Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၂.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. သမ္မတနှင့်တွေ့ဆုံပြီးနောက် ကျေနပ်ပျော်ရွှင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(The Washington Post မှ 20 August 2011 ရက်စွဲပါ “Myanmar’s Suu Kyi says she is happy after meeting with President” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံမှ ပြန်လည်သင့်မြတ်ရေးတွေ့ဆုံမှုကို အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲကြိုဆို

(Monsters and Critics မှ 20 August 2011 ရက်စွဲပါ “EU foreign policy chief welcomes Myanmar reconciliation meeting” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကချင်စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပူပန်မှုများကြီးထွား

(IRIN သတင်းမှ 19 August 2011 ရက်စွဲပါ “Food concerns rise for Kachin IDPs” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဟိုတယ် ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရန် မြန်မာ ကြိုးစား

(New Kelera မှ 21 Aug 2011 ရက်စွဲပါ “ Myanmar seeks more foreign investment in hotel sector ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြောက်ကိုးရီးယား ခေါင်းဆောင် ရုရှားသို့ ရောက်ဟု တောင်ကိုးရီးယား မီဒီယာက ဆို

(20 August 2011 ရက်စွဲပါ AP သတင်းဌာန ၏ S Korean media : N Korean Leader arrives in Russia ကို ဘာသာပြန်ဆိုသည်)

  1. ဂျပန် အရှေ့မြောက်ကမ်းရိုးတန်း ဖူကူရှီးမားတွင် အင်အားပြင်း ငလျင်လှုပ်

(Reuters news မှ 19 Aug 2011 ရက်စွဲပါ “ Strong offshore quake hits Japan’s north- east coast ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. ပို့ကုန်တင်ပို့မှု ကျဆင်းသော်လည်း ဂျပန်ကုန်သွယ်ရေးပိုလျှံမှု ဇူလိုင်လတွင်း မြင့်တက်

(BBC သတင်းကို ဘာသာပြန်ဆိုသည်)

  1. ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် စိုးရိမ်မှုများက စတော့ဈေးကွက်များကို ရိုက်ခတ်

(AP သတင်းဌာနမှ စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်)

  1. မြန်မာနိုင်ငံ၏ အပြောင်းအလဲ လက္ခဏာများကြားတွင် စောင့်နေသော လေဒီ

(20 August 2011 ရက်စွဲပါ Sydney Morning Herald မှ Lady is for waiting amid signs of change in Burma ကို ဘာသာပြန်ဆိုသည်)

*******************************************************************

သမ္မတနှင့်တွေ့ဆုံပြီးနောက် ကျေနပ်ပျော်ရွှင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

(The Washington Post မှ 20 August 2011 ရက်စွဲပါ “Myanmar’s Suu Kyi says she is happy after meeting with President” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်လိုလားသော အစိုးရအဖွဲ့သစ် ခေါင်းဆောင် သမ္မတနှင့်  ပထမဆုံးအကြိမ် တွေ့ဆုံမှုအပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း စနေနေ့တွင် ပြောကြားလိုက်သည်။ ယင်းတွေ့ဆုံမှုမှာ နိုဝင်ဘာလက သူမ လွတ်မြောက် လာပြီး နောက်ပိုင်း အာဏာရလာသော အစိုးရသစ်နှင့် အမြင့်ဆုံးအဆင့်တွေ့ဆုံမှု ဖြစ်သည်ဟုလည်း သိရှိရသည်။

နေပြည်တော်၌ အစိုးရက စီစဉ်ကျင်းပသော ဆွေးနွေးပွဲဖိုရမ်ကို တက်ရောက်ပြီးနောက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒီမိုကရေစီခေါင်းဆောင်က သမ္မတနှင့် သောကြာနေ့က တွေ့ဆုံမှုနှင့်ပတ်သက်၍ ကျေနပ်ပျော်ရွှင်မိကြောင်း သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဖိတ်ကြားမှုကြောင့် သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရသစ်အနေဖြင့် အတိုက် အခံများနှင့် ဒိုင်ယာလော့ခ်ဆွေးနွေးရန် လိုလားနေသည်ဟူသော အကောင်းမြင် အယူအဆကို ထွက်ပေါ်လာစေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးချိန်မှစ၍ အစိုးရနှင့် ဒိုင်ယာလော့ခ်ဆွေးနွေးရေးကို အကြိမ်ကြိမ်တောင်းဆိုခဲ့သူ ဖြစ်သည်။ “အစိုးရနဲ့ နားလည်မှု ပိုရှိလာကြမယ်လို့ ကျွန်တော် ယုံကြည်မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Associated Press သို့ စနေနေ့တွင် ပြောကြားသည်။

စနေနေ့က ဆွေးနွေးပွဲဖိုရမ်တွင် တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြရာ ကော်ဖီခွက်ပေါင်း အကြိမ်ကြိမ် တည်ခင်းဧည့်ခံမှုနှင့်အတူ စကားစမြည်ပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။ ဤအနေအထားသည် ယခင်ထိန်းသိမ်းခံကာလက NLD ပါတီဝင် အမျိုးသမီး ဖော်နှစ်ဦးမှလွဲ၍ မည်သူ့ကိုမျှ တွေ့ဆုံခွင့် မရခဲ့သည့် အခြေအနေနှင့် အလွန်ကွဲပြားစွာ ခြားနားသွားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆွေးနွေးပွဲဖိုရမ်သို့ တက်ရောက်ပြီးနောက်တွင် အစိုးရက စီစဉ်ပေးသော မော်တော်ယာဉ်ဖြင့် ရန်ကုန်မြို့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု သိရှိရသည်။

သောကြာနေ့က တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတ ဦးသိန်းစိန်တို့သည် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများ တွေ့ရှိနိုင်ရန် အတွက် ပွင့်လင်းသော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု စနေနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ရေးသားကာ အပြန်အလှန် နှုတ်ဆက်နေသော ဓာတ်ပုံများကို ဖော်ပြခဲ့သည်။

**************************************************************************

မြန်မာနိုင်ငံမှ ပြန်လည်သင့်မြတ်ရေးတွေ့ဆုံမှုကို အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲကြိုဆို

(Monsters and Critics မှ 20 August 2011 ရက်စွဲပါ “EU foreign policy chief welcomes Myanmar reconciliation meeting” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကျောထောက်နောက်ခံ အစိုးရခေါင်းဆောင်တို့အကြား တွေ့ဆုံ ဆွေးနွေးမှုသည် နိုင်ငံတွင်း ပြန်လည်သင့်မြတ်ရေးကို ဦးတည်သည့် လက်တွေ့ကျသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)၏ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကက်သရင်းအက်ရှတန် (Catherine Ashton) က စနေနေ့တွင် ပြောကြားလိုက်သည်။

“ဒီလိုမျိုး အကောင်းဖက်ကို ရောက်လာတဲ့ခြေလှမ်းကို ကျွန်တော်တို့ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စဟာ မြန်မာပြည်သူအားလုံးအတွက် အလွန်ကို အရေးကြီးပါတယ်၊ အခုတွေ့ဆုံမှုဟာ ရေရှည်မှာ အသီးအပွင့် ဖြစ်ထွန်းလာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကက်သရင်းအက်ရှတန်၏ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်မန်း (Michael Mann)က ဆိုသည်။

လွန်ခဲ့သည့် ၂၁ နှစ်အတွင်း ၁၅ နှစ်ခန့် အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရကာ မနှစ်က နိုဝင်ဘာတွင် လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် သမ္မတဦးသိန်းစိန်နှင့် သောကြာနေ့က နေပြည်တော်တွင် တွေ့ဆုံရန် ဖိတ်ကြားခံ ခဲ့ရခြင်းဖြစ်သည်။ သူမသည် စနေနေ့တွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး အစိုးရအလုပ်ရုံဆွေးနွေးပွဲသို့လည်း တက်ရောက် ခဲ့ပြီး ထိပ်ပိုင်းအဆင့်တာဝန်ရှိသူများစွာနှင့် တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

********************************************************************

ကချင်စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာ ပူပန်မှုများကြီးထွား

(IRIN သတင်းမှ 19 August 2011 ရက်စွဲပါ “Food concerns rise for Kachin IDPs” သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအစိုးရတပ်များနှင့် ကချင်လက်နက်ကိုင်တပ် KIA တို့အကြား လက်ရှိ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်တွင် စားနပ်ရိက္ခာဖူလုံရေး အလားအလာ များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ လူမှုကယ်ဆယ်ရေး လုပ်သားများက ပြောကြား လိုက်သည်။

“တိုက်ပွဲတွေရပ်သွားမယ် ဆိုရင်တောင် စားနပ်ရိက္ခာပြဿနာကို နောက်ထပ် ၁ နှစ် ၂ နှစ်လောက် ရင်ဆိုင်ရပါလိမ့်မယ်” ဟု ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအသင်း KWAT ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်ဂျာက IRIN သတင်းဌာနသို့ ပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို တစ်ခုတည်းသော နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် သိမ်းသွင်းစုစည်းလိုသော မြန်မာအစိုးရ၏ အစီအစဉ် ကြောင့် အဓိကအားဖြင့် ဖြစ်ပေါ်ခဲ့ရသည့် “၁၇ နှစ်ကြာ အပစ်ရပ် ငြိမ်းချမ်းရေး ပျက်ပြားမှု” အပြီးတွင် လွန်ခဲ့သော ၂ လခန့်ကစ၍ မြန်မာပြည် မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ ထောင်ပေါင်းများစွာသော စစ်ဘေးရှောင် ကျေးလက်ပြည်သူများသည် မြစ်ကြီးနား၊ ဝိုင်းမော် စသော မြို့ကြီးများနှင့် KIA တပ်ဖွဲ့၏ နိုင်ငံရေးဌာနခွဲ KIO က ထိန်းချုပ်ထားသောနယ်မြေများဆီသို့ ထွက်ပြေးခဲ့ကြရသည်။ အချို့မှာလည်း နယ်စပ်ကို ဖြတ်ကျော် ကာ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

တရုတ်-မြန်မာနယ်စပ်တွင် ၂၁၈၅ ကီလိုမီတာတစ်လျှောက်မှ လူပေါင်း ၁၅၀၀၀ အပါအဝင် စုစုပေါင်း ၂၅၀၀၀ ခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရ သည်ဟု ယုံကြည်ရပြီး ယင်းတို့မှာ ယခုအခါ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့များက ဆောက်လုပ်ပေးနေသော ရွက်ဖျင်တဲများဖြင့် နေထိုင်နေကြရသည်။

နောက်ထပ်လူပေါင်း တစ်သောင်းခန့်မှာလည်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်နှင့် ဗန်းမော်မြို့များသို့ ထွက်ပြေး ခိုလှုံလျက် ရှိသည်ဟုလည်း ယုံကြည်ရသည်။

တောင်သူ ထောင်ပေါင်းများစွာသည် တစ်နှစ်တာ၏ အရေးကြီးဆုံး လယ်ယာလုပ်ချိန်တွင် လယ်ယာနှင့် ကျွဲနွားများကို စွန့်လွှတ်ထွက်ပြေး ခဲ့ရခြင်း ဖြစ်ကြောင်း လူမှု ကယ်ဆယ်ရေး အဖွဲ့များက မှတ်ချက်ပေးသည်။

မြန်မာလူမျိုးတို့၏ အဓိကအားထားစရာ ဆန်စပါးကို အောက်ပြည်အောက်ရွာတွင် ဇူလိုင်၊ ဩဂုတ်လများတွင် စိုက်ပျိုးကြသော်လည်း ကချင် တောင်တန်းများပေါ်တွင်မူ ဇွန်လတွင် စတင်စိုက်ပျိုးလေ့ရှိကြသည်ဟုလည်း သိရှိရသည်။ တောင်သူအနည်းစုသာလျှင် လယ်ယာလုပ်ငန်းခွင်ဝင်ရန် ကျားကုတ်ကျားခဲ နေရစ်ခဲ့ကြပြီး အများစုမှာ ထွက်ပြေးသွားကြပြီ ဟု ဆိုသည်။

မြစ်ကြီးနားနှင့် ဗန်းမော်အကြား ကားလမ်းပေါ်မှ ဘမ်ဆောင်ရန် ရွာတွင် အိမ်ထောင်စု ၁၇၀ ခန့်အနက်မှ ၇ စုမျှသာ ကျန်ခဲ့သောကြောင့် လယ်ယာ လုပ်ငန်းခွင်ကို လူငှား၍ ရုန်းကန်ရန်ပင် မလွယ်ကူဟု သိရသည်။

“တကယ်လို့ ဒီရာသီမှာသာ ကောက်ပဲသီးနှံ မစိုက်ပျိုးနိုင်ဘူးဆိုရင် နောက်နှစ်မှာ သူတို့မိသားစုတွေအတွက် စားစရာ ဘယ်ကရမလဲ” ဟု မိုင်ဂျာက မေးခွန်းထုတ်သည်။

ယခုရာသီ လယ်ယာစိုက်ပျိုးနိုင်ခြင်း မရှိ၍ ကချင်ပြည်နယ်တစ်ခုလုံးအပေါ် ဆိုးကျိုးသက်ရောက်လာမည်ကို လူမှု ကယ်ဆယ်ရေးအုပ်စုများက စိုးရိမ်ပူပန်လျက်ရှိကြပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ လိုင်ဇာ စသော မြို့ကြီးများတွင် နေထိုင်သူများမှာ တိုက်ပွဲဖြစ်ရာဒေသမှ ထွက်ရှိသော ဆန်စပါးကို မှီခို အားထားကြရခြင်း ဖြစ်သည်ဟု သိရသည်။

“မြန်မာတပ်တွေနဲ့ နီးတဲ့ရွာတွေက လူတွေကတော ဆိုးဆိုးဝါးဝါး ကြုံတွေ့ရပါလိမ့်မယ်” ဟု လိုင်ဇာအခြေစိုက် Kachin Relief Action Network for IDP (Internally displaced person) and Refugee- RANIR အတွက် ညှိနှိုင်းရေး တာဝန်ခံအဖြစ် ဆောင်ရွက်သူ လာရစ်ဖြစ်ပါသည်။ မြစ်ကြီးနား နှင့် ဗန်းမော်ကြား လမ်းတစ်လျှောက်မှ ဒေသခံနေထိုင်သူ များမှာ ဒုက္ခအများဆုံး ခံစားကြရသည်ဟု ဆိုသည်။

စားနပ်ရိက္ခာအကူအညီ

လောလောဆယ်တွင် အိုးမဲ့အိမ်မဲ့ဒုက္ခသည်များသည် ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံ အသိုင်းအဝိုင်းထံမှ အကူအညီ ရနေသော်လည်း မည်မျှကြာအောင် ကူညီနိုင်မည်ဆိုသည့်အပေါ် သံသယ ရှိနေကြသည်။

“ဒီအခြေအနေကို ရေရှည်ကူညီနိုင်စွမ်း မရှိပါဘူး” ဟု လာရစ်က ပြောကြားကာ နိုင်ငံတကာ အကူအညီကို ထပ်မံတောင်းဆိုလိုက်သည်။

“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ဟာ ကချင်ပြည်နယ်က အိုးမဲ့အိမ်မဲ့ဒုက္ခသည်တွေကို ဩဂုတ်လ ၁၈ ရက် ကြာသပတေးနေ့မှာ စတင် ထောက်ပံ့ ကူညီခဲ့ပြီး မြစ်ကြီးနားနဲ့ အနီးအနား ဝိုင်းမော်က ဒုက္ခသည် ၃၂၀၀ လောက်ကို ဆန်ရာရှင် ဝေပေးနေပါတယ်” ဟု WFP ပြောရေးဆိုခွင့်ရှိသူ Marcus Prior က ဩဂုတ်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

“ဗန်းမော်နားက နောက်ထပ် ဒုက္ခသည် ၃၀၀၀ ကျော်အတွက် ဆန်ထောက်ပံ့ ကူညီမှုကို မကြာခင် ရက်ပိုင်းအတွင်းမှာ ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်၊ လာမယ့်သီတင်းပတ်အတွင်းမှာ ဒုက္ခသည်တွေကို ထောက်ပံ့ ကူညီတဲ့ အစီအစဉ်တွေ သိသိသာသာ တိုးချဲ့နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟုလည်း Marcus Prior က ဆက်လက် ပြောကြားသွားသည်။

********************************************************************

ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရန် မြန်မာ ကြိုးစား

(New Kelera မှ 21 Aug 2011 ရက်စွဲပါ “ Myanmar seeks more foreign investment in hotel sector ” သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် တိုးရစ် ခရီးသွားလုပ်ငန်းကို အားပေးမြှင့်တင်ရန်အတွက် ဟိုတယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ပိုမိုရရှိရန် ကြိုးစားနေ ကြောင်း အစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

အခန်းပေါင်း ၃၉၀၅ ခန်းနှင့်အတူ ပြီးစီးသွားသည့် ဟိုတယ် ၂၁ လုံးတွင် အမေရိကန် ဒေါ်လာ ၆၅၅ သန်း ထည့်ဝင် မြှပ်နှံထားပြီး၊ တည်ဆောက်ဆဲ အခန်း ၁၃၈၅ ခန်း ပါဝင်သော ဟိုတယ် စီမံကိန်း ၄ ခု တွင် ဒေါ်လာ ၂၈၅ သန်း ရင်းနှီးမြှပ်နှံလျက် ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက ပြောကြားသည်။

နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှပ်နှံသော ဟိုတယ် စီမံကိန်းများအနက် စင်ကာပူ က ဒေါ်လာ ၅၉၃. ၅၃၁ သန်း ဖြင့် ဦးဆောင်နေပြီး ထိုင်းနိုင်ငံက ဒေါ်လာ ၂၀၂. ၅ သန်း၊ ဂျပန် က ဒေါ်လာ ၆၈. ၇ သန်း၊ ဟောင်ကောင် က ဒေါ်လာ ၇၇ သန်း နှင့် မလေးရှား က ဒေါ်လာ ၅ သန်း တို့ဖြင့် အသီးသီး လိုက်ပါ မြှပ်နှံထားကြသည်ဟု ဆင်ဟွာ သတင်းဌာန က သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံသော ဟိုတယ်များတွင် ရန်ကုန် မှ ဆီဒိုးနားဟိုတယ်၊ စထရင်းဟိုတယ်၊ ထရိတ်ဒါးဟိုတယ်နှင့် ပတ်ရွိုင်ရယ် ဟိုတယ်၊ မန္တလေးမှ ဆီဒိုးနားဟိုတယ်၊ မန္တလေး ဟစ်ရီးဆော့ ဟိုတယ်၊ ဆွမ်းဟိုတယ်၊ ပုဂံမှ သီရိပစ္စယာ ဆာကူရာ ဟိုတယ်တို့ ပါဝင်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ဟိုတယ် အလုံးပေါင်း ၇၀၀ ကျော်နှင့်အတူ ဘာသာစကားစုံ ခရီးသွားလမ်းညွှန် ၄၀၀၀ ကျော်ဖြင့် လည်ပတ် လုပ်ကိုင် နေသော ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီ ၇၀၀ ကျော် ရှိသည်ဟု ဝန်ကြီးဌာနက ဆိုသည်။

၂၀၁၁ ခုနှစ် ပထမလေးလပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွား အရေအတွက် ၁၄၀,၀၀၀ ကျော် သွားသောကြောင့် ယခင်နှစ် အလားတူ အချိန်က လာရောက်ခဲ့သော အရေအတွက် ၁၀၉,၀၀၀ ထက် ပိုမိုများပြားလာခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်များက ဦးရေ အများဆုံးဖြင့် ထိပ်မှ ရပ်တည်နေပြီး၊ ဂျာမဏီ၊ စပိန်၊ နော်ဝေး၊ ထိုင်း၊ ကမ္ဘောဒီးယား နှင့် အိန္ဒိယ တို့က အသီးသီး အစဉ်လိုက် ရပ်တည်နေသည်ဟု ကိန်းဂဏန်းများ အရ သိရှိရသည်။

*******************************************************************

မြောက်ကိုးရီးယား ခေါင်းဆောင် ရုရှားသို့ ရောက်ဟု တောင်ကိုးရီးယား မီဒီယာက ဆို

(20 August 2011 ရက်စွဲပါ AP သတင်းဌာန ၏ S Korean media : N Korean Leader arrives in Russia ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ရုရှားနိုင်ငံသို့ ရောက်ရှိနေကြောင်း တောင်ကိုးရီးယား မီဒီယာများက သတင်းထုတ်ပြန်ခဲ့ကြ သည်။

YTN ရုပ်မြင်သံကြားက စနေနေ့က ပြောကြားရာတွင် Kim သည် ရုရှားအရှေ့ဖျားသို့ ရောက်ရှိကြောင်း ပြောဆိုခဲ့သော်လည်း သတင်းရင်းမြစ်ကိုမူ ဖော်ပြခြင်း မရှိပေ။ တောင်ကိုးရီးယား အစိုးရ၏ သတင်းရင်းမြစ်ကို ကိုးကား၍ Yonhap သတင်းဌာနက ပြောကြားရာတွင် Kim သည် အဆိုပါ ဒေသသို့ ရထားဖြင့် သွားခဲ့သည် ဆိုသည်ကို အတည်ပြု၍ မရသေးကြောင်း ပြောသည်။

တောင်ကိုးရီးယား အမတ်တစ်ဦးကို အကူအညီပေးနေသူ တစ်ဦးက သူလျှိုအေဂျင်စီတစ်ခုသည် Kim ရုရှားသို့ သွားရောက် လည်ပတ်ရန် ပြင်ဆင်နေသည့် လက္ခဏာ တွေ့ရှိရသည် ဟု ပြောဆိုခဲ့ပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားက ပြီးခဲ့သည့်အပတ် က ပြောကြားရာတွင် ရုရှားသမ္မတ Dmitry Medvedev က ရုရှားနှင့် ကိုးရီးယား နှစ်နိုင်ငံစလုံး အပါအဝင် စွမ်းအင်ကိစ္စ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး တောင်းဆိုခဲ့ရာ ဒေသတွင်း လုံခြုံရေး အတွက် များစွာ အထောက်အကူ ရှိမည်ဟု ဆိုခဲ့သည်။

*****************************************************************************

ဂျပန် အရှေ့မြောက်ကမ်းရိုးတန်း ဖူကူရှီးမားတွင် အင်အားပြင်း ငလျင်လှုပ်

(Reuters news မှ 19 Aug 2011 ရက်စွဲပါ “ Strong offshore quake hits Japan’s north- east coast ” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းရိုးတန်းမှ ဖူကူရှီးမား စီရင်စုဒေသကမ်းလွန်တွင် သောကြာနေ့က 6.8 မဂ္ဂနီကျူ ပြင်းအားရှိသော အင်အားပြင်း မြေငလျင်တစ်ခုလှုပ်သွားခဲ့ကြောင်း ဂျပန် မိုးလေဝသဌာနက ထုတ်ပြန်ပြောကြားခဲ့သော်လည်း ထိခိုက်ပျက်စီးမှု သတင်းများ မကြားသိရ သေးဘဲ လှိုင်းလုံးများကိုလည်း ထောက်လှမ်းတွေ့ရှိရခြင်း မရှိ၍ ဆူနာမီ သတိပေးမှုကို ပြန်လည်ရုပ်သိမ်းထားသည်ဟု သိရှိရသည်။

ငလျင်လှုပ်အပြီးတွင် အဝေးပြေးလမ်းမအချို့ကို ပိတ်ထားခဲ့ပြီး မြန်နှုန်းမြင့် ကျည်ဆံရထားများကိုလည်း ရပ်ဆိုင်းထားခဲ့သည်ဟု NHK သတင်း ဌာနက ပြောသည်။

50 cm ဆူနာမီသတင်းပေးချက် ထုတ်ပြန်လိုက်သော ကမ်းရိုးတန်းဒေသများ ဖြစ်သည့် ဖူကူရှီးမားနှင့် မီယာဂီ စီရင်စုများသည် မတ်လ ၁၁ ငလျင် တွင် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့သည့်ဧရိယာများဖြစ်ပြီး ယခုအကြိမ် ဆူနာမီသတိပေးမှုကို ၃၅ မိနစ် အကြာတွင် ပြန်လည်ရုတ်သိမ်းခဲ့သည်ဟု ဆိုသည်။

တိုကျိုမြို့တော် အရှေ့မြောက်ဖက် ၁၄၀ ကီလိုမီတာအကွာရှိ ယခင်တစ်ကြိမ် ထိခိုက်ပျက်စီးထားဖူးသော ဖူကူရှီးမား ဒိုင်အိချိ နျူကလီးယား ဓါတ် အားပေးစက်ရုံနှင့် အနီးအနားရှိ ဒိုင်အိချိ စက်ရုံများမှ ရေဒီယိုသတ္တိကြွ စစ်ဆေးသည့် နေရာများတွင် ပုံမှန်မဟုတ်သည့် အနေအထားမျိုး မတွေ့ရှိ ကြောင်းနှင့် ဓါတ်ပေါင်းဖို အအေးပေးစနစ်များ ဆက်လက် လည်ပတ်နေကြောင်း တိုကျို အီလက်ထရစ်ပါဝါ ကုမ္ပဏီက ပြောကြားခဲ့သည်။

******************************************************************************

ပို့ကုန်တင်ပို့မှု ကျဆင်းသော်လည်း ဂျပန်ကုန်သွယ်ရေးပိုလျှံမှု ဇူလိုင်လတွင်း မြင့်တက်

(BBC သတင်းကို ဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၏ ကုန်သွယ်ရေးပိုလျှံမှုမှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း မျှော်မှန်းထားသည်ထက်ပင် ပိုမို များပြားလာခဲ့ရာ တိုင်းပြည် စီးပွားရေးသည် ဆက်လက် နာလန်ထူလျက် ရှိသည်ဟူသော အကောင်းမြင် ပြောဆိုမှုများလည်း ပိုမိုမြင့်တက်စေကြောင်း BBC သတင်းဌာနက ရေးသား ဖော်ပြသည်။

ဇူလိုင်လတွင်း ဂျပန်ကုန်သွယ်ရေးပိုလျှံမှုမှာ ယန်းငွေ ၇၂ ဘီလီယံ(ဒေါ်လာ ၉၄၆ သန်း၊ စတာလင်ပေါင် ၅၇၂သန်း) ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခုကိန်းဂဏန်းများသည် ကြိုတင်ခန့်မှန်း တွက်ချက်ထားသည်ထက် များပြားလျက်ရှိပြီး ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာ ကျဆင်း နေသည်ကိုတွေ့ရပေရာ အရေးပါအဓိကကျသော နိုင်ငံခြားဈေးကွက်များ၌ ဝယ်လိုအား အင်အားကောင်းမွန်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် လျက် ရှိကြောင်း သိရသည်။

ဇူလိုင်လတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် ဇူလိုင်ကထက် ၃ ဒဿမ ၃ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ဆိုသည်။ အကဲခတ် လေ့လာသူများက ပို့ကုန်တင်ပို့မှုသည် ၂ ဒဿမ ၄ ရာခိုင်နှုန်းခန့်မျှ လျော့ကျလိမ့်မည်ဟု ခန့်မှန်းခဲ့ကြပြီး ယခုကို ကိန်းဂဏန်းများ ကွာခြားနေရခြင်းသည် ယန်းငွေတန်ဖိုး မြင့်တက်မှုကြောင့် ဂျပန်ကုန်ထုတ်လုပ်သူများ ထိခိုက်နစ်နာနေရသည် ဟူသော အချက်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဂျပန်စီးပွားရေးမဟာဗျူဟာအဖွဲ့ဖြစ်သော Jeffries မှပညာရှင်တစ်ဦးဖြစ်သူ Naomi Fink က ပို့ကုန်နှင့် ပတ်သက်သည့် ကိန်းဂဏန်းများသည် မျှော်မှန်းခဲ့သလောက် အားရကောင်းမွန်ခြင်းမရှိကြောင်း၊ ယခုအချိန်ကာလအထိ စီးပွားရေး ပြန်လည်နာလန်ထူနေရဆဲ ဖြစ်သည့် အရိပ်က လက္ခဏာ များကို တွေ့မြင်နေရကြောင်းပြောကြားသည်။

ယခုအခါ အကျပ်အတည်းများကြားမှ ဂျပန်စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာသည်ကို တွေ့မြင်ရကြောင်း၊ ကုမ္ပဏီများ အမြတ်အစွန်း ရရှိနေသည့်တိုင် စီးပွားရေးတိုးတက်မှုမှာ အံ့မခန်းကာလဖြစ်သည့် ၂၀၀၀ ပြည့်နှစ် များလောက် ခိုင်မာတောင့်တင်းမှုရှိနိုင်ဖွယ် မရှိကြောင်း မစ္စ Naomi Fink က ရှင်းပြသည်။

“လအနည်းငယ်လောက်တော့ ထပ်ပြီးနာလန်ထူနိုင်ဖို့သွားရဦးမှာပါပဲ” ဟု ၎င်းကမှတ်ချက်ပြုသည်။ ဂျပန်ပြည်တွင်း ယန်းငွေတန်ဖိုး မြင့်တက်နေ မှုသည် ပြည်ပသို့ တင်ပို့ရောင်းချနေရသည့် ကုမ္ပဏီများအတွက် ခေါင်းခဲစရာ ပြဿနာတစ်ခုသဖွယ်ဖြစ်နေသော်လည်း ယင်းသို့ ငွေကြေးတန်ဖိုး မြင့်တက်မှု ကပင် သွင်းကုန်စရိတ်စကများ လျှော့ချရေးအတွက် အကူအညီတစ်ခုသဖွယ် ဖြစ်နေသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင်လအတွက် ကိန်းဂဏန်းများ ထုတ်ပြန်ရာတွင် သွင်းကုန်တင်သွင်းမှုမှာ ယခုနှစ်ဆန်းပိုင်း ကာလကထက် ၉ ဒဿမ ၉ ရာခိုင်နှုန်း မြင့်တက်လာသည်။

“သွင်းကုန်အခန်းကဏ္ဍဘက်ကို ခြယ်လှယ်နေတဲ့ဖက်တာ(Factor) အများစုရှိနေတာကိုတွေ့ရပါတယ်” ဟု မစ္စ Fink က ဆက်လက် ပြောဆိုသည်။ ဂျပန်နိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ဆူနာမီနှင့် မြေငလျင်လှုပ်ခတ်မှုကြီးက နျူကလီးယား ဓာတ်အားထုတ်လုပ်ရေး အခန်းကဏ္ဍကို ထိခိုက်နစ်နာ စေခဲ့ရာ ယခုအခါ နိုင်ငံတကာဈေးကွက်တွင် ဒေါ်လာနှင့် ဝယ်ယူရသော ရေနံနှင့် သဘာဝဓာတ်ငွေကို ပိုမိုသုံးစွဲနေရသည်။ ဤအတောအတွင်းမှာပင် ဂျပန်ပြည်တွင်း စားသုံးသူများနှင့် ကုမ္ပဏီများအနေဖြင့် လျှပ်စစ်ဓာတ်အားကို လျှော့ချသုံးစွဲရန် အစိုးရက တိုက်တွန်းပြောဆိုထားပြန်သည်။

“ရေနံ၊ သဘာဝဓာတ်ငွေ့အစရှိတဲ့ ရုပ်ကြွင်းလောင်စာ လိုအပ်ချက်က အင်မတန်မြင့်တက်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စွမ်းအင်သုံးစွဲမှု ရာခိုင်နှုန်း မြင့်တက်နေလို့ပါ။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ စွမ်းအင်ချွေတာ သုံးစွဲရေးအတွက် လှုပ်ရှားမှုတွေ၊ တိုက်တွန်းပြောဆိုမှုတွေ ရှိပါတယ်။ အဲဒီတော့ ပြဿနာတော့ သိပ်မရှိလှပါဘူး” ဟု ၎င်းက ဆိုသည်။

“ယန်းငွေတန်ဖိုးမြင့်တက်မှုက တစ်ဖက်မှာ ပို့ကုန်အခန်းကဏ္ဍကို ထိခိုက်နစ်နာစေတာ မှန်ပေမယ့်လည်း အခြားတစ်ဖက်မှာ သွင်းကုန်နဲ့ ပတ်သက်တဲ့ စရိတ်စကတွေကို ထိန်းသိမ်းပေးနိုင်ရေးအတွက် တန်ပြန်သဘောနဲ့ အကူအညီပေးသလိုဖြစ်နေပါတယ်” ဟုလည်း ဆိုသည်။

*******************************************************************

ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် စိုးရိမ်မှုများက စတော့ဈေးကွက်များကို ရိုက်ခတ်

(AP သတင်းဌာနမှ စီးပွားရေးဆိုင်ရာ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်သည်)

ကမ္ဘာ့နိုင်ငံအသီးသီးမှ ထွက်ပေါ်လာသော တက်ကြွလှုပ်ရှားမှုမရှိဘဲ ငြီးငွေ့စရာကောင်းလှသည့် စီးပွားရေး သတင်းများက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် ပတ်သက်သော စိုးရိမ်ပူပန်မှုများကို အသစ်တဖန်ပြန်လည်ဖြစ်ပေါ်စေသလို စတော့ဈေးကွက်များအပေါ် ထားရှိသည့် ယိုင်နဲ့နဲ့ဖြစ်နေသော စိတ်ချ ယုံကြည်မှုများကိုပါ ဂယက်ရိုက်ထိခိုက်စေသည်။

ရင်းနှီးမြှုပ်နှံသူ(Investor) များသည် အားရစရာမရှိသည့် စီးပွားရေးကိန်းဂဏန်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ၏ ကြွေးမြီအခြေအနေနှင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးပြန်လည်နာလန်ထူသည့် ခြေလှမ်းများအပေါ် စိုးရိမ်လျက်ရှိကြသည်။

"ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး သုံးသပ်ချက်နဲ့ ကန်းဂဏန်းတွေနဲ့ပတ်သက်ပြီး ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်သောက များနေတာ ကြောင့် ရှယ်ယာတန်ဖိုးတွေဟာ အလွန်အမင်းကို နိမ့်ကျနေပါတယ်" ဟု IG Index မှ SalesTrader ဖြစ်သူ Ben Critchley က ပြောကြားသည်။

ဂျပန်ကိုကြည့်လျှင် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်းပို့ကုန်တင်ပို့မှုမှာ ယခုနှစ်အစောပိုင်းကာလ ကထက် ၃ ဒဿမ ၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ထုတ်ပြန် ကြေညာထားသည်ကို တွေ့ရသည်။ ဂျပန်ပြည်တွင်းသုံး ယန်းငွေတန်ဖိုးမြင့်တက်မှုနှင့် မတ်လ ၁၁ ရက်နေ့က ဖြစ်ပေါ် ခဲ့သော မြေငလျင်လှုတ်ခတ်မှုနှင့် ဆူနာမီလှိုင်းဝင်ရောက်မှု ဂယက်တို့၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ယင်းသို့ ပို့ကုန်တင်ပို့မှု ကျဆင်းသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဗြိတိန်နိုင်ငံက တရားဝင်ထုတ်ပြန်သော စီးပွားရေးကိန်းဂဏန်းများကိုကြည့်ပါက ဇူလိုင်လအတွင်း လက်ကား ရောင်းချမှုနှုန်းမှာ ၀ ဒဿမ ၂ ရာခိုင်နှုန်းမျှသာ မြင့်တက်လာသည်ကို တွေ့ရသည်။ ယခင်ဇွန်လအတွင်း လက်ကား ရောင်းချမှုနှုန်း မြင့်တက်မှုမှာ ၀ ဒဿမ ၈ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး ဇူလိုင်လအတွင်း ၀ ဒဿမ ၄ ရာခိုင်နှုန်းထိ မြင့်တက် လိမ့်မည်ဟု မျှော်မှန်းခဲ့ကြသည်။ အဆိုပါ ကိန်းဂဏန်းကြောင့် ဗြိတိန်စီးပွားရေး ပြန်လည် နာလန်ထူမှု ဖြစ်စဉ်သည် အရှိန်လျော့ကျသွားပြီ ဟူသော အရိပ်လက္ခဏာတစ်ခုကို ဖော်ကျူးလိုက်ရာရောက်သွားသည်။

အမေရိကန် ပြည်ထောင်စုတွင် စားသုံးသူများအနေဖြင့် အစားအသောက်၊ ဓာတ်ငွေ့၊ အဝတ်အစားအသောက် အစရှိသည် တို့ကို ဈေးပိုပေး၍ ဝယ်ယူနေကြရသည်။ ပြီးခဲ့သည့် နွေဦးကာလမှစ၍ ကုန်ဈေးနှုန်းများ မြင့်တက်လာသည်ကို တွေ့ရသည်။ အမေရိကန် အလုပ်သမားရေးရာဌာန အဆိုအရ စားသုံးသူဈေးနှုန်း ညွှန်းကိန်း(Consumer Price Index) မှာ ဇူလိုင်လအတွင်း ၀ ဒဿမ ၅ ရာခိုင်နှုန်း မြင့်တက်လာသည်။ ထို့ပြင် အလုပ်လက်မဲ့ အကျိုး ခံစားခွင့်(Unemployment Benefits) အတွက် လျှောက်ထားသူဦးရေမှာ သြဂုတ်လ ဒုတိယပတ်အတွင်း လေးသိန်းနှင့် အထက်သို့ ပြန်လည် ရောက်ရှိကာ မြင့်တက်ခဲ့ကြောင်း ယင်းဌာနက ဆိုသည်။ ပြီးခဲ့သည့် ဧပြီလ လယ်ပိုင်းမှစ၍ ယနေ့အချိန်အထိ ပိုမို မှီခိုအားထားနိုင်သည့် အလုပ်အကိုင် ဈေးကွက်အတွက် စံချိန်စံနှုန်းမှာ အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေဆဲပင် ဖြစ်သည်။

အလုပ်လက်မဲ့ဖြစ်မှုနှုန်းမြင့်တက်နေမှုသည် အမေရိကန် ပြည်ထောင်စု စီးပွားရေးတိုးတက်မှု အဘယ့်ကြောင့် ရပ်တန့်ရသည်ဟူသော အရေးကိစ္စ အတွက် အဓိကအရေးပါသည့်အကြောင်းအရင်းတစ်ရပ်ဖြစ်နေပြီး အခြားသော အပြောင်းအလဲများ ပေါ်ထွန်းရေးအတွက် အလုပ်အကိုင် ရရှိမှုဆိုင်ရာ ကိန်းဂဏန်းများကို မျက်ခြေမပြတ် စောင့်ကြည့်နေရ သည်။

သြဂုတ်လ ၁၈ ရက်နေ့တွင်ထွက်ပေါ်လာသော စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကို ကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးသည် စီးပွားရေး ကျဆင်းမှုတစ်ရပ်သို့ရောက်ရှိမည့် အန္တရာယ်နှင့်နီးကပ်နေသည်ဟု အစောပိုင်းကာလအတွင်း ထွက်ပေါ်ခဲ့သော  Morgan Stanley ၏ အကဲဖြတ်ချက် မှန်ကန်လာမည့်သဘောတွင်ရှိနေသည်။ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာလုံး ဆိုင်ရာ ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၃ ဒဿမ ၉ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ၃ ဒဿမ ၈ ရာခိုင်နှုန်းရှိမည်ဟု Morgan Stanley က အကြိုခန့်မှန်းချက်ကို လျှော့ချသတ်မှတ်ခဲ့သည်။

"ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို မဲတင်းဆုံးဖြတ်နိုင်ရေးအတွက် ရှော့ရိုက်ကုထုံးနည်းလမ်းများ ထပ်မံပြုလုပ်ရမည့် အခြေအနေတွင် ဂျီဒီပီတိုးတက်မှု နှုန်းမှာ လွန်စွာမြင့်တက်နေမည် မဟုတ်ပေ" ဟု Morgan Stanley က ဆိုသည်။ အဆိုပါ သုံးသပ်ချက်ကြောင့် အကောင်းမြင်၍ ရနိုင်သည့် အနေ အထားအချို့ ဆက်လက်ကျန်ရှိစေခဲ့သည်။ အကောင်းမြင်၍ ရနိုင်ခြင်းမှာ ကော်ပိုရိတ်အခန်းကဏ္ဍများ၏ အခြေအနေ ကောင်းမွန်မှုနှင့် ဗဟိုဘဏ်များ အနေဖြင့် စီးပွားရေး ပျက်ကပ်ထဲသို့ ရောက်ရှိမည့် အန္တရာယ်မှကာကွယ်ပေးနိုင်မည့် လုပ်ဆောင်ချက်များ လုပ်ကိုင်လာမည်ဟူသော မျှော်လင့်ချက်များ ကြောင့် ဖြစ်သည်။

ယခုလို မျှတစွာဖြင့် မှောင်ရိပ်သန်းနေသော စီးပွားရေး နောက်ခံအခင်းအကျင်းတွင် စတော့ဈေးကွက်များမှာ များစွာ ထိုးနှက်ခြင်းခံရသည့် အနေအထားသို့ရောက်ရှိသွားသည်ကို တွေ့ရသည်။ ဗြိတိန်နိုင်ငံ၏ စတော့ဈေးကွက်ဖြစ်သော FTSE 100 မှာ ၂ ဒဿမ ၂၅ ရာခိုင်နှုန်းဆုံးရှုံးပြီး ၅၁၆၅ ဒဿမ ၁၉ သို့ရောက်ရှိသွားသည်။ ဂျာမနီနိုင်ငံ၏ DAX မှာ စတော့ရှယ်ယာတန်ဖိုး ၃ ဒဿမ ၈၆ ထိကျဆင်းသွားပြီး ၅၇၁၉ ဒဿမ ၂၈ သို့ ရောက် သွားသည်။ ပြင်သစ်နိုင်ငံ၏ CAC-40 မှာလည်း ၃ ဒဿမ ၀၇ ရာခိုင်နှုန်းကျဆင်းသွားပြီး ၃၁၅၄ ဒဿမ ၅၇ ဖြစ်ခဲ့ရသည်။ ဝေါလ်စထရိ(Wall Street) စတော့ဈေးကွက်မှာလည်း အလားတူပင် အားရစရာမရှိသော အနေအထားသို့ ရောက်ရှိခဲ့သည်။ နာမည်ကျော် Dow ၏ အစုရှယ်ယာမှာ ၁ ဒဿမ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး Standard & Poor 500 မှာ ၂ ရာခိုင်နှုန်း လျော့ကျသွားသည်။

ပြင်သစ်သမ္မတ နစ်ကိုးလပ်စ်ဆာကိုဇီ နှင့် ဂျမနီအဓိပတိ အင်ဂျလာမာကဲလ်တို့ သြဂုတ်လ ဒုတိယပတ် နှောင်းပိုင်းတွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံသူများမှာ ဥရောပဒေသမှ ဖွံ့ဖြိုးတိုးတက်လာမည့် အနေအထားများကို အနီးကပ်စောင့်ကြည့် လေ့လာ နေကြသည်။ အဆိုပါ ဆွေးနွေးပွဲကြောင့် ဥရောပဒေသ၏ ကြွေးမြီပြဿနာ စီမံခန့်ခွဲရေးနှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများ သက်သာရာ ရရှိခဲ့ရသည်။ ဂရိ၊ အိုင်ယာလန်နှင့် ပေါ်တူဂီ နိုင်ငံတို့တွင်မူ ငွေကြေးအကျပ်အတည်းပြဿနာမှ ကယ်တင်ရသည့်အခြေအနေသို့ဆိုက်ရောက်ခဲ့သည်။

ကြွေးမြီအကျပ်အတည်းက အီတလီနှင့် စပိန်တို့ကိုထိခိုက်လာမည်ဟူသော စိုးရွံ့ထိတ်လန့်မှုများကလည်း စတော့ဈေးကွက်များတွင် များစွာ ဂယောက်ဂယက်ဖြစ်အောင် ပြုလုပ်ခဲ့သည်။ သို့သော် ဥရောပဗဟိုဘဏ်၏ ငွေတိုက်စာချုပ် ဝယ်ယူသည့် အစီအစဉ်ကြောင့် ဥရောပဇုန်၏ တတိယနှင့် စတုတ္ထအကြေီးဆုံး စီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေတိုက်စာချုပ်ဈေးကွက်တွင်း ငွေကြေး မတည်ရင်းနှီးရာ၌ အခက်အခဲဖြစ်စေလိမ့်မည် ဟူသော စိုးရိမ်ပူပန်မှုများကို လျော့ပါးသက်သာသွားစေသည်။

ယခုလို များစွာ ဒုက္ခမပေးသေးသည့် ဥရောပကြွေးမြီပြဆိုင်ရာ နောက်ခံကားကြောင့် ယူရိုငွေကြေးမှာ လတ်တလော အနေအထားတွင် အသာစီး ဆက်ရနေခြင်းဖြစ်သည်။ သြဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်း (လန်ဒန် စံတော်ချိန်) တွင် ရူရိုငွေတန်ဖိုးမှာ ၀ ဒဿမ ၂ ရာခိုင်နှုန်းလျော့ကျပြီး တစ်ရူရိုလျှင် ၁ ဒဿမ ၄၃၉၆ ဒေါ်လာပေါက်သည်။

အာရှဒေသကို ကြည့်ပါက ဂျပန်နိုင်ငံမှ Nikkei စတော့ဈေးကွက်၏ ရှယ်ယာတန်ဖိုးမှာ  ပို့ကုန်ကျဆင်းသည့် ကိန်းဂဏန်းများ ထွက်ပေါ်လာပြီး နောက် ၁ ဒဿမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး ၈၉၄၃ ဒဿမ ၇၆ သို့ရောက်သွားသည်။ တောင်ကိုရီးယားမှ Kospi တွင်မူ ၁ ဒဿမ ၇ ရာခိုင်နှုန်း လျော့ကျကာ ၁၈၅၃ ဒဿမ ၀၈ သို့ ရောက်ရှိခဲ့ရသည်။

ဟောင်ကောင်မှ Hang Seng တွင်မူ ၁ ဒဿမ ၃ ရာခိုင်နှုန်းလျော့ကျသွားကာ တရုတ်ပြည်မှ Shanghai Composite Index မှာ ၁ ဒဿမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ဆန်းကျန်းပြည်နယ်မှ Shenzhen Composite Index မှာမူ ၁ ဒဿမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ရသည်။ တစ်ချိန်တည်းမှာပင် ရေနံဈေးနှုန်းများမှာလည်း စတော့ရှယ်ယာနှင့်အတူ ကျဆင်းလျက်ရှိသည်ကိုတွေ့ရသည်။ စက်တင်ဘာလအတွက် တင်ပို့မည့် ရေနံစိမ်းပေါက်ဈေးမှာ ၂ ဒဿမ ၆၄ ဒေါ်လာ ကျဆင်းကာ တစ်ပေပါလျှင် ၈၄ ဒဿမ ၉၄ ဒေါ်လာဖြစ်သည်။

***********************************************************************

မြန်မာနိုင်ငံ၏ အပြောင်းအလဲ လက္ခဏာများကြားတွင် စောင့်နေသော လေဒီ

(20 August 2011 ရက်စွဲပါ Sydney Morning Herald မှ Lady is for waiting amid signs of change in Burma ကို ဘာသာပြန်ဆိုသည်)

AK 47 သေနတ် ကိုင်ထားသော စစ်သားများသည် အမှတ် (၅၄) တက္ကသိုလ်ရိပ်သာ လမ်းရှိ နှစ်ထပ် ကိုလိုနီပုံစံ အိမ်သို့ သွားမည့် သြစတြေးလျ သံရုံးမှ ကားအား သံဆူးကြိုးများ ကာထားသော စစ်ဆေးရေး ဂိတ်တွင် သေနတ်တ၀င့်ဝင့်နှင့် ၀ိုင်းထားခဲ့ကြသည်။

ထို အဖြစ်အပျက်သည် ဘာလင်တံတိုင်း ပြိုသော၊ Tiananmen ရင်ပြင် လူသတ်ပွဲများ ဖြစ်ပွားသော၊ ကမ္ဘောဒီးယားမှ ဗီယက်နမ် စစ်တပ်များ ရုတ်သိမ်းသွားသော ၁၉၈၉ ခုနှစ်၏ တစ်ခုသော နံနက်ခင်းတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။

ထိုအဖြစ်အပျက် မတိုင်မီ လအနည်းငယ်ကပင် မြန်မာစစ်သားများသည် ရန်ကုန်မြို့၏ လမ်းများပေါ်တွင် လူ (၃၀၀၀)ခန့်ကို သတ်ဖြတ်ခဲ့ပြီး လူထု ဆန္ဒပြပွဲကို ရပ်ဆိုင်းပစ်ခဲ့သည်။

ထိုအချိန်က ကျွန်ုပ်သည် အရှေ့တောင်အာရှ သတင်းထောက်အဖြစ် ခန့်ထားခြင်းခံရ၍ ကျွန်ုပ်အဖို့ အာရှသည် အသစ်ဖြစ်လျက် ရှိနေချိန် ဖြစ် သည်။

ကျွန်ုပ် ရန်ကုန်သို့ ရောက်သောအခါ ယခင်က အရှေ့၏ဘုရင်မ (queen of the east) ဟု အမည်တွင်ခဲ့သော ဗြိတိသျှအုပ်ချုပ်ခဲ့သော မြို့တော် သည် ပျက်စီးယိုယွင်းနေသော အခြေအနေကိုတွေ့ရ၍ အံအားသင့်ခဲ့ရသည်။ ရန်ကုန်တွင် လူအများသည် ၁၉၆၂ ကတည်းက လျှို့ဝှက်ပြီး၊ အထူးအဆန်း များကို ယုံသော ဗိုလ်ချုပ်များ၏ လက်အောက်တွင် မြင့်မားသော ကုန်ဈေးနှုန်းများဖြင့် ရှင်သန်ရေးအတွက် ရုန်းကန်နေကြရသည်။

ထိုစဉ်က သြစတြေးလျသံအမတ်ကြီး Christopher Lamb သည် ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး ပြုလုပ်နိုင်ရန် ကျွန်ုပ်အား ကူညီခဲ့သည်။ သူမသည် ကျွန်ုပ်အား အင်းလျားကန်တွင် မေးတင်ထားသော အိမ်၏တံခါးဝတွင် ထိုနေ့နံနက်က နွေးထွေးစွာ ကြိုဆို နှုတ်ဆက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပန်းပွင့်လေးများ ပါသောအင်္ကျီကို ၀တ်ဆင်ထားပြီး၊ ရိုးရာထမီကို ၀တ်ဆင်ထားပြီး သူမနှင့် ထိုစဉ်က ဖိလစ်ပိုင် သမ္မတ Corazon Aquino၊ ပါကစ္စတန်ဝန်ကြီးချုပ် Benazir Bhutto တို့နှင့် နှိုင်းယှဉ်ခြင်းကို လက်မခံခဲ့ပေ။ Aquino နှင့် Bhutto တို့သည် အနောက်နိုင်ငံ တွင် နေထိုင်ရာမှ ယင်းတို့၏ တိုင်းပြည်များသို့ ပြန်လာကာ ဒီမိုကရေစီလှုပ်ရှားမှုများကို သူမကဲ့သို့ ဦးဆောင်ခဲ့သူများ ဖြစ်သည်။

သူမသည် ဆုံးဖြတ်ချက် ခိုင်မာအားကောင်းမှုကြောင့် သူမအား ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ်ဖြင့် အထီးကျန် ပြုထားချိန်တွင် လူရောစိတ်ပါ ကျန်းမာနေစေရန် များစွာအထောက်အကူ ပြုသည်။ ယနေ့ ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ဆုံး စစ်အစိုးရသည် သူမအား တိုင်းပြည်၏ ရန်သူသဖွယ် ပြုမူ ဆက်ဆံခဲ့သည်။

“လူတွေအခြေအနေ တော်တော် ဆိုးရွားနေပါပြီ။ ဒါဟာ ရှင်းရှင်းလေးပဲ။ ပြောင်းလဲမှုအတွက် အချိန် ရောက်နေပါပြီ” ဟု သူမက ကျွန်ုပ်အား ပြောပြသည်။

“ပြည်သူတွေက အပြောင်းအလဲကို လိုချင်နေကြပြီ။ ဒါရဖို့ သူတို့ စွန့်လွတ်အနစ်နာခံဖို့ ပြင်ဆင်ထားကြပြီ” ဟု သူမက ပြောသည်။

၂၂ နှစ် လွန်သော်

ယခုလတွင် ကျွန်ုပ်သည် ထိုဒေသသို့ သတင်းထောက်အဖြစ် ပြန်ရောက်ခဲ့သည်။ ပြည်ပတွင် ထွက်ပြေးနေထိုင်နေကြသော မြန်မာများရော လူ့ အခွင့်အရေး စောင့်ကြည့် လေ့လာသူများကပါ အသက် ၆၆ နှစ်ရှိ နိုဘယ်ဆုရှင်အပေါ် ဗိုလ်ချုပ်များအား ရင်ဆိုင်နေနိုင်ဆဲ သတ္တိကို ချီးကျူး ပြောဆို နေကြဆဲ ဖြစ်သည်။ ဗိုလ်ချုပ်များသည် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ ပြီးခဲ့သည့် လပိုင်းများအတွင်း အရှေ့ပိုင်းရှိ တိုင်းရင်း သား အုပ်စုများကို တိုက်ခိုက်မှုအရှိန် မြှင့်တင်လာသည်။

နှစ်ပေါင်းများစွာအတွင်း ဗိုလ်ချုပ်များသည် “လေဒီ” အပေါ် စာနာမှု အနည်းငယ်ပင် မပြနိုင်ခဲ့ကြပေ။ ၁၉၉၉ ခုနှစ် ယင်း၏ ၅၃ နှစ်မြောက် မွေးနေ့ တွင် ကွယ်လွန်ခဲ့သော သူမ၏ ခင်ပွန်း Michael Aris ကင်ဆာ ရောဂါ ခံစားနေရချိန်တွင် ယင်း မြန်မာပြည်သို့ လာရောက်ခွင့် ငြင်းပယ်ခြင်း ခံရသည်။

သို့သော် ယနေ့ရန်ကုန်တွင် သတိထား၍ အကောင်း မြင်ကြည့်ရမည့် စိတ်ဝင်စားဖွယ် တိုးတက်မှု ဖြစ်ပေါ်နေသည်။

အကယ်၍ တိုင်းပြည်ကို အပယ်ခံ နိုင်ငံတစ်ခုအဖြစ် မမြင်စေလိုလျှင်၊ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လည် စည်းလုံးညီညွတ်ရေး ဖြစ်စဉ်တွင် ထည့်သွင်း ရမည် ဆိုသည်ကို ဗိုလ်ချုပ်များ သဘောပေါက် လာလေသလော။

သူမသည် မကြာသေးမှီက အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်နှင့် နှစ်ကြိမ် ဆက်တိုက် တွေ့ဆုံခဲ့သည်။ ပြီးခဲ့သည့် အပတ် အကုန်ကလည်း သူမသည် နိုဝင်ဘာ လွတ်မြောက်ပြီးကတည်းက ပထမဆုံး နိုင်ငံရေးခရီးစဉ်အဖြစ် ခရီးထွက်ပြီး ထောက်ခံသူများ၊ ရေဘေးဒုက္ခသည်များကို တွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

နေပြည်တော်တွင် ရှားရှားပါးပါး ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဒေါ်အောင်ဆန်းစုကြည်၏ အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တရားဝင်ရပ်တည်ခွင့် မရှိတော့သော်လည်း၊ အမျိုးသား အကျိုးစီးပွားဖြစ်သည့် စုစည်းညီညွတ်မှုအတွက် လုပ်ဆောင် နိုင်ရန် မိမိတို့ အခွင့်အလမ်းများ ဖွင့်ပေးထားဆဲ ဖြစ်ကြောင်း ကြေညာခဲ့သည်။

NLD သည် ပြီးခဲ့သည့် မေလက ဖျက်သိမ်းခံခဲ့ရသည်။ ဦးကျော်ဆန်းက သူမအား တရားဝင် နိုင်ငံရေး ပါတီတည်ထောင်၍ နိုင်ငံရေးတွင် ပါဝင် လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ နောက်ဆုံး တွေ့ဆုံမှုအပြီးတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် နှစ်ဦးနှစ်ဖက်သည် တည်ငြိမ်ရေး၊ ငြိမ်သက်ရေးနှင့် စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းနှင့် ဥပဒေများ တိုးတက်မှုအတွက် ပူးတွဲဆောင်ရွက်ရန်နှင့် မတူညီသော အမြင်များ ရှောင်ရှားသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယမန်နေ့ကလည်း အစိုးရသည် နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ဦးသိန်းစိန်နှင့်အတူ တက်ရောက်ရန် ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့သည်။

အစိုးရသည် ကုလသမဂ္ဂ ကိုယ်စားလှယ် Tomas Quintana အား မြန်မာနိုင်ငံသို့ လာရောက်ရန် ခွင့်ပြုခဲ့သည်။ ယခုအခါ ဒေါ်အောင်ဆန်း စုကြည်သည် ပြောဆိုမှုများ၊ လုပ်ဆောင်မှုများကို သတိထား၍ ဂရုစိုက် ပြုလုပ်လျက် ရှိသည်။

သူမသည် အဓိက လုပ်ငန်းများတွင် Sanction ကို ထောက်ခံသော်လည်း၊ ပုဂ္ဂလိက ခရီးသွားကဏ္ဍအတွက် သူမ၏ ရပ်တည်ချက်ကို မကြာသေးမှီက လျော့ပေးခဲ့သည်။ သူမက ဦးအောင်ကြည်နှင့် ဆွေးနွေးခဲ့မှုများတွင် ပါဝင်သော အကြောင်းအရာများကို ပြောရန် စောသေးသည်ဟု ဆိုသည်။

“ကျွန်မ အမှား မလုပ်မိချင်ဘူး။ အလားအလာကောင်းတွေ ရှိနေပါတယ်” ဟု သူမက ပြောသည်။

*************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs