Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၈.၂၀၁၁

ဘာသာပြန်သတင်းများ

မြစ်ဆုံရေလှောင်တမံ ကန့်ကွက်ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် အားပေးထောက်ခံ

(Gorey Eaho မှ 11 August 2011 ရက်စွဲပါ “Suu Kyi Backs Burma dam protesters” ကို ဘာသာပြန်ဆိုသည်)

ဧရာဝတီမြစ်နှင့် သဘာဝဂေဟစနစ်များကို ပျက်စီးသွားစေမည့် အကြီးစားစီမံကိန်းကို ပြန်လည်စဉ်းစား သုံးသပ်ရန် မေတ္တာရပ်ခံတောင်းဆို နေကြသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် တိုင်းရင်းသားအုပ်စုများအား ဒီမိုကရေစီ လိုလားသော ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က အင်အားဖြည့် ပူးပေါင်းလိုက်ပြီ ဖြစ်သည်။

ဧရာဝတီမြစ်ပေါ်မှ ရေလှောင်တမံစီမံကိန်းကို အမျိုးသားရေးအကျိုးစီးပွားနှင့် နိုင်ငံတကာ သဟဇာတဖြစ်မှုတို့ဖြင့် ပြန်လည် ချိန်ညှိသုံးသပ် စစ်ဆေးရန် မြန်မာနှင့် တရုတ်အစိုးရများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က ဧရာဝတီစီးဆင်းမှုကို မိမိတို့နိုင်ငံ၏ အရေးယူ အထင်ရှားဆုံး ပထဝီဝိသေသ လက္ခဏာဟု ခေါ်ဝေါ် ပြောဆိုခဲ့ သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုများ၊ ကချင်တိုင်းရင်းသားများနှင့် ဧရာဝတီမြစ်ဝှမ်းတလျှောက် နေထိုင်သူ ဒေသခံများက “ကချင်ပြည်နယ်ရှိ မြစ်ဆုံ မြန်မာ-တရုတ် ရေအားလျှပ်စစ် စီမံကိန်းသည် ဒေသခံကျေးလက်ပြည်သူများကို အိုးမဲ့အိမ်မဲ့ ဖြစ်စေမည့် အပြင် အရေးကြီးသော စားနပ်ရိက္ခာ ရင်းမြစ်ဒေသ၏ သဘာဝဂေဟစနစ်ကို ကမောက်ကမ ဖြစ်စေလိမ့်မည်” ဟု ပြောကြားလျက် ရှိသည်။

ကချင်ပြည်နယ်၏ ရင်နှစ်သည်းချာဒေသတွင် တရုတ်တို့ ဆောက်လုပ်နေသော ဒေါ်လာ ၃.၆ ဘီလျံ ရေလှောင်တမံ စီမံကိန်းသည် စင်ကာပူနိုင်ငံ အရွယ်ပမာဏရှိသော ဧရိယာကို ရေလွှမ်းသွားစေလိမ့်မည် မျှော်လင့်ရသည်။ မြန်မာအစိုးရက တရုတ်နိုင်ငံသို့ လျှပ်စစ်စွမ်းအင် မည်ရွေ့ မည်မျှ ရောင်းချမည်ဆိုသည်ကို ပြောကြားခြင်းကား မရှိသေးပါ။

စီမံကိန်းအတွက် နေရာဖယ်ပေးရသော ကျေးရွာပေါင်း ၆၃ ရွာမှ ဒေသခံပြည်သူ ၁၂၀၀၀ ခန့်ကို နေရာပြန်လည် ချထားပြီးဖြစ်သော်လည်း မျှတသည့် လျော်ကြေး ရရှိခြင်း ရှိ/မရှိကိုမူ တိကျစွာ မသိရဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ မေတ္တာရပ်ခံလွှာတွင် ဖော်ပြထားသည်။ အစိုးရကမူ ကျေးရွာ ၅ ရွာမှ လူပေါင်း ၂၁၄၆ ဦးမျှသာ နေရာရွှေ့ပေးရသည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ မြောက်မြားစွာသော တိုင်းရင်းသားအုပ်စုများသည် ယင်းတို့၏ ဒေသများရှိ သယံဇာတများကို ပိုမို ထိန်းချုပ်နိုင်ရေးနှင့် ပိုမို လွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် ဆယ်စုနှစ်များစွာ ပြောက်ကျားစစ် ဆင်နွှဲကာ တိုက်ပွဲဝင်လျက်ရှိကြသည်။ ပြီးခဲ့သောလအတွင်းက အင်အား ၈၀၀၀ ကျော်ရှိသော ကချင်စစ်တပ်နှင့် မြန်မာအစိုးရ စစ်တပ်များအကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်လာခဲ့ပြီး ယင်းပဋိပက္ခသည် တရုတ်တို့ လာရောက် တည်ဆောက်နေသော ရေလှောင်တမံများ၊ အကြီးစားစီမံကိန်းများနှင့် ဆက်စပ်နေသည်ဟု သိရှိရသည်။

***************************************************

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်ဝန်ကြီး ယနေ့ ထပ်မံ တွေ့ဆုံမည်

(AFP သတင်းမှ “Suu Kyi to meet Myanmar minister again” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နာမည်ခံ အရပ်ဖက် အစိုးရသစ်နှင့် ဆက်ဆံရေး တိုးတက်လာမှု လက္ခဏာများ တိကျ ရေရာမှု မရှိသည့်ကြားမှပင် အစိုးရ ကိုယ်စားလှယ်နှင့် ဒုတိယအကြိမ် ဆွေးနွေးမှုတစ်ခုကို ယနေ့တွင် ပြုလုပ်ရန် ရှိကြောင်း သူမ၏ ပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သော ကြာသပတေးနေ့က ပြောကြားသည်။

                ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပထမဆုံးအကြိမ် နေ့ချင်းပြန် နိုင်ငံရေး စည်းရုံးမှုခရီး ထွက်ခွါမည့်ရက်မတိုင်မှီ ၂ ရက် အလိုတွင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နှင့် သောကြာနေ့ တွေ့ဆုံမှု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

                ဒေါ်အောင်ဆန်းစုကြည် နှင့် သူမ၏ NLD ပါတီ အတွက် ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ အခုထိ နောက်ထပ် အသေးစိတ် မသိရသေးပါဘူး” ဟု AFP သို့ ပြောကြားသည်။

                အဆိုပါ အစိုးရ ဆက်ဆံရေးဝန်ကြီး နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ယခင်လ က တွေ့ဆုံခဲ့ခြင်းကြောင့် အစိုးရ နှင့် အတိုက်အခံများ အကြား ဒိုင်ယာလော့ ဆွေးနွေးရေး အတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်စေခဲ့သည်။

                ဒီမိုကရေစီ ခေါင်းဆောင် အထိန်းသိမ်းခံနေရစဉ်ကာလက သူမနှင့် တပ်မတော်အစိုးရ အကြား ဆက်ဆံရေး တာဝန်ရှိသူ အဖြစ် ဆောင်ရွက် ခဲ့သူ ဝန်ကြီး ဦးအောင်ကြည်က ယခင်လက တွေ့ဆုံမှုကို “အနာဂါတ်တွင် လုပ်စရာ ကိစ္စများစွာ အတွက် ပထမ အဆင့်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။

                အဆိုပါ ပထမအကြိမ် တွေ့ဆုံမှုသည် မြန်မာအစိုးရအား ဒီမိုကရေစီသို့ ဦးတည်သော မြင်သာ၊ ခိုင်မာသည့် ပြောင်းလဲမှုများ ပြုလုပ်ရန် အမေရိကန် ပြည်ထောင်စုက တောင်းဆိုပြီးနောက် ရက်ပိုင်းအတွင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

                သမ္မတ အိုဘားမား၏ မြန်မာအစိုးရ နှင့် ထိတွေ့ ဆက်ဆံရေး မူဝါဒကို အကောင်အထည်ဖေါ်ရန် အတွက် ပထမဆုံး အထူးကိုယ်စားလှယ် တစ်ဦးကို ခန့်အပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။

                ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သော ၇ နှစ် ဆက်တိုက် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် မနှစ်က နိုဝင်ဘာလ အငြင်းပွားဖွယ် ရွေးကောက်ပွဲ အပြီးတွင် လွတ်မြောက်လာခဲ့သော်လည်း ဇွန်လတွင် အစိုးရက သူမအား နိုင်ငံရေးကို လက်ရှောင်နေရန် သတိပေးထားသည်။

                သို့သော်လည်း ဦးအောင်ကြည်နှင့် ဆွေးနွေးမှုများ၊ ထို့နောက်တွင် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ပဋိပက္ခ ပြဿနာများ ငြိမ်းချမ်းရေးအတွက် ကြားဝင် စေ့စပ် ကူညီလိုကြောင်း ကမ်းလှမ်းသည့် အိတ်ဖွင့်ပေးစာ ပေးပို့မှုများက နိုင်ငံရေး ကဏ္ဍတွင် သူမ ဆက်လက်ရပ်တည်ရန် ရည်ရွယ်ကြောင်း ပြသလျက် ရှိသည်။

                ပြီးခဲ့သော ဇူလိုင်လအတွင်း ရှေးဟောင်းမြို့တော် ပုဂံသို့ ခရီးထွက်ခဲ့သော်လည်း အစီအစဉ်တွင် နိုင်ငံရေး ကိစ္စများ ပါဝင်ခြင်း မရှိခဲ့ပါ။

                သြဂုတ်လ ၁၄ ရက် နေ့တွင် ရန်ကုန်မြို့တော် မြောက်ဖက် မိုင် ၅၀ အကွာရှိ ပဲခူးမြို့သို့ နေ့ချင်းပြန်သွားမည့် ခရီးစဉ်မှာမူ စာကြည့်တိုက် ဖွင့်ပွဲ တက်ရောက်ခြင်း၊ လူငယ်ဖိုရမ် အဖွဲ့ဝင်များ နှင့်  တွေ့ဆုံခြင်း စသော အစီအစဥများ ပါဝင်သည့် နိုင်ငံရေး ခရီးစဉ် ဖြစ်လိမ့်မည် ဟု NLD ပါတီ က ထုတ်ဖေါ် ပြောကြားထားသည်။

****************************************************

မြန်မာအစိုးရနှင့် ပတ်သက်နေသည့် မုဒိန်းမှုများ အပေါ် ဖိအားပေးရန် ဝန်ကြီး ကလင်တန်ကို အမျိုးသမီး ဆီနိတ်တာများ တိုက်တွန်း

(The Straits Times မှ 11 Aug 2011 ရက်စွဲပါ “ Women US senator press Cliton on Myanmar rapes ” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာအစိုးရသည် လိင် အကြမ်းဖက်မှု ပြုကျင့်ခြင်းကို စစ်လက်နက် တစ်ခုသဖွယ် အသုံးပြုနေကြောင်း အမေရိကန် အမျိုးသမီး အထက် လွှတ်တော်အမတ် ၁၂ ဦး က ဗုဒ္ဓဟူးနေ့တွင် စွပ်စွဲ ပြောကြားလိုက်ကြပြီး မြန်မာအစိုးရ၏ အကျင့်ဆိုး ရပ်တန့်သွားအောင် ဖိအားပေးရန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်ကို တိုက်တွန်း ပြောကြားလိုက်သည်။

                မုဒိန်းကျင့်ခြင်းကို စစ်ပွဲလက်နက်တစ်ခု သဖွယ် မလျှော့တမ်း အသုံးပြုနေသည့် မြန်မာအစိုးရ၏ အပြုအမူဆိုး ရပ်ဆိုင်းသွားအောင် ဖိအား ပေးရန်နှင့် မြန်မာအစိုးရ၏ စစ်ရာဇဝတ်မှုများ လူသားထုအပေါ် ကျူးလွန်သည့် ရာဇာဝတ်မှုများ ကို ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း စစ်ဆေးရေး ဟူသော မိမိတို့၏ ရည်မှန်းချက်ကို ဆက်လက် အကောင်အထည် ဖေါ်ရန် သင့်ကို တိုက်တွန်းသည်ဟု ဝန်ကြီး ကလင်တန်ထံ ပေးစာတွင် ဆီနိတ်တာ အုပ်စုက ရေးသားထားသည်။

                “မြန်မာပြည်သူများကို ဆက်လက် ဒုက္ခပေးမည့် ယင်းကဲ့သို့ ဆိုးဆိုးဝါးဝါး ရာဇဝတ်မှုများကို မြန်မာအစိုးရက ဆက်လက် ကျူးလွန်အောင် ကျွန်ုပ်တို့ ခွင့်မပြုနိုင်တော့ပါ” ဟု ဆီနိတ်ထောက်လှမ်းရေးကော်မတီ ဦးဆောင်သူ အမျိုးသမီး Dianne Feinstein အပါအဝင် အမျိုးသမီး ဆီနိတ်တာ များ က ပြောကြားသည်။

                ဝန်ကြီး ကလင်တန်ထံ ပေးစာကို ဒီမိုကရက်တစ် လွှတ်တော်အမတ်များ ဖြစ်သည့် Barbara Boxer, Kay Hagan, Amy Klobuchar, Mary Landrieu, Barbara Mikulski, patty Murray နှင့် Jeanne Shaheen, ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များ ဖြစ်ကြသည့် Key Bailey Hutchison, Susan Collins, Lisa Mur Kowski နှင့် Kelly Ayotte တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 ********************************************************

စတီးဝဲလ်၏ ဘားမားလမ်းမမှသည် လမ်းညွှန်မြေပုံဆီသို့

(Diplomat မှ 5 August 2011 ရက်စွဲပါ Patrick M.Cronin ရေးသားသော “From Burma Road to Road Map” ကို ဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယား၊ တရုတ်တို့နှင့် ရင်းနှီးစွာ ဆက်ဆံနေသည့် မြန်မာနိုင်ငံ၏ အနေအထားအပေါ် စိုးရိမ်စရာဖြစ်လာသောကြောင့် အမေရိကန်ပြည်ထောင်စုအနေဖြင့် တရေးနိုး ထထိုင်ကာ မြန်မာနိုင်ငံအပေါ် အာရုံစိုက်လျက် ရှိသောလည်း လမ်းညွှန်မြေပုံတစ်ခု လိုအပ်နေလျက် ရှိသည်။

မြန်မာနိုင်ငံသည် ယခင်နောက်ဆုံးတစ်ခေါက်ကလည်း ဂျပန်တပ်များ အာရှသို့ ချီတက်လာချိန်တွင် အမေရိကန် ပြည်ထောင်စုအတွက် အမှန် တကယ် အရေးပါခဲ့ဖူးသည်။ ထိုစဉ်က ပစိဖိတ်စစ်ပွဲအတွင်း တရုတ်တို့ကို ပြန်လည် ထောက်ပံ့နိုင်ရန်အတွက် ဗိုလ်ချုပ်ဗင်နီဂါဂျိုးစတီးဝဲက မြန်မာနိုင်ငံ တောနက်ကို ဖြတ်ကာ လမ်းဖောက်လုပ်ခဲ့ရာ ခက်ခဲ ပင်ပန်းလွန်းသည့် လမ်းစီမံကိန်း ပြီးစီးသည့် ၁၉၄၄ ခုနှစ်မတိုင်မီအထိ အမေရိကန်စစ်သား ၁၁၀၀ ကျော် တို့၏ အသက်များ ပေးဆပ်ခဲ့ရသည်း စတီးဝဲလ် လမ်းမကြီးသည် အလွန်အရေးပါ အရာရောက်ခဲ့သော်လည်း အမေရိကန်တို့၏ မြန်မာနိုင်ငံထဲမှ အကျိုးစီးပွားမျှသာ ဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် လျစ်လျူရှုကာ ပစ်ထားခဲ့ကြသည်။

မြန်မာနိုင်ငံသည် အမေရိကန် မဟာဗျူဟာအတွင်း ယခု ထပ်မံ၍ အရေးပါလာပြန်ချေပြီ ဖြစ်သည်။ အရှေ့တောင် အာရှ၏ အဆင်းရဲဆုံး နိုင်ငံဖြစ်သော မြန်မာနိုင်ငံကို စစ်တပ်က လည်ပင်းညှစ် ဖမ်းဆုပ်ထားမှုနှင့် ပတ်သက်သည့် လူ့အခွင့်အရေး စိုးရိမ်ပူပန်စရာများကို မြန်မာအစိုးရက တရုတ်၊ မြောက်ကိုရီးယားတို့နှင့် ဆက်ဆံမှုနှင့် ပတ်သက် ဆက်နွယ်နေသည့် ပထဝီနိုင်ငံရေးမဟာဗျူဟာမြောက် စိုးရိမ်ပူပန်မှုများက လောင်းရိပ်မိုး သွားပြီ ဖြစ်သည်။

တရုတ်တို့၏မဟာဗျူဟာမြောက် နယ်မြေလိုချင်သည့် ဆန္ဒနှင့် သဘာဝသယံဇာတ ငတ်မွတ်မှုများက မြန်မာနိုင်ငံကို ကိုယ်စားလှယ်နိုင်ငံတစ်ခု ဖြစ်အောင် ပြောင်းလဲပေးနေသည့် အချိန်တွင် မြောက်ကိုရီးယား၏ လက်နက် ရောင်းချ စီးပွားရှာသည့် လုပ်ငန်းကလည်း မြန်မာနိုင်ငံကို အလား အလာရှိသည့် နျူကလီယားလက်နက်နိုင်ငံ ဖြစ်လာစေခဲ့သည်။ ယခုအခါ ဘေဂျင်းက ဗြိတိသျှနှင့် အမေရိကန်တို့၏ စတီးဝဲလမ်းဟောင်းကို ပြန်လည် တည်ဆောက်လျက် ရှိသည်။

အိုဘားမားအစိုးရကလည်း လက်ထောက်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် Derek Mitchell ကို သံအမတ်ကြီးအဆင့် အထူးညှိနှိုင်းစေ့စပ်ရေးအရာရှိအဖြစ် တာဝန်ပေးခြင်းဖြင့် တုန့်ပြန်မှု ပြုခဲ့သည်။ သို့သော် နောက်တစ်ဆင့် ဘာလုပ်မှာလဲဟု မေးစရာရှိသည်။ အမေရိကန်တို့၏ မြန်မာနိုင်ငံ မူဝါဒသည် အပြစ်တင် ဝေဖန်ချင်စရာ ကောင်းလောက်အောင် တုန့်ပြန်နိုင်မှု ကင်းမဲ့လွန်းသည်။ လူထုကြိုက် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စေတနာမှန်မှန်ဖြင့် အားပေးထောက်ခံခြင်းသည် လူလုံးပြ၍ ကောင်းသော်ငြားလည်း မြန်မာတို့၏ ဆိုးသွမ်းမှု၊ တရုတ်တို့၏ နယ်ချဲ့မှုတို့အပေါ် သက်ရောက်နိုင်စွမ်းမရှိဘဲ ဖြစ်နေသည်။ ပြီးခဲ့သော် ကာလတစ်လျှောက်လုံး လူ့အခွင့်အရေးကိစ္စကို ပစ်မှတ်ထား အာရုံစိုက်ခဲ့ခြင်းသည် မြန်မာနိုင်ငံကို အနည်းငယ်မျှသာ အပြောင်းအလဲ ဖြစ်စေသော်လည်း အမေရိကန်တို့ အတွက်မူ တောင်အာရှ၊ အရှေ့အာရှမှ မိတ်ဆွေများ၊ မဟာမိတ်များနှင့် တစ်သီးတစ်ခြားစီ ဖြစ်သွားလောက်အောင် ကြီးမားစွာ သက်ရောက်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံကို ချဉ်းကပ် ကိုင်တွယ်ပုံ နည်းလမ်းအသစ်တစ်ခု လိုအပ်လျက် ရှိသည်။ နိုင်ငံခြားဝန်ကြီး ဟီလာရီကလင်တန်က ပြီးခဲ့သော လ ဘာလီကျွန်းတွင် စည်းမျဉ်းသတ်မှတ် ဆက်ဆံဆွေးနွေးခြင်းမူဝါဒကို နောက်ထပ် အဓိပ္ပာယ် ဖွင့်ဆိုခြင်းဖြင့် မရှိမဖြစ်လိုအပ်သည့် ပထမ ခြေလှမ်းကို စတင်ခဲ့သည်။ မြန်မာအစိုးရ၏ နျူကလီယား ရည်မှန်းချက်များကို ရည်ညွှန်းသည့်အနေဖြင့် သူမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို လိုက်နာရန် တောင်းဆိုခဲ့သည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ခန့်ကို လွှတ်ပေးရန်နှင့် အတိုက်အခံများ၊ တိုင်းရင်းသားအုပ်စုများကို ဆွေးနွေးပွဲတံခါး ဖွင့်ပေးရန် သူမက ဆက်လက် တောင်းဆိုခဲ့သည်။ သို့သော်လည်း အညွန့်တလူလူနှင့် အာရှဒေသတွင် အမေရိကန်တို့၏ ဩဇာကို ပြန်လည်အားသွင်းရန် အိုဘားမားအစိုးရက ဆုံးဖြတ်ထားရာတွင် အမှန်တကယ် ဩဇာလွှမ်းမိုးနိုင်ခြင်း မရှိသေးဘဲနှင့် မြန်မာနိုင်ငံကို ၂၀၁၄ အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးမပေးရန် အာဆီယံအဖွဲ့ကို ကလင်တန်က သတိပေးခဲ့ခြင်းမှာမူ သတိထားစရာ အချက် တစ်ခုဖြစ်သည်။ တစ်ချိန်တည်းတွင် သူမက မြန်မာနိုင်ငံ လိုလိုလားလားပြောင်းလဲလာအောင် နိုင်ငံတကာ အသိအမှတ် ပြုမှု ဆုလာဘ်ကို မက်လုံး ပေးလိုက်ခြင်းဖြစ်သည်။

လက်တွေ့တွင် မြန်မာတို့နှင့် အမေရိကန်တို့ အကြားမှ ကွာဟမှုများ ကြီးမားလွန်းနေသည်။ သို့ဖြစ်၍ လူ့အခွင့်အရေးကိစ္စ ဇောင်းပေးမှုနှင့် တကယ့်နိုင်ငံရေး လက်တွေ့ခွင်အကြား ထိန်းကျောင်းလမ်းပြပေးမည့် နဂိုမူလ ဘားမားလမ်းမကြီးသည် တောတောင် ထူထပ်ကြမ်းတမ်းခဲ့သည့် ယခု လမ်းသစ်မှာမူ မျက်နှာပြင် ညီညာချောမွေ့ရပေမည်။ ပထမလမ်းသည် တရုတ်နှင့် မြန်မာကို ချိတ်ဆက်ပေးခဲ့ပေရာ ယခုလမ်းသည် တရုတ် လွှမ်းမိုးမှုနှင့်အတူ မြန်မာပြည်သူ အားလုံး၏ ကြီးမားသော လွတ်လပ်ခွင့်ကိုပါ နှစ်ခုလုံး ရွေးချယ်စရာ ဖြည့်ဆည်းပေးရပေမည်။ ဗိုလ်ချုပ်ကြီး စတီးဝဲက ပထမလမ်းကို ဖောက်လုပ်ခဲ့ပြီဖြစ်ရာ ကလင်တန်က လမ်းသစ်ကို ချိတ်ဆက်ပေးရမည်ဖြစ်သည်။

အရှေ့တောင်အာရှတွင် အမေရိကန်တို့နှင့် သမိုင်းဝင်ထက် အာဏာရှင်နိုင်ငံဗီယက်နမ်တို့ ဆက်ဆံရေး ထူထောင်သည့် အတွေ့အကြုံ ရှိထား ပြီးဖြစ်ပေရာ အမှန်စင်စစ် ဆက်ဆံရေး ပုံစံသစ်နှင့် ပတ်သက်၍ မြန်မာတို့၏ အလေးထားမှုကို အကဲစမ်းလိုသည့် အလားတူ အယူအဆမျိုးအတွက် တူညီသည့် စိန်ခေါ်မှုနှင့် အတွေ့အကြုံရှိပြီးသားဟု ဆိုရပေမည်။ လူ့အခွင့်အရေးကိစ္စများနှင့် ပတ်သက်ပြီး အဆက်မပြတ် စိတ်ပျက်စရာ ကွဲပြား ခြားနားမှုများ ရှိနေသော်လည်း ယခင်ရန်ဘက်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးနှင့် လုံခြုံရေး မိတ်ဖက်နိုင်ငံအဖြစ် ပြောင်းလဲရန် ဆီနိတ်တာ ဂျွန်မက်ကိန်းနှင့် ဂျွန်ကယ်ရီတို့က ကူညီလျက်ရှိသည်။

အကယ်၍ အမေရိကန် ရေတပ်ဖျက်သင်္ဘော USS John S McCain က မနှစ်က ဗီယက်နမ်ဒါနန်းဆိပ်ကမ်းသို့ ဝင်ရောက် ဆိုက်ကပ် လည်ပတ်ခြင်း ပြုလုပ်နိုင်ခဲ့သည်ဆိုလျှင် မြန်မာနိုင်ငံတစ်စ တစ်စ တံခါးဖွင့်လာမည့် လမ်းစကို ရှာဖွေရာတွင်လည်း ဖြစ်နိုင်ခြေ ရှိရပေလိမ့်မည်။

Sanctions များချမှတ်ထားရင်း ဆွေးနွေးမည့် အမေရိကန်အစိုးရမူဝါဒက တိုးတက်မှုတစ်စုံတစ်ရာ ရှာမတွေ့ချိန်တွင် ကျွမ်းကျင်ပညာရှင်များ က လက်တွေ့ခွင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်ကို မြင်နေရပြီဖြစ်သည်။ မနှစ်က ဆောင်းဦး ရွေးကောက်ပွဲတွင် NLD ပါတီ ပါဝင်နိုင်ခြင်း မရှိသော် လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သလို အမည်ခံအရပ်ဖက် အစိုးရသစ်သည်လည်း တစ်ဦးတည်း အာဏာ ရှင် ဗိုလ်ချုပ်မှူးကြီးကို ကျော်လွန်ကာ ဆွေးနွေးမှုကို တံခါးဖွင့်ခဲ့ပြီဖြစ်သည်။ မကြာသေးမီကပင် မြန်မာအစိုးရ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံကာ အတိုက်အခံများနှင့် ဆွေးနွေးခြင်းကို အသစ်စတင်ခဲ့ပြီ ဖြစ်သည်။

ထို့အပြင် အစိုးရက အကျဉ်းသား အနည်းငယ်ကိုသာ လွှတ်ပေးခဲ့သော်လည်း နိုင်ငံတကာ ကြက်ခြေနီ IRC ကို အကျဉ်းထောင်များအတွင်း အနေ အထား စစ်ဆေးခွင့် ပြုခဲ့ပြီး NGO အဖွဲ့အစည်းများကိုလည်း လက်ရှိအနေအထားမှ တိုးချဲ့လုပ်ဆောင်ခွင့် ပြုထားသည်။

********************************************************

မြောက်ကိုးရီးယား လုပ်ကြံ သတ်ဖြတ်ရေး အဖွဲ့တစ်ခု တောင်ကိုးရီးယားသို့ စေလွှတ်

(10 Aug 2011 ရက်စွဲပါ ABC Asia pacific မှ Mark Willacy ရေးသားသော N Korea hit squard sent to South ကို ဘာသာ ပြန်ဆိုသည်)

                ကွန်မြူနစ် မြောက်ကိုးရီးယားနိုင်ငံသည် တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးအား လုပ်ကြံ သတ်ဖြတ်ရန် အဖွဲ့တစ်ခု စေလွှတ်ခဲ့ကြောင်း တောင်ကိုးရီးယား မီဒီယာများ က သတင်းထုတ်ပြန်သည်။

                ကာကွယ်ရေးဝန်ကြီး Kim Kwan- jin သည် မြောက်ကိုးရီးယားအပေါ် တင်းမာစွာ ဆန့်ကျင်လျက် ရပ်တည်မှုကြောင့် ပစ်မှတ်အဖြစ် ထားရှိ ခြင်းဖြစ်ကြောင်း သတင်းများ က ဆိုသည်။

                ဆိုးလ်ရှိ Joong Ang နေ့စဉ် သတင်းစာက သတင်းထုတ်ပြန်ရာတွင် တောင်ကိုးရီးယားနှင့် အမေရိကန်ထောက်လှမ်းရေး အာဏာပိုင်များသည် Kim အား သတ်ဖြတ်ရန် မြောက်ကိုးရီးယား က စေလွှတ်ခဲ့သော လုပ်ကြံရေးအဖွဲ့ကို တွေ့ရှိခဲ့သည် ဟု ဆိုသည်။

သို့သော် ပြုံယမ်းက နိုင်ငံခြားသားများအား ငှါးရမ်း၍ တိုက်ရိုက် စေလွှတ်ခြင်းလား၊ တောင်ကိုးရီးယား တွင် နေထိုင်သော မြောက်ကိုးရီးယား သူလျှိုများကို အသုံးပြုခြင်းလား ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိ ဟု အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦး၏ ပြေကြားမှု ကို အဆိုပါ သတင်းစာ က ကိုးကားဖော်ပြခဲ့သည်။

                မြောက်ကိုးရီးယားတွင် လုပ်ကြံ သတ်ဖြတ်ရန် ကြိုးစားသည့် သမိုင်းကြောင်း ရှိခဲ့ရာ၊ အအောင်မြင်ဆုံး ကိစ္စတစ်ခုမှာ 1983 ခုနှစ် က မြန်မာနိုင်ငံတွင် လာရောက်လည်ပတ်သော တောင်ကိုးရီးယား သမ္မတ အား လုပ်ကြံရန် ဗုံးခွဲခဲ့ရာ တောင်ကိုးရီးယားဝန်ကြီး အချို့ သေဆုံးခဲ့သည်။

************************************************

Boeung Kak ရေကန်ကိစ္စ ကမ္ဘာ့ဘဏ်က ကမ္ဘောဒီးယားသို့ ချေးငွေရပ်ဆိုင်း

(9 August 2011 ရက်စွဲပါ BBC News မှ World Bank blocks Cambodia loans amid Boeung Kak rou ကို ဘာသာပြန်ဆိုသည်)

                ကမ္ဘောဒီးယားနိုင်ငံတွင် ထောင်ပေါင်းများစွာသော လူများအား နှင်ထုတ်မှုနှင့် ပတ်သက်၍ အငြင်းပွားနေမှုများကြောင့် ကမ္ဘာ့ဘဏ်သည် ကမ္ဘောဒီးယားသို့ ချေးငွေများ ရပ်ဆိုင်းခဲ့သည်။

                ကမ္ဘာ့ဘဏ်သည် နှစ်စဉ် ကမ္ဘောဒီးယားသို့ ဒေါ်လာသန်း 70 (ပေါင် 43 သန်း) ချေးငွေ ပေးလျက် ရှိရာ၊ အစိုးရသည် အထက်ပါကိစ္စ ဖြေရှင်း ပြီးမှသာ ချေးငွေပြန်ပေးမည်ဟု ဆိုသည်။

                ဝန်ကြီးများသည် ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးအား ဖနွမ်းပင်မြို့လယ်ရှိ ရေကန်ကြီး တစ်ခုအား အဆင့်မြင့်နေအိမ်ခန်းများနှင့် တန်ဖိုးကြီး ပစ္စည်းအရောင်းဆိုင်များ ဆောက်လုပ်ရန် မြေဖို့ခွင့်ပြုထားသည်။

                အဆိုပါ စီမံကိန်းသည် ရွာများကို ဖျက်ပစ်ပြီး ထောင်ပေါင်းများစွာသော လူများကို ပြောင်းရွှေ့စေသည်။ အဆောက်အဦးအတွက် နေရာများ လိုအပ် သောကြောင့် နောက်ထပ် ရွှေ့ပြောင်းရန် များစွာလည်း ရှိသေးသည် ဟု ဆိုသည်။

                ကမ္ဘောဒီးယားနိုင်ငံတွင် မြေပေါ်တွင် နေထိုင်သူများ တရားဝင် မြေပိုင်ဆိုင်ခွင့်ရရန် ရည်ရွယ်လျက် အစီအစဉ်တစ်ခုကို ကမ္ဘာ့ဘဏ်မှ ကြီးမှူး ပြုလုပ်ခဲ့သည်။ သို့သော် ကမ္ဘာ့ဘဏ်က ယခုနှစ် အစောပိုင်းက ဝန်ခံ ပြောကြားခဲ့ရာတွင် ဖနွမ်းပင်၏ Boeung Kak ကန်တွင် နေထိုင်သော လူများ တရားဝင် မြေပိုင်ဆိုင်ခွင့်ကို သေချာစေရန် ပြုလုပ်ပေးရေး မအောင်မြင်ခဲ့ဟု ဆိုသည်။

                ကမ္ဘာ့ဘဏ်က ကမ္ဘောဒီးယားသို့ နောက်ဆုံး ချေးငွေမှာ ဒီဇင်ဘာ 2010 တွင် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် မှ Annelte Dixon က ကြေညာ ချက်တွင် ပြောကြားခဲ့သည်။ Boeung Kak ရေကန်တွင် နေထိုင်သူများနှင့် သဘောတူညီမှုတစ်ခု မရမခြင်း၊ ကမ္ဘောဒီးယား သို့ နောက်ထပ် ချေးငွေ ပေးမည် မဟုတ် ကြောင်း ၎င်းက ပြောသည်။

                ဖနွမ်းပင်ရှိ BBC ၏ Guy De Launey က ပြောကြားရာတွင် ကမ္ဘာ့ဘဏ်၏ လုပ်ဆောင်ချက်သည် ကမ္ဘောဒီးယားတွင် ကြီးမားသောလူများ နှင်ထုတ်ရွှေ့ပြောင်းစေမှု ဖြစ်လာမည့် အရေး အတွက် တာဝန်ယူကာကွယ်ပေးမည့် သဘောကိုပြသည်ဟု ဆိုသည်။ သို့သော် ကမ္ဘောဒီးယားသည် တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ ကြီးမားသော ရင်းနှီးမြှပ်နှံမှုများ ရရှိထားခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေများအပေါ် မှီခိုနေရမှုကို လျော့နည်းစေသည်။

                Inner Mongolia Erdos Hongjun Investment Company သည် ယခု ရေကန်နေရာတွင် ဆောက်လုပ်မည့် စီမံကိန်းတွင် နောက်ကွယ်မှ ရင်းနှီးမြှပ်နှံမည့်ကုမ္ပဏီ ဖြစ်ပြီး၊ ကမ္ဘောဒီးယားတွင် ဒေါ်လာ ( 3 ) ဘီလီယံ သုံးစွဲရန် လျာထားသည်။

                အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Phay Siphan က ပြောကြားရာတွင် အစိုးရသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ကမ္ဘာ့ဘဏ် ချေးငွေများအပေါ် အရေး လုပ်စရာ မလိုတော့ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။ “ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့ဘဏ်ဆီက အကူအညီ ထိထိရောက်ရောက် မရပါဘူး” ဟု ၎င်းက AFP သို့ ပြောကြားခဲ့သည်။

***************************************************

အာဆီယံကို ဒေသတွင်းကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်မှုဆိုင်ရာ ဂုဏ်ပုဒ်တစ်ခုအဖြစ် ဖိလစ်ပိုင်ရှုမြင်

(PNA သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) အားတည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုပိုမိုပြည့်စုံသည့် အဓိပ္ပာယ်ကိုဖော်ဆောင်နိုင်သည့် ငြိမ်းချမ်း ရေး အဖွဲ့ တစ်ခုဖြစ်စေရန် ဖိလစ်ပိုင်နိုင်ငံအနေဖြင့်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

"နိုင်ငံတကာအသိုင်းအဝိုင်းထဲတွင် အာဆီယံ၏တန်ဖိုးကို အထက်ပါအတိုင်းရှိစေလိုသည်မှာ ကျွန်ုပ်တို့၏ဆန္ဒဖြစ်သည်" ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး Albero del Rosario က အာဆီယံအဖွဲ့စတင်ထူထောင်ခြင်း ၄၄ နှစ်မြောက်အခါသမယတွင် သဝဏ်လွှာပေးပို့သည်။

အာဆီယံအဖွဲ့သည် ရည်မှန်းချက်ပန်းတိုင်များရှိထားသည့်အတိုင်း ယင်းပန်းတိုင်များဆီသို့ရောက်ရှိအောင် ယတိပြတ်ဆုံးဖြတ်ထားကြောင်း ၎င်းက သဝဏ်လွှာတွင်ရေးသားဖော်ပြသည်။ "အမှန်စင်စစ်ကျွန်ုပ်တို့သည် ၂၀၁၅ ခုနှစ်မှစ၍ အာဆီယံအသိုင်းအဝိုင်းကြီးတစ်ခု စတင်ပေါ်ပေါက် လာရေးအတွက် အလေးအနက်ထားဆောင်ရွက်နေပြီဖြစ်ပါသည်။ ယင်းအာဆီယံအသိုင်းအဝိုင်းဟူသည် လူဦးရေ သန်း ၆၀၀ ခန့်ရှိသော ဒေသကြီး အတွင်း အမြင်တစ်ခု၊ စရိုက်လက္ခဏာတစ်ခု၊ ကြည့်ရှုစောင့်ရှောက်မှုတစ်ခုဖြင့် အတူတကွမျှဝေလုပ်ကိုင်သွားရေးပင်ဖြစ်သည်" ဟု ဆိုသည်။

အာဆီယံသည် လွတ်လပ်သော နိုင်ငံ ၁၀ နိုင်ငံဖြင့်ပေါင်းစည်းထားခြင်းဖြစ်ပြီး ထိုနိုင်ငံများအားလုံးသည် ညီတူမျှတူရှိသည့် အတိတ် သမိုင်းကြောင်းရှိသည်ဟူသော ခံယူချက်သဘောထားရှိသလို ညီတူမျှတူရှိသည့် အနာဂတ်အတွက်လည်းခိုင်မာသည့်သဘောထားရှိကြသည်ဟု ဆိုသည်။

"ယခုလို ညီညွှတ်မှုသည် လွန်စွာကောင်းမွန်မှုတစ်ရပ်ဖြစ်သည်။ သို့အတွက်ကြောင့် အပြန်အလှန်စိုးရိမ်ပူပန်တတ်သည့် စိတ်ဓာတ်များ ရင့်သန် လာကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံအချင်းချင်းကူညီရိုင်းပင်းမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများတိုးပွားလာပြီး အာဆီယံပြည်သူများအတွက် အဆုံးစွန်သော ကောင်းကျိုးများဆောင်ကျဉ်းလာနိုင်မည်ဖြစ်သည်" ဟု ဆိုသည်။

အာဆီယံထူထောင်သည့် ၄၄ နှစ်မြောက်အခမ်းအနားကို သြဂုတ်လ ၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင်ပြုလုပ်ခဲ့သည်။  ယင်းနေ့တွင် နိုင်ငံခြား ရေး ဝန်ကြီး Albero del Rosario က မနီလာအခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ အာဆီယံ အရောင်များ စုစည်းပြသမှုဟူသည့် အခမ်းအနားတစ်ရပ်ကိုပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် ဘရူနိုင်းသံအမတ်ကြီး Malai Halimah Yussof ၊ ကမ္ဘောဒီးယား သံအမတ်ကြီး Hos Sereythonh၊ အင်ဒိုနီးရှားသံအမတ်ကြီး Kristiarto Legowo ၊ လာအိုသံအမတ်ကြီး Malayvieng Sakonhninhom၊ မလေးရှား သံအမတ်ကြီး Dato Seri Dr Ibrahim Saad ၊ မြန်မာသံအမတ်ကြီး ဦးအောင်ခင်စိုး၊ စင်ကာပူသံအမတ်ကြီး A Selverajah ၊ ထိုင်းသံအမတ်ကြီး Prasas Prasasvinitchai၊ ဗီယက်နမ်သံအမတ်ကြီး Nguyen Vu Tu၊ နှင့် ဖိလစ်ပိုင်နိုင်ငံ အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ် တို့ အသီးသီး တက်ရောက်ခဲ့သည်။

"ယနေ့၊ အာဆီယံထူထောင်တဲ့ ၄၄ နှစ်မြောက်နေ့မှာ အာဆီယံအလံဟာ ဖိလစ်ပိုင်နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ထဲမှာပဲ လွှင့်ထူတာမဟုတ်ပါဘူး။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သံတမန်ဆက်ဆံရေး ထူထောင်ထားတဲ့ နိုင်ငံတွေရဲ့သံရုံးတွေမှာ ပါလွှင့်ထူတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အာဆီယံရဲ့ ဒိုင်ယာလော့မိတ်ဖက်နိုင်ငံတွေရယ်၊ အမြဲတမ်းကိုယ်စားလှယ်ထားရှိတဲ့ ကုလသမဂ္ဂ လက်အောက်က ဌာနချုပ်ရုံး တွေရယ် ပါဝင်ပါတယ်" ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကပြောသည်။

ထို့ပြင်လာမည့်နှစ်မှစ၍ အခြားသောနိုင်ငံများတွင် အာဆီယံအလံများပိုမိုလွှင့်ထူမည့် အစီအစဉ်ဒုတိယပိုင်းကိုစတင်သွားမည်ဖြစ်ကြောင်း၊ ခိုင်မာသော အာဆီယံအဖွဲ့ဖြစ် ပေါ်လာရေးနှင့် အာဆီယံအလံများကို အခြားနိုင်ငံများတွင်ဂုဏ်ယူဝံ့ကြွားစွာလွှင့်တင်နိုင်ရေးကို ဖိလစ်ပိုင်နိုင်ငံက လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသွားသည်။

********************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs