Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၇.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံအပေါ် စုံစမ်းရေးကော်မရှင်အတွက် ဗြိတိန်အစိုးရက ကြိုးပမ်းရန် လေဘာပါတီအမတ်ပြော

(16 September 2011 ရက်စွဲပါ The labour Party ၏ Douglas Alexander calls on Government to campaign for Burma Inquiry ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကိစ္စတွင် ခိုင်မာသော လုပ်ဆောင်မှုများ ပြုလုပ်ရန် ကလင်တန် တိုက်တွန်း

( 16 Sept 2011 ရက်စွဲပါ AFP မှ Clinton urges ‘ concrete action ’ by Myanmar on rights ကို ဘာသာပြန်သည် )

  1. စီးပွားရေး ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲမည့် မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အရောက် လှမ်းလာနေပြီ

( Spero News မှ 15 Sept 2011 ရက်စွဲပါ “ As Myanmar under goes an economic revolution, the International Monetary Fund comes calling ” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

*************************************************************************************

မြန်မာနိုင်ငံအပေါ် စုံစမ်းရေးကော်မရှင်အတွက် ဗြိတိန်အစိုးရက ကြိုးပမ်းရန် လေဘာပါတီအမတ်ပြော

မြန်မာနိုင်ငံတွင် စွပ်စွဲထားသော စစ်ရာဇဝတ်မှုများနှင့် လူသားချင်းမစာနာသော ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကြိုးပမ်းမှုတွင် အခြားအီးယူအဖွဲ့ဝင်များနှင့်အတူ လက်တွဲလုပ်ဆောင်ရန် ဗြိတိသျှအစိုးရအား လေဘာပါတီ၏ ရှဲဒိုး နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ပါလီမန်အမတ် Douglas Alexander က တောင်းဆိုခဲ့သည်။

မြန်မာအစိုးရသည် နိုင်ငံတကာလူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ဖောက်ဖျက်ကျူးလွန်နေမှုများအား ရပ်ပစ်ရမည် ဖြစ်သည်။ ပဋိပက္ခ ဖြစ်နေသော ဒေသများတွင် အရပ်သားများကို ပစ်မှတ်ထား ကျူးလွန်နေခြင်းများ ပါဝင်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကိစ္စများကို အကြိမ်ကြိမ် ကျူးလွန်နေခြင်းအား ပြင်းထန်စွာ ရှုတ်ချလျက် ရှိသည်။ ယခုလိုအချိန်မျိုးတွင် ဗြိတိန်နိုင်ငံအနေဖြင့် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရန် နိုင်ငံတကာ သဘောတူညီမှု ရရှိရေးကို လုပ်ဆောင်ရမည် ဖြစ်သည်။

ဘရပ်ဆဲနှင့် နယူးယောက်တွင် ဗြိတိသျှသံတမန်များသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ သားကောင်များအတွက် တရားဥပဒေ အကာအကွယ်ရရှိရေး ကြိုးစားလုပ်ဆောင်ပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကိစ္စတွင် ခိုင်မာသော လုပ်ဆောင်မှုများ ပြုလုပ်ရန် ကလင်တန် တိုက်တွန်း

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးတိုးတက်ရန် ခိုင်မာသော လုပ်ဆောင်မှုများ လုပ်ဆောင်ရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြာသပတေးနေ့က တိုက်တွန်းခဲ့သည်။ အစိုးရသစ်သည် လုပ်ဆောင်မှုများ ရှိသော်လည်း စိုးရိမ်ပူပန်မှုများအတွက် ထုတ်ပြောခဲ့သည်။

ကလင်တန်သည် သြစတြေးလျ ခေါင်းဆောင်များနှင့် စကားပြောအပြီး ပူးတွဲသတင်း ကွန်ဖရင့်တွင် ပြောကြားရာတွင် မြန်မာနိုင်ငံအတွက် ညှိနှိုင်းရေးမှူးသစ် Derek Mitchell သည် ၎င်း၏ပထမဆုံး မြန်မာနိုင်ငံသို့ ခရီးစဉ်တွင် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ရရှိခဲ့သည်ဟု ဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်မတို့မှာ အလေးအနက်ထားမေးရမယ့် မေးခွန်းတွေရယ်၊ ကျယ်ပြန့်တဲ့ ကိစ္စတွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါသေးတယ် ” ဟု သူမက ဖြည့်စွက်ပြောသည်။

သူမကပြောကြားရာတွင် စစ်တပ်နောက်ခံပြုသော အစိုးရသည် နိုင်ငံရေးအကျဉ်းသား (၂ဝဝဝ) ခန့်ကို ဆက်လက် ထိန်းသိမ်းထားပြီး တိုင်းရင်းသားများနှင့် မီဒီယာများကိုလည်း တရားမျှတမှု မရှိဘဲ ဆက်ဆံခဲ့သည်ဟု ဆိုသည်။

“ကျွန်မ တိုက်တွန်းလိုတာကတော့ မြန်မာအစိုးရအနေနဲ့ သူ့ရဲ့ ကတိအတိုင်း စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ၊ အမျိုးသား ပြန်လည် စည်းလုံးမှုတွေ ဖြစ်စေမယ့် ခိုင်မာတဲ့လုပ်ဆောင်မှုတွေ လုပ်ပါလို့ ပြောလိုတယ်။ လူ့အခွင့်အရေး ကိုလည်း လေးစားဖို့ တိုက်တွန်းလိုပါတယ်” ဟု ကလင်တန်က ပြောသည်။

စစ်တပ်အုပ်ချုပ်သူများသည် ပြီးခဲ့သည့်နှစ်က ရှားရှားပါးပါး ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး၊ အာဏာကို အရပ် သားသို့ အမည်ခံလွှဲပေးခဲ့သည်။ အတိုက်အခံနှင့် အမေရိကန်ပြည်ထောင်စုက အဆိုပါ လုပ်ဆောင်မှုသည် အစစ်အမှန် မဟုတ်ပဲ စစ်တပ်ချုပ်ကိုင်မှု ခိုင်မာစေရန် လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု အမည်တပ်ခဲ့သည်။

သို့သော် အစိုးရသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းဖြင့် ကောင်းသော လက္ခဏာပြခဲ့သည်။

သမ္မတ Barack Obama သည် ယခင် မြန်မာအစိုးရကို အထီးကျန်ပြုသောမူဝါဒသည် မအောင်မြင်ခြင်းကြောင့် 2009 ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ဖွင့်လှစ်ခဲ့သည်။ သို့သော် အရေးယူဆောင်ရွက်မှု (sanction) များကိုမူ တိုးတက်မှုများ မြင်တွေ့ရမှသာ ရုတ်သိမ်းမည်ဟု အမေရိကန်က ပြောခဲ့သည်။

စီးပွားရေး ခေတ်ပြောင်းတော်လှန်ရေးဆင်နွှဲမည့် မြန်မာနိုင်ငံသို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က အရောက် လှမ်းလာနေပြီ

အရှေ့တောင်အာရှတွင် မကြာသေးမီကအထိ အာဏာရှင်များ အုပ်ချုပ်သွားခဲ့သော မြန်မာနိုင်ငံ၌ ဗီဇာစည်းကမ်းသစ်များ၊ ပထမဆုံး  အလုပ်သမားသမဂ္ဂများ၊ မိုဘိုင်းလ်ဖုန်း ကွန်ယက်တိုးချဲ့ခြင်းများနှင့် ပိုမိုကောင်းမွန်လာသော အခြေခံအဆောက်အဦးများ အပါအဝင် အပြောင်းအလဲ များစွာ ဖြစ်ပေါ်လျက် ရှိသည်။ သို့သော် အရေးကြီးဆုံး အဓိကပြောင်းလဲမှုမှာ အမေရိကန်တစ်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ‘ ကျပ်’ ငွေ တန်ဘိုးပင် ဖြစ်သည်။ လာမည့်လတွင် IMF မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ သွားကာ ပြည်တွင်းသုံးငွေ တည်ငြိမ်မှုရှိအောင် ကူညီကြတော့မည် ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် ပြောင်းလဲခြင်းပြေးလမ်းပေါ်တွင် တာထွက်လာသော နိုင်ငံတစ်ခုဖြစ်နေပြီ။ လတ်တလော သီတင်းပတ်များတွင် အပြောင်းအလဲများစွာကို ကြုံတွေ့နေကြရပြီး နိုင်ငံခြားသားများအတွက် ဗီဇာ စည်းကမ်းသစ်များ ထုတ်ပြန်ခြင်း၊ ပထမဆုံး အလုပ်သမားသမဂ္ဂများ မွေးဖွားလာခြင်း၊ ပြည်တွင်းလေကြောင်းခရီးစဉ်များ အရင်းအနှီးများလာခြင်း၊ အခြေခံအဆောက်အဦးနှင့် မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုများ ပိုမို၍ ကောင်းမွန် လာခြင်း စသည်တို့အပြင် အရေးကြီးဆုံးကိစ္စအဖြစ် အမေရိကန် တစ်ဒေါ်လာနှင့် တန်ဖိုးသင့်သည့် မြန်မာကျပ်ငွေ တန်ဘိုး တက်လာမှုကြောင့် ပြည်တွင်း စီးပွားရေးနှင့် နေထိုင်မှုဘဝကို ကြီးမားသော အကျိုးသက်ရောက်လာခဲ့သည်။

မနှစ်က အမေရိကန် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁၀၀၀ ခန့် ဈေးပေါက်ခဲ့ရာမှ ယခုအခါ ၇၀၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရောင်းဝယ်နေကြသဖြင့် ၃၀ ရာခိုင်နှုန်းခန့် တန်ဖိုး တက်လာသည်ကို တွေ့ရသည်။ ယခုကဲ့သို့ အပြောင်း အလဲများမှာ အရပ်ဖက်အစိုးရသစ်က တပ်မတော်အစိုးရဟောင်း၏ အာဏာကို အစားထိုး လွှဲပြောင်းရယူလိုက်ခြင်း ကြောင့်လည်းကောင်း၊ နိုင်ငံတကာ ငွေကြေးနယ်ပယ်များ၏ လွှမ်းမိုးမှုကြောင့်လည်းကောင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းလေကြောင်း ခရီးစဉ်များအပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံရန် အစိုးရက ယခုလ ဆုံးဖြတ်လိုက်ခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများအကြား ငြီးငြူသံများ ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံတွင် စနစ်ကျနသော အဖွဲ့အစည်းများ၊ အလုပ်သမား      သမဂ္ဂများ စတင်ထူထောင်ခြင်းနှင့်အတူ ခေတ်မှီ ပြောင်းလဲရေးလက္ခဏာ အနည်းငယ်သာ တွေ့ရသေးသော်လည်း လုပ်ခလစာတိုးရေး လှုပ်ရှားမှုများကိုမူ စတင်ခဲ့ပြီးသား ဖြစ်သည်။

ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းများကိုလည်း ပြောင်းလဲပေးထားသည် ဆိုသော်လည်း မြန်မာပြည်ဝင်မည့် နိုင်ငံခြား သားများအတွက် လိုအပ်ချက် ရှိနေဆဲပင် ဖြစ်သည်။ အမှန်စင်စစ် နွေရာသီကတည်းကပင် ပြည်ဝင်ဂိတ် တစ်ခုထဲမှ ဝင်ကြ၊ ထွက်ကြရခြင်းဖြစ်သည်။ သို့ဖြစ်ရာ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှ ဝင်လာသူတစ်ဦးသည် ထိုလမ်းကြောင်းအတိုင်းသာ ပြန်ထွက်ရမည်ဖြစ်၍ ထိုင်းနိုင်ငံသို့ နယ်စပ်မှ ကူးသွားခွင့် မရနိုင်ပါ။

အခြေခံဆောက်အဦးကဏ္ဍတွင် ကြီးကြီးမားမား ရင်းနှီးမြှပ်နှံမှုပြုလုပ်လာသော အစိုးရသည် ၎င်းတို့၏ အဝေး မြို့တော် နေပြည်တော်ကို ရန်ကုန်၊ မန္တလေး၊ ပုဂံ စသော နိုင်ငံ၏ အရေးကြီးမြို့တော်ကြီးများနှင့် ချိတ်ဆက်ပေးသည့် မော်တော်ကားလမ်းများကို ဖေါက်လုပ်လျက်ရှိသည်။ အကန့်အသတ်များ ဖယ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် နေပြည်တော်သည် သူ့အလိုအလျောက် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ်စရာနေရာ တစ်ခု ဖြစ်လာတော့မည်။

မြန်မာနိုင်ငံသို့ အလည်ရောက်လာသူများသည် ပြည်တွင်းသုံး မိုဘိုင်းလ်ဖုန်းကဒ်များ သုံးခွင့်ရရန်အတွက် ဒေါ်လာ ၅၀ နှင့်အတူ တစ်ရက်လျှင် နှစ်ဒေါ်လာနှုန်း ပေးသွင်းကြရသည်။ ပြည်ပနှင့် နိုင်ငံတကာသုံးကဒ်များမှာ မြန်မာတို့၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိပေ။

မည်သို့ပင်ဆိုစေ အကြီးမားဆုံးပြောင်းလဲမှုမှာ ကျပ်ငွေတန်ဖိုးပင်ဖြစ်ပြီး မမျှော်လင့်သည့်အချိန်တွင် အငိုက်မိ ရင်ဆိုင်မိကြခြင်းပင်ဖြစ်သည်။ တစ်နှစ်အတွင်း အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသောတန်ဖိုး သတ်မှတ်ချက် ၃၀ ရာခိုင်နှုန်း တက်လာခဲ့ရခြင်းမှာ မြန်မာကျပ်ငွေသည် နောက်ဆုံး ၂ လအတွင်း ကျပ် ၂၀၀ ခန့် တန်ဖိုး တက်သွားခဲ့ သောကြောင့် ဖြစ်သည်။

ယင်းသို့ မြန်မာကျပ်ငွေတန်ဖိုး ခိုင်မာလာမှုကြောင့် ပို့ကုန်လုပ်ငန်းများကို ထိခိုက်စေပြီး စီးပွားရေးကဏ္ဍအပေါ် ဆိုးကျိုးသက်ရောက် လာနိုင်သည်ဟု သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်သတိပေးခဲ့သည်။ အဆိုပါ စီးပွားရေး အကျပ်အတည်းပြဿနာက ပြည်သူတို့ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြ ရသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု များကို နိုင်ငံအုပ်ချုပ်သူများ စတင်ပြုလုပ်လာအောင် တွန်းအားပေးနိုင်ဖွယ် ရှိသည်။

ယခုအခါ စားသောက်ဆိုင်များနှင့် ပို့ဆောင်ရေးလုပ်ငန်းများအပါအဝင် ဝန်ဆောင်မှုလုပ်ငန်းများ၏ ကုန်ကျစရိတ်များ မြင့်မားလာလျက်ရှိပြီး ဟိုတယ် အခန်းခများလည်း ဈေးတက်လာမည့် အလားအလာများနေသည်။

အရှေ့တောင်အာရှ၏ တစ်ခုထဲသော ခေတ်ဟောင်း နိုင်ငံအဆင့်တွင် ကျန်နေခဲ့သော မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စီးဝင်လာခြင်း၊ ပိုမိုများပြားလာခြင်းတို့က ကုန်ကျစရိတ်များ ကြီးမားမှုနှင့် ပြည်တွင်းသုံးငွေတန်ဘိုး ပြန်လည်သတ်မှတ်မှုကို တွန်းအားပေးနေခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် ၎င်း၏ စွမ်းအင်သယံဇာတများ (ရေနံနှင့် ဓါတ်ငွေ့)၊ သတ္တုနှင့် ကျောက်မျက် သယံဇာတများ အပြင် လယ်ယာ လုပ်ငန်းခွင်၌သာ ရှိနေသေးသော ဈေးပေါသည့် လုပ်သားထုအင်အားကြောင့် ဖွံ့ဖြိုးတိုးတက်ရန် ကြီးမားသော အလားအလာ ရှိနေသည်။

ထိုအတောအတွင်း ပြည်တွင်းရင်းနှီးမြှပ်နှံသူများက ဒေါ်လာများရောင်းချကာ ကျပ်ငွေ ဖေါ်နေကြခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများလည်း မြင့်မားလာနေသည်ကို တွေ့ရသည်။

ယခုအခါ ပြည်တွင်းသုံးကျပ်ငွေတန်ဘိုး တည်ငြိမ်ရေးကိစ္စအတွက် မြန်မာအာဏာပိုင်များကို ကူညီရန် လာမည့် အောက်တိုဘာလတွင် IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်လာကြတော့မည် ဖြစ်သည်။

ယခုကိစ္စသည် တပ်မတော်အာဏာရှင် ခေါင်းဆောင်ဟောင်း၏ နှောင်ကြိုးမိနေဆဲ မြန်မာအစိုးရသစ်အတွက် ခက်ခဲ ပင်ပန်းလွန်းသည့် တာဝန် တစ်ခုဖြစ်သော်လည်း ခေတ်မှီ ဈေးကွက်စီးပွားရေး စနစ်သစ်၏ စိမ်ခေါ်မှုများကို ရင်ဆိုင်တော့မည့် မြန်မာနိုင်ငံအတွက် မဖြစ်မနေ ကြုံရမည့် အရာတစ်ခုသာ ဖြစ်သည်။

ကမ္ဘာက Burma ဟု ခေါ်ကြသော မြန်မာနိုင်ငံသည် ပြောင်းလဲခြင်း ပြေးလမ်းပေါ်တွင် အမှန်တကယ်ပင် တာထွက်သွားလေပြီ။

Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs