Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၉.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာက နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်ပြုမည်

(9 September 2011 ရက်စွဲပါ Nikkei. com မှ Myanmar to allow Foreign land ownership ကို ဘာသာ ပြန်ဆိုသည်)

  1. တရုတ်-မြန်မာမီးရထားလမ်းစီမံကိန်းအတွက် လျော်ကြေးများပေးမည်ဟု အစိုးရ ကတိပြု

(Monster and Critics မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. အင်ဒိုနီးရှားလို မြန်မာ အသွင်ပြောင်းနိုင်ပါ့မလား

(The Nation မှ 8 Sept 2011 ရက်စွဲပါ “Can Burma transition as well as Indonisia did?” ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************************

မြန်မာက နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့်ပြုမည်

(9 September 2011 ရက်စွဲပါ Nikkei. com မှ Myanmar to allow Foreign land ownership ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ( ၂၄ ) နှစ်အတွင်း ပထမဆုံးအကြိမ် ပြင်ဆင်ရန် စီစဉ်လျက်ရှိရာ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ မြေပိုင်ဆိုင်ခွင့်ကို ကန့်သတ်ထားမှုအား ရုတ်သိမ်းပေးရန် ရှိနေသည်။

                လက်ရှိအစိုးရသည် ထိုသို့သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရခြင်းမှာ ဥရောပနှင့် အမေရိကန်တို့ဖြင့် ဆက်ဆံရေး တိုးတက်ရန်နှင့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို ဆွဲဆောင်ရန်ဖြစ်သည်။

                ဥပဒေအား ပြန်လည်ပြင်ဆင်ရန် ကက်ဘိနက်က အတည်ပြုပြီးဖြစ်ရာ ခြောက်လအတွင်း ပြဋ္ဌာန်းမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

ယခုလက်ရှိ ဥပဒေအရ နိုင်ငံခြားရင်းနှီးမြှပ်နှံသူများသည် မြန်မာနိုင်ငံတွင် အဆောက်အဦး( သို့မဟုတ်) စက်ရုံ ဆောက်လုပ်လိုပါက မြေကို ငှားရမ်းခဲ့ကြရသည်။ နိုင်ငံခြားကုမ္ပဏီများအား မြေပိုင်ဆိုင်ခွင့်ပေးခြင်းဖြင့် စက်မှုလုပ်ငန်းများ အတွက် ကုန်ကျစရိတ် သက်သာပြီး၊ ရင်းနှီးမြှုပ်နှံငွေကို ပြန်ရ အောင် ယူနေရသော အချိန်အတွက် မလိုအပ်တော့ပေ။

                ယခု ပြုပြင်ပြောင်းလဲမှုတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ဖော်ပြထားသော ရင်းနှီးမြှုပ်နှံငွေများကို မြန်မာကျပ်ငွေသို့ သင့်တော်သည့် ငွေလဲနှုန်းဖြင့် လဲခွင့်ပြုမည် ဖြစ်သည်။

                ယခင် စစ်အစိုးရ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများကြောင့် အမေရိကန်နှင့် ဥရောပတို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် မြန်မာ နိုင်ငံမှ ကုန်ပစ္စည်းများ တင်သွင်းရန်တို့ကို တားမြစ်ထားခဲ့သည်။ သို့သော် ယခု အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရပ်တည်ချက်သည် ဆက်ဆံ ရေး ပြန်လည် တည်ဆောက်ရန် အခြေခံများ တည်ဆောက်နေသည်ဟု ယုံကြည်ရသည်။ အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံသို့ ဇွန်လ အတွင်းက လာရောက်ခဲ့ပြီး၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့လည်း လာရောက်ခဲ့သည်။

                ဂျပန် စီးပွားရေးဖက်ဒရေးရှင်းမှ အဖွဲ့ဝင်ဖြစ်သူ နာမည်ကြီး စီးပွားရေးညှိနှိုင်းပေးသူ Keidanren သည်လည်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာရေး သွားရောက်ရန် စီစဉ်လျက်ရှိသည်။

****************************************************************************************************************

တရုတ်-မြန်မာမီးရထားလမ်းစီမံကိန်းအတွက် လျော်ကြေးများပေးမည်ဟု အစိုးရ ကတိပြု

(Monster and Critics မှ သတင်းကို ဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကိုဖြတ်သန်းပြီး ဘင်္ဂလားပင်လယ်အော်ဒေသအထိ ဖောက်လုပ်မည့် ကီလိုမီတာ ၈၀၀ ရှည်လျားသော မီးရထား လမ်းတစ်လျှောက်ရှိ မြေပိုင်ရှင်များအား မြန်မာအစိုးရကလျှော်ကြေးပေးသွားမည်ဟု ကတိပြု ပြောဆိုလိုက်ကြောင်း သတင်းပေးပို့ချက်များအရ သိရ သည်။

မြန်မာ့မီးရထားဝန်ကြီးဌာန ဝန်ကြီးဖြစ်သူ ဦးအောင်မင်းက ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုးရှိ အဆိုပါ စီမံကိန်းကြောင့် နိုင်ငံသားများ လိမ်ညာ လှည့်ဖြားခြင်းမခံရအောင် လုပ်ဆောင်သွားရန် အစိုးရအနေဖြင့် ဆုံးဖြတ်ထားပါကြောင်း ပြောကြားလိုက်သည်။ ယင်းမီးရထားလမ်းသည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်၊ ဘင်္ဂလားပင်လယ်အော်ဒေသမှ တရုတ်နိုင်ငံ နယ်စပ်ဒေသမူဆယ်မြို့အထိ ဆက်သွယ်ဖောက်လုပ်မည်ဖြစ်ကြောင်း မြန်မာတိုင်းမ် သတင်းဂျာနယ်က ရေးသား ဖော်ပြထားသည်။

‘ဒီစီမံကိန်းကိစ္စနဲ့ပတ်သက်ပြီးတော့ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ အသေးစိတ်စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင် နေပါတယ်။ အဲဒီလိုစေ့စပ်တဲ့ နေရာမှာ ရထားလမ်းဖောက်တဲ့အခါ အသုံးပြုရမယ့်မြေယာတွေအတွက် လျော်ကြေး ပေးဖို့လည်း ပါဝင်ပါတယ်။ ကျွန်တော်တို့ပြည်သူတွေကို အကာ အကွယ် ပေးဖို့ အစစအရာရာ လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ဒုက္ခရောက်မှာမဟုတ်ပါဘူး” ဟု ဝန်ကြီးက ဆို သည်။

အဆိုပါ မီးရထားလမ်းစီမံကိန်းနှင့် ပတ်သက်၍ လူ့အခွင့်အရေးအုပ်စုများက စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ထိုသို့သော မြန်မာပြည်တွင်း ဧရာမစီမံကိန်းကြီးများလုပ်ကိုင်ရာ၌ လယ်ယာမြေများ မတရားသိမ်းပိုက်ခံရခြင်း၊ အဓမ္မလုပ်သားအဖြစ် စေခိုင်းခံရခြင်းအပါအဝင် အခြား သော မတရားမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း ၎င်းတို့က အတိတ်ကာလမှ ဖြစ်ရပ်များကို ဥပမာပေးကာ ထောက်ပြပြောဆိုကြသည်။

“တကယ်လို့ မြေယာတွေဟာ ပုဂ္ဂလိကပိုင်ဖြစ်တယ်ဆိုရင် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး တန်ဖိုး သတ်မှတ်မှာ ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီ အနေနဲ့ တန်ဖိုးအတိုင်းမြေပိုင်ရှင်ကို လျော်ကြေးပေးဆောင်ရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။

ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် တရုတ်နိုင်ငံပိုင် မီးရထားအင်ဂျင်နီယာ ကော်ပိုရေးရှင်းတို့အကြား ကန်ထရိုက် ချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ရာ စီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် စတင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ ဦးအောင်မင်း သည် ဧပြီလ ၁ ရက်နေ့က စတင်အသက်ဝင်ခဲ့သော မြန်မာအစိုးရ ကက်ဘိနက်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

အဆိုပါ ကျောက်ဖြူ-မူဆယ်ရထားလမ်း စီမံကိန်းပြီးဆုံးရန် ငါးနှစ်မျှကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း၊ စီမံကိန်းကို တည်ဆောက်ရေး၊ လုပ်ကိုင် လည်ပတ်ရေးနှင့် လွှဲပြောင်းပေးရေးကန်ထရိုက်ဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်ကြောင်းသိရသည်။

“ဒီစီမံကိန်းအတွက် ဒေါ်လာ ၂၀ ဘီလီယံလောက်ကုန်ကျမှာပါ။ စီမံကိန်းပြီးသွားရင် ကျွန်တော်တို့အနေနဲ့ တရုတ်ကုမ္ပဏီကို နှစ် ၅၀ လုပ်ကိုင်ခွင့်ပေးရမှာပါ” ဟု ဝန်ကြီးက ဆိုသည်။ ယင်းရထားလမ်းသည် တစ်လမ်းသွား ဖြစ်ပြီး တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ခန့်မောင်းနှင်နိုင်မည့် လျှပ်စစ်ရထားများခုတ်မောင်းနိုင်မည်ဖြစ်ကာ ခရီးသည်များ အပါအဝင် ကုန်တန်ချိန် ၄၀၀၀ ခန့်တင်ဆောင်နိုင်မည်ဟု ဆိုသည်။ ရထားလမ်းကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်လိုင်း၏ လမ်းကြောင်းအတိုင်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စွမ်းအင်ပိုက်လိုင်းနှစ်ခုမှာလည်း တရုတ် နိုင်ငံပိုင် ကုမ္ပဏီတစ်ခုက တာဝန်ယူဖောက်လုပ်ခြင်းဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရထားလမ်းနှင့် စွမ်းအင်ပိုက်လိုင်းစီမံကိန်း နှစ်ခုစလုံးသည် တရုတ်ပြည်အတွက် သယ်ယူပို့ဆောင်ရေး စရိတ်စက လျှော့ချနိုင်ရန် ဒီဇိုင်းဆွဲထား ခြင်းဖြစ်သည်။ “ဒီရထားလမ်းဖောက်လုပ်ပြီးစီးသွားခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ မလက္ကာ ရေလက်ကြားကို ဖြတ်စရာမလိုဘဲ ပင်လယ်ထွက်ပေါက်ရှိတဲ့ နေရာကို ကုန်ပစ္စည်းတွေ သယ်ယူတင်ပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။

မြန်မာအစိုးရသည် တောင်ဘက် တနင်္သာရီတိုင်း ထားဝယ်မှ ထိုင်းနိုင်ငံ ကချနာဘူရီသို့ မီးရထားလမ်း သွယ်တန်းဖောက်လုပ်ရန်လည်း စဉ်းစား လျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် Intal-Thai Development ကော်ပိုရေးရှင်းက အဆိုပါထားဝယ်အနီး ရေနံဆိပ်ကမ်း တည်ဆောက်ရေးနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးအတွက် မြန်မာအစိုးရနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

**********************************************************************************************

အင်ဒိုနီးရှားလို မြန်မာ အသွင်ပြောင်းနိုင်ပါ့မလား

(The Nation မှ 8 Sept 2011 ရက်စွဲပါ “Can Burma transition as well as Indonisia did?” ကို ဘာသာ ပြန်ဆိုသည်)

နိုင်ငံရေးကိုစတင်လွှမ်းမိုးမှု၊ ဒီမိုကရေစီလှုပ်ရှားမှုများ၊ အောင်မြင်မှုများနှင့် အသွင်ပြောင်းကာလများက နိုင်ငံနှင့်ပြည်သူတို့၏ လက်ရှိ သမိုင်း စာမျက်နှာများကို ရေးထိုးလျက်ရှိသည့် အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်ကြသော အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံ အကြား နှိုင်းယှဉ်သုံးသပ်မှုများကို မကြာ ခဏ တွေ့ရှိရသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ SLORC ဟူသော အမည်မှ ၁၉၉၇ တွင် နိုင်ငံတော်အေးချမ်း သာယာရေးကောင်စီ SPDC ဟူ၍ အမည်ပြောင်းခဲ့သည့် ယခင် မြန်မာတပ်မတော်အစိုးရသည် အင်ဒိုနီးရှားမှ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ နှစ်ခုစလုံးတွင် စစ်တပ်ကို နေရာယူစေခဲ့ သည့် ဆူဟာတို၏ ပုံစံသစ်အစိုးရကို ပုံတူ ကူးထားခြင်းဖြစ်သည်ဟု ဆိုသည်။ ၁၉၉၃ ခုနှစ်တွင် SLORC က စတင်ရေးဆွဲခဲ့သော အခြေခံဥပဒေကို ၂ဝဝ၈ မေလ နာဂစ်ဆိုက်ကလုံးအလွန်တွင် SPDC က ဆန္ဒခံယူပွဲအတုဖြင့် အတည်ပြုခဲ့သည်။ ယင်းသို့ ပေါ်ထွက်လာသော ၂ဝဝ၈ အခြေခံ ဥပဒေ သည် ဆူဟာတိုနှင့် သူ၏ ပုံစံသစ် အစိုးရ၏ ပုံရိပ်ကို ထင်ဟပ်မြင်ယောင်စေသည်ဟု ဆိုနိုင်ပေသည်။

ဆူဟာတိုခေတ် ဂိုလ်ကားပါတီ၏ မြန်မာ့ဟန်ပုံစံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း USDA ကို ၁၉၉၃ ခုနှစ် အခြေခံဥပဒေ စတင် ရေးဆွဲခြင်းမတိုင်မီ လအနည်းငယ်အလိုတွင် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၈ အခြေခံဥပဒေအရ ပေါ်ထွက်လာပြီး လူအများက အတုအယောင်ဟု ဝေဖန် ရှုတ်ချခဲ့ကြသော ၂ဝ၁ဝ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ထိုနှစ်အတွင်းမှာပင် USDA ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဟု နာမည် ပြောင်းကာ ပါတီဖွဲ့စည်းခဲ့သည့် ယခင်တပ်မတော်အစိုးရ SPDC ၏ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ အရပ်သားအဖြစ် ပြောင်းလဲကာ USDP ပါတီ၏ အမတ်လောင်းဖြစ်လာခဲ့ပြီး ယခုအခါ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခဲ့ရသူဖြစ်လာသည်။

အထက်ပါ မြန်မာနိုင်ငံ၏ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲနှင့် ရလဒ်များ၊ သမ္မတ ဦးသိန်းစိန်အစိုးရတို့မှာ ပြည်တွင်းပြည်ပမှ လူအများစု၏ ဝေဖန်စရာ ဖြစ်ခဲ့သော်လည်း ယင်းဖြစ်ရပ်များသည် မြင်သာသော ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် ရှောင်လွှဲ၍မရသော အဆင့်များ ဖြစ်ကြောင်း အချို့က စောဒကတက် ငြင်းခုန်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်အစိုးရ၏ ဒီမိုကရေစီအသွင် ပြောင်းလဲမှု စတင်နိုင်မည့်စွမ်းရည်ကို ဝေဖန်ဆန်းစစ်သူ များစွာက ယုံကြည်ခြင်းမရှိကြသော် လည်း သူ၏ ကြိုးစားမှုမှ နောက်ကျစွာ ထွက်ပေါ်လာသည့် လတ်တလော တိုးတက်ပြောင်းလဲမှုများက အားလုံးကို အံ့အားသင့်စေခဲ့သည်။ ယင်းဆောင်ရွက်မှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီးများ အကြား တရားဝင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခြင်း၊ အတော်အတန် ပွင့်လင်းမြင်သာလာသော သတင်းစာရှင်းလင်းပွဲကို နေပြည်တော်တွင် ပထမဆုံးအကြိမ် ပြုလုပ်ခြင်း အပါအဝင် မီဒီယာတို့အပေါ် အစိုးရ၏ သဘောထား ပြောင်းလဲလာခြင်း၊ သံသယကြီးစွာဖြင့် တွေ့ဆုံကြမည်ဖြစ်သည့်တိုင်အောင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများကို သတင်းစာတွင် လူသိရှင်ကြား ကြေညာကာ ငြိမ်းချမ်းရေးကမ်းလှမ်းခြင်း စသည်တို့ ပါဝင်သည်။

သမ္မတဦးသိန်းစိန်နှင့် ပြည်သူတို့၏ အမြဲတမ်းခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား သမိုင်းဝင် တွေ့ဆုံမှုတွင် နှစ်ဖက်စလုံးက ထုတ်ဖော် ပြောဆိုထားသည့် “ကျေနပ်အားရမှု” သည် အထောက်အကူပြုနိုင်သည့် အချက်ဟု မဆိုနိုင်သော်ငြားလည်း စာမျက်နှာသစ်များ ရေးထိုးမည့် နွေးထွေးသော ရင်းနှီးပွင့်လင်းမှုကို ပုံလောင်းပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ချိုးဖောက်မှုများကို ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရန် အကြံပြုတင်ပြခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံနေရသူ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် သောမတ်အိုဟေး ကွင်တားနား သည်လည်း မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ပြန်လည် ရရှိကာ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ဆုံခွင့် ရရှိခဲ့သည်။

ထို့အပြင် သမ္မတကြီးက ဩဂုတ် ၂၂ ရက်တွင် လွှတ်တော်မိန့်ခွန်း ပြောကြားရာ၌ အစိုးရက အတိုက်အခံ အုပ်စုများနှင့်လည်း ဆွေးနွေးမည်ဟု ဆိုခဲ့သည်။ ၂ဝဝ၃ ခုနှစ်က တပ်မတော်အစိုးရ စီစဉ်သည့် ခြုံခိုလုပ်ကြံမှုကို တွေ့ကြုံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် အစိုးရ လုံခြုံရေး တပ်ဖွဲ့ များ၏ လိုက်ပါစောင့်ရှောက်မှုဖြင့် ပဲခူးမြို့ တစ်ဝိုက်သို့ နိုင်ငံရေးစည်းရုံးမှု ခရီး လှည့်လည်နိုင်ခဲ့ပေသည်။

အထက်ပါကဲ့သို့ ဖြစ်ပေါ် တိုးတက်မှုများကို အကဲခတ် လေ့လာသူ အများစုက သတိကြီးစွာ ထား၍ လက်ခံခဲ့ကြသော်လည်း ယင်းကိစ္စအာလုံး ကို လူမြင်ကောင်းရုံအတွက်သာ သမ္မတကြီးက လုပ်ဆောင်နေခြင်း ဟုတ်ပုံ မရဟု ယူဆနိုင်သည်။ လူမြင်ကောင်းရုံအတွက်သာ ဆိုလျှင် ဤမျှအထိ လုပ်စရာ မလိုအပ်ဟု အချို့က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအပါအဝင် လူအများစုက ယခုပြောင်းလဲမှုများကို "ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် အသွင်ကူးပြောင်းမှု စတင်နိုင်မည့် အပြုသဘောဆောင်သော တိုးတက်မှုများ"ဟု ရှုမြင်ကြသည်။

                အဆိုပါ တိုးတက်ပြောင်းလဲမှုများက သမ္မတ ဟာဘီဘီလက်ထက် အင်ဒိုနီးရှားတွင် အဓိက အသွင်ကူးပြောင်းမှုကြီး ဖြစ်ပေါ်ခဲ့သည်ကို ပြန်၍ သတိရစေသည်။ ဆူဟာတို၏ သြဇာခံ ဖြစ်ရုံသာမက ဆုံးဖြတ်ချက် မှန်သော နိုင်ငံရေးသမားတစ်ဦးထက် အင်ဂျင်နီယာတစ်ဦးမျှသာ ဖြစ်သည်ဟု ရှုမြင် နေကြချိန်တွင် သမ္မတ ဟာဘီဘီက ဒီမိုကရေစီစနစ်သို့ ထိရောက်စွာ အသွင်ပြောင်းလဲမည့် တစ်ဟုန်ထိုး လုပ်ဆောင်မှုများကို ထုတ်ဖော် မိတ်ဆက် လိုက်ခြင်းဖြင့် ကမ္ဘာကို အံ့အားသင့်စေခဲ့သည်။

                လွတ်လပ်ရေးနှင့် ပတ်သက်သည့် အရှေ့တီမော ဆန္ဒခံယူပွဲ ပြုလုပ်ခြင်း၊ နိုင်ငံရေး ဥပဒေသစ် ၃ ခု ဖြစ်သည့် နိုင်ငံရေး ပါတီများဆိုင်ရာ ဥပဒေ၊ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ ၁၉၅၅ နောက်ပိုင်း ပထမဆုံး ၁၉၉၉ ဒီမိုကရေစီ ရွေးကောက်ပွဲကို ထိထိရောက်ရောက် လမ်းခင်းပေးမည့် ပါလီမန် လွှတ်တော်၏ ကဏ္ဍနှင့် ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေ တို့ကို မိတ်ဆက် ပြဋ္ဌာန်းခြင်း စသော ဆောင်ရွက်ချက်များကို ဟာဘီဘီက စတင်ခဲ့သည်။

                ၁၉၉၉ တွင် လွတ်လပ်မျှတသော ဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပကာ ရွေးကောက် တင်မြှောက်ခံ ဒီမိုကရေစီ ခေါင်းဆောင်များထံသို့ အာဏာ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ရပ်က ၁၉၉၈ နှင့် ၁၉၉၉ အကြား ဟာဘီဘီ၏ သမ္မတ သက်တမ်း ၂ နှစ် အတွင်း အင်ဒိုနီးရှားတွင် အရေးကြီးဆုံး ဒီမိုကရေစီ အသွင် ကူးပြောင်းမှု အဆင့်များ ဖြစ်ပေါ်ခဲ့သည်ကို ထင်ရှားစွာ ပြသနေသည်။

                ၁၉၉၈ မေလတွင် ဆူဟာတိုထံမှ အာဏာဆက်ခံခဲ့သည့် ဟာဘီဘီနှင့် မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရွေးချယ်တင်မြောက် ပေးခဲ့သည့် သမ္မတဦးသိန်းစိန်တို့ နှစ်ဦးစလုံးမှာ အသက်ရှင်ဆဲ အာဏာရှင်များ၏ အမွေခံသူများ သို့မဟုတ် နာမည်ခံများဟု ကမ္ဘာက သတ်မှတ်ယူဆခံ ရသူများ ဖြစ်သည်။

                ကမ္ဘာတွင် အာဏာရှင်တို့၏ အာဏာအမွေနှင့် မတရားရှာထားသော ဓနဥစ္စာများ ဘေးကင်း လုံခြုံစိတ်ချမှု ရှိရေးသည် အာဏာရှင်များ၏ အရေးကြီးသော လုပ်ငန်းတာဝန်တစ်ခု ဖြစ်နေခြင်းမှာ မထူးဆန်းသည့် သဘာဝသာလျှင် ဖြစ်ပေသည်။ သို့သော်လည်း ဟာဘီဘီသည် သူ့ဆရာ အာဏာရှင်ထံမှ ရုန်းကန် ခွဲထွက်ရဲသည့် သတ္တိရှိသူ တစ်ဦး ဖြစ်ခဲ့သည်။ ၁၉၈၈ နှောင်းပိုင်းတွင် ဆူဟာတို၏ အစွပ်စွဲခံ အဂတိ လှိုက်စားမှုများကို စုံစမ်း စစ်ဆေးမှု စတင်ခဲ့ပြီး ထိုနောက်ပိုင်းတွင် ဆူဟာတိုကို ရုံးတော်၌ တရားစွဲဆိုခဲ့သည်။ အကယ်၍ ဟာဘီဘီသာ ၁၉၉၈ နှင့် ၁၉၉၉ အကြား အရေးကြီး သော ကာလတွင် ဆူဟာတို၏ ကြိုးဆွဲခြင်းကို ခံနေခဲ့ပါက အင်ဒိုနီးရှား၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သွား ပေလိမ့်မည်။

                ထိုကဲ့သို့ အသွင်ကူးပြောင်းရေး ခေါင်းဆောင်အဖြစ် သမိုင်း မှတ်တမ်းဝင်ခဲ့သော ဟာဘီဘီသည် သူ့လက်ထဲမှ အာဏာကိုမူ မထိန်းနိုင်ခဲ့ပေ။ အချို့ပြည်သူများက သူတို့၏ မှတ်ဥာဏ်တွင် ခါးသီးနေဆဲ ဖြစ်သည့် အနောက်နိုင်ငံအားပြု အာဏာရှင် ဆူဟာတိုနှင့် ရင်းနှီးလွန်းသူအဖြစ် ဟာဘီဘီကို ရှုမြင်နေကြဆဲ ဖြစ်သည်။ ဟာဘီဘီ၏ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများသည် စိတ်ရင်း စေတနာမှန်ကြောင့်မဟုတ်ပဲ ဒီမိုကရေစီ လှုပ်ရှားသူများနှင့် လူထုထံမှ ဖိအားပေးမှုကြောင့် ပေါ်ထွက်လာခြင်း သာ ဖြစ်သည်ဟု ပြည်သူ အများစုက သတ်မှတ် ယူဆခဲ့ကြသည်။ ထို့အပြင် သူ၏ အရှေ့တီမော ဆိုင်ရာ မူဝါဒကြောင့် လွှတ်တော်အမတ် အများစု၏ စိတ်ချ ယုံကြည်မှုကိုပါ ဆုံးရှုံးသွားခဲ့ရသည်။

                သို့သော်လည်း ဟာဘီဘီသည် သူ၏ အခွင့်အာဏာကို ကျော်လွန်၍ အာဏာကို ဖမ်းဆုပ်ထားရန် လုံးဝ မကြိုးစားခြင်းဖြင့် သူ၏ဂုဏ်သိက္ခာကို ပြသခဲ့သည်။ သမ္မတဟာဘီဘီ လက်ထက် အောင်မြင်သော အသွင်ကူးပြောင်းမှု ဖြစ်ပေါ်စေသည့် အရေးကြီးဆုံး အဓိကအချက်တစ်ခုမှာ အင်ဒိုနီးရှား စစ်တပ်က ဆူဟာတိုနှင့်လည်းကောင်း၊ နိုင်ငံရေးနှင့်လည်းကောင်း လမ်းခွဲရပ်တည်လိုက်သည့် ကိစ္စပင် ဖြစ်သည်။ ယင်းသို့ အင်ဒိုနီးရှား စစ်တပ်က သူကိုယ့်သူ ပြုပြင်ပြောင်းလဲရေး အစီအစဉ် ကျင့်သုံးခြင်းဖြင့် အင်ဒိုနီးရှားတွင် အစီအစဉ်တကျ အသွင်ကူးပြောင်းခြင်းကို ကြီးမားစွာ အမြတ်ထွက်စေခဲ့ သည်။

                ယခုလည်းပဲ ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းကာလက ဂလပ်စနော့ (ပွင့်လင်းမှု) နှင့် ပယ်ရီစတွိုက်ကာ (ပြန်လည်တည်ဆောက်မှု) မူဝါဒတို့ကို မိတ်ဆက် ကျင့်သုံးခဲ့သည့် သမိုင်းဝင် ဆိုဗီယက် ခေါင်းဆောင်ကဲ့သို့ပင် မြန်မာ မီခေးလ်ဂေါ်ဘာချက်ဗ်ဟု သမ္မတဦးသိန်းစိန်ကို သတ်မှတ်ရန် နောက် မကျသေးပါ။ ပြန်လည်ပြုပြင် တည်ဆောက်မှု (ပယ်ရီစတွိုက်ကာ) မရှိသေးဟု သတ်မှတ်နိုင်သည့် ဆောင်ရွက်မှုများ ရှိနေသော်ငြားလည်း အထက်တွင် ဖော်ပြခဲ့သည့် သမ္မတဦးသိန်းစိန်၏ ကနဦး ဆောင်ရွက်ချက်များမှာ ပွင့်လင်းမှု (စတွိုက်ကာ) ၏ အစဟု သတ်မှတ်၍ ရနိုင်ပေသည်။

                သမ္မတ ဦးသိန်းစိန်သည် လက်ရှိအစိုးရအတွင်းရှိ ယခင် အစိုးရဟောင်းအဖွဲ့များထဲတွင် အဂတိလိုက်စားမှု ကင်းရှင်းသူ၊ အဆံပြည့် ရေအိုးပြည့် ၍ မိမိကိုယ်ကို နှိမ့်ချတတ်သူတစ်ဦး ဖြစ်သည်ဟု အများက ယုံကြည်ခံရသူ ဖြစ်သည်။ သို့သော်လည်း သူသည် သူ၏ဆရာ အာဏာရှင်သန်းရွှေ၏ ကြီးမားစွာ လွှမ်းမိုးမှုကို ခံနေရဆဲလည်း ဖြစ်နိုင်ပေသည်။ သို့ရာတွင် အင်ဒိုနီးရှားနှင့် မြန်မာနှစ်နိုင်ငံမှာ အချို့ အခြေအနေများ တူညီကြသည့်အလျောက် သမ္မတ ဦးသိန်းစိန်ကို အင်ဒိုနီးရှား သမ္မတဟောင်း ဟာဘီဘီနှင့် နှိုင်းယှဉ်၍ ရနိုင်သည်ဟု ဆိုနိုင်သည်။

                အကယ်၍ ဦးသိန်းစိန်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လမ်းခင်းပေးမည့် ဆောင်ရွက်ချက်များ ပြုလုပ်ခဲ့သည့် ဟာဘီဘီကဲ့သို့ ပုဂ္ဂိုလ် မျိုး ဖြစ်လာမည် ဆိုပါက မြန်မာနိုင်ငံ၏ အောင်မြင်သောကူးပြောင်းမှုကို ဖြစ်ပေါ်စေရန် အလွန်အရေးကြီးသော အခြေအနေ နှစ်ခု လိုအပ်သည်။

  1. ပထမအချက်မှာ သမ္မတဦးသိန်းစိန် အနေဖြင့် ယင်း၏ဆရာ အာဏာရှင်သန်းရွှေနှင့် လမ်းခွဲကာ ကိုယ်ပိုင်လမ်း ဖောက်ရဲသည့် သတ္တိမျိုး ရှိရ မည်ဖြစ်သည်။
  2. ဒုတိယ အချက်မှာ မြန်မာ့တပ်မတော်အနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် မည်သို့ ပါဝင်ပူးပေါင်း ဆောင်ရွက်ရမည် ဆိုသည်ကို အင်ဒိုနီးရှား တပ်မတော်ထံမှ သင်ခန်းစာ ယူခြင်း ဖြစ်သည်။

*********************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs