Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 ၁၁.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မော်တော်ကားအဟောင်းများ ဈေးထိုးတက်
  2. မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံကို အင်ဒိုနီးရှားက ဗီဇာကင်းလွတ်ခွင့်ပြု

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအား ဖိတ်ကြားခြင်းမရှိ
  2. NDF ပါတီ၏ ဒုတိယအကြိမ် နိုင်ငံရေးသင်တန်း မန္တလေး၌ ပြုလုပ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဖွဲ့စည်းပုံကို တမင်မှေးမှိန်စေရော့သလား အကယ်ဒမီကျော်ဆန်း…. သို့ အိတ်ဖွင့်ပေးစာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

မော်တော်ကားအဟောင်းများ ဈေးထိုးတက်

ကားဟောင်းများကို ကားအသစ် လဲလှယ်ခွင့်ပေးမည့် သတင်းကြောင့် ရန်ကုန်နှင့်  မန္တလေး ကားဈေးကွက်များတွင် ဈေးကွက်အခေါ် အောက်ကားများ ဝယ်လိုအား ထိုးတက်လျက်ရှိနေကြောင်း သတင်းရရှိသည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် နှစ်လေးဆယ်ကျော် သက်တမ်းရှိ မော်တော်ယာဉ်အဟောင်းများကို ၁၉၉၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်သည့် ဒေါ်လာ ၃၅၀၀ထက်မပိုသော ကားများဖြင့် လဲလှယ်ခွင့်ပြုမည် ဖြစ်ကြောင်းနှင့် ထပ်မံ၍ အနှစ်သုံးဆယ်၊ နှစ်ဆယ် သက်တမ်းရှိ ယာဉ်များကို အဆင့်ဆင့် လဲလှယ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သဖြင့် ဈေးကွက်အတွင်းတွင် နာရီပိုင်းအတွင်း အောက်ကားဈေးများ ထိုးတက် သွားခဲ့ရခြင်း ဖြစ်သည်။

“လေးဘီး အစုတ်တစ်စီးတောင် သိန်းငါးဆယ်လောက် ခေါ်ရောင်းနေတယ်၊ ဒီနေ့တစ်ရက်တည်းကို ဖြစ်သွားတာ” ဟု မန္တလေးမှ ကားပွဲစား တစ်ဦးက ရှင်းပြသည်။

ကားအဟောင်းနှင့် ပတ်သက်သော စာရွက်စာတမ်းများကို အသစ်လဲလှယ်ပေးမည့်ဌာနသို့ ပို့ဆောင်ရမည် ဖြစ်ကြောင်း၊ ထိုဌာနမှ မော်တော်ယာဉ်အသစ် တင်သွင်းခွင့် ပါမစ်ချပေးမည်ဖြစ်ပြီး ကားအသစ်မရောက်သေးချိန်တွင် ကားအဟောင်းကို ယာယီသုံးစွဲနိုင်သေးကြောင်း၊ ကားအသစ်ရချိန်တွင် ကားအဟောင်းကို သံရည်ကြို ဖျက်ဆီးမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ကားအဟောင်းများ လဲလှယ်ခွင့်ပြုမည့် သတင်းမှာ ဈေးကွက်တွင် ကောလဟာဟအဖြစ် ရှိနေခဲ့ရာမှ တရားဝင်ကြေညာချက် ထွက်ပေါ်လာပြီးချိန်တွင် နာရီပိုင်းအတွင်း အရောင်းအဝယ်လှုပ်ခတ်သွားခြင်း ဖြစ်သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာအပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံကို အင်ဒိုနီးရှားက ဗီဇာကင်းလွတ်ခွင့်ပြု

မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လာရောက်သူများအား အင်ဒိုနီးရှားနိုင်ငံက ဗီဇာကင်းလွတ်ခွင့် ပြုလိုက်ပြီဖြစ်ကြောင်း သတင်းထုတ် ပြန်ချက်တစ်ရပ်အရ သိရသည်။

ယင်းသို့ ဗီဇာကင်းလွတ်ခွင့်ပြု လိုက်သည့် နိုင်ငံများမှာ မြန်မာ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ချီလီ၊ အီကွေဒေါ၊ ဟောင်ကောင်၊ လာအို၊ မကာအို၊ မလေးရှား၊ မော်ရိုကို၊ ပီရူး၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက် နမ်နိုင်ငံတို့ ဖြစ်ကြောင်း သိရပြီး အဆိုပါနိုင်ငံများသည် ဗီဇာမ လိုအပ်ဘဲ အင်ဒိုနီးရှား နိုင်ငံတွင်း ရက် ၃၀ ကြာနေထိုင်ခွင့်ရှိသည်ဟု  စင်ကာပူနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

၂၀၁၁ ခုနှစ် မတ်လအတွင်း  အာဆီယံဒေသတွင်း နိုင်ငံများမှ ခရီး သွားဦးရေ ၂၁၀၀၀၀ ကျော် အင်ဒိုနီးရှား နိုင်ငံသို့ ၀င်ရောက်ခဲ့ကာ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့ အဓိက ပါဝင်ခဲ့သည်ဟု သိရှိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် ခရီးသွား များပြားသော အနေအထားဖြင့် ရပ်တည်နေပြီး ဘာလီ ကျွန်းမှာလည်း အာရှ၏ကျော်ကြားသော ခရီးသွားဒေသတစ်ခုလည်း ဖြစ်နေသည်။

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံအနေဖြင့်  ယခုနှစ်တွင် လက်ခံကျင်းပရသော အစည်းအဝေးများ၊ ဆွေးနွေး ပွဲများ၊ ပြပွဲများသို့ လာရောက်သူများလည်း များပြားခဲ့ကာ ကျန်ရှိနေသေးသည့် အခမ်းအနားများသို့လည်း တက်ရောက်သူ ပိုမိုနိုင်သည်ဟု အင်ဒိုနီးရှားနိုင်ငံ Antara News က ထုတ်ပြန်ထားသည်။

(၁၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ၌ ပြုလုပ်   မည်ဖြစ်ကြောင်း သိရပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး တည်ရှိသည့်အတွက်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအရာရှိများ လာရောက်မှုများမှာ ယခင်ကတည်းက ရှိနေသည်။

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်ပါကလည်း ဗီဇာကြိုတင် လျှောက်ထားရန် မလိုအပ်ဘဲ ဆိုက်ရောက်ဗီဇာဖြင့် ၀င်ရောက်ခွင့် ရရှိထားသည်။

Ref:  WEEKLY ELEVEN

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအား ဖိတ်ကြားခြင်းမရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပမည့် ဒီမိုကရေစီနေ့ အခမ်းအနားအား ဖိတ်ကြားထားခြင်း မရှိကြောင်း သိရသည်။

 “အခုထိတော့ ဖိတ်ကြားထားတာ မရှိသေးဘူး။ ဖိတ်ရင်လည်း အန်တီအနေနဲ့ တက်ဖို့ စဉ်းစားရအုံးမှာပါ”ဟု စက်တင်ဘာ ၁၀ ရက်နေ့က ယင်း၏ နေအိမ်တွင် ဆိုသည်။

စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ကျင်းပရန် ပြင်ဆင်ထား ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနားအား သြဂုတ်လက ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို လွှတ်တော်အဆောက်အဦးတွင်  အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲအနိုင်ရပါတီများ အနေဖြင့် ပါတီတစ်ခုလျှင် ဒီမိုကရေစီနှင့်ပတ်သက်သည့် စာတမ်းများအား ဖတ်ကြားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ စမ်းချောင်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ဆိုသည်။

“စာတမ်းကတော့ A4 နှစ်မျက်နှာစာပါ။ ရေးလို့လည်း ပြီးပါပြီ။ ဒီလိုနေ့တွေလုပ်ပေးတာကို ကြိုဆိုပါတယ်။ လွှတ်တော်ထဲမှာသာမက အပြင်မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဦးစီးပြီးလုပ်ပေးရင် ကောင်းပါတယ်”ဟု ယင်းကဆိုသည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီစနစ် ထွန်းကားစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၅ ရက်နေ့ကို  ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ ၂၀၀၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

NDF ပါတီ၏ ဒုတိယအကြိမ် နိုင်ငံရေးသင်တန်း မန္တလေး၌ ပြုလုပ်မည်

၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF) ပါတီမှ မန္တလေး၌ ဒုတိယအကြိမ်မြောက် နိုင်ငံရေးသင်တန်းကို စက်တင်ဘာ လအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မန္တလေး၌ စက်တင်ဘာလအတွင်းပြုလုပ် သွားမည်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ဒုတိယအကြိမ်မြောက် နိုင်ငံရေး သင်တန်းတွင်  ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသိပ္ပံပညာရှင်များကို ဖိတ်ကြား၍ နိုင်ငံရေး သိပ္ပံ ဘာသာရပ်ကို သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။

                ထို့ပြင် NDF ပါတီ၏ ဒုတိယအကြိမ်မြောက် နိုင်ငံရေးသင်တန်းတွင် ပြည်တွင်းရှိ ပညာရှင်များဖြစ်သည့် နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်နှင့် Hong Kong City University မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာကျော်ရင်လှိုင်နှင့် နိုင်ငံရေးသုတေသီ ဦးတင်မောင် မောင်သန်းတို့မှ ပါဝင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ ပထမဆုံးအကြိမ် နိုင်ငံရေးသင်တန်းကို ၂၀၁၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွှန့်ရပ်ကွက်ရှိ NDF ပါတီရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ၎င်း သင်တန်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ခေါင်းဆောင် ဦးမြင့်က အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုကင်းစင်ရေး၊ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် စာတမ်းကို ဖတ်ကြားခဲ့ကြောင်း သိရသည်။

                                                                                                                Ref:News Week

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့တဲ့ ဝန်ထမ်း ၁၂ ဦးကို ထုတ်ပယ်ခြင်း၊ အဆင့်လျှော့ခြင်း၊ နယ်ပြောင်းခြင်း စတဲ့ အရေးယူ အပြစ်ပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ လာဘ်ပေးလာဘ်ယူမှုတွေကို အထောက် အထား ပြည့်ပြည့်စုံစုံနဲပတိုင်ပါ။ မှန်ကန်ရင် ကျွန်တော်တို့ဘက်က အရေးယူဖို့ အသင့်ပါပဲ”

စက်တင်ဘာ ၈ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၂၅) တွင်ပါသည့် “လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန လာဘ်ပေး လာဘ်ယူမှုပြုလုပ်သော ဝန်ထမ်းများအား အရေးယူ” သတင်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 “ဘဏ်တွေကို နိုင်ငံခြားငွေ ကိုင်ခွင့်ပေးလိုက်မယ်ဆိုရင် အများကြီးကောင်းသွားမယ်။ နိုင်ငံခြား ရောက်နေတဲ့သူတွေလည်း ဘဏ်ကနေတစ်ဆင့် တိုက်ရိုက် ငွေလွှဲလာနိုင်တယ်။ ဒါဆိုနိုင်ငံတော်အတွက် အခွန်ငွေလည်း ရလာနိုင်တယ်။ အခု ဟွန်ဒီ(တရားမဝင် ငွေပေးပို့တဲ့စနစ်)နဲ့ လွှဲနေတာဟာ အစိုးရအတွက်လဲ ဝင်ငွေထိခိုက်တယ်။ မမှန်ကန်တဲ့ သူနဲ့တွေ့ရင် ငွေလဲ ဆုံးရှုံးနိုင်တယ်။ ဒါကြောင့် ပုဂ္ဂလိက ဘဏ်တွေကို နိုင်ငံခြားငွေ ကိုင်ခွင့်ပြန်ပြီး ခွင့်ပြုပေးသင့်ပါတယ်”

စက်တင်ဘာ ၉ ထုတ် The HOT NEWS အတွဲ (၂) အမှတ် (၅၆) တွင်ပါသည့် “ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ပြုပါက ပြည်ပရောက် မြန်မာများ၏ ဝင်ငွေခွန်ပိုမိုရရှိနိုင်” သတင်းမှ မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ(ငြိမ်း) ဦးသန်းလွင်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အနည်းဆုံး ဦးရေ ၃၀ ဖြင့် အခြေခံ အလုပ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်တော့မည်ဖြစ်ပြီး အလုပ်ရှင်များကလည်း အလုပ်ရှင်အဖွဲ့အစည်းများကို ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်းအရ သိရသည်။

အလုပ်သမားအဖွဲ့အစည်းများ ဥပဒေကြမ်းတွင် အလုပ်သမားများ သပိတ်မှောက်နိုင်ကြောင်းနှင့် သပိတ်မှောက်ရမည်ကို ထည့်သွင်း ပြဋ္ဌာန်းထားကြောင်း အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်းအရသိရသည်။

စက်တင်ဘာ ၉ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၃) တွင်ပါသည့် “အလုပ်သမားများအနေဖြင့် သက်ဆိုင်ရာ လုပ်ငန်းတွင် အခြေခံ အလုပ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းနိုင်တော့မည်ဖြစ်ပြီး အလုပ်ရှင်အဖွဲ့ အစည်းများကို ဖွဲ့စည်းနိုင်မည်ဟု သိရ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေကြမ်းအရ အလုပ်သမားများ သပိတ် မှောက်ခြင်းကိုပြုလုပ်နိုင်” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ ပတ်သက်ပြီး နောက်ထပ်ဘာတွေများပြောချင်ပါသေးလဲ။

ဖြေ- အရင်တုန်းက ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပုံစံတွေက ပြောစရာမရှိပါဘူး။ ဒီနောက်ပိုင်း မပေးတာကတော့ ဆိုးတာပေါ့။ ထောင်ထဲမှာ နေကြရတာ ၁၀ နှစ်အထက်တွေချည်းပဲ။ ဥပဒေရဲ့ ရည်ရွယ်ချက်က အပြစ်ပေးရေး အဓိက မဟုတ်ဘူးလေ။ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲ ဖြစ်တယ်ဆိုတာ ဥပဒေရဲ့ မူလပြဋ္ဌာန်းချက်တွေမှာ ပါတယ်။ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့က သိပ်ကြမယ် မထင်ဘူး။ ၄-၅-၆ လအတွင်း ဖြစ်မယ် ထင်တယ်။ လွှတ်တော်တစ်ရပ်လုံးက သဘောတူပြီးပြီပဲ။ အောက်လွှတ်တော်၊ အထက်လွှတ်တော်တွေလို ဦးမလားတော့မသိဘူး။ ပေးသင့်တယ်လို့ တင်ထားပြီးပြီပဲ။ သမ္မတကပေးတဲ့အခါ ဝေဖန်စရာ ရှိရင်တော့ ဝေဖန်ခွင့် ရှိရင်ဝေဖန်ရဦးမှာပေါ့။

စက်တင်ဘာ ၈ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၅၉) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဖွဲ့စည်းပုံကို တမင်မှေးမှိန်စေရော့သလား အကယ်ဒမီကျော်ဆန်း…. သို့ အိတ်ဖွင့်ပေးစာ

(Freemedia Forburma  Facebook မှ ကူးယူဖော်ပြပါသည်)

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက စက်တင်ဘာ ၇ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် သင်္ကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွှန့် တင်သွင်းခဲ့သည့် “သတင်းမီဒီယာသမားများ၏ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် စသည့် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးပါရန်” ဟူသည့် အဆိုကို သိုင်းသိုင်းဝန်းဝန်းနှင့် ပုံတိုပတ်စများဖြင့် ပြန်လည် ဖြေကြား ခဲ့သည်ဟု သိရှိရပါသည်။ ထိုဖြေကြားချက်များကို နောက်တစ်နေ့ထုတ် ပြည်သူပိုင် သတင်းစာများတွင် အပြည့်အစုံ မဖော်ပြဘဲ မိမိဖြေကြားချက်များကိုပင် ဆင်ဆာဖြတ်၍ ပြုလုပ်နေကြ ထုံးစံအတိုင်း ထည့်သွင်းခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဖြေကြားသွားသည့် “၁၉၈၈ခုနှစ် အရေးအခင်းကာလ အတွင်းကကဲ့သို့ ရေးချင်သလိုရေး၊ ထုတ်ချင်သလို ထုတ်ခဲ့ကြသည့် အခွင့်အရေးမျိုး ရနိုင်မည်မဟုတ်ပါကြောင်း၊ လွတ်လပ် မှုကို အလွဲသုံးစားပြုပြီး မမှန်မကန် ဇာတ်လမ်းဆင် လုပ်ကြံရေးသား ထုတ်လွှင့်မှုများကြောင့် နိုင်ငံနှင့်အဝန်း ဆိုးရွားလှသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရသည်ကို မမေ့စေလိုကြောင်း၊ ယခုအချိန်တွင် အချို့သော ဥပဒေများနှင့် စပ်လျဉ်း၍ ပြင်ဆင် ဖြည့်စွက်ချက်များနှင့်အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံပြုချက်ရယူရန် တင်ပြထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေများကို      အတည်ပြုပြဌာန်းနိုင်ခြင်း မရှိသေးမီ ကာလအတွင်းမှာပင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လက်ရှိတည်ဆဲ ဥပဒေများထဲမှ လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး မီဒီယာလောကသားများ၏ လွတ်လပ်ခွင့်အတွက် ဖြေလျော့မှုများကို ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ နောက်နောင်တွင် ပြည်ထောင်စုလွှတ်တော်က မီဒီယာဆိုင်ရာ ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းလိုက်ချိန်တွင် မီဒီယာလောကသားများ ဆောင်ရွက်နေသည့် ဆောင်ရွက်မှုများနှင့် အံဝင်ခွင်ကျဖြစ်စေရန် ရည်ရွယ်ပြီး ဖြေလျှော့ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း” ဆိုသည်ကို ကြည့်မည်ဆိုလျှင် အဓိကအကျဆုံးအနေဖြင့် မီဒီယာထိန်းချုပ်မှု ဆက်လက် ရှိနေမည်ဖြစ်ပြီး ဖြေလျှော့မှုများကို ပြည်ထောင်စုဝန်ကြီး၏ စိတ်ကြိုက်ပုံစံဖြင့် ပြုလုပ်ပေးမည်ကို ကောက်ချက်ချ၍ ရပါသည်။

မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ လက်ရှိကမ္ဘာ့အခြေအနေကို လေ့လာကြည့်ပါက အလုံးစုံ လွတ်လပ်ခွင့်ဆိုသည့် အစွန်းနှင့် အလုံးစုံ ထိန်းချုပ် ထားသည့် မီဒီယာနှစ်ခုအကြားတွင် မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်း ရွေးချယ်ထားသော နိုင်ငံရေးစနစ်များအရ မီဒီယာလွတ်လပ်ခွင့်ကို နိုင်ငံတော်ဟုခေါ်သည့် လွှတ်တော်များ၊ အစိုးရအဖွဲ့အစည်းနှင့် တရားစီရင်ရေးစနစ်တို့နှင့် ဈေးကွက်နှင့် လူ့အဖွဲ့အစည်းအကြား အစဉ်လွန်ဆွဲ၍ မှန်ကန်သော မီဒီယာပွင့်လင်းမှု လားရာကို တည်ဆောက်နေသည်ကို တွေ့ရှိရပါသည်။

ကမ္ဘာ့နိုင်ငံအများစု လက်ခံထားသည့် World Press Freedom Index ဖြင့် နှစ်စဉ် နိုင်ငံအသီးသီး၏ မီဒီယာလွတ်လပ်ခွင့်ကို အညွှန်းကိန်းများ ထုတ်၍ သတ်မှတ်လေ့ရှိပါသည်။ ဆိုလိုသည်မှာ နိုင်ငံအသီးသီးသည် မီဒီယာကို ထိန်းချုပ်ခြင်းအနေအထားမှ ဖြေလျှော့ပေးပြီး လွတ်လပ်ခွင့်ပေးခြင်း အနေအထားသို့ ရောက်ရှိရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေသည်ကိုလည်း တွေ့ရှိနိုင်မည် ဖြစ်ပါသည်။ မီဒီယာထိန်းချုပ်မှု အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး လစ်ဗျားနှင့် အီရီထရီးယား နိုင်ငံနှစ်ခုသာ မြန်မာနိုင်ငံ၏ နောက်တွင်ရှိသည် ကို တွေ့ရပါသည်။

ဤကဲ့သို့ မီဒီယာလွတ်လပ်ခွင့် နည်းပါးလွန်းလှသည့် မြန်မာနိုင်ငံတွင် ဖြေလျှော့ပေးမည်ဆိုသော အနေအထားလောက်မျှဖြင့်  လုံလောက်မှု မရှိဟု သုံးသပ်ရပါသည်။

အခြေခံဒီမိုကရေစီစံနှုန်းများဖြစ်သည့် Fundamental freedom, Freedom of Expression, Freedom of Press စသည့်အချက်များကို မယုံကြည်သည့်ရှုထောင့်မှ ရပ်တည်ပြီးပြောမည်ဆိုပါက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ပြောသွားသည့် အချက်များသည် ငြင်းဆိုဖွယ်မရှိပါ။ ထို့အပြင် ယခုအခါတွင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်စပြုပြီး ပုံပေါ်စပြုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား အခြေခံသည့် လွှတ်တော်များနှင့် ဥပဒေပြုရေး ဖြစ်စဉ်များ၊ သမ္မတဦးသိန်းစိန်ပြောသည့် ကောင်းမွန်သောအုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရ တည်ဆောက်နေမှုနှင့် အာဏာခွဲဝေ ကျင့်သုံးခြင်းနှင့် လိုက်လျော ညီထွေဖြစ်မည့် တရားစီရင်ရေး ပေါ်ပေါက်ရေးဆိုသည့် နိုင်ငံရေးဖြစ်ထွန်းမှုများသည် ယခင်စစ်အစိုးရနှင့် အာဏာရှင် စနစ်ကို ရုပ်ပြကောင်းရုံ ပုံဖေါ်နေသည် ဆိုပါကလည်း  ပြည်သူလူထုအနေနှင့် လက်ခံရမည့်ကိစ္စများ ဖြစ်ပါသည်။

အဆိုးဆုံးမှာ မြန်မာနိုင်ငံသားများသည် ဒီမိုကရေစီ စံနှုန်းများနှင့်အညီ လွတ်လပ်ပွင့်လင်းသည့် လူ့အဖွဲ့အစည်း တစ်ခုတည်ဆောက်နိုင်ရန် အရည်အချင်း မရှိသူများအဖြစ် ပုံဖော်ပြောဆိုသွားသည်ဟု သုံးသပ်နိုင်ပါသည်။

အဘယ်ကြောင့်ဆိုသော် လွတ်လပ်ပွင့်လင်းသည့် လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်သည့်နေရာတွင် ပြည်သူလူထုနှင့် နိုင်ငံသား တစ်ဦးချင်းစီ၏ ပါဝင်မှုသည် ဖြစ်စဉ်တစ်ခုလုံး၏ ဗဟိုချက်မတွင် ရှိပြီး ဤတန်ဖိုးကို အသိအမှတ် မပြု နိုင်ပါက တည်ဆောက်ရန် မဖြစ်နိုင်ပေ။

ဝန်ကြီးဦးကျော်ဆန်းက “ယနေ့အခါတွင် မီဒီယာလောကသားအားလုံးအတွက် လွတ်လပ်မှု၊ တာဝန်သိမှု၊ တာဝန်ရှိမှုနှင့် တာဝန်ယူမှုကို ပူးတွဲ ကျင့်သုံးစေပြီး လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် ဖြစ်စေ၊ ပုဂ္ဂလိက အဖွဲ့အစည်းတရပ်အပေါ် ဖြစ်စေ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းတစ်ခုအပေါ် ဖြစ်စေ၊ အပြုသဘောနှင့် ဝေဖန်သုံးသပ် ထောက်ပြရေးသားခွင့် ခွင့်ပြုပေးလျက်ရှိပါကြောင်း သို့သော် အလေ့အကျင့် မရှိကြသေးသည့်အတွက် ယခုကဲ့သို့ လွတ်လပ်မှုနှင့် တာဝန်ယူမှုကို ယှဉ်တွဲကျင့်သုံးရာဝယ် စာပေလောကနှင့် ပုဂ္ဂလိကများ အဖွဲ့အစည်းများအကြား ဝိရောဓိနှင့် အခက်အခဲများ   ရှိနေသေးသည်ကို သတိပြုမိပါကြောင်း အချို့မီဒီယာသမားများအနေဖြင့် မိမိထင်မြင်ယူဆချက်များကို လွတ်လပ်စွာရေးသားခွင့် ရှိသည်ဆိုသော်လည်း စည်းမဲ့ကမ်းမဲ့ လွတ်လပ်ချင်သလို လွတ်လပ်ပြီး ထိခိုက်ရေးသားမှုများကြောင့် အမှုအခင်း ရင်ဆိုင်နေရသည့် အခြေအနေများလည်း ရှိပါကြောင်း” ဟုဆိုထားရာ ဤ ပြောဆိုချက်ကို ကြည့်ပါက ပထမဦးဆုံး တွေ့မြင်ရမည့် ရပ်တည်ချက်မှာ စစ်အစိုးရတရပ်၏ မီဒီယာအပေါ် အလုံးစုံထိန်းချုပ်ရေး စံများဖြင့် တိုင်းတာမှုများကို အခြေခံ၍ ဖြေလျှော့ပေးထားပြီး ဖြစ်သည်ဟု ပြောဆိုသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ဤသည်ပင်လျှင် ရပ်တည်ချက် လွဲမှားမှု၏ အဓိက အဆိုး ရွားဆုံးပြဿနာ ဖြစ်သည်ဟု ဆိုရမည် ဖြစ်ပါသည်။

ပြည်ထောင်စုဝန်ကြီး အနေဖြင့် ၂၀၀၈ အခြေခံဥပဒေဖြင့် တည်ဆောက်မည့် အနာဂတ် မြန်မာ့လူ့အဖွဲ့အစည်းအတွက် လိုအပ်မည့် ပွင့်လင်းမှုကို မျှော်မှန်းပြောဆိုခြင်း မရှိဘဲ နိုင်ငံသားများကို စနစ်ဟောင်းစံခွက်ထဲတွင် ထားရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

မီဒီယာလွတ်လပ်ခွင့်ပေးခြင်းအားဖြင့် ပေါ်ပေါက်လာမည့် အငြင်းပွားမှုများကို ကာယကံရှင် အသီးသီးအနေဖြင့် နောက်ဆုံးနည်းလမ်းဖြစ်သည့် တရားစီရင်ရေးစနစ်၏ အဆုံးအဖြတ်ခံယူရေးကိုလည်း တန်ဖိုးမထားဘဲ ပြောကြားသွား သည်ကို တွေ့မြင်ရပါသည်။

နိုင်ငံတနိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ခု၏ အပြန်အလှန်ထိန်းကျောင်းမှုဆိုသည့် ကိစ္စရပ်များတွင် အုပ်ချုပ်ရေး အာဏာကို ဥပဒေပြုရေးအာဏာက ထိန်းကျောင်းခြင်းကဲ့သို့ ထိန်းကျောင်းခြင်းများ၏ နောက်ဆုံးနည်းလမ်းမှာ ဥပဒေအထက်တွင် မည်သူမျှမရှိဆိုသော တရားစီရင်ရေးစနစ်၏ အဆုံးအဖြတ်ကို ခံယူရခြင်းဖြစ်ရာ မီဒီယာများအနေဖြင့်လည်း ဝန်ကြီးပြောသည့် “စည်းမဲ့ကမ်းမဲ့ လွတ်လပ်ချင်သလို လွတ်လပ်ပြီး ထိခိုက်ရေးသားမှု များကြောင့် အမှုအခင်း ရင်ဆိုင်နေရသည့် အခြေအနေများလည်း ရှိပါကြောင်း” ဆိုသည့်ပြဿနာများ၏ အကျိုးဆက်များကို ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးစနစ်၏ အဆုံးအဖြတ်ကို ခံယူစေခြင်းအလေ့အကျင့် ဖော်ဆောင်ပေးခြင်းဖြင့် မိမိတို့အနေဖြင့် မည်သည့် အတိုင်းအတာအထိ ပြောဆိုရေးသား၍ ရသည်ဆိုသော စံချိန်စံညွှန်းနှင့် စနစ်ကောင်းများ တည်ဆောက်နိုင်မည် ဆိုသည်ကို တန်ဖိုးမထားဘဲ ပြောကြားသွားသည်ကို တွေ့ရှိရပါသည်။

ဝန်ကြီးအနေဖြင့် လွတ်လပ်စွာ ရေးသားခြင်းနှင့် တာဝန်မဲ့ရေးသားခြင်းကို အဓိပ္ပာယ်အတူတူဖြစ်သကဲ့သို့ ပြောဆိုသွားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါသည်။ လွတ်လပ်စွာ ရေးသားခြင်းဟုဆိုရာတွင် ရေးသားသူအနေဖြင့် တာဝန်ယူနိုင်မည်ဆိုပါက အမှန်တရားကို ဖော်ထုတ်ပြီး အများပြည်သူ     သိရှိရေးအတွက် ရေးသားခွင့်ရှိရန် ဖန်တီးပေးထားခြင်းများ ကို ဆိုလိုပါသည်။ ယင်းသို့ရေးသားခြင်းအားဖြင့် ပုဂ္ဂိုလ်ရေးနစ်နာမှု ရှိမရှိ ဆိုသည့်အချက်များကို မီဒီယာကျင့်ဝတ်အနေဖြင့် လိုက်နာစေရန် ဆောင်ရွက်စေခြင်းနည်းလမ်းဖြင့်သာ ဖန်တီးနိုင်မည်ဆိုသည်ကို ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းက   လစ်လျူရှုပြီး ထိန်းချုပ်ရေး နည်းလမ်းများဘက်ကသာ ရပ်တည်ပြောဆိုသွားသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ ဒီမိုကရေစီ ထွန်းကားသည့် နိုင်ငံများတွင် စာပေစိစစ်ရေးအဖွဲ့ဟူ၍ ထားရှိခြင်းမရှိဘဲ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများ ဖြင့်သာ မီဒီယာကို ထိန်းကျောင်းထားပါသည်။ ဥပမာအားဖြင့် ဗြိတိန်နိုင်ငံတွင် မီဒီယာများအနေဖြင့် မီဒီယာကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ရန် အစိုးရဌာနများ၊ လွှတ်တော်များ၊ မီဒီယာလုပ်ငန်းများနှင့် ပတ်သက်မှု မရှိသော သီးခြားလွတ်လပ်သည့် Press Complaints Commission ကို ဖွဲ့စည်းထားရှိသည်ကို တွေ့ရှိရသည်။ ယင်းကော်မရှင်တွင် ကော်မရှင်ဘုတ်အဖွဲ့ဝင်များကို သမာဓိလူကြီးများအနေဖြင့် ၁၀ဦး၊ မီဒီယာလောကမှ သမာသမတ်ရှိသော မီဒီယာ လောကသားများ ယုံကြည်မှုကိုရရှိသော အယ်ဒီတာ ၇ဦးဖြင့် ဖွဲ့စည်းထားသည်။ ယင်းကော်မရှင်သည် ပြဿနာဖြစ်ခဲ့ပါက တစ်ဖက်နှင့် တဖက် စေ့စပ် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ ထုတ်ဝေ ဖြန့်ချိခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချမှတ်ပေးခြင်း၊ လူတဖက်သားကို အရှက်ရစေမည့် သတင်းဖော်ပြမှု မျိုးကို ထိန်းကျောင်းပေးခြင်း၊ မီဒီယာသားများအတွက် သင်တန်းများ စီစဉ်ပေးခြင်း၊ မီဒီယာကျင့်ဝတ်ကို ချိုးဖောက်သည့် သတင်းသမားများ ရှိခဲ့ပါက သက်ဆိုင်ရာ မီဒီယာဌာနများနှင့် ဆက်သွယ်၍ အရေးယူဆောင်ရွက်ခြင်းနှင့် လိုအပ်ပါက ကော်မရှင်ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခြင်းများ စသည့်လုပ်ငန်းများကို လုပ်ဆောင်သည်။ ဤသို့ဖြင့် ပြဿနာဖြစ်ပေါ်တိုင်း တရားရင်ဆိုင်ခြင်း မဖြစ်ပေါ်စေဘဲ မီဒီယာနှင့် ပြဿနာ   ဖြစ်ပွားသူများအကြားတွင် သီးခြားလွတ်လပ်သည့် ထိန်းကျောင်းရေးစနစ်တခု ပေါ်ပေါက်လာစေရန် ဆောင်ရွက်နိုင်ပါသည်။

ဤအချက်များကို ထောက်ရှုခြင်းအားဖြင့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းအနေဖြင့်  မီဒီယာလွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး အခြေခံရမည့် Fundamental Freedom, Freedom of Expression, Freedom of Press စသည့် အချက်များကို ဒီမိုကရေစီ စံနှုန်းများအနေဖြင့် နားလည်ခြင်း မရှိသလို၊ လက်ခံနိုင်ခြင်း မရှိဟုလည်း ကောက်ချက်ချရမှာ ဖြစ်ပါတယ်။  ပြည်ထောင်စုဝန်ကြီး၏ လုပ်နည်းလုပ်ဟန်များသည် ရေကူးသင်တန်းကို စာပေးစာယူ စနစ်ဖြင့် တက်ရောက်နေသူကဲ့သို့ ဖြစ်နေပါသည်။

အကျိုးဆက်အနေဖြင့် ပြစ်တင်ဝေဖန်ခြင်းများ မကင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်းဆုံး နည်းလမ်းအနေဖြင့် အသုံးပြုပြီး မြန်မာ့လူ့အဖွဲ့အစည်းကို ခေတ်မီသည့် လူ့အဖွဲ့အစည်းတခုဖြစ်ရန် တည်ဆောက်ရေးတွင် ပြုပြင်ပြောင်းလဲရေး စိတ်ဓါတ်ဖြင့် တည်ဆောက်လိုပုံ မရှိဟုလည်း သုံးသပ်ရမည်ဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး ဖြစ်စဉ်အဆင့်ဆင့်တွင် အစကနဦး လုပ်ဆောင်ရမည့်ကိစ္စမှာ မိမိနိုင်ငံရှိ စတာလင်ပုံစံ အာဏာရှင် စနစ်တွင်သာ ရှိလေ့ရှိသော ဝါဒဖြန့်ချိရေးကို တာဝန်ယူရသည့် ပြန်ကြားရေးဝန်ကြီးဌာနအား ဖျက်သိမ်းပြီး ပြည်သူတရပ်လုံးကို ဝါဒမှိုင်းတိုက်ခြင်း လုပ်ငန်းများအား ရပ်တန့်စေခြင်းဖြင့် စတင်ရသည် ဖြစ်ပါသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ဖြေကြားမှုများကို အသေးစိတ် သုံးသပ်ကြည့်ပါက ဝန်ကြီးအနေဖြင့် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရန် အယုံအကြည် မရှိသည်သာမက ၂၀၀၈   ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း မှေးမှိန်စေသော ရပ်တည်ချက် ရှိနေသောကြောင့် မြန်မာ့လူ့အဖွဲ့အစည်း၏ မီဒီယာပွင့်လင်းမှု ဖြစ်စဉ်တွင် အုပ်ချုပ်ရေး နည်းလမ်းဖြင့် အကောင်အထည် ပေါ်လာရေး မျှော်လင့်ချက် ကင်းမဲ့သွားသည်ကို တွေ့ရှိ ရမည် ဖြစ်ပါသည်။

ဤကဲ့သို့ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးအနေဖြင့် ဒီမိုကရေစီစံနှုန်းများ စတင်ကျင့်သုံးနိုင်ရန် လေ့ကျင့်ပေးရေး ဖြစ်စဉ်အားဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီရင့်ကျက်ရေးဖြစ်စဉ်တွင် အဟန့်အတား ဖြစ်နေမှုကို နိုင်ငံသားများ၏ မူလလူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီအနေဖြင့် မြန်မာ့လူ့အဖွဲ့အစည်းနှင့် လက်ရှိအခြေအနေတို့ ကိုက်ညီမည့် လွှတ်တော်များ၊ လွှတ်တော်ကော်မတီများ၊ အစိုးရအဖွဲ့အစည်းများ၊ တရားစီရင်ရေးစနစ်နှင့် ပြည်သူလူထုတရပ်လုံး စုပေါင်းခွဲဝေတာဝန်ယူနိုင်မည့် မီဒီယာပွင့်လင်းမှု ဖြစ်စဉ်တရပ် ပေါ်ပေါက်ရေးကို လိုအပ်သလို လေ့လာ အကောင်အထည်ဖော်ရန် လိုအပ်မည်ဖြစ်ကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs