Transparency Myanmar
transparency.myanmar@gmail.com
yangonchronicle 2011
yangonchronicle 2011
၁၈.၈.၂၀၁၁
ဘာသာပြန်သတင်းများ
မြန်မာသတင်းစာများတွင် ပြည်ပမီဒီယာများကို တိုက်ခိုက်သည့် ၀ါဒဖြန့်စာတမ်းများ ဖယ်ရှား
(Reuter's သတင်းမှ 17 August, 2011 ရက်စွဲပါ "Myanmar papers lift slogans attacking foreign media" သတင်းကို ဘာသာ ပြန်ဆိုသည်။)
                မြန်မာအစိုးရအာဘော် သတင်းစာများက အနောက်နိုင်ငံမီဒီယာများကို တိုက်ခိုက်သည့် သတင်းစာ နောက်ကျောဖုံးတွင် ပါဝင်နေ ကျ ၀ါဒဖြန့် စာတမ်းများကို ဗုဒ္ဓဟူးနေ့တွင် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားလိုက်ပြီ ဖြစ်ရာ အစိုးရအဖွဲ့အသစ်က အတိုက်အခံ အင်အားစုများ အပေါ် သဘောထား ပျော့ပြောင်းလာနိုင်ဖွယ် ရှိသည့် နောက်ဆုံး လက္ခဏာတစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။
                Voice of America (VOA) ၊ British Broadcasting Corp (BBC) နှင့် အခြား အနောက်မီဒီယာများကို "ရန်စနေသည်၊ သွေးထိုး ပေးနေသည်" စသည်ဖြင့် စွပ်စွဲတိုက်ခိုက်သော စာမျက်နှာ ထက်ဝက်ခန့် စာတမ်းများ နေ့စဉ် ဖော်ပြနေခြင်းကို နိုင်ငံပိုင်သတင်းစာ ၃ စောင် စလုံးတွင် ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ အဆိုပါ ကြွေးကြော်သံစာတမ်းများက "လေလှိုင်းသံ အဖျက်သမားများ၏ စကား၊ နားမယောင်နဲ့ သတိထား" ဟူ၍လည်း သတင်းစာဖတ်သူများကို သတိပေး ထားသည်။ ၂၀၀၇ သြဂုတ်လတွင် တပ်မတော်အစိုးရက ဆန္ဒပြသံဃာတော်များ ကို သွေးမြေကျ ဖြိုခွဲခဲ့ပြီး နောက်ပိုင်း ယင်းကြွေးကြော်သံ စာတမ်းများကို နိုင်ငံပိုင်သတင်းစာ နောက်ကျောဖုံးတွင် သံမှိုနှက်ထားကာ တစ်စိုက် မတ်မတ် ဖော်ပြခဲ့ခြင်းဖြစ်သည်။
                BBC, VOA နှင့် အခြားနိုင်ငံခြားသတင်းဌာန နှစ်ခုခန့်သည် ကမ္ဘာတွင် Burma ဟုသာ ခေါ်ကြသည့် မြန်မာနိုင်ငံမှ ပြည်သူများ အတွက် စစ်မှန်သော သတင်းထူး၊ သတင်းမှန်များကို လှိုင်းတိုရေဒီယို အစီအစဉ်များနှင့် ဂြိုလ်တု ရုပ်သံတို့မှ တဆင့် မြန်မာဘာသာဖြင့် လွှင့်ထုတ်ဖြန့်ချိ ပေးလျက်ရှိသည်။ ထိုသို့ ပင်လယ်ရပ်ခြား သတင်းဌာနများက ထုတ်လွှင့်ပေးနေသော သတင်းများကို ဖုံးကွယ်ထိန်းချုပ် နိုင်ရန် မြန်မာတပ်မတော် အစိုးရက အစဉ်တစိုက် ရုန်းကန် ကြိုးစားခဲ့သည်။ ယင်းဝါဒဖြန့် ကြွေးကြော်သံများကို ယခုကဲ့သို့ ဖယ်ရှားလိုက်ခြင်း သည် အနှစ် ၅၀ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ကာ အရပ်သားအစိုးရစနစ်ကို စတင်ပေါ်ပေါက်စေသည့် မနှစ်က ရွေးကောက်ပွဲများ နောက်ပိုင်း ပွင့်လင်းလာမှုကို ပြသသည့် နောက်ဆုံး လက္ခဏာ တစ်ရပ်ဟု ဆိုနိုင်သည်။
                ကိုယ်တိုင်စိစစ်တည်းဖြတ်ခွင့်ရသည့် ပုဂ္ဂလိက မီဒီယာအချို့ကလည်း လွှတ်တော်အမတ်များ၏ အစိုးရမူဝါဒ ဝေဖန်မှု အချို့ကို ယခု တလော ခပ်စိပ်စိပ် ဖော်ပြလာကြပြီး မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပြန်ကြားရေး ၀န်ကြီးဌာနကလည်း သတင်းထောက် များကို အထောက် အကူဖြစ်စေရန် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြီးခဲ့သည့်အပတ်တွင် ထုတ်ဖော် ကြေညာထားသည်။
                မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး နေအိမ်အကျယ်ချုပ် သက်တမ်းစေ့၍ လွတ်မြောက်လာခဲ့သူ "မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်" ကို မြန်မာအစိုးရ အာဘော်သတင်းစာများက ဝေဖန်ထိုးနှက်ခြင်းများလည်း နည်းပါးသွား သည် ကို တွေ့ရှိရ သည်။
                သို့သော်လည်း မြန်မာနိုင်ငံ၏ ရုပ်သံမီဒီယာကို အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားဆဲဖြစ်သလို၊ နိုင်ငံခြား သတင်းထောက် အများစု မှာလည်း မြန်မာနိုင်ငံတွင် တရားဝင်သတင်းယူခွင့် တားမြစ်ခံရဆဲဖြစ်ပြီး နိုင်ငံခြား သတင်းဌာန ၀က်ဘ်ဆိုဒ် အများစုကိုလည်း ပိတ်ပင် ထားဆဲပင် ဖြစ်သည်။
                လူတော်တော်များများကမူ နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၁၀၀ ကျော်ကို အစိုးရက လွှတ်ပေးသည်အထိ အနောက်နိုင်ငံမှ အရေးယူ ဒဏ်ခတ်မှု Sanctions များ ဆက်လက်ချမှတ်ထားရန် မျှော်လင့်လျှက်ရှိကြသည်။
********************************************************************************
သမ္မတက နိုင်ငံခြားရောက် မြန်မာများ ပြန်လာရန် ဖိတ်ခေါ်
(17 August, 2011 ရက်စွဲပါ VOA News မှ Burmese President invites return of citizens abroad) ကို ဘာသာ ပြန်ဆိုသည်။)
                မြန်မာနိုင်ငံမှ နိုင်ငံခြားသို့ ထွက်ပြေးသွားကြသူများအနေဖြင့် တိုင်းပြည်သို့ပြန်လာပြီး စီးပွားရေးပြန်လည် တည်ဆောက်မှုတွင် ကူညီရန် သမ္မတဦးသိန်းစိန်က တိုက်တွန်းလိုက်သည်။ အတိတ်မှ အမြင်မတူခဲ့မှုများအတွက် ခွင့်လွှတ်ရန် အသင့်ရှိသည်ဟုလည်း ဆိုသည်။
                စီးပွားရေးလုပ်ငန်းရှင်နှင့် လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဦးခင်ရွှေက VOA မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားရာတွင် ဦးသိန်းစိန် သည် အဆိုပါမိန့်ခွန်းကို ဗုဒ္ဓဟူးနေ့အစောပိုင်းက စီးပွားရေးနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
                သမ္မတဦးသိန်းစိန်က ၄င်း၏အစိုးရသည် ပြည်တွင်းမှ ဆန့်ကျင်သူများနှင့် တိုင်းပြည်၏ အကောင်းဆုံး အကျိုးစီးပွားအတွက် အတူ တကွ အလုပ်လုပ်လိုကြောင်း ပြောခဲ့သည်ဟု ဦးခင်ရွှေက ပြောသည်။ ယခုအတောအတွင်း အစိုးရ အဆင့်မြင့် အရာရှိတစ်ဦးသည်လည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ သို့သော် အစိုးရသည် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော် အား လွှတ်ပေးရန် လက္ခဏာကား မပြသေးပေ။
                ဦးသိန်းစိန်သည် အဆိုပါ တွေ့ဆုံပွဲဖြင့် ၄င်း၏ အစိုးရ မတ်လကုန်တက်လာကတည်းက ကြိုးပမ်း အားထုတ်မှုများကို ပြောပြခဲ့ခြင်း ဖြစ်သည်ဟု ဦးခင်ရွှေက ပြောသည်။
                သမ္မတက စာရင်းပြုစုထားသော စီးပွားရေးခြေလှမ်းများတွင် အချို့ကုန်ပစ္စည်းအမည်များ သွင်းကုန်အတွက် ပိတ်ထားမှုကို ဖွင့်ပေးခဲ့ ခြင်းလည်း ပါဝင်သည်။ အစိုးရသတင်းစာတစ်စောင်ဖြစ်သော  The New Light of Myanmar က ယခုအပတ် သတင်းထုတ်ပြန်ခဲ့ရာတွင် ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ပင်လယ်ထွက်ကုန်နှင့် တရိစ္ဆာန်ထွက် ပစ္စည်းအချို့အတွက် ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့မှုကို ဖော်ပြခဲ့ သည်။
***************************************************************
ထိုင်ဝမ် အတိုက်အခံ ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက် လည်ပတ်
(AFP သတင်း မှ 17 Aug 2011 ရက်စွဲပါ “Taiwon’s opposition visits Aung San Suu Kyi” သတင်းကို ဘာသာ ပြန်ဆိုသည်)
                ထိုင်ဝမ် အဓိက အတိုက်အခံပါတီ၏ ထိပ်တန်းတာဝန်ရှိသူများသည် ထိုင်ဝမ်ကျွန်း နိုင်ငံရေးလောကမှ အမျိုးသမီးများ၏ ကဏ္ဍကို ထုတ်ဖေါ် ချီးကျူးပြောဆိုသူ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ရှားရှားပါးပါး သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ထိုင်ဝမ် အတိုက်အခံ ပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
                ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံထံမှ လွတ်လပ်ရေး ရရှိလိုသော Democratic Progressive Party ( DPP ) က ၎င်းတို့ ပါတီ၏ ထိပ်တန်းတာဝန်ရှိသူ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂါနေ့ က ရန်ကုန်မြို့တွင် သွားရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
                ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲဝင်မည့် ပါတီဥက္ကဋ္ဌ အမျိုးသမီး ဆိုင်လင်းဝမ်ကို ဒေါ်အောင်ဆန်းစုကြည်က ဆုမွန်ကောင်းများ တောင်းပေး ခဲ့သည်ဟု DPP ပါတီ ကြေညာချက်တွင် ဖေါ်ပြထားသည်။
                ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလောကတွင် ထိုင်ဝမ်အမျိုးသမီးများ၏ အကောင်းဆုံးစွမ်းဆောင်မှုကို မြင်ရသည့် အတွက် အလွန်ပင် ဝမ်းသာပျော်ရွှင်နေပြီး ဥက္ကဋ္ဌ ဆိုင်လင်းဝမ် နှင့် DPP အမျိုးသမီး နိုင်ငံရေးသမားများကို ဆုတောင်းမေတ္တာပို့ကာ အစွမ်းကုန် တိုက်တွန်း အားပေးခဲ့ သည်ဟု ပါတီ၏ ကြေညာချက်က ဆိုသည်။
                DPP ပါတီ ဥက္ကဌ ဆိုင်လင်းဝမ် သည် ၂၀၁၂ ဇန်နဝါရီ ရွေးကောက်ပွဲများတွင် ထိုင်ဝမ်၏ ပထမဆုံးအမျိုးသမီး သမ္မတ ဖြစ်လာရန်အတွက် ပြိုင်ဖက် လက်ရှိသမ္မတ မာရင်ကျိုးကို စိမ်ခေါ်နေခြင်း ဖြစ်သည်။
                အခြားသော နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံကို ထိုင်ဝမ်ထက် ပို၍ တရားဝင် အသိအမှတ်ပြုထားသည်။ မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က နိုဝင်ဘာလ အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အပြီး ရက်ပိုင်းအကြာတွင် နေအိမ် အကျယ်ချုပ်ကာလ သက်တမ်းစေ့ကာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
*********************************************************************************
တရုတ်က အမေရိကန်ကို စီးပွားရေး ပြန်လည် နာလံထရေးကိုသာ အာရုံပြုရန် တောင်းဆို
(17 August  2011 ရက်စွဲပါ AP မှ Joe Mc Donald ရေးသားသော China appeals to US to forcus on economic recovery ကို ဘာသာ ပြန်ဆိုသည်)
                အမေရိကန် ဒုတိယသမ္မတ Joseph Biden တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေရာ တရုတ် ဝေဖန်သုံးသပ်သူများက ရုန်းကန် နေရသော အမေရိကန်သည် ၎င်း၏ စီးပွားရေးအား ငွေများထုတ်ပေးခြင်းဖြင့် (cheap credit ) လျှံလာအောင် လုပ်ခြင်းအား ရပ်ဆိုင်းရန် အကြံပြုခဲ့ကြ သည်။
                Biden သည် ဘေဂျင်းသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာရာ အကြံပြုချက်များက စောင့်ကြိုလျက် ရှိပြီး အကြံပြုချက်များတွင် အစိုးရ ဘတ်ဂျက် လိုငွေလျော့ချခြင်းမှ စ၍ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး အထိ ပါဝင်သည်။ အဆိုပါ အကြံပေးမှုများသည် အနောက်တိုင်း လေ့လာသူများ နှင့် အတူတူ ဖြစ်သည်။ သို့သော် အဆိုပါ အကြံပေးမှုများမှာ အနောက်နိုင်ငံမှ တရုတ်သို့ ပေးသော အကြံဥာဏ်များ ဖြစ်ပြီး၊ တရုတ်နိုင်ငံမှ ကွန်မြူနစ် ခေါင်းဆောင် များက အစိုးရသည် တစ်ဦး အရေးကိစ္စကို တစ်ဦးက ဝင်မစွက်သင့်ကြောင်း ပြောခဲ့ပြီး၊ အင်အားကြီးနိုင်ငံနှစ်ခု၏ ကံကြမ္မာအလှည့်အပြောင်းကို ဖေါ်ပြ လိုက်သည်။
                “အမေရိကန်ပြည်ထောင်စုသည် အောက်သို့ ထိုးဆင်းနေသည်မှာ ကာလကြာရှည်ပြီ ဖြစ်ပါသည်” ဟု စီးပွားရေး ပညာရှင် Xia Bin က ၎င်း၏ Blog တွင် ဖေါ်ပြခဲ့သည်။ ၎င်းသည် တရုတ်ကက်ဘိနက်နှင့် ဗဟိုဘဏ်သို့ အကြံဥာဏ်များ ပေးသူ ဖြစ်သည်။
                Biden ၏ ယခု ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဒုတိယသမ္မတ Xi Jinping နှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးရရှိရန် ဖြစ်သည်။ Xi Jinping သည် လာမည့်နှစ်တွင် တရုတ်ကွန်မြူနစ် ပါတီခေါင်းဆောင် ဖြစ်လာမည်ဟု ခန့်မှန်းရပြီး။ ဝါရှင်တန်သို့ ယခုနှစ်ကုန်ပိုင်းတွင် လာရောက်မည် ဖြစ်သည်။ Biden သည် တိဘက်နှင့် တိုင်ဝမ်ကိစ္စကို ပြောကြားရန်လည်း မျှော်လင့်ထားသည်။ တိုင်ဝမ်မှာ တရုတ်က တောင်းဆိုနေသော ဒီမိုကရေစီ ကျွန်းနိုင်ငံ ဖြစ်ပြီး ဝါရှင်တန်က လက်နက်များ ဖြည့်ဆည်းပေးလျက် ရှိသည်။ ၎င်း၏ ငါးရက်ကြာခရီးစဉ်၏ နောက်ကွယ်မှ အကြောင်းမှာ အမေရိကန် စီးပွားရေး ကိစ္စ ဖြစ်မည်ကို တရုတ်က စိုးရိမ်ပူပန်နေသည်။
                ဘေဂျင်း၏ အကြီးမားဆုံးသော ကြောက်ရွံ့မှုမှာ အမေရိကန် Federal Reserve မှ ငွေတိုက် စာချုပ်များ တတိယ အကြိမ် ဝယ်ယူရေးပင် ဖြစ်သည်။ ၎င်းကို အရည်အတွက်ဖြင့် ဖြေလျော့ခြင်း တစ်မျိုး (quantitative easing QE ) ဖြစ်သည်။ ၎င်းသည် အတိုးနှုန်းများကို ကျဆင်းစေပြီး၊ စီးပွားရေး အတွင်းသို့ ငွေများ ထည့်သွင်းပေးပြီး ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ခြင်း ဖြစ်စေသည်။ သို့သော် ဘေဂျင်းက စိုးရိမ်သည့်အချက်မှာ ၎င်းသည် ဒေါ်လာနှင့် ရောင်းဝယ်သည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်စေခြင်း၊ လောင်စာဆီ ဖောင်းပွမှုဖြစ်စေခြင်းနှင့် Treasury ကြွေးမြီဒေါ်လာ 1.2 ထရီလီယံ တန်ဖိုးကို ပိုမိုအားနည်းသွားစေမည့် အချက်များ ဖြစ်သည်။
                “အမေရိကန် အနေနဲ့ တတိယအကြိမ် ငွေတိုက်စာချုပ် ထုတ်ရောင်းခြင်း ( QE 3 ) ကို ရှောင်ရှားသင့်ပါတယ်။ ကမ္ဘာက ဒေါ်လာအပေါ် ယုံကြည်မှုတိုးလာစေဖို့ သူ့ရဲ့ ငွေကြေးမူဝါဒကို ပိုမို တင်းကြပ်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံပိုင် Bank of China မှ ဥက္ကဋ္ဌ Xiao Gang က China Daily တွင် ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သည်။ China Daily သည် နိုင်ငံခြားသား စာဖတ်ပရိသတ်အတွက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော သတင်းစာ ဖြစ်သည်။
                နိုင်ငံခြားရင်းနှီးမြှပ်နှံသူများနှင့် ဒေါ်လာငွေကို အကာအကွယ်ပေးရန် ဘေဂျင်းက ဝါရှင်တန်အား အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။ ၎င်းသည် တိတိပပတောင်းဆိုမှုမျိုးကို လူသိရှင်ကြား ပြုလုပ်ရန် ရှောင်ရှားခဲ့သော်လည်း၊ ယခုအပတ် နိုင်ငံပိုင် သတင်းစာတွင် မှတ်ချက်ပြုရေးသားချက်မှာမူ ၎င်းဖြစ်စေလိုသော အချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြသကဲ့သို့ ရှိသည်။
                “တရုတ်သည် အမေရိကန် စီးပွားရေးမူဝါဒ ပြောင်းလဲမှုများနှင့် အမေရိကန်ဒေါ်လာ တည်ငြိမ်မှုရှိရေးနှင့် ပတ်သက်၍ များစွာပတ်သက်လျက် ရှိသည်” ဟု Xinhua သတင်းဌာနက ဆိုသည်။ စီးပွားရေး ပြဿနာများကို တာဝန်ယူလိုစိတ်အပြည့်ဖြင့် ဖြေရှင်းခြင်းသည် အမေရိကန်- တရုတ် ဆက်ဆံရေးကို တိုးတက်စေလိမ့်မည် ဟု ၎င်းက ဆိုသည်။
                အခြား အစိုးရများကလည်း Federal Reserve ၏ အတိုးနှုန်းများ လျော့ရန် ကြိုးပမ်းမှုသည် ရင်းနှီးမြှုပ်နှံသူများကို ပိုမို အမြတ်ရသည့် တိုးတက် နေသည့် စီးပွားရေးနိုင်ငံများသို့ ရွှေ့ပြောင်းစေမည် ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ သို့မှသာ ၎င်းတို့၏ ငွေကြေးတန်ဖိုးတက်မည် ဖြစ်ပြီး ပို့ကုန်တန်ဖိုးများလည်း တက်စေမည် ဖြစ်သည်။
                တရုတ်အစိုးရ၏ ကြွေးမြီများသည် အမေရိကန်၊ ဂျပန်နှင့် ဥရောပနိုင်ငံများ ထက်စာလျှင် များစွာ နည်းပါးပြီး၊ 2008 ခုနှစ် ကမ္ဘာ့ငွေကြေး ကပ်ဆိုက်မှုကြောင့် ငွေများစွာ ထည့်သွင်းပေးပြီး လျင်မြန်စွာ ပြန်လည် ကုစားနိုင်ခဲ့သည်။
                ဘေဂျင်းသည် အချို့သော တရုတ်လူမျိုးများက အင်တာနက်တွင် အစိုးရက အမေရိကန် ငွေတိုက်စာချုပ် ဒေါ်လာ 3.2 ထရီလီယံ ဝယ်ယူ ထားမှုအား မေးခွန်းထုတ်မှုနှင့် ရင်ဆိုင်ရလျက်ရှိရာ ယခုသတင်းစာတွင် ဖော်ပြထားမှုများက ဝေဖန်မှုများ ကို ဖြေလျော့ရန် အထောက်အကူ ပြုမည် ဖြစ်သည်။ ငွေတိုက်စာချုပ်များမှာ အန္တရာယ် အနည်းဆုံး ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူရမည် ဖြစ်သော်လည်း၊ ဝါရှင်တန်တွင် အငြင်းပွားနေသော အချက်မှာ အစိုးရ ကြွေးမြီ ကန့်သတ်ချက်ကို တက်လာစေခြင်း Standard & Poor’s မှ အမေရိကန်၏ ခရက်ဒစ်ကို အဆင့်သတ်မှတ်ရာတွင် အဆင့် ကျဆင်းခြင်းတို့သည် တရုတ်တွင် သံချောင်းခေါက် သတိပေးမှုဖြစ်စေသည် ဟူသော အချက် ဖြစ်သည်။
                “တရုတ်က ရှုမြင်သကဲ့သို့ အမေရိကန်၏ မူဝါဒချမှတ်မှု မအောင်မြင်ခြင်းကို စိုးရိမ်မှုအပေါ် အာရုံပြုခြင်းဖြင့် တရုတ် တာဝန်ရှိသူများက တရုတ် သည် ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုကို ဖန်တီးနေခြင်း၊ အမေရိကန် ငွေတိုက်စာချုပ်များ တွင် ရင်းနှီးမြှပ်နှံမှုမှာ ၎င်းတို့ အပေါ်တွင်သာ တည်မှီနေခြင်းဟု ယူဆနေမှု များကို အာရုံလွှဲနိုင်လိမ့်မည် ဖြစ်ပါသည်” ဟု စီးပွားရေး သုတေသနပညာရှင် Mark Williams က ဆိုသည်။
                တရုတ်ဒေသဆိုင်ရာ အစိုးရများသည် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း နှင့် အခြားကုန်ကျငွေများအတွက် ပေးချေရမှုများ အတွက် ဘဏ် ချေးငွေ ဒေါ်လာ ( 1.6 ) ထရီလီယံ ကြွေးမြီ တင်ရှိနေသည်ဟု ကြေညာခဲ့ရာ Beijing သည် ၎င်း၏ ကြွေးမြီပြဿနာနှင့် ရင်ဆိုင်ရလျက် ရှိသည်။ သို့သော် စီးပွားရေး တိုးတက်မှု မြင့်မားခြင်းသည် ၎င်းကိစ္စကို အလွယ်တကူ စီမံခန့်ခွဲနိုင်လိမ့်မည် ဟူသော သဘောဖြစ်သည် ဟု သုံးသပ်သူများက ပြောသည်။
                Bank of China မှ Xiao နှင့် အခြား သုံးသပ်သူများက ပြောကြားရာတွင် ဝါရှင်တန်သည် ဘတ်ဂျက်နှင့် ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရန် ရေရှည် ပြုပြင်ပြောင်းလဲရေးအတွက် အာရုံပြုရန်နှင့် ငွေစုရန်၊ အလုပ်အကိုင် ဖန်တီးပေးရေး မြှင့်တင်ရန် ပြောဆိုခဲ့သည်။
                “သူတို့ဟာ ဆင်းရဲမွဲတေမှု ကိစ္စကို ဖြေရှင်းဖို့ လုပ်သင့်ပါတယ်” ဟု ပီကင်းတက္ကသိုလ် Development Research Institute မှ သုတေသနပြုသူ Xu Jianguo က တရုတ်ကွန်မြူနစ် ပါတီသတင်းစာ People’s Daily မှ ထုတ်ဝေသော Global Time တွင် ရေးသားခဲ့သည်။
*************************************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs