Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၁.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် လုပ်ငန်းရှင်များကို ကျပ်သိန်းသုံးဆယ်ကောက်ခံ
  2. အမျိုးသားအဆင့် အကောင်းဆုံးသတင်းများကို ရွေးချယ်ကာ ဆုချီးမြှင့်သွားမည်
  3. အခြေခံစားကုန်များ ဈေးတက်မှုကြောင့် လစားဝန်ထမ်းများ လစာတိုးရန် မျှော်လင့်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD ပါတီမှ အားပေးထောက်ခံသည့် နိုင်ငံရေးပါတီတစ်ခုပေါ်လာနိုင်သည်ဟုဆို
  2. ပြည်ခိုင်ဖြိုးပါတီမှ ရယက ကိုတရားစွဲမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. အမျိုးသားရင်ကြားစေ့ရေးအတွက် အကောင်းဆုံးအချိန်အခါ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် လုပ်ငန်းရှင်များကို ကျပ်သိန်းသုံးဆယ်ကောက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် အသေးစားငွေချေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် စက်မှုဇုန် လုပ်ငန်းရှင်များအား တစ်ဦးလျှင် ကျပ်သိန်းသုံးဆယ်  ကောက်ခံနေကြောင်း သတင်းရရှိသည်။

ကားအပိုပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်တစ်ဦးက "စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီက အစည်းအဝေးခေါ်ပြီး လုပ်ငန်းရှင်တစ်ဦးကို  သိန်း သုံးဆယ် အတင်းထည့်ခိုင်းတာပါ"ဟု ရန်ကုန်ခရော်နီကယ်အား ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ် သိန်းသုံးဆယ် မထည့်မနေရ ကောက်ခံခြင်းဖြစ်ကာ ယင်းငွေကြေးများကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက ကိုင်တွယ်ပြီး တောင်ဒဂုံမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသူများအား ဝိုင်းကြီးချုပ်စနစ်ဖြင့် ငွေချေးရန် စီမံဆောင်ရွက်ထားကြောင်း သိရသည်။

တောင်ဒဂုံ စက်မှုဇုန်ရှိ စီးပွားရေးလုပ်ငန်းအချို့သည် လုပ်သားစရိတ် ကြီးမားလာခြင်း ကုန်ကြမ်းများ ဈေးမြင့်လာခြင်းစသည့် ကိစ္စရပ်များ   ကြောင့် ၂၀၁၁ နှစ်ဆန်းပိုင်းမှစတင်ကာ စီးပွားရေး ကျဆင်းလာကြောင်း၊ ယင်းကြောင့် ငွေကျပ် သိန်းသုံးဆယ်ကို ထည့်ဝင်ရန် အဆင်မပြေသည့် လုပ်ငန်း ရှင်များ ရှိကြောင်း သစ်ခွဲသားစက်ရုံ ပိုင်ရှင်တစ်ဦးက ဆိုသည်။

အဆိုပါကိစ္စရပ်နှင့် ပက်သက်၍ တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ "ဆင်းရဲနွမ်းပါးမှု လျော့ချရေး ကိစ္စရပ်မှာ ပါဝင်ဖို့ကို မြို့နယ်အဆင့် တာဝန်ရှိသူတွေက စီးပွားရေး လုပ်ငန်းရှင်တွေကို အကူအညီ တောင်းရတာပါ။ ဒီကိစ္စကလည်း တိုင်းဒေသကြီး အစိုးရက လုပ်ခိုင်းလို့   လုပ်ရတာပါ။ ဘယ်သူကို ငွေချေးရမယ်ဆိုတာတော့ စာရင်း မထွက်သေးပါဘူး"ဟု ဆိုသည်။

သြဂုတ်လ ပထမ ရက်သတ္တပတ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ တိုင်းဒေသကြီးအတွင်းရှိ မိသားစုများ၏ နေ့စဉ်ဝင်ငွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှတဆင့် စာရင်းကောက်ယူခဲ့ပြီး၊ ယင်းစာရင်းများအရ အိမ်ထောင်စုတစ်စု ရရှိသင့်သော နေ့စဉ်ဝင်ငွေ မရရှိသည့် မိသားစုများကို အဓိကထားကာ ချေးငွေပေးမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးခင်မောင်ထွန်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ စက်မှုဇုန်စာရင်းတွင် ပါဝင်သော တောင်ဒဂုံစက်မှုဇုန်တွင် ဇုန်နယ်မြေ ၃ ခုပါရှိကာ စက်ရုံ၊ အလုပ်ရုံ  ပေါင်း ၃၅၀ ကျော်ရှိကြောင်း သိရှိရသည်။

ဇွန်လကလည်း ဆင်းရဲမွဲတေမှုလျော့ချရေးအတွက် ပူးပေါင်းကူညီရန်ဟုဆိုကာ မုံရွာစက်မှုဇုန်ရှိ စီးပွားရေး လုပ်ငန်းရှင်များအား ငွေကျပ် နှစ်သိန်း အတင်းအဓမ္မထည့်ခိုင်းသည့် ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

အမျိုးသားအဆင့် အကောင်းဆုံးသတင်းများကို ရွေးချယ်ကာ ဆုချီးမြှင့်သွားမည်

မြန်မာနိုင်ငံ သတင်းနှင့် စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်စေရန် ပုဂ္ဂလိက စာနယ်ဇင်းဆရာများမှ ဦးဆောင်ကာ အမျိုးသားအဆင့် အကောင်းဆုံး သတင်းဆု National Press Award ဆုများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့နှင့် ပြည်တွင်း သတင်းစာဆရာကြီးများမှ ဦးဆောင်ကာ အမျိုးသားအဆင့် အကောင်းဆုံး သတင်းဆုများ ချီးမြှင့်နိုင်ရန် အမျိုးသားအဆင့် အကောင်းဆုံး သတင်းဆုချီးမြှင့်ရေး ကော်မရှင်ကို ဖွဲစည်းခဲ့ကြောင်း ဆုချီးမြှင့်ရေးအဖွဲ့တွင် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံ ရသည့် ဦးဝင်းငြိမ်းမှ ပြောကြားသည်။

ဆုချီးမြှင့်ရေးကော်မတီတွင် ဦးခင်မောင်လေး (ဖိုးသောကြာ ခေတ်+မိုး)၊ ဦးစိန်မြင့်(မောင်မိုးသူ)၊ ဦးတင်လှိုင် (လယ်တွင်းသားစောချစ်) တို့ကို နာယကများ အဖြစ် တင်မြှောက်ခဲ့ကြပြီး ဥက္ကဋ္ဌအဖြစ် ဦးစိုးသိမ်း (မောင်ဝံသ)၊ ဒု-ဥက္ကဋ္ဌအဖြစ် ဦးကိုကိုကြီး(ကြေးမုံ)၊ အတွင်းရေးမှူးအဖြစ် ဦးဝင်းငြိမ်းတို့ကို ရွေးချယ်ခဲ့ကြောင်း ၎င်းမှ ထပ်လောင်း ပြောကြားသည်။

ယခုကဲ့သို့ အမျိုးသားအဆင့် သတင်းဆုများ ချီးမြှင့်ရခြင်းမှာ ပြည်တွင်း သတင်းထောက်များ၏ အရည်အသွေး ပိုမိုတိုးတက်လာပြီး သတင်းနှင့် စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် ချီးမြှင့်ရခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

အမျိုးသားအဆင့် အကောင်းဆုံးသတင်းဆု (National Press Award) ဆုများကို ချီးမြှင့်ရာတွင် အကောင်းဆုံး သတင်းဆု ( The Best News Award)၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု ( The Best News Photo Award)၊ အကောင်းဆုံး သတင်းဆောင်းပါးဆု ( The Best Feature Story Award)၊ အကောင်းဆုံး အာဘော် ဆောင်းပါးဆု (The Best Editorial Award)နှင့် အကောင်းဆုံး သတင်းကာတွန်းဆု (The Best Newspaper Cartoon Award) များကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း ဆုချီးမြှင့်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး(၂) ဦးကျော်မင်းဆွေမှ ပြောကြားသည်။

အမျိုးသားအဆင့် သတင်းတစ်ဆုလျှင် ငွေကျပ် ဆယ်သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး နှစ်တစ်နှစ်၏ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ ထိ ဖော်ပြခဲ့သော သတင်းများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက် ပြောကြားသည်။

ဆုချီးမြှင့်ရာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးသတင်းများတွင် သတင်းဆုနှင့် ထိုက်တန်သော သတင်းမှတ်တမ်းများကို ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။ အမျိုးသားအဆင့်အကောင်းဆုံး သတင်းဆုချီးမြှင့်နိုင်ရန် သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ စာပေဗိမာန် အဆောက်အအုံရှိ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်း အဖွဲ့ရုံးတွင် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းလောကတွင် ၁၉၆၄ မတိုင်ခင်ကရှိခဲ့သော မြန်မာနိုင်ငံ ဓာတ်ပုံဆရာများ အသင်းနှင့် မြန်မာနိုင်ငံ စာရေးဆရာများ အသင်း တို့မှ ရွေးချယ်ချီးမြှင့်ခဲ့သော ဆုများသာ ရှိခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ယခုချီးမြှင့်မည့်ဆုသည် မြန်မာနိုင်ငံ စာနယ်ဇင်း လောကအတွက် ၁၉၆၄ နောက်ပိုင်း ပထမဆုံးချီးမြင့်သောဆု ဖြစ်လာသည်။

                                                                                                                                                    YC

-----------------------------------------------------------------------------------------------------------------------------------

အခြေခံစားကုန်များ ဈေးတက်မှုကြောင့် လခစားဝန်ထမ်းများ လစာတိုးရန် မျှော်လင့်

လက်ရှိ မြန်မာနိုင်ငံ၌ ရာသီဥတုဖောက်ပြန်၍ စံချိန်တင်ရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်တွင်း အဓိက ထွက်ကုန်ဖြစ်သည့် ဆန်စပါး ပျက်စီး   ဆုံးရှုံးမှု များပြားခဲ့ပြီး အခြေခံစားကုန်အချို့ ဈေးတက်လာခဲ့သည့်အတွက် လခစား ဝန်ထမ်းများမှာ လစာနှုန်းထားတိုးရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း စားသောက်ကုန်အချို့ ဈေးတတ်လာခဲ့သည့်အတွက် ပြည်တွင်းရှိ အခြေခံ လက်လုပ်လက်စား လူတန်းစားများ မှာလည်း စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“အခြေခံ စားသောက်ကုန်တွေ ဈေးတက်တယ်ဆိုတာက အကြောင်းအမျိုးမျိုး ရှိတယ်။ အဓိကအားဖြင့်တော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေက ရှိသင့်တာထက် ပိုများနေလို့ အခြေခံစားသောက်ကုန် ဈေးတက်တာ များတယ်။ ဈေးတက်တယ်ဆိုတာက ဝယ်နိုင်အား ကျတာပေါ့။ အဲ့ဒီကိစ္စကို ဖြေရှင်းမယ် ဆိုရင်တော့ အခြေခံပြည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်း ဒါမှမပာုတ် တစ်ခြား ဝင်ငွေရစေနိုင်မယ့် လုပ်ငန်းအသစ်တွေကို နိုင်ငံတော်က ဖန်တီးပေးရတာပေါ့။ ကျွန်တော်တို့ဆီမှာ အဲ့ဒါမျိုးတွေတော့မရှိသေးဘူး။ ဒီအတိုင်းလွှတ်ထားသလိုဖြစ်နေတယ်။ အဲ့ဒါတွေကို နိုင်ငံတော်က ဖန်တီးပေးဖို့ လိုပါတယ်” ပာု ပြည်တွင်း နိုင်ငံရေးသုတေသီတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတွင်းရှိ တောင်သူအချို့မှာလည်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် စပါးပျက်စီးဆုံးရှုံးမှုအပြင် ယခုကဲ့သို့ အခြေခံစားကုန်ဈေးနှုန်း တတ်လာခြင်းကြောင့် စီးပွားရေး အခက်အခဲ အကြပ်အတည်းများစွာနှင့် ရင်ဆိုင်နေရလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတွင်း၌ စားသောက်ကုန် ဈေးနှုန်းကြီးမြင့်လာမှုနှင့်အတူ ငွေကြေးဖောင်းပွမှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ပာန့်တားနိုင်ရန်မှာ စားသုံးသူကာကွယ်ရေး ဥပဒေသစ်များလိုအပ်ပြီး နိုင်ငံတွင်းရှိ ကုန်သည်များ စားကုန်ဈေးများပေါ်တွင် ဈေးမကစားရန် လိုအပ်ကြောင်း စီးပွားရေးကျွမ်းကျင်သူတစ်ဦးက ပြော ကြားခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင်း၌ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အတိအကျ မသိရသေးသော်လည်း ပြည်ပ၌ ဆန်ဈေး တတ်လာပါက စားသုံးသူများ အခက်အခဲဖြစ်မည် စိုးသည့်အတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များက ဈေးနှုန်းထိန်းညှိပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားတစ်ဦး၏ တစ်နေ့တာ ဝင်ငွေမှာ ပျမ်းမျှ ကျပ် ၁၀၀၀ မှ ကျပ် ၃၀၀၀ ခန့်ရှိ ကြောင်း သိရသည်။

Ref: Modern

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD ပါတီမှ အားပေးထောက်ခံသည့် နိုင်ငံရေးပါတီတစ်ခုပေါ်လာနိုင်သည်ဟုဆို

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဆန့်ကျင်သည့်အတွက် ရွေးကောက်ပွဲမဝင်နိုင်သော်လည်း NLD ပါတီမှ ထောက်ခံသည့် နိုင်ငံရေးပါတီတစ်ခုပေါ်လာပါက မြန်မာ့နိုင်ငံရေးသည် စာမျက်နှာစာသစ်သို့ ရောက်ရှိသွား နိုင်ကြောင်း ရွေးကောက်ပွဲဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးက သုံးသပ်ပြသည်။

ယင်းက “နိုင်ငံရေး အကျဉ်းသားတွေလည်း လွှတ်ပေးမယ်လို့ သတင်းထွက်နေတာ၊ သူတို့က ပါတီတစ်ခု ထောင်ပြီး နိုင်ငံရေးလုပ်ရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့သူတွေရဲ့ မဲကသူတို့ဆီမှာပဲ”ဟု ဆက်လက် သုံးသပ်ပြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် လွတ်မြောက် နိုင်ငံရေးအကျဉ်းသားများ တည်ထောင်သည့် နိုင်ငံရေးပါတီ ပေါ်ပေါက်လာသည်ဆိုပါက ပြည်သူများ၏ အားပေးထောက်ခံမှုကို အများဆုံးရရှိမည် ဖြစ်ကြောင်းဆိုသည်။

လွှတ်တော်တွင်းရောက် တိုင်းရင်းသားပါတီတစ်ခုမှ အလုပ်အမှုဆောင်တစ်ဦးက “အဲဒီလို ပါတီထောင်ပြီ ဆိုရင်တော့ မစုသာ အဲဒီပါတီကို ကျွန်မ သဘောကျပါတယ်လို့သာပြော၊ အစိုးရတောင် ဖွဲ့နိုင်တယ်”ဟု ၎င်း၏အမြင်ကို ဆိုသည်။

ယင်းသို့သော နိုင်ငံရေးပါတီတစ်ခု ပေါ်ပေါက်လာပါက လက်ရှိအာဏာရ ပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် ပခုံးချင်းယှဉ်နိုင်မည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များတွေ့ဆုံ ရာတွင် NLD ပါတီ၏ အခြေခံရပ်တည်ချက်များ ဖြစ်သော ၉၀ ရလဒ်နှင့်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြောင်း ရန်ကုန် ခရော်နီကယ်သို့ ပြောကြားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မြောက်ဥက္ကလာပမြို့နယ်ရှိ ရယကတစ်ခုကို ပြည်ခိုင်ဖြိုးပါတီ တရားစွဲမည်

မြောက်ဥက္ကလာပမြို့နယ်၊ပြည်ခိုင်ဖြိုးပါတီမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လိမ်လည်မှုဖြင့်တရားစွဲဆိုမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးအောင်သိန်းလင်းက ဆိုသည်။

"တရားစွဲဆိုဖို့တော့ ရှိပါတယ်။ ဘယ်ရပ်ကွက်ဆိုတာတော့ အခုမပြောသေးပါဘူး"ဟု ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ပြန်လည်  ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သော ပြည်ခိုင်ဖြိုးပါတီမှ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ဆောင်ရွက်နေသူများအား တရားစွဲဆိုခြင်း သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

"ဒီလိုလုပ်တာကတော့ ပျက်ခဲ့တဲ့ နာမည်ကို ပြန်အဖတ်ဆယ်ဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ် "ဟု မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုသည်။

ယင်းက အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သူများသည် ပြည်သူများရသင့်သည့် နိုင်ငံသားအခွင့်အရေးများကို ဖောက်ဖျက်မှုမှာ နိုင်ငံအနှံ့ ဖြစ်ပွား နေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယင်းသို့သော ကိစ္စရပ်များကို ပြည်သူဘက်မှ မားမားမတ်မတ် ရပ်တည်ကာ ပြည်သူများအား ဖွဲ့စည်း   အုပ်ချုပ်ပုံ အခြေခံ ဥပဒေက ပေးထားသည့် နိုင်ငံသားအခွင့်အရေးကို အပြည့်အဝရရှိရန် တောင်းဆိုမည်ဆိုပါက နိုင်ငံရေး ဂုဏ်သိက္ခာ တက်လာနိုင် ကြောင်း ယင်းက ဆက်လက် ပြောကြား သည်။

"ဒီလိုပုံစံလေးတွေ အများကြီးလုပ်လေ၊ပြည်သူ မျက်စိကျလေပဲ"ဟု ဆိုသည်။

တရားစွဲဆိုမှုမှာ အဆိုပါရပ်ကွက်နေပြည်သူများ၏ ထောက်ခံချက်လက်မှတ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ လိမ်လည်ရေးထိုးခိုင်းသဖြင့် ပြည်ခိုင်ဖြိုးပါတီမှ အဆိုပါရပ်ကွက်နေပြည်သူများကိုယ်စား တရားစွဲဆိုပေးခြင်းဖြစ်ကြောင်း ရန်ကုန်ခရော်နီကယ်၏ ပြည်တွင်း သတင်းထောက်က စုံစမ်း သိရှိရသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာပေါင်း နေရာရရှိခဲ့ကာ အစိုးရဖွဲ့ နိုင်ခဲ့သည့် ယခင်အစိုးရနှင့် စစ်တပ် ကျောထောက်နောက်ခံ ရှိသည့် နိုင်ငံရေးပါတီကြီးဖြစ်သည်။

YC(KS)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ယနေ့အထိကို ဆန်စပါးလုပ်ငန်းအသင်းဆီမှာလည်း လာမကမ်းလှမ်းသေးပါဘူး၊ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်း ရှင်တွေဆီကလည်း ဘာအသံမှ မကြားရဘူး”

သြဂုတ် ၁၈ ထုတ် Popular News အတွဲ(၃) အမှတ် (၃၂) တွင်ပါသည့် “မြောက်ကိုရီးယားမှ ဆန်ဝယ်ယူရန် အသင်းသို့ ဆက်သွယ်ခြင်းမရှိ” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပုဂ္ဂိုလ်ရေးအရပြောရရင် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကောင်းမွန်ဖို့အတွက် ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင် ရွက်တာ။ ဒီလို ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်လာရောက်တာ ကြိုဆိုပါတယ်။ လက်ရှိအစိုးရ အနေနဲ့လည်း  အရင်အစိုးရနဲ့ ရပ်တည်မှု သဘောထားချင်း မတူဘူး ဆိုတာကို ပြရမယ်။ ဒီမိုကရေစီ ကူးပြာင်းနေတဲ့ ကာလမှာ မတူခြားနားတဲ့ လုပ်ရပ်တွေပြသရမှာပဲ”

သြဂုတ် ၁၈ ထုတ် Popular News အတွဲ(၃) အမှတ် (၃၂) တွင်ပါသည့် “လူ့အခွင့်အရေးနှင့်ပတ်သက်၍ ယခင် အစိုးရနှင့် ရပ်တည်မှု မတူ ခြင်းအား အစိုးရသစ်ပြသရန် လိုဟုဆို” သတင်းမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဥပဒေအထက်မှာ ဘယ်သူမှမရှိဘူးတဲ့စကားကို ဗိုလ်ချုပ်ကြီးတာ ဝန်ထမ်းဆောင်စဉ်က တစ်ကြိမ် ပြောဘူး တယ်။ အခု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ချိန်မှာ ဒုတိယအကြိမ် ထပ်ပြောတယ်။ ဗိုလ်ချုပ်ကြီးတစ်ဦးအနေနဲ့ ပြောတဲ့ပုံစံ အခြေအနေ ကွာခြားတော့ အဲဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဖြေ- အဲဒီစကားကို ဒုတိယအကြိမ်ကြားလိုက်ရတာ အရမ်းလည်း ဝမ်းသာပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။ အရင်တုန်းကတော့ မူနဲ့မသွားဘဲ လူနဲ့ သွားတာတွေ ရှိခဲ့ပါတယ်။ လူဆိုတာကတော့ ဖောက်ပြန်တက်တယ်။ မတည်မြဲဘူး။ မူဆို တာကတော့ တည်မြဲတယ်။ မဖောက်ပြန်ဘူး။ အခုမူနဲ့ သွားတော့ မယ်ဆိုတဲ့ အဓိပ္ပယ်ပဲ။ ဗိုလ်ချုပ်ကြီးတုန်းက အမိန့်သံဖြစ်ချင်ဖြစ်မယ်။ အခုကတော့ ဥပဒေအသံလို့ ယူဆပါတယ်။ နောက်တစ်ခု တောင်ထည့်ပြော သွားသေးတယ်။ ဥပဒေအပြင်ဘက်မှာ ဘယ်သူမှမရှိဘူးတဲ့။ ဒါဟာလည်း အမှန်ဆုံး စကား ပါပဲ။

သြဂုတ် ၁၇ ထုတ် The Myanmar Post အတွဲ (၃) အမှတ် (၃၁) တွင်ပါသည့် ကရင်ပြည်သူ့ပါတီမှ ဒုတိယဥက္ကဋ္ဌ ဦးစောစေးဝါးနှင့် အင်တာဗျူး ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခု အခွန်လျှော့ပေးလိုက်တဲ့အခါ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းကို လျှော့ပေးလိုက်ပြီးတော့ ဝင်ငွေခွန် ၂ ရာခိုင် နှုန်းကို ထားလိုက်တဲ့အတွက် CMP လို လုပ်ငန်းတွေမပါပါဘူး။ ဘာကြောင့်လဲဆိုတော့ CMP လုပ်ငန်းက အခွန် ၁၀ ရာခိုင်နှုန်း ကောက်တယ်ဆိုတာက ဝင်ငွေခွန်အနေနဲ့ ကောက်တာပါ။ ကုန်သွယ် လုပ်ငန်းခွန် မပါပါဘူး။ ဒါကြောင့် CMP ကတော့ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူး။ နောက်တစ်ခုက ကျောက်မျက်ပါ။ ကျောက်မျက်ကို လောလော ဆယ်မှာ အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံပါတယ်။ ကျောက်မျက်လည်း အကျုံးဝင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျောက်မျက်ဆိုတာက သဘာဝ သယံဇာတအရင်းအမြစ်ဖြစ်နေတယ်။ နိုင်ငံတကာမှာလည်း ဒီလိုသယံဇာတတွေနဲ့ ပတ်သက်လို့ရှိရင် လျှော့ချပေးတာမျိုး မရှိပါဘူး။ ဖြစ်နိုင်ရင် သူက ပိုပြီး တော့တောင် ကောက်သင့်ပါသေးတယ်”

သြဂုတ် ၁၉ ထုတ် BiWeeklyELEVEN အတွဲ (၄) အမှတ် (၂၀) ပါသည့် “ကုန်သွယ်လုပ်ငန်းခွန် လျှော့ချပေးသည့်အထဲတွင် ကျောက်မျက်၊ သစ် စသည့် သဘာဝသယံဇာတပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းအချို့ မပါဝင်ဟုသိရ” သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အမျိုးသားရင်ကြားစေ့ရေးအတွက် အကောင်းဆုံးအချိန်အခါ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည့်နေ့တွင် လိုအပ်ပါက သူမအနေဖြင့် ပြည်ခိုင်ဖြိုးနှင့်လည်း တွေ့ဆုံဆွေးနွေး ပါမည်ဟု ဆိုခဲ့ခြင်းအပေါ် ပြည်သူများက အားရဝမ်းသာကြိုဆိုခဲ့ကြသည်။ ရွေးကောက်ပွဲဝင်ပါတီများက ပြည်ခိုင်ဖြိုးနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် ငြိုငြင်ခဲ့ကြသော ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်က ပြည်ခိုင်ဖြိုးနှင့် တွေ့ဆုံဆွေးနွေးမည် ဆိုသောအခါ ယင်းတို့၏ အမျိုးသား ခေါင်းဆောင်သည် အာဃာတ တရားမရှိ၊ သဘောထားကြီးပါပေသည်ဟု တစ်ခဲတစ်နက်ကြိုဆိုခဲ့ကြသည်။ ထိုသို့ဖြစ်ရသည်မှာ အဆန်းတော့ မဟုတ်ချေ။ ပြည်သူ့အပေါ် ဘဝတစ်ခုလုံး မြှပ်နှံ၍ ကိုယ်ကျိုးစွန်ခဲ့မှု၊ တိုင်းပြည်အပေါ် စေတနာမှန်မှု၊ သူရဲကောင်းကို ကိုးကွယ်လိုသော ပြည်သူများ စသည့်အချက်များသည် ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ အမှန်ဟူသော အတွေးအခေါ်ကို ရိုက်သွင်းပြီးဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘာပြောပြော မှန်သည်ဟု ယူဆခံရသူ သုံးဦး ရှိသည်။ ဒလိုင်လားမား၊ နယ်လ်ဆင်မင်ဒဲလားနှင့် ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ အဆိုပါ သုံးဦးလုံးသည် ရိုးသားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စေတနာ အမှန်တကယ် ထားရှိမှုတို့ကြောင့်သာ ထိုကဲ့သို့ ကမ္ဘာ့ ပြည်သူများ၏ လေးစားသမှုကိုရရှိခြင်းဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ မြန်မာပြည်သူတစ်ရပ်လုံးသည် ဒေါ်အောင်ဆန်းစုကြည်အား ရင်နှင့်ရင်း၍ ချစ်ခင်ကြသည် ဆိုသည်မှာ ငြင်း၍မရသော အချက်ပင်။

ယခု သူတို့ချစ်သော နိုဗယ်ဆုရှင်သည် သူတို့အလွန်မုန်းသော၊ ရွံ့သော၊ ကြောက်သော စစ်အစိုးရ ပုဂ္ဂိုလ်ဟောင်းများနှင့် ထိတွေ့ဆက်ဆံ နေချေပြီ။ ပြည်သူလူထု၏ အမြင်ကတော့ မပြောင်းချေ။ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ မှန်သည်။ အမျိုးသား ရင်ကြားစေ့ရေး အမှန်တကယ် ရရှိတော့ မည်ဟု မျှော်လင့်ချက်တွေ တပုံတပင်ထားရှိလာကြသည်။ မြန်မာပြည်သူလူထု တစ်ရပ်လုံး လိုလားသည်မှာ သူတို့ချစ်သော အမျိုးသား ခေါင်းဆောင်က နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခွင့် ရနေစေရေးပင် ဖြစ်သည်။ နိုဗယ်ဆုရှင် သမ္မတဖြစ်မှဆိုသည့် တစ်ဖက်စွန်းရောက် အတွေးအခေါ် မဟုတ်။ ဖခင်ကဲ့သို့ပင် တိုင်းပြည်နှင့် လူမျိုးအပေါ် အနစ်နာခံလှသော သမီးဖြစ်သူက ပြည်သူများကို ကာကွယ်စောင့်ရှောက်နေခြင်းကို ကြည့်ရင်း သွားလေသူ ဗိုလ်ချုပ်ကို အလွမ်းပြေ သတိရလိုကြသည်။

အချို့ပြည်သူများကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသစ်က နေရာပေးလာခြင်းအပေါ် ကြိုဆိုကြသည်။ ဤသည်မှာ NLD ကို တရားဝင်မှု ပေးခြင်းမျိုးမဟုတ်ဘဲ ကမ္ဘာ့အသိုင်းအဝိုင်းနှင့် ပြည်သူလူထု ထောက်ခံသော အမျိုးသား ခေါင်းဆောင်တစ်ဦးကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခွင့် မပေးပါက အစိုးရသစ်အနေဖြင့် နိုင်ငံတကာ၏ လက်သင့်ခံမှု ရရှိလိမ့်မည် မဟုတ်ဟု ယူဆကြသောကြောင့်ဖြစ်သည်။ ထိုပြည်သူ အတန်းအစားသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် လုံးလုံးမှီခိုနေခြင်းတော့ မဟုတ်။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သင့်သူတစ်ဦး၊ တနည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ မြန်မာနိုင်ငံကို ကမ္ဘာ့အသိုင်းအဝိုင်းတွင် လက်ခံလာရေးအတွက် ပါဝင်စေလိုခြင်းသာဖြစ်သည်။ သူတို့ယုံကြည်သည်က ဦးသိန်းစိန်လည်း ဘုရား မဟုတ်သလို၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အထွေထွေကျဆင်းနေသော မြန်မာပြည်ကိုဖြစ်စေ တစ်လုံးတည်းဖြင့် ကယ်တင်နိုင်မည့် တန်ခိုးရှင် မဟုတ်။ သို့ရာတွင် ဦးသိန်းစိန်သည် အာဏာရ သမ္မတအဖြစ် လုပ်နိုင်သည့် ပါဝါရှိသလို ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူလူထုက ထောက်ခံသူဖြစ်၍ မြန်မာနိုင်ငံ တိုးတက်ဖြစ်ထွန်းရေးအတွက် ဆောင်ကြဉ်းပေးနိုင်စရာ များစွာရှိသည်ဟုသာ ယုံကြည်ကြခြင်း ဖြစ်သည်။ ယင်းတို့ ယုံကြည်ကြသည်မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး မဖြစ်ထွန်းသေးသမျှ နိုင်ငံတိုးတက်မှုလည်း ရှိမည်မဟုတ်သဖြင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ထိတွေ့ဆက်ဆံခြင်းမှာ မှန်ကန်သောလုပ်ရပ် ဖြစ်သည်ဟု ယုံကြည်ကြခြင်းဖြစ်သည့်အားလျော်စွာ ၎င်းတို့နှစ်ဦး ထိတွေ့ဆက်ဆံ လာမှုကို ကြိုဆို ထောက်ခံ ကြခြင်းဖြစ်သည်။ ဆိုရလျှင် မြန်မာ့နိုင်ငံရေးကို သိနားလည်သူ ပြည်သူလူထုနှင့် မသိနားမလည်သူ ပြည်သူလူထု နှစ်ရပ်လုံး အမျိုးသား ပြန်လည် သင့်မြတ် ရေးကို လိုလားကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် ထိတွေ့ဆက်ဆံရေးကို အကောင်းဘက်က မျှော်လင့် နေကြသည်ဟု ဆိုနိုင်သည်။

သို့ရာတွင် ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဟူသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ် ထိတွေ့ဆက်ဆံမှုကို အဆိုးမြင်သူတို့ ရှိကြ သည်။ ထိုသို့ အဆိုးမြင်ကြသူများတွင်လည်း နှစ်မျိုးနှစ်စားရှိကြသည်။ တစ်မျိုးကတော့ သံသယကြီးလွန်း၍ ဖြစ်သည်။ ယင်းတို့အနေဖြင့် တစ်လျှောက်လုံး ကတိမတည်ခဲ့သော စစ်အစိုးရဟောင်းကို ကြောက်ရွံ့သည့်စိတ် မပျောက်ကြသေး။ ဦးခင်ညွန့်နှင့်ဒေါ်အောင်ဆန်းစုကြည် ဆက်ဆံရေး ကောင်းမွန် နေစဉ်တွင်ပင် ဒီပဲယင်းကဲ့သို့ အရေးအခင်းကြီး ပေါ်ပေါက်လာခဲ့ဖူး၍ ထိုသို့ သံသယစိတ် မကုန်နိုင်သေးသည်မှာ အဆန်းတကြယ်တော့ မဟုတ်ပေ။ သို့ရာတွင် သံသယတွေ ရှိနေသမျှ ယုံကြည်မှု တည်ဆောက်ရန် မလွယ်ကူသည့်အတွက် ဖြစ်ပေါ်နေသည့် အပြောင်းအလဲအပေါ် မူတည်၍ သံသယတွေ လျော့ ယုံကြည်မှုတွေ တိုးတက်တည်ဆောက်ရမည်ဖြစ်သည်။

နောက်တစ်မျိုးကတော့ အစိုးရဘာလုပ်လုပ် အကောင်းမမြင်နိုင်သည့် အုပ်စုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်ပေါင်းသွားလျှင် မိမိတို့ နေရာပျောက်ပြီဟု ယူဆထားကြသူများဖြစ်သည်။ ထိုသို့ ယူဆထားကြသူများသည် အစိုးရသစ်ဘက်တွင်ရော ပြည်ပရောက် အတိုက်အခံများတွင်ပါ ရှိနေကြခြင်း ဖြစ်သည်။ ထိုသူတို့အနေဖြင့် အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ထိတွေ့ဆက်ဆံနေမှုကို မလိုလား။ ရှင်းအောင်ဆိုရလျှင် ဒုသမ္မတနှင့် ပြန်ကြားရေးဝန်ကြီးတို့က ဒေါ်အောင်ဆန်းစုကြည်သည် သာမန်ပြည်သူတစ်ဦးဟု အတိအလင်းဆိုသည်။ သူမကို နိုင်ငံရေးတွင် ပါဝင်စေချင်ပုံမရ၊ အပြောင်း အလဲကို လိုလားသော သမ္မတနှင့် ဝန်ကြီးအချို့ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းသွားလျှင် အာဏာရှင်သဖွယ်သာ နေလိုသေးသော ၎င်းတို့ နေရာ ပျောက်ကာ ပြည်သူ၏ အမုန်းကို ခံယူနေရသူများ ဖြစ်တော့မည်။ ပြည်ပရောက် အတိုက်အခံတွင်လည်း ထူးမခြားနား၊ ဒေါ်အောင်ဆန်းစုကြည် မရှိတော့ လျှင် သူမနာမည်ကို သုံး၍၊ သူမကို ထောက်ခံကြောင်း တွင်တွင်အော်၍ ဒေါ်လာမျက်မျက်လေးစား၊ ပြည်ပတွင် အေးအေးနေနေရသော သူတို့အတွက် နိုင်ငံရေးလုပ်စရာမရှိတော့။ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်လောက် အရေးပါသူမရှိတော့ရာ သူမသာ မရှိတော့လျှင် ကျန်သူများ မည်သို့ နိုင်ငံရေး လုပ်ကြမည်နည်း။ ပြည်ပတွင် ဆက်လက်နေထိုင်ရှင်သန်ရန် အလို့ငှာ မည်သူ့ကို ပုတ်ခတ်ဝေဖန်ရတော့မည်နည်း။ ထို့ကြောင့် ဒေါ်အောင်ဆန်းစု ကြည်နှင့် အစိုးရသစ် ထိတွေ့ဆက်ဆံရေးကို အဆိုးဘက်ကသာ ထောက်ပြဝေဖန်၍ အမျိုးသား ရင်ကြားစေ့ရေးကို အနှောင့်အယှက် ပြုသည်။

မြန်မာပြည်သူတို့ အမှန်တကယ် လိုအပ်နေသည်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးသာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ပင်လျှင် မြန်မာ့နိုင်ငံရေး အခြေအနေကို သဘောပေါက်လာသည်။ ၉၀ရွေးကောက်ပွဲရလဒ်ကို အမှန်တရားအဖြစ် ကိုင်စွဲနေသေးသော်လည်း စစ်ဗိုလ်ချုပ် ဟောင်းများ၏ အနေအထားကိုလည်း သဘောပေါက်သည်။ သူမကိုင်စွဲသောလမ်းကြောင်းသည် ပြည်သူလူထုအတွက် စိတ်ဓာတ်ခွန်အားမှတပါး တိုးတက်မှု မပေးနိုင်သေးသည်ကို သဘောပေါက်၍ ပြည်သူ အကျိုးရှိမည့် ကိစ္စမှန်သမျှ အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားလာသည်။ အစိုးသစ် အနေဖြင့်လည်း ထိုနည်းနှင်နှင် ဖြစ်သည်။ အရပ်သားအစိုးရ စစ်စစ်ဖြစ်ရေးအတွက် ပြည်သူ့ဆန္ဒကို လေးစားရမည်။ ပြည်သူတစ်ရပ်လုံး မြန်မာ့နိုင်ငံရေးတွင် ပါဝင်စေလိုပါက ပြည်သူထောက်ခံသူတစ်ဦး ရှိမှဖြစ်မည်ကို သဘောပေါက်သည်။ အပြောင်းအလဲအတွက် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုရရန်မှာ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၏ အခန်းကဏ္ဍ မည်မျှအရေးပါသည်ကိုလည်း ကောင်းစွာ သဘောပေါက်သည်။ သမ္မတ ဦးသိန်းစိန် အပါအဝင် ဝန်ကြီး အတော်များများ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ရင်းအမှန်နှင့် ပူးပေါင်းဆောင်ရွက်လိုကြပြီး သူမကို အတိုက်အခံဆိုသည်ထက် နိုင်ငံအပြောင်း အလဲအတွက် လက်တွဲ၍ လုပ်ဆောင်ရမည့် မိတ်ဖက်ကောင်းတစ်ဦးအဖြစ် တလေးတစား လက်ခံထားကြသည်။ နေပြည်တော်မှ ဝန်ထမ်း အသိုင်း အဝိုင်းပင် ဒေါ်အောင်ဆန်းစုကြည်ကို မြင်ဖူး၊ တွေ့ဖူး၊ နှုတ်ဆက်လိုကြသည်။ စစ်အစိုးရ လက်ဝေခံ စီးပွားရေးသမားများပင် သူမအနား ဝိုင်းဝိုင်းလည်နေ သည်။ ဓာတ်ပုံရိုက်ရန် မေတ္တာရပ်ခံကြသည်။ ဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစားသူမှာ အစိုးရအဖွဲ့အတွင်း၌ပင် အများအပြား ရှိနေကြ ပါသည်။

ယခုအချိန်သည် နှစ်ပေါင်းများစွာ မရရှိခဲ့သော အမျိုးသားရင်ကြားစေ့ရေးရရှိရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။ ပြီးခဲ့သည့် ကာလ တစ်လျှောက်လုံး ယခုကဲ့သို့ ကောင်းမွန်သည့် အခြေအနေမျိုး တစ်ကြိမ်မျှ မရှိဖူးခဲ့။ သမ္မတ ဦးသိန်းစိန်နှင့် အခြားဝန်ကြီးများကဲ့သို့ သဘောထား ပျော့ပြောင်း သူများ၊ ဒေါ်အောင်ဆန်းစုကြည်ကို လိုလားသူများ အစိုးရအဖွဲ့အတွင်း၌ မရှိတော့လျှင်၊ ယုတ်စွအဆုံး ဦးတင်အောင်မြင့်ဦးကဲ့သို့ ပုဂ္ဂိုလ်များ တက်လာလျှင် ယခုလို အရှိန်ကောင်းနေသော အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ နောက်ပြန်ဆုတ်သွားဖွယ် ရှိသည်။ မည်သို့ပင် ဆိုစေကာမူ ယခုအချိန်သည် အစိုးရ ဖက်ကရော ဒေါ်အောင်ဆန်းစုကြည်ကပါ အပြန်အလှန် လေးစားသမှု ရှိနေချိန်၊ ပြည်သူတစ်ရပ်လုံးက လိုလားလျက်ရှိသည့် အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ရန် အကောင်းအဆုံးအခြေအနေ ဖြစ်ပေါ်နေချိန်ပင်ဖြစ်ရာ လက်ရှိအခြေအနေကို ထိန်းသိမ်း၍ တိုင်းပြည် တိုးတက်ရေး ဆောင်ရွက်သင့်သည့် အချိန်ဖြစ်ပြီး အလုပ်မဖြစ်တော့သည့် အပျက်သဘော ဝေဖန်မှုများ စွန့်လွှတ်ရတော့မည့် အချိန်ပင်ဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs