Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၉.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. လွှတ်တော်ကိုယ်စားလှယ်များက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အဆိုတင်သွင်းကြောင်း နိုင်ငံပိုင်မီဒီယာ သတင်း ထုတ်ပြန်

(AFP သတင်း မှ 28 Aug 2011 ရက်စွဲပါ “Myanmar MPs propose prisoner amnesty, says report” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဇာတ်ကားပိုစတာဒီဇိုင်း ပြီးစီး

(The Nation မှ 28 Aug 2011 ရက်စွဲပါ “Fairey makes Suu Kyi film poster” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. အုပ်ချုပ်သူများ ဝန်ပိအောင်ပြုလုပ်နေသည့် မြန်မာကျပ်ငွေ သို့မဟုတ် အာရှ၏စွမ်းဆောင်မှုအကောင်းဆုံး ငွေကြေး

(Forbes မှသတင်းကို ဘာသာပြန်ဆိုသည်)

  1. နောက်ထပ် ဆုတ်ယုတ်ပျက်စီးလျက် ရှိသည့်နိုင်ငံ မြန်မာနိုင်ငံလား

(Foreign Relations မှ “Myanmar: The Next Failed State” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ဖိအားပေးခံနေရသည့် ဂျပန်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြောက်ကိုးရီးယားက ခြောက်နိုင်ငံဆွေးနွေးပွဲနှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို ထပ်မံပြောကြား

(26 August  2011 ရက်စွဲပါ CNN News မှ “North Korea reiterates stance on six- party talks” ကို ဘာသာ ပြန်ဆိုသည်)

************************************************************************************************************************

လွှတ်တော်ကိုယ်စားလှယ်များက အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အဆိုတင်သွင်းကြောင်း နိုင်ငံပိုင်မီဒီယာ သတင်းထုတ်ပြန်

(AFP သတင်း မှ 28 Aug 2011 ရက်စွဲပါ “Myanmar MPs propose prisoner amnesty, says report” သတင်းကို ဘာသာ ပြန်ဆိုသည်)

                နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများကို လွှတ်ပေးရန် ကုလသမဂ္ဂ ကိုယ်စားလှယ်က တောင်းဆိုခဲ့ပြီးနောက်တွင် စနေနေ့ ထုတ် နိုင်ငံပိုင်သတင်းစာ၌ လွှတ်တော်ကိုယ်စားလှယ်များက အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် တောင်းဆိုကြောင်း သတင်းဖေါ်ပြခဲ့သည်။

                အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အဆိုပြုခြင်းကို သောကြာနေ့က အောက်လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု အစိုးရအာဘော် New Light of Myanmar သတင်းစာက ဆိုသည်။

                သမ္မတကြီးက စဉ်းစားသုံးသပ်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်လိမ့်မည်ဟု လွှတ်တော် ကိုယ်စားလှယ်များက ခိုင်မာစွာ ယုံကြည် နေကြသည်ဟု သတင်းစာက ရေးသားခဲ့ပြီး မည်သူမည်ဝါ ပါဝင်ကြောင်း အသေးစိတ် ဖေါ်ပြခြင်း မပြုပါ။

                မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကိစ္စများနှင့် အတူ ပြစ်ဒဏ်ကာလ ဆယ်ဂဏန်းအထိ ကျခံနေရ သူများစွာ ပါဝင်သည့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်၏ အခက်အခဲ သည်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက အဓိက စိုးရိမ်ပူပန် နေကြသော ကိစ္စတစ်ရပ် ဖြစ်သည်။

                အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အဆိုကို တင်ပြဆွေးနွေးရာတွင် တာဝန်ထမ်းဆဲ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးခြင်းသည် မတ်လက အရပ်ဖက်အစိုးရ အာဏာလွှဲပြောင်းယူပြီးနောက်ပိုင်း ယခု ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ အဆိုပါ တပ်မတော်သား ကိုယ်စားလှယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို သီးသန့် ဖယ်ပေးထားပြီးဖြစ်သည်။

                မနှစ်က နိုဝင်ဘာလ အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး အာဏာလွှဲပြောင်းယူခဲ့သော အစိုးရသစ်သည် ၎င်း၏ နိုင်ငံတကာပုံရိပ် တိုးတက်ရန် စိတ်ဝင်စားပုံရပြီး လတ်တလောတွင် သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ပထမဆုံးအကြိမ် ဆွေးနွေးမှုတို့ ပြုလုပ်ခဲ့သည်။

                သို့သော်လည်း ကြာသပတေးနေ့တွင် မြန်မာနိုင်ငံခရီးစဉ် ပြီးစီးသွားသော မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က “အထူးစိုးရိမ်ပူပန်စရာများ ရှိနေဆဲ” ဟု ပြောကြားခဲ့သည်။

                ၅ ရက်ကြာ ခရီးစဉ်အတွင်း ရန်ကုန်မြို့၏ နာမည်ဆိုးကျော် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုခဲ့သူ ကုလကိုယ်စားလှယ်က အကျဉ်းသားများအား ထိန်းသိမ်းထားသောကာလတွင် နှိပ်စက်ညှင်းပန်းခြင်း၊ တပ်မတော်အတွက် ပေါ်တာအဖြစ် အသုံးပြုခြင်းစသော စွပ်စွဲတိုင်တန်း မှုများ အပေါ် များစွာ စိုးရွံ့မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။

                “ကျွန်တော့်လိုပဲ နိုင်ငံတကာအသိုင်းအဝိုင်းက အဓိကစိုးရိမ်ပူပန်နေတဲ့ ကိစ္စကတော့ အပြစ်မရှိပဲ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အရေအတွက်များစွာကို ဆက်လက်ထိန်းသိမ်းထားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်” ဟု Quintana က ဆိုသည်။

                သေဒဏ်ပေးခြင်းကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်အဖြစ် ပြောင်းလဲပေးပြီး ပြစ်ဒဏ်ကာလကို တစ်နှစ်မျှသာ လျှော့ပေးခဲ့သည့် မေလက အစိုးရ၏ လုပ်ရပ်သည် ဟားတိုက်ရယ်ဖို့ကောင်းအောင် ဆိုးဆိုးဝါးဝါး မပြည့်စုံသည့် ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ဝေဖန် ပြောဆိုခဲ့ကြသည်။

********************************************************

ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဇာတ်ကားပိုစတာဒီဇိုင်း ပြီးစီး

(The Nation မှ 28 Aug 2011 ရက်စွဲပါ “Fairey makes Suu Kyi film poster” သတင်းကို ဘာသာ ပြန်ဆိုသည်)

                မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အကြောင်းကို ရိုက်ကူးထားသော ဒါရိုက်တာ Luc Besson ၏ “The Lady” ဇာတ်ကားသစ်အတွက် ပိုစတာကို အမေရိကန် ခေတ်သစ် အနုပညာရှင် Shepard Fairey က ဖန်တီးပေးလိုက်ပြီ ဖြစ်သည်။ ပိုစတာ၏ ပုံရိပ်သည် Fairey ယခင်က လုပ်ဆောင်ခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီကို အခြေခံထားသော်လည်း ယခုဇာတ်ကားတွင် အဓိက နိုင်ငံရေး သမားအဖြစ် သရုပ်ဆောင်ထားသည့် မင်းသမီး Michelle Yeoh အား ကိုယ်စားပြုနိုင်ရန် ပြောင်းလဲပေးထားသည်ဟု ဆိုသည်။

                ပိုစတာအတွက် ဒီဇိုင်းထုတ်ပေးရန် အလုပ်အပ်နှံခြင်း ခံရပြီးနောက် ဇာတ်ကားကို အထောက်အကူ ဖြစ်စေလိုသည့် စိတ်ဖိစီးမှု ခံစားခဲ့ရ သည်ဟု ဒီဇိုင်းဆရာ Fairey က Los Angeles Times သို့ ပြောကြားသည်။ Fairey သည် ၂၀၀၈ အမေရိကန်ရွေးကောက်ပွဲ ကာလတွင် ဘားရက် အိုဘားမား၏ ပုံရိပ်ဒီဇိုင်းကို ဖန်တီးပေးခဲ့သူ ဖြစ်သည်။

                The Lady ဇာတ်ကားကို လာမည့်လ တိုရန်တို ရုပ်ရှင်ပွဲတော်တွင် ကနဦး ပြသမည် ဖြစ်သည်။ လာမည့် အောက်တိုဘာ ၂၇ တွင်လည်း ရောမ ရုပ်ရှင် ပွဲတော်ကို ပြသဖွင့်လှစ်ပေးဦးမည် ဖြစ်သည်။

                ဒါရိုက်တာ Luc Besson ၏ The Lady ဇာတ်ကားသည် “အင်္ဂလန်သို့ ပြန်ကာ မကျန်းမာသော ခင်ပွန်းကို ပြုစုမလား (သို့) မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် ဆက်၍ တိုက်ပွဲဝင်မလား” ဆိုသည်ကို ရွေးချယ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးဘဝနှင့် ပုဂ္ဂိုလ်ရေးဘဝကို ပုံဖေါ်ရိုက်ကူးထားခြင်း ဖြစ်ပြီး နာမည်ကျော် အာရှသူ မင်းသမီး Michelle Yeoh က သရုပ်ဆောင်ထားခြင်းဖြစ်သည်။

**************************************************************

အုပ်ချုပ်သူများ ဝန်ပိအောင်ပြုလုပ်နေသည့် မြန်မာကျပ်ငွေ သို့မဟုတ် အာရှ၏စွမ်းဆောင်မှုအကောင်းဆုံး ငွေကြေး

(Forbes မှသတင်းကို ဘာသာပြန်ဆိုသည်)

ပြည်တွင်းသုံးငွေကြေးတန်ဖိုးများ ကပြောင်းကပြန် ဖြစ်နေမှုကို ကျော်လွှားနိုင်ရန် ကြိုးပမ်းလျက်ရှိသော နိုင်ငံများတွင် ဆွစ်ဇာလန်နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ပေ။ အရှေ့တောင်အာရှဒေသဆီမှ မြန်မာနိုင်ငံသည်လည်း ဆွစ်ဇာလန်ကဲ့သို့ပင် ပြည်တွင်းသုံးငွေကြေးတန်ဖိုးကိစ္စနှင့် ပတ်သက်၍ ခေါင်းခဲနေရသည်။ ဆွစ်ဇာလန်အတွက်မူ ပြည်တွင်းသုံးငွေကြေးတန်ဖိုး အလွန်အမင်း မြင့်တက်နေမှုနှင့်ပတ်သက်၍ ဆွစ်ဘဏ်များအားလုံး အပြစ်ပုံချ ပြောဆိုခံနေရမှုအတွက် လတ်တလော ဖြေရှင်းနိုင်မည့် နောက်ဆုံးပေါ်နည်းစနစ်လည်း တစ်စုံတစ်ရာမပေါ်ထွန်းသေးပေ။

မြန်မာကျပ်ငွေတန်ဖိုးမှာ အာရှအိမ်နီးချင်းနိုင်ငံများ၏ ပြည်တွင်းသုံးငွေကြေးနှင့် နှိုင်းယှဉ်ပါက အစွမ်းကုန် မြင့်တက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းသိရသည်။ ယခု သြဂုတ်လကုန်ပိုင်းအတွင်း အမေရိကန် ၁ ဒေါ်လာလျှင် ၇၀၀ ကျပ် အောက်သို့ ရောက်ရှိသွားသည်။ ယမန်နှစ်က ဆိုလျှင် ၁ ဒေါ်လာလျှင် ၁၀၀၀ ကျပ်ဝန်းကျင်ထိ ရှိခဲ့သည်။ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကျပ်ငွေ တန်ဖိုးမြင့်တက်မှုကြောင့်

ပို့ကုန်လုပ်ငန်းရှင်များအား အခက်အခဲကြုံတွေ့နေရပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်နစ်နာစေကြောင်း ထုတ်ဖော် ပြောဆိုသည်။ သို့သော် ယခု လို ကျပ်ငွေမြင့်တက်မှုသည် မြန်နိုင်ငံခေါင်းဆောင်သစ်များအနေဖြင့် အရှေ့တောင်အာရှမှ အိမ်နီးချင်းနိုင်ငံများထက် စီးပွားရေးဖွံ့ဖြိုးမှုများစွာ နောက်ကျ ကျန်ရစ်ခဲ့သည့် မြန်မာနိုင်ငံတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်လာရေးအတွက် တွန်းအားတစ်ခုဖြစ်ကောင်း ဖြစ်လာနိုင် သည်။ Bloomberg အပါအဝင် နိုင်ငံတကာ ရုပ်သံဌာနများက ထုတ်ပြန်သော ငွေကြေးတန်ဖိုးများစာရင်းတွင် အင်္ဂလိပ်လို Chat-ချပ် ဟု အသံ ထွက်သည့် မြန်မာကျပ်ငွေကို တွေ့မြင်ရမည်မဟုတ်ပေ။ သို့သော် အကယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ သွားရောက်စုံစမ်းမည် ဆိုပါက တရားဝင်ငွေကြေးလဲလှယ်မှုနှုန်းထားမှာ ၁ ဒေါ်လာလျှင် ၆ ကျပ်ဖြစ်နေမည်ကို တွေ့ရလိမ့်မည်။ အဆိုပါ နှုန်းထားသည် မှောင်ခိုဈေးကွက်တွင်းမှ ငွေကြေး လဲလှယ်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက များစွာ ကျိုးကြောင်းဆက်စပ်မှု မည်သို့မျှမရှိပေ။ အဆိုပါ ၁ ဒေါ်လာ ၆ ကျပ်ဟူသည့်နှုန်းထားသည် မြန်မာ အစိုးရက စာရင်းအင်းများတွက်ချက်ရာ၌ အသုံးပြုသော နှုန်းထားတစ်ခုမျှပင် ဖြစ်သည်။ ယင်းသည် တစ်ချိန်က ကျင့်သုံးခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် စီးပွားရေးစနစ် တစ်ခု၏ ဆိုးမွေတစ်ခုဟုဆိုလျှင်ရနိုင်ပြီး မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာ၌ များစွာ အခက်အခဲဖြစ်အောင် ဖန်တီးနေသည့် အဟန့်အတားတစ်ခုလည်းဖြစ်ပေသည်။

မြန်မာသမ္မတဦးသိန်းစိန်က အဆိုပါငွေကြေးစနစ်ကို ပြန်လည်တည်ဆောက်ရန် ကြိုးစားလျက်ရှိပြီး နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း နည်းစနစ်ဆိုင်ရာ အကူအညီအထောက်အပံ့များပေးရန် ဆန္ဒရှိနေသည့်တိုင် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း၌ သြဇာအာဏာရှိသူတို့၏ အကျိုးစီးပွားများက ကန့်လန့်ခံနေသည်ကို တွေ့ရသည်။ လတ်တလော ကာလတွင် အစိုးရက ပို့ကုန်များအပေါ် ကောက်ခံသည့်အခွန်အား ၂ ရာခိုင်နှုန်း အထိ လျှော့ချလိုက်ခြင်း ကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အနည်းငယ်သက်သာရာရရှိခဲ့သည်။

ဤနေရာတွင် ကျပ်ငွေတန်ဖိုးအဘယ်ကြောင့် အစွမ်းကုန်ခိုင်မာနေရသနည်းဟူ၍ မေးစရာဖြစ်လာသည်။ အကြောင်းအရင်းတစ်ရပ်မှာ ဒေါ်လာ တန်ဖိုးနိမ့်ကျနေခြင်းကြောင့်ဟု ဆိုရမည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို ဒေါ်လာငွေကြေးများဖြင့် ဈေးနှုန်းသတ်မှတ်သည်။ အခြားအကြောင်းအရင်းတစ်ခုမှာ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံပိုင်အဆောက်အအုံများနှင့် ပစ္စည်းများပုဂ္ဂလိကသို့ရောင်းချရာ၌ ကျပ်ငွေဖြင့် ငွေပေး ချေရခြင်း ပင် ဖြစ်သည်။ ထို့ပြင် တရုတ်ရင်းနှီးမြှုပ်နှံသူများက ကျပ်ငွေနှင့်ပတ်သက်သောဈေးကစားမှုများ သည်လည်း ကျပ်ငွေတန်ဖိုး မြင့်တက်ရ ခြင်း၏ အကြောင်းအရင်းတစ်ရပ် ဖြစ်နိုင်သည်။ သို့သော်မြန်မာ့စီးပွားရေးခွဲခြမ်းဆန်းစစ်မှုများပြုလုပ်သမျှသည် ထင်ကြေးပေးပြောဆိုမှုသက်သက်မျှလောက်သာ ဖြစ်သည်။ မြန်မာအစိုးရက နှစ်များစွာအတွက်လုံလောက်မျှတပြီး ယုံကြည်စိတ်ချရလောက်သည့် ဘတ်ဂျတ်ငွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိသလို အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းရှင်းတမ်းများနှင့် ကိန်းဂဏန်းများမှာလည်း

ယုံကြည်အားကိုးလောက်စရာ မရှိပေ။ နိုဝင်ဘာလ ၇ ရက်နေ့ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် မြန်မာအစိုးရသစ် ရင်ဆိုင် နေရသည့် စိန်ခေါ်မှုများတွင် နိုင်ငံခြားငွေကြေးလဲလှယ်ရေးစနစ် အရှုပ်အထွေးပြေလည်ရေး တစ်ခုတည်းမဟုတ်ဟုသာ ပြောရပါတော့မည်။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း

အဆိုပါ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပေ။ နိုင်ငံတကာမှ မြန်မာ့အရေးလေ့လာသူများကမူ ဒေါ်အောင်ဆန်းစုကြည် အပေါ် အစိုးရ၏ ထိတွေ့ဆက်ဆံမှုနှင့် နိုင်ငံရေးအကျဉ်းသားများအား ဆက်လက် ထိန်းသိမ်းထားမှုကို များစွာ ပြစ်တင်ရှုတ်ချလျက် ရှိကြသည်။

မည်သို့ပင်ဆိုစေ အစမ်းသဘောမျှဖြစ်သည့် ပြုပြင်ပြောင်းလဲရေး အရိပ်အယောင်များ လတ်တလော ထွက်ပေါ်လျက် ရှိသည်ကိုတွေ့ရသည်။ အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ လက်ရှိမြန်မာနိုင်ငံသမ္မတကြီး ဦးသိန်းစိန်က နေပြည်တော်ရှိ ၎င်း၏သမ္မတအိမ်တော်သို့ ဒေါ်အောင်ဆန်းစုကြည် အား ပထမဆုံးခေါ်ယူတွေ့ဆုံမှု ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထိုသို့ ဒီမိုကရေစီခေါင်းဆောင်နှင့် အစိုးရထိပ်တန်းခေါင်းဆောင်တို့တွေ့ဆုံမှုကို ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ပြယုဂ်တစ်ခုဟု ဆိုနိုင်သော်လည်း မြန်မာ့ဒီမိုကရေစီ အရုဏ်ကျင်းမှုဟုတော့ ဆို၍မရသေးပေ။ သို့သော် မည်သည့် အစိုးရမျှ ပဋိပက္ခများနှင့် အရှုပ်အထွေးများကို အဆုံးသတ်ချင်လိုစိတ်မရှိဘဲ လုပ်ငန်းသစ်တစ်ခုကို စတင်လုပ်ကိုင်မည် မဟုတ်ပေ။ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး တစ်ခုလုံးကို လုံးလုံးလျားလျား ပြောင်းလဲပစ်ရန် အဘက်ဘက်မှ အကူအညီများ လိုအပ်လျက် ရှိပေသည်ဟုသာ တင်ပြလိုက်ပါသည်။

***********************************************************

နောက်ထပ် ဆုတ်ယုတ်ပျက်စီးလျက် ရှိသည့်နိုင်ငံ မြန်မာနိုင်ငံလား

(Foreign Relations မှ “Myanmar: The Next Failed State” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ မြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ်များ တစ်လျှောက်တွင် ဗဟိုအစိုးရ၏ ဥပဒေများ၊ မူဝါဒများကို လျစ်လျူရှုထားကြသည်မှာ အစဉ်အလာကဲ့သို့ ဖြစ်နေသည်။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်များက ကြီးမားသော နယ်မြေပိုင်နက်များကို ထိန်းချုပ်ထားကြပြီး အစိုးရတပ်များ နှင့် မကြာခဏ ပစ်ခတ်မှုများ ဖြစ်ပွားကာ တိုက်ပွဲကြီးများ ဖြစ်လာလျှင်မူ တစ်ရွာလုံးကို ပြာပုံဖြစ်သွားအောင် ပျက်စီးသွားစေတတ်သည်။ အစိုးရတပ် များက ဒေသခံ အရပ်သားများကို မကြာခဏ ဖမ်းဆီး စစ်မေးလေ့ရှိသကဲ့သို့ တိုင်းရင်းသားတပ်ဖွဲ့များကလည်း အစိုးရကို ကူညီနေသည်ဟု ယုံကြည်ရ သော အရပ်သားများအပေါ် တဖန် ပစ်မှတ်ထားကြပြန်သည်။ တပ်အင်အား တိုးချဲ့ခြင်း၊ အကြီးစားလက်နက်သစ်များ ဝယ်ယူခြင်းတို့ဖြင့် ယခုအခါ လက်နက်ကိုင်အင်အား နှစ်သောင်းကျော် ရှိနေသော အင်အား အကြီးဆုံးတပ်ဖွဲ့သည် ကမ္ဘာ့အကြီးဆုံးမူးယစ်ဆေးဝါး အဖွဲ့အစည်းများထဲမှ တစ်ခုအဖြစ် တည်ဆောက်ထားခြင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ရပ်တည်လျက်ရှိသည်။ တိုက်ပွဲများ တရစပ်ဖြစ်ပွားလာလျှင် ဒေသခံအရပ်သားများမှာ စစ်ပြေးဒုက္ခသည် ဘဝဖြင့် နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးကြရသည်။ ဟီးရိုးအင်းကုန်သည်များ၊ ကျောက်မျက်ကုန်သည် များ၊ လက်နက်ကုန်သည်ပွဲစားများကလည်း နယ်စပ် တလျှောက် ဒိုးယိုပေါက် သွားလာ ဖြတ်ကူးနေကာ လက်နက်ကိုင် တော်လှန်ရေးနှင့် အိမ်နီးချင်းနိုင်ငံများမှ မူးယစ်ဆေး ရောင်းဝယ်သူများကို အထောက် အကူ ပေးလျက် ရှိသည်။

အထက်ပါ ယိုယွင်းမှု အနေအထားမျိုးသည် ကမ္ဘာတွင် ဆုတ်ယုတ်ပျက်စီးနေသော နိုင်ငံ ၃ ခုအဖြစ် လူအများ သိကြသော ပါကစ္စတန် (သို့) ဆိုမာလီယာ (သို့) ယီမင်နိုင်ငံတို့တွင် ဖြစ်ပေါ်လျက်ရှိသည်။ သို့ရာတွင် အာဏာရှင် အုပ်ချုပ်ရေးစနစ် ကျင့်သုံးသော်လည်း နယ်စပ်ဒေသများကို နှစ်ပေါင်းများစွာပင် ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါ နိုင်ငံ၏ ဒေသအတော်များများ အုပ်ချုပ်ရေးစနစ် မရှိသော တိုက်ပွဲဇုန်များ ဖြစ်လာနေသည့် မြန်မာနိုင်ငံ တွင်လည်း အလားတူပင် ဖြစ်သည်ဟု ဆိုနိုင်သည်။ မြန်မာနိုင်ငံကို Burma ဟု လူသိများ၍ Burma ဟူသော အမည်ကို ဒီမိုကရေစီ လိုလား သော အတိုက်အခံအုပ်စုများနှင့် အမေရိကန်ပြည်ထောင်စု အစိုးရက ဆက်လက် သုံးစွဲနေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်အစိုးရက ကျောထောက်နောက်ခံ ပြုထားသော (သို့) အတိအလင်း ထူထောင် ထားသော ပါတီက လက်ဝါးကြီး အုပ် ခြယ်လှယ်ခဲ့သော အထွေထွေရွေးကောက်ပွဲများ ပြုလုပ်ခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတစ်ဝိုက်မှစ၍ မြန်မာအစိုးရက နိုင်ငံ၏ တောင်တန်းဒေသ များကို စိုးမိုးထားကြသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများကို လက်နက်ဖြုတ်သိမ်းရန် ကြိုးစားလာခဲ့ပြီး အစိုးရ လက်အောက်ခံ နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းလဲပစ်ရန် ကြိုးစားလာခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများစွာက လက်နက်ချရန် ငြင်းဆိုခဲ့ကြပြီး အများစုက ယင်းတို့၏ လက်နက်ခဲယမ်းမီးကျောက် ဂိုဒေါင်များကို အဆောတလျှင် ဖြည့်တင်းကြသည့်အခါ အံ့ဩစရာ မရှိတော့ပါ။

နောက်ဆုံးရလဒ်အဖြစ် ယင်းဒေသများတွင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု အလားအလာ အမှန်တကယ်ပင် ဖြစ်ပေါ်လာကာ မကြုံစဖူး အရေ အတွက် များပြားလွန်းသော ဒုက္ခသည်များ ထွက်ပြေးမှု ဖြစ်ရပ်များကို ဖြစ်ပေါ်စေပြီး မြန်မာတောင်တန်း နယ်စပ်များ၏ ရှိရင်းစွဲ မတည်ငြိမ်မှု၊ ပရမ်းပတာ ဖြစ်မှုများကြားတွင် ကူးစက်ရောဂါများ ပျံ့နှံ့မှုနှင့် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှုများ အရှိန်မြင့်လာကာ ဗူးလေးရာ ဖရုံဆင့်မည့် အလား အလာများ ပို၍ များနေပေသည်။

ထပ်မံဖြစ်ပွားလာမည့် လက်နက်ကိုင် ပဋိပက္ခသည် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့ဘက်မှ နယ်မြေများ အပါအဝင် ကြီးမား ကျယ်ပြန့်သော ဒေသကြီးကိုပင် တည်ငြိမ်မှု ပျက်ပြားသွားစေနိုင်သည်ဟု ဆိုနိုင်ပေသည်။

*********************************************************

ဖိအားပေးခံနေရသည့် ဂျပန်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်

(BBC သတင်းကို ဘာသာ ပြန်ဆိုသည်)

ဝေဖန်ထိုးနှက်မှုများစွာခံနေရသော ဂျပန်ဝန်ကြီးချုပ် နာတိုကန်က ရာထူးမှနုတ်ထွက်ကြောင်း သြဂုတ်လ ၂၆ ရက်နေ့တွင် တရားဝင်ထုတ်ပြန် ကြေညာသည်။ မစ္စတာ နာတိုကန်သည် မတ်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် မြေငလျင်လှုပ်ခတ်မှုနှင့် ဆူနာမီလှိုင်းဝင်ရောက်မှု အပါအဝင် နျူကလီးယားအကျပ်အတည်းဖြစ်ပေါ်မှုတို့ကို ကောင်းစွာ ဦးဆောင်ဖြေရှင်းနိုင်ခဲ့ခြင်းမရှိဟု ပြစ်တင်ဝေဖန်ခံခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လတွင် မစ္စတာနာတိုကန်က အကယ်၍ ဂျပန်ပါလီမန်လွှတ်တော်က အရေးကြီးသောကိစ္စသုံးခုအား ဥပဒေပြုခွင့်ပေးမည်ဆိုပါက ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပါမည်ဖြစ်ကြောင်း အာမခံပြောဆိုခဲ့သည်။ အဆိုပါ သုံးချက် အနက် နှစ်ချက်ကို သြဂုတ်လ ၂၆ ရက်နေ့တွင် ပါလီမန် လွှတ်တော်က ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။

လက်ရှိအနေအထားတွင် အာဏာရ ဒီမိုကရက်တစ်ပါတီသည် သြဂုတ်လ ၂၉ ရက်နေ့တွင် ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ခန့်အပ်ရန် စီစဉ်လျက် ရှိသည်။ မစ္စတာနာတိုကန်၏ အဆိုပါ ပါတီခေါင်းဆောင်နေရာ ဝင်ရောက်လာမည့်သူမှာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာရန် ကျိန်းသေသလောက်ရှိသည်။

ပြည့်နှက်နေသည့်စိန်ခေါ်မှုများ

မစ္စတာနာတိုကန်က ၎င်းအနေဖြင့် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်မည့်ကိစ္စကို ဒီမိုကရက်တစ်ပါတီဆွေးနွေးပွဲ၌ ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲကို တစ်တိုင်းပြည်လုံးသို့ ရုပ်သံဖြင့်ထုတ်လွှင်ပြသခဲ့သည်။ ထို့နောက် သြဂုတ်လ ၂၇ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ ပြုလုပ်မည် ဟုလည်း ဂျပန်သတင်းဌာနများကဆိုသည်။ ၁၅ တာ ကြာမြင့်ခဲ့သည့် ဝန်ကြီးချုပ်သက်တမ်း ကာလအတွင်း ဖူကူရှီးမားနျူကလီးယား ဓာတ်ပေါင်းဖိုပြဿနာနှင့် နိုင်ငံရေး ထိုးနှက်တိုက်ခိုက်မှုများအပါအဝင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအားလုံးကို တတ်စွမ်းသလောက် လုပ်ကိုင်ခဲ့ကြောင်း မစ္စတာနာတိုကန်က ပြောဆိုသည်။

"ယခုလိုဆိုးရွားတဲ့ အခြေအနေအရပ်ရပ်ထဲကြားမှာ ကျွန်တော်လုပ်ရမယ့်အရေးကိစ္စတွေ အားလုံးကို လုပ်ဆောင် ပေးနိုင်ခဲ့တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ အခုတော့ ဝန်ကြီးချုပ်တစ်ယောက်အဖြစ် လေးစားယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ခင်ဗျားတို့ရွေးချယ်တာ တွေ့မြင်လိုပါတယ်" ဟု အသက် ၆၄ နှစ်အရွယ်ရှိ ဝန်ကြီးချုပ်နာတိုကန်က ဆိုသည်။ မစ္စတာနာတိုကန် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်မည့်ကိစ္စမှာ အများကမျှော်လင့်ထားပြီး ဖြစ်သည်။ ယခုလိုနုတ်ထွက်မှုကြောင့် မစ္စတာကန်သည် ဂျပန်ပြည်သူလူထု၏ ထောက်ပံ့မှုကျဆင်းနေပြီ ဟူသော ပြောဆိုမှုများကို အတည်ပြုလိုက်ရာ ရောက်သွားသည်။ မစ္စတာနာတိုကန်အဆိုပြုထားသည့် ဥပဒေပြုရေးကိစ္စသုံးခုအနက် ပါလီမန်လွှတ်တော်က ခွင့်ပြုလိုက်သည့် နှစ်ချက်မှာ ဘတ်ဂျက်ကိစ္စနှင့် ပြန်ဖြည့်မြဲစွမ်းအင်အသုံးပြုမှု မြှင့်တင်ရေးကိစ္စတို့ ဖြစ်သည်။

မြို့တော်တိုကျိုအခြေစိုက် BBC သတင်းထောက် အဆိုအရ အသစ်ဝင်ရောက်လာမည့် ဂျပန်ဝန်ကြီးချုပ်အနေဖြင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးသော ဂျပန်ပြည်ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ချက်များကို လုပ်ကိုင် သွားရလိမ့်မည်ဟု သိရသည်။ ဝန်ကြီးချုပ်သစ် ဖြေရှင်းရမည့် ပြဿနာများတွင် ယနေ့အချိန်အထိ ဓာတ်ရောင်ခြည်ယိုစိမ့်မှု ဖြစ်ပေါ်နေသည့် ဖူကူးရှီးမားနျူကလီးယား ဓာတ်ပေါင်းဖိုများလည်း ပါဝင်မည် ဖြစ်သည်။ ထို့ပြင် အကွဲအပြဲဖြစ်နေသော ပါလီမန်လွှတ်တော်အနေဖြင့် လွန်စွာကြီးမားနေသည့် အမျိုးသားကြွေးမြီပြဿနာကို ထုတ်ဖော် ဖြေရှင်းပြီး ကမ္ဘာ့ဈေးကွက်များက ဆွဲဆောင်ရန်လည်း ကြိုးပမ်းရလိမ့်မည်ဟု ဆိုသည်။

************************************************************

မြောက်ကိုးရီးယားက ခြောက်နိုင်ငံဆွေးနွေးပွဲနှင့် ပတ်သက်၍ ၎င်း၏ ရပ်တည်ချက်ကို ထပ်မံပြောကြား

(26 August  2011 ရက်စွဲပါ CNN News မှ “North Korea reiterates stance on six- party talks” ကို ဘာသာ ပြန်ဆိုသည်)

                မြောက်ကိုးရီးယားက ကြိုတင်သတ်မှတ်ချက်များ မပါပဲ ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်လည်ကျင်းပရန် လိုလားကြောင်း ထပ်မံပြောကြားခဲ့ သည်ဟု တရုတ်နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

                မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီက ၎င်း၏တရုတ်နိုင်ငံ ခရီးစဉ်တွင် ပြောကြားခဲ့ရာ၌ မြောက်ကိုးရီးယားသည် ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် အဆင်သင့်ရှိသည်ဟု ပြောခဲ့သည်ဟု တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

                မြောက်ကိုးရီးယားသည် ခြောက်နိုင်ငံဆွေးနွေးပွဲမှ 2008 ခုနှစ်တွင် ထွက်ခွာသွားခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် အမေရိကန်နှင့် မြောက်ကိုးရီးယား တို့အပြင် တရုတ်၊ ဂျပန်၊ ရုရှား၊ တောင်ကိုးရီးယားတို့ ပါဝင်သည်။ ဆွေးနွေးပွဲ ရည်ရွယ်ချက်မှာ ကိုးရီးယားကျွန်းဆွယ်တွင် နျူကလီးယား လက်နက် ဖျက်သိမ်းရေး ဖြစ်သည်။

                မြောက်ကိုးရီးယားသည် ယခင်က ခြောက်နိုင်ငံဆွေးနွေးပွဲကို ကြိုတင်သတ်မှတ်ချက်များ မပါပဲ ပြန်လည် ကျင်းပရန် တောင်းဆိုခဲ့သည်။ အမေရိကန် နှင့် တောင်ကိုးရီးယားတို့ကမူ မြောက်ကိုးရီးယားအနေဖြင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်၍ အလေးအနက် ထားကြောင်း မြင်သာသော လုပ်ဆောင်မှုအချို့ ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

                နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြောက်ကိုးရီးယားသည် နျူကလီးယား ကင်းမဲ့ရေးအတွက် ခိုင်မာပြီး၊ ပြန်လည် မပြင်ဆင်နိုင်မည့် ခြေလှမ်းများ လုပ်ဆောင်ရန် ပြောခဲ့သည်။

********************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs