Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 ၁၆.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သဘာဝပတ်ဝန်းကျင်ပျက်စီးနေသည်မှာ တရားဥပဒေစိုးမိုးခြင်းမရှိခြင်းကြောင့်ဟုဆို
  2. အစားထိုးယာဉ်တင်သွင်းမည့်  အကျိုးဆောင်ကုမ္ပဏီများ အလုပ်ဖြစ်နိုင်
  3. ဗီယက်နမ်နိုင်ငံသို့ ပြည်တွင်းထုတ် ထရန်စဖော်မာ တင်ပို့

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒီမိုကရေစီ အပြောင်းအလဲတွင်ပြည်သူနှင့်တိုင်းပြည်မနစ်နာစေရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  1. သက်တမ်းကြာ ယာဉ်ပယ်ဖျက်ရေး ဦးတင်နိုင်သိန်း ဆန့်ကျင်
  2. အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲပြုလုပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ယောအတွင်းဝန်၏ ဥပါယ်ခုနှစ်ပါးနှင့်ခေတ်သစ်ဒီပလိုမေစီ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သဘာဝပတ်ဝန်းကျင်ပျက်စီးနေသည်မှာ တရားဥပဒေစိုးမိုးခြင်းမရှိခြင်းကြောင့်ဟုဆို

မြန်မာနိုင်ငံတွင်း သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှု ဖြစ်ပွားလျက်ရှိခြင်းမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းသည် အဓိက အကြောင်းအရာ ဖြစ်ကြောင်း ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ပြည်သူ့အစုအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေး (ECCDI)၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်တင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် တရားမဝင်သစ်ထုတ်လုပ်မှုများ လုပ်ဆောင်နေခြင်း၊ သဘာဝပတ်ဝန်းကျင်အား ညစ်ညမ်းစေသည့် စက်ရုံများအား စစ်ဆေး  ပေးမှု မရှိခြင်းနှင့် အခြားကိစ္စရပ်များ တည်ဆဲဥပဒေ လက်တံအောက်တွင် ရောက်ရှိနေခြင်း မရှိခြင်းကြောင့် ဤသို့ပြောဆိုရခြင်း ဖြစ်ကြောင်း ဦးကျော်တင့်က ဆိုသည်။

“ကျွန်တော်တို့လည်း ဂေဟစနစ်ထိန်းသိမ်းရေးဆိုပြီး လုပ်နေတာ လုပ်သမျှက အရာမရောက်ဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုကလည်း အားနေတော့ လုပ်ရတာ အဆင်မပြေဘူး”ဟု ယင်းကဆိုသည်။

မြန်မာနိုင်ငံတွင် ရွှေတူးဖော်ခြင်း၊ သစ်ခိုးထုတ်ခြင်းစသည့် ကိစ္စရပ်များအား အစိုးရနှင့်နီးစပ်သည့် ကုမ္ပဏီအုပ်စုကြီးများမှ လုပ်ဆောင်နေသည့် အတွက် ဒေသဆိုင်ရာ အာဏာပိုင်များအား ပြည်သူများမှ တိုင်ကြားသော်လည်း ယင်းတိုင် ကြားချက်များသည် ထိရောက်မှုမရှိဟု Legal Aid Project တွင်ပါဝင်ဆောင်ရွက်သူ တရားရုံးချုပ်ရှေ့နေတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ အမျိုးသား အထိမ်းအမှတ်တစ်ခုဖြစ်သည့် ဧရာဝတီမြစ်ဆုံတွင် ရေကာတာဆက်လက်ဆောက်လုပ်မည်ဟု သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြောကြားလိုက်ခြင်းသည် မြန်မာအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဦးတည်ရည်ရွယ် လုပ်ဆောင်ရန် ဆန္ဒမရှိခြင်းကို ပြသလိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီမြစ်နှင့် ပတ်သက်၍ လှုပ်ရှားမှုများ ဆောင်ရွက်နေသူ ကိုဖြိုးတေဇာက ဆိုသည်။

“သစ်တောဝန်ကြီးဌာနရှေ့က ပတ်ဝန်းကျင်ထိန်းသိမ်းရေး နာမည်ထည့်လိုက်လည်း ဒီလိုက ဒီလိုပဲ၊ ဘာမှ မထူးခြားလာဘူး”ဟု ယင်းက ပြောသည်။

YC(KS)

-------------------------------------------------------------------------------------------------------------

အစားထိုးယာဉ်တင်သွင်းမည့်  အကျိုးဆောင်ကုမ္ပဏီများ အလုပ်ဖြစ်နိုင်

သက်တမ်းကြာယာဉ်များကို ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ်တင်သွင်းရေး လုပ်ထုံးလုပ်နည်းများကို  လူအများအနေဖြင့် အတွေ့အကြုံ မရှိကြ သဖြင့်  အကျိုးဆောင်ပေးမည့်ကုမ္ပဏီများ အလုပ်ဖြစ်လာပြီး ယင်းလုပ်ငန်းကိုအစိုးရနှင့် နီးစပ်သူလုပ်ငန်းရှင်များသာ ရရှိနိင်ကြောင်း ဟံသာဝတီ ယာဉ် ရောင်းဝယ်ရေး စခန်းမှ အတွေ့ အကြုံနှစ် ၂၀ ရှိ ဝယ်ရောင်း တစ်ဦးက ပြောကြားသည်။

နိုင်ငံတကာတွင် ၁၉၉၅ မော်ဒယ်ကားများ အလုံးအရင်းနှင့် ဝယ်ရန် အခက်အခဲရှိနိင်ပြီး ဒေါ်လာ၃၅၀၀ ဆိုသော်လည်း မကျွမ်းကျင်လျှင် ကားညံ့များဖြစ်သည့် မလေးကားများ၊ တရုတ်ကားများသာ ဝယ်ယူမိတာမျိုးလည်း ဖြစ်နိုင်ကာ လူတိုင်း ဂျပန်ကားကောင်း ပေါချောင်ကောင်း မရနိုင် ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“တက္ကစီမီတာလိုပဲ နောက်ဆုံး တင်သွင်းခွင့်ရ အကျိုးဆောင် ကုမ္ပဏီကပဲ အလုပ်ဖြစ်သွားမှာ “ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

ကားသစ်တင်ခွင့်ရမည့် မျှော်လင့်ချက်ဖြင့် ၁၉၇၁မော်ဒယ် ကားဟောင်းများကို လိုက်လံဝယ်ယူသူများ အနေဖြင့်လည်း ပေါက်ဈေးထက် သိန်း ၂၀၊၃၀ ပေးဝယ်ထားပြီး ဒေါ်လာ ၃၅၀၀ ထက်မပိုသောကား ၁၉၉၅ မော်ဒယ်ကို တွက်ချေကိုက်အောင်ရှာဝယ်ရန် လွယ်ကူမည်ဟုမထင်ကြောင်း  သတိပဌါန်ကားပွဲစားတန်းမှ အကျိုးဆောင်တစ်ဦး ၎င်းအမြင်ကို ပြောကြားသည်။

ကားဟောင်းကောက်ပြီး ကားသစ်တင်သွင်းရန် လုပ်မည့်သူများအနေဖြင့် အမည်ပေါက်ရရန် ကြိုစားရမည့်အဆင့်၊ အစိုးရကိုကားအပ်ပြီး စာရွက်ထုတ်ယူရမည့်အဆင့်၊ အချိန်ကာလတစ်ခုကိုစောင့်ရမည့် အဆင့်များရှိသဖြင့် ၁၀၀တွင် ၉၉ယောက် သွင်းနိုင်မည်မထင်ကြောင်း ၎င်းက ထပ်ဆင့် ပြောကြားသည်။

“ကားလက်ဝယ်ရှိတဲ့သူအတွက်ပဲကောင်းတယ် လိုက်ဝယ်ပြီးသွင်းဖို့ကတော့ တော်တော်စွန့်စားရမယ် မသေချာဘူး”ဟု ဆိုသည်။

ကျပ်ငွေတန်ဖိုး အားပျော့ပြီး ဒေါ်လာတန်ဖိုး ပြန်မာရန် ရည်ရွယ်လုပ်ဆောင်မည့် အစီအစဉ်များထဲမှ အစီအစဉ်တစ်ခုဖြစ်သည့် ကား  တင်သွင်းခွင့် ပြုမည့် ယခုအစီအစဉ်သည် သက်တမ်းကြာကားများကို နယ်နှင်သည့် အစီအစဉ်ထက် များစွာကောင်းမွန်ပြီး မဆလ လက်ထက် ဃ လိုင်စင်များ ဖျက်သိမ်းခဲ့သည့် အစီအစဉ်ထက် များစွာသာလွန်ကြောင်း အသက် ၅၅နှစ်အရွယ် ကားပွဲစားကြီးတစ်ဦးက ဆိုသည်။

“ပွဲစားတန်းက လေလံတုန်းကလေလံ၊ ၈၅ရာခိုင်နှုန်းတုန်းက ၈၅ရာခိုင်နှုန်းမှ မလုပ်ရင် ခေတ်မမှီဘူးလို့ ထင်နေတာ ကောက်ရိုးမီးလိုပဲ နောက်တော့ ငြိမ်သွားမှာ”ဟု အသက်၂၁နှစ်ကတည်းက ပွဲစားလုပ်ကိုင်ခဲ့သူ ၎င်းက မှတ်ချက်ပြု ပြောကြားသည်။

မိဖြူ

-------------------------------------------------------------------------------------------------------------

ဗီယက်နမ်နိုင်ငံသို့ ပြည်တွင်းထုတ် ထရန်စဖော်မာ တင်ပို့

မြန်မာနိုင်ငံရှိ စက်ရုံများမှ ထုတ်လုပ်လိုက်သည့် ပြည်တွင်းထုတ် ထရန်စဖော်မာနှစ်လုံးကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

၎င်း ပြည်တွင်းထုတ် ထရန်စဖော်မာများကို ဗီယက်နမ်နိုင်ငံရှိ Hanaka (HNK) Group က SEM (မြန်မာ) ကုမ္ပဏီနှင့် ဝယ်ယူခြင်း နားလည်မှု စာချွန်လွှာ (MoU) ရေးထိုးဝယ်ယူခဲ့ခြင်းဖြစ်သည်။ SEM (မြန်မာ)နှင့် HNK Group တို့သည် အာဆီယံနိုင်ငံအချင်းချင်း နည်းပညာ ဖလှယ်ရေး အစီအစဉ် ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် AFTA အစီအစဉ်အကြိုပြင်ဆင်မှုအဖြစ် မြန်မာနိုင်ငံမှ ယခုကဲ့သို့ ပြည်တွင်းထုတ် ထရန်စဖော်မာများကို ပြည်ပနိုင်ငံသို့ တင်ပို့ရောင်းချခြင်းအစီအစဉ်များကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံထုတ် ထရန်စဖော်မာများကို ဝယ်ယူခဲ့သည့် Hanaka Group သည် ဗီယက်နမ်နိုင်ငံ၏ ထင်ရှားသော စက်မှုလက်မှု လုပ်ငန်းကြီးများ၊ ပိာုတယ်လုပ်ငန်းကြီးများကို ဆောင်ရွက်နေသည့် လုပ်ငန်းစုကြီးတစ်ခုဖြစ်ကြောင်း သိရသည်။

                                                                                                                            Ref: News Watch

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

ဒီမိုကရေစီ အပြောင်းအလဲတွင်ပြည်သူနှင့်တိုင်းပြည်မနစ်နာစေရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ယခုကူးပြောင်းနေသော ဒီမိုကရေစီ အပြောင်းအလဲတွင် ပြည်သူလူထုနှင့်တိုင်းပြည်ကို မနစ်နာစေသည့်အပြင် ငြိမ်းချမ်းသော နည်းဖြစ်သာ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်  အပြည် ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ပြောကြားလိုက်သည်။

“ဒီအပြောင်းလဲတွေဟာ မြင်သာရမယ် အေးချမ်းရမယ် ပြည်သူကိုမထိရဘူး နိုင်ငံကိုမထိရဘူး ဆင်းသွားတဲ့ အစိုးရကိုလည်းမထိရဘူး တက်လာတဲ့ အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး အားလုံးဟာ မျှတရမယ် ” ဟုဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD ရုံးချုပ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ တခြားစိတ်ဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်သည်ဟု သိရသည်။

“အစိုးရများဆိုတာ သူ့အချိန်နဲ့သူ ပြောင်းလဲကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေ ဒီလူတွေပဲ အုပ်စိုးနေတယ်ဆိုတော့ ဒီမိုကရေစီ မဟုတ် တော့ဘူး။ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုလို့ရှိရင် အစိုးရ အပြောင်းအလဲတွေကိုလည်း လက်ခံရမယ်။” ဟုဒေါ်အောင်ဆန်းစုကြည်က ယင်းပွဲတွင် ဆက်လက်ပြောဆိုသည်။

၎င်းအပြင် ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟုဆိုလျှင် အပြောင်းအလဲများသည် ပြည်သူ အတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ရန် မည်သို့မည်ပုံ လုပ်မည် ဆိုသည်ကို လူတိုင်းက တာဝန်သိသိနှင့် လေးလေးနက်နက် စဉ်းစားရမည်ဖြစ်ကြောင်း၊ တချို့က ပုံစံမပြောင်းနိုင်သေးကြောင်း၊ အခြေအနေပေါ်မူတည်ပြီး ပုံစံပြောင်းရန် လိုအပ်ကြောင်း၊ ပုံစံမပြောင်းလဲနိုင်လျှင် အခြေအနေကို ဆင်ခြင်သုံး သပ်နိုင်သည့် အရည်အချင်း အားနည်းသည်ဟု ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့ ပူးပေါင်းလျက် လွှတ်တော် အဆောက်အအုံ သဘင်ဆောင်၌ ကျင်းပခဲ့သည်။ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ ဖိတ်ကြားထားသော ပြည်တွင်းအခြေစိုက်  ပြည်တွင်း၊ ပြည်ပ သတင်းထောက်များအပြင် ပြည်ပအခြေစိုက် သတင်းဌာနတချို့မှ သတင်းထောက်များ သတင်း ယူခဲ့ကြောင်း အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Peace Press

--------------------------------------------------------------------------------------------------------------------------------

သက်တမ်းကြာ ယာဉ်ပယ်ဖျက်ရေးကို ဦးတင်နိုင်သိန်း ဆန့်ကျင်

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းသည် သက်တမ်းကြာ ယာဉ်များအား ပယ်ဖျက်ရေးနှင့် အစားထိုးယာဉ်တင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ်ကို သဘောမကျသဖြင့် ဆန့်ကျင်နေကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သိရှိရသည်။

ဦးတင်နိုင်သိန်းက ကားတင်သွင်းမည့် အစီအစဉ်များအနက် ပြည်တွင်းပြည်ပ ရင်းနှီမြုပ်နှံမှုများ အဆင်ပြေချောမွေ့စေရေး ဆိုသည့် အချက်နှင့် ပြည်ပရောက် အလုပ်သမားများ၏ ဝင်ငွေများ အကျိုးရှိရှိ အသုံးချနိင်ရေးဆိုသည့် အချက်နှစ်ချက်ကို သဘောမကျခြင်းဖြစ်သည်ဟု နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောက်လုပ်ခဲ့သူ လုပ်ငန်းရှင်တစ်ဦး၏ အဆိုအရ သိရှိရသည်။

ဦးတင်နိုင်သိန်းသည် လေ့လာအားကောင်းသော်လည်း မူဝါဒများကို သုံးသပ်ရာတွင် ဝိရောဓိများရှိကြောင်း မြန်မာနိုင်ငံဆန်စပါး မူဝါဒနှင့် ပတ်သက်လျှင် တစ်ခါတစ်ရံတွင် ပြည်ပတင်ပို့ရေးကို ဦးစားပေးပြောဆိုပြီး နောက်တစ်ကြိမ်တွင် ရိက္ခာလုံခြုံရေး (ပြည်တွင်းဖူလုံရေး Food Secerty) အကြောင်းပြချက်နှင့် ကန့်သတ်ရန် ပြန်ညွှန်ကြားတတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အငြိမ်းစား ခရိုင်မန်နေဂျာတစ်ဦးက ပြောကြားသည်။

ယခု အစားထိုးယာဉ်တင်သွင်းမည့် အစီအစဉ်ကို စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ရထားဝန်ကြီး ဦးအောင်မင်းတို့ အဓိက ဦးဆောင် လုပ်ကိုင်နေကြောင်း ဦးစိုးသိန်းတို့အုပ်စုသည် တစ်ဒေါ်လာ၉၀၀ ကျပ်အထိ ပြန်မဖြစ်လာလျှင် တိုင်းပြည်စီးပွားရေး ပျက်စီးမည်ဟု ယူဆထားပြီး ကျပ်ငွေ အားပျော့ရေးအတွက် နည်းလမ်းများထဲက ပထမအဆင့်ကို လုပ်ဆောင် နေခြင်းဖြစ်ကြောင်း UMFCCI မှ အမှုဆောင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

စစ်ဖက်အစိုးရမှ အရပ်ဖက်အစိုးရသို့ ပြောင်းလဲခဲ့ပြီး နောက် အစိုးရအဖွဲ့ထဲတွင် ပြုပြင်ပြောင်းလဲမှု လိုလားသူများအဖွဲ့၊ ပြုပြင်ပြောင်းလဲမှုများကို မလုပ်လိုသောအဖွဲ့နှင့် ကြားအုပ်စုများ ရှိနေကြောင်း ပြုပြင်ပြောင်းလဲမှုကို လိုလားသော အဖွဲ့ထဲတွင် သမ္မတ ဦးသိန်းစိန်၊ ဦးစိုးသိန်း၊ ဦးအောင်မင်းတို့ ရှိနေပြီး ပြုပြင်ပြောင်းလဲမှုများ မလုပ်လိုသောအုပ်စုတွင် ရှစ်လုံးဟု လူသိများသော သီဟသူရဦးတင်အောင်မြင့်ဦး ၊ဦးကျော်ဆန်း၊ လယ်/ဆယ်ဝန်ကြီး ဦးမြင့်လှိုင်တို့ ပါဝင်ပြီး ကျန်အများစုသည် ကြားနေများ မလုပ်မရှုပ်မပြုတ်များ ဖြစ်ကြောင်း ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦိးက ပြောသည်။

“ဦးရွှေမန်းလည်း ပြုပြင်ပြောင်းလဲရေးကို လိုလားတယ် “ဟု ၎င်းက ဆိုသည်။

မိဖြူ

--------------------------------------------------------------------------------------------------------------------------------

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲပြုလုပ်

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ၎င်းနေ့တွင်ပင် ပြည်သူ့လွှတ်တော်၏  သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပ သက်ဆိုင်ရာ မီဒီယာအသီးသီးတက်ရောက်ခဲ့ပြီး မေးမြန်းသည့် မေးခွန်းများအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

၎င်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများမှ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား၌ ဖတ်ကြားသွားသည့် စာတမ်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ လွှတ်တော်တွင်း တပ်မတော်သားတို့၏ အခန်းကဏ္ဍ၊ လွှတ်တော်တွင်း မဲခွဲ ဆုံးဖြတ်သည့် အကြောင်း၊ သတင်းများ ရရှိနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ဆက်သွယ်သော်လည်း ပြန်လည်ဖြေဆိုမည့် သူမရှိသည့်အကြောင်း၊ ကျင်းပဆဲ လွှတ်တော် အစည်းအဝေးများ၌ သတင်းထောက်များ သတင်းရယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ဧရာဝတီမြစ်ဆုံ စီမံကိန်း ကိစ္စရပ်များကို မေးမြန်း ခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ ပြည်တွင်းမီဒီယာအသီးသီးမှ မေးမြန်းခဲ့သည့် မေးခွန်းများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်မှ လွှတ်တော်ရုံးဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။

                                                                                                      Ref: Weekly Eleven

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သူတို့ပြောတဲ့ ဒေါ်လာ ၃၅၀၀ဆိုတဲ့ဟာက မြန်မာနိုင်ငံအနေနဲ့ပြောရရင် ကားသစ်လို့ ပြောလို့ရပေမယ့် တခြားနိုင်ငံအနေနဲ့ကတော့ အသစ်လို့ ပြောလို့ မရပါဘူး။ ဂျပန်မှာဆိုရင် ကားတစ်စီးကို ခြောက်နှစ်လောက်ပဲ စီးကြတယ်။ စင်ကာပူမှာဆိုရင် ကားကို ငါးနှစ်လောက်ပဲစီးကြပြီး တစ်ဝက်လောက်ဈေးနဲ့ တခြားကို ရောင်းကြတယ်။ အခုဆိုရင် ဒေါ်လာ ၃၅၀၀ နဲ့ဝယ်ဖို့က ကိုယ့်မှာသတ်မှတ်ထားတဲ့ ကားတစ်စီးရှိရမယ်။ နောက်ပြီး အခွန်ဘယ်လောက်    ကောက်မှာလဲ။ ဘယ်တော့စမှာလဲဆိုတာကိုလည်း သူတို့ကမပြောသေးပါဘူး။ ဒါတွေကို တစ်ခါတည်း ပြောသင့်တယ်။ မြန်မာပြည်ရဲ့ ကားဈေးနှုန်းတွေက ကမ္ဘာ့ကားဈေးထက်ကိုမြင့်နေပါတယ်။ ဒီလိုကားလဲပေးတာတွေကို ချက်ချင်း သူတို့ဘက်က လုပ်မယ်ဆိုရင် ပြင်ပကား အရောင်းအဝယ် ဈေးကွက်က အေးသွားနိုင်တယ်။ ဒါမှမဟုတ် ခြောက်လ တစ်နှစ်ကျမှ လုပ်မယ်ဆိုရင် ပြင်ပကားဈေးကွက်က ပုံမှန်အတိုင်းသွားနေမှာပဲ ဖြစ်ပါတယ်”

စက်တင်ဘာ ၁၅ ထုတ် ရန်က်ုတိုင်းမ် အတွဲ (၇)၊ အမှတ် (၃၅) တွင်ပါသည့် “နိုင်ငံတော်က သက်တမ်းရင့်ကားများ လဲလှယ်ပေးမည်ဟု ကြေညာ ပြီးနောက် မှတ်ပုံတင်သက်တမ်း နှစ် ၄၀ ဝန်းကျင်ရှိကားများ ဈေးနှစ်ဆမြင့်တက်” သတင်းမှ နှစ်ပေါင်း ၃၀ ကားဝယ်ရောင်း လုပ်ကိုင်သူ တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“Sarsတို့၊ ကြက်ငှက်တုပ်ကွေးတို့ ကပ်ရောဂါတွေဖြစ်တုန်းကဆို ပြည်ပကနေ ကာကွယ်ဆေး၊ ကုသဆေးတွေမှာ ကြရတယ်။ သူတို့ကလည်း  သူတို့နိုင်ငံ လုံလောက်မှ ရောင်းပေးတာ။ မလုံလောက်ရင် မရောင်းပေးဘူး။ ရရင်လည်း လိုသလောက်မရဘူး။ နိုင်ငံအလိုက် သတ်မှတ်အရေအတွက်ပဲ ရတော့ မလွယ်ဘူး။ ကိုယ်ယူချင်သလောက်မရဘူး။ တခြားစက်ရုံတွေကလည်း သူ့ရဲ့အရင်ဝယ်လက်ကိုပဲ ဦးစားပေးတဲ့အတွက် အဲလို အခက်အခဲတွေ ရှိတယ်”

စက်တင်ဘာ ၁၅ ထုတ် ရန်က်ုတိုင်းမ် အတွဲ (၇)၊ အမှတ် (၃၅) တွင်ပါသည့် “ပုဂ္ဂလိက အနောက်တိုင်းဆေးဝါး စက်ရုံမရှိသဖြင့် ပြည်ပမှ နှစ်စဉ် သန်း ၂၀၀ ကျော်ဖိုး ဆေးတင်သွင်းနေရ” သတင်းမှ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ အတွင်း ရေးမှူး ဦးဇော်မိုးခိုင်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

မေး- မြန်မာနိုင်ငံတည်ဆောက်ရေးမှာ စီးပွားရေးတိုးတက်မြှင့်တင်ဖို့ ဘယ်အချက်ကို အဓိကထားလုပ်သင့်ပါ သလဲ။

ဖြေ- မေးခွန်းမှာ နိုင်ငံတည်ဆောက်ရေးဆိုတာ ပါထားတော့ ကဏ္ဍအားလုံးကို တစ်ပြိုင်နက်တည်း လုပ်သင့်တယ်လို့ပဲ ခြုံပြီးပြောရလိမ့်မယ်။ ကဏ္ဍ တစ်ခုတည်း လုပ်လို့မရဘူး။ ဥပမာပြောရရင် စက်ရုံတွေက ထုတ်တဲ့ ထုတ်ကုန်တွေရဲ့ ပမာဏက လယ်ယာကဏ္ဍထက်များနေတယ်ဆိုပါတော့။ ဒါကြောင့် ကုန်ထုပ်လုပ်မှုကို အဓိက ထားပြီး လယ်ယာဘက်ချက်ချင်းအများကြီး လျှော့ချလို့မရဘူး။ လယ်သမား အရေအတွက်က အများကြီး၊ လယ်ယာဘက်ကို စက်မှုလယ်ယာဖြစ်အောင် လုပ်ရင်းတဖြည်းဖြည်း သူ့ဘာသာသူ ကုန်ထုတ်လုပ်မှုဘက် ကူးလာကြလိမ့်မယ်။ မဟာဗျူဟာ သဘောအရကြည့်ရင် လယ်ယာ၊ စက်မှုကုန်ထုတ်၊ ဘဏ္ဍရေးတွေ သူ့ဟာသူ ရှိနေသင့်တယ်။ လုံးဝပျောက်သွားလို့မရဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင် မဟာခုန်ပျံကျော်လွှားမှု တစ်ခု လုပ်လို့ရတယ်။ ဥပမာ- Industrialization ကိုကျော်ပြီး Financialization လုပ်တာပဲ။ ပြောရရင် တချို့နိုင်ငံတွေ ဘဏ္ဍရေးကနေ ချမ်းသာအောင် လုပ်ယူသွားတာ ရှိတယ်။ အန္တရာယ်တော့နည်းနည်းရှိတယ်ပေါ့။ Danger Line ကိုတော့ အသေအချာ တွက်ချက်နိုင်ရမယ်။ စက်မှုကုန်ထုတ်ကို လုံးဝ မလုပ်ဖို့ ပြောတာမဟုတ်ဘူးနော်။ မဟာဗျူ ဟာသဘောနဲ့ပြောရင် Self-Sufficiency အတွက်လောက်ပဲ လယ်ယာကဏ္ဍကိုထားပြီး Indusrialization ကို အမာခံထားပြီးတော့ Financialization ကို စစ်ဦးကထားပြီး လုပ်စေချင်တယ်။ ဒါပေမဲ့ တော်တော်လေး ပြုပြင်ပြောင်းလဲမှုတွေတော့ လုပ်ရပါလိမ့်မဦးမယ်။

စက်တင်ဘာ ၁၆ ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၂၆) တွင်ပါသည့် “နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“အခုအချိန်မှာ မြန်မာနိုင်ငံကို ပြည်ပကရင်းနှီးမြှုပ်နှံသူတွေက စိတ်ဝင်စားနေကြတယ်။ ပြောရရင် ပြည်ပ investor တွေက ဘယ်လိုဝင်ရမလဲ၊ ဘယ်အချိန် ဝင်ရမလဲ စောင့်ကြည့်နေကြတာပါ။ ကျွန်တော်တို့ကိုလည်း လာကမ်းလှမ်းတဲ့ ပြည်ပကုမ္ပဏီတွေ အများကြီးရှိပါတယ်။ အကျိုးတူ ဆောင်ရွက်ဖို့အတွက် ဆက်သွယ်တာတွေ ရှိသလို သူတို့အနေနဲ့ ဘယ်လိုလုပ်ငန်းမျိုးမှာ ဘယ်လိုရင်းနှီးမြုပ်နှံမှုပြုသင့်တယ်ဆိုတာမျိုးကိုလည်း အကြံပြုပေးပါ၊ အဆိုပြုချက် တင်ပေးပါဆိုတာမျိုး တောင်းခံတာတွေလည်း ရှိပါတယ်”

စက်တင်ဘာ ၁၆ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၂၄) တွင်ပါသည့် “မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ပြည်ပမှ စီးပွား ရေးလုပ်ငန်းရှင်များက စောင့်ကြည့်နေပြီး ပြည်တွင်းကုမ္ပဏီများကို ချိတ်ဆက်ကမ်းလှမ်းမှုများ အကြံပြုချက်များ တောင်းယူနေကြောင်း သိရ” သတင်းမှ မြန်မာနိုင်ငံရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ယောအတွင်းဝန်၏ ဥပါယ်ခုနှစ်ပါးနှင့်ခေတ်သစ်ဒီပလိုမေစီ

ဝင်းထွဋ်ဇော်

(စက်တင်ဘာ ၁၅ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၆၀) တွင်မှ ထုတ်ယူဖော်ပြသည်။)

ယောအတွင်းဝန် ဦးဖိုးလှိုင်က သူရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းမှာ ကာမန္တတီနီတိကျမ်းလာ နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ဥပါယ် ခုနှစ်ပါးကို အကျယ်တဝင့်ရှင်းလင်းဖော်ပြခဲ့ပါတယ်။

ထိုဥပါယ်ခုနှစ်ပါးကတော့ ညီညွတ်စည်းလုံးခြင်းဆိုတဲ့ သာမဥပါယ်၊ ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ ဒါနဥပါယ်၊ ပြစ်ဒဏ်ခတ်ခြင်းဆိုတဲ့ ဒဏ္ဍဥပါယ်၊ ညီညွတ်သောအသင်းအပင်းကို ဖြိုခွဲခြင်းဆိုတဲ့ ဘေဒဥပါယ်၊ ဒါ့အပြင် ပရိယာယ်အမျိုးမျိုးဖြစ်တဲ့ မာယာဥပါယ်၊ လျစ်လျှူရှုခြင်းဆိုတဲ့ ဥပက္ခာဥပါယ်၊ ရန်သူကို ထိတ်လန့်အောင် ပြုလုပ် ခြင်းဆိုတဲ့ က္ကန္ဒဇလဥပါယ်တို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ ယောမင်းကြီးဦးဘိုးလှိုင်ရဲ့ ဒီပလိုမေစီကျမ်းဟာ ရှေးနှစ်ပေါင်းများစွာက ရေးသားခဲ့ပေမယ့် နိုင်ငံရေးနယ်ပယ်၊ စစ်ရေးနယ်ပယ်နဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တို့မှာ ယနေ့တိုင်အောင် ခေတ်မီနေဆဲရှိ နေတာကို တွေ့ရတယ်။

သာမဥပါယ်ဆိုတဲ့ ညီညွတ်စည်းလုံးခြင်းဟာ နိုင်ငံတစ်နိုင်ငံအတွက်ရော နိုင်ငံတကာအတွက်ပါ အလွန်အရေးကြီးတဲ့ ဥပါယ်တစ်ပါးပါပဲ။ နိုင်ငံ တစ်နိုင်ငံမှာ ပြည်သူအားလုံး၊ တိုင်းရင်းသားလူများ အားလုံးအကြားမှာ ညီညွတ်စည်းလုံးမှုရှိနေမယ်ဆိုရင် အဲဒီနိုင်ငံကို ပြည်ပမှစစ်ရေး၊ နိုင်ငံရေး တို့အရ ဗိုလ်ကျစိုးမိုးနိုင်မှာ မဟုတ်သ လို စီးပွားရေးအရ၊ လူမျိုးရေးအရလည်း ဝါးမျိုနိုင်မှာမဟုတ်ပါဘူး။

ဒါ့အပြင် ကမ္ဘာ့နိုင်ငံတွေအကြားမှာလည်း ညီညွတ်ရေး ရှိနေမယ်ဆိုရင် ကမ္ဘာကြီးမှာ စစ်ပွဲတွေနဲ့ အကြမ်းဖက်မှုတို့ရဲ့ အန္တရာယ်ကို ကာကွယ် တားဆီးနိုင်မှာဖြစ်ပြီး ကမ္ဘာကြီးဟာ ယခုထက်အဆပေါင်းများစွာ စည်ပင်ဝပြောလာမှာဖြစ်တယ်။

ဒါ့အပြင် ဒါနဥပါယ်၊ ဒဏ္ဍဥပါယ်နဲ့ ဘေဒဥပါယ်တို့ကိုလည်း ယနေ့ကမ္ဘာမှာရော နိုင်ငံတစ်နိုင်ငံချင်းစီမှာပါ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာ တွေ့ရပါတယ်။

ဒါနဥပါယ်ဆိုတဲ့ ပေးကမ်းစွန့်ကြဲခြင်း ဥပါယ်ကိုတော့ ယနေ့ကာလမှာ နိုင်ငံတကာအဆင့်မှာရော နိုင်ငံတစ်နိုင်ငံချင်းစီမှာပါ လှိုင်လှိုင်ကြီး အသုံးပြုနေတာ တွေ့ရတယာ်။ ယနေ့ကမ္ဘာမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေးတို့ကို လုပ်ငန်းတွေကစပြီး ပထဝီနိုင်ငံရေးမှာ သြဇာထူထောင်နိုင်ရေးနဲ့ စီးပွားရေးအရ လွှမ်းမိုးနိုင်ရေးလုပ်ငန်းတွေအထိ ကျယ်ပြန့်တဲ့နယ်ပယ်အများအပြားမှာ ဒါနဥပါယ်ဟာ အသုံးတည့်နေတာ တွေ့ရ ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ အကြမ်းဖက်ဝါဒနှိမ်နင်းရေးအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းအတော်ကြာကတည်းက ပါကစ္စတန်နိုင်ငံကို နှစ်စဉ် ဒေါ်လာ သန်းနဲ့ချီပြီး ထောက်ပံ့နေရပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့ တာလီဘန်တွေ အယ်လ်-ခါအီဒါတွေ ခေါင်းမထောင်နိုင်ရေး အတွက် ငွေကြေး အကူအညီတွေ ဒေါ်လာသန်းပေါင်းများစွာ ပေးခဲ့ရတယ်။ ပေးနေရဆဲလည်း ဖြစ်တယ်။

အလားတူပဲ တရုတ်နိုင်ငံဟာလည်း မိမိနိုင်ငံအတွက် ရေနံစွမ်းအင်ရရှိရေးအတွက်ဆူဒန်စတဲ့ နိုင်ငံတွေကို ဒါနဥပါယ်ကျင့်သုံးကာ ဆက်ဆံ နေပါတယ်။ ရုရှနိုင်ငံဟာလည်း မိမိနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အကျိုးစီးပွားတွေအတွက် ယခင်ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံအချို့ကို အကူအညီတွေ ပေးနေရတာပါ။

အလားတူပဲ ယနေ့ ဖြစ်ပွားနေတဲ့ လစ်ဗျား နိုင်ငံရေးမှာ ဆိုရင်လည်း အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်တို့ရဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဟာ လစ်ဗျား ခေါင်းဆောင် ကဒါဖီပြုတ်ကျရေးအတွက် ကဒါဖီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေကို ငွေကြေးအမြောက်အမြား ထောက်ပံ့ခဲ့ ရတယ်။

ဒါ့အပြင် ဒါနဥပါယ်ဟာ နိုင်ငံတစ်နိုင်ငံချင်းစီမှာလည်း အသုံးတည့်နေတာတွေကရတယ်။ အချို့ နိုင်ငံတွေမှာဆိုရင် နိုင်ငံရေး ပါတီတွေဟာ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိရေးအတွက် မဲဆန္ဒရှင်ပြည်သူတွေကို ငွေကြေးနဲ့ အခြားအခွင့်အရေးတွေပေးကာ ဆွဲဆောင်စည်းရုံးတာ တွေ့ရတယ်။

အိန္ဒိယနိုင်ငံ ပြည်နယ် ရွေးကောက်ပွဲတစ်ခုမှာ အမတ်လောင်းအချို့က မဲဆန္ဒရှင် ပြည်သူတွေကို မိမိကို ဆန္ဒမဲပေးရွေးချယ်ရေးအတွက် ရုပ်မြင်သံကြားစက်တွေ စက်ဘီးတွေပင်ဝယ်ပေးခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။

အချို့နိုင်ငံတွေမှာလည်း အာဏာရအစိုးရတွေ ဆန့်ကျင်ဘက်ပါတီအမတ်တွေကို မိမိတို့ပါတီကို ထောက်ခံလာအောင် ငွေကြေးနဲ့ အခြား အခွင့်အရေးတွေ ပေးကာ စည်းရုံးခဲ့ကြတယ်။

ဒဏ္ဍဥပါယ်ဆိုတဲ့ ပြစ်ဒဏ်ခတ်တဲ့ဥပါယ်ကိုလည်း နိုင်ငံအတော်များများမှာ ကျင့်သုံးကြတာတွေ့ရတယ်။ ဒဏ္ဍဥပါယ်ကို ကျင့်သုံးနိုင်သူ တွေကတော့ အာဏာရအစိုးရတွေပဲဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာရှိတဲ့ အစိုးရတွေဟာ မိမိတို့ကို ရင်ဆိုင်အန်တုလာသူတွေကို ထိန်းချုပ်နိုင်ရေးအတွက် အခါအားလျှော်စွာပဲ ပြစ်ဒဏ်ခတ်တဲ့ နည်းပရိယာယ်ကို ကျင့်သုံးကြပါတယ်။

နိုင်ငံအတော်များများရဲ့ နိုင်ငံရေးနယ်ပယ်တွေမှာ အသုံးများတဲ့ ဥပါယ်တစ်မျိုးကတော့ ညီညွတ်သော အသင်းအပင်းတွေကို ဖြိုခွဲခြင်းဆိုတဲ့ ဘေဒဥပါယ်ပဲဖြစ်တယ်။ ဘေဒဥပါယ်ကို သုံးစွဲရာမှာ အာဏာရ နိုင်ငံရေးပါတီတွေရဲ့ အစိုးရတွေက အသုံးပြုနိုင်တဲ့ အခွင့်အလမ်းပိုများကြပေမယ့် တစ်ခါတစ်ရံမှာတော့ အာဏာ လက်မဲကလည်း အသုံးပြုနိုင်တာ တွေ့ရပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ ၁၉၅၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အာဏာရ ဖ.ဆ.ပ.လ အဖွဲ့ချုပ် အကွဲအပြဲနဲ့ ၁၉၆၀-၁၉၆၁ ခုနှစ်တွေအတွင်း ပ.ထ.စ အစိုးရ တက်လာချိန်မှာ အတိုက်အခံ ပမညတ အဖွဲ့ချုပ်အတွင်းမှ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ တရားမျှတမှု ပါတီနဲ့ ပုဂ္ဂိုလ်အချို့ ပထစနဲ့ ပူးပေါင်း သွားခဲ့ခြင်းဟာ အထက် ပါသဘောကို ပြသခဲ့တာပဲ ဖြစ်တယ်။

ဒါ့အပြင် နောက်ပိုင်းကာလ နိုင်ငံရေးသမိုင်းတစ်လျှောက်မှာလည်း အာဏာရအစိုးရရဲ့ ဖြိုခွဲမှုကြောင့် ညီညွတ်ရေး ပြိုကွဲခဲ့ရတဲ့ အတိုက်အခံ ပါတီတွေ ရှိခဲ့ပါတယ်။

ယနေ့ခေတ် နိုင်ငံအသီးသီးမှာလည်း အာဏာရအစိုးရတွေက ရာထူး၊ အခွင့်အရေးနဲ့ ပိုင်ဆိုင်မှုတွေ ပေးတဲ့အတွက် မိမိတို့ရဲ့ မူလနိုင်ငံရေး ပါတီတွေမှ ခွဲထွက်ကြတဲ့ နိုင်ငံရေးသမားတွေ အများအပြားရှိတာ တွေ့ရတယ်။

မာယာဥပါယ်ဆိုတဲ့ ဥပါယ်တရားကိုတော့ ယနေ့ခေတ်ရဲ့ နိုင်ငံရေးနယ်ပယ်၊ စစ်ရေးနယ်ပယ်တွေမှာ ခေတ်သစ်ဒီပလိုမေစီအဖြစ်ပင် တွေ့မြင် နေရတာပါ။ မာယာပရိယာယ်ကျင့်သုံးရာမှာ မချစ်ခင်သူကို ချစ်ခင်သယောင် မာယာဆောင်ရပြီး ချစ်ခင်ကြည်ညိုသူနဲ့ ခပ်ဝေးဝေး နေရတာမျိုးလည်း ရှိပါတယ်။

တကယ်တော့ စစ်ရေးနယ်ပယ်မှာ စစ်ပရိယာယ်တွေ များပြားနေတာထက်ပင် နိုင်ငံရေးနယ်ပယ်မှာ နိုင်ငံရေးမာယာပရိယာယ်တွေဟာ ပိုလို့ပင် ကျယ်ဝန်းလှပါတယ်။

တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ တစ်အုပ်စုနဲ့ တစ်အုပ်စုတို့ စစ်တိုက်ကြရာမှာ နှစ်ဖက်စလုံးစစ်ပန်းပြီး ဘယ်ဘက်ကမှ အနိုင်မရနိုင်တဲ့ အခြေအနေ မျိုးတွေမှာ အပစ်အခတ် ရပ်စဲမှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် ဆွေးနွေးပြောဆိုမှုတွေ လုပ်လေ့ရှိကြတယ်။ ဒီကာလအတွင်းမှာတော့ မိမိတပ်အတွက် လက်နက် ရိက္ခာနဲ့ လူသူအင်အား ဖြည့်ဆည်းတာတွေလုပ်လေ့ရှိတယ်။ အလားတူပဲ နိုင်ငံရေးနယ်ပယ်မှာလည်း တစ်ခါတစ်ရံမှာ တင်းမာမှုတွေကို လျှော့ချကာ တစ်ဆင့်ခံ ဆွေးနွေးမှုတွေ တိုက်ရိုက်ဆွေးနွေးမှုတွေမှတစ်ဆင့် ထွက်ပေါက်ရှာကြရပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးနည်းပရိယာယ်တစ်ခု အနေနဲ့ ကျင့်သုံးလေ့ရှိကြတဲ့နည်းဗျူဟာ တစ်ခုကတော့ အချိန်ဆွဲခြင်း နည်းဗျူဟာ (delaying tactic) ပါပဲ။ အချိန်ဆွဲခြင်း နည်းဗျူဟာဟာ မာယာဥပါယ်ထဲမှာ ပါဝင်ပါတယ်။

အချိန်ဆွဲခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ မိမိတို့အတွက် ပိုမိုအလေးသာစေမယ့် အချိန်ကို ရောက်ရှိလာတဲ့အထိ စောင့်ဆိုင်းဖို့နဲ့ မိမိတို့ရဲ့ ပြိုင်ဘက်အနေနဲ့ အားအင်လျော့ကျလာမယ့် အချိန် သို့မဟုတ် အလေးမသာတဲ့ အချိန်ကို ရောက်ရှိလာတဲ့အထိ စောင့်ဆိုင်းနိုင်ဖို့ပဲဖြစ်တယ်။

ယနေ့ခေတ်မှာတော့ နိုင်ငံရေး၊ စစ်ရေးတို့နဲ့ပတ်သက်ပြီး စေ့စပ်ပြောဆိုမှုတွေ လုပ်ကြရာမှာ တစ်ဖက်နဲ့ တစ်ဖက်အချိန်မဆွဲနိုင်အောင် အချိန်ဇယားသတ်မှတ်ချက်တွေနဲ့ဆောင်ရွက်လာတာတွေ့ရပါတယ်။

ဒါ့အပြင် လျစ်လျူရှုခြင်းဆိုတဲ့ ဥပက္ခာဥပါယ်နဲ့ ရန်သူကို ထိတ်လန့်အောင်ပြုလုပ်တဲ့ က္ကန္ဒဇာလဥပါယ်တို့ဟာလည်း ယနေ့ခေတ် နိုင်ငံ အများအပြားမှာ တွေ့ရလေ့ရှိတဲ့ ခေတ်သစ် ဒီပလိုမေစီခေါ် ပရိယာယ်တွေပဲ ဖြစ်တယ်။

ပြိုင်ဘက်က အသည်းအသန်ဆွေးနွေးပြောဆိုချင်တဲ့အချိန်မှာ လုံးဝဥပက္ခာပြုကာနေခြင်းဟာလည်း တစ်ဖက်က ပြိုင်ဘက်ကို တွေဝေစေပြီး ဘာဆက်လုပ်ရမှန်းမသိအောင်ဖြစ်စေတဲ့ ဥပါယ်တစ်မျိုးပဲဖြစ်တယ်။

ရန်သူကို ထိတ်လန့်အောင်လုပ်တဲ့ က္ကန္ဒဇာလဥပါယ်ဟာလည်း ယနေ့ခေတ် နိုင်ငံတကာနိုင်ငံရေးနယ်ပယ်နဲ့ စစ်ရေးနယ်ပယ်တို့မှာ မကြာခဏ ကျင့်သုံးနေတဲ့ ပရိယာယ်တစ်ခုပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ ရန်သူကို မိမိအလိုကို လိုက်လျောလာအောင် လုပ်ဖို့အတွက်နည်းမျိုးစုံနဲ့ ထိတ်လန့် တုန်လှုပ်အောင် ပြုလုပ်လေ့ရှိကြတဲ့ သာဓကတွေ တွေ့ရပါတယ်။

သို့ပေမဲ့ ဥပါယ်ခုနှစ်ပါးကို နားလည်သိရှိကြတဲ့ စစ်ရေး နိုင်ငံရေးခေါင်းဆောင်းတွေကတော့ ယင်းဥပါယ်တွေရဲ့ ကွန်ရက်ကို ရှောင်လွဲနိုင်မှာ ဖြစ်ပါတယ်။

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs