Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၈.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံကို ပိုမိုအရေးယူဒဏ်ခတ်ခြင်းသည် မိုက်မဲမှုတစ်ခုသာဖြစ်

(The Diplomat မှ 2 August 2011 ရက်စွဲပါ David Steinberg ၏ “The Folly of More Burma Sanctions” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း ပထမဆုံး ပြုပြင်ပြောင်းလဲမည့် လက္ခဏာများ ရှိလာချိန်တွင် မြန်မာအစိုးရအပေါ် အရေးယူဒဏ်ခတ်မှု Sanctions များကို သက်တမ်းတိုးမည့် အမေရိကန်ပြည်ထောင်စု၏ အစီအစဉ်သည် လမ်းလွဲကာ အခြေအနေပိုမိုဆိုးရွားသွားစေ သည်ဟု ဒေးဗစ်စတိန်းဘတ် (David Steinberg) က ပြောကြားလိုက်သည်

အကယ်၍ အာဏာရှင်အစိုးရ ပြောင်းလဲစေရန် ရည်မှန်းထားသည့် အမေရိကန်ပြည်ထောင်စု၏ အရေးယူ ဒဏ်ခတ်မှု Sanctions များသည် ဆယ်စုတစ်စုနှင့် ထက်ဝက်မျှ အလုပ်မဖြစ်ခဲ့ဟု ဆိုပါက Sanctions များ ဆက်လက် ချမှတ်ခြင်းကြောင်း ပိုမိုအောင်မြင်ထိရောက်လာမည်ဟု မည်သို့ ယူဆယုံကြည်ရမည်နည်း။ ရည်ရွယ်ချက်ကောင်းသော လူ့အခွင့်အရေးနှင့် အခြားအဖွဲ့အစည်းများကမူ မြန်မာအစိုးရအပေါ် အရေးယူသည့် Sanctions များ ဆက်လက် ပြဋ္ဌာန်း ချမှတ်သင့်ကြောင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ဆေးမည့် ကုလစုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို ဆော်ဩသင့် ကြောင်း လတ်တလော အဆိုပြုထားခဲ့ကြသည်။

အဆိုပါနိုင်ငံတွင် ပြုပြင်ပြောင်းလဲလာတော့မည့် အလားအလာကြောင့် အီးယူက ပြင်းထန်မှုမရှိသော Sanctions များကို အသင့်အတင့် လျှော့ပေါ့စ ပြုလာပြီး အရေးယူဒဏ်ခတ်မှု အစီအစဉ်ကို လိုက်နာသည့် အရှေ့တောင်အာရှ တစ်နိုင်ငံမှ မရှိသည့် အခြေအနေတွင် အထက်ပါ အဆိုပြု ချက်မှာ စိတ်ကူးယဉ်လွန်းပြီး လက်တွေ့နှင့် နီးစပ်မှု မရှိပေ။ ယင်းအဆိုပြုချက်သည် ရှေ့သို့တစ်ဆင့်တိုးခြင်းထက် အမေရိကန်ပြည်ထောင်စု၏ မူဝါဒနှင့် မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှု အလားအလာ နှစ်ခုစလုံးကို အားလျော့ ကျဆင်းစေသည်။

မြန်မာနိုင်ငံ ကိစ္စသည် မည်သည့်အစိုးရများကမဆို နိုင်ငံရေးလက်နက်ကို လိုလိုလားလားအသုံးပြုလိုသည့် ကိစ္စ မျိုးမဟုတ်သည့်အတွက် ကွန်ဂရက်နှင့် အိမ်ဖြူတော်တို့က လက်ရှိ Sanctions မူဝါဒများကို ဆက်လက်၍ သက်တမ်းတိုးကြပါလိမ့်မည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၀၈ မေလက အခြေခံဥပဒေ ဆန္ဒ ခံယူပွဲအတုအယောင် ပေါ်တွင် အခြေခံပေါ်ပေါက်လာသည့် ပြီးခဲ့သော နိုဝင်ဘာလက သိသိသာသာ ထင်ရှားသော ရွေးကောက်ပွဲ အတု၏ ရလဒ်အဖြစ် အစိုးရအဖွဲ့သစ်က အာဏာလွှဲပြောင်းယူထားပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အလွမ်း၏ ဇာတ်ဝင်ခန်းအသစ်ကို ယခင်စစ်သားဟောင်း ယခု အရပ်ဝတ်များက အဓိကအားဖြင့် ပါဝင် သရုပ်ဆောင်လျက် ရှိကြ သည်။ ရာစုနှစ်ဝက်များအတွင်း မကြုံစဖူး ဖြစ်ရပ်အဖြစ် သမ္မတသစ် အာဏာလွှဲမယူခင်မှာပင် အစိုးရမူဝါဒများအပေါ် ပထမဆုံး လူသိရှင်ကြား ဝေဖန်မှု များ ရှိခဲ့သော်ငြားလည်း လွှတ်တော်အရပ်ရပ်တွင် အတိုက်အခံတို့၏ အသံမှာ အားနည်းနေဆဲပင် ဖြစ်သည်။

၂၀၁၁ မတ်လကုန်က အာဏာလွှဲပြောင်းယူသည့် အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် သမ္မတဦးသိန်းစိန်က သိသိသာသာ ပျော့ပြောင်း၍ အပြုသဘောဆောင်သော အစီအစဉ်ကို ချပြခဲ့သည်။ ဆင်းရဲမွဲတေမှု ဖယ်ရှားရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ အခြေအနေဆိုးနေသည့် ကျန်းမာရေး နှင့် ပညာရေးကဏ္ဍနှစ်ရပ်စလုံးကို ပိုမိုဂရုစိုက်ရေး၊ တိုင်းရင်းသားများအရေးကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးရေး၊ စိစစ်တည်းဖြတ်မှုများ လျှော့ပေါ့ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတို့ကို တိုက်တွန်းဆော်ဩထားသည့် ဦးသိန်းစိန်၏ မိန့်ခွန်းသည် ဒီမိုကရေစီအဖွဲ့အစည်းတွင် မည်သည့် အစိုးရပြောရေးဆိုခွင့် ရှိသူထံမှမဆို ထွက်ပေါ်လာနိုင်သည့် မိန့်ခွန်းမျိုးသာ ဖြစ်သည်။

ထို့ကဲ့သို့ အစိုးရအကြီးအကဲက အာဘောင်အာရင်းသန်သန်ဖြင့် ပြောကြားနေချိန်တွင် ယင်းရည်မှန်းချက်များကို အဆိုပါ အဖွဲ့အစည်း၏ တပ်မတော် အာဏာရှင်အလွှာကြားတွင် အပြည့်အဝ လက်ခံကြခြင်းမရှိသလို ပြုပြင်ပြောင်းလဲရေးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သူများကိုလည်း တွေ့ရသည်။ နိုင်ငံခြားအကဲခတ် လေ့လာသူများစွာနှင့် အစိုးရများက လိုလားထောက်ခံထားသည့် အပြုသဘော ဆောင်သော ပြောင်းလဲမှုများနှင့် ပြန်လည် ပြင်ဆင်ရမည့် ဦးစားပေးကိစ္စရပ်များကို ယင်းပုဂ္ဂိုလ်များက လမ်းလွဲတိမ်မြုပ်အောင် ပြုလုပ်နိုင်ကြသည်။

သို့သော်လည်း ပိုမိုအရေးယူဒဏ်ခတ်ရေး၊ ကုလစုံစမ်းရေး ကော်မရှင်ဖွဲ့စည်းရေးတို့ကို တောင်းဆိုမှုများက အဆိုပါ နိုင်ငံတွင်း၌ “ဘာပဲ လုပ်ပြ လုပ်ပြ၊ အမေရိကန်က ကျေနပ်မှာ မဟုတ်” ဟု စောဒက တက်နေကြသော ပြုပြင် ပြောင်းလဲရေး ဆန့်ကျင်သူအုပ်စုအတွက် အလွယ်တကူ အကြောင်းပြ စရာ ရသွားပြီး ထို့ကြောင့်ပင် အမေရိကန်ပြည်ထောင်စုကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ကာ ပြည်သူလူထုကို ပိုမိုတင်းကြပ်စွာ ထိန်းချုပ်ခြင်းနှင့် စစ်ဖက် အသုံးစရိတ် ပိုကြီးလာခြင်းတို့ ဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့ Sanctions များပိုမိုချမှတ်ရန် လိုလားထောက်ခံသူများ၏ ယင်းကဲ့သို့ အမြင်များက ဆင်းရဲ နွမ်းပါးသော မြန်မာပြည်သူများကို ကူညီပေးနိုင်မည့် အလားအလာများကို လျော့ပါးသွားစေသည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအတွက် အထူးသံအမတ်အဆင့် ကိုယ်စားလှယ်တစ်ဦးကို ခန့်အပ် တာဝန်ပေးရန် အမည်စာရင်း တင်ထားပြီး အထက်လွှတ်တော် ဆီနိတ်ကလည်း အတည်ပြုမည့် အလားအလာရှိနေသည်။ ယင်း၏ ကဏ္ဍသည် အရေးယူဒဏ်ခတ်မှုနှင့် ဆွေးနွေး ညှိနှိုင်းမှု မူဝါဒများ ပူးပေါင်း အကောင်အထည်ဖော်ရေးကို တာဝန်ယူရမည် ဖြစ်သည်။ ပိုမိုအရေးယူဒဏ်ခတ်ရန် တောင်းဆိုနေကြသည့် အဖွဲ့ အစည်းများက ယင်းတို့၏ အဆိုပြုမှုများသည် မြန်မာအာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံရမည့် အမေရိကန် အထူးကိုယ်စားလှယ်၏ ထိရောက်မှုကို အပြုသဘော သက်ရောက်စေလိမ့်မည်ဟု အမှန်တကယ် ယုံကြည်ကြပါသလား။

ဘားရက်အိုဘားမား၏ မူဝါ ပြန်လည်သုံးသပ်မှု၏ ရလဒ်ဖြစ်သော လက်တွေ့ကျကျ တွေ့ဆုံဆွေးနွေးမှုသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒအဖြစ် ကိုယ်စားပြုနေဆဲ ဖြစ်သည်။ အမေရိကန်တို့က ထိပ်ပိုင်းအဆင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုထားသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ ပြုပြင်ပြောင်းလဲမှု အချို့ကို တုန့်ပြန်ခြင်းနှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်သဘောတည်း ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမှ လွဲလျှင် အမေရိကန်၏ အရေးယူဒဏ်ခတ်မှုများကို ဖယ်ရှားနိုင်ခြင်းမရှိသေးပေ။ အမေရိကန် ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်နှင့် အဖျက်သိမ်းခံ NLD ပါတီကို ဆက်လက် ထောက်ခံအားပေးရေးကို တိုက်တွန်းနှိုးဆော်ထားသည်။ ဤအချက်များကို ကြည့်လျှင် ချမှတ်ထားဆဲ အရေးယူဒဏ်ခတ်မှု မူဝါဒကို ပြောင်းလဲရန် အတွက် ပြည်တွင်း၌ တန်ဖိုးရှိသော နိုင်ငံရေးဂုဏ်သိက္ခာကို အကျခံမည့် အမေရိကန် အစိုးရ မရှိကြောင်းကို တွေ့ရမည် ဖြစ်ပြီး ဤသို့သာဆိုလျှင် မြန်မာအစိုးရသစ်သည်လည်း အမေရိကန်တို့က မြင်ချင်သည့် စေတနာပါသော ဆောင်ရွက်ချက် များကို လုပ်ပြနိုင်လောက်အောင် တောင့်တင်းလာမည် မဟုတ်တော့ပေ။

တကယ့်အမှန်တရားမှာ မြန်မာနိုင်ငံ၌ ပြောင်းလဲမှုကို ယာယီခေတ္တ သဘောတွေ့မြင်ရခြင်းမှာ ၁၉၆၂ တပ်မတော် အာဏာသိမ်းမှု နောက်ပိုင်း ပထမဆုံး အပြုသဘောဆောင်သော အစိုးရပိုင်း ဆောင်ရွက်ပြုပြင်မှုများ ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့် ယင်းတို့၏ စတင် တာထွက်မှုကို ကြိုဆိုရမည်ဖြစ်ပြီး ၎င်းတို့၏ တိုးတက်ပြောင်းလဲလာမှုကို ဂရုတစိုက် စောင့်ကြည့်သင့်ပေသည်။

သို့ဖြစ်ရာ စိတ်မကောင်းစရာ မြန်မာနိုင်ငံမှ ပြည်သူများနှင့် အမေရိကန်ပြည်ထောင်စုတို့အတွက် ဘုံအကျိုးစီးပွား သဖွယ်ဖြစ်သည့် ပြုပြင် ပြောင်းလဲမှုများ ဆက်လက် ဖြစ်ပေါ်ရေး အလားအလာကို ထိထိရောက်ရောက် လျော့ကျသွားစေမည့် မူဝါဒများကို ထောက်ခံခြင်းသည် မိမိကိုယ်မိမိ ရှုံးနိမ့်အောင် ပြုလုပ်မိခြင်း (သို့မဟုတ်) ကိုယ့်တွင်းကို ကိုယ်ပြန်တူးမိခြင်းသာ ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးလိုပါသည်။

**************************************************

မလေးရှားတို့အတွက် မြန်မာနိုင်ငံတွင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများစွာရှိ

( 2 August 2011 ရက်စွဲပါ Bernama မှ Myanmar offers vast business, investment opportunities ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံတွင် မလေးရှား လုပ်ငန်းရှင်များအတွက် များပြားသော စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများက စောင့်ကြိုလျက် ရှိသည်။ အထူးသဖြင့် ဆောက်လုပ်ရေးနှင့် အခြေခံအဆောက်အဦး လုပ်ငန်းများ၊ ဝန်ဆောင်မှုများ၊ အကြံပေးရေး လုပ်ငန်းများနှင့် အခြေခံ ပစ္စည်းတိုးတက်မှု လုပ်ငန်းများတွင် ဖြစ်သည်။

                မလေးရှားနိုင်ငံရှိ တရုတ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်း ( ACCCIM ) မှ အမှုဆောင် အကြံပေးဖြစ်သူ Tan Sri Soong Siew Hoong က ပြောကြားရာတွင်  မြန်မာနိုင်ငံသည် စိုက်ပျိုးနိုင်သော မြေများ၊ သဘာဝသယံဇာတများ ပေါကြွယ်သောနိုင်ငံ ဖြစ်သော်လည်း ကမ္ဘာ ပေါ်တွင် ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများ တစ်နိုင်ငံ အပါအဝင်ဖြစ်သည်ဟု ဆိုသည်။

                “မြန်မာနိုင်ငံမှာ လူဦးရေ 53.99 သန်းနှင့် မြေဧရိယာ 666,000 စတုရန်း ကီလိုမီတာရှိရာ လူဦးရေရော မြေဧရိယာပါ မလေးရှားထက် နှစ်ဆ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ထက် နှစ်သုံးဆယ်လောက် နောက်ကျနေပါတယ်” ဟု ၎င်းက မလေးရှား- မြန်မာ ကုန်စည်သစ်များ နှင့် ဝန်ဆောင်မှု များ ရင်းနှီးမြှပ်နှံရေး ကုန်စည်ပြပွဲအတွက် ဆွေးနွေးပွဲ တွင် ယနေ့ မီဒီယာများသို့ ပြောကြားခဲ့သည်။

                Soong က ပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအသစ် စတင်ပြီဖြစ်ရာ စီးပွားရေးနှင့် ရင်းနှီးမြှပ်နှံမှု အခွင့်အလမ်းများ ရှိနေကြောင်း၊ မလေးရှား လုပ်ငန်းရှင်များ အနေဖြင့် စိန်ခေါ်မှုများရှိသော စီးပွားရေး ဝန်းကျင်သစ်သို့ သွားရောက်သင့်ကြောင်း ပြောကြားသည်။

                “မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ ဒီမှာ ထုတ်လုပ်မှုနဲ့ စရိတ်တွေတက်လာနေပြီဖြစ်လို့ နေရာ ရွှေ့ပြောင်းသင့်ပါတယ်။ ပြိုင်ဆိုင်မှု တွေ ရှိနေတဲ့ ဝန်းကျင်မှာ ရှင်သန်ဖို့ဆိုရင် ဖက်စပ်တွေ လုပ်ဖို့နဲ့ အသစ်ဖန်တီးမှုတွေ လုပ်ဖို့ ရှာဖွေသင့်ပါတယ်” ဟု ၎င်းက ပြောသည်။

                ၎င်းက ပြောကြားရာတွင် မလေးရှားလုပ်ငန်းရှင်များသည် စက်ယန္တရားများ၊ အစားအသောက်တွင် ထည့်သော ပစ္စည်းများ၊ စားသောက်ကုန် လုပ်ငန်းတွင် မြန်မာ၏ များပြားသော လူဦးရေအတွက် ထုတ်လုပ်ရာတွင် ထုတ်ပိုးမှု စသည်များ ဖြည့်ဆီးပေးနိုင်မည် ဖြစ်သည် ဟု ဆိုသည်။

                လက်ရှိအားဖြင့် မြန်မာနိုင်ငံတွင် မလေးရှား လုပ်ငန်းရှင် တစ်ရာခန့်ရှိနေပြီး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ စက်ရုံနှင့် ဆက်သွယ် ရေး လုပ်ငန်းများတွင် လုပ်ကိုင်လျက် ရှိသည်ဟု ၎င်းက ပြောသည်။

                ကုန်စည် ပြပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် 2011 စက်တင်ဘာလ 15- 18 တွင် ပြုလုပ်မည် ဖြစ်သည်။ ၎င်းကို ACCCIM၊ မြန်မာနိုင်ငံ စက်မှု လုပ်ငန်းအသင်း နှင့် မြန်မာနိုင်ငံရှိ မလေးရှား စီးပွားရေးကောင်စီတို့ ပူးပေါင်း စီစဉ်ခြင်း ဖြစ်သည်။

                ကုန်စည်ပြပွဲ၏ ရည်ရွယ်ချက်မှာ မလေးရှားနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအသိုင်းအဝိုင်းများအတွက် ပလက်ဖောင်း ဖြစ်ရန်နှင့် တရားဝင် မြန်မာ အသင်းအဖွဲ့များနှင့် မလေးရှား ကုန်သည်ကြီးများအသင်းမှတဆင့် အားကောင်းပြီး၊ ရင်းနှီးပြီး ခိုင်မာသော ဆက်ဆံရေးများ တိုးတက်ရန် ဖြစ်သည်။

                Soong က ပြောကြားရာတွင် ပြပွဲတွင် ပြခန်းပေါင်း (147) ခန်း ရှိသည့်အနက် မလေးရှားက ပြခန်း (71) တာဝန်ယူပြသမည် ဖြစ်ရာ ပြခန်းပေါင်း (40) အား စက်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသောက်ကုန်၊ ကားနှင့် ပညာရေး လုပ်ငန်းများ လုပ်ကိုင်နေသော မလေးရှားလုပ်ငန်းရှင်များက ဝယ်ယူ ထားပြီး ဖြစ်သည်ဟု ဆိုသည်။

*****************************************************

အာရှ နှင့် လက်တင်အမေရိကတွင် HSBC က လူ ၁၅၀၀၀ ငှားရမ်း အသုံးပြုမည်

(2 Aug 2011 ရက်စွဲပါ BBC News မှ HSBC set to hire up to 15000 in Asia and Latin America ကို ဘာသာ ပြန်ဆိုသည်)

                နိုင်ငံတကာဘဏ်တစ်ခု ဖြစ်သော HSBC (Hongkong and Shanghai Banking Corporation) သည် နောင်လာမည့် သုံးနှစ်အတွင်း အာရှ နှင့် လက်တင်အမေရိကတွင် ထွက်ပေါ်လာမည့် ဈေးကွက်များအတွက် လူ ( 15000 ) ကျော် ငှားရမ်း အသုံးပြုလိုသည်ဟု ဆိုသည်။

                အဆိုပါ ကြေညာချက်သည် ဘဏ်၏စရိတ်များ လျော့ချပြီး အမြတ်ငွေမြှင့်တင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ စီမံချက်များကို လုံးဝပြုပြင်ရန် စီမံ နေခြင်း၏ တစိတ်တပိုင်း ဖြစ်သည်။

                HSBC သည် အချို့ဈေးကွက်များတွင် လူများ ပိုမို ငှားရမ်းအသုံးပြုသော်လည်း၊ အမေရိကန်နှင့် ဥရောပ ကဲ့သို့သော ဈေးကွက်များတွင် ငွေကြေး ပြဿနာဖြစ်မှုများ ကို ဖြတ်တောက်လျက် ရှိသည်။

                တနင်္လာနေ့ က HSBC က ပြောကြားရာတွင် ၎င်းအနေဖြင့် 2013 ခုနှစ်အထိ အလုပ်အကိုင် နေရာ 30000 လျော့ချမည်ဟု ဆိုသည်။

မဟာဗျူဟာကို ပြန်လည်စဉ်းစား

                HSBC သည် အာရှနှင့် လက်တင်အမေရိကရှိ ၎င်း၏ စီးပွားရေးကို ပြန်လည် စဉ်းစားသုံးသပ်နေပါသည်။ အာရှ နှင့် လက်တင်အမေရိကသည် ၎င်း၏ ဖွံ့ဖြိုးပြီးသော ဈေးကွက်များထက်စာလျှင် ပို၍ ကြီးမားပြီး အရေးပါလာသောကြောင့် ဖြစ်သည်။

                “အမေရိကန်နှင့် ဥရောပရှိ ကြီးထွားမှုသည် ဆက်လက် နှေးကွေးနေဦးမည် ဖြစ်သည်။ အကြောင်းမှာ ကြွေးမြီ များပြားလာခြင်းနှင့် စီးပွားရေး လုပ်ငန်းများတွင် အစိုးရ ဘတ်ဂျက်ဖြတ်တောက်မှုကြောင့် သက်ရောက်မှုများ ရှိခြင်းကြောင့် ဖြစ်သည်” ဟု ဘဏ်၏ဝင်ငွေ အစီရင်ခံစာတွင် ဖော်ပြထား သည်။

                စီးပွားရေး ဖွံ့ဖြိုးပြီးသော နိုင်ငံများသည် ကြီးထွားမှု နှေးကွေးခြင်းနှင့် ကြွေးမြီ ပြဿနာများကြောင့် ခက်ခဲသော အချိန်များကို ရင်ဆိုင်ရလျက် ရှိသော်လည်း၊ တိုးတက်ဆဲ နိုင်ငံများသည် အားကောင်းစွာ ကြီးထွားလာသည်။

                ထိုအချက်သည် ကုမ္ပဏီများ၏ ဝင်ငွေအပေါ်တွင် သက်ရောက်မှုများ ရှိသည်။ HSBC ၏ အာရှ- ပစိဖိတ် လုပ်ငန်းများသည် ဇွန်လတွင် ကုန်ဆုံးသော ခြောက်လအတွင်း ပြီးခဲ့သည့် နှစ်ကထက်စာလျှင် အမြတ်ငွေ 25% မြင့်တက်လာပြီး၊ လက်တင်အမေရိကမှ ဝင်ငွေသည် 10% တက်လာ သည်ဟု ဘဏ်က ပြောသည်။

                HSBC က ပြောကြားရာတွင် အဆိုပါ အားကောင်းသော ကိန်းဂဏန်းများသည် ၎င်း၏ ငှားရမ်းအသုံးပြုရေး မဟာဗျူဟာကို ထောက်ခံ ပေး သည့် အခြေခံ အုတ်မြစ်ပင် ဖြစ်ကြောင်း၊ ထွက်ပေါ်လာသော စီးပွားရေး တိုးတက်နေသော နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက် ကြီးထွားမှု အတွက် အဓိကမောင်းနှင်အားများ ဖြစ်လာမည် ဖြစ်ကြောင်း ပြောခဲ့သည်။

                “ကြီးထွားလာနေတဲ့ ဈေးကွက်မှာ တစ်နှစ်ကို 3000၊ 4000၊ 5000 စသည်ဖြင့် တိုးပြီး ငှားရမ်း အသုံးပြုနိုင်တယ်ဆိုတာ လွယ်လွယ်လေးနဲ့ မြင်နိုင်ပါတယ်” ဟု HSBC ၏ CEO ဖြစ်သူ Stuart Gulliver က ပြောကြားခဲ့သည်။

*************************************************

မြောက်ကိုရီးယားက ဒုံးကျည်သစ် တီထွင်ကာ တရုတ်ရေတပ်က ပိုမိုလှုပ်ရှားလာကြောင်း ဂျပန်သတိပေး

(Associated Press မှ 1 Aug 2011 ရက်စွဲပါ “Japan: N Korea seeks New Missiles China Navy Active” သတင်းကို ဘာသာပြန်ဆိုသည်။)

                အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းအထိ ဝေးဝေးပစ်ခတ်နိုင်မည့် တာလတ်ပစ် ပဲ့ထိန်းဒုံးကျဉ်သစ် တစ်မျိုးကို မြောက်ကိုရီးယားက စမ်းသပ် လုပ်ကိုင်နေသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော ဂျပန်ကာကွယ်ဝန်ကြီးဌာန နှစ်စဉ်ထုတ် အစီရင်ခံစာက ဆိုသည်။

                ထို့အပြင် ဂျပန်နိုင်ငံသည် ၎င်း၏ ကမ်းခြေတစ်ဝိုက်ရေပြင်တွင် တရုတ်ရေတပ်ပို၍ လှုပ်ရှားလာခြင်းကို စိုးရိမ်ပူပန်နေပြီး ကမ်းခြေစောင့် ကာကွယ်ရေးတပ်အင်အားကို တိုးမြှင့်ရန် အစီအစဉ်များဆောင်ရွက်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

                မူဆူဒန်ဟုခေါ်သော မြောက်ကိုရီးယားဒုံးကျည်သည် ၁၉၉၀ ခုနှစ်များက ရရှိထားသော ရုရှား နည်းပညာပေါ်တွင် အခြေခံထားပြီး၊ ရွှေ့လျား ပစ်စင်မှ ပစ်လွှတ်ရန် ပုံစံထုတ်ထားသည်ဟု ဖော်ပြထားသော အင်္ဂါနေ့က ဂျပန်ကာကွယ်ရေးဌာနအစီရင်ခံစာတွင် ပထမဆုံးအကြိမ်အဖြစ် ဒုံးကျည် အမည်ကို ဖော်ပြထားသည်။

                ယင်းဒုံးကျည်သည် ခန့်မှန်းခြေအကွာအဝေးမိုင် ၁၅၀၀ မှ ၂၅၀၀ ကြား(ကီလိုမီတာ ၂၅၀၀ မှ ၄၀၀၀ ကြား) ပစ်ခတ်နိုင်ဖွယ်ရှိသည်ဟု အစီရင်ခံစာအရ သိရှိရသည်။ ဂူအမ်ကျွန်းသည် မြောက်ကိုရီးယားမှ မိုင် ၂၀၀၀ (ကီလိုမီတာ ၃၂၀၀) ကွာဝေးသည့် ယခုဒုံးကျည်သည် အမေရိကန် ပြည်ထောင်စု အနောက်ဖက်ကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ယုံကြည်ရသော တေပိုဒွန်-၂ ဒုံးကျည်၏ အကွာအဝေးကို မမှီသော်လည်း ဂျပန် အခြေစိုက် အမေရိကန်တပ်သား ၅၀၀၀၀ နှင့် ဂူအမ်းကျွန်းပေါ်မှ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များကို ဒုံးကျည်၏ ပစ်ခတ်နိုင်စွမ်း အကွာအဝေး အတွင်း ရောက်ရှိသွားစေလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။

                မြောက်ကိုရီးယားအစိုးရရဲ့ လျို့ဝှက်ဖုံးကွယ်တတ်တဲ့ သဘာဝကြောင့် သူတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို အတည်ပြုဖို့ အလွန်ခက်ခဲပါတယ်။ မြောက်ကိုရီးယားတွေရဲ့ ရွေ့လျားနဲ့ မြေအောက်ဒုံးကျည် ပစ်စင်တွေဟာ စောစီးစွာထောက်လှမ်းတွေ့ရှိဖို့ ပိုမိုခက်ခဲအောင် ရည်ရွယ်လုပ်ဆောင် ထားတယ်လို့ ယုံကြည်ရပါတယ်ဟု အဆိုပါအစီရင်ခံစာက ဆိုသည်။

                ဒုံးကျည်များ အသုံးပြုနိုင်မည့် အချိန်(သို့) အဆင်သင့်ဖြစ်နေခြင်းရှိ/မရှိ ကိုမူ အစီရင်ခံစာတွင် ဖော်ပြခြင်း မရှိပါ။ မြောက်ကိုရီးယားတို့ တာလတ်ပစ် ဒုံးကျည်သစ်တစ်မျိုးစမ်းသပ်နေခြင်းကို ကျွမ်းကျင်သူများက အချိန်ကြာမြင့်စွာကပင် မှန်းဆထားခဲ့ကြပြီး မူဆူဒန်ဟု ယုံကြည်ရသော ဒုံးကျည်ကို မနှစ်က အောက်တိုဘာ မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနားတွင် ပြသခဲ့သည်ဟု သိရှိရသည်။

                တရုတ်နှင့် သက်ဆိုင်သည့် စိုးရိမ်ပူပန်မှုများဂျပန်တွင် ဆက်လက်ကြီးထွားနေခြင်းမှာ ပစိဖိတ်သမုဒ္ဓရာနှင့် ဂျပန်ရေပြင်တွင် ပြုလုပ်နေသော စစ်ရေး လေ့ကျင့်ခန်းများကြောင့်ဖြစ်ပြီး တရုတ်စစ်တပ် လျှင်မြန်စွာ ခေတ်မီရေးအစီအစဉ်များသည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များသာ ဖြစ်ကြောင်း ကမ္ဘာက ယုံကြည်အောင် လုပ်နိုင်ခဲ့ခြင်း မရှိ၍ ပို၍စိုးရိမ်စရာဖြစ်လာရသည်ဟု အစီရင်ခံစာက တင်ပြထားသည်။

                ဂျပန်နိုင်ငံက တရုတ်ရေတပ်ကို အထူးသဖြင့် စိုးရိမ်နေခြင်းဖြစ်သည့် တရုတ်ရေတပ်ဟာ အရှေ့ တရုတ်ပင်လယ်၊ ပစိဖိတ်သမုဒ္ဓရာနဲ့ တောင်တရုတ် ပင်လယ်အပါအဝင် ဂျပန်ကို ဝိုင်းထားတဲ့ ရေပြင်တွေမှာ လေ့ကျင့်မှု၊ စစ်ဆင်မှုတွေကို ပုံမှန်လုပ်ဆောင်လာခြင်းကြောင့် ရေတပ်လှုပ်ရှားမှု အဝန်းအဝိုင်းကို ချဲ့ထွင်ရန် စီစဉ်နေသည်ဟု အစီရင်စာတွင် သုံးသပ်ထားသည်။

                သို့သော်လည်း ဂျပန်နိုင်ငံက ထိုင်ဝမ်နှင့် နီးသည့် အနောက်တောင်ဖက် ကမ်းခြေတစ်လျှောက်နှင့် တရုတ်ရေတပ် မကြာခဏအသုံးပြုနေသော ရေလမ်းကြောင်း တစ်လျှောက်ရှိ ရေဒါစွမ်းရည်နှင့် တပ်အင်အား ခိုင်မာတောင့်တင်းအောင် ပြုလုပ်နေသလို ရေငုပ်သင်္ဘောတပ်ဖွဲ့ကို အားဖြည့် နေခြင်းမှာ တရုတ်နိုင်ငံနှင့် ပတ်သက် ဆက်စပ်ခြင်းမရှိဟု အစီရင်ခံစာကဆိုသည်။

*********************************************

ထိုင်းပါလီမန်သစ် စတင်အသက်ဝင်၊ ဥက္ကဋ္ဌရာထူးရွေးကောက်တင်မြှောက်

(AFP သတင်းကို ဘာသာ ပြန်ဆိုသည်)

ရွေးကောက်ပွဲနောက်ပိုင်းအသစ် ပြန်လည်ဖွဲ့စည်းလိုက်သည့် ထိုင်းပါလီမန်လွှတ်တော်သည်  ဥက္ကဋ္ဌရာထူး ရွေးကောက်တင် မြှောက်ရန် သြဂုတ်လ ၂ ရက်နေ့မှစ၍ လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ရာ နိုင်ငံ၏ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်ဖြစ်လာမည့် ရင်လတ်ရှင်နာဝပ်ထရာအနေဖြင့် နိုင်ငံရေးအာဏာ ရယူနိုင်မည့်အဆင့်သို့ရောက်ရှိနေပြီဖြစ် ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ ပါလီမန်လွှတ်တော်သစ် စတင်ဖွင့်လှစ် ပြီး နောက်တစ်နေ့တွင် ဖြူးထိုင်းပါတီမှ ဆုန်မ်ဆတ်ကီဆာရန်နွန်းမှာ ပါလီမန်လွှတ်တော်ဥက္ကဋ္ဌအဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ၎င်းသည် ဖြူးထိုင်းပါတီမှ ၀န်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရန် စောင့်ဆိုင်းနေသည့် ပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်သူဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ အငယ်ဆုံးညီမဖြစ်သူ ရင်းလတ်မှာ ယခုရက် သတ္တပတ်အတွင်း ပါလီမန်တွင်မဲခွဲဆုံးဖြတ်ပြီး ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရဖွယ် ရှိသည်။ ဆုန်မ်ဆတ်ကီဆာရန်နွန်းက ၎င်းအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထိုင်းဘုရင်မင်းမြတ်က အတည်ပြုထောက်ခံမှုပြုပြီးနောက် ၀န်ကြီးချုပ် ရာထူး အတွက် ပါလီမန်တွင်း မဲခွဲရန်ဆင့်ခေါ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကကျင်းပသော ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော ရင်းလတ် ရှင်နာဝပ်ထရာ၏ ဖြူးထိုင်းပါတီက ပါတီခြောက်ခုပါ ညွန့်ပေါင်းဖွဲ့စည်းခဲ့ပြီဖြစ်ရာ အမတ်နေရာစုစုပေါင်း ၅၀၀ ရှိသည့် ပါလီမန်၏ ငါးပုံသုံးပုံကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ပါလီမန်ညီလာခံ မကျင်းပမီကာလ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ရင်းလတ်ရှင်နာဝပ်ထရာက “ကျွန်မ အနေနဲ့ လုပ်စရာရှိတဲ့ကိစ္စတွေ အားလုံးဖြစ်နိုင်ရင် အမြန်ဆုံး အဆုံးသတ်နိုင်အောင် လုပ်ချင်ပါတယ်။ အဲဒါမှ ရှေ့ဆက်ပြီး အလုပ်တွေကို ကောင်းကောင်း မွန်မွန် လုပ်နိုင်မှာပါ။ ကျွန်မတို့ဆီမှာ ပြီးပြတ်အောင်လုပ်ရမယ့် ကိစ္စတွေ၊ အလုပ်တွေ အများကြီးရှိပါတယ်” ဟု ဆိုသည်။

ယခုအခါ ပါလီမန်အမတ် ၅၀၀ အား ရွေးကောက်ပွဲ ကော်မရှင်မှ အရာရှိကြီးများက အတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

*************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs