Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဟောင်းနွမ်းနေသော ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များ အစိုးရမှ အစားထိုးလဲလှယ်ခွင့်ပြုမည်
  2. တောင်သူများ မျိုးစေ့ထက် စိုက်ပျိုးစရိတ် ပိုလိုအပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1.  ကချင် လက်နက်ကိုင်အဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် KIA ဒုစစ်ဦးစီးချုပ် ဂွမ်မော်ဒဏ်ရာရ
  2. အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. စစ်မှန်သော ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံတော် အချုပ်အခြာအာဏာအတွက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

ဟောင်းနွမ်းနေသော ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များ အစိုးရမှ အစားထိုးလဲလှယ်ခွင့်ပြုမည်

လက်ရှိအသုံးပြုနေသည့် အိုမင်းဟောင်းနွမ်းနေသော ပုဂ္ဂလိကပိုင်မော်တော်ယာဉ်များအား အစားထိုးလဲလှယ်နိုင်ရန် ဆောင်ရွက်ပေး သွားမည်ဟု သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများပူးပေါင်း၍ မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ကျော် ယာဉ်များကို ပထမအဆင့်အနေဖြင့် အစားထိုး လဲလှယ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အစားထိုး လဲလှယ်ခွင့်ပေးရာတွင် သတ်မှတ်ချက်နှင့်ပြည့်စုံသော ကားဟောင်းများကို မော်တော်ယာဉ် မှတ်ပုံတင်စာအုပ်နှင့်အတူ သတ်မှတ် ထားသောဌာနသို့ ပို့ဆောင်ပေးပြီး ယာဉ်အသစ်တစ်စီး ဝယ်ယူခွင့်ပါမစ်နှင့် လဲလှယ်ရမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

“ကိုယ်ပိုင်တဲ့ ကားဟောင်းတန်ဖိုးနဲ့ ပါမစ်ကိုလဲတာပဲ။ မလဲချင်လဲရတယ်။ ဒါပေမဲ့ နောက်နှစ်သက်တမ်းသွားတိုးလို့ စာမေးပွဲကျရင်တော့ လဲကိုလဲရမှာပေါ့” ဟု သက်ဆိုင်ရာဌာနတစ်ခုမှ အရာရှိတစ်ဦးက ပြောဆိုသည်။

ပထမအဆင့်ကားများကို လဲလှယ်ပေးပြီးပါက ဒုတိယအဆင့်အနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် ကားများအနက် မှတ်ပုံတင်သက်တမ်း အနှစ် ၃၀ကျော်မှ နှစ် ၄၀ကြား ယာဉ်များကို လဲလှယ်ပေးသွားမည်ဖြစ်ပြီး တတိယအဆင့်မှာအနှစ် ၂၀ကျော်မှ နှစ် ၃၀ကြား ယာဉ်များကို အဆင့်ဆင့် လဲလှယ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ လဲလှယ်ခွင့် ပေးပြီးပါမစ်ရရှိလာပါက မူရင်းနိုင်ငံ၏ ရောင်းဈေး ဒေါ်လာ ၃၅၀၀ ထက်မပိုသော ၁၉၉၅ခုနှစ် မော်ဒယ်လ်နှင့်အထက် ယာဉ်တစ်စီးအား မှာယူတင်သွင်းနိုင်မည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောကြားသည်။ ယင်းသို့ မှာယူတင်သွင်းနေရသည့် အချိန်တွင် ယာဉ်အဟောင်းကို ယာယီမောင်းနှင်ခွင့် ပြုထားမည်ဖြစ်ပြီး အသစ်ရောက်ရှိလာပါက အဟောင်းကို သံရည်ကြိုဖျက်ဆီးသွားမည်ဖြစ်သည်။

လဲလှယ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ အဆိုပါကားဟောင်းများသည် စက်သုံးဆီ ပိုမိုသုံးစွဲခြင်း၊ ကြံ့ခိုင်မှု အားနည်းခြင်းနှင့် ယင်းယာဉ်များမှ ထွက်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

အခွန်နှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော နှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လဲလှယ်ပေးမှုအပြင် နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်နေသူများ၊ ပြည်ပတွင် တရားဝင် အလုပ်လုပ်နေသူများနှင့် သဘောင်္သားများကိုလည်း မော်တော်ယာဉ် ဝယ်ယူခွင့်ပါမစ် ပေးသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက် ပြောကြားသည်။

နောင်တွင်လည်း ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနှင့် ထိုင်းနိုင်ငံစသည့်နိုင်ငံများမှ ကားထုတ်လုပ်သည့် ကုမ္ပဏီများကိုလည်း ပြည်တွင်း၌ လာရောက်ရောင်းချခွင့် ပြုသွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

တောင်သူများ မျိုးစေ့ထက် စိုက်ပျိုးစရိတ် ပိုလိုအပ်

မြန်မာနိုင်ငံ၌ ယခုနှစ်ပိုင်းအတွင်း ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးသည်းထန်စွာရွာသွန်း၍ လယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်းနှင့် လယ်ယာမြေ လုပ်သားရှားပါးမှုဒဏ်ကြောင့် တောင်သူများ ကြပ်တည်းလျက်ရှိပြီး လက်ရှိအချိန်တွင် စိုက်ပျိုးရန် မျိုးစေ့ထက် စိုက်ပျိုးစရိတ် ရရှိနိုင်ရန် မျှော်လင့်လျက် ရှိကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးစရိတ်မှာ စက်ငှားစရိတ်အပါအဝင် တစ်ဧကလျှင် ကျပ်ခုနှစ်သောင်းနီးပါးခန့် ကုန်ကျသည့်အတွက် အထွေထွေစရိတ် ထည့်ပေါင်း၍ စိုက်ပျိုးစရိတ် တစ်သိန်းရရှိမှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

တောင်သူများအဆင်ပြေနိုင်စေရန် နိုင်ငံတော်မှလည်း ကျေးရွာငွေစုငွေချေး ဘဏ်ကော်မတီများဖွဲ့စည်း၍ အသေးစား ငွေစုငွေချေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော်လည်း လက်ရှိအချိန်တွင် တောင်သူများအနေနှင့် လယ်ယာမြေ ရေနစ်ဆုံးရှုံးမှုဒဏ် အများဆုံးခံခဲ့ရသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့ရလျက်ရှိကြောင်း သိရသည်။

၎င်း အခက်အခဲများကြောင့် တောင်သူများမှာ ငွေရရှိနိုင်ရေးအတွက် ဆန်ကုန်သည်များ ပေးသည့်ဈေးနှင့်ပင် ကုန်ပစ္စည်းများ ထုတ်ရောင်းလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ တောင်သူများမှာ စိုက်ပျိုးစရိတ်၊ မျိုးစပါးနှင့် စက်ပစ္စည်း အကူအညီ အများအပြား လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မကြာသေးမီအချိန်ကလည်း ဆည်မြောင်းဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဂျိုက်ကာ)တို့ ပူးပေါင်း၍ ပြည်တွင်း စပါးမျိုးသန့်ထုတ်လုပ်နိုင်ရေးအတွက် ငါးနှစ်စီမံချက်ဖြင့် လုပ်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ref: Popular News

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

 ကချင် လက်နက်ကိုင် အဖွဲ့ အချင်းချင်း ပစ်ခတ်မှုကြောင့် KIA ဒုစစ်ဦးစီးချုပ် ဂွမ်မော်ဒဏ်ရာရ

ကေအိုင်အေ ထိန်းချုပ်ရာဒေသဖြစ်သည့် လိုင်ဇာမြို့ရှိ ဆွေးနွေးပွဲတစ်ခုတွင် ကချင်လက်နက်ကိုင် တပ်ဖွဲ့များအချင်းချင်း ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ၏ ဒုတိယစစ်ဦးစီးချုပ် ဂွမ်မော်သည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရှိရသည်။

“ယူနန်ပြည်နယ်က ဆေးရုံတစ်ရုံမှာ အစောင့်အရှောက်နဲ့ဆေးကုနေရတယ်”ဟု ယင်း သတင်းရင်းမြစ်က ပြောကြားသည်။

ယခုလ  ၁ရက်နေ့တွင် ပြုလုပ်သော လက်ရှိကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများနှင့် ပက်သက်၍ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ကေအိုင်အေ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ကေအိုင်အေတပ်ဖွဲ့တို့ကြား အငြင်းပွားမှု အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်မှု ဖြစ်ပွား ရာမှ ကေအိုင်အေအရာရှိ တစ်ဦးနှင့် အခြားတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာနှင့် စစ်တပ်ပိုင် သတင်းစာ များတွင် ဖော်ပြခဲ့သည်။

နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည့် သတင်းကို မဟုတ်မမှန် ဝါဒဖြန့်ခြင်းဖြစ်ကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က သတင်း မီဒီယာများကို တုံ့ပြန်ပြောဆိုခဲ့သည်။

KIA အနေဖြင့် အစိုးရတပ်များ၏ ထိုးစစ်အား တောင့်ခံနိုင်ရန်အတွက် စစ်စရိတ် တိုးမြှင့်မှုများရှိနေကြောင်း ကေအိုင်အေ ထိန်းချုပ်ထားသည့် နယ်မြေများမှ ဒေသခံများက တစ်ညီတစ်ညွတ်တည်း ဆိုကြသည်။

KIO အနေနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ လက်နက်ချရေးမူကို လုံးဝ လက်မခံနိုင်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့်လည်း သြဂုတ်လ(၁၈) ရက်နေ့စွဲဖြင့် အချက် (၃) ချက်ပါသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြေငြာချက်ကို တရားဝင်ထုတ်ပြန်ခဲ့ပြီး ကျင်းပနေသော လွှတ်တော် အစည်းဝေး ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ သည်။

KIO သည် ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေး ရယူခဲ့ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့ရာမှ လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr. Derek Mitchell နှင့် အဖွဲ့သည် စက်တင်ဘာလ (၉) ရက် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရတာဝန်ရှိသူများကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

Mr. Derek Mitchell သည် ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ပထမဆုံး တွေ့ဆုံပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးတို့အား ဆက်လက် တွေ့ဆုံခဲ့သည်။

Mr. Derek Mitchell အား တွေ့ဆုံခဲ့သူများမှ တစ်ဦးဖြစ်သူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်မှ “သူက လွှတ်တော်ရဲ့ ဥပဒေပြုရေးအဆင့်ဆင့်ကို သိလိုတယ်လို့ မေးပါတယ်။ အဲဒါကို ဒီဘက်က ဥပဒေပြုပုံ အဆင့်ဆင့်ကို ရှင်းပြပါတယ်။ နောက် မြန်မာနဲ့ အမေရိကန်ရဲ့ တရင်းတနှီး ဆက်ဆံလိုတဲ့ကိစ္စတွေ ရှိကြတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အာရှပစိဖိတ်ဒေသမှာ အရေးကြီးကြောင်းလည်း သူတို့က သိပါတယ်။ အဲဒီတော့ မြန်မာပြည်ရဲ့ အခုလက်ရှိ ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေတွေကို သူတို့ တော်တော်လေး စိတ်ဝင်စားတယ်။ ထဲထဲဝင်ဝင် ဆက်ဆံလိုတဲ့ သဘောကိုလည်း ပြပါတယ်။ သူတို့ဘက်ကလည်း လွှတ်တော်ရဲ့ ဥပဒေပြုမှုဟာ အားကောင်းနေမှ ပါလီမန် ဒီမိုကရေစီ စနစ်မှာ ဒီဥစ္စာက အရေးကြီးတယ် ဆိုတာ ပြောပြပါတယ်။ သူကတော့ အပြုသဘောတွေ့တယ်၊ နောက်လည်း တွေ့ချင်တယ်။ အခုလိုတွေ့ရတာ ၀မ်းသာတယ်။ ဒါကို ဆက်ဆံရေးအသစ် စတဲ့ သဘောပါပေါ့ဗျာ။ ဟိုတုန်းကထက် အပြုသဘောနဲ့ ဒီကာလလေးမှာ အပြောင်းအလဲတွေ ဖြစ်လာတယ်။ အပြုသဘောဆောင်တဲ့ဘက်ကို ပိုဦးတည် လာတယ် ဆိုတဲ့အခါကျတော့ သူလာရတဲ့ အကြောင်းရင်းကလည်း အဲဒါတွေပါ။ ဟိုတုန်းကနဲ့ အခုဟာ မတူခဲ့ဘူး။ အတိတ်ဟာ အတိတ်မှာ ကျန်ခဲ့ပြီလေ။ အဲဒီသဘောတွေလည်း ပါတာပေါ့။ ကျနော်တို့ ဆက်ပြီး လုပ်သွားနိုင်တဲ့ အခြေအနေက ရှေ့မှာရှိလာမယ်ဆိုတဲ့ သဘောပါ။ သူအကြံပြုချက်တွေကိုလည်း တလေးတစား နားထောင်ကြတယ်” ဟု တွေ့ဆုံပွဲ အခြေအနေများအား ပြောကြားသွားသည်။

Mr. Derek Mitchell သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်အဖြစ် သမ္မတ ဘားရက် အိုဘားမားက အဆိုပြုထားသူ တစ်ဦးဖြစ်ပြီး အာရှနှင့်ပစိဖိရေးရာ ဒုတိယလက်ထောက် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်သည်။

Mr. Derek Mitchell သည် လာမည့် တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ NGO အဖွဲ့များနှင့်လည်းတွေ့ဆုံရန် စီစဉ်ထားသည်။

YC

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဆရာဖြစ်တဲ့အလုပ်က ဆွဲဆောင်မှုရှိဖို့ အဓိကကျတယ်။ ကျောင်းဆရာအလုပ်က ဆွဲဆောင်မှု နည်းလာတဲ့အတွက် အမျိုးသားဆရာတွေ အရမ်းရှား လာတယ်။ ဆရာဦးရေ ၁၉၉၆ လောက်ထိ တော်တော်များများ ရှိသေးတယ်။ အဲ့ဒီ နောက်ပိုင်း စီးပွားရေး၊ လူမှုရေးတွေ အပြောင်းအလဲဖြစ်တော့ ဆရာတွေ ထွက်သွားကြတာပေါ့။ ပြည်ပ အလုပ်အကိုင်အတွက် မလေးရှားတို့၊ ဘာတို့သွားကြတာပါ။ ဆရာအလုပ်ကထွက်ပြီး ကုမ္ပဏီအလုပ်ဝင် လုပ်ကြတဲ့သူတွေ ရှိလာတယ်”

စက်တင်ဘာ ၈ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၂၅) တွင်ပါသည့် “အမျိုးသားဆရာရှားပါးမှု ဘယ်ဆေးနဲ့ကုမလဲ” သတင်းမှ ရန်ကုန် ပညာရေးတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (အငြိမ်းစား) ဖြစ်သူ ဦးမျိုးတင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- လက်ရှိပြောင်းလဲလိုက်တဲ့ ဘဏ်တိုးနှုန်းကိစ္စတွေရယ်။ မြန်မာငွေ တန်ဖိုးမာလာတာရယ်။ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ဘဏ်တိုးနှုန်းပုံစံတွေနဲ့ ပတ်သက်ပြီး  အနည်းငယ်နှိုင်းယှဉ် ပြောပြပေးစေလိုပါတယ်။

ဖြေ- မြန်မာပြည်ရဲ့ လက်ရှိ ဘဏ်တိုးနှုန်းဟာ အာဆီယံစံနှုန်းတွေထက် အနည်းငယ်မြင့်နေတယ်။ ဒါကြောင့်ဟိုမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား စီးပွားရေးသမားတွေက သူတို့ရဲ့ ငွေကြေးတွေကို ယူလာပြီး ဒီမှာရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ကြတယ်။ မြန်မာပြည်က ဘဏ်တွေမှာ လာအပ်ကြတယ်။ သူတို့ နိုင်ငံတွေမှာရှိတဲ့ အတိုးနှုန်းက တစ်နှစ်လုံးမှ သုံးကျပ်၊ လေးကျပ်ပဲ ရှိတယ်။ ဘဏ်တိုးနှုန်း အမေရိကန်မှာဆိုရင် တစ်နှစ်လုံးမှာမှ နှစ်ကျပ်ပဲရှိ တယ်။ ဒီမှာက  စုငွေကို ၁၁ ကျပ်၊ ပြန်ပြီးချေးတဲ့ငွေကို ၁၇ ကျပ် နှစ်စဉ်ပေးတယ်။ အဲဒီမှာ သိသာသွားတာက မြန်မာပြည်က ဘဏ်တိုးနှုန်းတွေက သိသိသာသာကြီး များနေတယ်ဆိုတာကိုပဲ။ ဒါကြောင့် နိုင်ငံတကာစီမံဖြစ်အောင် အတိုးနှုန်းတွေကို လျှော့ချဖို့ စီးပွားရေး ပညာရှင်အချို့ကပြောတယ်။ စီးပွားရေး လုပ်ငန်းရှင် တွေကလည်း ဒီအတိုးနှုန်းအတိုင်းသာ ဆက်သွားရင် နိုင်ငံတကာကို မပြိုင်နိုင်ကြဘူးလို့ပြောတယ်။ နိုင်ငံတကာက စီးပွားရေးသမားတွေက ခုနှစ်ကျပ်နဲ့ ချေးပြီး အလုပ်လုပ်လို့ ရတယ်။ အတိုး နှုန်းနဲ့ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက အချက်သုံးချက်နဲ့ တောင်းဆိုတယ်။ (၁) ဘဏ်တိုးနှုန်း လျှော့ချပေးဖို့၊ (၂) အမေရိကန်ငွေတန်ဖိုးကျနေတာကို အစိုးရက ပြန်ပြီးတက်အောင်ပြုလုပ်ပေးဖို့၊ (၃) အခွန်အခတွေလျှော့ချဖို့၊ ပို့ကုန်ခွန်၊ ဝင်ငွေခွန်တွေက အစပေါ့။

စက်တင်ဘာ (၉) ထုတ် မြန်မာပို့စ် ဂလိုဘဏ် အမှတ် (၂၅) တွင်ပါသည့် “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်နှင့် အင်တာဗျူး ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“generation က ခါးဆက်ပြတ်သွားပါပြီ။ ဒါကြောင့်တက်နိုင်သလောက်တော့ ကြိုးစားချင်တာတော့အမှန်ပဲ။ သူများ နိုင်ငံနဲ့က အခြေအနေခြင်း မတူဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးဟာ နိုင်ငံရေးပါ။ နိုင်ငံရေး မပြေလည်ရင် စီးပွားရေးလည်း မပြေလည်ဘူး။ စီးပွးရေး မပြေလည်ရင် လူမှုရေးလည်း မပြေလည်၊ ကြာလာတော့ နိုင်ငံတိုးတက်ရေး အတွက် အများကြီးအတားအဆီးဖြစ်သွားစေပါတယ်”

စက်တင်ဘာ ၉ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၃) တွင်ပါသည့် “မျှော်လင့်ချက်များရှင်သန်ရာသို့” သတင်းဆောင်းပါးမှ ပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မကြာခဏဆိုသလို ဘဏ်ကိုလာတဲ့ customer တွေ ငွေအလိမ်ခံနေရတာ။ အမျိုးသမီးတစ်ဦးက ဘဏ်က ငွေထုတ်လာတဲ့သူကို ငွေလဲခိုင်းတယ်။ ကိုယ့်မှာ ငါးထောင်တန်ပါတယ်ဆိုရင် တစ်ထောင်တန်နဲ့ လဲခိုင်းတယ်။ တစ်ထောင်တန်ဆို ငါးထောင်တန်နဲ့ လဲခိုင်းတယ်။ ဘယ်လိုလုပ် လိုက်တယ်တော့ မသိဘူး။ လဲပေးပြီးရင် ကိုယ့်မှာရှိတဲ့ငွေက လျော့နေပြီ။ အဲလိုမျိုး ခဏခဏဖြစ်တယ်။ သူတို့က အဖွဲ့လိုက်လိမ်နေတာ။ ဒီနေရာမှာ လိမ်ပြီးရင် တော်တော် ကြာကြာ ပျောက်သွားတတ်တယ်။ မေ့လောက်ပြီဆိုတဲ့အချိန်ကျမှ ပြန်လာကြတယ်။ အခုရက်ပိုင် customer တချို့အဲလိုမျိုး အလိမ်ခံရတယ်။ အဲဒါကြောင့် ဘဏ်ရှေ့နဲ့ဝန်းကျင်မှာ အမျိုးသမီးတစ်ဦးပိုက်ဆံလာ လဲခိုင်းရင် လဲမပေးဖို့ သတိပေးစာကပ်ထားရတယ်”

စက်တင်ဘာ ၉ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၃) တွင်ပါသည့် “ပုဂ္ဂလိကဘဏ်အချို့ဝန်းကျင်တွင် အဖွဲ့လိုက် ငွေလိမ်လည်မှုများရှိနေ” သတင်းမှ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပုဂ္ဂလိကဘဏ်တစ်ခုမှ ဝန်ထမ်းတစ် ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

စစ်မှန်သော ငြိမ်းချမ်းရေးအတွက်၊ နိုင်ငံတော် အချုပ်အခြာအာဏာအတွက်

လွှတ်တော်၌ အသစ်ထပ်မံ ဖွဲ့စည်းလိုက်သော ကော်မတီတွင် အရေးကြီးသည့် ကော်မတီတစ်ရပ်မှာ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီဖြစ်သည်။ နှစ်ပေါင်းများစွာ ဖြေရှင်း၍မရခဲ့သည့် တိုင်းရင်းသားအရေး ကိစ္စသည် မြန်မာနိုင်ငံ ခေတ်နောက်ကျ ကျန်ခဲ့ရခြင်း၏ အဓိက ပြဿနာတစ်ရပ်လည်း ဖြစ်နေပေသည်။ နိုင်ငံရေး တည်ငြိမ်မှုမရှိဘဲ ပြည်တွင်းလက်နက်ကိုင်များဖြင့် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းပြည်များတွင် စစ်တပ်၏ သြဇာအာဏာ သက်ရောက်မှု ကြီးမားလေ့ရှိပြီး ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အားနည်းကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများတွင် အလုံးစုံလွှမ်းခြုံနိုင်သည့် မူဝါဒများလည်း ချမှတ်နိုင်ခြင်းမရှိ၍ တိုင်းပြည်မှာ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးသွားခဲ့ရခြင်း ဖြစ်သည်။

လွတ်လပ်ရေး ရသည့်အချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် ယနေ့အထိ ဖြေရှင်း၍မရသော ကိစ္စတစ်ရပ်ဖြစ်နေသည်။ ဖြေရှင်း၍ မရသည့် အကြောင်းအရင်းမှာ ၎င်းတို့ ပြည်နယ်များအရေးတွင် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်ခွင့် မရခဲ့ကြ၍ ဖြစ်သည်။ ယနေ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ကြွေးကြော်သံသည် လွတ်လပ်ရေးရပြီးခေတ် နောက်ပိုင်းနှင့် သိသာစွာကွဲပြားလာသည်။ ယခင်က ပြည်နယ် လွတ်မြောက်ရေး၊ လွတ်လပ်သော ကော်သူလေ သမ္မတနိုင်ငံ တည်ထောင်ရေး၊ ရှမ်းသမ္မတနိုင်ငံ တည်ထောင်ရေး ကြွေးကြော်သံများအစား စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးဟု ပြောင်းလဲလာသည်။ ပြည်နယ်လေးများသည် မိမိပြည်နယ်တစ်ခုချင်း ရပ်တည်ရန် မဖြစ်နိုင်ဘဲ ပြည်ထောင်စုအနေဖြင့် ရပ်တည်သင့်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များ သဘောပေါက်လာကြသည်။ သို့ရာတွင် ဖက်ဒရယ်မူဟူသော ဆေးခါးကြီးမှာ ဗမာခေါင်းဆောင် တို့အတွက် မျိုရခက်လှသည်။ ၎င်းတို့နားလည်သည်မှာ ဖက်ဒရယ်မူပေးလိုက်လျှင် ပြည်ထောင်စုကြီး ပြိုကွဲတော့မည်ဟူ၍သာ။ ထို့ကြောင့် ဖက်ဒရယ်မူ ဟူသော စကားရပ်၊ ဖက်ဒရယ် ပြည်ထောင်စုဟူသော စကားရပ်များသည် ဗမာခေါင်းဆောင်တို့ ပါးစပ်ဖျားတွင်ပင် တင်လေ့မရှိဘဲ ယူနီယံဟုသာ ခေါ်ဆိုလေ့ရှိသည်။ ဖက်ဒရယ်ပင်ဖြစ်စေ၊ ယူနီယံပင်ဖြစ်စေ သဘောသဘာဝ ခြင်းမကွာလှဘဲ ကျင့်သုံးသည့် နိုင်ငံအပေါ်တွင်သာ မူတည်သည် ဖြစ်သော်လည်း ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် အသုံးအနှုန်းသည် မြန်မာနိုင်ငံတွင် မည်သို့မျှ ဖြစ်ပေါ်မလာနိုင်သည့် ကိစ္စပင်ဖြစ်သည်။

ထိုဖက်ဒရယ် အရေးကိစ္စနှင့်ပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ ဆင်နွှဲလာရသည်မှာ ယနေ့တိုင် အဆုံးမသတ်နိုင်သေး။ မြန်မာအစိုးရ အဆက်ဆက်က ပြည်တွင်းငြိမ်းချမ်းရေးရရန် ကြိုးပမ်းခဲ့သော်လည်း ပါလီမန်ခေတ်က ဝန်ကြီးချုပ်ဦးနု၏ နိုင်ငံရေးကစားမှုကြောင့် ပြည်နယ်များ ပိုထွက်လာခြင်းသာ အဖတ်တင်ခဲ့ခြင်း၊ တော်လှန်ရေးကောင်စီ လက်ထက်ကလည်း တိုင်းရင်းသားပြဿနာကို စစ်တပ် အာဏာ    တည်မြဲရေးအတွက် အဖြည့်ခံအဖြစ် အသုံးချခဲ့ခြင်းတို့ကြောင့် အောင်မြင်ခြင်း မရှိခဲ့ပါ။ န.အ.ဖလက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် ငြိမ်းချမ်းရေး ရယူနိုင်ခဲ့သည်။ သို့သော် ထာဝရငြိမ်းချမ်းရေး မဟုတ်ဘဲ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ရေး အစီစဉ်အရသာဖြစ်ပြီး အချို့သော လက်နက်ကိုင် အဖွဲ့အစည်းများသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသများဖြင့် လက်နက်ကိုင်ဆောင်ခွင့်များ ဆက်လက်ကိုင်စွဲထားခဲ့ကြသည်။ န.အ.ဖ၏ အတွင်းရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ကြိုးပမ်းမှုဖြင့် ပြည်တွင်းစစ်ပြဿနာကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတခွင်တွင် အပစ်အခတ်များ ရပ်စဲသွားသည်နှင့်အမျှ တရုတ်ပြည်နှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်လာခဲ့သည်။ န.အ.ဖသည်လည်း ပြည်တွင်းငြိမ်းချမ်းရေးထက် တရုတ်ပြည်နှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အင်အားကြီးနိုင်ငံ၏ ထောက်ခံမှုရရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်များကို အသုံးချခဲ့ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် န.အ.ဖ အစိုးရလက်ထက်အထိ မြန်မာအစိုးရ အဆက်ဆက်သည် တိုင်းရင်းသားလက်နက်ကိုင်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စစ်မှန်သော စေတနာ လုံးဝမရှိခဲ့ဟု ကောက်ချက်ချရမည်ဖြစ်သည်။

န.အ.ဖ အစိုးရ နေဝင်ချိန် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်း၍ ၂၀၁၀တွင် အရပ်သားအစိုးရ ပြောင်းလဲနိုင်ခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတိုင်းသည် တန်းတူညီမျှ အခွင့်အရေးရှိသည်ဟူသော မက်လုံးဖြင့် တိုင်းရင်းသားပါတီများလည်း ရွေးကောက်ပွဲ ဝင်ခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ်မှာ တန်းတူညီမျှသော အခွင့်အရေးမရရှိ၍သာ ဖြစ်ရာ ယခုရွေးကောက်ပွဲက စစ်မှန်သော ပြည်ထောင်စုနှင့် တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသားများ ပါဝင်ခွင့်ရှိမည်ဟု ယူဆခဲ့ကြ၍ဖြစ်သည်။ သို့ရာတွင် မြန်မာအစိုးရသစ်၏ စေတနာမှာ သံသယဖြစ်ဖွယ် ရှိခဲ့သည်။ တိုင်းရင်းသား မဲဆန္ဒနယ်များတွင်လည်း တိုင်းရင်းသားများ လေးစားကြည်ညို သည့် ပုဂ္ဂိုလ်များ ဝင်ရောက်ရွေးချယ်ခံခွင့် မရှိခဲ့သလို ရှိခဲ့လျှင်လည်း ပြည်ခိုင်ဖြိုးပါတီ၏ မဲလိမ်လည်မှုဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရ သည်ကို တွေ့ရသည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံသည် တန်းတူညီမျှမှုကို စာရွက်ပေါ်တွင်သာ ပေးထားသည်ဟု ယူဆရမည်ကဲ့သို့ ဖြစ်နေပြန်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း အပြည့်အဝကျင့်သုံးလျှင် နိုင်ငံတကာတွင် ကျင့်သုံးလျှက်ရှိသော ဖက်ဒရယ်စနစ်မျိုးကဲ့သို့ မဟုတ်စေကာမူ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းအောင် ဆောင်ရွက်နိုင် ပါလိမ့်မည်။ သို့ရာတွင် ရွေးကောက်ပွဲ၌ တိုင်းရင်းသား ကိုယ်စားလှယ်များ အင်အားနည်းပါးခဲ့ခြင်း၊ လူထုကြည်ညိုသော ခေါင်းဆောင်များ ပါဝင်ခွင့်မရခြင်း တို့က အစိုးရသစ်ကို သံသယပွားစေခဲ့သည်။

အစိုးရသစ်တက်ပြီး မကြာမီမှာပင် ကချင်အပစ်ရပ်အဖွဲ့များနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။ အခြား ကရင်နှင့် ရှမ်းလက်နက်ကိုင် များနှင့်လည်း တိုက်ပွဲများ စိပ်လာသလို ၂၀၀၉ခုနှစ်တည်းက တင်းမာနေသော ဝ၊ ကိုးကန့်အဖွဲ့များနှင့်လည်း တင်းမာမှု မြင့်တက်လာပြန်သည်။ အစိုးရသစ်က ၂၀၀၈ဖွဲ့စည်းပုံအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ကာကွယ်ရေးဦးစီးချုပ်၏ အောက်တွင်သာရှိရမည်ဟု အကြောင်းပြ၍ နယ်ခြားစောင့် တပ်ဖွဲ့စည်းရန် အတင်းအကျပ် ဖိအားပေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယခုအချက်သည် အစိုးရသစ်၏ အမှားမဟုတ်ဟု ဆိုရမည်ဖြစ်သည်။ နိုင်ငံတကာရှိ ပြည်ထောင်စုများတွင် ပြည်နယ်များ၌ အမြင့်ဆုံးအဖြစ် ပြည်နယ်ရဲတပ်ဖွဲ့ကိုသာ ဖွဲ့စည်းခွင့်ရှိပြီး ပြည်နယ်စစ်တပ် ဖွဲ့စည်းခွင့် မရှိပေ။ အမေရိကန် ပြည်ထောင်စု၌ပင်လျှင် ပြည်နယ်စစ်တပ်မရှိပေ။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖျက်သိမ်းခြင်း၊ နယ်ခြား စောင့်တပ်ပြောင်းခြင်းတို့ကို ပြုလုပ်ရမည်မှာလည်း အမှန်ပင်ဖြစ်သည်။ သို့သော် ယုံကြည်မှု တည်ဆောက်နေရသည့် အခြေအနေတွင် တစ်ခု တည်းသော တပ်မတော်ဖြစ်ရေးမှာ တိုင်းရင်းသားတို့အတွက် မဖြစ်နိုင်သေးသည့် အခြေအနေပင် ဖြစ်သည်။ လက်ရှိ ၂၀၁၀ ရွေးကောက်ပွဲတွင်ပင် ဗမာအစိုး ရ၏ မရိုးသားမှုကို လက်တွေ့ခံစားလိုက်ရ၍ ဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းရင်းသား လက်နက်ကိုင် များကို အရေးယူတော့မည်ဆိုလျှင် ဗမာအစိုးရ ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံ ကို လိုက်နာကျင့်သုံးခြင်းရှိမရှိ ဦးစွာ စဉ်းစားရန် လိုပေမည်ဖြစ်သည်။

သို့ရာတွင် သမ္မတကြီး ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းတို့သည် လွှတ်တော်များအား ကောင်းရေး၊ ၂၀၀၈ဖွဲ့စည်းပုံ အသက်ဝင်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အပြင်းအထန် ကြိုးပမ်းလျက် ရှိသည်ကိုလည်း သံသယမရှိ တွေ့ရသည်။ သူရဦးရွှေမန်း၏ ကြိုးပမ်းမှုဖြင့် ကော်မတီများပေါ်ပေါက်လာပြီး ယခင်ဆက်သွယ်ရေး ဝန်ကြီးဟောင်း ဦးသိန်းဇော်က ဦးဆောင်၍ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် စတင်ကြိုးပမ်းမှုအဖြစ် ၂၀၀၉ခုနှစ်တည်းက အခြေအနေတင်းမာခဲ့သော “ ဝ” နှင့် မိုင်းလားအဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ပဏာမအဆင့် ရယူနိုင်ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်များတွင် အင်အား အကြီးဆုံးဖြစ်သော ဝ တပ်ဖွဲ့များနှင့်  သဘောတူညီမှု ရယူနိုင်ခဲ့သည်မှာ ကောင်းမွန်သည့် ကိစ္စရပ် ဖြစ်သော်လည်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရန်မလိုဟု ၂၀၀၈ဖွဲ့စည်းပုံကို ကျော်လွန်၍ သဘောတူညီမှုယူခဲ့ရခြင်းမှာ အစိုးရသစ်အတွက် သိက္ခာကျဖွယ်ဖြစ်သည်။ ထို့ပြင် ဝ လက်နက်ကိုင်များသည် တိုင်းရင်းသား လွတ်မြောက်ရေး ထက် တရုတ်ပြည်ကြီး၏ ကျောထောက်နောက်ခံပြုမှုဖြင့် မြန်မာနိုင်ငံအတွင်း၌ နိုင်ငံအသေးစား ထူထောင်နေသည့် တပ်ဖွဲ့များသာ ဖြစ်သည်။ ဗကပ မှ ကွဲထွက်လာသော ဝ လက်နက်ကိုင်များတွင် ဝ တိုင်းရင်းသား စစ်စစ်ထက် တရုတ်လူမျိုးများကသာ ဦးဆောင်နေပြီး ဘိန်းကုန်ကူးခြင်း၊ နယ်မြေဖြတ်သန်းခ ကောက်ခံခြင်းများကို ပြုလုပ်လျှက်ရှိနေသည့် အဖွဲ့အစည်းများ ဖြစ်သည်။ ထိုလက်နက်ကိုင်အဖွဲ့တွင် နိုင်ငံရေး အိုင်ဒီယိုလိုဂျီမရှိ၊ ပြည်ထောင်စု အတွေး အခေါ်လည်းမရှိဘဲ စင်စစ်အားဖြင့် တရုတ်တို့ မြန်မာ့မြေကို တစ်စချင်းဖဲ့ယူရာတွင် အသုံးချသည့် လက်နက်ကိုင်များသာ ဖြစ်သည်။ ဝ တိုင်းရင်းသား၏ မူလဘူတမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖြစ်ပြီး မြန်မာအစိုးရအဆက်ဆက်နှင့် တင်းမာစဉ်ကာလများတွင် ယူနန်အစိုးရမှ စစ်ရေးနှင့် ငွေကြေးထောက်ပံ့ ခဲ့သည်။ ထိုကဲ့သို့ မိမိမြေကို ဖဲ့ယူရန် ကြိုးပမ်းနေသော ပြည်ပအားကိုး လက်နက်ကိုင်ကို အလျော့ပေး၍ ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ရခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ကျဆင်းစေသည့် လုပ်ရပ်ဖြစ်သည်။ ထို့ပြင် အမှန်တကယ် တိုင်းရင်းသားလူထုအတွက် တိုက်ပွဲဝင်နေကြသည့် ကချင်၊ ကရင်နှင့် မွန်လက်နက်ကိုင်များကဲ့သို့သော တိုင်းရင်းသား အဖွဲ့များကိုလည်း မလေးမခန့်ပြုရာရောက်သည်။ လူမျိုးခြား တရုတ်ကို အောက်ကျို့၍ မိမိတိုင်းရင်းသားကို အရေးမစိုက်သည့် အစိုးရသစ်၏ လုပ်ရပ်မှာ  တရုတ်ပြည်၏ သြဇာခံ လုံးလုံးလျားလျား ဖြစ်နေပြီကို ပြသရာရောက်နေသည်။

အမှန်တကယ် တိုင်းရင်းသားအရေးအတွက် တိုက်ပွဲဝင်နေကြသော လက်နက်ကိုင်များကို အစိုးရသစ်က မည်သို့ သဘောထားသနည်း။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံး လေးစားသမှုဖြင့် အဆိုပြုထားသည့် ပုဂ္ဂိုလည်း ပါဝင်ခွင့်မရ၊ ပါဝင်ခွင့် ရသည့် ပုဂ္ဂိုလ်များကလည်း တရုတ်အစိုးရ မငြိုငြင်ရေးအတွက် တိုင်းရင်းသားအရေခြုံပြီး မြန်မာ့မြေကို ဖဲ့ယူနေသည့် သောင်းကျန်းသူကိုမှ မိမိတို့ကိုယ်တိုင် ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို မျက်ကွယ်ပြု၍ ဒူးထောက်လိုက်ရပြီဖြစ်သည်။  သေချာသည်မှာ မြန်မာတို့၏ မူလဋ္ဌာနေ တိုင်းရင်းသားများ ဖြစ်ပြီး မိမိပြည်နယ်နှင့်လူမျိုးအတွက် ၊ စစ်မှန်သော ပြည်ထောင်စုဟူသည့် နိုင်ငံရေးအိုင်ဒီယိုလိုဂျီ ဖြင့် တိုက်ပွဲဝင်နေကြသော ကချင်၊ ကရင်နှင့် မွန်ကဲ့သို့ အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ခြင်းမပြုသေးသမျှ ကာလပတ်လုံး ပြည်တွင်းစစ် သံသရာလည်နေဦးမည်သာဖြစ်ပြီး တရုတ်တို့၏ နယ်မြေတိုးချဲ့မှုနှင့်အတူ အချုပ်အခြာအာဏာ တစတစ ဆုံးရှုံးလာမည့် ရလဒ်သာ ဖြစ်ပေါ်လာနိုင်ပေလိမ့်မည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs