Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၈.၂၀၁၁

ပြည်တွင်းသတင်းများ

အသေးစားချေုးငွေအတွက် ရပ်ကွက်တွင်ငွေကောက်ခံ

ဆင်းရဲမှုမွဲတေမှု လျှော့ချရေး အစီအစဉ်တစ်ခုဖြစ်သော အသေးစားချေးငွေထုတ်ချေးရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ ရံပုံငွေ လိုက်လံကောက်ခံ နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြိုနယ် ဗိုလ်ချူပ်လမ်းတွင် နေထိုင်သူတစ်ဦးကပြောကြားသည်။

ရပ်ကွက်အုပ်ချူပ်ရေးမှူးများအနေဖြင့် စေတနာရှိသလောက် ထည့်ဝင်ရန်ဆိုပြီး အနိမ့်ဆုံး ၂၀၀၀၀ကျပ် ကောက်ခံကြောင်း ရပ်ကွက်အတွင်းရှိ ငွေကြေးချို့တဲ့သူ လက်လုပ်လက်စားများကို အသေးစားချေးငွေအနေဖြင့် တစ်ဦးလျှင် ကျပ်ငါးသောင်းထုတ်ချေးရန် လုပ်ဆောင်နေကြောင်း လမ်းငါးဆယ် အပေါ်လမ်းတွင် နေထိုင်သူတစ်ဦးက ပြောဆိုသည်။

“အခုလို လုပ်ခိုင်းတာ တိုင်းဒေသကြီး အစီအစဉ်လို့ပြောတယ်။ အစိုးရငွေရင်းမစိုက်ဘဲ လုပ်တာဆိုတော့ ဒီလုပ်ငန်းစဉ်က အောင်မြင်ဖို့မဖြစ်နိင်ဘူး ပုဇွန်တောင်ဆိုတာ လူလတ်တန်းစားများတယ် ဆင်ခြေဖုံးတွေဆို ဘယ်လိုလုပ်ကြမလဲမသိဘူး”ဟုသုံးသပ်ပြောကြားသည်။

ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ လမ်းမတော်မြို့နယ်မှ အမှုဆောင်တစ်ဦးက အသေးစားချေးငွေကို လမ်းဘေးဈေးသည်များ၊ ဆိုက်ကားသမားများကဲ့သို့ လက်လုပ်လက်စားများကို ထုတ်ချေးရန် ညွန်ကြားထားသော်လည်း ငွေအရင်းမရှိသဖြင့် စပွန်ဆာရှာနေရပြီး တစ်မြို့နယ်အတွက် ငွေကျပ် သိန်သုံးရာခန့် လိုအပ်သည့်အတွက် တစ်ဦးတည်းစပွန်ဆာရရန်သာ ကြိုးစားနေသည်ဟုဆိုသည်။

လှိုင်မြို့နယ် ၁ရပ်ကွက်တွင်နေထိုင်သူ ကုန်စိမ်းရောင်းချသူတစ်ဦးက ယခုငါးသောင်းထုတ်ပေးသဖြင့် အဆင်ပြေကြောင်း ငွေရင်းရှိလာသည့် အတွက် ပုံမှန်ငွေလှည့်ပတ်နိင်လာလျှင် အကြွေးများအကုန်ဆပ်နိင်လာနိုင်ကြောင်း တနှစ်နှစ်နှစ်ခန့် ငွေချေးပြီး လုပ်ကိုင်နေရဦမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

-----------------------------------------------------------------------------------------------------------------------------------

စီးပွားကူသန်းဝန်ကြီး ကိုယ်ကျိုးစီးပွားရှေ့တန်းတင်

အစိုးရသစ်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် စားသုံးဆီ ကုမ္ပဏီဆယ်ခုခန့်တွင် ရှယ်ရာ ပါဝင်ထားပြီး စားအုန်းဆီများ အကန်အသတ်မရှိ တင်သွင်းခွင့် ပါမစ်များချပေးနေကြောင်း ဘုရင်နောင်ကုန်စည်ဒိုင်မှ ဆီလက်ကား ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။

ဇူလိုင်လတစ်လလုံး စားအုန်ဆီပြင်ပဈေးသည် သွင်းဈေးအောက် ရောက်သည်အထိ ကျဆင်းလာသော်လည်း စားအုန်းဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပဲဆီနှင့် နှမ်းဆီများပါ လိုက်ပါ ကျဆင်းလာနေသည်ဟု သိရသည်။ နှမ်းတတင်းလျှင် ကျပ်၂၀၀၀၀ ခန့်သာပေါက်ဈေးရှိသဖြင့် အညာဒေသမှ နှမ်းစိုက်တောင်သူများ အထိနာနေရကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဥိးက သုံးသပ်ပြောဆိုသည်။

ဦးဝင်းမြင့်သည် စီးပွားကူးသန်းဝန်ကြီး မဖြစ်ကတည်းက မြန်မာနိင်ငံဆန်စပါးကုန်သည်များအသင်း၏ ဥက္ကဌ ဦးအောင်သန်းဦး ငွေရင်းနှင့် လုပ်ပိုင်းခွင့်များ ပေးအပ်ကာ ပြည်ပဆန်တင်ပို့မှုကို လက်ဝါးကြီးအုပ်ခဲ့ကြောင်း ဦးအောင်သန်းဦးကလည်း ဦးဝင်းမြင့် ကျောထောက်နောက်ခံကြောင့် ဆန်ဈေးများ ကန့်သတ်ရောင်းချစေခြင်း နယ်ကျော်ဆန်ရောင်းချခွင့်ကို ပါမစ်ဖြင့်ထိန်းချုပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဘုရင့်နောင် အာသောကလမ်းမှ ဆန်ရောင်းဝယ်ရေး အတွေ့အကြုံ၁၈နှစ်ရှိ အသက်၄၈နှစ်အရွယ် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ယခုဆီတင်ခွင့်မှုဝါဒအသစ်ကြောင့် ကုမ္ပဏီ ၁၇ခုခန့် အပြိုင်အဆိုင်တင်သွင်းနေကြပြီး ဦးဝင်းမြင့် ရှယ်ရာဝင်ထားသော ဦးအောင်သန်းဦး တာဝန်ယူလုပ်ကိုင်နေသည့် ကုမ္ပဏီ သုံးခုထက်မနည်းရှိကြောင်း ဆီးတင်သွင်းခွင့်ရယူရန် ကုမ္ပဏီအသစ်မထောင်ဘဲ ဦးဝင်းမြင့် ရှယ်ရာပါဝင်သော ကုမ္ပဏီများက အခွင့်အရေးပိုမို ရယူနေသည်ဟု ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဥိးက ဝေဖန်ပြောကြားသည်။

စားအုန်ဆီကို ကုမ္ပဏီတစ်ခုက သင်္ဘောတစ်စီး တင်သွင်းနေခြင်းနှင့်စာလျှင် ကုမ္ပဏီအများအပြား အပြိုင်အဆိုင် တင်သွင်းသည်ကို မူအရ ထောက်ခံကြောင်း သို့ရာတွင် ပြည်တွင်းဆီစက် ခေတ်မီရေး တနည်းအားဖြင့် စက်မှုလက်မှုလုပ်ငန်းတစ်ရပ် ဖွံဖြိုးရေးလည်းတဖက်က စီမံသင့်ကြောင်း ဆီစက်လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

ဆီတင်သွင်းရောင်းချမှုသည် အရင်တရင်းဖြင့် ကုန်သွယ်မှုဖြစ်နေသောကြောင့် ဆူလွယ်နပ်လွယ်ရှိပြီး ဆီစက်လုပ်ငန်းဆိုလုပ်ကိုင်ပါက ဆီစက်အတွက် မြှုပ်နှံရသည့် အရင်းတစ်ရင်း၊ ကုန်ကြမ်းအရင်းတစ်ရင်းနှင့် ရောင်းဝယ်ရေးအတွက် ငွေမပေါ်ခင်စိုက်ရသည့်အရင်းဟူ၍ စုစုပေါင်း သုံးရင်းရှိမှသာ လုပ်ကိုင်နိင်ကြောင်း ဆီစက်ဖွံဖြိုးရေးသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသလို ဆီထွက်သီးနှံ စိုက်ပျိုးသူ တောင်သူများ အတွက် ဝင်ငွေရစေပြီး သီးနှံကို ဆီကျိတ်ခြင်းသည် တန်ဖိုးမြင့် ထုတ်ကုန်ထုတ်လုပ်ခြင်း ဖြစ်သည်ဟု ရွှေပြည်သာမြို့သစ် စက်မှုဇုံမှ ဆီစက် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

-----------------------------------------------------------------------------------------------------------------------------------

IGE ကုမ္မဏီ ဂျာနယ်ထုတ်ရန် ပြင်ဆင်

ယခင်အစိုးရတွင် စက်မှု(၂)ဝန်ကြီး အဖြစ်တာဝန်ယူခဲ့သည့် ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင်ဆိုင်သည့် International Group of Entrepreneurs (IGE) ကုမ္ပဏီမှ Myanmar Wall Street အမည်ရှိ အပတ်စဉ်ထုတ် စီးပွားရေးဂျာနယ်တစ်စောင်အား ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေနိုင်ရန် ပြင်ဆင်နေကြောင်း ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယင်းက “ဂျာနယ်ထုတ်ဖို့ ပြင်ဆင်နေတာတော့ ကြာပါပြီ။ အခုက စိစစ်ရေးကလည်း ထုတ်ဝေခွင့်ကဒ်ကျပြီဆိုတော့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ စုဆောင်းပြီးရင်တော့ စလုပ်နိုင်မှာပါ။ သတင်းဂျာနယ်ထက် စီးပွားရေးသတင်းကိုပဲ အဓိက Focus လုပ်ပြီး ဖော်ပြမှာပါ”ဟုဆိုသည်။ ၂၀၁၁ နှစ်ကုန်တွင် ဂျာနယ်ထုတ်နိုင်ရန် ပြင်ဆင်နေသည့် အတွက် သတင်းလောကအတွင်းရှိ အယ်ဒီတာနှင့်သတင်းထောက်များအား မြင့်မားသော လစာနှုန်းထားပေး၍ ခေါ်ယူထားကြောင်း သိရသည်။

ဦးနေအောင်သည် စိုက်ပျိုးရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းနှင့် အခြားစီးပွားရေး လုပ်ငန်းများစွာကို အောင်ရည်ဖြိုးကုမ္ပဏီအမည်ဖြင့်လည်းကောင်း၊ IGE ကုမ္ပဏီအနေဖြင့်လည်းကောင်း ဆောင်ရွက်နေသည့် ကုမ္မဏီတစ်ခုဖြစ်သည်။

ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇ၏ ထူးကုမ္ပဏီများအုပ်စုမှလည်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအာဘော် နေ့စဉ်သတင်းစာကို ထုတ်ဝေခွင့်ရရှိခဲ့ကြောင်း ဇွန်လထုတ် ပြည်တွင်းသတင်းဂျာနယ်တစ်စောင်တွင် ဖော်ပြခဲ့သည်။ ယင်းကဲ့သို့ သတင်းမီဒီယာလောကသို့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ သတင်းစာဆရာကြီး လူထုစိန်ဝင်းက “ကိုယ်တို့တွေ ဘယ်လောက် ကြံ့ကြံ့ခံနိုင်လဲ ဆိုတာကို စမ်းသပ်နေတဲ့ အဆင့်ရောက်ပြီ”ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် အုပ်စု(၂)ဝင် သတင်းဂျာနယ် ၃၇ စောင်နှင့် အုပ်စု(၁)ဝင် ဂျာနယ် ၉၀ ကျော်ထုတ်ဝေခွင့်ပြုထားပြီး၊ ယင်းတို့တွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သော ရွှေသံလွင် ဦးကျော်ဝင်းမှ အန်ဗွိုင်း (Envoy) ဂျာနယ်၊ ပြည့်စွမ်းရည် ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ဦးဇော်မင်းအေးမှ မက်ဆင်ဂျာ (Messenger) နှင့် အီကို ဗီးရှင်း (Ecovision) ဂျာနယ်နှင့် သမဝါယမဘဏ် ပိုင်ရှင်ဦးခင်မောင်အေးမှ သစ္စာဂျာနယ်(True Journal)တို့လည်းပါဝင်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီနှင့် နိုင်ငံရေးသတင်းများ

အပစ်အခတ်ရပ်စဲရေး လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးမည်

ယခုလ ၂၂ ရက်နေ့တွင် ဒုတိယ အကြိမ်မြေက်ပြန်လည် ကျင်းပတော့မည့် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များ၏  လွှတ်တော်အစည်းအဝေးများတွင် အပစ်အခတ်ရပ်စဲရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

”ကျွန်တော့်အနေနဲ့က ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးတွေနဲ့ ပတ်သက်ပြီး ဦးစားပေးပြီး ဆွေးနွေးဖို့ဆုံးဖြတ်ထားပါတယ်၊ အခုပဋိပက္ခ ဖြစ်နေတဲ့ နယ်မြေတွေက တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တွေ တင်လာမယ့် အဆိုတွေကိုလည်း ထောက်ခံဆွေးနွေးသွားမှာပါ” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးကဆိုသည်။

ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်ကလည်း ၄င်းအနေဖြင့် အပစ်အခတ်ရပ်စဲရေး ကိစ္စများနှင့်ပတ်သက်ပြီး လွှတ်တော်တွင်းတွင် အဆိုတင်ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ အဆိုပါနယ်မြေများမှ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာပါကလည်း ဒီမိုကရေစီ မိတ်ဆွေပါတီများနှင့် လက်တွဲပြီး ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုကိစ္စသည် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စဖြစ်သဖြင့် လွှတ်တော်တွင်းအင်အားကြီး ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့်လည်း လက်ခံလိမ့်မည်ဟုထင်မြင်ကြောင်းပြောကြားသည်။

”ကျွန်တော့်အနေနဲ့က လွှတ်တော်ထဲမှာပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီတစ်ရပ် ပေါ်ပေါက်လာဖို့အထိ မျှော်မှန်းထားပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌဖြစ်သူ ဦးနိုင်ငွေသိန်းကလည်း ၄င်းပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အပစ်အခတ် ရပ်စဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စများကို ညီနောင်တိုင်းရင်းသားပါတီများ၊ ဒီမိုကရေစီ မိတ်ဆွေပါတီများနှင့် ပူးပေါင်းပြီး လွှတ်တော်အတွင်းတွင် ဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း ပြောဆိုသည်။

”ကျွန်တော်တို့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တတ်နိုင်သလောက်ဝင်ပြီး ဆောင်ရွက်ပေးချင်ပါတယ်” ဟု ဦးနိုင်ငွေသိန်းကဆိုသည်။

“ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားရင်ကြားစေ့ရေးအတွက် လုပ်တာ ဘယ်သူလုပ်လုပ် ကောင်းပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ညှိနှိုင်းမှုတွေလုပ်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် ကျေနပ်လက်ခံနိုင်မယ့် ညှိနှိုင်းမှုမျိုးလုပ်နိုင်မှကောင်းမှာ၊ တစ်ဖတ်သတ်ဆန်တဲ့ ညှိနှိုင်းမှုမျိုးကတော့ ရေရှည်မှာ အကျိုးဖြစ်နိုင်မှာမဟုတ်ဘူး”  ဒေါ်ဘောက်ဂျာက ပြောကြားသည်။

ဒေါ်ဘောက်ဂျာသည် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံတော်သမ္မတထံ စာတင်ခဲ့သူ ကချင်လူမျိုး နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

ယခုအချိန်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် အစိုးရစစ်တပ် အကြား ပဋိပက္ခများဖြစ်ပွားလျက်ရှိသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခုတလော တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသော စစ်ပွဲများ ရပ်စဲရေးအတွက် ကြားဝင် ညှိနှိုင်းပေးရန် အသင့်ရှိကြောင်း ဇူလိုင် ၂၈ ရက်နေ့က သမ္မတ ဦးသိန်းစိန်နှင့် တိုင်းရင်းသားများကို အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့သည်။

ယင်းသို့ ညှိနှိုင်းပေးလိုသည့် ပေးစာနှင့်ပတ်သက်၍ တိုင်းရင်းသားပါတီများ၊ လက်နက်ကိုင်များကလည်း ကြိုဆိုကြောင်း အသီးသီး ပြောဆိုခဲ့ကြသည်။ သို့သော် အစိုးရဘက်ကမူ ယနေ့အထိ မည်သည့် သတင်းထုတ်ပြန်ချက်မျှ ထုတ်ပြန်ခြင်းမရှိသေးပေ။

PS

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာအပေါ် ကေအိုင်အိုအဖွဲ့က ဝေဖန်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇူလိုင် ၂၈ ရက်နေ့က နိုင်ငံတော်သမ္မတနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား လိပ်မူ၍ ပေးပို့ထားသော အိတ်ဖွင့်ပေးစာသည် NLD ရှေ့ဆက်သွားမည့် ခရီးအဆင်ပြေစေရန် ရည်ရွယ်၍ တိုင်းရင်းသားများနှင့် အစိုးရကြား ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် ညှိနှိုင်းခြင်း ဖြစ်ကြောင်း ကချင်အမျိုးသားလွတ်လပ်ရေးအဖွဲ့(KIO)ကဝေဖန်လိုက်သည်။

“ကျွန်တော်တို့လည်း စောင့်နေရတာ၊ အောင့်နေရတာ ကြာပြီ။ ဒီတစ်ခါတော့ ကျွန်တော်တို့ လူမျိုးရေးကိုပဲ ဦးစားပေးလုပ်သွားတော့မယ်။ NLD ပါတီ ရပ်တည်ရေးအတွက် ကျွန်တော်တို့ မလုပ်နိုင်တော့ဘူး။ဦးစားမပေးတော့ဘူး”ဟု ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူအား ဆက်သွယ်မေးမြန်းရာမှ ပြန်လည်ဖြေကြားသည်။

ကေအိုင်အိုအဖွဲ့၏ လှုပ်ရှားမှုများ၊ ဆုံးဖြတ်မှုများသည် ကချင်လူထုအကျိုးကိုသာ ရည်ရွယ်သည့်အတွက် မိမိတို့ အဖွဲ့အစည်းနောက်တွင် ကချင်လူထုရှိကြောင်း အဆိုပါတာဝန်ရှိသူက ဆက်လက်ပြောကြားသည်။

မြစ်ကြီးနားမြို့ရှိ ကချင်ဒေသခံတစ်ဦးကလည်း “ဗမာစစ်တပ်အောက်မှာ နေပေမယ့် ကေအိုင်အိုက ဘာပြောတယ်၊ ဘာလုပ်တယ်ဆိုတာ ကျွန်မတို့သိရတယ်။ ဒီတော့ ကေအိုင်အိုကလည်း ကျွန်မတို့သဘောထားကို မေးမြန်းပြီးမှ လုပ်စရာရှိတာ လုပ်တယ်။ ဒီတော့ ကေအိုင်အိုကို ယုံတယ်”ဟု ဆိုသည်။

ပြီးခဲ့သည့် ဇွန်လကလည်း ကေအိုင်အိုထိန်းချုပ်ရာ နယ်မြေတွင် ကေအိုင်အိုမှ မြန်မာအစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားရခြင်းကို နိုင်ငံတကာရောက် ကချင်ပြည်သူလူထုနှင့် ပြည်တွင်းရှိ ကချင်လူထုအား ဖိတ်ခေါ်၍ ရှင်းလင်းပြသခဲ့ရာ ကချင်လူထုမှ တိုက်ပွဲများဆက်လက်တိုက်ခိုက်၍ လွတ်လပ်သော ကချင်ပြည်နယ်ရရှိစေရန် သဘောတူခဲ့သည်။

ကေအိုင်အိုလက်အောက်ခံ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နှင့် မြန်မာအစိုးရတပ်တို့ကြား နှစ်လေးဆယ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ ၁၉၉၀ ခုနှစ်များတွင် ငြိမ်းချမ်းရေးရယူခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် မြန်မာအစိုးရမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် တောင်းဆိုသဖြင့် ပြန်လည်တင်းမာခဲ့ရာ၊ မြန်မာအစိုးရတပ်များမှ ကေအိုင်အေတပ်ချရာ နယ်မြေများကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

YC

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"TC မထားတော့ဘူး၊ ထားမယ် အဲဒီလို ဖြစ်ခဲ့တဲ့အချိန်တုန်းကတော့ ကားပါမစ်ကနည်းနည်း နည်းသွားသလို ကားဝင်တာလည်း ကျဲသွားတယ်။ အဲဒီအတွက် ကားသစ်ဈေးတွေ ပြန်မာလာဖို့ ဖြစ်နေတဲ့အချိန်မှာ အခုကား သစ်တွေထပ်ပြီး ပြန်ဝင်လာတာ။ ကျွန်တော်တို့က ပါမစ်က ထပ်နည်းသွားဖို့ပဲရှိတယ်လို့ ထင်ထားတဲ့အချိန် အခု ဝင်လာတဲ့နှုန်းက ပြန်မြင့်လာတော့ ပါမစ်ချထားပေးမှုက သွက်တုန်းလို့ပဲပြောရမှာပေါ့"

သြဂုတ် ၃ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၄၄) တွင်ပါသည့် "၂၀၁၁ မော်ဒယ်လ် Lexus အမျိုးအ စားအပါအဝင် ကားသစ်များ တင်သွင်းမှုပြန်သွက်" သတင်းမှ ကားလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အစိုးရဝန်ထမ်းဆိုတာ တာဝန်ကြီးတယ်။ ဌာနဆိုင်ရာဖြစ်တဲ့အတွက် ပိုပြီး သတိရှိဖို့လိုတယ်။ ဖွဲ့စည်းပုံအရရော ၊ အခြေခံဥပဒေအရရော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုရင် အလံကအစ အခြေခံဖြစ်တဲ့ ရုံးသုံးစာရွက်စာတမ်းတွေအထိ ပြောင်းဖို့လိုသလို အလံကလည်း သီးခြားမဟုတ်ဘဲ အခြေခံဥပဒေက အတည်ပြုပြီးသား အလံဘဲဖြစ်ရမယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုတာကို ပြောင်းကိုပြောင်းရမယ်။ ဒါဟာ ညွှန်ကြားချက်ကို စောင့်နေဖို့မလိုဘူး"

သြဂုတ် ၁ ထုတ် The Messenger အတွဲ (၂) အမှတ် (၁၁) တွင်ပါသည့် "ဌာနဆိုင်ရာအချို့တွင် အခြေခံဥပဒေ နှင့်အညီ ဆိုင်းဘုတ်အသစ်များ အမြန်ဆုံးပြောင်းလဲတပ်ဆင်သင့်" သတင်းမှ ဌာနဆိုင်ရာအဆင့်မြင့်အရာထမ်း တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်စေချင်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေးထားတဲ့ လမ်းကြောင်းကနေပဲသွားလို့ရမယ်။ ဒီလမ်းကြောင်းကနေ သွေဖယ်သွားလို့မရဘူး။ အခြေခံဥပဒေက မဏ္ဍိုင်ပြု တဲ့လမ်းကြောင်းကို လျှောက်တာအကောင်းဆုံးပါ"

သြဂုတ် ၄ ထုတ် မြန်မာတိုင်းမ် အတွဲ (၇) အမှတ် (၂၉) တွင်ပါသည့် "ဒေါ်အောင်ဆန်းစုကြည်အား ရွေး ကောက်ပွဲ နိုင်ငံရေးလမ်းကြောင်းသို့ ဝင်ရန် တစညပါတီ ထပ်မံတိုက်တွန်း" သတင်းမှ တစညပါတီ အလုပ်အမှုဆောင် ကော်မတီဝင် ဦးသိန်းထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"Market Economy (ဈေးကွက်စီးပွားရေးစနစ်)ကို ဦးတည်တာကတော့ သေချာတယ်ဗျ။ ဒါကိုတော့ လုံးဝသံ သယမရှိပါဘူး။ ဒါပေမဲ့ ဦးတည်တာနဲ့ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာက ပိုပြီးစိတ်ဝင်စားစရာကောင်းပါ တယ်။ စီးပွားရေးလုပ်ငန်း လုပ်သူတွေနဲ့ တာဝန်ရှိသူတွေကြားမှာ Trust Building (ယုံကြည်မှုတည်ဆောက်ခြင်း) ပိုပြီးတော့ တည်ဆောက်ဖို့လိုပါတယ်။ အဲဒီတည်ဆောက်တာမြန်လာလေ စီးပွားရေးသမားတွေလည်း ပိုပြီး အားစိုက်လာလေလေဆိုတဲ့ သဘောမျိုးဖြစ်မှာပါပဲ။ Market Economy ကိုသွားနေတဲ့လမ်းကြောင်းက ဘယ်ရာခိုင်နှုန်းလောက်၊ ဘယ်အဆင့်ကို ရောက်နေပြီလဲ ဆိုတာကတော့ ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ မျှော်လင့်ထားတဲ့သူတွေရဲ့ လိုချင်တဲ့ 'စံ'တွေနဲ့လည်း ဆိုင်မှာပါ။ စံမတူရင်တော့ အဆင့်သတ်မှတ်တာမတူနိုင်ဘူးပေါ့"

သြဂုတ် ၄ ထုတ် မြန်မာတိုင်းမ် အတွဲ (၇) အမှတ် (၂၉) တွင်ပါသည့် စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေနှင့် အင်တာဗျူးကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

Macro စီးပွားရေးတည်ငြိမ်မှုနှင့် ငွေကြေးလဲလှယ်နှုန်း

ဖွံ့ဖြိုးဆဲနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုကို အားယူရာ၌ Macro economic stablity နှင့် ငွေလဲနှုန်းတည်ငြိမ်ရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေလေသည်။ အရင်းအနှီး စုဆောင်းမှုနှင့် ဘဏ္ဍငွေကြေး စီမံခန့်ခွဲမှုများကို စနစ်တကျလုပ်ဆောင်နိုင်ပါက အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ လိုအပ်သည့် ဘဏ္ဍအရင်းအနှီး လိုအပ်ချက်ကို ကောင်းကောင်းဖြည့်တင်းနိုင်လေ သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် ထုတ်လုပ်ရေးကဏ္ဍနှင့် ဘဏ္ဍရေးကဏ္ဍဟူ၍ အပိုင်းနှစ် ပိုင်းရှိလေရာ ဘဏ္ဍရေးကဏ္ဍသည် ဈေးကွက်စီးပွားရေးတစ်ခုလုံး၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်လေသည်။ ငွေလဲနှုန်း အပြောင်းအလဲများ၊ ကုန်စည်ဈေးနှုန်းအတက်အကျများ၊ Stock exchange ဈေးအတက်အကျများကို စောင့် ကြည့်နေသော ရင်းနှီးမြုပ်နှံသူများ၊ စီးပွားရေးသမားများအနေဖြင့် မှန်ကန်သည့် သတင်းအချက်အလက်ပေါ်မူ တည်၍ ဆုံးဖြတ်လုပ်ကိုင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ဘဏ္ဍရေးဈေးကွက်ကို စီးပွားရေးစနစ်ကြီးတစ်ခုလုံး၏ ဦးနှောက်ဟူ၍ အချို့သော ပညာရှင်များက သတ်မှတ်ကြလေသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှု၊ ငွေကြေးတည်ငြိမ်ရေး၊ ကုန်သွယ်မှုပိုငွေလိုငွေပြမှု အစရှိသည့် ဘဏ္ဍရေးအစီအစဉ်များကို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ မူဝါဒများချမှတ်အကောင်အထည် ဖော်လေ့ရှိပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ ယင်းနှင့် ဆန့်ကျင်ဘက် အနေအထားမျိုးတွင် ပင်ရှိပါသည်။ ဘဏ္ဍရေးအဖွဲ့အစည်းများ အားကောင်းကောင်းနှင့် မရှိသည့်အတွက် နှစ်စဉ်ငွေကြေးဖောင်းပွမှုကို ကောင်စွာ ထိန်းသိမ်ထားနိုင်ခြင်း မရှိရုံမျှမက နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းလည်း တည်တည်ငြိမ်ငြိမ်ရှိမည်မဟုတ်။ ထို့အပြင် တရားမဝင် အရပ်ချေးငွေ လုပ်ငန်းလုပ်သူများထံမှ မြင့်မားသည့် အတိုးနှုန်းဖြင့် တောင်စိုက်လယ်ယာ လုပ်ငန်းလုပ်ကိုင်သူများ၊ တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေး လုပ်ငန်း လုပ်ဆောင်သူများက ငွေချေးငှားရလေသည်။

မြန်မာနိုင်ငံသည် Macro အဆင့် စီးပွားရေး တည်ငြိမ်မှုရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိသည်မှာ လွန်စွာကြာဖြင့်ခဲ့ပြီးဖြစ်လေသည်။ ကုန်သွယ်မှု ရသုံးမှန်းချေငွေစာရင်းတွင် ပို့ကုန်နည်းပြီး သွင်းကုန်များသည့် အတွက် ကုန်သွယ်မှုလိုငွေနှစ်စဉ်ပြလျက်ပင်ရှိလေသည်။ ထို့အပြင် ယခင်က သွင်းကုန်ပစ္စည်းအပေါ် အခွန် ၁၀ ရာခိုင်နှုန်းဖြတ်တောက်လျော့ချသဖြင့် သွင်းကုန်လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်မှာ လုပ်ရကိုင်ရအလွန် ခက်ခဲပါသည်။ ယခု ၇ ရာခိုင်နှုန်းသာ ကောက်ခံသော်လည်း အနည်းငယ်သာ ပြေလည်မှုရှိပါသည်။ အဓိကအကြောင်းရင်းမှာ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်မှု မရှိခြင်းကြောင့် ဖြစ်လေသည်။ ထိပ်သီးစီးပွားရေးသမားများရော၊ မူဝါဒချမှတ်အကောင်အထည်ဖော်သူများရော၊ စီးပွားရေးပညာရှင်များရော နောင်တစ်လ နိုင်ငံခြားငွေလဲနှုန်း မည်သို့ ဖြစ်မည်ကို မသိရှိရသည်မှာ macro economic stabality မရှိခြင်းကြောင့်ဖြစ်လေသည်။

ယခုအခါတွင် ဈေးကစားမှုများကြောင့် အိမ်၊ ခြံ၊ မြေဈေးများ အဆမတန်ထောင်တက်လျက်ရှိပါသည်။ အရင်းအနှီးရှိသူများအနေဖြင့် အစိုးရမှ အခြားစီးပွားရေး လုပ်ဆောင်ရန် မက်လုံးများမပေးနိုင်သည်အခါ ပုံမှန် မဟုတ်သည့်၊ စည်းမျဉ်းစည်းကမ်းများ လျော့ရဲသည့် နိုင်ငံ၏ GDP မတက်သည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်လျက်ရှိလေသည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ပြောင်းလဲလုပ်ကိုင်ခွင့် ပေးသော်ငြားလည်း အာဏာပိုင်များနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များကိုသာ လုပ်ပိုင်ခွင့်ပေးကြပါသည်။ သို့သော် မီးရထားဝန်ကြီးဌာနမှ ကျင်းပပြုလုပ်သော မြို့တွင်းမီးရထားပို့ဆောင်ရေးကို ပုဂ္ဂလိကပိုင်လွဲပြောင်းခြင်း လုပ်ငန်းသည်သာ ပုဂ္ဂလိကလုပ်ငန်းရှင်များကို တရားဝင် ကြိုတင်အသိပေး ဖိတ်ခေါ်၍ လုပ်ကိုင်စေခြင်းမျိုးကိုတော့ ကြိုဆိုအပ်ပါသည်။

နိုင်ငံတကာတွင် ဘဏ္ဍရေးတည်ငြိမ်ရေးအပါအဝင်၊ ငွေကြေးလဲလှယ်နှုန်းအတွက် အဓိကတာဝန်ယူ မူဝါဒချမှတ်သည့် အဖွဲ့အစည်းမှာ ဗဟိုဘဏ် ဖြစ်လေသည်။ ဗဟိုဘဏ်တွင် ကျွမ်းကျင်ထက်မြတ်လှသည့် ဘဏ္ဍစီးပွားပညာရှင်များကို ခန့်အပ်ထာကာ နိုင်ငံ၏ ဘဏ္ဍရေးမူဝါဒများကို ချမှတ် အကောင်အထည် ဖော်စေပါသည်။ ထို့အပြင် ဗဟိုဘဏ်သည် အချုပ်အချာအာဏာသုံးရပ်၏ လွမ်းမိုးမှုကို မခံရသည့် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။ မြန်မာနိုင်ငံတွင် ဗဟိုဘဏ်မှာ နိုင်ငံရေးဘဏ္ဍရေးမူဝါဒနှင့် ပတ်သက်၍ လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့် အဖွဲ့အစည်းတစ်ခုတော့မဟုတ်ပါ။ ယခုကာလမှာ ဗဟိုဘဏ်တွင် ဘဏ္ဍရေးမူဝါဒ ကျွမ်းကျင်မှုရှိသည့် စီးပွားရေးပညာရှင်များ ပါဝင်လာအောင် ကြိုးစားတည်ဆောက်ယူသည့်ကာလဖြစ်လေ သည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍရေးနှင့် ပတ်သက်၍ အထူးပြင်ဆင်ရမည်အရာမှာ နိုင်ငံခြားငွေလဲနှုန်းဖြစ် လေသည်။ ယခင်အစိုးရ သတ်မှတ်ထားသော တစ်ဒေါ်လာ မြန်မာငွေ ၆ ကျပ်ဖြင့် လဲလှယ်နှုန်းမှာ လက်တွေ့ ကျမှုမရှိပေ။ ယခင်အာဏာပိုင်အသိုင်းအဝိုင်းမှ အစိုးရငွေလဲလှယ်နှုန်းဖြင့် နိုင်ငံခြား ငွေပေးငွေယူ ရှင်းတမ်းများ ပြုလုပ်ခြင်း၊ အာဏာပိုင်များမှ စစ်လက်နက်ပစ္စည်းများကို ဝယ်ယူခြင်းတို့ကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်လျက်ရှိသဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားဒေါ်လာ ရန်ပုံငွေ ထားရှိမှုမှာ အလွန်နည်းပါလေသည်။ စီးပွားရေးအရှိန်အဟုန် မြှင့်တင်နိုင်ရန် ဘဏ္ဍရေးစနစ်ပြုပြင်မှုမှာ အရေးပါသည် ဖြစ်သည့်အလျောက် ဒေါ်လာကို ဈေးကွက် ပေါက်ဈေးအတိုင်း မထားရှိသေးသည့်တိုင် ချိတ်နှုန်းအဆင့်ဆင့်သတ်မှတ်ခြင်းဖြင့် ဈေးကွက်ပေါက်ဈေး သို့တိုင် ရောက်ရှိသွားသည်အထိ ဘဏ္ဍရေးလွတ်လပ်ခွင့်ကို တဖြည်းဖြည်းပေး၍ရနိုင်ပါသည်။

ယခုအစိုးရသစ်လက်ထက် ဘဏ္ဍရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းမှ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် ဘဏ်များကြီးကြပ်ရေး ကော်မတီနှင့် မြန်မာနိုင်ငံဘဏ်များ အသင်းအမှုဆောင်အဖွဲ့၏ အကြိမ် (၁၃၀)မြောက် အစည်းအဝေးတွင် နိုင်ငံ၏ ဘဏ္ဍရေး ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ပြောကြားသွားလေသည်။ ဗဟိုဘဏ် ဒုဥက္ကဋ္ဌမှလည်း ငွေကြေးလဲလှယ်နှုန်းကို ပြင်ဆင်ရန်အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့်ညှိနှိုင်း ဆောင်ရွက်တော့မည်ဖြစ်ကြောင်း တရားဝင်ပြောကြားသွားခဲ့လေသည်။ ဈေးကွက် ပေါက်ဈေးအတိုင်း ငွေကြေးလဲလှယ်နှုန်းကို ထားရှိသည်မှာ လွတ်လပ်သောဈေးကွက် ရှုထောင့်မှကြည့်လျှင် ကောင်းသည်ဟုဆိုနိုင်ငြားသော်လည်း မြန်မာနိုင်ငံစီးပွားရေးမှာ တည်ငြိမ်မှုမရှိသေးသည့်အားလျှော်စွာ ဈေးကွက်အတိုင်းလွှတ်ထား၍ ဖြစ်နိုင်ရှိ၊ မရှိကို အသေအချာသုံးသပ်စိစစ်ဖို့လိုအပ်ပါသည်။

သို့သော် ယခုကဲ့သို့ ငွေကြေးလဲလှယ်နှုန်း ပြင်ဆင်ရန် ညှိနှိုင်းဆောင်ရွက်မှုရှိသည်ကပင် အမျိုးသားစီးပွားရေးဖွံ့ဖြိုးဖို့အတွက် အရေးကြီးသော ခြေလှမ်းတစ်လှမ်း ဖြစ်ပါကြောင်း...........။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs