Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၂.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သီးလေးသီးအဖွဲ့ အငြိမ့်ပြန်ကမည်ဟုဆို
  2. တိုင်းရင်းသားကန့်ကွက်မှုများကြားမှ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်
  3. ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ကုန်တင်ယာဉ်ဖြတ်သန်းခွင့်မပြု

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်ပရောက် မြန်မာများ မိမိဆုံးဖြတ်ချက်ဖြင့်သာ ပြန်လာရန်လို
  2. ဦးသိန်းညွှန့်၏ ပါတီသစ်၏ အလံနှင့် တံဆိပ်အား ကန့်ကွက်နိုင်ကြောင်း ကြေညာ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးပြုပြင်ပြောင်းလဲရေး အတွေ့အကြုံ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သီးလေးသီးအဖွဲ့ အငြိမ့်ပြန်ကမည်ဟုဆို

ပြည်ပနိုင်ငံများသို့ လေးနှစ်ကြာ ထွက်ခွာသွားသည့် သီးလေးသီးဆေးရောင်စုံအဖွဲ့မှ အဖွဲ့သားများသည်  စက်တင်ဘာ ၁၁ ရက်နေ့ ညနေက မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့ပြီး မကြာမီအချိန်ကာလတွင် အငြိမ့်ပြန်ကနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သတင်းမီဒီယာများအား ပြောကြားသည်။

“အငြိမ့်ကဖို့ကို တာဝန်ရှိသူတွေက ခွင့်ပြုမယ်လို့ ထင်ပါတယ်”ဟု လူရွှင်တော်ဂေါ်ဇီလာက ဆိုသည်။

သီးလေးသီးဆေးရောင်စုံအဖွဲ့မှ ခေါင်းဆောင်မင်းသမီး ချောစုမျိုး၊ လူရွှင်တော်များဖြစ်သည့်  ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးတို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ရန်ကုန်မြို့သို့ Air Bagan လေကြောင်းလိုင်းဖြင့် ရောက်ရှိလာကြပြီး ယင်းတို့၏ဆရာဖြစ်သူ လူရွှင်တော်ဇာဂနာ(ဦးသူရ) အကျဉ်းကျ နေသောကြောင့် ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်နေကြသူများမှာ မင်းသမီး  မြစပယ်ငုံ၊ လူရွှင်တော် ၂ ဦးဖြစ်သည့် ကြယ်သီး၊ ပန်းသီးတို့ ဖြစ်သည်ဟု သိရသည်။

သီးလေးသီးအဖွဲ့သားများသည် ယင်းသို့ ပြန်လာခွင့်ရခြင်းအတွက် သမ္မတကြီးကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံအပေါ် အမြင်စောင်းနေသူများ ရှိသည့်အတွက် အနုပညာစွမ်းအားဖြင့် ပြန်လည်တည့်မတ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းတွင်ပါရှိသည့် ပြည်ပရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်ပြီး တစ်လခန့်အကြာတွင် ပြန်လာသည့် မြန်မာနိုင်ငံသားများတွင် ပထမဆုံးဖြစ်ကြောင်း သိရသည်။

ပြည်ပရောက် မြန်မာများ ပြန်လာရေးအတွက် တိကျသော နည်းဥပဒေ၊ ဥပဒေနှင့် အမိန့်ကြော်ငြာစာများ ထုတ်ပြန်ရန် ဝိုင်းဝန်းတောင်းဆို နေချိန်တွင် ယင်းသို့သော အရဲစွန့် ပြန်လာသူများရှိသဖြင့် သမ္မတကြီး၏ မိန့်ကြားချက်မှာ ပိုမိုအသက်ဝင်သွားပြီ ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

သီးလေးသီးဆေးရောင်စုံ အဖွဲ့ပေါ်ပေါက်လာရန် မြေတောင်မြှောက်ပေးသူ လူရွှင်တော် ဇာဂနာ အကျဉ်းကျနေသည့် မြစ်ကြီးနားထောင်သို့ သွားရောက်တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း မင်းသမီးချောစုမျိုးက ဆိုသည်။

သြဂုတ် ၁၇ ရက်တွင် သမ္မတဦးသိန်းစိန်က ပြည်တော်ပြန်ရန် နှင့်ပက်သက်၍ မိန့်ခွန်းပြောခဲ့သော်လည်း ယင်းနှင့်ပတ်သက်၍ လုပ်ဆောင်ရန် ကိစ္စရပ်များ တိတိကျကျ မရှိခြင်းသည် ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် အဓိကပြဿနာတစ်ရပ် ဖြစ်နေကြောင်း အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာဒဲရစ်မစ်ချယ်၏ မြန်မာပြည်ခရီးစဉ်အား လိုက်ပါသတင်းယူသူ VOA သတင်းထောက် ဒေါ်ခင်စိုးဝင်းက သုံးသပ် ပြောကြားသည်။

“မြန်မာနိုင်ငံ ပြန်လာချင်တဲ့သူတွေ အများကြီးပဲ၊ ကျွန်မက အခုအမေရိကန်နိုင်ငံသားဆိုပေမယ့် မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်မှုတွေ မြင်ရရင်တော့ မြန်မာနိုင်ငံသားအဖြစ် ပြန်ခံယူမှာပါ”ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးပြဿနာများကြောင့် မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံသို့ ထွက်သွားသည်မှာ ၂၀၁၀ခုနှစ် အထိ ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားချက်များ အရသိရှိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

တိုင်းရင်းသားကန့်ကွက်မှုများကြားမှ မြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်

မြန်မာနိုင်ငံရှိ တိုင်းရင်းသားအများစုမှ ဧရာဝတီမြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် ကန့်ကွက်ထားသော်လည်း နိုင်ငံတော်မှ  ဂရုစိုက်ခြင်းမရှိဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းအား ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မည်သည့်အခါမှ နောက်ဆုတ်မည်မပာုတ်ကြောင်း အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ မီးရထားဝန်ကြီးဌာန ၀န်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနှင့် အထက်ဘက် မေခ-မလိခ မြစ်ဝှမ်းတွင် တည်ဆောက်လျက်ရှိပြီး ယခုအချိန်မှ စတင်၍ ၁၅ နှစ်အတွင်း ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးသတ် တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ဆောင်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်သည့် စီမံကိန်းတည်ဆောက်မည့် ဧရိယာအား ရှင်းလင်းခြင်းလုပ်ငန်းများ၊ စီမံကိန်းဧရိယာအတွင်းရှိ ပြည်သူများအတွက် ပြည်လည်နေရာချထားခြင်း လုပ်ငန်းများ၊ လုပ်ဆောင်ရန်      ကျန်ရှိနေသေးသည့် အခြားအင်ဂျင်နီယာ လုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။

ယခု တည်ဆောက်မည့် မြစ်ဆုံစီမံကိန်း ကိစ္စရပ်နှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ ကန့်ကွက်နေသည့်ကြားမှပင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လျှပ်စစ်ဓာတ်အား ရရှိရေးသည် အမျိုးသားအကျိုးစီးပွားဖြစ်သည့်အတွက် UN အဖွဲ့နှင့်လည်း ယခု မြစ်ဆုံကိစ္စသည် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း၊ ယခု စီမံကိန်းကိုသာ အောင်မြင်မှု ရရှိနိုင်စေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်သည့် ကိစ္စရပ်များကို နောက်မှပင် ဆက်လက် ရှင်းပြမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားခဲ့သည်။

၎င်း မြစ်ဆုံစီမံကိန်းအား မြန်မာနိုင်ငံမှ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ China Power Investment Corporation(CPI) မှ အဓိက တာဝန်ယူတည်ဆောက်လျက်ရှိပြီး အေးရှားဝေါလ် ကုမ္ပဏီမှ စီမံကိန်း လုပ်ငန်းလည်ပတ်မှုတွင် အများဆုံး ပါဝင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံထုတ် သတင်းစာများတွင် ယခုဆက်လက်လုပ်ကိုင်လျက်ရှိသည့် ဧရာဝတီမြစ်ဆုံစီမံကိန်းသည် တရုတ်အကျိုးရှိသည့် စီမံကိန်းပာု ဆိုထားကြောင်း၊ ယခု စီမံကိန်း လုပ်ဆောင်နေရသည်မှာ မိမိတို့နိုင်ငံ၏ ပိုက်ဆံမရှိ၍ ဖြစ်ကြောင်း၊ နိုင်ငံတော်၌ ပိုက်ဆံရှိပါက မိမိတို့ဘာသာ လုပ်ဆောင် မည် ဖြစ်ကြောင်း၊ ပိုက်ဆံရှိ၍ မိမိတို့ဘာသာ လုပ်ဆောင်သော်လည်း ၎င်းလျှပ်စစ်ဓာတ်အားများကို မည်သူမှသုံးမည်မပာုတ်သည့်အတွက် Market သဘောအရ တရုတ်နိုင်ငံသို့ ရောင်းစားခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းကပင် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် ပတ်သက်၍ မိမိထက်ပို၍ အတွေ့အကြုံ ရင့်ကျက်သည့်ပုဂ္ဂိုလ် မရှိကြောင်း၊ နိုင်ငံပိုင်သတင်းစာတွင် သြဂုတ်လ ၉ ရက်နေ့၌ မြစ်ဆုံစီမံကိန်းကိစ္စရပ်နှင့် ပတ်သက်၍ ရေးသားခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကိုလည်း မိမိကိုယ်တိုင်ပင် ရေးသား၍ အခြားသူရေးသကဲ့သို့ နာမည်လွှဲပြောင်းထည့်လိုက်ကြောင်း ပြောကြားခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြောကြားမှုတွင် နိုင်ငံတော်အစိုးရသည် ဧရာဝတီမြစ် ပျက်စီး၍ မိမိပြည်သူများ ဒုက္ခရောက်ရှိစေရန် လုပ်ဆောင်သွားမည်မပာုတ်ဘဲ နိုင်ငံတွင်းရှိ အမျိုးသားအကျိုးစီးပွား တိုးတက်ရေးကိုသာ ချိန်ဆ၍ လုပ်ဆောင်သွားမည်ပာု ပြောကြားခဲ့သော်လည်း လက်ရှိ အချိန်၌ တိုင်းရင်းသားတို့၏ စကားသံကို နားစွင့်ခြင်းမရှိဘဲ ဧရာဝတီမြစ်ဆုံစီမံကိန်းအား လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

၎င်း ဧရာဝတီမြစ်ဆုံစီမံကိန်း ဆက်လက်လုပ်ကိုင်မည်ပာု ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းဆိုသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆရာမောင်ဝံသမှ "စီမံကိန်းကို တိုင်းသူပြည်သားတွေက ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေတာကို ဆက်လုပ်တဲ့အတွက် တိုင်းသူပြည်သားတွေ စိတ်မချမ်းမြေ့စရာ ဖြစ်လာမယ်။ အရင်အစိုးရက လုပ်လက်စမို့ ဒီအစိုးရက ဆက်လုပ်မယ်ဆိုရင်လည်း ပြည်သူတွေတင်မြှောက်ထားတဲ့ ပြည်သူကိုယ်စားပြုထားတဲ့  လွှတ်တော်အမတ်တွေ ရှိနေတဲ့ လွှတ်တော်မှာ ဆွေးနွေးပြီးမှ ဆက်လုပ်ဆောင်သင့်တယ်။ နောက်ပြီး စတုထ္ထမဏ္ဍိုင်လို့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ သတင်းမီဒီယာတွေရဲ့ တင်ပြနေမှုကို အလေးထားသင့်တယ်။ အကျိုးအပြစ်ကို ပြောတဲ့အခါမှာလည်း ကိုယ့်အကျိုးဘယ်လောက် ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောသင့်တယ်။ အင်တာနက်နဲ့ အခြားလူမှုဆက်သွယ်ရေးနယ်ပယ်မှာ တင်ပြထားတဲ့ အချက်တွေကို ကြည့်ရင်လည်း ဆိုးကျိုးက ပိုများနေတယ်။  အကျိုးပိုင်းမှာ တရုတ်ကယူမယ့် အကျိုးက ပိုများနေတယ်။ အဲဒါတွေ မဟုတ်ဘူး ဆိုရင်လည်း မဟုတ်တဲ့အကြောင်းကို ရှင်းသင့် တယ်။ အခု သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်က ဖော်ဆောင်နေတဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ခြေလှမ်းတွေ၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးခြေလှမ်းတွေ အဲဒါတွေ ကြိုးစားလုပ်ဆောင်နေတာတွေကို တွေ့ရတော့ ပြည်သူလူထုက အစိုးရအဖွဲ့သစ်အပေါ် ကိုင်းညွှတ်တာတွေ၊ မျှော်လင့်ချက်ထားတာတွေ ရှိလာတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုက မလုပ်သင့်ဘူးလို့ တောင်းဆိုလာတာတွေကို ဆက်လုပ်နေမယ်ဆိုရင် အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ ဆန္ဒတွေကို မျက်ကွယ်ပြုလိုက်တာနဲ့ အတူတူပဲ။ စိတ်မချမ်းမြေ့စရာတွေပဲ ဖြစ်လာလိမ့်မယ်" ပာု ပြောကြားခဲ့သည်။

၎င်း ကိစ္စရပ်နှင့် ပတ်သက်၍ ဆရာလူထု စိန်ဝင်းကလည်း "ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ ပြောဆိုနေ ကြတာဟာ ထင်ရာမြင်ရာပြောပြီး ထင်ရာမြင်ရာ လျှောက်ပြောနေကြတာ မဟုတ်ဘူး။ ပြည်တွင်းပြည်ပက ပညာရှင်တွေအားလုံး လေ့လာ သုတေသန ပြုလုပ်ထားတဲ့ စာရွက်စာတမ်းတွေ၊ အထောက်အထားတွေကို ဖတ်ရှုလေ့လာပြီး ရေးနေကြတာဖြစ်တယ်။ ပြည်သူတွေအားလုံးကလည်း ဒီစာရွက် စာတမ်းတွေ၊ အထောက်အထားတွေကို သိရှိကြတဲ့အတွက် သဘောမတူကြောင်း တောင်းဆိုနေကြတာဖြစ်တယ်။ ကျောင်းသားလူငယ်တွေ၊ ရဟန်းရှင်လူ တွေနဲ့ အနုပညာရှင်၊ စာပေနယ်သားတွေအားလုံးကလည်း ဒါတွေကိုသိတဲ့အတွက် ဆက်မလုပ်ဖို့ ၀ိုင်းဝန်းတောင်းဆိုနေကြတာ ဖြစ်တယ်။ ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းနဲ့ တောင်းဆိုနေတာကို လျစ်လျူရှုပြီး လုပ်ချင်ရာ ဆက်လုပ်မယ်၊ ရှေ့ဆက်လုပ်မယ်ဆိုရင် ပြည်သူလူထုက မဖြစ်၊       ဖြစ်တဲ့နည်းနဲ့ ဧရာဝတီကို ကာကွယ်ကြမှာပဲ ဖြစ်တယ်။ ကာကွယ်တဲ့နေရာမှာ လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်းကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆို ဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး"ပာု ပြောကြားခဲ့သည်။

                                                                                                               Ref: Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်-မန္တလေး အဝေးပြေးလမ်း ကုန်တင်ယာဉ်ဖြတ်သန်းခွင့်မပြု

ရန်ကုန်-မန္တလေး ဆက်သွယ်ထားသည့် အဝေးပြေးအမြန်လမ်းမကြီးပေါ်တွင် ခရီးသည်တင်ယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များမှအပ မည့်သည့် ကုန်တင်ယာဉ်ကိုမျှ ဖြတ်သန်းခွင့်မပြုတော့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များကို ဖြတ်သန်းခွင့်မပြုတော့သည့်အတွက် အဝေးပြေး ခရီးသည်တင် ယာဉ်လိုင်းအချို့မှ ကုန်စည်များတင်ဆောင်၍ ဖြတ်သန်းသွားလာမှုများ ရှိနေသည့်အတွက် သက်ဆိုင်ရာမှ ကုန်စည်တင် ခရီးသည်တင်ယာဉ်လိုင်း   များအား အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း နေပြည်တော်အထွက်ဂိတ်တွင် ကုန်စည်တင် ခရီးသည်တင်ယာဉ် ရှစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ၎င်း ကုန်တင်ယာဉ်များကို ရန်ကုန်-မန္တလေး လမ်းမကြီးများပေါ်တွင် ဖြတ်သန်းသွားလာခွင့် မပြုတော့သည့်အကြောင်း သက်ဆိုင်ရာမှ အကြောင်းကြားခဲ့ပြီး ကုန်စည်တင်ယာဉ်များ သွားလိုပါက ရန်ကုန်-မန္တလေး လမ်းပောာင်းမှသာ ကုန်စည်တင်ယာဉ်များကို သွားလာခွင့်ပြုထားကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အဝေးပြေး အမြန်လမ်းမကြီးကို ၂၀၀၅ ခုနှစ်၌ စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်-နေပြည်တော်လမ်းပိုင်းနှင့် နေပြည်တော် မန္တလေး လမ်းပိုင်းပာူ၍ ပိုင်းခြားသတ်မှတ်ထားပြီး ရန်ကုန်-မန္တလေး ခရီးမိုင်နှုန်းမှာ ၃၅၂ မိုင် ၆ ဖာလုံရှိကြောင်း သိရသည်။ ၎င်း လမ်းမကြီးသည် လမ်းအကျယ်ပေ ၃၆၀ ရှိပြီး လမ်းလယ်ကျွန်း ပေ ၃၀ ကျယ်ဝန်းကာ ခံ နိုင်ဝန်တန် ၈၀ ရှိသည့် ကွန်ကရစ် အမျိုးအစားဖြစ်ကြောင်းသိရသည်။

Ref:Weekly Eleven

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

ပြည်ပရောက် မြန်မာများ မိမိဆုံးဖြတ်ချက်ဖြင့်သာ ပြန်လာရန်လို

ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာပါက မိမိဆုံးဖြတ်ချက်ဖြင့်သာ ပြန်လာရန်လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၂ ရက်နေ့တွင်ဆိုသည်။

အဆိုပါ စကားရပ်ကို အမေရိကန်အထူးကိုယ်စားလှယ် မစ္စတာဒဲရစ်မစ်ချယ်နှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ လုပ်ရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်း၊ ပြည်ပဟူ၍ ခွဲခြားမနေဘဲ မိမိနိုင်ငံအရေးကို အထူးဂရုပြုအာရုံစိုက်ရန် လိုအပ်ကြောင်း     ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

သမ္မတကြီး၏ သြဂုတ်လ ၁၇ ရက် မိန့်ခွန်းနှင့်ပတ်သက်၍ ပြည်ပရောက်မြန်မာများ ပြန်လာခြင်းများ ရှိနေသည့်အပြင် ပြန်လာရင် နီးစပ်သူများမှ တဆင့် သက်ဆိုင်ရာအာဏာပိုင်များ၏ သဘောထားကို စုံစမ်းနေမှုများ ရှိနေချိန်တွင် ဤသို့ ပြောဆိုလိုက်ခြင်းသည် ပြည်ပရောက်မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အသေအချာစဉ်းစားပြီးမှသာ လုပ်ဆောင်ရန် သတိပေးလိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ တစ်ဦးက ဆိုသည်။

“ကိုယ့်နိုင်ငံအရေးကို အာရုံစိုက်ကြပါအုံးလို့ပြောတယ်လို့ ထင်ပါတယ်” ဟု ယင်းကဆိုသည်။

အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာမစ်ချယ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော ၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီဝင်များနှင့် အချိန်တစ်နာရီကြာ တွေ့ဆုံခဲ့ပြီး မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောဖြစ်နေကြ အကြောင်းအရာများကို အဓိကထား ပြောကြားခဲ့ပြီး စီးပွားရး ပိတ်ဆို့မှုနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ခြင်း မရှိကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဦးသိန်းညွှန့်၏ ပါတီသစ်၏ အလံနှင့် တံဆိပ်အား ကန့်ကွက်နိုင်ကြောင်း ကြေညာ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆောင်၍ ဖွဲ့စည်းတည်ထောင်ထားသည့် အမျိုးသားဒီမိုကရေစီပါတီသစ်၌ NLD ပါတီနှင့် NDF ပါတီ တို့အား တုပ၍ အသုံးပြုထားသည့် ပါတီသစ်၏အလံနှင့် တံဆိပ်အား ကန့်ကွက်နိုင်ကြောင်း ကြေညာချက်အား နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ ပါရှိသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်၌ အသုံးပြုထားသည့် အလံပုံစံမှာ အနီရောက်နောက်ခံတွင် ဝဲဘက်အပေါ်ထောင့်၌ ကြယ်ဖြူသုံးလုံးမှာ     လက်ယာဘက်ပေါ်သို့ တစ်စောင်းထပ်လျက်ရှိနေကြောင်း သိရသည်။

၎င်း အလံ၏ အဓိပ္ပာယ်မှာ အနီရောင်သည် ရဲရင့်ခြင်း၊ တည်ကြည်ခြင်း၊ တောက်ပြောင်ခြင်းကိုလည်းကောင်း၊ အဖြူရောင်သည် ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သန့်စင်ခြင်းကိုလည်းကောင်း ဖော်ညွှန်းထားပြီး ကြယ်ဖြူသုံးလုံး၏ အဓိပ္ပာယ်မှာ အမျိုးသား ပြန်လည်စည်းလုံးညီညွှတ်ရေး၊ ဒီမိုကရေစီ ရေးနှင့် လူ့အခွင့်အရေးတို့ကို ရည်ညွှန်းပြီး ကြယ်ဖြူသုံးလုံး ထပ်နေရခြင်းမှာ မပာာဗျူပာာသုံးရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်နိုင်ရန်အတွက်ပင် ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်၏ တံဆိပ်ပုံစံမှာ နောက်ခံအနီရောင်တွင် မူရင်းဝါးဖက်အရောင်ပါ ခမောက်သုံးလုံး အောက်တွင် ပါတီအမည်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည်။

ခမောက်သုံးလုံး၏ အဓိပ္ပာယ်မှာ ကြယ်ဖြူသုံးလုံးအဓိပ္ပာယ်နှင့် အတူတူပင်ဖြစ်ပြီး ခမောက်သည် မြန်မာအမျိုးသား အသုံးအဆောင် ဖြစ်သည့် အတွက် အသုံးပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ပါတီအမှတ်အသား ခမောက်တံဆိပ်အား  ပထမဆုံးအသုံးပြုခဲ့သည့် ပါတီမှာ ၁၉၉၀ ရွေးကောက်ပွဲဝင် NLD ပါတီပင်ဖြစ်ကြောင်း သိရသည်။ အမျိုးသားဒီမိုကရေစီပါတီသစ်တွင် ခမောက်တံဆိပ်ကို NLD ပါတီ၏ တံဆိပ်နှင့် ချွတ်စွပ်တူအောင် အသုံးပြုထားခြင်းမပာုတ်ဘဲ တုပ၍သာ အသုံးပြု     ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခမောက်တံဆိပ်ကိုပင် အသုံးပြုထားသည့် ၂၀၁၀ ရွေးကောက်ပွဲဝင် အမျိုးသားဒီမိုကရေစီအင်အားစု ပါတီအနေနှင့်လည်း ဗပိာု  အလုပ်အမှုဆောင်အဖွဲ့ဝင် လူစုံလင်မှသာ အစည်းအဝေးပြုလုပ်၍ ဦးသိန်းညွှန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်၏ အလံနှင့် တံဆိပ်အား ကန့်ကွက်မည်၊ မကန့်ကွက်မည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရ သည်။

Ref: True News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

True- နိုင်ငံသားတိုင်းကို လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အသိပညာပေးဖို့ ဘယ်လိုစကားမျိုးပြောဆိုချင်ပါသလဲ။

UWM- လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတွေမှာ နားမလည်တဲ့သူတွေ အများကြီးရှိပါတယ်။ လူ့အခွင့်အရေး တန်ဖိုးရရှိမှု၊ လူ့အခွင့်အရေး ခံစားခွင့် စတဲ့ကိစ္စရပ်တွေကို ပညာပေးခြင်း၊ ပညာဖြန့်ဖြူးခြင်း၊ နားလည်လက်ခံလာအောင် အသိပေးဖို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်တွေမှာလည်း အတက်နိုင်ဆုံး လိုအပ် တာတွေ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

စက်တင်ဘာ ၁၃ ထုတ် Ture News အတွဲ (၃) အမှတ် (၅၁) တွင်ပါသည့် “အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒီမိုကရေစီကို ဖော်ဆောင်မယ့် ဒီမိုကရေစီခြေလှမ်းကိုလှမ်းနေတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ရှိသူတစ်ဦးအနေနဲ့  ဒီလိုစကားမျိုး ပြောတဲ့အတွက် အင်မတန် စိတ်ပျက်မိတယ်။ နောက်တစ်ခုက အကျိုးခံစားခွင့်မှာ တရုတ်က ၇၀% ယူတယ်။ မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရက ၂၀% ယူတယ်။ ၁၀% ကို ကြားပွဲစားက ယူတယ်။ အဲဒီတော့ မြန်မာနိုင်ငံ အကျိုးအတွက်ရတာ တစ်နှစ်ကို သန်း ၅၀၀ ရတာဆိုရင် ကြားပွဲစားက တစ်နှစ်ကို သန်း ၂၅၀ ရမယ်။ အဲဒီတော့ နှစ် ၃၀ စီမံကိန်းဆိုရင် ဒေါ်လာသန်းပေါင်း ၇၅၀၀ ကို ကြားပွဲစားကရမယ်။ ဒီကိစ္စကို ဟုတ်မဟုတ် မှန်မမှန်ကို ဝန်ကြီး ဖြေရှင်းသင့်တယ်။ မဟုတ်ဘူးဆိုလည်း  မဟုတ်ဘူးဆိုတဲ့အကြောင်း ရှင်းသင့်တယ်။ နောက်ပြီးတော့ ဒီမြစ်ဆုံစီမံကိန်းမှာ ကျွန်တော်တို့ သမ္မတကြီးကိုပဲ မေတ္တာရပ်ခံ ချင်တယ်။ အခုနိုင်ငံမှာ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လမ်းစတွေပေါ်နေပြီ။ နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကလည်း အရှိန်ရနေပြီ။     တိုင်းပြည်ကလည်း ရှေ့ကိုသွားနေပြီ။ ပြည်သူလူထုကလည်း စိတ်ချမ်းသာစပြုနေပြီ။ အဲဒီအခြေအနေမျိုးမှာ ဒီစကားမျိုးဟာ တိုင်းပြည်အတွက် အင်မတန်မှ နစ်နာစေတဲ့ စကားမျိုးဖြစ်ပါတယ်။ ဒီစကား မှန်မမှန်ကို သမ္မတကြီးအနေနဲ့ စဉ်းစားချင်ပါတယ်။ ဒီအကျိုးဆက်ကြောင့် နိုင်ငံမှာ အကြီးအကျယ်ဆုံးရှုံးရမယ့် နစ်နာမှုတွေ ကြုံတွေ့ရမယ်။ ဒါဟာ ကျွန်တော်က စတုတ္ထမဏ္ဍိုင်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ တိုင်းပြည်အတွက် စေတနာရှေ့ထားပြီး သတိပေး တာပါ။ ဒီမြစ်ဆုံကိစ္စက (၁) environment ရဲ့ Issue တစ်ခုတည်း မဟုတ်ဘူး၊ (၂) ဒါဟာ Political နိုင်ငံရေးပြဿနာ Political agenda တစ်ခုမဟုတ်ဘူး။ ဒီဟာက အမျိုးသားရေးပြဿနာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတကြီးအနေနဲ့ နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးအတွက် ဒီပြဿနာကို တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းစေချင်ပါတယ်”

စက်တင်ဘာ ၁၄ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၅၀) တွင်ပါသည့် “မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်သည့် အမြင်များ” မှ ဒေါက်တာ သန်းထွဋ်အောင် (CEO,Eleven Media Group) ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဗျူရိုကရက်ဆိုသည်မှာ အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုစွမ်းရည် တိုးတက်မြင့်မားစေရန် ခန့်အပ်ထားသော ပြည်သူ့ဝန်ထမ်း (Civil Service) များသာ ဖြစ်သည်။ သို့သော်လည်း တတိယနိုင်ငံအများစုတွင် ထိုသော ဗျူရိုကရက် များကြောင့်ပင် အစိုးရတို့ကဆေးကြောင့် ‘ပေါ့’ မလာဘဲ၊ ဆေးကြောင့် ‘ပိုလေး’     နေကြရသည်ကို လေ့လာမှုများစွာမှ တွေ့နေရပါသည်။ အစိုးရသစ်အနေဖြင့် Good Governance, Clean Governance ဟူသော ဆောင်ပုဒ်နှင့် ထင်ရှားသော ပြောင်းလဲမှုများကို ဆောင်ရွက်နေပါသည်။ အပြောင်းအလဲတစ်ရပ်ကို ထိပ်ပိုင်းမှ စတင်လိုက်ပါနေပြီလည်း ဖြစ်သည်။ ထိုအပြောင်းအလဲကို       ချိတ်ဆက်ထားသော ပင်နယံများက မည်သို့ချောမွေ့စွာလိုက်ပါ ပြောင်းလဲနိုင်မည်မှာ နိုင်ငံက ရင်ဆိုင်ရမည့် စိန်ခေါ်မှု တစ်ရပ် ဖြစ်နေပါလိမ့်မည်။

စက်တင်ဘာ ၁၂ ထုတ် The Messenger အတွဲ (၂) အမှတ် (၁၇) တွင်ပါသည့် ဆောင်းပါးရှင် နေဇင်လတ်၏ “အခင်းအကျင်းသစ်နှင့် အပြောင်းအလဲ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“မြန်မာမြေပေါ်ကို ခြေစချတဲ့အချိန်ကစပြီး ကိုယ့်ကိုကိုယ် ပိုင်သွားပြီ အနုပညာအလုပ်တွေ ဆက်လုပ်မှာပါ။ ပိုပြီး လွတ်လပ်ခွင့် ရှိလာမယ်ဆိုတာ ယုံကြည်ပါ တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်တယ်။ လက်ရှိအစိုးရသစ်ကိုလည်း ယုံတယ်။ တူတာတွေကို ပေါင်းလုပ်မယ်ဆိုတဲ့ ဆန္ဒနဲ့ ပြန်လာတာပါ”

စက်တင်ဘာ ၁၅ ထုတ် ENVOY အတွဲ (၂) အမှတ် (၂၁) တွင်ပါသည့် “ပြည်ပတွင်လေးနှစ်ကြာနေထိုင်ခဲ့သည့် သီးလေးသီး အဖွဲ့ဝင်အချို့ ပြည်တော်ပြန်လာ” သတင်းမှ လူရွှင်တော်စိန်သီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

စီးပွားရေးပြုပြင်ပြောင်းလဲရေး အတွေ့အကြုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိုးရသစ်သည် ယခုအချိန်၌ အထူးအလေးထား ဆောင်ရွက်နေသည်မှာ အမျိုးသား ပြန်လည်ရင်ကြား စေ့ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများပင်ဖြစ်လေသည်။ နိုင်ငံရေးဆုံး ဖြတ်ချက်များသည် စီးပွားရေးအပေါ် သက်ရောက်မှု များစွာရှိသလို၊ စီးပွားရေး ရလဒ်များသည်လည်း နိုင်ငံရေး အပေါ်ဂယက်ရိုက်မှုများ ရှိလေသည်။ ယခု ဖြစ်ပေါ်နေသော အပြောင်းအလဲများမှာ လျင်မြန်လှသည်ဖြစ်လေရာ ရလဒ် ကောင်းကောင်း ထွက်ပေါ် လာနိုင် သည်ဟုတော့ ယတိပြော၍ မရနိုင်ပါ။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တိုးတက်ရေး ကောင်စီလက်ထက်က ယခုကဲ့သို့သော စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သော်လည်း လိုအပ်ချက်များ ရှိနေခဲ့သည့်အတွက် ရေရှည်ဖွင့်ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရယူနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ၁၉၈၈မှ ၁၉၉၅ ခုနှစ်အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တိုးတက်ရေးကောင်စီသည် နိုင်ငံခြား ရင်းနှီးမြုပ်နှံဥပဒေ၊ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍရေး စည်းမျဉ်းစည်းကမ်းများနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်များစသည့် ကျယ်ပြန့်သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့လေသည်။ နိုင်ငံ၏ ငွေကြေးမူဝါဒကို အဓိကချမှတ်သည့် ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်းများကို ပီပြင်လာအောင် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်လာခြင်း၊ ပုဂ္ဂလိက ဘဏ်များကို ဖွင့်လှစ်တည်ထောင် ဆောင်ရွက်ခွင့် ပေးလာခြင်း၊ ပြည်တွင်းနှင့် နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူများကို မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခွင့် ပြုပေးခြင်းများကို ဆောင်ရွက်လာခဲ့လေသည်။ ထို့အတွက်ကြောင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ သြစတြေးယားနိုင်ငံများမှ ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ လာရောက် ၍ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ ငါးလုပ်ငန်း၊ သတ္တုတွင်းထွက် ရင်းနှီးမြုပ်နှံကြရာ တရားဝင်စာရင်းအရ စီးပွားရေးပြုပြင်ပြောင်းလဲမှုပြုလုပ်ပြီး ၃ နှစ်အကြာတွင် နိုင်ငံတွင်းသို့ ဝင်ရောက် လာသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်းမှာ ကန်ဒေါ်လာ ၃ ဘီလီယံခန့်ရှိလေသည်။

သို့သော် ယင်းကဲ့သို့သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့သော်ငြားလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အနည်းငယ်သာ ရရှိခဲ့သည့်အပြင် ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် အကောင်အထည် ပေါ်လာသည်လည်း မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တပ်မတော် အစိုးရမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ရာတွင်  ပြည်တွင်းနှင့် ပြည်ပ အကန့်အသတ်များကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ပြည့်ပြည့်ဝဝလုပ် ဆောင်နိုင်ခဲ့သည်တော့ မဟုတ်ပါ။ ယင်းအကန့်အသတ်များထဲတွင် (၁)စီးပွားရေး မူဝါဒချမှတ် အကောင်အထည်ဖော်သည့် ဝန်ကြီးဌာနများ၏ မူဝါဒကောင်း ချမှတ်နိုင်စွမ်းမရှိခြင်း၊ (၂) စီးပွားရေးလုပ်ငန်းများလက်တွေ့လုပ် ဆောင်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကို အစိုးရသို့ မူဝါဒဆိုင်ရာ သွင်းအားစုများအဖြစ် ဖော်ထုတ်တင်ပြနိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ မရှိခြင်းနှင့်(၃) စီးပွားရေးဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားအကူအညီရရှိမှု နည်းပါးခြင်းတို့ ပါဝင်လေသည်။

ဝန်ကြီးချုပ်ရုံး၊ အမျိုးသားစီးပွားရေး စီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီး ဌာန၊ စက်မှုဝန်ကြီးဌာနများသည် စီးပွားရေး မူဝါဒများကို ချမှတ်အကောင်အထည်ဖော်သည့် ဝန်ကြီးဌာနများ ဖြစ်လေသည်။ ယင်းတို့ အနက် အမျိုးသားစီမံကိန်းဝန်ကြီး ဗိုလ်မှူးချုပ် အေဘယ်လ်၏ ကုန်သွယ်ရေး၊ နိုင်ငံခြားရင်း နှီးမြုပ်နှံမှု အစရှိသည့် မူဝါဒများမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေခဲ့လေသည်။ သို့သော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ကျွမ်းကျင်သည့် စီးပွားရေးပညာရှင်များ အလွန်ရှားပါသည်မှာ အလွန်ပင် ထင်ရှားလှပါသည်။ စီးပွားရေးဆိုင်ရာ ပြဿနာများ၊ မူဝါဒများကို ငြင်းခုံဆွေးနွေးသည့် သုတေသနပတ်ဝန်ကျင်းမျိုး မရှိသလောက်ပင် ဖြစ်လေသည်။ ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီး ဌာနနှင့် ဗဟိုဘဏ်တို့တွင်လည်း ကျွမ်းကျင်သည့် ပညာရှင်များ မရှိခြင်းကြောင့် အမျိုးသားစီးပွားရေး တည်ငြိမ်ရေး ဖြစ်ပေါ်စေသည့် မူဝါဒများကို ချမှတ်နိုင်ခြင်း မရှိခဲ့ပေ။

နိုင်ငံတော်စီးပွားရေးလုပ်ငန်းများနှင့် လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းများ ဈေးကွက်တွင် ကြီးစိုးထားသည်မှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ မအောင်မြင်ရခြင်း၏ အကြောင်းရင်းတစ်ရပ် ဖြစ်လေသည်။  စီးပွားရေး ပြုပြင်ပြောင်းလဲမှုများသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိက ဖော်ဆောင်ပေးမည့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ လှုပ်ရှားခွင် ကျယ်ကျယ်ပေးလာခြင်းမျိုးမဟုတ်ဘဲ တပ်မတော် အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းကို လုပ်ပိုင်ခွင့်ပိုပေးသည့် အခွင့်ထူးခံစီးပွားရေးပုံစံသို့ တဖြည်းဖြည်းဖန်တီးသွားသလို ဖြစ်နေခဲ့လေသည်။ ၁၉၉၀ မှ စတင်တည်ထောင်သော တပ်မတော်မှ အရှာရှိများ၊ အငြိမ်းစားများ အစုရှယ်များပါဝင်သည့် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီဆိုလျှင် မြန်မာနိုင်ငံ၏ အကြီးဆုံးကုမ္ပဏီကြီး တစ်ခု ဖြစ်လေသည်။  ထို့အပြင် တပ်မတော်အသိုင်းအဝိုင်းနှင့်နီးစပ်သည့် Asian World Group သည်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်း၊ လက်လီ ရောင်းချရေးလုပ်ငန်းများတွင် လုပ်ပိုင်ခွင့် တော်တော်များများ ရရှိခဲ့လေသည်။

ပြည်ပမှ ထောက်ပံ့မှုနည်းပါးခြင်းသည်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပီပြင်မလာခြင်း၏ အကြောင်းအရင်း တစ်ရပ်အဖြစ် ထည့်သွင်း သုံးသပ်နိုင်ပါသည်။ ၁၉၈၈ခုနှစ် စစ်တပ်အာဏာသိမ်းမှုအပေါ် အနောက်နိုင်ငံများက ဝေဖန်တုံ့ပြန်မှု အမျိုးမျိုးပေးသည့်အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် မဖော်ခြင်းအတွက်လည်း ဖိအားပေးမှု အမျိုးမျိုးရင်ဆိုင်ခဲ့ရလေသည်။ အာဆီယံအသိုင်းအဝိုင်းမှလည်း မြန်မာနိုင်ငံ လုပ်ရပ်များအပေါ် Constructive engagement ချဉ်းကပ်မှုဖြင့် သံတမန်ဆိုင်ရာ ဖိအားပေးမှု ရှိလေသည်။ ဤသို့သော နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အဆင် မပြေမှုများနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တိုးတက်ရေးကောင်စီ၏ နိုင်ငံရေးအနာဂတ် မသေချာမှုများကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများမှာ  ရေရှည်စီးပွားရေး ဖွံ့ဖြိုး တိုးတက်စေသည့် စီမံကိန်းကြီးများထက် ရေတိုအကျိုးအမြတ်ရစေပြီး စွန်းစားမှုနည်းသည် စီးပွားရေးလုပ်ငန်းများတွင်သာ ရင်းနှီးမြုပ်နှံကြလေသည်။ ထို့အပြင် အခြေခံအဆောက်အအုံ များနည်းပါးခြင်း၊ ငွေလဲနှုန်းမူဝါဒများညံ့ဖျင်းခြင်း၊ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ရှိနေခြင်းကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများမှာ အရင်းအနှီးကြီးကြီးမားမားဖြင့် လာရောက်ရင်းနှီးမြုပ်နှံ တွန့်ဆုတ်နေခဲ့လေသည်။

ယခုလက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေးမူဝါဒအပြောင်းအလဲများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယခင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တိုးတက်ရေး ကောင်စီလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ မအောင်မြင်ရသည့် အကြောင်းအရင်းကို နှိုင်းယှဉ်လေ့လာဖို့ လိုအပ်ပါသည်။ ယခု အစိုးရသစ် တွေ့ကြုံရင်ဆိုင်ရသည့် ပြဿနာများမှာလည်း (၁) ငွေကြေးလဲလှယ်နှုန်းမူဝါဒ၊ (၂) လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရှာသည့် စီးပွားရေးစနစ် (၃) အနောက်နိုင်ငံမှ စီးပွားရေးကန့်သတ်မှုများ အစရှိသည်တို့ဖြစ်လေရာ နှိုင်းယှဉ် လေ့လာခြင်းအားဖြင့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း……………။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs