Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၄.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ sanction သက်တမ်းတိုးရေး ဆီးနိတ်တွင် သောင်တင်

(13 September 2011 ရက်စွဲပါ Fort Wayne Journal Gazette တွင် Brain Francisco ရေးသားသော Myanmar sanctions stuck in Senate ကို ဘာသာ ပြန်ဆိုသည်)

  1. လက်နက်ကိုင်များအား ထောက်ပံ့သူများကို ထိုင်း နှိမ်နှင်းမည်

(13 September 2011 ရက်စွဲပါ Irrawaddy မှ Thiland to crack down on support for armed groups ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာသာ ပြောင်းလဲလာပါက ကမ္ဘာက ကြိုဆိုကြမှာ အမှန်

(The Nation မှ 14 Sept  2011 ရက်စွဲပါ “ The world will wellcome Burma if it reform” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်တွင် ဆင်းရဲမွဲတေမှု အမြင့်ဆုံး ရောက်ရှိ

(13 September 2011 ရက်စွဲပါ BBC News မှ Number of Americans in poverty hits records high ကို ဘာသာပြန်သည်)

  1. ကြိုတင်သတ်မှတ်ချက်မပါသည့် ဒီမိုကရေစီ ဒိုင်ယာလော့ ဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(VOA News မှ 13 September 2011 ရက်စွဲပါ "Burma's Suu Kyi urges democracy dialogue without pre-conditions" သတင်းကို ဘာသာပြန်သည်)

  1. တိုးရစ်များ ပိုမို ရောက်ရှိလာရန် မြန်မာ ဒေသခံများ မျှော်လင့်

(AL Jazeera မှ 13 September 2011 ရက်စွဲပါ "Upturn in tourists gives Myanmar Locals hope" သတင်းကို ဘာသာပြန်ဆိုသည်)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာနိုင်ငံ sanction သက်တမ်းတိုးရေး ဆီးနိတ်တွင် သောင်တင်

(13 September 2011 ရက်စွဲပါ Fort Wayne Journal Gazette တွင် Brain Francisco ရေးသားသော Myanmar sanctions stuck in Senate ကို ဘာသာ ပြန်ဆိုသည်)

ကွန်ဂရက်တွင် ဖိနှိပ်သောမြန်မာ အစိုးရအား ဝေဖန်မှုများမှာ ပြင်းထန်နေဆဲဖြစ်သည်။ ဆီးနိတ်သည် တနင်္လာနေ့တွင် မြန်မာနိုင်ငံမှ သွင်းကုန်များ ပိတ်ပင်ခြင်းကို သက်တမ်းတစ်နှစ် ထပ်တိုးရေး စဉ်းစားရန် စီစဉ်ထားသည်။

သို့သော် အများစုခေါင်းဆောင် Harry Reid, D- Nev က ယခုနှစ် ရေကြီးမှုများ၊ တောမီးလောင်မှုများ၊ တိုနေဒိုးများနှင့် အပူပိုင်းမုန်တိုင်းများကြောင့် ပျက်စီးမှုများအတွက် အမေရိကန် သဘာဝဘေးဒဏ်ကယ်ဆယ်ရေးတွင် ဒေါ်လာ ( 6 ) ဘီလီယံ ပေါင်းထည့်ရန် ကြိုးစားနေသည်။

ဥပဒေဖြစ်ရေးအတွက် တနင်္လာနေ့က မဲပေးရာ 53 မဲ 33 မဲ ဖြင့် ရှုံးနိမ့်ခဲ့သည်။ အနိုင်ရရန် မဲ 60 လိုအပ်သည်။ ဆီနိတ်တာ Richard Lugar နှင့် Rob Portman တို့က ကန့်ကွက်ခဲ့ပြီး၊ ဆီနိတ်တာ Dan Coats နှင့် Sherrod Brown တို့က ထောက်ခံခဲ့ကြသည်။

Coats , Lugar နှင့် Portman တို့သည် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူမှုများ သက်တမ်းတိုးရေး ဥပဒေအတွက် စပွန်ဆာ ပြုသူများတွင် ပါဝင်သည်။ Census Bureau ၏ ကိန်းဂဏန်းများအရ အင်ဒီယားနားတွင် မြန်မာဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူ ( 7900 ) နီးပါးရှိပြီး၊ ထိုအထဲမှ ( 3800 ) ခန့်မှ Allen County တွင် နေထိုင်ကြသည်။

Sanction ကိစ္စနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးကိစ္စမှာ သီးခြားစီ စဉ်းစားသင့်ကြောင်းနှင့် sanction ကိစ္စကို ရှေ့ဆက် ဆုံးဖြတ်နိုင်ရန် လုပ်သင့်ကြောင်း Lugar က ယုံကြည်သည်ဟု ၎င်း၏ သတင်းထုတ်ပြန်ရေး အတွင်းရေးမှူး Andy Fisher က ဆိုသည်။ အဆိုပါ sanction ကို Burmese Freedom and Democracy Act of 2003 ဟု ခေါ်သည်။

Coats ၏ ဆက်သွယ်ရေးဒါရိုက်တာ Tara Dijulio က email မှတဆင့် ပြောကြားရာတွင် ၎င်းသည်လည်း ဥပဒေများသည် သီးခြားစီ ဖြစ်သင့်သည်ဟု ထင်မြင်ကြောင်း၊ သို့သော် ယနေ့ ဆန္ဒမဲပေးမှုသည် sanction ဥပဒေနှင့် တွဲရေး၊ ခွဲရေးအတွက် ဖြစ်ကြောင်း၊ ထိုဥပဒေမှာ အရေးပေါ် သုံးစွဲရမည့် အမျိုးအစားတွင် မပါဝင်သေးကြောင်း ပြောခဲ့သည်။

Coats မှာ ဒီမိုကရက် ( ၄၆ ) ဦးနှင့် တစ်သီးပုဂ္ဂလ တစ်ဦးတို့နှင့် အတူ ထောက်ခံသော ရီပတ်ဗလစ်ကန် ( ၆ ) ဦးတွင် ပါဝင်သည်။ ရီပတ်ဗလစ်ကန် ( ၃၃ ) ဦးက နှစ်ခုတွဲရေးကို ဆန့်ကျင်ကြသည်။ ဆီနိတ်တာ ( ၁၄ ) ဦးက မဲမပေးပါ။

မြန်မာနိုင်ငံအပေါ် အရေးယူရေး ဥပဒေကို ယနေ့ပြန်လည်တင်ပြရန် ရှိသည်။ House က အရေးယူမှု သက်တမ်းတိုးရေးကို ဇူလိုင်လက အသံဖြင့် မဲပေးကာ အတည်ပြုခဲ့သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

လက်နက်ကိုင်များအား ထောက်ပံ့သူများကို ထိုင်း နှိမ်နှင်းမည်

(13 September 2011 ရက်စွဲပါ Irrawaddy မှ Thiland to crack down on support for armed groups ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်စပ်ကို အခြေပြုနေသော တိုင်းရင်းသားလက်နက် ကိုင်များအား ထောက်ပံ့ကူညီနေသူများကိုပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့က သတိပေး ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ အစိုးရဟာ မြန်မာနယ်စပ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကို လက်နက်တွေ ပံပိုးဖို့ မူဝါဒမရှိပါဘူး။ ဒီအုပ်စုတွေကို လက်နက်ထောက်ပံ့ခြင်း ရောင်းဝယ်ခြင်းလုပ်နေ သူတွေကို ကျွန်တော်တို့ပြင်းပြင်းထန်ထန် အရေးယူပါမယ်”ဟု ထိုင်းနိုင်ငံလက်ထောက်ရဲချုပ် Lt-Gen Rapipat Palawong က ထိုင်းနယ်စပ်မြို့မဲဆောက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါ သည်။

မဲဆောက်သည် မြန်မာနိုင်ငံရေးဆန့်ကျင်သူများ၊ ထွက်ပြေးလာသူများ၊ ဒုက္ခသည်များနှင့် KNU ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များ အတွက် ခိုလှုံရာနေရာဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။

မဲဆောက်မှလာသော သတင်းအရ Rapipat ၏ သတင်းပေးမှုမှာ KNU နှင့် အခြားလက်နက်ကိုင်များကို တုန်လှုပ်သွားစေကြောင်းဆိုပါသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံမှ အစား အသောက်နှင့် လက်နက်ကို မှီခိုနေရပါသည်။

“လက်နက်တင်မကပါဘူး။ မဲဆောက်ကနေ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ KNU တပ်တွေကို ပို့တဲ့ အစားအသောက်တွေကိုတောင် သတိထားပြီး ပို့နေပါတယ်” ဟု ကရင်သူပုန်များနှင့် နီးစပ်သူဒေသခံ တစ်ဦးက ပြောပါသည်။

မဲဆောက်ရှိထိုင်းသတင်းစာဆရာတစ်ဦးက ပြောကြားရာတွင် ရဲတပ်ဖွဲ့၏ သတိပေးမှုသည် မဲဆောက်တွင် လက်နက်ရောင်းဝယ်မှုများ တိုးပွားလာခြင်းကြောင့် ဖြစ်ကြောင်းဆိုပါသည်။ သောကြာ နေ့က ထိုင်းအာဏာပိုင်များသည် KNU သို့ လက်နက်နှင့် ခဲယမ်းများရောင်းဝယ်ကြောင်း သံသယရှိ သဖြင့် မဲဆောက်တွင် လူနှစ်ဦးအား ဖမ်းဆီးခဲ့ပါသည်။

Rapipat က မဲဆောက်ဒေသခံရဲများအား မြန်မာနိုင်ငံသို့ မော်တော်ယာဉ်မှောင်ခိုရောင်းဝဝ်မှု နှင့် နယ်စပ်တွင် မူးယစ်ဆေးဝါး ကိစ္စများအား နှိမ်နင်း-ရန်ညွှန်ကြားထားပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြန်မာသာ ပြောင်းလဲလာပါက ကမ္ဘာက ကြိုဆိုကြမှာ အမှန်

(The Nation မှ 14 Sept  2011 ရက်စွဲပါ “ The world will wellcome Burma if it reform” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

အရပ်သားမျက်နှာသစ် အနည်းငယ်ပါဝင်သည့် တပ်မတော်အားပြု မြန်မာအစိုးရသစ်က ယခုအခါ အပြောင်းအလဲများ စတင်မိတ်ဆက်ရန် ပြင်ဆင်နေကြောင်းနှင့် အများက မြင်ချင်ကြသော ဒီမိုကရေစီနှင့် ပြန်လည်စေ့စပ်သင့်မြတ်ရေးဆီသို့ ဦးတည်နေကြောင်းကို နိုင်ငံတကာအသိုင်းအဝိုင်းထံ အချက်ပြလျက်ရှိသည်။

စစ်ဖက်အာဏာရှင်အစိုးရက ကာလရှည်ကြာ အုပ်ချုပ်ခဲ့သည့် နိုင်ငံတွင် နောက်ပိတ်ဆုံး၌ အပြောင်းအလဲများ ပြုလုပ်ရန် စီစဉ်နေပြီဖြစ်ကြောင်း အားကောင်းကောင်းလက္ခဏာများစွာကို ပြသလိုက်သည့် နောက်တွင်မူ အစိုးရခေါင်းဆောင်နှင့် ဒီမိုကရေစီခေါင်းဆောင်တို့၏ တွေ့ဆုံမှုသည်ပင် မထူးဆန်းတော့ပါဟု သံတမန်များက ဆိုကြသည်။

ယခင်တပ်မတော်အစိုးရ၏ အာဏာကို မတ်လက အစားထိုးရယူခဲ့သည့် လက်ရှိအစိုးရတွင် မြင်သာထင်ရှားသော စိတ်ရင်းစေတနာကောင်းများရှိနေပြီး မကြာသေးမီက နိုဘယ်ဆုရှင်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူကားချပ်ကို နောက်ခံထားကာ သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တစ်ဦးနှင့် တစ်ဦးနှုတ်ဆက်နေကြသည့် ဓါတ်ပုံကို အစိုးရမီဒီယာများတွင် တရားဝင် ဖေါ်ပြခဲ့သည်ကို တွေ့ရသည်။

“ မြန်မာ့လွတ်လပ်ရေး သူရဲကောင်းနှင့် သူ၏ သမီးဖြစ်သူ ဒီမိုကရေစီခေါင်းဆောင်တို့အား မြန်မာ့လူ့အဖွဲ့အစည်းက ယခုအချိန်အထိ သတိတရ ရှိနေဆဲ ဖြစ်သည်ကို ယင်းဓါတ်ပုံက ညွှန်ပြနေသည်။ ဘန်ကောက်မြန်မာသံရုံးမှာ ဗိုလ်ချုပ်သန်းရွှေရဲ့ ဓါတ်ပုံကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါတ်ပုံနဲ့ အစားထိုးလဲပစ်တာကို မြင်ရဖို့ ကျွန်တော်တို့ မျှော်လင့်နေကြတာပါ” ဟု သံအရာရှိတစ်ဦးက ပြောကြားသည်။

ယခင် တပ်မတော်အစိုးရဟောင်း၏ အကြွင်းမဲ့အာဏာရှင် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် တရားဝင်အုပ်ချုပ်ရေး ရာထူးများကို စွန့်လွှတ်လိုက်ပြီ ဆိုသော်ငြားလည်း သူ၏ တကယ့်နေရာ အစစ်အမှန်ကို အကဲခတ်လေ့လာသူ များစွာက အလွန်ပင် သိချင်နေကြသည်။ သူ၏ ကိုယ်ရေးလက်ထောက် ဗိုလ်ချုပ်စိုးရှိန်ကို တပ်မတော်ထောက်လှမ်းရေး အကြီးအကဲအဖြစ် လတ်တလော ရွေးချယ်လိုက်ခြင်းက အာဏာရှင်ခေါင်းဆောင်၏ နေရာအစစ်အမှန်ကို သဲကွဲစွာ ထင်ဟပ်နေသည်ဟု အချို့က မှတ်ချက်ပေးသည်။

ယခင် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ လက်ရှိသမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည် ဖော်နိုင်လောက်အောင် လုံလောက်သည့် လွတ်လပ်ခွင့်ရှိသူ ဖြစ်ကြောင်း အများစုက ယခုတိုင် ယုံကြည်နေကြဆဲဖြစ်သည်။ ဥရောပ သံတမန်တစ်ဦးက သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုကို လိုလားကြောင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံရန် ဆန္ဒရှိကြောင်းကို အလွန်ထင်ရှားစွာ ပြသခဲ့ပြီးဖြစ်သည်ဟု သုံးသပ်ပြောကြားသည်။

မြန်မာအစိုးရသည် ပြည်တွင်းသုံးကျပ်ငွေတန်ဘိုးကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးပြဿနာများကို ကိုင်တွယ်မည့် အစီအစဉ်များအား စတင် အကောင်အထည်ဖေါ်နေသည့်အပြင် အမျိုးသားလူ့အခွင့်အရေး ကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပြီဟု သိရှိရသည်။

ထို့အပြင် အနောက်နိုင်ငံများ၏ ကိုယ်စားလှယ်အဖွဲ့များစွာကို မြန်မာအစိုးရက ဖိတ်ခေါ်ကြိုဆိုခဲ့ရာ ဇွန်လတွင် အမေရိကန်ဆီနိတ်တာ Tohn Mc Cain ၊ သြဂုတ်လတွင် ကုသမဂ္ဂလူ့အခွင့်အရေးအထူးအရာရှိ Tomas Ojea Quintana ၊ ယခင်အပတ်တွင် ဥရောပသမဂ္ဂ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ လူသားခြင်းစာနာသောကူညီမှု၊ ပြဿနာတုန့်ပြန်ဖြေရှင်းမှုဆိုင်ရာ ကော်မရှင်နာမင်းကြီး Kristalina Georgieva နှင့် ယခုအပတ်တွင် အမေရိကန် မူဝါဒညှိနှိုင်းရေး အထူးကိုယ်စားလှယ် Derek Mitchell တို့ ရောက်ရှိလာခဲ့ကြသည်။ အထက်ပ

ကိုယ်စားလှယ်အားလုံးသည် သမ္မတ ဦးသိန်းစိန်နှင့် လည်းကောင်း၊ အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် လည်းကောင်း တွေ့ဆုံခဲ့ကြသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်းတွေ့ဆုံခွင့် ရခဲ့ပြီး နိုင်ငံရေး ပြောင်းလဲတိုးတက်ရေးနှင့် ပြန်လည်စေ့စပ်သင့်မြတ်ရေး အပါအဝင် သူတို့ စိုးရိမ်နေသောကိစ္စရပ်များကို ဆွေးနွေးနိုင်ခဲ့ကြသည်။

အနောက်အုပ်စုမှ နိုင်ငံအများစုက မြန်မာနိုင်ငံမှ တပ်မတော်ခေါင်းဆောင်များ ကျောထောက်နောက်ခံပြုထားဖွယ်ရှိနေသေးသော မြန်မာအစိုးရ၏ ‘ တရားဝင်မှု ’ ကို အသိအမှတ်မပြုနိုင်သေးဟု ပြောဆိုနေကြသော်လည်း မျိုးဆက်သစ် ယခုခေါင်းဆောင်များက အပြောင်းအလဲ တစ်ချို့ကို ပြုလုပ်လိမ့်မည်ဟု မျှော်လင့်နေကြသည်။ အနောက်နိုင်ငံများက အပြုသဘောဆောင်သော တိုးတက်မှုဟု သတ်မှတ်ထားသော အချက်များတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ ကဏ္ဍကို နိုင်ငံရေးနယ်ပယ်တွင် အသိအမှတ် ပြုခြင်း၊ တိုင်းရင်းသားအုပ်စုများနှင့် စစ်ပွဲကို အဆုံးသတ်ခြင်း စသည်တို့ ပါဝင်ပြီး၊ မြန်မာအစိုးရ အနေဖြင့် sanctions ရုတ်သိမ်းမှု၊ ဖွံ့ဖြိုးရေးအကူအညီနှင့် ပုံမှန်အဆင့် ဆက်ဆံမှုတို့ကို “ တုန့်ပြန်ဆုလာဒ် ” ရနိုင်ရန်အတွက် အထက်ပါအချက်များကို အရင်ပြသရမည်ဟု ဆိုသည်။

ဥရောပသမဂ္ဂကမူ ဧပြီလတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး အပါအဝင်၊ ကျန် အရပ်သားဝန်ကြီးစစ်စစ်များ၏ ပိုင်ဆိုင်မှုနှင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုကို ဖယ်ရှားပေးရန် ဆုံးဖြတ်ခြင်းဖြင့် အနည်းငယ် ဖြေလျှော့ပေးမှုကို ပြသခဲ့ပြီး ဖြစ်ပေသည်။ ယခုအခါ ဥရောပသမဂ္ဂ၏ ထိပ်ပိုင်းတာဝန်ရှိသူများပင် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြပြီဖြစ်သည်။

မြန်မာနိုင်ငံကို အမြဲတမ်းပစ်ပယ်ထားချင်သူ လုံးဝမရှိခြင်းသည် အမှန်တရားပင် ဖြစ်သည်။ အမှန်တကယ်တွင် ပြုပြင်ပြောင်း လဲရေး၊ ဒီမိုကရေစီအရေးနှင့် အမျိုးသားပြန်လည်စေ့စပ်သင့်မြတ်ရေးကို အပြည့်အဝ တာဝန်ယူဆောင်ရွက်ကာ လူ့အခွင့်အရေးကို လေးစားကြောင်း ပြသမည့် မြန်မာနိုင်ငံကို အသိအမှတ်ပြု ဆက်ဆံရန် ကမ္ဘာတစ်ဝှမ်းနိုင်ငံများ အားလုံးက အမြဲတမ်း အဆင်သင့် ရှိနေကြသည်။

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

အမေရိကန်တွင် ဆင်းရဲမွဲတေမှု အမြင့်ဆုံး ရောက်ရှိ

(13 September 2011 ရက်စွဲပါ BBC News မှ Number of Americans in poverty hits records high ကို ဘာသာပြန်သည်)

ပြီးခဲ့သည့်နှစ်က ဆင်းရဲမွဲတေသော အမေရိကန် လူမျိုး ၄၆.၂ သန်းသို့ ရောက်ရှိခဲ့ရာ၊ လူခြောက်ဦးတွင် ဆင်းရဲမွဲတေသူ တစ်ဦးနီးပါး ရှိကြောင်း US Census Bureau ၏ နှစ်ပတ်လည် အစီရင်ခံစာအရ သိရှိရသည်။

၂၀၁၀ ကိန်းဂဏန်းများက ဆင်းရဲမွဲတေမှု နှုန်းမှာ ၁၅.၁% ရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်က ၁၄.၃%သာ ရှိခဲ့သည်ဟု ပြနေသည်။ ကျန်းမာရေး အာမခံ မရှိသော အမေရိကန် ဦးရေသည် ၄၉.၉ သန်းထိ တက်လာခဲ့သည်။

ဆင်းရဲမွဲတေမှုနှုန်းမှာ ၁၉၈၃ မှစ၍ ယခုအချိန်မှာ အမြင့်ဆုံး ရှိခဲ့သည်။ ၁၉၉၃ ခုနှစ်က နှုန်းနှင့် တူညီနေသည်။

အမေရိကန် နိုင်ငံတွင် ဆင်းရဲမွဲတေမှုအတွက် သတ်မှတ်ထားသော သတ်မှတ်ချက် အောက်တွင် နေထိုင်သော ဦးရေ တိုးလာသည်မှာ လေးနှစ် ရှိပြီဖြစ်သည်။

အမေရိကန်တွင် ဆင်းရဲမွဲတေမှုအတွက် သတ်မှတ်ချက်မှာ လူလေးဦးရှိသော မိသားစုအတွက် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၂၃၁၄ (ပေါင်စတာလင် ၁၄၁၂၉) နှင့် ယင်းထက် နည်းခြင်း သို့မဟုတ် တစ်ဦးခြင်း တစ်နှစ်လျှင် ဒေါ်လာ ၁၁၁၃၉ ထက် နည်းပါးခြင်းကို သတ်မှတ်ထားသည်။

ဆင်းရဲသော ကလေးများတိုးလာခြင်း

လူမည်းများနှင့် စပိန်စပ် လက်တင်အမေရိကားမှ လူများကြားတွင် ဆင်းရဲမွဲတေမှုသည် အမေရိကန် လူမျိုးထက်စာလျှင် ပိုမြင့်ကြောင့် ၂၇.၄% နှင့် ၂၆.၆% အသီးသီးရှိကြောင်း Census Bureau ၏ အချက်အလက်များက ပြသည်။

ဆင်းရဲမွဲတေမှု သတ်မှတ်ချက် အပေါ်တွင် ရှိသော လူများအတွက် ပျမ်းမျှဝင်ငွေမှာ ၂၀၁၀ တွင် ၂.၃% ကျဆင်းခဲ့ပြီး ဒေါ်လာ ၄၉၄၄၅ (ပေါင်စတာလင် ၃၁၂၂၈) သာရှိခဲ့သည်။

ငယ်ရွယ်သော အမေရိကန်များတွင် ပြင်းထန်စွာ ထိခိုက်သည်။ ၁၈ နှစ်အောက် လူငယ်များ ဆင်းရဲမွဲတေမှု အဆင့် သတ်မှတ်ချက် အောက်တွင် နေထိုင်ရမှုသည် ၂၀၀၉ တွင် ၂၀.၇%သာ ရှိခဲ့ရာမှ ၂၂%ထိ မြင့်တက်လာခဲ့သည်။

အဆိုပါ အချက်အလက်များနှင့် ပတ်သက်၍ Children's Leadership Council မှ တုန့်ပြန်ပြောကြားရာတွင် "ဆင်းရဲမွဲတေမှုနဲ့ နေရတဲ့ ကလေးဦးရေ တိုးလာတာဟာ နိုင်ငံရေး ခေါင်းဆောင်တွေ ရွေးချယ်တဲ့ ရလဒ်ပါပဲ။ သူတို့ဟာ ဘီလီယံနာတွေကိုသာ စဉ်းစားတာကိုး။ အမေရိကန် ကလေးတွေဟာ ထိပ်တန်း ဦးစားပေး ဖြစ်သင့်ပါတယ်" ဟု ဆိုသည်။

ဒေသတွင်းတွင် တောင်ဖက်ပိုင်းသည် ဆင်းရဲ မွဲတေမှုနှုန်း အမြင့်ဆုံး ရှိခဲ့ပြီး ၁၆.၉% ရှိသည်။ ကျန်းမာရေး အာမခံထားရှိနိုင်ခြင်း မရှိသူ ရာခိုင်နှုန်း သည် ၁၉.၁% အမြင့်ဆုံး ရှိသည်။

အလုပ်ခန့်မည့်သူ မရှိခြင်း

မစ္စစပီတွင် ဆင်းရဲမွဲတေမှု အမြင့်ဆုံးရှိပြီး ၂၂.၇% ရှိသည်။ လူဝီစီယားနား၊ ကိုလံဘီယာဒီစတြိတ်၊ ဂျော်ဂျီယာ၊ နယူးမက္ကဆီကို နှင့် အရီဇိုးနားတို့သည် နောက်မှ လိုက်သည်။ New Hampshire တွင် အနိမ့်ဆုံး ၆.၆%သာ ရှိသည်။

ကျန်းမာရေး အာမခံ မရှိသော လူဦးရေမှာ အနည်းငယ် တိုးလာခဲ့ရာ တစ်သန်းနီးလာပြီ ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ စီးပွားရေး ချွတ်ယွင်းလာသဖြင့် အလုပ်ရှင်က ဆေးကုသစရိတ်အတွက် မထောက်ပံ့နိုင်တော့ သောကြောင့် ဖြစ်သည်။

ကွန်ဂရက်သည် အာမခံ မရှိသော ဦးရေတိုးလာခြင်းကြောင့် ပြီးခဲ့သည့်နှစ်က ကျန်းမာရေးကိစ္စကို လုံးဝပြုပြင် ပြောင်းလဲရန် ခွင့်ပြုခဲ့သည်။ သို့သော် အဓိက ဥပဒေသည် ၂၀၁၄ ခုနှစ်အထိ သက်ရောက် လိမ့်ဦးမည် မဟုတ်ပေ။

ကိန်းဂဏန်းများအရ အလုပ်လက်မဲ့နှုန်းသည် သြဂုတ်လတွင် ၉.၁% ရှိခဲ့ပြီး၊ ယခင် လကတည်းက အဆိုပါနှုန်းတွင် တန့်နေခြင်းဖြစ်သည်။

Maryland ရှိ Ford Washington တွင် နေထိုင်သူ ကလေး ငါးဦးမိခင် Nekisha Brooks က AT & T ကုမ္ပဏီမှ အလုပ်ပြုတ်ပြီး အလုပ်ရှာရသည်မှာ ရုန်းကန်နေရသည်ဟု ဆိုသည်။

"ကျွန်မ နေ့စဉ် အလုပ်လျှောက်လွှာ တင်နေတာ အိမ် ထိန်းသိမ်းရေး အလုပ်ကနေ အုပ်ချုပ်ရေးမှူး၊ စားပွဲထိုး စုံနေတာပဲ၊ ဒါပေမယ့် အခုထိ ခန့်မယ်လို့ မရှိသေးဘူး"ဟု သူမက ပြောသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ကြိုတင်သတ်မှတ်ချက်မပါသည့် ဒီမိုကရေစီ ဒိုင်ယာလော့ ဆွေးနွေးရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(VOA News မှ 13 September 2011 ရက်စွဲပါ "Burma's Suu Kyi urges democracy dialogue without pre-conditions" သတင်းကို ဘာသာပြန်သည်)

မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က သူမအနေဖြင့် မြန်မာ အရပ်ဖက် အစိုးရအသစ်အား နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးစေရန်အတွက် ဆက်လက် တိုက်တွန်းသွားမည် ဖြစ်သော်လည်း အကျဉ်းသား လွတ်မြောက်ရေး ကိစ္စသည် ဆက်လက် ပြုလုပ်မည့် ဆွေးနွေးမှုများအတွက် သတ်မှတ်ချက် တစ်ရပ် ဖြစ်သင့်သည်ဟု မယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ရန်ကုန်မြို့၌ အင်္ဂါနေ့က VOA မြန်မာပိုင်း အစီအစဉ် သတင်းထောက်အား ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က ပြောကြားရာတွင် ပြည်တွင်း ပြည်ပမှ ဒီမိုကရေစီ လှုပ်ရှားသူများက မြန်မာ အစိုးရသစ်အား ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ အကောင်အထည်ဖော်လာအောင် တိုက်တွန်း အားပေးရန် ဆက်လက် ကြိုးပမ်းလျက် ရှိကြောင်းနှင့် ယခုနှစ် အစောပိုင်းက ဖျက်သိမ်းလိုက်သော တပ်မတော် အစိုးရ၏ လက်ထက်က ဖမ်းဆီး ထောင်ချခဲ့သော နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်ရေး ကိစ္စ ပို၍ မြန်ဆန်လာအောင် အစိုးရနှင့် ယခင်လက စတင် ပြုလုပ်သည့် ကြိုတင် စည်းကမ်း သတ်မှတ်ခြင်း မရှိသော ဆွေးနွေးပွဲများက အထောက်အကူပြုဖွယ် ရှိကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် သူမ၏ နိုင်ငံသည် နိုင်ငံခြား ကူညီထောက်ပံ့မှုကို အလွန်အမင်း လိုအပ်နေဆဲ ဖြစ်ကြောင်းနှင့် အထူးသဖြင့် လူထု ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများတွင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ သို့သော်လည်း "အမှန်တကယ် ပြောင်းလဲ သွားပြီ၊ ပုံစံသစ်ဖြင့် ဆက်ဆံရန် အချိန်ကျပြီ" ဟူသော အထောက်အထားများ ပြသမှသာလျှင် ကဏ္ဍစုံ အနောက်နိုင်ငံ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု အစီအစဉ်များကို ရုတ်သိမ်းပေးသင့်သည်ဟု သူမက ဆိုသည်။

တနင်္လာနေ့က ဝါရှင်တန်၌လည်း အရှေ့ အာရှရေးရာ အထက်လွှတ်တော် ဆပ်ကော်မတီကို ဦးဆောင်သူ ဆီနိတ်တာ Jim Webb က "အကယ်၍ မြန်မာအစိုးရက နိုင်ငံ၏ ဒီမိုကရေစီ လိုလားသော အတိုက်အခံ အုပ်စုများနှင့် ဒိုင်ယာလော့ ဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်မည် ဆိုပါက ဝါရှင်တန် အနေနှင့်လည်း မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြောင်းလွယ် ပြင်လွယ်ဖြစ်အောင် ကြိုတင် ပြင်ဆင်ထား သင့်သည်" ဟု ပြောကြားခဲ့သည်။

ဆီနိတ်တာ Webb က ဆက်လက်၍ "မြန်မာအစိုးရ၏ ပွင့်လင်းမှု အသစ် တွင် မြင်သာသော ပြချက်များ တွေ့ရှိရကြောင်းနှင့် အမေရိကန် ဥပဒေများတွင် သမ္မတ၏ လုပ်ရပ်သည် အမေရိကန် ပြည်ထောင်စု၏ အမျိုးသား အကျိုးစီးပွားနှင့် အကျုံးဝင်ကြောင်း ထင်ရှားပါက သမ္မတ အနေဖြင့် မြန်မာ ထုတ်ကုန်များ ပိတ်ပင်သည့် ဥပဒေကို လိုအပ်ပါက မကျင့်သုံးပဲ နေရန် ခွင့်ပြုထားကြောင်း" ရှင်းလင်း ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်၌လည်း တနင်္လာနေ့က အမေရိကန် အထူး ကိုယ်စားလှယ် Derek Mitchell နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် အကူအညီ အထောက်အပံ့ လိုအပ်နေခြင်း ကိစ္စမှသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု အကဲဖြတ်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စများအထိ အမြင်ခြင်း ဖလှယ်ခဲ့ကြသည်ဟု ဒေါ်အောင်ဆန်းစုကြည် ၏ NLD ပါတီက ဆိုသည်။

ပြီးခဲ့သော လကလည်း သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီးဟောင်း) က သူ၏ အစိုးရ အာဏာရလာပြီး နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံခဲ့သည်။ အစိုးရခေါင်းဆောင်နှင့် ဒီမိုကရေစီ ခေါင်းဆောင် နှစ်ဦးစလုံးက သူတို့၏ ဆွေးနွေးမှုသည် ရင်းနှီးပွင့်လင်းမှု ရှိကြောင်း နောက်ပိုင်းတွင် ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

ထို့နောက်တွင် သမ္မတကြီးက နိုင်ငံတည်ဆောက်မှုကို ကူညီရန် ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူများ ပြည်တော် ပြန်နိုင်ကြပြီဟု ကမ်းလှမ်း တိုက်တွန်းခဲ့သည်။

သို့သော်လည်း အင်္ဂါနေ့က VOA နှင့် ရုပ်သံ အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည် က ပြည်ပရောက် နိုင်ငံရေး သမားများ ပြည်တော်ပြန်ရန် ရွေးချယ်မှုသည် ကိစ္စ တစ်ခုချင်း၊ တစ်ဦးချင်း ဆုံးဖြတ်ရမည့် ကိစ္စသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ပြည်တော်ပြန်လာမည့် နိုင်ငံရေး လှုပ်ရှားသူများ အနေဖြင့် သူတို့ နေရာတကာတွင် ရနိုင်သော နိုင်ငံရေး လွတ်လပ်ခွင့်များကို မွေးရပ်နိုင်ငံတွင်မူ ရနိုင်မည် မဟုတ်ကြောင်း သတိပေး ပြောကြားလိုက်သည်။

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

တိုးရစ်များ ပိုမို ရောက်ရှိလာရန် မြန်မာ ဒေသခံများ မျှော်လင့်

(AL Jazeera မှ 13 September 2011 ရက်စွဲပါ "Upturn in tourists gives Myanmar Locals hope" သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် နိုင်ငံရေးအရ ကမ္ဘာက ဝိုင်းအပယ်ခံရဆုံး နိုင်ငံတစ်ခု ဖြစ်သည်ဟု သတ်မှတ်ထားကြဆဲ ဖြစ်သော်လည်း အနည်းငယ် တိုးတက် ပြောင်းလဲလာတော့မည့် လက္ခဏာများကို တွေ့မြင်နေရသည်။

လတ်တလောတွင် အစိုးရက နိုင်ငံရေး အတိုက်အခံများအပေါ် ပျော့ပြောင်းလာသည့် လက္ခဏာများ ပြသလိုက်ခြင်းကြောင့် အများပြည်သူများအတွက် သတိ ကြီးကြီးဖြင့် အကောင်းဖက်မှ ရှုမြင်ကြည့်ရန် အားတက်လာစေသည်။

ရန်ကုန်မြို့တော်တွင် အငှားယာဉ်မောင်းသူ ဦးဖေဘဆွေက သူ့အနေဖြင့် ကမ္ဘာလှည့်ခရီးသွား တိုးရစ်များ ပိုမို ရောက်ရှိလာရန် မျှော်လင့်နေကြောင်းနှင့် အခွင့်အလမ်းသစ်များ၊ ဝင်ငွေရလမ်းသစ်များ ပေါ်ထွက်လာဖွယ် ရှိကြောင်း ပြောဆိုသည်။

အငှားယာဉ်မောင်းသူ တစ်ဦးအနေဖြင့် တစ်ရက်လျှင် ၁၃ ဒေါ်လာခန့် (၈၀၀၀ ကျပ်ခန့်) အိမ်ပြန် ပါအောင် သယ်နိုင်သဖြင့် သာမန် မြန်မာပြည်သူများ၏ ပျမ်းမျှဝင်ငွေထက် ၃ ဆခန့် များပြားသောကြောင့် သူ၏ ကလေး ၃ ယောက်ကို တက္ကသိုလ်သို့ ပို့နိုင်အောင် လုံလောက်မှု ရှိသည်ဟု ဦးဖေဘဆွေ က ဆိုသည်။ Al Jazeera အထူး သတင်းထောက်က ရန်ကုန်မြို့မှ လျှို့ဝှက်သတင်းပေးပို့သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs