Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၈.၂၀၁၁

ဘာသာပြန်သတင်းများ

အစိုးရသစ်က အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်၏ NLD ကို ကမ်းလှမ်း

(BBC News မှ 12 August 2011 ရက်စွဲပါ “Burma Government offers Suu Kyi’s NLD ‘Reconciliation’ ” ကို ဘာသာပြန်ဆိုသည်)

ဒေါ်အောင်ဆန်းစုကြည်၏  NLD ပါတီ လှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး အစီအစဉ်ကို ပူးပေါင်း ဆောင်ရွက် သင့်ကြောင်း မြန်မာအစိုးရသစ်က ပထမဆုံး ဦးဦးဖျားဖျား ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက “အစိုးရသည် NLD ပါတီကို သတိထား၍ ဂရုတစိုက် ကိုင်တွယ်လျက် ရှိနေကြောင်း” ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာအစိုးရ ကိုယ်စားလှယ် ဝန်ကြီးတစ်ဦးနှင့် လတ်တလောတွင် နှစ်ကြိမ်တိတိ တွေ့ဆုံခဲ့ပြီးဖြစ်ရာ ဆက်ဆံ ရေး သိသိသာသာ တိုးတက်မှု လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပေသည်။ ယခင် မြန်မာစစ်ဖက် အုပ်ချုပ်သူများ၏ ရှုတ်ချပြောဆိုမှုကို အစဉ်တစိုက်ခံခဲ့ရသည့် NLD ပါတီသည် မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီးနောက်တွင် တရားဝင်ပါတီ မဟုတ်တော့ဟု ကြေညာ ဖျက်သိမ်းခြင်း ခံထားရသည့် ပါတီဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ အနှစ် ၅ဝ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေသော်လည်း ပြည်တွင်း ပြည်ပမှ အကဲခတ် လေ့လာသူများက အဆိုပါ ရွေးကောက်ပွဲကို မြန်မာနိုင်ငံ၏ အင်အားကြီး တပ်မတော်က ဆက်လက်၍ အာဏာအမြစ်တွယ်နိုင်ရန် ရည်ရွယ်ဖန်တီး ထားသော အတုအယောင် တစ်ခုအဖြစ် ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြသည်။

အမျိုးသားပြန်လည်စေ့စပ်သင့်မြတ်ရေး

အစိုးရက သတင်းထုတ်ပြန်ရေးအဖွဲ့ဟု ခေါ်သော အဖွဲ့သစ်ကို ဦးဆောင်သည့် ဦးကျော်ဆန်းက NLD ပါတီနှင့် စေ့စပ် သင့်မြတ်ရေးကိစ္စကို မပြော စဖူး သောကြာနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မိမိတို့အစိုးရသည် အမျိုးသားပြန်လည်သင့်မြတ်ရေး သဘောထားဖြင့် တရားဝင် ရပ်တည်ခွင့် မရှိတော့သော NLD ပါတီကို ဂရုတစိုက် သတိ ထား၍ ကိုင်တွယ်ခဲ့ပြီး အမျိုးသားရေး အကျိုးစီးပွားကို ပေါင်းစည်း ဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများ ကမ်းလှမ်းနေပါသည်ဟု ဦးကျော်ဆန်းက ဆိုသည်။

“တကယ်လို့ NLD ပါတီ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ချင်တယ် ဆိုရင်တော့ တရားဝင် လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဝင် ပါတီ ဖြစ်အောင် ဖွဲ့စည်းဖို့ လိုပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ NLD ပါတီကို ဖိတ်ခေါ်ဖို့ အကောင်းဆုံး လုပ်ဆောင်နေပါတယ်” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။

ထို့အပြင် သောကြာနေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့တွင် တစ်နာရီခန့် တွေ့ဆုံ ဆွေးနွေးကြရာ လက်ရှိ သီတင်းပတ်များအတွင်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးကြခြင်း ဖြစ်သည်။

တွေ့ဆုံမှုအပြီးတွင် ဒီမိုကရေစီစနစ် ဆက်လက် ပြောင်းလဲ တိုးတက်ရေးနှင့် စီးပွားရေး၊ လူမှုရေး အခြေအနေများ ဆက်လက် တိုးတက် ဖွံ့ဖြိုးရေးအတွက် အပြုသဘော ဆောင်စွာ ပူးပေါင်း ဆောင်ရွက်ကြရန် ကတိပေးသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တော်မှ မိုင် ၅ဝ (၈ဝ ကီလိုမီတာ) ခန့် ဝေးသော ပဲခူးမြို့သို့ ယခု သီတင်းပတ်ကုန်တွင် နေ့ချင်းပြန် ခရီးသွား၍ စည်းရုံးရေး ဆင်းရန် စီစဉ်ထားကြောင်း သိရှိရသည်။ ပဲခူးခရီးစဉ်သည် နှစ်ပေါင်း များစွာအတွင်း ပထမဆုံး ရန်ကုန်မြို့ပြင်ထွက်၍ စည်းရုံးရေး ဆင်းသည့် ခရီးဖြစ်မည်ဟု ဆိုသည်။

၂ဝဝ၃ ခုနှစ်က နောက်ဆုံး စည်းရုံးရေးဆင်းခဲ့သည့် ခရီးစဉ်တွင်မူ တပ်မတော်အစိုးရက စည်းရုံးစေခိုင်းထားသော လူရမ်းကားများက သူမ၏ မော်တော်ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်မှုကြောင့် NLD အမာခံ ထောက်ခံသူ များစွာ အသက်ဆုံးရှုံးခဲ့ရပြီး ကြေကွဲဖွယ် အဆုံးသတ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်မှာမူ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားစေသည့် စွပ်စွဲချက်ဖြင့် ၇ နှစ်ဆက်တိုက် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သူမ၏ NLD ပါတီသည်လည်း ၁၉၉၀ ခုနှစ်ကတည်းက တပ်မတော်အစိုးရစီစဉ်သော ရွေးကောက်ပွဲတွင် အနိုင်ယူပြီးနောက်ပိုင်း တပ်မတော် ၏ အငြှိုးတကြီး အဆက်မပြတ် ဖိနှိပ်ချုပ်ချယ်မှုကို ခံခဲ့ရသည်။

NLD ပါတီသည် ထိုစဉ်က ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း စစ်ဖက်အုပ်ချုပ်သူများထံမှ အာဏာလွှဲပြောင်း ယူခွင့် မရခဲ့ပေ။

***************************************

မြန်မာအစိုးရသစ် FEC ကို ရုတ်သိမ်းမည်

(12 August 2011 ရက်စွဲပါ Monsters and Critic မှ “New Myanmar Government to Drop Foreign Exchange Certificate” ကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရသစ်သည် လွန်ခဲ့သောအနှစ် ၂ဝ က နိုင်ငံခြားသားများအတွက် ထုတ်လုပ်ထားသော နိုင်ငံခြား ငွေလက်မှတ် FEC ကို ပြန်လည် ရုတ်သိမ်းရန် စီစဉ်နေကြောင်း တာဝန်ရှိသူများက သောကြာနေ့က ပြောကြားခဲ့သည်။

“မကြာတော့တဲ့ ကာလမှာ FEC ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ “ကျပ်” နဲ့ နိုင်ငံခြားသုံးငွေသာ ရှိတော့မှာပါ” ဟု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယခု သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ အစိုးရသစ်တက်ပြီး ပထမဆုံးကျင်းပသော သတင်းစာ ရှင်းလင်းပွဲ ဖြစ်သည်။

FEC ကို ၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး နိုင်ငံခြားသုံးငွေကို အစိုးရထိန်းချုပ်မှု ပြုလုပ်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာလှည့် ခရီးသည်များအနေဖြင့် လေဆိပ်တွင် ဒေါ်လာ (၂ဝဝ) တန်ဖိုးရှိ FEC များ ဝယ်ယူကြရပြီး နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် အကူအညီ ပေးရေးအုပ်စုများသည် တရားဝင် ငွေစာရင်းလွှဲပြောင်းမှုအတွက် FEC ကိုသာ အသုံးပြုကြရပြီး ဒေါ်လာနှင့် FEC ကြား ငွေလဲလှယ်နှုန်း ကွာဟမှုကြောင့် ဆုံးရှုံးမှုများ ရှိခဲ့ရသည်။

မှောင်ခိုဈေးကွက်တွင် နိုင်ငံခြားငွေလဲလှယ်မှု ပြုလုပ်ခြင်းကို ကာကွယ်ရန် FEC ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ “မြန်မာနိုင်ငံမှာ ငွေလဲလှယ် မှုနှုန်း အမျိုးမျိုး ရှိနေတာဟာ နိုင်ငံခြားငွေကို ဖလှယ်တဲ့နေရာမှာ အရမ်း ရှုပ်ထွေးပါတယ်။ အကျင့်ပျက်ခြစားမှုကိုလည်း ဖြစ်စေပါတယ်” ဟု မြန်မာ နိုင်ငံ၏ စနစ်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လများအတွင်းက မြန်မာကျပ်ငွေသည် ဒေါ်လာ FEC တို့ထက် စာလျှင် အားကောင်းလာခဲ့ရာ ယင်းမှာ ဈေးကွက်အတွင်းသို့ ဒေါ်လာ များစွာ ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်။

FEC ကို ကိုင်ဆောင်ထားသူများ အနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြစေလိုကြောင်း၊ အစိုးရသည် FEC ကို ကျပ်ငွေဖြင့် သော်လည်းကောင်း၊ ဒေါ်လာဖြင့်သော်လည်းကောင်း ပြန်လည် ဝယ်ယူမည်ဖြစ်သည်ဟု ဦးကျော်ဆန်းက ပြောကြားခဲ့သည်။ သို့သော် မည်သည့်နှုန်းဖြင့် ဝယ်ယူမည် ဆိုသည်ကိုမူ ပြောကြားသွားခြင်း မရှိခဲ့ပေ။

*******************************************

ထိုင်း ရနောင်းဆိပ်ကမ်းအနီးနှင့် မဲခေါင်မြစ်တွင် သစ်မှောင်ခိုကူးသူများဖမ်းမိ

(The Nation သတင်းစာမှ သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် ဘတ်ငွေ သုံးသိန်းခန့်တန်ဖိုးရှိသည့် တရားမဝင်သစ်ပျဉ်ပြားများအား သင်္ဘောငယ် တစ်စီးပေါ်တွင် တော်ဝင် ရေတပ်မှ အရာရှိကြီးများက ဖမ်းဆီးရမိလိုက်ကြောင်းသိရသည်။ အဆိုပါ သစ်များကို မြန်မာနိုင်ငံမှ တရားမဝင်မှောင်ခိုထုတ်ယူလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ တွင် ရောင်းချရန်စီစဉ်ထားခြင်းဖြစ်ကြောင်း ရေတပ်အရာရှိကြီးများက ဆိုသည်။

တစ်ချိန်တည်းမှာပင် ချင်းရိုင်းပြည်နယ်၊ မဲခေါင်မြစ်အတွင်းကင်းလှည့်နေသော ထိုင်းရေတပ်က ဘတ်ငွေ ငါးသိန်းခန့် တန်ဖိုးရှိသည့် ထိုင်းသစ် များအား တရားမဝင်ခိုးထုတ်ရန်ကြိုးပမ်းနေသူ အမျိုးသားနှစ်ဦးအား ဖမ်းမိလိုက်သည်။

ပထမအမှုနှင့်ပတ်သက်၍ ထိုင်းရေတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Choomnoom Ardwong ကပြောကြားရာတွင် ရနောင်းမြို့ Koh Phayam သင်္ဘောဆိပ်နှင့် နှစ်မိုင်ခန့်အကွာ၌ မသင်္ကာဖွယ်ရာ စက်တပ်ရေယာဉ်ကြီးတစ်စီးကို HTMS Hua Hin ရေတပ်ကင်းလှည့်သင်္ဘောကတွေ့ရှိခဲ့ပြီး တက်ရောက် ရှာဖွေရာ တရားမဝင်မှောင်ခိုတင်သွင်းလာသော ပျဉ်ပြားအချပ် ၁၅၀ ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းပြောကြားသည်။ ဖမ်းမိသည့်သစ်များနှင့် ပတ်သက်၍ စာရွက်စာတမ်းများမပါရှိသောကြောင့် မြန်မာရေယာဉ်မောင်း Na Piew (အသက် ၄၀) နှင့် ရေယာဉ်လုပ်သားလေးဦးကို ဖမ်းဆီး လိုက်ကြောင်း ၎င်းကဆိုသည်။

ရေယာဉ်မောင်းသူအဆိုအရ ၎င်းတို့သည် သြဂုတ်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံတောင်ပိုင်း၊ မြိတ်မြို့မှ ယင်းသစ်များအား ရနောင်း ကမ်းခြေဒေသရှိ သစ်စက်သို့ပို့ဆောင်ရန် ရေယာဉ်ပေါ်တင်ဆောင်ကာ ထွက်ခွာလာခြင်း ဖြစ်ကြောင်း သိရသည်။ အခြားသူတစ်ဦးကမူ မြိတ်မြို့၌ ထိုင်းနိုင်ငံသို့ အလားတူမှောင်ခိုတင်ပို့မည့် သစ်ထည်များ ရှိနေကြောင်းပြောကြားသည်။ ယင်းသစ်များသည် ထိုင်းနိုင်ငံဘက်၌ ဝယ်လိုအား များ သောကြောင့် မှောင်ခိုတင်ပို့နေခြင်း ဖြစ်သည်။

ရေယာဉ်မောင်းနှင့် လုပ်သားလေးဦး(စုစုပေါင်း ငါးဦး)ကို ထိုင်းရဲတပ်ဖွဲ့က တရားမဝင်သစ်များမှောင်ခိုတင်သွင်းမှု၊ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။

ဒုတိယအမှုဖြစ်စဉ်မှာ မှောင်ခိုသမားနှစ်ဦးသည် ထိုင်းသစ်များအား မဲခေါင်မြစ်တွင်းမှ တရုတ်နိုင်ငံသို့ တင်ပို့ရန် ကြိုးစားစဉ် မဲခေါင်ကင်းလှည့် အဖွဲ့က ဖမ်းမိလိုက်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘတ်ငွေ ငါးသိန်းခန့်တန်ဖိုးရှိသည့် သစ်များကို လှေပေါ်တွင်တင်ဆောင်ပြီး ရွှေတြိဂံဒေသအနီး မြန်မာ နိုင်ငံ ဘက်အခြမ်းသို့ သယ်ဆောင်သွားပြီးမှ တရုတ်နိုင်ငံသို့ တင်သွင်းမည်ဖြစ်ကြောင်း ကင်းလှည့်အဖွဲ့က ဆိုသည်။ သစ်မှောင်ခိုကူးသူနှစ်ဦးစလုံးမှာ ထိုင်းနိုင်ငံသားများ ဖြစ်ကြသည်။

************************************************** 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

သတင်းလွှာ စာဖတ်သူများခင်ဗျာ...

ယခုတပတ်မှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း သတင်းစာရှင်းလင်းပွဲလုပ်ရင်း မျက်ရည်ကျခဲ့ရတဲ့ အကြောင်းပေါင်းစုံနဲ့ တပတ်အတွင်း မှတ်မှတ်သားသား ပြည်တွင်းသတင်းများ၊ နိုင်ငံရေးပါတီများနဲ့ နိုင်ငံရေးသတင်းများ၊ ပြည်တွင်းဂျာနယ်များမှ ကောက်နှုတ်ချက်များနဲ့ အတွေးအမြင်ဆောင်းပါးများပါဝင်တဲ့ သတင်းလွှာ အမှတ် ၂၂ကို ပေးပို့လိုက်ပါတယ်။ ဖတ်ရှု ခံစားကြည့်ကြပါဦးဗျာ.. စာဖတ်သူများရဲ့ အကြံဥာဏ်ကိုလည်း တလေးတစား မျှော်လင့်နေပါတယ်။


လေးစားလျှက်..
သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၁၂.၈.၂၀၁၁

ပြည်တွင်းသတင်းများ

တဘူးဆည် ရေဖောက်ချမှု ရွာ ၂၀ ကျော်ဒုက္ခရောက်

၂၀၁၁ ခုနှစ် သြဂုတ်လ ၈ ရက်၌ ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်ရှိ တဘူးလှဆည် ရေလျှံ၍ ရေလှောင်ကန်အတွင်းမှ ရေများကို ဖောက်ချ လိုက်သည့်အတွက်  ဥက္ကံတံတားကြီး သုံးစင်း ပျက်စီးပြီး လူတစ်ဦး သေဆုံးကာ ၎င်းအနီးအနားရှိ ရွာပေါင်း ၂၀ ကျော်ရေနစ်မြုပ်ခဲ့ရကြောင်း သိရသည်။

တဘူးဆည် ရေလျှံ၍ ရေဖောက်ချခဲ့မှုကြောင့် ပျက်စီးသွားသည့် ဥက္ကံမြို့နယ် အတွင်းရှိ တံတားကြီးသုံးစင်းမှာ အနော်ရထာတံတား၊ ဖော်ကျုး တံတားနှင့် ဗျူပာာတံတား တို့ပင်ဖြစ်ကြောင်းသိရသည်။ ၎င်း တံတားကြီးသုံးစင်း ပျက်စီးသွားသည့်အတွက် ဒေသခံမိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခရီးသွားလာရေး အခက်အခဲဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မှုများ၊ ကျောင်းတက်ခြင်းများကို ယာယီရပ်ဆိုင်းထားရကြောင်း သိရသည်။

ယခင်နှစ်များ၌ တဘူးလှဆည်တွင် စိုက်ပျိုးရေးလုပ်ငန်းများအတွက် အသုံးပြုနိုင်ရန်ရေများ သိုလှောင်ထားရာမှ ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် တဘူးဆည်တွင် ရေများလျှံကျပြီး ဆည်အတွင်းမှ လှောင်ရေများကို ဖောက်ချလိုက်သည့်အတွက် ရေများမှာ လှိုင်မြစ်အတွင်းသို့ စီးဝင်၍ ၎င်းမြစ်ကြော တစ်လျှောက်တွင် ရှိ သည့် ဥက္ကံတံတားသုံးစင်းမှာ ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ထိုသို့ ရေကြီး၍ ကျေးရွာ ၂၀ ကျော်ခန့် ရေအောက်တွင် နစ်မြုပ်ပျက်စီးသွားခဲ့သည့် ကျေးရွာများရှိ ဒုက္ခသည်များအား ဥက္ကံမြို့နှင့် တိုက်ကြီး မြို့နယ်အတွင်းမှ ဘုန်းကြီးကျောင်းများနှင့် အစိုးရစာသင်ကျောင်းများမှ ရေဘေးဒုက္ခသည် စခန်းများ ဖွင့်လှစ်၍ အကူအညီပေးခဲ့ကြကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပျောက်ဆုံး၊ ပျက်စီးသွားသော မိုဘိုင်းဖုန်းကတ်များ ငါးသောင်းကျပ်ဖြင့် ပြန်လည်လျှောက်ထားနိုင်

သြဂုတ်လ ၁၀ ရက်နေ့မှစတင်ကာ မိုဘိုင်းဖုန်းကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများကြောင့် အသစ်ထပ်မံ လျှောက်ထားရာတွင် တစ်သိန်းကျပ် ပေးသွင်းရခြင်းမှ ငါသောင်းကျပ်သို့ လျှော့ချကောက်ခံမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် အကြောင်းတစုံတရာကြောင့် ဖုန်းကတ်များ ပျောက်ဆုံး၊ ပျက်စီးမှုများ ဖြစ်ပေါ်၍ ကတ်အသစ် ထပ်မံ လျှောက် ထားရာတွင် ယခင်က တစ်သိန်းကျပ် ပေးသွင်းရသော်လည်း သြဂုတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ငါးသောင်းကျပ်သာ ပေးသွင်းရတော့မည် ဖြစ်ကြောင်း သိရသည်။ ထို့အတူ ယခင်က ကတ်ပြန်လည်ရှိရန် တစ်လ စောင့်ဆိုင်းရမှုများမှ အထောက်အထားပြည့်စုံစွာ တင်ပြနိုင်လျှင် နေ့ချင်းပြီး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လူပေါင်း သန်းသုံးဆယ် ဖုန်းကိုင်နိုင်မည့် စီမံကိန်းအရ ယခုနှစ်ကုန်ပိုင်းတွင် ငါးသိန်းအောက် တန်ဖိုးနည်း ဂျီအက်အမ်ဖုန်းများ ထွက်ရှိလာရန်ရှိပြီး အဆိုပါဖုန်းများတွင် အင်တာနက် သုံးစွဲနိုင်မည့်စနစ် တစ်ပါတည်း ထည့်သွင်းပေးထားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဂျီအက်အမ်ဖုန်းများပြည်ပနိုင်ငံများသို့ ယူဆောင် အသုံးပြုနိုင်ရန် စမ်းသမ်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ် ရေးမှ သတင်းရရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ နေပြည်တော်တွင် ဇူလိုင်လက ကျင်းပခဲ့သော မြန်မာ့ကျောက်မျက်ရတနာ ဈေးရောင်းပွဲတော်တွင် တရုတ်နိုင်ငံမှ ဂျီအက်အမ်ဖုန်းများ အသုံးပြုခြင်းကို စမ်းသပ်ခဲ့ပြီး မြန်မာနိုင်ငံမှ ဂျီအက်အမ်ဖုန်းများ တရုတ်နိုင်ငံတွင် အသုံးပြုနိုင်ရန် မကြာမီ စမ်းသပ်မှုများ ပြုလုပ်သွား မည် ဖြစ်ကြောင်း သိရသည်။

Ref: Bi Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ၌ ထုတ်ကုန်စာရင်းဇယား ကောက်ယူသည့်စနစ်လိုအပ်ဟုဆို

မြန်မာနိုင်ငံ၌ ထုတ်ကုန် စာရင်းဇယားကောက်ယူသည့် စနစ်မရှိသည့်အတွက် မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံရေးအစီအစဉ်မှာ လတ်တလော အချိန်အတွင်း အကောင်အထည်ဖော်ရန် မဖြစ်နိုင်သေးကြောင်း သက်ဆိုင်ရာတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ထုတ်ကုန်နှင့် ပတ်သက်သည့် သီးသန့် သတင်းအချက်အလက် ရယူနိုင်သည့် စနစ် မရှိသေးသည့်အတွက် မြန်မာ့ ထုတ်ကုန်ကဏ္ဍ၌ ထုတ်ကုန် စာရင်းဇယား ကောက်ယူသည့် စနစ်တစ်ခု လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ထုတ်ကုန်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၀၉ ခုနှစ်မှ စတင်ပြီး ရေထွက်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍ တစ်ခုတည်းအတွက်သာ ထုတ်ကုန် စာရင်းဇယားကို ကောက်ယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍတွင် ချင်းပြည်နယ်မှလွဲ၍အခြား ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ ဒေသအရပ်ရပ်တွင် ငါးလုပ်ငန်း အဖွဲ့ချုပ် ရှိနေသည့်အတွက် ငါးလုပ်ငန်းကဏ္ဍတစ်ခုတည်းအတွက်သာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြားထုတ်ကုန် ကဏ္ဍများတွင်ပါ ထုတ်လုပ်မှု သီးသန့် သတင်းအချက်အလက်များ ရရှိရန် လိုအပ်ကြောင်း သိရသည်။

                                                                                                        Ref:Hot News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်စုနှင့် ဦးအောင်ကြည်တို့ သြဂုတ်လ ၁၂ ရက်နေ့တွင် ထပ်မံတွေ့ဆုံခဲ့

ရန်ကုန်၊ သြဂုတ် ၁၂။

ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့သစ်မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့်  စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် သြဂုတ်လ ၁၂ ရက် နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် သြဂုတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေ ဟာတွင် မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အထိ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲအပြီးတွင် သတင်း မီဒီယာများနှင့် တွေ့ ဆုံကာ ဆွေးနွေးခဲ့မှုများနှင့် ပတ်သတ်သည့် သတင်းထုတ်ပြန်မှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ပြည်တွင်း သတင်းထောက် တစ်ဦးမှ ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ ပြည်တွင်းသတင်းမီဒီယာများအား  သတင်းထုတ်ပြန်ချက်များကို ထုတ်ဖော် ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော သတင်းမီဒီယာများအား မေးခွန်း ၃ ခု မေးမြန်းခွင့် ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်မှ ထုတ်ဖော်ပြောကြားခဲ့သော သတင်းထုတ်ပြန်ချက်များမှာ-

၁။ ပြည်သူလူထု တစ်ရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဖက် လက်တွဲ ဆောင်ရွက်သွားမည်။

၂။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက် တိုးတက်ထွန်းကားစေရေးအတွက် လည်းကောင်း၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရေးအတွက်လည်းကောင်း အပြုသဘော ပူးပေါင်းဆောင် ရွက်သွားမည်။

၃။ ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် တူညီသော ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းစဉ် (reciprocal process) အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။

၎။ တွေ့ဆုံ ဆွေးနွေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဆိုသောအချက်များဖြစ်သည်။

ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဇူလိုင်လ ၂၅ ရက်နေ့က အစိုးရသစ်လက်ထက်တွင် ပထမဆုံးကြိမ်အဖြစ် စိမ်းလဲ့ကန်သာရှိ စိုးရဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ပြီး ယခုတွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

အစိုးရသစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဦးကျော်ဆန်း မျက်ရည်လွှမ်းမိုး

ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံးအကြိမ် နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မေးခွန်း များကို ဖြေကြားရင်း ကျဆင်းခဲ့သော မျက်ရည်ကိစ္စ သတင်းထောက်များအကြား လွှမ်းမိုးမှုအရှိဆုံးဖြစ်ကြောင်း သိရသည်။

နေပြည်တော် တွင် သြဂုတ် ၁၂ ရက်နေ့၌ ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် မြစ်ဆုံကိစ္စကို သတင်းထောက်များ အများဆုံးမေးခွန်းထုတ်ခဲ့ကြသည်။

“မေးခွန်း သုံးပုံ တစ်ပုံလောက်က ဒီကိစ္စ မေးခွန်းတွေ”ဟု တက်ရောက်ခဲ့သူသတင်းထောက်တစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်တော့မည့် အကြီးစား ရေအားလျှစ်စစ် စီမံကိန်းကို နိုင်ငံတစ်ဝှမ်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ လှုပ်ရှားမှုများ၊ နိုင်ငံရေးသမားများ၊ ကချင်တိုင်းရင်းသားများ၊ မီဒီယာများက အပြင်းအထန် ကန့်ကွက်နေချိန်တွင် အစိုးရက သတင်းစာ ဆောင်းပါး နှစ်ပုဒ်ဖြင့် စီမံကိန်းကြောင့် ဧရာဝတီမြစ် မကောနိုင်ကြောင်း တုံပြန်ခဲ့သည်။

ယင်းသို့တုံ့ပြန်ချက်များနှင့် ပက်သက်၍ မီဒီယာများတွင် အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း မေးခွန်းထုတ် ခဲ့ကြခြင်း ဖြစ်သည်။

“ဧရာဝတီမြစ်ဖျားက စီမံကိန်း ဆက်ဆောက်မှာလား။ မဆောက်တော့ဘူးလားဆိုတဲ့ မေးခွန်းကို ဖြေပြီး ဦးကျော်ဆန်း မျက်ရည်ကျတော့တာပဲ”ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

အထက်ပါမေးခွန်းကို တပ်မတော်အစိုးရ အာဏာရယူခဲ့သော ၁၉၈၈ ခုနှစ်မှ စတင်ဇာတ်ကြောင်းပြန်ဖြေရှင်းကာ မိမိတို့အနေဖြင့် တိုင်းပြည်ကို မည်ရွေ့မည်မျှချစ်ခင်ကြောင်း ပြောဆိုရင်း မျက်ရည်ကျလာကြောင်း ၎င်းတို့ထံမှ သိရသည်။

“မိနစ်ပိုင်းလောက်ကြာတာ။ မျက်ရည်ကျတယ်။ အဲဒီအချိန်ဘာမှ မပြောဘဲ တန့်တယ်။ ဒီမေးခွန်းလည်းပြီးရော သတင်းထောက်တွေ မေးခွန်းမေး လို့ မရတော့ဘူး”ဟု ယင်း အယ်ဒီတာက ဆိုသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြားနှင့် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရေးများ၊ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရေး၊ အတင်းအဓ္ဓမ လုပ်အားခိုင်းစေမှု၊ မကြာမီကျင်းပတော့မည့် လွှတ်တော်အစည်းအဝေးများအရေး စသည်တို့ကို အများဆုံး မေးမြန်းခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သော ဦးကျော်ဆန်းသည် ယခင် စစ်အစိုးရ လက်ထက် တွင်လည်း ပြန်ကြားရေးနှင့် အထက်ပါတာဝန်များ ယူခဲ့သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူလျက် ရှိသည်။

ဦးကျော်ဆန်းသည် သမ္မတသစ်ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကဏ္ဋကောစ လုပ်လေ့ရှိသော ဒုတိယ သမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး၏ အုပ်စုတွင်ပါဝင်ကြောင်း စစ်တပ်နှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် နာမည်ရသူဖြစ်သည်။

မျက်ရည်ကျပြီး ‘ကျွန်တော် စိတ်လှုပ်ရှားမှု များသွားလို့ပါ’ဟု ဆိုခဲ့သူ၊ သတင်းထောက်များကို ယင်းကိစ္စကို ဖုံးဖုံးဖိဖိလုပ်ရန် နားချခဲ့သူ သက် တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းများမှာ မီဒီယာကို မီဒီယာနှင့် တိုက်ရမည်ဟု တရားဝင်ထုတ် ထုတ်ဖော်ပြေဆိုခဲ့ဖူးသူဖြစ်ပြီး အစိုးရ သတင်း စာများ၏ နောက်ကျောတွင်လည်း ပြည်ပမီဒီယာများကို တိုက်ခိုက်သော ဆောင်ပုဒ်များ တီထွင်ကာ နေ့စဉ် မပြတ်တမ်း ရိုက်နှိပ်ဖော်ပြလေ့ရှိသည်။

“၀ါဒဖြန့်တယ်ဆိုတာ တတ်မှကောင်းတယ်။ နို့မို့ဆို ရွံ့စရာကောင်းသွားတတ်တယ်”ဟု ရန်ကုန်အခြေစိုက် ဥပဒေပညာရှင်တစ်ဦးက မှတ်ချက်      ပြုပေးသည်။

ဦကျော်ဆန်း၏ မျက်ရည်ကိစ္စမှာ အင်တာနက် Facebook စာမျက်နှာများပေါ်တွင် နာရီပိုင်းအတွင်း ပျံနှံ့သွားခဲ့ပြီး လူအများအထူး စိတ်ဝင် တစား ဖတ်ရှုမှတ်ချက်ပေးရာ အကြောင်းအရာတစ်ခု ဖြစ်သည်။

“မျက်ရည်ကျတိုင်းလည်း ပြောရခက်တယ်။ မိချောင်းမျက်ရည်လည်း ဖြစ်နေတတ်တယ်၊ သူ့ပြကွက်ကို အကယ်ဒမီ ပြကွက်ဆိုပြီး ၀ိုင်းပြီး မှတ်ချက် ပေးနေကြတယ်”ဟု Facebook စာမျက်နှာပေါ်တွင် မှတ်ချက်ပေးထားသည်။

မင်းဦး

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတမှ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ သြဂုတ်လ ၁၁ ရက်နေ့ ရက်စွဲနှင့် အမိန့် ကြော်ငြာစာအမှတ်(၇/၂၀၁၁) ဖြင့် နိုင်ငံတော်၏ အရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုဖွဲ့စည်းလိုက်ကြောင်း သြဂုတ်လ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်သည့် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့မှ လုပ်ဆောင်ရမည့် တာဝန်များမှာ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာကိစ္စရပ်များ၌ သတင်းထုတ်ပြန်ခြင်း၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်း ကိစ္စရပ် များကို နိုင်ငံတော်သမ္မတ ကိုယ်စား ပြုလုပ်ဆောင်ရွက် ပေးရ မည်ဖြစ်ကြောင်း သိရသည်။ ၎င်းအဖွဲ့ကို အဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

၎င်း ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၌ အဖွဲ့ခေါင်းဆောင်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှ တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ဦးဇော်မင်းဦးက တာဝန်ယူ၍ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ကျော်ကျော်ထွန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ဦးစီးဗိုလ်မှူးချုပ် ဗိုလ်မှူးကြီး လူအေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်နှင့် သမ္မတဦးစီးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးရဲမင်းတို့ ပါဝင်ကြောင်း သြဂုတ်လ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ပါရှိသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အရင်ကပုံစံတွေက မပျောက်သေးဘူး။ အာဏာလေး နည်းနည်းရှိတယ်ဆိုရင် ပြည်သူကို ဖြဲခြောက်တတ်သေးတယ်။ ဆင်းရဲနွမ်းပါးတဲ့သူ စာရင်း ကောက် စေခိုင်းတာကို တစ်အိမ်ထောင်စုကို ဘယ်လောက်ထည့်ရမယ်ဆိုပြီး ကောက်တာက ဒီရပ်ကွက်မှာတင် မဟုတ်ဘူး။ ဒီအဖြစ်မျိုးတွေက ကျန်တဲ့ မြို့နယ်တွေ မှာလည်း ရှိနိုင်သေးတယ်"

သြဂုတ် ၁၁ ထုတ် Popular News အတွဲ (၃) အမှတ် (၃၁) တွင်ပါသည့် "ပြည်သူ့ထံမှ ငွေကြေးကောက်ခံသော ရာအိမ်မှူးအား အရေးယူ" သတင်းမှ အဆိုပါ ရပ်ကွက်နေအစိုးရဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- NLD နဲ့ ပတ်သက်ပြီး အရင်ရွေးကောက်ပွဲမတိုင်ခင်တုန်းက NDF ကို နှောင့်ယှက်တာမျိုး ရှိခဲ့တယ်လို့ ပြောဖူးတော့ အခုအချိန်မှာ အရင်လို အနှောင့် အယှက်ရှိသေးလား။

ဖြေ- အခုကတော့ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ပါတီက စည်းရုံးတဲ့အဆင့် မဟုတ်သေးဘူး။ အဓိကကတော့ သူတို့အပေါ်မှာ မူတည်တာပါပဲ။ ကျွန်တော်တို့ကတော့ အနှောက်အယှက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယုံကြည်ချက်အတိုင်း ဆက်ပြီးလုပ်သွားမှာပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ အခုလည်း ဒီမိုကရေစီခေါင်းဆောင်အနေနဲ့ နိုင်ငံရေးမှာဆက်ပြီး လုပ်နေတယ်ဆိုတာ ဘာမှပြောစရာ မရှိပါဘူး။ ဒါကိုလည်း ဝမ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အမြဲတမ်း တိုင်းပြည်အတွက် ကောင်းအောင်လုပ်ဖို့ ခေါင်းထဲမှာ အမြဲရှိတယ်။ အမြဲတမ်း စဉ်းစားပြီး လုပ်တဲ့အတိုင်းလုပ်နိုင်ပါစေလို့ ကျွန်တော် တို့က ဆန္ဒပြုပါတယ်။

သြဂုတ် ၁၁ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၅၅) တွင်ပါသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ငါတို့ဆီမှာလည်း  အဲလို ပရိုဂရမ်တွေ စဆွဲနေပါတယ်ဆိုတဲ့ စကားမဟုတ်ရင်တောင် ဦးနှောက်ယိုစီးမှု (Brain-drain) ကို တားဆီးဖို့ ကြိုးစားနေပါတယ် ဆိုတဲ့ သတင်းလေးကြားရရင်ကို ငါတို့တွေသိပ်ပျော်ကြမှာပါ။ ပညာရှင်တွေတင်မက နယ်ပယ်အသီးသီးက လူတွေ ထွက်သွားနေကြတာ အခုဆိုရင် လယ်ယာလုပ်ငန်းတွေမှာတောင် လုပ်သားရှားပါးနေပြီဆိုတဲ့ သတင်းတွေဟာ အင်မတန်ကို ရင်လေးစရာဖြစ်နေပြီ။ ဒါပေမဲ့ ဦးနှောက်ယိုစီးတာလို့ မယူဆဘဲ ဘယ်သူမှ အတင်းတိုက် တွန်းတာမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ်သွားကြတာမို့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ လို့ ဆရင်လည်း မတက်နိုင်ဘူးပေါ့"

သြဂုတ် ၁၁ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၅၅) တွင်ပါသည့် ဆောင်းပါးရှင် ထိုက်၏ "ဘယ်သူ့အတွက် ခေတ်ကောင်းချိန်လဲ" ဆောင်း ပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဒါပေမယ့် ကိုယ့်ဘက်ကလည်း ကိုယ့်လူကြီးတွေရဲ့ လမ်းညွှန်ချက်တွေ၊ အကြံပြုမှုတွေ ယူရသေးတယ်လေ၊ နောက်ပြီး ဟိုကနေ ကုန်ကြမ်းတွေပဲယူလာပြီး ဒီမှာ ပြန်ဆင်မလား၊ တစ်ခါတည်း အစီးလိုက်ပဲ တင်သွင်းလာမလား။ အဲဒါတွေလည်း စဉ်းစားစီစဉ်ရသေးတယ်။ နောက်လိုအပ်ချက် တစ်ခုက ကျယ်ဝန်းတဲ့ မြေဧကလို တယ်။ နေရာအခက်အခဲကြောင့် ကြာနေတာလည်း ပါတယ်။ ဈေးနှုန်းကတော့ အခုဈေးအနည်းဆုံးကားတွေထက်ကို ဈေးသက်သာတယ်။ လူတော်တော် များများဝယ်နိုင်လောက်တဲ့၊ ချိုသာတဲ့ ဈေးနှုန်းမျိုး သတ်မှတ်ထားပေးမှာပါ။ ဖြစ်နိုင်ရင် အရစ်ကျနဲ့တောင် ရောင်းချပေးဖို့ စီစဉ်ထားပါတယ်။ အဓိကကလေ ကိုယ့်နိုင်ငံက လူတွေ ကားလှလှတွေနဲ့ ပျော်စေချင်တယ်။ ကားသစ်ကလေးတွေနဲ့ ခန့်ညားစေချင်တယ်။ ဈေးလည်းသက်သာမယ်။ လူတိုင်း လည်း စီးနိုင်မည်ဆိုမကောင်းဘူးလား။ ကြီးမားတဲ့ project မို့ အချိန် နည်းနည်းယူနေတာပါ။ လူကြီးတွေရဲ့ လမ်းညွှန်ချက်နဲ့အတူပေါ့"

သြဂုတ် ၁၁ ထုတ် Envoy ဂျာနယ် အတွဲ (၂) အမှတ် (၁၆) တွင်ပါသည့် "နိုင်ငံကျော်အဆိုတော် မေခလာ တန်ဖိုးနည်းကားများ တင်သွင်း ရောင်းချမည်" သတင်းမှ မေခလာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ပြည်သူ့ခေတ်၊ ပြည်သူ့အစိုးရ ပေါ်ပေါက်ရေး နိုင်ငံရေးခြေလှမ်းသစ်

မောင်းဆက်

(သြဂုတ် ၁၁ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၅၅) မှ ထုတ်ယူဖော်ပြပါသည်။)

ကျန်ခဲ့သည့် ၂၅ ဇူလိုင် ၂၀၁၁ နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ စိမ်းလဲကန်သာဧည့်ဂေဟာတွင် တွေ့ဆုံစကား ပြောကြသည့် သတင်းမှာ ယခုနှစ်အတွင်းတွင် ပြည်သူလူထု စိတ်အလှုပ်ရှားဆုံး နိုင်ငံရေးသတင်း ဖြစ်လိမ့်မည်ထင်သည်။ နှစ်ပေါင်းများစွာ နိုင်ငံရေးတည်ငြိမ်မှု မရှိနိုင်ခဲသော မြန်မာနိုင်ငံသည် နိုင်ငံရေးတည်ငြိမ်မှု ရရှိလာနိုင်သည့် ခြေလှမ်းသစ်တစ်ခုကို စတင်လျှောက်လှမ်းလိုက်ခြင်းလည်း ဖြစ်ပေသည်။ ယခုကိစ္စက အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမှုသက်သက်မျှမဟုတ်။ တပ်မတော်ကို အခြေခံသော အာဏာပိုင်အစိုးရနှင့် မြန်မာနိုင်ငံ၏ အရေးပါဆုံးသော ဒီမိုကရေစီအင်အားစုတို့ ညီညွတ်ရေး နည်းလမ်းသစ်ရှာ ဖွေဖို့ကြိုစားသော နိုင်ငံရေး ခြေလှမ်းတစ်လှမ်းဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်းမှာ အစိုးရတစ်ရပ် အနေဖြင့် ပြည်သူလူထု၏ အားပေးမှုကို ရရှိလိုက်သော ခြေလှမ်းတစ်လှမ်းလည်း ဖြစ်သည်။

ဘာကြောင့်လဲ။

ခါတိုင်းလို တွေ့ဆုံကြသည်ဆိုသည့် သတင်းမျှနှင့် ပြီးသွားတာမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ကြေညာချက် ထုတ်ပြန် လိုက်သောကြောင့်ဖြစ်သည်။ ထုတ်ပြန်ကြေညာချက်တွင်လည်း နှစ်ဖက်စလုံးမှ ကျေနပ်အားရမှုများ ရှိသည်ဟု ဆိုပြီးပါ၏။ ဒေါ်အောင်ဆန်းစုကြည်ကရော၊ အစိုးဘက်ကပါ ဆွေးနွေးခဲ့ ကြမှုအပေါ် ကျော်နပ်အားရရှိကြသည်တဲ့။

နှစ်ဦးပူးပေါင်း ထုတ်ပြန်သည့် ကြေညာချက်တွင် 'ဤတွေ့ဆုံမှုအတွက် နှစ်ဖက်စလုံးက အပြုသဘောရှုမြင် သည့် ကျေနပ်အားရမှု ရှိကြပါသည်။ ပြည်သူလူထုကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးသည့် အခါ တွင်လည်း တရားဥပဒေစိုး မိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမှုတို့လည်း အပါအဝင် ဖြစ်ပါသည်။ သင့် တော်သည့်ရက်တွင် ထပ်မံဆွေးနွေးရန်ကိုလည်း သဘောတူခဲ့ကြသည်"ဟူ၏။

သည်မှာ အစိုးရသစ်၏ သဘောထားသစ်တစ်ခုမှာ အမျိုးသားနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို အသိအမှတ် ပြုလိုက်တာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အခွင့်အလမ်းများ ရှိလာလိမ့်မည်ဟု သဘောထားခြငင်းက အစိုးရ၏ ရင့်ကျက်မှုကို ဖော်ပြလိုက်တာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလုထု ထောက်ခံမှုကို ရရှိထားသော နိုင်ငံ ရေးသမား၊ နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု၏ ထောက်ခံမှုရရှိသော နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနေဖြင့် အစိုးရသစ်က အသိအမှတ်ပြု တွေ့ဆုံစကားပြောခြင်း ဖြစ်သည်။ ပြည်သူ့ဆန္ဒကို လေးစားသော ရှုမြင်သုံးသပ်မှု ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်တို့ ဆွေးနွေးစကားပြောဆိုကြခြင်းဖြင့် မြန်မာနိုင်ငံအတွင်း၌ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေဖို့ကိစ္စများ ပြေလည် အောင်မြင်နိုင်သည်ဟု နှစ်ဖက်စလုံးက ယူဆကြခြင်းမှာ မြန်မာပြည်သူလူထု အတွက် အားတက်စရာတစ်ခု ဖြစ်လာသည်။ နောက်ထပ်တွေ့ဆုံကြ ဆွေးနွေးကြဦးမည်ဟုလည်း ဆိုထားရာ ဆိုထားသည့်အတိုင်း ဖြစ်အောင်လုပ်ကြ ဖို့သာ လိုတော့သည်ဟု ပြည်သူများက တွေးကြသည်။

သည်သတင်းက သတင်းစာမျာ၊ ဂျာနယ်များတွင် ပလူပျံသွားသည်။ ပြည်သူ့သတင်းဖြစ်သွားသည်။ စာနယ်ဇင်းအသီးသီးမှ သုံးသပ်ချက်၊ ဝေဖန်ချက် အမျိုးမျိုးတို့လည်း ချက်ချင်းပေါ်ထွက်လာ၏။ ထိုသတင်းနှင့် သတင်းဝေဖန်ချက်များ သုံးသပ်ချက်များ စာနယ်ဇင်းများမှာ ဖော်ပြခွင့်ရတာကိုက ပြည်သူတွေအတွက် အားရစရာ ဖြစ်ခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် အစိုးရသစ်တို့ တွေ့ဆုံခဲ့ကြသည့်ကိစ္စ တစ်ခုလုံးကို အပေါင်းလက္ခဏာအနေဖြင့် ပြည်သူများက ရှုမြင်ခဲ့ကြသည်။

ယခုအခါ ပြည်သူလူထုဆီမှာ ဒီမိုကရေစီရေး မျှော်လင့်ချက်များ ရှိလာခဲ့ပြီ။ အစိုးရသစ်အပေါ်မှာလည်း သည်လိုသာဆိုလျှင်ဖြင့်၊ ရှေ့ဆက်ပြီး လည်း သည်လိုသာဆက်လက် လုပ်ဆောင်မည်ဆိုလျှင်ဖြင့်ဆိုသော အတွေများနှင့် ကျေနပ်မှု ရှိလာကြသည်။ အဖျားရှုးမသွားဘဲ နောက်ထပ်ဆွေးနွေးမှုများ ရှိလာပြီး တကယ့်လက်တွေ့လုပ်ဆောင်ချက်များ ပေါ်ပေါက် လာစေဖို့လည်း ဆုတောင်းနေကြသည်။

ဒါက အထူးသဖြင့်တော့ အစိုးရမှာပို၍ တာဝန်ရှိပေလိမ့်မည်။ အစိုးရထံမှာ လုပ်ပိုင်ခွင့်နှင့် စီမံဆောင်ရွက်ရေး၊ အုပ်ချုပ်ရေးယန္တရား အားလုံးရှိ သည်။ အစိုးရဖြစ်သည့်အတွက် ပြည်သူလူထု ကိုယ်စိတ်နှစ်ပါးချမ်း သာရေးအတွက် ရာခိုင်နှုန်းပြည့် တာဝန်ရှိတာ ဖြစ်သည်။ အစိုးရက သည်လို တာဝန်ခံရ သလို၊ အကျိုးအမြတ် နှင့်ရပိုင်ခွင့်လည်း ရှိနေပါသည်။ သည်လို တွေ့ဆုံဆွေးနွေးရေးများ လုပ်ပြီး ပြည်သူအကျိုးနှင့် ပြည်သူ့လိုလား ချက်များကို ဖြည့်ဆည်း ပေးမည်ဆိုလျှင် ပြည်သူလူထု၏ ထောက်ခံမှု၊ အားပေးမှုများကို ရရှိလာမှာဖြစ်သည်။ ဒါက အစိုးရအနေဖြင့် လက်ငင်းရရှိမည့် အကျိုးပင် ဖြစ်သည်။ အစိုးရ တစ်ရပ်အနေနှင့် ပြည်သူလူထုထောက်ခံ အားပေးမှုထက် ကြီးကျယ်မြင့်မားသော ဆုလာဘ် မရှိ၊ ဒီလိုဖြစ်လာမှ ပြည်သူ့အစိုးရဆိုတာ ပေါ်ပေါက်လာမှာ ဖြစ်သည်။ ဒီတော့မှ ပြည်သူ့ခေတ်ရောက်ပြီဟု ကြွေးကြော်နိုင်ပါလိမ့်မည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs