ရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

ကန့်ကွက်ခံရမှုတွင် ရှုံးနိမ့်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်များမှာ ရခိုင်ပြည်နယ် အမျိုးသားလွတ်တော် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းအောင်၊ ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ ရခိုင်ပြည်နယ်လွှတ်တော် ပေါက်တောမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးမောင်ကျော်သိန်းတို့ ဖြစ်ကြပြီး အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေတွင် ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်များကို မကျေနပ်၍ ကော်မရှင်သို့ ပြင်ဆင်မှုတင်သွင်းလိုလျှင် ယင်း တင်သွင်းသူများသည် ကုန်ကျမည့်အမှုစရိတ် ငွေကျပ် ၁၀ သိန်းကို ပေးသွင်း၍ ခုံအဖွဲ့၏ ဆုံးဖြတ်ချက် မိတ္တူတစ်စောင် ထုတ်ယူနိုင်ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက် ဥပဒေကြောင်းအရ မှားယွင်းကြောင်း၊ ယင်းဆုံးဖြတ်ချက်မှာ ဥပဒေရေးရာ ပြဿနာပေါ်ပေါက်ကြောင်း၊ အကြောင်းပြချက်ဖြင့် ယင်း ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်မိတ္တူနှင့်အတူ ကော်မရှင်သို့ ရွေးကောက်ပွဲခုံအဖွဲ့ ဆုံးဖြတ်ချက်ချသည့်နေ့မှ ရက် ပေါင်း ၃၀ အတွင်း တင်သွင်းရမည်ဖြစ်ပြီး ယင်းကာလကို တွက်ချက်ရာတွင် ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်မိတ္တူရယူရန် ကြာမြင့်သည့် ကာလကို ထည့်သွင်း ရေတွက်ခြင်းမပြုရဟု ပါရှိသည်။

(The Voice Weekly ဂျာနယ် အတွဲ ၇၊ အမှတ် ၃၂ ပါ “ကန့်ကွက်ခံရသော လွှတ်တော် အမတ် သုံးဦး ပြင်ဆင်မှုအယူခံဝင်” သတင်းအား အကျဉ်းချုံးဖော်ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အရင်တုန်းကတော့ စားဝတ်နေရေးအရ တစ်နိုင်တစ်ပိုင်လောက်ပဲ ရွှေကိုတူးကြတာဖြစ်တဲ့အတွက် သဘောဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီး တာမျိုး မဖြစ်ဘူး။ အခုတော့ လူတွေက လောဘဇောတွေတိုက်ပြီး စက်အင်အား၊ လူ အင်အားနဲ့ နေ့မအား၊ ညမနား တူးဖော်လာကြတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်က လျင်မြန်စွာ ပျက်စီးနေတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ရွှေတူးဖော်တာတွေကို ဂရုစိုက်စိစစ်ဆောင်ရွက်သင့်ပါတယ်"

ဇူလိုင် ၂၁ ထုတ် Popular New အတွဲ (၃) အမှတ် (၂၈) တွင်ပါသည့် "ကြည်လင်သော ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ ရွှေရမ္မက်ကြောင့် ညစ်ညမ်းရ" သတင်းမှ သစ်တောပညာရှင် ဦးအုန်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"စပါး တင်း ၁၀၀ ကို ကျပ်လေးသိန်းပေးမယ်ဆိုတာက တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ထွက်မှပေးမှာပါ။ ပြီးပြီးရောဆိုပြီး တော့ ပေးမှာမဟုတ်ဘူး။ တောင်သူတွေဘက်ကလည်း ဖြစ်သလိုစိုက်တာမျိုး၊ ဖြစ်သလိုကြဲတာမျိုး လုပ်လို့ တင်း ၁၀၀ မထွက်ဘူးဆိုရင် ကျွန်တော်တို့ဘက်ကပေးမှာမဟုတ်ပါဘူး။ ကိုယ့်ငွေနဲ့ပဲကိုယ်စိုက်စိုက်၊ အကူအညီယူပြီးပဲ စိုက်စိုက် တစ် တင်းကို အလေးချိန် ၄၆ ပေါင်ရှိတဲ့ စပါးတင်း ၁၀၀ကို ကျပ်လေးသိန်းနှုန်းနဲ့ ပေး ဝယ်မှာပါ"

ဇူလိုင် ၂၁ ထုတ် Popular New အတွဲ (၃) အမှတ် (၂၈) တွင်ပါသည့် "လက်ရှိပေါ်ပေါက်နေသော လယ်ယာလုပ်ငန်းခွင်ရှိ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် စပါးတင်း ၁၀၀ လျှင် အနည်းဆုံးဈေး ကျပ်လေးသိန်းအထိ ဈေးနှုန်း အာမခံချက် ပေးသွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းဥက္ကဋ္ဌ ပြောကြား" သတင်းမှ Gold Delta ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် လုပ်သွားမှာပါ။ ပြည်သူလူထုကလည်း ဒါကိုပဲ တောင့်တနေကြပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ ဆင်းရဲနွမ်းပါးသူ ၁၆ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၁၅ မှာ ထက်ဝက်လျော့ ကျအောင် လုပ်နေတယ်။ လူ ၁၀၀မှာ ရှစ်ယောက်ပဲ ဆင်းရဲတဲ့သူ ရှိတော့မယ့်သဘော ဖြစ်ပါတယ်"

ဇူလိုင် ၂၂ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၇) အမှတ် (၅၂၃) တွင်ပါသည့် "ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန် ဆောင်ရွက်နေ" သတင်းမှ ဦးမြင့်ဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော်တို့မှာ လက်ရှိဖြစ်တဲ့ ပြဿနာ ကြီးကြီးမားမားက ဒီနယ်စပ်ကိစ္စပဲ။ ဒါကလည်း အစိုးရခြင်းနဲ့ ဆိုင်တော့ အစိုးရ သစ်က ဘယ်လိုမူဝါဒ ချမှတ်မလဲ ဆိုတာ စောင့်ကြည့်ဖို့ပါပဲ။ ပထမဆုံး ကျွန်တော်တို့ ကြိုးစားရမှာက ထိုင်းနဲ့မြန်မာ ကုန် သွယ်မှု အခြေအနေကို ကျွန်တော်တို့အစိုးရဘက်ကို အသိပေးရမယ်"

ဇူလိုင် ၂၂ ထုတ် မြန်မာတိုင်း(မ်) အတွဲ (၂၇) အမှတ် (၅၂၃) တွင်ပါသည့် "စီးပွားရေးအသိုင်းအဝိုင်းက မြဝတီ နယ်စပ်ဂိတ် ပြန်ဖွင့်စေလို" သတင်းမှ ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၏ စီးပွားရေးဌာနစိတ်မှ စီးပွားရေးသံမှူး မစ္စတာ ပရာချုဘ် ဆူပီးနီး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

သူငယ်ချင်း သုံးယောက်ရှိလေသည် ( အပိုင်း ၂ )

အခန်း(၃)

မောင်မိုးမြင့်သည် မြစ်ကြီးနား လေယာဉ်လက်မှတ်ဝယ်ယူရန် မြို့ထဲသို့ ထွက်လာခဲ့သည်။ ဖုန်းဆက်၍ မှာကြားလျှင် လက်မှတ်ကို အိမ်တိုင်ရာ ရောက်လာပို့သည့် ဝန်ဆောင်မှုရှိသော်လည်း ယခင်အခေါက်များက မြန်မာနိုင်ငံသို့ ပြန်လာလျှင် ရက်အနည်းငယ်သာနေပြီး အိမ်တွင်းအောင်းနေရသည်က များသဖြင့် ယခုကဲ့သို့ ကြာကြာနေရမည့်အချိန်တွင် မြို့ထဲတွင် လည်ရင်းပတ်ရင်း ပန်းဆိုးတန်းတလျှောက်ရှိ စာအုပ်ဆိုင်များမှ စာအုပ်အဟောင်းများလည်း ဝယ်ယူရန် ထွက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ပြည်တွင်းလေယာဉ်လက်မှတ် ဝန်ဆောင်မှုပေးသည့် ရုံးခန်းတစ်ခုအတွင်းသို့ဝင်ကာ လေယာဉ်လက်မှတ် ဝယ်ယူရာ အဆင်သင့်ပင်ရလေသည်။ လေယာဉ်လက်မှတ်ယူပြီး ပြန်အထွက်တွင်

“ကိုမိုးမြင့်လား မသိဘူးနော်” အမျိုးသမီးငယ်လေးက မေးသဖြင့် ပြန်လှည့်ကြည့်လိုက်ရာ မြင်ဖူးသလိုလို ရှိသော်လည်း မည်သူမှန်း ရုတ်တရက် သတိမရပေ။

 “ဟုတ်ပါတယ်၊ အမက ဘယ်သူလဲ မသိဘူးနော်”

“အေးပေါ့လေ၊ နိုင်ငံခြား ကျောင်းသွားတက်နေတဲ့သူတွေက ဘဝင်တွေမြင့်ပြီး ဒီကလူတွေကို ဘယ်သိတော့မလဲနော်၊ သဲသဲလေ မမှတ်မိတော့ ဘူးလား”

“ဟာ ဟုတ်ပြီ၊ မှတ်မိပြီ၊ ရတီရဲ့ညီမပဲ ဆောရီးဗျာ။ တကယ်ရုတ်ရက်မမှတ်မိလိုက်ဘူး၊ မတွေ့တာလဲ သုံးနှစ်ကျော်ပြီလေ ရတီရော နေကောင်း လား”

“ ကောင်းပါတယ်။ သူကဆရာဝန်ပဲ ဘယ်ဖျားမလဲ၊ အခု ဟောက်စ်ဆင်းနေပြီလေ”

“ဟုတ်လား ကိုယ် သူနဲ့ မတွေ့သေးဘူး၊ သူ့ဆီဖုန်းဆက်လို့ရမလား၊ တစ်ရက်လောက်တွေ့ရအောင်လေ”

ရတီဆိုသည်မှာ မောင်မိုးမြင့်၏ နည်းပါးလှသော သူငယ်ချင်းမိန်းကလေးများထဲမှ တစ်ယောက်ဖြစ်သည်။ ဆယ်တန်းကို သူနှင့်အတူ ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး မိဘများက ချမ်းသာသဖြင့် အင်္ဂလန်ပို့၍ ပညာသင်ကြားပေးမည်ဆိုသည်ကို ငြင်းပယ်ကာ ရန်ကုန်ဆေးတက္ကသိုလ်သို့ တက် ရောက်ခဲ့သူ ဖြစ်သည်။ ယခုလေယာဉ်လက်မှတ် ဝန်ဆောင်မှု လုပ်ငန်းသည်ပင် ရတီတို့ပိုင်ဆိုင်သော လုပ်ငန်းများထဲက တစ်ခုဖြစ်သည်ဟု သိရသည်။

“ဟဲလိုကျွန်တော် ရတီနဲ့ ပြောပါရစေခင်ဗျာ”

တစ်ဖက်မှ သမီးရေဟု ခေါ်သံကြားပြီး မကြာခင်မှာပင် ဖုန်းလာကိုင်သံကြားလိုက်ရပြီး

“ဟဲလို ကျွန်မရတီပါ၊ ဘာကူညီပေးရမလဲရှင်”

“ဟာ၊ နင့်ကို ငါက ဆရာဝန်မှတ်နေတာ၊ လက်စသတ်တော့ ရဲထဲ လိုက်တာကိုး၊ ငါ ၁၉၉နဲ့ မှားမဆက်မိပါဘူး”

“အခုပြောနေတာ ဘယ်သူလဲမသိဘူးနော်”

“နင့်ဟာနင် စဉ်းစားလေဟာ၊ အေးပေါ့လေ ဆရာဝန်ဆိုတော့ ဖုန်းဆက်သမျှကို လူနာချည်း ထင်နေလားမသိဘူး၊ ဟဟ”

“အေးအေး၊ အကောင်စုတ် မှတ်မိပြီ နင့်အသံ၊ နင်ဘယ်တုန်းက ပြန်ရောက်တာလဲ”

“အေး မနေ့ကမှ ပြန်ရောက်တာ၊ မနက်က နင်တို့ဆီမှာ မြစ်ကြီးနားသွားဖို့ လေယာဉ်လက်မှတ်ဝယ်ရင်းနဲ့ နင့်ညီမဆီက ဖုန်းနံပါတ်ရတာ၊ နင့်ဖုန်းကို ငါမေ့နေပြီဟ၊ အဲ့ဒီတော့ လူလဲ သတိမရတော့ဘူးပေါ့ဟာ ဟဟ”

“ အေးပေါ့၊ ဆယ်တန်းအောင်တုန်းက နင်ကြိုက်နေတဲ့ကောင်မလေးက စေ့စပ်ထားတဲ့သူရှိတယ်ဆိုတာနဲ့ ဒီမှာပဲ ဆေးကျောင်းတက်ရင် ရရဲ့သားနဲ့၊ အသည်းတွေကွဲပြီး နိုင်ငံခြားကျောင်းသွားတက်၊ အူကြောင်ကြောင် မေဂျာတွေယူ၊ ပြီးတော့ တောင်တွေးမြောက်တွေးနဲ့ သူငယ်ချင်းတွေ မေ့ကုန်ပြီ ဟုတ် တယ်မလား၊ အသည်းကွဲတာတော့ ငါမကုတတ်ဘူး နော်၊ ခေါင်းကွဲရင်ပဲ ချုပ်တတ်တာ”

“ဟားဟား၊ စွပ်စွဲချက်ကလဲ သေဒဏ်တောင်ပေးလို့ရတယ်၊ မဟုတ်ပါဘူးဟာ၊ ငါက ဟိုမှာကျောင်းတက်၊ ဒီပြန်လာလည်း ခဏပဲ၊ အဲ့ဒါကြောင့် မတွေ့ဖြစ်ကြတာပါ၊ နေစမ်းပါဦး ငါက အူကြောင်ကြောင် မေဂျာယူတယ်ဆိုရအောင် နင့်ကျောင်းကရော ဘာတွေကောင်းနေလို့လဲ၊ တရားဝင် လူသတ်ခွင့်၊ တရားဝင် အစိုးရဆေးဝါးကို ရောင်းစားပိုင်ခွင့်ရမယ့် အလုပ်လေးရဖို့ အလကား ခြောက်နှစ်လောက်အချိန်ကုန်တယ်၊ အခုနင်ဘာရလဲ၊ ဆရာဝန်အလုပ် ဝါသနာပါတယ်ဆိုလဲ နင့်အိမ်က အင်္ဂလန်ပို့တုန်းက သွားသင်ရတာပဲ၊ အထူးကုဖြစ်ရင် ကိုယ့်ပညာနဲ့ကိုယ်၊ ဟိုမှာလည်း အလုပ်မပူရ၊ အကုသိုလ် မဖြစ်ဘူး ပေါ့ဟာ”

“အမလေးဟယ်၊ နင့်မလဲ ဘိုစာလေးနဲနဲပါးပါး စားလိုက်ရတာနဲ့ တစ်ခါတည်း ကိုယ့်လူမျိုးကိုယ် အကောင်း မမြင်နိုင်တော့ပါလား၊ ဒီမယ် ဘယ် ဆရာဝန်မှ လူနာကို သေပါစေတော့ဆိုတဲ့ စေတနာမရှိပါဘူးဟယ်၊ မှားခဲ့ရင်တောင် စေတနာ အမှားပဲ ဖြစ်မှာပါ၊ ငါဟိုမှာ သွားပြီး ဆရာဝန်လုပ်တယ်ဆိုရင် ဟိုကလူတွေပဲ ကုရမှာပေါ့၊ သူတို့နိုင်ငံက ချမ်းသာပြီးသား၊ တိုးတက်ပြီးသား ငါတစ်ယောက်ပိုသွားလို့ ဘာမှထူးခြားမှာမဟုတ်ဘူး၊ ငါတို့နိုင်ငံက ဆင်းရဲတယ်၊ ဆေးမကုနိုင်ကြဘူး၊ အစိုးရဆေးရုံမှာတောင် ဆေးကုဖို့ ခက်နေကြတဲ့အချိန်မှာ ကိုယ့်လူမျိုးကိုယ် ရသလောက် ကယ်တင်ရတာ ပိုပြီးမွန်မြတ်ပါတယ်ဟာ”

“အမယ်မင်း၊ နှလုံးလှဆရာဝန်မနဲ့ လာတွေ့နေပါရောလား၊ ငါက အထင်သေးတာ မဟုတ်ပါဘူးဟာ၊ ဖြစ်နေတာတွေက အဲ့လိုပဲလေ၊ နင်တို့ အစိုးရ က အခွန်ကျ နင်းကန်ကောက်၊ ပြီးတော့ အများပြည်သူရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတောင် လုံလောက်အောင်မပေးနိုင်၊ နိုင်ငံတော်ဆိုသူက မဖြစ် စလောက်ချပေးတဲ့ ဆေးဝါးကျတော့လဲ ဆေးရုံ ဝန်ထမ်းတွေက ရောင်းစား၊ ဒီကြားထဲ ဆရာဝန်ကလဲ အလကားကုပေးရတဲ့ လူနာဆိုတစ်မျိုး၊ အထူးကု ဆေးခန်းက လူနာဆို တစ်မျိုး ၊ နင်တို့ရဲ့ ဆပ်ပလိုင်း ချိန်းကြီးက အဲ့လိုဖြစ်နေတာ၊ ငါအထင်သေးတာမဟုတ်ဘူး”

“အေး၊ အဲ့ဒါမျိုးတွေက ဆေးရုံမှာတင်ရှိတာမဟုတ်ဘူး၊ နေရာတိုင်းမှာရှိတယ်၊ ဒီက ဆေးရုံအကူဝန်ထမ်းတွေရဲ့ လစာ ဘယ်လောက်ပဲရတယ် ထင်လဲ၊ ဆရာဝန်တွေရဲ့ လခဘယ်လောက်ရလို့လဲ၊ အခုမှ နဲနဲလေးတိုးပေးတာတောင် ကိုယ်ပိုင်ဆေးခန်းမထိုင်နိုင်ရင် ငတ်သေဖို့ပဲရှိတယ်၊ ဆရာဝန်ဆိုတာ တော့ ဆေးရုံကလူနာပဲဖြစ်ဖြစ်၊ အထူးကုဆေးခန်းက လူနာပဲဖြစ်ဖြစ် ထားတဲ့စေတနာ တစ်စက်မှမလျော့ပါဘူးဟာ၊ အထူးကုလာတက်ပြီး ညွှန်ကြားချက် မလိုက်နာတဲ့လူနာကို ရစရာမရှိအောင် အော်တဲ့ ဆရာကြီးတွေလဲရှိပါတယ်ဟယ်”

“အေးလေ၊ ဘယ်လောက်များများ ရှိမှာမို့လို့လဲ၊ အခုတောင်ကြည့်လေ နိုင်ငံတော်က နယ်စပ်ဒေသတွေကို တာဝန်ချပေးရင် ငှက်ဖျားကြောက်လို့၊ တိုက်ပွဲကြောက်လို့နဲ့ အမျိုးမျိုးရှောင်ကြတဲ့သူတွေက ယူနီဆက်တို့၊ တခြား အန်ဂျီအိုတို့က အဲ့ဒီဒေသတွေမှာ ပရောဂျက်လုပ်ရင် အလုအယက် လျှောက် လိုက်ကြတာ၊ ဒီနေရာနဲ့ ဒီဒေသပဲလေ။ အန်ဂျီအိုက ဒေါ်လာပေးတော့ ငှက်ဖျားလဲမကြောက်၊ တိုက်ပွဲလဲမကြောက်၊ ဘယ်မှာလဲ စေတနာ”

“အေး ငါပြောမယ်၊ မြို့ပေါ်မှာ ဆေးခန်းဖွင့်ပြီး အခြေခံလူတန်းစားတတ်နိုင်တဲ့ ငွေလောက်ပဲယူရင်တောင်၊ အဲ့ဒီ အန်ဂျီအိုကပေးတဲ့ လစာကျော် သေးတယ်ဟဲ့။ ဘာလို့သွားကြသလဲဆိုရင် နယ်စပ်ဒေသက ဝေးလံခေါင်းပါးတဲ့ဒေသတွေမှာ မသေသင့်ဘဲ သေနေကြတဲ့ ကိုယ့်တိုင်းရင်းသားတွေကို ကုသ ပေးချင်လို့ သွားကြတာ၊ အရင်ခေတ်က အစိုးရပေးတဲ့ လခက စားရိတ်မလောက်တဲ့အပြင်၊ ကိုယ့်အိမ်က ကိုယ်ပြန်တောင်းနေရလို့ မသွားချင်ကြတာ၊ တခြား အကြောင်းအရာလဲ ပါမှာပေါ့ဟာ၊ ဆရာဝန်ဆိုတိုင်း သူဋ္ဌေးမှ မဟုတ်တာ၊ အခုလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့  လခလေးရတော့ တကယ်ကို ဒုက္ခရောက်နေတဲ့ ကိုယ့်တိုင်းရင်းသားတွေကို ဦးစားပေးသွားတာပါဟာ၊ တချို့ဆရာဝန်တွေဆို ကိုယ်တိုင်က ချမ်းသာတော့ လစာမယူဘဲ ဗော်လံတီယာ လုပ်ပေးနေတာတွေလဲ အများကြီးပါဟယ်”

“အေး နှမ်းတစ်လုံးတည်းနဲ့တော့ ဆီဘယ်ဖြစ်မလဲဟာ၊ အဲ့လိုလူမျိုး ဘယ်နှစ်ယောက်ရှိမှာမို့လို့လဲ၊ အခု နင်ကြည့်လေ အစိုးရဆေးရုံနဲ့ ပုဂ္ဂလိက ဆေးခန်း ဘယ်မှာလူပိုများလဲ၊ မတတ်နိုင်တဲ့သူကလဲ အစိုးရဆေးရုံက ဘာကြေးညာ ကြေးနဲ့ အထူးကုမှာ ပေးရတာ မကွာတော့ ရှိတာလေး ရောင်းချပြီး အထူးကုပဲလာကြတာမလား”

“ဒါကတော့ နင်က အထူးကုတွေပဲ လိုက်ကြည့်တာကိုး၊ ဒီမှာ ဆေးရုံကြီးတို့၊ နယ်စပ်ဒေသက ဆေးရုံတွေတို့ လာကြည့်လိုက်စမ်းပါ။ ပြည်သူတွေ ဘယ်လောက်အားကိုးလဲဆိုတာ၊ နင်ပြောသလို ဆေးရုံမှာ အကျင့်ပျက်တာတွေလဲရှိချင် ရှိမှာပေါ့၊ အစိုးရက ထောက်ပံ့တဲ့ မဖြစ်စလောက်ဟာလေးနဲ့ ဆရာဝန်တွေ လူတွေကို ဘယ်လိုကယ်တင်နေရတယ်ဆိုတာ၊ ငါတို့ ဟောက်စ်ဆင်းတဲ့သူတွေဆို ကိုယ့်ပိုက်ဆံလေးတွေစုပြီး လူနာအတွက် လိုအပ်တဲ့ ဆေးဝါးအဟာရ၊ ဒါနပြုတယ်၊ မရွံမရှာ ကိုင်တွယ် ကုသပေးရတာကိုပဲ ပျော်နေကြတာ၊ နာဂစ်ဖြစ်ပြီးတည်းက လူငယ်တွေရဲ့ စိတ်ထဲမှာ ငါတို့လူမျိုးတွေ ဒါမျိုး ထပ်မဖြစ်စေရဘူး၊ ဒါမျိုးမသေစေရဘူးဆိုတဲ့ အတွေးအခေါ်တွေလဲ ပြင်းထန်လာကြတယ်၊ ငါတို့ခေတ်မှာ ဆရာဝန်လောက တစ်ခေတ် ပြန်ဖြစ်လာမှာ ပါဟာ”

“နင့်လို စဉ်းစားတဲ့သူဘယ်နှစ်ယောက်တောင်ရှိလို့လဲ”

“အေး အခုဟောက်စ်ဆင်းနေတဲ့ ဆရာဝန်ပေါက်စတွေ အကုန်လုံး အဲ့လိုပဲ၊ လခက တစ်လမှ သုံးရာကျော်လေးပဲရတာ၊ ဟဲ့ ဒေါ်လာ မဟုတ်ဘူး နော်၊ မြန်မာကျပ်ငွေ၊ နင်စဉ်းစားကြည့် ဘတ်စ်ကားခတောင်မရှိဘူး။ ဒါကို ဘာလို့ လူငယ်တွေ အားရဝမ်းသာလုပ်ကိုင်နေတယ်ဆိုတာ နင်လာကြည့်ရင် သိလိမ့်မယ်”

“အင်း နင်သေချာရှင်းပြလို့ ငါသိပါပြီဟာ၊ ငါလဲ ကြားနေရတာတွေရယ်၊ လက်ရှိဖြစ်ပျက်နေတာတွေရယ်နဲ့ ခံငြင်း မိတာပါ၊ တကယ်ဆို နင်တို့က ငါ့ ထက် အများကြီး နိုင်ငံအတွက် အကျိုးပြုပါတယ်ဟာ၊ ငါတို့က အကြီးကြီးစဉ်စားပြီး အကုန်ပြောင်းလဲမှ ရမယ်ထင်နေခဲ့တာ၊ နင်တို့လိုလူမျိုးတွေလဲ အများ ကြီးရှိမယ် အစိုးရကလဲ စေတနာထားပြီး လုပ်ကိုင် မယ်ဆိုရင် ငါတို့နိုင်ငံ သားတွေ ရဲ့ ကျန်းမာရေး၊ လူမှုရေးတွေ အလိုလိုတိုးတက်လာမှာပါဟာ”

“အေးပါ သူငယ်ချင်းရယ်၊ ဆရာဝန်ဆေးထိုးမှားလို့ သေတာထက် နင်တို့နိုင်ငံရေးသမားတွေ ဆုံးဖြတ်ချက်မှားပြီး မျိုးတုန်း အသတ်ခံရလို့ သေတဲ့ သူ၊ စစ်တိုက်လို့သေတဲ့သူက ပိုများပါတယ်ဟာ၊ အဲ့ဒီတော့ နင်တို့လက်ထက်ရောက်မှ အစိုးရ ကောင်းအောင်ကြိုးစားပေတော့ဟာ၊ ငါကတော့ ရှိတာလေးနဲ့ လှအောင်ဝတ်ဆိုတာမျိုးပဲ၊ လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင်ပဲ ကြိုးစားမယ်၊ နိုင်ငံခြားကိုသွားပြီး အထူးကုတက်ဖြစ်ရင်လဲ ပြန်လာရင် အစိုးရ ဆရာဝန်ပဲ လုပ်မယ်၊  ငါ့အတွက်က ဒီတစ်သက် ပူစရာမရှိပါဘူး၊ ပိုက်ဆံဆိုတာလဲမလိုအပ်ပါဘူးဟာ၊ ငါဝါသနာပါတဲ့အလုပ်နဲ့ ငါတို့နိုင်ငံသားတွေရဲ့ အသက် တွေကို ရသလောက်ကယ်မယ် သူငယ်ချင်း”

“အေးပါ၊ သူငယ်ချင်းရယ်၊ ငါတကယ်ရှက်မိပါတယ်၊ ငါပြောခဲ့တာတွေအတွက် ဗွေမယူပါနဲ့ဟာ၊ နောက်ဆို ငါမြန်မာဆရာဝန်တွေကို အထင်မသေး တော့ပါဘူး၊ ငါဟိုပြန်ရောက်ရင်လဲ ငါတို့မြန်မာလူငယ်တွေ ပြည်တွင်းမှာ ဘယ်လို ရုန်းကန်နေရတယ်၊ ဘယ်လို အနစ်နာခံနေကြတယ်ဆိုတာလဲ သေချာပြန် ပြောပြမှာပါ၊ ဘေးထိုင်ဘုပြောနေတဲ့သူတွေကတော့ နင်တို့နဲ့ယှဉ်ရင် သိပ်ရှက်ဖို့ကောင်းနေပြီဟာ”

“အေးပါဟယ်၊ အချင်းချင်းတွေပဲ၊ နင်လဲ လက်တွေ့မမြင်ရတော့ဘယ်ယုံပါ့မလဲ၊ နင်အားတဲ့တစ်ရက် ငါတို့ ဂျူတီချိန် လာကြည့်လေဟယ်၊ နင် လက်တွေ့သိမှာပါ၊ ငါတို့က အသည်းကွဲတာတော့ မချုပ်တတ်ဘူးဟ၊ ဒါပေမယ့် လက်တည့်စမ်းချင်တဲ့ ဟောက်စ်ဆာဂျင်တွေလည်း အများကြီးပဲ၊ နင့် အသည်းကြီး မဆက်သေးရင် ငါတို့ဝိုင်းချုပ်ပေးကြည့်မယ်လေ။ ဆေးရုံမှာက ထုံဆေးတို့ ၊ မေ့ဆေးတို့ ပြတ်နေလို့ အစိမ်းခွဲရမှာပဲ ဟိဟိ”

“ဟာ နင်ကလဲဟာ၊ ဆရာဝန်မနဲ့ စကားပြောမိမှ ငါလည်း အနာဟောင်းကြီး ပြန်ထလာပြီ၊ ရင်ဘတ်ထဲကတောင် အောင့်လာပြီ တော်ပြီဟာ ဖုန်းချ တော့မယ်”

“ဟိဟိ အေးသူငယ်ချင်းတာ့တာ၊ သိပ်နာနေရင် ဖုန်းဆက်လိုက်နော်၊ ရင်ခွဲရုံက ဝန်ထမ်းတွေက ကျွမ်းပါတယ် ဟိ ဟိ”

မရ၊ရအောင် ကပ်ဖဲ့သွားသော သူငယ်ချင်း၏ စကားပြောသံအဆုံးဝယ် မောင်မိုးမြင့်တစ်ယောက် အိမ်ရှေ့လမ်းဘက်သို့ ကြည့်ကာ တွေတွေကြီး ငေးနေမိလေသည်။ သူသည်  သီအိုရီများကိုသာ အားကိုးခဲ့ပြီး အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေကို မေ့လျော့နေသောသူ ဖြစ်သူဟုလည်း ကိုယ့်ကိုကိုယ် ခံစားလာရလေသည်။

“အင်း လူတိုင်းက လူတိုင်းကို အပြစ်တင်ဖို့ပဲကြိုးစားနေပြီး တကယ်ဖြစ်သင့်ဖြစ်ထိုက်တာကို လုပ်ဖို့မကြိုးစားကြပါလား၊ ရတီတို့လို ဆရာဝန် လူငယ်တွေကတော့ အားကျစရာပဲ၊ ဘာတွေပဲဖြစ်နေနေ အဓိက လူ့အသက်တစ်ချောင်း ကယ်ရဖို့ဆိုတဲ့၊ အားကိုးရာမဲ့နေတဲ့ ပြည်သူတွေအတွက်ဆိုတဲ့ စိတ်ကလေးနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာကို အကောင်းဆုံးကြိုးစားပြီး လုပ်နေကြတာ လေးစားစရာပဲ၊ ငါတို့ အပြင်မှာနေတဲ့သူတွေ အတုယူဖို့ကောင်းနေပြီ”ဟု တွေးလိုက်မိစဉ်မှာပင် အိမ်ရှေ့မှ ဆရာဝန်ဂျူတီကုတ်လေးကို လက်ပေါ်တင်ပြီး အခြားတစ်ဖက်မှ ထမင်းချိုင့်လေးကိုင်ကာ ဆေရုံမှ ပြန်လာဟန်တူသော ဆရာဝန်ပေါက်စလေးကို မြင်လိုက်ရ၍ မျက်စိတဆုံးလိုက်ကြည့်နေမိတော့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs