Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၅.၇.၂၀၁၁

ပြည်တွင်းသတင်းများ

Hot News Journal အယ်ဒီတာချုပ်၏ ဝန်ကြီးအပေါ်ဆက်ဆံမှု သတင်းမီဒီယာများရှုတ်ခ

ကမ္ဘောဇ ကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ရှယ်ယာအများဆုံးပါဝင်သည့် SSCဆေးရုံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ (MTB)တို့နှင့် အပြန်အလှန် တရားစွဲဆိုမှုများဖြစ်နေသည့် Hot News Journal ဒေါ်မမ၏ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံမှုအား သတင်းမီဒီယာများမှ ရှုတ်ချမှုများရှိနေကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်နေ့က ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ဦးဥာဏ်ထွန်းဦးအား ဒေါ်မမမှ မီဒီယာသမား ကျင့်ဝတ်နှင့်အညီ ပြန်လည်ပြောဆိုခဲ့ခြင်းမရှိဘဲ ပြစ်တင်ပြောဆိုလိုက်ခြင်းကို ရှုတ်ချခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက “ဒေါ်မမက ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရှေ့မှာပြောတာကို ဝန်ကြီးချုပ်လည်း တားမြစ်တာ မတွေ့ ရသလို၊ ဒေါ်မမကလည်း သူပြောရင် ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ ပြောသွားတာ”ဟု ၎င်းမြင်တွေ့ရပုံကို ဆိုသည်။

ဦးဥာဏ်ထွန်းဦးမှ ဒေါ်မမမေးမြန်းသည့် မေးခွန်းအပေါ် ပြန်လည်ဖြေဆိုပုံနှင့် ဆက်စပ်၍ စကားများရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

ဒေါ်မမသည် ယခင်စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ခင်မောင်သန်း၏သမီးဖြစ်ကာ၊ စစ်တပ်မှ ဗိုလ်မှူးချုပ်အဆင့်ဖြင့် နှုတ်ထွက်ကာ အာဏာရ ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ဒု-ဝန်ကြီးအဆင့်ရှိ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူ၏ ဇနီးဖြစ်ကြောင်း သိရှိရသည်။

“သူ့အနေနဲ့ သူ့မိသားစုက ဘာပဲဖြစ်နေ၊ ဖြစ်နေ သတင်းစာရှင်းလင်းပွဲမှာက မီဒီယာသမားလို ပြုကျင့်ရမှာကို လမ်းဘေးဈေးသည်လို ပြုကျင့်တော့ မီဒီယာတွေကို ထောက်ပြစရာဖြစ်တာပေါ့”ဟု သတင်းအယ်ဒီတာတစ်ဦးက ဆိုသည်။

ယင်းကိစ္စရပ်သည် မကြာမှီက Hot News Journal မှ SSC ဆေးရုံမှ တရားစွဲဆိုမှုနှင့်ပတ်သက်၍  ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်မမပြောခဲ့သည့် မီဒီယာသမားတစ်ယောက် ပြုကျင့်ရမည်ကို ပြုကျင့်နေခြင်းဖြစ်သည့် စကားရပ်အား ပြောင်းပြန်လှန်လိုက်သလို ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း “သူ့ယောင်္ကျားက အသာထားပါဦး။ သူ့အဖေရဲ့ လွှမ်းမိုးမှုအားက မသေးတော့ ဦးမြင့်ဆွေလည်း ဒေါ်မမ ပြန်ပြောနေတာကို မပြောရဲတာ ဖြစ်မှာပေါ့”ဟု သုံးသပ်သည်။

ယခင် စစ်အစိုးရအဖွဲ့ဝင် မိသားစု များထုတ်ဝေသည့် Messenger Journal၊ Hot News Journal၊  Popular News Journal၊The Myanmar Post Journal တို့တွင် မောင်သိန်းညွှန့်(ကော့ကရိတ်) ကလောင်အမည်ဖြင့် သတင်းဆောင်းပါးများ ရေးသားနေသော သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်အား စက်မှု(၂) ဝန်ကြီးဦးစိုးသိန်းမှ လေးစားလွန်းသောကြောင့် ထုတ်ပေးပါသည်ဟုဆိုကာ ဌာနဆိုင်ရာ အကြီးတန်း အရာရှိများသာ အများဆုံးရရှိသည့် မြန်မာမီနီစလွန်းကားအား လျှောက်လွှာမတင်ဘဲ ရရှိခဲ့ပြီး၊ ယင်း စလွန်းကား ရယူရာတွင် ပေးသွင်းရမည့် ကျပ်ငွေ ငါးဆယ့်ငါးသိန်းနှင့် အခြား ကုန်ကျစရိတ်များကိုလည်း ဒေါ်မမမှ ထုတ်ပေးထားကြောင်း သိရှိရသည်။

ဦးသိန်းညွှန့်သည် Hot News Journal နှင့် SSC ဆေးရုံတို့၏ အမှုတွင် Hot News Journal ၏ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်နေသူဖြစ်ကာ၊ ယင်းအမှုသည် လေးနှစ်ကြာပိတ်ပင် ထားခြင်းခံရသော ရှေ့နေလိုက်ခွင့်ပြန်လည်ရရှိပြီး နောက် ပထမဆုံး လိုက်ပါ ဆောင်ရွက်ရသော အမှုဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံပိုင်လုပ်ငန်းများကို ခရိုနီများ လက်ဝါးကြီးမအုပ်စေရန် ဂရုပြုသင့်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၅။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ခရိုနီများက လက်ဝါးကြီးအုပ်၍ ပြည်သူများအပေါ် ချယ်လှယ်မှု မရှိစေရန် အစိုးရအနေဖြင့် ဂရုပြုသင့်ကြောင်း အငြိမ်းစား စီးပွားရေးတက္ကသိုလ် ပါမောက္ခတစ်ဦးက ဇူလိုင် ၂၁ ရက်နေ့တွင် ဆိုသည်။

ယင်းက အဆောက်အအုံများအား ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ဆောင်ခွင့်ပေးရာတွင် ပြည်သူအများအား သိသာစွာ ထိခိုက်ခြင်း မရှိဘဲ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင် အဖြစ်ကူပြောင်းပါက ပြည်သူများအား သိသာစွာထိခိုက်နိုင်ကြောင်း ဆက်လက်ပြောကြားသည်။

“နေ့စဉ်လူနေမှု ဘဝကိုထိခိုက်မှာပါ။ စီးပွားရေးလုပ်ငန်းရှင်က အမြတ်ရဖို့ ကြည့်မှာလေ။ သူတို့တွေက ဒီလို စီးပွားရေးလုပ်ငန်းတွေရဖို့ သူများတွေထက် transaction cost ပိုကျတော့ ပြည်သူတွေဆီက ပိုယူမှာ။ နိုင်ငံတော်ကကျတော့ ရှုံးရှုံးနိုင်နိုင် ဆက်လုပ်မှာပဲလေ”ဟု ဆိုသည်။

“တစ်ဦးတည်း မလုပ်စေဘဲ အပြိုင်အဆိုင်များအောင် ဖန်တီးပေးနိုင်ဖို့ လိုအပ်တယ်”ဟု ယင်းက ဆိုသည်။

ယခုအခါ မြန်မာ့မီးရထား ဌာနအောက်ရှိ ရန်ကုန်မြို့ပတ် မီးရထားလုပ်ငန်းအား ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ်သို့ ကူးပြောင်းရန် ပြည်တွင်း လုပ်ငန်းရှင်များအား နေပြည်တော်၊ ရထားပို့ဆောင်ရေး ဝန်ကြီး ဌာနတွင် တွေ့ဆုံရန် ဖိတ်ကြားထားကြောင်း သိရသည်။

မြန်မာ့မီးရထား၊ တိုင်း(၇)မှ တာဝန်ရှိသူတစ်ဦးက “ပုဂ္ဂလိကပိုင်ဖြစ်လို့ ဘယ်လိုမျိုးရှေ့ဆက်ဖြစ်မယ် မသိပေမယ့်၊ လုပ်ငန်းရှင်တစ်ဦး၊ ဒါမှမဟုတ် နှစ်ဦးပဲ ဒီလုပ်ငန်းကို ရမယ်ထင်တယ်။ ရထားလုပ်ငန်းက မင်းက ဘယ်အချိန် အစီးကိုယူ၊ ဟိုလူက ဒီအချိန်ကိုယူဆိုပြီး ခွဲပေးလို့ မရဘူးလေ။ မင်းက လက်ယာရစ်ပြေး၊ ဟိုကောင်က လက်ဝဲရစ် ပြေးဆိုပြီးပဲ ပေးလို့ ရမယ်၊ လေလံပြိုင်လို့ရမယ်”ဟု ဆိုသည်။

ယင်းကြောင့် မြို့ပတ်ရထားလုပ်ငန်းတွင် အနည်းဆုံးစီးပွားရေး လုပ်ငန်းရှင်နှစ်ဦးက လုပ်ကိုင်ခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း ယင်းက သုံးသပ်သည်။ “စီးပွားရေးလုပ်ငန်းရှင်တွေ ရလို့ကတော့ ဘယ်သွားသွား တစ်ဆယ်ကနေ တစ်ရာလောက် ဖြစ်သွားနိုင်တယ်”ဟုဆိုသည်။

နိုင်ငံပိုင်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် မီးရထားပို့ဆောင်ရေး၊ ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းမှာ များစွာအရှုံးပေါ်နေပြီး၊ ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းမှ ကုစားမှုအနေဖြင့် ရေယာဉ်စီးခများအား လေးဆခမြင့်တက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကာ၊ မြန်မာ့မီးရထား ရန်ကုန်မြို့တွင်း ရထား လုပ်ငန်းအား ပုဂ္ဂလိကလုပ်ငန်းသို့ လွှဲပြောင်းရန် ပြင်ဆင်ခြင်းဖြင့် ကုစားရန်ကြိုးစားနေသည်။

ရန်ကုန်မြို့၏ မြို့ပတ်ရထားစနစ်အား တွဲဆိုင်း ၂၁ ဆိုင်းဖြင့် နေ့စဉ်ရထားခရီးစဉ် အကြိမ်၂၀၀ ပြေးဆွဲ ပေးနေပြီး ဒီဇယ်စက်ခေါင်း ၁၈ ခေါင်း၊ RBE သုံးခေါင်းရှိကာ တစ်နေ့လျှင် ခရီးသည် တစ်သိန်း သုံးသောင်းခန့်ကို သယ်ဆောင်ပေး နေကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

 စိုက်ပျိုးစရိတ်ချေးငွေ အငြင်းပွားမှု ဖြစ်ပွားလာနိုင်

တောင်သူလယ်သမားများအား မြန်မာ့စိုက်ပျိုးရေး ဘဏ်တစ်ခုတည်းမှသာ စိုက်စရိတ်ချေးငွေ ထုတ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အား ညွှန်ကြားထားချက်ရှိသဖြင့် ယင်းကိစ္စနှင့်ပက်သက်၍ ထဲထဲဝင်ဝင် ပတ်သက်သူများကြားတွင် အငြင်းပွားမှုများ ဖြစ်ပွားလာနိုင်ကြောင်း ဆန်စပါး လုပ် ငန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရှိရသည်။

“ဇူလိုင် ၁ ရက်နေ့က ဆန်အသင်းအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရကို တင်ပြနေတုန်းမှာ ဒီညွှန်ကြားချက် ရောက်လာတာ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ ညွှန်ကြားချက်သည် ဆန်စပါးထုတ်လုပ်ရာ အဓိကဒေသဖြစ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရသို့ ညွှန်ကြားထားမှု ရှိခြင်း/မရှိခြင်းကို ၎င်းတို့အနေဖြင့် သိရှိခြင်း မရှိသေးကြောင်းဆိုသည်။

ယခုအခါ လယ်စိုက်ရာတွင် သွင်းအားစု ဈေးမြင့်တက်လာပြီး၊ ယင်းသွင်းအားစုများကို သုံးစွဲရမှု များလာခြင်းတို့ ကြောင့် တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် စိုက်ပျိုးစားရိတ် ချေးငွေများအား စိုက်ဘဏ်မှ တစ်ဧကလျှင် ကျပ်နှစ်သောင်းနှင့် ဧက ၂၀ အထက်လျှင် ကျပ် ၂ သိန်း၊ အထူးပြု ကုမ္ပဏီ များမှ တစ်ဧကလျှင် ကျပ်နှစ်သောင်းမှ ငါးသောင်းအထိကို အကန့်အသတ်မရှိ ထုတ်ချေးပြီး အချို့ဒေသများတွင် သမဝါယမအသင်းမှ ချေးငွေ ထုတ်ပေး ခြင်းများ ရှိနေပြီး ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်သဖြင့် နှစ်ဦးနှစ်ဘက်လုံးတွင် အဆင်မပြေမှုများရှိနိုင်ကြောင်း သိရသည်။

ယင်းအတွက် ဆန်စပါးအထူးပြု ကုမ္ပဏီများအား များစွာ ထိခိုက်မှုများရှိနိုင်ကြောင်း ဆန်ကုန်သည်တစ်ဦးက သုံးသပ်သည်။

ယင်းကုမ္မဏီများအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ  ဇူလိုင် ၁ရက်နေ့က သတ်မှတ်ထားသော စိုက်ပျိုးရေးစရိတ် ချေးငွေ များများ ချေးပါက ဆန် တင်ပို့ခွင့် များများရမည့် စနစ်အား သွေဖည်စေသောကြောင့် ထိခိုက်မှုများ ရှိနိုင်ခြင်းဖြစကြောင်း ဆက်လက်ဆိုသည်။

“ဒီလိုမဖြစ်ပါစေနဲ့လို့ ဆုတောင်းရမှာပဲ”ဟု ဆန်စပါးအထူးပြုကုမ္မဏီတစ်ခုမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဘီအမ်ယာဉ်များ မကြာခဏ ယာဉ်တိုက်မှုဖြစ်

မြောက်ဒဂုံမှ ဆူလေသို့ပြေးဆွဲလျက်ရှိသော ဘီအမ်ယာဉ်များသည် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၀န်းကျင်အချိန်တွင် မြောက်ဒဂုံမှ ဆူးလေသို့ ပြေးဆွဲလျက်ရှိသော ဘီအမ်ယာဉ်နှစ်စီး ပြိုင်မောင်းလာရာ  ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါန သံဃာဆေးရုံအနီးကွေ့တွင် နောက်မှယာဉ်မှ ကျော်တက်ရန် ကြိုးစားစဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသော ယာဉ်နောက်လိုက်တစ်ဦးနှင့် ခရီးသည် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး လူငါးဦး ထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လ ဒုတိယပတ်အတွင်းက မြောက်ဒဂုံမှ ဆူးလေသို့ ပြေးဆွဲလျက်ရှိသော ဘီအမ်ယာဉ်တစ်စီးသည် မြောက်ဒဂုံမြို့နယ်ရှိ ကျောင်း လမ်းမှတ်တိုင် အရောက်တွင် ဈေးဝယ်နေသော ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ကျောင်းသူတစ်ဦးအား တိုက်မိခဲ့သဖြင့် အဆိုပါ ကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

                ၂၀၀၉ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ရွှေဂုံတိုင်မှပြေးဆွဲသော လမ်းကြောင်းကို ၂၀၂ အထူးယာဉ်လိုင်းတွင် ပြေးဆွဲခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ပြန်လည်ဖျက်သိမ်းခဲ့သည်။ ထို့ကြောင့် ယခုအခါ မြောက်ဒဂုံမှ ဆူးလေသို့ သွားရောက်လိုသူများသည် ဘီအမ်ယာဉ်များကိုသာ အဓိကထား သွားလာနေရကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဈေးတချို့ သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ပြောင်းရွှေ့ရမည်မှာ မဟုတ်မမှန်

သီရိမင်္ဂလာဈေးဟောင်းနေရာသို့ ဈေးအချို့ပြောင်းရွှေ့ရမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

သီရိမင်္ဂလာဈေးသို့ ပြောင်းရွှေ့ရမည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်လျက်ရှိသော ဈေးများတွင် ညောင်ပင်လေးဈေးနှင့် သိမ်ကြီးဈေးတို့ ပါဝင်နေကြောင်း သိရသည်။ ညောင်ပင်လေးဈေးရှိ ဈေးသာယာရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးအားမေးမြန်းရာ အဆိုပါ သတင်းများမှာ ကောလဟာလ သတင်းများသာဖြစ်ကြောင်း ပြောကြားသည်။

ကြည့်မြင်တိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးဟောင်း နေရာအား ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် လှိုင်မြို့နယ်ရှိ ပိတောက်ချောင်းသို့ပြောင်းရွှေ့ခဲ့သည်။ သီရိမင်္ဂလာဈေးပြောင်းရွှေ့ခဲ့ပြီးနောက် ယခုအချိန်ထိမည်သည့် ပြင်ဆင်မှုများ ပြုလုပ်ခြင်းမရှိဘဲ ယခင်ပုံစံအတိုင်းသာ ထားရှိလျက်ရှိကြောင်း သိရသည်။

ယခုအခါ အဆိုပါ သီရိမင်္ဂလာဈေးဟောင်းတွင် မြေညီထပ်နှင့် ပထမထပ်တို့တွင် မည်သည့်အလုပ်အကိုင်မျှ လုပ်ကိုင်လျက်မရှိဘဲ လွတ်လပ်နေပြီး ဒုတိယထပ်တွင် Happy World ခေတ်မှီကစားကွင်း တစ်ခုသာ ဖွင့်လှစ်လျက်ရှိ ကြောင်းသိရသည်။

Reference: True News Weekly

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး နေပြည်တော်သို့ ပြောင်းရွှေ့မည်မဟုတ်

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (မနလ)ကို နေပြည်တော်သို့ ပြောင်းရွေ့မည်ဆိုသော သတင်းတစ်ပုဒ်ကို ပြီးခဲ့သည့်အပတ်က ထုတ်ဝေသော ပြည်တွင်းထုတ် သတင်းဂျာနယ် တစ်စောင်တွင် ဖော်ပြခဲ့သော်လည်း အမှန်တကယ် ပြောင်းရွှေ့မည်မဟုတ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဂျာနယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော မြန်မာနိုင်ငံကူးလက်မှတ်ရုံးကို ယခုနှစ် အောက်တိုဘာလကုန်တွင် ပြောင်းရွှေ့မည်ဟု ဖော်ပြခဲ့သည်။ ထို့အတူ နေပြည်တော်တွင် ပတ်(စ်)ပို့ရုံးအတွက် အဆောက်အဦးတစ်ခု ဆောက်လုပ်နေကြောင်း ရေးသား ဖော်ပြထားသည်။

နိုင်ငံကူးလက်မှတ်ရုံး ပြောင်းရွှေ့မည်ဆိုသော သတင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံကူးလက်မှတ်ရုံးသို့ ဆက်သွယ်မေးမြန်းရာ အဆိုပါရုံးမှ တာဝန်ရှိ သူတစ်ဦးက ငြင်းဆိုလိုက်ပြီး ယခုအခါ ယာဉ်ကြောပိတ်ဆို့မှုများကို ပြေလည်အောင် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ၁၉၈၉ခုနှစ်မှစတင်ကာ ပန်းဆိုးတန်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ရန်ကင်းမြို့နယ်ရှိ ပြည်ထဲရေးဌာနရုံးသို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

Reference : Flower News Weekly

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

၁၀ ကြိမ်မြောက်တွေ့ဆုံမှုမှာ အားရစရာကောင်းဟု ကြေငြာချက်ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၂၅။

အစိုးရသစ်အား အာဏာလွှဲပြောင်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ နှစ်ဦးတွေ့ဆုံပွဲ၏ ရလဒ်မှာ အားရကျေနပ်စရာကောင်းကြောင်း နှစ်ဖက်စလုံးက ဆိုသည်။

နေ့လည် ၁ နာရီမှ ၂ နာရီခွဲ အထိ မိနစ် ၈၀ ကြာဆွေးနွေးပွဲပြီးနောက် နှစ်ဖက်သဘောတူညီချက်ဖြင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ကာ ဦးအောင်ကြည်က သတင်းမီဒီယာများကို ကိုယ်တိုင်ဖတ်ကြားပြခဲ့ကြောင်း သိရှိရသည်။

ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ်အထိ လာရောက် တွေ့ဆုံခဲ့သည်။

ယခုတွေ့ဆုံမှုအား နှစ်ဖက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှုရှိကာ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း ပါဝင်ပြီး သင့်လျော်သောရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ညီ ပါကြောင်းဟူ၍ ပါရှိသည်။

အလုပ်သမားဝန်ကြီးနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်က “ဒီတွေ့ဆုံမှုတွေကို ဆက်လက်ပြီးတော့ လုပ် ဆောင်သွားဖို့ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူထားပြီး ဖြစ်ပါတယ်။ ဒီဥစ္စာက ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေ၊ ရှေ့လျှောက် လုပ်သွားစရာရှိတဲ့ ကိစ္စတွေရဲ့ အများကြီးရဲ့အစ ခြေလှမ်းတစ်ခုလို့ ပြောမယ် ဆိုရင်ရပါတယ်” ဟု Reuters သတင်းဌာနမှ သတင်းထောက်တစ်ဦး၏ မေးမြန်းမှု အပေါ် ပြန်လည်ဖြေကြားသည်။

ယင်းနောက် မြန်မာ့ဓနစီးပွားရေးမဂ္ဂဇင်းမှ တာဝန်ရှိသူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်အား မေးမြန်းရန် ခွင့်တောင်းပြီး မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က “တိုင်းပြည်အတွက် အကျိုးရှိစေမယ့် ရလဒ်တွေကို ကျွန်မ မျှော်လင့်ပါတယ်။ ဘာကိစ္စပဲလုပ်လုပ် ကျွန်မတို့ရဲ့ ရည်ရွယ်ချက် ကတော့ နိုင်ငံနဲ့ တိုင်းပြည်၊ ပြည်သူပြည်သားများကို အကျိုးပြုနိုင်ဖို့ကိုပဲ မျှော်လင့်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပနေသော အာဆီယံ-အမေရိကန်ဝန်ကြီးများ အဆင့်ဆွေးနွေးပွဲတွင်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာအစိုးရသည် သိသာထင်ရှားသော အပြောင်းအလဲများ ဖြစ်ပေါ်ရန်ကို လုပ်ဆောင်ရန်လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ဇူလိုင် ၂၂ ရက်က တိုက်တွန်းခဲ့ပြီးတွင် မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယခုလို တွေ့ဆုံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးရက်သတ္တပတ်က NLD ခေါင်းဆောင်နှစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်အား NLD ၏ ရပ် တည်မှု၊ လှုပ်ရှား ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးမှ အကြောင်းကြားစာ ပို့ခဲ့ရာဒေါ်အောင်ဆန်းစုကြည်မှ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေးရန် အကြောင်းပြန်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ တရားဥပဒေ စိုးမိုး ရေး၊ တရားရုံးတွေရဲ့ လွတ်လပ်မှုစသည့် အဓိကကျသော အပြောင်းအလဲများ ဖြစ်ပေါ်ရေးအတွက် အဆိုပါတွေ့ဆုံမှုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လည်း များစွာမျှော်လင့်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် ၂၀၀၇ ခုနှစ်တွင် ၃ကြိမ်၊ ၂၀၀၈ ခုနှစ်တွင် ၂ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် ၃ ကြိမ်နှင့် ၂၀၁၀ ပြည့်နှစ်တွင် ၂ကြိမ်တွေ့ဆုံခဲ့ပြီး၊ ယင်းတို့နှစ်ဦး စုစုပေါင်း တွေ့ဆုံခဲ့ သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ၁၀ ကြိမ်မြောက်ဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

စည်းကမ်းဖောက်ဖျက်သည့် ပြည်ခိုင်ဖြိုးပါတီဝင်များကို တိုင်ကြားနိုင်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စည်းကမ်းဖောက်ဖျက်သည်ဟု တိုင်ကြားခံရသော ပါတီဝင်များအား ခိုင်လုံပါက ထိရောက်စွာ အရေး ယူသွားမည်ဖြစ်ကြောင်း ပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီမှ စည်းကမ်းဖောက်ဖျက်သည့် ပါတီဝင်များအား တိုင်ကြားလိုပါက သက်ဆိုင်ရာမြို့နယ်ပါတီရုံးများထံ သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက စည်းကမ်းဖောက်ဖျက်သည့် ပါတီဝင်များအား ပါတီမှထုတ်ပယ်ခြင်း၊ ရာထူးများ လျှော့ချခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းပါတီ၏ စည်းကမ်းချက်များတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့် အပြုအမူ အပြောအဆိုများ၊ ကိုးကွယ်ယုံကြည်မှုကို ထိပါးစေနိုင်သည့် ပြုမူပြောဆိုမှုများကို ရှောင်ကြဉ်ရမည် ဆိုသည့်အချက်များ ပါဝင်ပြီး အဂတိ လိုက်စာ ခြင်းနှင့် တံစိုးလက်ဆောင် ရယူခြင်းကို ရှောင်ကြဉ်ရမည်ဆိုသော အချက်များလည်း ပါဝင်ကြောင်း သိရသည်။               

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"မှောင်ရိပ်ခိုတာတောင် မဟုတ်တော့ဘူး။ ဒါ ရမလားဆိုပြီး ပေါ်တင်ပါလုပ်လာတာ။ ဒီလူတွေက ဒီလုပ်ငန်းနဲ့ ရတဲ့အမည် ဖော်ပြလို့မရတဲ့ ငွေကြေးတွေနဲ့ အိမ်ခြံမြေ၊ ရွှေ၊ ကား၊ ငွေကြေးဈေးကွက်တွေမှာ ဝင်ကစားတော့ အိမ်ခြံမြေဈေးတွေပါ သက်ရောက်ပြီး ကျွန်တော်တို့လို တရားဝင်လုပ်တဲ့ လုပ်ငန်းရှင်တွေမှာ လုပ်ငန်းသစ်တည် ထောင်ဖို့တောင် ခက်ကုန်တယ်။ မှောင်ရိပ်ခိုတာက မိရင် ဖမ်းလိုက်ရုံပဲ။ အခုက မှောင်ရိပ်ခိုရုံတင်မဟုတ်ဘူး ဝန်ထမ်းကအစ စနစ်တစ်ခုလုံးကို ငွေအင်အားနဲ့ ဖျက်နေတာလို့ပြောရမှာပဲ။ ဖမ်းပါ၊ ရအောင်ဖော်ထုတ်ဖမ်းကြပါ။ အရေးယူဆိုရင်လည်း နယ်စပ်က ကယ်ရီလောက် အရေးယူလို့ မရဘူး။ နောက်ကွယ်က ကြိုးကိုင်တဲ့အုပ်စုကို ပါအရေးယူရမှာ။ ဒါမှ မှောင်ရိပ်ခိုလျော့ကျပြီး ပြည်သူအတွက် အခွန်ငွေ ပိုထွက်လာမှာ။ အစိုးရလည်း ဒီလို လူတွေ အရေးယူလို့ အများပြည်သူက ငြိုငြင်မှာမဟုတ်ပါဘူး။ ကြိုဆိုသင့် တယ်လို့ မြင်ကြမှာပါ"

ဇူလိုင် ၂၇ ထုတ် Weekly ELEVEN အတွဲ (၁၆) အမှတ် (၄၃) တွင်ပါသည့် "ကွန်တိန်နာအလုံးလိုက်ဖြင့် တရားမဝင် ပစ္စည်း ခိုးယူတင်သွင်းမှု ရှိနေ မှောင်ရိပ်ခိုလုပ်ငန်းရှင်များကြောင့် တရားဝင်လုပ်ငန်းရှင်များထိခိုက်နစ်နာ" သတင်းမှ လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"တကယ်တော့ သဘာဝပတ်ဝန်းကျင်ပြဿနာဆိုတာ အမြဲတမ်း transboundary ဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးဆက်က ဒီကိုရောက်လာနိုင်  သလို ကျွန်တော်တို့ဆီက အကျိုးဆက်ကလည်း တခြားအိမ်နီးချင်း နိုင်ငံတွေကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာ environmental security ဆိုပြီး ထည့်တွက်ဖို့ လိုအပ်လာပေမယ့် ဒီအပေါ်မှာတော့ Assessment တွေ သိပ်မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့တွေ လုပ်လိုက်တဲ့အတွက် သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ ဆိုးကျိုးတွေရှိပေမယ့် အဲဒီလိုဆိုးကျိုးတွေက ကျွန်တော်တို့ လုပ်လိုက်လို့ ဖြစ်တယ်ဆိုတာ ဆက်စပ်ပြီး မသိကြဘူး။ အဲဒီလို ဆက်စပ်မှု မရှိတာကို ဆက်စပ်မှုရှိတယ်ဆိုတဲ့ awareness ကို ပေးနိုင်ရမယ်။ တော်ာတော်များများက ငါတို့ တစ်သက် မဖြစ်တော့ဘူးဆိုပြီး တစ်သက်စာပဲ စဉ်းစားကြ တယ်။ ကိုယ့်တစ်သက်စာ ဒုက္ခမရောက်နိုင်သေးဘူးဆိုပေမယ့် ကိုယ့်မျိုးဆက်တွေ ဒုက္ခရောက်တာကို မကာကွယ်လို့မရပါဘူး။ ငါတို့သေပြီးမှ ဖြစ်ချင်တာ ဖြစ်ဆိုတဲ့ mentality မျိုးတွေ ရှိရင်တော့ ဘယ်လိုမှ လူ့အဖွဲ့အစည်းမှာ အဆင်ပြေမှာ မဟုတ်ပါဘူး"

ဇူလိုင် ၂၇ ထုတ် Weekly ELEVEN အတွဲ (၁၆) အမှတ် (၄၃) တွင်ပါသည့် "ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းထက် ၁၀ ဆကြီးမား တရုတ်နှင့် ထိုင်းနိုင်ငံမှ ကုမ္ပဏီများ အလားအလ အကောင်းဆုံး ရင်းနှီးမြုပ်နှံ သူများ ဖြစ်လာနိုင်" သတင်းမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်သူ greener တစ်ဦး၏ သုံးသပ်ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အိမ်ထောင်ရေး ဖောက်ပြန်တာကတော့ မကောင်းတဲ့ ဓလေ့စရိုက်တစ်ခုပါ။ ဒီလိုဇာတ်လမ်းတွဲတွေ ပြသလာတယ်ဆိုရင် မကောင်းဘူး။ အဲဒီအကျိုးဆက် တွေကြောင့် တရားဝင်အိမ်ထောင်မပြုဘဲ အတူနေတာတွေ များလာရင် မကောင်းဘူး။ ကိုယ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထဲမှာလည်း ဒါမျိုးတွေ ပိုတွေ့လာရ တယ်။ အိမ်ထောင်ရေး ပြိုကွဲတဲ့ဇတ်ဝင်ခန်းတွေပါတဲ့ ဇတ်ကားတွေ လွှမ်းမိုးမှုများလာရင် အနာဂတ်မျိုးဆက်တွေအတွက်မကောင်းဘူး"

ဇူလိုင် ၂၅ ထုတ် The Messenger အတွဲ (၂) အမှတ် (၁၀) တွင်ပါသည့် "အိမ်ထောင်ရေး ဖောက်ပြန်သည့် ကိုရီးယား ဇတ်လမ်းတွဲများ ပြသ နေခြင်းကြောင့် လူမှုရေးနောက်ဆက်တွဲဆိုးကမျိုးများ ရှိလာနိုင် " သတင်းမှ လူမှုရေးရာနှင့် စိတ်ပညာ ဒီပလိုမာ ရရှိထားသူ ဦးမျိုးအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အရင်က လိုင်စင်တစ်ခုရဖို့ဆိုရင် တစ်နေရာပြီး တစ်နေရာ သွားရတာမလွယ်ဘူး။ အချိန်တော်တော်ပေးရ တယ်။ အခုလို တစ်နေရာတည်းမှာ နေ့ချင်းပြီး ထုတ်လို့ရတယ်ဆိုတော့ သွားရတဲ့စရိတ်ရယ်၊ အချိန်ရယ်တော်တော် သက်သာသွားပါ တယ်"

ဇူလိုင် ၂၆ ထုတ် TRUE NEWS အတတွဲ (၃) အမှတ် (၄၄) တွင်ပါသည့် "စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အလှပြင်ဆိုင်များရှိ ရုပ်သံဖျော် ဖြေရေးပြသခွင့် လိုင်စင်အား နေ့ချင်းပြီး ပြုလုပ်ပေးမည်" သတင်းမှ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

စွမ်းဆောင်အောင်မြင်လိုစိတ်

ဒီမိုကရေစီ အစိုးရသစ်မှ ဆင်းရဲမွဲတေမှု လျော့ချမည်ဟု ဆုံးဖြတ်ထားသည်နှင့်အညီ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ယခုအချိန်တွင် မျက်ဝါးထင်ထင် မြင်တွေ့နေရပြီဖြစ်သော်လည်း မည်မျှအထိ ပေါက်ရောက်အောင် မြင်ဆိုခြင်းကိုမူ ဆက်လက် စောင့်ကြည့်ရဦးမည် ဖြစ် လေသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများက စိုက်ပျိုးရေးအတွက် လိုအပ်သည့် အရင်း အနှီးများကို ထုတ်ချေးလျက်ရှိနေကြောင်း တွေ့မြင်ရလေသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၅ရာခိုင်နှုန်း ပတ်ဝန်းကျင်နီးပါးလောက်မှာ တောင်ယာ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြသည့်အတွက် နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမှာ စိုက်ပျိုးရေးဟုဆိုလျှင် မှားမည်မဟုတ်ပါ။ ထိုအတွက်ကြောင့် အစိုးရ၏ စိုက်ပျိုးရေး ချေးငွေများသည် လယ်သမားတို့၏ ထွက်နှုန်းတိုးရေးအတွက် လိုအပ်သည့် အရင်းအနှီးကို ဖြည့်တင်းပေးသည့်အတွက် အလွန်ပင် ကောင်းပါသည်။ သို့ သော် ယင်းတစ်ခုတည်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းစုကြီး တစ်ခုလုံး တိုးတက်သွားနိုင်မည်တော့ မဟုတ်ပါ။

ယခုအခါတွင် မြန်မာနိုင်ငံ၌ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သော တောင်သူများသည် အထွက်နှုန်း တိုးရေးထက် နှစ်လုံး၊ သုံးလုံး အစရှိ သည့် ချဲထီလောင်းကစားကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လျက် ရှိလေသည်။ အစိုးရအနေဖြင့် လယ်ယာစိုက်ပျိုးရေး ဈေးကွက်ကို မက်လုံးကောင်း ကောင်း မပေးနိုင်၍ ဤသို့သော ဖြတ်လမ်းနည်း ချမ်းသာမှုမျိုးကို ဆောင်ရွက်လာကြခြင်းဖြစ်လေသည်။ မက်လုံးကောင်းကောင်း ပေးနိုင်စေဦးတော့ လယ်ယာ အထွက်နှုန်းတိုးအောင် အဓိက ဆောင်ရွက်သူမှာ လယ်သမားများပင် ဖြစ်လေသည်။ ထိုအတွက်ကြောင့် လယ်သမားများမှာ အမှန်ကြီးပွားတိုး တက်လိုသော စိတ်ဖြင့် လုပ်ဆောင်ရန်မှာ အထူးအရေးကြီးပါသည်။ စိတ်ပညာဘာသာရပ်တွင် စွမ်းဆောင်အောင်မြင်လို စိတ်ကို (Need Achievement) "လူတစ်ဦး၏ စိတ်တွင် အချိန်ကာလ အတော်ကြာအောင် ခိုင်ခိုင်မြဲမြဲဖွဲ့စည်းမိနေသော လိုအပ်ချက်ပင်ဖြစ်သည်။ ယင်းလိုအပ်ချက်သည် ထိုသူ၏ စိတ် လက္ခဏာတွင် ကာလအတော်ကြာအောင် အသားတကျရှိနေရာ သူ၏ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အခြင်းအရာတစ်ခုကဲ့သို့ မှတ်ယူရပေမည်" ဟု ဖော်ပြ ထားလေသည်။

သို့သော် လူတို့၏ စွမ်းဆောင်အောင်မြင်လိုစိတ်မှာ သူ့အလိုလို ပေါ်ထွန်းလာသည့် အရာတော့မဟုတ်။ ပတ်ဝန်းကျင်အနေအထား၊ ပြုစုပျိုး ထောင်မှု၊ နိုင်ငံရေးစီးပွားရေးတွင် ပိုမို၍ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရလာသည်ဟု ထင်မြင်ယူဆလာသောကြောင့် ဖြစ်လေသည်။ လွန်ခဲ့သော နှစ်တရာခန့်က ကိုရီးယားလူမျိုးများဆိုလျှင် အလုပ်လုပ်လိုစိတ် အလွန်နည်းပါးပြီး လူမှုစီးပွားရေးဘဝမှာလည်း အိမ်နီးချင်း ဂျပန်နှင့်စာလျှင် အတော်ကြီးနိမ့်ပါးသော နိုင်ငံတစ်နိုင်ငံ ဖြစ်လေသည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံမှစ၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလာလိုက်လေရာ အာရှတွင်သာမက ကမ္ဘာတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများစာရင်းသို့ဝင်သွားလေသည်။ တောင်ကိုရီးယားနိုင်ငံသည် နှစ်ပေါင်းသုံးလေးဆယ်အတွင်း လယ်ယာစိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးမှ စက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အခြေခံသည့် စီးပွားရေးအဖြစ်သို့ အချိန်တိုတိုအတွင်း ကူးပြောင်း သွားနိုင်ခဲ့လေလည်။

တောင်ကိုရီးယားနိုင်ငံ၏ အဓိက ဖွံ့ဖြိုးတိုးတက်မှုကို ကြည့်လျှင် ပြည်တွင်းရှိ ပြည်သူနှင့် အစိုးရညီညွတ်မှုရော၊ နိုင်ငံတကာ(အထူးသဖြင့်) အမေရိကန်၏ ဖွံ့ဖြိုးရေး အကူအညီများကြောင့်လည်း ဖြစ်လေသည်။ အစိုးရအနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဦးစွာစတင် လုပ်ဆောင်ခဲ့သည့် အရာမှာကား မြေယာခွဲဝေမှု ဖြစ်လေသည်။ တောင်သူလယ်သမားများ ကိုယ်ပိုင်လယ်မြေများဖြင့် စိုက်ပျိုးစေခြင်းဖြင့် အထွက်နှုန်း တိုးတက်လာအောင် ဆောင်ရွက်ခဲ့လေ သည်။ ထို့ အပြင် လယ်ယာအထွက်နှုန်းတိုးရေးအတွက် လိုအပ်သည့်သွင်းအားစုများကိုလည်း ထောက်ပံ့ကူညီပေးသဖြင့် (တနည်း အားဖြင့် Institutionများ အခိုင်အမာ တည်ဆောက်လာနိုင်သည့်အတွက်) လယ်သမားများမှာ အလုပ်လုပ်လျှင် ကြီးပွားလာနိုင်သည်ဟူသော အတွေးများလွှမ်းမိုးလာခဲ့ခြင်းဖြစ် လေသည်။ မြေယာခွဲဝေရေးတွင် သမရိုးကျ မြေယာခွဲဝေရေးနှင့် ဈေးကွက်အခြေခံ မြေယာခွဲဝေရေးဟူ၍ ရှိလေရာ တောင်ကိုရီးယား ပြုလုပ်သွားသည့်မှာ သမရိုးကျ မြေယာခွဲဝေရေးပင် ဖြစ်လေသည်။ ထိုကြောင့် အစိုးရမှကြီးမှူးပြီး လယ်ယာအထွက်နှုန်း တိုးတက်ရေးအတွက် စနစ်တကျ အကောင်အထည် ဖော်ခဲ့လေသည်။    မြေဧကပေါင်းများစွာရှိသည့် မြေရှင်ကြီးများမှ မြေယာများကို ထိုက်သင့်သည့် တန်ရာတန်ဖိုးပေးကာ ဝယ်ယူခဲ့ပြီး အခြားသော လယ်လုပ်လိုသူများကို အရစ်ကျစနစ်ဖြင့် ပေးချေးစေခြင်းဖြင့် ရောင်းချခဲ့လေသည်။ မြေရှင်ကြီးများမှ အစိုးရကို မရောင်းလိုမရ၊ မရောင်းလျှင် အစိုးရမှ အတင်းအကျပ်သိမ်းမည် ဖြစ်လေသည်။ သို့သော် အစိုးရသည် မြေရှင်များအတွက် စက်မှုလုပ်ငန်း လုပ်ကိုင်နိုင်ရန် တစ်ဖက်ကလည်း စက်မှုထူထောင်ရေး အတိုင်း အတာအနည်းငယ်ဖြင့် လမ်းစဖွင့်ထားပြီး ဖြစ်လေသည်။ မြေရှင်များလည်း အမြတ်အစွန်းရရှိမှု သေချာလာ၍သော်လည်းကောင်း၊ စက်မှုလုပ်ငန်း၌ ကျွမ်းကျင်မှုရှိလာ၍ သော်လည်းကောင်း စက်မှုအခြေခံသည့် စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်လာလေရာ စက်မှုလုပ်ငန်းရှင်များ အဖြစ်သို့ တဖြည်ဖြည်း ချင်းနင်းဝင်ရောက် သွားခဲ့လေသည်။ မြန်မာနိုင်ငံတွင် မြေယာပြုပြင်ရေး ယခုထိတိုင် မလုပ်နိုင်သေးပါ။ တနည်းပြောရလျှင် စည်းမျဉ်းစည်းကမ်း ဝေဝါးနေ၍ သော်လည်းကောင်း၊ ရှိသော်ငြားလည်း အကျိုးသက်ရောက်မှု အားနည်းနေ၍ သော်လည်းကောင်းကြောင့် လယ်သမားများမှာ ဘယ်အချိန်၌ အစိုးရမှ မိမိ၏ ဘိုဘွားမြေများကို လာရောက် သိမ်းယူလေမလဲလို့သာ ကြောင့်ကြစိုက်နေရခြင်းမှာ ခိုင်မာသော ပုဂ္ဂလိကပိုင်ဆိုင်ခွင့် မရှိသောကြောင့် ဖြစ်လေသည်။

တောင်ကိုရီးယားနိုင်ငံ စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာသည့် ဒုတိယအကြောင်းရင်းမှာ ကိုယ်ရှေ့မှ ဖွံ့ဖြိုးတိုးတက်သွားသည့် စက်မှုနိုင်ငံကြီးများ၏ ဖွံ့ဖြိုးရေးနည်းနာကို လက်မွေခံယူသုံးနိုင်သောကြောင့် ဖြစ်လေသည်။ စစ်အေးခတ်တစ်လျှောက်လုံးတွင် တောင်ကိုရီးယား နိုင်ငံမှာ အမေရိကန်၏ ကာကွယ်ရေး ထီးရိပ်ကိုခိုရင်း အမေရိကန် အတတ်ပညာရှင်၊ အသိပညာရှင်များကို လာရောက် လုပ်ကိုင်စေခြင်းဖြင့် သူတို့ထံမှ စက်မှု၊ နည်းပညာ၊ စီမံခန့်ခွဲမှုများကို အားလုံးကို အရယူနိုင်ခဲ့လေသည်။ မြန်မာနိုင်ငံမှာမူ  နိုင်ငံရေးပြဿနာများကြောင့် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ၏ အသိ ပညာ၊ အတက်ပညာများကို အရယူနိုင်ဖို့ ခက်ခဲမှုများရှိနေလေသည်။ သို့သော် ယခုအခါတွင် EUမှ အချို့သော နိုင်ငံများက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြုပ်နှံရန် စဉ်းစားမှုများ ရှိနေခြင်းကြောင့် အလားအလာကောင်းများလည်း ရှိနေပြန်လေသည်။

မြန်မာနိုင်ငံမှာ ဆင်းရဲတွင်းမှ ထွက်နိုင်ရန်မှာ အစိုးရမှ အဓိကဆင်းရဲတွင်းနက်သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ မြင့်မားရေး အတွက် မူဝါဒကောင်းများ ချမှတ်ပေးဖို့အထူးပင်လိုအပ်ပါသည်။ လယ်သမားများ၏ အလုပ် လုပ်လိုစိတ်ကို မြင့်တင်ပေးနိုင်ရန်အတွက် လယ်ယာဈေးကွက် ကို မက်လုံးကောင်းကောင်းပေးခြင်းသာမက လယ်ယာစိုက်ပျိုးရေးတွင် အထူးလိုအပ်သော သွင်းအားစုများကို (မြေသြဇာ၊ ပိုးသတ်ဆေး၊ မီးစက်၊ ထွန်စက်) ကို ရရှိနိုင်ရန်လည်း ဖန်တီးအကောင်အထည်ဖော်ဖို့ လိုအပ်ပါသည်။ လယ်သမားများ အနေဖြင့်လည်း ကြီးပွားတိုးတက်လိုသည့် စိတ်ရှိမှသာ လူမှု စီးပွားရေး ဘဝသာယာလာမှာဖြစ်ပြီး နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း...........။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs