Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၎.၈.၂၀၁၁

ဘာသာပြန်သတင်းများ

အိန္ဒိယသမုဒ္ဒရာ ကြမ်းပြင်တွင် သတ္တုရှာဖွေခွင့် တရုတ်ရရှိ

( 4 Aug 2011 ရက်စွဲပါ AFP ၏ China to explore Indian Ocean seabed : report ကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံသည် ၎င်း၏ လျင်မြန်စွာ ကြီးထွားလာသော စီးပွားရေးအတွက် လိုအပ်သော လောင်စာဆီ အရင်းအမြစ် ရရှိရန် ကမ္ဘာပတ်၍ ရှာဖွေ လျက်ရှိရာ အိန္ဒိယ သမုဒ္ဒရာ ၏ အစိတ်အပိုင်းတွင် သတ္တုများ ရှာဖွေရန်  အခွင့်ရရှိခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

နိုင်ငံတကာ ပင်လယ်ကြမ်းပြင်ဆိုင်ရာ အာဏာပိုင်အဖွဲ့သည် အိန္ဒိယသမုဒ္ဒရာ အနောက်တောင်အစွန်းတွင် poly metallic Sulphides များရှာဖွေရန် လျှောက်ထားမှုအား အတည်ပြုခဲ့သည် ဟု China Daily က ပြောသည်။ အဆိုပါ poly metallic Sulphides တွင် ကြေးနီ၊ သံ၊ ခဲ၊ ဇင့်၊ ရွှေ နှင့် ငွေများ များစွာ ပါဝင်သည်။

တရုတ်နိုင်ငံသည် အာဖရိက နှင့် အန္တာတိက ကြားတွင် ပိုင်းခြားထားသော သမုဒ္ဒရာတွင် လုပ်ခွင့်ရသော ပထမဆုံး နိုင်ငံဖြစ်ကြောင်း အစိုးရ နောက်ခံပြု China Ocean Minerals Resources Research and Development Association ( COMRRDA ) ကို ကိုးကား၍ The China Daily က ဆိုသည်။

“သမုဒ္ဒရာကြမ်းပြင် အနည်ထိုင်မှုတွေက ရတဲ့ သန့်စင်တဲ့ သတ္တုတွေဟာ တရုတ်ရဲ့ တိုးပြီးလိုအပ်နေတဲ့ သတ္တု လိုအပ်ချက်ကို အထောက်အကူပြု ဖြည့်ဆီးပေးနိုင်ပါလိမ့်မယ် ”ဟု COMRRDA မှ အထွေထွေအတွင်းရေးမှူး Jin Jiancai ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

တရုတ်သည် အဆိုပါဒေသတွင် စတုရန်း ကီလိုမီတာ တစ်သောင်း ( 3800 စတုရန်းမိုင် ) အကျယ်အဝန်း၌ ၁၅ နှစ်ကြာ သတ္တုရှာဖွေခွင့် ရပိုင်ခွင့် များ ရရှိမည်ဖြစ်သည်။ ကန်ထရိုက်စာချုပ်ကို နိုဝင်ဘာလတွင် ချုပ်ဆိုနိုင်မည်ဟု သတင်းက ဆိုသည်။

ကုလသမဂ္ဂ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော နိုင်ငံတကာ ပင်လယ်ကြမ်းပြင်ဆိုင်ရာ အာဏာပိုင်အဖွဲ့သည် တရုတ်၏ အဆိုပြုမှုကို ပြီးခဲ့သည့်လက အတည်ပြုပေးခဲ့ပြီး၊ ရုရှားနှင့် ပစိဖိတ်ကျွန်း နိုင်ငံများ ဖြစ်သော Nauru နှင့် Tango တို့ကိုလည်း အတည်ပြုမှုများ ပါဝင်သည်။

COMRRDA သည် ထိုသို့သော သဘောတူညီမှုမျိုး ကို ပစိဖိတ် အရှေ့မြောက် တွင် poly metallic nodules များ ရှာဖွေရန် ရရှိခဲ့ဘူးပါသည်။

ရှေးဟောင်း ပင်လယ်နဂါးအမည်မှ ပြောင်းထားသော ရေအောက်သွားသော Jiaolong သင်္ဘောသည် ပြီးခဲ့သည့်လက စမ်းသပ်မောင်းနှင်ရာ ပင်လယ်ရေအောက် 5057 မီတာ ( 16591 ပေ ) ထိ ရောက်ရှိခဲ့သည်ဟု အစိုးရ သမုဒ္ဒရာဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။

တရုတ်သည် ပြီးခဲ့သည့်နှစ်များအတွင်း ၎င်း၏ ကြီးထွားလာမှုနှင့် အတူ လိုအပ်လာသော ရေနံ၊ သတ္တုနှင့် အခြား သယံဇာတများကို အပူတပြင်း ရှာဖွေခဲ့သည်။ ၎င်း၏ ရေအောက်အစီအစဉ်များတွင် သိပ္ပံသုတေသနများ၊ ငြိမ်းချမ်းစွာ ရှာဖွေရေးနှင့် သဘာဝ သယံဇာတများ အသုံးပြုရေးများ အတွက် ရည်ရွယ်သည်။

သိပ္ပံပညာရှင်များက ပြောကြားရာတွင် သမုဒ္ဒရာကြမ်းပြင်တွင် တန်ဖိုးရှိသော သတ္တုများ ရှိနေနိုင်ကြောင်း၊ သို့သော် အနက်ပေ များသောကြောင့် ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်ယူရန် နည်းပညာ အခက်အခဲ များစွာ ရှိသည် ဟု ဆိုသည်။

*********************************************************************************************

ဆီးနိတ်က ပထမဆုံး မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ် အတည်ပြု

( 4 Aug 2011 ရက်စွဲပါ Taiwan News မှ Matthew Pennington ရေးသားသော Senate confirms 1st US Special envoy to Myanmar  ကို ဘာသာ ပြန်ဆိုသည်)

ဆီးနိတ်သည် အမည်စာရင်း တင်သွင်းထားသော ပထမဆုံး မြန်မာနိုင်ငံအတွက် အမေရိကန် အထူးကိုယ်စားလှယ်နှင့် အမတ်များက ကာလ ရှည်ကြာ ပိတ်ပင်ထားသော ဗီယက်နမ်နိုင်ငံအတွက် သံအမတ်ကြီးအသစ်တို့ နှစ်ဦးအား အတည်ပြု ပေးခဲ့ပါသည်။

အဆိုပါ ခန့်အပ်မှုနှစ်ခုအား ကွန်ဂရက် နွေရာသီ နားရက်မရောက်မီ အင်္ဂါနေ့ညနေပိုင်းက တညီတညွတ်တည်း မဲပေး အတည်ပြုခဲ့ကြသည်။ ၎င်းတို့သည် သမ္မတ Barack Obama ၏ အမေရိကန်က အရှေ့တောင်အာရှအပေါ် နက်ရှိုင်းစွာ ဆက်ဆံရေး မူဝါဒအတွက် အဓိကကျသည်။

မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းပေးမည့် Derek Mitchell သည် စစ်တပ်လွှမ်းမိုးသော အစိုးရနှင့် ထိတွေ့ဆက်ဆံ ရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အားပေးရန် ဝါရှင်တန်၏ ကြိုးပမ်းမှုများကို ဦးဆောင်မည် ဖြစ်သည်။

Mitchell သည် အာရှ- ပစိဖိတ်ရေးရာ အကြီးတန်း ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်ဟောင်းတစ်ဦး ဖြစ်သည်။ ယခု ရာထူးသည် သံအမတ် ရာထူးနှင့် အတူတူ ဖြစ်သည်။ 2008 ခုနှစ်က မြန်မာနိုင်ငံ အစိုးရအပေါ် အရေးယူမှုများ ပိုမို တင်းကြပ်သော ဥပဒေကြောင့် အဆိုပါနေရာမှာ လစ်လပ်နေခဲ့ သည်။

လွန်ခဲ့သော နှစ်နှစ်က Obama အစိုးရ သည် ပြောင်းလဲမှု လုပ်မပေးနိုင်သော မြန်မာနိုင်ငံအား အထီးကျန်ပြုရေး မူဝါဒကို ရပ်ဆိုင်းခဲ့သည်။ မြန်မာ နိုင်ငံအပေါ် ဆက်ဆံရေးမူဝါဒအရ အမေရိကန် အကြီးတန်း တာဝန်ရှိသူများသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မှုများ ပြုလုပ်ခဲ့သော်လည်း ရလာဒ် မကောင်းခဲ့ပေ။

မြန်မာနိုင်ငံ တွင် နှစ်ပေါင်း ( ၂၀ ) အတွင်း ပထမဆုံးအကြိမ်  ပြုလုပ်သော ရွေးကောက်ပွဲများအပြီးတွင် စစ်အစိုးရ တရားဝင် ရပ်နားသွားခဲ့ပြီး နောက်၊ အစိုးရသစ်တွင် စစ်တပ်က ချုပ်ကိုင်ထားပြီး၊ ခိုင်မာသော ပြောင်းလဲမှုများအတွက် ခြေလှမ်းအနည်းငယ်သာ လှမ်းနိုင်ခဲ့သည်။

Mitchell သည် ဝါရှင်တန် ဥာဏ်ကြီးရှင်အဖွဲ့အတွက်လည်း အလုပ်လုပ်ပေးခဲ့ပြီး အာရှနှင့် ပတ်သက်၍ ကျယ်ပြန့်သော အတွေ့အကြုံ ရှိသည်။ ၎င်းသည် မြန်မာနိုင်ငံအပေါ် ညှိနှိုင်းရေးတွင် ပိုမိုစုစည်းပြီး ရှင်းလင်းသော ချဉ်းကပ်မှုအတွက် အရှေ့တောင် အာရှနိုင်ငံများ၊ တရုတ်၊ အိန္ဒယနှင့် ဥရောပ အပါအဝင် နိုင်ငံတကာ ပါတနာများနှင့် ညှိနှိုင်းရှာဖွေသွားမည် ဖြစ်ကြောင်း၊ ဇွန်လကုန်က ၎င်း၏ ခန့်အပ်ရေး ကြားနာပွဲတွင် ပြောကြားခဲ့သည်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် ကန့်သတ်ထားမှုများအား ဖြေလျော့နိုင်ရန် အဓိက တောင်းဆိုထားမှုများမှာ နိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံများနှင့် ပြန်လည်ပေါင်းစည်းရေး ပြုလုပ်ရန် ဖြစ်သည်။

ဆီးနိတ်သည် အင်္ဂါနေ့က အမည်စာရင်း တင်သွင်းထားသော ဗီယက်နမ်နိုင်ငံအတွက် သံအမတ်နေရာအား David Shear အား အတည်ပြု ပေးခဲ့သည်။

*********************************************************************************************

မြန်မာနိုင်ငံ မှ စစ်အုပ်ချုပ်ရေး

(The American Sepectator မှ 2 Aug 2011 ရက်စွဲပါ Doug Bandow ၏ “Military Rule in Burma ” ကို ဘာသာ ပြန်ဆိုသည်)

ကမ္ဘာတွင် Burma ဟု လည်း ခေါ်ဝေါ်ကြသော မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသော ပြည်သူများသည် ရက်စက်ကြမ်းကြုပ်သော စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် ရာစုနှစ်ဝက်မျှ နေထိုင်ခဲ့ကြရသည်။ မြန်မာနိုင်ငံသည် ယခုအခါ ကိုးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (ခေါ်) မြောက်ကိုးရီးယားကဲ့သို့ များစွာ ငတ်မွတ်ခေါင်းပါးခြင်း ရှိပုံမရသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုသော တိုင်းရင်းသားအုပ်စုများစွာနှင့် ဖြစ်ပွားနေသော မဆုံးနိုင် သည့် စစ်ပွဲများ ပြင်းထန်နေပြီ ဖြစ်သည်။

မကြာသေးခင်ကအထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်ခဲ့သော တပ်မတော်အစိုးရခေါ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် မြို့ရွာအသီးသီးမှ ဒီမိုကရေစီ ထောက်ခံလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ပေးသည့် လူသားချင်း စာနာ သာ အကူအညီများကို နှောင့်နှေးစေခြင်း၊ အရှေ့ဖက်ကုန်းမြင့်ဒေသ အပါအဝင် တောင်တန်းပြည်နယ်နေ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်သား များကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် သူတို့ တပ်မတော်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပုံစံကို အကောင်အထည်ဖေါ် မြှင့်တင်ခဲ့သည်။ သူတို့၏ ဖိနှိပ်အုပ်ချုပ်မှုက မြန်မာပြည်သူများကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့သည်။

သို့သော်လည်း လူတိုင်း ဆင်းရဲနေကြသည်တော့ မဟုတ်ပေ။ အာဏာရှင်အစိုးရများ၏ ထုံးစံအတိုင်း အစိုးရအဖွဲ့ဝင်များ၊ သူတို့၏ မိသားစုဝင်များ၊ မိတ်ဆွေရောင်းရင်းများမှာမူ နိုင်ငံရေးအာဏာမှတစ်ဆင့် ကြီးမားစွာ အမြတ်ထွက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီးယူ၏ အရေးယူ ပိတ်ဆို့မှု များသည် မြန်မာအစိုးရ၏ ဘဏ္ဍာရေး လုပ်ငန်း နှောင့်နှေးစေရုံမျှသာ တတ်နိုင်ကြသည်။

စိတ်မကောင်းစရာမှာ အထက်ပါ အရေးယူ ပိတ်ဆို့မှုများသည် ဒီမိုကရေစီကို အားပေးမြင့်တင်နိုင်ခြင်း(သို့) မြန်မာပြည်သူများ၏ အခြေအနေကို တိုးတက်စေခြင်း လုံးဝမရှိဘဲ၊ မြန်မာ အုပ်ချုပ်သူအလွှာကို နှောက်ယှက်ရုံမျှသာ တတ်နိုင်ကြခြင်း ဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် အခြား အာရှနိုင်ငံများက မြန်မာဈေးကွက်အတွင်း လှုပ်ရှားလျက် ရှိနေခြင်းကြောင့် ဦးသန်းရွှေနှင့် အသိုင်းအဝိုင်း ( Shwe & Co )အတွက် သူတို့ မတရားရှာဖွေထားသော ဓနဥစ္စာ များဖြင့် သွားလာ သုံးဖြုန်းရန် အခွင့်အလမ်း လျော့ပါးသွားခြင်း မရှိပေ။

သို့သော်လည်း “ရွှေတို့ အစိုးရ” က အနောက်နိုင်ငံများထံမှ အသိအမှတ်ပြုမှုနှင့် ပိုက်ဆံကိုပါ လိုချင်ပြန်သောကြောင့် ပြီးခဲ့သောနှစ်တွင် စစ်အုပ် ချုပ်ရေးကို အဆုံးသတ်မည်ဟု ‘ရွှေ’က ကြေညာခဲ့သည်။ တပ်မတော်မှ ဗိုလ်ချုပ်များစွာကို နှုတ်ထွက်စေခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကို ကျင်းပ ပေးကာ နိုင်ငံခြားမှ လက်ခုတ်သံကို မျှော်လေသည်။ အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြည်တွင်း ဒီမိုကရေစီလှုပ်ရှားသူများက ပြောင်းလဲမှုအတွက် ရှေ့ပြေးလက္ခဏာအဖြစ် မျှော်လင့်ခဲ့ကြသလို နိုင်ငံခြားမှ လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း ပြုပြင် ပြောင်းလဲခြင်း စတင်မှုကို အစပျိုးတော့မည် ဟု မျှော်လင့်ခဲ့ကြသည်။

တကယ်တော့ ဘာမှ ဖြစ်မလာပါ။ လွတ်လပ်သော ရွေးကောက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ၏ အောင်ပွဲကို မိုက်မဲစွာ ခွင့်ပြုမိခဲ့သည့် ၁၉၉၀ ခုနှစ် ဖြစ်ရပ်ကို တပ်မတော်အစိုးရက ကေးနဝဋ်ပုဏ္ဏား၏ နဖူးမှအမာရွတ်ကဲ့သို့ သင်ခန်းစာ ယူခဲ့ပြီးဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲကို တရားမဝင်ကြောင်း ကြေညာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ သူမ၏ပါတီကို နှိပ်ကွပ်စသဖြင့် လုပ်ဆောင်ခဲ့ရသောကြောင့် ပြည်တွင်းတွင် သွေးမြေကျကာ နိုင်ငံတကာ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။

သို့ဖြစ်၍ ဤတစ်ကြိမ်တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်ကို သွတ်သွင်းရန် “ ရွှေတို့ အစိုးရ ” က ဆုံးဖြတ်သည်။ “ရွှေတို့ အစိုးရ” က သူတို့ အသာစီးရစေမည့် အခြေခံဥပဒေကို ရေးသားကာ ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်း ပီးနောက်တွင် ရွေးကောက်ပွဲအတု ကျင်းပကာ ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ Human Rights Watch က ဦးသိန်းစိန်ကို “ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အဆိုးဝါးဆုံး အမှောင် ကာလများတွင် အခွင့်အာဏာရှိသော ရာထူးများကို ထမ်းဆောင်ရာ၌ သန့်ရှင်းသော သမိုင်းကြောင်းရှိသည့် ကြမ်းကြုပ်မှု မရှိသော သစ္စာခံတစ်ဦး ” ဟု ခေါ်ဝေါ်ခံခဲ့ရသည်။ လွန်ခဲ့သော ၄ နှစ်က မြန်မာနိုင်ငံ လမ်းများပေါ်၌ ဆန္ဒပြသူများ အသတ်ခံရချိန်တွင် ဦးသိန်းစိန်သည် ဝန်ကြီးချုပ် တာဝန်ယူထားသူ ဖြစ်သည်။

တပ်မတော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာများစွာ ရယူခြင်းဖြင့်လည်း သူ့ဟာသူ သေချာအောင် လုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန္တရာယ်အရှိဆုံး အတိုက်အခံများ ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ခြင်း၊ မဲဆွယ်ရာတွင် အစိုးရကို မဝေဖန်ရန်တားမြစ်ခြင်း၊ မဲရေတွက်ခြင်းကို အစိုးရလက်ထဲတွင်ထားခြင်း စသဖြင့် ဘက်စုံ၊ ထောင့်စုံ၊ မီးကုန်၊ ယမ်းကုန်၊ အာဏာကုန် ကြိုးပမ်းပြီးနောက်တွင် တပ်မတော် အရာရှိ ဟောင်းများဖြင့် ဖြည့်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲတွင် အောင်ပွဲခံ သွားလေတော့သည်။

ထိုစဉ်ကပင် မြန်မာအစိုးရက မြို့ပေါ်မှ ဒီမိုကရေစီ လှုပ်ရှားသူများကို ထောင်ချခြင်း၊ ကျေးလက်ဒေသများသို့ မသွားနိုင်အောင်ထိန်းချုပ်ခြင်း၊ ဝေးလံသော အရှေ့ဖက် တောင်တန်းဒေသမှ အရပ်သားများနှင့် တော်လှန်ရေးသမားများကို သတ်ဖြတ်ခြင်းတို့ကို အဆက်မပြတ် ပြုလုပ်ခဲ့သည်။ မြန်မာ နိုင်ငံသား တစ်သိန်းကျော် ထိုင်းနိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရပြီး ပြည်တွင်း၌ လူပေါင်း သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ နေစရာမရှိ ဖြစ်ကြရ သည်။ မြန်မာနိုင်ငံ အရှေ့ဖက် တောင်ကုန်းများတွင် မြေမြှပ်မိုင်းများဖြင့် ပြည့်နေကာ တန်ဖိုးရှိသော လူသားတို့၏ အသက်ဆုံးရှုံးမှုများ၊ ထိခိုက် ဒဏ်ရာရမှု များကို ဖြစ်ပေါ်စေခဲ့သည်။ အာဏာရ မြန်မာတပ်မတော် အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှု မူဝါဒကြောင့်  မိဘမဲ့ ဖြစ်ရသော မြန်မာနိုင်ငံမှ ကလေးသူငယ်များ၏ ဇတ်လမ်းများမှာ ရင်နာစရာ ကောင်းလှပေသည်။

ယခုအခါ နိုင်ငံရေး အကျဉ်းသား ၁၁၀ ခန့် လွှတ်လာသော်ငြားလည်း အသစ်ထပ်မံ ဖမ်းဆီးမှုများရှိနေပြီး အကျဉ်းထောင်များထဲ၌ လက်ရှိ ခန့်မှန်း ခြေ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့် ရှိနေရာ လွန်ခဲ့သော ၄ နှစ်ကထက် ၂ ဆ များလာခြင်း ဖြစ်သည်။ အစိုးရက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီး၊  ပြီးခဲ့သော အပတ်က အစိုးရဝန်ကြီးတစ်ဦးနှင့် သူမ တွေ့ဆုံခဲ့သော်ငြားလည်း သူမသည် နိုင်ငံရေးတွင် ပါဝင်ခွင့် မရအောင် တားမြစ်ခံထားရဆဲ ဖြစ်ပြီး သူမ၏ပါတီ ဖျက်သိမ်းခံထားရသလို သူမ၏ အမာခံအင်အားစု များစွာမှာလည်း အကျဉ်းထောင် သံတိုင်များ၏ နောက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့အပြင်ဖက်သို့ သူမ စည်းရုံးရေးခရီး ထွက်ပါက အကြမ်းဖက်မှု အဓိကရုဏ်းများ ဖြစ်လာနိုင်သည်ဟု အစိုးရက မသွယ် မဝိုက် ဗြောင်ကျကျ ခြိမ်းခြောက်ထားပြန်ပါသည်။ ၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးသွားယာဉ်တန်းကို တပ်မတော် စည်းရုံးလှုပ်ရှား ထားသော လူအုပ် က တိုက်ခိုက်ကာ သူမအား ထောက်ခံသူ ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ရာ သူမကိုယ်တိုင် အသက်အန္တရာယ် ထိခိုက်လုနီးပါး ဖြစ်ခဲ့ရသည်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အစိုးရက ရှက်စရာ ကောင်းလောက်အောင် ရက်စက်ကြမ်းကြုပ်စွာ တုန့်ပြန်ခဲ့သည်။ ထိုစဉ်က ဆန္ဒပြသူများမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသလို အစိုးရက လှုပ်ရှားသူများကို ဖမ်းဆီးရာတွင် မြန်မာလူ့အဖွဲ့အစည်းက ကြည်ညို လေးစားသော သံဃာတော်များကိုပင် ရိုက်နှက် ဖမ်းဆီးခဲ့ကြသည်။ ယခုအခါ သံဃာတော်များ၏ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး တရားပွဲများကိုလည်း စီစစ်ပိတ်ပင်ထားသည်။

ယခင် SPDC အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အများစုနှင့် အပစ်ရပ်ရန် သဘောတူ ထားခဲ့သော်လည်း နိုဝင်ဘာ ရွေးကောက်ပွဲမျအပြီး အချိန်တို အတွင်းမှာပင် ကရင်ပြည်နယ်တွင် စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ အရပ်ဖက် အစိုးရသစ်ကလည်း ယခုနှစ် အစောပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းမှ ရှမ်းလက်နက်ကိုင် တပ်များကို တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးကြရသည်။

ဇန်နဝါရီလတွင်မူ လူ့အခွင့်အရေး ကောင်စီ၏ နှစ်စဉ် သုံးသပ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံအကြောင်း ပါဝင်လာခဲ့သည်။ အာဏာရှင် အစိုးရ များစွာ ပါဝင်ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးကောင်စီသည် မြင့်မြတ်စွာ ခွင့်လွှတ်တတ်သော အဖွဲ့တစ်ခု ဖြစ်ဟန်တူသည်။ ယင်း၏ အစီရင်ခံစာ သုံးသပ် ချက်တွင် မြန်မာတပ်မတော် အစိုးရသည် အမှတ်ကောင်းကောင်းရထာပြီး လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ ဆင်ဆာဖြတ်သော မီဒီယာ မရှိကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း၊ တိုင်းရင်းသား အုပ်စုများကိုလည်း မတိုက်ခိုက်ကြောင်း ဖေါ်ပြထားသည်။ Human Rights Watch မှ David Scott Mathieson က ယင်း အစီရင်ခံစာကို “ ဟားတိုက် ရယ်စရာ ကောင်းသည့် အလယ်အတွင်းသားကို လုံးဝ ဖုံးကွယ်ထားသော မဟုတ်တမ်း တရား ကာကွယ်ပြောဆိုမှု ” ဟု ခေါ်ဝေါ် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ရှေ့ရေးအတွက် တာဝန်ရှိကြသူများသည် ယူနီဖောင်းချွတ်ကာ အရပ်ဝတ်လဲရုံသာ ပြောင်းလဲခဲ့ပြီး အခြားဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်၏ အမျိုးသား ပြန်လည် စေ့စပ်ပေါင်းစည်းရေး အစီအစဉ်သစ်သည်လည်း တပ်မတော်သြဇာ စိုးမိုးရေး ပုံစံသစ်တစ်ခုသာလျှင် ဖြစ်ပေသည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု နတ္တိဖြစ်နေခြင်းကို စိတ်ပျက်လက်ပျက် ဖြစ်လာသော ဝါရှင်တန် မြန်မာသံရုံးမှ ဝါရင့် သံအရာရှိ နှစ်ဦးမှာ ယခင်လက နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ကြသည်။

စိတ်မကောင်းစရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်နိုင်သည့်အရာ အနည်းငယ်သာ ရှိနေခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားသော်လည်း ထိရောက်မှု အနည်းငယ်မျှသာ ရှိသည်။ မြန်မာတပ်မတော် အစိုးရကို အစဉ်အလာအရ ကာကွယ်ပေးနေသည့် နိုင်ငံ အနည်းငယ်သာ ရှိသော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးခြင်း တိုင်းပြည်များသည် ကျွန်းသစ်နှင့် အခြား သယံဇာတများမှ အကျိုး ဖြစ်ထွန်းနေကြသည်။ တရုတ်နိုင်ငံက ပထဝီနိုင်ငံရေး ခြေကုတ်ရရန် ကြိုးစားနေသလို အိန္ဒိယကလည်း နောက်ကလိုက်၍ ကြိုးပမ်းနေသည်။ အာဆီယံ နိုင်ငံများကလည်း ရန်ကုန်မြို့တော်၏ အကောင်းဆုံး အချိန်များကို အိမ်မက် မက်နေကြသော်လည်း လက်တွေ့ ဘာမှမလှုပ်ရှားကြပါ။ အမှန်တကယ်၌ မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံ၏ ဥက္ကဋ္ဌ လုပ်ရန်ပင် စိတ်ကူးနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများကို အနောက်ကမ္ဘာနှင့် ပိုမိုထိတွေ့ရန် ဖွင့်လှစ်သည့် အလားအလာတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသော်လည်း ယခု အချိန်အထိ မြန်မာအစိုးရက ထိရောက်သော ပြုပြင်ပြောင်းလဲမှု မှန်သမျှကို ငြင်းပယ်လျက် ရှိသည်။ နိုင်ငံတကာကို အကောင်းဆုံး ပြသနိုင်မည့် တစ်ခုထဲ သော လုပ်ရပ်ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကိစ္စကိုလည်း မျက်စိစုံမှိတ် ဘူးကွယ်လျက် ရှိသည်။ ဦးသန်းရွှေ မရှိတော့လျင် ပြုပြင် ပြောင်းလဲမှု ပေါ်ထွက်လာနိုင်စရာ ရှိသော်လည်း အနှစ် ၅၀ သက်တမ်းအတွင်း အာဏာရှင် တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် နေသည့် ဖြစ်ရပ် ကိုသာ တွေ့နေ ရသည်။ မြန်မာ “ ဂေါ်ဘာချက်ဗ် ” ယခုတိုင် ပေါ်ထွက် မလာသေးခြင်းသည် ဝမ်းနည်းစရာပင်။

*********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၎.၈.၂၀၁၁

ပြည်တွင်းသတင်းများ

ရန်ကုန်လေကြောင်းလိုင်း ပြန်ပြေးမည်

ရန်ကုန်၊ သြဂုတ် ၃။

ယမန်နှစ် ဒီဇင်ဘာကတည်းက ရပ်နားထားသော ရန်ကုန်လေကြောင်းလိုင်းကို လာမည့်ခရီးသွားရာသီအမီ ပြေးဆွဲရန် စီစဉ်နေကြောင်း စုံစမ်း သိရသည်။

ထိုသို့ ပြန်လည်ပြေးဆွဲရန်အတွက် လေယာဉ်ပျံသန်းခွင့် အသိအမှတ်ပြုလက်မှတ်ကို မြန်မာနိုင်ငံလေကြောင်း ဦးစီးဌာနသို့ လျှောက်ထားဆဲ ဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည် ပျံသန်းမည်ကို မသိရှိသေးကြောင်း ရန်ကုန်လေကြောင်းလိုင်း ရန်ကုန်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြည်တွင်း လေကြောင်းလိုင်းပြန်လည်ပြေးဆွဲရန်အတွက် လေယာဉ်မယ်များကို အမြန်လျှောက်ထားရန် ခေါ်ယူလျက်ရှိပြီး သြဂုတ်လ ၂၄ ရက်   နေ့အမီ လျှောက်ထားရန် ဖြစ်ကြောင်း ရန်ကုန်လေကြောင်းလိုင်း၏ အလုပ်ခေါ်ကြော်ငြာချက်တွင် ဖော်ပြထားသည်။

ရန်ကုန်လေကြောင်းလိုင်းကို လေယာဉ်ပျံသန်းခွင့် အသိအမှတ်ပြုလက်မှတ် (AOC) သက်တမ်းတိုးခွင့် မရှိသဖြင့် ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက် တွင် ရပ်နားခဲ့ရသည်။

AOC ဆိုသည်မှာ လေကြောင်းလိုင်းများကို သက်ဆိုင်ရာနိုင်ငံ လေကြောင်းအာဏာပိုင်များက  အကျိုးအမြတ်အလို့ငှာ ပျံသန်းခွင့် ထုတ်ပေး   ထားသော လက်မှတ်ဖြစ်သည်။

ထိုသို့ပြန်လည်ပြေးဆွဲရန် စီစဉ်ခြင်းသည် အခုလတ်တလော လေကြောင်းလိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သဖြင့် အလားအလာ ကောင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုသည်။

“လာမယ့် ခရီးသွားရာသီအမီ ပြေးဆွဲသင့်ပါတယ်”ဟု ရန်ကုန်အခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောကြားသည်။

ရန်ကုန်လေကြောင်းလိုင်းကို ၁၉၉၆ ခုနှစ်တွင် နိုင်ငံပိုင် မြန်မာ့လေကြောင်းနှင့် ထိုင်းခရွန်ဆွမ်ဘတ် ကုမ္ပဏီတို့ ဖက်ဆပ်စတင်ထူထောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် မေဖလားဝါးဘဏ်အုပ်စုမှ ထိုင်းကုမ္ပဏီ အစုရှယ်ယာများကို ၀ယ်ယူခဲ့သည်။

ယခု အချိန်တွင် ယင်းလေကြောင်းလိုင်းကို မက်စ်မြန်မာ လုပ်ငန်းအုပ်စုက ပိုင်ဆိုင်သည်ဟုဆိုသော်လည်း အထက်ပါသတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း ‘၀’  တိုင်းရင်းသား လုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်ထားခြင်းဖြစ်ကြောင်း လေကြောင်းလက်မှတ် အရောင်းကိုယ်စားလှယ်အသိုင်း အ၀န်းထံမှ သိရသည်။

TH

-----------------------------------------------------------------------------------------------------------------------------------

ACU စနစ်အသုံးပြု၍ ကုန်သွယ်မှု ငွေပေးချေဆောင်ရွက်မည်

အာရှနိုင်ငံ အချင်းချင်း ကုန်သွယ်မှုပြုလုပ်ရာတွင် ရရန်နှင့် ပေးရန် ရှိသည်များကို လျှင်မြန်လွယ်ကူစွာနှင့် ပေးချေနိုင်ရန် မြန်မာအပါအဝင် အဖွဲ့ဝင် ကိုးနိုင်ငံမှ ဗပာိုဘဏ်များနှင့် ဖွဲ့စည်းထားသည့် အာရှငွေစာရင်းရှင်းလင်းရေးအဖွဲ့ (Asian Clearning Union) စနစ်ဖြင့် ကုန်သွယ်မှု ငွေပေးချေမှုများကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ACU စနစ်အသုံးပြု၍ ကုန်သွယ်မှုငွေပေးချေခြင်းဖြင့် အာရှနိုင်ငံများအကြား ကုန်သွယ်မှုလုပ်ငန်းများတွင် အတားအဆီးဖြစ်သည့် ကိစ္စရပ်    များကို အလျင်မြန်ဆုံး ကျော်လွှားနိုင်မှာဖြစ်သည့်အပြင် နိုင်ငံခြားသုံးငွေ ခြွေတာခြင်း လုပ်ငန်းစဉ်များကိုလည်း ကျဆင်းသွားစေနိုင်မည် ဖြစ်ကြောင်း ဗပိာုဘဏ်က တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ACU စနစ်အား ကြားခံအဖြစ်ထား၍ စီးပွားရေးပိတ်ဆို့မှုများကို ကျော်ဖြတ်နိုင်ရန် အဆင့်ပို ငွေကြေး၊ အသုံးစရိတ်များကိုလည်း သက်သာ စေနိုင်မည့် အကျိုးကျေးဇူးများ ရရှိစေနိုင်မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အာရှငွေစာရင်းရှင်းလင်းရေးအဖွဲ့(Asian Clearning Union) ကို ၁၉၇၄ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများမှာ အိန္ဒိယ၊ အီရန်၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ဘူတန် နှင့် မော်လဒိုက် အဖွဲ့ဝင် နိုင်ငံ ကိုးနိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

၎င်း ACU စနစ်ကို အသုံးပြုခြင်းဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲများကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုပ်ငန်းဆိုင်ရာ အရှုံးပေါ်မှုများ ကိုလည်း လျော့နည်းသွားစေနိုင်ကြောင်း ဘဏ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ နိုင်ငံတကာ ကုန်သွယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် ဒေါ်လာကိုသာ အသုံးပြုသည့်အတွက် စီးပွားရေးနယ်ပယ်မှာ ကျဉ်းမြောင်း လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ACU စနစ်ကိုအသုံးပြု၍ ဒေါ်လာအစား ယူရိုပြောင်းသုံးသင့်ကြောင်း ပြည်တွင်းစီးပွားရေးပညာရှင်တစ်ဦးက သုံးသပ် ခဲ့သည်။

အာရှ၌ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ် စသည့်နိုင်ငံများတွင် ဒေါ်လာကိုသာ အသုံးပြုမှု များပြားသော်လည်း ကိုရီးယား၊ ဂျပန်၊ တရုတ် နိုင်ငံ များတွင်မူ ယူရိုငွေကြေးကိုသာ ကုန်သွယ်မှုပြုလုပ်ရာတွင် အသုံးပြုလေ့ရှိကြကြောင်း သိရသည်။

၎င်း အဖွဲ့အစည်းကို အာရှဗပိာုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့(ACU) ကို ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မရှင်အဖွဲ့မှ ကမကထပြုလုပ်၍ ဖွဲ့စည်းတည်ထောင်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

                                                                REF: Myanmar Post(Global)၊ Myanmar Time

-----------------------------------------------------------------------------------------------------------------------------------

အိမ်ရာအချို့ အိုးအိမ်ဌာနမှ လွှဲပြောင်းခြင်းမရှိမှု စည်ပင်ဥပဒေနှင့် အရေးယူရန် ခက်ခဲနေဆဲ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာအချို့အား မြို့ရွာနှင့် အိုးအိမ်ဌာနမှ စည်ပင်သို့ လွှဲပြောင်းခြင်း မပြုသေးသည့်အတွက် စည်ပင်မှ တရားမဝင်အိမ်ရာ တိုးချဲ့ ဆောက်လုပ်နေသူများကို အရေးယူနိုင်ရန်ခက်ခဲလျက် ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း လှိုင်မြို့နယ်အတွင်းရှိ မြေညီထပ်တစ်ခုတွင် တရားမဝင် အဆောက်အအုံတိုးချဲ့ ဆောက်လုပ်     သည့်အတွက် သက်ဆိုင်ရာမှ ဖျက်သိမ်းပေးရန် တိုးချဲ့ဆောက်လုပ်သူများအား အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း ဖျက်သိမ်းခြင်း မပြုခဲ့ကြောင်း သိရ သည်။ ၎င်းကိစ္စရပ်နှင့် ပတ်သက်၍ စည်ပင်မှ ဥပဒေဖြင့် အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း တိုးချဲ့ဆောက်လုပ်သည့် အဆောက်အအုံ နယ်မြေမှာ စည်ပင်ပိုင်နယ်မြေ မပာုတ်ဘဲ မြို့ရွာနှင့် အိုးအိမ်ဌာန ပိုင်နယ်မြေများဖြစ်သည့်အတွက် စည်ပင်အနေနှင့် အရေးယူရန် အခက်အခဲ တွေ့ခဲ့ရ ကြောင်း သိရသည်။

ထို့ပြင် လက်ရှိ စည်ပင်မှ ကျင့်သုံးနေသည့် ပြစ်ဒဏ်များမှာ နည်းပါးပြီး ပြည်သူများမှာ လိုက်နာမှုမရှိပဲ စည်းကမ်း ဥပဒေ ချိုးဖောက်မှုများ ရှိနေသေး သည့်အတွက် စည်ပင်မှ ကျင့်သုံးလျက်ရှိသည့် နည်းဥပဒေအချို့ကို ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

စည်ပင်မှ အဓိက ပြုပြင်ပြောင်းလဲပြင်ဆင်မည့် ဥပဒေမှာ  အများပြည်သူပိုင် ပလက်ဖောင်းများပေါ်တွင် အခိုင်အမာအဆောက်အအုံ ဆောက်   လုပ်ခြင်းနှင့် ပတ်သက်၍ ငွေဒဏ်ပေးဆောင်ရန် သတ်မှတ်ထားမှုမှာ နည်းပါးပြီး ပြည်သူများ လိုက်နာမှုမရှိသည့်အတွက် ၎င်းဥပဒေရှိငွေဒဏ်ကို တိုးမြှင့် သတ်မှတ်နိုင်၍ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပြည်သူများလိုက်နာရမည့် နည်းဥပဒေများကို ၁၉၉၀ ပြည့်နှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး လက်ရှိကျင့် သုံးနေသည့် ငွေဒဏ်နှင့် ထောင်ဒဏ်များမှာ နည်းပါးသည့်အတွက် ပြည်သူများ လိုက်နာမှု မရှိသည့်အတွက် စည်ပင်နည်းဥပဒေများ ကိုပြောင်းလဲပြင်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။

                                                                                                    REF: Popular News

 -----------------------------------------------------------------------------------------------------------------------------------

လမ်း၊ တံတားကြေးကောက်ခံသည့် ကုမ္ပဏီအချို့ လုပ်ငန်းပြန်အပ်ရန် စဉ်းစား

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသော နှုန်းထားအတိုင်း ကောက်ခံနိုင်ခြင်းမရှိသဖြင့် လုပ်ငန်းပြန်လည်အပ်လိုသည့် ကုမ္ပဏီ အချို့ ရှိနေကြောင်း သိရသည်။

ယခုနှစ် ဇွန်လတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသော နှုန်းထားအတိုင်း ကောက်ခံခြင်းမရှိသည့် လုပ်ငန်းရှင်များကို အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် လေလံရလုပ်ငန်းရှင် အချို့သည် တရားဝင်သတ်မှတ်ထားသော နှုန်းထားအတိုင်း ကောက်ခံရမည်ဆိုပါက တွက်ခြေ မကိုက်သည့်အတွက် စပေါ်ငွေ အဆုံးခံကာ လုပ်ငန်းပြန်လည်အပ်နှံရန် စီစဉ်နေခြင်းများရှိကြောင်း မန္တလေး-မိုးကုတ်လမ်းပိုင်း လုပ်ကိုင်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ သတ်မှတ်ထားသော လမ်း၊ တံတား ကောက်ခံမှုနှုန်းထားများသည် ၁၉၉၇ ခုနှစ်တွင် သတ်မှတ်ခဲ့သော နှုန်း ထားများ ဖြစ်သောကြောင့် တွက်ခြေမကိုက်ကြောင်း အထက်ပါပုဂ္ဂိုလ်မှ ပြောကြားသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ဖောက်လုပ်ခဲ့ သည့် လမ်းမိုင်မှာ ၂၂၃၀၆ မိုင် ၅ ဖာလုံ ရှိပြီး ၅၁၇၆ မိုင် ၄ ဖာလုံကို B.O.T စနစ်ဖြင့် ကုမ္ပဏီ ၃၇ ခုကို လုပ်ကိုင်ခွင့်ပေးထားကြောင်း သိရသည်။

                                                                                                                Ref: Bi Weekly Eleven

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NDF ပါတီမှ တောင်ဒဂုံ ပါတီဝင် ၄၂ ယောက်နှုတ်ထွက်

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)၏ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် ပါတီဝင် ၄၂ ဦးသည် သြဂုတ်လ ၂ ရက်နေ့က ပါတီဌာနချုပ်သို့ ပါတီကဒ်များနှင့် နှုတ်ထွက်လွှာများကို ပူးတွဲပို့လိုက်ကြောင်း ယင်းပါတီဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တောင်ဒဂုံမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီး၊ စည်းရုံးရေးကော်မတီဥက္ကဌ ဦးကျော်ဇေယျာဝင်း စည်းရုံးထားသော နယ်မြေဖြစ်ပြီး၊ ဦးကျော် ဇေယျာဝင်းအား ယနေ့အချိန်ထိ ဆက်သွယ်နိုင်ခြင်း မရှိကြောင်း၊ လုပ်ထုံးလုပ်နည်းများအရ နှုတ်ထွက်လွှာများအား သက်ဆိုင်ရာ တိုင်းဒေသကြီး စည်းရုံးရေး ကော်မတီများကို ပို့ဆောင်ရမည်ဖြစ်ကာ၊ ယခုကဲ့သို့ ပါတီဌာနချုပ်သို့ တိုက်ရိုက် ပို့ဆောင်ခြင်းသည် ယင်းပါတီ၏ စည်းရုံးရေးအနေအထား အားနည်းနေသည်ကို ညွှန်ပြ ကြောင်း နိုင်ငံရေးပါတီများ စောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏၊ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ဒီကိစ္စက ခေါင်းဆောင် တစ်ယောက် မရှိဘဲ၊ မဖြစ်နိုင်တဲ့ ကိစ္စရပ်ပါ”ဟု ဆိုသည်။

NDF ပါတီမှ ခွဲထွက်သွားသည့် ဦးသိန်းညွှန့်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှာလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဒဂုံ ဆိပ်ကမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအား ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

နိုင်ငံရေးပါတီများနှင့် နီးစပ်သူတစ်ဦးက “ကိုကျော်ဇေယျာဝင်း ပါတီကို ခွင့်မတိုင်ဘဲ၊ နိုင်ငံခြား ခရီးထွက်သွားတဲ့ အချိန်မှာ သူစည်းရုံးထားတဲ့ နယ်မြေက ပါတီဝင်တွေ အစုလိုက်၊ အပြုံလိုက် နှုတ်ထွက်သွားတာ နောက်ကွယ်က စေခိုင်းတဲ့သူ တစ်ယောက်တော့ ရှိနိုင်တယ်။ ဦးသိန်းညွှန့်တို့ ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ ဒဂုံဆိပ်ကမ်းမှာ ဝင်ပြိုင်ဖို့ စည်းရုံးရေးဆင်းနေတာတွေလည်း ရှိတယ်။ ဒီလိုဖြစ်တာတွေ များနေရင် NDF ရဲ့စည်းရုံးရေး အနေ အထားကို ထိခိုက်နိုင်ပြီး ကြား ဖြတ်ရွေးကောက်ပွဲမှာ မျက်နှာပန်း မလှနိုင်ဘူး”ဟု ဆိုသည်။

ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ နေရာ ၂၀ ပြိုင်ရန် လျာထားကြောင်း သိရပြီး ဦးသိန်းညွှန့်ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီပါတီသစ်မှ ဒဂုံဆိပ်ကမ်းတွင် တစ်နေရာ၊ ကမာရွတ်တွင် တစ်နေရာ လျာထားကြောင်း သိရှိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မန္တလေးအခြေစိုက် ပြည်သူ့ဒီမိုကရေစီပါတီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် လျှောက်ထား

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် ရုံးချုပ်တည်ရှိသော ပြည်သူ့ဒီမိုကရေစီပါတီ (People Demo cracy Party) သည် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ သြဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားခဲ့ကြောင်း သြဂုတ်လ ၄ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

မန္တလေးအခြေစိုက် ပြည်သူ့ဒီမိုကရေစီပါတီကို မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ရေသန့်ရပ် အမှတ်(၃၉/ခ) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် သြဂုတ်လ ၃ ရက်နေ့က ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြကာ လျှောက်ထားခဲ့ကြောင်း သိရသည်။

ပြည်သူ့ဒီမိုကရေစီပါတီမှ မှတ်ပုံတင် လျှောက်ထားမှုနှင့်ပတ်သတ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ ၁၄(ဃ)အရ အဆိုပါ ပါတီမှ အသုံးပြုမည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက သြဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ ခိုင်လုံသော အထောက်အထားများဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက်ကန့်ကွက်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

သမ္မတအကြံပေးအဖွဲ့ ခေါင်းဆောင်တစ်ဦး NDF ပါတီ၏ နိုင်ငံရေးသင်တန်းတွင် ဟောပြောဆွေးနွေး

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာဦးမြင့်သည် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဖွင့်     လှစ်သော နိုင်ငံရေးသင်တန်း (၁/၂၀၁၁) တွင် အကျင့်ပျက်ခြစားမှုအကြောင်းကို သြဂုတ်လ ၃ ရက်နေ့က ဟောပြော ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဖွင့်လှစ်သော နိုင်ငံရေးသင်တန်းတွင် ဒေါက်တာဦးမြင့်က အကျင့်ပျက် ခြစားမှုဖြစ်ရသည့် အကြောင်း    ရင်းများ၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ၊ ကိုင်တွယ်ဖြေရှင်းပုံများကို ဟောပြောဆွေးနွေးခဲ့ပြီး အခြေခံစီးပွားရေး၊ နိုင်ငံရေး အဆောက်အုံ အားနည်းချက်များကို လျှော့ချပယ်ဖျက်ကာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခြင်းဖြင့် အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးကို ဆောင်ရွက်နိုင်လိမ့်မည်ဟု အကောင်းဆုံး မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအင်းအားစုပါတီမှ ဖွင့်လှစ်သော နိုင်ငံရေးသင်တန်း (၁/၂၀၁၁) ကို သြဂုတ်လ ၁ ရက်နေ့မှ သြဂုတ်လ ၅ ရက်နေ့ထိ ရန်ကုန် မြို့၊ တာမွေမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီရုံးတွင် သင်တန်းပို့ချလျက်ရှိပြီး အဆိုပါ သင်တန်းတွင် နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ၊ လူမှုဆက်ဆံရေးနှင့် ပြည်သူ့ ဆက်ဆံရေး ပညာရပ်များကို သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

YC

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"လောလောဆယ် အာဆီယံအတွက် ပြင်နေတဲ့အချိန်မှာ ထင်သာမြင်သာအရှိဆုံးက ဘဏ်နဲ့ ပတ်သက်တဲ့ အတိုးနှုန်းတွေကို လုပ်ငန်းရှင်တွေ လုပ်သာ ကိုင်သာရှိတဲ့ ပမာဏအထိ ပြောင်းလဲပေးနိုင်ရင် ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ်တွေမှာ အပ်ငွေအတွက် သတ်မှတ်ထားတဲ့ အတိုးနှုန်းနဲ့၊ ချေးငွေ အတွက် သတ်မှတ်ထားတဲံ အတိုးနှုန်းတွေဟာ အာဆီယံနိုင်ငံ တွေနဲ့ ယှဉ်ရင် အရမ်းမြင့်တယ်"

သြဂုတ် ၂ ထုတ် ကုမုဒြာဂျာနယ် အတွဲ (၁) အမှတ် (၂၂) တွင်ပါသည့် "ပြည်တွင်းဘဏ်အတိုးနှုန်း အာဆီယံ တစ်ပြေးညီ ပြင်ဆင်ဖို့လို " မြန်မာ နိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (Economic Studies & Research Institu te) မှ သုတေသန ပညာရှင် ဒေါ်နန်းစောနန္ဒာလှိုင်၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လူငယ်တွေကို ပြုစုပျိုးထောင်ဖို့ မေ့လျော့ခဲ့တဲ့ဒဏ်ကို အခုခံစားနေရပြီ။ ပညာတတ်လို့ အမည်ခံထားတဲ့ ဘွဲ့ရတွေရဲ့ အရည်အသွေးတွေ  ကျလာတော့ နိုင်ငံအဆင့်အတန်းလည်းကျလာတယ်။ တကယ်တော့ ပညာသင်တယ်ဆိုတာ ဘဝ ပြဿနာများကို ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေကို သင်ကြားပေးရမှာ"

သြဂုတ် ၄ ထုတ် Venus News အတွဲ (၃) အမှတ် (၃) တွင်ပါသည့် "တက္ကသိုလ်ဘွဲ့ရများ အရေအတွက် များပြားလာသော်လည်း အရည် အသွေးကျဆင်းလာ" သတင်းမှ ပညာရေးတက္ကသိုလ်မြန်မာစာဌာနမှ ကထိကဖြစ်သူ စာရေးဆရာ မောင်သာချို၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော် အခု စာနယ်ဇင်းလုပ်တယ်၊ ကျွန်တော်က နိုင်ငံရေးသမားဟောင်းပဲ။ ကျွန်တော်ဘယ်နိုင်ငံရေးပါတီမှ politics မလုပ်ပါဘူး။ ကျွန်တော့် ကလောင်နဲ့ ကျွန်တော်တတ်နိုင်သမျှ နိုင်ငံရေးကို ဝေဖန်တယ် ရေးသားတယ်။ အဲ့ဒါက ကျွန်တော် နိုင်ငံရေးကို ကာယကံမြောက် ဆောင်ရွက်တာ မဟုတ် ဘဲနဲ့ နိုင်ငံရေး ဝေဖန်ချက်တွေ ရေးတာဖြစ်ပါတယ်။ ဒီဟာလေး တော့ ခွင့်ပြုကြပါလို့ပြောချင်ပါတယ်"

သြဂုတ် ၄ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၅၄) တွင်ပါသည့် ဆရာမောင်ဝံသ၏ ဖြေကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဒေါ်လာနဲ့ပတ်သက်ပြီး မရေမရာဖြစ်နေတဲ့ ကာလတစ်လျှောက်လုံး ဒေါ်လာအများကြီးရှိတဲ့သူတွေ ရင်တထိတ်ထိတ် ဖြစ်နေရတာ။ အခု သဘောတူညီမှု ရပြီဆိုတော့ ကောင်းတာပေါ့။ ကျွန်တော်တောင် ဒီနေ့ ဒေါ်လာထုတ်ရောင်းဖို့ စဉ်းစားထားပြီး မရောင်းဖြစ်တာ ကံကောင်းသွားတယ်"

သြဂုတ် ၄ ထုတ် 7DAY အတွဲ (၁၀) အမှတ် (၂၀) တွင်ပါသည့် "အမေရိကန်ဒေါ်လာ၏ အနာဂတ် မြန်မာလုပ်ငန်းရှင်များ စောင့်ကြည့်နေ" သတင်းမှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ရင့်ကျက်သည့် အမျိုးသားရေးစိတ်ဓာတ်

ဇူလိုင် ၂၈ နေ့က သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပခဲ့သော မြန်မာ-အိုမန် ကမ္ဘာ့ဖလားအကြိုခြေစစ်ပွဲ ပွဲဆက်လက် ကျင်းပ၍ မရအောင် ရုပ်ပျက် ဆင်းပျက်အဆုံးသတ်သွားခဲ့ရလေသည်။ ရှိရင်းစွဲသဘောအရ (Technicality) ဆိုသော် ဘောလုံးပွဲလက်မှတ်ဝယ်ယူခြင်းမရှိဘဲ အခမဲ့ကြည့်ရှုသူ များပြား ခြင်း၊ လက်မှတ်ဝယ်သူများမှာ ဘောလုံးကွင်းတွင်းသို့ ဝင်ရန်ခက်ခဲခြင်း၊ လုံခြုံရေးအားနည်းခြင်း၊ ဘောလုံးကွင်းဆံ့သည့် လူဦးရေထက် ပိုမိုလက်ခံခြင်း ကြောင့် အဓိက ရုဏ်းများ ဖြစ်ပွားခဲ့သည်ဟုဆို၍ရနိုင်ပါသည်။

ယခင် သုဝဏ္ဏကွင်း၌ပင် ကျင်းပခဲ့သော U-18 ချန်ပီယံရှစ်တုန်းကလည်း ဤကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် ကြုံခဲ့ရသည့်တိုင် ပွဲရပ်ရလောက်အောင် ထိတော့ မဖြစ်ခဲ့ပါ။ မြန်မာအသင်းမှာ အိုမန်အိမ်ကွင်း၌ သွားရောက် ယှဉ်ပြိုင်ကစား စဉ်က ၃ဂိုး- ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် မိမိအိမ်ကွင်းတွင် ၄ဂိုး- ဂိုးမရှိဖြင့်နိုင်မှ အနိုင်ရမည်ဖြစ်သည်။ ပထမပိုင်း၌ပင် မြန်မာအသင်းမှ ပိုင်နယ်တီပေးလိုက်ရသောအခါ မြန်မာပရိသတ်အချို့မှာ မိမိအသင်းအား အနိုင်ရ လိုဇောကြောင့် ဒိုင် လူကြီးအပါအဝင်၊ အိုမန်အသင်းသားများကိုပါ အကြမ်းဖက် တိုက်ခိုက်လေတော့သည်။

မြန်မာအသင်းအားနိုင်စေလိုသည်မှာ သူတို့မှမဟုတ်၊ မြန်မာဖြစ်သော ကျွန်တော်ပင်လျှင် နိုင်စေချင်ပါသည်။ သို့သော် ကိုယ့်အသင်း၏ စွမ်းရည်မှာ တစ်ဖက်အသင်းလောက် မကောင်းသည်ကို သိစိတ်ရှိရှိ အသိအမှတ်ပြုရပေမည်။ ယှဉ်ပြိုင်၍ ရှုံးခဲ့လျှင်တောင် ညစ်သည့်အဆင့်ကို မရောက်သွားအောင်တော့ စိတ်ဓာတ်အဆင့်အတန်း မြင့်မားနိုင်ရမည် ဖြစ်သည်။ အဓိကရုဏ်းကြောင့် မြန်မာအသင်းပြန်၍နိုင်လာမည် မဟုတ်သည့်တိုင် နိုင်ငံတကာတွင်တော့ အမျိုးသားရေး အရှက်ရမှုကြီးနှင့် ကျိမ်းသေပေါက်ရင်ဆိုင်နေရပြီ ဖြစ်လေသည်။

ဤအဖြစ်အပျက်ကြီးကို အသေအချာနားလည်လိုလျှင် ယင်းကို လှုံဆော်လိုက်သည့် အမျိုးသားရေး စိတ်ဓာတ် ဓာတ်ခံကို အရင်ဆုံးလေ့လာ ကြည့်မှ ဖြစ်ပေမည်။ လူမှုဗေဒပညာရှင်များသည် အမျိုးသားရေးစိတ်ဓာတ်ကို ယဉ်ကျေးမှု ရှုထောင့်နှင့် နိုင်ငံရေးရှုထောင့် နှစ်မျိုးဖြင့် လေ့လာချဉ်းကပ် ကြလေသည်။ ယဉ်ကျေးမှုရှုထောင့်မှ လေ့လာသော ပညာရှင်များက အမျိုးသားရေးဝါဒကို နိုင်ငံတစ်နိုင်ငံ၏ ရှည်လျားလှသော သမိုင်းရေးဖြစ်စဉ်၊ တူညီ သောဘာသာစကား၊ လူမျိုးရေး ပေါင်းစည်းညီညွတ်မှုစသည်တို့ဖြင့် တိုင်းတာလေ့လာကြသော်လည်း နိုင်ငံရေးရှုထောင့် လေ့လာသူများကတော့ နိုင်ငံ တော်သီချင်း၊ နိုင်ငံတော်အလံ၊ စာသင်ကျောင်းများမှ လေ့လာသင်ကြားမှုအစရှိသည့် ဖန်တီးထားသည့် လူမှုဝန်းကျင်တို့တွင် ဆန္ဒအားလျှော်စွာ ပူးပေါင်း ပါဝင်မှုတို့ကို စံအဖြစ်သတ်မှတ်ထားလေသည်။

ပထမကမ္ဘာစစ်အပြီးတွင် အမျိုးသားရေးဝါဒနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း ဒုတိယကမ္ဘာစစ်အပြီး ကမ္ဘာ့ ကုလသမဂ္ဂပေါ်လာပြီးသည့်နောက်ပိုင်းတွင်မူ ကမ္ဘာ့နိုင်ငံထက်ဝက်နီးပါးလောက်မှာ အမျိုးသားနိုင်ငံများအဖြစ် ပေါ်ထွန်းလာခဲ့လေသည်။ ဤသည် နောက် ပိုင်း အာရှ၊ အာဖရိက နိုင်ငံတော်တော်များများ လွတ်လပ် ရလာခဲ့ပြီး ဆိုဗီယက်ယူနီယမ်ကြီး ပြိုကွဲပြီးအချိန်တွင်တော့ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးလောက်မှာ အမျိုးသားနိုင်ငံများအဖြစ် ရပ်တည်နေနိုင်ကြပြီ ဖြစ်လေသည်။ ထိုအတွက်ကြောင့် ယခု လိုခေတ်အခါမျိုးတွင် အမျိုးသားရေးဝါဒမှာ လူထု အကြိုက်၊ လူထု မနောတွေ့တော့သည့် ဝါဒမျိုးတော့မဟုတ်တော့ဟု အချို့ပညာရှင်များကသုံးသပ်ကြပေသည်။ ကျွန်တော့်အမြင် တွင်တော့ ယဉ်ကျေးမှုအရတွင်သာမက၊ နိုင်ငံရေးအရတွင်ပါ အမျိုးသားရေးဝါဒမှာ အရေးကြီးဆဲ ဖြစ်နေပေလိမ့်မည်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံအနေဖြင့်မူ အမျိုးသားရေး စိတ်ဓာတ် မှာ နိုင်ငံဖွံ့ဖြိုးဖို့ အလွန်အဖိုးတန်သော အမျိုးသားရေးရတနာပင် ဖြစ်လေသည်။

သို့သော် အမျိုးသားရေးဝါဒ၏ အဆိုးဘက်မျက်နှာစာမှာလည်း ရှိနေသေးသည်ဖြစ်ရာ ယင်းကို ပညာရေးဖြင့် မထိန်းသိမ်းနိုင်ပါက အထက်က ဖော်ပြခဲ့သည့် ဖြစ်ရပ်မျိုးကို ဖြစ်ပေါ်လာမည်ပင်ဖြစ်သည်။ အခြေခံပညာရေးမှ စတင်ကာ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုးကို လေးစားတက်အောင်၊ လူမျိုးစု  အချင်းချင်းကြားအပြန်အလှန် ယုံကြည်မှုနှင့် လေးစားမှုရှိအောင် သင်ကြားပေးခြင်းဖြင့်လည်းကောင်း၊ လူမှုလှုပ်ရှားမှုဖြစ်စဉ်၊ နိုင်ငံရေးဖြစ်စဉ်များတွင် အမျိုးသားစည်းလုံး ညီညွတ် မှုကို ဘုံတူညီချက်အဖြင့်ထားကာ ဆုံးဖြတ်ချက်များချစေခြင်းဖြင့်လည်းကောင်း ဆောင်ရွက်စေခြင်းဖြင့်သာလျှင် ရင့်ကျက် သည့် အမျိုးသားရေးစိတ်ဓာတ်ထွန်းကားလာနိုင်ပါသည်။ ဤလိုမှမဟုတ်လျှင် အမျိုးသားအမှတ်အသား လက္ခဏာတစ်ခုအတွက် အတ္တတစ်ခုတည်းဖြင့် ဆုံးဖြတ်လျှင်မူ အန္တရာယ်များသည့် အကြမ်းဖက်မှု လမ်းကြောင်းဆီသို့သာ ဦးတည်သွားနိုင်လေသည်။

ယခု အဓိကရိုဏ်ကြီးဖြစ်ပွားပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ မြန်မာဘောလုံးအဖွဲ့ချုပ်ကို မည်သို့အရေးယူ မည်နည်းမသိ။ နောင်တွင် နိုင်ငံ တကာအဆင့်ဘောလုံးပွဲ ကျင်းပခွင့်ပေးရန် အတော်ပင်စဉ်းစားသွားတော့မည်မှာ သေချာပါသည်။ မြန်မာဘောလုံးလောက တိုးတက်ရေးအတွက် ဖွဲ့စည်း လိုက်သည့် မြန်မာဘောလုံးအဖွဲ့ချုပ်မှာလည်း နိုင်ငံတကာမှအသိအမှတ်ပြုရန် ကြိုးစားဆဲကာလပင် ရှိလေသည်။ မြန်မာဘောလုံးအဖွဲ့ချုပ်မှ ပါးပါးနပ်နပ် ဖြေရှင်းနိုင်မှသာ လျှင် မြန်မာဘောလုံးလောကဖွံ့ဖြိုးရေးအပါအဝင် အဖွဲ့ချုပ်ပါ ရှင်သန်နိုင်မည်ဖြစ်လေသည်။

မြန်မာနိုင်ငံတွင် ယခုအချိန်၌ နယ်ပယ်အသီးသီးတွင် အဖွဲ့အစည်းများ လူ့အဖွဲ့အစည်းအား အကျိုးပြုနိုင်ရန် လမ်းကြောင်းမှန်မှန်ဖြင့် ကြိုးစား တည်ဆောက်နေရသော ကာလဖြစ်လေသည်။ ဤကဲ့သို့သော ကာလမျိုးတွင် အဖွဲ့အစည်းများ ခိုင်ခိုင်မာမာရှိမှာသာလျှင် ပေါ်ပေါက်လာနိုင်သည့် ပြဿနာ များကို တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေရှင်းနိုင်စွမ်း ရှိပေမည်။ အဖွဲ့အစည်းများ တည်ဆောက်ရာတွင်လည်းကောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင် လည်းကောင်း အမျိုးသားရေးစိတ်ဓာတ် တစ်နည်း အမျိုးသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားယှဉ်ပြိုင်နိုင်မှုမြင့်မားရေး အခြေခံမူများဖြင့် ဆောင်ရွက်လုပ်ကိုင် သွားမှသာလျှင် နိုင်ငံဖွံ့ဖြိုးရန်အလားအလာများပြီး နိုင်ငံတကာမျက်နှာစာတွင် ဂုဏ်တင့်နိုင်မည် ဖြစ်ပါ ကြောင်း..........။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs