Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၈.၈.၂၀၁၁

ပြည်တွင်းသတင်းများ

နေပြည်တော်တွင် မြေအောက်ရထားလမ်းဖောက်လုပ်မည့်စီမံကိန်း ရုရှားကုမ္ပဏီတစ်ခုရရှိ

နေပြည်တော်တွင် မြေအောက်ရထားလမ်းစီမံကိန်းတစ်ခုစတင်ပြုလုပ်မည့် လုပ်ငန်းကို ရုရှားကုမ္ပဏီတစ်ခုမှ လုပ်ကိုင်ခွင့်ရရှိသွားကြောင်း ရုရှားအခြေစိုက် သတင်းဌာနများမှ ဖော်ပြချက်များကို ကိုးကားပြီးယခုရက်ပိုင်းထုတ် သတင်းဂျာနယ်များတွင်ဖော်ပြထားသည်။

အဆိုပါ မြေအောက်ရထားလမ်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများက နေပြည်တော်တွင် မြေအောက်ရထားလမ်း ဖောက်လုပ်ရန် ဖြစ်နိုင်ခြေရှိ၊ မရှိ စမ်းသပ်တိုင်းတာခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ယခုနှစ် မေလကပြုလုပ်ခဲ့သော အစည်းအဝေးတွင်လည်း နေပြည်တော်ကောင်စီမှ တာဝန်ရှိသူများက မြေအောက်ရထားလမ်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများကို ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပထမဆုံးမြေအောက်ရထားလမ်းဖောက်လုပ်ရန် တာဝန်ရှိသူများက စိတ်အားထက်သန်လျက် ရှိပြီး ရုရှားနိုင်ငံမှ ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး အဆိုပါ ရထားလမ်းစီမံကိန်းမှာ ၅၀ ကီလိုမီတာ(၃၁မိုင်ကျော်) ရှည်လျားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ အခြေစိုက် သတင်းဌာနများမှ သတင်းထုတ်ပြန်ခဲ့သည်။

နေပြည်တော်တွင် မြေအောက်ရထားလမ်းဖောက်လုပ်မည့် စီမံကိန်းနှင့်ပတ်သတ်၍ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် မြေအောက်ရထားလမ်းဖောက်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ သိရှိခြင်းမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

မကြာမီကာလများတွင် ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော မြို့ပတ်ရထားပြေးဆွဲမှုလုပ်ငန်းကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref         : 7 Day News

-------------------------------------------------------------------------------------------------------------

ရေလွှမ်းခံရသော စပါးခင်းများကို အရင်းအနှီးချေးငွေထုတ်ချေးမည်

ဇူလိုင်လအတွင်းက မြန်မာနိုင်ငံနေရာတော်တော်များများတွင် ရေကြီး ရေလျှံမှုများဖြစ်ပွားခဲ့ကာ လယ်ယာမြေများ ပျက်စီးသွားခဲ့သောကြောင့် ပြန်လည် မစိုက်ပျိုးနိုင်သေးသော တောင်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အထက်ကိုတင်ပြကာ အရင်းအနှီးချေးငွေ ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဇူလိုင်လအတွင်းက ရေးကြီးရေလျှံကာ ပျက်စီးလယ်ယာမြေများနေရာတွင် စပါးအချိန်မီပြန်လည် စိုက်ပျိုးနိုင်ရန် ငှားရမ်းရမည့်လုပ်သားအင်အားနှင့် ပျိုးပင်များ ရှာဖွေစုဆောင်းရမည့် စရိတ်စက များမှာ အလွန် များပြားသည့်အတွက် တောင်သူများမှာ အခက်အခဲ အကြပ်အတည်းနှင့် တွေ့လျက်ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ကျောက်တော်မြို့နယ် ကုလားတန် မိုးစပါးစိုက်ပျိုးရေးဇုန်နှင့် မြောက်ဦးမြို့နယ် လေးမြို့မြစ်ကမ်း မိုးစပါးဇုန်များ၌ မိုးစပါးစိုက်ခင်းများ ဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည့်အတွက် သြဂုတ်လမတိုင်မီ အချိန်တွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်လိုအပ်ကြောင်း သိရသည်။ ယခုအခါ ငွေကြေးမတတ်နိုင်သဖြင့် အချိန်မီစပါးစိုက်ပျိုးမည့် တောင်သူမျာကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အထက်သို့တင်ပြပြီး တောင်သူများ အရင်းအနှီးချေးငွေရရနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင်လည်း ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်အတွင်း၌ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတတ်ထံမှ စိုက်ပျိုးစရိတ်ငွေချေးယူကာ ပြန်မဆပ်သည့်လယ်သမားများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖမ်းဆီချုပ်နှောင်ခဲ့သည့်အတွက် တောင်သူများမှာ အစိုးရထံမှ စိုက်ပျိုးစရိတ် ချေးယူရန် စိုးရိမ်လျက် ရှိကြောင်း သိရသည်။

REF: 7Day News၊

---------------------------------------------------------------------------------------------

ငွေစက္ကူအတုများကြောင့် ပြည်တွင်းဘဏ်များတွင် ငွေအတုစစ်ဆေးစက် တပ်ဆင်မည်

မြန်မာနိုင်ငံရှိ အစိုးရပိုင်ဘဏ်များနှင့် ပုဂ္ဂလိကပိုင် ဘဏ်အများစုတွင် ငွေအတုလာရောက်အပ်နှံသည့် ဖြစ်ရပ်များ များပြားလာသည့်အတွက် ပြည်တွင်းရှိ ဘဏ်များတွင် ငွေစက္ကူအတု စစ်ဆေးဖော်ထုတ်ပေးနိုင်မည့် Sensor စက်များအသုံးပြုရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင်လည်း ပြည်တွင်းဘဏ်အချို့တွင် ငွေစက္ကူအတု ရှာဖွေဖော်ထုတ်စစ်ဆေးပေးနိုင်မည့် Sensor စက်များတပ်ဆင်ထားပြီး ငွေလာရောက်အပ်နှံသည့် ပုဂ္ဂိုလ်များ စိတ်အနှောင့်အယှက်ကင်းဝေးစွာနဲ့ ဘဏ်များတွင် ငွေလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်တွင်းရှိဘဏ်များတွင် ငွေအတုစစ်ဆေးဖော်ထုတ်ပေးနိုင်မည့် Sensor စက်များ တပ်ဆင်လိုက်ခြင်းဖြင့် ငွေစက္ကူ အတုကိုင်ဆောင်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့်အပြင် ၎င်း အန္တရာယ်များကြောင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက်များလည်း ကင်းဝေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ် မေလ ၂ ရက်ကတည်းကပင် ဘဏ်များတွင် ငွေစက္ကူအတုရှာဖွေဖော်ထုတ် စစ်ဆေးပေးနိုင်မည့် Sensor စက်များတပ်ဆင်အသုံးပြုရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

REF:ENVOY

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အဖွဲဝင် ၄၂ ယောက်နုတ်ထွက်မှုအား စစ်ဆေးသွားမည်  

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ တောင်ဒဂုံမြို့နယ်မှ ပါတီဝင် ၄၅ ဦးစုပေါင်းနုတ်ထွက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းမှ ပြောကြားခဲ့သည်။

သြဂုတ်လ ပထမပတ်တွင် တောင်ဒဂုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် ၄၅ ဦး နုတ်ထွက်ကြောင်း ထွက်စာတင်သွင်းခဲ့ခြင်းကို လူတစ်ဦးတစ်ယောက်၏ စည်းရုံးခြင်းကြောင့် နုတ်ထွက်ခြင်းဖြစ်သည်ဟု ပါတီမှယူဆကာစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီတွင် တရားဝင်အသိအမှတ်ပြုကတ် ထုတ်ပေးထားသော ပါတီဝင် ၈၀၀၀ ကျော်ရှိသည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆ ဦး အနိုင်ရရှိခဲ့သည်။ သို့သော် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ ကိုယ်စားလှယ် ၅ ဦး နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။                                                                                                                                                                

Ref : ပြည်သူ့ခေတ်ဂျာနယ်

---------------------------------------------------------------------------------------------

အကြွေးမဆပ်နိုင်သဖြင့် ထိန်းသိမ်းထားသော လယ်သမားအားလုံး ဦးပိုင် ပြန်လွှတ်

ယမန်နှစ်မိုးစပါးရာသီက စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်ထံမှ ချေးငွေရယူထားပြီး  အကြွေးမဆပ် နိုင်သဖြင့် ခေါ်ယူ ထိန်းသိမ်း ထားခြင်းခံရသော လယ်သမားအားလုံးကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာရှိ ဦးပိုင်လီမီတက်ပိုင် အဓိပတိဆန်စက်တွင် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ထိန်းသိမ်း ခံထားရသော တောင်သူလယ်သမား ၁၅၀ ၀န်းကျင်ကို အလီလီ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နောက်ပြန်တိုး ဒေသခံများထံမှသိရသည်။

“၁၅၀မှာက ၁၃၀ လောက်က အကြွေးပြန်ဆပ်လို့လွှတ်ပေးတာ။ ကျန်တဲ့ ၃၀ လောက်က မနေ့ကမှ ဒီဗွီဘီမှာ အော်လို့ ခံဝန်နဲ့လွှတ်ပေးလိုက်တာ။ ခံဝန်မှာက ဘယ်တော့ပြန်ဆပ်ရမယ်ဆိုတာ ပါတယ်”ဟု မှော်အိုင်ကျေးရွာမှ ရွာသား တစ်ဦးက ပြောကြားသည်။

ယင်းဒေသ လယ်သမားများကို ပြီးခဲ့သော နှစ် မိုးစပါးရာသီက တစ်ဧက လျှင် ၅၀၀၀၀ ကျပ်နှုန်း၊ အတိုး ၂ ကျပ်နှုန်းဖြင့် ထုတ်ချေးခဲ့သည်။ ယင်းချေးငွေကို ၂၀၁၁ ခုနှစ် မတ်လ တွင်ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

သို့သော်လည်း မိုးစပါးချေးငွေ ပြန်ဆပ်ရန် သတ်မှတ်သည့် ကာလကို ၄ လ ကျော်သွားသောကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှုးမှတဆင့် အကြွေးကျန်တောင်သူများကို ဆွေးနွေးညှိနှိုင်းရန်အတွက်ဟုဆိုကာ နောက်ပြန်တိုးကျေးရွာရှိ အဓိပတိ ဆန်စက် ခေါ်ယူ ထိန်းသိမ်းခဲ့ကြောင်း သိရသည်။

“အမျိုးသမီး၊ အမျိုးသားခွဲပြီး ဂိုဒေါင်ရေစုပ်စက်ထားတဲ့ အခန်းမှာပိတ်လှောင် ထားတယ်။ ထမင်းကို စက်ရုံရှေ့ကဆိုင်ကနေပြီး တနပ် ၅၀၀ နဲ့ ၀ယ်စားရတယ်။ အပြင်ကို ထွက်လို့မရဘူး။ စက်ရုံဝန်ထမ်းကနေ မှာပေးလို့စားရတာ။ အပေါ့ကိုလည်း အခန်းထဲမှာပဲသွားရတယ်။ ရေတော့ပေးချိုးတယ်။ အလေးသွားချင်ရင်တော့ ၀န်ထမ်းကို ခေါ်ပြီး အပြင်ထွက်လို့ရတယ်။ ဒါပေမယ် ၀န်ထမ်းတွေကို တော်ရုံမတွေ့ဘူး”ဟု ၅ ရက်ကြာ ထိန်းသိမ်းခံထားရသူ အသက် ၃၀ ကျော်အရွယ် တောင်သူတစ်ဦးကဆိုသည်။

ပထမရက်များတွင် ဂိုဒေါင် ကြမ်းပြင်ပေါ်တွင် တလပတ်ခင်းကာ ထိန်းသိမ်းထားကြောင်း၊ အမျိုးသမီးများကိုမူ စက်ရုံအတွင်းရှိ အတန်ငယ် ကောင်းမွန်သော နေရာတွင် ထိန်းသိမ်းထားကြောင်း၊ ဂိုဒေါင်အပြင် ဆန်စက်ဝင်းအတွင်း အချို့နေရာများကို ထွက်ခွင့်ပေးချိန်တွင် ဆန်စက်ဝင်ပေါက် ဂိတ်အနီးရှိ ထမင်းဆိုင်သို့သွားရောက် စားသောက်သူများကို သတိပေးကာ ပိုမိုကျဉ်းမြောင်းသော စက်ခန်းအတွင်း၌ လှောင်ပိတ်ထားကြောင်း၊ ဂိုဒေါင်အပိတ်ဖြစ်သဖြင့် လေ၀င်လေထွက်မကောင်းကြောင်း၊ အချို့ထိန်းသိမ်း ခံရသူများမှာ အသက် ၇၀ ခန့်ရှိသူများပါဝင်ကြောင်း မငေးကြီး ကျေးရွာမှ ထိန်းသိမ်းခံတောင်သူများကို သွားရောက်မေးမြန်းမှုများအရသိရသည်။

“နာဂစ်တုန်းကထက်တောင်ပိုဆိုးတယ်။ ခံရတာ။ နာဂစ်တုန်းက ကိုယ့်မှာရှိပြီးသားဟာ ကုန်သွားတာ။ အခုဟာက ပြန်လွတ်လာဖို့ကို ရှိသမျှပစ္စည်း ထုခွဲရောင်းချအတိုးကြီးကြီးချေးပြီး ပြန်ဆပ်ရတာ”ဟု အင်းဒူးကျေးရွာမှ တောင်သူတစ်ဦးက ဆိုသည်။

တောင်သူများပြန်မဆပ်နိုင်ရခြင်းမှာ မိုးစပါး နှင့် နွေစပါး နှစ်ရာသီ စလုံးတွင် ရာသီဥတု ဖျက်သဖြင့် စပါးအထွက်နှုန်းကျဆင်း၍ ဖြစ်ကြောင်း လယ်သမားများက ပြောကြားသည်။

ချေးငွေ ရယူစဉ်က ပြန်မဆပ်နိုင်ပါက ဥပဒေအရ အရေးယူမည်ဟု စာချုပ်တွင်လက်မှတ်ထိုးထားသော်လည်း ထိုသို့ ပြန်မဆပ်နိုင်ချိန်တွင် ဥပဒေကြောင်းအရသာ အရေးယူသင့်ပြီး ယခုကဲ့သို့ တရားလက်လွတ်ထိန်းသိမ်းထားခြင်းမှာ မှားယွင်းသော လုပ်ထုံးလုပ်နည်းဖြစ်ကြောင်း ပညာတတ် လယ်သမားတစ်ဦး ဆိုသည်။

မြန်မာနိုင် ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းက ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ၊ ကုန်သည်၊ ဆန်စက်ပိုင်ရှင်၊ အထူးပြုကုမ္ပဏီများ အစုအဖွဲ့အလိုက် ဆွေးနွေးပွဲများ ကို သြဂုတ် ၈ နှင့် ၉ ရက်များတွင် ပြုလုပ်ခဲ့သည်။

ညိုချော

---------------------------------------------------------------------------------------------

ပုသိမ်ဆိပ်ကမ်းမှ ပြည်ပသို့ ဆန်စပါးတင်ပို့ခွင့်ရပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ပုသိမ်ဆိပ်ကမ်းမှ ပြည်ပသို့ ၂၅ မှတ်ဆန်တင်ပို့ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်းများအသင်း၏ ဒု-ဥက္ကဌ ဦးစိန်ဝင်းလှိုင်က ဆိုသည်။ ယင်းက ဆန်စပါး လုပ်ငန်း နယ်ပယ်ရှိ မည်သည် ကုမ္မဏီ၊ လူပုဂ္ဂိုလ်ကိုမဆို ပြည်ပသို့ ပုသိမ် ဆိပ်ကမ်းမှ နေ၍ ဆန်တင်ပို့ခွင့် ပြုမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

 “လတ်တလောမှာတော့ ဧရာဝတီတိုင်းဒေသကြီးထွက်  ၂၅ မှတ်ဆန်ကို ပြည်ပတင်ပြုခွင့် ပြုမှာပါ။

ဇူလိုင်လအတွင်း ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဆန်လုပ်ငန်းရှင်များ၊မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူများ အစည်းအဝေး ကျင်းပ၍ ပြည်ပသို့ ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသော ၂၅ မှတ်ဆန်အား အဓိကထားကာ ပြည်ပသို့ တင်ပို့မည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သော ဇူလိုင်လကလည်း ဖိလစ်ပိုင်မှ ဆန်တန်ချိန် ၃၀၀၀ တင်ဆောင်နိုင်သော သဘောင်္တစ်စင်းသည် ပုသိမ်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခါနီးတွင် ရာသီဥတုဆိုးရွားမှုကြောင့် ကမ်းမကပ်နိုင်ဘဲ ဖြစ်ပွားခဲ့ပြီး၊ယခုအခါတွင် ကုန်သင်္ဘောများ ပုသိမ်ဆိပ်ကမ်းသို့ ကမ်းကပ်နိုင်ရန် မြစ်ကြောင်း ရှင်းပေးခြင်း လုပ်ငန်းများ လုပ်ဆောင်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း ပြည်တွင်းသို့ ဖုန်းဆက်မေးမြန်းခြင်းအား ပုသိမ်မြို့ ဒေသခံတစ်ဦးက ပြန်လည်ဖြေကြားသည်။

ဧရာဝတီတိုင်းမှ ဆန်စက်ပိုင်ရှင် တစ်ဦးက “ပုသိမ်ကနေ ပြည်ပကို တိုက်ရိုက်ဆန်တင်ပို့ ခွင့်ရမယ်ဆိုရင် ဧရာဝတီကနေ ရန်ကုန်ဆိပ်ကမ်းကို တင်ပို့တဲ့အခါ ကုန်ကျမယ့် transation cost တွေကုန်ကျတာ နည်းသွားတာ လတ်တလောရမယ့် အကျိုးအမြတ်ပါ။”ဟု သြဂုတ်လ ၉ ရက်နေ့က အလံပြဘုရားလမ်းရှိ ParkRoyal ဟိုတယ်တွင် ပြုလုပ်သွားသောNetwork Dinner အခမ်းအနားတွင် ပြေကြားခဲ့သည်။

ပြည်ပသို့ ဆန်တင်ပို့ခွင့် ပြုရာ၌ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင် အသင်း၊ ဆန်စပါး ပြည်ပတင်ပို့ ကြီးကြပ်မှု ကော်မတီ၏ စိစစ် ထောက်ခံမှုဖြင့် ခွင့်ပြုသွားမည် ဖြစ်ကာ၊ ပြည်တွင်းဆန် ဈေးကွက် တည်ငြိမ်မှု ရှိစေရန် အတွက် ဆန် တင်ပို့လိုသူများ သည် တင်ပို့မည့် ဆန်ပမာဏ၏ ၅ ရာခိုင်နှုန်းကို အရန်ဆန်အဖြစ် ထားရှိ ပေးရမည် ဖြစ်ပြီး၊ အသင်း အနေဖြင့် ခွင့်ပြုသင့်သည့် အရေအတွက်ကို လစဉ် သတ်မှတ်ကာ တင်ပို့ခွင့် ပြုသွားမည် ဖြစ်ကြောင်း၊ တစ်လလျှင် ဆန်တန်ချိန် လေးသောင်းနီးပါး တင်ပို့ရန် ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ  ဦးစိန်ဝင်းလှိုင်က ဆက်လက် ပြောကြားသည်။

ဆန်စပါးနယ်ပယ်မှ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးကလည်း “မွန်ပြည်နယ်၊မော်လမြိုင်မှာလည်း ဆန်စပါး တင်ပို့နိုင်ဖို့ ဆိပ်ကမ်းတစ်ခု ရှိသင့်ပါတယ်။”ဟု အကြံပြု ပြောကြားသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်များ အတွင်းက ပြည်ပသို့ ဆန်တင်ပို့ခွင့်ကို ဆန်စပါး အထူးပြု ကုမ္ပဏီများကို ဦးစားပေး ခွင့်ပြုပေးခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစတင်ကာ ဆန်စပါး အထူးပြု ကုမ္ပဏီများ အပါအဝင် ဆန်စပါး စိုက်ပျိုး ထုတ်လုပ် သူများ၊ ဆန်စပါး လုပ်ငန်း လုပ်ကိုင်သူများ၊ ဆန်စပါး ကုန်သည်များ၊ ပြည်ပသို့ ဆန်စပါး စုပေါင်း တင်ပို့သည့် ကုမ္ပဏီငယ်များ စသည်ဖြင့် ဆန်စပါး လုပ်ငန်း နယ်ပယ်ရှိ လုပ်ငန်းရှင်တိုင်းကို ဆန်တင်ပို့ခွင့် ပြုလာခြင်း ဖြစ်ကြောင်း သိရှိရသည်။

YC (KS)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ဖွဲ့စည်းပြီးသွားတဲ့ Standing Committee တွေမှာ ဘာကန့်သတ်ချက်ရှိလဲဆိုတော့ တစ်နှစ်တစ်ခါ ကော်မတီတစ် ခုချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပြန်လည်သုံးသပ်မယ်။ ပြန်လည်သုံးသပ်ပြီးပြီဆိုရင် လုပ်ငန်းစဉ်တချို့ပြင် တာလဲလုပ်လို့ရတယ်။ ပြည်သူ့လွှတ်တော်မှာက လွှတ်တော်ရေးရာကော်မတီ ဖွဲ့ခွင့်ရှိသ လို ပြင်ပကပညာရှင်တွေ ပါဝင်တဲ့ကော်မရှင်ဆိုတာလဲ ဖွဲ့ခွင့်ရှိတယ်"

သြဂုတ် ၁၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၀) တွင်ပါသည့် "ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် ရေးရာကော်မတီများ ထပ်မံဖွဲ့ရန်မျှော်လင့်ဟုဆို" သတင်းမှ စီးပွားရေးပညာရှင်ဦးစောမြင့်မောင်၏ ပြော ကြားချက်အပေါ် ကောက်နှုတ်ချက်

---------------------------------------------------------------------------------------------

"ကျွန်တော်ကတော့ အရင်အတွေ့အကြုံတွေပေါ် မူတည်ပြီးတော့ (Cautiously Optimistic) သတိထားပြီး အကောင်းမြင်တယ်လို့ပဲပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်း သူတို့နှစ်ဦး အရင်အစိုးရ လက်ထက်က ကိုးကြိမ်တိတိတွေ့ခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင်က ဒေါ်စုနဲ့ အရင်အစိုးရတို့ကြားမှာ ရင်ကြားစေ့ဖို့အတွက် ကုလသမဂ္ဂ ပါဝင်ကြိုးစားခဲ့ဖူးတာရှိပါတယ်။ အထူးသံတမန်တွေအကြိမ်ပေါင်းများစွာ လာရောကခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေကို ကျွန်တော်ရိုက်တာသတင်းထောက်တစ်ယောက်အနေနဲ့ အနီးကပ် စောင့်ကြည့်သတင်းယူခဲ့ပြီး တိုင်းပြည်ချစ်တဲ့ ပြည်သူတစ်ယောက် အနေနဲ့ သိပ်မျှော်လင့်အားထားခဲ့ပါတယ်။ ဘတွေထွက်ပေါ်လာခဲ့သလဲ ဆိုတာကတော့ အားလုံးသိပြီးဖြစ်ဖို့ ဘာမှမပြောလိုတော့ပါဘူး။ တွေ့ဆုံဆွေးနွေးမှု တစ်ခု အောင်မြင်ဖို့အတွက် နှစ်ဖက်စလုံးမှာ ခိုင်မာတဲ့ဆန္ဒနဲ့ သန္ဒိဋ္ဌာန် (Strong Political will and commitm ent)၊ အပြန်အလှန်ယုံကြည်မှု (Mutual Confidence) နဲ့ရိုးသားပွင့်လင်းမှု (Sincerity and Honesty) တို့ မဖြစ် မနေရှိဖို့လိုအပ်မယ်ထင်ပါတယ်"

 သြဂုတ် ၁၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၀) တွင်ပါသည့် "တွေ့ဆုံဆွေးနွေးရေးမှသည်...." သတင်းဆောင်းပါးမှ ဆရာ ဦးအောင်လှထွန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

---------------------------------------------------------------------------------------------

မြန်မာ့ သစ်ထုတ်လပ်မှုသည် ၁၉၉၂ အစောပိုင်းတွင် သစ်တောဦးစီးဌာန၏ လမ်းညွှန်မှုအောက်တွင် သစ်ထုတ် လုပ်ရေးလုပ်ငန်းမှ စနစ်တကျ ထုတ်လုပ်လာခဲ့သဖြင့် သစ်တော ပြုန်းတီးခြင်းနှင့် သစ်တောအရည်အသွေး ကျဆင်းခြင်းမှာ ဆိုးဝါးသည့်အဆင့်သို့မရောက်ရှိခဲ့ဘဲ ၁၉၉၂ ခုနှစ်မှ စတင်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များ သစ် ထုတ်လုပ်ခွင့်ရရှိသွားသဖြင့် ယခုကဲ့သို့ ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ဦးခင်ဇော်က ပြောသည်။

                ယင်းက " သူတို့ရဲ့ သစ်ထုတ်လုပ်မှုက ကန့်သတ်ချက် မရှိဘူး။ တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်း ကောင်းဖို့ လောက်ပဲ ဦးတည်နေတာ။ အဲဒါ ဝိသမလောဘပဲ" ဟုဆိုသည်။

                မြန်မာ့သစ်ထုတ်လုပ်ရေး လုပ်ငန်း၏ ဒုတိယအထွေထွေမန်နေဂျာ(ငြိမ်း)ဦးခင်ဇော်က"ကိုယ်ကျိုးစီးပွား ရှာတဲ့ ဝိသမလောဘသားတွေကြောင့် သစ်တော ပိုပြုန်းတီးတာ"

သြဂုတ် ၁၁ ထုတ် Venus News အတွဲ (၃) အမှတ် (၄) တွင်ပါသည့် "မြန်မာ့သစ်တော ပြုန်းတီး၊ အရည်အသွေး ပါ ကျဆင်းနေ" သတင်းမှ ကောက်နှုတ်ချက်

---------------------------------------------------------------------------------------------

ရန်ကုန်မြို့ အငှားယာဉ်များတွင် မော်ဒယ်နိမ့်ယာဉ် အများအပြားရှိနေပြီး တချို့ယာဉ်များသည် ရုပ်ပိုင်းနှင့် စက်ပိုင်းဆိုင်ရာ ကျင်ဆင်းမှုများရှိနေကြောင်း ကားပွဲစားအချို့ထံမှ သိရသည်။

"အခုလို ညွှန်ကြားချက်တွေထုတ်တာ ကောင်းပါတယ်။ စစ်ဆေးရးအဖွဲ့တွေက ထိထိရောက်ရောက်လုပ်ဖို့တော့ လိုတယ်။ ဝင်ငွေရှာသလို စစ်ဆေးမယ်ဆိုရင် ဘယ်အရာမှ မထိရောက်ဘူး" ဟု ယခုကဲ့သို့ ညွှန်ကြားချက် ထုတ်ခြင်းအပေါ် အမှန်တကယ်လုပ်ကိုင်စေချင်သူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

သြဂုတ် ၁၁ ထုတ် Venus News အတွဲ (၃) အမှတ် (၄) တွင်ပါသည့် "အဌားယဉ်များအား စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များဖွဲ့ကာ စစ်ဆေးတော့မည်" သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အစစ်အမှန်နိုင်ငံရေးနှင့် အင်အားချိန်ခွင်လျှာ

" ဘာတွေ၊ ဘယ်လောက် မျှော်မှန်းထားထား လက်ရှိအခြေအနေနဲ့ တကယ့်အရှိတရားကို နားလည်ဖို့ပဲ " ဤစကားမှာ အဖိုးက ဦးလေးကို ပြောခဲ့သည့်စကားဖြစ်နေသော်လည်း ကျွန်တော့်မှာ ယခုအချိန်ထိ ယင်းအဓိ ပ္ပယ်နှင့် သဘောတရားကို ဆင်ခြင်စဉ်းစားမိနေဆဲဖြစ်လေသည်။ မှန်ပါသည်။ ကျွန်တော်တို့ ဘဝအတွက် မည်သည့် ရည်မှန်းချက်များထားထား၊ တကယ်လက်တွေ့ အရှိတရားကို နားလည်ပါမှ မည်သို့ ဆက်လက် လျှောက်လှမ်းရမည်ကို သိရှိမည်သာဖြစ်လေသည်။ တကယ်အခြေအနေမှန်ကို သိရှိနားလည်မှုမရှိသေးသ၍ အမြင်မှောက်မှားမှုများဖြင့် ဘဝလမ်းကို လျှောက်လှမ်းနေရမည်သာဖြစ်လေသည်။

ဤသဘောတရားကို နိုင်ငံရေးနယ်ပယ်တွင် Realism ဟု သုံးနှုန်းခေါ်ဝယ်ကြလေသည်။ Idealism (သို့) Liberalism (စိတ်ကူးစံဝါဒ) မှာ နောက်ပိုင်းတွင် လူအများလက်ခံလာသည့် အယူအဆတစ်ခုဖြစ်သော် လည်း Realism က အခန်းကဏ္ဍမှာလည်း လျော့ပါးသွားသည်တော့မဟုတ်ပါ။ နိုင်ငံတကာဆက်ဆံရေးနယ် ပယ်တွင် ဂရုကြီးတစ်ဆူဖြစ်သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဟင်နရီကင်ဆင်ဂျား၏ အဆိုအရ အမျိုးသားနိုင်ငံ (National States) တွေရှိနေသေးသရွေ့ အမျိုးသား အကျိုးစီးပွားလည်းရှိနေဦးမှာ ဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ မိသားစုနဲ့ ဘယ်လောက် ပူးပေါင်းဆောင် ရွက်မည်ဟုပြောပြော အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး စဉ်းစားကြတယ်လို့" ဆိုခဲ့လေသည်။ Real Polictic ကို ရည်တည်ချက်အဖြစ်သဘောထားသည့် ဟင်နရီကင်ဆင်ဂျား၏ အထက်ပါ အဆိုကိုကြည့်ခြင်း အားဖြင့် အမျိုးသားအကျိုးစီးပွားကို အခြေခံသည့် အင်အားချိန်ခွင်လျှာညှိခြင်းမျိုးမှာ နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်အတွင်းမှာ အခိုင်အမာ နေရာရှိနေဆဲဖြစ်သည်ဟု ဆိုလိုက်ခြင်းဖြစ်လေသည်။

ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ဘောဂဗေဒပညာရှင် ဂျွန်မတ်နတ်ကိန်း၏ အစိုးရမှ ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ခြင်း(Goverment Intervention) အယူအဆမှာ စီးပွားရေးနယ်ပယ်အတွင်း၌သာမက နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်လည်း အသုံးချခဲ့လေသည်။ ထိုအတွက်ကြောင့် မင်းမဲ့စရိုက်လို ဝရုန်း သုန်းကားဖြစ်နေသည့် အစီအစဉ်မရှိသော နိုင်ငံတကာဆက်ဆံရေးနယ်ပယ်အတွင်းတွင် ကမ္ဘာကြီးရေရှည် ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှာ ဝင်ရောက်ထိန်းသိမ်း တည့်မတ်ပေးသော ကမ္ဘာကုလ သမဂ္ဂကဲ့သို့ အဖွဲ့အစည်းမျိုးပေါ်ပေါက်ခဲ့လေသည်။ သို့သော် Idealism အပေါ်အခြေခံသည့် ထိုကဲ့သို့သော အဖွဲ့အစည်းမျိုးတွင်လည်း အမျိုးသားအကျိုးစီးပွားကို အခြေခံသည့် ပြဿနာများကို ဖြေရှင်းရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဖွဲ့စည်ခဲ့လေသည်။ ယခုလက်ရှိ ကမ္ဘာ့နိုင်ငံများတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အင်အား ချိန်ခွင်လျှာ ပြောင်းလဲသွားသည့်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်များ၏ ဆုံဖြတ်ချက်နှင့် အမြဲတမ်းအဖွဲ့ဝင်များ ထားရှိမှုများအပေါ် ဝေဖန်မှုများ ရှိနေလေသည်။

Real Politic အပေါ် အဓိကဇောင်းပေးထားသည်မှာ အခြားကိစ္စကြောင့်တော့မဟုတ်....နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်၌သာမက ပြည်တွင်းနိုင်ငံရေးနယ်ပယ်တွင်လည်း Real Politic မှာ အခိုင်အမာ နေရာယူ ထားဆဲဖြစ်လေရာ လက်ရှိဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေးအခြေအနေကို နားလည်ရန်လည်းဖြစ်လေသည်။ ဇွန် ၂၈ နေ့က ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ဥပဒေလိုက်နာရန် အကြောင်းကြား သတိပေးလိုက်ပြီး အဆိုပါအကြောင်းကြားစာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ၁၉၈၈ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် မှန်ပုံတင်တည်ထောင်ခွင့် ပြုခဲ့သော ပါတီဖြစ်ခဲ့၍ ယခုဆက်လက်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုလျှင် ၂၀၁၀ ပြည့်နှစ် မတ် ၈ ရက်နေ့တွင် ထုတ်ပြန်ထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅နှင့်အညီ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျှောက်ထားနိုင်သော်လည်း ပါတီအနေဖြင့် လျှောက်ထားခြင်းမပြုသဖြင့် တရားဥပဒေနှင့်အညီ ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မပေးတော့ကြောင်း ပါရှိလေသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုင်ငံတကာ၏ ထောက်ခံမှုကို ရရှိထားသော ပါတီအဖွဲ့အစည်းတစ်ခုဖြစ်သော်လည်းပဲ ပြည်တွင်း နိုင်ငံရေးအင်အားချိန်ခွင်လျှာတွင် လက်ရှိအထက် ရောက်နေသည့် နိုင်ငံရေးအင်အားစုများနှင့်ယှဉ်က အင်အား နည်းသည့်အနေအထားမှာဖြစ်လေသည်။ ရွေးကောက်ပွဲလုပ်သည့်အခါ တရားဝင်နိုင်ငံရေးလုပ်ခွင့်ရရန်အခွင့် အလမ်းများပေါ်လာသော်လည်း ရွေးကောက်ပွဲ မဝင်ခဲ့သည့်အတွက် ရလဒ်အားဖြင့် တစ်ပါတီတည်းကသာ ကြီးစိုးသည့် လွှတ်တော်ပေါ်လာခဲ့ခြင်းဖြစ်လေသည်။ အင်အားချိန်ခွင့်လျှာကို လွှတ်တော်အတွင်း၌သာ ညှိယူမှသာ တရားဝင်မှုရှိမည်ဖြစ်လေသည်။ တရားဥပဒေအရ ဆက်လက်ရပ်တည်ခွင့်မရှိသော်လည်းပဲ နိုင်ငံရေးလုပ် ငန်းများ၊ လှုပ်ရှားမှုများကို ဆက်လက်လှုပ်ရှားနေသဖြင့် ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနမှ စာရေးသား အကြောင်းကြားရသည်အထိဖြစ်လေတော့သည်။

ယခုလက်ရှိ ဒီမိုကရေစီအစိုးရမှလည်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာမျက်နှာစာပေါ်၌ တရားဝင် မှုအပြည့်ရှိနေသည်ကို လက်တွေ့ကျကျ သဘောပေါက်နားလည်ဖို့အထူးလိုအပ်ပါသည်။ နိုင်ငံတကာ နိုင်ငံရေး အသိုင်းအဝိုင်းမှာ သြဇာကြီးသူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်တွေ့ဆုံမှုရှိနေခြင်းသည် ဒီမို ကရေစီအစိုးရအား သူမကို နိုင်ငံရေးလုပ်ကိုင်ခွင့်ပေးရန် သွယ်ဝိုက်၍ ဖိအားပေးနေသလိုဖြစ်လေသည်။ ဤကဲ့သို့ သွယ်ဝိုက်ဖိအားပေးခြင်းဖြင့် NLD မှာ လွှတ်တော်ပြင်ပနိုင်ငံရေးကို ထိထိရောက်ရောက်လုပ်ဆောင် မည်ဖြစ်လေသည်။ အခြေအနေအရ အတိုက်အခံကို လွှတ်တော်အတွင်း မပေးစေနိုင်ကာမူ လွှတ်တော်ပြင်ပ တွင် လုပ်ဆောင်ခွင့် ပေးခြင်းအားဖြင့် ဒီမိုကရေစီအစိုးရအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အသက်ရှုဝမည့် အရေးပင်ဖြစ်လေသည်။ မြန်မာနိုင်ငံ၏ အဓိက ပြဿနာမှာ နိုင်ငံရေးနယ်ပယ်တွင်ရှိကြောင်း ပိုင်ပိုင်နိုင်နိုင်နား လည်ထားဖို့လိုအပ်ပါသည်။ မြန်မာနိုင်ငံမှာ အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် မည်သို့မျှ နောက်ကျခံမည မဟုတ်ကြောင်း မူဝါဒချမှတ်သူများ နှလုံးမူထားပါက နိုင်ငံရေး အမှားဝင်္ကပါ အတွင်းမှ လွှတ်မြောက်နိုင်မည် ဖြစ်ပါကြောင်း...............။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs